Saturday, December 5, 2015

ပညာရေးရသစာပေ

ပညာရေးရသစာပေ

ဦးသန်းထွတ်၊ ပါမောက္ခ (ငြိမ်း)၊ ပညာရေးတက္ကသိုလ်

၎၊ ၃၊ ၂၀၁၅ ရက်နေ့က ဦးမြင့်ဟန် (မောင်ဟန်ဝင်း-ထန်းထပင်)ပေးလိုက်သော စာစောင်လေးကို လေ့လာ မိပါသည်။ ၁၉၉၄ ခုနှစ်၊ ဇွန်လ ကပြုစုထားသော မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့၏ အစီရင်ခံစာဖြစ်ပါ သည်။

‘ပညာရေးရသစာပေကို ဆရာအတတ်ပညာလေ့ကျင့်သင်ကြားရေးနည်းလမ်းသစ်တစ်ခုအဖြစ်  အသုံးချနိုင်မှု အလားအလာ လေ့လာဖော်ထုတ်ခြင်း သုတေသနအစီရင်ခံစာ'စိတ်ဝင်စားဖွယ်ကောင်းပါသည်။ ကျွန်တော် အထူးစိတ်ဝင်စားသည်မှာ ‘ပညာရေးရသစာပေ' ဝေါဟာရသစ်ဖြစ်ပါသည်။

စာပေဆိုသည်မှာ ‘အကြောင်းအရာ၊ အဖြစ်အပျက်၊ အတွေးအခေါ်တို့ကို ရသမြောက်အောင်၊ သုတ ဖွားအောင်ရေးဖွဲ့သည့်စာ'ဟူ၍ စာပေပညာရှင်တို့က အနက်ဖအဘိဓာန်ဆရာတို့ကလည်း ဤသို့ဖွင့်ဆိုပါသည်-
‘Literature- poems, novels, play etc in verse or prose, esp if of fine quality: စာပေ၊ ရသစာပေ'
စာပေဆိုသည်မှာ ကဗျာ လင်္ကာပုံစံ၊ စကားပြေပုံစံဖြင့် ဖွဲ့ဆိုထားသော ကဗျာများ၊ ဝတ္ထုများ၊ ပြဇာတ်များဖြစ်ကြောင်းဆိုပါသည်။

‘ရသ'ဆိုသည်မှာ သာယာသောခံစားမှု၊ အရသာဟူ၍ အဓိပ္ပာယ်ရပါသည်။ ရသစာပေဆိုသည်မှာ ရသခံစား မှုပေါ်လွင်အောင် ဖွဲ့နွဲ့ရေးသားထားသော လင်္ကာစကားပြေပင်ဖြစ်ပါသည်။

မြန်မာစာပေလောကတွင် ရသကိုးပါးရှိသည်ကို တွေ့ရသည်။  ချစ်၊ ရွှင်၊ သနား၊ တည်ကြား၊ ကြမ်းကြုတ်၊ စက်ဆုပ်၊ ကြောက်ရွံ့၊ ရဲဝံ့၊ အံ့ဩ စသည့်တို့သည် ရသကိုးပါးကို အတိုမှတ်အဖြစ် သတ်မှတ်လေ့ရှိပါသည်။ ရသစာပေတို့တွင် အဆိုပါရသကိုးမျိုးအနက် တစ်မျိုး၊ နှစ်မျိုး ပါဝင်မြဲဖြစ်ပါသည်။

စာပေကို အမျိုးအစားနှစ်မျိုးခွဲ၍ ပြောလေ့ရှိပါသည်။ ရသစာပေ (affective language)နှင့် သုတစာပေ (reported language)၊ တချို့က သုတစာပေကို literature of knowledge ဟူ၍ ဆိုပါသည်။ ရသစာပေကိုလည်း literature of power ဟူ၍ အမည်ပေးကြသည်။

ယခုအခါ ကျောင်းများတွင် စာပေကို သုံးမျိုးခွဲခြားသည်ကို တွေ့ရသည်။ သုတစာပေ၊ ရသစာပေ၊ သုတရသစာပေ ဟူ၍ ဖြစ်ပါသည်။

ကျောင်းများတွင် သိပ္ပံမောင်ဝ၏ ဝတ္တုဆောင်းပါးများကို ပြဋ္ဌာန်းခဲ့ဖူးပါသည်။ သိပ္ပံမောင်ဝ၏ စာများသည် သုတရသစာပေတွင် အကျုံးဝင်ကြောင်း၊ ဝတ္ထုဆောင်းပါးများဖြစ်ကြောင်း အမှာစာတွင် ဆရာဇော်ဂျီက ဤသို့သုံးသပ်ပြပါသည်-
‘ဤစာစောင်၌ ရွေးထားသောစာများသည် ဗဟုသုတသက်သက်ပေးသော စာများလည်းမဟုတ်ကြချေ။ အဆုံးအမသက်သက်ပေးသော စာများလည်းမဟုတ်ကြချေ။ တစ်ဖန် ထိုစာများတွင် ဇာတ်လမ်း အင်အား၊ ဇာတ်လိုက်အင်အားတို့သည် နည်းပါးကြသော်လည်း ထိုစာများသည် နှစ်သက်ခြင်းကို ဖြစ်စေတတ်သော စာမျိုး၌ အကျုံးဝင်နေကြပြန်လေသည်။ ထို့ကြောင့် ဆောင်းပါးလည်းမက ဝတ္ထုလည်းမကျဖြစ်နေသော ထိုစာစုအား ဝတ္ထုဆောင်းပါးဟူ၍ အမည်ပေးခဲ့ခြင်းဖြစ်လေသည်' ဟူ၍ သုံးသပ်ပြပါသည်။

ထို့ကြောင့် သိပ္ပံမောင်ဝ၏စာ သို့မဟုတ် ဝတ္ထုဆောင်းပါးများသည် ‘သုတရသ' စာပေများဖြစ်ကြောင်း သတ်မှတ်ခဲ့ကြပါသည်။ သိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများ (semi-fiction) သည် သုတလည်းပေး၍ ရသလည်းပေးသောစာများဖြစ်ကြပါသည်။

ရသစာပေဖြစ်ထွန်းမှု၊ ဖြစ်ပေါ်မှုကို စာပေပညာရှင်များက အဆင့်သုံးဆင့်ခွဲ၍ တင်ပြလေ့ရှိပါသည်။ရသစာပေ  အနုပညာတစ်ရပ်ဖြစ်ထွန်းနိုင်ရန် ပညာရှင်တွင် ပထမလိုအပ်ချက်မှာ ခံစားမှု (feeling) ပင်ဖြစ်ပါသည်။ ခံစားမှုမှ ရသစာပေ (ဝါ) ဖန်တီးမှုစာပေ (creative literature )ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့်ပင် ကဗျာစာဆိုတို့ကို ခံစားမှုရှိသူ (man of feeling)ဟူ၍ ခေါ်တတ်ကြသည်။

ဒုတိယလိုအပ်ချက်မှာ ခံစားမှု၊ စုစည်းမှုများကို (recollecting) ဖြစ်ပါသည်။ မိမိဘဝ အတွေ့အကြုံအရ ခံစားမှုများ ဖြစ်ပေါ်လာတတ်သည်။ ထိုခံစားမှုအမျိုးမျိုးကို ပြန်လည်စုစည်းရပါမည်။

တတိယလိုအပ်ချက်မှာ ခံစားမှု၊ စုစည်းမှုများကို ပရိတ်သတ်သို့ပို့ပေးမှု (transporting)ပင်ဖြစ်ပါသည်။ ထိုသို့ပို့ပေးရာတွင် ပန်းချီဆေးရေးအဖြစ်၊ ကဗျာလင်္ကာစာပေအဖြစ်၊ ဂီတတေးသီချင်းအဖြစ်၊ ပန်းပု အဖြစ် ပုံစံအမျိုးမျိုးဖြင့် ပို့ပေးခြင်းဖြင့် စာပေအနုပညာလက်ရာများ ပေါ်ထွန်းလာရပေသည်။

‘ပညာရေးရသစာပေ`ဆိုသော ဝေါဟာရအကြောင်း စဉ်းစားမိလျက် စာပေအကြောင်းများကို အတွေဝင်မိ၍ ဖော်ပြလိုက်မိပါသည်။ ပညာရေးမှာ အကြောင်းအရာ (content )ဖြစ်ပါသည်။ ရသစာပေမှာ ကဗျာ၊ ဝတ္ထု၊ ပြဇာတ်များဖြစ်ရာ ပုံစံ(form)ဖြစ်ပါသည်။

အစီရင်ခံစာတွင် ဝတ္ထုကို ဦးစာပေး၍ သုတေသနပြုထားသည်။ ပညာရေးရသစာပေတွင် အကျုံးဝင်သည့် ဝတ္ထုများကို တင်ပြထားသည်။

အင်္ဂုလိမာလဇာတ်၊ ချစ်သောဆရာ၊ ဆရာချစ်၊ ဘော့ကျန်၊ ဆရာမဘဝနေ့စဉ်မှတ်တမ်း၊ မင်္ဂလာပါဆရာမ စသည့် ဝတ္ထုများသည် ပညာရေးရသစာပေဝတ္ထုများဖြစ်ကြောင်း စာတမ်းတွင် ဖော်ပြထားပါသည်။

လယ်တွင်းသားစောချစ်၏ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး ဝတ္ထုကိုလည်း ထည့်သွင်းသင့်ပါသည်။ အကြောင်းအရာအားဖြင့် စာသင်ကျောင်း၊ ဆရာ၊ တပည့်စသည့် သုံးပွင့်ဆိုင်ကိစ္စများသည် ပညာရေးပင်ဖြစ်ပါသည်။ ထိုအကြောင်းအရာမျိုးပါသော စာပေဝတ္ထု၊ ကဗျာ၊ လင်္ကာ၊ ပြဇာတ်တို့သည် ပညာရေးရသစာပေပင်ဖြစ်ပါသည်။

သာဓကအားဖြင့် သိပ္ပံမောင်ဝရေးသော ‘ရွာ့ကျက်သရေ' ဝတ္ထုဆောင်းပါးသည် ကိုလိုနီခေတ်က ပညာရေးကို သရုပ်ဖော်သော ဝတ္ထုဆောင်းပါးဖြစ်ပါသည်။ ဆရာစော၏ကျောင်းသည် ထိုစဉ်က ဖြစ်ပျက်နေသော ပညာရေးလောကကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြသော ဝတ္ထုဆောင်းပါးလည်းဖြစ်သည်။ ပညာရေးရသစာပေကောင်း တစ်ပုဒ်လည်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ထိုနည်းတူ ပညာရေးရသစာပေ အကြောင်း စဉ်းစားသောအခါ အမျိုးသားပညာဝန်ဦးဖိုးကျား၏  ကိုယ်တွေ့ဝတ္ထုများသည်လည်း ပညာရေးရသစာပေ ဘောင်ဝင်သော ကိုယ်တွေ့ရသမြောက်စာပေများဖြစ်လိမ့်မည်ဟု ယူဆပါသည်။

ဦးဖိုးကျား၏ မင်းကတော်၊ အခမဲ့ကူလီထမ်းခြင်း၊ ဘုရားဖူးသွားခြင်း စသည့် ဝတ္ထုများသည် စာဖတ်သူ၏ စိတ်ဓာတ်၊ သဘောထားကို ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းရှိသော ပညာရေးရသစာပေများ အမှန်တကယ်ဖြစ်ပါပေသည်။

စာကောင်းပေကောင်း ရသစာပေတို့သည် စာဖတ်သူ၏ အတွင်းစိတ်နေသဘောထားကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိရပါသည်။ ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများကို ပညာရေးကော်လိပ်များ၊ ဆရာအတတ်သင် သင်ရိုးများတွင် ထည့်သွင်းထားသင့်ကြောင်း အကြံကောင်းပေးလိုပါသည်။

စာတမ်းတွင်ပါဝင်သော ဆရာစိတ်ပြုစုပျိုးထောင်ရေးအတွက် ပညာရေးရသစာပေများကို ဆရာအတတ်သင် သင်ရိုးများတွင် ထည့်သွင်းသင့်ပါကြောင်း ထောက်ခံတင်ပြလိုက်ပါသည်။

ကိုးကား။     ။ ပညာရေးသတင်းလွှာ
အတွဲ (၈)၊ အမှတ် (၈)    ၂၀၀၅ ခုနှစ်ဩဂုတ်လ စာမျက်နှာ (၇-၈)

No comments:

Post a Comment