Monday, November 26, 2018

I Am A Traveller



I am a Traveller

♿♿♿♿♿♿♿♿♿

On the long highway of life,
I passed behind multi lamp-posts,
through slow and speedy drive. 

Many scenes I saw, many events I felt.
They wrote huge page of my experience. 
With the torn and fracture voyage.

My craft is going far and far
Without stopping at station a while. 
The more it far, the more my end is near. 

Destination is rather unknown pity,
Wherever I reached by destiny.
Left a crawling point of history. 

There is no U-turn on journey. 
There is no options for opportunity.
Rushing with outfaced the enemy. 

Some are faster, some are later.
All are Like the fellow-travellers.
But no body waited for one another.

Where initial point and final point are lonely,
I am a Traveller of that journey.
✉✉✉✉✉✉✉✉✉✉✉✉✉✉

RohangKing

Nov 26, 2018| 7:41 (Mon)

Wednesday, November 21, 2018

အာဇာနည်ဥသဘ [ Martyr Ox ]




အာဇာနည်ဥသဘ


💟💟💟💟💟💟💟💟💟

ရဲမျိုးမြတ်သား ငါ ဥသဘ
ဘဝတစ်ချောင်း ရစတည်းက
မျိုးမာန်မျိုးဂုဏ် စောင့်ထိန်းလျက်
သခင်အမိန့် မဖယ်ထမ်းရင်း
များကျိုးသစ္စာ ပျိုးမြဲသား။

ကိုယ်ဝယ်ဆန္ဒ ပြင်းပြစိတ်က
နှစ်ခုသုံးခု များမဟုတ်ဘူး
တစ်ခုတည်းသာ စွဲငြိနေတာ
နောက်ဆုံးအသက် သူရဲကောင်းလို
အလ္လာဟ်လမ်း၌ သက်လှူပေးရင်း
ဘဝနပ်ကျိုးစေချင်သား။ 

လမြတ်ကုရ်ဘာန် ရောက်လျင်စေ
နာဖျားဥပါယ် ငါမခိုဘဲ
ပြုံးမျက်ချိုချို ကုရ်ဘာန်ဈေးဝယ်
မေတ္တာရှင်ရဲ့ လက်ဝယ်ရောက်အောင်
စိတ်ထဲစေ့စေ့ ဆုမွန်တောင်းလျက်
မေတ္တာစမ်းပွဲ ကုရ်ဘာနီငွေ့၌
ငါလဲထုံသင်းစေချင်သား။

------------------------------------------------
[ရိုဟင်လေး]
28-8-2018| 12:29 AM (Mon)
------------------------------------------------


Monday, November 19, 2018

အာရကန် အမျိုးသားကျောင်းအုပ်ကြီး ဦးဇိုင်နဒ္ဒိန် [၁၈၉၀-၁၉၄၆]


အာရကန် အမျိုးသားကျောင်းအုပ်ကြီး ဦးဇိုင်နဒ္ဒိန် [၁၈၉၀-၁၉၄၆]

[Thakin Zainuddin: Principle Of National School, Akyab]
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

နယ်ချဲ့ဆန့်ကျင်တော်လှန်ရေးတွင် မြန်မာနိုင်ငံအနှံ့အပြားမှ သူ့ကျွန်မခံလိုသော မျိုးချစ်ပြည်ချစ် ခေါင်းဆောင်များက ထထကြွကြွ ဦးဆောင် လှုပ်ရှားခဲ့ရာတွင် အာရကန်ပြည်မှ  ရိုဟင်ဂျာအမျိုးသား ခေါင်းဆောင် ဆရာကြီး ဇိုင်နဒ္ဒိန်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ဆရာကြီးသည် နယ်ချဲ့ဆန်ကျင်ရေးကို  ညီနောင် ရခိုင်အမျိုးသားတို့နှင့် လက်တွဲကာ တစ်စိတ်တစ်ဝမ်းတည်း ဆောင်ရွက်ခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးတိုးတက်ရေးအတွက် ကဏ္ဍအဖက်ဖက်မှ  ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ဆရာကြီးကို ရိုဟင်ဂျာ အမျိုးသားခေါင်းဆောင် သာမက အာရကန်ပြည်၏ ခေါင်းဆောင်ဟုပင် အသိအမှတ်ပြုသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာကြီး၏ ကြိုးပမ်း အားထုတ်မှု မှန်သမျှသည် ရိုဟင်ဂျာ အမျိုးသားထုအတွက် သတ်သတ် မဟုတ်ဘဲ ရခိုင်ပြည်သာမက မြန်မာပြည် တစ်ခုလုံးကျွန်ဘဝမှ လွတ်မြောက်ရေး ဖြစ်သည်။ 

ဗမာပြည် နယ်ချဲ့လက်အောက်မှ လွှတ်မြောက်လာရေးအတွက် တော်လှန်ရေး စိတ်ဓာတ်နှင့် အမျိုးသားရေး စိတ်ဓာတ်များ သွတ်သွင်းခဲ့သော မျိုးချစ်ဆရာကြီးအဖြစ် ရခိုင်သမိုင်းတွင်သာမက မြန်မာသမိုင်းတွင်လည်း  ၁၉၃၀ ခု  တို့ဗမာအစည်းအရုံးနှင့်ပေါင်းကာ နယ်ချဲ့လက်ပါးစေများကို တိုက်ထုတ်ခဲ့သူတစ်ဦးအဖြစ် ထင်ရှားခဲ့သူ ဖြစ်ပါသည်။

ကျွန်စနစ်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရာတွင် မိမိ၏ အသက်၊ သွေးချွေး၊ ဥစ္စာတို့ကို စတေးခံခဲ့ရသည်။ ၁၉၂၀ ခု ကိုလိုနီနယ်ချဲ့တို့၏  ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်ခဲ့သော ပထမကျောင်းသားသပိတ် နောက်ပိုင်း  မြန်မာတစ်ပြည်လုံး၌ ကိုယ့်ကျောင်းကိုယ်သင် အမျိုးသားကျောင်းများ တည်ထောင်ကြရာ ဆရာကြီးသည် မိမိကိုယ်တိုင် ဦးဆောင်၍ စစ်တွေမြို့၌ ပထမဆုံးအမျိုးသားကျောင်းကို တည်ထောင်ခဲ့သည်။ ထို့နောက် အခြား ပညာတတ် ရခိုင်ညီနောင်များနှင့် လက်တွဲ၍  အမျိုးသားကျောင်းများ  တည်ထောင်ရန် ရခိုင်ပြည် မြောက်ပိုင်း၊ တောင်ပိုင်း နေရာအနှံ့ ခရီးထွက်ခဲ့သည်။ မောင်းတောမှ Deputy Foyas,  ဘော်လီဘာဇား (ခ) ကြိမ်ချောင်းမှ အာမီရ်အာလီမျာ စသည့် သက်ဆိုင်ရာဒေသရှိ  ပညာရေး တက်ကြွသူတို့နှင့် ပူးပေါင်း၍ မေယုဒေသ၌လည်း ကျွန်ပညာရေးကို ဆန့်ကျင်သော အမျိုးသားကျောင်းများ ပေါ်ပေါက်လာရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ပထမကျောင်းသား သပိတ်နောက်ပိုင်း သံတွဲ၊ ကျောက်ဖြူ၊ မောင်းတော၊ ဘူးသီးတောင်၊ ဘော်လီဘာဇား စသည့် ထင်ရှားသော ဒေသများတွင် အမျိုးသားကျောင်းများ တည်ထောင်နိုင်ခဲ့သည်။ 

၂၀၁၆ ခု ရိုဟင်ဂျာ ပြက္ခဒိန်

အာရကန်ပြည်တွင် အမျိုးသားကျောင်းကို ဆရာကြီးဦးဇိုင်နဒ္ဒိန်က ဦးဆောင်၍  ပထမဆုံး ဖွင့်လှစ်ခဲ့သည်။  ဆရာကြီး ဦးဇိုင်နဒ္ဒိန်းသည် အမျိုးသားကျောင်း၏ ပထမဆုံးကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အမျိုးသားပညာဝန် ဟုလည်း ခေါ်ခဲ့သည်။ ဒုတိယကျောင်းအုပ်မှာ ဦးမောင်မြဦးဖြစ်သည်။ ကိုလိုနီခေတ် ကျွန်ရေစီး၌ နစ်မျော၍ သခင်ဖြစ်မှန်းတောင် မေ့လျော့ကာ ပျော်ပါးနေသည့် လူငယ်များကို “တို့ပြည်၊ တို့မြေ၊ တို့ချစ်ကြမယ်” ဟူသော အမျိုးသား စိတ်ဓာတ်၊ သခင်စိတ်တို့ကို သွတ်သွင်း နိုးဆော်ပေးခဲ့သည်။

 ၁၉၆၈ ခုနှစ်ထုတ်  ‘’ရခိုင်ညွတ်ဖူး ‘’စာအုပ်တွင် စာအုပ်ပါအတိုင်း ပြောရလျှင်  ‘’ရခိုင်တိုင်းဖွါး မွတ်ဆလင် ဘာသာဝင် မစ္စတာ ဇော်နော်ဒိန် ‘’သည် ရိုဟင်ဂျာ  တစ်ဦးဖြစ်တယ်။ (တိုင်းရင်းသား လူမျိုးစု ဘဝသစ်ပါတီ၊ ကင်းလွတ်ခွင့်  အမှတ် (န/သ-၀၈၅) အရ ၁၉၈၉ ခု ဇန္နဝါရီလ၊ ပထမအကြိမ် ထုတ်စာအုပ် ( စာမျက်နှာ – ၅၀ )  တွင် ဖေါ်ပြထားသည်။
ရခိုင် မဂ္ဂဇင်း အမှတ်(၈) တွင် ဖေါ်ပြထားပြီ ‘မပျောက်ဖျက်နိုင် မစ္စတာ ဇော်နဒင်’ ဟု ရေးသားထားသည်။

ဆရာကြီးဦးဇိုင်နဒ္ဒင်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နယ်၊ ခေါင်းတုတ်ရွာတွင် မွေးဖွားခဲ့သည်။ ဆရာကြီး၏ ဖခင်သည် ဗြိတိသျှခေတ်က ကျွန်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဘိုးမှာ ရခိုင်ဘုရင်က ရွှေဓါးကာဇီဘွဲ့ ကို ချီးမြှင့် ခံရသူဖြစ်သည်။ မျိုးကောင်း မျိုးမြတ်မှ ဆင်းသက်လာပြီး မျိုးချစ်စိတ် ထက်သန်သူ ဖြစ်သည်။ ၁၀ တန်းအထိကို ရန်ကုန်၌သင်ယူခဲ့သည်။  ဘီအေဘွဲ့ ကို ကလကာတ္တား တက္ကသိုလ်မှ ရယူခဲ့သည်။



ဆရာကြီး၏ လက်ရာကောင်း တစ်ခုမှာ အဖိုးမဖြတ်နိုင်သော သမိုင်းဒိုင်ယာရီဖြစ်သည်။ ၁၉၄၂ အဓိကရုဏ်းကို ကိုယ်တိုင် မြင်တွေ့သူဖြစ်သည်အားလျော်စွာ အသေးစိတ် မှတ်တမ်းတင်ထားပါသည်။ 
ဆရာကြီးသည် ၁၉၄၆ ခုနှစ်ခန့် အသက် (၅၅) နှစ် အရွယ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သက်ကေပြင် နေအိမ်၌ ကွယ်လွန်ခဲ့လေသည်။ နာဇီရွာသင်္ချိုင်းတွင် ဒဖနာသင်္ဂြိုဟ်'သည်။ ဆရာကြီး၏ သက်တော် တစ်လျှောက် တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးကို မနားမနေ သယ်ပိုးခဲ့သည်။ ကိုလိုနီစနစ်ဆိုးကို ရှေ့တန်းမှ ဆန့်ကျင်တော်လှန်ခဲ့သည့် ပုဂ္ဂိုလ်မြတ်ဖြစ်သည်။ 



စစ်တွေအမျိုးသားကျောင်း အကြောင်းတစိတ်တစောင်း 

ဆရာကြီး၏ အကြောင်းကို ဖော်ပြမည်ဆိုလျှင် ဆရာကြီးအလွန်ချစ်ခင်သော အမျိုးသားကျောင်း အကြောင်းကိုကား ပူးတွဲတင်ပြပေးမှ ပြည့်စုံမည်ဖြစ်သည်။ 

၁၉၄၂ ခုနှစ်ခန့်က စစ်တွေအမျိုးသားကျောင်း၌ မတ်တပ်ရပ်၍ မစ္စတာဇော်နော်ဒိန်က မိန့်ခွန်း ပြောနေစဉ်္ဒီ
၁၉၄၂ ခုနှစ်ခန့်က စစ်တွေအမျိုးသားကျောင်း၌ မစ္စတာနေရူး မတ်တပ်ရပ်၍မိန့်ခွန်းပြောနေစဉ်

စစ်တွေအမျိုးသားကျောင်း အဆောက်အအုံ 

ယခုတောင်တန်းသာသနာပြု ကျောင်းတည်နေရာကို စစ်တွေမြို့ခံ အစ္စလာမ်ဘာသာဝင် တစ်ဦးက လှူဒါန်းခဲ့သည်။ ယင်းတွင် ယာယီဝါးကျောင်းကို ဆောက်လုပ်ကြသည်။ ကျောင်း အဆောက်အအုံ ပုံစံမှာ (L) ပုံသဏ္ဌာန်ရှိသည်။ ကျောင်း၏မျက်နှာစာသည် စက်ရုံလမ်းအတိုင်း တောင်မြောက်တန်းနေပြီး အရှေ့ဘက်သို့ မျက်နှာမူထားသည်။ အနောက်မျက်နှာစာမှာ ဦးဥတ္တမလမ်းအတိုင်း အရှေ့-အနောက်တန်းနေပြီး မြောက်ဘက်သို့ မျက်နှာမူထားသည်။ ဝါးကျောင်းဆောက်လုပ်ပြီး တစ်နှစ်ခွဲခန့်ကြာမှ အောက် အုတ်ခံ၊ အထက် ပျဉ်စီပျဉ်ထောင်နှင့် နှစ်ထပ်ကျောင်းကို ဆောက်လုပ်သည်။ ကျောင်းအဆောက်အအုံ လမ်းတစ်ဖက် (ဦးဥတ္တမလမ်းတစ်ဖက်) မှာ ကျောင်းအိပ်ကျောင်းစားများ၏ အဆောက်အအုံ ရှိသည်။ ပျဉ်ထောင် အဆောက်အအုံဖြစ်ပြီး ကျောင်းအိပ်ကျောင်းစား (၂၀)ခန့်ရှိ သည်။ 

[ယခုလက်ရှိ အထက (၂) အဖြစ်ရပ်တည်နေတဲ့ ဘောက်သီးစု ရပ်ကွက် က ကျောင်းဖြစ်ပါတယ်။
ယခင် စတည်တုန်းက အမျိုးသားကျောင်း (အင်္ဂလိပ်တွေက နော်မန်(Norman) ကျောင်းလို့ ခေါ်ခဲ့တယ်) လို့ခေါ်ပြီး အဲဒီတုန်းက အင်္ဂလိပ်အစိုးရက ဖွင့်ထားတဲ့ Convent ကျောင်း နဲ့ ခေတ်ပြိုင် ဖွင့်ခဲ့တာလို့ သိရပါတယ်။ (အဆိုတနည်း) ]


ကျောင်းသားများနှင့်အတူ တွေ့ရသော အာရ်ကာန် အမျိုးသားကျောင်းအုပ် ဆရာကြီး ဦးဇိုင်နဒ္ဒိန် (အလယ်) 

ကျောင်းဆရာများနှင့် ကျောင်းသားဦးရေ


စစ်တွေအမျိုးသားကျောင်းကို ၁၉၂၁ ခု ဇွန်လမှ စတင်ဖွင့်လှစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ဖြစ်လာသည့် ကာလအထိ ကျောင်းသက်တမ်းမှာ (၂၀) ခန့် ရှိခဲ့သည်။ သူငယ်တန်းမှ (၁၀) တန်းအထိ သင်ပြခဲ့သည်။ ကျောင်းဖွင့်ခါစတွင် ကျောင်းသားဦးရေ ၇၀၀ ခန့်ရှိသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ခါနီးတွင် ပြည်တွင်း အခြေအနေ ရှုတ်ထွေးမှုကြောင့် ကျောင်းသားများ လျော့နည်းလာရာ (၄၀၀) ခန့်သာ ရှိတော့သည်။ စစ်တွေမြို့ခံ ကျောင်းသားများနှင့် နယ်မှလာရောက် သင်ကြားသည့် ကျောင်းသားများရှိသည်။ 
နယ်ကျောင်းသားများသည်  ကျောင်းအိပ်ကျောင်းစားသည့်အပြင် အသိ ဆွေမျိုးများ အိမ်တွင် တည်း၍လည်း သင်ကြားကြသည်။ (၇) တန်းနှင့် (၁၀) တန်း စာမေးပွဲကို ဗဟိုအမျိုးသားပညာရေးအဖွဲ့ချုပ်မှ မတ်လတွင် ကြီးကြပ် စစ်ဆေးပြီး ကျန်အတန်းများကို ကျောင်းစစ်စာမေးပွဲအဖြစ် စစ်ဆေးကြသည်။ ကျောင်းဝင်ကြေး၊ လစဉ်ကြေးများကို လူကုံ သားသမီးထံမှ ကောက်ခံပြီး ဆင်းရဲ နွမ်းပါးသော ကျောင်းသားများအား အခမဲ့ သင်ပေးခဲ့သည်။ 

အမျိုးသားကျောင်း၏ ကျောင်းအုပ်ဖြစ်ခဲ့သူများမှာ ဆရာကြီးဇိုက်နုဒ္ဒိန်း၊ ဦးမောင်မြဦး၊ ဦးစိန်ထွန်းအောင်၊ ဦးထွန်းအောင် တို့ဖြစ်သည်။

သင်သည့်ဆရာပေါင်း (၂၄-၂၅)ယောက်ခန့် ရှိသည်။ ဆရာယာဆိန်း စသော အိစ္စလာမ်ဘာသာဝင် ဆရာများလည်းရှိခဲ့သည်။ ဆရာ ဦးယာဆင်း (ရမ်းဗြဲ)မှာ ကျောင်းအိပ်ကျောင်းစား ကျောင်းသားများကို တာဝန်ယူအုပ်ချုပ်ရသော ဘိုဒိန်အုပ် ဖြစ်ခဲ့သည်။ 

ဆရာများ၏ လစာကို အထိအကျ သတ်မှတ်ထားခြင်းမရှိ၊ ကောက်ခံရရှိသော ရန်ပုံငွေကို အညီအမျှ ခွဲဝေယူကြသည်။ နောက်ပိုင်းတွင် အစိုးရ၏ ထောက်ပံ့မှု ရရှိ၍ ဆရာတစ်ဦးလျှင် (၂၀၀)ရသည်ဟု ဆိုရသော်လည်း သတ်မှတ်နှုန်း အတိုင်း အပြည့်အဝရရှိသည် မရှိပါ။ အစိုးရထံမှ အထောက်အပံ့ မယူမီ ကာလ တွင် ငွေ (၃၀) ထိရရှိသည်ဟု ဆိုသည်။ ကျောင်းအုပ်၏ လစာမှာ (၃၀၀) ရှိခဲ့သည်။ 

ဤသို့သော် အိစ္စလာမ်ဘာသာဝင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့၏ သမိုင်းဝင် မှတ်တမ်းများ ပျောက်ကွယ်နေရခြင်းမှာ အယူသီးသော ကလောင်ရှင်တို့၏ သမိုင်းလိမ့်လည်မှုကြောင့်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ အိစ္စလာမ်ဘာသာ ရိုဟင်ဂျာတို့၏ တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး သယ်ပိုးခဲ့သည့် သမိုင်းကို တိမ်းရှောင်ခဲ့လျှင် ရာနှုန်းပြည့် မြန်မာ့သမိုင်းကို အနာဂတ်မျိုးဆက်တို့ ဆုံးရှူံးလိမ့်မည်ဟုဆိုလျှင် မှားမည်ဟု မထင်ပါ။ 

(လူထုဝဏ္ဏ စုစည်းတင်ပြသည်။)
------------------------------------------------—--------------------
ကိုးကား+ 

၁) မြထွန်းအောင် ရေးသားသည့် ‘ကိုလိုနီဘဝ ရွှေပြည်ရခိုင်၊ စာမျက်နှာ (၄၃-၄၄)
၂) ၁၉၆၈ ခုနှစ်ထုတ်  ‘’ရခိုင်ညွတ်ဖူး ‘’စာအုပ် စာမျက်နှာ (-၅၀)
၃) ဓညဝတီသတင်းဌာန
၄) ရခိုင်မဂ္ဂဇင်း၊ အမှတ် (၈)
၅) သက်ကြီးစကား
၆) ၂၀၁၆ ခုနှစ် ရိုဟင်ဂျာ ပြက္ခဒိန် ၊ ဦးသာခင်။








Saturday, November 17, 2018

အတိတ်လွမ်းပို ဇရပ်အို

ဘောလီဘာဇား အထကကျောင်းရှေ့ရှိ ဇရပ်ကို တွေ့ရပုံ


🎤 အတိတ်လွမ်းပို ဇရပ်အို 🎤

---------------------------------------------------------
(၁)
နွေမိုးဆောင်းလ ရာသီမက
နင့်အေးရိပ်ဝယ် ခိုကာလုံကာ
တေးသာချိုချိုနဲ့ ဖျော်ဖြေကြတဲ့
ဘောလီပန်းပွင့် ငယ်လွင့်ပျိုကို
နင်လွမ်းနေတယ်ဟု
ငါထင်မိခဲ့တယ်လေ။

(၂)
လရောင်ရွှင်ပ လပြည့်ညတွင်
သက်ကြီးငယ်တွေ နင့်ရင်ခွင်ဝယ်
ကာယာပူရီ ဟာနီဗားရဲ့
ပုံပြင်ပြောလို့ လေပြည်သာနဲ့
ပျော်ဖူးခဲ့တဲ့ ထိုအချိန်မြူကို 
နင်လွမ်းနေတယ်လို့
ငါထင်မိခဲ့တယ်လေ။

(၃)
ကျောင်းဆင်းချိန်တွင် ထီးမပါတဲ့
ကျောင်းသူကျောင်းသား ရို-တရာကို 
မိဘတွေလို စောင့်သိပ်ပေးတယ်။
ပင်ပန်းခဲ့သူ ဆရာမလေးတို့
အမောဖြေရာ အေးရိပ်သာလို
ဖြေသိမ့်ပေးခဲ့တာ မြင်ကွင်းဟောင်းကို
နင်လွမ်းနေတယ်လို့
ငါထင်မိခဲ့ပါတယ်။ 

(၄)
နေညီးညီးတောက် နွေပူကြီးအောက်
နပမ်းသတ်လာတဲ့ ခရီးသားကို
ရို-မူဓလေ့ ရေချမ်းအိုးနဲ့
တမြတ်တနိုး နားခွင့်ပေးလို့
သွေးပြန်လေရူး စိတ်လန်းရအောင်
ဧည့်ဝတ်ကျေခဲ့တဲ့ ထိုအဖြစ်ကို
နင့်တမ်းတနေတယ်လို့
ငါထင်မိခဲ့တယ်လေး။

(၅)
ရွာစောင့်တဲ့ ကင်းသမားတွေ
ညလုံးပေါက်လည် နင်ကိုဖော်ဆွေ
ရယ်ရင်းမောရင်း ဆော့လုံးချင်း
ရာဇဝင်စကား မှတ်ရာပြောကာ
မီးလျှံလုံလုံ ချမ်းတုန်တုန်၌
နွေးထွေးခဲ့တဲ့ ထိုအချိန်တိုင်းကို
နင်လွမ်းနေတယ်လို့
ငါထင်မိခဲ့တယ်လေ။ 

(၆)
အိုးအိမ်ပတ်ဝန်း မီးစာဖြစ်လဲ
ချုံနွယ်ပတ်ရစ် နင်ကိုမြင်လို့
မျိုးယုတ်မျိုးရိုင်း မကျေနိုင်ခဲ့
ငါ့ရဲ့အတိတ် ကျန်ကောင်းကောင်းဟု
ပျောက်တဲ့အဆွေ တွေ့သည့်အလား
ငါဝမ်းမြောက်တယ်လေ။

(၇)
ခေါင်မိုးပျက်လို့ မိုးယိုစီးသော်
လေရူးတိုက်လို့ နင်နာခဲ့သော်
ချုံတွေရစ်လို့ တောလိုဖြစ်သော်
နင့်ဆွေငါတို့ အနေမသာ
ဝန်းရံပြုစု ယုယမှုကို
နင်ကတွေးရင်း မျက်ရည်စီးခဲ့တယ်လို့
ငါ့ထင်မိခဲ့တယ်လေ။  

(၈)
လူယုတ်တွေရဲ့ ရက်စက်မှုကြောင့်
ငါတို့ခွဲရ သိုက်နန်းပျက်
နင့်ကတလွဲ တို့လဲတခြား
ရပ်ဝေးကပင် ဟိုးအတိတ်ကို
အာရုံမျက်မြင် ပြန်လည်ခေါ်၍
စိတ်ဒဏ်ရာကို ဖြေစေသား။ 
----------------------------------------------------
ရိုသွေး
13-November-2018 (Tuesday)
----------------------------------------------------------
ကူးယူဖော်ပြ………

Monday, November 12, 2018

ချိုက်လွန် [Cai Lun: Inventor of Paper]




ချိုက်လွန်


📜📜📜📜

ချိုက်လွန်(蔡倫 Cai Lun) (အေဒီ ၁၀၅ ဝန်းကျင်)သည် တရုတ်လူမျိုး မိန်းမစိုးတစ်ဦးဖြစ်သည်။ နောင်လာနောက်သားများက ၎င်းအား စက္ကူကို စတင်တီထွင်သူအဖြစ် အသိအမှတ်ပြုကြသည်။ သူတီထွင်သည့် စက္ကူကြောင့် ကမ္ဘာ့ယဉ်ကျေးမှု ထင်ထင်ရှားရှား ပြောင်းလဲတိုးတက်သော်လည်း ၎င်းကိုမူ လူသိမများလှပေ။ မည်သည့်အချိန်၊ မည်သည့်ဒေသတွင် မွေးဖွားသည်၊ ကွယ်လွန်သည်ကို လည်းမသိရပေ။

ရှေးကလူတို့သည် စက္ကူမပေါ်မှီက တိရိစ္ဆာန်တို့၏ အရိုးများ၊ သစ်ခေါက်များ၊ လိပ်ခွံများနှင့် ဝါးခြမ်းပြားများပေါ်တွင် ဗျည်းအက္ခရာများကို ရေးထွင်းမှတ်တမ်းတင် သယ်ဆောင်သွားလာကြရရာမှ စက္ကူတီထွင်ပေါ်ပေါက်လာသည့်အတွက် များစွာပင် အဆင်ပြေလာပြီး အသိပညာ၊ စာပေဗဟုသုတတို့ကိုလည်း လွယ်ကူစွာ ပြန့်ပွားအောင် ဆောင်ရွက်နိုင်လာသည်။ ထို့ကြောင့် စက္ကူကျေးဇူးမှာ မသေးလှဟုဆိုရမည်။ ရှေးအီဂျစ်လူမျိုးတို့က ပက်ပီရပ်စ် (papyrus) ကျူပင်မှ တဆင့် စက္ကူကြမ်းအဆင့်ကို ထုတ်လုပ်သုံးစွဲနိုင်သော်လည်း ကုန်ကျစရိတ် ကြီးမြင့်သောကြောင့် သုံးစွဲမှု မတွင်ကျယ်လှပေ။

တရုတ်သမိုင်းမှတ်တမ်းများအရ အေဒီ ၁၀၅ နှစ် တရုတ်ဟန်မင်းဆက်လက်ထက် ဧကရာဇ် ဟွန်တိလက်ထက် မိန်းမစိုးဖြစ်သူ ချိုက်လွန်က စက္ကူကို တီထွင်သည်ဟု သိရှိရသည်။ ထိုတီထွင်မှုကြောင့် ရာထူးတိုးကာ ဘွဲ့ထူးဂုဏ်ထူး ချီးမြှောက်ခံရပြီး ချမ်းသာသူတစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် နန်းတွင်းလုပ်ကြံမှု တစ်ခုတွင်ပါဝင်သည့်အပြစ်ဖြင့် ရာထူးချခံရကာ မထင်မရှား တိမ်မြှုပ်ပျောက်ကွယ် ရရှာသည်။ သို့သော် အချို့သော မှတ်တမ်းများအရ ချိုက်လွန်သည် မိမိ၏ ဂုဏ်သိက္ခာကို ကာကွယ်သည့် အနေဖြင့် ရေချိုး၊ အဝတ်ကောင်းဝတ်ပြီး အဆိပ်သောက်ကာ အဆုံးစီရင်ခဲ့သည် ဟုလည်းဆိုသည်။

သို့ဖြင့် စက္ကူမှာ အရေးကြီး၊ ထိပ်တန်း တရုတ်နိုင်ငံတွင်းဖြစ် ကုန်ပစ္စည်းအမယ်တစ်မျိုး အနေဖြင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်း စတင်လာတော့သည်။ အစက တရုတ်နန်းတွင်းက တိုက်ရိုက်ချုပ်ကိုင်ပြီး ပြုလုပ်နည်းကို အများမသိနိုင်ရန် လျှို့ဝှက်ထိန်းချုပ်ခဲ့သည်။ သို့သော် ၇၅၁ တွင်စက္ကူပြုလုပ်သည့် တရုတ်အချို့ကို အာရပ်တို့ ဖမ်းမိသဖြင့် အာရပ်တို့လည်း စက္ကူလုပ်နည်း ရရှိသွားခဲ့သည်။  မကြာမှီပင် ဘက္ကဒက်မြို့မှ စက္ကူများ ဈေးကွက်သို့ စတင်ဝင်ရောက်လာသည်။ အာရပ်များထံမှ ထိုပညာကို ဥရောပသားတို့ ရရှိသည်မှာမူ ၁၂ ရာစုရောက်မှဖြစ်သည်။

တီထွင်မှုကြောင့် ကွာဟသွားသော ယဉ်ကျေးမှု

စက္ကူလုပ်နည်းသည် အာရပ်လောက၌ ပျံ့နှံ့သွားပြီး၊ ၁၂ ရာစုတွင် ဥရောပက အာရပ်များမှ တဆင့် ရရှိသည်။ စက္ကူသုံးစွဲမှု တဖြည်းဖြည်း ပျံ့နှံ့လာပြီး ဂူတင်ဘတ်က ပုံနှိပ်စက်ကို တီထွင်ပြီးသည့်အခါ၌ အနောက်နိုင်ငံများသည် ပေကညစ်အစား ‌စာရေးရာ၌ စက္ကူကို အစားထိုး သုံးစွဲလာရသည်အထိ တီထွင်မှုသည် အောင်မြင် ကြီးကျယ်သည်။ တရုတ်ပြည်၌ ချိုက်လွိမ်[မှတ်စု ၁] မတိုင်မီအချိန်က စာအုပ်အတော် များများကို ဝါးနှင့် ပြုလုပ်သည်။ စာအုပ်များသည် လေးလံ၍ သယ်ရပင်ပန်းသည်။ အချို့စာအုပ်များကို ပိုးချည်ပေါ်၌လည်း ရေးသားသော်လည်း အများ သုံးရန်အတွက်မူ အလွန် ဈေးကြီးသည်။ အနောက်နိုင်ငံများသည် စက္ကူမပေါ်မီက သိုးသားရေချော၊ နွားငယ် အရေချောများဖြင့် ပြုလုပ်ထားသော သားရေချောပေါ်၌ စာရေးရသည်။ ဂရိ၊ ဥရောပနှင့် အီဂျစ်လူမျိုးများက ကျူစက္ကူမျိုးကို  အသုံးပြုသည်။ သားရေချောတင်မက ကျူစက္ကူများပါ စာရေးနိုင်သည့် အဆင့် ဖြစ်လာအောင် ပြုပြင်မှုမှာလည်း ကုန်ကျစရိတ် အလွန်ထောင်း‌သည်။ ချိုက်လွိမ်က စတီထွင်လိုက်သော စက္ကူသည် စာရေးသည့်အခါ၌ သာမဏ အဘက်ဘက်၌လည်း အသုံးဝင်သည်။ ချိုက်လွမ်သည် ဂူတင်ဘတ် အလျင် ပေါ်ပေါက်ခဲ့သူ ဖြစ်ပြီး စက္ကူကို မတီထွင်ခဲ့ပါက ဂူတင်ဘတ်သည် ပုံနှိပ်စက်ကို တီထွင်နိုင်ရန် အကြောင်း မရှိနိုင်ဟု ယူဆကြသည်။
Search Wikimedia Commons Wikimedia Commons တွင် Cai Lun နှင့် ပတ်သက်သော မီဒီယာ ရှိသည်။

အေဒီ ၂ ရာစုမတိုင်မီ တရုတ်တို့ ယဉ်ကျေးမှုသည် အနောက်တိုင်းယဉ်ကျေးမှုလောက် တိုး‌တက်ခြင်း မရှိဘဲ၊ အေဒီ ၁ ရာစုမှ ၁၀ ရာစုထိ နှစ်ပေါင်း ၇၀၀၊ ၈၀၀ လောက်အထိ တရုတ်ယဉ်ကျေးမှုသည် အနောက်တိုင်းထက် ပို၍ တိုးတက်မှု ရှိသည်။ ၁၅ ရာစု နောက်ပိုင်း၌မူ အနောက်ဥရောပက တရုတ်ထက် ပိုတိုးတက်လာသည်။ အကြောင်းရင်းမှာ အလွန်ပင် ရှင်းလင်းသည်။ စိုက်ပျိုးရေးနှင့် ပေထက်အက္ခရာတင် စာရေးသားမှု၌ တရုတ်ပြည်ထက် အရှေ့အလယ်ပိုင်းနိုင်ငံများက တီထွင်သည်။ ချိုက်လွိမ် မတိုင်မီက တရုတ်ပြည်၌ စာရေးရန် ပစ္စည်းကိရိယာ အလွယ်တကူ မရှိချေ။ အနောက်နိုင်ငံ၌ အရည်အသွေးမကောင်းလှသော်လည်း သစ်သား၊ ဝါးဖြင့် ပြုလုပ်သည့် စာရေးပစ္စည်းထက် သာသည့် ကျူစက္ကူ ရှိသည်။ စာများကို မှတ်တမ်းတင်ရန် သင့်တင့်လျောက်ပတ်သော ပစ္စည်း မရှိခြင်းသည် တရုတ်ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်ရာ၌ ကြီးမားသော အဟန့်အတား ဖြစ်နေခဲ့သည်။ တရုတ်စာပေပညာရှင် တယောက်သည် စာအုပ်အနည်းငယ်မျှကို သယ်ယူရန်ပင် ဝေါယာဉ် တခု လိုသည် ဖြစ်ရာ၊ ဤနည်းဖြင့် အစိုးရ ယန္တရားများကို အုပ်ချုပ်ရန် အလွန်ပင် ခဲယဉ်းမည်ကို ခန့်မှန်း ကြည့်နိုင်ခဲ့သည်။

ချိုက်လွိမ်၏ စက္ကူ တီထွင်မှုကြောင့် အခြေအနေ အရပ်ရပ် လုံးဝ ပြောင်းလဲသွားကာ၊ စာရေးရန်နှင့် မှတ်တမ်းတင်ရန် စက္ကူတီထွင်ပြီး ရာစုနှစ် အနည်းငယ်အတွင်း၌ အနောက်နိုင်ငံကို အမီလိုက်နိုင်သွားသည်။ အနောက်နိုင်ငံ၏ ယဉ်ကျေးမှု နှေးကွေးစွာ ဖွံ့ဖြိုးနေစဉ် ရေကြောင်းပြ လမ်းညွှန်အိမ်မြှောင်၊ ယမ်းမှုန့်နှင့် ဘလောက် ပုံနှိပ်ခြင်းကို တီထွင်ပြီးသော တရုတ်တို့သည် စက္ကူကို တီထွင်လိုက်သည့် အခါတွင်မူ သားရေချောထက် ပို၍ ပေါများသည် ဖြစ်၍ တရုတ်က အနောက်နိုင်ငံထက် တိုးတက်သွားခြင်း ဖြစ်သည်။ အနောက်နိုင်ငံများက စက္ကူကို စသုံးလာပြီးနောက်၊ တရုတ်ယဉ်ကျေးမှုနှင့် ကွာဟချက်ကို လျော့နည်းအောင် လုပ်နိုင်ပြီး တရုတ်နှင့် ယှဉ်နိုင်လာသည်။ သို့သော်ငြား မာကိုပိုလို၏ ရေးသားချက်များအရ၊ ၁၃ ရာစုတုန်းက တရုတ်ပြည်သည် ဥရောပထက် ပို၍ ချမ်းသာကြွယ်ဝသည်ဟု ဖော်ပြသည်။ တရုတ်ပြည်သည် နောက်ပိုင်း အနောက်နိုင်ငံများ နောက်ကောက်သို့ ကျသွားသည့် အကြောင်းရင်းမှာ ၁၅ ရာစုနှစ်တွင် ဂူတင်ဘတ်ဟု ခေါ်သော ဉာဏ်ကြီးရှင် တဦးက စာအုပ်များ အမြောက်အများ စုပြုံထုတ်နိုင်မည့် နည်းလမ်းသစ် တရပ်ကို ထုတ်ဖော်နိုင်ခဲ့သည်မှ စလေသည်။ ထို့နောက် ဥရောပတိုက်၏ ယဉ်ကျေးမှုသည် တဟုန်ထိုး တိုးတက်လာပြီး၊ ထိုစဉ် တရုတ်ပြည်၌ ဂူတင်ဘတ်မရှိသည် ဖြစ်ရာ တရုတ်တို့သည် ဘလောက်ပုံနှိပ်ခြင်းဖြင့်သာ ကျေနပ်နေသည် ဖြစ်၍ ယဉ်ကျေးမှု တိုးတက်နှုန်းသည်  နှိုင်းယှဉ် ပြောသည် ရှိသော် နှေးကွေးသွားသည်  ဆိုသည်။

မည်သို့ပင် ဆိုစေ၊ စက္ကူသည် ချိုက်လွိမ် တီထွင်ပြီး နှစ်ပေါင်း ၁၀၀၀ ကျော်မှသာ ဥရောပတိုက်သားများ အသုံးပြုနိုင်ခြင်း ဖြစ်ပြီး၊ အာရပ်များ ထံမှ တဆင့် ရရှိခြင်းလည်း ဖြစ်သည်။ စက္ကူ ထုတ်လုပ်နည်းသည်  အလွန် ဉာဏ်ကြီးသော ပါရမီရှင် တဦး၏ တီထွင်မှု မျိုးပင် ဖြစ်ပြီး၊ သူတီထွင်ခဲ့သော စက္ကူလုပ်နည်းကို  ယနေ့တိုင် ဆက်လက် အသုံးပြုနေကြသည်။[၁]

မှတ်စု

တရုတ် အသံထွက် အရ ချိုက်လွိမ်သည် အနီးစပ်ဆုံး ဖြစ်သည်၊ ချိုက်လန်၊ ချိုက်လွန်၊ ဆိုင်းလွန်း၊ စိုင်လွန်းစသည်ဖြင့် စာအုပ်ပေါင်းများစွာ၌ မူကွဲများစွာ တွေ့ရသည်

ကိုးကား

မြင့်ဇံ (ဒီဇင်ဘာလ၊ ၂၀၀၄). သမိုင်းတွင် အလွမ်းမိုးဆုံး ပုဂ္ဂိုလ် ၅၀. အားမာန်သစ်စာပေ, ၅၀။
ကမ္ဘာ့ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်များ · 
Tin Maung Tun ၏ FB

Saturday, November 10, 2018

BOLI KÁLA : A Traditional Sport of Rohingya


စုစည်းရေးသား- ရိုဟင်လေး|

အမျိုးအစား - ရိုဟင်ဂျာ ရိုးရာအားကစားနည်း [Rohingya Traditional Sports] |

🎮 ဘောလီကားလား (ခ) ကျင်ကစားနည်း 🎮

******************************************************

ရိုဟင်ဂျာ ရိုးရာ အားကစား ဖြစ်သော ဘောလီကားလားသည် ကာယဗလ စွမ်းရည်ချင်း ယှဉ်ပြိုင်ကစားသည့် ရှေးကစားနည်း တစ်မျိုးဖြစ်သည်။  ရိုစကားတွင် ဘောလီကားလား  ( Boli Kála ) ဟု ခေါ်သည်။ ဘော်လီဒေါ့ရာ ( Boli Dóra ) မှာ “ကျင်ကိုင်သည်”၊ “နပမ်းလုံးသည်”ဟု အနက်ထွက်သည်။ ဘောလီကားလား၌ ယှဉ်ပြိုင်သူကို ဘောလီ (ကျင်သန်၊ နပန်းသမား)ဟုခေါ်သည်။ ဘောလီမှာ ခွန်အား ဗလပြည့်စုံသူဟု အဓိပ္ပာယ်ရသည်။ ဗမာစကားတွင် နပမ်းလုံး ကစားနည်း/ နပမ်းကစားနည်း ဟုခေါ်သည်။ ရခိုင်တို့ကမူ ကျင်ကစားနည်း ဟုခေါ်သည်။ အနောက်နိုင်ငံတို့၏ Wrestling ကစားနည်းနှင့် ကွဲပြားသည့် အချက်မှာ ထိုးသတ်ခွင့် မရှိခြင်းပင်ဖြစ်သည်။ ဘောလီကားလားကို အာရှတိုက် တစ်ခွင် နိုင်ငံအလိုက် ဒေသအလိုက် နည်းအမျိုးမျိုးဖြင့် ကစားကြသည်။ အမည်အမျိုးမျိုးလည်း ခေါ်ဝေါ်ကြသည်။ 


❄ သမိုင်းနောက်ခံ ❄


အာရ်ကာန်ပြည်၌ အညာဒေသ ရိုဟင်ဂျာ ကာလသား လူပျို လူရွယ်များသည် အားလပ်ချိန်တွင် အရိပ်ကောင်းသော သစ်ပင် ရိပ်အောက်၌ လည်းကောင်း၊ ညပိုင်း လရောင်အောက်၌လည်းကောင်း၊  ဘောလီကားလားနှင့် မြူထူးပျော်ပါးနေသည်ကို တွေ့ရပေလိမ့်မည်။ ဝါသနာပါသော ကာလသားလူပျို လူရွယ်များသည် ဘောလီကားလားကို ကျွမ်းကျင်သူများထံမှ စနစ်တကျ သင်ကြားနည်းယူလေ့ ရှိကြသည်။

ဆယ်စုတစ်နှစ်စု ရှေ့ပိုင်းသို့ လှန်းမျှော်ကြည့်မည်ဆိုလျှင် ရိုဟင်ဂျာများသည် စပါးကောက်ရိတ်သိမ်းချိန်တွင် အာရ်ကာန်ပြည်နေရာအနှံ့ ဘောလီကားလား ပြိုင်ပွဲများ အုံအုံကြွကြွ တခမ်းတနား ကျင်းပလေ့ရှိခဲ့သည်ကို တွေ့နိုင်ပါမည်။ 

ဘောလီကားလား ခေါ် ကျင်ကစားနည်းသည် မဂိုအင်ပါယာခေတ်က ထွန်းကားခဲ့သော ကစားနည်း တစ်မျိုးဖြစ်သည်။  ဘောလီကားလားကို မည်သည့် အချိန်ကစ၍ ရိုဟင်ဂျာတို့က ကစားလာခဲ့ကြသည်မှာ တိတိကျကျ ပြောနိုင်ရန် ခဲယဉ်းလှသည်။ ရိုဟင်ဂျာတို့သည် ရှေးဘိုးဘေးဘီဘင်ကပင် ဘောလီကားလားကို လက်ဆင့်ကမ်း ကစားလာခဲ့သည် ဟု ဆိုရပေမည်။ အာရ်ကာန်မြေပေါ်၌ ရွာတိုင်းရွာတိုင်းလိုလို ထင်ရှားခဲ့သော ဘောလီများ ယနေ့တိုင် ‘လူသေသော်လည်း နာမယ်မသေ’ဘဲ သမိုင်းသက်သေ အဖြစ် ကျန်ရစ်နေသည်။ ဘောလီများ၏ အမည်စွဲခေါ်ထားသော နယ်မြေဒေသ၊ ကန်ချောင်း၊ အဆောက်အဦ၊ လမ်း စသည်တို့  အာရ်ကာန်၌ ရှိနေကြသည်။

ထင်ရှားခိုင်လုံသော ဥဒဟရုဏ် အဖြစ် ဖော်ပြရလျှင် မောင်တောမြောက်ပိုင်း သမိုင်းဝင် ဘော်လီဘာဇား (မြို့ဟောင်း)ကို တည်ထောင်ခဲ့သော ဘော်လီမျိုးနွယ်စု၏ ပင်စည်ကြီး ဒေဝန်ကြီး ဖတေအာလီ ဘောလီ (၁၇၈၀-၁၈၅၃ ခန့်) ပင်ဖြစ်သည်။ သူသည် ဘောလီဒေါ့ရာ၌ ကျွမ်းကျင်သူတစ်ဦးအဖြစ်ကျော်ကြားသည်။  သူသည် ဘောလီကားလား၌ အနိုင်ရ၍ ချီးမြှင့်ခံရရာမှ ဆုတော်အဖြစ် ဘောလီဘားဇာနှင့်တကွ  လယ်မြေ ၁၃၀၀ ဒုံ (၁၁ ကာနီ = ၁ ဒုံ) ရှိသော ဒေသကို စားရခြင်းဖြစ်သည်ဟု  ဘော်လီမျိုးနွယ်စုသမိုင်းတွင် ထင်ထင်ရှားရှား ဖော်ပြထား၏။ သားတော် ဖော်ဇော်ရ်အာလီမျာအား အမွေလွဲပြောင်းပေးသည့် ၁၈၄၂ ခု ရက်စွဲပါ အိန္ဒိယ-ဗြိတိသျှ တံဆိပ်ခေါင်းစာချုပ်တွင်လည်း အတိအလင်း တွေ့ရပါတယ်။ 

ထို့ကြောင့် ဖတေအာလီကို ‘ဘောလီ’ဟု ဂုဏ်ပုဒ်ထည့်ခေါ်ရခြင်းမှာ ထိုခေတ်က အကျော်အမော် ရွှေမောင်းတန်း နပန်းသမား တစ်ဦးဖြစ်ကြောင်း ထင်ရှားစေသည်။ သူနှင့် ပတ်သတ်သော ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်များ ယနေ့အထိ ပြောနေဆဲဖြစ်သည်။  သူတည်ထောင်ခဲ့သော ရွာသည် ယနေ့တိုင် ဘောလီဘာဇားဟု ကျော်ကြားသည်။ ဘောလီဘာဇားမှာ ဘောလီနှင့် ဘာဇား ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဘောလီ မှာ ကျင်သန်ကြီး ဖြစ်ပြီး ဘာဇားမှာ ဈေးရွာ ဖြစ်သည်။  သူမှ ဆင်းသက်လာသော မြေး၊ မြစ်၊ တီ၊ ကျွတ် စသည်တို့ကို ဘောလီမျိုးနွယ်စု [Boli ró Gucthí] ဟု ယနေ့ထက်ထိ လူသိများသည်။ ဤသည်မှာ ဗမာလက်အောက်ကျရောက်နေသော အာရ်ကာန်ခေတ်ကပင် ရိုရိုးရာ ဘောလီကားလား ရှိနေကြောင်း စောဒကတက်ဖွယ်မရှိသော အထောက်အထားဖြစ်ပေသည်။ 

ကိုလိုနီခေတ် နောက်ပိုင်းတွင် ဘောလီကားလားသည် အထူးခေတ်စား လာခဲ့သည်။ ရိုတို့သည် ဘာသာခြား ညီနောင် ရခိုင်တို့နှင့် ပေါင်းသင်း နေထိုင်လာခဲ့သော လူ့အဖွဲ့အစည်း ဖြစ်သည့်အားလျော်စွာ အားကစား၊ ပျော်ပွဲရွှင်ပွဲကိုလည်း အတူတကွ ပါဝင်ဆင်နွှဲခြင်းဖြစ်သည်။ ယနေ့ ဘာသာတရား၊ အသားအရောင်ကို လိုက်၍ မည်မျှပင် မုန်းတီးခွဲခြားသည်ဖြစ်ပါစေ အတိတ်ကြေးမုံသဖွယ်ဖြစ်သော ရာဇဝင်သမိုင်းကို ပျက်နိုင်မည် မဟုတ်ချေ။  ဘောလီဒေါ့ရာပြိုင်ရာတွင် လည်း ရခိုင်အမျိုးသားနှင့် ရိုဟင်ဂျာအမျိုးသားတို့ အတူတကွ ပါဝင်ယှဉ်ပြိုင်လည်း ရှိခဲ့သည်။ ထို့ကြောင့်သာ ဘောလီကားလား ခေါ် ကျင်ပွဲသည် ရိုတို့၏ ရိုးရာအားကစားပွဲ တစ်မျိုးဖြစ်သလို ရခိုင်တို့၏ ရိုးရာ အားကစားပွဲလည်း ဖြစ်သည်။ လူမျိုးစု နှစ်စုမှာ တူညီသော ဓလေ့ထုံးစံ၊ ရိုးရာအစဉ်အလာ ရှိခြင်းသည်လည်း တစ်ရေသောက် တစ်မိုးအောက် အေးအတူပူအမျှ နေထိုင်ခဲ့ခြင်း၏ ကျောက်ထက်တင် အထောက်အထား တစ်ခုပင် ဖြစ်ပေသည်။ 

လွတ်လပ်ရေးရပြီးခေတ် ၁၉၆၀ ပြည့်နှစ် ပြည်ထောင်စုနေ့ အခမ်းအနားကို အောင်ဆန်း အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ ရိုဟင်ဂျာ ရိုးရာ အားကစားပွဲ တစ်ခုဖြစ်သော ဘောလီကားလားကို ကျင်းပပြသခွင့်ရရှိခဲ့သည်။ အဆိုပါ နပမ်းလုပွဲတွင် ပါဝင်ခဲ့သော ကျင်သန်ကြီးများမှာ-


(၁) ဟာကိမ်အာလီ (ခ) ဟာကိမ်း ဘောလီ 
မှတ်ပုံတင်အမှတ်- AK- ၁၄၂၉၅၇ 
ဇင်ပိုင်ညာရွာ၊ မောင်တောမြို့။ 

(၂) ဦးမာမတ် ဟူဆောင်း ဘောလီ 
လောင်းဒုံ၊ အလယ်သံကျော်ကျေးရွာ၊ မောင်တောမြို့နယ်။ 


တို့ဖြစ်ကြသည်။

တော်လှန်ရေးကောင်စီခေတ်မှစ၍ ရိုတို့၏ဘဝ ညအမှောင်စ ပြုလာခဲ့သည်။  အမျိုးဘာသာ သာသနာဆိုင်ရာ ဓလေ့ထုံးစံ အစဉ်အလာတို့ကို  တဖြေးတဖြေး ရုပ်သိမ်းပိတ်ပင်ခြင်းခံခဲ့ရသည် တစ်နည်း၊ နိုင်ငံခြား အားကစားများ ဒလဟော ကူးဝင်လာမူကြောင့် ယနေ့တွင် ဘောလီကားလားသည် ပျောက်ကွယ်လုနီးပါး အထိ ဖြစ်လာခဲ့ရသည်။ ရှေးကဲ့သို့ ရိပ်ကောင်းသစ်ပင်အောက်၌ နပမ်းလုနေသည့် ရိုဟင်ဂျာ လူပျိုလူရွယ်တို့ကို ယနေ့တွေ့ရ ခက်ပင်ခက်ပါလိမ့်မည်။ 



❄ ကစားနည်းစည်းမျဉ်း ❄



 ဘောလီကားလား ကျင်းပရာ ကွင်းပြင်သည် ညီညာပြန့်ပြူးသော မြေပြင်ဖြစ်၍ ၀ိုင်းစက်သော ကွင်းဖြစ်စေ၊ လေးထောင့်ကွင်းဖြစ်စေ  သဲမြေဆန်သော မြေပြင်မျိုးကို ရွေးချယ်လေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော်
ကျင်ပွဲမှာ တစ်ဦးကို တစ်ဦး မြေပြင်တွင် လှဲချရသော ကစားနည်းဖြစ်ရကား လဲကျသည့်တိုင် ဆူးညှောင့်များ ရှိမနေရေး အထူး ဂရုစိုက်ရသည်။ ကွင်း၏ တစ်ဘက်ဘက်တွင် ပွဲကျင်းပရေး အဖွဲ့များ၊ ဒိုင်းများမှ သဘာဝပန်း၊ အရောင်၊ အဝတ်တို့ဖြင့် ဆင်ယင်ထားသော မဏ္ဌပ်ဖြင့် နေရာယူကြရပြီး မဏ္ဌပ်ရှေ့ကွင်းပြင်ကို ၀ိုင်းပတ်ကာ ပွဲကြည့်ပရိသတ်များက ၀ိုင်းထိုင်ကြည့်ရှုရသည်။ ဘောလီများသည် အုပ်စုအလိုက် နေရာ ယူထားကြပြီး ကွင်းပတ်လည်သည် လူပရိတ်သတ်များ၊ အချိုယာမက မုန့်ပဲသရေစာ ရောင်းသော ဆိုင်များနှင့် အလွန်စည်းကားသည်။ 

ဘောလီကားလားကျင်းပရာတွင် အများအားဖြင့် ဘော်ရ်ဘောလီ  (ရွှေတံဆိပ်အဆင့် ၊ရွှေမောင်းတန်း) နှင့် ရှောံ်ရောဘောလီ (ငွေတံဆိပ်အဆင့် (ငွေမောင်းတန်း) ဟူ၍ အဆင့်ခွဲ ယှဉ်ပြိုင်ကြသည်။ အချို့ပြိုင်ပွဲများတွင် နော်ယာဘောလီ  (ကြေးတံဆိပ်အဆင့်/ကြေးမောင်းတန်း) လည်း ပါတတ်သည်။ ဘောလီဒေါ့ရာ စပြိုင်သူသည် ကြေးတံဆိပ်အဆင့်မှ စတင်ယှဉ်ပြိုင်ရကာ၊ အကယ်၍ ပွဲစဉ်တစ်ခုခုတွင် ငွေမောင်းတန်း၌ အနိုင်ရ ဗိုလ်စွဲပါမှ နောက်ပိုင်း ယှဉ်ပြိုင်သော ပြိုင်ပွဲများတွင် ရွှေမောင်းတန်း၌ တက်ရောက် ယှဉ်ပြိုင်ခွင့် ရှိသည်။ ယှဉ်ပြိုင်မည့် ဘောလီအတွဲကို ပွဲကျင်းပရေးအဖွဲ့က မဲနှိုက်ဆုံးဖြတ်ပေးသည်။ စိန်ခေါ်ပွဲကိုမူ အဆင့်လိုက်စရာ မလိုပဲ ယှဉ်ပြိုင်ကြသည်။ 

ဘောလီများသည် ပန်းကုံး၊ သွယ်ကုံး သိုးခမောက် ဆင်ယင်ကာ ရွာ၌ လည်ပတ်၍ အားမာန် ပြသည်။ ကျင်ပွဲ မကျင်းပမီတွင် ကွင်းဖွင့်အထိမ်းအမှတ် အနေဖြင့် ရိုးရာ အဆိုအက အတီးအမှုတ်နှင့်  ဖျော်ဖြေကြသည်။  တဖန် ယှဉ်ပြိုင်မည့် ဘောလီသည် ကွင်းပြင်၌ တလည်လည် ပတ်ကာ ပရိသတ်အား ကျင်ကွင်းပြသည်။ Boli Boilar ( ကျင်ကွင်း(ကျင်ခြင်း) ဟုခေါ်သည်။ ဘောလီသည် ကိုယ်၌ ဆီသုတ်လိမ်းသည်။ လက်ကို မြေမှုန့်နှင့် သုတ်သည်။ သို့သော် မြေမှုန့်ကို ဆုပ်ကိုင်၍ တဘက်သူကို ကိုင်ခွင့်မရှိပါ။ ပုဆိုးကို မြဲမြံအောင် ခါးတောင်းကျိုက်ပြီး အပေါ်မှ ဇာလီ (ဂါယာခေါ် ပိတ်ညိုစ) ကို ကျိုက်ကျိုက် ဝတ်ထားသည်။ 

ဘောလီကားလားတွင် ယှဉ်ပြိုင်သူ အမျိုးသား နှစ်ဦးပါရှိပြီး တစ်ဦးက အဖမ်း တစ်ဦးက အခံ ဖြစ်သည်။ နှစ်ယောက် ချင်းပူး၍ ကိုင်ကာ လုံးထွေးကစားခြင်း၊ နပန်း သတ်ခြင်းပင်ဖြစ်သည်။
ကျင်ကိုင်ကြရာ၌ှသုံးကြိမ် သုံးခါ ကိုင်ရခြင်း ဖြစ်ပြီး တစ်ကြိမ် အဖမ်းအလှည့်ဖြစ်ပြီး နောက်တစ်ကြိမ် အခံအလှည့်ဖြစ်သည်။ အဖမ်းသမားမှ စတင်၍ ဖမ်းပြီးမှသာ အခံသမားက ခုခံပိုင်ခွင့်ရှိပြီး 
အဖမ်းသမား စတင် မဖမ်းမီ အခံသမားအနေဖြင့် လှုပ်ရှားခွင့် မရှိချေ။

ကွင်းပြင်ထဲတွင် ဒိုင်းလူကြီး တစ်ယောက် ရှိသည်။ ဒိုင်းလူကြီးသည် ဝါရင့်ဘောလီဖြစ်ရသည်။ ဒိုင်းမှ သံသယဖြစ်နေသည့် အပြစ်ကို အပြင် ကြီးကြပ်ရေးတာဝန်ခံနှင့် တိုင်ပင်ခွင့်ရှိသည်။ 

ဦးစွာ ဘောလီ နှစ်ဦးစလုံးသည် အချင်းချင်း လက်ဆွဲ ကိုယ်ဖက် နှုတ်ဆက်ရသည်။ ဒိုင်းလူကြီးက မုမ်(လက်ခတ်မောင်း)ခတ်သောအခါ ဘောလီတို့သည် မျက်နှာချင်းဆိုင် ရပ်ကာ တစ်ယောက်လက်ကို တစ်ယောက် ကိုင်ပြီး ခေါင်းချင်းတွန်းရင်း ပြိုင်ဘက်ကို  မြေသို့လဲချနိုင်ရန် လုံးတွဲကြသည်။ ဘောလီနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် လုံးထွေးကျင်ကိုင်ကြရာ၌ မြေသို့မကျ ရအောင် (မရှုံးရအောင်) လျင်မြန်ဖျတ်လတ်စွာ တစ်ပါးသူ၏အဖမ်းကို ရှောင်တိမ်းရခြင်း၊ တစ်ပါးသူ၏ အလစ်အငိုက်တွင် ချိတ်လိမ်ရခြင်း များကြောင့် ပါးနပ်မှု၊ လျင်မြန်မှုကို အသုံးပြုကြရသည်။ 

အချို့ပွဲတွင် တစ်ကြိမ် လုံးတွဲချိန်ကို ပွဲကျင်းပရာအဖွဲ့က သတ်မှတ်ပေးသည်။ များသောအားဖြင့် နာရီဝက်လောက်အချိန်ပေးသည်။ အချိန်စည်းသည်နှင့် တစ်ပြိုက်နက် မုမ်ခတ်လျှင် လုံးထွေးနေရာမှ ချက်ချင်း လွတ်ပေးရသည်။ 

ကုစီ၊ ကုံရာ၊ ဖီဌ်ဘေရာ၊ ဝါအဆာ့ရ်၊ စသော ဘောလီဒေါ့ရာ အကွက်များကို ဉာဏ်နှင့်အားကို ဒွန်တွဲ အသုံးပြုကာ အချင်းချင်း အနိုင်လုကြသည်။ ဘောလီဒေါ့ရာ အကွက် ကို ဟောလ် (Hol) ဟုခေါ်သည်။ 

ဤသို့နပမ်းလုံးရာတွင် အများအားဖြင့် အဖမ်းသမားသည် အသာစီးရသည်ဟု ထင်စရာရှိသော်လည်း၊ ကျွမ်းကျင်ပါးနပ်သော ဘောလီနှင့်တွေ့သောအခါ သူသည် အခံ အလှည့်ဖြစ်သည့်တိုင် အနိုင်ရသည်ထိ ကစားနိုင်သည်ကို တွေ့ရှိရသည်။ 


❄ အနိုင်အရှုံး သတ်မှတ်ပုံ 


(က) ပြိုင်ဘက် ဘောလီ၏ နောက်ကျောကို မြေနှင့် မထိနိုင်သရွေ့ အနိုင်ရရှိမည် မဟုတ်ပါ။ 

(ခ) ပြိုင်ဘက်ဘောလီက လက်မြှောက် အနိုင်ပေးလျှင်လည်း အနိုင်ရရှိနိုင်သည်။ 

(ဂ) ၀ပ်ပြီးမှ အားလွန်ပြီးလက်ပြုတ်၍ မြေကြီးသို့ လက်ထောက်ခဲ့လျှင် ၎င်းသူ ရှုံးသည်။ သို့သော် အချို့ အနေအထားတွင် လက်ထောက်ခွင့်ရှိသည်။ 

(ဃ) ဖက်လုံးချိတ်လိမ်ရင်း မြေသို့ပြိုင်တူ ဘေးချင်းယှဉ်၍ ကျခဲ့လျှင် အလျင်ထနိုင်သူနိုင်သည် နိုင်သည်။



❄ ဒုခ်ျကျသည့် အချက်များ 

----------------------------
ဒုခ်ျဟူသည်ကား အပြစ်ကို ဆိုလိုသည်။ အနီးကပ်ချိတ်လိမ် ဖက်လုံးရာ၌ တစ်ဦးနှင့်တစ်ဦး အနာတရ မဖြစ်အောင်၊ ထိခိုက်မှုမရှိအောင် သင့်တော်သော စည်းကမ်းချက်များကို သတ်မှတ် လိုက်နာကြရသည်ဖြစ်ရာ အလိုအလျောက် အားဖြင့် စည်းကမ်းသေ၀ပ်မှုရရှိနိုင်သော အားကစားနည်း တစ်မျိုးလည်း ဖြစ်ပါသည်။
၎င်းအပြင် ဘောလီများသည် တစ်ယောက်နှင့်တစ်ယောက် ချိတ်လိမ်ဖက်လုံးကစားရာ၌ အနာတရ မဖြစ်ရလေအောင် စည်းကမ်းချက်များ သတ်မှတ်ထားသည်။ ယင်းတို့အနက် တချို့မှာ 

၁။ လက်သီးနှင့် မထိုးရ၊ ခြေနှင့်မကန်ရ
၂။ ကိုက်ခြင်း၊ ကုပ်ခြင်းမျိုး မပြုရ၊ 
၃။ မြေတွင် လက်မထောက်ရ
၎။ ဆံပင်၊ နားရွက်၊ လက်ချောင်းတစ်ချောင်းစီ မဆွဲရ
၅။ သဲနှင့်ရော၍ မကိုင်ရ၊ မပွတ်ရ
၆။ လက်သည်းနှင့် မဖျစ်ညှစ်ရ 
စသည့် အပြစ်ကျလျှင် ဒိုင်လူကြီး၏ သတိပေးချက်ကို ခံရမည်။ အကြိမ်ကြိမ် အပြစ်ဒေါသပြုနေလျှင် ပြိုင်ပွဲမှ ထုတ်ပေးနိုင်သည့် ပြစ်ဒဏ်ကို ခံရနိုင်ချေရှိသည်။ 


❄ ဆုတံဆိပ် ချီးမြှင့်သည့်စနစ် ❄


 ဘောလီကားလားပြိုင်ပွဲတွင် အဆင့်အလိုက်ကို ရွှေတံဆိပ်၊ ငွေတံဆိပ် နှင့် ကြေးတံဆိပ် အသီးသီး ချီးမြှင့်သည့်အပြင် ဆုတော်ငွေ အသပြာ၊ လယ်မြေ၊ ခိုင်းကျွဲနွား အသီးသီးကိုလည်း သတ်မှတ်ထားသည့် အတိုင်း ချီးမြှင့်လေ့ရှိသည်။  ပထမအဆင့်ကို ရွှေကျပ်သား ချီးမြင့်မြဲဖြစ်သည်။  အဆင့်အသီးသီးတွင်  ပထမဆု၊ ဒုတိယဆု၊ တတိယဆု အသီးသီး ရွေးချယ်ချီးမြှင့်သည်။ ဘောလီတို့သည် ပွဲကျင်းပရေးအဖွဲ့က ချီးမြှင့်သည့် ဆုတော်အပြင် မိမိကျေးရွာမှလည်းကောင်း ပွဲကြည့်ရန်ရောက်လာသော ပရိသတ်မှ လည်းကောင်း ဆုတော်များကို ရရှိကြသည်။ ဆုတော် ရွှေငွေပမာဏကို ပွဲကျင်းပရေးအဖွဲ့မှ ကြိုတင် ဆုံးဖြတ်ကာ ကြော်ငြာပေးရသည်။ 


❄ ထင်ပေါ်ကျော်ကြားသော ရိုဘောလီများ ❄



၁။ ဖော်တေအာလီ ဘောလီ (ကြိမ်ချောင်း)
၂။ မာဇုက်ဘော်လီ (ဖေရင်ဖူရူ/မင်္ဂလာကြီး)
၃။ နဒ္ဒိဟူဆောင်း ဘောလီ (ဖော်ခါလီ)
၎။ မာလာဒိုဘော်လီ (ငါးခူးရ)
၅။ ဟာဘီရောင့် ဘောလီ (ငါးစကြူး)
၆။ အော်ဆီရောန် ဘောလီ (ကာဓီရ်ဘီလ်)
၇။ ဟောဒူးဘောလီ (ညောင်ချောင်း)
၈။ ဟာကိမ်ဘောလီ (ဇင်ပိုင်ညာ)
၉။ ဝါဒုလောက်ဘောလီ (ဦးရှည့်ကျ)
၁၀။ ရှူနာအာလီ ဘောလီ (အလယ်သံကျော်)
၁၁။ မာတ်ဟူဆိန်းဘောလီ (အလယ်သံကျော်)
၁၂။ ဟာလူဘောလီ (စစ်တွေ)
၁၃။ ရှော်ရီဖ်ဘောလီ (ရာမ်ဘာဘီလ်)
၁၄။ ဒိလ်ဒါရ်ဘောလီ (တာမီ)
၁၅။ ဘာယောင်ဘောလီ (ဘူးသီးတောင်၊ ရပ်ကွက် ၁)
၁၆။ ရှော့ပ်ဗီရ်ဘောလီ (ခမောက်ဆိပ်)
၁၇။ ရှားလောမ်ဘောလီ (ဘူးသီးတောင်)
၁၈။ ဒေါ်လ္လာဘောလီ (ကွန်တိုင်)
၁၉။ အဒွလ်ကုရ် (ပန်းတော့ပြင်)

ထို့ကြောင့် တိမ်းပါးကွယ်လုနီးပါးဖြစ်နေသော ရိုဟင်ဂျာ ရိုးရာ အားကစားနည်းများကို ထိန်းသိမ်းစောင့်ရှောက်ကာ အမျိုးသားရေး တာဝန်ကို ကျေပွန်ကြပါစို့…။  
🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓

မှတ်ချက်။          ။ ဘောလီကားလား ဆောင်းပါးကို ရေးသားရာတွင် မြန်မာစာ အသုံးအနှုန်းကို မလွဲမချောရအောင် အောက်ပါ ကိုးကားချက်များကို မှီငြင်း ရေးသားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဘောလီကားလား အတွေ့အကြုံရှိသော သက်ကြီးပုဂ္ဂိုလ်များ၊ ကျွမ်းကျင်သူများကို လက်လှမ်းမီသလောက် ဆွေးနွေး၍ တိကျမှန်ကန်သော ရှေး ရိုဟင်ဂျာ ရိုးရာ ဘောလီကားလား ကစားနည်းကို ဖော်ထုတ်နိုင်အောင် ကြိုးစားခဲ့ခြင်းဖြစ်သည်။

ဤဆောင်းပါးရေးသားခဲ့ရာတွင် တစ်စုံတစ်ရာ လွဲမှားမှုများရှိပါက ကျနော် စာရေးသူ၏ အမှားသာဖြစ်သည်။ ဘောလီကားလားနှင့် ပတ်သတ် ၍ အသင်တို့၏ အသိဗဟုသုတကိုလည်း မျှဝေကြပါ။ ရိုဟင်ဂျာရိုးရာ ဓလေ့ထုံးစံ နှင့် ပတ်သတ်၍ တစ်စုံတစ်ရာ သိရှိပါက ဤ web page နှင့် ဆက်သွယ်၍ မျှဝေပါရန် အထူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ 

ရည်ညွှန်းချက်
၁။ အီလီယာစ် FB
၂။ ၁၉၇၉ ခုနှစ် ပြည်ထောင်စုနေ့တွင် ရခိုင်ပြည်နယ်မှ တင်ဆက်သော “ကျင်”ကကွက်စာတမ်း









Tuesday, November 6, 2018

သူယုတ်ဓားအောက်က ရိုပန်းပွင့်ကလေး (၁)

ပုံ Information comittee FB page မှ 17. 11. 2016 နေ့ ဟန်ပြအင်တာဗျူး


ပုံပါ အင်တာဗျူး နေသည့် သူငယ်သည် မည်သည့် အဖွဲ့အစည်း၏ အကြီးအကဲမဟုတ်ပါ။ တက်ကြွ လှုပ်ရှားသူလဲ မဟုတ်။ နိုင်ငံရေးသမားလည်း မဟုတ်ပါ။ ဟန်ပြအင်တာဗျူးလုပ်နေသော သူလေးကား ကံကျားကွက်ကျ၍ ပူးပေါင်းတပ်ရဲ့ ကျော့ကွင်းမိသည့်  ဘောလီဘာဇား (ကြိမ်ချောင်း) ရွာသား ကွမ်းယာဆိုင်သည် နိုရုလ်အာမိန် (ဘ) အဒူလ်အာလီ ပင်ဖြစ်သည်။ အသက် (၁၆) နှစ်သားခန့် အရွယ်ရှိသော ဤ ဆယ်ကျော်သက်သည် မိသားစု စီးပွားရေး မပြေလည်မှုကြောင့် ကျောင်းမနေနိုင်ခဲ့ချေ။ သူ့အဖေ အဒူလ်အာလီမှာ ဘော်လီဈေး၌ ဝန်တင်ဝန်ချ အလုပ်ဖြင့် အသက်မွေးရ၍ သားမှာ ဘုန်းကြီးကျောင်း ခြံဝင်းထောင့်တွင် ကွမ်းယာဆိုင်ငယ်နှင့် မိဘကို ပံ့ပိုးခဲ့ရ၏။ 

၂၀၁၆ ခု၊ နိုဝင်ဘာလ (၁၂) ရက်နေ့ ညနေ (၄) နာရီခန့်တွင် လောင်းဒုံကျေးရွာအုပ်စု၊ ကြိုက်ချောင်းရွာရှိ သင်္ချိုင်း အရှေ့ဘက် ကားလမ်းပေါ်တွင် ကြိမ်ချောင်းသို့ သွားနေသည့် စစ်ကားတစ်စီးမှ နောက်ဘီးတစ်လုံး အလိုအလျောက် ပေါက်သွားခဲ့ပြီးနောက် စစ်သားများက  တစ်နာရီကျော်ကျော် ခြောက်လှန့် သေနတ် ပစ်ခတ်ခဲ့သည်။ ထိုသို့ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အနီးရှိ လောင်းဒုံးကျေးရွာအုပ်စု ကြိုက်ချောင်း၊ ဖော်ကီတောင်ရွာနှင့် ကြိမ်ချောင်းကျေးရွာအုပ်စု အလယ်ရွာတို့မှ ရွာသူရွာသားများ အထိတ်တလန့် ဖြစ်ကြပြီး ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြသည်။  ညနေ (၅) နာရီခွဲခန့်တွင် သေနတ် ပစ်ခတ်မှု ရပ်တန့်သွားသည်။ 

နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ကြိမ်ချောင်းကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၂၄) နှင့် ရဲစခန်းသို့ ခမောင်းဆိပ် တပ်ရင်း၊ တောင်ပြိုတပ်ရင်းမှ  စစ်သားများ ရောက်ရှိလာခြင်း၊ မောင်တော တောင်ပိုင်းရှိ မောရဝတီတပ်ရင်းမှ လက်နက်ကြီးငယ်များကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်လာခြင်း စသော အစိုးရ စစ်တပ်သားများ၏ ထူးခြားသော လှုပ်ရှားမှုများကို အနီးအနားရှိ ရွာသားရွာသားများ မြင်ပြီးနောက် ယင်းနေ့ ညနေ၌ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

အလားတူ ကြိမ်ချောင်းမှ ရွာသူ/သားများသည်လည်း တောင်ရွာနှင့် ပြူးမချောင်း၏ တစ်ဖက်ကမ်းရှိ မြို့မိချောင်းရွာသို့ တိမ်းရှောင်ခဲ့သည်။ ယင်းနေ့ ညနေ (၅) နာရီခွဲခန့်တွင် စစ်သားများသည် ကြိမ်ချောင်း စခန်းမှ ရုတ်တရက် ထွက်လာပြီး သေနတ်များ အဆက်မပြတ် ပစ်ဖောက်ခဲ့သဖြင့်   ရွာသူရွာသားများမှာ ပိုမို အထိတ်တလန့် ဖြစ်ကြခဲ့ပြီး ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ယင်းနေ့ ညပိုင်းတွင် ကြိမ်ချောင်းကျေးရွာ၌ မည်သည့် ဆူပူမှုများ မဖြစ်ခဲ့ချေ။  

နိုဝင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ကြိမ်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ရွာသားများကို ရွာထဲပြန်ဝင်လာရန် စိုးရိမ်စရာမရှိကြောင်း နှိုးဆော်ခဲ့ရာ ထွက်ပြေး တိမ်းရှောင်ခဲ့သည့်  ရွာသူ/သားများသည် မိမိတို့၏ နေရပ်သို့ ပြန်လာခဲ့ကြသည်။ 

ယင်းနေ့ နံနက်ပိုင်းတွင် ကြိမ်ချောင်းစခန်းမှ စစ်သားများသည် လောင်းဒုံ၊ မျာဇင်ရွာသို့ စီးနင်းဝင်ပြီး အပြစ်မဲ့ ဒေသခံ (၁၅) ဦးကို ဖမ်းဆီးခဲ့သည်။ ထိုထဲတွင် လောင်းဒုံ မျာဇင်မှ (၇) ဦး၊ ဖော်ကီတောင်မှ (၂) ဦး၊ ကြိုက်ချောင်းမှ (၁)ဦး ဖြစ်ပြီး ကျန် (၃) ဦးမှာ ၎င်းရွာတွင် တိမ်းရှောင် နေသည့် ကြိမ်ချောင်းရွာသားများ အလယ်ရွာမှ ဦးဘော်ရှိရ်၊ (အသက် ၅၂)နှစ် နှင့် မြောက်ရွာမှ လူငယ် (၂) ဦး၊ လမ်းတဝက်တွင် တွေ့ရှိသည့် ကြိမ်ချောင်း အလယ်ရွာမှ ဦးနူရ်အာလောမ် (အသက် ၅၆ ) နှစ်တို့ ဖြစ်ကြသည်။

ထို  ဗရမ်းဗတာ အပြစ်မဲ့ဖမ်းဆီးခံခဲ့ရသူ ကြိမ်ချောင်း မြောက်ရွာသား နှစ်ဦးထဲမှာ တစ်ဦးက  အဘိုးအိမ်၌ တိမ်းရှောင်နေသည့် ဆယ်ကျော်သက်  ကွမ်းယာဆိုင်သည် နိုရုလ်အာမိန် ပင်ဖြစ်သည်။ မျှဇင်ရွာနေ သူ့ဦးလေး အရင်း (၂)ဦးနှင့်အတူ မတရား ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ 

တစ်ပတ်အကြာတွင် ထွက်ပေါ်လာသော ဟန်ပြအင်တာဗျူးလုပ်သည့် ရုပ်သံဖိုင်မှာ သူ့ ဘုမသိဘမသိ သက်သေထွက်ဆိုခိုင်းသည်ကို တွေ့ရ၍ ဖခင်ဖြစ်သူမှာ သား အသက်ရှင်လျက်ရှိနေသေးသည်ကို သိ၍ သေးဆုံးသွားသည့် သား ပြန်အသက်ရှင်လာသည့်ပမာ ဝမ်းသာမဆုံးဖြစ်ခဲ့သည်။ 

ထို့နောက် သားနှင့်တွေ့ရန် အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း အချည်းနှီး ဖြစ်ခဲ့သည်။ မည်သည့်တရားရင်ဆိုင်ခွင့်မှ မရခဲ့ချေ။  မရှိသည့်ကြားက ငွေသာအဆုံးခံခဲ့ရသည်။ 

လာမယ့် နိုဝင်ဘာ (၁၄) ရက်ရောက်လျှင် (၂)နှစ် ပြည့်သွားမည်။ “မိမိတို့ဘဝက ပျက်စီးသွားလေပြီ။ ကျုပ်မသေမီ သားကို တစ်ကြိမ်မျှလောက် ဖက်နိုင်ခဲ့လျှင် စိတ်အေးကျေနပ်ပါလိမ့်မည်။” ဟု အဖေဖြစ်သူ အဗ္ဗဒူလ်အာလီက တညည်းတညူ ပြောခဲ့သည်။ "တို့ ရိုဟင်ဂျာ သားသမီးတွေကို ကယ်တော်မူပါ” ဟု  အလ္လာဟ်သျှင်မြတ်တော်ထံ အသနားခံရင်း မျက်ရည်လည်ရွဲခဲ့သည်။ သူတို့အမိအဖသည် ကျန်ရှိနေသမျှကို မျက်ရည်ချောင်းကျ ဖြတ်သန်းနေလေသည်။ 

၂၀၁၂ မှ စ၍ ဤသို့ အပြစ်မဲ့ ရာနှင့်ချီသော ရိုဟင်ဂျာ ဆယ်ကျော်သက်များကို ထောင်၌ ထိန်းသိမ်း ချုပ်နှောင်ထားလျက်ရှိသည်။ အဘယ်မျှလောက် သေကြေပျက်စီးရှင်းလင်းပစ်သည်ကိုမူ ပြောရန် ခက်ခဲလှသည်။ ပွင်းလင်းမြင်သာမူနဲ့ တရားစီရင် မဏ္ဍပ်ကို လူယုတ်တွေက စိုးမိုးလို့သာတည်း။ 
✂✂✂✂✂✂✂✂✂✂✂✂✂✂✂✂✂✂✂✂✂

http://burmese.rohingyablogger.com/2016/11/blog-post_53.html?m=1

Massenger တဆင့် ပို့ထားသော စာမူ