Friday, May 25, 2018

စကားထဲက ရာဇဝင်




AURÍMADONPUR ÓR CÚIKKA RAZA,DULOR SORÓR FORZAR MEMA


“ဩရီမောဒေါန်ပူရ် ဩရ် ရှူက္ခိယာရာဇာ၊ ဓူလော်စော်ရော်ရ် ဖောရ်ဇာ မေမာ”

ဒီလိုရှေး လင်္ကာတွေ ပြောတတ်တဲ့ အဘွားကြီးရဲ့ စကားတွေ သွားရင်းလာရင်း မကြာမကြာ ကြားနေရလို့ နားတောင် ညည်းနေတတ်၏။ အဘွားကြီးက ကလေးတွေကို သိပ်ချစ်တာပဲ။ ဒါဒီလို့ လူသိများတယ်။ အမည်ရင်းကိုတော့ မသိဘူး။ ကလေးတွေရဲ့ ကောင်းတဲ့ စရိုက်ဖြစ်ဖြစ်၊ မကောင်းတဲ့ စရိုက်ဖြစ်ဖြစ်တွေ့ချင်း မြင်ချင်း တစ်ခုခု ပြောတာချင်းပဲ။ ပတ်ဝန်းကျင်က ကလေးတွေကတောင် သူ့လင်္ကာတွေတတ်လာပြီ။ စကား အချေအတင် ပြောတဲ့ခါ အဲ့လို စကားတွေ ပြောတတ်လာပြီ။ တို့ နှစ်အိမ်ကျော်မှာ နေတဲ့ ဒေါလီယား ဆိုတဲ့ ကလေးကတော့ အတော်ကို လင်္ကာတွေ ပြောတဲ့ အကျင့်ပါလာတယ်။  အဲ့လင်္ကာတွေ ပြောရင်း အနိုင်စား ကြတယ်။ တခါတလေ အဘွားကို သရော်တတ်တယ်။ ငါတို့တောင် နည်းနည်းရနေပြီ။ 

သူ့မြေးလေးတစ်ယောက်ရှိတယ်။ ဟာမီတ်လို့ ခေါ်တယ်။ လူငယ်ဖြစ်တဲ့အနည်းနဲ့ အိမ်အလုပ်တွေ အဲ့လောက် ဝင်မကူဘူး။ စာလည်းနည်းနည်း ညံ့တယ်။  လူငယ်သဘာဝ ပျော်ပါးကစားချင်စိတ် များတာပေါ့။ ဒါဒီက အမြဲ သူ့ကို ဆုံးမတယ်၊ စတယ်၊ ကျီစယ်တယ်။ ဒါဒီက စတာနောက်တာကို သူမခံချင်ဘူး။ သိပ်ကို စိတ်ဆိုးတတ်တယ်။ ဘာကြောင့်လဲ သိလား။ ဒါဒီက သူကို ဂုဏ်ပုဒ် တစ်ခုနဲ့ ခေါ်ကြတာကိုး။ ငါ့မြေး “ဩရီမောဒေါန်ပူရ် ဩရ် ရှူက္ခိယာရာဇာ” လို့ သူ့ကို ခေါ်ရင် မခံချင်ဘူး။ ဒါကြောင့် ဒါဒီက သူ့ကို မကြာခဏနောက်တတ်တယ်။ ဒီတော့ သူ့သူငယ်ချင်း ပေါင်းဖော်တွေကလဲ ဝိုင်း စကြတာပေါ့။ သူတစ်ခါတလေ ငိုတောင် ငိုတတ်တယ်။ ဒါနဲ့ မခံချင်တာကို သိလေ တဖြေးဖြေး သူနာမယ်ဂုဏ်ပုဒ်လဲ ပျံ့လေ ဖြစ်နေတယ်။ အဲ့ဒီ လင်္ကာရဲ့ အပြည့်အစုံကတော့ “ဩရီမောဒေါန်ပူရ် ဩရ် ရှူက္ခိယာရာဇာ၊ ဓုလ်လော် ဆော်ရော်ရ် ဖော်ရ်ဇာ မေမာ” ဖြစ်တယ်။ ဒါဒီနဲ့ ဆုံဖြစ်တော့ ပုံပြင်တွေ နားထောင်ကြတယ်။ ရှေးစကားတွေ ပြောတယ်။ အခွင့်ဆီဆိုင် ဒီသူ့မြေးလေးရဲ့ ဂုဏ်ပုဒ် လင်္ကာကို မေးဖူးတာရှိတယ်။ ဒါပေမဲ့ ဒါဒီက ဒီလင်္ကာဟာ ငပျင်းတွေကို ပြောတဲ့ လင်္ကာလို့ပဲ ဖြေခဲ့တယ်။ ရှင်းရှင်းတော့ မဖြေခဲ့ပါဘူး။ တို့ လည်း အဲလောက် အရေးစိုက်တာ မဟုတ်သဖြင့် အသေးစိတ်ကို ပြန်မမေးခဲ့ဘူး။


ဒီလိုဒီလို နှစ်ကုန်ရက်ကုန်နဲ့ တစ်နေ့ ဒါဒီရဲ့ ဘဝပြောင်းဖို့ အချိန်တန်သွားပြီ။ ဒါဒီလဲ ဘဝပြောင်းသွားလေပြီ။ သူကျန်ရစ်ခဲ့တဲ့ အမွေအချို့က လူငယ်တွေရဲ့ ပါးစပ်စည်တီးနေပြီ။ သူ့ လင်္ကာတွေ၊ ပုံပြင်တွေ ၊ စကားထာတွေက ကလေးတွေရဲ့ ပျော်ရွှင်မှု ဇာတ်ကွက်ကို အတန်တိုးပေးလိုက်တာပေါ့။

ဒါနဲ့ ၂၀၀၉ ခု ဒီဇင်ဘာလတွင် သူငယ်ချင်းတစ်ဦးရဲ့ အကူအညီနဲ့ စာအုပ်တစ်အုပ် မိတ်ဆက်ခွင့်ရခဲ့တယ်။ အဲ့ဒါက အခြားမဟုတ်ဘူး၊ ဗိုလ်မှူး ဘရှင် ရေးသားခဲ့တဲ့ ‘အနော်ရထာအရင်က မြန်မာနိုင်ငံတော်’ ဖြစ်တယ်။ အဲ့စာအုပ်ဖတ်ရင်း “အရိမဒ္ဓနာ ပြည်” ဆိုပြီးတော့ ပုဂံပြည်ရဲ့ ရှေးအမည်ကို ဖတ်လိုက်ရတယ်။ တကယ်တော့ ဒီ နာမယ်နဲ့ စာသင်တုန်းကတည်း ရင်းနှီးခဲ့တယ်။ ရာဇကုမာရ်ကျောက်စာမှာလဲ ဖော်ပြတာ ဖတ်ဖူးတယ်။ နောက်လဲ တခြား စာအုပ်တွေမှာ ဖတ်ဖူးတာရှိတယ်။  ဒါပေမဲ့ ဒီတစ်ခါ ဖတ်ဖူးတာနဲ့မတူဘူး။ ဒီတခေါက် ဖတ်တာနဲ့ ဟိုး ဒါဒီရဲ့ လင်္ကာကို ဗုန်းခနဲ သတိရမိတယ်။ “ဩရီမောဒေါန်ပူရ် ဩရ် ရှူက္ခိယာ ရာဇာ”။ အဲ့လင်္ကာရဲ့ အရီမောဒါန်ပူရ်နဲ့ သံတူ ဌာန်တူနေတာကို သတိပြုမိတယ်။ ဩရီမောဒေါန်ပူရ် ဆိုတဲ့ စကားလုံးဟာ အရိမဒ္ဓနပူရ လို့ ဆိုလိုတာဖြစ်တယ်။ ပူရက ပြည်ပေါ့။ ရှေး ပြည်က မြို့ရဲ့ အနက်ဖွင့် တယ်။ တို့မျိုးတွေက ပျု၊ မွန်၊ မြန်မာ၊ ကုလားတို့ရဲ့ ရှေးပုဂံပြည် နာမယ်ကို ယခုထိတိုင် လက်ဆင့်ကမ်း သုံးနှုန်း လာနေတာလားလို့ စဉ်းစားမိတယ်။ အားကျမိတယ်။ ဂုဏ်ယူမိတယ်။  အာရ်ကာန် ပုဂံ အင်းဝ စတဲ့ ဆက်ဆံရေး ဘက်ကို တောင်တလှည့် မြောက်တလှည့် အမျိုးမျိုး စဉ်းစားခန်း ဝင်မိတယ်။ ဒီလောက် တန်ဖိုးရှိတဲ့ ရာဇဝင် စကားတစ်ခွန်းကို ဒီအတိုင်း အမှတ်မဲ့ထားခဲ့တာလား။ ပြီးတော့ ဒါဒီကို ဆုံးရှုံးခဲ့ရတဲ့ အတွက် နှမြောမိခဲ့တယ်။ စိတ်ထဲမှာ အဲ့လင်္ကာပုဒ်ရဲ့ အဓိပ္ပာယ် အသေးစိတ်ကို ရှင်းပြနိုင်မယ့် သူတော် တစ်ပါးကို တိတ်တခိုး ရှာနေတယ်။ အဓိပ္ပာယ်ကို သေသေချာချာ သိရှိရန် စိတ်ဆန္ဒပြင်း လာခဲ့ တာပေါ့။

နောက်တစ်ရက် ညနေ သုံးနာရီလောက်တွင် အသက် (၈၀) နီးပါးရှိလာတဲ့ အထက်တန်းကျောင်းအုပ် ဆရာကြီး မောင်နု နှင့် သွားတွေ့တယ်။ သူက အသက်လဲကြီး ပညာရှိ တစ်ပါး ဖြစ်တဲ့အပြင် သူအများရဲ့ ဂုဏ်ပြုလေးစားခြင်းကိုလည်း ခံရသူဖြစ်တယ်။ သူ့ အသက် ၈၀ ဖြစ်သော်လဲ ကျန်းကျန်းမာမာပါပဲ။ ချမ်းအင်္ကျီ တစ်ထည်ဝတ်နေလျက် ကုလားထိုင်ပေါ် ထိုင်နေတာကို တွေ့ရတယ်။ နှုတ်ဆက်ပြီးတော့ စကားစတယ်။ အထက်ပါအကြောင်းနဲ့ လာရခြင်းဖြစ်တယ်။ အဲ့လင်္ကာကို ကျနုပ် မှတ်မိသလောက် ဖတ်ပြတယ်။ ဆရာကြီးက အော်…ဒီ လင်္ကာလား ဆိုပြီး ကျွန်ုပ် နည်းနည်း အသံလွဲနေတဲ့ဟာကို ပြန်ဖတ်ပြတယ်။ ပြီးတော့ အသက် ၈ နှစ်လောက်ရှိတဲ့ မြေးမလေးကို ခေါ်ကာ စာရွက် တစ်ရွက်နဲ့ ဘော်ပင် တစ်ချောင်း ယူခိုင်းတယ်။ လင်္ကာကို အင်္ဂလိပ်စာလုံးနဲ့ စာရွက်ပေါ် ချရေးတယ်။


 ပြီးရင် စကားလုံး တစ်လုံးချင်း ရေးပြီးတော့ ရှင်းပြတယ်။
အရိမဓောန်ပူရ် = ပုဂံပြည် 
ရှုက္ချိာ               = ငပျင်း 
ရာဇာ               = မင်း 
ဓူလ်                 = ထမ်းစင် 
စောရ်               = စီးသည် 
ဖောရ်ဇာ           = ပြည်သူ 
မေမာ               = သစ်သီးဝလံ

အဓိပ္ပာယ်ကတော့ “ပုဂံပြည် ငပျင်းမင်း၊ ထမ်းစင် စီးလျက် ပြည်သူ့ ဘဏ္ဍာတွေကို အလွှဲကုန်” ဖြစ်နိုင်တယ်။ စောလူးမင်း(သို့မဟုတ်) တရုတ်ပြေးမင်း ခေါ် နရသီဟပတေ့မင်းကို ရည်ညွှန်း ဖွဲ့တာ ဖြစ်ကောင်းဖြစ်နိုင် တယ်။ ယခု မင်းတို့ခေတ်လို တီဗွီတွေ ဗီဒီယိုတွေ မရှိတဲ့ ရှေးခေတ်တုန်းက ရိုတွေဟာ မြေဝိုင်းအကတွေ၊ ပုံပြင်၊ ဖူတီး ခေါ်တဲ့ ဒဏ္ဍာရီဝတ္တုတွေ၊ ဖော့သ် ဆိုတဲ့ လင်္ကာ စကားထာ တိုက်ပွဲနဲ့ ညကလေးကို ပျော်ဖြေ ကုန်ဆုံးကြစေတယ်။ ဒီတော့ လူ့နေ့စဉ်သုံး စကား အသုံးအနှုန်းမှာလဲ အလင်္ကာတွေ စကားထာတွေ စကားဝှက်တွေနဲ့ ပေါ့ကုန်တာပေါ့။ ဒီစကားတွေဟာ တဖြေးဖြေးနဲ့ ပျောက်ကွယ်လာနေတာ…သားရေ။ ဆရာကြီး ငယ်ငယ်တုန်းကဆိုရင် စကားထာ၊ စကားဝှက်တွေနဲ့ စကားပြောတာ သိပ်ကိုများတယ်။ ရှေးလူတွေက စကားပြေထက် လင်္ကာတွေ ပိုကြိုက်ခဲ့တဲ့ သဘောဆောင်နေတယ်…သားရေ။ ဒီလို အကျိုးသင့်အကြောင်းသင့် အတန် ဆွေးနွေးပြီးတော့ နာရီဘက်ကို ကြည့်တယ်။  နောက်ဆုံးတော့ နမာဇ်ချိန်ဖြစ်နေတဲ့ အတွက်ကြောင့် ဆရာကြီးနဲ့ နှုတ်ခွန်းဆက် ခွဲခွာခဲ့ရလေတယ်။

[လူထုဝဏ္ဏ ရေးသားသည်။]


No comments:

Post a Comment