Tuesday, October 17, 2017

SÓDÍ KISSÁ: A Rohingya Traditional Game


ရေးသား 📑 ရိုဟင်လေး|


အမျိုးအစား ♠ ရိုဟင်ဂျာ ရိုးရာ ကစားနည်းများ [Traditional Sports of Rohingya]|

ဆို့ဒီ ကိစ္ဆာ့ [Sódí Kissá]


ဆို့ဒီရ် ကိစ္ဆာ့သည် ရိုဟင်ဂျာ ရိုးရာကစားနည်းများအနက် အလွန် ထင်ရှားသော ကစားနည်း တစ်မျိုးဖြစ် သည်။ လူငယ်တို့က ၎င်း နံမယ်ကြားရုံနဲ့ “အို…ဘာဇီရေ့” ကြောက် တယောင်ယောင် ဖယ်ခွာနေချင် တတ် သည်။ အကြောင်းမှာ လွယ်လွယ်နဲ့ အဆုံးမသတ်နိုင်သောကြောင့် ဖြစ်သည်။  ဥာဏ်ရည် ဉာဏ်သွေး စမ်း Debate လုပ်ရသော ပဟေဠိ ကစားနည်း တစ်မျိုးဖြစ်သည်။ 

ဆို့ဒီ ကိစ္ဆာ့ကို မြန်မာလို ‘ထုံးပုံပြင်’ ဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။ ဒီနေရာမှာ ထုံးရဲ့ အဓိပ္ပာယ်က ကွမ်းစားထုံး မဟုတ်ပဲ  ခိုင်းနှိုင်းစကားလုံး အဖြစ် ‘အရှုံးခံသည်၊ ဦးဏှောက်စားသည်’ ဟု ရိုexpert တွေက လက်ခံကြ သည်။ (တခြား အဓိပ္ပာယ်ဖွင့်ဆိုတာလဲ ရှိတယ်) ဤကစားနည်း ထင်ရှားပုံက ကဲလွန်လှ၍ စကား ပြောဆို ရာတွင်တောင် အီဒီယမ် အဖြစ် စကားရှည် ကွေ့ကောက်ဝေဝုစ် ပြောဆိုနေသူကို တိုတိုနဲ့ ရှင်းရှင်း ပြောဆို ရန် ဒီကစားနည်း နံမယ်ကို ဥပစာပေး သုံးကြသည်။ ‘Sódi Kissá no hoíc’- တိုက်ရိုက် အဓိပ္ပာယ်က ‘စကားရှည်မနေနဲ့ လိုရင်း ရှင်းရှင်းပြော။’  

ရှေးအခါက ဤကစားနည်းကို General Knowledge Quiz ပုံစံမျိုး  ကစားခဲ့ကြတာဖြစ်တယ်။ လူငယ်တွေ ရဲ့ ဥာဏ်ရည် ထက်မြက်လာအောင် ရည်ရွယ်ချက်ဖြစ်မယ်လို့ သက်ကြီးတွေက ယူဆပါတယ်။ သို့သော် ယနေ့အချိန်တွင် မူလ ရည်ရွယ်ချက်ပင် မရှိတော့ချေ။  ဤကစားနည်းသည်  ပျောက်ကွယ်လုနီးပါး ဖြစ်နေ သည်မှာ တမျိုးသားလုံးအတွက် မဖြည့်ဆည်းနိုင်သော ဆုံးရှူံးမှုတစ်ခုဖြစ်သည်။  ယနေ့လူငယ်က အလဟဿ အချိန်ဖြုန်းဖို့ အတွက်သာ စည်းပျက် ကစားနည်းဟု ယူဆကြတယ်။ တကယ်တော့ ခေတ်ကာလ ကြာမြှင့် လာသည်နှင့်အမျှ ကစားနည်း မူတွေလဲ တဖြေးဖြေး ပျက်စီးလာခဲ့သည်မှာ  မျက်မှောက်တွင် အချိန်ဖြုန်း ကစားနည်းအသွင် ဖြစ်လာတာပါ။ အချိန်နှင့် တပြေးညီ ခေတ်သစ် ဂိမ်းတွေ၊ ဆိုရှယ်မီဒီယာတွေနှင့် တဖက်ပြည်က ကူးဝင်လာသော ကစားနည်းတွေက ရိုးရာကစားနည်းတွေ တဖြေးဖြေး မျိုစားနေကြတာကို သတိတောင်ပြုဖွယ် ခဲယှဉ်းလှတယ်။ နန်းလုပွဲ၊ ကျုးကျော်စစ်၊ လူမျိုးရေး ဘာသာရေး အဓိကရုဏ်း၊ အသား အရောင် ခွဲခြား ဆက်ဆံမှု စသည်တို့ကို ရက်ရက်စက်ခံခဲ့ရသော ဤအာရ်ကာန်ပြည်ကား စာပေဖက်တွင် အင်မတန် နောက်ကျခဲ့လေသည်။ ရှေးစာပေ မှတ်တမ်းဆို၍ မပြောလောက်သော ပမာဏသာ တွေ့ရသည်။ သောကြောင့် ရှေး ဆို့ဒီကိစ္ဆာ့ ကစားနည်း မှတ်တမ်း၊ မှတ်ရာများကို ယနေ့အချိန်အထိ မတွေ့ရရှိချေ။ ရှေး ရိုဟင်ဂျာတွေရဲ့ ဆို့ဒီ ကိစ္ဆာ့ ကစားနည်းဟန် စည်းမျဉ်း စည်းကမ်းတွေကို ပြည့်ပြည့်စုံစုံဖော်ပြနိုင်ဖို့ အလွန် ခက်ခဲလှတယ်။ 

လွန်ခဲ့သော ၅ နှစ်လောက်က သူငယ်ချင်းတစ်ယာက်အိမ်သို့ မင်္ဂလာဆောင် သတိုးသားအခန်း တန်ဆာဆင် ရန် ဖိတ်ခေါ်ရာ တခြားသူငယ်ချင်းများနဲ့အတူ သွားဖြစ်ခဲ့တယ်။ သူ့အိမ်မှာ အသက် ၉၀ ကျော်မယ့် မာနော်ဘ် ဂျာန် ဆိုတဲ့ အူရ်ဒူ စာတတ် အဘွား တစ်ဦး ရှိတယ်။ အူရ်ဒူလင်္ကာတွေ ဒလေဟော တတ်တာပဲ။ ကျနော်တို့ သူ့အိမ်မှာ အလုပ်လုပ်နေတုန်း ‘နာတီတွေရဲ့ အလုပ်က နည်းနည်း၊ စားတာက ဗုန်းဗြော’ စသည်ဖြင် ဘေးနားက ဒါဒီက အမျိုးမျိုး နောက်ပြောင်တယ်။ ကျနော်တို့ကလဲ တစ်ယောက် တစ်ခွန်းစီ စနေတာပဲ။ စကား စကားကြောင့် ဆို့ဒီကိစ္ဆာ့ ပေါ်လာတယ်။
In sodi kissá óddo noó. Añrar zobanat hoitám dé iín óddo soyi no bolé. “Aññárá hale kélaitám dé iín eén norom noó, afarí jafári hoi nofaré, bicí doró accíl, zete kélai nozainntó.” bóli añár baf e hoil dé hotá mottú ajó monot asé. 
ဒါက ဒါဒီရဲ့ ချောင်းဆိုးရင်း ပြောသွားခဲ့တဲ့ စကားဖြစ်တယ်။ အဲ့ဒီတုန်းက ဒီဆောင်းပါး ရေးမှာကို မစဉ်းစားခဲ့၊ ညည့်လဲနက်နေတော့ ဒါဒီထံမှ အဲဒီခေတ်က ဘယ်လိုကစားတာကို ပြန်မေး မဖြစ်ခဲ့ချေ။ 

ဒီဆောင်းပါးရေးနေတုန်း သက်ကြီးတွေနဲ့ တွေ့ဆုံ မေးမြန်းနေချိန်၌ အဘွား ဒါဒီအကြောင်း သတိရခဲ့တယ်။ သို့သော် ကံမကောင်းဘူး…ဒါဒီ မာနောဘ် ဂျာန် ဆုံးသွားတာ (၂)နှစ်တောင် ရှိနေပြီ။ 

သို့ကတည်း သက်ကြီးအိုကြီး၊ ဆရာသမား၊ မိတ်ဖော်မိတ်ဖက် တို့မှ ရှာဖွေ စုဆောင်းနိုင်သမျှ တို့ကို အချက် ကျကျ ဖော်ပြပေးခြင်းဖြစ်သည်။ ဤတွင် ဖော်ပြထားသော ဆော့ဒီကိစ္စာ့ စည်းမျဉ်း နည်းဥပဒေသများသည် ရှေးနည်းပင်ဖြစ်သည်ဟု အတပ်မပြောလိုပါ။ 

ကစားနည်း

ဆို့ဒီကိစ္စာ့ကို စည်းမျဉ်းတစ်ချို့ပေါ် အခြေခံ၍ ကစားခြင်းဖြစ်သည်။ တစ်ဦးချင်း သော်လည်းကောင်း အုပ်စုဖွဲ့၍ သော်လည်းကောင်း ကစားနိုင်သည်။ မေးဖြေ စကားထိုး ကစားရသည်။ တစ်ဖက်က မေးခွန်းထုတ်လျှင် ကျန်တဖက်က ဖြေဆိုရခြင်းဖြစ်သည်။ အချိန် ကန့်သတ်ချက်မရှိပါ။ စည်းမျဉ်း တစ်ခုခုမဖောက်သရွေ့ ပြိုင်ဆိုင်ကစားနိုင်တယ်။  

စည်းမျဉ်းစည်းကမ်းများ
၁။ စတင်မယ့်သူကို ခေါင်းပန်းလှန် ရွေးရတယ်။ (‘စပိတ်’ Séppít လို့ခေါ်တယ်)
၂။ ဦးစွာ စကားချီမယ့်သူက အဓိပ္ပာယ်လေးနက်သည့် ပုံပြင်/အကြောင်းတစ်ခုနဲ့ ယှဉ်ပြိုင်ပွဲကို စတင်ရမယ်။
၃။ ပြိုင်ဖက်က သိလိုတဲ့ အကြောင်း တစ်ခုလုံး သို့မဟုတ် တစိတ်တစ်ပိုင်းကို  မေးခွန်း ထုတ်ရတယ်။ 
    အကြောင်းရဲ့ အပြင်က စကားကို မေးခွန်းထုတ်လို့မရဘူး။ (မေးခွန်းခွန်းထုတ်သူကို ‘ကုဂ်ျဂျာ’ Kúijjá 
    လို့ခေါ်တယ်)
၎။ ဖြေတဲ့အခါ တစ်ဖက်သားကို ချိုးနှိမ့်၍ ရကန်ပုံစံမျိုးနဲ့ နောက် မေးခွန်းမထုတ်နိုင်အောင် သတိထားဖြေရ 
     တယ်။ (ဖြေတဲ့သူကို ‘ဖောဏ္ဍိတာ’ Fonditta လို့ ခေါ်ကြတယ်)
 ၅။ မေးခွန်းမထုတ်နိုင်၊ အဖြေမပေးနိုင် (သို့) အဖြေကို အဖြေနဲ့ အမေးကို အမေးနဲ့ ပြန်နေလျှင် ဖြေသူက
      မေးလှည့်ရမယ်။ မေးလှည့်ရသူက အသာစီးတဲ့ သဘောဖြစ်တယ်။ 

တခါတရံ အဖြေလဲ မပေး အမေးလဲ မမေးဘဲ စကားထောက်ကာ အလှည့်ပြောင်းနိုင်ရန် မြူးဆွဖို့ ကြိုးစားကြ တယ်။ (ဒါကို‘ လေခ်ျချာရီ Leccáçi/ ချာရီ Cáçi’ လို့ ခေါ်တယ်။) 

 ၆။ ဖြေသူ/မေးသူ က နောက်မဖြေနိုင်ဘူး/ မဖြေချင်ဘူး/မမေးချင်ဘူး ဆိုရင် ‘ဆို့ဒီ’ /‘လေဘာ ဆို့ဒီ’လို့ ခေါ်
      ပေးရမယ်။ အဓိပ္ပာယ်က မင်းနိုင်သွားပြီ၊ ငါ အရှုံးခံတယ် သဘောပဲ။ (Give up လုပ်တဲ့ အခါ ဆို့ဒီ လို့
      ခေါ်တာဖြစ်တယ်)


အပြစ်များ (Foul)
စကားထိုး ကစားရင်း မှားမိတာကို Dúc/ Duccá လို့ခေါ်တယ်။ အပြစ်ထိုက် စနစ်က ရှင်းတယ်။ မကစားခင် ဆုံးဖြတ်ရတယ်။ (အမှား အကြိမ်မည်မျှ ခွင့်ပြုမှာကို ညှိနှိုင်းရမယ်) ယေဘုယျအားဖြင့် အပြစ်ထိုက်ခံရတာ တစ်ကြိမ်ပဲ ခွင့်ပြုတယ်။ နှစ်ကြိမ် အပြစ်ထိုက်ခံခဲ့ရင် တစ်ခါတည်း အရှုံးခံရတယ်။ 

ပထမတစ်ကြိမ် အပြစ်ထိုက်ရင် ‘ဂျုဋ္ဌ’ လို့ ဝန်ခံရတယ်။ (ဂျုဋ္ဌ အဓိပ္ပာယ်က  ခွင့်လွှတ်ပါ) [First Foul ကျပြီပေါ့ - Second chance တော့ မရှိဘူး တိုက်ရိုက် Last Foul နဲ့ out ပဲ]

 ဒိုင်လုပ်သူက အမှားကို အမှတ်တမေ့နေရင် ပြိုင်ဖက်က ဂျုဋ္ဌ နဲ့ ထောက်ပြရတယ်။ ဒိုင်လုပ်သူကို မဂ်ျဂျာ Majjá လို့ခေါ်တယ်။ သက်ဆိုင်ရာဒိုင်က မှတ်မယ် one foul, ဒုတိယခေါက်မှားရင် ရှုံးပြီ]
မှတ်ရန်- ဒုတိယခေါက် မှားတာကို ဒိုင်လဲ မသိဘူး၊ ပြိုင်ဖက်ကလဲ မသိဘူး ဆိုရင် အေးဆေးပဲ- ဆက် ကစားနိုင်တယ်။  အခွင့်ကောင်းပေါ့။ [အငြင်းပွားမှု သံသယ မရှိရင် ဒိုင်မလိုဘဲ ကစားနိုင်တယ်]

အပြစ်ထိုက်တဲ့ အချက်အချို့မှာ

၇။ အဓိက ထားတဲ့ အမေးကို အဖြေမှာ ထည့်ဖြေရင်
၈။ တစ်စုံတစ်ယောက်က ဘေးနားမှ သင်ပေးရင် (အုပ်စုဖွဲ့ ကစားရာတွင် အကြောင်းမရှိဘူး) 
၉။ အမေးနဲ့ အဖြေ ဆက်စပ်မှု မရှိရင် 
၁၀။ မေးခဲ့တဲ့ အမေးတွေကို ပြန်မေးမယ်ဆိုရင် 
၁၁။ အမေးပစ္စည်းဖြစ်သော ‘Ki, Kí, Hode ki’ စသည်တို့ကို မေးခွန်းလုပ်ပြီး မေးရင်

၁၂။ Topic ခေါင်းစဉ် ဘောင်ကို မကျော်ရဘူး။ ဆိုလိုတာက ကစားနည်း အစပြုခဲ့တဲ့ ခေါင်းစဉ်နှင့် သက်ဆိုင်တာ တွေပဲ မေးဖြေရမယ်။ ဥပမာ- ပညာရေးနဲ့ နိဒါန်းသွယ်ရင် ပညာရေးနဲ့ ပတ်သက်တဲ့ စကားပဲဖြစ်ရမယ်။   (ဒီအချက်ပေါ် ဆရာသမားတို့ရဲ့ ထွက်ဆိုက်ချက်က မူကွဲနေတယ်။ တစ်ချို့က အပြစ်ထိုက်တယ်လို့ လက်ခံပြီး တစ်ချို့ကမူ ဒီဥပဒေသဟာ ဆောဒီကိစ္စာ့ ကစားနည်းမှာ မရှိဘူးလို့ ငြင်းကြတယ်)

တို့ ဖြစ်ကြတယ်။ 

နမူနာအနေနဲ့ လေ့လာနိုင်ရန် ဇင်းမင်းဖြိုးရဲ့ Facebook wall ပေါ်မှာ ရိုလူငယ်တွေ နောက်ပြောက် ပျော်ပါး ကစားခဲ့တဲ့ online Chat တွေ အချို့ကို SS ပုံဖြင့် ဖော်ပြပေးထားပါတယ်။ မူရင်း စာသား အချို့ကို ဖြုတ်ဖြည့် ခဲ့ရသောကြောင့် တောင်းပန်အပ်ပါတယ်။ ပါဝင်ကစားခဲ့သူ ဇင်းမင်းဖြိုး၊ အောင်မျိုးဇော်၊ စနိုးအိုက်စ်၊ မျိုးသန့် တို့အား အထူးကျေးဇူး တင်အပ်ပါတယ်။

Sódí Kissá Game-1-p.1

Sódí Kissá Game-1-p.2

Sódí Kissá Game-1-p.3

Sódí Kissá Game-1-p.4

Sódí Kissá Game-1-p.5

Sódí Kissá Game-1-p.6

Sódí Kissá Game-2-p.1


Sódí Kissá Game-3-p.1
ကိုယ်တိုင် နည်းစနစ်ကျကျ ကစားခြင်းဖြင့် ပျော်ရွှင်မှု အရင်းကို ခံစားနိုင်ပါစေ…

ဆို့ဒီ ကိစ္ဆာ့နဲ့ ပတ်သက်တဲ့ အသိပညာတွေ၊ ပုံပြော စကားပုံတွေ၊ အဆိုအမိန့်တွေကို ဝိစ္စမျှ မြူခန့်မျှ သိရှိပါက အောက်တွင် Comments ဖြင့် ရှယ်ယာပေးပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါတယ်။ ရိုဟင်ဂျာ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဝိုင်ဝန်း ရှာဖွေ ဖော်ထုတ်ပေးကြစို့။ 

💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐








No comments:

Post a Comment