Saturday, March 3, 2018

ပါလီမန်အမတ် မစ္စတာ အမ်အေ ဂဖားရ် (၁၉၁၀-၁၉၆၆)နှင့် သူ့မှတ်တမ်း


ပါလီမန်အမတ် မစ္စတာ အမ်အေ ဂဖားရ် (၁၉၁၀-၁၉၆၆)နှင့် သူ့မှတ်တမ်း

အာရ်ကာန်ပြည်၊ ဘူးသီးတောင်မြို့နယ် ရွက်ညိုတောင် ကျေးရွာ၌ ၁၉၁၀ ပြည့်နှစ်တွင် ဖခင် ဦးအူလာမျာမှ သားတော် တစ်ပါး ဖွားမြင်ခဲ့သည်။ သူက အခြားမဟုတ် နောင်တွင် မိမိလူမျိုးစုအခွင့်အရေးအတွက် ရှေ့ဆောင်ကြိုးပမ်းမည့် မစ္စတာ ဂဖားရ်ပင် ဖြစ်သည်။ 


အမည်ရင်းမှာ အဗ္ဗဒူ ဂေါဖ္ဖားရ် ဖြစ်သည်။ သူသည် အိစ္စလာမ် သာသနာ့ပညာဘွဲ့ကို ၁၉၂၄ ခုနှစ်တွင် စစ်တကောင်းမြို့ အဆင့်မြင့်ပညာ မဒ်ရဆာကျောင်းမှ ရယူခဲ့သည်။ B.A ဝိဇ္ဇာဘွဲ့ကို ၁၉၃၀ ပြည့်နှစ်တွင် ဒါက္ကာတက္ကသိုလ်မှ လည်းကောင်း၊ B.T(B.Ed) ဘွဲ့ကို ၁၉၃၃ ခုတွင် အာလီဂေါ့ရ် မုစ်လိမ် တက္ကသိုလ်၊ အိန္ဒိယမှ လည်းကောင်း အသီးသီး ရယူခဲ့သည်။ 

ပညာသင်ယူပြီးနောက် စစ်တွေခရိုင် ကျောင်းကြီးကြပ်ရေးမှူး (District Inspector of School - DIS) အဖြစ် ၁၉၃၁ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ဘူးသီးတောင် မြို့နယ်အုပ် ( Township Officer-T.O) အဖြစ် ၁၉၄၄ ခုမှ ၁၉၄၅ ခုအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ 

၁၉၄၇ ခုနှစ်တွင် ဘူးသီးတောင် မဲဆန္ဒနယ်မှ တိုင်းပြုပြည်ပြု လွတ်တော်အမတ်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည့်တိုင်အောင် ကိုယ်ကျိုးမဖက် တာဝန်ကျေပွန်ခဲ့သည်။ ၁၉၄၈ ခု၊ ဇန္နဝါရီလ ၄ ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် လွတ်တော်အမတ်အဖြစ် ကျိန်သစ္စာဆိုခဲ့သည်။ အထက်လွတ်တော် အမျိုးသားရေးရေးရာ ဆုံလည်အမတ် အဖြစ်လည်း ၁၉၅၂ ခု နှင့် ၁၉၅၆ ခု ရွေးကောက်ပွဲ နှစ်ခုစလုံးတွင် စစ်တွေခရိုင် မြောက်ဘက် မဲဆန္ဒနယ် (မောင်တော၊ ဘူးသီးတောင်)မှ ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ နု-တင် အစိုးရ လက်ထက်တွင် ကျန်းမာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ ခု ဇူလိုင်လ ၂၉ ရက်တွင် နိုင်ငံတော်သမ္မတက သူ့ကို ရခိုင် စုံစမ်းရေး ကော်မရှင် (၇) ဦးအနက် အဖွဲ့ဝင် တစ်ဦး အဖြစ် ခန့်အပ်ခဲ့သည်။ 




အမတ်ကြီးသည် ရိုဟင်ဂျာစာပေ ထွန်းကားရေး အတွက်လည်း အပတ်တကုတ် ကြိုးပမ်းခဲ့သည်။ စာဆိုကျော် အာလာအိုလ်(၁၆၀၇-၁၆၈၀) စသည့် ထင်ရှားသော အာရ်ကာန် နန်းတွင်းစာဆိုကျော်တို့ သုံးစွဲရေးသားခဲ့သည့် အာရဗီအခြေခံ အရေးအသားစနစ်ကို ပြန်လည်အသက်သွင်းရန် နေ့ညမနား ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ပညာတတ်လူငယ်အချို့ကို မိမိအိတ်မှ လစာပေးပြီး ရိုဟင်ဂျာစာပေ သင်ကြားပို့ချစေခဲ့သည်။ ဘူးသီးတောင်မြို့၏ မီးရှူးတန်ဆောင်ဖြစ်သော အထက်တန်းကျောင်းကြီးနှင့် ဝေဒနာရှင်တို့၏ ကိုးကွယ်ရာဖြစ်သော ဆေးရုံကြီးသည်လည်း အမတ်ကြီး၏ ကြိုးပမ်းမှုမှ ပေါ်ထွန်းလာခြင်းဖြစ်သည်။ 

၁၉၄၆ ခု ရခိုင်ခရီးစဉ်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အမတ်ကြီး အမ်၊အေ ဂဖား ကို တွေ့ရစဉ်။(ယာဘက်မှ ဒုတိယမြောက်)


၁၉၆၂ ခုနှစ် ဧပြီလ ၁၉ ရက် ရန်ကုန်မြို့တွင် ချစ်မြေ အာရ်ကာန်နှင့် ချစ်လူမျိုး ရိုဟင်ဂျာတွေအား ဂုတ်ဘိုင် နှုတ်ဆက်ပြီး အလ္လာဟ်အမိန်တော် ခံယူလေသည်။ အတွင်းဝန်ကြီး၏ ရုပ်ကလပ်ကို မင်္ဂလာတောင်ညွှန့်မြို့၊ ကန်တော်ကလေး မူဆလင်သုသာန် ၌ ဒဖနာမြှပ်နှံခဲ့သည်။ 



အမတ်ကြီးကို ဂုဏ်ပြုသည့်အနေဖြင့် ဘူးသီးတောင်မြို့၌ ရပ်ကွက် တစ်ခုကို  ‘ဂဖား ရှားပ် အော်ရ် စမော်နီ’ [အမတ်ကြီး ဂဖား ခွဆုံ] ဟု သူ့အမည်ကို စွဲ၍ ယနေ့တိုင် ခေါ်နေဆဲဖြစ်သည်။ 

-------------+++--------------+++--------------

         ၁၉၄၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေး ကော်မရှင် (Regional Autonomy Enquiry Commission) အား တင်ပြခဲ့သည်ကို သူ့၏ မှတ်တမ်းတွင် အတိအလင်း တွေ့ရပါသည်။ ယင်းမှာ-  

“ကျွန်ုပ်တို့  ရိုဟင်ဂျာသည် အာရကန်ပြည်၏ သီးခြား လူမျိုးတစ်မျိုးဖြစ်သည်။ ရခိုင်နှင့် ရိုဟင်ဂျာတို့မှာ အာရကန်ပြည်၏ အဓိက လူမျိုးနှစ်စု ဖြစ်ကြောင်းကို ယုံကြည်ထိန်းသိမ်းထားသည်။ ကျွန်တော်တို့သည် လူဦးရေ ၉ သိန်းခန့်ရှိသည့် လူမျိုးတစ်မျိုးဖြစ်သည်။ သီးခြား လူမျိုးတစ်မျိုးအဖြစ် သတ်မှတ်နိုင်ရန် လိုအပ်သည့် လူဦးရေ အရေအတွက်ထက်ပင် ကျော်လွှားနေပါသည်။ ထို့အပြင် လူမျိုးအဖြစ် ရပ်တည်နိုင်သည့်  မည်သည့် မည်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ မဆို မိမိတို့သည် ပြည့်စုံလျက်သာ ရှိနေသည်။  ကျွန်ုပ်တို့၏ မတူကွဲပြားသော ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ဗိသုကာ လက်ရာ၊ အမည်နာမ ပေးတွင်စနစ်၊ ဝတ်စားဆင်ယင်မှု၊ ကိုယ်ကျင့်တရား၊ အသိဉာဏ်ပညာ၊ တရားဝင် ဥပဒေ၊ အကောက်ခွန်များ၊  ပြက္ခဒိန်၊ ရိုးရာ၊ သမိုင်း စသည့် တို့ဖြင့် ပြီးပြည့်စုံနေပါသည်။ အချုပ် ပြောရလျှင်  ကျွန်တော်တို့သည် မိမိတို့၏ မတူကွဲပြားသော ဘဝ အနေအထိုင်နှင့် သီးခြား  ရှူမြင်သုံးသပ်နိုင်သည့်  လူမျိုးတစ်မျိုးအဖြစ် ရပ်တည်နေသည်။ အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းဥပဒေသ အားလုံးအရ  ရိုဟင်ဂျာသည်  အာရကန်ပြည်၏ သီးခြား လူမျိုး တစ်မျိုးဖြစ်ပါသည်။” 
ဟူ၍ ကော်မရှင်ထံ တင်ပြချက်ကို မှတ်တမ်းတင် ဖော်ပြထားပါသည်။  


📝 ပါလီမန်အမတ်လောင်းနှင့် အမတ်ဟောင်း မစ္စတာ အမ်၊ အေ၊ ဂဖားက မြန်မာနိုင်ငံတော်အစိုးရ အတွင်းဝန်ချုပ်ထံ ဆက်သခဲ့သော သဝဏ်လွှာ  📝


မှတ်တမ်းစာအုပ်မှ မူရင်းသဝဏ်လွှာကို ဒီနေရာကနေ ဒေါင်းယူပါ။ 

၁၉၄၂ ခုနှစ်တွင် တရားဝင်သော အစိုးရသည် ရခိုင်တိုင်းမှ ထွက်ခွာသွားသောအခါ  စစ်တွေခရိုင် အရေးပိုင်ဟောင်း သေသူ ဦးကျော်ခိုင်အား ရခိုင်တတိုင်းကို စောင့်ရှောက်ရန် တာဝန်ပေးထားခဲ့ပါသည်။ သူသည် ရခိုင်လူကြီးများကို လက်နက်များ ဝေငှာပေးသောကြောင့် လူမျိုးရေး အဓိကရုဏ်းဖြစ်ရာ၊ စစ်တွေ ခရိုင်ရှိ ကျောက်တော၊ မြို့ဟောင်း၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်နှင့် ကျောက်ဖြူခရိုင် မြေပုံမြို့နယ်များမှ မွတ်စလင် (ရိုဟင်ဂျာ လူမျိုး) များကို မောင်းထုတ်ခဲ့လေသည်။ ထိုအဓိကရုဏ်းတွင် မသေဘဲ ကျန်ရစ်ခဲ့သူများသည် ရိုဟင်ဂျာ အုပ်ကွက်ဖြစ်သော မောင်းတော၊ ဘူးသီးတောင်မြို့နယ်များ၌ ခိုလှုံနေကြ၍၊ အထက်ပါ မြို့နယ်များမှ မောင်းထုတ်သူများသည် ၎င်းမြို့နယ် ( မောင်းတော၊ ဘူးသီးတောင်) များ၌ အဓိကရုဏ်းကို လှုံဆော်ခဲ့ကြပါသည်။ ထို့ကြောင့် လူနည်းစုဖြစ်သော ရခိုင်လူမျိုးများသည် ၎င်းမြို့နယ် နှစ်နယ်မှ ကြောက်လန့်၍ ထွက်ပြေးခဲ့ကြပါသည်။ အချို့မှာ ကျောက်တောနှင့် မြို့ဟောင်းမြို့နယ်များသို့ လာရောက်၍၊ အချို့မှာ အထူးသဖြင့် မောင်းတောမြို့နယ်မှ ရခိုင်များကို အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့၍ ဒီနာဇ်ပုရ် ဒုက္ခသည်စခန်းတွင် ထားခဲ့ကြပါသည်။ ဗြိတိသျှအစိုးရသည် ၎င်းမြို့နယ်ကို ပြန်လည် သိမ်းပိုက်သောအခါ၊ အထက်ပါ မြို့နယ်များမှ မောင်းထုတ်ခဲ့သော ရိုဟင်ဂျာအချို့သည် မောင်းတော၊ ဘူးသီးတောင်မြို့နယ်များတွင် ခိုလှုံကြ၍ အချို့မှာ အိန္ဒိယသို့ ထွက်သွားခဲ့ကြပါသည်။ အိန္ဒိယသို့ ထွက်သွား ခဲ့သူများအနက် နှစ်သောင်းလေးထောင် (၂၄ ၀၀၀) (ဝါ) နှစ်သောင်းခြောက်ထောင် (၂၆ ၀၀၀) လောက်ကို ဒုက္ခသည်စခန်းများ၌ ထား၍ ကျန်အချို့မှာ စစ်တကောင်းနယ်တွင် ကွဲပြားဖြန့်ကြဲ နေထိုင်ကြပါသည်။ ဗြိတိသျှအစိုးရသည် ရခိုင်တိုင်းကို ပြန်လည် သိမ်းပိုက်လိုက်သောအခါ စစ်တကောင်းနယ်တွင် ကွဲပြားနေထိုင်ခဲ့သော ရိုဟင်ဂျာတို့သည် မောင်းတော၊ ဘူးသီးတောင်မြို့နယ်များသို့ ပြန်လာ၍၊ ခေတ္တ နေထိုင်သူများကို  အိန္ဒိယနှင့် ပါကစ္စတန်ပြည်များမှ အသစ်ဝင်ရောက်လာကြသည်ဟု ပြောဆိုကြသော် လည်း၊ အမှန်မှာ ထိုသူများသည် ရခိုင်ပြည်တောင်ပိုင်းမှ မောင်းထုတ်ခြင်းခံရသူများသာ ဖြစ်ကြပါသည်။ ဒုက္ခသည်စခန်းမှ များစွာသော ရိုဟင်ဂျာ ဒုက္ခသည်များကို စစ်တွေမြို့သို့ ယူဆောင်လာသော်လည်း၊ ယခုထက်တိုင် သူတို့၏ မူလနေရာဟောင်းများတွင် ပြန်လည်နေရာချထားခြင်း မရှိခဲ့ပေ။ သို့ရာတွင် ဒုက္ခသည် ၆၀၀၀ တို့ကို  ဒုက္ခသည်စခန်းတစ်ခု၌ ပစ်ထားခဲ့ပါသည်။  ထိုဒုက္ခသည်များနှင့် ပတ်သက်၍ အိန္ဒိယအစိုးရ စေလွှတ်ခဲ့သော မစ္စတာ ဂန်ဒီဝီယာ (Gundevia) သည် ရခိုင်တိုင်းမင်းကြီး ဦးကျော်နှင့် တွေ့ဆုံ၍ အိန္ဒိယအစိုးရသည် ဒုက္ခသည်စခန်းများကို ပိတ်ရန်  ဆုံးဖြတ်ခဲ့ကြောင်းနှင့် ထိုဒုက္ခသည် ၆၀၀၀ ကို စစ်တွေမြို့သို့ ပြန်ပို့ဆောင်လိုကြောင်း ပြောပြရာ၊ တိုင်းမင်းကြီး ဦးကျော်သည် ရခိုင်လူမျိုးဖြစ်သောကြောင့် ထိုရိုဟင်ဂျာ ဒုက္ခသည်များကို ပြန်မယူ၊ လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ခြင်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ၁၉၄၂- ခုနှစ်တွင် မောင်တော၊ ဘူးသီးတောင်မြို့နယ်များ၌ ခိုလှုံခဲ့ကြသော ဒုက္ခသည်များကိုလည်း သူတို့၏ မူလနေရာများတွင် ပြန်လည်နေရာ ချထားခြင်းမရှိပေ။ 

မြန်မာအစိုးရသည် စင်မ်လာ (Simla) မှ ပြန်လာသောအခါ၊ CASB ခေတ်မှာ အမှူးထမ်းခဲ့သော မွတ်စလင်မ် အထူးသဖြင့် ရိုဟင်ဂျာ အရာရှိများကို ပြောင်းရွှေ့ခဲ့၍ ၎င်းတို့၏ နေရာတွင် ရခိုင်အရာရှိများကို ပြောင်းရွေ့ခန့်ထားခဲ့ကြပါသည်။ ဤကဲ့သို့ မပြောင်းရွှေ့မီ V Force များနှင့် ပုလိပ်အမှူးထမ်းများ အချို့ကိုလည်း အလုပ်မှ ထုတ်ပစ်ခဲ့ကြပါသည်။ ရခိုင်တိုင်းကို ပြန်လည် သိမ်းပိုက်သည့် အခါမှ စ၍ ရခိုင်တိုင်းတောင်ပိုင်းတွင် အခွန်တော် ကောက်ခံခြင်း မရှိခဲ့ပါ။ ဘူးသီးတောင်မြို့နယ်မှ ဇဖားရ် ဆိုသူသည် ရခိုင်ပြောက်ကျားများနှင့် အဆက်အသွယ် ပြုလုပ်၍ အလုပ်မှ ထုတ်ပစ်ခဲ့သော အချို့ V Force များနှင့် ပုလိပ်အမှူးထမ်းများတို့သည်လည်း ထို ရခိုင်ပြောက်ကျားများနှင့် ပူးပေါင်းခဲ့သည်ဟု ပြောဆိုကြပါသည်။ ရခိုင်တိုင်း တောင်ပိုင်းတွင် ရခိုင်လူမျိုးများသည် အခွန်တော်များ မပေးခဲ့သော်လည်း မောင်းတော၊ ဘူးသီးတောင်မြို့နယ်များမှ ရိုဟင်ဂျာများသည် အခွန်တော်များကို အစဉ်အမြဲ ပေးကြပါသည်။ ထို မကျေမနပ်ဖြစ်သော လူများသည် ရခိုင်ပြောက်ကျားများနှင့် ပူးပေါင်းသောအခါ  ပထမဆုံး ဒါးပြတိုက် လုယူပွဲ စတင်ခဲ့ကြပါသည်။ ထို့နောက် ရခိုင်လူမျိုး ပုလိပ်အရာရှိများက  မောင်းတော၊ ဘူးသီးတောင်မြို့နယ်များရှိ ရိုဟင်ဂျာများထံမှ ပိုက်ဆံကြေးငွေ ကောက်ကြသည့်အပြင်၊ ဆန်စပါး ခိုးထုတ်မှုနှင့် ပတ်သက်၍ ပုဒ်မ (၅) နှင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကြပါသည်။ ပြောက်ကျားများနှင့် ပူးပေါင်းခဲ့သူ အချို့သည် လူထု အကူအညီရရန် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်လာခဲ့ကြပါသည်။ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ထိုလှုပ်ရှားမှုသည် မောင်းတော ဘူးသီးတောင်မြို့နယ်များမှာ အခြေစိုက်လာရာ ယခုအခါ ပိုမိုပြင်းထန်မြဲမြံ ဖြစ်လာပါသည်။ ရခိုင်အမျိုးသား ထွန်အောင်ဖြူသည် ထိုမွတ်စလင် ပြောက်ကျားတို့ ခေါင်းဆောင်ဖြစ်ခဲ့ ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက်  နတ်မြစ်အရှေ့ဘက် ကမ်းခြေမှ ကုလားတန်မြစ် အနောက်ဘက် ကမ်းခြေအတွင်း အရပ်ဒေသများကို ပြည်နယ်တစ်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသော ထိုပြောက်ကျားအဖွဲ့မှ တောင်းဆိုချက် အချို့ကို အစိုးရအရာရှိများက လက်ခံခဲ့ပါသည်။ ပြောက်ကျားတို့သည် ပထမတောင်းဆိုချက်ကို ရုပ်သိမ်းလျှင် အစိုးရသည် အခြားတောင်းဆိုချက်များကို စိတ်ပါလက်ပါ ပေးလိမ့်မည်ဟု မောင်းတောမြို့နယ်- နယ်ပိုင် နှင့် ဘူးသီးတောင်မြို့နယ်- မြို့ပိုင်တို့က စစ်တွေခရိုင် အရေးပိုင်၏ ညွှန်ကြားချက်အရ မစ္စတာ ဗရှား၊ မစ္စတာ ဟဘီဘုလ္လာ၊ မစ္စတာ ဖရုက်အဟ်မဒ်၊ မစ္စတာ နိုရ်အဟ်မဒ် နှင့် ကျွန်တော် (အေ၊ ဂဖားရ်) တို့အား ပြောက်ကျား ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် တောင်းပန် ပြောဆို မေးမြန်းသည့်အတိုင်း၊ ကျွန်တော်တို့သည်လည်း ၎င်း၌ ဇွန်လလောက်တွင် ဘူးသီးတောင်မြို့အပိုင် ကျောင်းတောင်ရွာ၌ ဇဖားရ်နှင့် ထွန်းအောင်ဖြူတို့နှင့် တွေ့ဆုံဆွေးနွေးရာ  ဇဖားရ်က သူတို့သည် ရခိုင်ကွန်မြူနစ်များနှင့် သဘောတူ စာချုပ်ချုပ်၍ ဖဆပလ အစိုးရ ဖြုတ်ချလျှင် ကုလားတန်မြစ်အနောက်ပိုင်း အရပ်ဒေသများကို သူတို့က အုပ်ချုပ်၍  ကျန်ရခိုင်ပြည်ကို ရခိုင်ပြောက်ကျား များက အုပ်ချုပ်လိမ်မည်ဟု ပြောပြခဲ့ပါသည်။ သို့သော် ကျွန်တော်တို့သည် သူတို့၏ ရည်ရွယ်ချက်ကား ရယ်ဖွယ်ဖြစ်၍ အဓိပ္ပာယ်မရှိကြောင်း သူ့ကို ညွှန်ကြားတိုက်တွန်း ပြန်ပြောရာ ဇဖားရ်သည် အခြား တောင်းဆိုချက်များဖြစ်သော တိုင်းရင်းသား၊ သူတို့၏ လွတ်ငြိမ်းချမ်းသာခွင့်၊ သူတို့၏ အဖွဲ့သည် တရားဝင်သော အဖွဲ့ဖြစ်ခြင်းနှင့် အူရ်ဒူစာကို ပဏာမအဖြစ် ကျောင်းများတွင် ပြခြင်းများကို အစိုးရက စိတ်ပါလက်ပါ အပြည့်အစုံ အခွင့်အရေး အသိအမှတ်ပြုပေလျှင်၊ ပထမ တောင်းဆိုချက်ကို ရုပ်သိမ်း၍ သူတို့သည်လည်း အဝင်ခံကြမည်ဟု ပြောဆိုခဲ့လေသည်။ သို့ရာတွင် သူတို့၏ ပါတီတစ်ခုက ဤကဲ့သို့ သဘောတူ တွေ့ဆုံဆွေးနွေးနေခဲ့ကြောင်းကို မသိဘဲ ဒါးပြတိုက်သဖြင့် နှစ်ဘက်စလုံးမှ သဘောတူချက်များ ဖျက်ဆီးခဲ့လေသည်။ ထို့နောက် ကျွန်တော်တို့သည် ဆွေးနွေးချက် အကြောင်းမျိုးစုံကို မောင်းတောမြို့နယ် နယ်ပိုင်ထံ အကြောင်းကြား အစီရင်ခံခဲ့ပါသည်။ 

ယခုအခါ သီးခြားခရိုင်တစ်ခု တောင်းဆိုသည်မှာ ရိုဟင်ဂျာတို့သည် သူတို့၏ ညီရင်းအစ်ကိုသဖွယ်ဖြစ်သော ရခိုင်လူမျိုးတို့၏ လက်အောက်တွင် သင့်တော်လျောက်ပတ်သော ပြုစု သုံးသပ် ဝေဖန်မှုမရခြင်း၊ ၁၉၄၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းကို မနာလိုတွန့်တို မိစ္ဆာရစိတ်ရှိသော အချို့ရခိုင်အရာရှိများကို မောင်းတော၊ ဘူးသီးတောင်မြို့နယ်များ၌ ခန့်ထားခြင်းနှင့် ၎င်းတို့၏ မတရား နှိပ်စက် ကလူပြုမူခြင်း တို့ကြောင့် ရိုဟင်ဂျာတို့သည် ရခိုင်လူမျိုး၏ တရားမျှမှုအပေါ် ယုံကြည်မှု ကင်းလွတ်သောကြောင့် ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ်တွင် မစ္စတာ ဆုလတန်အဟ်မဒ်နှင့် ကျွန်တော်သည် ပြည်သူ့လွှတ်တော် အမတ်များဖြစ်သော အခါ ပြည်ထောင်စု မြန်မာနိုင်ငံတော် လက်အောက်တွင် သီးခြားပြည်နယ် တောင်းဆိုရန် မဲဆန္ဒရှင် အပေါင်းတို့က ညွှန်ကြားခဲ့သော်လည်း ကံမကောင်း အကြောင်းမလှ၍ မသမာသော လူတစ်စု၏ လုပ်ကြံမှုကြောင့် ဗိုလ်ချူပ်အောင်ဆန်းနှင်တကွ အပေါင်းအပါတို့သည် ကျဆုံးခဲ့သဖြင့်၊ ကျွန်တော်တို့သည် ပြည်ထောင်စု အင်အားယုတ်လျော့မည် စိုးရိမ်ကြောင့်ကြသောကြောင့် ၊ သီးခြားပြည်နယ် မတောင်းခဲ့ပါ။ သို့ရာတွင် ယခုအခါ ရခိုင်လူမျိုးတို့ကို ပြည်ထောင်စုမြန်မာနိုင်ငံတော် လက်အောက်တွင် ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေး (ဝါ) သီးခြားပြည်နယ်ပေးလျှင် ကျွန်တော်တို့သည် နောင်အခါတွင် ရခိုင်တို့၏ အနှောင့် အယှက် ဒုက္ခပေးမှုများမှ လွတ်မြောက်ချမ်းသာခွင့် ရနိုင်အောင် ကျွန်တော်တို့အားလည်း သီးခြား  ပြည်နယ် (ဝါ) သီးခြား ခရိုင်တစ်ခု သတ်မှတ်ပေးရန် မတောင်းဘဲ မနေနိုင်တော့ပါ။ အကယ်၍ သီးခြားပြည်နယ်တစ်ခု မသတ်မမှတ်ပေးလျှင်၊ ရခိုင်လူမျိုးများ၏ လက်အောက်တွင် ကျွန်တော်တို့သည်  တရားမျှတမှုနှင့် ညီမျှမူများ ရရှိလိမ့်မည် မဟုတ်ပါ။ နိုင်ငံတော် ဝန်ကြီးချုပ်သည် မောင်းတော၊ ဘူးသီးတောင်မြို့များသို့ အလည်အပတ် သွားမည်ဟု ကြေညာခဲ့သောအခါ၊ ထိုဒေသရှိ မြောက်မြားစွာသော လူတို့သည် ဝန်ကြီးချုပ်ကို ကြိုဆိုရန် လာရောက်ခဲ့ကြပါသည်။ သို့သော် လေယျာဉ်ပျံ မရှိသောကြောင့် ဝန်ကြီးချုပ် မသွားဖြစ်သဖြင့်၊ ထိုလူတို့သည် မျှော်လင့်ချက်ပျက်၍ စိတ်ပျက် အားငယ်ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ဝန်ကြီးချုပ်အား ရန်ကုန်တွင် သဝဏ်လွှာ တင်ဆက်ရန် ဂျမီယတ်တူလ် အူလေမာ အဖွဲ့မှ မစ္စတာ စူလတန်အဟ်မဒ်၏ ဇနီး (ပါလီမန်အမတ်)၊ အေ ဂဖားရ် (ပါလီမန်အမတ်)၊ မစ္စတာ ဖရုက်အဟ်မဒ် - ဘီအက်စီ၊ ဘီအလ်နှင့်  မစ္စတာ နူရ်အဟ်မဒ် ( ဂျမီယတ်တူလ် အူလေမာ အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ) တို့ကို ကိုယ်စားလှယ် အဖြစ် စေလွှတ်ခဲ့ ပါသည်။ 

မူဂျာဟစ်ဒ်သည် “မိမိတို့ တိုင်းပြည်နှင့် ဘာသာရေး အခွင့်အရေးအတွက် တိုက်ခိုက်သော လူ” ဟု အဓိပ္ပာယ်ရှိသော အာရဗီ စာလုံးတစ်လုံးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မူဂျာဟီစ်ဒ် ဟူသော စာလုံးကို ပါကိစ္စတန် (ဝါ) အိန္ဒိယပြည်မှ လူမျိုးများဖြစ်ကြောင်း အဓိပ္ပာယ် အယူအဆ အထင်မှားကြပါသည်။ ဤ ကဲ့သို့ အထင်မှား၍ ပြောဆိုခြင်းမှာ လုံးဝ ယုတ္တိမရှိပါ။ ထိုမူဂျာဟီစ်ဒ် အပေါင်းတို့သည် ပြည်ထောင်စု တိုင်းရင်းသားများ ဖြစ်ကြပါသည်။ ထို မူဂျာဟီစ်ဒ်တို့၏ လှုပ်ရှားမှုများကြောင့်၊ မောင်းတော၊ ဘူးသီးတောင်မြို့နယ်များရှိ လူထုအပေါင်းတို့သည်  အတိဒုက္ခခံနေရပါသည်။ မူဂျာဟစ်ဒ်တို့သည် အချို့ ရခိုင်လူမျိုးများကို မောင်းတော၊ ဘူးသီးတောင်မြို့နယ်များမှ မောင်းထုတ်ခဲ့သည်ဟု ပြောဆိုကြပါသည်။ ကျွန်တော်သည် မောင်းတောမြို့သို့ ပြန်လာရောက်၍ ဤအကြောင်းကို သေသေချာချာ စုံစမ်းခဲ့ရာ၊ ၎င်းအကြောင်းနှင့် ပတ်သက်၍ အမှုတမှုသာ တွေ့ရှိခဲ့ပါသည်။ ဤ ကိစ္စတွင် အဗ်ဒုလ်ဟူစိန်ဆိုသူ တစ်ယောက်သည် မောင်းတောမြို့ဂါတ်ကို ချိုးဖောက်ထွက်ပြေး၍ ရခိုင်အမျိုးသမီး (၂) ဦးကို ဒုက္ခပေးကြောင်း ကြားသိရပါသည်။ ထို့အပြင် ၎င်းသူကို မူဂျာဟစ်ဒ်တို့ကလည်း ပြင်းထန်သော အပြစ်ဒဏ်ပေးသည်ဟု ကြားသိရပါသည်။ ထိုအမျိုးသမီး ၂ ဦးကိုလည်း သူတို့၏ မိဘအုပ်ထိန်းသူများထံသို့ ပြန်ပို့ခဲ့ကြပါသည်။ ရခိုင်တို့သည် ကြောက်လန့်၍ မိမိတို့ရွာများကို စွန့်ပစ်ခဲ့ခြင်းမှာ ယုံမှား သံသယမရှိပါ။ ၎င်းနှင့် ပတ်သက်၍ ကျွန်တော်တို့ ညီရင်းအစ်ကိုများဖြစ်သော ရခိုင်လူမျိုး -------တို့သည်  မောင်းတော၊ ဘူးသီးတောင်မြို့နယ်ရှိ မွတ်စလင်မ် (ရိုဟင်ဂျာ) များကို ခြိမ်းခြောက်ကြပါသည်။ ထိုအကြောင်းကို ကျွန်တော်တို့သည် သတင်းစာများ ၌ အခြေမရှိ၊ အဓိပ္ပာယ်မရှိသော သူတို့၏ တမင်သက်သက် မဟုတ်မမှန် ပြောဆိုခြင်းများ တွေ့ရှိရပါသည်။ မောင်းတော၊ ဘူးသီးတောင်မြို့နယ်များရှိ လူထုသည်  သစ္စာရှိသော လူမျိုးများဖြစ်၍ အစိုးရထံ နှစ်စဉ်နှစ်တိုင်း အခွန်တော်များ ဆက်သခြင်းနှင့် ဖြစ်နိုင်သော အကူအညီများကို ပေးလျက် ရှိကြပါသည်။ 

မောင်းတော၊ ဘူးသီးတောင်မြို့နယ်များရှိ မွတ်စလင်မ် (ရိုဟင်ဂျာ) များသည် ပါကစ္စတန်နှင့် ပူးပေါင်းရန် ယိမ်းယိုင်လိမ့်မည်ဟု ပြောဆိုနေသည်မှာ လုံးဝ မမှန်ကန်ပါ။ ထိုသို့ ပါကစ္စတန်နှင့် ပူးပေါင်းလျှင် ရိုဟင်ဂျာတို့သည် မိမိတို့၏ စီပွားရေး ဖျက်ဆီးနေမည်ကို ကြိုတင်သိရှိကြပါသည်။ ထို့အပြင် သူတို့သည် ဘာသာရေး ပွဲတော်များကို လွတ်လပ်စွာ ပြုလုပ်ကျင်းပနိုင်ရန် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ခွင့်ပြု အာမခံထားသဖြင့် အဘယ်ကြောင့် ထိုသူတို့သည် ပါကစ္စတန်နှင့် ပူးပေါင်းပါမည်နည်း။ ပူးပေါင်းမည် ဆိုသော အချက်မှာ အဓိပ္ပာယ်မရှိပါ။ မိဘများမှာ စစ်တကောင်းလူမျိုးများဖြစ်၍ မောင်းတောမြို့တွင် မွေးဖွား ခဲ့သော အုမရမီယာ (Omra Meah) ဆိုသူသည် ၁၉၄၆ ခုနှစ် (ဝါ) ၁၉၄၇ ခုနှစ်တွင် မောင်းတောမြို့၊ ဘူးသီးတောင်မြို့နယ်များကို ပါကစ္စတန်နှင့် ပူးပေါင်းရန် တောင်းဆိုနိုင်အောင် ရိုဟင်ဂျာ အချို့ကို သွေးဆောင်ခဲ့သော်လည်း သူသည် ထောက်ခံမှုမရရှိသဖြင့် မောင်းတောမြို့မှ ထွက်ခွာ သွားခဲ့ပါသည်။ ထိုမြို့နယ်များရှိ လူထုသည် ပါကစ္စတန်နှင့် ပူးပေါင်းရေးကို ဆန့်ကျင် ကန့်ကွက်ခဲ့ ပါသည်။ ထိုလူထုသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် တရားမျှတမှုနှင့် ညီမျှမှုများကိုသာ လိုလားကြပါသည်။ မူဂျာဟစ်ဒ်တို့ သည် သူတို့အား ထောက်ခံ အားပေးရန်  မောင်းတော၊ ဘူးသီးတောင်မြို့နယ်များရှိ မွတ်စလင်မ် (ရိုဟင်ဂျာ) များသည် လူများစုဖြစ်သဖြင့် လူနည်းစုဖြစ်လာအောင် ၎င်းတို့ကို ရခိုင်ပြည် အခြားအရပ်ဒေသများသို့ ရွှေ့ပြောင်းလိမ့်မည်ဟု ကောလာဟလ သတင်းများ ပြန့်နှံ့သည်ဟု  ပြောဆိုကြပါသည်။ ထို့ကြောင့် အစိုးရသည် ထိုလူထုအပေါင်းတို့ ယုံကြည်လာအောင်နှင့် ထိုပြောက်ကျားများကို အားတိုက်အင်တိုက် အပြင်းအထန် နှိမ်နင်းရန် အရေးကြီးပါသည်။ ဤကဲ့သို့ မပြုလုပ်လျှင် ဘာမျှမသိ နားမလည်၍ အသိဥာဏ် ကင်းမဲ့သော ထိုလူထုသည်  အပြစ်မရှိဘဲ အတိဒုက္ခ ခံမြဲခံရပါမည်။

(အေ၊ ဂဖားရ်)
ပါလီမန်အမတ်

ရန်ကုန်မြို့
နေ့စွဲ- ၁၉၄၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့။ 


No comments:

Post a Comment