Saturday, April 23, 2022

ရှေးကျသော ရိုဟင်ဂျာရိုးရာ အကများ



ရှေးကျသော ရိုဟင်ဂျာရိုးရာ အကများ

လူမျိုးတိုင်းသည် ကိုယ်ပိုင်အတီးအမှုတ်၊ ကိုယ်ပိုင်အဆို အကများကို ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေအောင် မိမိဟန်နှင့် ဖန်တီးကာ အားလပ်ချိန်ကလေးများကို ဖျော်ဖြေကြသည်။ ထို့အတူ ရိုဟင်ဂျာလူမျိုးကလဲ မိမိတို့၏ ကိုယ်ပိုင် အတီးအမှုတ်၊ ကိုယ်ပိုင် အဆိုအကတို့ကို ရှေးအခါကပင် ဖန်တီးကာ ဖျော်ဖြေလာခဲ့ကြ သည်။ ဤဆောင်းပါးတွင် ရှုချင်စဖွယ်ကောင်းသော ရိုးရာအကများ အကြောင်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြပေးပါသည်။  

ရိုဟင်ဂျာဘာသာစကားတွင် အကကို "နာစာ။ နာစ်။" ဟု ခေါ်သည်။ ကပြသူ ကချေသည်ကို "နာတ်ထွာ" ဟုခေါ်ကြသည်။ နာတ်ထွာ မှာ "နစ်ဝါလာ"၊ "နာစ်စွာ"မှ ဆင်းသက်လာသော စကားလုံးဖြစ်သည်။ ရိုဟင်ဂျာအကများသည် ကကွက်၊ ကဟန်များ အပေါ် အခြေခံထားသည်။ ကဟန်မှာ တမူထူးခြားသည်။ ဆန်းကြယ်သည်။ အိစ္စလာမ်ဘာသာ ထွန်းကားလာခဲ့သည့် နောက်ပိုင်းတွင် အတီးအမှုတ်၊ အဆိုအကတို့ကို ဘာသာရေး ရှုထောင့်မှ ရွံ့စရာအဖြစ် ရှူမြင်ခဲ့ကြသည်။ အမျိုးသား၊ အမျိုးသမီး ရော၍ စင်တစ်စင်ပေါ်တွင် ကသည့်ပုံစံမျိုးကိုတော့ လုံးဝလုံးဝ တားမြစ်ခဲ့ကြသည်။ အမျိုးသားများသည် အမျိုးသားချင်း ကပြသည်။ အမျိုးသမီးများသည် အမျိုးသမီးချင်း ကပြသည်။ ရိုဟင်ဂျာတို့သည် အမျိုးသမီးနေရာတွင် အမျိုးသားများကို မိန်းကလေး အဝတ်အစား၊ အဆောင်အယောင် ဝတ်စေပြီး ကပြစေသည်။ ထိုသို့ အမျိုးသမီး အယောင်ဆောင်စေသော ကချေသည်တို့ကိုလည်း နာတ်ထွာ ဟု ခေါ်ကြသည်။ ထိုမှတဆင့် နာတ်ထွာနာစ် ဆိုသော အကတစ်မျိုး ပေါ်ပေါက်လာခဲ့သည်။ ထို နာတ္တဝါအကတွင် ကဟန် အမျိုးမျိုး ရောနှောပါတတ်သည်။ နာတ္တဝါအကသည် အင်္ဂလိပ် ခေတ်နောက်ပိုင်းတွင် အလွန်ခေတ်စားခဲ့သည်။ ယနေ့တိုင် တွေ့နေ ရဆဲဖြစ်ပါသည်။   

ရိုဟင်ဂျာရိုးရာယဉ်ကျေးမှုတွင် အဟန့်အတား အမျိုးမျိုး ကြောင့် တေးဂီတနှင့် အဆိုအကဘက်၌ အားပျော့သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ တေးဂီတနှင့် အကပဒေသာသည် ရှက်ရွံ့စရာ ဟုသတ်မှတ်ခံခဲ့ရသောကြားကနေ အတိုင်းအတာ တစ်ခုအထိ ထိုးဖောက်ဖြတ်သန်း ရှင်သန်လာခဲ့သည်။ ကိုလိုနီခေတ်တွင် ရိုဟင်ဂျာ ဇာတ်သဘင်အထိ တိုးတက်ခဲ့ပေသည်။  (ရိုဟင်ဂျာ ဇာတ်သဘင် အကြောင်းကို နောက်ဆောင်းပါး တစ်ပုဒ်တွင် သီးခြားဖော်ပြပါမည်။) 

ယနေ့ ရုပ်ရှင်၊ ဆိုရှယ်မီဒီယာ မှတဆင့် တိုင်းတစ်ပါးယဉ်ကျေးမှုများ ရောနှောလာသည့်အလျောက် ရှေးအဆိုအကတို့တွင်လည်း အရောအနှော ထူထပ်လာလေသည်။ ယနေ့ခေတ်မျိုးဆက်သစ်တို့သည် မိမိတို့၏ ကိုယ်ပိုင် အတီးအမှုတ် အဆိုအက တို့ကို ခွဲခြား၍ မရနိုင်သည့်အဆင့်အထိ ရောက်ရှိနေပြီ။ အလွန်စိုးရိမ်စရာပင်။ သို့ဖြစ်၍ ပျောက်လုနီးပါးဖြစ်နေသော မိမိတို့ ယဉ်ကျေးမှုကို ကိုယ်အား၊ ဉာဏ်အား ရင်းကာ ပြန်လည်ဖော်ထုတ်၍ မျိုးဆက်သစ်ကို လက်ဆင့်ကမ်းရန်တာဝန်မှာ ရိုဟင်ဂျာတိုင်း၏ တာဝန်ဖြစ်ပေသည်။ 

စကားမစပ် ထိုသို့ရှေးအခါကပင် ကပြဖျော်ဖြေလာခဲ့သော အကအမျိုးအမျိုးထဲမှ ယနေ့တိုင် တွေ့ရှိရသော ရှေးကျသည့် အက လေးမျိုးကို လေ့လာတင်ပြပေးပါမည်။ ထို ယနေ့တိုင်တွေ့ရှိရသော အက လေးမျိုးမှာ-  

        (၁) ဂုလ်တာစ်

        (၂) ဒေါရ်ဗေချီနာစ်

        (၃) အာရော်ခ်ျချားနာစ်

        (၄) ဂါဆာ့ရ်နာစ်

တို့ဖြစ်ကြသည်။ (အထက်ဖော်ပြပါအက အမျိုးအမည်များသည် အာရကန်ပြည်ရှိ ဒေသတစ်ခုနှင့်တစ်ခု ကွဲလွဲမှုရှိသည်။ စာရေးသူ သည် လူကြီးမိဘများနှင့် လေ့လာတိုင်ပင်ရာတွင် အများအားဖြင့် ခေါ်လေ့ရှိသည့် နာမည်များကို ထည့်သွင်းဖော်ပြ ထားခြင်းဖြစ်ပါ သည်။)

(၁) ဂုလ်တာစ်    

ဂုလ်တာစ် အကကို ဂုလ်နာစ်ဟုလည်းခေါ်ကြသည်။ ဂုလ်တာစ်သည် မြေပြင်ပြန့်ပြန့်၊ တလင်းပြင် မြေဝိုင်း၌ ကသော အကတစ်မျိုးဖြစ်သည်။ အလွန်ရှေးကျသော အကဟူ၍လည်း လေ့လာသူတို့က ခန့်မှန်းကြသည်။ "နာစီနော်ဇိုင်လေ့ ဥရာန်ဘေဟာံ" (အက မတတ်၊ တလင်းပြစ်တင်) ဟူသော ရိုဟင်ဂျာ စကားပုံသည် ဤအကမှ တင်စားပြောဆိုသည်ဟု သက်ကြီးတို့က ဆိုစမှတ် ပြုကြသည်။ ဂုလ်တာစ်ကို တစ်ယောက်ချင်း သော်လည်းကောင်း၊ နှစ်ယောက်သုံးယောက်သော်လည်းကောင်း ကနိုင်သည်။ အကနည်း မှာ ပါးစပ်တွင် ဘာဂျာကဲ့သို့ လေမှုတ်တူရိယာတစ်မျိုးကို တီးမှုတ် ကြူလျက်၊ လက်တစ်ဖက်ဖြင့် ပုဆိုး အောက်နားကိုကိုင်ကာ ကိုယ်လုံးကို ရစ်ပတ်ကရသည်။ ခြေနှင့်လက် ဟန်ကျအောင် ဝှေ့ယမ်းလှုပ်ရှားရသည်။ ခြေ၊ ခါး၊ ပုခုံး၊ ခေါင်းတို့ကိုလည်း သူဟန်နဲ့သူ လှုပ်ရှားပြရသည်။ ကြား၌ ဂျီလည်သလို တစ်ခါတစ်ခါ လည်ပတ်ရသည်။ ပါးစပ်က တေးလုံးကို မရပ်တန့်စေရ။ ပါးစပ်က တူရိယာသံစဉ်သည် ကပြသူ၏ အကအရှိန် ကို အတိုးအနိမ့် ဖြစ်စေသည်။ 

အောက်ပါတေးချင်းအပိုဒ်တွင် ဂုလ်တာစ်အက၏ဟန် တစိတ်တစ်ပိုင်းကို ဖော်ကျူးထားသည်။ 

“Hainlog ór matá háte dóri

Gulhái hái naser koñl lari

Mukot súrder baitar bací.

Dán forer né soil forer

Gultas nasar tiyañra báñgér.”

ဤတေးချင်းတွင် ဂုလ်တာစ်ကဟန်အပြင် ရှေးခေတ် သဘင်၏ မြင်ကွင်းတစ်ခုကို တွေ့ရှိရသည်။ "Dan forer né soil forer| Gultas nasar tiyañra báñgér." ဤအပိုဒ်သည် ကပွဲကြည့်ရှုရန်ရောက်လာကြသော ဆင်းရဲသား လယ်သမား ပရိတ်သတ်များက ကချေသည်များကို ငွေကြွေးစေ့အစား ဆန်၊ စပါးများ တောင်းလိုက်အိတ်လိုက် ချီးမြှင့်ကြသည့်ဓလေ့ကို တွေ့ရပါသည်။ တစ်ချို့ကမူ ဤအပိုဒ်ကို အခြားအဓိပ္ပာယ် ယူကြသည်။ ဂုလ်တာစ်အက၏အဓိက ကကွက်ဖြစ်သော တစ်ကိုယ်လုံးကို အူရစ်လည်ပတ်ရာတွင် ကြိတ်ဆုံနှင့် တင်စား၍ ဟန်ချက်ညီ၊ မညီ သရော်ပြောဆိုသော နောက်တိုးစကားဟု ဆိုကြသည်။ Baita ဆိုသော ရှေးတူရိယာတစ်မျိုးကို ဖော်ပြထားသည်။ ဘိုက်တာကို လေ့လာကြည့်သောအခါ ဝါးခြမ်း နှစ်ခုကြားတွင် အရွက်ထည့်၍ပြုလုပ်သော လေမှုတ်တူရိယာ တစ်မျိုးဖြစ်ကြောင်း သိရသည်။

ဂုလ်တာစ်အကကို အညာဒေသ ဇာတ်ပွဲများ၊ ပျော်ရေး ရွှင်ရေးများတွင် အများအားဖြင့် တွေ့ရှိရသည်။

(၂) ဒေါရ်ဗေချီနာစ် 

ဒေါရ်ဗေချီနာစ် အကသည် ပီရ်သူတော်စင်တို့ ခေတ်တွင် ပေါ်ထွန်းခဲ့သော အကတစ်မျိုးဖြစ်သည်။ ပီရ်သူတော်စင်တို့ ဇီကီးရ် အားထုတ်ရာတွင် ဇီကီရ်ရွတ်ဆိုရင်း ကိုယ်ကို လှုပ်ရှားရာတွင် ကဟန်တစ်မျိုး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤအကကို အစတွင် ဘာသာရေးပွဲတော်များ၊ အလှူပွဲများတွင် ကပြလေ့ရှိပြီး ဘာသာရေး ကောင်းမှုတစ်ခုအဖြစ်ယူဆကာ ပြုလုပ်လေ့ရှိခဲ့သည်။  နောက်ပိုင်း တွင် တဖြည်းဖြည်းကူးစက်သွားကာ အခြားပွဲတော်များဖြစ်သော မင်္ဂလာပွဲ၊ ခတ္တနာပွဲတို့တွင်လည်း ခေတ်စားလာခဲ့သည်။ ဒေါရ်ဗေချီ နာစ် အကကို အနည်းဆုံးလူငါးယောက်စု၍ ကရသည်။ ကဟန်မှာ အဖွဲ့ဝင်လူတို့သည် စက်ဝန်းသဏ္ဌာန် ဝိုင်း၍ရပ်ကာ တစ်ညီ တစ်ညွတ်တည်း လက်ဆန်း၊ လက်မြောက်၊ လက်ဆုတ်၊ ခြေရှေ့တိုး၊ ခြေနောက်ဆုတ်၊ ထိုင်၊ ထ ပထမနည်းအတိုင်း ပြန်စရင်း အုပ်စုလိုက် တရွေ့ရွေ့ ဝိုင်းဝန်းလည်ပတ်ရသည်။ အကတစ်ပွဲ၏ အချိန် အတိုင်းအတာသည် သူတို့သီဆိုသော တေး သို့မဟုတ် ဓမ္မတေး၏ အချိန်ပေါ်မူတည်သည်။ ပီရ်သူတော်စင်ခေတ် ကုန်သွားသော်လည်း ဒေါရ်ဗေချီနာစ် အကမှာမူ ရိုဟင်ဂျာရိုးရာ တစ်ခုအဖြစ် ကျန်ရှိခဲ့လေသည်။ 

"Ruur chánto zikír maarfót

Darvechi goré ton hórkot"

ဤလင်္ကာပိုဒ်သည် ဒေါ်ရ်ဗေချီအကနှင့် ကိုယ်ခန္ဓာ လှုပ်ရှားကာ ဇီကီးရ် ရွတ်ဆိုခြင်းဖြင့် စိတ်ဝိညာဉ်၏ တည်ငြိမ် အေးချမ်းခြင်းကို ဖြစ်စေပါသည်ဟု ဆိုလိုသည်။ 

ဤအကကို စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသောဒေသများတွင် ယနေ့တိုင် တွေ့ရှိရသည်။ 

(၃) အာရော်ခ်ျချားနာစ်

အာရော်ခ်ျချားနာစ်အကမှာ စစ်သည်တော်၊ စစ်မှုထမ်းများ ကပြသော ဓားအက တစ်မျိုးဖြစ်သည်။ စိတ်ထဲတွင် ရဲသွေးတက် လာသည်မျိုးခံစားရသည်ဟု ဆိုသည်။ တစ်ချို့နေရာတွင် ကာမန်ချီအကဟုလည်း ခေါ်သည်။ ရှေ့အခါက နန်းတွင်း၌ စစ်ထွက်ရာတွင်လည်းကောင်း၊ အောင်ပွဲခံရတွင်လည်းကောင်း အများအားဖြင့် ကကြသည်ဟုဆိုသည်။ နောက်ပိုင်းတွင် နန်းတွင်းမှတဆင့် မြို့ပြ၊ ကျေးလက်တောရွာများအထိ ခေတ်စားလာခြင်းဖြစ်သည်။ ကဟန်မှာ ငှက်ကြီးတောင်ဓားရှည်ကို ဆုပ်ကိုင်၍ကရသည်။ အုပ်စုလိုက်ကနိုင်သလို တစ်ယောက်တည်း လည်း ကပြပျော်ဖြေနိုင်သည်။ ခြေတစ်ဖက်ကို ရှေ့တစ်လှည့်၊ နောက်တစ်လှည့် ခုန်ပေါက်ရွေ့ရသည်။ ခြေရွေ့ရာတွင် ကိုယ်လက် ခန္ဓာကိုပါ ဟန်ချညီညီ ရွေ့ရသည်။ ဓားကို မြောက်ထောင် ကိုင်ထားရသည်။ တဖန် ဝင့်သည့်ဟန်၊ ဆောင့်သည့်ဟန်များဖြင့် ကရသည်။ အင်မတန်ထူးဆန်းသော ဟန်ရေးပြ အကမျိုးပင် ဖြစ်သည်။ 

အာရော်ခ်ျချားနာစ်မှာ အာရဗ်ရှားဟုခေါ်သော ရှားရှူဂျာ မင်းသားနှင့်အပေါင်းအဖော်တို့ အာရကန်ပြည်သို့ ခိုလှုံလာခဲ့သော အခါ သူတို့နှင့်အတူပါလာသော အကတစ်မျိုးဖြစ်ဟန်တူသည်။ ယခုအခါ အာရကန်ပြည်အနှံ့အပြား၌ ပျော်ပွဲရွှင်ပွဲများတွင် တွေ့ရပါသည်။ (စာရေးသူငယ်စဉ်က မောင်တောကျေးရွာတစ်ရွာ၌ မင်္ဂလာပွဲတစ်ပွဲတွင် ကိုယ်တိုင်တွေ့မြင်ဖူးသည်။) 

(၄) ဂါဆာ့နာစ်                               

ဂါဆာ့နာစ်မှာ နတ်အက တစ်မျိုးဖြစ်သည်။ အများအားဖြင့် အောက်လမ်းဆရာ၊ ပယောဂဆရာများက နတ်ပူးသော ဝေဒနာရှင်များကို ရောဂါကုသသည့်အခါ ဤအကကို တွေ့ရှိရသည်။ ပယောကဂဆရာသည် နတ်ကိုခေါ်ယူ ရောဂါကုသ ရန် Añth ခေါ်သော ကပွဲတစ်ပွဲကို ဆင်နွှဲလေ့ရှိသည်။ ထိုပွဲတွင် ဆရာဖြစ်သူက ပရိသပိတ်ထောင်ကာ မန္တယာများရွတ်ဖတ်လျက် ဗုံတီးခတ်သည်။ Gasa ဟုခေါ်သော ပယောဂဆရာ၏ တပည့် တစ်ယောက်က ထ ကရသည်။ ကဟန်မှာ လက်နှစ်ဖက်အုပ်ချီကာ တဆတ်ဆတ် တုန်ခါလျက် တစ်ကိုယ်လုံး ယိုင်လဲ ရစ်ပတ်ကာ အကကို အစချီရသည်။ တဖြေးဖြေး လက်ဆန့်၊ လက်လည် စသည်ဖြင့် ခုန်ပေါက်လှုပ်ရှားရသည်။ ကိုယ်လက်တုန်ခါမှုက ကကြိုးတေးလုံးနှင့် တိုက်ရိုက်အချိုးကျသည်။ တစ်ခါတလီ ဟန်ချမညီဖြစ်တတ်သည်။ 

ဤအကသည် စိတ်ကိုအင်မတန် လှုပ်ရှားစေသည်။ ဂါဆာ့နာစ်သည် ပယောဂဆရာ၏ မန္တယာကြောင့် အလိုအလျောက် ကဟန်ဖြစ်လာသည်ဟု ဆိုကြသည်။ ဤကဟန်ကို ဂုလ်တာစ် အကတွင်လည်း တစ်ခါတစ်လေ ရောထွေး တွေ့ရတတ်သည်။ ပယောကဆရာ၏ အင်းဌ်ပွဲ ရှိလျှင် ဤအကကို မုချပင် တွေ့ရမည် ဖြစ်ပါသည်။ 

         ရိုဟင်ဂျာစာပေ ရိုးရာယဉ်ကျေးမှုအနုပညာတို့ကိုသည် ကမ္ဘာတည်သရွေ့ တည်တံ့ပါစေ။ ©© 

         — လူထုဝဏ္ဏ 

            (၁၃-၂-၂၀၂၁)

(စာဖတ်သူပရိသတ်တို့သည် ရှေးရိုးရာယဉ်ကျေးမှု အနုပညာနှင့်ပတ်သတ်၍ တစ်စုံတစ်ရာ သိရှိပါက စာရေးသူ၏ ပေ့ခ်ျတွင်လည်းကောင်း၊ စာရေးသူနှင့်တိုက်ရိုက်သော်လည်းကောင်း မျှဝေ၍ ရိုဟင်ဂျာစာပေ အနုပညာ ဖော်ထုတ်ရာတွင် တစ်ဖက် တစ်လမ်းက ကူညီပံ့ပိုးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)  


No comments:

Post a Comment