Wednesday, December 16, 2020

ရိုဟင်ဂျာ နာမည်မှည့်ခေါ်သည့် ဓလေ့


ရိုဟင်ဂျာ နာမည်မှည့်ခေါ်သည့် ဓလေ့


ကမ္ဘာ့လူမျိုးစု အသီးသီးတွင် သီးခြား ဓလေ့ထုံးစံ ယဉ်ကျေးမှုတို့သည် အရေခွံအဖြစ် ရှိတတ်သည်။ ထိုယဉ်ကျေးမှု ဓလေ့များသည် သူတို့၏ အမှတ်အသား သင်္ကေတပင် ဖြစ်ပေသည်။ "မြေမျို၍ လူမျိုးမပျောက်၊ လူမျို၍ လူမျိုးပျောက်သည်" ဆိုရိုးစကားသည် လူမျိုးတစ်စု၏ ယဉ်ကျေးမှုဓလေ့ထုံးစံကို မျိုသိပ်လိုက်ခြင်းဖြင့် လူမျိုးတစ်စုကို ပျက်စီးစေနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ရှေးအစဉ်အလာအရ လက်ဆင့်ကမ်း ရရှိထားသော ဓလေ့ထုံးစံသည် ထိုမျှအထိပင် အရေးကြီးလှပေသည်။ 

ရိုဟင်ဂျာတို့၏ ရှေးဓလေ့ထုံးစံများအနက် ရင်သွေးသားသမီး နာမည်မှည့်ခေါ်သည့် ဓလေ့ကို တင်ပြပါအံ့။ မွေးကင်းစကလေး မီးသန့်ဖွားမြင်ပြီး ၇ ရက်မြှောက်နေ့တွင် နာမည်မှည့်ခေါ်သည့်မင်္ဂလာကို ပြုလုပ်လေ့ရှိသည်။ မွေးကင်းစကလေးကို အမိဝမ်းထဲမှပါလာသော ခေါင်းမွေးများကို ရိတ်ပေးသည်။  ငွေရေရွှေရေနှင့် ရေချိုး သင်္ကြန်ယင်တင်သည်။ ရိတ်ပြီးသော ဆံခြည်သများကို ချိန်တွယ်ကာ အလေးနှင့်အမျှ ရွှေ၊ ငွေ၊ ဒင်္ဂါးများ လှူဒါန်းသည်။ ဆံပင်ကိုမူ ငှက်ပျော်ပင် ပင်စည်အနီး၌ ချထားလေ့ရှိသည်။ အချို့မှာ ဆံပင်ကို ငှက်ပျော်ရုံတွင် မြှပ်ထားလေ့ရှိသည်။ ငှက်ပျော်ရုံတွင် ဆံပင်ထားခြင်းသည် ကလေးကို အမျက်ဒေါသ ကင်းဝေးစေကာ ခေါင်းအေးအေး နေတတ်သည်ဟု ရှေးရိုဟင်ဂျာတို့က ယုံကြည်ကြသည်။ ဤသည်ကို 'ဖွိဉ်သ်'မင်္ဂလာ ပြုသည်ဟု ခေါ်သည်။ ဖွိဉ်တ်မင်္ဂလာ ကိစ္စပြီးသွားလျှင် နာမည်မှည့်သည့် ကိစ္စကို တဆက်တည်း ဆောင်ရွက်လေ့ရှိသည်။

မိမိတို့၏ သားငယ်၊ သမီးငယ် ကို နာမည်မှည့်ခေါ်သည်ကို "နာမ်တုဝါး" ဟု ခေါ်ပါသည်။ မွေးကင်းစ ကလေးသူငယ်ကို နာမည်မှည့်ခေါ်ရန် ဖခင်ဖက်က ဘိုးဘိုးနှင့် ဘွားဘွားတို့မှာ အခွင့်အာဏာ အရှိဆုံးဖြစ်သည်။ သူတို့ခွင့်ပြုမှသာလျှင် တခြားတစ်စုံတစ်ယောက်က မှည့်ခွင့်ရှိသည်။  ဦးစွာ ရပ်ခံသာသနာ့ အာလိမ်တစ်ပါးကို ဖိတ်ခေါ်သည်။ မျိုးကြီး ဆွေကြီးလည်း တစ်ယောက်နှစ်ယောက် ရှိတတ်သည်။ အာလိမ်ဆရာသည် မိဘနာမည်၊ မျိုးရိုးနာမည် နှင့် နီးစပ်သည့် နာမည် တစ်ခုကို ရွေးချယ်ပေးသည်။ သို့မဟုတ် ဘိုးဘွားတို့က ရွေးချယ်စဉ်းစားထားသော နာမည်ကို ထုတ်ပြောသည်။ ထိုနာမည်၏ အနက်အဓိပ္ပာယ်၊ ဂုဏ်သတ္တိ စသည့်တို့ကို ဆရာက ရှင်းပြပေးသည်။ ဘိုးဘိုးတို့က သဘောတူလျှင် ထိုနာမည်ကို မှည့်လိုက်ကြောင်း ကြေညာသည်။ ထိုနေ့မှစ၍ အဆိုပါနာမည်သည် သက်ဆိုင်ရာ ကလေးငယ်၏ နာမည်ဖြစ်ကြောင်း မိမိသားစုဝင်များက သတ်မှတ်လိုက်လေသည်။ အာလိမ်ဆရာ ဆုမွန်ကောင်းဒိုအာ အမျှဝေကာ နာမည်မှည့်ခေါ်ပွဲမင်္ဂလာ ပြီးဆုံးစေသည်။ 

နာမည်မှည့်ရာတွင် အမျိုးအစား သုံးမျိုးရှိသည်။ အိစ္စလာမ်သမိုင်းအရ အထင်ကရ ပုဂ္ဂိုလ်များ၏ နာမည်(အာရဗီ နာမည်)၊ အာရဗီနှင့် ရခိုင် ပေါင်းစပ်ထားသည့် နာမည်နှင့် ရိုဟင်ဂျာ ဘာသာစကားဖြင့် သက်သက် နာမည် ဟူ၍ သုံးမျိုး မှည့်ခေါ်လေ့ရှိသည်ကို တွေ့ရပါမည်။ အာရဗီ နာမည်သည် သာသနာ့ နာမည်အဖြစ် ရိုဟင်ဂျာတိုင်းတွင် ရှိသည်။ ဥပမာ- မိုဟမ္မဒ်ဒုလ္လာ၊ ဒေလဝါရ်၊ မိုဟာမ္မဒ် ဆော်လိမ်၊ အဗ္ဗဒူမာလိခ်…။ ဒုတိယတစ်မျိုးက အာရဗီနှင့် ရခိုင် ပေါင်းစပ်ထားသည့် နာမည်ဖြစ်သည်။ ဤအမျိုးအစားကို ရခိုင်မင်းများ လက်ထက်ကပင် မှည့်ခေါ်လာသည့်အစဉ်အလာရှိကြောင်း အချို့သမိုင်းမှတ်တမ်းများတွင် အတိအလင်း တွေ့ရှိရသည်။ ယနေ့တိုင် မှည့်ခေါ်နေဆဲ နာမည်အမျိုးအစားလည်း ဖြစ်သည်။ ဥပမာ- မုခ်တာရ်နု၊ အဒူမင်းညို၊ ဒေလဝါရ်အေးထွန်း၊ တာဟဲရ်ဘသာ၊ ကမာလ်ဇော်လင်း၊ ဖာတေမာကလျာ…။ တတိယအမျိုးအစားမှာ ရိုဟင်ဂျာသာစကားဖြင့် မှည့်ခေါ်သော နာမည်ဖြစ်သည်။ ဥပမာ- ရာဇာမီယာ၊ ဘာခ်ျချာ၊ အူဇီရ်မျာ၊ ဗေဆာလီ၊ ရှုနာမျာ၊ ဟာလူ၊ လာလူ၊ ရှော်မုလ္လုခ်၊ ဒေါလျာ၊ လာလျာ၊ ဂူအိန္နာ၊ နာဂ္ဂီယာ၊ လာလ်မတီ၊ ဘားရူး၊ ဂူလ်မေရ်၊ အေလာမာ၊ စုဇ္ဇောသာပ်၊ ဖူနီ၊ ဟောခ်ျချွာမာလီ…။  

အချို့သူများတွင် နာမည် နှစ်ခုမက ရှိတတ်သည်။ တစ်ခုက အာရဗီနာမည် ၊ နောက်တစ်ခုက ရခိုင် သို့မဟုတ် ဗမာနာမည် ဖြစ်သည်။ လွတ်လပ်ရေးနောက်ပိုင်းတွင် ဗမာနာမည် မှည့်ခေါ်သည့်ဓလေ့ကား ခေတ်စားလာခဲ့သည်။ အကြောင်းမှာ ဗမာအစိုးရ လက်အောက် ပညာသင်ကြားရေး၊ အစိုးရ အမှူးထမ်းရေး စသည်တွင် ဗမာတို့က ရိုဟင်ဂျာနာမည်များကို ပီပီသသ မခေါ်တတ်သဖြင့် နာမည်ခေါ်ရလွယ်ကူအောင် ဗမာနာမည် တစ်ခုခု တပ်လေ့ရှိခဲ့သည်။ အချို့ အစိုးရဝန်ထမ်းတို့က "မြန်မာနိုင်ငံသားဆိုရင် ဗမာနာမည် ထားရမယ်"ဟု တိုက်တွန်းလေ့ရှိသည်။ သို့သော် ၁၉၉၀ နောက်ပိုင်းတွင် ရိုဟင်ဂျာကို မြန်မာမြေမှ ချေမှုန်းလိုသည့်အနေဖြင့် လဝကနှင့် ဒေသခံလူမျိုးခြားက ဗမာနာမည်ကို ပိတ်ပင်လာခဲ့သည်။ ရှေးက အစိုးရက ထုတ်ပေးထားသည့် စာရွက်စာတမ်း၌ ပါရှိသည့် ဗမာနာမည်များကိုလည်း ပျက်ပယ်ကာ အခြားနာမည်များနှင့်အစားထိုးပေးခဲ့သည်။ 

တစ်စုံတစ်ယောက်၏ ချွတ်ယွင်းချက်ကို ရည်ညွှန်းခေါ်ဆိုသော နာမည်ပျက် နာမည်ပြောင်များကို လူတို့က နောက်ပြောင် မှည့်ခေါ်သော်လည်း အိစ္စလာမ်တရားတော်က တားမြစ်သောကြောင့် လူမူအသိုင်းအဝိုင်းတွင် ရှုတ်ချကြသည်။ ပြင်းပြင်းထန်ထန် တားမြစ်ကြသည်။ နာမည်ပျက် နာမည်ဆိုးကို "ခိသားဖီနာမ်" ဟုခေါ်သည်။ ဤ နေရာတွင် "ကီသာဖီနာမ်" (ကလောင်အမည်) နှင့် "ခိသားဖီနာမ်" (နာမည်ပျက်) ကို မမှားရအောင် သတိပြုရပါမည်။ ကီသာဖီနာမ် ဆိုသည် စာရေးရာတွင် အသုံးပြုသော နာမည်ဝှက်၊ ကလောင်နာမည် ဖြစ်သည်။ 


နာမည်သည် သက်ဆိုင်ရာပုဂ္ဂိုလ်အပေါ် သက်ရောက်မှုရှိသည်ဟု ရှေးလူကြီးတို့က ယူဆကြလေ့ရှိခဲ့သည်။ အသားအရောင်၊ အရပ်အမောင်း၊ အမျိုးအနွယ်ကိုလိုက်၍ သင့်လျော်သော နာမည်များကို မှည့်ခေါ်ခဲ့ကြသည်။ ထို့ကြောင့် အချို့ ရောဂါဘယများစွဲနေသော ကလေးသူငယ်များကို ပေးထားသည့် နာမည်နှင့် မတည့်ဆို၍ နာမည်ပြောင်းပေးလေ့ရှိသည်။ ဖေရိုင်န္နာ၊ ကာလာဘီ၊ ဟိုင်စ္စာ ...။ ရုပ်ရည်လှပ၍ ရောဂါဘယ စွဲနေသည့် လေးဆိုလျှင် ဟာလူ (မောင်မဲ) စသည့်ဖြင့် နာမည်တပ်သည့် ဓလေ့ရှိခဲ့သည်။ ထိုအယူအဆသည် ယနေ့ခေတ်တွင် ပျောက်ကွယ်သွားလေသည်။ 


"Fuwar Baiggó namor cáan

Biccíb baijjá ounor nán

Cóm baijjá oti giyan

Cóní noné hóti híyan." 


ဟု ရှေး ရိုဟင်ဂျာစာဆိုက စပ်ဆိုထားသည့်လင်္ကာသည် ရိုဟင်ဂျာလူမျိုး၏ ရှေးအယူအဆကို ပေါ်လွင်စေသည်။


(ရေးသား- ရိုဟင်လေး)


No comments:

Post a Comment