Saturday, November 28, 2015

ကရူးဆိတ်စစ်ပွဲ၊ အပိုင်း (၄ - ဇာတ်သိမ်း)

ကရူးဆိတ်စစ်ပွဲ
*******************
အပိုင်း (၄ - ဇာတ်သိမ်း)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ယေရုဆလင်ကို ပြန်လည်အောင်မြင်ခြင်း
-----------------------------------------------------
ယရုဆလင်ကိုအောင်မြင်အပြီးဆလဟ် အလ်-ဒီးန်ရဲ့ ရှေ့ မှောက်မှာ
ခရစ်ယာန်စစ်တပ်လ
က်နက်ချနေပုံ သရုပ်ဖော်ပန်းချီကား


အပိုင်း(၃)မှာတော့ မွတ်စလင်ကမ္ဘာကိုကရူးဆိတ်တွေကိုတော်လှန်ဖို့ အတွက် စတင်တပ်လှန့် ခဲ့သူ အမိရ် အီမဒ် အလ်- ဒီန် ဇန်ဂီ ကွယ်လွန်ပြီးနောက်ဖခင်ရဲ့ အရိုက်အရာကိုဆက်ခံခဲ့တဲ့ သားတော် နူးရ် အလ်- ဒီန် ဇန်ဂီ ခေါ် ဇန်ဂီလေးက အီဂျစ်ကိုသိမ်းဖို့ ကြိုးစားတဲ့ကရူးဆိတ်တွေကိုခုခံတိုက်ခိုက်ဖို့  အတွက် ကာ့ဒ်မျိုးနွယ်ဝင် ဗိုလ်ချုပ်ကြီး ရှီကူးဟ်ကိုဦးဆောင်စေလွှတ်ခဲ့တယ်။ ဗိုလ်ချုပ်ကြီးရှီကူးဟ် အီဂျစ်ကိုအောင်နိုင်ပြီး အစာအိမ်ဝေဒနာနဲ့ ကွယ်လွန်တဲ့နောက် တူဖြစ်သူ ဆလဟ် အလ်-ဒီးန်က အီဂျစ်အမိရ်ဖြစ်လာခဲ့တာကိုဖတ်ရှုခဲ့ရမှာပါ။

အီဂျစ်ကိုဆလဟ် အလ်-ဒီးန်အုပ်ချုပ်ပြီးမကြာခင်မှာ သူနဲ့ သူ့ ရဲ့ မူလအမိရ်ဖြစ်သူ ဇန်ဂီလေးတို့ ကြားအာဏာယှဉ်ပြီး ပဋိပက္ခနောုက်တစ်ခုပြန်ဖြစ်လာနိုင်တယ်လို့  နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့သုံးသပ်ခဲ့ကြတယ်။ ဒါပေမယ့်လည်း ဆလဟ်အလ်-ဒီးန်က ဒီသုံးသပ်ချက်တွေကိုပယ်ချခဲ့ပြီး သူ့ အနေနဲ့ ဇန်ဂီလေးအပေါ်သစ္စာခံဆဲဖြစ်ကြောင်းနဲ့ ဇန်ဂီလေးနဲ့  ပူးပေါင်းပြီး ကရူးဆိတ်တွေကိုဆက်လက်တော်လှန်သွားမှာဖြစ်ကြောင်း တုံ့ ပြန်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖန်ဆင်းရှင်ရဲ့  စီမံချက်အရ ဆလဟ်-အလ်ဒီးန်တစ်ယောက် မွတ်စလင်ကမ္ဘာရဲ့ ပြိုင်ဘက်ကင်း အမိရ်ဖြစ်လာဖို့ အကြောင်းဖန်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ၁၁၇၄ခုနှစ်မှာ ဇန်ဂီလေးကွယ်လွန်သွားခဲ့တာကြောင့် ဆလဟ် အလ်-ဒီးန်ကတော့ အီဂျစ်နဲ့  ဆီရီးယားရဲ့ တစ်ယောက်ထဲသောအမိရ်ဖြစ်လာပြီး သူ့ ရဲ့ ပိုင်နက်ဟာလည်း ပါလက်စတိုင်းနယ်မြေတော်ရဲ့  ပတ်ပတ်
 လည်နေရာ ထိအောင် ကျယ်ပြန့် လာခဲ့တယ်။

ကရူးဆိတ်စစ်တပ်ကိုပြင်းထန်တဲ့ထိုးစစ်ဆင်မှုတွေ မပြုလုပ်ခင်ပထမဆုံးအနေနဲ့ နိုးကြားလာတဲ့မွတ်စလင်ကမ္ဘာကြီး စည်းလုံးညီညွတ်မှုရှိမရှိကို ဆလဟ် အလ်-ဒီးန်ကစေ့စပ်သေချာအောင်စတင်လုပ်ဆောင်တယ်။ ဒါကြောင့် အဆုံးသတ် သွားတဲ့အီဂျစ်ရှီးယိုက်ဖာတီမစ်မင်းဆက်ရဲ့ လက်ကျန်အဖွဲ့ တစ်ခုဖြစ်တဲ့ (Assassins) လုပ်ကြံသတ်ဖြတ်သူ များအဖွဲ့ ကို ရှင်းဖို့ ကြိုးစားခဲ့တယ်။ Assassinsအဖွဲ့ ကသူတို့ ရဲ့ နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်တွေပြည့်ဝဖို့ အတွက် မွတ်စလင်နဲ့  ကရူးဆိတ်ခေါင်းဆောင်ပိုင်းတွေကို ရွေးသတ်တတ်တဲ့အဖွဲ့ လည်းဖြစ်တယ်။ သူတို့ အဖွဲ့ ရဲ့ အနှောင့်အယှက်အဟန့်  အတားတွေရှိနေပေမယ့်လည်း ဆလဟ် အလ်-ဒီးန်က မွတ်စလင်တွေကို တစုတဝေးထဲဖြစ်အောင်စုစည်းနိုင်ခဲ့ပြီး ကရူးဆိတ်စစ်တပ်ကိုရင်ဆိုင်တိုက်ခိုက်ဖို့ အတွက် အဆင်သင့်ဖြစ်အောင်ပြင်ဆင်နိုင်ခဲ့ပါတယ်။

မွတ်စလင်ကမ္ဘာကြီးတစုတဝေးထဲညီညွတ်ဖို့ အတွက်လည်း ဆလဟ် အလ်-ဒီးန်ကအချိန်တော်တော်ပေးဆပ်ခဲ့ရသေးတယ်။ ဒါပေမယ့်လည်း ၁၁၈၀ပြည့်နှစ်အစောပိုင်းမှာတော့ သူ့ ရဲ့ စစ်တပ်က ကရူးဆိတ်တွေသိမ်းပိုက်ထားတဲ့ မြင့်မြတ်တဲ့နယ်မြေတော်ကိုပြန်လည်ရယူဖို့ အဆင်သင့်ဖြစ်လာခဲ့ပါပြီ။ ကရူးဆိတ်တွေသိမ်းပိုက်ထားတဲ့နယ်မြေတွေ မှာ လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀အရင်ကမွတ်စလင်ကမ္ဘာမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အတိုင်းဖြစ်နေတာကိုသွားတွေ့ ရ တယ်။ သူတို့ တွေဟာလည်း စည်းလုံးညီညွတ်မှုပြိုကွဲနေကြပြီး မြို့  နီးနားချင်းတွေ၊ မြို့ စားတွေအချင်းချင်းအာဏာလု၊ အာဏာပြိုင်ပြီး စစ်ခင်းနေကြတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စည်းလုံးမှုပြိုကွဲရင် ရန်သူအရှေ့ မှာ သားကောင်လိုလည်စင်းပေးရတတ်တယ်ဆိုတဲ့အချက်ကိုပေါ်လွင်စေပါတယ်။ အဓိကရန်သူနဲ့ မရင်ဆိုင်ခင်သစ္စာဖောက်တွေကိုအရင်ဆုံးရှင်းလင်းခဲ့တာကိုလည်းတွေ့ မြင်ခဲ့ရတဲ့အတွက် ဆလဟ် အလ်-ဒီးန်ရဲ့ ခေါင်းဆောင်မှုအရည်အချင်းကို ထင်သာမြင်သာရှိစေခဲ့တယ်။ အတုယူစရာနဲ့ သံဝေဂယူစရာသမိုင်းမှတ်တမ်းတွေပါ။ ၁၁၈၂ခုနှစ်မှာတော့ ကရူးဆိတ်တွေသိမ်းပိုက်ထားတဲ့နယ်မြေထဲကို ဆလဟ် အလ်-ဒီးန်ရဲ့ စစ်တပ်ကြီးစတင်ခြေချခဲ့ပြီး ပြင်သစ်ကရူးဆိတ်စစ်သားတွေနဲ့ နောက်ဆုံးပိတ်တိုက်ပွဲကိုဆင်နွှဲ ခဲ့တယ်။

ဆလဟ် အလ်-ဒီးန်အတွက်အထူးအရေးပါပြီး အန္တရာယ်ကြီးတဲ့ ကရူးဆိတ်ဘက်ကရန်သူခေါင်းဆောင်ကတော့ ရေးနောလ် အော့ဖ် ချက်တင်လုံပါ။ ချက်တင်လုံကတော့ရက်စက်ကြမ်းကြုတ်သူတစ်ယောက်ဖြစ်ပြီး သူအပိုင်စားရတဲ့နယ်မြေထဲမှာရှိတဲ့ မွတ်စလင်တွေကို အမြဲတစေဒုက္ခပေးသူတစ်ယောက်ဖြစ်တဲ့အပြင် ဟဂ်ျဘုရားဖူးခရီးစဉ်သွားရောက်တဲ့ ကန္တရခရီးသွားဘုရားဖူးမွတ်စလင်တွေကို ကြားဖြတ်တိုက်ခိုက်သူလည်းဖြစ်တယ်။ ချက်တင်လုံဟာ အင်မတန်ကိုအတင့်ရဲသူတစ်ယောက်ဖြစ်ပြီး အစ္စလာမ်ဘာသာရဲ့ အထွဋ်မြတ်ဆုံးနယ်မြေတော်နှစ်ခုဖြစ်တဲ့ မက္ကာဟ်နဲ့ မဒီနာကို တစ်ခါထက်ပိုတဲ့ခြိမ်းခြောက်မှုတွေနဲ့  ရန်စခဲ့ပါသေးတယ်။ ဒီလိုရန်စမှုကိုဘယ်လိုမှသည်းမခံနိုင်တဲ့ ဆလဟ် အလ်-ဒီးန်ကတော့ ရေးနော်လ်အော့ဖ် ချက်တင်လုံကို ကိုယ်တိုင်ကိုယ်ကျအပြစ်ပေးဖို့ အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

ဆလဟ် အလ်-ဒီးန်ချခဲ့တဲ့ဆုံးဖြတ်ချက်က၁၁၈၇ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဟတ္တင်တိုက်ပွဲမှာအကောင်အထည်ပေါ်လာတယ်။ ဒီတိုက်ပွဲမှာ ကရူးဆိတ်စစ်တပ်က မွတ်စလင်တွေကိုရင်ဆိုင်ဖို့ အတွက် ယေရုဆလင်မှာရှိတဲ့ သူတို့ ရဲ့ စစ်သားအများစုကို စစ်မြေပြင်ကို ခေါ်ခဲ့တယ်။ မွတ်စလင်စစ်တပ်ကိုခုခံဖို့ ကရူးဆိတ်စစ်အင်အား နှစ်သောင်းရှိခဲ့ပြီး မွတ်စလင်တွေဘက်ကတော့ စစ်အင်အား သုံးသောင်းနဲ့ ရင်ဆိုင်တိုက်ခိုက်မှာဖြစ်တယ်။ ကန္တာရစစ်ချီတပ်တဲ့ စစ်ကြောင်းမှာ စစ်သားတွေဟာ သတ္ထုချပ်ဝတ်တန်ဆာတွေ အပြည့်အစုံနဲ့ စစ်ချီလာပေမယ့်လည်း ရေအလုံအလောက်မသယ်ဆောင်လာခဲ့တဲ့ကရူးဆိတ်စစ်တပ်ဟာ ဒုက္ခအကြီးအကျယ်စတွေ့ ပါတော့တယ်။ မွတ်စလင်စစ်တပ်နဲ့ တိုက်ပွဲရင်ဆိုင်ချိန်မှာတော့ ကရူးဆိတ်စစ်သားတွေက မတ်တပ်ရပ်ပြီးလမ်းလျှောက်ဖို့ တောင် အင်အားခပ်ယဲ့ယဲ့ပဲကျန်ရှာတော့တယ်။ မွတ်စလင်စစ်တပ်ရဲ့ ကြောက်ခမန်းလိလိထိုးစစ်ဆင်မှုကြောင့် ကရူးဆိတ်စစ်သားတွေ ကစဥ့်ကလျားထွက်ပြေးခဲ့ရတဲ့အပြင် ဆလဟ် အလ်-ဒီးန် အင်မတန်အလိုရှိနေတဲ့ ရေးနောလ်အော့ဖ် ချက်တင်လုံကိုလည်း သုံ့ ပန်းအဖြစ်အရှင်ဖမ်းဆီးနိုင်ခဲ့တယ်။ တခြားဖမ်းဆီးရမိခဲ့တဲ့ ကရူးဆိတ်သုံ့ ပန်းတွေအပေါ်မှာ ကြင်နာခဲ့ပေမယ့်လည်း ဆလဟ် အလ်-ဒီးန်တစ်ယောက်ကတော့ သူ့ ရဲ့ အမျက်ကို မထိန်းနိုင်ခဲ့ပဲ ချက်တင်လုံကိုကိုယ်တိုင်ကိုယ်ကျကွက်မျက်ခဲ့ပါတယ်။ ဒီပြစ်ဒဏ်ခတ်မှုကတော့ ဆလဟ် အလ်-ဒီးန်ရဲ့ သမိုင်းမှာ အကြံပေးတွေရဲ့ အကြံကိုမစောင့်ဆိုင်းပဲ ကိုယ်ပိုင်တယူသန်သဘောထားနဲ့  လုပ်ဆောင်ခဲ့တဲ့ သူ့ ရဲ့ တစ်ခုထဲသောလုပ်ရပ်အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ကရူးဆိတ်စစ်တပ်ကိုအရှိုက်ထိုးနိုင်လိုက်တဲ့ ဆလဟ် အလ်-ဒီးန်ရဲ့ စစ်တပ်အတွက်တော့ ယေရုဆလင်ကိုချီတက်ဖို့  အတွက် လွယ်ကူသွားခဲ့ပါပြီ။ စစ်ချီတက်ရာလမ်းတစ်လျှောက်မှာလည်း ခုခံမှုပါးပါးကိုသာ ကြုံရတော့တယ်။ ၁၁၈၇ခုနှစ် အောက်တိုဘာလ ၂ရက်နေ့ မှာတော့ ဆလဟ် အလ်-ဒီးန်ဦးဆောင်တဲ့ မွတ်စလင်စစ်တပ်ကြီးက မြင့်မြတ်တဲ့တော် ၀င်နယ်မြေရဲ့ မြို့ တော်ကိုကရူးဆိတ်တွေလက်အောက်ကနေတဖန်ပြန်လည်အောင်နိုင်ခဲ့တယ်။ ဒီလိုပြန်အောင်နိုင်ဖို့  အတွက် ၈၈နှစ် ၂လနဲ့ ၁၇ရက် အတိအကျကြာမြင့်ခဲ့တယ်။

ဆလဟ် အလ်-ဒီးန်ရဲ့ မြင့်မြတ်တဲ့ကိုယ်ကျင့်တရား၊ သနားကြင်နာတတ်တဲ့စိတ်နေစိတ်ထားနဲ့ ရက်စက်ကြမ်းကြုတ်မှုကို မလိုလားတဲ့သဘောထားကိုယေရုဆလင်မြို့ အောင်နိုင်အပြီးမှာ ရှင်းလင်းပြတ်သွားစွာမြင်တွေ့ ခဲ့ရတယ်။ လွန်ခဲ့တဲ့ ၈၈နှစ်တာကာလ ကရူးဆိတ်စစ်တပ်ယေရုဆလင်ကိုအောင်နိုင်တုန်းက သွေးတဲ့ခြေမျက်စိဖုံးတဲ့အထိမွတ်စလင်မြို့  သားတွေကိုရက်စက်စွာသတ်ဖြတ်ခဲ့ပေမယ့်လည်း ဆလဟ် အလ်-ဒီးန်ကတော့ ဆန့် ကျင်ဘက်လုပ်ရပ်မျိုးကိုလုပ်ပြနိုင် ခဲ့တယ်။ ယေရုဆလင်မှာနေထိုင်တဲ့ခရစ်ယာန်အားလုံးကိုငြိမ်းချမ်းစွာနဲ့ မြို့ ထဲကနေ ထွက်ခွါခွင့်ပြုခဲ့တယ်။ ဒါတင်မကသေးပဲ အခွန်အနည်းငယ်ဆောင်လိုက်တာနဲ့ တင် ကိုယ်ပိုင်ပစ္စည်းဥစ္စာအားလုံးသယ်ဆောင်သွားနိုင်ဖို့ စီစဉ်ပေးခဲ့တယ်။ ဆင်းရဲသားတွေနဲ့ အခွန်ငွေမပေးဆောင်နိုင်သူတွေ (ဒီခေတ်ပိုက်ဆံနဲ့ တွက်မယ်ဆိုရင် ဆလဟ် အလ်-ဒီးန်ကောက်ခံ တဲ့အခွန်ငွေက ဒေါ်လာ ၅၀ပဲရှိတယ်လို့ သိရ)ကို မြို့ ထဲကနေ အခမဲ့ထွက်ခွါခွင့်ပြုခဲ့တယ်။ ခြုံငုံပြောရမယ်ဆိုရင်တော့ မြို့  သူမြို့ သားအားလုံးကိုမြို့ ထဲကနေ ငြိမ်းချမ်းစွာထွက်ခွါခွင့်ပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ယေရုဆလင်ကိုမွတ်စလင်တွေလက်ထဲကနေတဖန်ပြန်လည်သိမ်းပိုက်ဖို့ အတွက် ၁၁၈၉ခုနှစ်မှာ ဥရောပသား ကရူးဆိတ်တွေကြိုးစားလာပြန်တယ်။ ဒီတစ်ကြိမ်ချီတက်လာတဲ့ကရူးဆိတ်စစ်တပ်ကိုတော့ နာမည်ကြီး အင်္ဂလိပ်ဘုရင် ခြင်္သေ့နှလုံးသားပိုင်ရှင်လို့ တင်စားခဲ့ရတဲ့ ဘုရင်ရစ်ချက်က ဦးဆောင်ခဲ့တယ်။ရစ်ချက်နဲ့  ဆလဟ် အလ်-ဒီးန်တို့ အကြား တိုက်ပွဲပေါင်းများစွာဆက်လက်ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ ကရူးဆိတ်စစ်တပ်က စစ်ရှုံးနိမ့်ခဲ့ပြီး မြင့်မြတ်တဲ့နယ်မြေတော် ယေရုဆလင်ဟာ မွတ်စလင်တွေလက်ထဲမှာပဲဆက်လက်တည်ရှိခဲ့တယ်။ ဒီတိုက်ပွဲတွေမှာလည်း ဆလဟ် အလ်-ဒီးန်ဟာ သူ့ ရဲ့ ထိပ်တန်းစိတ်နေစိတ်ထားနဲ့ စစ်မှန်တဲ့သူရဲကောင်းတစ်ဦးပီသမှုကိုဆက်လက်ပြသနိုင်ခဲ့တယ်။ တိုက်ပွဲတစ်ခုမှာ ရစ်ချက်တစ်ယောက်သူ့ မြင်းအသတ်ခံလိုက်ရတာမြင့်ရတော့ ဆလဟ် အလ်-ဒီးန်ကမွတ်စလင်စစ်တပ်ထဲကမြင်း တစ်ကောင်ကို ယူပြီး လက်ဆောင်ပြန်ပေးခဲ့တယ်။ ဆလဟ် အလ်-ဒီးန်ပြောခဲ့တာကတော့ “ဘယ်ခေါင်းဆောင်ဗိုလ်ချုပ်ကမှ ကိုယ်ပိုင်မြင်းမရှိပဲ စစ်တပ်ကိုဦးဆောင်ဖို့ ဆိုတာမဖြစ်နိုင်ဘူး”တဲ့။ ဆလဟ် အလ်-ဒီးန်ရဲ့ ရက်ရောမှုနဲ့ ကြင်နာမှုဟာ ဥရောပခရစ်ယာန်တွေရဲ့ ပါးစပ်ဖျားမှာ အမွှမ်းမတင်ပဲနေလို့ မရအောင် ဖြစ်ခဲ့ပြီး ရန်သူမွတ်စလင်ခေါင်းဆောင်ဖြစ်ပေမယ့်လည်း ခရစ်ယာန်တွေရဲ့ လေးစားသမှုကိုရယူနိုင်ခဲ့တယ်။

ဆလဟ် အလ်-ဒီးန်မွတ်စလင်ကမ္ဘာကိုခေါင်းဆောင်မှုနဲ့ အတူ စည်းလုံးညီညွတ်တဲ့မွတ်စလင်တွေရဲ့ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့တယ်။ ဆလဟ် အလ်-ဒီးန်ကွယ်လွန်သေဆုံးပြီးနောက်ပိုင်းမှာလည်းသူထူထောင်ခဲ့တဲ့ အိုက်ယူဘီမင်းဆက် (နောက်ပိုင်းမှာတော့ မမ်လွခ်)က သူ့ ရဲ့ အုပ်ချုပ်မှု စံနစ်အတိုင်းရှေ့ဆက်ခဲ့ပြီး မွတ်စလင်တွေကို စည်းလုံးညီညွတ်မှုရှိအောင် ရာစုနှစ်အတန်ကြာဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တယ်။ မြင့်မြတ်တဲ့ပါလက်စတိုင်းနယ်မြေနဲ့  ယေရုဆလင်မြို့ တော်ဟာ မွတ်စလင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ ၁၉၁၇ခုနှစ်ထိအောင်တည်တံ့ခဲ့ပေမယ့်လည်း ပထမကမ္ဘာစစ် ဗြိတိသျှကိုလိုနီရဲ့  ကျူးကျော်မှုကြောင့် နေမ၀င်အင်ပါယာလက်အောင်ကိုကျဆုံးသွားခဲ့ပြန်ပါတယ်။

ဆလဟ် အလ်-ဒီးန်ရဲ့ ခေတ်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရှိခဲ့ပေမယ့်လည်း သူ့ ခေတ်အခါကမွတ်စလင်တွေကရူးဆိတ်စစ် ပွဲကာလမှာ စည်းလုံးညီညွတ်မှုပြန်လည်ရရှိခဲ့ပုံကို ဒီခေတ်မွတ်စလင်ကမ္ဘာအနေနဲ့ ပြန်လည်အတုယူသင့်ကြောင်း တင်ပြရင်း ကရူးဆိတ်စစ်ပွဲသမိုင်းကို ဒီနေရာမှာတင်နိဂုံးချုပ်အပ်ပါတယ်။

ကိုးကား > Hodgson, M. (1961). The Venture of islam . (Vol 2). Chicago: University of Chicago Press.
Maalouf, A. (1984). The Crusades Through Arab Eyes. New York: Schocken.

အပိုင်း (၁) ဖတ်ရှု့ ရန် > http://goo.gl/bbAkoK
အပိုင်း (၂) ဖတ်ရှု့ ရန် > http://goo.gl/LSHQwb
အပိုင်း (၃) ဖတ်ရှု့ ရန် > http://goo.gl/8MdoLW

ချစ်ခင်လေးစားလျှက် …
11:28 PM
20/7/2014
(စတီဗင်)

No comments:

Post a Comment