Thursday, August 20, 2020

သဘာဝလား၊ ဖန်တီးတာလား



သဘာဝလား၊ ဖန်တီးတာလား


တစ်ခါတုန်းက အညာရွာတစ်ရွာတွင် ဖန်ဆင်းရှင်ကို ကိုးကွယ်တဲ့ ရသေ့တစ်ပါးနှင့် ထိုရွာရဲ့ အိမ်နီးနားချင်းရွာမှာ သဘာဝတရားကို ကိုးကွယ်တဲ့ ပညာရှိ ရဟန်းတော်တစ်ပါး ရှိခဲ့တယ်တဲ့။ အယုံအကြည်ကွဲလွဲသော်လည်း ရွာနီးနားချင်းနေထိုင်တာကြောင့် သိကျွမ်းကြတယ်။ ခင်မင်ကြတယ်။ အချင်းချင်း အငြင်းအခုံများလည်း တစ်ခါတစ်လေ ဖြစ်တတ်တယ်။ 

တစ်နေ့ ရသေ့နှင့် ဦးဇင်းတို့ နှစ်ပါးတွေ့ဆုံကြရာ စကားစမြည်ပြောဆိုကြရာတွင် အကြောင်းတစ်ခုအပေါ် အငြင်းအခုံ ပြင်းပြစွာ ဖြစ်သွားလေတယ်။ အကြောင်းက ဘာသာရေးဆိုင်ရာ ဖြစ်တယ်။ ရသေ့က စကြဝဠာကြီးကို ဖန်တီးခဲ့တဲ့ ဖန်ဆင်းရှင်တစ်ပါး ရှိတယ်လို့ ပြောတယ်။ ဦးဇင်းကတော့ သဘောမတူပါဘူး။ စကြဝဠာကြီးဟာ ဓာတ်ကြီးလေးပါးကြောင့် အလိုအလျောက် ဖြစ်ပေါ်လာတဲ့ သဘာဝတရားလို့ ပြောပါတယ်။ ဒီလို တစ်ခွန်းနဲ့တစ်ခွန်း ဆန့်ကျင့်နေတဲ့ စကားနှစ်ရပ်ကြောင့် သူမှန်ငါမှန် အချင်းချင်း ငြင်းပွားလျက်ရှိရာ စိန်ခေါ်မှုအထိ ရောက်သွားတယ်။ ရဟန်းက မိန့်တယ်… ဖန်ဆင်းရှင်က ဖန်တီးတာကို ခင်ဗျား ခိုင်လုံတဲ့ သက်သေအထောက်အထားနဲ့ ပြရမယ်။ ပြနိုင်ရင် ငါနဲ့တကွ ငါ့တပည့်တွေ အကုန်လုံး မင်းကိုးကွယ်တဲ့ဘာသာကို လက်ခံလိုက်မယ်။ တကယ်လို့ မပြနိုင်ဘူးဆိုရင်တော့ ခင်ဗျားနဲ့ ခင်ဗျား တပည့်အကုန်လုံး ငါကိုးကွယ်တဲ့ ဘာသာကို့ ပြောင်းရမယ်။ သဘောတူလား။ ရသေ့က အတန်ငယ် စဉ်းစားပြီးတော့ “သဘောတူပါတယ်" ဆိုပြီး စိန်ခေါ်မှုကို လက်ခံလိုက်လေတယ်။ ဒါနဲ့မပြီးသေး။ အသိသက်သေ သုံးလေးယောက်ကို ခေါ်စေကာ ကတိကဝတ်ပြုတယ်။ ဘယ်ရက် ၊ ဘယ်အချိန်မှာ အများပြည်သူရှေ့မှောက် အထောက်အထားနဲ့ မပျက်မကွက် တင်ပြရမယ်လို့ နှစ်ဖက်သဘောတူ စာချုပ်တစ်စောင်ပါ လက်မှတ်ရေးထိုးလိုက်လေတယ်။

ဒီအငြင်းပွားမှုသတင်းက ရက်ချင်းပင် တစ်နယ်လုံး ပျံ့နှံ့သွားခဲ့တယ်။ သက်ဆိုင်ရာ ရွာခံလူကြီးတွေကလဲ ဒီစိန်ခေါ်ပွဲကို အခမ်းအနားနဲ့ ကြီးကြီးကျယ်ကျယ် ကျင်းပဖို့ စီစဉ်တယ်။ ရွာကွင်းပြင်ကြီးတစ်နေရာတွင် မဏ္ဍိပ်တွေထိုးကာ ပြင်ဆင်ခဲ့ကြတယ်။ ရက်တစ်ပတ်ကြာသော် ကတိပေးထားတဲ့ နေ့ရောက်ပြီ။ နံနက် ၉ နာရီတွင် စိန်ခေါ်ပွဲ စတင်မယ်ဖြစ်တယ်။ ဟိုနေ့က ကတိအတိုင်းပေါ့။ နှစ်ဖက်ပရိသတ်တွေလဲ အုပ်လိုက်စုလိုက် တရွေးရွေးရောက်လာကြရော့။ ကွင်းပြင်တစ်ခုလုံး အုတ်အုတ်သဲသဲဖြစ်နေတယ်။ အချိန်စေ့ဖို့ နောက်တစ်နာရီလောက်ပဲ လိုသေးတယ် ဆိုတော့ လူတွေလည်း စုံနေပါပြီ။ ရဟန်းကလည်း တပည့်တွေနှင့် ကြွရောက်လာတယ်။ ကျမ်းတွေလည်း တစ်ထမ်းနှစ်ထမ်းလောက် အတူယူဆောင်လာတယ်။ ရသေ့ရဲ့ တပည့်တွေလည်း ရောက်လာကြတယ်။ ဒါပေမဲ့ ထူးခြားတာက ဆရာရသေ့ကတော့ မရောက်သေးဘူး။ ရသေ့ဖက်က ပရိသတ်တွေက လမ်းကိုမျှော်ရင်း တိုးတိုးတိတ်တိတ် ပြောနေကြတယ်။

နောက် ၁၅ မိနစ်ပဲ လိုနေတာ ခုထိ ဆရာမရောက်ရသေးလား လို့ ရသေ့တပည့်တွေထဲ ညည်းညူသူ ညည်းညူ၊ မာန်တက်သူက မာန်တက်နေတာပေါ့။ ဆရာက မုသားဝါဒီလား။ ကြောက်လို့ထွက်ပြေးတာလား စတဲ့ အတွေးတွေနဲ့ ဇဝေဇဝါ ဖြစ်နေတယ်။ တစ်ချို့က ငါတို့ရှုံးသွားရင် ဘာသာပြောင်းကိုးပြောင်းရမယ် လို့ ငိုသံပါပါ ညည်းနေတယ်။ ၉ နာရီစေ့တာနဲ့ ရဟန်းက စင်ပေါ်ကြွလာကာ " ကြွရောက်လာကြတဲ့ ပရိသတ်အပေါင်းတို့… ဒီနေ့စိန်ခေါ်ပွဲကား စကားထိုးစရာတောင် မလိုဘူးထင်တယ်။ ပြိုင်ဖက် ပျက်ကွက်နေခြင်းက အဖြေပါပဲ။ တွေ့ပြီလား။ ဒီရသေ့က အသင်တို့ကို လည်စားနေတာ။ အထောက်အထား မပြနိုင်လို့ ခုထွက်ပြေးသွားပြီ။ စကြာဝဠာကို ဖန်ဆင်းရှင်က ဖန်တီးတာမဟုတ်ဘူး...ဆိုတာ ဖွင့်ပြစရာမလိုဘူး။ ဆရာရသေ့ ထွက်ပြေးသွားတာနဲ့ နားလည်ပြီထင်တယ်" လို့ အနိုင်ရကြောင်း ဂုဏ်ယူနေတယ်။ သဘာပတိနဲ့ နယကတို့ကလည်း ကတိအတိုင်း သာဘာပြောင်းပါရန် ဆရာရသေ့ရဲ့ တပည့်တွေကို တောင်းဆိုတယ်။ တပည့်တွေက ခဏလေးစောင့်ပေးပါ။ ဆရာမရောက်ရင် ကျနော်တို့ ဘာသာကူးပြောင်းခြင်းခံယူပါမယ် လို့ အသနားခံပါတယ်။ ဦးဇင်းက မင်းတို့ကို သနားတယ်။ အာ့ကြောင့်မလို့ နောက်ထပ် နည်းနည်းစောင့်ပေးမယ်လို့ သဘောတူတယ်။

ရဟန်းတော်က စကားပါးစပ်ကနေ မချသေး။ ချွေးပြန် အမောဖန်ဖြင့် ပြေးလွားရောက်လာတဲ့ ဆရာရသေ့ကို လှမ်းမြင်လိုက်ရတယ်။  ဒေါသထွက်နေသော လူအုပ်တွေက ဆရာကို မြင်မြင်ချင်း ရိုင်းစိုင်း စကားသံတွေနဲ့ပဲ ကြိုဆိုနေတယ်။ ခင်ဗျားက လူလိမ်ပါပဲ။ ကျနော်တို့ အားလုံးကို ဒုက္ခတွင်းထဲ တွန်းချလိုက်တာလား စသည်ဖြင့် ဟစ်အော် စော်တာပေါ့။ ဆရာရသေ့က ကျွန်တော်ကို ဖြေခွင့်ပြုပါ။ ကျနော့်စကားကို နည်းနည်း နားထောင်ပေးပါလို့ အသနားခံတာတောင် မထိန်းနိုင်ဘူး ဖြစ်နေတယ်။ ပရိသတ်တွေ နည်းနည်း ငြိမ်သက်သွားတဲ့အခါကျမှ အချိန်မီ မရောက်နိုင်ခြင်းရဲ့ အကြောင်းအရင်းကို ပြောပြလေတယ်။

" ကျနော်ဟာ မိမိရဲ့ဆန္ဒနဲ့ နောက်ကျတာ မဟုတ်ပါဘူး။ ကြောက်ရွံ့ကာ အိမ်ထဲပုန်းနေတာလည်း မဟုတ်ပါဘူး။ ကျနော့်အိမ်ကနေ ဒီရွာကို လာနေကျ လမ်းအတိုင်းဆိုရင် အချိန်ကြာမှာစိုးလို့ ရွာအနောက်ဖက်က လယ်ကွင်းကို ဖြတ်၍ ထွက်လာခဲ့တယ်။ ဒီလမ်းက နာရီဝက်လောက်တောင် သက်သာတယ်။  အာ့ကြောင့် ဒီလမ်းကို ရွေးခဲ့တာ။ ကျနော်ရှေ့ဆက်လာရင်း ကွင်းပြင်ကိုလည်း တစ်ဝက်လောက်ဖြတ်လာပြီ။ အဲ့ဒီနေရာတွင် ထူးဆန်းတဲ့ အခြေအနေတစ်ခုဖြစ်လာခဲ့တယ်။ အလိုအလျောက် မြေကြီးနှစ်ခြမ်းကွဲကာ မြစ်တစ်ခု ဖြစ်သွားတယ်။ တစ်ခါမှ မကြုံဖူးတဲ့ အကြောင်းပေါ့။ ယခင်က အဲ့ဒီနေရာမှာ မြစ်ကဝေးစွ မြောင်းတစ်ခုတောင်မရှိခဲ့ဘူး။ တော်တော် ယုံရခက်တယ်။ ကျနော် မြစ်ကူးဖို့ ကြံမရဖြစ်နေစဉ် အလိုအလျောက် သစ်ပင်တစ်ပင်ပေါ်လာတယ်။ တဖန် သစ်ပင်လည်း အလိုလို ကွဲပြီးတော့ ပျဉ်းချပ်တွေဖြစ်သွားကာ အချင်ချင်း စပ်သွားတယ်။ နောက်ဆုံး အလိုလို လှေတစ်ခု ဖြစ်သွားလေတယ်။ ကျနောမြင်နေရတဲ့ ဟာတွေက အိပ်မက်မက်သလို ကျနော်ခံစားရတယ်။ ကျနော် အဲ့ဒီလှေနဲ့ မတတ်တတတ် တက်လှော်ရင်း မြစ်ကူးရတာ အချိန်ကြာသွားတာပါ" လို့ သူအကြောင်း စုံစုံလင်လင် ပြောပြတယ်။ 

အဲ့ဒီအခါ ရဟန်းတော်က " ဟား…ဟား… ကြည့်လော့ ပရိသတ်တို့။ ဒီဆရာ က သာမန် လူလိမ်မဟုတ်ဘူး။ မဟာလူလိမ် ပါပဲ။ အသင်တို့ ဒီလို ဖြစ်ပျက်တာကို ယုံစရာလား။ အသင်တို့ပဲ ဆုံးဖြတ်ကြပါ။ ဒီဟာက လုပ်ကြံဇာတ်တစ်ခုကို ပြောပြကာ ပရိသတ်တို့ကို အရူးလုပ်နေတာချည်းပဲ" လို့ ဝေဖန်ထောက်ပြခဲ့တယ်။

ဆရာရသေ့က " ကျနော်က မြစ်တစ်ခု အလိုလို ဖြစ်သွားတယ် လို့ ပြောလို့ မဟာလူလိမ် ဖြစ်သွားခဲ့ရင် မဟာစကြာဝဠာကြီတစ်ခုလုံးး အလိုလိုဖြစ်ပေါ်လာတယ်လို့ ပြောတဲ့သူကို ဘာခေါ်ရလိမ့်မလဲ..ပရိသတ်တို့။ မြစ်တစ်ခုတောင် အလိုအလျောက် မဖြစ်နိုင်ဘူးဆိုရင် မဟာစကြာဝဠာကြီးက ဒီတိုင်း ဖန်ဆင်းရှင်မရှိဘဲ အလိုအလျောက် ဖြစ်ပေါ်နိုင်ပါ့မလား..ပရိသတ်တို့" လို့ ကောက်ချက်ချလိုက်တယ်။ 

ဒါနဲ့ ပရိသတ်တို့က တညီတညွတ် လက်ခုပ်တီး ဩဘာပေးကာ ပွဲကျလေသွားလေတယ်။ နောက်ဆုံးအနိုင်အရှုံးဆုံးဖြတ်လေသတည်း။ 

(နတ်မျက်စိ)



No comments:

Post a Comment