Thursday, October 17, 2019

ရိုဟင်ဂျာ ယဉ်ကျေးမှုအမွေအနှစ်ကို ဖော်ထုတ်ခဲ့သူ

Abdul Karim Sahitya-Visharad

ယဉ်ကျေးမှု အမွေအနှစ်ကို ဖော်ထုတ်ခဲ့သူ အဗ္ဗဒုလ်ကောရီမ် သဟိသျ ဝိဿရ  (၁၈၇၂-၁၉၅၃)


ရေးသား 📚 လူထုဝဏ္ဏ|


အောက်တိုဘာလ (၁၁) ရက်နေ့သည် သမိုင်းသုတေသီ အဗ္ဗဒုလ်ကောရီမ်၏ ၁၄၈ ကြိမ်မြောက်  မွေးနေ့ဖြစ်သည်။ အဗ္ဗဒုလ်ကောရီမ် သဟိတျ ဝိဿရ (Abdul Karim Sahitya-Visharad) သည် ဘင်္ဂလီ စာပေသမိုင်း သုတေသီ၊ ရှေးစာပေများ စုဆောင်းသူ၊ ရှေးဘင်္ဂါလီ စာမူများ ဘာသာပြန်သူ တစ်ဦးအဖြစ် ကျော်ကြားခဲ့သည်။ 

သူသည် စစ်တကောင်းခရိုင် ပဌီယာမြို့အနီး ရွာငယ်တစ်ခုဖြစ်သော စုရှကြာဒန္ဒီ (Suchakradandi) ကျေးရွာ၌ ၁၈၇၁ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ဆရာကြီးသည် အင်ထရင့်စာမေးပွဲကို ၁၈၉၃ ခုနှစ်တွင် ပဌီယာ အထက်တန်းကျောင်းမှ အောင်ခဲ့သည်။  ကျောင်းဆရာအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တကောင်းပြည်နယ် ပညာရေးကော်မရှင် အဖွဲ့တွင် ဝင်ရောက်အမှူးထမ်းရာ ပြည်နယ်ကျောင်း စစ်ဆေးရေးမှူး ဖြစ်လာခဲ့သည်။ ၁၉၃၄ ခုတွင် အလုပ်မှ  အငြိမ်းစားယူကာ စာပေဆောင်းပါးများကို ပိုမိုရေးသားလာခဲ့သည်။  သူ၏ ရေးသားချက်များကို စာပေပညာရှင်များက အာရုံစိုက်လာခဲ့လေသည်။ 

ဆရာကြီး စုဆောင်းခဲ့သော ဖူတိကဗျာလင်္ကာ အများစုတွင် မွတ်စလင်စာဆိုများ၏ လက်ရာများပါဝင်နေ သည်။ ယနေ့ ထိုစာမူများကို ဒါကာတက္ကသိုလ် စာကြည့်တိုက်၌ ထိန်းသိမ်းထားသည်။ ဟိန္ဒူစာဆိုတို့၏ စာမူလက်ရာများကိုမူ ရဇ်ရှားဟီးမြို့ရှိ ဝရုန္ဒြာ သုတေသန ပြတိုက် (Varendra Research Museum, Rajshahi) ၌ ထိန်းသိမ်းထားလေ့ရှိသည်။ ဒါကာတက္ကသိုလ် ဘင်္ဂလားစာဌာနက ထိန်းသိမ်း စောင့်ရှောက်ထားသော ရှေးစာမူဟောင်းများကို ဖူတိ ပရိသျှိတိ ( Puthi Parichiti ) အမည်ဖြင့် စာရင်းပြုစုကာ ပုံနှိပ်ထုတ်ဝေခဲ့သည်။ 

သူ၏လက်ရာအားလုံးလိုလိုသည် စာပေ ပညာရပ်ဆိုင်ရာ လုပ်ငန်းများ ဖြစ်ပေသည်။ သူစုဆောင်းခဲ့သော မွတ်စလင် စာဆိုများ၏ ရှေးဖူတိ စာမူများသည် အလယ်ခေတ်တွင် မွတ်စလင် စာဆိုများသည် ဘင်္ဂလားစာပေ တိုးတက်ရေး၌ အလွန်အရေးပါးခဲ့ကြောင်း အခိုင်အမာ ထောက်ပြနေသည်။ ဒိုလတ်ကာဇီ၊ အာလာဝါလ်၊ ဆယောဒ်ဆုလ်တန်၊ မိုဟမ္မဒ်ခါန် စသော စာဆိုများသည် ထိုခေတ်က ထင်ရှားသော စာဆိုများဖြစ်ကြသည်။ အဗ္ဗဒုလ်ကောရီမ်သည် ယခင်က လူတို့မသိခဲ့သော မွတ်စလင် စာဆိုကျော် တစ်ရာကိုလည်း ဖော်ထုတ်ပေးခဲ့သည်။ သူ၏ အဖိုးမဖြတ်နိုင်သော လုပ်ဆောင်ချက်ကြောင့် Nadia Sahitya Sabha (Literary Association of Nadia) က ဆရာကြီးကို Sahitya Sagar (စာပေသမုဒ္ဒရာ) ဘွဲ့အမည်ဖြင့် ဂုဏ်ပြုခဲ့သည်။ Chattal Dharmamandali က ဆရာကြီးအား Sahitya Visharad ဘွဲ့တံဆိပ်ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ 

အဗ္ဗဒုလ်ကောရီမ်သည် ရှေးဘင်္ဂလီစာပေကို စုဆောင်းဖော်ထုတ်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ သူသည် ဖူတိလင်္ကာ (Puthi) ပေါင်း (၂၀၀၀) ကျော်ကို ရှာဖွေစုဆောင်းပြီး မပျက်စီး မဆုံးရှုံးအောင် ကာကွယ်နိုင်ခဲ့ သည်။ ထိုထဲမှ ဖူတိလင်္ကာ တစ်ထောင်ကျော်ကို မွတ်စလင်စာဆိုများက ရေးသားခဲ့ခြင်းဖြစ်သည်။ မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်တို့ကမှ ဤမျှလောက် ဖူတိတို့ကို စုဆောင်းနိုင်ခြင်း မရှိခဲ့ချေ။ စစ်တကောင်းပြည်နယ်၏ နေရာအနံ့မှ ရာပေါင်းများစွာသော ရှေးဖူတိလင်္ကာတို့ကို အပတ်တကုတ် ရှာဖွေစုဆောင်းနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုထိုက်လှပေသည်။ သူသည် အာရ်ကာန်ပြည်တွင် ခိုလှုံခဲ့သော ဘင်္ဂလီ စာဆိုများ၏ စာမူလက်ရာများကိုလည်း စုဆောင်းခဲ့သည်။ 

အရှေ့တောင်အာရှတွင် ခေတ်မီအတွေးအခေါ်များ မတိုးတက်မီအချိန်၌ ဖူတိလင်္ကာသည် ဖျော်ဖြေမှုအတွက် အဓိက ကဏ္ဍအဖြစ် ပါဝင်ခဲ့သည်။ ထိုဖူတိတို့တွင် ထုံးစံအတိုင်း အာရပ်ကျွန်းဆွယ်၏ ဖြစ်စဉ်မှတ်တမ်း သို့မဟုတ် ဘာသာရေး ဆင့်ပြန်ချက်များ ပါဝင်ခဲ့သည်။ ယင်းတို့သည် မိမိတို့ ယဉ်ကျေးမှုကို အခြေခံခဲ့ခြင်း မဟုတ်ပေ။ ယင်းဖူတိဇာတ်လမ်းများသည် ခရီးသည်များနှင့် ကုန်သည်များမှတဆင့် ဘင်္ဂလားပြည်သို့ ရောက်လာသည်ဟု ယူဆရသည်။ ဖူတိဇာတ်လမ်းများသည် စစ်ပွဲများ တိုက်ခြင်းမှ တဆင့်လည်း ရောက်ရှိလာကြသည်ဟု ပညာရှင်များက ယူဆကြသည်။  

ဘာသာရေး တန်ဖိုးထားမှုကြောင့် ထိုဇတ်လမ်းများသည် မိမိတို့ ပိုင် တစိတ်တဒေသ ဖြစ်လာခဲ့သည်။ ဖူတိလင်္ကာ ရွတ်ဆိုခြင်းဓလေ့သည် ခေတ်အတန်မျှ ထွန်းကားခဲ့သော်လည်း ၂၀ ရာစု အစတွင် တဖြေးဖြေး ဆုတ်ယုတ်သွားခဲ့သည်။ ဖူတိလင်္ကာရွတ်ဆိုခြင်းသည် ရိုဟင်ဂျာ ကျေးလက်ဒေသများတွင် ယနေ့တိုင်တွေ့ရှိရသော ရိုဟင်ဂျာလူမျိုးတို့၏ ဓလေ့ထုံးစံ တစ်မျိုးဖြစ်သည်။ 

ဒေါက်တာ ဆူနတီ ဘူးချာန် ကူနင်ဂို ၏ ဖော်ပြချက်အရ ဖူတီသည် သက္ကတဘာသာစကား “ပုစသကာ” မှ  “ပိုဌာ” မှ “ပူတီ” ဖြစ်လာသည်။  အဓိပ္ပာယ်မှာ ကျမ်း၊ စာအုပ်ဖြစ်တယ်။ ဖူတီလင်္ကာဆိုသည်မှာ ပြည်တွင်းပြည်ပ တိုင်းရင်းသား လူမျိုးစုတို့၏ ထင်ရှားသော အဖြစ်အပျက် ဇာတ်လမ်းများကို ဖွဲ့ဆိုသည့် လင်္ကာအဖွဲ့တစ်မျိုးဖြစ်သည်။ အလယ်ခေတ် စစ်တကောင်း စာဆိုပညာရှိတို့၏ ဖူတီလင်္ကာဖွဲ့ဆိုမှုသည်  အထူး ခေတ်စားခဲ့သည်။ ရာပေါင်းများစွာသော  ဖူတိလင်္ကာတို့ကို စစ်တကောင်းကျေးလက်ဒေသမှ ဖော်ထုတ်ခဲ့သည်။ အချို့မှာ ပျက်စီးခံခဲ့ရပြီး  အမည်မသိရသေးသော ရှေးစာဆိုတို့၏ ဖူတီများလည်း အများအပြားရှိသေးသည်။ 

 မုံရှီး အဗ္ဗဒုလ်ကော်ရိမ် သဟိတျာ ဝိဿရ ၏ တသက်တာ ကြိုးပမ်းမှုကြောင့် စစ်တကောင်းတခွင်မှ ဖူတီများကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။  အဗ္ဗဒုလ်ကော်ရိမ် သဟိတျ ဝိဿရသည် သူ့ဘဝ တသက်တာတွင် ဖူတိ လင်္ကာ စုဆောင်းရင်း ရိုဟင်ဂျာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံကိုလည်း ဖော်ထုတ်ရန် အစွမ်းကုန် အားထုတ်ခဲ့သည်။ “ဖူတိလင်္ကာသည် လူမျိုးတစ်စုကို ကိုယ်စားပြုသည့် ကြည်လင်သော ပုံရိပ်လွှာ တစ်ခု ဖြစ်သည်” ဟု ဆရာကြီးက ဆိုခဲ့ဖူးသည်။ 

ဆရာကြီးနှင့် ဒေါက်တာ မိုဟာမ္မဒ် အေနာမုလ်ဟောက် တို့ ပူးတွဲ၍ Arakan Rajsabhaya Bangala Sahitya အမည်ဖြင့် စာအုပ်တစ်အုပ် ရေးသား ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် သူ့စာမူများစာရင်းနှင့် ရိုဟင်ဂျာလူမျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးစံကို ဆွေးနွေးတင်ပြခဲ့သည်။ ထိုစာဆိုများသည် အာရ်ကာန်ဘုရင့် နန်းတော်တွင် ခစားခဲ့သဖြင့် ဆရာကြီး၏ စာအုပ်ကို အာရ်ကာန် နန်းတွင်း ဘင်္ဂါလီစာပေ ( Bengali literature in Arakanese Court ) ဟု ခေါင်းစဉ်တပ်ခဲ့ခြင်းဖြစ်သည်။ 

ဆရာကြီး စုဆောင်းထားခဲ့သော ဒိုလတ်ကာဇီ (Daulat Qazi) ၊ အာလာဝါလ် (Alaol)၊ မရဓံ (Mardan)၊ ကူရိုက်ရှီ မဂံ (Qurashi Magan)၊ အဗ္ဗဒုလ်ကော်ရိမ် ကောန်ဒိုကာရ် (Abdul Karim Khondkar) နှင့် အခြားအာရ်ကာန် နန်းတွင်း စာဆိုများ၏ စာမူလက်ရာများအရ အာရ်ကာန်ပြည် မွတ်စလင်များသည် တိုင်းပြည် လူမှုအသိုင်းအဝိုင်းနှင့် နန်းတွင်း အပေါ် အဘယ်အတိုင်းအတာအထိ လွှမ်းမိုးခဲ့သည်ကို လေ့လာသိရှိနိုင်သည်။ သူတို့သည် နန်းတွင်း အမြင့်ဆုံးရာထူးနှင့် ဝန်ကြီးအမတ်၊ အတွင်းဝန်နေရာများတွင် ခစားခံခဲ့ရသည်။  ၁၆ ရာစုမှ ၁၇ ရာစုအတွင်း အာရ်ကာန်ပြည်၌ မွတ်စလင် မင်းမှူးထမ်း အနည်းဆုံး မဟာအဂ္ဂဝန်ချုပ် သုံးဦး၊ သေနာပတိ သုံးဦး၊ အခြား ဝန်ကြီးမှူးမတ်များ၊ စစ်သည်တော်ချုပ်များ၊ တရားသူကြီးများ၊ ပဏ္ဍိတရသေ့များ၊ ဘာသာရေး ဆရာများ နန်းတွင်းခစားခဲ့သည်ကို ဖော်ပြရာမှာ ဂုဏ်ယူစရာဖြစ်ပေသည်။ 

သူတို့သည် အာရ်ကာန်ပြည်နှင့် ဘုရင့်နန်းတော်၌ အကြီးအကျယ်လွှမ်းမိုးခဲ့သည်။ အာရ်ကာန် ဘုရင် မင်းမြတ်တို့ကလည်း သူတို့ကို အတိ ယုံကြည်စိတ်ချကြသည်။ အကြီးတန်းစား ဝန်ကြီးမှူးမတ်များက မွတ်စလင် ပညာတတ်၊ စာဆိုပညာရှိ  စာရေးဆရာတို့ကို ပျုငှာစွာ ဆက်ဆံခဲ့သည်။ အမျိုးမျိုး ချီးမြှင့်ခဲ့သည်။ အဆိုပါစာဆိုများသည် ဘင်္ဂလီအရေးအသားနှင့် ကဗျာလင်္ကာများ ဖွဲ့ဆိုခဲ့သည်။ သူတို့၏ လက်ရာ အတော်အတန်ကိုလည်း ယနေ့ ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ ထိုစာဆိုများထဲတွင် သေနာပတိချုပ် ဘုရ်ဟနုဒ္ဒိန်း (Defense Minister)၊  သေနာပတိချုပ် အရှရဖ်ခါန်၊  သေနာပတိချုပ် ဘာရာ တဂိုး၊ ဝန်ကြီးချုပ် မဂံတဂိုး၊ ဝန်ကြီးချုပ် ဆယိဒ်မူဆား၊ ဝန်ကြီးချုပ် နဝရာဇ် မူဂျလိစ်၊  ဝန်ကြီး ဆယိဒ် မိုဟာမ္မဒ် ၊ ကာဇီဒိုလတ်၊  ကာဇီ ဆယိဒ် စအုဒ်ရှားနှင့် ပီရ် မာဆုမ်ရှားတို့သည် နန်းတွင်း ရာထူးကြီးများတွင် ခစားခံခဲ့ရလေသည်။ 

သူတို့၏ အမည်နာမ အချက်အလက်တို့သည် ထိုစာဆိုတို့၏ အရေးအသားမှတဆင့် သိရှိရခြင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင် လက်အောက် ရာထူးဌာနများတွင်လည်း မွတ်စလင် ဝန်ထောက်များ၊ အမှူးထမ်းများ ရှိကောင်းရှိနိုင်သည်။ သူတို့၏ အမည်များကိုမူ မသိရခဲ့သေးချေ။ အကယ်၍ မွတ်စလင် အမြောက်အများ သည် ဝန်ထောက်ရာထူးများ၊ ကုန်သွယ်ရေးနှင့် အခြားလုပ်ငန်းများတွင် ပါဝင်သည်ရှိသော် သူတို့ နန်းတွင်း ညီလာခံ တက်ရောက်မည်ဖြစ်သည်။ ထို့ပြင် ရှေးစာဆိုတို့ကလည်း အထောက်အထား တစ်ခု မှတ်တမ်း တင်ထားခဲ့သည်က   “အာရ်ကာန် နန်းတွင်း ညီလာခံများတွင် မွတ်စလင် အများအပြား တက်ရောက်လေ့ ရှိခဲ့သည်” ဟု ဖြစ်သည်။  

ရှေးမွတ်စလင် အများအပြားသည် စစ်သည်တော်တွင်လည်း အမှူးထမ်းခဲ့သည်။ အထက်ပါ မွတ်စလင် စစ်သည်တော်များ အမှူးထမ်းခြင်း၏ အကြောင်းတရားကို သမိုင်းမှ အမှီပြုသော်  အေဒီ ၁၄၃၁ ခုတွင် ဘုရင်မင်းစောမွန် ခေါ် နရမိတ်လှ အား နန်းတင်ရာမှ ဖြစ်လာခြင်း တွေ့ရမည်ဖြစ်သည်။ ၁၆၃၅ ခုတွင် ဘုရင် သီရိသုဓမ္မ ဘိသိက်ပွဲခံတော်မူရာတွင်လည်း သေနာပတိချုပ်သည် မွတ်စလင် စစ်သည်တော် ၆၀၀ ကျော်နှင့် တက်ရောက်ခဲ့ကြောင်း ပေါ်တူဂီသား Fray Sebastine Manrique ၏ မှတ်တမ်းများအရ သိရှိရသည်။ အခြားတဖက်တွင်လည်း အခြားစစ်ဗိုလ်များက ကြီးကြပ်သည့် မွတ်စလင် စစ်သည်တော်များရှိခဲ့သည် ဟု ဆက်လက်ဖော်ပြထားသည်။  ဤအချက်များကို ထောက်ဆကြည့်လျှင် အာရ်ကာန်ပြည်တွင် မွတ်စလင် အမှူးထမ်း အများအပြားသည် ရာထူးအဆင့်ဆင့်နှင့် ရှိခဲ့ကြောင်း အတပ်ပြောနိုင်လိမ့်မည်။

အထက်ဖော်ပြခဲ့သော အဗ္ဗဒုလ်ကော်ရိမ် သဟိတျ ဝိဿ      ရ က စုဆောင်းခဲ့သော ရှေးစာဆိုတို့၏ စာမူလက်ရာများကြောင့် ကျွန်ုပ်တို့၏ ဘုန်းမီးထွန်းခဲ့သည့် အာတိတ်သမိုင်းကို ဖော်ထုတ်နိုင်ခဲ့သည့်အပြင် အာရ်ကာန်ပြည်၏ သမိုင်းမှန်ကိုလည်း  ထိန်းသိမ်းနိုင်ခဲ့လေသည်။ သို့မဟုတ်လျှင် ဤအဖိုးမဖြတ်နိုင်သော အမြူတေ အမွေအနှစ် အလုံးစုံသည် သမိုင်း၏ တိမ်ကွယ်နေသော အပိုင်းတွင် ကျန်ရှိနေလိမ့်မည်။ ဆရာကြီး၏ ကျေးဇူးကြောင့်သာ ကျွန်ုပ်တို့ ဘုန်းမီးထွန်းခဲ့သည့် ရာဇဝင်သမိုင်း၊ ထင်ရှားသော ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် ပို၍ ဂုဏ်ယူနိုင်ခြင်း ဖြစ်သည်။ သို့တည်းမဟုတ်လျှင် ကျွန်ုပ်တို့ သည် ယင်းအာရ်ကန် ရှေးစာဆိုတို့၏ လက်ရာစာမူတို့ အချိန်မီ ထိန်းသိမ်းနိုင်ခြင်း၊ အသိအမှတ်ပြုနိုင်ကြမည်ကား အတိခဲယဉ်းလှပေမည်။ ဆရာကြီးသည် ကျွန်ုပ်တို့ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် အမွေအနှစ်ကို ဖော်ထုတ်သူ ကျေးဇူးရှင်မှာ အမှန်ပင်ဖြစ်ပေသည်။ စင်စစ်သော်ကား ဆရာကြီး စုဆောင်းခဲ့သော ဖူတိလင်္ကာသည် ကျွန်ုပ်တို့၏ ဘုန်းကျက်သရေရှိခဲ့သော အာတိတ်၏ ကြည်လင်ပြတ်သားသော ပုံရိပ်တစ်ခုကို ကိုယ်စားပြုနေပေသတည်း။ 

************************
ကိုးကား- 

❇ (၁၄၈) ကြိမ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ်ရေးထားသော Abdul Karim Sahitya-Visharad the Discoverer of Our Culture and Heritages ” ဆောင်းပါး



No comments:

Post a Comment