Sunday, September 29, 2019

ရှေးသန်းခေါင်စာရင်းများထဲက အာရ်ကာန်မွတ်စလင် ခေါ် ရိုဟင်ဂျာများ

ရှေးသန်းခေါင်စာရင်းများထဲက အာရ်ကာန်မွတ်စလင် ခေါ် ရိုဟင်ဂျာများ


မြန်မာပြည်တွင် “ရိုဟင်ဂျာ မရှိ၊ ရိုဟင်ဂျာသည် မြန်မာနိုင်ငံသား မဟုတ်” စသည်ဖြင့် အမုန်းတိုက်နေစဉ် ပြည်သူအချို့ကလည်း  ဤအမုန်းတိုက်မှုကို ဘုမသိဘမသိ ထောက်ခံနေကြသည်။ မျက်စိပိတ် ထောက်ခံနေခြင်းသည် လူ့အကျင့်မဟုတ်ချေ။ လူသားသည် ဉာဏ်ရည် အမြင့်ဆုံးသတ္တဝါဖြစ်သည်။ အများတကာနောက်သို့ လိုက်ပါခြင်းမဟုတ်ဘဲ စဉ်းစားဆင်ခြင်၍ အမှန်တရား ဘက်တော်သို့သာ နောက်လိုက်ရပါမည်။ ထို့ကြောင့် စဉ်းစာတတ်သော ဉာဏ်ကြီးရှင်များအတွက် ရှေးကပင် ရိုဟင်ဂျာလူမျိုးရှိခဲ့ကြောင်း ရှေး သန်းခေါင်စာရင်းများထဲမှ  ခိုင်လုံသော အထောက်အထားများနှင့် တကွ ဤဆောင်းပါးကို တင်ပြခြင်းဖြစ်သည်။ 

လူဦးရေ သန်းခေါင်စာရင်းဆိုသည် သတ်မှတ်ထားသောအချိန် တစ်ချိန်တည်းတွင် နိုင်ငံတစ်နိုင်ငံ၏ လူဦးရေ အားလုံးဆိုင်ရာ လူမူရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု  အချက်အလက်များကို စုဆောင်းခြင်း၊ ပြုစုခြင်း၊ ဆန်းစစ်ခြင်း နှင့် လူဦးရေစာရင်း ကောက်ယူပြုစုရသော လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ ယင်းကို ဆယ်နှစ် တစ်ကြိမ်ကျ ပြုစုလေ့ရှိသည်။ 

ဗြိတိသျှတို့သည်  လူဦးရေ သန်းခေါင်စာရင်းကို ၁၈၀၀ ပြည့်နှစ်တွင်  စတင်ခဲ့သည်။ သို့သော် လက်အောက်ခံနိုင်ငံများ၏ လူဦးရေစာရင်းကိုမူ ထိုအချိန်တွင်  မသိနိုင်ခဲ့ချေ။ 

၁၈၇၂ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းသည် အရေးပါသော သန်းခေါင်စာရင်းဟု မှတ်ယူနိုင်သည်။ ယင်းတွင် အချက် (မေးမြန်းခြင်း) ၁၇ ခု ပါရှိခဲ့သည်။ ထို သန်းခေါင်စာရင်းနှင့်  ဗြိတိသျှအစိုးရ သိမ်းပိုက်ထားသော ကိုလိုနီနယ်မြေ အားလုံးကို စာရင်း ကောက်ယူနိုင်ခြင်း မရှိခဲ့ပါ။ 

၁၈၈၁ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းသည် ခေတ်မီ သန်းခေါင်စာရင်းဖက်သို့ ကြီးမားသော ခြေလှမ်းတစ်ခုအဖြစ် လှမ်းခဲ့လေသည်။ ဤသန်းခေါင်စာရင်းတွင် ဗြိတိသျှကိုလိုနီ  ပိုင်နက်တစ်ခုလုံးကို စာရင်း ကောက်ယူနိုင်သည်သာ မဟုတ်ဘဲ လူဦးရေစာရင်း၊ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ အင်္ဂါရပ်များကိုလည်း တစ်သီးတစ်ခြားစီ ကောက်ယူပြုစုနိုင်ခဲ့သည်။ ယင်းသန်းခေါင်စာရင်းကို ဗြိတိသျှအိန္ဒိယ တိုက်တစ်ခုလုံးမှ ကောက်ယူနိုင်ခဲ့သည်။  

၁၈၉၁ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းသည် ၁၈၈၁ ခုနှစ် သန်းခေါင်စာရင်း ချဉ်းကပ်မှု နှင့် အားထုတ်မှု တို့ကို အခြေခံသဖြင့် အထက်ဗမာပြည်၊ ကရှ်မီးယားဒေသနှင့် ဆိက္ခိမ်ဒေသ အပါအဝင် ကိုလိုနီပိုင် နယ်ပယ်ဒေသများကို ၁၀၀ ရာခိုင်နှုန်း ပြီးစီးနိုင်ခဲ့သည်။ ပထမ သန်းခေါင်စာရင်း မှ ခွဲခြားလာသည်က မိခင်ဘာသာစကားနေရာတွင်  မိဘဘာသာစကားဆိုင်ရာ အချက်အလက်များကို ရယူခဲ့သည်။ 

တတိယကြိမ်မြောက် သန်းခေါင်စာရင်းကို ၁၉၀၁ ခုနှစ်၊ မတ်လတွင် စတင်ခဲ့သည်။ အသေးစိတ် စာရင်းကောက်ယူရန် မဖြစ်နိုင်သည့် ဝေးလံသော ဒေသများတွင် လူဦးရေစာရင်းကို အိမ်ခြေများအပေါ် အခြေခံ၍ ခန့်မှန်းခဲ့သည်။ အဓိက အပြောင်းအလဲမှာ အိမ်ခြေစာရင်း၊ အခြားဒေသ ဘာသာရေးနာမည်ခံ မျိုးနွယ်စုများ သို့မဟုတ် လူမျိုးများအစား ဟိန္ဒူလူမျိုး၊ ဂျိန်းလူမျိုး မျိုးဇာတ်များကိုသာ ဖြည့်စွက်မှတ်တမ်းတင်ခြင်းဖြစ်သည်။  နိုင်ငံခြားဘာသာစကား ကိစ္စတစ်ခုလည်း မိတ်ဆက်လာခဲ့ပေသည်။ 

၁၉၁၁ ခုနှစ် သန်းခေါင်စာရင်းသည် ဗြိတိသျှကိုလိုနီ ပြည်နယ် ၁၄ ခုနှင့် မူရင်းပြည်နယ် အားလုံးတွင် စတင်ခဲ့သည်။ အင်္ဂလိပ်ဘာသာ ဆိုင်ရာ  ဗဟုသုတ အပြင် အင်္ဂလိပ်စာပေဆိုင်ရာ အချက်အလက်များကိုလည်း စာရင်းကောက်ယူခဲ့သည်။ 

၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းသည် ပြည်တွင်း ဆူပူလှုပ်ရှားမှုတစ်ခုနှင့် တစ်ပြိုင်တည်း ပေါ်ပေါက်ခဲ့သည်။ ထို့ပြင် အလုပ်လုပ်ကိုင်သူ/မှီခို နှင့် မိခင်ဘာသာစကားဆိုင်ရာ မေးမြန်းခြင်းနှစ်ရပ် တိုးလာခဲ့သည်။  

နောက်ဆုံး သန်းခေါင်စာရင်းသည် လွတ်လပ်ရေးမတိုင်မီ ၁၉၄၁ ခုနှစ်တွင် စစ်ဘေးကျနေချိန်၌ ပြုလုပ်ခဲ့သည်။ ဤသန်းခေါင်စာရင်းတွင် အရေးကြီးသော ပြောင်းလဲမှုများကို အတည်ပြုခဲ့သည်။ အမျိုးမျိုးသော (ပုံမှန်မဟုတ်သော) နမူနာများကို အသုံးပြုခဲ့သည်။ ၅၀ မြောက်ဖြတ်ပိုင်းသည် သန်းခေါင်စာရင်းတွင်  တရားဝင်ဖြစ်သောနမူနာဟု အမှတ်အသားပေးခဲ့သည်။ မေးမြန်းခြင်း ပုံစံများကို အကျယ်ချဲ့ ဖြည့်စွက်ခဲ့သည်။ 

(၆) ကြိမ်မြောက် သန်းခေါင်စာရင်း မတိုင်မီ ၁၉၂၁ ခုတွင် လူဦးရေ၏ လူမျိုး အုပ်စုခွဲရန် ကြိုးပမ်းခဲ့သည်။ ယင်းအကြို ပြုလုပ်ခဲ့သော သန်းခေါင်စာရင်းများတွင် လူဦးရေများကို ကိုးကွယ်ရာ ဘာသာရေးအရ သာ အုပ်စုခွဲခြင်း ဖြစ်သည်။ 

ယင်းသန်းခေါင်စာရင်း၏ အခန်း (၁၁)၊ စာပိုဒ် ၁၅၇ တွင် “ အင်ပါယာ ဇယား ၁၃ တွင် အရေအတွက်များကို ဇယား သွင်းထားသည်ကား အင်ဒို-ဗမာ မျိုးနွယ်စု သုံးစု၊ ဇေဘာတီ လူမျိုး၊ အာရ်ကာန် မဟာမေဒင်လူမျိုးနှင့် အာရ်ကာန် ကမန်လူမျိုး တို့ကို အဆင်ပြေစေရန် အုပ်စု “အက်စ်”တွင် ပေါင်းထည့်ထားသည်။” ဟူ၍ ရေးသား ဖော်ပြထားသည်။ 

စာပိုဒ် နံပါတ် ၁၅၉ တွင် အာရ်ကာန် မဟာမေဒင်လူမျိုးနှင့် ပတ်သက်၍ ဖော်ပြထားသည်မှာ “ အာရ်ကာန် မဟာမေဒင်လူမျိုးသည် အထူးသဖြင့် စစ်တွေခရိုင် (Akyab)တွင် နေထိုင်သူများဖြစ်ပြီး စစ်တကောင်းသား မဟာမေဒင်နှင့် အာရ်ကာန်သူ တို့မှ ဆင်းသက်လာသူများဟု ယူဆကြသည်။ ယင်းသူတို့သည် အနေကြာသော စစ်တကောင်းသားများမှ ဆင်းသက်လာသည်ဟု ဆိုသော်လည်း ၎င်းတို့သည် စစ်တကောင်းသား အခေါ်ခံရခြင်းကို အမြဲငြင်းဆန်ခဲ့သူများ ဖြစ်ကြပေသည်။ အာရ်ကာန် မဟာမေဒင်အဖြစ်ခေါ်ဝေါ်ရန် လိုလားသူများလည်း ဖြစ်ကြသည်။ သို့ရာတွင် ရာသက်ပန် အခြေချနေထိုင်မှုသည် အာရ်ကာန်သူများနှင့် လက်ထပ်ခဲ့ခြင်းကို ပေါ်လွင်စေသည့်အပြင် အထက်ဖော်ပြချက်နှင့်လည်း ကိုက်ညီနေသည်။ စစ်တကောင်း မဟာမေဒင်နှင့် အာရ်ကာန် မဟာမေဒင်တို့သည် လူမျိုးအရ နီးစပ်မှုရှိသော်လည်း အာရ်ကာန် မဟာမေဒင်သည် သူတို့နှင့် ရောနှောပေါင်းဖက်ခြင်း မပြုခဲ့ဘဲ ကိုယ့်မျိုးထဲမှ လက်ထပ်ပေါင်းသင်းကာ သီးခြားလူမျိုးအဖြစ် ရပ်တည်နေသည်။ 

“စစ်တွေမှာရှိသည့် ဗုဒ္ဓဘာသာ ရခိုင်တို့က ရခိုင်ပြည် ကော်မိရှ်နားအား သန်းခေါင်စာရင်းတွင် ရခိုင်နှင့်အတူ အာရ်ကာန် မဟာမေဒင်ကို ပေါင်းမထည့်ရန်  တောင်းဆိုခဲ့သည်။ စာရင်းကောက်သူတို့အား အမိန့်စာ ထုတ်ခဲ့သည်မှာ အာရ်ကာန် မဟာမေဒင်သည် ဗမာပြည်ထဲတွင် အမြဲတမ်း အခြေစိုက် နေထိုင်သူဖြစ်ရမည်။ ထို့ပြင် ရခိုင်နှင့် အိန္ဒိယသားများ၏ အဝတ်အစားမျိုးကို ဝတ်ဆင်ခြင်းမပြုသည့်သူဖြစ်ရမည်။ 

“အာရ်ကာန် မဟာမေဒင် လူဦးရေသည် ၁၉၂၁ ခုနှစ်တွင် (၂၄၀၀၀) ယောက် စာရင်းသွင်းခံခဲ့ရသည်။ ရှေး သန်းခေါင်စာရင်းများ၏ အာရ်ကာန် မဟာမေဒင် အရေအတွက်များကို ဇယား ၈ တွင် ဖော်ပြထားသည်။ ဇယားတွင် ကွဲပြားသော ကိန်းဂဏန်းများသည် အာရ်အာန်မဟာမေဒင် အရေအတွက်ကို ညွှန်ပြသည်။ ၁၉၀၁ ခု သန်းခေါင်စာရင်း ဇယားတွင်မူ အာရ်ကာန်မဟာမေဒင် လူမျိုး စာရင်းကို ခွဲခြားရွေးထုတ်နိုင်ရန် ခဲယဉ်းလေသည်။ မဟာမေဒင်လူမျိုးသည် ရှေးသန်းခေါင်စာရင်း သုံးခုစလုံးတွင် ဖော်ပြခဲ့ကြောင်း ဖြစ်နိုင်ပါသည်။”

ဇယား နံပါတ် ၈ တွင် အာရ်ကာန် မဟာမေဒင် လူမျိုးနှင့် ပတ်သက်၍ ဖော်ပြထားသည်မှာ အောက်ပါအတိုင်းဖြစ်သည်။ 

ခုနှစ်၊           ဦးရေပေါင်း၊           ကျား၊               မ

၁၉၂၁ ခု        ၂၃၇၇၅၊              ၁၂၇၄၀၊          ၁၁၀၃၅
၁၉၁၁ ခု        ၄၆၇၅၊                ၃၅၅၈၊             ၁၁၁၇
၁၉၀၁ ခု         ----                        ----                  ---
၁၈၉၁ ခု        ၄၆၆၊                  ၂၈၈၊               ၁၇၇

၁၉၃၂ ခု သန်းခေါင်စာရင်း၏ အစီရင်ခံစာ၊ အတွဲ ၁၂၊ ဗမာပြည်  အပိုင်း ၁၊ စာပိုဒ် (၁၄၀) တွင်  “လွန်ခဲ့သော သန်းခေါင်စာရင်း လေးခုတွင် ပါဝင်ခဲ့သည် ကွဲပြားခြားနားသည့် လူမျိုးစုများ၏ လူဦးရေစာရင်းကို ဗြိတိသျှအင်ပါယာ ဇယား ၁၈ တွင် ထည့်သွင်းထားသည်။ ” ထိုဇယားတွင် ၁၉၀၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်ထိကို အင်ပါယာ ဇယား ၁၃ မှ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုဇယားကို ထည့်သွင်းရာတွင် အချို့ အခက်အခဲများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ ၁၉၀၁ ခုနှစ် အင်ပါယာ ဇယား (၁၃) တွင် လူမျိုးများ၊ မျိုးနွယ်စုများ၊ အုပ်စုများ ထင်ရှားသော ဘာသာသာသနာအရ အမျိုးအစား ခွဲခြားခဲ့သည်။ သို့သော် ဇယားတွင်  မည်သည့် လူမျိုး၊ မျိုးနွယ်စု၊ အုပ်စု မဆို ဘာသာမျိုးစုံအတွက် ခြွင်းချက်ရှိခဲ့သည်။  အာရ်ကာန် မဟာမေဒင် လူမျိုးအဖြစ် အမျိုးသား အယောက် (၈၀၀၀)၊ အမျိုးသမီး အယောက် (၇၀၀၀) ခန့် ခန့်မှန်းနိုင်ခဲ့သည်။ ထိုသူတို့ကို အုပ်စု အက်စ် (အင်ဒို-ဗမာ လူမျိုး) တွင် စာရင်းသွင်းခဲ့သည်။ ၁၉၁၁ ခုနှစ် လူဦးရေ အရေအတွက်၌ မဟာမေဒင်လူမျိုးအဖြစ် အမျိုးသား အယောက် (၁၀၀၀၀)၊ အမျိုးသမီး အယောက် (၈၀၀၀) စာရင်းကောက်ယူရရှိခဲ့သည်။ ” ဟူ၍ ဖော်ပြထားသည်။ 

စာပိုဒ် ၁၄၁ တွင် “ အိန္ဒိယလူမျိုးများ၏ အရေအတွက်မှာ ၁၉၂၁ ခုတွင် (၈၈၁၃၅၇) ယောက် မှ ၁၉၃၁ ခုတွင် (၁၀၁၇၈၂၅) အထိ တိုးပွားလာခဲ့သည်။ (၁၃၆၄၆၈ ယောက် သို့မဟုတ် ၁၅.၅ ရာခိုင်နှုန်း) အခန်း (၁)၊ စာပိုဒ် (၁၆) တွင် ၁၉၂၁ ခုနှစ် သန်းခေါင်စာရင်းအရ အာရ်ကာန် မဟာမေဒင် အများအပြားသည် သူတို့ကိုယ်တိုင် အိန္ဒိယသားအဖြစ် မှားယွင်းစွာ ပြောင်းလဲခံယူခဲ့သည်ကို တွေ့ရသည်။ ထိုအရေအတွက်ကို အကြမ်းအားဖြင့် ခန့်မှန်းသော် အယောက် (၁၀၀၀၀) မှ အယောက် (၁၅၀၀၀) ကြား၌ ဖြစ်မည်။ ထို့ကြောင့် အိန္ဒယသား လူဦးရေတွင် ၁၇ ရာခိုင်နှုန်း ဝန်းကျင် တိုးပွားလာခြင်းဖြစ်သည်။ ” ဟူ၍ ဖော်ပြထားသည်။ 

စာပိုဒ် (၁၄၃) တွင်လည်း “စစ်တွေခရိုင်တွင် အာရ်ကာန် မဟာမေဒင် အများအပြား တွေ့ရသည်။ အခြား ခရိုင်များဖြစ်သော ကျောက်ဖြူ တွင် (၁၅၉၇ ယောက်) နှင့် သံတွဲ တွင် (၁၆၅၈ ယောက်) တို့ကို သိသိသာသာ တွေ့ရပါသည်။ သူတို့သည် ရခိုင်အမျိုးသမီးများက စစ်တကောင်းသား တို့ကို လက်ထပ်ခြင်းမှ ဆင်းသက်လာသည့် မျိုးဆက်များဖြစ်ကြသည်။ ၎င်းတို့သည် ဒေသခံ သီခြားလူမျိုးအဖြစ် အသိအမှတ်ခံရပြီး ရခိုင်လူမျိုးများ၊   စစ်တကောင်းသားတို့နှင့်  မတူကွဲပြားသည့် အဝတ်အစားများကို ဝတ်ဆင်ကြသည်။ ၁၉၃၁ ခုနှစ်တွင် ဦးရေ ၅၁၆၁၅ ယောက်ကို မှတ်တမ်းတင်ထားသည်။ ယင်းသည် ၁၉၂၁ ခုနစ် အရေအတွက် (၂၃၇၇၅ ယောက်)၏ နှစ်ဆကျော် ဖြစ်သည်။ ” ဟူ၍ ဖော်ပြထားသည်။ 

“စစ်တွေခရိုင်နှင့် ကျောက်ဖြူခရိုင်ရှိ ကမန်လူမျိုးများသည် ၂၁၈၀ ယောက် မှ ၂၆၈၆ အထိ တိုးလာခဲ့သည်။”

၁၉၁၁ ခု သန်းခေါင်စာရင်၊ အစီရင်ခံစာ အတွဲ (၉) ၊ ဗမာ အပိုင်း၊ စာပိုဒ် (၂၆၄) တွင်  “မွတ်စလင်မျိုးနွယ်စု အများစုသည် စစ်တွေခရိုင်နှင့် ရန်ကုန်ခရိုင်တို့တွင် အများစုနေထိုင်ကြသည်။ မွတ်စလင် လူဦးရေ၏ ၅၆ ရာခိုင်နှုန်း ရှိသည်။ စစ်တွေခရိုင်ရှိ မွတ်စလင်များသည် တိုင်းရင်းသားမျိုးနွယ်စု ဖြစ်ပြီး အများအားဖြင့် လယ်ယာလုပ်ကိုင်ကြသည်။ ၁၉၀၁ ခုတွင် စစ်တွေခရိုင်ရှိ မွတ်စလင် လူဦးရေမှာ (၁၅၄၈၈၇) ရှိပြီး၊ ၁၉၁၁ ခုတွင် (၁၇၈၆၄၇) ယောက် ရှိခဲ့သည်။ 

သန်းခေါင်စာရင်းများ အစဉ်အဆက်အရ “အာရ်ကာန်ပြည်တွင် မွတ်စလင်လူမျိုး အသိုင်းအဝိုင်းရှိခဲ့သည်။ အထူးသဖြင့် စစ်တွေခရိုင်တွင် ရှိပြီး သူတို့သည် ပြောင်းရွေ့လာသူ စစ်တကောင်းသားများ၊ ဘင်္ဂါလီများနှင့် လုံးဝမတူကြချေ။ သူတို့သည် အာရ်ကာန်မွတ်စလင်များ ဖြစ်ကြသည်။” ၁၉၄၀ ခု ဘက္ကစတာ အစီရင်ခံစာ ၊ စာပိုဒ် (၇)  အရ “ဤ အာရ်ကာန် မွတ်စလင် အသိုင်းအဝိုင်းသည် စစ်တွေခရိုင်တွင် နေထိုင်လာသည်မှာ အလွန်ကြာညောင်းခဲ့ပြီ။ သူတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံအားလုံးသည် တိုင်းရင်းသား မျိုးနွယ်စုဖြစ်ကြောင်း ရည်ညွှန်းနေသည်။” ဟူ၍ ဖော်ပြထားသည်။ 

၁၈၂၅ ခုနှစ်တွင် အာရ်ကာန်ပြည်သည် လူဦးရေ တစ်သိန်းသာ (မဂ်လူမျိုး ၆၀၀၀၀၊ မွတ်စလင် ၃၀၀၀၀ နှင့် ဗမာ ၁၀၀၀၀) ရှိခဲ့သော ဗြိတိသျှအင်ပါယာ တစ်ခုဖြစ်လာခဲ့သည်။ ဆိုလိုသည်မှာ 

၁၈၂၅ ခုမှ ၁၉၃၁ ခုအထိ စုစုပေါင်း လူဦးရေမှာ  ၁၈၂၅ ခုတွင် ၁၀၀၀၀၀၊ ၁၉၃၁ ခုတွင် ၁၀၀၈၃၃၅ ယောက် (ဆယ်ဆကျော်) ဖြစ်၍ ရခိုင်လူမျိုး ၆၀၀၀၀ တွင် ၅၄၈၅၆၆ ယောက် (ဆယ်ဆခန့်) တိုးလာပြီး မွတ်စလင် လူမျိုးမှာမူ ၃၀၀၀၀ တွင် ၅၄၂၄၈ (နှစ်ဆခန့်) တိုးသည်တဲ့။ 

ရခိုင်ပြည်၏ လူဦးရေသည် ၁၉၂၅ ခုမှ ၁၉၃၁ ခုနှစ် နှစ်ပေါင်း ၁၀၆ နှစ် အတွင်း ဆယ်ဆ တိုးလာခဲ့သည်။ ထို့အတူ အဆိုပါ နှစ်များအတွင်း ရခိုင်လူမျိုး လူဦးရေသည်လည်း ဆယ်ဆခန့် တိုးပွားလာခဲ့သည်။ အဘယ်ကြောင့် မွတ်စလင် လူဦးရေသည် နှစ်ဆခန့် တိုးလာရသနည်း။ စောဒကတက်စရာပင် မဟုတ်လော။ စင်စစ်အားဖြင့် ဗုဒ္ဓဘာသာဝင်များသည် ဓလေ့ထုံးစံအရ မွတ်စလင်နှင့် ဟိန္ဒူလူမျိုးများထက် မွေးဖွားနှုန်း နည်းပါးလှသည်။ ဤနေရာတွင် မွတ်စလင်သန်းခေါင်စာရင်း မှတ်တမ်းတင်မှု မှားယွင်းနိုင်ကြောင်း ဖြစ်နိုင်ခြေရှိသည်။ အာရ်ကာန် မဟာမေဒင် လူမျိုး၏ လူဦးရေမှာ (၅၁၆၁၅) ယောက် မဟုတ်ဘဲ အယောက် (၃၀၀၀၀၀)ခန့် ဖြစ်သင့်ပါသည်။  

ထို့ကြောင့် မြန်မာပြည်တွင် ရိုဟင်ဂျာလူမျိုး နေသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ် မရှိပါ။ သမိုင်းမှတ်တမ်းအရ ရှိသင့်သည်ထက် ပိုမိုလျော့သွားခြင်းသာ ဖြစ်လေသည်။ 


🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍁🍁🍁🍁🍁🍁🍁🍁

ကိုးကား-

[ “Muslim of Arakan and Censuses of India” ဆောင်းပါးကို လူထုဝဏ္ဏက ပြန်ဆိုသည်။ ]

No comments:

Post a Comment