Saturday, February 11, 2023

ကျန်းမာရေးမှူး ဦးမြသန်း (သို့) အမေ့ခံရောင်ခြည် [၁၉၃၅-၂၀၀၉]

 

ကျန်းမာရေးမှူး ဦးမြသန်း (သို့) အမေ့ခံရောင်ခြည် [၁၉၃၅-၂၀၀၉]


             "Ashá táilé rasta neele"

ဒီဟာက ကျန်းမာရေးမှူးဦးမြသန်း အမြဲပြောဆိုဆုံးမလေ့ရှိတဲ့ စကားပုံ တစ်ပုဒ်ဖြစ်ပါတယ်။ Where is a will, there is a way ဆိုတဲ့ မူရင်းအင်္ဂလိပ်စကားပုံကိုလည်း မကြာခဏ သုံးနှုန်းပြောဆိုလေ့ရှိတယ်။ ဒါက သူရဲ့ အနှစ်သက်ဆုံး စကားပုံတွေထဲက တစ်ပုဒ်ဖြစ်တယ်။ 

ဦးမြသန်းဆိုတဲ့ နာမည်ကတော့ စာဖတ်ပရိတ်သတ်တွေအတွက် စိမ်းကားနေမှာဖြစ်ပါတယ်။ သူကတော့ နိုင်ငံကျော်ပုဂ္ဂိုလ်တစ်ဦးမဟုတ်ပေမဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ရှေ့တန်းတင်ဆောင်ရွက်ခဲ့တဲ့ ရွက်ပုန်းသီးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူထမ်းဆောင်ခဲ့ရာ ကျန်းမားရေးဝန်ထမ်းတစ်ဦးအနေနဲ့ မိမိတာဝန်ကို စေတနာမွန်နဲ့ သစ္စာရှိရှိ ကျေပွန်ခဲ့သူဖြစ်တယ်။ 

မောင်မြသန်းဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဘောလီဘာဇားတွင် ၁၉၃၅ ခု၌ ဖခင် ကာဇီဘောက်တာမဟ်မွတ်နဲ့ မိခင် ဒေါ်အမီနာသျှောင်ဒရီ တို့မှ ဖွားမြင်ခဲ့တယ်။ အမည်ရင်းမှာ ဒေလဝါရ်အဟ်မတ်ဖြစ်ပါတယ်။ ဖခင်မှာ ဗြိတိသျှစစ်တပ်ရဲ့ တပ်တွင်းဆေးမှူးနဲ့ ဘော်လီနယ်ခံဆေးမှူး အပြင် အင်္ဂလိပ်အစိုးရခန့် တရားစီရင်ခွင့်ရ ကာဇီတစ်ဦးလည်းဖြစ်ခဲ့တယ်။ မိခင်မှာ ထင်ရှားတဲ့တိုင်းရင်းဆေးသမားတော် တစ်ဦးဖြစ်သည်။ ဘော်လီမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်တယ်။ ညီအစ်ကို ၆ ဦးအနက် စတုတ္ထမြောက်ဖြစ်တယ်။ မောင်မြသန်း ၁၃ နှစ်လောက်အရွယ်တွင် ဖခင် ကာဇီဘောက်တာမဟ်မွတ်ဆုံးရှာခဲ့တယ်။ မောင်မြသန်းဟာ မိခင်နဲ့ အစ်ကိုတို့ အရိပ်အောက်မှာပဲ ကြီးပြင်းလာရသူဖြစ်ပါတယ်။ 

မောင်မြသန်းဟာ ထိုခေတ်က အာမီရ်အာလီအူရ်ဒူကျောင်းမှ ၆ တန်းအထိ သင်ယူခဲ့တယ်။ နောင်တွင်ထိုကျောင်းကို ဗမာ-အင်္ဂလိပ် အမျိုးသားကျောင်းအဖြစ် ပြောင်းလဲလိုက်သောအခါ ထိုကျောင်းတွင် ဆက်လက် ပညာဆည်းပူးခဲ့တယ်။ အထက်တန်းပညာကို မောင်တောအထက်တန်းကျောင်းမှာ သင်ယူပြီးမြောက်ခဲ့တယ်။ ဗမာတပ်မတော်တွင် ဝင်ရန် စိတ်ဝင်စားခဲ့ပေမယ့် အကြောင်းအားလျော်စွာ အဆင်မပြေခဲ့ချေ။ မိဘအရင်းခံ ဆေးပညာဖက်ကို စိတ်ဝင်စားကာ ရန်ကုန် အောင်ဆန်းကွင်း ကျန်းမာရေးမှူး သင်တန်းကျောင်း (Institute of Community Health | *ယခု မကွေးသို့ ပြောင်းရွေ့တိုးချဲ့ထားတယ်။)မှ ဆေးပညာကို ဆည်းပူးခဲ့တယ်။ 

မောင်မြသန်းဟာ မောင်တောဆေးရုံး ဓာတ်ခွဲမှူးအဖြစ် စတင်အလုပ်ဝင်ခဲ့တယ်။ ၁၉၆၄ ခုတွင် ဘူးသီးတောင်ပြည်သူ့ဆေးရုံတွင် ကြီးကြပ် (၁) ဓာတ်ခွဲမှူးအဖြစ်  ၁၉၇၄ ခုထိ တာဝန်ထမ်းဆောင်ခဲ့တယ်။  ၁၉၇၄ မှ  ၁၉၈၁ ခုထိ စစ်တွေမြို့ ပြည်သူ့ဆေးရုံ အနာကြီးရောဂါဌာနတွင် ကြီးကြပ် (၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ၁၉၈၁-၁၉၈၅  ဘူးသီးတောင် မြို့နယ်ဆေးရုံ အနာကြီးရောဂါ ဌာန ကြီးကြပ်ရေးမှူးအဖြစ်ခဲ့တယ်။ ၁၉၈၅ မှ ၁၉၉၀ အထိ သပိတ်တောင် ကျေးလက်ကျန်းမာရေးဌာနတွင် ကျန်းမာရေးမှူးအဖြစ်လည်းကောင်း၊  ၁၉၉၀ မှ ၁၉၉၅ အထိ် တောင်ပြို ကျန်းမာရေးဌာနတွင် ကျန်းမာရေးမှူးအဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့တယ်။ ၁၉၉၅ ခုတွင် ပင်စင်ယူကာ အစိုးရအမှူးထမ်းဘဝမှ အနားယူခဲ့တယ်။ ကျန်ဘဝကို မိမိရဲ့ ဇာတိမြေဘောလီဘာဇား၌ အေးချမ်းစွာ ကုန်ဆုံးခဲ့တယ်။ 

ပင်စင်စားဘဝတွင် ဆေးကုပေးခြင်းနဲ့အတူ စေတနာ့သင် ဆရာအဖြစ် ကြိမ်ချောင်း၊ လောင်ဒုံး၊ ဒုံပစ် ကျေးရွာများ၌ ငွေကြေးထောက်ပံ့မှုမရရှိ၍ ပညာသင်ခွင့် ဆုံးရှူံးနေတဲ့ ကလေးသူငယ်တွေကို ထထကြွကြွ စာသင်ပြပေးခဲ့တယ်။ ငွေရေးကြေးရေး အားနည်းနေတဲ့ ကျောင်းနေ ကျောင်းသူ/သားများကိုလည်း တတ်နိုင်သမျှ ငွေကြေးထောက်ပံ့လေ့ရှိခဲ့တယ်။ ကျေးလက်ဒေသက လူတွေကို အခြေခံကျန်းမာရေးဆိုင်ရာ ပညာပေး(ရှေးဦးသူနာပြု)သင်တန်းများလည်း အခါမလပ် ပို့ချခဲ့တယ်။အခမဲ့ ဆေးကုပေးခြင်း အရေအတွက်က စံပြုဖွယ်မှတ်သားနိုင်လောက်တယ်။ ဗလီနဲ့ သာသနာ့အဆောက်အအုံတွေမှာ ရေရရှိရေးအတွက် အထူးစီမံဆောင်ရွက်ပေးလေ့ရှိခဲ့တယ်။ အဲဒါကို သူက Water Supply for All လို့ နာမည်ပေးခဲ့တယ်။ 

ကျန်းမာရေးမှူး ဦးမြသန်းဟာ မိမိတာဝန်ထမ်းဆောင်နေစဉ်ကာလတွင် ကျန်းမားရေးပညာပေးနဲ့ ရောဂါကုသပေးခြင်းဖြင့် အသက်ပေါင်းမြောက်များစွာ ကယ်တင်ခဲ့တာတော့ ထင်ရှားပါတယ်။ ဒါ့အပြင် ယနေ့ထက်ထိ ကျန်ရှိနေတဲ့ သူရဲ့ နိုင်ငံနဲ့ ပြည်သူ့အကျိုးပြုကောင်းမှုစေတနာတွေကတော့-

(က) သပိတ်တောင်တွင် တာဝန်ထမ်းဆောင်နေစဉ် သပိတ်တောင်ရခိုင်ရွာရှိ ကျေးလက်ကျန်းမာရေးဌာနဟာ တဲကလေးတစ်ခု ပမာသာ ရှိခဲ့တယ်။ သူပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေစဉ်ကာလတွင် ထိုဆေးပေးခန်းတဲအိမ်ကလေးကို သူရဲ့ နေ့ညမနား ကြိုးပမ်းမှုကြောင့် ရွာသူရွာသား၏ စုပေါင်းအင်အားမှ အခိုင်အမာ တိုးချဲ့ တည်ဆောက်ပေးခဲ့သည်ကို ယနေ့အထိ ထိုရွာသားများက သူ့ကို အောက်မေ့သတိရကြတယ်။ 

(ခ) တောင်ပြိုလက်ဝဲ ကျန်းမာရေးဌာနကို ဆေးရုံကြီးအဖြစ် တိုးမြင့်ပေးရာတွင် ကျန်းမာရေးမှူး ဦးမြသန်း၏ ကြိုးပမ်းမှုက မနည်းလှချေ။ ၁၉၉၃ ခု ဗိုလ်ချုပ်ခင်ညွှန့် တောင်ပြိုလက်ဝဲခရီးစဉ်၌ ကျန်းမာရေးမှူးသည် ခင်ညွှန့်နှင့် တွေ့ဆုံကာ ကျန်းမာရေးဌာနသည် ဒေသရှိ လူနာအရေအတွက်နှင့် မကိုက်ညီကြောင်း ဆေးရုံကြီးအဖြစ် တိုးမြှင့်ပေးသင့်ကြောင်း တင်သွင်းခဲ့တယ်။ ဆေးရုံတိုးချဲ့ဆောက်လုပ်ရန် လိုအပ်ချက်တွေကိုလည်း မေးမြန်းချက်အရ တိုင်ပင်ဆွေးနွေးခဲ့တယ်။ ထိုဗိုလ်ချုပ်ခင်ညွှန့်ခရီးစဉ်နောက်ပိုင်းတွင် ထိုကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြင့်ပေးပြီး ဆေးရုံကိုလည်း ပြန်လည်တိုးချဲ့ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်တယ်။ ယခု တောင်ပြိုလက်ဝဲ၌ တည်ရှိနေတဲ့ တိုက်နယ်ဆေးရုံဟာ ကျန်းမာရေးမှူး ဦးမြသန်းရဲ့ ကြိုးပမ်းမှုမှ ဖြစ်ထွန်းလာခြင်းပင်ဖြစ်တယ်။ (ထိုအချိန်က မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများတွင် ဗိုလ်ချုပ်ခင်ညွှန့် ခရီးစဉ်သတင်းမှာ တွေ့ဆုံဆွေးနွေးပုံတွေကို ဖော်ပြခဲ့တယ်)

တောင်ပြိုလက်ဝဲမြို့ တိုက်နယ်ဆေးရုံ၊ ၂၀၁၇ နောက်ပိုင်းက တွေ့မြင်ရတဲ့ဆေးရုံပုံ။


(ဂ) ၁၉၉၃ ဒုက္ခသည်များ ပြန်လည်လက်ခံရေးအစီအစဉ်တွင် ကျန်းမာရေးမှူးဦးမြသန်းဟာ ဆရာဝန်များအဖွဲ့မှာ ရွေးချယ်ထည့်သွင်းခံရကာ မူလအိမ်ပြန်လာတဲ့ဒုက္ခသည်တွေကို တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးခဲ့တယ်။

(ဃ) အနာကြီးရောဂါဆိုင်ရာ အထူးကျွမ်းကျင်လို့ ဘူးသီးတောင် မြို့နယ်ဆေးရုံမှ စစ်တွေ ပြည်သူ့ဆေးရုံသို့ အထူးပြောင်းရွှေ့ခံခဲ့ရတဲ့ ရိုဟင်ဂျာ ကျန်းမာရေး ဝန်ထမ်းတစ်ဦးဖြစ်တယ်။ ပင်စင်စားဘဝမှာလည်း အနာကြီးရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး ဟောပြောပွဲတွေမှာ သက်ဆိုင်ရာဆေးရုံမှ အထူးဖိတ်ခေါ်ခြင်းခံရကာ ဟောပြောလေ့ရှိခဲ့တယ်။ 

ဒီလိုဖြင့် ဦးမြသန်းဟာ သူရဲ့ တာဝန်ထမ်းဆောင်ရာ ကာလတစ်လျှောက် လူမျိုးဘာသာမရွေး စေတနာထက်သန်စွာဖြင့် ပြည်သူ့အကျိုးဆောင်ခဲ့တဲ့အပြင် ပင်စားဘဝမှာပင် အများကောင်းကျိုးသယ်ပိုးခဲ့ပါတယ်။ 

မောင်မြသန်းဟာ ၁၉၆၁ ခုနှစ်တွင် မြို့အုပ် ဖူရုက်အမတ်ရဲ့တူမ၊ ဆရာကြီး မူဟာမတ်ဟာဆောင်းရဲ့တတိယမြောက်သမီး ဒေါ်မနု (ခ) ဟူဆောင်းဂျာဟာန် (ဘော်လီ+ကာဇီ နွယ်ဖွား)နဲ့ နဖူးစာဆုံခဲ့တယ်။ သူတို့မှ သားသမီး (၉) ယောက် ထွန်းကားခဲ့တယ်။ သိန်းသိန်းနု၊ သန်းသန်းနု၊ သိန်းနု၊ သန်းသန်းထွေး သမီးလေးယောက်နဲ့ သန်းမြင့်၊ သိန်းထိုက်၊ သန်းထိုက်၊ သန်းထွန်း၊ အေးထွန်း သား(၅) ယောက်တို့ဖြစ်တယ်။ 

မှတ်ပုံတင်အမှတ် AK- ၁၅၅၅၉၄ ကိုင်ဆောင်သူ ကျန်းမာရေးမှူးဦးမြသန်းရဲ့ ညီအစ်ကိုများမှာလည်း ကျရာနေရာမှ တိုင်းပြည်နဲ့လူမျိုးအကျိုးကို သယ်ပိုးခဲ့တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ အစ်ကိုကြီး ဦးဘေဒါရ်အမတ်မှာ အင်္ဂလိပ်အစိုးရခန့် စစ်တပ်ဆေးမှူး တစ်ဦးဖြစ်ခဲ့သည်။ ဦးနေဆာရ်အမတ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဦးမောင်နုမှာ အထက်တန်းကျောင်းအုပ်ဆရာကြီးအဖြစ်လည်းကောင်း၊ ညီ ဦးမြစိန်မှာ ပြည်နယ် ငှက်ဖျားတိုက်ဖျက်ရေးမှူးအဖြစ်လည်းကောင်း အသီးသီး တိုင်းပြည်အကျိုးပြုခဲ့သူများဖြစ်ပါတယ်။ အငယ်ဆုံးညီ ဦးမာဟ်မွတ်ကတော့ ကျောက်ဖြူပညာရေးကောလိပ်မှာ ပညာသင်နေစဉ် ကံမကောင်းစွာ ကွယ်လွန်သွားရှာတယ်။ တစ်ဦးတည်းသော ညီမ ဒေါ်နော်ဖီဇာမှာ ယနေ့ထိ သက်ရှိထင်ရှားနေဆဲ။ 

ပြည်ထောင်စု လူငယ်ရေးရာ ဗဟိုကောင်စီရဲ့ အသင်းဝင်ကတ်ပြား(ကျော့ဘက်)

ပြည်ထောင်စု လူငယ်ရေးရာ ဗဟိုကောင်စီရဲ့ အသင်းဝင်ကတ်ပြား(ရှေ့ဘက်)
ကျန်းမာရေးမှူးဟာ ရိုးရိုးရှင်းရှင်း နေတတ်သူဖြစ်တယ်။ ကလေးသူငယ်တွေကို အလွန်အမင်း ချစ်ခင်တယ်။ တစ်နေရာရာမှ ပြန်လာတဲ့အခါ သူ့လက်ထဲမှာ သူ့အနီးအနားရှိ ကလေးတွေအတွက် အမြဲမုန့်တွေ ပါလေ့ရှိတတ်တယ်လို့ ဆိုကြတယ်။ သူ ရွာမှာ လမ်းလျှောက်ထွက်တဲ့အခါ ကလေးတွေ ဝိုင်းလို့ ရှိတတ်တယ်။ ကလေးတွေအတွက်တော့ "ဒါခ်တောရ် နာနာ" ကို မြင်လိုက်တာနဲ့ စားစရာမုန့်ပဲ ပြေးမြင်တော့တယ်။ သူဟာ စာဖတ်ခြင်းနဲ့ ဒိုင်ယာရီရေးခြင်း အထူးဝါသနာပါတယ်။ အူရ်ဒူစာ၊ ဘင်္ဂလားဒေ့ခ်ျစာ အရေးရောအဖတ်ရော ကျွမ်းကျင်တယ်။ ဗိသုကာလက်ရာတွေကို စိတ်ဝင်စားတယ်။ အားလပ်တဲ့ အချိန်တွေဆိုရင် အိမ်မှာ သစ်သားတွေ၊ ဘိလိပ်မြေတွေနဲ့ ခုံတွေ၊ စားပွဲတွေ စင်တွေ ပုံစံအဆန်းဆန်းနဲ့ ကိုယ်တိုင်ပြုလုပ်လေ့ရှိတတ်တယ်။ တစ်ခုထူးခြားတာက သူဟာ ဘယ်လက်သန်ပေမယ့် လက်နှစ်ဖက်စလုံးနဲ့ ပိုင်ပိုင်နိုင်နိုင်စာရေးသားနိုင်တယ်။ အားကစားဖက်မှာတော့ ကြက်တောင်ရိုက်ကစားနည်းကို ဝါသနာအိုးပါတယ်။ 

ကျန်းမာရေးမှူး ဦးမြသန်းဟာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက် ကြသပတေးနေ့ နံနက်ပိုင်းတွင် မိမိရဲ့ ချစ်သားသမီးတွေနဲ့ နှုတ်ခွန်းဆက်သ၍ အလ္လာဟ်အမိန့်ခံယူသွားလေတယ်။ သူဟာ ကြာသပတေးနေ့ဖွားဖြစ်ပြီး ကြာသပတေးနေ့မှာ ကွယ်လွန်သူဖြစ်တယ်။ သူရဲ့ ရုပ်အလောင်းကို လောင်းဒုံ ကြိုက်ချောင်းရှိ ဘော်လီသင်္ချိုင်းမှာ ဒါဖနာဟ်ခဲ့ပါတယ်။   အလ္လာဟ်အသျှင်မြတ် မြင့်မြတ်သောအစား ပေးတော်မူပါစေ…အာမိန်။     


— လူထုဝဏ္ဏ

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃။




No comments:

Post a Comment