Monday, May 16, 2022

ဆော့မာ့ဂ်ျစနစ်နှင့် ဗီယာရ် ဓလေ့

Biyar drawing by RohangKing


 ဆော့မာ့ဂ်ျစနစ်နှင့် ဗီယာရ် ဓလေ့ 


ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းသည် ရှေးပဝေသဏီကပင် ခေတ်အလျောက် တစည်းတရုံးတည်း နေထိုင်လာကြသည်မှာ သူတို့၏ ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများကို လေ့လာခြင်းဖြင့် သိသာထင်ရှားစေသည်။ လူနည်းစုတစ်စု အဓွန့်ရှည်နေထိုင်နိုင်ရေးအတွက် စည်းစနစ်များသည် အခရာ ဖြစ်လေသည်။ ထိုစည်းစနစ်များသည် လက်ဆင့်ကမ်း ထိန်းသိမ်းလာခြင်းဖြင့် ထိုအုပ်စု၏ ဝိသေသလက္ခဏာအဖြစ် လူသိများလာကြသည်။ ဤဆောင်းပါးတွင် ရိုဟင်ဂျာတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ဗီယာရ် ဓလေ့ အကြောင်းကို လေ့လာသူတို့ အသုံးဝင်အရာရောက်အောင် အကျယ်တဝင့် ရှင်းလင်းတင်ပြပါမည်။ 


ဗီယာရ် အကြောင်းကို ဖော်ပြမည်ဆိုလျှင် ဦးစွာပထမ ဆောမာ့ဂ်ျ အကြောင်းကို ဖော်ပြရပါမည်။ ရိုဟင်ဂျာတို့သည် ရေကြည်ရာမြက်နုရာ အုပ်စုအလိုက် ရွာတည်၍ နေထိုင်ကြရာတွင် အချင်းချင်း ညီညွတ်မှု၊ စည်းလုံးမှု ရှိစေရန် ဆောမာဂ်ျ ဟူသော လူနေမှုစနစ်တစ်ခုကို ကျင့်သုံးလာခဲ့ကြသည်။ ဆောမာ့ဂ်ျသည် တစ်စုတစ်ပေါင်း တစ်နေရာတည်း၌ နေထိုင်သော ရွာသူရွာသားများကို ကြီးကြပ်ထိန်းသိမ်းရေးနှင့် ရပ်ရွာအကျိုးသယ်ပိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ဆောင်ရွက်ပေးသော စည်းစနစ်တစ်ခုပင်ဖြစ်ပါသည်။ ယနေ့ခေတ်နှင့် နှိုင်းစား၍ ဥပမာပြရလျှင် ကျေးရွာအုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဆော့မာ့ဂ်ျ ဟူသော စကား၏ အဓိပ္ပာယ်မှာ လူမှုအဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်း ဟု အဓိပ္ပာယ်ရသည်။ ဆောမာဂ်ျစနစ်ကို ကျင့်သုံးသောအခါ ဦးစွာ ဆောမာဂ်ျ ကော်မတီကို ရွာသူရွာသားများ၏ လွတ်လပ်သော သဘောဆန္ဒအရ ရွေးချယ်တင်မြောက်ကြရသည်။ သူတို့၏ လုပ်ငန်းဆောင်တာများကို သီခြားရုံး၊ အဆောက်အဦးများမှ လုပ်ဆောင်ကျေပွန်သည် မဟုတ်ဘဲ ကျေးရွာဗလီကို ဗဟိုဌာနပြု၍ နာရေးသာရေး အရေးကိစ္စအဝဝကို ဆောင်ရွက်ခြင်းဖြစ်သည်။ ဆောမာ့ဂ်ျ အဖွဲ့၏ အပတ်စဉ်၊ လစဉ် ပုံမှန်အစည်းအဝေးများ၊ အရေးပေါ် အစည်းအဝေးများမှ အရာကိစ္စဟူသမျှကို တစ်ညီတစ်ညွတ်တည်း  ဆုံးဖြတ်ကြသည်။ ဆောမာဂ်ျကော်မတီ အဖွဲ့ဝင်များကို ဆော့မာဂျီ မာနုခ်ျ ဟု ခေါ်ကြသည်။ ဆောမာဂ်ျကော်မတီကို ဦးဆောင် ပဲ့ကိုင်သော ခေါင်းဆောင်တစ်ဦးခန့်ရသည်။ ၎င်းကို ဆော့ဒ္ဒါရ် ဟုခေါ်သည်။ ဆော့ဒ္ဒါရ်သည် သတ်မှတ်ထားသော အချိန်ကာလအတွင်း ရွာ၏ ဩဇာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လေသည်။ ဗလီရှေ့ဆောင်အီမာမ်သည် ရွေးကောက်စရာမလိုဘဲ တိုက်ရိုက် ဆော့မာဂ်ျ ကော်မတီဝင် ဥပဒေရေးရာမှူးဖြစ်လာသည်။ ဓမ္မသတ်ရေးရာ ဆုံးဖြတ်ချများကို အိစ္စလာမ်တရားတော်နှင့်အညီ ဆုံးဖြတ်ကြသည်။ ဆော့မာ့ဂ်ျကော်မတီ၏ သတ်မှတ်ထားသော သက်တမ်းကုန်ဆုံးခဲ့လျှင်ရှေ့ဆောင်အီမာမ်က ဦးဆောင်၍ လွတ်လပ်သော ရွေးကောက်ပွဲကျင်းပကာ အသစ်ပြန်လည်ဖွဲ့စည်းရသည်။ ဆော့ဒ္ဒာရ်သည် အကြိမ်အကန့်အသတ်မရှိ ရွေးကောက်ခံနိုင်သည်။ ရွာသူရွာသားတို့၏ ထောက်ခံမှုရှိလျှင် အကြိမ်ကြိမ် တာဝန်ထမ်းဆောင်နိုင်သည်။ 

ဆော့မာ့ဂ်ျအဖွဲ့သည် ရွာ၌ ဖြစ်ပေါ်လာသော သာရေးနာရေး အပြင် အခင်းကြီးငယ်များကို ဆော့မာဂ်ျအဖွဲ့က ဘက်မလိုက်ဘဲ ညှိနှိုင်းဖြေရှင်းပေးသည်။ ပြဿနာဖြေရှင်းရာတွင် အပြစ်ရှိသူကို အကြီးဆုံး ပြစ်ဒဏ်အဖြစ် ရွာနှင်ဒဏ်ပေးခြင်း၊ ကြိမ်ဒဏ်ပေးခြင်း အခွင့်အဏာရှိသည်။ ရွာသူရွာသား အားလုံးနှင့်သက်ဆိုင်သော ကျောင်း၊ ဗလီ၊ ဇရပ်၊ ကန်၊ လမ်း စသည်တို့ကို ဆော့မာဂ်ျအဖွဲ့က တိုက်ရိုက် ကြီးကြပ်စောင့်ရှောက်ရသည်။ 

မိမိတို့ ရွာ၌ကျရောက်လာသော ဘေးဆိုးတစ်စုံတစ်ရာကိုလည်း ဆော့မာဂ်ျအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွာသူရွာသားအားလုံးက စုပေါင်းဖယ်ချကြသည်။ ရွာ၌ပြုလုပ်လေ့ရှိသော အခါသာမယပွဲများ၊ မင်္ဂလာဆောင်စသော ပျော်ပွဲရွှင်ပွဲများ၊ ဘာသာရေး ပွဲတော်များ၊ အလှူပွဲတော်များ စသည်တို့ကိုလည်း ဆော့မာဂ်ျအဖွဲ့၏ ဦးဆောင်ညွှန်ကြားမှုဖြင့် သတ်မှတ်ထားသော စံနှုန်းစည်းမျဉ်းများနှင့်အညီ ပြုလုပ်ရသည်။ ကျူးလွန်ပျက်ကွက်ပါက ဆော့မာဂ်ျအဖွဲ့၏ မာန်ဒေါသနှင့် ရင်ဆိုင်ရပါမည်။ ရွာသူရွာသားများထဲတွင် အကျင့်ပျက်၊ အရက်သေစာသမား၊ မူးယစ်ဆေးဝါး သုံးစွဲသူ သို့မဟုတ် ရောင်းဝယ်သူ၊ အခြားခြားသော အကုသိုလ် အပြစ်ထိုက် အလုပ်များ လုပ်ဆာင်သူများကို ဆော့မာဂ်ျအဖွဲ့မှ ခေါ်ယူဆုံးမခွင့်ရှိသည်။ အကြိမ်ကြိမ် ဆုံးမ၍ မလိုက်လျော၊ နာမခံသူများကို ထိုရွာ၏ ဆော့မာ့ဂ်ျအသိုင်းအဝိုင်းမှ ထုတ်ပယ်၍သော်လည်းကောင်း၊ ရွာမှနှင်ထုတ်၍သော်လည်းကောင်း ဒဏ်ခတ်အရေးယူကြသည်။ ဆောမာဂ်ျအသိုင်းအဝိုင်းမှ ထုတ်ပယ်သည်ဆိုသည်မှာ နေထိုင်ရမလွယ်ကူလှချေ။ ထိုသူသည် လုံးဝအထီးကျန် ဖြစ်နေလိမ့်မည်။ အခြားရွာသူရွာသားများက အဆိုပါသူနှင့် ရင်းရင်းနှီးနှီး ဆက်ဆံမည်မဟုတ်ချေ။ ရွာ၏မည်သည့် အရေးအရာ၌မဆို အဆိုပါသူ၏ အထောက်အပံ့၊ အကြံဉာဏ်စသည်တို့ကို  လက်ခံမည် မဟုတ်ချေ။ လူများ၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရပေလိမ့်မည်။ ဆော့မာ့ဂ်ျအဖွဲ့၏ မည်သည့်အကူအညီ၊ အထောက်အပံ့ကိုမှ သူ ရရှိမည်မဟုတ်ချေ။ 

ဆောမာ့ဂ်ျသည် ရွာသူရွာသားများကို တန်းတူအခွင့်အရေး ပေးသည်။ ဆင်းရဲ၊ ချမ်းသာ ဟူ၍ ခွဲခြားမှု မရှိချေ။ ဆင်းရဲသားများကို ဆောမာဂ်ျအဖွဲ့၏ ဦးဆောင်မှုဖြင့် ကူညီထောက်ပံ့ကြသည်။ သားသမီးများ အိမ်ထောင်ပြုရာတွင်လည်းကောင်း၊ အခြားအိမ်ထောင်ရေးကိစ္စများ၊ စားရေးသောက်ရေး၊ နေထိုင်ရေး၊ သာရေးနာရေး ကိစ္စအဝဝတွင် ဆာမာဂ်ျအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွာသားများ ဝိုင်းဝန်းကာ ရိုင်းပင်းကူညီပေးကြသည်။ ကုရ်ဘာန်ပွဲတော် ရောက်လျှင် ကုရ်ဘာနီပြုလုပ်သော အိမ်တိုင်းမှ ကုရ်ဘာနီအသား သုံးပုံတစ်ပုံကို ဆော့မာ့ဂ်ျအဖွဲ့ထံ ပို့ဆောင်ရသည်။ ဆော့မာဂ်ျအဖွဲ့သည် လက်ခံရရှိထားသော ကုရ်ဘာနီအသားများကို အညီအမျှ ဝေစုခွဲကာ ရွာ၌ ရှိသမျှ ဆင်းရဲချမ်းသာမရွေး အိမ်တိုင်းအိမ်တိုင်း၌  ပြန်လည်ပို့ဆောင်ပေးသည်။ ဤသည်မှာ စည်းလုံးညီညွတ်မှုကို ဖြစ်စေသည့်အပြင် မရှိဆင်းရဲသားတို့ကိုလည်း ကူညီထောက်ပံ့ခြင်းလည်း ဖြစ်သည်။ 

ထိုသို့ ရွာသားများက လုပ်အားဖြင့် အခမဲ့ ဝိုင်းဝန်းကူညီသည်ကို ဗီယာရ် ဟုခေါ်သည်။ "ဘွိက်တောန် အောရ် တုအရော ဗီယာရ်ဇောန် ဘာလာ" ဟူသော ရိုဟင်ဂျာစကားပုံသည် ဤဓလေ့မှ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ခန့်မှန်းရသည်။ ဥပမာ- ရွာ၌ အိမ်တစ်အိမ် ပြုပြင်ဆောက်လုပ်ရသည်ဆိုလျှင် တစ်ရွာတည်းနေ အခြားရွာသူများ တစ်အိမ်က လူတစ်ယောက်စီ စုပေါင်းစုဝေး ရောက်လာကာ အခမဲ့ ကူညီပေးကြသည်။ ထိုသို့ရောက်လာသည်ကို ဗီယာရ် သွားသည်၊ ဗီယာရ်ခေါ်သည်ဟု သုံးနှုန်းသည်။ ဗီယာရ် ၏ အဓိပ္ပာယ်မှာ "အခမဲ့ လုပ်အားပေး ကူညီခြင်း"ဟု အဓိပ္ပာယ်ရသည်။  တစ်စုံတစ်ရာ အကူအညီလိုအပ်လာလျှင် ဦးစွာ ဆော့မာဂ်ျအဖွဲ့သို့ တင်ပြရသည်။ ဆော့မာ့ဂ်ျအဖွဲ့ ရွာ၌ မောင်းခတ်ကြော်ငြာကာ ဗီယာရ် ရက်သတ်မှတ်ကာ ဗီယာရ်အဖွဲ့ စီစဉ်ပေးသည်။ ရောက်လာသော ဗီယာရ်အဖွဲ့ကို အိမ်ရှင်က တတ်နိုင်သလောက်နဲ့ ထမင်း၊ ကောက်ညှင်း၊ ရေနွေးကြမ်း၊ လက်ဖက်ရည်၊ ကွမ်း၊ ဆေးလိပ် စသည်တို့ဖြင့် ဧည့်ခံကြသည်။ အင်မတန်ကြည်နူးဖွယ်ကောင်းသော ဓလေ့တစ်ခုဖြစ်သည်။ ရွာသားများစုပေါင်း၍ ပျော်ပျော်ရွှင်ရွှင်နှင့် လုပ်အားပေးခြင်းဖြင့် တစ်ပတ်စာအလုပ်သည် တစ်ရက်တည်းနဲ့ ပြီးဆုံးစေသည်။ အကုန်အကျလည်း သက်သာသည်။ အချင်းချင်း ချစ်ခင်ရင်းနှီးမှုလည်း တိုးပွားခိုင်မာလာစေသည်။ 

အခြားလုပ်ငန်းများဖြစ်သော လယ်ယာစိုက်ပျိုးရေး၊ စပါးရိတ်သိမ်း စသည်တို့တွင်လည်း ဤနည်းဖြင့် လုပ်အားပေးကြသည်။ လယ်ယာစိုက်ပျိုးရေးတွင် အိမ်တိုင်းတိုင်းမှ သွားရသည်မဟုတ်ဘဲ လယ်ယာစိုက်ပျိုးလေ့ရှိသော အိမ်တိုင်းမှ တစ်ယောက်စီစုပေါင်းအဖွဲ့ကာ သွားရောက်ကူညီကြသည်။ ဤအဖွဲ့ကို "ဖာလာဒိုက်" ဟုခေါ်သည်။ 

ဗမာပြည်လွတ်လပ်ရေး ရသည့်အချိန်မှစ၍ ဆော့မာ့ဂ်ျစနစ်သည် တဖြေးဖြေး ပျောက်ကွယ်လာလေသည်။ အကြောင်းမှာ အစိုးရက ရပ်ရွာအုပ်ချုပ်ရေးစနစ်များကို အခိုင်အမာ ကျင့်သုံးလာသောအခါ ရွာသူရွာသားများ၏ အစဉ်အလာအရ ကျင့်သုံးသော ဆော့မာဂ်ျစနစ်၏ ရပိုင်ခွင့်အာဏာ၊ ဥပဒေစိုးမိုးရေး စသည်တို့ အားပျော့လာလေသည်။ ထိုမှ တဖြည်းဖြည်း ပျောက်ကွယ်လုဆဲဖြစ်လာသည်။ သို့သော် အချို့ကျေးလက်ဒေသများတွင် အစဉ်အလာအရ ထိန်းသိမ်းလျက် ဆော့မာဂ်ျစနစ်ကို ကျင့်သုံးနေဆဲဖြစ်ပါသည်။ 

ဤသို့ဖြင့် ရှေးခေတ် ရိုဟင်ဂျာတို့သည် ဥမကွဲသိုက်မပျက် အချင်းချင်း ရိုင်းပင်းကူညီမှုဖြင့် ငြိမ်းငြိမ်းချမ်းချမ်း စနစ်တကျ နေထိုင်လာခဲ့ကြသည်။ ထိုခေတ်ရိုဟင်ဂျာတို့၏ လူနေမှုအဆင့်အတန်းသည်လည်း သပ်သပ်ရပ်ရပ် ရှိခဲ့ကြောင်း ပေါ်လွင်စေသည်။ ဆော့မာ့ဂ်ျစနစ် ကျင့်သုံးသောရွာသည် စည်းလုံးညီညွတ်ကြသည်။ တည်ငြိမ်အေးချမ်းသည်။ နေထိုင်စရာအိမ်မဲ့ မရှိသလောက်၊ ငတ်မွတ်သူ မရှိသလောက်၊ အဝတ်မလုံသူ မရှိသလောက် ဖြစ်သည့် ဘုံစနစ်တစ်ခုဖြစ်ပေသည်။ ဆော့မာ့ဂ်ျစနစ်ကို အာရကန်ပြည် အနံ့အပြား အချို့ရွာများတွင် ယနေ့တိုင် တွေ့ရှိရပေသတည်း။ 


— လူထုဝဏ္ဏ 

(3-5-2022)


No comments:

Post a Comment