Saturday, September 23, 2017

၃၇၀၀နန်းမျိုးနွယ်နှင့် ရွှေဘိုသခင်ကြီးလေးပါး

|ရွှေဘိုသခင်ကြီး လေးပါး၏ ဂူဗိမာန်|

အလောင်းမင်းတရားလက်ထက် ၃၇၀၀နန်းမျိုးနွယ်နှင့် ရွှေဘိုသခင်ကြီးလေးပါး အကြောင်း


ဆရာကြီးလေးပါးမှာ ပြည်ရွှေဘိုတွင် စုပေါင်းနေထိုင်ခဲ့သူများမဟုတ်ပဲ ဒေသခွဲများတွင် နေထိုင်သူများဖြစ်ကြ ပါသည်။ ဘုရင်မင်းမြတ် အမျက်တော်ရှ၍ ဆင့်ခေါ်တော်မူချိန်မှသာ ရွှေဘိုမင်းနေပြည်တော်သို့ စုရုံးရောက် ရှိခဲ့ကြပြီး ပြစ်ဒဏ်သင့်ခံခဲ့ရသော သူတော်စင် အစ္စလာမ်သာသနာဝင်ကြီးများဖြစ်ကြပါသည်။
ဦးအောင်ဇေယျသည် ၁၇၅၉-ခုတွင် ယိုးဒယားသို့ စစ်မထွက်မီ တိုတောင်းလှသောကာလ၌ သာသနာ့ ဂိုဏ်းကွဲများ ပေါ်ပေါက်သည်ကို ဖြေရှင်းခဲ့သည်။

ဝိနည်းတော်နှင့်အညီ ရဟန်းတော်များကို ကျင့်သုံးစေသည်။ ၀ိနည်းတော်ကို မရိုမသေ မလိုက်နာသူတို့အား ဒဏ်ခတ်စေရန် မဟာဒါန်ဝန် ခန့်အပ်သည်။ ၁၇၅၉-ခုနှစ်တွင် သာသနာတော် သန့်ရှင်းရေးအား တာဝန်ယူ ဆောင်ရွက်ရသောကြောင့် ကိုးကွယ်မှုအမျိုးမျိုးအား သန့်ရှင်းစေခဲ့ရာ ပသီမွတ်စ်လင်မ် တို့၏ ဓလေ့ထုံးတမ်း အား မေးမြန်းစဉ် ဂေါဝိန္ဒပုဏ္ဏား၏ လျှောက်တင်မှုအရ ပသီမွတ်စ်လင်မ် တို့အား ဆင့်ခေါ်တော်မူပြီး စစ်ဆေး မေးမြန်းခဲ့သည်တွင် သာသနာ့ယုံကြည်ချက်အား လျှောက်ထားခဲ့ကြသည်။

ဂေါဝိန္ဒပုဏ္ဏားစကားနှင့် ညီညွတ်သည်ဟု မင်းတရားကြီးထင်မှတ်တော်မူပြီး ဆရာကြီး(၄)ပါးအား အယူလွဲ မှားနေသည်။ တရားဒေသနာတော် ဟောကြားပြုပြင်ရန် အချုပ်အာဏာသားတို့လက်သို့ လွှဲအပ် ခဲ့သည်။ မလိုက်နာငြင်းဆန်က စီရင်ရန် အမိန့်ချမှတ်တော်မူခဲ့သည်။ ဆရာကြီး(၄)ပါးတို့မှာ နောက်သားမြေး တို့ အရေးမြော်တွေးပြီး ယုံကြည်ချက်အတွက် အသက်ပေးဆက်ခဲ့ကြသည်။ ဆရာကြီး(၄)ပါးကို ခေါင်းဖြတ် သတ်လိုက်သည်။ ထိုအချိန်တွင် ဥပ္ပါပျံ၊ တော်လဲ၊ ငလျင်လှုပ်၊ မှောင်ကြီးကျပြီး ကုန်းဘောင် ရွှေပြည်တွင် မိုးကြိုး(၁၃)ချက် တစ်ပြိုင်တည်းပစ်ခတ်သည်။ ဤနမိတ်အား ဘုရင်မင်းမြတ်မှ နက္ခတ်ဗေဒင်ပညာကျော် များအား ခေါ်ယူမေးမြန်းတော်မူရာ လူမျိုးတစ်ရာ့တစ်ပါးတို့တွင် မည်သည့် လူမျိုးဘာသာ ယုံကြည်မှုကိုမှ ညှဉ်းပန်းနှိပ်စက်၊ မပယ်ဖျက်သင့်ကြောင်း၊ ယခုအဖြစ်အပျက်မှာ တစ်ရာ့တစ်ပါးသော လူမျိုးမှ သူတော်စင်တို့ သွေးမြေကျ၍ ဤသို့ အတိတ်နမိတ်ကြီးများပြပါသည်။ (၃)နှစ် မိုးခေါင်ရန် ကိန်းရှိပါကြောင်း ပညာရှိများမှ လျှောက်တင်ကြသည်။

ဘုရင်မင်းမြတ်မှ ဆရာကြီး(၄)ပါး အခြေအနေ၊ ကျွန်ယုံတော်များအားမေးတော်မူရာ ဆရာကြီးတို့ မချေမငံပြု၍ လက်လွန်သွားကြောင်း သံတော်ဦးတင်ရာ အသင်တို့ မိုက်မဲလေစွတကားဟု အပြစ်တော် တင်ကာ မလိုတမာကုန်းချောသည့် လက်သုံးတော် ၀င်္ကပုဏ္ဏားအား ထောင်သွင်း၍ အကျဉ်းထားစေ အမိန့်တော်သတ်မှတ်ပြီး ဆရာကြီး(၄)ပါး ခန္ဓာဝန်ချရာနေရာသို့ သွားရောက်ကြည့်ရှုရာ ခြတောင်ပို့(၄)လုံး ဖြစ်နေသည်ကိုမြင်တော်မူလျှင် အမှန်ပင်သူတော်စင်များပါတကားဟု ယူကျုံးမရဖြစ်ကာ ၎င်းနေရာကို မင်းမှုထမ်းများအား သဲဖြူခင်း၊ ရာဇမတ်ကာပြီး ရွှေထီး(၄)လက်မိုး၍ အစောင့်ထားရန် အမိန့်တော် သတ်မှတ်ခဲ့သည်။ နန်းတော်သို့ပြန်ပြီး ၀င်္ကပုဏ္ဏားမိုက်အား သတ်စေရန် အမိန့်ချကာ သုံးထောင်ခုနှစ်ရာ ဆရာကြီးမျိုးနွယ်များကို ဆင့်ခေါ်ပြီး မလိုတမာကုန်းချောစကားကြောင့် ယူကျုံးမရဖြစ်ရကြောင်း ဆရာကြီး (၄)ပါးကို ရည်စူး၍ ၀တ်ကျောင်းတော်လေးဆောင် လှူဒါန်း တည်ဆောက်ပေးမည့် အကြောင်း မိန့်ကြားတော် မူသည်။ မြေဒူးမြို့တွင် မှန်စီရွှေချဗလီကြီး(၄)လုံး တိုင်းရင်းသား အစ္စလာမ်သာသနာဝင်များအား ချီးမြှောက် ခဲ့သည်။



ရှကျရတွလ်အီမံကျမ်းလာ သခင်ကြီး(၄)ပါးအကြောင်း


မြန်မာဘုရင်ကို တင်သွင်းလွှာ (၁၂၄၅-ခုနှစ်၊ တော်သလင်းလ)

ဘုရားကျွန်တော် မြေဒူးမြို့နေ သင်္ဘောဘလီဝင်၊ တကာကြီးငယ်တို့နှင့် ပသီကျောင်းထိုင် ဆရာမို့ဟရစ်ဒင် ရွှေဘ၀ါးတော်အောက် ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား ။

အင်းဝမင်းဆက် စနေမင်းလက်ထက် မြန်မာသက္ကရာဇ် (၉၀၀)ကျော်က မွတ်စ်လင်မ်လူပေါင်း သုံးထောင် ခွန်နှစ်ရာတို့သည် ကာသီရွှေဝါ၊ ကာသီရွှေဒုံး၊ ကာသီပန်းဝါ၊ ကာသီမြတ်ကြာ မင်နာနုရပ်၊ မင်းန၀ါဟရပ်၊ မင်းသီဟရပ်၊ မင်းနေမျိုးဂုဏ္ဏရတ်တို့နှင့် ၀င်စားလာရောက်ရာ စားမြဲ နေမြဲ ပေးချသနားတော်မူပြီးလျှင် ရွှေချမှန်စီ ပလီ(၄)လုံး မြေဒူးမြို့အတွင်း တည်လုပ်သနားတော်မြတ်ခံရ၍ ကျမ်းဂန်နှင့်အညီ ကျင့်ဆောင် နေထိုင်ကြသည်နောက် ယခု ဘုရင်မင်းမြတ်ဘေးတော် အလောင်းမင်းတရားကြီးလက်ထက် မွတ်စ်လင်မ် လူမျိုးတို့ကို မမြင်ဘူးသည်နှင့် အပါးတော်တွင် ကျွန်ယုံ ပုဏ္ဏား ဂေါဝိန္ဒကိ မေးတော်မူရာ ဂေါဝိန္ဒပုဏ္ဏားက ၎င်းလူမျိုးတို့သည် ကြက်ငှက်ကျွဲနွားတို့ကို အရှင်လတ်လတ် လှီးဖြတ်သစား၊ အယူမှားသောသူ လူမျိုး ဖြစ်ပါသောကြောင့် ဟင်ဒွတ်စတံဒလင်လိ (ဒေလီ) ဗာရာဏသီမြို့များက နှင်ထုတ်လိုက်သော သူများဖြစ် ပါကြောင်း ရှိခိုးသံတော်ဦးတင်၍ ကျွန်တော်မျိုးဘေး၊ ဆရာကြီး မုဟမ္မဒ်ရှောင်ရှန်၊ ဆရာကြီး မိုဟစ်ဗွလ္လာ၊ ဆရာကြီးရှမ္မဒါရ်၊ ဆရာကြီးအွတ်သမံ တို့ကို အရတောင်းတော်မူပြီးလျှင် အစ္စလာမ် ဘာသာကို လွှတ်၍ ၀က်သားကို စားရမည်။ ရုပ်ပွားဆင်းတုတို့ကို ရှိခိုးပူဇော်ရမည်။

ရာဇမာန်ပွား၍ ထောင်မှာ အကျဉ်းချထား၊ ညှဉ်းပန်းနှိပ်စက်၊ အသက်ကို အသေသတ်မည်၊ ထုတ်ယူသွားရာ ၎င်းဆရာကြီး(၄)ပါးတို့သည် သုသာန်ဝမှာ ၀ိုဇူသန့်စင်၍ ဒိုရကအတ် နမာတ်ဖတ်ရွတ် ဒိုအာ ဆုတောင်းပြီး လျှင် ဦးချစစ်ဂျဒါတွင်းမှာ အသေခံသောကြောင့် ကောင်းကင်က အတိတ်ကြီးနမိတ်ကြီးပြသည်။ ငလျင်လှုပ် သည်။ ဥပ္ပါတ်ပျံသည်၊ တော်လဲသည်။ နန်းတော်ကန်တော့တိုင်ကို မိုးကြိုးပစ်သည်။ မှောင်ကျသည်။ နေ မထွက် ကြယ်ပေါ်သည်။ နေ့ကိုညဥ့်အတိ ဖြစ်နေသည်။

 နေ့ည၌မကွဲရှိနေသောကြောင့် ဂေါဝိန္ဒပုဏ္ဏားကို ထောင်မှာ အကျဉ်းထား သင့်၊ မသင့်ကို ချင့်ချိန်၍ အဆုံး စီရင်မည်။ ကြယ်သွားနေသွား အတိတ်ကိန်းခန်းကို နားလည်သူပညာရှိ တို့ကို ခေါ်၊ အမိန့်တော်နှင့်ခေါ်ပြီး လျှင် မေးတော်မူပြန်ရာ ၎င်းပညာရှိတို့က လူမျိုးတစ်ရာ့တစ်ပါးတွင် တစ်ပါးလူမျိုးကို မပယ်သင့်၊ ဦးခေါင်းက သွေးသည် မြေတွင်စွန်းငြိပါသောကြောင့် အစားအစာ မွတ်သိပ်ရန်၊ မိုးသုံးနှစ်မခြိမ်းမရွာရှိမည်။ မိုးမှောင် လည်း ခုနှစ်ရက်လည်မှ လင်းမည်၊ ထင်မြင်ပါကြောင်း ရှိခိုးသံတော်ဦးတင်ကြ၍ သူတော်စင် မှန်မမှန်ကို သုဿာန်ဝမှာ အစောင့်နှင့်ထား၊ မိန့်တော်မူပြီးလျှင် ၎င်း ဆရာကြီးလေးပါးအလောင်းသည် မဖူးမရောင်၊ မသိုးမပုတ်၊ ကျီးငှက်တို့အချဉ်း မှောင်လင်းသည့်နောက် ခုနှစ်ရက်ရှိလျှင် ခြတောင်ပို့လေးလုံး အထူးအဆန်း သည်ကို ရွှေနားတော်မြတ် ကြားသိတော်မူ၍ ရာဇမတ်ကာရန် ရွှေထီးလေးစင်း အုပ်ထားရှိသည့်နောက် မိုးသုံးနှစ်မခြိမ်းမရွာရှိသည်နှင့် မြေဒူးမြို့သို့ ထွက်စံတော်မူ၍ မူးမြစ်တူးဖောက်၊ ရွှေဘိုကန်တော်သို့ ရေသွင်းတော်မူပါ ဆရာကြီး(၄)ပါးတို့ အဆက်အနွယ်ကိုခေါ်၍ ရှေးအစဉ်အလာ ဘာသာထုံးစံ ကျမ်းဂန် ထွက်ရှိသည့်အတိုင်း ကျင့်ဆောင် ကိုးကွယ် စားသောက်နေထိုင်မြဲ ငြိမ်ဝပ်စွာ နေထိုင်ရမည်။ အထက်က နည်း ရွှေချမှန်စီ ဗလီလေးလုံး မြေဒူးမြို့အတွင်း တည်လုပ် သနားတော်မူပြန်၍ ငါးနှစ်မြန်မာနှင့် ရောနှော ရှိနေသည်ကို ၎င်းမင်းတရားကြီး လက်ထက်ကစ၍ မြန်မာနိုင်ငံတွင် မွတ်စ်လင်မ် လူမျိုးတို့ ထင်ပေါ် စည်ပင်ရှိကြပါသည်။

၎င်းရွှေချမှန်စီ တည်လုပ်တော်မူခဲ့သည်။ သင်္ဘောဗလီသည် ပတိမ်းစားအရေးတွင် သူပုန်လူဆိုးတို့ ဖျက်ဆီးပျက်စီး၊ အမှုထမ်း ဆင်းရဲသားတို့ မတည်မလုပ်နိုင် ယခုတိုင် ဗလီဝင်လူတစ်ရာကျော်တို့သည် ၀တ်ဝါရိုဇာ နမာဇ် စောင့်ထိန်းရန် မရှိသည်ဖြစ်ပါသောကြောင့် ဘုရားကိုယ်စားတော်စား တည်လုပ် မစတော်မူလျှင် ကမ္ဘာထက်ဆုံးတိုင် ကုသိုလ်တော်သည် အခေါင်အဖူးထူးမြတ်လှသည်။ သိမ်ဗလီဖြစ်ပါ၍ တည်လုပ်မစ သနားတော်မြတ်ခံရပါမည့်အကြောင်းကို ရွှေဖ၀ါးတော်အောက် ရှိခိုးသံတော်ဦးတင်ပါသည်။

ကျမ်းကိုးကား-

-(မြေဒူးရှိုက်မိုဟ်ယစ်ဒီန် (ခ) ဦးရွှေတောင်ရေး ရှဂျရတွလ်အီမံကျမ်းနှင့် ဖွသာအေ့အလွတ်ရှဟူရ်ကျမ်း၊ )

-(ကုန်ဘောင်ခေတ်ဦး သမိုင်း)

No comments:

Post a Comment