Friday, March 2, 2018

ဈေးမဆစ်နဲ့...အကုန်ကျက် (တက္ကသိုလ်ဝင်တန်း)


💥💥💥💥💥
"ဆရာ၊ ဆယ်တန်း မြန်မာစာ ခက်ဆစ်နဲ့ ပတ်သက်ပြီး သိချင်တာကလေးတွေ မေးချင်လို့ပါ"
"မေးဗျာ"
"ခက်ဆစ် ဖွင့်ဆိုချက်မှာ ပုဒ်မခံပြီး နှစ်ခု သုံးခု ဖွင့်ဆိုထားရင် တစ်ခုပဲ ကျက်စရာ လိုတယ်၊ တစ်ခုပဲ ဖြေလို့ ရတယ်ဆို"
"ဘယ်သူက ပြောတာလဲဗျ"
"အစ်မကြီး တစ်ယောက်က ပြောတာပါ"
"သူက ဘာ့ကြောင့် ပြောတာတဲ့လဲ"
"မြန်မာစာပါမောက္ခရဲ့ လမ်းညွှန်ချက်မှာ ပါတယ်လို့ သူ့ကို သင်ခဲ့တဲ့ ဆရာတွေက ပြောသတဲ့ဆရာ"

"သြော်..သူ့ဆရာတွေက ၂၀၀၁ ခုနှစ်တုန်းက ဆရာမောင်ခင်မင် လမ်းညွှန်ခဲ့တာကို ပြောတာ ဖြစ်ပါလိမ့် မယ်။
ဆရာလဲ အဲသည်စာအုပ် အပိုင်ဝယ်ထားတာ ရှိပါတယ်။
"ဆရာကြီးလမ်းညွှန်တာက ပုဒ်မတွေ ဘာတွေနဲ့ ပြောတာ မဟုတ်ပါဘူး။ 'အဓိပ္ပါယ်တစ်ခုထက် ပိုပေးထားတဲ့ ဝေါဟာရ ဆိုရင် တစ်ခုပဲ ဖော်ပြတာနဲ့ အမှတ်ပြည့်ရတယ်'လို့ ပြောတာပါ။
"ပုဒ်မ ပါရင် တစ်ခုပဲရတယ် ဆိုတာမျိုး ပုံသေမှတ်ထားလို့ မရဘူး ထင်တယ်။
ကိုယ်က စာမကျက်နိုင်ရင်တော့လဲ ကိုယ့်သဘောပေါ့လေ"
"ဆရာကလဲ...တစ်ခုဖြေလဲ အမှတ်ရ နေတာပဲဥစ္စာ၊ နှစ်ခုကျက်တော့ အလုပ်ရှုပ်တာပေါ့။ တော်ကြာ မှားဖြေမိရင်လဲ အမှတ်လျှော့ခံ ထိအုံးမှာ"
"အဲသည်လို ဖြေရင် အမှတ်ရနိုင်တယ် ဆိုတာလဲ ရှိတယ်၊ မရနိုင်ဘူး ဆိုတာလဲ ရှိတယ်"

"ဆရာ့ဟာက ဘယ်လိုကြီးလဲ"
"ဟောသည်မှာ အမှတ်ပေးစည်းမျဉ်းမှာ ရေးထားတာ ဖတ်ကြည့်လိုက်"
"ပြဋ္ဌာန်းစာပါအတိုင်း အတိအကျ ဖြေဆိုလျှင် တစ်လုံးတစ်မှတ် ပေးရန်- တဲ့။ ဟင်..သည်လိုဆိုတော့ အကုန် ရေးရမယ် ဆိုတဲ့ သဘောပေါ့"
"ဆရာကတော့ အဲသည်လိုပဲ နားလည်တယ်။ 'အဓိပ္ပါယ်တစ်ခုထက် ပိုပေးထားတဲ့ ဝေါဟာရ ဆိုရင် တစ်ခုပဲ ဖော်ပြတာနဲ့ အမှတ်ပြည့်ပေးပါ' လို့ ရေးထားတာမျိုး မဟုတ်တဲ့အတွက် ကိုယ့်ကလေး အမှတ်မရမှာ စိုးမိတယ်ဗျာ။
"တကယ် စာစစ်တဲ့အခါမှာတော့ စာစစ်မှူးတွေက အနီးကပ်မှာ ဘယ်လို လမ်းညွှန်သလဲ ဆိုတာ မသိဘူး။
ဆရာ့ ကျောင်းသားတွေကိုတော့ ပြဋ္ဌာန်းစာမှာ ဖွင့်ဆိုထားတာ အကုန်ကျက်၊ အကုန်ဖြေလို့ လမ်းညွှန်ထားတယ်"
"ဒါပေမဲ့ ကွင်းစကွင်းပိတ်နဲ့ ရေးထားတာတွေတော့ အကုန်ကျက်ဖို့ မလိုဘူး မဟုတ်လားဆရာ"
"ဘယ်သူက ပြောတာတုံး"
"ကျွန်တော်တို့ကို ဂိုက်လုပ်ပေးတဲ့ အစ်မကြီးကပဲ၊ ရှေ့ကွင်းဆိုကျက်၊ နောက်ကွင်း မကျက်နဲ့တဲ့"
"အလိုဗျာ..မောင်ရင်ပြောမှ ကြားဖူးတယ်"
"ဟုတ်တယ်လေဆရာ။
'သိုး' ဆိုတဲ့ ခက်ဆစ် ဖွင့်ဆိုချက်ရဲ့
နောက်က ကွင်းထဲကစာဆို ကျက်စရာမှ မလိုပဲ။ 'ပေါင်းလန်' ရဲ့ ရှေ့က ကွင်းထဲက စာကသာ ကျက်ရတာ မဟုတ်ဘူးလား"
"မင်းပြောတာ ဟုတ်တယ်။ မင့်းအစ်မကြီး ပြောတာကတော့ မဟုတ်ဘူး"
"ဆရာ့ဟာကလဲ ကျွန်တော်ကလဲ အစ်မကြီး ပြောတဲ့အတိုင်း ပြောတာပါပဲ"
"မင်းရှင်းတဲ့ဟာက မှန်တယ်လို့ ပြောတာပါ။ မင့်းအစ်မကြီးရဲ့ လမ်းညွှန်ချက်ကတော့ မှားတယ်လို့ ပြောချင်ပါတယ်။

"သိုး-ခက်ဆစ် ဖွင့်ဆိုချက်ရဲ့နောက်က ကွင်းထဲကစာက ခက်ဆစ်ကို ရှင်းပြတာ မဟုတ်ပါဘူး။ 'သိုးကလေ' ဆိုတဲ့ စကားကို ရှင်းပြထားတာပါ။ ဒါ့ကြောင့် ကျက်စရာ မလိုတာပါ။
"တကယ်တော့ ရှေ့က ကွင်းထဲကစာကိုလဲ မကျက်ဘဲ ထားလို့ရတဲ့ ခက်ဆစ် ရှိပါတယ်။ ဥပမာ 'စုံပါးရိုက်' ပါ။ အဲသည်ခက်ဆစ် ဖွင့်ဆိုချက်မှာ ရှေ့ကကွင်းထဲကစာက ခက်ဆစ်ရဲ့ အသံထွက် ရွတ်ဆိုပုံကို ဖော်ပြထားလို့ ချန်ထားချင် ချန်ထားလို့ ရပါတယ်။
"ကျန်တဲ့ ခက်ဆစ်တွေမှာတော့ ရှေ့ကကွင်း ဖြစ်ဖြစ်၊ နောက်ကကွင်း ဖြစ်ဖြစ်၊ အလယ်ကကွင်း ဖြစ်ဖြစ် အရေးပါတာချည်းပါပဲ။ ချန်ထားရင် အမှတ်မရနိုင်ပါဘူး။

"အလယ်ကကွင်းက ရှိသလားဆရာရယ်"
"ရက်တက်-ရဲ့ ဖွင့်ဆိုချက်ကို ကြည့်လေ။
'ထောပေး(ထောပတ်စိမ်း) ထုတ်ယူပြီးသော နို့ရည်ကြည်' လို့ ဖြေမှ အမှတ်ရနိုင်တယ်။ ဒါပေမဲ့ ကျောင်းသား အများစုက 'ရက်တက်' ကို မေးရင် 'ထောပေး' တင် ဖြေကြတဲ့အတွက် အမှတ်မရတော့ဘူး။
"ခက်ဆစ်ဖွင့်ဆိုချက်မှာ ပုဒ်မခံထားပေမဲ့လို့ အကုန်ချရေးမှ အဓိပ္ပါယ် ပြည့်စုံတာမျိုးလဲ ရှိတယ်။
ဥပမာ 'လေးရာ့နှစ်ဆယ်'ပေါ့။
'ရက်ကန်းစင်တွင် အတိုင်ချည် အထက်လေးပင်၊ အောက်လေးပင်ကို တစ်ရေဟု ခေါ်သည်။ အရေ ၃၀ ကို အကြမ်းအားဖြင့် အပင်တစ်ရာဟု ခေါ်သည်။ ထိုကဲ့သို့ အပင် ၄၀၀၊ အရေနှစ်ဆယ်နှင့် ရက်သော ချည်ထည်ကို လေးရာ့နှစ်ဆယ် ချည်ထည်ဟု ခေါ်သည်' လို့ ရေးမှ အမှတ်ရနိုင်တယ်။ သည်ခက်ဆစ်မှာဆို ပုဒ်မက သုံးခုတောင် ရှိတယ်။
"သည်တော့ ပုဒ်မတွေ ပုဒ်ထီးတွေ၊ ရှေ့ကွင်းတွေ နောက်ကွင်းတွေ ဈေးဆစ်မနေဘဲ ကျက်စရာရှိတာ အကုန်ကျက်တာကတော့ အမှတ်ရဖို့ ပိုသေချာတာပေါ့ကွာ"

"ပုဒ်ကလေး၊ ပုဒ်မ မှားရေးမိရင်ကော အမှတ်လျှော့ခံရနိုင်သလားဆရာ"
"အဲဒါတော့ ဆရာလဲ အသေအချာ မပြောနိုင်ဘူး။ 'ပုဒ်ကလေး' ပါရမှာ မပါတာ၊ မပါရမှာ ပါနေတာကို စာစစ်သူက လျစ်လျူရှုထားလို့ ရချင်ရမယ်။
'ပုဒ်မ' မှား ရေးမိရင်တော့ လျစ်လျူရှု ထားလို့မရလောက်ဘူး ထင်တယ်"
"ဘယ်လိုဟာမျိုးလဲ ဆရာ"
"ဆရာ ခဏခဏ တွေ့ရတာ ပြောမယ်။ 'ရက်တက်'ကို ဖြေရင် 'ထောပေး (ထောပတ်စိမ်း)။ ထုတ်ယူပြီးသော နို့ရည်ကြည်' လို့ ပုဒ်မထည့် ဖြေတတ်ကြတယ်။
"အဲသည်တော့ 'ရက်တက်' ဆိုတာ 'ထောပေး (ထောပတ်စိမ်း)' လို့လဲ အဓိပ္ပါယ်ရတယ်၊ 'ထုတ်ယူပြီးသော နို့ရည်ကြည်' လို့လဲ အဓိပ္ပါယ်ရတယ်လို့ ဆိုလိုရာရောက်သွားတယ်။
ခက်ဆစ်ရဲ့ အဓိပ္ပါယ်မှန် မဟုတ်တော့ဘူး"
"ဒါဆို အမှတ်မရတော့ဘူးပေါ့နော်ဆရာ"
"ဒါတော့ ဆရာလဲ အတတ်မပြောနိုင်ဘူး။ စာစစ်တဲ့အခါ စာစစ်မှူးတွေက နှုတ်နဲ့ လမ်းညွှန်တတ်တာတွေ ရှိတယ်လို့ ပြောခဲ့တယ်လေ။
ပေးရင်လဲ ရမယ်၊ မပေးရင် မရဘူးပေါ့"
"ဆရာကလဲ မသိတာ များတယ်နော်"
"အများကြီးပေါ့ဗျာ။ ဒါတွေက လျှို့ဝှက်ကိစ္စတွေကိုး။
ဒါ့ကြောင့် ဆရာကတော့ တပည့်တွေကို ပုဒ်ကလေး၊ ပုဒ်မ မချန် အကုန်ကျက်၊ ချရေးပြီး လေ့ကျင့်လို့ ပြောထားရတယ်"
"အင်း..မမေးမိရင် အကောင်းသား။ အခုတော့....."
"ကျက်ပေရော့ပေါ့လဟယ်"

ဦးမြင့်ဇော် (ရွှေတံခါး)

No comments:

Post a Comment