Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, January 3, 2016

ရိုအမျိုးသားနေ့

ရိုအမျိုးသားနေ့

<><><><><><>

ရေးသူ- လူထု ဝဏ္ဏ

အမျိုးသားနေ့ဟူသည် အမျိုးသားအောင်ပွဲနေ့ တစ်နေ့ဖြစ်သည်။ တစ်မျိုးသားလုံး၏ ဇာတိမာန်၊ မျိုးချစ် စိတ်နိုးထလာခဲ့သော နေ့လည်းဖြစ်သည်။ တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် အမျိုးသား လွတ်မြောက်ရေး၊ ရပ်ရွာတည်ငြိမ်းအေးချမ်းရေး၊ အမျိုးဂုဏ် ဇာတိဂုဏ် ထက်သန်ရေး ဟူသော အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခြင်းဖြစ်သည်။

ဇန္နဝါရီလ (၃) ရက်နေ့ကို ရိုဟင်ဂျာအမျိုးသားနေ့အဖြစ် အသိအမှတ်ပြုခြင်းမှာ အလကားမဟုတ်ပေ။ အမိ မြန်မာနိုင်ငံသည် ကိုလိုနီဘဝ မှ လွတ်မြောက်လာချိန်၌ မိမိတို့လူမျိုးနှင့် ပြုလုပ်ခဲ့သော ကတိကဝတ်များကို လုံးလုံးဝဝ ပျက်ပယ်လိုက်ခြင်း၊ မိမိတို့ ရသင့်ရထိုက်သော အခြေခံမူလအခွင့်အရေးများကို ဆုံးရှူံးမှုခံရခြင်းနှင့် အစွန်းရောက်လူယုတ်မာ တစ်စု၏ ရန်ငြိုးမှုကိုလည်း ပြင်းပြင်းထန်ထန်ခံနေရခြင်း စသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။  တို့မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ကိုယ့်ထီးကိုယ့်နန်း စံနေရသော်လည်း တို့ရိုဟင်ဂျာ လူမျိုးမှာမူ ဆုံးရှူံးနှစ်နာခံရသောဘဝဖြင့် ကျီးကန်းတောင်းမှောက် နေခဲ့ရသည်။ အခြား တိုင်းရင်းသား ညီနောင်များနှင့်အတူ လွတ်လပ်ရေးကြိုးပမ်းမှု တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ ပါဝင်စွန့်စားခဲ့သည်မှာလည်း အချဉ်းနှီးဖြစ်သွားခဲ့သည်။

ထို့အခါ ဝံသာနုစိတ်မျိုးချစ်စိတ် ထက်သန်သူ အချို့သည် မိမိတို့ ဆုံးရှူံးနေရသော အခွင့်အရေးကို ပြန်လည်ရယူရေး၊ တစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် အသက်စတေးကြိုးပမ်းလာကြသည်။ တို့လူမျိုးတို့ကလည်း ကျွန်နင်းခံစိတ်မှ သခင်စိတ်သို့ တဖြေးဖြေး ပြောင်းလာလေသည်။ တစ်မျိုးသားလုံး စည်းလုံးညီညွတ်ပြီး မိမိတို့အခွင့်အရေးများကို တောင်းဆိုလာကြသည်။ ထိုသို့ တောင်းဆိုလာကြသည် မှာလည်း ဇိမ်ဇိမ်ခံခံ ပြောတစ်ခွန်း ခိုင်းတစ်ခွန်း မဟုတ်ဘဲ များစွာသော ရိုတို့၏ သွေးမြေသို့ကျခဲ့သည်။ အသက်ဇီဝန် စွန့်ခဲ့ရသည်။ ဂုဏ်သိက္ခာရှင် ရိုအမျိုးသမီးများ ပျက်စီးခြင်းခံရသည်။ သို့သော် နောက်မဆုတ်ဘဲ အလံမလဲ ဒူးမထောက်ဘဲ အကြိမ်ကြိမ်တိုက်ပွဲဝင် တောင်းဆိုခဲ့ရမှ ဦးနုအစိုးရသည် အမှန်တရားကို ဥပေက္ခာမပြုနိုင်ဘဲ လူနည်းစု အခွင့်အရေးကို ပြန်လည်ပေးအပ်ခဲ့သည်။ ထိုသို့ တစ်မျိုးသားလုံး၏ တစ်စိတ် တစ်ဝမ်း စည်းလုံးမှုမှ ဆုံးရှုံးခဲ့ရသည့် အခွင့်အရေးများ ပြန်လည်ရရှိလာသည့် နေ့ကို ရိုအမျိုးသားဟု အသိအမှတ်ပြုခြင်း ဖြစ်သည်။

တစ်မျိုးသားလုံး ညီညွတ်ခြင်းမှ ရရှိလာ သည့် အကျိုးရလဒ်မှာ-
(၁) မေယုဒေသခရိုင် ရရှိခြင်း
(၂) တိုင်းရင်းသား လူမျိုးစုစာရင်းတွင် ပြန်လည် ထည့်သွင်းခြင်းခံရပြီး တိုင်းရင်းသားရိုးရာများကို အကောင်           အထည်ဖော်နိုင်ခဲ့သည်။
(၃) ကျောင်းသုံးပြဌာန်းစာအုပ်တွင် ရိုလူမျိုးအကြောင်း ဖော်ပြခွင့်ရရှိခဲ့ပြီး စွယ်စုံကျမ်း၊ ဂျာနယ်၊ မဂ္ဂဇင်း၊            စာဇင်းနှင့် သတင်းစာများတွင် ရိုအကြောင်း ဖော်ပြခွင့်ရရှိခဲ့သည်။
(၄) အသံလွင်ဌာနမှ ရိုဟင်ဂျာဘာသာစကားဖြင့် အသံလွင့်ခွင့်ရရှိခဲ့ခြင်း စသည်တို့ဖြစ်သည်။

အခွင့်အရေးပြန်လည်ရရှိလာသည့်နေ့စ၍ တပ်မတော်အစိုးရ အာဏာသိမ်းသည့်အချိန်အထိ ဤ တိုတောင်းသောကာလသည် ရိုဟင်ဂျာအတွက် ငြိမ်းအေးသာယာသော ကာလဟုပင် ဆိုစမှတ်ပြုကြသည်။

တပ်မတော်အစိုးရ၏ ကြမ်းကြုတ် ရက်စက်စွာ ကြိုးကိုင်ထားသော အုပ်ချုပ်မှုအောက်တွင် မြန်မာ ပြည်သူပြည်သားများသည် ရေငုံနှုတ်ပိတ်နေခဲ့ရသည်။ ခိုင်းရာလုပ်၊ ကျွေးရာ စားပေါ့။ ပြည်သူလူထုသည် ခေါင်မိုးမဲ့ထောင်ထဲ လူးလားနေ သကဲ့သို့ဖြစ်နေရသည်။ ထိုပူပင်သော ရေစီးတွင် အစွန်းရောက်လူတစ်စု၏ မုန်းတီးကြံစည်မှုသည် တပ်မတော် အစိုးရ၏ ယုတ်မာမှုနှင့် ပေါင်းစည်းကာ တို့ရိုဟင်ဂျာလူမျိုး၏ ဘိုးဘွားတို့က အသက်နှင့်ရင်းပြီးရယူခဲ့သော တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများကို တစ်စတစ်စ ရုပ်သိမ်းလာကာ နောက်ဆုံးတွင် နိုင်ငံမဲ့ဘဝသို့ ရောက်သွားအောင် လုပ်ဆောင်လာခြင်း ဖြစ်သည်။ ထိုအတောအတွင်း၌ “ပါးစပ်ဟလျှင် ထောင်၊ လက်ညိုးထိုးလျှင် တစပြင်" အဖြစ်နှင့် ခေတ်၏ဒဏ် ကို ရက်ရက်စက်စက် ခံခဲ့ရသည်။ ဥပဒေမှာ အာဏာပိုင်များ၏ နှုတ်ထွက်ဥပဒေသာဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးခဲ့သည်မှာ အာဏာပိုင်၏ ဘဏ္ဍာတော်သာဖြစ်သဖြင့် “အာဏာပိုင်၏ ဘဏ္ဍာတော် ရှာဖွေခေတ်" ဟု ခေါ်လျှင် မှားမည်မထင်ပါ။

ယနေ့သည် ရှေ့ခေတ်ကဲ့သို့မရှိချေ။ သေနတ်စွဲကိုင် အုပ်ချုပ်ရေးမှ လူထုအုပ်ချုပ်ရေး ရောက်နေပါပြီ။ တစ်ချိန်က တပ်မတော်အစိုးရက ထွက်ပေါက်ရှာခိုင်းခဲ့တဲ့ NLD ပင် အနိုင်ရအစိုးရဖြစ်သွားပါပြီ။ အဘိဓာန်ပြုစုနိုင်လောက်အောင် ဆဲဆိုဂုဏ်ပြုခဲ့သော ဒေါ်အောင်ဆန်းစုကြည် ပင်လျှင် သမ္မတဖြစ်လာရန် နီးကပ်လာပြီ။ ထို့ကြောင့် တို့လူမျိုးသည်လည်း ယခင် ကိန်းအောင်းနေခဲ့သော ကြောက်စိတ်အမျိုးမျိုးကို ပယ်ချပြီး ရေသာခိုမနေဘဲ မိမိတို့ပိုင်ရာနိုင်ရာဘက်မှ ဇွဲမလျှော့ အားမပျော့ ကြိုးပမ်းသင့်ပေသည်။ မိမိတို့၏ ဘိုးဘွားဘီဘင် တို့၏ သွေး၊ချွေး၊ သက်စွန့်လွတ်ကာ ရယူခဲ့သော တိုင်းရင်းအခွင့်အရေးများကို ပြန်လည်အရ ယူသင့်ပါသည်။ တစ်မျိုးသားလုံးစည်းလုံးညီညာလက်တွဲကာ ရည်မှန်းချက်တစ်ခုတည်းဖြင့် ခြေတစ်လှမ်း လှမ်းလိုက်လျှင် အလှမ်းမည်မျှ ရှေ့တိုးလာမည်နည်း။ “အောင်လျှင်ထီး၊ ရှူံးလျှင်မြေကြီး" ဆိုသော ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်ကို ရင်တွင်ပိုက်လျက် စာမျက်နှာ ၁၆၅ ကျော်ရှိသော ၂၀၁၆ ဗလာစာအုပ် တွင် ဒလဟောမလွတ် တစ်နေ့တစ်လှမ်းစီ လှမ်းလိုက်ပါလေတော့။

“တစ်ခုခု မျှော်မှန်းပြီး ထိုင် စောင့်မနေပါနှင့်။ သင်မလုပ်သရွေ့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။" ဟူသော ဆွီဒင်စကားပုံကို သင်ခန်းစာယူကြပါ။ အမျိုးသားလွတ်မြောက်ရေး၊ တိုင်းပြည်ငြိမ်းချမ်းရေး လှုပ်ရှား ဆောင်ရွက်နေသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ် တို့ကိုသာ ပြစ်တင် ရှုတ်ချ ဝေဖန်ခြင်းပြုမနေဘဲ သူတို့၏လမ်းစဉ် မှားလျှင် ကောင်းရာသို့ ညွှန်းပြရင်း မိမိတို့သည်လည်း ကျွမ်းကျင်ရာဘက်မှ ကြိုးပမ်းလျက် ဘိုးဘွားဘီဘင် တို့၏ လက်ဆင့်ကမ်း တာဝန်ဖြစ်သော အမျိုး၊ဘာသာ၊တိုင်းပြည် စောင့်ရှောက်ရေးကို ကျေကျေ ပွန်ပွန်ဆောင်ရွက်လျက် အောင်လံထူနိုင်ပါစေသတည်း။


No comments:

Post a Comment