Saturday, July 22, 2017

အနီးကပ်ဆိုလဲ မှုန်ဝါးဝါးတဲ့လား


ေရးသား 🌠 နတ္မ်က္စိ |

ဧရာဝတီ သတင်းဌာန ဆောင်းပါးရှင် မောင်မောင်စိုး ကလည်းပဲ မုန်းပင် စိုက်ထားတဲ့ဟာတွေ အကုန် အန်ချလိုက်ပြီ။ အမုန်း အန်ဖတ်တွေက သူ့ဆောင်းပါး “ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ်” မှာ တနှံ့နှံ့ပျံ့နေတယ်။ ဒီလောက် အာဃာတနဲ့ စာနယ်ဇင်းသမား တစ်ယောက် ရှင်သန်ရတာ တော်တော် ခက်ပါလိမ့်မယ်။ 

တစ်ဖက်ကတော့ ချီးကျူးရလိမ့်မယ်။ တော်လိုက်တာကွာ။ အမုန်း ဖြန့်ဖြူးရေး လုပ်ငန်းလုပ်လိုက်ရင် ဒီထက် အဆင်ပြေလိမ့်မယ်လို့ ထင်ရပါတယ်။ နာမည်လည်းကြီးသွားမယ်၊ ထောက်ခံမှုလည်း ရလာမယ်။ 

ဆောင်းပါးမှာ သမိုင်း ဘုမသိဘမသိနဲ့ တဖက်သတ် ဝေဖန်လိုက်တာက သမိုင်းဆောင်းပါးရေးတဲ့ ဂျနယ်လစ် မဟုတ်တာ ထင်ရှားနေပြီ။ W5 H1 နဲ့ သတင်းတစ်ခုကို ရေးတတ်ရုံနဲ့ သတင်းစာဆရာ မမြောက်သေး။   သမိုင်းဆိုတာကို မဖတ်ဖူးတဲ့သူ၊ သမိုင်းကို သိပ်နားမလည်သေးတဲ့ စာသင်ပျိုနုဟုသာ ယူဆရမယ်။ ကလေးတွေလို ကိုယ်ထင်ရာ စိတ်သွားရာ ဟိုဟိုဒီဒီ တဖက်သားကို နှိမ့်ချ ရေးချလိုက်တာက မျိုးချစ်ငရူးတွေအတွက် စိတ်အာဟာရဖြစ်စေပြီး အသိဥာဏ်မရှိတဲ့ တိရိစ္ဆာန်တွေတောင်မှ ဟားတိုက် ရယ်လိမ့်မယ်။ ကျန်တာ ဘာတစ်ခုမှ အဖတ်တင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် သက်ဆိုင်ရာ အကြောင်းအရပ် တစ်ခုရဲ့ အသိမရှိတဲ့ သူတယောက်ကို ၎င်းအကြောင်းနဲ့ ငြင်းခုံဆွေးနွေးခြင်းက အရူးအင်္ဂါရပ် တစ်ခုပါပဲ။ ဒါကြောင့် သမိုင်းကို ထောက်ပြ ငြင်းခုံမှာ မဟုတ်တော့ဘူး။ 

ဆောင်းပါး ခေါင်းစဉ်မှာ အနီးကပ်လို့ ရေးထားပေမယ့် ဘယ်သူတွေနဲ့ ဒါမှမဟုတ် ဘာနဲ့ နီးကပ်ပြီး ရေးထားတာလဲ နားမလည်နိုင်ဘူး။ ရိုဟင်ဂျာမုန်း မျိုးချစ်တွေနဲ့ အနီးကပ် ရေးထားတာပဲ တွေ့ရတယ်။  မည်သို့ပင်ဖြစ်စေ  အနည်းဆုံးတော့ ဒေသန္တရအသိတွေကို ကောင်းစွာ သိရှိပြီး ရေးသင့်တယ်။  



“အုပ်ချုပ်ရေးပိုင်က မှတ်တမ်းတင်နိုင်သည်မှာ တရားမဝင် ပလီသာ ဖြစ်သည်။ မောင်တောခရိုင်အတွင်းရှိ ပလီအလုံး တထောင်ကျော်မှာ အစိုးရမှတ်တမ်းအရ တရားမဝင် ပလီများဖြစ်ကြတယ်။

မောင်တောခရိုင်အတွင်း နေရာအတော်များများ ဘင်္ဂလီရွာများ၌ အိမ်များတိုးချဲ့ဆောက်နေသည်ကို တွေ့ရသည်။  အိမ်တော်တော်များသည် လယ်မြေအတွင်း ဝင်ရောက်ဆောက်လုပ်ထားသည်ကို တွေ့ရ သည်။ ရွာမြေမဟုတ်သည့် နေရာသစ်များတွင် ဘင်္ဂလီအိမ်များ တိုးချဲ့ဆောက်လုပ်လျက် ရှိသည်ကို တွေ့ရ သည်။ သို့သော် အုပ်ချုပ်ရေးပိုင်က ကိုင်တွယ်အရေးယူနိုင်ခြင်း မရှိပေ။ နှောင်နှစ်အချို့ကြာလျှင် ဘင်္ဂလီရွာသစ်များ ဖြစ်လာနိုင်သည်။”



ယုတ္တိမရှိတဲ့ စကားတွေချည်းပါပဲ။ နှစ်ပေါင်း (၂၅) နှစ်ကျော် နစက လက်အောက် ခြံက ကျွဲနွားလို ခိုင်းတာ လုပ်၊ ကျွေးတာစားနဲ့ ဖြတ်ကျော် လာရတဲ့ ဒီဒေသမှာ တရားမဝင်တဲ့ ပလီ တထောင်ကျော် ရှိတယ်ဆိုတာ ယုံစရာလား။ ဆောင်းပါးရှင်က မသိဘူး ထင်တယ်။ နစကခေတ်တွင် လူနေအိမ် အဆောက်အအုံကို မပြောနဲ့ အိမ်မွေး ကျွဲနွားကြက်တွေရဲ့ အရေအတွက်ကိုတောင် မှတ်တမ်းတင်ရတယ်။ မှတ်တမ်းရှိ အရေအတွက်ထက် ပိုလျော့ ဖြစ်သွားပြီး ငွေဒဏ်၊ ထောင်ဒဏ်ခံနေရတာ ဆင်းရဲသားတွေ အများကြီးပဲ။ ထောင်မှတ်တမ်းကို သွားကြည့်ရင် သိလာမှာပါ။ အဲဒီ အထဲမှာ တရားမဝင် ပလီဆိုတာ ရယ်စရာပဲ။ 

မောင်တောခရိုင်မှာ ရှေးဟောင်း ပလီတွေ ထောင်ဂဏန်းကျော် ပျက်စီးလိုက်တာပဲ တွေ့ရမှာ။ တရားမဝင်တဲ့ ဘာသာရေး အဆောက်အအုံတွေရှိရင်လည်း ဘုန်းကြီးကျောင်းတွေ၊ စေတီပုထိုးတွေပဲ မှိုပေါက်သလို တွေ့ရမှာနော်။ လူဦးရေက လက်တဆုပ်စာလောက် ဘုန်းကြီးကျောင်း စေတီပုထိုးတွေက ခလုတ်တိုက် မိအောင် ဆောင်လုပ်ထားတာက ရိုဟင်ဂျာတွေ မဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင်တွေပေါ့။ ၅၀% လောက်တောင် ခွင့်ပြုချက်ရှိလား  မေးခွန်းထုတ်စရာပါပဲ။ 

မောင်တောခရိုင်ဟာ အာဏာပိုင်တွေရဲ့ စိတ်တိုင်းပေါက် ဒေသန္တရအုပ်ချုပ်တဲ့ ဒေသတစ်ခုဖြစ်တာကို မမေ့သင့်ဘူး။ နှစ်တိုင်း အိမ်ထောင်စုလိုက် ဓာတ်ပုံတွေ ရိုက်ပြီး စိစစ်တယ်နော်။ လဝကရုံးတွေမှာ နှစ်အစဉ်အလိုက် မိသားစု ဓာတ်ပုံတွေ ရှိတယ်။ အဲဒီကို သွားလိုက်ရင် အိမ်တစ်အိမ်မှာ လူဦးရေ ၅၀ ခန့်အတူနေတဲ့ အိမ်ထောင်စု ဓာတ်ပုံတွေကို တွေ့ရှိလိမ့်မယ်။ ဒါဘာကြောင့်လဲ သိလား။ အိမ်ဆောက်ခွင့် မပေးလို တအိမ်ထဲတွင် ကျပ်ကျပ်တည်းတည်း ဆင်းဆင်းရဲရဲ နေရတာနော်။ အဲ့လို ဖိနှိပ်နေတဲ့နေရာမှာ တိုးချဲ့ အိမ်တွေ ဆောက်တယ် ဆိုတာက တမင်ကြံ သွေးတိုးလိုက်တာပါပဲ။ လယ်မြေပေါ်တွင် တိုးချဲ့ ဆောက်ထားတဲ့ အိမ်တွေ ရွာတွေက နတလ ရွာတွေပါပဲ။ မတွေ့ဘူးလား။ တိုင်းရင်းသား ဆိုပြီး မျက်စိပိတ် လိုက်ရင်လည်း  အမှန်တရားပျောက်မှာ မဟုတ်ဘူး။ ရိုဟင်ဂျာတွရဲ့ လယ်မြေကို အတင်းသိမ်းပြီးတော့ နတလတွေကို ပေးတယ်၊ ရွာတွေတည်တယ်၊ အိမ်တွေ ဆောက်တယ်၊ လုပ်ကိုင်စားသောက်ရန် လုထားတဲ့ လယ်မြေတွေကို ဝေပေးတာက နေ့စဉ်သတင်း ကြားနေရသော သတင်းဖြစ်သော်လည်း မောင်မောင်စိုးကတော့ ဖြစ်ရပ်မှန်ကို သိလျက်သားနဲ့ တမင်ပြောင်းပြန်လှန်လိုက်တာ မဟုတ်လား။ နတလ ရွာတွေ၊ ဘင်္ဂလီ-ရခိုင်အိမ်တွေ နှစ်စဉ်အမျှ တိုးချဲ့ဆောက်နေတာကို ဘာမှ သောက မရောက်ဘဲ မဟုတ်တာကို ထည့်သွင်း စိုးရိမ်ပူပန်းတာလည်း ရယ်စရာ မဟုတ်ပါလား။ မျိုးချစ် ထောက်ခံမှုရချင်လို့ ဖြစ်နိုင်တယ်။ 

“ အုပ်ချုပ်ရေးပိုင်းက ကိုင်တွယ်အရေးယူနိုင်ခြင်း မရှိပေ။” ဆိုထားတဲ့ စကားက အာဏာပိုင် အဖွဲ့အစည်းတွေကို ဘာမှ အသုံးမကျလို့ ဂုဏ်နှိမ့်ပြောလိုက်တာပဲလား။ သူတို့ ဘာအလုပ်မှ မလုပ်ဘဲ အစိုးရ ဘဏ္ဍာကို အလကား ထိုင်စားနေတာလို့ ပြောလိုက်တဲ့ သဘောပဲ။ အများမပြောဘူး။ သူတို့ ဘာလုပ်နေတယ်၊ ဘယ်လိုလုပ်နေတာကို ဘူးသီးတောင်၊ စစ်တွေ၊ သံတွဲ စသည့် အကျဉ်းစခန်းမှာတောင် မဆန့်ဘဲ ပြည်မ အင်းစိန်လိုထောင်တွေမှာပင် ပြည့်နေတာက အခြားမဟုတ် ရိုဟင်ဂျာတွေပါပဲ။ ထောင်တွေ တိုးချဲ့ဆောင်နေရတာက အလကားလို့ မှတ်လား။ ပုရွက်ဆိတ်ကို ဆင်လုပ်ပြီး ကလေး၊ လူပျို၊ လူအို မရွေး မဟုတ်မှန် ဖမ်းဆီး ထိမ်းသိန်းခံနေရတာက နည်းလို့လား။ ဘယ်လို အရေးယူလို့မရတာလဲ… ရေးသားချက်ကလဲ နည်းနည်း ယုံနိုင်လောက်အောင် အခြေအမြစ်ရှိအောင် ရေးစေချင်ပါတယ်။ 



NGO အကြောင်းရေးတာကလည်း သိပ်ကို အသိဉာဏ်ခေါင်ပါးလိုက်တာ။ NGO က ဘင်္ဂလီကိုသာ ကူညီနေတာလား။ ဟုတ်တော့ ဟုတ်ရဲ့လား။ မြန်မာနိုင်ငံမှာ NGO အဖွဲ့တစ်ဖွဲ့ ဝင်လာတာနဲ့ သဘောတူ စာချုပ်မှာ တစ်ဖက်လူမျိုးကို ၅၀% ရာခိုင်နှုန်းစီ လှူဒါန်းရမယ်။ ဝန်ထမ်းခန့်လျှင်လည်း ၅၀ ရာခိုင်နှုန်းစီ ဖြစ်ရမယ်” ဆိုတဲ့ အချက်လည်း ပါတယ်။ အဲ့ဒီ အချက်ကိုလည်း သဘောတူ လက်မှတ် ထိုးရတယ် ဆိုတာ ကို သိရှိသင့်တယ်။ ဒါတွေကို  မလေ့လာဘဲ စိတ်ထင်ရာ ရေးချလိုက်တာက စာနယ်ဇင်းသမား တယောက်ရဲ့ ဂုဏ်အင်္ဂါရပ်နဲ့ မကိုက်ညီပါဘူး။ မောင်းတောခရိုင်မှာ ဗုဒ္ဓဘာသာဝင် ၁၂ ရာခိုင်နှုန်း နီးပါး ရှိတာမှာလည်း ၅၀% စီ ရနေတာက ဘယ်သူအတွက် နစ်နာမှာလဲ။ ဦးဏှောက်ရှိရင် စဉ်းစားတတ်မှာဘဲ။ NGO အလုပ်တစ်ခု သွားလျှောက်လျှင် လျှောက်ထားတဲ့ ရိုဟင်ဂျာကျတော့ အယောက် ၁၂၀၀၀၊ ရခိုင်နဲ့အခြား ကျတော့ ၅၂ ယောက် လျှောက်လွှာတင်ထားတယ်။ Short list မှာ ကြည့်တော့ ရိုဟင်ဂျာ ၂၀ ယောက် နှင့် ရခိုင် ၂၀ ယောက် ရွေးချယ်ခံရတာ တွေ့ပြီး မြင်သူတိုင်း အံ့ဩလိမ့်မယ်။ ၅၂ ယောက်ကနေ ၂၀ ရွေး၊ ၁၂၀၀ ကနေ ၂၀ ရွေးတော့ ဘယ်က တရားမျှတ တာလဲ။ Final list မှာ ကြည့်လိုက်ရင် ပါးစပ်ကနေ အသံမထွက်နိုင်အောင် ဖြစ်တတ်တယ်။ ဗုဒ္ဓဘာသာ ယေက်ျား (၁) ဦး၊ မိန်းကလေး (၂) ဦး နှင့် ရိုဟင်ဂျာ ကျတော့ ယောက်ျား (၂)ပဲ ရွေးချယ် ခံရတာတွေ့လိမ်မည်။ လမ်းဘေးက ဘူးသီးကြော်ရောင်းတဲ့ ရှစ်တန်းသူလည်း ရွေးချယ်ခံရတော့ ပိုပြီး စိတ်ဆိုးရလိမ့်မယ်။ နောက်ဆုံး အသေချာ စုံစမ်းကြည့်တော့ အရည်အချင်းရှိရှိ မရှိရှိ တစ်ဖက် ၅၀% စီ ရွေးရမယ် လို့ နိုင်ငံတော်က ပြဋ္ဌာန်းထားတယ်၊ မိန်းကလေးကို ဦးစားပေးတဲ့ NGO ပေါ်လာစီကိုလဲ စဉ်းစားရတော့ မိန်းကလေးနှစ်ယောက် ဖြစ်လာတာတဲ့။ ဒါက တကယ့်ဖြစ်နေတဲ့ ဖြစ်ရပ်ကို ပြောပြတာနော်။ ကိုယ့်ဘက် ဆွဲပြီးတော့ ပြောတာမဟုတ်ပါဘူး။ ဖြစ်ရပ်မှန်ကို တကယ်သိချင်ရင် NGO မှာ တစ်ခါလောက် အလုပ်လျှောက်လိုက်ရရင် ကိုယ်တွေ့ သိလာမှာပါ။

“IDP စခန်း တစ်ခုမှ မရှိဘူး ဆိုလိုက်တဲ့ စကားက သိပ်ကို အောက်တန်းကျလွန်တယ်။ ဒါက IDP စခန်းများ ဖန်တီးနိုင်အောင်  မျိုးချစ်တွေကို သွေးဆွနေတဲ့ သဘောလို့သာ ယူဆရမယ်။ ဘာကြောင့် ဆိုတော့ IDP စခန်းရှိရင်သာ ကူညီရမယ် ဆိုတာမျိုးတော့ မရှိပါဘူး။ IDP စခန်းရှိရှိ မရှိရှိ လူတွေ အတိဒုက္ခခံနေရရင် NGO က ကူညီချည်းပါပဲ။ နောက်တစ်နည်း ပြောရရင် မောင်တောခရိုင်ဟာ IDP စခန်းကြီး တစ်ခုလို အစိုးရက ပုံသွင်းထားတာကို အားလုံးအသိပဲလေ။ IDP စခန်းတစ်ခုမှာ ရှိတဲ့ အင်္ဂါရပ်တွေ တစ်ခုမကျန်အောင် ပြည့်ပြည့်စုံစုံ စီမံထားပြီးသားပါ။ ဒီခရိုင်က လူတွေဟာ IDP စခန်းထက်တောင် ဆိုးဝါးသေးတယ်။ 

ဆောင်ပါးရှင်က အပိုင်းခွဲပြီး တစ်ပိုင်းပြီးတစ်ပိုင်း ရေးနေတာကို အစကပင် ပုတ်ခတ်ရေးသားမှာကို မဖတ်ခင် သိပြီးသားပါ။ ဒါပေမဲ့ ဒီလောက်တော့ အခြေအမြစ် မရှိ ရေးမှာက မထင်မှတ်ခဲ့ပါဘူး။ အပိုင်း (၃) ကို ကွက်ကျ ကွက်ကျ ဝင်ဖတ်လိုက်တော့ ဇာတိပြနေတာကို တွေ့ရတော့ အမှန်တကယ် ဖြစ်နေတဲ့ အခြေအနေကို အနည်းငယ်မျှသာ ဖော်ပြပေးခြင်းဖြစ်ပါတယ်။ 

“မှန်တာလုပ်၊ ဟုတ်တာပြောရင်း အမုန်းမဖက်၊ ညီလက်တွဲကာ၊ ငြိမ်းချမ်းရေးဆီသို့ ချီတက်စို့။” 




No comments:

Post a Comment