ဖူတီးစာပေနှင့် ဖူတီးရွတ်ပွဲ
|ရေးသား- လူထုဝဏ္ဏ|
ဖူတီးရွတ်တယ် ဆိုတာ ယနေ့ခေတ်လူငယ်တို့ ကြားတော့ကြားဖူးမှာပါ။ ဒါပေမဲ့ ယနေ့ခေတ်မှာ ပျောက်ကွယ်လုနီးဖြစ်တာမို့ မြင်ဖို့တော့ ခက်ခဲပါတယ်။ ဒါနဲ့ မျိုးဆက်သစ်လူငယ်တွေ ဗဟုသုတရအောင် ဖူတီးစာပေနဲ့ ဖူတီးရွတ်ပွဲအကြောင်း နဲနဲ ရှင်းပြလိုပါတယ်။
ဖူတီးသည် ပူတိမှ ဆင်းသက်လာသည်။ ဒေါက်တာ ဆူနတီဘူးချာန် ကူနင်ဂို ၏ ဖော်ပြချက်အရ ပူတိသည် သက္ကတဘာသာစကား “ပုစသကာ” မှ “ပိုဌာ” မှ “ပူတီ” ဖြစ်လာသည်။ အဓိပ္ပာယ်မှာ ကျမ်း၊ စာအုပ်ဖြစ်သည်။ ဖူတီးလင်္ကာဆိုသည်မှာ ပြည်တွင်းပြည်ပ တိုင်းရင်းသား လူမျိုးစုတို့၏ ထင်ရှားသော အဖြစ်အပျက် ဇာတ်လမ်းများကို ဖွဲ့ဆိုသည့် လင်္ကာအဖွဲ့တစ်မျိုးဖြစ်သည်။ စာဆိုတို့က ပုံပြင်ဇာတ်လမ်းများ၊ ဝတ္ထုများ၊ ဘာသာရေးသမိုင်းနောက်ခံဇာတ်လမ်းများ၊ ရာဇဝင်များကို ဖူတီးကဗျာပုံစံနဲ့စီကုံးဖွဲ့နွဲ့လေ့ရှိခဲ့သည်။ ဖူတီးကဗျာများသည် အာရ်ကန်ပြည်သာမက အိန္ဒိယ၊ ဘင်္ဂလား စသော အာရှတိုက်တစ်ဝိုက်တွင် တွေ့ရှိရပါသည်။ ဤဖူတီးလင်္ကာရေးပုံရေးနည်းက ပါရှန်မှ အမွေရလာသည်ဟု စာပေပညာရှင်တို့က ဆိုကြသည်။ စာပေကြွယ်ဝသည့် ပါရှန်တို့၏ စာပေများကို သက်ဆိုင်ရာ ဘာသာစကားသို့ ပြန်ဆိုရာတွင် ဤအရေးအသားပုံစံတစ်မျိုးသည်လည်း တစ်ပြိုင်တည်း ပေါ်ပေါက်လာသည်ဟု အချို့က ယူဆကြသည်။ အစောဆုံးဟု ယူဆရသော ဖူတီးများသည် သားရေ၊ သစ်သား၊ ပေရွက်၊ ပုရပိုက်များမှာ ရေးသားထားသည်ကို တွေ့ရှိရပါသည်။ ရှေးအလယ်ခေတ်လောက်မှာ အသုံးများခဲ့သည့် ကဗျာရှည်တစ်မျိုးဖြစ်ပါသည်။ အလယ်ခေတ် စစ်တကောင်း စာဆိုပညာရှိတို့၏ ဖူတီးလင်္ကာဖွဲ့ဆိုမှုသည် အထူးခေတ်စားခဲ့သည်။ ရာပေါင်းများစွာသော ဖူတီးလင်္ကာတို့ကို စစ်တကောင်း ကျေးလက်ဒေသမှ ဖော်ထုတ်ခဲ့သည်။ အချို့မှာ ပျက်စီးခံခဲ့ရပြီး အမည်မသိရသေးသော ရှေးစာဆိုတို့၏ ဖူတီးလည်း အများအပြားရှိသေးသည်။
ဖူတီးသုတေသီ မုံရှီး အဗ္ဗဒုလ်ကော်ရိမ် သဟိတျာ ဝိဿရ ၏ တသက်တာ ကြိုးပမ်းမှုကြောင့် စစ်တကောင်းတခွင်မှ ဖူတီးများကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အဗ္ဗဒုလ်ကော်ရိမ် သဟိတျ ဝိဿရသည် သူ့ဘဝ တသက်တာတွင် ဖူတီးလင်္ကာ စုဆောင်း သုတေသနပြုရင်း ရိုဟင်ဂျာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံကိုလည်း တစ်ဖက်တစ်ချက်က ဖော်ထုတ်ရန် အစွမ်းကုန် အားထုတ်ခဲ့သူဖြစ်သည်။ “ဖူတီးလင်္ကာဟာ လူမျိုးတစ်စုကို ကိုယ်စားပြုတဲ့ ကြည်လင်တဲ့ ပုံရိပ်လွှာတစ်ခု ဖြစ်တယ်” ဟု ဆရာကြီးက ဆိုခဲ့ဖူးသည်။
အရှေ့တောင်အာရှတွင် ခေတ်မီအတွေးအခေါ်များ မတိုးတက်မီအချိန်၌ ဖူတီးလင်္ကာသည် ဖျော်ဖြေမှုအတွက် အဓိက ကဏ္ဍအဖြစ် ပါဝင်ခဲ့သည်။ ထိုဖူတီးတို့တွင် ထုံးစံအတိုင်း အာရပ်ကျွန်းဆွယ်၏ ဖြစ်စဉ်မှတ်တမ်း သို့မဟုတ် ဘာသာရေး ဆင့်ပြန်ချက်များ ပါဝင်ခဲ့သည်။ အဆိုပါဇာတ်လမ်းများသည် ခရီးသည်များနှင့် ကုန်သည်များမှတဆင့် မဇ္ဈိမဒေသတစ်ဝိုက် ရောက်ရှိလာသည်ဟု ယူဆရသည်။ ဖူတီးဇာတ်လမ်းများသည် စစ်ပွဲတိုက်ပွဲများမှတဆင့်လည်း ရောက်ရှိလာကြသည်ဟု ပညာရှင်များက ဆိုစမှတ်ပြုကြသည်။ ဖူတီးဇာတ်လမ်းများသည် ကိုးကွယ်သည့်ဘာသာအလျောက် ကွဲပြားခြားနား သွားသည်ဟု ဆိုသည်။ ရှေးကျသော ဟိန္ဒူဂါထာများမှ ဇာတကာဝတ္ထုများ၊ ဗုဒ္ဓဝင်ဇာတ်တော်များ၊ အိစ္စလာမ်သမိုင်းမှ မဟ်ရမ်၏ သမိုင်းဝင်ဝတ္ထုများ စသည်ဖြင့် ကိုးကွယ်သည့် ဘာသာအလျောက် ကွဲပြားသော ဇာတ်လမ်းများကို တွေ့ရသည်ဟု မေရီ ဖရန့်စ် ဒန်ဟာမ်၏ 'မွတ်စလင့် လင်္ကာရှည်' စာအုပ်တွင် ဖော်ပြထားသည်။
ဘာသာရေး တန်ဖိုးထားမှုကြောင့် ထိုဇတ်လမ်းများသည် မိမိတို့ပိုင် တစိတ်တဒေသ ဖြစ်လာခဲ့သည်။ ဖူတီးလင်္ကာ ဖွဲနွဲ့စပ်ဆိုခြင်း ဓလေ့သည် ခေတ်အတန်မျှ ထွန်းကားခဲ့သော်လည်း ၂၀ ရာစု အစပိုင်းလောက်တွင် တဖြည်းဖြည်း ဆုတ်ယုတ်သွားခဲ့သည်။
အာရ်ကန်ပြည်မှာ မြောက်ဦးခေတ်လောက်(ဖာတ္တောရ်ကိလ္လား ဇော်ဘနာ)က ဖူတီးအရးအသားများ အတွင်ကျယ်လာခဲ့သည်။ ကိုလိုနီခေတ် အစောပိုင်းကာလတိုင်းအောင် ဖူတီးရေးဖွဲ့ခြင်း ဆက်လက်ထွန်းကားခဲ့သည်။ ရိုဟင်းပြည်ခေါ် အာရ်ကန်တွင်တွေ့ရှိရခဲ့သည့် ဖူတီးအများစုမှာ အာရ်ကန်နန်းတွင်းအကြောင်းအရာများ၊ ဒေသအခြေအနေများ၊ ခေတ်အပြောင်းအလဲများအပြင် ပုံပြင်ဇာတ်လမ်း၊ ဒဏ္ဍာရီများလည်း တွေ့ရပါသည်။ ရှေးရိုဟင်ဂျာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကိုလည်း ဝေဝေဆာဆာတွေ့ရပါသည်။ အာရ်ကန်ပြည်တွင် ခေတ်အလျောက် စာဆိုပညာရှိများလည်း ပေါ်ပေါက်လာခဲ့သည်။ ‘ခတီပ်’ ဟုခေါ်သော နန်းတွင်းခစားခဲ့သည့် ကျမ်းပြုစာဆိုများလည်း ပေါ်ပေါက်ခဲ့သည်။ ရှေးခေတ် ထင်ရှားသော ဖူတီးရေး စာဆိုများမှာ ဒိုလတ်ကာဇီ၊ အာလာဝါလ်၊ ဆယောဒ်ဆုလ်တန်၊ အဗ္ဗဒုလ်ကော်ရိမ် ခါန်ဒေါကာရ်၊ နူရုဒ္ဒိန်၊ မိုဟမ္မဒ်ခါန် စသော စာဆိုများသည် ထိုခေတ်က ထင်ရှားသော စာဆိုများဖြစ်ကြသည်။ ကိုယ်ပိုင်ဖူတီးကဗျာများအပြင် ဘာသာပြန်ဖူတီးကဗျာများကိုလည်း စီကုံးဖွဲ့နွဲ့ခဲ့ကြောင်း တွေ့ရသည်။
အာရ်ကာန်ပြည်မှ ပေါ်ပေါက်ခဲ့သော ဖူတီးလင်္ကာများမှာ များသောအားဖြင့် ဒေဝနာဂရီအက္ခရာ၊ အာရပ်-ပါရှင်အက္ခရာများဖြင့် ရေးသားထားခြင်းဖြစ်ပေသည်။ ဘင်္ဂါလီအက္ခရာဖြင့် ရေးသားခဲ့သောဖူတီးများလည်းရှိသည်။ ဘာသာစကားကိုမူ ထိုချိန်က ဒေသိယဘာသာစကားဖြင့် ရေးသားထားသည်ကို တွေ့ရသည်။ အာရ်ကန်ပြည်မှ ဖူတီးစာပေ၏ တစ်မူထူးခြားချက်တစ်ရပ်မှာ အာရဗီ၊ ဖာရစီ၊ ဟိန္ဒီ၊ ဘင်္ဂါလီ၊ အုရ်ဒူ၊ ဗမာ စသော ဘာသာစကားမှ စကားလုံးများကို ဒေသသုံးစကားများနှင့် ရောနှောရေးဖွဲ့ထားခြင်းဖြစ်ပေသည်။
ဖူတီးစာပေများကို အကြောင်းအရာ နောက်ခံအလျောက် အမျိုးအစား (၆) မျိုး ခွဲခြားနိုင်သည်။
(၁) ချစ်ရေးကြိုက်ရေးဇာတ်လမ်းဘွဲ့
(၂) စစ်ရေးမက်ရေးဇာတ်လမ်းဘွဲ့
(၃) တမန်တော်အတ္တုပ္ပတ္ထိ နှင့် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မွန်ဘွဲ့
(၄) ဒဏ္ဍာရီပုံပြင်နှင့် ပီရ်ဘွဲ့
(၅) အိစ္စလာမ်သာသနာ့ အဆုံးအမဘွဲ့
(၆) ခေတ်ပြိုင်အဖြစ်အပျက်အကြောင်းဘွဲ့
ယူစွဖ်-ဇူလေခါ နှင့် ဆိုက်ဖူလ်မုလ္လုခ်-ဘဒီအုဇ္ဇာမာလ် စသော အာရပ်ကျွန်းဆွယ် ရိုးရာပုံပြင်၊ ဒဏ္ဍာရီ တို့ကို အခြေခံထားသည့် ဖူတီးတို့သည် ချစ်ရေးကြိုက်ရေးဘွဲ့ ဖူးတီးများဖြစ်ပါသည်။ အာမီဟာမ်ဇား၊ ဟာတီးမ်တိုင်၊ ဟားနိဘား စသော သူရဲကောင်းတို့က တိုက်ခိုက် နန်းသိမ်းသော ဖူတီးတို့သည် စစ်ရေးမက်ရေးဘွဲ့ ဖူတီးများဖြစ်ကြသည်။ ကိုဆိုဆူလ် အာမ်ဘီယာ စသော ဖူတီးသည် ပုဂ္ဂိုလ်မြတ်ပုဂ္ဂိုလ်မွန်တို့၏ အတ္တုပ္ပတ္ထိ၊ စရိုက်၊ သာသနာ့အားထုတ်မှုတို့ကို ရေးဖွဲ့သောကြောင့် အမျိုးအစား(၃)တွင် အကျုံးဝင်သည်။ အမျိုးအစား (၄)တွင် ချန္ဒြာဝတီ စသော ဒဏ္ဍာရီပုံပြင်များနှင့် ပီရ်သူတော်စင်တို့ အကြောင်းကို ရေးဖွဲ့သော ဒဏ္ဍာရီဘွဲ့အမျိုးအစားဖြစ်ပါသည်။ အဗ္ဗဒုလ္လာရ် ဟားဇာရ်ဆူဝါလ်၊ တိုဟ်ဖား၊ နဆီယောတ်နာမာ စသော အိစ္စလာမ်သာသနာ့ အဆုံးအမ တို့ကိုဖော်ပြသော ဖူတီးတို့သည် အဆုံးအမဘွဲ့ ဖူတီးများဖြစ်ကြသည်။ အမျိုးအစား (၆)မှာမူ အဖြစ်အပျက်ကိုရေးဖွဲ့သော ဖူတီးဖြစ်သည်။ ထိုသို့ အဖြစ်အပျက်ဘွဲ့ ဖူတီးမှာ ရှားပါးလှပါသည်။
ဖူတီးအများစုတွင် ရှေးခေတ်သမိုင်းများ၊ ရိုးရာဓလေ့များ၊ ရွှင်မြူဖွယ်ဖြစ်ရပ်များကို စိတ်ကူးယာဉ်ဇာတ်လမ်းများနှင့် ရောနှော၍ ရေးဖွဲ့လေ့ရှိသည်။ အရေးအဖွဲ့မှာ ကာရန်ချိတ်လင်္ကာဖြစ်ပါသည်။ လင်္ကာဖွဲ့နည်း ပုံစံအမျိုးမျိုးကိုလည်း ဖူတီးတစ်ပုဒ်တွင် တွေ့နိုင်ပါမည်။ ဇာတ်လမ်းအသွားအရ တေးသီချင်းများလည်း ထည့်သွင်းရေးဖွဲ့လေ့ရှိသည်။ အချို့ပညာရှင်တို့က ဖူတီးရေးဖွဲ့သည့် အရေးအဖွဲ့ကို ပါန်ချာလီ ဟုလည်း ခေါ်ကြသည်။ ပါန်ချာလီသည် ရှည်လျားသော ကဗျာရှည်ဖွဲ့ပုံတစ်မျိုးဖြစ်ပါသည်။
ရှေးခေတ်ရိုဟင်ဂျာတို့မှာ ဖူတီးရွတ်ပွဲများ (ဖူတီးဂါအ် မိုက်ဖဲလ်) ပြုလုပ်သည့်အစဉ်အလာ ရှိခဲ့သည်။ အာရ်ကန်ပြည် ကျေးလက်ဒေသများတွင် ယနေ့တိုင်တွေ့ရှိရသော ရိုဟင်ဂျာလူမျိုးတို့၏ ဓလေ့ထုံးစံ တစ်မျိုးလည်းဖြစ်သည်။ ရှေးခေတ်က အတွင်းတော်၌ ပြုလုပ်ရိုးဖြစ်သည့် ဓလေ့တစ်ခုသည် ယခုတိုင်ရှင်သန်နေခြင်းဖြစ်ပါသည်။ ကောက်ရိုတ်သိမ်းချိန်ရောက်သောအခါ လုပ်သားပြည်သူများသည်လည်း အလုပ်အားကြသဖြင့် ညနေဖက်တွင် ဖူတီးရွတ်ပွဲများနှင့် နွှဲပျော်ခဲ့ကြသည်။ တစ်ချို့ဖူတီးပုံပြင်များကို တစ်ပတ်နှစ်ပတ်လောက်ကြာအောင် ရွတ်ရသည်ဟု ဆိုသည်။ ဂီတပညာရှင် ကရူနာမာယာ ဂေါစ်ဝါမီ က ပူတီးရွတ်သည် ဆိုသည် ဖူတီးစာအုပ်တွင် ပါရှိသော ဇာတ်ကြောင်းပြန် လင်္ကာအဖွဲ့များကို သံနေသံထားဖြင့် သီဆိုခြင်းဖြစ်သည်။ ဖျော်ဖြေသူများက သာယာနာပျော်ဖွယ် ညင်းသာသော တေးလုံးများကို ထပ်ကာတလဲလဲ တီးခတ်လျက် ရွတ်ရသည်ဟု ဆိုသည်။ ဖူတီး လင်္ကာစာသားများကို "ဖူတီးပါဌ်/ဖူတီးဖောတ်" ဟုခေါ်ကြသည်။ ဖူတီးရွတ်သောအခါ အနည်းဆုံး ကျွမ်းကျင်သည့် ဖူတီးရွတ်ဆရာ (Futí Gaoyá) တစ်ဦးနဲ့ ရှင်းပြပေးသည့် ဖူတီးရှင်းဆရာ (Fondit) တစ်ဦးလိုအပ်ပါသည်။ ဖူတီရွတ်ဆရာက ကဗျာဆန်ဆန် ရွတ်ဆို၍ ပိုဒ်ဆုံးတွင် ခေတ္တနားလေ့ရှိသည်။ ထိုရပ်နားသည့် အတောအတွင်း၌ ရှင်းပြတဲ့ဆရာက အများနားလည်အောင် အကျယ်ဖွင့်ရှင်းပေးရသည်။ နားဆင်နေသူ ပရိသတ်တို့ကလည်း "အင်း…အင်း…အမ်း…ပြီးတော့" စသည်ဖြင့် အသံပြုကာ မိမိတို့ စိတ်ဝင်တစား နားထောင်နေကြောင်းအချက်ပေးရသည်။ ဤသို့ အသံပြုသည်ကို "ဩယာလ် ပေးတယ်" ဟု ခေါ်ကြသည်။
ဖူတီးရွတ်ပွဲကို အေရှားနမာဇ်အပြီးမှစ၍ ညဉ့်သန်းခေါင်အထိ ပြုလုပ်သည်။ နာရီဝက် ၊ တစ်နာရီ အကြာတွင် ရပ်နားကာ မုန့်ပဲသရေစာများ စားသောက်ကြသည်။ ပထမအချိန်တွင် ဖူတီးရွတ်ဆရာ တစ်ဦးက ရွတ်ဆိုလျှင် နောက်တစ်ချိန်တွင် ဖူတီးရှင်းဆရာက ဖူတီးရွတ်ဆရာ လုပ်ရသည်။ သို့မဟုတ် အခြားဖူတီးရွတ်ဆရာ တစ်ဦးက ရွတ်ရသည်။ ဤနည်းဖြင့် တစ်ချို့ဖူတီးရွတ်ပွဲကို မိုးတလင်းအထိ ပြုလုပ်ကြသည်ဟု ဆိုသည်။
ဖူတီးရွတ်ပွဲကို ရွာရှိဇရပ်၊ အရိပ်ရှိသောနေရာ၊ အိမ်ရှေ့အခန်းတွင် ပြုလုပ်လေ့ရှိတယ်။ အထူးဆင်နွှဲသော ဖူတီးရွတ်ပွဲကို အိမ်၌သာ ပြုလုပ်ကြသည်။ ဖူတီးရွတ်ပွဲ ဆင်နွှဲနေသည့်အိမ်တွင် လူတို့သည် ညနေထမင်းစားပြီးချိန်ကပင် ရောက်လာကြလေ့ရှိသည်။ တစ်ခန်းလုံး မီးအိမ်၊ မီးခွက်များ ထိန်ထိန်လက်လက်ထွန်းကြသည်။ နာနေသူပရိတ်တို့ကလည်း တစ်ချို့က ဖူတီးဇာတ်လမ်းမှာ စိတ်ဝင်စားစွာ မျှောပါလျက်၊ တစ်ချို့က ကြက်နိုးနိုးငိုက်လျက် ကြည်နူးဖွယ် မြင်ကွင်းကို တွေ့ရမည်။ အချို့ပွဲများမှာ အတီးအမှုတ်များလည်း ပါရှိတတ်သည်။ zañs နှင့် zuri ဟု ခေါ်သော လင်းကွင်းအတီးများနှင့် ဇာတ်အရှိန်အလိုက် နူးညံ့ညင်သာစွာ တီးခတ်ပေးကြသည်။
ချမ်းသာကုံကြွယ်သောသူတို့က ဖူတီးရွတ်ပွဲများကို ခမ်းခမ်းနားနား ဆင်နွှဲကြသည်။ ရောက်ရှိလာသည့် ပရိသတ်များကိုလည်း ကောက်ညှင်းထမင်း၊ ထန်းလျက် စသည်ဖြင့် ဧည့်ခံကြတယ်။ ဤသို့ဖြင့် ရိုဟင်ဂျာတို့သည် မိမိတို့၏ အားလပ်သောအချိန်ကလေးများကို ပျော်ပျော်ရွှင်ရွှင် စုပေါင်းကုန်ဆုံးစေသည်။
ထူးခြားချက်တစ်ခုမှာ ဖူတီးဆရာများက ဖူတီးစာအုပ်မှ ကြည့်၍ ရွတ်ပြသလို တစ်ချို့က အလွှတ်ရွတ်ပြသည်လည်း ရှိသည်။ လွတ်လပ်ရေးခေတ်အစပိုင်းတွင် အလွှတ်ရွတ်ပြသော ဖူတီးရွတ်ဆရာ များစွာ ပေါ်ပေါက်ခဲ့သည်။ ယနေ့ချိန်အထိ အလွှတ်ရွတ်ပြသော ဖူတီးဆရာများ တွေ့ရသည်။
ဖူတီးကဗျာရှည်သည် နာသူတို့အတွက် စိတ်သာယာစေသလို ဗဟုသုတစသော အကျိုးကျေးဇူးများကိုလည်း ရရှိစေသည်။ ဖူတီးကဗျာပါဇာတ်လမ်းများသည် လူ့ဘဝ၏ အဖြစ်အပျက်ဘသာဝအပေါ် အခြေခံ၍ သရုပ်ဖော်ကြသည်။ ဇာတ်ဆောင်တို့၏ စိတ်ဓာတ်၊ ကိုယ်ကျင့်စရိုက်၊ အပြုအမူတို့မှ ပြောင်းလဲလာသော အကျိုးဆက်ကို သတိပြုကာ မိမိတို့ဘဝကို ပြုပြင်နိုင်သည်။ ယနေ့ခေတ်ကဲ့သို့ စာအုပ်စာပေကျမ်းဂန်းများ၊ ဗဟုသုတရရှိသော အထာက်အကူများ မရှိခဲ့သည့် ဟိုးရှေးခေတ်တွင် မိဘများသည် သားသမီးများကို အသိပညာဗဟုသုတပေးရန်အလို့ငှာ ဖူတီးကဗျာနှင့် ပုံပြင်ဝတ္ထုများ၊ အိပ်ရာဝင်ပုံပြင်များကို အဓိကကရိယာအဖြစ် အသုံးပြုခဲ့သည်။ (အိပ်ရာဝင်ပုံပြင်အကြောင်းကို နောက်ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြပေးမည်ဖြစ်ပါသည်။) ဒေါက်တာ ဒေဗစ်ကိန်း၏ သာယာနာပျော်ဖွယ် ဖူတီးရွတ်ဆိုမှု စာတမ်းတွင် ဖူတီးရွတ်ဆိုမှုမှတဆင့် အိစ္စလာမ်သာသနာသည် မဇ္ဈိမ၊ ဘင်္ဂလား ဒေသတစ်ဝိုက် အလျင်အမြန် ပျံ့နှံ့နိုင်ရန် ယာဉ်တစ်စီးပမာ အရေးပါခဲ့သည် ဟု ဖ်ာပြထားသည်။ ဟိန္ဒူဘာသာနှင့် အိစ္စလာမ်ဘာသာအကြား ယဉ်ကျေးမှု၊ ဓလေ့ စသည်တို့လည်း အချင်းချင်းသင့်မြတ်လာခဲ့သည်။ ထို့ကြောင့် ဖူတီးကဗျာများသည် ရိုဟင်ဂျာစာပေတွင် အလွန်အရေးပါသောကဏ္ဍမှ ပါဝင်နေသည်။
ရိုဟင်ဂျာတို့၏ စာပေအမွေအနှစ်ဖြစ်သည့် ပျောက်ကွယ်လုနီးပါးဖြစ်နေသော ဖူတီးစာအုပ်စာပေများကို တစ်မျိုးသားလုံးက ဝိုင်းဝန်းဖော်ထုတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(၂၈-၁၀-၂၀၂၀ ရေးသားပြီးဆုံးသည်။)
မှီငြမ်းပြု
(၁) ဒေ ရိုဟင်ဂျာစ်၊ အဗ္ဗဒူလ်ကော်ရိမ်
(၂) 'မွတ်စလင့် လင်္ကာရှည်'၊ မေရီ ဖရန့်စ် ဒန်ဟာမ်၊
(၃) အာရ်ကန်နန်းတွင်း စာဆိုများ
(၄) စစ်တကောင်းသမိုင်း၊ ဒေါက်တာ ဆူနတီ ဘူးချာန် ကူနင်ဂို
(၅) အဗ္ဗဒုလ်ကော်ရိမ် ဝိဿရ ၁၄၅ ကြိမ်မြောက်မွေးနေ့ ဆောင်းပါး
(၆) ဖူတီး မိတ်ဆက်၊ ရိုဟင်ဂျာအနုပညာဥယျာဉ်
(၇) ပူတီး ပေါရာ့ ၊ ဒေါက်တာ ဒေဗစ်ကင်း၏ ပါရဂူဘွဲ့ စာတမ်း
(၈) ပူတီး ဝီကီး
---------------------×××××××××--------------------

ကာရီ ပူရီ လို့ခေါ်တဲ့ rohang website ကိုသိတဲ့လူရှိရင် လင်းပါအုံး
ReplyDelete