Saturday, July 8, 2017

ဦးပုည၏ ကံကြမ္မာနှင့် ဝိဇယပြဇာတ်


ဝေဖန်📜 ခိုင်သွေးညို

ဦပုညဆိုလျင် မြန်မာစာပေသမိုင်း၌ လျှမ်းလျှမ်းတောက် ကျော်ကြားသော စာဆိုတော်ကြီးဟု မြန်မာစာပေ လိုက်စားသူတိုင်း သိကြပါသည်။ ဦးပုညသည် တစ်ခေတ်မှာ တစ်ယောက်ဟု ဆိုလောက်အောင်ပင် ဉာဏ်လည်းကြီး၊ ပညာလည်းကြီးသူဖြစ်ပါသည်။ ထို့ပြင် အရေးအသား အရာတွင်လည်း အခန့်အသန့်၊ အနုအကြမ်း၊ အရွှန်းအသော ပိုင်ပိုင်နိုင်နိုင်ဖြင့် လူ့သဘော လူ့သဘာဝပေါ်လွင်အောင် ရေးသားနိုင်သောကြောင့် ရှိတ်စပီးယားနှင့် ရူပကပြုရသူလည်း ဖြစ်ပါသည်။

ပြဇာတ်၊ တေးထပ်၊ မော်ကွန်း၊ ဝတ္ထု၊ သာသနာလျှောက်၊ ဆွမ်းတော်ကြီးလောင်းစာတမ်း၊ မေတ္တာစာ၊ ဒုံးချင်းမှစ၍ စာမျိုးစုံရေးသားခဲ့သူလည်းဖြစ်ပါသည်။ ရေးသမျှစာများတွင်လည်း စကားလုံးပြောင်မြောက်စွာ၊ အဖွဲ့အနွဲ့နိုင်နင်းစွာ၊ရသပေါ်လွင်စွာ ရေးခဲ့သူဖြစ်ပါသည်။

ဦးပုည ရေးခဲ့သောပြဇာတ်များအနက် ရေသည်ပြဇာတ်သည် ပြဇာတ်အင်္ဂါရပ်များနှင့် အပြည့်စုံဆုံးဟု ပညာရှင်များ သုံးသပ်ကြပါသည်။ ဦးပုညသည် ရေသည်ပြဇာတ်အပြင် ဝိဇယပြဇာတ်၊ ပဒုမပြဇာတ်၊ ဝေဿ န္တရာ ပြဇာတ်၊ ကောသလပြဇာတ်၊ ဝါသုဒေဝပြဇာတ်တို့ကိုလည်း ရေးခဲ့ပါသေးသည်။ ထိုအထဲတွင် ရေသည်ပြဇာတ် နည်းတူ ထင်ရှားသောပြဇာတ်မှာ ဝိဇယပြဇာတ်ဖြစ်ပါသည်။

ဦးပုညသည် ဝိဇယပြဇာတ်ကိုရေးရာတွင် သီဟိုဠ် မဟာဝင်မှ သီဟဗာဟုဇာတ်ကို ကျောရိုးယူ၍ ရေးခဲ့ခြင်းဖြစ်ပါသည်။ ဝိဇယပြဇာတ်ရေးသားရသော အကြောင်းရင်းနှင့် ပတ်သက်၍ အယူအဆ သုံးခု ကွဲပြားနေပါသည်။

၁။ ကနောင်မင်းသားကြီးက တူတော် မြင်ကွန်း၊ မြင်းခုံတိုင်တို့ ဆိုးသွမ်းနေသည်ကို နောင်တော်သိစေလို၍ ရေးသားခိုင်းသည်။
၂။ မင်းတုန်းမင်းကိုယ်တိုင် သားတော်များဆိုးသွမ်းနေသည်ကို သတိပေးဆုံးမလိုသည့်အတွက် ရေးခိုင်း သည်။
၃။ ရွှေဘိုမင်း၏သားတော် ပုဂံမင်းက တောင်းပန်သောကြောင့် ရေးသည်။

အထက်ပါ အယူအဆများအနက် ပထမအချက်ကို အကြောင်းယုတ္တိသင့်သဖြင့် လက်ခံသူများသည်ဟု ဆိုပါသည်။

ဝိဇယပြဇာတ်တွင် သီဟဗာဟုမင်းကြီး၏ သားတော်ကြီး ဝိဇယမင်းသားသည် ကျွန်သီးခုနစ်ရာ၊ သင်းဗိုလ်ပါနှင့် ၊ပြည်ရွာတရိုး၊ သဝေထိုးအောင် ဆိုးသွမ်းသောကြောင့် ခမည်းတော်က သေဒဏ်ပေးသည်။ မယ်တော်နှင့် အမှူးအမတ်များ တောင်းပန်သောကြောင့် ပင်လယ်သမုဒ်ကြောသို့ ဖောင်လုပ်၍မျှောသည်။ ကံအားလျော်စွာ လင်္ကာဒီပံ ကျွန်းနိုင်ငံသို့ရောက်ကြပြီး မယ်ကုဝဏ်နှင့် အကြောင်းပါကာ လင်္ကာဒီပမှ ဘီလူးများကို နှိမ်နင်း၍ မင်းပြုသည်။ မင်းဖြစ်သောအခါ မယ်ကုဝဏ်သည် အသွင်မတူသောဘီလူးမဖြစ်၍ အသွင်တူသော မဓုရာပြည်မှလူမင်းသမီးကို တောင်ညာစံဒေဝီအဖြစ်တင်မြှောက်သည်။ မယ်ကုဝဏ်နှင့် ရသော သားနှစ်ယောက်ကို စောင့်ရှောက်မည်ဟုပြောသော်လည်း မယ်ကုဝဏ်က လက်မခံဘဲ သားနှစ်ယောက်ကို လက်ဆွဲကာ နန်းမှထွက်သွားသည်။

နောက်ပိုင်းတွင် ဝိဇယမင်းသားသည် ဘုရားဗျာဒိတ်တော်ရှိသည့်အတိုင်း သာသနာပြုမင်းဖြစ်လာသည်။(သာသနာပြုကြောင်းကား ပြဇာတ်၌မပါ ပါ)

ဤပြဇာတ်တွင်း ဝိဇယမင်းသား၏ စရိုက်၊ မယ်ကုဝဏ်၏စရိုက်များကို ဖွဲ့ရာ၌ ပီပီပြင်ပြင်ရှိလှပါသည်။ အခြားဇာတ်ကွက်များလည်း ကောင်းမွန်လှသောကြောင့် ဖတ်ရှု၍မငြီးနိုင်သော ပြဇာတ်ပင်ဖြစ်ပါသည်။

ဝိဇယပြဇာတ်သည် နာမည်ကျော်သလောက် ဦးပုညကို ဒုက္ခပေးခဲ့သောပြဇာတ်လည်း ဖြစ်ပါသည်။

မြင်းကွန်း၊ မြင်းခုံတိုင်မင်းသားတို့ ပုန်ကန်သောအရေး၌ ဝိဇယပြဇာတ်ကို ဖတ်ရှုအားကျသောကြောင့်ဟု လျှောက်တင်ကြသည်။ ထိုအခိုက် ပုန်ကန်မှု၌ ဦးပုည အခါပေးသည်ဟု စစ်ချက်ထွက်သောကြောင့် မြို့သာမြို့စား မြောက်မြို့ဝန်ဦးသာအိုးအိမ်တွင် အကျယ်ချုပ်ထားသည်။ ထိုစဉ် ဦးသာအိုး၏မယားငယ် ခင်သုန်နှင့် ရည်ငံသည်ဟု သတင်းထွက်လာရာ ၁၂၂၉ ၊ နယုန်လတွင် ဦးသာအိုးက အဆုံးစီရင်ခဲ့သည်။(ဦးသာအိုးနှင့် ဦးပုညသည် အစကပင်မတည့်သူများဖြစ်သည်ဟု မှတ်ဖူးပါသည်။ ဦးသာအိုးသည် တလိုင်းမျိုးဖြစ်သည်။ ဦးသာအိုးကို နှိပ်ကွပ်လိုသောကြောင့် ဦးပုညက ဝိဇယပြဇာတ်တွင် "တလိုင်းသေ၊ ရေပင်လယ်မြစ်၊ ငါးစင်ရိုင်းနှင့် ငါးသိုင်းဖြစ်၊ ငါးသိုင်းသေ၊ လူတေလူညစ်..... ရိုင်းနှင့် တလိုင်းဖြစ်။တရစ်ပတ်ပတ်၊ ဖြစ်တတ်ပျက်ပြန်၊ လံကဓော လောကဓံမှာ ကံနှင့်ကတ္တား၊ သည်နှစ်ပါးကို၊ သားတော်ရွှေစင် အစင်းအစင်း မုန့်တီဟင်းကဲ့သို့ ကွင်းကွင်းကြီးထင်လွန်း၍.."ဟုပင် ဝိဇယမင်းသား၏စကားအဖြစ် ဖွဲ့ခဲ့ပါသည်။ ဦးသာအိုးကလည်း ပြန်လည်ချေပခဲ့ပါသည်။ ဤသို့ မတည့်ကြသူများဖြစ်ကြရာ မိမိ၏ရန်သူ မိမိ လက်ထဲတွင်ရောက်လာခိုက် အကောက်ကြံသည်မှာ မဆန်းတော့ချေ။)

ဦးပုညကွယ်လွန်သောအခါ မင်းတုန်းမင်းကြီးက နှမြောလှ၍ လူကို ခွေးသတ်လေခြင်း ဟုပင် မိန့်တော်မူ ခဲ့ပါသည်။ သို့သော် တိုင်းပြည်အရေး မအေးဆေးသောကြောင့် ဦးသာအိုးကို အပြစ်မပေးခဲ့ပေ။

ဦးပုညသည် မင်းခစားလုပ်လျင် ဥပစ္ဆေဒကကံမကင်းနိုင်ကြောင်း ကြက်သွန်ခင်းဆရာတော်က မိန့်ဖူးသည်။ မိမိကိုယ်တိုင်လည်း ဗေဒင်ပညာတတ်ကျွမ်းပါလျက် ဗေဒင်ကိုယုံကိုးခြင်းမရှိလေသလောဟု ထင်မှတ်ဖွယ်ဖြစ်ပါသည်။

မည်သို့ဆိုစေ၊ ဦးပုညသေရခြင်းမှာ ဝိဇယပြဇာတ်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေသည်မှာကား စေတနာကောင်းဖြင့်ဖန်တီးသော စာပေလက်ရာတစ်ခုကို ဖတ်ရှုခံစားသူက အလွဲရှုမြင်ခံစားခဲ့သော အကျိုးဆက်ဟုပင် သတိပြုဖွယ် ဖြစ်ပါတော့သည်။

No comments:

Post a Comment