Sunday, February 25, 2018

အာရကာန် နန်းတွင်းစာဆို ပဏ္ဍိတကဝိ အာလာဝလ် [ ၁၆၀၇-၁၆၈၀ ]



အာရကာန် နန်းတွင်းစာဆို ပဏ္ဍိတကဝိ အာလာဝလ် [ ၁၆၀၇-၁၆၈၀ ]


ရေးသား 🔰 လူထုဝဏ္ဏ |

အာလာဝလ်သည် ၁၇ ရာစု ထင်ရှားသော အာရကာန် နန်းတွင်းစာဆိုပညာရှိ တစ်ဦး ဖြစ်သည်။ ခရစ်နှစ် ၁၆၀၇ ခုခန့်တွင် ဖရိတ်ပူရခရိုင်၊ ဖတေအာဘာတ် [ Fatwabad ] ရှိ ဂျလာလ်အဘာတ်ရွာ၌ ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ ဆယာဒ်ရှား အာလာဝလ် [Sayed Shah Alawal] ဖြစ်သည်။  ဖခင်ဖြစ်သူမှာ ဖတေအာဘာတ် ဝန်အုပ် Majlis Kutub ၏ အတွင်းဝန်တစ်ပါးဖြစ်သည်။  ပညာတတ် မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်လာသည်။ 
အာလာဝလ်သည် သက္ကတ၊ ဘင်္ဂလာ၊ အာရဗီ၊ ပါရှန် သာသာများ သင်ယူတတ်မြောက်ခဲ့သည်။ စစ်သေနင်္ဂပညာနှင့် အနုပညာဂီတကိုလည်း တတ်ကျွမ်းသည်။

တစ်နေ့တွင် အာလာဝလ်နှင့် ခမည်းတော်တို့သည် စစ်တကောင်းမြို့သို့ ရေကြောင်းမှ ရွက်လှေဖြင့် ခရီးထွက်လာရာ ပေါ်တူဂီပင်လယ်ဓားပြများ၏ တိုက်ခိုက်ခြင်းကို ခံရခဲ့လေသည်။ ခမည်းတော်သည် ဓားပြများ၏ တိုက်ခိုက်ကြမ်းကြုတ်မှု၌ ကျဆုံးခဲ့သည်။ ဒဏ်ရာပြင်းထန်စွာရရှိနေသာ အာလာဝလ်ကိုမူ အကျဉ်းသားအဖြစ် အာရကာန်သို့ ဖမ်းဆီး ခေါ်ဆောင်လာခဲ့သည်။ အစဦးတွင် သူသည် အခ်ျဝါ (Ashwar) ဘွဲ့နှင့် ဘုရင့် မြင်းထိန်းတော် (သို့) သက်တော်စောင့် အဖြစ် အမှူးထမ်းရသည်။ ပြီးနောက် ဂီတနှင့် ဇာတ်ဝတ္ထုများ သင်ကြားရေး တာဝန်ခန့်အပ်ခဲ့သည်။

သူ၏ ကဗျာဉာဏဗလ ထက်သန်သည့် ဂုဏ်သတင်းသည် အချိန်အနည်းငယ်အတွင်း နန်းတွင်းအထိ ပျံ့နှံ့လာ၍ သူ့ ကဗျာဉာဏ်စွမ်းရည်ကို မြောက်ဦးမင်းဆက် သိရီ စန္ဒြာသုဓမ္မမင်း (၁၆၄၅-၁၆၅၂) ၏ အတွင်းဝန် ဖြစ်သော စူလိုက်မာန် က အသိအမှတ်ပြုခဲ့ပြီး လေးစားဂုဏ်ပြုလာလေသည်။ သုဓမ္မာမင်း၏ နှမတော်၏ မွေးစားသားဖြစ်သော အတွင်းဝန်ချုပ် မဂံတဂိုး [Magan Thakur/ Magana]က သူ့အား အထူးချီးမြှောက်ကာ  နန်းတွင်း ရာထူးနေရာတစ်ခုကို ပေးအပ်ခဲ့သည်။  အာလာဝလ်သည် အခြား နန်းတွင်းသူနန်းတွင်းသားများဖြစ်သော ဆယာဒ်မူဆား(အတွင်းဝန်)၊ စူလိုင်မာန်(ဝန်အုပ်)၊  မိုဟာမတ်ခါန် (စစ်သေနာပတိချုပ်) နှင့် မဂျီလီစ် နဝရာဇ် (ဘဏ္ဍာစိုး) စသည်ကဲ့သို့ နန်းတော်၌ အခါမရွေး ခံစားခွင့် ရရှိခဲ့သည်။

၁၆၅၉ ခုနှစ်တွင် ဘုရင် ရှားဂျာဟန်း၏ သားတော် ရှားရှုဇာ မင်းသားသည် အပေါင်းအဖော်နောက်လိုက်နှင့်တကွ အာရကာန်သို့ ခိုလှုံခဲ့သည်။ သို့သော် အိမ်ရှင်အစိုးရက သစ္စာဖောက်၍ သူနှင့်တကွ မိသားစုအားလုံးကို လုပ်ကြံသတ်ဖြတ်သည့်အရေး ပေါ်ပေါက်ခဲ့သည်။  အာလာဝလ်ကို သက်ရှုဂျာမင်းသားအား လွတ်မြောက်ရေးကို ကြံစည်ခဲ့သည်ဟု စွပ်စွဲကာ ထောင်နှစ်လနီးပါး ကျခံရသည်။ အလုပ်ကြမ်းဖြင့် ဒဏ်ခတ်အရေးယူခဲ့သည်။ ပိုင်ဆိုင်မှုအားလုံးကို သိမ်းပိုက်ခဲ့သည်။  နန်းတွင်းထောက်ပံ့မှုကိုလည်း နှစ်ကြာရှည် ဖြတ်တောက်ခဲ့သည်။ ထို့ကြောင့် ဆယ်စုနှစ် တစ်ခုခန့် မိသားစု စားဝတ်နေရေး ကျပ်တည်းခြင်းနှင့် ဆိုးဆိုးဝါးဝါး ဖြတ်သန်းခဲ့ရသည်။ အလုပ်ကြမ်းဒဏ်မှ လွတ်အောင် ငွေဒဏ်ကို အာရကာန် အတွင်းဝန် သို့မဟုတ် ကာဇီ တစ်ပါးဖြစ်သော သူ့ ပီရ်ဆာပ်သခင် ဆွယာတ်မာဆွတ်ရှား (ရဟမသွေ) က ကူညီသဖြင့် ဒဏ်မှချမ်းသာခွင့် ရရှိခဲ့လေသည်။ ထိုမှစ၍ ပီရ်ဆာပ်သခင်အပါး၌ ခိုလှုံ့ခဲ့သည်။  နောက်ဆုံး၌ သူ့ပီရ်သခင်က သူ့အား “ကာဒရီယာ တွာရီကာ” ခိလာဖတ်ဘွဲ့ကို ချီးမြင့်ခဲ့လေသည်။

သူ၏ထင်ရှားသော စာပေလက်ရာများမှာ  Ragtalnama ၊ Padmavati (၁၆၄၈)၊ Satimayana-Lor-Chandrani (၁၆၅၉)၊ Saptapaykar (၁၆၆၅)၊ Saifulmuluk Badiuzzamal (၁၆၆၉)နှင့် Sikandarnama (၁၆၇၃) တို့ဖြစ်ကြသည်။ 


kahite aneka katha du0kha aipanara / 
rosange asiya hailun raja- achoyara // 

bahu musalmana saba rosange baisanta /
 
sadacari kulina pa00ita gu0avanta //

sabe k0pa karenta sambha0a bahutara /
 
alima olama bali karenta adara //

mukhya pa0esvarira amatya mahajana /
 
satyavadi jitendriya0hakura Magana //

bhagyodaya haila mora vidhi parasana /
 
du0kha nasa hetu tana sa0geta milana // 

aneka adara kari bahula sammana /
 
satafa po0anta anna vastra dana // 

madhura alape vasa haila mora mana
 / 
tana gu0a sutra haila grivate bandhana //

(Pad. 196-202)

"I feel much pain telling my story. Arrived in Rosanga, I became royal horseman.

Many Muslims live in Rosanga; they are honest in their conduct, noble [by birth], erudite and endowed with qualities.

Every one provides favors and converses much [with me]; learned men call [me] scholar and show affection.

The great man who is the first queen's minister is the lord Magana, an adept of truth and a defeater of his senses.

Touched by destiny, my good fortune rose, [and] for the sake of annihilation of grief [I was to] meet with him.

Showing much affection and respect [to me], he constantly took care of me with gifts of food and garments.

By his sweet speech my heart has been subdued, and the garland (lit.string) of his qualities has been tied to my neck."

ဖော်ပြပါ ပါဒ်မဝတီ လင်္ကာပိုဒ်၌ အတွင်းဝန်ချုပ် မဂံတဂိုးသည် စာဆို၏ ပထမဦးဆုံး စောင့်ရှောက် အားပေးသူဖြစ်ကြောင်း၊ အာရကာန်ပြည်ရောက် သူ့ဘဝ အတ္တပ္ပတ္တိကို လည်းကောင်း၊ အာရကာန်ပြည်၌ ရိုဟင်ဂျာမွတ်စလင်လူဦးရေ များပြားလှသည့် ဒေသအခြေအနေကို လည်းကောင်း ရေးဖွဲ့ထားသည်။ ထို့အပြင် ဤအပိုဒ်၌ စာဆိုသည် မဂံတဂိုးမှအပ အခြားမည်သည့် အဦးဆုံး  ကျေးဇူးရှင်ကိုမျှ ဖော်ပြခြင်း မရှိခဲ့ချေ။ အတွင်းဝန်ချုပ် မဂံသည် သူ့ပထမဆုံး သူကောင်းပြုသည့် ကျေးဇူးရှင်ဖြစ်ကြောင်း ထင်ရှားနေသည်။ 

Ragtalnama သည် တေးဂီတပေါ် ရေးသားသည့် သူ၏ အစောဆုံး ကဗျာရှည်ဖြစ်ပြီး အခြား ကဗျာစာအုပ်များမှာ ဘာသာပြန်ခြင်း၊ ကျောရိုးယူခြင်းတို့ဖြစ်သည်။ သူ့ဘာသာပြန် ကဗျာများမှာ Padmavati သည် မာလိခ် မိုဟာမတ် ဂျယာစီ [Malik Mohammad Zayasi] ရေးသားသည့်  ဟီန္ဒီဝတ္တု  Padmavat ကို အခြေခံထား၍  သူ့ အပြောင်မြောက်ဆုံး လက်ရာအဖြစ် ပညာရှင်များက သတ်မှတ်ကြသည်။ မူရင်း ဇာတ်လမ်းမှာ သိဏ်ဟလာ မင်းသားနှင့် ချီတိုရ် ဘုရင်မ အကြောင်းကို စာပန်းချီ ရေးဖွဲ့ထားခြင်းဖြစ်သည်။

Satimayana-Lor-Chandrani သည် အာရကာန် နန်းတွင်းစာဆို ဒိုလတ်ကာဇီ၏ မပြီးဆုံးနိုင်ခဲ့သော ကဗျာရှည်ကို အပြီးသတ် ရေးသားပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဤဝတ္တု၏ ပထမပိုင်းသည် စာဆိုတော် ဒိုလတ်ကာဇီက ရေးသားခဲ့ပြီး နောက်ဆုံးအပိုင်းကိုသာ အာလာဝလ်က ရေးသားခဲ့ခြင်းဖြစ်သည်။ 

အာလာဝလ်၏ Sati Mayna O Lora Chandrani မှ ခြေဆင်းအပိုဒ်ကို အောက်တွင် ဖတ်ရှုလေ့လာကြပါ။  

katheka apana du0kha kahimu prakasi /  
raja asoyara hainu rosa0gete asi //

srimanta choleman maha gu0avanta / 
prra desi gu0i paile adara po0anta // 

maha hara0ita haila paiya ahmare /  
anna vastra dane nitya po0anta sadare //

(Sat. 8-10.)

"I openly told some griefs of mine. Arrived in Rosanga I became royal horseman.

The noble Choleman is a great [man adorned] with qualities; when he acquires a stranger endowed with qualities, he respectfully takes care of him.

He became most joyful when he obtained me; constantly he affectionately took care of me with gifts of food and garments."

Saptapaykar နှင့် Sikandarnama တို့သည် နီဇာမီ ဂင်ဇဝီ [Nizami Ganzavi] ရေးသားသည့် ပါရှန်ကဗျာ Haft Paykar နှင့် Sikandarnama ကို အခြေခံ၍ ရေးသားခဲ့သည်။ မဂံတဂိုး ကွယ်လွန်ပြီးနောက် စစ်သေနာပတိချုပ် ဆာယာဒ် မိုဟာမတ်မူဆား၏ အားပေးတောင်းဆိုမှုကြောင့် Saptapaykar လင်္ကာရှည် ကို ရှေးအာရကာန် စကားဖြင့် (ယနေ့ရိုစကား) ဘာသာပြန် ရေးသားခဲ့သည်။ သတ္တပိုက်ကာ လင်္ကာရ၌ အာလာဝလ်သည် မင်းသား ရှားရှူဇား အာရကာန်သို့ ခိုလှုံခဲ့သည့် အကြောင်း ဖော်ပြထားသည်။ ၁၆၅၉ ခုတွင် မဂိုမင်းသား ရှားရှုဇားသည် အာရကာန်သို့ ခိုလှုံလာခဲ့သည်။ ၁၆၆၀ ပြည့်နှစ်တွင် အာလာဝလ်အား မဂိုမင်းသား လွတ်မြောက် ခဲ့သည်ဟု စွပ်စွဲကာ နန်းတွင်းရာထူးများကို ရုပ်သိမ်းပြီး ဖမ်းဆီးထောင်ချခဲ့သည်။


Tohfa တိုဖာ သည် ယူစွဖ် ရေးသားသည့် ပါရှန်လင်္ကာ Tuhuf-e-Nasaih ကို ကျော့ရိုးယူခြင်း ဖြစ်သည်။ Saifulmuluk Badiuzzamal လင်္ကာသည်လည်း ဆွယာဒ်မဆွတ်၏ ပန်းကြားချက်အရ ပါရှန်ဝတ္တုပေါ် အခြေခံ၍ ရေးသားခဲ့သည်။ သူ့စာပေလက်ရာ အများစုသည် အချစ်မေတ္တာ ဇာတ်လမ်းများဖြစ်ပြီး တိုဖာမှာမူ စုံထောက်ဇာတ်လမ်း/ နိတီကျမ်းပင်ဖြစ်သည်။  ယင်းကို စန္ဒသုဓမ္မာမင်း၏ အမိန့်တော်အရ ရေးသားခဲ့ခြင်းဖြစ်သည်။

သူ့ဘဝနောက်ဆုံး အချိန်များကို အာရကာန် အတွင်းဝန် နဝရာဇ်ထံတော်၌ ခစားရင်း ကုန်ဆုံးခဲ့လေသည်။ သူ့ထံ၌ ခစားရင်း Shikondernom (Ahmed Sharif အဆိုအရ) သို့မဟုတ် Dara-Shekondar (Sukumar Sen အဆိုအရ) ကို  Eskander-nama ပါရှင်စာအုပ်မှ ဘာသာပြန်ရေးသားခဲ့သည်။ ယင်းသည် သူ၏ နောက်ဆုံး ရေးသားခဲ့သည့် စာအုပ်ဖြစ်သည်။ သက်တော် ၆၆-၆၇ နှစ်တွင် ကွယ်လွန်ခဲ့လေသည်။

စာဆို အာလာဝလ်၏ ကဗျာလင်္ကာအဖွဲ့များသည် ထိုခေတ် နန်းတွင်း နန်းမူနန်းရာ ဓလေ့ထုံးစံများ၊ ဘုရင်မင်းမြတ် ဘုန်းတော်များနှင့် ကိုယ်ရေးအတ္တုပ္ပတ္တိကို ထင်ဟပ် ရေးဖွဲ့ထားသည်။ သူ့ ကဗျာလင်္ကာများသည် စိတ်လှုပ်ရှားခံစားမှုကို ဖြစ်ပေါ်စေသော ရသနှင့် သုတများ စုံလင်နေသဖြင့်  သူ့ကို “ပဏ္ဍိတ ကဝီ’ [Pandit Kavi] ဘွဲ့နှင့် ဂုဏ်ပြုခြင်းခံရသည်။ သူသည်  ဘဝတသက်တာ၊ ဉာဏဗလ၊ ကာယဗလ တို့ကို ရင်းနှီးကာ အာရကာန် စာပေလောက တိုးတက်ရေးကို သက်ဆုံးတိုင် ကြိုးပမ်းခဲ့သည်။ 

ယနေ့ အာရကာန်ကမူ သူ့ကို ဘာသာရေးခွဲခြားဆက်ဆံရေးအမုန်းတရားကြောင့် မေ့လျော့ထားသော်လည်း ကမ္ဘာကမူ ယနေ့တိုင် အောက်မေ့နေဆဲဖြစ်သည်။   သူ့ကို ဂုဏ်ပြုသည့်အားဖြင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၌  အာလာဝလ် စာပေဆုကို နှစ်စဉ် ချီးမြှင့်လျက်ရှိသည်။ နန်းတွင်းစာဆို အာလာဝလ်၏ အုတ်ဂုတ်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ယနေ့အချိန်အထိ မထင်မရှား ကျန်ရှိနေသတည်း။ 



ကိုးကား-
၁။  Wakil Ahmed. "Alaol". Asiatic Society of Bangladesh.Retrieved: 2014-01-13
၂။ M A Tahir Ba Tha, Islamic Review, 1966 
၃။ Alaol Wiki 
၄။ Padmavati by Alaol 
၅။ Amaresh Datta: Encyclopedia of Indian literature, volume one, pp-128

No comments:

Post a Comment