Tuesday, April 5, 2022

ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၁-၂-၃-၄-၅-၆-၇)


ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၁)

ရဲဟိန်းအောင်


              ဗမာပြည်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ပြီခေတ် စသဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရှုပ်ထွေးတဲ့ နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးရေး ပြဿနာတွေ ထုနဲ့ထည်ပါ။ အငြင်းပွားမှုတွေကလည်း အများအပြားရှိပါတယ်။ အဲ့လို ပြဿနာတွေ၊ ကိစ္စရပ်တွေ၊ အငြင်းအခုံတွေကြားမှာ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကတော့ လူစိတ်ဝင်စားမှုအများဆုံးလို့ ပြောရပါမယ်။ ၂၀၁၂ ခုနှစ်လောက်ကစပြီး ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်ဖြစ်လာတဲ့ ပဋိပက္ခတွေ၊ အတော်အသင့် စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ဆိုရှယ် မီဒီယာ (အထူးသဖြင့် facebook) အသုံးပြုသူတွေကြားထဲမှာ ရိုဟင်ဂျာ လူမျိုးစု တွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ငြင်းကြခုံကြ၊ ဆဲကြဆိုကြနဲ့ပါ။


                အဲ့ဒီအချိန်ကစလို့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ရင် လေ့လာဖတ်ရှုပြီး ပြောကြဆိုကြတာတွေထက် ကိုယ်ရဲ့ အသိပညာ အကျဉ်းအကျယ်ပေါ်မူတည်ပြီး ထင်တိုင်းပြောကြတာတွေက ပိုများပါတယ်။ အမျိုးသားရေး အစွန်းရောက်အမြင်၊ နိုင်ငံရဲ့ လုံခြုံရေးရှုထောင်၊ ဘာသာခြားမုန်းတီးမှု၊ နယ်စပ်ပြဿနာ၊ အစ္စလာမ်ဘာသာကို ကြောက်ရွံ့တဲ့ အမြင်၊ အကြမ်းဖက်ဝါဒ စတဲ့ စတဲ့ ရှုထောင့်အမြင်တွေ ပါဝင်တာတွေ့ရပါတယ်။ အဲ့လိုပြောကြဆိုကြပြီဆိုရင်လည်း အချက်အလက်ကို အခြေခံပြောဆို ငြင်းခုန်တာထက် အမုန်းစကားတွေကို အသားပေးပြောကြတာပါ။ ဒီနေရာမှာ ပြောဆိုတယ်လို သုံးနှုန်းထားတယ်ဆိုပေမယ့် အရေးအသားနဲ့ စကားအပြောအဆို ၂ခုထဲကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ သီချင်းတွေ၊ ဇာတ်လမ်းတွေ၊ ကာတွန်းတွေနဲ့ အငြိမ့်တွေ အထိပါဝင်ပါတယ်။

             စွတ်စွဲပြောဆိုမှုတွေ မျိုးစုံရှိကြသလို ထင်သလို ကောက်ယူအဓိပ္ပါယ်ဖွင့်တာတွေလည်း ပုံစံအစုံပါ။ အပေါ်မှာပြောတဲ့ ပြောကြဆိုကြတဲ့ သူတွေထဲမှာ လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်တဲ့ နိုင်ငံရေးနဲ့ လူမှုရေးနယ်က ပုဂ္ဂိုလ်တွေ၊ စာနယ်ဇင်းသမားတွေ၊ နာမည်ကြီးထင်ရှားတဲ့ ကဗျာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာကအစ ဗီဒီယို၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်က ထင်ရှားသူတွေအလယ် ပညာတစုံတရာတတ်သူတွေ၊ ဘုန်းတော်ကြီးတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေအဆုံး ပါဝင်ကြပါတယ်။

ပြောဆိုကြတဲ့ အချက်တွေအထဲက အများဆုံးကြားရတာကတော့

              ရိုဟင်ဂျာ ဆိုတာ မရှိဘူး ဘင်္ဂါလီပဲရှိတယ်။ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာတဲ့ ခိုးဝင်ကုလား/ခိုးဝင်ဘင်္ဂါလီ။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား ၁၃၅မျိုးထဲမှာ မပါဘူး။ အနောက်တံခါးကို ကျူးကျော်ခံရတာ။ ငါတို့ ဘဝမှာ ရိုဟင်ဂျာ ဆိုတာ တခါမှ မကြားဖူးဘူး။ ရိုလိမ်ညာတွေ။ ရခိုင်ကို မွတ်ဆလင်တိုင်းပြည်ဖြစ်အောင်လုပ်ပြီးရင် ကုလားတွေက တတိုင်းပြည်လုံးကို သိမ်းမှာ။ သားဖောက်နယ်ချဲ့နေတဲ့ ဘာသာရေးက လူတွေ။ မိန်းမလေးယောက်ယူပြီး ကလေးတပြွတ်ပြွတ်မွေးနေတဲ့ဟာတွေ။ ဗုဒ္ဓဘာသာကို ကွယ်ပျောက်အောင် လုပ်ဖို့ ကြိုးစားနေတာ။ လူမျိုးရေး ဝါးမျိုးဖို့ လုပ်နေတာ။ နယ်မြေသိမ်းပိုက်ဖို့ ဆော်ဒီက လမ်းညွှန်နေတာ။ ကုလားအုပ်လိုကောင်တွေ။ သမိုင်းတု သမိုင်းလိမ် ဖန်တီးတဲ့ လူမျိုး။ မဲမဲသဲသဲတွေ။ ရွံစရာကောင်းတဲ့ဟာတွေ စတဲ့ စတဲ့ အမုန်စကားနဲ့ ရန်လိုတိုက်ခိုက်တဲ့ စကားတွေကို ပြင်းပြင်းထန်ထန် ကျယ်ကျယ်ပြန့်ပြန့် ပြောကြပါတယ်။

           ဒီပြောစကားတွေနဲ့ ပတ်သက်ပြီး တုံ့ပြန် ရှင်းပြတာ၊ ပြန်လည်ငြင်းခုန်တာမျိုး လုပ်ခဲ့ကြပေမယ့် တကယ်ကို မလွယ်တဲ့ အနေအထားပါ။ ဒါတွေကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး အကြားရဆုံး၊ အလွှမ်းမိုးနိုင်ဆုံး ပြောစကားတွေ ဇာတ်ကြောင်းတွေပါ။

          ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့က စပြီး စစ်တပ်က အာဏာသိမ်းဖို့ကြိုးစားနေတဲ့ အခုလို ကာလကို ရောက်လာတဲ့ အထိမှာတော့ ဗမာပြည်ထဲက ပြည်သူတွေရဲ့ (အထူးသဖြင့် လူငယ်) တွေရဲ့ အမြင်ကတော့ ရိုဟင်ဂျာတွေ အပါအဝင် တခြားသော လူမျိုးစုတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ ပိုဖြစ်လာတာကို တွေ့ရပါတယ်။ ပိုပြီး သိချင်တာတွေများလာသလို လေ့လာမှုတွေလည်း လုပ်လာကြပါတယ်။

            အခုကတော့ ကျနော်ရဲ့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ သမိုင်းကြောင်းနဲ့လူမျိုးစုရေးရာ အချက်တွေကို တူမီးတော်လှန်ရေး စာစောင်မှာ ဖော်ပြသွားဖို့ ကြိုးစားပါမယ်။ အဓိကကတော့ အချက်အလက်တွေနဲ့ ကျနော့် အမြင်ကို ပြောပြမှာပါ။ လက်ခံဖို့ဆိုတာထက် ထည့်သွင်းစဉ်းစားဖို့ပါ။ အခုစစခြင်း ဒီတပတ်ကတော့ ခင်ဗျာတို့ ကျနော်တို့ ဝန်းကျင်မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ထဲ ပြောဆိုခဲ့ကြတဲ့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး အပေါ်မှာပြောထားတဲ့ အမြင်တွေ၊ စကားတွေကို ကိုယ်တိုင်ရော ပြောခဲ့လား၊ ကြားရောကြားခဲ့မိလား ပြန်စဉ်စားဖို့ပဲ အကြံပြုပါတယ်။

Ref:

       တူမီး တော်လှန်ရေးစာစဉ် အမှတ်စဥ် ( ၄၄ )


 ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၂)

ရိုဟင်ဂျာတွေက တိုင်းရင်းသားတွေ ဟုတ်ရဲ့လား


ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး ဗမာပြည်က ပြည်သူလူထုတွေကြားထဲမှ အပြောများဆုံး ဇာတ်ကြောင်းတွေ အမုန်းစကားတွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့ပါတယ်။ ဒီတပတ် ပြောပြမယ့် အကြောင်းအရာကတော့ ရိုဟင်ဂျာ လူမျိုးစု တွေနဲ့ ပတ်သက်ပြီး အမေးမြန်းခံရဆုံးမေးခွန်းအကြောင်းပါ။ ကျနော့် အနေနဲ့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းဆိုင်ရာနဲ့ လူမျိုးစု ရေးရာ ကိစ္စတွေ၊ သူတို့ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ကိစ္စတွေကို ကာလတခု အချိန်ယူပြီး လေ့လာဖြစ်ခဲ့တယ်။ နောက်ပိုင်မှာ စာတမ်းနဲ့ အစီရင်ခံစာတချို့ ရေးသားဖြစ်ခဲ့သလို၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့ နိုင်ငံရေး ပါတီတချို့ကို ဟောပြောပို့ချတာ၊ သင်တန်းပေးတာ၊ ဆွေးနွေးတာတွေ လုပ်ဖြစ်ခဲ့ပါတယ်။ အဲ့လို လုပ်ခဲ့တဲ ကာလတလျှောက် အမေးခံရဆုံးမေးခွန်းကတော့ “ရိုဟင်ဂျာတွေက တိုင်းရင်းသားတွေ ဟုတ်ရဲ့လား” ဆိုတဲ့ မေးခွန်းပါ။


ဒီမေးခွန်းက နွေဦးတော်လှန်ရေးကာလမတိုင်ခင်ကရော အခုလို ပြည်သူတွေ အမြင်ပိုပွင့်လာတဲ့ ကာလအထိရော ကျနော်အမေးခံရဆုံး မေးခွန်းဖြစ်ပါတယ်။ မေးခွန်းရဲ့ နောက်ဆက်တွဲနဲ့ အတူ တွဲလျက်ပါလာတဲ့ အမြင်တွေလည်း ရှိပါတယ်။ အဲ့ဒါက သူတို့က တိုင်းရင်းသား အခွင့်အရေးကို ဘာလို့ လိုချင်နေကြတာလဲ။ နောက် တိုင်းရင်းသားဖြစ်ပြီးရင် နိုင်ငံရေး အာဏာတွေ ဘာတွေရသွားရင် ဘယ်လို လုပ်မလဲဆိုတာတွေပါ။ ဒါတွေက ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ ကိုးကွယ် ယုံကြည်မှု မတူတဲ့ သူတွေနဲ့ ပတ်သက်ပြီးရှိနေတဲ့ စိုးရိမ်စိတ်နဲ့ ကြောက်စိတ်ကို ထင်ဟပ်နေပါတယ်။ ဒီလို လူ့အဖွဲ့အစည်းရဲ့ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေ၊ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ အမြင်ဗဟုသုတ ကန့်သတ်ခံရတဲ့ အခြေအနေတွေကို စစ်တပ်အပါအဝင် အာဏာရှိတဲ့ သူတွေ ကအသုံးချပြီး ရိုဟင်ဂျာ လူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေ ကန့်သတ်ခွဲခြားမှုတွေကို ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။


“ရိုဟင်ဂျာတွေက တိုင်းရင်းသားတွေ ဟုတ်ရဲ့လား” ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ရှင်းပြပါမယ်။ ဒီမေးခွန်းမှာ ပါနေတဲ့ အရေး အကြီးဆုံးက တိုင်းရင်းသားဆိုတဲ့ ဝေါဟာရ။ “တိုင်းရင်းသား” လို့ဆိုလိုက်တာနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃စု အတွင်း ကျနော်တို့ လူ့အဖွဲ့အစည်းကသူတွေ ပြေးမြင်ကြတာက ၁၃၅ ဆိုတဲ့ စာရင်းပါ။ ဒီစာရင်မှာပါရင် တိုင်းရင်းသားဖြစ်ပြီး ဒီစာရင်မှာ မပါရင် တိုင်းရင်းသား မဟုတ်ပါဘူး။ ဒီအယူအဆက အခုချိန်ထိတောင် အရှိန်အဟုန် တခုနဲ့ လွှမ်းမိုးနိုင်ဆဲ ရှိပါသေးတယ်။ ဒီစာရင်းနဲ့ ပတ်သက်ပြီး ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတဲ့ အပိုင်းတွေကို ဆန်းစစ်ဖို့နဲ့ သုံးသပ်မှုတွေ လုပ်ဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ အဲ့လို ပျက်ကွက်ခဲ့ကြတဲ့ သူတွေထဲမှာ သက်ဆိုင်ရာ ပညာရေးအဆောက်အအုံကသူတွေ၊ အုပ်ချုပ်သူတွေ၊ လွတ်လပ်တဲ့ ပညာရှင်တွေ အတော်များများပါပဲ။ ရိုဟင်ဂျာ လူမျိုးစုတွေပတ်သက်ပြီး ပြောကြရင် တော်တော်များများရဲ့ အလွယ်ကောက်ချက်ကတော့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဘူး၊ မပါတဲ့ အတွက် တိုင်းရင်းသား မဖြစ်နိုင်ဘူးဆိုပြီး ဖြစ်ပါတယ်။


ဒီနေရာမှာ တိုင်းရင်းသား ဖြစ်မှုနဲ့ ပတ်သက်ပြီး အာဏာရှင်တွေရဲ့ တည်ဆောက်ထားတဲ့ အချက်အလက်တွေကိုလည်း ကျနော်တို့က ရှင်းရှင်းသိထားဖို့ လိုအပ်ပါတယ်။ ဗမာပြည်မှာ လွတ်လပ်ရေး ရပြီးတဲ့ အချိန်ကစလို့ နိုင်ငံသားဖြစ်မှု ဥပဒေတွေ ပြဌာန်းကျင့်သုံးခဲ့ပါတယ်။ အခု ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့အတိုင်ခင်အထိ အသက်ဝင်ကျင့်သုံးခဲ့တဲ့ ဥပဒေကတော့ ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် (၄) အဖြစ် အတည်ပြုပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံသား ဥပဒေပါ။ ၁၉၈၂ နိုင်ငံသား ဥပဒေရဲ့ အခန်း (၂) ပုဒ်မ (၃) မှာတော့ “နိုင်ငံတော်တွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှ စ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်။” လို့ဖော်ပြထားပါတယ်။ ဒီအချက်အရ မြန်မာနိုင်ငံသားဖြစ်ဖို့ တနည်းမွေးရာပါ နိုင်ငံသားအခွင့်အရေး ရဖို့ဆိုရင် ၁၈၂၃ခုနှစ် မတိုင်ခင် လက်ရှိ ဗမာပြည်ရဲ့ နယ်နိမိတ်ထဲမှာ နေထိုင်ခဲ့ကြောင်း ရှိနေကြောင်း သက်သေပြနိုင်ဖို့ လိုအပ်လာပါတယ်။


နောက်တချက်က တိုင်းရင်းသားဆိုတာ ဘယ်သူတွေလဲဆိုတဲ့ ကိစ္စပါ။ ဗမာပြည်မှာ တိုင်းရင်းသား (၁၃၅) မျိုးရှိကြောင်းနဲ့ ဘယ်သူတွေက တိုင်းရင်းသားဖြစ်ကြောင်းကို ပထမဆုံးဖော်ပြခဲ့တာက ၁၉၉၀ ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့ထုတ် လုပ်သားပြည်သူ့သတင်းစာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစာရင်းနဲ့ ပတ်သက်လို့ ဘယ်လိုအခြေခံအချက်တွေပေါ်မှာ ပြုစုထားတယ်ဆိုတာကလည်း တိကျတဲ့ သတ်မှတ်ချက်ကို အစိုးရ အဆက်ဆက် အခုအချိန်ထိ ဖော်ပြနိုင်ခြင်း မရှိပါဘူး။


ဒါတွေကတော့ ဗမာပြည်မှာ ရိုဟင်ဂျာ လူမျိုးစုတွေက တိုင်းရင်းသား ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းနဲ့ သက်ဆိုင်တဲ့ အချက်တွေပါ။ အဲ့တော့ ဗမာပြည်ထဲမှာ နှစ်ပေါင်းရာနဲ့ချီပြီး တည်ရှိလာတဲ့ လူမျိုးစုတခုဟာ သူရဲ့ မွေးရာပါ နိုင်ငံသား အခွင့်အရေးတွေ ရရှိဖို့အတွက် ၁၈၂၃ ခုနှစ် မတိုင်မီက ဗမာပြည်ထဲရောက်ရှိနေကြောင်း သက်သေပြဖို့လို အပ်သလိုဖြစ်နေပါတယ်။ နောက် ၁၃၅ မျိုးဆိုတဲ့ ခိုင်မာတိကျမှုမရှိပဲ အာဏာရှင် အဆက်ဆက် လိုသလိုတည်ဆောက်ထားတဲ့ စာရင်းတခုကို အသုံးပြုပြီး လူမျိုးစုတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ခဲ့ကြပါသေးတယ်။ ဒီလိုလုပ်ခဲ့ကြတာက ဖက်ဆစ်စစ်တပ်နဲ့ စစ်အာဏာရှင်တွေတင်မကပါဘူး ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက် တာဝန်ရှိသူတွေပါသလို၊ နိုင်ငံရေးနဲ့ ပညာရေး အသိုင်းအဝိုင်းတခုလုံးပါပဲ။ ပြည်သူတွေကတော့ အရပ်စကားနဲ့ ပြောရရင် ဒီလူတွေရဲ့ ဂျင်းထဲခြင်း ခံခဲ့ရသူတွေပါ။


ဒီတပတ်ကတော့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ကျနော်အမေးခံရဆုံးမေးခွန်းနဲ့ ဆက်စပ်တဲ့ အမြင်တွေကို တင်ပြပေးခဲ့တာပါ။ ကျနော်ရဲ့ အဖြေကို အခုမပေးသေးပါဘူး။ ဆက်လက်ဖော်ပြမယ်ဆောင်းပါးတွေမှာ ပါတဲ့ အချက်အလက်တွေကိုပဲ ဆန်းစစ်ပြီး ခင်ဗျားတို့ ကိုယ်တိုင်ဖြေကြားဖို့ပဲ တိုက်တွန်းလိုပါတယ်။


တူမီး တော်လှန်ရေးစာစဉ် အမှတ်စဥ် (၄၅)


 ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၃)

           “ရိုဟင်ဂျာဆိုတာ တခါမှ မကြားဖူးဘူး”


ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်ထဲမှာ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ပြောကြဆိုကြ ဆွေးနွေးကြရင်ပဲဖြစ်ဖြစ်၊ သတင်းမီဒီယာနဲ့ လူမှုကွန်ယက်မှာ ပြောဆိုကြရင်ပဲဖြစ်ဖြစ် တုန့်ပြန်မှုအများဆုံး စကားတွေထဲမှာ ဒီစကားကလည်း ပါဝင်ပါတယ်။ ကျနော်ကိုယ်တိုင် သင်တန်းတွေ ဆွေးနွေးပွဲတွေမှာ တက်ရောက်လာတဲ့ သူတွေကို မေးကြည့်ပါတယ်။ “ခင်ဗျားတို့ ရိုဟင်ဂျာဆိုတာကို ဘယ်တုန်းက စကြားဖူးတာလဲ” ဆိုပြီး။ ရလာတဲ့ အဖြေကတော့ ၂၀၁၂ နောက်ပိုင်းမှ၊ ၂၀၁၇ နောက်ပိုင်းမှ ဆိုတာတွေပါ။ အဲ့တော့ ကိုယ်မကြားဖူးရင်၊ ကိုယ်မသိရင် အဲ့သည်ကိစ္စ၊ အဲ့သည်လူမျိုး၊ အဲ့သည့် အရာဝတ္ထု တခုခုဟာ တည်ရှိခွင့်၊ ဖြစ်တည်ခွင့် မရှိတော့ ဘူးလားဆိုပြီး ထပ်ပြီး မေးခွန်းပြန်ထုတ်ရပါတယ်။


ဒီတပတ်မှာတော့ ငါတို့တခါမှ မကြားဖူးလို့ မရှိရဘူးဆိုတဲ့ ရိုဟင်ဂျာလူမျိုးစုတွေနဲ့ ပတ်သက်လို့ ပဒေသရာဇ်ခေတ် မြန်မာ့တွေရဲ့ သမိုင်းထဲက ကုန်းဘောင်ခေတ်ဘုရင်တပါးဖြစ်တဲ့ ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက်မှာ ထုတ်ဝေတဲ့ စာအုပ်တအုပ်ထဲက ဖော်ပြချက်တွေကို တင်ပြမှာပါ။ ဗဒုံမင်း (ဘိုးတော်ဘုရား)ဟာ ကုန်းဘောင်ထီးနန်ကို ၁၇၈၂ခုနှစ် ကနေ ၁၈၁၉ ခုနှစ်အထိ ရှင်ဘုရင်အဖြစ် အုပ်စိုးခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်မှာတော့ ဘိုးတော်ဘုရားက ရခိုင်ဘုရင့်နိုင်ငံကို ကိုလိုနီပြုပြီး သိမ်းပိုက်လိုက်ပါတယ်။ အဲ့ဒီလို သိမ်းပိုက်ပြီး ၁၅နှစ်အကြာမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်မှာ ရိုဟင်ဂျာ လူမျိုးတွေရဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီး မှတ်တမ်းတင် ဖော်ပြထားတာပါ။


တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဘိုးတော်ဘုရား ရခိုင်ဘုရင့်နိုင်ငံတော်ကို သိမ်းပိုက်ခဲ့တဲ့ ၁၇၈၄ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ Asiatick Society က ထုတ်ဝေခဲ့တဲ့ ပဉ္စမမြောက် စာစောင်မှာ ဖော်ပြထားတာပါ။ Asiatick Society ဆိုတာကတော့ အိန္ဒိယနဲ့ ဝန်းကျင်ဒေသတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာသုတေသနပြုဖို့ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ လက်ထက်မှာ ထူထောင်ခဲ့တဲ့ အဖွဲ့အစည်းတရပ်ပါ။ ဒီအဖွဲ့ရဲ့ ပဉ္စမမြောက်စာစောင်ကို ၁၇၉၉ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီစာစောင်မှာ ဖရန်စစ် ဘူချာနန် (Francis Buchanan) ရဲ့ “ဗမာပြည်အတွင်း ပြောဆိုကြသည့် အချို့သော ဘာသာစကားများ၏ ဝေါဟာရများအား နှိုင်းယှဉ်လေ့လာခြင်း” ဆိုတဲ့ စာတမ်း တစောင်ကို ထည့်သွင်းဖော်ပြထားပါတယ်။ (၁)


စာတမ်းထဲမှာ ဗမာပြည်ထဲမှာ ရှိတဲ့ အချို့သော လူမျိုးစုတွေရဲ့ ပြောစကားတွေကို ဝေါဟာရ နှိုင်ယှဉ်လေ့လာမှုတွေနဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး ဖော်ပြချက် အနေနဲ့ အချက် (၃) ချက် တွေ့ရပါတယ်။


(၁) မဟာမက်ဒင် (အစ္စလာမ်ဘာသာဝင်များအား ရည်ညွှန်သည့် အသုံးအနှုန်း) တွေဟာ ရိုဗင်ဂေါ် (Rovingaw) လိုခေါ်ပြီး၊ ပါရှန်းတွေကတော့ ရကန် (Rekan) လို့ခေါ်တဲ့ အာရကန် မှာ အခြေချနေထိုင်ကြပါတယ်။ (၂)


(၂) အာရကန်မှာ နှစ်ပေါင်းရှည်ကြာ အခြေချနေထိုင်ကြတဲ့ မဟာမက်ဒင်တွေရဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီး ဖော်ပြထားပါတယ်။ အဆိုပါ မဟာမက်ဒင်တွေဟာ သူတို့ကိုသူတို့ ရိုအင်ဂါ (Rooinga) လို့ခေါ်ကြပြီး၊ အာရကန်ရဲ့ ဒေသခံတွေ ဖြစ်ကြပါတယ်။ (၃)


(၃) လူမျိုးတွေတိုင်းမှာ ရှိကြတဲ့ အခြေခံဝေါဟာရတွေဖြစ်တဲ့ နေ၊ လ၊ ကြယ်၊ ရေ၊ မီး၊ အမျိုးသား၊ အမျိုးသမီး၊ ကလေး စတဲ့ စကားလုံး ၅၀ ကို ရိုအင်ဂါ၊ ရိုဆဝန် (အာရကန်မှ ဟိန္ဒူများ)နဲ့ ဘန်ဂေါ ဘာသာစကားတွေနဲ့ နှိုင်ယဉ်ပြထားတာပါ။ (၄)


ဒီနှိုင်းယှဉ်ချက်မှာဆိုရင်လည်း ရိုအင်ဂါ ဘာသာစကားနဲ့ ဘန်ဂေါ ဘာသာစကားမတူညီဘူးဆိုတာကိုတိတိကျကျ တွေ့ရမှာပါ။


ဒါတွေကတော့ ဖရန်စစ် ဘူချာနန်ရဲ့ စာတမ်းထဲမှာပါတဲ့ ရိုဟင်ဂျာ လူမျိုးတွေနဲ့ ပတ်သက်တဲ့ ဖော်ပြချက်ပါ။ ဒီအချက်တွေမှာပါတဲ့ အာရကန် (ရခိုင်ဒေသ)၊ မဟာမက်ဒင်ဆိုတဲ့ အစ္စလာမ်ဘာသာဝင်တွေကို အဲ့တုန်းက ရည်ညွှန်တဲ့ ခေါ်ဆိုမှုနဲ့ ရိုအင်ဂါဆိုတဲ့ အချက်တွေဟာ ဒီက‌နေ့ ကျနော်တို့ သိထားတဲ့ ရိုဟင်ဂျာ လူမျိုးတွေကို ရည်ညွှန်ထားတဲ့ အချက်တွေဖြစ်ကြောင်း သိသာထင်ရှားပါတယ်။ ဒီနေရာမှာ ကျနော့်အနေနဲ့ ခင်ဗျားတို့ကို သတိပြုစေလိုတဲ့ တချက်ကတော့ စာတမ်းကို ထုတ်ဝေခဲ့တဲ့ ၁၇၉၉ဆိုတဲ့ ခုနှစ်ကိုပါ။


နောက်ပြောစရာရှိတာတခုကတော့ ဖရန်စစ် ဘူချာနန်ရဲ့ ဒီစာတမ်းကို လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနဲ့ အာဖရိက လေ့လာရေးဌာနက ထုတ်ဝေတဲ့ SOAS Bulletin of Burma Research (SBBR) စာစောင် အတွဲ (၁)၊ အမှတ် (၁) မှာ ပြန်လည်ထည့်သွင်း ဖော်ပြထားတာပါ။ ဒီလိုထည့်သွင်းဖော်ပြတဲ့အခါမှာ စာစောင် အယ်ဒီတာဖြစ်သူ ပါမောက္ခ မိုက်ကယ်ချားနေ (Michael W. Charney) က “ဒီစာတမ်းက ဗမာပြည်က ဘာသာစကားတွေနဲ့ ပတ်သက်ပြီး အနောက်တိုင်းရဲ့ ပထမဆုံး အဓိကကျတဲ့ လေ့လာမှုဖြစ်တယ်၊ ဘိုးတော်ဘုရားလက်ထက်မှာရှိတဲ့ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုနဲ့ ကိုယ်လက္ခဏာရပ်တွေနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်အလက်တွေကို ပံ့ပိုးပေးနိုင်တာကြောင့် ပြန်လည်ဖော်ပြရကြောင်း” မှတ်ချက်ပေးထား ပါတယ်။ (၅)





အပေါ်က တင်ပြခဲ့တဲ့ အချက်တွေနဲ့ ပတ်သက်လို့ မူရင်စာတမ်းတွေကို အင်္ဂလိပ်ဘာသာနဲ့ လေ့လာချင်တယ်ဆိုရင် ဒီ link မှာ download ရယူနိုင်ပါတယ်ခင်ဗျ။


https://drive.google.com/drive/folders/1oP2k0bz10NeLtXwOyJqMzbNS1CFNucj1?usp=sharing


(၁) Buchanan, Francis (1799). A Comparative Vocabulary of Some of the Languages Spoken in the Burma Empire. Asiatic Researches 5. 219 - 240.

(၂) Buchanan, Francis (1799). A Comparative Vocabulary of Some of the Languages Spoken in the Burma Empire. Asiatic Researches 5. 223.

(၃) Buchanan, Francis (1799). 237.

(၄) Buchanan, Francis (1799). 238-240.

(၅) SOAS Bulletin of Burma Research, Vol. 1, No., 1, Spring 2003


ကိုးကား

        တူမီး တော်လှန်ရေးစာစဉ် အမှတ်စဥ် (၄၆)


ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၄)

၁၈၂၃ မတိုင်မီက ရိုဟင်ဂျာ ဘာသာစကားအကြောင်း ဖော်ပြချက်


ရိုဟင်ဂျာလူမျိုးစုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တူမီးတော်လှန်ရေးစာစောင်မှာ ကျနော်ရေးသားလာခဲ့တာ အခုဆောင်းပါးနဲ့ဆို ၄ ပုဒ်မြောက်ရှိပါပြီ။ ဆောင်းပါး အမှတ် (၂)မှာ ၁၉၈၂ နိုင်ငံသား ဥပဒေအကြောင်း ရေးသားခဲ့ပါတယ်။ အဲဒီဥပဒေအရ ၁၈၂၃ ခုနှစ် မတိုင်မီ ဗမာပြည်ထဲမှာ ရှိခဲ့တဲ့ လူမျိုးစုတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်ကြောင်းဖော်ပြထားပါတယ်။ အခုချိန်အထိ ဗမာပြည်က တည်ဆဲ ဥပဒေတွေ အရဆိုရင် တိုင်းရင်းသားမဖြစ်ရင် လူ့အခွင့်အရေး၊ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးတွေကို တန်းတူညီမျှစွာ ရရှိဖို့ မဖြစ်နိုင်ပါဘူး။ တကယ်တမ်းမှာတော့လည်း တိုင်းရင်းသားဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်ကို ရနေတဲ့ လူမျိုးစုတွေလည်း အစိုးရအဆက်ဆက်က တန်းတူညီမျှစွာ ဆက်ဆံခံခဲ့ရတာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တရားဝင် သတ်မှတ်ချက်တွေ ဖြစ်တာကြောင့် ကျနော်တို့လို့ သုတေသီတွေ၊ နောက်လူ့အခွင့်အရေး လှုပ်ရှားသူတွေအနေနဲ့ ရိုဟင်ဂျာလူမျိုးစုတွေအကြောင်း ပြောဆိုဆွေးနွေးတဲ့အခါ ရိုဟင်ဂျာ လူမျိုးစုတွေက ၁၈၂၃ မတိုင်မီကတည်းက ဒီတိုင်းပြည်မှာ အခြေချ နေထိုင်တဲ့ သူတွေဖြစ်ကြောင်း ထည့်သွင်းပြောဆိုနေရတာပါ။

တကယ်တမ်း ၁၉၈၂ နိုင်ငံသား ဥပဒေဆိုတာ အာဏာရှင် ဗိုလ်နေဝင်းရဲ့ လူမျိုးရေး၊ ဘာသာရေးခွဲခြားဖို့၊ စနစ်တကျ ဖိနှိပ်ဖို့ အတွက်သုံးတဲ့ လက်နက်ကိရိယာတခုပါ။ ဝမ်းနည်းစရာက ဒီလက်နက်ကို ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်က ရိုဟင်ဂျာတွေကို ဖိနှိပ်ဖို့၊ လူမျိုးတုန်းသတ်ဖြတ်ဖို့ ဆက်လက်ကိုင်ဆွဲခဲ့တာပါပဲ။ ကျနော် တဦးတည်းသော သဘောအရ ၁၉၈၂ နိုင်ငံသား ဥပဒေကို လက်မခံပါဘူး။ နောက်တိုင်းရင်းသား ဖြစ်ခြင်းဆိုတဲ့ သတ်မှတ်ချက်ထက် ဘာသာစကား၊ ဓလေ့ထုံးစံ၊ သမိုင်းကြောင်း၊ ယုံကြည်မှု၊ ယုံကြည်ကိုးကွယ်မှုတူရာ လူ့အဖွဲ့အစည်း၊ လူအုပ်စုတွေကို ကိုယ်စားပြုတဲ့ လူမျိုးစုဆိုတဲ့ ဝေါဟာရကို ပိုသဘောကျ လက်ခံပါတယ်။

အခုတပတ်မှာ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်လို့ အနောက်နိုင်ငံက ထုတ်ဝေထားတဲ့ စာအုပ်စာတန်းတွေမှာပါတဲ့ အချက်တချက်ကို ကိုးကားချင်ပါတယ်။ ဒီအချက်ကလည်း ရိုဟင်ဂျာလူမျိုးစုတွေအကြောင်းလေ့လာတဲ့ သူတွေအတွက်တော့ သိပ်အသစ်အဆန်းမဟုတ်ပါဘူး။ ကျနော့်ထက်အရင် နှစ်ပေါင်းများစွာက သုတေသီတွေ၊ သမိုင်းပညာရှင်တွေကလည်း ကိုးကားဖော်ပြထားပြီးသား အချက်ပါ။ ဒါပေမယ့် ဗမာပြည်သူအများစုကတော့ ဒီအချက်တွေကို သိပ်မသိရှိသေးဘူးလို့ ယူဆတဲ့အတွက် ထပ်မံပြောပြခြင်းဖြစ်ပါတယ်။ အဲ့ဒါကတော့ ၁၈၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ The Classical Journal မှာ ဖော်ပြထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဂျာနယ်ထဲမှာ ဖော်ပြထားတဲ့ အချက်အကြောင်း မပြောခင် The Classical Journal အကြောင်းနည်းနည်း စပြောပါမယ်။ The Classical Journal မှာ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ ဖော်ပြချက်ရှိတယ်လို့ သိရတဲ့ အချိန်ကစပြီး ဒီဂျာနယ်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ ရှာကြည့်ခဲ့ပါတယ်။ The Classical Journal က အခုခေတ် ပညာရပ်ဆိုင်ရာ သုတေသန ဂျာနယ်တွေရဲ့ ရှေ့ပြေးလို့ ဆိုနိုင်ကြောင်း Cambridge University က ဖော်ပြထားပါတယ်။ The Classical Journal ကို ၁၈၁၀ခုနှစ်ကနေ ၁၈၂၉ ခုနှစ်အတွင်း ၄ လတကြိမ် ထုတ်ဝေခဲ့ပြီး အတွဲပေါင်း ၄၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ၁၈၁၁ခုနှစ် စက်တင်ဘာ - ဒီဇင်ဘာလ အတွက် ထုတ်ဝေတဲ့ အတွဲ (၄) မှာ ရိုဟင်ဂျာ လူမျိုးစုတွေရဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီး ဖော်ပြထားတာပါ။

ဒီစာစောင်ရဲ့ စာမျက်နှာ ၁၀၅ ကနေ ၁၁၉ အထိက “ဘာသာစကား ၂၀၀ အတွင်းရှိ ၁မှ ၁၀ အထိ နံပါတ်များအား ဖော်ပြချက် ဇယား” (A Chart of Ten Numerals in Two Hundred Tongues) ဆိုတဲ့ ဖော်ပြချက်မှာပါ။ အထက်ပါဖော်ပြချက်ရဲ့ စာမျက်နှာ ၁၀၇ မှာတော့ ဗမာအင်ပါယာ အတွင်းမှ ဘာသာစကား (၃)ခု ရိုအင်ဂါ၊ ရိုဆဝန် (အာရကန်မှ ဟိန္ဒူများ)နဲ့ ဘန်ဂေါ ဘာသာစကား၊ နောက် မြန်မာ (သို့) ဗမာဘာသာစကား၊ ထိုင်း ဘာသာစကား၊ နောက် ဘာသာစကား (၂)ခု အဖြစ် Taiyayနဲ့ Tailong (မည်သည့် ဘာသာစကားမှန် ကျနော် မလေ့လာရသေးပါ) တို့ရဲ့ နံပါတ် ၁ ကနေ ၁၀ အထိ အခေါ်အဝေါ်တွေကို နှိုင်းယှဉ်ဖော်ပြထားတာပါ။

နောက်ဖော်ပြချက်တခုကတော့ အပေါ်မှာပြောထားတဲ့ “ဘာသာစကား ၂၀၀ အတွင်းရှိ ၁မှ ၁၀ အထိ နံပါတ်များအား ဖော်ပြချက် ဇယား”နဲ့ ပတ်သက်ပြီး ထပ်မံရှင်းလင်းဖော်ပြထားတဲ့ ဆောင်းပါးပါ။ Descriptive Essay on the Chart of Ten Numerals in Two Hundred Languages ဆိုတဲ့ ခေါင်းစဉ်နဲ့ စာမျက်နှာ ၃၂၇ ကနေ ၃၅၂ အထိဖြစ်ပြီး စာမျက်နှာ ၃၄၈ မှာတော့ “ရိုအင်ဂါ၊ ရိုဆဝန်၊ ဘန်ဂေါ၊ မြန်မာ (သို့) ဗမာဘာသာစကား၊ ထိုင်း၊ Taiyayနဲ့ Tailong ဘာသာစကားတွေနဲ့ ပတ်သက်တဲ့ အချက်တွေကို ဖရန်စစ် ဘူချာနန်ရဲ့ စာတမ်းကနေ ဖော်ပြထားကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ ဖရန်စစ် ဘူချာနန်ရဲ့ စာတမ်းနဲ့ ပတ်သက်ပြီး သိချင်ရင် တူမီးတော်လှန်ရေး စာစဉ် အမှတ် (၄၆) မှာဖော်ပြထားတဲ့ ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၃) ဆောင်းပါးကို ဖတ်ကြည့်လို့ရပါတယ်။

ဒီနေရာမှာ ကျနော်ပြောလိုတာက ၁၈၂၃ ခုနှစ် မတိုင်မီ ကတည်းက ရိုဟင်ဂျာ ဘာသာစကားရှိကြောင်း၊ ရိုဟင်ဂျာလူမျိုးတွေရှိကြောင်း ဖော်ပြနေတာဟာ ၁၉၈၂ နိုင်ငံသားဥပဒေကို ထောက်ခံနေတာ မဟုတ်ဘူးဆိုတာကိုပါပဲ။


The Classical Journal Vol 4 1811 Sept – Dec စာအုပ်ကို ဒီ link မှာ download ရယူနိုင်ပါတယ်ခင်ဗျ။

https://drive.google.com/file/d/1_WUQwdqTm9k65Ozb9lapHkuiPZUT8fP2/view?usp=sharing


ကိုးကား-

တူမီးတော်လှန်ရေး စာစဥ််အမှတ် ( ၄၈ )


ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၅)

နိုင်ငံတကာ အသိအမှတ်ပြု ရိုဟင်ဂျာ ဘာသာစကား


တကယ်တမ်းကတော့ ရိုဟင်ဂျာလူမျိုးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သမိုင်းစဉ်ဆက် ရေးသားဖို့ စဉ်းစားခဲ့တာပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ (၂) ပတ်ဆက်တိုက် ရိုဟင်ဂျာ ဘာသာစကားအကြောင်းကို ရေးဖြစ်ခဲ့တော့ အခုတပတ်လည်း ရိုဟင်ဂျာဘာသာစကားအကြောင်းကိုပဲ ဆက်ပြီး ရေးဖြစ်ပါတယ်။ ဗဒုံမင်း (ဘိုတော်ဘုရားလက်ထက်) (၁၇၈၂ခုနှစ် ကနေ ၁၈၁၉ ခုနှစ်အထိ ကုန်းဘောင်းမင်းဆက်ဘုရင်) မတိုင်မီကတည်းက ဗမာပြည် အဝန်းအဝိုင်းထဲက ရိုဟင်ဂျာ ဘာသာစကားနဲ့ ပတ်သက်တဲ့ မှတ်တမ်း တချို့ကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

အခုတခါကတော့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ရိုဟင်ဂျာ ဘာသာစကားအကြောင်းကို ဆွေးနွေးချင်ပါတယ်။ ဟုတ်ပါတယ် ရိုဟင်ဂျာ ဘာသာစကားကို နိုင်ငံတကာက အသိအမှတ်ပြုထားသလို ဘာသာစကားနဲ့ ပတ်သက်တဲ့ ISO 639–3 ဆိုတဲ့ စာရင်းထဲမှာလည်း ပါဝင်တဲ့ ဘာသာစကားပါ။ ISO ဆိုတာကတော့ နိုင်ငံတကာ စံနှုန်း သတ်မှတ်ချက်တွေကို ဖော်ထုတ်ပေးတဲ့ လွတ်လပ်တဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတခုပါ။ ISO 639–3 ဆိုတာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားတွေနဲ့ ပတ်သက်ပြီး ဒီအဖွဲ့အစည်းက စံနှုန်းသတ်မှတ်ထားတဲ့ ကုဒ် (code) အမှတ်အသား တခုပါ။ ISO 639–3 ကုဒ်ရဲ့ စာရင်းထဲမှာ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကား ၇၈၉၃ မျိုးနည်းတူ ရိုဟင်ဂျာ ဘာသာစကားဆိုတာလည်း ပါဝင်ပါတယ်။ ကုတ်ရဲ့နောက်မှာတော့ ရိုဟင်ဂျာ ဘာသာစကားကို ကိုယ်စားပြုတဲ့ [rhg] ဆိုတဲ့ ဖော်ပြချက်ရှိပါတယ်။

ရိုဟင်ဂျာ ဘာသာစကားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လေ့လာချင်တယ်ဆိုရင်တော့ Ethnologue Languages of the World ဆိုတဲ့ website ကို ညွှန်းဆိုချင်ပါတယ်။ Google မှာ Ethnologue ဆိုပြီး အလွယ်တကူ ရိုက်ရှာနိုင်ပါတယ်။ Ethnologue ဆိုတာကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ရှင်သန်နေဆဲ ဘာသာစကားတွေကို လေ့လာမှတ်တမ်းတင်ထားတဲ့ website တခုဖြစ်ပါတယ်။ ဒီ website မှာ ဘာသာစကားအမျိုးကွဲပေါင်း ၇၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို ရရှိနိုင်ပါတယ်။ ဘာသာစကား တခုခြင်းစီလိုက် မျိုးတူစု၊ အုပ်စုခွဲခြားတာ၊ အသုံးပြုတဲ့ လူဦးရေ အရေအတွက်၊ ဘယ်ဒေသတွေမှာ သုံးစွဲတာ၊ ဒေသိယ စကားနဲ့ စာအရေးအသား စနစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပံ့ပိုးပေးထားပါတယ်။ ဒါ့အပြင် ဘာသာစကားမြေပုံတွေကိုလည်း လေ့လာနိုင်ပါသေးတယ်။

Ethnologue ကို စတင်ခဲ့တာကတော့ Richard S. Pittman ဖြစ်ပြီး ၁၉၅၁ ခုနှစ်မှာ ဘာသာစကားနဲ့ ဘာသာစကားအုပ်စု ၄၆ခုနဲ့ ပတ်သက်ပြီး စာကူးစက်နဲ့ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး ဘာသာစကားအုပ်စုတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းပြီး ပုံနှိပ်ထုတ်ဝေလာတာ အခုဆိုရင် ၂၅ကြိမ် အထိ ရှိလာပြီဖြစ်ပါတယ်။ ၁၉၉၇ မှာတော့ website ကိုစတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီ Ethnologue website ရိုဟင်ဂျာ ဘာသာစကားနဲ့ ပတ်သက်ပြီး ဘယ်လို အချက်အလက်တွေ ဖော်ပြထားသလဲ ဆိုတာကို ဆက်ကြည့်ကြရအောင်ပါ။ Website ရဲ့ ရိုဟင်ဂျာ ဘာသာစကားနဲ့ ပတ်သက်တဲ့ စာမျက်နှာမှာ ISO 639–3 ကုဒ်နဲ့ ရိုဟင်ဂျာ ဘာသာစကားကို ကိုယ်စားပြုတဲ့ [rhg] ဆိုတဲ့ဖော်ပြချက်ရှိပါတယ်။ အခြားအမည်အနေနဲ့ Rohinja ဆိုပြီ ဖော်ပြပါတယ်။ ကိုယ်ပိုင်အမည် သတ်မှတ်ချက် (autonym) ကတော့ Ruwainggya ဖြစ်ပါတယ်။ ဘာသာစကား သုံးစွဲသူအနေနဲ့ ဗမာပြည်ထဲမှာ ရှိတဲ့ လူဦီးရေ၊ ဘင်္ဂါလားဒေ့ရှ်မှ ဒုက္ခသည်အဖြစ် နေထိုင်နေရတဲ့ ဦးရေနဲ့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ပျံ့နှံ့နေထိုင်မှုတွေကို ဖော်ပြထားပြီး လူဦးရေ ၂သန်းခွဲကျော် သုံးစွဲတယ်လို့ ဆိုပါတယ်။

ဗမာပြည်အတွင်းမှာ ရိုဟင်ဂျာ ဘာသာစကားပြောဆိုတဲ့ လူမျိုးစု အများစုကို ရခိုင်ပြည်နယ်မှာရှိတဲ့ ဘူသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ စစ်တွေမြို့နယ်တွေမှာ ရှိတယ်လို့ ဖော်ပြပါတယ်။ ဘာသာစကားမျိုးတူစုတွေနဲ့ ပတ်သက်ပြီး Indo-European, Indo-Iraninan စတဲ့ မျိုးတူစု ခွဲခြားပုံတွေကို classification မှာတွေ့နိုင်ပါတယ်။ စာအရေးအသားနဲ့ ဖော်ပြချက်တွေလည်း ပါရှိပါတယ်။ ကျနော်ကိုယ်တိုင်က ဘာသာဗေဒ ပညာရှင်မဟုတ်တော့ တချို့ အရေးအသားနဲ့ ဆိုင်တဲ့ အချက်အလက်တွေကိုတော့ တိတိကျကျ ရှင်းပြနိုင်ဖို့ အခက်အခဲရှိပါတယ်။ ဒါကတော့ Ethnologue website မှာ ဖော်ပြထားတဲ့ ရိုဟင်ဂျာ ဘာသာစကားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပါ။

ဗမာပြည်မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေထဲ ရိုဟင်ဂျာတွေဟာ ပုံစံမျိုးစုံနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကနေ လူမျိုးတုန်းသတ်ဖြတ်မှုအထိ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ အစိုးရ နှစ်ဆက်လက်ထက်မှာ တချို့တွေ အသက်ရှုချောင်ခဲ့ပေမယ့် ရိုဟင်ဂျာတွေမပါခဲ့ပါဘူး။ ပိုမိုဆိုးရွားပြင်းထန်တဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့အပြင် ကိုယ့်လူမျိုးရဲ့ အမည်နဲ့ ဖြစ်တည်မှုကိုပါ ငြင်းဆိုခံခဲ့ရပါတယ်။ မရှိဘူး မကြားဖူးဘူးဆိုပြီး အစိုးရ အဖွဲ့အစည်းတွေအပါအဝင် ပြည်သူတွေကပါ အတင်းအကြပ် ငြင်းဆိုတာကို ခံခဲ့ရပါတယ်။

ဒီလိုကျနော် ရေးသားဖော်ပြနေလို့လည်း စာဖတ်သူခင်ဗျားတို့ အနေနဲ့လည်း မှန်လောက်ပြီး ထင်ပြီး လက်ခံပါလို့ မပြောပါဘူး။ ကိုယ်တိုင်စိတ်ဝင်စားရင်၊ လေ့လာစရာ ကိစ္စရပ်တခုခု အနေနဲ့ မြင်တယ်ဆိုရင် ပိုပြီး လေ့လာဖို့ပဲ တိုက်တွန်းချင်ပါတယ်။ အင်တာနက်ကို အသုံးပြုလို့ရတဲ့ ကာလတခုမှာဆိုရင် ဒီကိစ္စတွေက ခက်ခက်ခဲခဲတွေ မဟုတ်တော့ပါဘူး။ ဒီတပတ်ဆောင်းပါးကို ဖတ်ပြီးရင်လည်း Ethnologue website ကိုသွားရောက်ဖတ်ရှုပြီး ဝေဖန်ပိုင်းခြားမယ်၊ ဆက်စပ်အကြောင်းအရာတွေကို လေ့လာမယ်ဆိုရင်တော့ ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာပါလိမ့်မယ်လို့လဲ အကြံပေးတိုက်တွန်းလိုက်ပါတယ်ခင်ဗျ။


Website Link - https://www.ethnologue.com/language/rhg


တူမီးတော်လှန်ရေး စာစဥ််အမှတ် ( ၄၉ )


ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၆)

လစ်လျှူရှုခံ လူ့အဖွဲ့အစည်း


ဗမာပြည်ရဲ့ နိုင်ငံရေး သမိုင်းကြောင်းက ရှုပ်ထွေးပါတယ်။ ဒါအများသိပြီးသား စကားဆိုတော့ အခုအချိန်မှာ အထူးအဆန်းတောင် မဟုတ်တော့ပါဘူး။ လွတ်လပ်ရေးရပြီးချိန်ကတည်းက စဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကနေ အခုချိန်ထိ အရေအတွက်များပြားလှတဲ့ လက်နက်ကိုင်တော်လှန်ရေး အုပ်စုတွေ၊ မြေပေါ်မှာ တရားဝင်တည်ရှိတယ်ဆိုတဲ့ နိုင်ငံရေး ပါတီတွေ။ ခေါင်းဆောင်တွေ။ စသဖြင့် အများအပြားပါပဲ။

နိုင်ငံရေး သမိုင်းကြောင်းက ရှုပ်ထွေးသလို လက်ရှိ ဗမာပြည်မြေပုံထဲမှာ ရှိနေတဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးစံ၊ သမိုင်းကြောင်း၊ ယုံကြည်ကိုးကွယ်မှု စသဖြင့် မတူညီပဲ ကွဲပြားခြားနားစွာ ရပ်တည်တည်ရှိနေတဲ့ လူမျိုးစုတွေ၊ လူ့အဖွဲ့အစည်းတွေကလည်း အများအပြားပါပဲ။ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးတဲ့ ကာလကနေ အခုအချိန်အထိ ဒီလူမျိုးစုတွေ၊ လူ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ခိုင်မာတိကျတဲ့ အထောက်အထားနဲ့ စနစ်တကျ လေ့လာမှုဆိုတာ အင်မတန် ရှားပါတယ်။

ပါလီမန်ဒီမိုကရေစီခေတ် ၁၉၅၂ခုနှစ်မှာ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာနက ယဉ်ကျေးမှုဗိမာန်ကို တည်ထောင်ခဲ့ပါတယ်။ ယဉ်ကျေးမှု ဗိမာန်ကနေ လူမျိုးစုတွေအပေါ် လေ့လာမှုတွေ လုပ်ခဲ့တယ်။ ဆရာဦးမင်းနိုင်တို့လို သုတေသီတွေက ကွင်းဆင်းလေ့လာတာ မှတ်တမ်းယူတာတွေလုပ်ခဲ့ပြီး စာအုပ်စာတမ်းတွေ ထုတ်ဝေခဲ့ပေမယ့် ကျနော်သိသလောက်တော့ အုပ်ရေ ၂၀ မကျော်မပါဘူး။ ဗမာပြည်ထဲမှာရှိတဲ့ လူမျိုးစု လူ့အဖွဲ့အစည်းတွေရဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် အတော့်ကိုနည်းပါးတဲ့ ပမာဏပါ။

၁၉၆၂ခုနှစ် နေဝင်းအာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း လူမျိုးစုတွေနဲ့ ပတ်သက်လို့ လေ့လာဆောင်ရွက်တဲ့ အခန်းကဏ္ဏက နည်းပါးလွန်းပါတယ်။ တော်လှန်ရေးကောင်စီလက်ထက် (၁၉၆၂-၁၉၇၄) ကာလမှာ ပြည်ထောင်စုမြန်မာနိုင်ငံတိုင်းရင်းသားလူမျိုး ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ဆိုပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုပြီး စာအုပ် ၇ အုပ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်တွေကလည်း သုတေသနနည်းလမ်းတွေအရ အရည်အသွေး မမှီပေမယ့်လည်း လူမျိုးစုရေးရာသုတေသီတွေအတွက် အချက်အလက်ရှားပါးလွန်းတာကြောင့် လက်ကိုင်ထားပြီး ဖတ်ခဲ့ရပါတယ်။ နောက်တခါ ပညာရေး ဆိုင်ရာ အဆောက်အအုံတွေမှာ သုတေသနအခြေပြု စနစ်တကျလေ့လာပြီး ဆောင်းပါးတွေ စာတမ်းတွေကို ပုံနှိပ်ထုတ်ဝေတဲ့ “မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် (Journal of Burma Research Society)”တို့၊ “တက္ကသိုလ်ပညာပဒေသာစာစောင်” တို့ကို ပိတ်ပင်ခဲ့ပါသေးတယ်။

၁၉၈၈ခုနှစ် စောမောင်၊ သန်းရွှေ (နဝတ၊ နအဖ) လက်ထက်မှာတော့ အခြေအနေက ပိုဆိုးသွားခဲ့ပါတယ်။ တက္ကသိုလ်တွေက ခိုင်မာအားကောင်းတဲ့ သုတေသနတွေ မလုပ်နိုင်တော့ပဲ ပညာရေး အဆင့်အတန်းက အင်မတန် နိမ့်ကျခဲ့ပါတယ်။ နောက်ထက်ပိုမိုဆိုးရွားတဲ့ အခြေအနေတခုကတော့ စာပေစိစစ်ရေးဆိုပြီး ဆင်ဆာ စနစ်နဲ့ ပြင်ပ စာနယ်ဇင်းတွေကို ချုပ်ကိုင်ခဲ့တာကြောင့်လည်း ပြည်သူတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်တွေရော လူမျိုးစုရေးရာ ကိစ္စတွေမှာပါ သတင်း အချက်အလက် အမှောင်ချခံလိုက်ရပါတော့တယ်။

ဒီလိုအခြေအနေမှာ လူမျိုးစုတွေရဲ့ သတင်းအချက်အလက်တွေက ပြည်သူထံ အလွယ်တကူမရောက်တော့ သလို၊ အစိုးရအဆက်ဆက်ရဲ့ သူတို့ပေးချင်တဲ့ သတင်းအချက်အလက်တွေကိုသာ ပြည်သူတွေစီ ပို့ဆောင်ပါတော့တယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ ဆယ်နှစ်တာကာလမှာ အတော်အသင့် မီဒီယာ လွတ်လပ်ခွင့်ရလာပေမယ့် လူမျိုးစုရေးရာ ကိစ္စတွေနဲ့ ပတ်သက်ရင်တော့ လုံလောက်မှုမရှိသေးပါဘူး။ ဒီလိုအခြေအနေက ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမတိုင်ခင် အထိဖြစ်ပြီး၊ စစ်ကောင်စီက အာဏာသိမ်းဖို့ ကြိုးစာနေတဲ့ အခုလို ကာလမှာတော့ ပိုပြီး ဆိုးလာခဲ့တာပေါ့။

ဆောင်းပါးရဲ့ ဆိုလိုရင်းကို ပြောရရင် တခြားတခြားသော လူမျိုးစုတွေအတွက် ခိုင်ခိုင်မာမာမှန်မှန်ကန်ကန် သုတေသန နည်းလမ်းအခြေပြု လေ့လာဖို့ အားနည်းခဲ့တယ်ဆိုတာကို ထောက်ပြချင်တာပါ။ ဒီနေရာမှာ ရိုဟင်ဂျာလူမျိုးစုတွေရဲ့ အခြေအနေက တခြားလူမျိုးစုတွေရဲ့ အခြေအနေနဲ့ တော်တော်ကွဲပြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာလူမျိုးစုတွေရဲ့ ဖြစ်တည်မှုနဲ့ သမိုင်းကြောင်းတွေကို ဖျက်ဆီးဖို့၊ အများပြည်လက်လှမ်းမမှီနိုင်အောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိရှိ အစိုးရ အဆက်ဆက်က မူဝါဒတွေချမှတ်ပြီး လုပ်ဆောင်ခဲ့ကြလို့ပါ။

အရင့်အရင် အစိုးရတွေ၊ စစ်အာဏာရှင်တွေရဲ့ လက်ထက်တင်မကပဲ ပြီးခဲ့တဲ့ အစိုးရလက်ထက်ထိ သတင်းမီဒီယာမှာ ရိုဟင်ဂျာလို့ ရေးသားဖော်ပြခွင့်မရှိပါဘူး၊ ဘင်္ဂါလီလို့သာဖော်ပြရပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာလူမျိုးတွေ ဘယ်လိုရှင်သန် ရုန်းကန်နေရသလဲဆိုတာ ဗမာပြည်က ပြည်သူအများစု အားကိုးအားထားပြုရတဲ့ မီဒီယာတွေမှာ အမှန်အတိုင်းဖော်ပြခံရခြင်း မရှိခဲ့ပါဘူး။ အစိုးရ အဆက်ဆက်က ရန်သူလို သဘောထားခံခဲ့ရပြီး ပြည်သူတွေအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုတောင် မကြားဖူးတဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။ တချို့ နိုင်ငံရေး ခေါင်းဆောင်ဆိုတဲ့ သူတွေကတော့ သူတို့ အာဏာနဲ့ အကျိုးစီးပွားတွေအတွက် ရည်ရွယ်ချက်ရှိရှိ လစ်လျူရှုခဲ့ကြတာပါ။ ဒါ့ကြောင့်လည်း လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် နိုင်ငံတကာက ပြောဆိုလာတဲ့ အချိန်မှာတောင် ပြည်သူအများစုက ရိုဟင်ဂျာဆိုတာကို မကြားဖူးဘူး၊ မသိဘူးဆိုပြီး ငြင်းပယ်ခဲ့ကြပါတယ်။ လူဦးရေ သန်းဂဏာန်းရှိတဲ့ ဒီအလူ့အဖွဲ့အစည်းဟာ သူတို့ရဲ့ သမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှုတွေကအစ ဖော်ပြလို့ မရအောင်ကို ပိတ်ပင်တားဆီးခံခဲ့ရပါတယ်။

ဒီတပတ်ကတော့ အစိုးရအဆက်ဆက်ရဲ့ လူမျိုးစုတစုကို ပစ်မှတ်ထားပြီး သမိုင်းကြောင်း၊ ယဉ်ကျေးမှုနဲ့ ဖြစ်တည်မှုတွေကို အများပြည်သူ မသိရှိနိုင်အောင် ပိတ်ပင်တာဆီးခဲ့တာကို ပြောပြချင်တာပါ။ တခြားတခြားသော လူမျိုးစုတွေနဲ့ လူ့အဖွဲ့အစည်းတွေက အစိုးရအဆက်ဆက် ပညာရေးနဲ့ သုတေသနညံ့ဖျင်းမှုတွေကြောင့် သူတို့ရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံ မဖော်ထုတ်နိုင်ခဲ့ကြပေမယ့်၊ ရိုဟင်ဂျာလူမျိုးစုတွေကတော့ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခံခဲ့ရပြီး သူတို့ရဲ့ လူသားဖြစ်တည်မှုကို လစ်လျူရှုခြင်းခံခဲ့ရသူတွေပဲ ဖြစ်ပါတယ်။

ကိုးကား-

တူမီးတော်လှန်ရေး စာစဥ် တစ်နှစ်ပြည့် အထိမ်းအမှတ် အထူးထုတ်




ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၇)

၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံအတွင်းက ရိုဟင်ဂျာလူမျိုးများ


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ဖက်ဆစ္စစ္တပ္က နိုင်ငံတော် အာဏာသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလို ဖက်ဆစ်စစ်တပ်ရဲ့ ကြိုးစားမှုက အခုဆို ၁နှစ်နဲ့ ၄ လအတွင်း ဝင်လာပါပြီ။ ဒါပေမယ့် အခုအချိန်ထိ အောင်မြင်မှု မရေသးပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေရဲ့ ထင်မှတ်မထားတဲ့ ခုခံမှုတွေကြောင့်ပါပဲ။ ဗမာပြည်ရဲ့ အဓိကအက်ဆုံး လူထုလူတန်းစားတွေ ဖြစ်တဲ့ လယ်သမား၊ အလုပ်သမားနဲ့ မြို့ပြဆင်းရဲသား လူတန်းစားတွေရဲ့ ခုခံမွုပါ။

စစ်အာဏာရှင်က လူထုရဲ့ ခုခံဆန့်ကျင်မှု အရွိန္ကို လျော့တွက်ခဲ့ပုံရပါတယ်။ ပြည်သူတွေက တပြည်လုံး အနှံ့အပြား အကြမ်းမဖက် ဆန့်ကျင့်ရေးနည်းလမ်း အဆုံနဲ့ ခုခံဆန့်ကျင် ကြပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အချိုးအကွေ့ကတော့ စစ်အာဏာရှင် ဆန့်ကျင့်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို ဖက်ဆစ္စစ္တပ္က ပြင်းပြင်းထန်ထန် သတ်ဖြတ်နှိမ်နှင်းခဲ့ခြင်းပါ။ ပြည်သူတွေဟာ ဖက်ဆစ်စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုကို ခုခံဖို့ အတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ရပါတယ်။

ဒါကေတာ့ နွေဦးတော်လှန်ရေးကို ခြုံငုံဖော်ပြတဲ့ သမိုင်းပါ။ အကျယ်ပြောရမယ်ဆို မြို့တိုင်း ရွာတိုင်းရဲ့ လမ်းမတွေ အပေါ်မှာ ပြည်သူတွေရဲ့ သွေးတွေနဲ့ စီကုံးထားသလိုပါပဲ။ မြို့တွင်းဆန္ဒပြပွဲတွေမှာ သတ်ဖြတ်ခံရသူတွေ၊ အဖမ်းခံရ ထောင်ကျပြီး နှိပ်စက်ညှင်းပန်မှု သတ်ဖြတ် ခံရသူတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာ အသက်စွန့်သွားရတဲ့ ရဲဘော်တွေ အမြောက်အများပါ။ ဒီလို ပြင်းထန်ရက်စက်တဲ့ နွေဦးတော်လှန်ရေးကာလမှာ ပြည်သူတွေ အသက်စွန့်ခဲ့ရပေမယ် အနာဂတ်မှာ ပြန်လည်ထူထောင်မယ့် လူ့အဖွဲ့အစည်း အတွက်တော့ ပိုမိုကောင်းမွန်တဲ့ မျော်လင့်ချက် ရောင်နီတချို့ကို တွေ့မြင်လာရပါတယ်။ ဒါကေတာ့ အမှန်တရားဆိုတဲ့ရောင်နီပါပဲ။

ဟုတ်ပါတယ်။ နွေဦးတော်လှန်ရေးကာလမှာ ပြည်သူတွေက အမွန္တရားကို ပိုမိုလိုလား လာပါတယ်။ ဘာအမှန်တရားလည်းဆိုရင် အရင့်အရင် အစိုးရ အဆက်ဆက်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ပတ်သက်တဲ့ အမွန္တရားပါ။ နှစ်ပေါင် (၇၀) ကျော် ပြည်တွင်းစစ်နဲ့ အာဏာရှင် အစိုးရေတြရဲ့ ပိတ်ပင်မှုတွေကြောင့် ပြည်သူအများအပြားဟာ အမွန္တရားကို သိခွင့်မရခဲ့ပါဘူး။ အစိုးရအဆက်ဆက်ရဲ့ တဖက်သတ်ဝါဒဖြန့်ချိမှုနဲ့ ယုံကြည်လေးစားရတယ်ဆိုတဲ့ ခေါင်းဆောင်တွေရဲ့ ကန့်သတ်ထားတဲ့ ပြတင်းပေါက်ကနေပဲ ကြည့်ခဲ့ရတာတွေကြောင့် ဗမာပြည်ထဲက လူ့အခွင့်အရေး ချိုဖောက်မှုတွေရဲ့ အမွန္တရားကို ပြည်သူတွေ သိရွိဖို့ အခွင့်အရေး မရွိခဲ့ပါဘူး။ တကယ်တန်းက လက်လှမ်းမှီပြီး အလြယ္တကူ လေ့လာလို့ ရတဲ့ အစိတ်အပိုင်းတွေကိုတောင် လစ်လျူရှုခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းစစ်ဒဏ်ခံလူမျိုးစုတွေနဲ့ ခုခံတွန်းလှန်သူတွေကို သူပုန်တွေ၊ သောင်းကြမ်းသူတွေလို့ မြင်ခဲ့သလို၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ရင် အလိမ်အညာလို့ ထင်ခဲ့ကြပါတယ်။

နွေဦးတော်လှန်ရေးကတော့ ဒီကန့်သတ်ချက်တွေကို ရိုက်ချိုးခဲ့ပါတယ်။ ဖက်ဆစ်စစ်တပ်ရဲ့ ရက်စက်ယုတ်မှာမှုတွေကို မျက်ဝါးထင်ထင်တွေ့ခဲ့ရပြီး၊ လူသတ်၊ ရွာမီးရှို့မှုတွေကို ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်လာရချိန်မှာတော့ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေက အမွန္တရားကို သိရွိဖို့ကို ပိုပြီးဆာလောင်လာတယ်လို့ ကျနော်သုံးသပ်မိပါတယ်။ လေ့လာစူးစမ်း မေးမြန်းမှုတွေအတွက် ပိုမို အားထုတ္လာသလို မှားယွင်ခဲ့မှုတွေအတွက်လည်း တာဝန်ယူ တာဝန်ခံချင်စိတ်တွေလည်း ပိုပြီးတိုးပွားလာနေတယ်လို့ထင်ပါတယ်။ ပြည်သူအများစုရဲ့ လူမျိုး၊ ယုံကြည်ကိုးကွယ်မှု၊ အသားအရောင်၊ ဘာသာစကား မခွဲခြားပဲ စစ်အာဏာရှင်အပေါ် ရွံ့မုန်းမှုနဲ့ ဆန့်ကျင်မှုဟာ လူ့အဖွဲ့အစည်းကို ပိုစည်းလုံးလာစေသလို၊ လူမှုသဟဇာတဖြစ်မှုကို ပိုမိုအားကောင်းလာစေခဲ့ပါတယ်။

နွေဦးတော်လှန်ရေးကာလလိုပဲ ဗမာပြည်ရဲ့ အရေးကြီးတဲ့ အလှည့်အပြောင်းကာလတခုကတော့ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကာလကြီးပါ။ အဲ့ကာလတုန်းကလည်း ဖိနှိပ်ခံသူတွေဟာ မဆလ တပါတီ အာဏာရှင်ကို တစုတစည်းတည်း တွန်းလှန်ရင်း နေဝင်းအုပ်ချုပ်ရေးကို ရပ်တန့်စေခဲ့ပါတယ်။ လူထုလှုပ်ရှားမှုကာလအတွင်း မှာလည်း လူထုလူတန်းစားအစုံပါဝင်ခဲ့ပြီး လူမျိုးစုံကလည်း သွေးစည်းညီညွတ်စွာ ပါဝင်ဆန့်ကျင်ခဲ့ပါတယ်။ အဲ့ဒီလို ပါဝင်မှုတွေထဲက ရိုဟင်ဂျာ လူမျိုးစုတွေရဲ့ ပါဝင်မှုကိုလည်း သမိုင်းရဲ့ သက်သေ တခုအနေနဲ့ ဖော်ပြချင်ပါတယ်။ ဒါကေတာ့ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကာလအတွင်း စက်တင်ဘာလ ၉ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးစုများရဲ့ နေဝင်း မဆလ တပါတီအာဏာရှင်ဆန့်ကျင့်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြတဲ့ မှတ်တမ်းဓာတ်ပုံပါ။ ဒီမှတ်တမ်းဓာတ်ပုံကို ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၀ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ စာမျက်နှာ (၂) မှာဖော်ပြခဲ့ပါတယ်။

Rohingya demonstrated against Junta, 1988-9-10, People's Daily News.

ဓာတ်ပုံပေါ်က အချက်အလက်အရ မြန်မာနိုင်ငံလုံးဆိုင်ရာ ရိုဟင်ဂျာ လူမျိုးများ (All Burma Rohingya National) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရိုဟင်ဂျာကျောင်းသားများ သမဂ္ဂ (All Burma Rohingya Students Union) တို့က ငြိမ်းချမ်းစွာ ဆန္ဒပြပြီး အာဏာရှင်ဆန့်ကျင်ရေးအတွက် ပြည်သူများနဲ့ ရပ်တည်ပါဝင်နေကြတာပါ။ ဒီဓာတ္ပုံအရ ရိုဟင်ဂျာလူမျိုးများဟာ ဗမာပြည်ရဲ့ အာဏာရှင်ဆန့်ကျင်ရေးမှာ ခေတ်အဆက်ဆက်ပါဝင်နေခဲ့ကြတယ်ဆိုတာ သိမြင်နိုင်ပါတယ်။

၁၉၈၈ ခုနှစ် ကာလတုန်းကတော့ နည်းပညာနဲ့ မီဒီယာအကန့်သတ်တွေကြားမှာ ဒီလိုမှတ်တမ်းဓာတ်ပုံ တပုံကလည်း တပုံဆိုသလောက် တန္ဖိုးရွိလွတဲ့ သမိုင်းကြောင်းအထောက်အထားတခုပါ။ အခုနွေဦးတော်လှန်ရေး ကာလမှာလည်း ထပ္တူပါပဲ။ ဖေဖော်ဝါရီလအတွင်းကစတဲ့ လူထုရဲ့ အကြမ်းမဖက်ငြိမ်းချမ်းစွာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာလည်း လူထုနဲ့ အတူပါဝင်ရပ်တည်နေတယ် ဆိုတာကိုလည်း သတင်းမီဒီယာတွေနဲ့ လူမှုမီဒီယာတွေမှာ အလွယ်တကူမြင်နိုင်ပါတယ်။

နွေဦးတော်လှန်ရေးနဲ့ အတူ ပြည်သူတွေရဲ့ အမှန်တရားသိချင်မှု၊ အသိအမြင်ဆာလောင်မှုတွေကို အားဖြည့်ပေးနိုင်ဖို့ ဒီဓာတ္ပုံကို တင်ပြပေးလိုက်ရပါတယ်။ ပြည်သူတွေအနေနဲ့ လူမျိုး၊ ယုံကြည်ကိုးကွယ်မှု၊ အသားအရောင်၊ ဘာသာစကား မခွဲခြားပဲ အာဏာရှင်အမြစ်ပျက်ဖို့ တိုက်ပွဲဝင်ရင်း လူ့အခွင့်အရေးနဲ့ လူဂုဏ်သိက္ခာကို အခြေပြုတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။


“The first duty of a revolutionary is to be educated.”

—Che Guevara


ကိုးကား

     

တူမီးတော်လှန်ရေး စာစဉ် အမှတ် ( ၅၁ )


ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၁)

https://web.facebook.com/pho.thagyan.7/posts/8001195796572938?_rdc=1&_rdr


ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၂)

https://web.facebook.com/pho.thagyan.7/posts/8033812659977918?_rdc=1&_rdr


ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၃)

https://www.facebook.com/pho.thagyan.7/posts/8064627853563065


ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၄)

https://www.facebook.com/pho.thagyan.7/posts/8126445854047931


ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၅)

https://www.facebook.com/pho.thagyan.7/posts/8159168210775695



No comments:

Post a Comment