Saturday, May 16, 2020

ဆရာမ အာရ်စီ ဂျဘီနာ- ရွက်ပုန်းသီး ရိုဟင်ဂျာ သူရဲကောင်းတစ်ဦး


ဆရာမ အာရ်စီ ဂျဘီနာ- ရွက်ပုန်းသီး ရိုဟင်ဂျာ သူရဲကောင်းတစ်ဦး


​ဆရာမ အာရ်စီ ဂျဘီနာကို ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်တွင် ချီခ်ဒါရ်ဖာရာ (ယခု မြို့မကညင်တန်းရပ်ကွက်)၊ မောင်တောမြို့၊ ရခိုင်ပြည်နယ်၌ ဖခင် ဦးဟာမီဒူရ် ရဟ်မာန် နှင့် မိခင် ဒေါ်ဟာဇရာခါတု တို့မှ ဖွားမြင်ခဲ့သည်။ ဖခင်မှာ အစိုးရ မူလတန်းပြ ဆရာတစ်ဦးဖြစ်သည်။ မွေးချင်း (၁၁) ယောက်အနက် အကြီးဆုံး သမီးဖြစ်သည်။ သူသည် ပညာတတ်မိသားစုမှ ကြီးပြင်လာခဲ့သဖြင့် ငယ်ရွယ်ကပင် အကျင့်စာရိတ္တကောင်းမွန်သူ၊ စည်းကမ်းရှိသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။

​“ကလေးတစ်ဦးအနေဖြင့် သူသည် မိဘစကားကို အမြဲနားထောင်သူ ဖြစ်သည်။ ကျောင်းပျက်သည်ဟူ၍ မရှိသလောက်ရှားပါးသည်" ဟု ကျောင်းဆရာမ ရုခ်စာနာ (အသက် ၅၆-နှစ်) က ပြောပြသည်။ ဆရာမ ရုခ်စာနာသည် ဆရာမ အာရ်စီ၏ ညီမရင်း တစ်ဦးဖြစ်သည်။

​၁၉၇၅ ခုနှစ်တွင် အာရ်စီသည် ဆယ်တန်းစာမေးပွဲကို မောင်တော အခြေခံပညာ အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဓာတုဗေဒအဓိကဖြင့် သိပ္ပံဘွဲ့ (ဘီအက်စစီ)ကို ရရှိခဲ့သည်။ အထက်တန်းပြ ဆရာမ တစ်ဦးဖြစ်မည့် အိပ်မက်ကို ဖြည့်ဆည်းရန်အလို့ငှာ မြန်မာနိုင်ငံ ပညာရေးဌာနသို့ ၁၉၇၉ ခု မှ ၂၀၀၂ ခု အထိ ဝင်ရောက် အမှူးထမ်းခဲ့သည်။ ရာထူးသက်တမ်းတလျှောက် သူသည် အလယ်သံကျော်၊ တောင်ဘာဇား၊ ဘူးသီးတောင်၊ မောင်တော စသော မြို့၊ ကျေးရွာများရှိ အထက်တန်းကျောင်းပေါင်းများစွာ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် သူသည် ပညာရေးကော်လိပ်မှ အဝေးသင်စနစ်ဖြင့် အထက်တန်းဆရာဖြစ်ဘွဲ့ (ဘီအီးဒီ) ကို ရယူခဲ့သည်။

​တာဝန်ထမ်းဆောင်နေဆဲ ကာလတွင် ဆရာမကို ဆရာမ အာရ်စီ အမည်ဖြင့် လူသိများလာခဲ့သည်။ သူ့ကို ရိုဟင်ဂျာ ကျောင်းသားကျောင်းသူများ သာမက ရခိုင်ကျောင်းသားကျောင်းသူ များကပင် ချစ်ခင်ရိုသေလေးစားကြသည်။ ဆရာမသည် အပြောအဆို ကောင်းမွန်သဖြင့် အခမ်းအနားများတွင် မိန်းခွန်းပြောဆိုရန် မကြာခဏ ဖိတ်ကြားခံရလေ့ရှိသည်။ သူသည် ချီးမွှမ်းဂုဏ်ပြုထိုက်သူတစ်ဦးဖြစ်သည့်အပြင် စည်းကမ်းသေဝပ်သူ တစ်ဦးလည်းဖြစ်သည်။ ဆရာသည် များစွာသော အောင်မြင်ကျော်ကြားခဲ့သည့် ရိုဟင်ဂျာ နှင့် ရခိုင် ကျောင်းသား၊ကျောင်းသူများ၏ အောင်မြင်ရေး အုတ်မြစ်လမ်းကြောင်းတစ်ခုဖြစ်ခဲ့သည့် အရောင်မမှိန်းနိုင်သော ကြယ်ပွင့်တစ်ပွင့်လည်းဖြစ်ပါသည်။ 

ဆရာမအာရ်စီသည် ရခိုင်ပြည်နယ်၌ အထက်တန်းပြဆရာမများအနက် ပထမဆုံး ရိုဟင်ဂျာ ဆရာမတစ်ဦးဖြစ်ခဲ့သည်။ "သူ့တပည့်များကို မိမိ၏ သားရင်းသမီးရင်းကဲ့သို့ သွန်သင်ဆုံးမ သင်ပြခဲ့သည်" ဟု မောင်တောအထက်တန်းကျောင်း၌ ဆရာမ အာရ်စီနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သော အထက်တန်းပြဆရာ မိုဟာမတ်အုလ္လာ (၆၈-နှစ်) က ပြောပြသည်။

​"သူသည် ဘာသာရေးကိုင်းရှိုင်းပြီး မည်သည့်အခါမှ နမားဇ် ပျက်ကွက်သည် မရှိချေ။ သူ့အကျင့်တွေထဲမှ ငါ အနှစ်သက်ဆုံးကတော့ ကျောင်းသားကျောင်းသူများကို ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို အစဉ်ထိန်းသိမ်းရန် ပြောဆိုအားပေးခြင်းဖြစ်သည်" ဟု ဆရာ မိုဟာမတ်အုလ္လာက ဆက်လက်ပြောဆိုသွားသည်။

​၁၉၈၁ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ဆရာမ အာရ်စီသည် ဆရာအာမာန်အုလ္လာနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ ဆရာ အာမာန်အုလ္လာသည်လည်း အထက်တန်းပြဆရာတစ်ဦးဖြစ်သည်။ အာရကန် ရိုဟင်ဂျာအမျိုးသားအဖွဲ့ (အေအာရ်အန်အို)၏ အတွင်းရေးမှူးဟောင်း တစ်ဦးလည်းဖြစ်သည်။ သူသည် အလွတ်စား စာရေးဆရာ တစ်ဦးအပြင် ရိုဟင်ဂျာရေးရာ၊ အာရကန်ရေးရာ၊ မြန်မာ့ရေးရာ အပေါ် သုတေသနပြုနေသော သုတေသီတစ်ဦးလည်းဖြစ်သည်။ ဆရာမ အာရ်စီနှင့် ဆရာအာမာန်အုလ္လာတို့မှ သားသမီး (၂)ဦး ထွန်းကားခဲ့သည်။ သား နိုင်ဝင်းထွန်း (ခ) အာဇာတ်မိုဟာမ္မတ် နိုဂျူမုလ် အာမိန် နှင့် သမီး ဇင်မာဦး (ခ) ဆော်မီရာ တို့ဖြစ်ကြသည်။

​ဆရာမအာရ်စီသည် ၂၀၁၀ ပြည့်နှစ် ဇန္နဝါရီလ (၆) ရက်၊ နံနက် ၁၁:၄၅ မိနစ်တွင် အသည်းရောဂါဖြင့် အသက် (၅၂) နှစ်၌ ကွယ်လွန်ခဲ့ရှာသည်။ သူ ကွယ်လွန်သွားသည့်အပေါ် ပြည်တွင်းပြည်ပ ရိုဟင်ဂျာနှင့် ရခိုင်များစွာက ဝမ်းနည်းကြေကွဲခဲ့သည်။ ၎င်းညနေ (၆) နာရီတွင် စစ်တကောင်းမြို့ ကဘောရ်စတန်၌ မြေချခဲ့သည်။ ရာပေါင်းချီသော လူများသည် ဆရာမ၏ အသုဘအခမ်းအနားသို့ လာရောက်မေတ္တာပို့ခဲ့ကြသည်။

ဆရာမအာရ်စီ ကွန်လွန်ချိန်တွင် ဆရာမ၏ အချစ်ဆုံး ဘဝဖော် ခင်ပွန်း အာမာန်အုလ္လာ၊ သား နိုင်ဝင်းထွန်းနှင့် သမီး ဇင်မာဦး တို့ကို ချန်ရစ်သွားခဲ့လေသည်။ ဆရာမ ကွယ်လွန်သွားခြင်းမှာ ရိုဟင်ဂျာတစ်မျိုးသားလုံးအတွက် ကြီးမားသော ဆုံးရှူံးမှုတစ်ရပ်ဖြစ်သည်။ အထူးသဖြင့် ပညာရေး၊ အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်၊ စိတ်ဓာတ်ရေးရာမြင့်တင်ရေး နှင့် အခြား လူမှုလုပ်ငန်းဆောင်တာများအတွက် ဂယက်ရိုက်သွားခဲ့လေသည်။ ဆရာမသည် သူ့ဘဝတစ်ခုလုံးကို ပညာရေး၊ ဆင်းရဲသား အမျိုးသမီးများအား စိတ်ဓာတ်မြင့်တင်ပေးရေးနှင့် ကျောင်းသားကျောင်းသူများ၏ အနာဂတ်လှပစေရေးအတွက် နှစ်မြှပ်ခဲ့သည်။ 

ဆရာမသည် မောင်တော၊ ဘူသီးတောင်၌ ပညာရေးဌာနတွင် အမှူးထမ်းနေစဉ် မိမိ၏ အချစ်ဆုံး မိသားစုနှင့် ဝေးကွာလျက်နေခဲ့ရသည်။ သူ့ဘဝတစ်ဝက်သည် အိမ်နှင့်ဝေး၊ မိသားစုနှင့် ဝေးလျက် ကုန်ဆုံးစေခဲ့သည်။
ဆရာမက အတန်းထဲတွင် ကျောင်းသူတပည့်လေးများကို "သမီးတို့ရေ… သမီးတို့ ဝတ်ဆင်ထားတဲ့ ရွှေငွေလက်ဝတ်ရတနာနဲ့ အကျင့်စာရိတ္တထဲက တစ်ခုကို ရွေးကြပါ။ လက်ဝတ်ရတနာတွေကို ရွေးချယ်မယ့်သူတွေဟာ မနက်ဖြန်ကနေ ဆရာမရဲ့ အတန်းကို မလာနဲ့တော့။ အကျင့်စာရိတ္တကို ရွေးမယ့်သူတွေကိုပဲ ကြိုဆိုမယ်နော်။ ဟယ်… တကယ်တော့ ရတနာအစစ်ဟာ သမီးတို့ရဲ့ အကျင့်စာရိတ္တကောင်းပါပဲ။ " ဟု အတန်းထဲ၌ပြောခဲ့ပုံကို ဆရာမ၏ အရင်းနှီးဆုံး တပည့်တစ်ဦးဖြစ်သည့် ဟိုင်ကဲလ် မောဏ်စိုးက ပြောခဲ့သည်။

"ဆရာမသည် ရိုဟင်ဂျာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ၏ ကြီးမားသော ပြယုဂ် တစ်ခုဖြစ်သည်။ သူသည် မိန်းကလေးများကို ပညာသင်ယူရန် အားပေးတိုက်တွန်းခြင်းနှင့် မိမိ၏ သမီးကို လောကဓာတ်ပညာ သင်ယူစေကာ ထိုခေတ်က ဒေသိယထုံးစံ အတားအဆီးများကို ကျိုးပစ်ခဲ့သည်" ဟု ဆရာမ၏ တပည့်ရင်း မိုဟာမတ်အိုမောရ်က ဆိုသည်။

ဆရာမ အာရ်စီ၏ လူမှုကျင့်ဝတ်များ၊ အကျင့်စာရိတ္တကောင်းများနှင့် သဘောထားအမြင်တို့သည် များစွာသော သူ့တပည့်များသို့ ကူးစက်စေခဲ့သည်။ ဆရာမတွင် သူ့အရွယ်ထက်ပိုလွန်၍ ဉာဏ်ပညာကြွယ်ဝသည်။ သူ့အတွေ့အကြုံ ဗဟုသုတထက်ပိုလွန်၍ အမြော်အမြင်ကြီးသည်။ နှလုံးသား၏ ခံစားချက်ထက်ပို၍ သနားကြင်နာတတ်သည်။ "သူ၏ အဆိုက ရှင်းတယ်။ သူ အမြဲပြောတာက ကျွန်ုပ်တို့ ပညာတတ်ဖြစ်မှသာ ရှေးတိုးနိုင်မှာဖြစ်တယ် " ဟု ဘားအံ့တက္ကသိုလ် သမိုင်းဌာန တွဲဖက်ပါမောက္ခ ဦးရဲလွင် (အသက် ၆၅ နှစ်) က ဆိုသည်။

ယနေ့ ဆရာမအာရ်စီ၏ နာမည်သည် ငြိမ်ချမ်းရေး၊ သင့်သင့်မြတ်မြတ်နေထိုင်ရေး၊ လေးစားမှု၊ ကြင်နာမှု စသည်နှင့် ပဲ့တင်ရိုက်နေသည်။ သူသည် ရိုဟင်ဂျာအမျိုးသမီးများကို ပညာသင်ကြားပေးရေး နှိုးဆော်လှုပ်ရှားသည့် မဟာအမွေအနှစ် တစ်ခုကို ထထကြွကြွ မိတ်ဆက်ပေးခဲ့သည်။ သူသည် ရိုဟင်ဂျာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းရေးအတွက် တန်ဖိုးရှိသော အထောက်အကူပေးခဲ့သည်။ ရိုဟင်ဂျာမျိုးသမီးများ၏ စိတ်ဓာတ်မြင့်တင်ပေးရေး လှုပ်ရှားခဲ့သူများထဲတွင် ဆရာမလည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း သတ်မှတ်ခံရသည်။

ဆရာမအာရ်စီသည် ဘာသာရေးကို အလေးထား ယုံကြည်သက်ဝင်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ အိစ္စလာမ်ဘာသာနှင့် ဗုဒ္ဓဘာသာ ဆိုင်ရာ အသိပညာ ဗဟုသုတတို့ကို ကျွမ်းကျင်သည်။ သူသည် အိစ္စလာမ်ဘာသာနှင့် ဗုဒ္ဓဘာသာ ဆိုင်ရာ ပညာရှိများနှင့် အစဉ် ချဉ်းချဉ်းကပ်ကပ် လေ့လာလေ့ရှိသည်။ သူသည် ရခိုင်နှင့် မွတ်စလင် သင့်မြတ်ရေးအတွက် ဆက်သွယ်ပေးခဲ့သည့် တံတားတစ်ခုသဖွယ် ဖြစ်ပေသည်။ ယနေ့ မိဘများသည် မိမိတို့ သမီးများအား ပညာတတ်မြောက်ရေးအတွက် အားပေး အားမြောက်ပြုလိုသောအခါ ဆရာမ၏ နာမည်ကို ဥပမာပေးကာ ဂုဏ်ယူစွာပြောဆိုလေ့ရှိကြသည်။

​"ဆရာမသည် ဤလောကတွင် မရှိတော့ပါ။ သို့သော် ငါတို့သည် သူ ပုံသွင်းတည်ဆောက်ပေးခဲ့သော ကမ္ဘာများ ဖြစ်ကြသည်။ ကမ္ဘာ့အနှံ့အပြားမှ အရောင်ဖြာထွက်နေဆဲဖြစ်သည်" ဟု ဟိုင်ကဲလ် မောဏ်စိုးက ဆရာမအား တမ်းတမ်းတတ ပြောဆိုမိသည်။

ယနေ့ ကျရောက်သည့် ကမ္ဘာ့အမျိုးသမီးများနေ့တွင် ကျွန်တော် စာရေးသူသည် ဆရာမ ဒေါ်အာရ်စီ ဂျဘီနာအား ရိုဟင်ဂျာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားခဲ့သူ မီးပြတိုက်တစ်ခုအဖြစ် အရိုအသေပြုလိုပါသည်။

ကျွန်ပ်တို့ ဆရာမ ဒေါ် အာရ်စီ ဂျဘီနာ အား သတိရပါလျက်…။     ။


- လူထုဝဏ္ဏ (မြန်မာဘာသာပြန်)



[The Rohingya Post သတင်းဌာနပါ မေယုအာလီ၏ “Sayama RC Jabina: An Untold Rohingya Idol” ဆောင်းပါးကို လူထုဝဏ္ဏက မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။]




Friday, May 8, 2020

ဆောင်းဦးပြိုင်ပွဲ ငါလွမ်းဆွေး (ရိုးရာနွားခတ်ပွဲ ကဗျာ)




ဆောင်းဦးပြိုင်​ပွဲ ငါလွမ်း​ဆွေး



ရေးဖွဲ့သူ- Lalmoti Khan @ SFI

တို့ရွာမှာတမူ ဓလေ့ထူးနှင့်
နှင်းမှုန့်ခြယ်ရာ ဆောင်းတွင်းခါမှာ
အုတ်အာသောင်းသဲ ကွင်းပြင်ပြည့်
ခြိမ့်ခြိမ့်ကျော်ကြား ပြိုင်ပွဲများ။ 

ဟိုရွာကြီးက ဥသဘ
ဒီရွာကြီးက ဥသဘ
အန်​တုစွမ်းပြိုင်​ စိတ်မယိုင်ဘဲ
ရိုးရာဆင်​နွှဲ ​ဆောင်းရတုပွဲ
နှစ်​စဉ်​နှစ်​တိုင်း ကျင်းပဝိုင်း။

ဟိုရွာဒီရွာ ကွင်းလယ်သာ၌
ရပ်သူရွာသား လူစုဝေး၍
ကျိုင်းထွားလူပျို တုတ်ကိုယ်စီနှင့် 
ဟစ်အော်​တကြွေး ကခုန်​​ပြေး
အား​ပေးသံများ တညံညံ​ပ
ရှိုး...ဒီ...ဒီ...ရှိုး...
ရှိုး...ဒီ...ဒီ...ရှိုး...။

လူကြီးလူငယ် တသဲသဲ
တို့ရွာဖက်သား ကိုနွားလား
ဧကန်​မလွှဲ ​နိုင်မည်​ဟ ဟု
တဟစ်တအော်​​ ကြွေး​ကြော်​လျက်ပင်
ရှိုး...ဒီ...ဒီ...ရှိုး...
ရှိုး...ဒီ...ဒီ...ရှိုး...။

အနိုင်​လိုစိတ်​ ရင်​ဝယ်​ပိုက်​ကာ
နောက်တွန့်ဆုတ်​လည်း ရှေ့ပြန်တိုးလို့
အောင်​ပန်းအ​လှမ်း ထိုး​ဖောက်​​အံ့
ဇွဲလည်းမလျှော့ မာန်ရှိန်​ဇော
ရှိုး...ဒီ...ဒီ...ရှိုး...
ရှိုး...ဒီ...ဒီ...ရှိုး...။

လပို့တောင်မောက် တို့ဥသဘ
ဦးချိုချွန်တောင် ကြောက်လောက်အောင်
ကိုယ်စီကိုယ်စီ အောင်စိတ်သီ
တို့များ​သေချာ ​အောင်​ရမည်ဟေ့။ 
နှစ်​ဖက်​ရပ်​သား ဟစ်​​အော်​ကာ
ရှိုး...ဒီ...ဒီ...ရှိုး...
ရှိုး...ဒီ...ဒီ...ရှိုး...။

အာရ်​ကာန်​ပြည်​မှာ တို့ရိုးရာ
လျှမ်းလျှမ်းတောက်ပ ဆင်နွှဲခဲ့တဲ့
ဆောင်းဦးအလှ ပြည်​အလှကို
အောက်​​မေ့မိ၍ သတိရလျက်
မျက်​ရည်​မိတ်​ဖွဲ့ ​​နေ့ညလွမ်း​ဆွေး
ကြေကွဲစွာနှင့်​ ​ရှင်​သန်​​နေရ၏။


(၁၉-၁-၂၀၂၀)
#TheArtGardenRohingya


Saturday, May 2, 2020

Why am I different?

Why am I different?

Why am I a man of suffering,
Why am I a man of persecution
Why am I a man of ignored
Why am I a man of nameless 
why am I a man of hatred deserved

Even I am a biological man like you
Even I was born from a mother like you
Even I am breathing from the open sky like you
Even I have a heart with vibration like you
Even I am refilling energy with the soily food like you.
  

Why am I different from you?

- Rohangking
26-1-2020

ခဲတံလိုဘဝ

ခဲတံလိုဘဝ

လူ့ဘဝဟာ ခဲတံပမာ
မချွန်ဘဲထားလျှင် တုတ်ချောင်းတစ်ခုသာ
ခက်ခက်ခဲခဲ ချွန်မယ်ဆို
တန်ဖိုးကြီးတဲ့ အရာပါပဲ။

သူ့ဘဝတစ်လျှာက် ရေးရင်းမှတ်ရင်း
သမိုင်းတွင်လေတယ်။
ရေးလေရေးလေ ခဲတံကတိုလေ
တစ်နေ့တော့ ပျောက်ကွယ်ရမှာတည်း။

အမှားလည်း ရေးဖန်ဖန်
ဖျက်ရာလည်း ခဲဖျက်နဲ့ခြေ
အမှန်လည်း ရေးမှတ်သွား
ပြင်ကြရေးကြ သူ့ဘဝကား
တစ်နေ့တော့ ပျောက်ကွယ်ရမှာတည်း။

5-2-2020 . 10:42

တပ်ကြပ်ကြီး ဦးအဗ္ဗဒူရှုက္ကုရ် (ရဲသတင်းတပ်ဖွဲ့)



တပ်ကြပ်ကြီး ဦးအဗ္ဗဒူရှုက္ကုရ် (ရဲသတင်းတပ်ဖွဲ့)

ကိုယ်ပိုင်အမှတ် 48558

တပ်ကြပ်ကြီး ဦးအဗ္ဗဒူရှုက္ကုရ်ကို မောင်တောမြို့နယ်၊ ရွှေဇားကညင်ချောင်း၌ ၁၉၁၆ ခုနှစ်တွင် အဖ ဦးဝစီရာဟမာန်နှင့် အမိ ဒေါ်အူမောရ်ဆလေမာဟ်တို့မှ မွေးဖွားခဲ့သည်။ စံပ္ပာယ်ကုံးအမျိုးသားကျောင်းမှ ၇-တန်း အောင်၍ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းကာ ၁၉၃၈ ခုနှစ်တွင် နဝမတန်းအောင်ခဲ့သည်။ 

၁၉၄၁ ခုနှစ်တွင် ပလိပ်ဘက်သို့ဝင်ကာ အင်းစိန်ထောင်ပလိပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှ ရာထူးအဆင့်ဆင့်တိုးမြင့်ကာ နေရာအရပ်ရပ်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၃ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ ဘူးသီးတောင်မြို့၊ မောင်းတောမြို့၊ တောင်ပြို၊ ငါးခူးရ အသီးသီး၌ တာဝန်ထမ်းဆောင်၍ ရသေ့တောင်မြို့သို့ ပြောင်းရွှေ့ကာ ၁၉၆၈ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှ ပေါက်တောမြို့သို့ ပြောင်းရွှေ့ကာ ၁၉၇၆ ခုနှစ်ထိ နိုင်ငံအပေါ်သစ္စာရှိရှိ တာဝန်ထမ်းဆောင်ကာ သက်ပြည့် အငြိမ်းစားယူခဲ့လေသည်။ 

တာဝန်မှ အငြိမ်းစားယူပြီးနောက် ချက်ကြွေဇာတိမြေ ရွှေဇားကညင်ချောင်းသို့ ပြန်လာခဲ့သည်။ တပ်ကြပ်ကြီးသည် ၁၉၆၅ ခုနှစ်တွင် အမှူးထမ်းကောင်း လက်မှတ်ရရှိခဲ့သည်။ သား (၂)ယောက် နှင့် သမီး (၇)ယောက် ထွန်းကားခဲ့သည်။ သားကြီး ဦးမောင်မောင်ကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ ရဲတပ်ကြပ်တစ်ဦးဖြစ်ပြီး ချောက်မြို့တွင် ကွယ်လွန်ခဲ့သည်။ သားငယ် ဦးမောင်စိန်သည် ပညာရေးဌာန၌ အလယ်တန်းပြဆရာတစ်ဦးဖြစ်သည်။ ဦးမောင်စိန်သည် ပေါက်တောမြို့မှ ပြည်နယ်အဆင့် လက်ရွေးစင် ဘစ်ကတ်ဘော ကစားသမားအဖြစ် လေးနှစ်တိုင်တိုင် ပါဝင်ယှဥ်ပြိုင်ခဲ့သည်။ တပ်ကြပ်ကြီး ဦးအဗ္ဗဒူရှုက္ကုရ်သည် ၁၉၈၄ ခုနှစ်တွင် မောင်းတောမြို့နယ် ရွှေဇားကညင်ချောင်းရွာ၌ ကွယ်လွန်ခဲ့ရှာသည်။ 


(လူထုဝဏ္ဏ ရေးသည်။)