Monday, August 6, 2018

‘ဘာသာခြားတွေဟာ မုန်းစရာလား’ ဂျပန်ပညာတော်သင်သွား ဆရာမကြီး ဒေါ်ဆွေဆွေအေး၏ ကိုယ်တွေ့မှတ်တမ်း


[အပိုင်း ၁၅]

နာရီတာ လေဆိပ်မှာနိုင်ငံတကာကျောင်းသားတွေ အများကြီးတွေ့ရတယ်။ အဲဒီထဲမှာ မုတ်ဆိတ် အရှည်ကြီးနဲ့ ကုလားတစ်ယောက်ကိုတွေ့တော့ ကျမတို့အဖွဲ့ တစ်ယောက်နဲ့ တစ်ယောက်ပြပြီး စ နေကြသေးတယ်။

နောက်ဆုံးမတော့သူက Nagoya သွားမဲ့ရထားနဲ့လိုက်မဲ့သူ ဖြစ်ပြီး နောက်ထပ်လဲ ခေါင်းမီးခြုံ တစ်ယောက်လဲ ပါသေးတယ်ဆိုတော့ ကျမအတော်စိတ်ညစ်သွားတယ်။ အဆောင်ရောက်တော့ ပိုဆိုးတာက မုတ်ဆိတ်ဖွားတွေအများကြီးဘဲ။ဆော်ဒီ။ အီဂျစ်၊ အီရန်၊ ကာဇတ်စ်တန်၊ ဆီလာလီယွန်၊ အီရတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်။ နိုင်ငံစုံက မွတ်ဆလင်များပေါ့။ 

သူတပါးနိုင်ငံမှာလည်းဖြစ်ပြန်မြန်မာဆိုတာလဲ ကိုယ်တစ်ယောက်ထဲမို့ ပြောတာဆိုတာ အစစအရာရာ သတိထားနေရပါတယ်။ပြီးတော့ အတော်များများကလည်း မွတ်ဆလင်တွေဆိုတော့ အပေါင်းအသင်း လုပ်ဘို့ နဲနဲစိုးရိမ်မိပါတယ်။ ကျမတို့က ပထမခြောက်လ လုံးလုံး ဂျပန်စာသင်ရပါတယ်။ Nagoya တက္ကသိုလ် နိုင်ငံကျောင်းသား စင်တာမှာ သင်ရပါတယ်။တစ်နေကုန်တတ်ရပါတယ်။မြန်မာနိုင်ငံမှာ UFL တတ်ထားပေမဲ့အခြေခံက စပြီးသင်ချင်တာမို့ Basic Course ကိုဘဲရွေးလိုက်ပါတယ်။ဒီတော့ ကျမရယ် မလေးရှားက ''ပါအိဇာ''ရယ် အင်ဒိုနီးရှားက ''အဘူး'' ရယ် ဆော်ဒီအာရေးဗီးယားက ''ဂေါမ'' ရယ် လာအိုက ''လှစံ''ရယ် ကမ္ဗောဒီးယားက''ပန်းဟန်''ရယ် ဗီယက်နမ်က ''ဇွန်''ရယ် section တစ်ခုတည်းမှာသင်ရပါတယ်။သူတို့က ကျမနာမည်ကို''ဆွေ''လို့ အသံမထွတ်တတ်ဘူး။ ''ဆွီး''လို့ဘဲ ခေါ်ကြတယ်။

ကျောင်းမှာတော့ ဗီယက်နမ်၊ ကမ္ဗောဒီးယား၊ လာအို တို့က ကျမနဲ့ဘာသာတူတော့ ပိုရင်းနှီးပေမဲ့နေတဲ့ အဆောင်မတူကြဘူး။ ဒါကြောင့်ကျောင်းမှာတော့ စကားပြောဖေါ်ရှိပေမဲ့အဆောင်မှာတော့ အခန်းတံခါးပိတ်ပြီးနေလိုက်ပါတယ်။ တစ်ခါတစ်လေလဲအဆောင်နဲ့နီးတဲ့မြန်မာကျောင်းသူ အိအိခင်ရဲ့ အခန်းကိုသွားလည်တတ်ပါတယ်။တစ်ယောက်ထဲမို့ ညညဆို အိမ်ကိုလွမ်းပြီးငိုခဲ့ရတာလဲ ခဏခဏပေါ့။
ဂျပန် စရောက်ရောက်ချင်း ကျမတို့ hand phone မရှိကြသေးဘူး။ ဒါကြောင့် အဆောင်အောက်ထပ်မှာ ထားတဲ့ကဒ်ဖုန်းတွေနဲ့ဆက်ကြရတယ်။ ဖုန်းတွေဘေးမှာ အဆောင်ရဲ့ဧည့်ခန်းရှိပြီးကျောင်းသားအများစုက အဲဒီအခန်းမှာစုပြီး စာဖတ်ကြ စကားပြောကြပါတယ်။ ကျမကလွဲရင်ပေါ့။ 

အဲဒီအချိန်မှာမြန်မာပြည်မှာ ကျန်ခဲ့တဲ့ကျမ သမီးတွေကို အရမ်းသတိရပါတယ်။ အထူးသဖြင့် အငယ်ဆုံး သမီးလေးက လေးနှစ်လောက်ဘဲရှိသေးတော့ သူနဲ့ဖုန်းဆက်ရင် သူလဲငို ကျမလဲငိုရပါတယ်။ ကျမက သမီး သမီးလို့ ခေါ်ပြီးငိုတာ တွေ့ရင် အခန်းထဲက စကားပြောနေတဲ့ကျောင်းသားတွေ အသံတိတ်ကုန်တယ်။
(နောက်တော့ပြန်ပြောကြတယ်'' နင်ရဲ့သမီး သမီးလို့ခေါ်ပြီး ငိုတဲ့အသံက နင်ပြောတဲ့ဘာသာစကားကို ငါတို့မသိပေမဲ့ အမေ တစ်ယောက်က သားသမီးကို ခေါ်နေတာလို့ငါတို့ခံစားမိလို့ ငါတို့ အရမ်း စိတ်ထိခိုက်ကြရတယ်''တဲ့။ဒါကြောင့် နင့်ကိုငါတို့မိတ်ဆွေဖွဲ့ပြီးနေကြမယ်လို့ တိုင်ပင်ထားကြတာ'' တဲ့။) အဲဒီနောက်သူတို့တွေကျမနဲ့လာလာပြီးစကားပြောကြတယ်။ 

အစပိုင်းတော့ သူတို့ကို သတိထားဆက်ဆံပေမဲ့ သူတို့ပြောတဲ့စကားတစ်ခွန်းက ကျမကို heart ထိ
သွားစေတယ်။ ''နင်က ငါတို့ထက် Japanese ပိုရတယ်။ ငါတို့ကို ဂျပန်စာပြန်သင်ပေးပါ ''တဲ့။ ဒါနဲ့ဘဲ ကျမက ညတိုင်းသူတို့အဖွဲ့ကိုဂျပန်စာပြန်သင်ပေးဖြစ်တယ်။ အဲဒါကျမရဲ့ ''ဆရာစိတ်''ဆိုတာဘဲဖြစ်မယ် ထင်ပါရဲ့။ ဘယ်နေရာရောက်ရောက် စာသင်ချင်တာလေ။ ဒီလိုနဲ့ကျမလဲသူတို့အဖွဲ့ကို စာသင်ပေးရင်း သူတို့လည်းပညာရကျမလည်း စကားပြောဖေါ်ရလာတယ်။ ကျမအတွက်ကံကောင်းစေတဲ့ အချက်က သူတို့အားလုံးဟာ Eng စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သူတွေဆိုတော့ ကျမလဲ သူတို့နားက Eng စကား သင်ယူလိုက်သလိုဖြစ်သွားခဲ့တယ်လေ။ ပညာဆိုတာ ယူတတ်ရင် ရတာဘဲပေါ့နော်။

သူတို့တစ်တွေက သူတို့နိုင်ငံမှာကို လစာကောင်းသူတွေဖြစ်တာမို့ ဂျပန်က ပေးတဲ့တစ်လ scholarship ယန်း တစ်သိန်းရှစ်သောင်းငါးထောင်ဆိုတာ သူတို့အတွက်သိပ်မက်လောက်စရာကြီးမဟုတ်သလို ငွေကိုလည်း မချွေတာကြဘူး။ ကျမကသာ ကိုယ်ပိုင်အိမ်မရှိသေးသူမို့ ရသမျှကိုခြစ်ခြုပ်စုဆောင်းပြီး အိမ်ကို ပို့ရတယ်။ သူတို့တွေနဲ့အပြင်မှာ တစ်ခုခုစားကြရင် အမေရိကန် systerm ဆိုတာမရှိဘဲ ဦးရာလူက ရှင်းကြတယ်။ ကျမက ရှင်းရင်တော့လက်မခံကြဘူး။နင့်ကလေးတွေ အတွက်ထားလိုက်တဲ့။
သူတို့တစ်တွေက လစာအကြောင်းမေးရင် အရမ်းဖြေရခက်ပါတယ်။ ကျမတို့လစဉ်ရတဲ့ ဂျပန် ယန်း တစ်သိန်းရှစ်သောင်းငါးထောင်ဟာ ဂျပန်နိုင်ငံရဲ့အောက်ဆုံးအဆင့်ဝန်ထမ်း တစ်ယောက်ရတဲ့ လစာတဲ့။ သူတို့တွေရဲ့သူတို့နိုင်ငံမှာရတဲ့လစာက တစ်ချို့က မတိမ်းမယိမ်း။ တစ်ချို့က အဲဒါထက်ပိုကြတယ်။ ကျမရဲ့တစ်လ လစာ ကျပ်ငါးထောင်ဆိုတာ ဂျပန်ယန်းနဲ့တွက်ကြည့်ရင် ကျမရောက်ခါစ တစ်ယန်းလေးကျပ်ကျော်ကျော်မို့ ယန်းနှစ်ထောင်ကျော်ဘဲ ရတာလေ။ဒေါ်လာနဲ့ ပြောရင်လဲ တစ်ဒေါ်လာလေးရာကျော်ကျော်မို့ ဆယ်ဒေါ်လာကျော်ဆိုတဲ့လစာကို ကျမဘယ်လိုမှ မပြောပြရဲဘူး။ အဲဒီ အချိန်တုန်းက ကျမတို့ထက်ဆင်းရဲတဲ့လာအိုက ဆရာမလေးတောင်မှတစ်လ ဒေါ်လာ လေးဆယ်ကျော်လောက် ရသတဲ့။ ပြီးတော့လေ ဂျပန်မှာကကျောင်းဆရာဆိုတာ သူများထက်
လစာပိုများတယ်တဲ့။ ကျမက မြန်မာနိုင်ငံမှာ ကျောင်းဆရာမ ဆိုတာသိသွားတဲ့ဂျပန်တစ်ချို့က ကျမကို
သူဌေးလစာကောင်းသူလို့ထင်နေကြတယ်။ရှင်းတော့ပြ မနေတော့ပါဘူး။ ထင်ပါစေပေါ့။

ကျမရဲ့ မွတ်ဆလင်သူငယ်ချင်းတွေက ကျမအရင်တုန်းက ထင်ထားသလိုကြောက်စရာကောင်းတဲ့သူတွေ မဟုတ်ကြပါဘူး။ စိတ်သဘောထားနူးညံ့ပြီး တကယ့်ကို လူကြီး လူကောင်းဆန်သူတွေဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့နားက သူတို့ဘာသာရေးနဲ့ ပါတ်သက်ပြီး ကျမလေ့လာခွင့်ရခဲ့သလို ကျမ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာနဲ့ပါတ်သက်ပြီး သူတို့သိလိုသမျှကိုလည်း မှန်မှန်ကန်ကန် ဖြေနိုင်အောင် ကျမကြိုးစားခဲ့ရပါတယ်။ သူတို့ဗလီတတ်ရင် ဗဟုသုတအဖြစ် ကျမလိုက်သွားသလို ကျမ သွားချင်တဲ့ Nara တို့ Kumakura ဘုရားကိုလည်း အဖွဲ့လိုက်သွားကြတယ်။ကျောင်းပိတ်ရက်တွေမှာ ကျမတို့ အဖွဲ့လိုက်စုပြီးခရီးသွားကြပါတယ်။သူတို့နဲ့ပါတ်သက်ပြီး အချက်နှစ်ချက်ကိုတော့ ကျမသည်းခံရပါတယ်။ တစ်ချက်က သူတို့တစ်နေ့ငါးကြိမ် ဘုရားရှိခိုးတဲ့ကိစ္စ။ ဘုရားရှိခိုးဘို့အချိန်ရောက်တာနဲ့ရထားနဲ့
သွားရင် နီးရာဘူတာမှာဆင်းပြီးရှိခိုးစရာနေရာရှာပြီး ရှိခိုးတော့တာဘဲ။


ပြီးတော့ စားသသောက်ဆိုင်သွားပြီဆိုရင် သူတို့အတွက်မေးပေးရတယ်။ ဘာအသားနဲ့ချက်ထားတာလဲ။ ဘာဆီသုံးသလဲ။ အရက်တို့ဝိုင်တို့ထည့်ထားသလား စ တာတွေပေါ့။ ကျမ အပေါ်မှာလည်း အစ်မ တစ်ယောက်လို နှစ်မတစ်ယောက်လိုဆက်ဆံကြပါတယ်။ ကျမအပေါ်မှာနားအလည်နိုင်ဆုံး မိတ်ဆွေကောင်းတွေမို့သူတို့ကိုကျမအမြဲသတိတရရှိနေရပါတယ်။ သူတို့တစ်တွေက သူတို့ဘာသာ အပေါ်မှာအရမ်းနဲ့ သက်ဝင်ယုံကြည်ကြပြီး ဘာသာတရားရဲ့အဆုံးအမအတိုင်းလိုက်နာ
ကျင့်ကြံနေထိုင်ကြတဲ့အတွက် မွတ်ဆလင်ကောင်းတွေအဖြစ် ကျမလေးစားမိပါတယ်။ သူတို့ဆီကနေပြီး ဘာသာမတူ အယူအဆ မတူပေမဲ့တစ်ဦးကိုတစ်ဦး လေးစားသမှုနဲ့နေထိုင်ကြမယ်ဆိုရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ နိုင်တယ်ဆိုတာကိုသင်္ခန်းစာရခဲ့ပါတယ်။ ပြီးတော့ ကျမတို့တစ်တွေဟာ ကိုယ့်ကိုးကွယ် ယုံကြည်ရာ ဘာသာတရားရဲ့အနှစ်သာရကိုလဲသိရမယ်။သူတပါးရဲ့ကိုးကွယ်
ယုံကြည်မှုကိုလဲလေးစား တန်ဘိုးထားသင့်တယ်ဆိုတာကိုလည်း နားလည်လာရပါတယ်။

ကျမတို့ အတူတူနေခဲ့တဲ့ခြောက်လတာ အတွင်းမှာ ကျမမိတ်ဆွေတွေက ကျမကို Surprise နှစ်ခုပေးခဲ့တာကိုတော့အမှတ်တရရှိခဲ့ပါတယ်။


(ဆရာမကြီး ဒေါ်ဆွေဆွေအေး ရေးသားသည်။) 

Swe Swe Aye Page. မှ ကူးယူဖော်ပြသည်။


📑📑📑📑📑📑📑📑📑📑📑📑📑📑📑📑

No comments:

Post a Comment