Wednesday, June 1, 2016

လူရီဖီရာ့ (ဆန်နံပြား) (Rohingya Traditional Cake)

အသင့်ပြင်ထားသော လူရီဖီးရာ့စားပွဲ


အပိုင်း (၂) လူရီ ဖီရာ့ (ဆန်နံပြား)


ရေးသူ 📝       ရိုဟင်လေး 
အမျိုးအစား 📢 ရိုဟင်ဂျာရိုးရာ အစားအစာ

လူရီဖီရာ့သည် ရိုဟင်ဂျာရိုးရာမုန့်များအနက် လူကြိုက်အများဆုံးမုန့်အဖြစ် ကျော်ကြားသည်။ ပုံသဏ္ဌာန်အားဖြင့် နံပြား သို့မဟုတ် ရူတီနှင့် ခပ်ဆင်ဆင်ရှိပြီး အရသာမှာမူ တမူးထူးခြားသော မုန့်တစ်မျိုးဖြစ်သည်။ ရိုဟင်ဂျာလူမျိုးမှန်လျှင် လူရီဖီရာ့ကိုကြိုက်သည်။ ရက်ကြီးခါကြီး အလှူပွဲရှိလျှင် လူရီဖီရာ့ မုချရှိသည်။

မုန့်ကို ဟင်းရည်စွတ်ကာ စားရန်ပြင်နေပုံ


လူရီဖီရာ့ ဟု အမည်တွင်ခြင်းမှာ အဆိုအမျိုးမျိုးရှိသည်။ တစ်ချို့က ရိုဟင်ဂျာ လအမည်များတွင် (၈) လမြောက်လ ကို “လူရီစ္စာဏ်" ဟုခေါ်သည်။ ထိုလ (၁၄) ရက်နေ့တွင် မြင့်မြတ်သော ညကြီးတစ်ညရှိသည်။ ထိုညကို အစွဲပြု၍ ရိုဟင်ဂျာတို့သည် နေ့တွင် အလှူပွဲ(ဖာတီယာ) ပြုလုပ်ကြသည်။ အိစ္စလာမ်ဘာသာရေး အလှူပွဲ မဟုတ်သော်လည်း ရိုဟင်ဂျာရိုးရာအဖြစ် ဆင်းရဲသားများကို အကျွေးအမွေးပြုလုပ်ကြသည်။ ထို အလှူပွဲတွင် လူရီဖီရာ့ကို အဓိက ပြုလုပ်ကျွေးမွေးဧည့်ခံကြသည်။ လူရီစ္စာဏ်လတွင် ပြုလုပ်သော မုန့်ဖြစ်သောကြောင့် လူရီဖီရာ့ဟုခေါ်ခြင်းဖြစ်သည်။ တစ်ချို့က Ruti မှ အသံပြောင်းကာ လူရီ  ဖြစ်လာခြင်းဟု ဆိုသည်။ တစ်ချို့ကမူ လော်ရီး (တုတ်)ကဲ့သို့ မုန့်လုပ်ပွတ်လုံး (မေလုံဆွာံ)ဖြင့် ပြုလုပ်ရသောကြောင့် လော်ရီး မှ လူရီသို့ အသံပျက်ကာ လူရီဖီရာ့ ဟု ခေါ်ခြင်းဖြစ်သည်ဟု၎င်း၊ လူရီဖီရာ့ကို အညာဒေသတွင် ကြား၌ ဟာလဝါ (ဟာလ်လွာ) ညှပ်ထည့်ကာ လိပ်လိမ့်ပြီး စားကြသည်။ လိမ့်လိပ်ထားသော ဟာလ်လွာ ညှပ်မုန့် ကို တုတ် (လော်ရီး)သဏ္ဍာန်မြင်ရသောကြောင့် လော်ရီဖီရာ့ (တုတ်မုန့်)မှ လူရီဖီရာ့ဟု၎င်း အဆိုမူခွဲရှိသည်။

လူရီဖီရာ့သည် အရှေ့အလယ်ပိုင်းဒေသ၊ အာရပ်လူမျိုးမှတဆင့် အမွေရရှိလာသော မုန့်တစ်မျိုးဖြစ်သည်။ အာရပ်တို့သည် ရေကြောင်းကုန်သွယ်ရေးဖြင့် ကမ္ဘာ့အနှံအပြားတွင် သွားလာလျက်ရှိခဲ့သည်။ အေဒီ ၈ ရာစုတွင် ရမ်းဗြဲအနီး၌ လေပြင်းမုန်တိုင်းကြောင့် ကုန်တင်သင်္ဘောများ ပျက်စီးသွားရာ အာရပ်ကုန်သည်တို့သည်  ဗေဆာလီပြည် (မြန်မာအခေါ် ဝေသာလီပြည်) အာရကန်သို့ ခိုလှုံခဲ့သည်ကို သမိုင်းတွင် အတိအလင်း တွေ့ရှိနိုင်ပါသည်။ ထိုခေတ်တွင် အာရပ်၊ ပါရှန်လူမျိုးတို့၏ အဓိက အစားအစာမှာ “နာဏ်" ဟုခေါ်သော ဂျုံဖြင့်ပြုလုပ်သည့် နံပြားဖြစ်သည်။ သို့သော် ဗေဆာလီပြည်တွင် ဆန်စပါးကို အဓိကအားဖြင့် စိုက်ပျိုးသဖြင့် အစားအစာလည်း  ထမင်းသာ ဖြစ်သည်။ အာရပ်ခိုလှုံလာခဲ့သည့် ဗေဆာလီပြည်၌ ဒေသခံတို့နှင့် ပေါင်းသင်း ထိမ်းမြားခဲ့ပြီး ရာသက်ပန်နေထိုင်သွားခဲ့ကြသည်။ သူတို့၏ စားနေကျ အစားအစာ နာဏ်ကိုမူ လက်လွတ်ရပြီး ဗေဆာလီ အစားအစာကို ရင်ပိုက်ရသည်။ သို့သော် ရက်ကြီးခါကြီးတွင် သူတို့၏ ဘိုးဘွားစဉ်ဆက် အစားအစာကို အောက်မေ့လျက် ဂျုံရှားသဖြင့် ဆန်နှင့်သာ နာဏ်ပြုလုပ်စားသောက်လေ့ရှိကြသည်။ ထိုနာဏ်ပုံစံ မုန့်ကို နောင်တွင် လူရီဖီရာ့ဟု ခေါ်တွင်လာကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ရိုဟင်ဂျာတို့သည် လူရီဖီရာ့ကို မြင့်မြတ်ဘုန်းကျက်သရေရှိသော မုန့်တစ်မျိုးဟု ယူဆကြသည်။ အကြောင်းမှာ ဘိုးဘွားစဉ်ဆက်တို့၏ သုံးဆောင်မြဲဖြစ်သော အစားအစာလည်းဖြစ်၊ အီစ္စလာမ်သမိုင်းကို လေ့လာလျှင် တမန်တော်နှင့် သာဝကကြီးများကလည်း လူရီဖီရာ့နှင့် ဆင်တူသော  နာဏ် (နံပြား) ကို သုံးဆောင်ခဲ့သောကြောင့် ဖြစ်သည်။ 

လူရီဖီရာ့ ဇေတော့ ဒေါ်င်ရ်ဘာနာ အဲ့တော ဟာံရှော်ရော် ဘာဇာရ်အော်တ် ဆိုက်ယာ ဒေါံ်ရ် အိုဘို" 

အဓိပ္ပာယ်မှာ လူရီဖီရာ့ အရွယ်အစားကြီးလေ ရှင်ပြန်ထမည့်နေ့၌ အရိပ်ဆာယာကြီးလေ ဟုပင်  ဂုဏ်တင်ပြောဆိုသည့်  ဆိုရိုးလည်းရှိသည်။ ဤသို့ တိုက်ဆိုင်နေသည့် အကြောင်းအရာတို့ကြောင့် ရိုဟင်ဂျာတို့သည် လူရီဖီရာ့ကို ရိုဟင်ဂျာအမျိုးသားမုန့် (Rohingya National Cake) ဟု တစ်ညီတညွတ်တည်း သတ်မှတ်ကြသည်။ ထို့ကြောင့် ရိုဟင်ဂျာတို့သည် အလှူပွဲတော်များ၊ ဘာသာရေးပွဲတော်များတွင် ထိုမုန့်ကို ပြုလုပ်သုံးဆောင်ကြသည်။

ရှေးအခါက ရိုဟင်ဂျာစော်ဘွားတို့သည် နွားများလှီးချက်ကာ လူရီဖီရာ့မုန့်ပွဲ ကျင်းပပြီး ဆင်းရဲသားများကို ၃-၄ ရက်တိုင်တိုင် ကျွေးမွေးဧည့်ခံခဲ့ကြသည်။ လူရီဖီရာ့၏ ထူးခြားချက်တစ်ခုမှာ မုန့်သက်သက် မစားဘဲ အခြားတစ်ခုခုနှင့် တိုးစားရသည်။ ဥပမာ- အသား၊ ဟာလဝါ၊ အသုတ်၊ ဟင်းသီးဟင်းရွက်အကြော်.....
လူရီဖီရာ့၏ ပုံသဏ္ဌာန်မှာ ဝိုင်းဝန်းပြီး အရွယ်အစားမှာ ထမင်းစား ပန်းကန်ခန့်ရှိသည်။ ဆီမပါ၊ ချို၊ ချဉ်၊ ခါး၊ စပ်မပါသော မုန့်တစ်မျိုးလည်းဖြစ်ပါသည်။ အသားနှင့်ဆိုလျှင် တည့်သည့်အပြင် အရသာလည်း ကဲလွန်လှသည်။

လူရီဖီရာ့တွင် ပါဝင်သည့်ပစ္စည်းများ-

  • (၁) ဆန်မှုန့်ညက်
  • (၂) ဆား
  • (၃) ရေ တို့ဖြစ်ကြသည်။


လူရီဖီရာ့ ပြုလုပ်သော လူရီဖာဌ် (မုန့်လုပ်ခုံ) နှင့် မေလုံဆုံဝါ (မုန့်လုပ်ပွတ်လုံး)

ဟော့လာ (မုန့်ကင်းပြား)

လူရီဖီရာ့ ပြုလုပ်ရာ အဆင့်အမည်နှင့် ကိရိယာများ အညွှန်းပြပုံ


လိုအပ်သည့် ကိရိယာများ

  • (၁) ဒဲန်း              (ခြေနှင်းမောင်း)
  • (၂) လူရီဖာဌ်      (မုန့်လုပ်ခုံ)
  • (၃) မေလုံဆူံဝါ    (မုန့်လုပ်ပွတ်လုံး)
  • (၄) ဟောံလာ     (မုန့်ကင်းပြား)
  • (၅) အောံလာ့     (တံစိုး)


လူရီဖီရာ့ ဖြစ်လာရန် အဆင့်ဆင့် အမည်အမျိုးမျိုး

  • (၁) ဂူရီ                   (ဆန်မှုန့်)
  • (၂) ဟိုင်             (ရေနွေးဖြင့် စပ်ထားသော မုန့်ဖတ်)
  • (၃) ဟိုင်ဒေါလာ     (မုန့်ဖတ်လုံးကြီးကြမ်း)
  • (၄) ဇူလာ            (မုန့်ဖတ်လုံး)
  • (၅) ဖောသ်သော့န်    (မုန့်စိမ်း ကပ်မသွားအောင် အသုံးပြုသော ဆန်မှုန့်ခြောက်)


လူရီဖီရာ့ ပြုလုပ်နည်း


လူရီဖီရာ့ ပြုလုပ်နည်းမှာ နည်းနည်း အပင်ပန်းခံရသော်လည်း တစ်ခုလောက်စားနိုင်ရုံဖြင့် လုပ်ရကျိုးနပ်သည်။

ဦးစွာ ဆန်ကို ကောင်းစွာဆေးကြောရသည်။ မောင်း သို့မဟုတ် ခြေနှင်းမောင်းဖြင့် ကျေကျေညက်ညက် အမှုန့်ဖြစ်သွားအောင် ထောင်းကြိတ်ရပါသည်။ ထို့နောက် အိုးတစ်အိုးတွင် အချိုးကျ ရေပမာဏ ထည့်ပြီး ကျက်စေရသည်။ ရေဆူပွက်လာလျှင် ဆန်မုန့်ညက်ထည့်ရသည်။ ဆန်မုန့်ညက် ခဲမသွားအောင်  ယောက်မဖြင့်  ပျော့ပျောင်းလာသည်အထိ ထိုးမွေရပါသည်။

ဆန်မုန့်ညက်ပျော့ပျစ်လာသောအခါ အိုးမှ အခြား လောင်ပန်းတစ်ခု သို့မဟုတ် ဆန်ကောတစ်ခုသို့ လဲပြောင်းယူရသည်။ ၎င်းကို “ဟိုင်" ဟုခေါ်သည်။ ထိုဟိုင်ကို အကျိတ်အခဲမရှိအောင် လက်ဖြင့် အတန်ကြာ ကောင်းစွာ ဖိနယ်ရသည်။ ပွတ်နယ်ပြီးသား ဟိုင်ကို ဘော်လုံး သဏ္ဍာန် အလုံးကြီးများအဖြစ် ပြုလုပ်သည်။ ၎င်းကို “ဟိုင်ရ်ဒေါလာ" ဟုခေါ်သည်။ ထို ဟိုင်ဒေါလာမှ တစ်ခါ တုတ်ချောင်းသဖွယ် အလုံးရှည်များ လိမ့်သည်။ ဤအခါ လူရီမုန့်လုပ်ရန် နီးကပ်လာပြီ။

ထို အလိမ့်တုတ်ရှည်ကို အစိတ်အပိုင်း ငယ်သို့ ပိုင်းဖြတ်သည်။ ယင်းကို “ဇူလာ" ဟုခေါ်သည်။ ဇူလာ ကို မုန့်လုပ်ခုံ (လူရီဖာဌ်) ပေါ်တင်ပြီး ဝန်းပြားကားလာအောင် မေလုံဆုံဝါဖြင့် ပွတ်လိမ်တိုက်ရသည်။ တစ်ဆက်တည်း မေလုံဆုံဝါ အကြောင်းနည်းနည်း ပြောရအောင်- (ရှေးရိုဟင်ဂျာတို့သည် တစ်တောင်လောက်ရှိသော အသားထူ  ဝါးကို မေလုံဆုံဝါ အဖြစ်အသုံးပြုခဲ့ကြသည်။ မေလုံဆုံဝါ၏ မူလအမည် မေံလော့နီဆုံဝါ (ပြန့်ကားအောင် ပြုလုပ်သော ပြွန်) မှ ခေတ်ကာလ ကြာလာသည်နှင့်အမျှ အသံပြောင်းပြီး ယနေ့နာမည်ဖြစ်လာသည်။)
ထို မေလုံဆုံဝါနှင့် လူရီဖာဌ် တို့အချင်းချင်း ပွက်တိုက်မှုတွင် ကြား၌ရှိသော မုန့်ကြမ်း ကပ်မသွားနိုင်စေရန် (လူရီဖီရာ့ ကပ်မသွားအောင်) ဆန်မုန့်ညက်ခြောက်ကို အနည်းငယ်စီ ဖျန်းထည့်ရသည်။ ထိုအခါ လူရီဖီရာ့ အစိမ်းကိုရရှိလာသည်။ လူရီဖီရာ့စိမ်းကို ကေံစာလူရီဖီရာ့ဟုခေါ်သည်။ တစ်ဖန် မုန့်ကင်းပြားပေါ်တွင် မီးကင်းရသည်။  ထိုအခါ လိုအပ်သော လူရီဖီရာ့ ရလာသည်။

 ကေံစာ လူရီဖီရာ့ (မုန့်စိမ်း)

မီးကင်းပြီး အသင့်ဖြစ်နေသော မုန့် (ဖုဂ်ျဂျာ ဖီရာ့)

ဆန်းကြမ်း ကြိတ်ထောင်းရာတွင် မကြေတကြေ ကျန်နေသော ဆန်ဖြုန်း/ဆန်မှုန့်ကြမ်း (mollúk)ကို ထန်းညှပ်နယ်ကာ ငှက်ပျောရွက်ဖက်ပြီး မုန့်တစ်မျိုး လုပ်စားကြသည်။ ယင်းမုန့်ကို “မော်လ္လု့ခ် ဖီရာ့" ဟုခေါ်သည်။

Gasór uore bañsá di, táplon  táplon banaiyé, állua di luri fiçá di kuúp háiyé.

(အဓိပ္ပာယ်က “သစ်သားပေါ်တွင် ဝါးချောင်းဖြင့် သာပ်လောင် သာပ်လောင် မြည်သံထွက်အောင် ပြုလုပ်တဲ့ လူရီဖီရာ့ တွင် ဟာလဝါ ညှပ်ထည့်ပြီး ပေါင်းလန်အောင် အရမ်းမြိန်းစားတာပေါ့) ဟု တစ်ခါက လူမျိုးခြားတစ်စုကို ဖိတ်ကျွေးတဲ့အခါ အရသာကောင်းလွန်သဖြင့် မပီတပီ ရိုဟင်ဂျာစကားဖြင့် ပြောဆိုခဲ့သည့် ချီကျူးစကားသည် ယနေ့တိုင် အာရကန်ပြည်တွင် ပျံဝဲနေဆဲဖြစ်သည်။

သက်ကြီးရိုဟင်ဂျာတစ်ဦးက လူရီဖီရာ့  စားနေပုံကို ရိုဟင်ဂျာစာဆိုတစ်ဦးက ဟာသနှောနှော ဖွဲ့ဆိုထားသည့် လင်္ကာတစ်ပိုဒ်ကို သူမှတ်မိသလောက် အောက်ပါအတိုင်း ပြောပြခဲ့သည်။

“Luri fiçá gussor zúl, burai burai tuúl.
Galot dite fiçár zúl, burií zagoi kul.
Gal furani no maani, tait goijjé feth,
Manuich nái tuiltó taáni, hát balúchdí neth."


အဓိပ္ပာယ် - လူရီဖီရာ့ ကို အမဲသားဟင်းထဲမှ နှိုက်ယူပြီး၊ ပါးစပ်ထဲ ထည့်စားသောအခါ ကပ်ပါလာသော ဟင်းရည် ယိုကျ၍ ခါးဝတ်ပုဆိုးတောင် ပေသွားတတ်သည်။
ပါးစပ် ပူစပ်နေသည်ကို သတိမမူဘဲ ဝမ်းတောင့်အောင် အားရပါးရ စား၏။ ဝမ်း၏အလေးကြောင့် ထိုင်ရာမှ မထနိုင်၍ ဆွဲတင်ရန်လည်း လူမရှိသဖြင့် ထိုနေရာ၌ပင် လက်ပေါ် ခေါင်းအုပ်၍ အိပ်လေသည်။....

မှတ်ချက်။      ။ ရိုဟင်ဂျာတိုင်းရင်းသားများနေထိုင်သည့် မြန်မာပြည် အချို့နေရာတွင် လူရီဖီရာ့ကို စူဗရား (ခ) စွတ်ပြားမုန့်ဟုလည်း ဗမာစကားဖြင့် ခေါ်ဝေါ်ကြသည်။

********************@*********************
အပိုင်း (၁) ကို ဤနေရာ တွင်ဖတ်ရှုနိုင်သည်။


(အပိုင်း (၃)ကို ဆက်လက်ဖော်ပြပါသည်)


No comments:

Post a Comment