Sunday, September 8, 2019

ရို-ရွာကျက်သရေ ဧည့်ရိပ်သာ နှင့် ဇရပ်ဆောင်

ပုံ- မောင်တောမြို့နယ်၊ စံပယ်ကုံးကျေးရှိ ရှေးဟောင်း ကာဇီဇရပ်၊
FB Photo.


ရို-ရွာကျက်သရေ ဧည့်ရိပ်သာ နှင့် ဇရပ်ဆောင်


Meemán Hána and Saráng gór

ရေးသား - ရိုဟင်လေး


အာရ်ကာန်ပြည်ဖွား ရိုဟင်ဂျာတို့သည် အဘယ်အတိုင်းအတာအထိ ဧည့်ဝတ်ကျေပွန်လိုစိတ်ရှိသော လူမျိုးဖြစ်သည်ကို သူတို့၏ ရိုးရာဓလေ့ထုံးစံနှင့် လူနေမှုစနစ်တွင် ထင်ဟပ်နေသည်။ ထိုထဲမှ ဤ ပို့စ်တွင် အဆောက်အအုံ နှစ်ခု၏ အကြောင်းကို ရိုဟင်ဂျာယဉ်ကျေးမှု ဓလေ့ထုံးစံကို လေ့လာနေသူများ အတွက် အထောက်အကူဖြစ်စေရန် အကျယ်တဝင့် ဖော်ပြပေးပါမည်။ ဤ အဆောက်အအုံများသည် သာမန် အဆောက်အအုံများ မဟုတ်ချေ။ ရိုဟင်ဂျာလူမျိုးတို့၏ မွန်မြတ်သော စိတ်စေတနာကို သက်သေခံနေသည့် အိမ်များပင်ဖြစ်ပေသည်။ လူမျိုးတစ်စု၏ ယဉ်ကျေးမှုအဆင့်ကို လေ့လာမည်ဆိုလျှင် ထိုလူမျိုး၏ လူနေမှုအဆင့်အတန်း၊ ရိုးရာ ဓလေ့ထုံးစံ တို့မှတဆင့် သိရှိနိုင်မည် ဖြစ်သည်။  


အိစ္စလာမ်ဘာသာရေး အဆုံးအမတွင် ဧည့်ဝတ်ကျေပွန်မှုတာဝန်မှာ အထူးအရေးကြီးလှပါသည်။ ဧည့်သည်အဖြစ် ရောက်ရှိလာသော လူစိမ်းကို အနည်းဆုံး သုံးရက်ထိထိ ကျွေးမွေးဧည့်ခံရပါမည်။ ဧည့်သည်အဖြစ် သတ်မှတ်ခံရမည့်  ကာလသတ်မှတ်ချက်မှာ  တစ်ဆယ့်ငါးရက်အထိပင် ဖြစ်သည်။ ရိုဟင်ဂျာတို့သည်လည်း ထိုအဆုံးအမကို ဦးထိပ်ထား၍ မိမိတို့နည်း မိမိတို့ဟန်ဖြင့် တစ်မူထူးခြားစွာ  ဧည့်ဝတ်ကျေပွန်လေ့ရှိသည်။ မိမိတို့ အိမ်အသီးသီး၌ မိမိဆန္ဒအလျောက်  ဧည့်ဝတ်ကျေပွန်သည့်အပြင် တစ်ရွာလုံးကိုယ်စားပြု အစီအစဉ်များကိုလည်း သေသေသပ်သပ် ပြုလုပ်ထားသည်ကို တွေ့ရပါမည်။ ထိုအထဲတွင် ယခုဖော်ပြပေးမည့် အဆောက်အဦနှစ်ခုလည်း အပါအဝင်ဖြစ်သည်။ 


(၁) မေ့မာန်ခါးနာ [ဧည့်ရိပ်သာ]



ရိုဟင်ဂျာတို့သည် လူ့အသိုင်းအဝိုင်းတွင် ညီညီညွတ်ညွတ် ဖော်ဖော်ရွှေရွှေ နေတတ်သော လူမျိုးဖြစ်သည်။ သူတို့နေထိုင်ရာ အရပ်ဒေသတွင်  တစည်းတရုံးတည်း အေးအေးချမ်းချမ်းနေနိုင်အောင် ရှော့မာဂ်ျ ကော်မတီ ဖွဲ့စည်းလျက် စနစ်တကျ စီမံခန့်ခွဲ နေထိုင်တတ်သည်။ ရှေးအခါတွင် ရွာတိုင်းလိုလိုပင် ရှော့မာဂ်ျ ကော်မတီ ရှိကြလေသည်။ ရှော့မာဂ်ျကော်မတီ ဥက္ကဌကို ဆော်ဒ္ဒာရ် (ရွာခေါင်း) ဟု ခေါ်ကြသည်။ ထို့အဖွဲ့သည် ရွာကို စနစ်တကျ  ကြီးကြပ်စောင့်ရှောက်ကြသည်။ ယခုလည်း ရှော့မာဂ်ျအဖွဲ့သည် အချို့ရွာများတွင် ရှိကြပါသေးသည်။  (ရှော့မာဂ်ျအကြောင်းကို နောက် ပို့စ်တစ်ခုတွင်ဖော်ပြ ပေးပါမည်။)


ရှေးအခါက တစ်နေရာမှ တစ်နေရာသို့ ခရီးသွားလာရေး ခက်ခဲလှသည်မှာ အားလုံးအသိပင်ဖြစ်သည်။ တို့အာရ်ကာန်ပြည် ဆိုလျှင် ပို၍ပင် ဆိုးဝါးလှသည်။ ခြေကျင်ခရီးနှင့် ရေကြောင်းခရီးတို့သာ အသုံးများကြသည်။ ခြေကျင်ခရီးသည်များ၊ မြင်းစီး လှည်းစီး ခရီးသည်များ၊ ကုန်သည်များသည် မိမိတို့ အလိုရှိရာဌာနသို့  နေ့ချင်းညချင်း ရောက်ရန်ကား အလွန်ခဲယဉ်းလှသည်။ ရေကြောင်းခရီးသည်လည်း ယနေ့ခေတ်ကဲ့သို့ အဆင့်မြင့်စက်လှေ၊ သင်္ဘောများမရှိခဲ့သဖြင့် လှေ၊ သမ္ဗန် ၊ ဖောင် စသည်တို့နှင့်သာ ခရီးထွက်ကြရသည်။ ထို့ကြောင့် ခရီးတစ်ဝက်တွင် စခန်းချကာ ခေတ္တခိုနားရသည်။ မိုးလင်း ပြန်ခရီးဆက် စသည်ဖြင့် မိမိနောက်ဆုံး မျှော်ထားသည့်အရပ်သို့ ရောက်ရသည်ကို လူကြီးသက်ကြီးထံမှ  ကြားဖူးရသည်မဟုတ်လော။ 

ရိုဟင်ဂျာတို့သည် ထိုသို့ အာရ်ကာန်ပြည်ရှိ တောတောင်ထူထပ်လှသော နေရပ်ဒေသတို့ကို ဖြတ်သန်း၍ နေပူဒဏ် အအေးဒဏ်၊ အစိုအစွတ်ဒဏ်နှင့် ခရီးပန်းလာခဲ့သော ခရီးသည်များ၊ ကုန်သည်များကို ခေတ္တရပ်နား အိပ်စက် ပျော်ဖြေစေရန် ရွာဦး လမ်းဆုံ၌ စာရင်းဂေါ့ရ်/ Sarang Gór (ဇရပ်)များ ဆောက်လုပ် လှူဒါန်းကြသည်။ ရေဆာသူတို့ ရေအေးအေး သုံးဆောင်နိုင်စေရန် လမ်းဆုံဘေးနား ရိပ်ကြီးပင်ကြီးအောက်တွင် ဆော့်ရီ/ Souri (ရေချမ်းအိုး)များ လှူဒါန်းကြသည်။ အစားအသောက် ခဲယဉ်ဘောဇဉ်များ သုံးဆောင်ရန်နှင့် ညတာအိပ်စက်နိုင်ရန်၊ ခရီးသည်တို့၏ ဥစ္စာပစ္စည်း ဘေးရန်ကင်းကွာ လုံခြုံမှု ရှိစေရန်  မေ့မာန်ခါးနာ (Meeman Hána) ခေါ် ဧည့်ရိပ်သာများ ဆောက်လုပ် လှူဒါန်းခြင်း စသည်တို့ကို  ရိုဟင်ဂျာရွာတိုင်း ရွာတိုင်းတွင် တွေ့ရနိုင်သည်။


 မေ့မာန်ခါးနာကို ဗလီဝတ်ပြုကျောင်း၏ အနီးအနားတွင် ဆောက်တည်လေ့ရှိသည်။ ခရီးသွား ဧည့်သည်တို့ လွယ်ကူစွာ ရေမိုးချိုး နိုင်ရန်၊ အချိန်မီ ဝတ်နိုင်ရန်နှင့် ရွာသားတို့နှင့် အထိအတွေ့ရှိစေရန် ရည်ရွယ်လျက် ဗလီဝတ်ပြုကျောင်းအနီးတွင် တည်ဆောက်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ တည်းခိုလာသော ခရီးသွားဧည့်သည်များအလို့ငှာ စားသောက်ဖွယ်ရာ ထမင်း၊ ဟင်းလျာတို့ကို သုံး-လေးယောက်စာ အသင့် ချက်ပြုတ်ထားလေ့ရှိသည်။  ဤဓလေ့များသည် ရှေးအစဉ်အလာကပင် ကျင့်သုံးလာခဲ့သော ရိုဟင်ဂျာကျေးရွာတို့၏ အင်္ဂါရပ်လက္ခဏာများဟုပင် ယူဆရသည်။ ထို့ကြောင့်သာ အခြားလူမျိုးများသည် တစ်မူထူခြားသော ရွာ၏ အင်္ဂါရပ်များကို မြင်ရုံနှင့် ရိုဟင်ဂျာလူမျိုးနေထိုင်သော ရွာဖြစ်ကြောင်း ကျိန်းသေပြောဆိုနိုင်သည်။ (မှတ်ရန်။ မေ့မာန်ခါးနာ၊ စာရင်းဂေါ့ရ်၊ ဆော်ရီ စသည်တို့၏ အခေါ်အေဝါ် အမည်များသည် အာရ်ကာန်ပြည်၏ ကွဲပြားသော ဒေသအလိုက် ကွာဟမှုရှိပါသည်။) 


တစ်စုံတစ်ယောက်သော သူစိမ်း ဧည့်သည်များ ရွာတွင် ရောက်ရှိလာလျှင် ဦးစွာ ဗလီဝတ်ပြုကျောင်း၌ သော်လည်းကောင်း၊ ဇရပ်၌သော်လည်းကောင်း  တည်းကြသည်။ ထိုမှ တစ်ဆင့် ဧည့်ရိပ်သာသို့ ခေါ်ဆောင်သွားသည်။ အစားအဝတ်၊ အနေအထိုင်စသည်တို့ကို လိုအပ်သလို ဧည့်ရိပ်သာ၏ တာဝန်ခံတို့က စီစဉ်ပေးသည်။ အကြင်ဧည့်သည်တော်သည် မိမိစိတ်ရှိသမျှကာလပတ်လုံး ပူပင်စိုးရိမ်မှု မရှိဘဲ တည်းခိုနိုင်သည်။


(၂) စာရင်းဂေါ့ရ် [ဇရပ်]



ရိုဟင်ဂျာ ရွာဦးလမ်းဆုံများတွင် ဇရပ်များ ဆောက်ထားလေ့ရှိသည်။ ဧည့်ရိပ်သာသည် အချို့ ဆင်းရဲသည့် ကျေးရွာတို့တွင် မရှိကောင်း မရှိနိုင်သော်လည်း ဇရပ်မှာမူ ဆင်းရဲချမ်းသာမရွေး ရွာတိုင်းရပ်တိုင်း၌ တည်ဆောက်ကြသည်။ အချိုရွာတွင် ဇရပ် (၃-၄) ဆောင်တောင် ရှိတတ်သည်။ ဝတ်ပြုဗလီ၊ စာသင်ကျောင်းပြီးနောက် တစ်ရွာလုံးနှင့် သက်ဆိုင်သော အဆောက်အအုံတစ်ခုဖြစ်သည်။ 

ရွာသားတို့သည် ရွာ၌ ဖြစ်ပေါ်လာသော အမှုကိစ္စများကို ဇရပ်တွင် စုဝေးတိုင်ပင်၍ ဖြေရှင်းကြသည်။ ဇရပ်သည် လေပြေလေညင်း အကောင်းဆုံးရရှိရာ နေရာတစ်ခုဖြစ်သဖြင့် ညအချိန်တွင် သက်ကြီး သက်ငယ်များ စုဝေး၍ ဆိုကြပြောကြ နားကြကာ အချိန်ကုန်ဆုံးကြသည်။ လသာသောညများတွင် ပွဲသဘင်ကဲ့သို့ စည်းကားလှသည်။ ခရီးလွန်ဧည့်သည်များ၏ ပန်းဖြေရာ နေရာတစ်ခုဖြစ်သည်။ ရွာရှိ လူပျိုလူငယ်တို့၏ ကစားရာ နေရာလည်းဖြစ်သည်။ လူကြီးမိဘတို့၏ ဆုံစည်း စကားစမြည်ပြောကြရာ နေရာလည်းဖြစ်သည်။ ရွာကို ညအချိန်၌ လှည့်လည်စောင့်ရှောက်သော ကင်းသမားများ၏ ခံတပ်လည်းဖြစ်သည်။ 

ဧည့်ရိပ်သာနှင့် စာရင်းဂေါ့ရ်တို့ကို ရွာရှိ ရှော့မာဂ်ျအဖွဲ့မှ ကြီးကြပ်လေ့ရှိသည်။ ရိုဟင်ဂျာတို့သည် ဧည့်ရိပ်သာနှင့် ဇရပ်ဆောင်တို့ကို မွမ်းမံပြင်ဆင်နိုင်ရန်၊ ဧည့်သည်တို့အား ကျွေးမွေးပြုစုနိုင်ရန်  လယ်မြေများ၊ ခြံဥယျာဉ်များ ကျွဲနွားကြက် တိရစ္ဆာန်များကိုလည်း လှူဒါန်းကြသည်။ ထိုအလှူပစ္စည်းများကို ရှမာဇ်အဖွဲ့မှ စောင့်ရှောက်ထိန်းသိမ်းကာ လိုအပ်သလို အသုံးပြုကြသည်။ ယနေ့တိုင် ထိုသို့လှူဒါန်းထားသော လယ်မြေအလှူဒါနများသည် အချို့ရွာကြီးရပ်ကြီးများတွင် ရှိနေဆဲပင် ဖြစ်သည်။ 

သက်မဲ့အရာဝတ္တုကပင် ရိုဟင်ဂျာတို့၏ သန့်စင်မွန်မြတ်သော စိတ်ဓာတ်ကို သက်သေခံနေသည်မှာ ထူးထူးခြားခြားပင်မဟုတ်ပေလော။ တို့ရိုးရာဓလေ့ထုံးစံကို လူကြီး လူငယ်မရွေး သိတတ်နားလည်ပြီး မြတ်မြတ်နိုးနိုး ထိန်းသိမ်းမည်ဆိုလျှင် ရိုဟင်ဂျာ ရိုးရာယဉ်ကျေးမှုသည် ကမ္ဘာတခွင် ဝင်းပြောင်ပါလိမ့်မည်တည်း။

(ရိုဟင်လေး)


ဤပို့စ်ကို ရေးသားရန် တိုက်တွန်းအားပေးခဲ့သော ဆရာ အဘူဆာအာတ်အား အထူး ကျေးဇူးတင်ရှိ အပ်ပါသည်။ 

No comments:

Post a Comment