Sunday, October 15, 2017

အိုဘယ့် ဒုက္ခ [RK ကဗျာ]

ဘင်္ဂလားဒေ့ခ်ျသို့ အသက်ကယ် ထွက်ပြေးနေတဲ့ ရိုဟင်ဂျာ အမိနှင့်သမီး၊
 ပုံ အင်တာနက်


🔥 အိုဘယ့် ဒုက္ခ 🔥


ဌာနီရွှေမြေ စွန့်ခဲ့လေအောင်
ရမ်းကားမိစ္ဆာ လူသတ်သမား
မီးရှို့လာင်ကျွမ်း ငါ့ဂေဟာ။

တို့ရွာတို့အိမ်  အေးရိပ်မိုးကို
နောက်ဆုံးစကား ငါ့ယောက်ျားရဲ့
‘သားကိုကယ်ပါ’ မှာသည့်အတိုင်း 
သားကိုပွေ့ချီ  ကယ်ရင်းဆယ်ရင်း
ဒိုင်းဒိုင်းအောက်က ထွက်လာခဲ့ရ    
နောက်ပြန်တလှည့် ကြည့်ရန်တောင်
အချိန်မပေးခဲ့ပါလား။

တောတောင်ခရီး ကျော်ရေစီး
ဝမ်းစာမပါ ငှက်ပျောအူသာ
ရေငတ်လည်းတုံး ဗိုက်လဲအုံး
တောရိုင်းသံဆူ ကျေးချိုးကူ
ကျောက်ထူတောနက် မှိတ်ရခက်
သားငယ်နိုးထ ရှာဘာဘာ
ဘယ်ကလာမယ် သူ့ဘဘရယ်…
ငို…
တို့တွေလာတုန်း သူကဆုံး
မီးခိုးနက်ထဲ လဲလျောင်းသာလေ။ 

တတောင်တက် တတောင်ဆင်း
လမ်းကူမရှိ ဖော်မရှိ
ဘယ်ဆီဘယ်ရောက် တို့မသိ။
ဝသန်မိုးကား သနားစရာ
ရွာလိုက်တန့်လိုက် ပြင်းလိုက်တာ။
ထီးလဲမပါ ဆောင်းစရာ
သားငယ်ချမ်းတုန် ခုဆုံးပမာ
လက်ခမောက်နဲ့ အုပ်လို့ထား
နေပူအလာ စိတ်အောင့်ရ
အဝတ်ကစို သားလဲစို
သားကိုယ်ပွေ့ဖက် နွေးစေသား။

လူသွားခြေရာ လမ်းဖြစ်သွား
ရွံ့နွံထူထပ် စေးကပ်ပမာ
လျှောက်ရတာလဲ အားနည်းချည်းလာ၊
ဟိုးမှောင်ရီရီမှာ လူအုပ်တစု
ထုပ်ပိုးကိုယ်စီ မှုန်ရီရီ
မြင်ရသော်လည်း 
ကျယ်လောင်ငါ့သံ မကြားရပါတကား။

နွားအုပ်ထိန်းမဲ့ လယ်ကွင်းပြည့်
စပါးဖူးလက်ဆုပ် ဆင်းယူနုတ်
ပုံပြင်ပြောကာ သားအားကျွေး
 ဦးကြီးကျေးဇူးလဲ မနည်းလှချေ။ 
သုံးညကျော်ပြီ မျက်စိမမှိတ်တာ
လယ်သင်းပိုင်ပေါ် ခေါင်းအုပ်လို့သာ
ဝေဟင်အောက်မှာ ပျော်သွားခဏလေး။

အိပ်မက်ထဲမှာ သားရဲ့ဘဘ
ပြုံးကာအားပေး မပူနဲ့လေ
နင့်ကိုပေးတာ ဂုဏ်ယူစရာ
ငါ့သားကြီးလာရင် ပညာရှင်ဟု
တို့ရဲ့နံမယ် ပဲ့တင်ခတ်မယ်။
သားဘယ်မှာလဲ မုန့်ပေးရအောင် ဟု
ဆိုရုံနဲ့ လှန့်ကာနိုးထ
ပါးစပ်က သားသား
ဘေးပတ်ကြည့်သော် သားကိုမမြင်
ဟိုပြေးဒီပြေး ရှာရှာကာ
သားရယ်…သားရယ်နဲ့ ခေါ်လိုက်ငိုလိုက်
မျက်စိတချက် နွားအုပ်ဖက်
သားပျော်နွားလယ် ကစားနေ
သက်ပူပြင်းပြင်း ချလိုက်အေး။ 

ပန်းတိုင်မရှိတဲ့ ငါတို့ခရီး
လျှောက်လေလျှေက်လေ တာကမနီး
ဇီဝခွန်အား ပျော့ပြောင်းချည်း
မျက်ရည်တောင် ခမ်းခြောက်ကုန်ပြီလော့
သားကိုယ်ပူချိန်လဲ မြှင့်လေတော့
မျှောက်လင့်ချက်က နေဝင်ပြီလားဟု 
 ယောက်ျားမှာစကား ကြားယောင်ယောင်နဲ့
ငါ့မေတ္တာက ရှုံးဆဲဆဲတွင်
ဒီရေအကျ စောင့်နေခိုက် 
ကမ်းစပ်ရွှံ့ပေါ် သားမိတဖက်စီ
လဲလျောင်းသတိလစ်နေတာဟု
ကျေးဇူးရှင် ကယ်တင်ရှင်
လူတစ်စုက ဘင်္ဂလားတဲမှာ
သတိပြန်လာချိန် ပြောသွားလေတည်း။  

☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔
ရေးဖွဲ့ ⚡ ရိုဟင်လေး
အောက်တိုဘာ ၁၅၊ ၂၀၁၇ (၂း ၃၁) 

မှတ်ချက်။ ဘူးသီးတောင်မြို့နယ်မှ အသက်ကယ် ထွက်ပြေးလာခဲ့သော သားအမိနှစ်ယောက်၏ ဒုက္ခမျိုးစုံကို ရင်ဆိုင်ရင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ ရောက်လာသည့် လမ်းခရီးအဖြစ်အပျက် အမှန်ကို ကဗျာဖွဲ့ မှတ်တမ်း တင်ခြင်းဖြစ်သည်။ 

မိုးရေစိုစွတ်လျက် နတ်မြစ်အနီးတွင် ကယ်မယ့်သူ စောင့်နေသည့် ရိုဒုက္ခသည် မိသားစု၊
ပုံ- အင်တာနက်
[ပုံရှိ လူများသည် ကဗျာထဲမှ ဖြစ်ပျက်ပုံ အကြောင်းဖော်ထားသည့် သားအမိ မဟုတ်ပါ၊]

No comments:

Post a Comment