Saturday, January 16, 2021

သခွားသီးခိုးစားသည့် မြန်မာမင်းများ

 


ရာဇဝင်သမိုင်းထဲက သခွားသီး ပြဿနာ

••••••••••••••••••••••••••

မြန်မာ့ရာဇဝင်သမိုင်း၌ ယာခင်းထဲမှ သခွားသီးကိုခူးဆွတ် စားသောက်မိသဖြင့် ပြဿနာတတ်ခဲ့သော ရှင်ဘုရင်နှစ်ပါးကို ထူးခြားစွာတွေ့ရှိရပါသည်။ ထိုမင်းများမှာ ပုဂံခေတ်ဦး သိန်းခိုမင်း(ခရစ်နှစ် ၉၂၄-၉၄၆)နှင့် ကုန်းဘောင်ခေတ်ဦး နောင်တော်ကြီးမင်း(ခရစ် ၁၇၆၀-၁၇၆၃)ဟူသော ဘုရင်နှစ်ပါးပင်ဖြစ်လေသည်။ တစ်ပါးမှာ ယာခင်းရှင်ထံ ခွင့်မပန်ဘဲ သခွားသီး ခိုးယူစားသောက်မိသဖြင့် ယာရှင်ကတွေ့မြင်ကာ တူရွင်းဖြင့် ရိုက်ပုတ်ရာမှ နတ်ရွာစံ ကံကုန်ခဲ့ရသည်အထိဖြစ်ရကာ တစ်ပါးမှာ ယာခင်းရှင်က သခွားသီးစားရန် အခွင့်ပေးသော်လည်း အခင်းပျက်စီးသဖြင့် သတ်ပုတ်ခဲ့ရသည်အထိ ပြဿနာတက်ခဲ့ရသော ဘုရင်တစ်ပါးပင် ဖြစ်လေသည်။


သိန်းခိုမင်း (၉၂၄ – ၉၄၆ )

ပုဂံခေတ်။ ။

ပုဂံခေတ်ဦး ခရစ်နှစ်-၉၂၄ခုနှစ်တွင် စလေငခွေးမင်းအား ဆက်ခံလျက် နန်းတက်လာသော သိန်းခိုမင်း(သိန်းဃိုမင်းဟုလည်း အရေးအသားရှိ၏)သည် မြင်းတစ်စီးဖြင့် တောတွင်းလှည့်လည်ကာ အမဲလိုက်ခြင်းအမှုကို အထူးဝါသနာပါသည်။ ယင်းသို့ အမဲလိုက်ရင်းတစ်နေ့တွင် နောက်လိုက်နောက်ပါများနှင့် လူချင်းကွဲသွားသည်။ ရေလည်းငတ် ဆာလောင်မွတ်သိပ်လာသဖြင့် လူသူမတွေ့ရသော သခွားယာခင်းတစ်ခင်းကိုတွေ့ရာ ယာခင်းသို့ဝင်၍ သခွားသီးများကို တစ်လုံးပြီးတစ်လုံး မွတ်သိပ်စွာ စားလေသည်။ ထိုအခိုက် ယာခင်းရှင် ရောက်လာပြီး မိမိယာခင်းထဲ၌ ထိုင်၍ အားပါးတရ သခွားသီးခိုးစားနေသူကို တွေ့သဖြင့် ပေါက်တူးရိုးဖြင့် ရိုက်ပုတ်လေရာ ထိုနေရာ၌ပင် သိန်းခိုမင်း အနိစ္စရောက်လေသည်။

နိစ္စရောက်ချိန်၌ အိမ်နိမ့်(၂၂)နှစ် စည်းစိမ်(၁၆)နှစ် သက်တော်(၃၈)နှစ်သာ ရှိသေးသည်။ မကြာမီ သိန်းခိုမင်း၏မြင်းခံ နောက်မှ လိုက်လာ၍ မီသော် အဖြစ်အပျက်ကို သိရသောကြောင့် "ဟယ်တောင်သူကြီး ငါတို့အရှင်ကို အဘယ့်ကြောင့် သတ်ရသနည်း"ဟုမေးသော် "နင့်မင်းက ငါ့သခွားသီးကို မပန်ကြားဘဲ ခိုးယူစားသောက်သည်ကိုတွေ့ရသဖြင့် ရိုက်ပုတ်ဘိသည်"ဟူ၍ ဆို၏။ မြင်းခံက "မင်းကိုသတ်သောသူသည် မင်းပြုရရိုး ထုံးစံရှိ၏"ဟုဆိုသောအခါ တောင်သူကြီးက "ငါ မင်းမပြုနိုင်၊ ဒီနှစ် ငါ့သခွားသီးကား ခွေးငယ်နို့စို့သကဲ့သို့ သီးချေသည်"ဟု ဆိုသည်။

ထိုအခါ မြင်းခံအပြင် အခြားသော ဘုရင့်နောက်လိုက်နောက်ပါ အခြွေအရံများ ရောက်ရှိလာပြီး "ဟယ်-တောင်သူကြီး နင့်သခွားခင်းလည်း နင်ပိုင်ရမည် မင်း၏စည်းစိမ်ချမ်းသာဖြစ်သော အဝတ်ကောင်းအစားကောင်း ရွှေငွေဆင်မြင်းကျွဲနွား ဆန်စပါး များလှစွာသော စည်းစိမ်ကိုလည်းခံစားရမည် ထုံးစံအတိုင်းမင်းပြုတော်မူ"ဟုပြောမှ လိုက်ပါ လျက် ထီးနန်းတင်မြှောက်ခံရလေသည်။ ထိုမင်းကားပုဂံခေတ် တောင်သူကြီးမင်း ခေါ် ညောင်ဦးစောရဟန်းမင်း(ခရစ်နှစ် ၉၄၆ -၉၉၁)ပင်ဖြစ်လေသည်။ မင်းဖြစ်လျှင် မိမိသခွားယာခင်းအရပ်၌ ဥယျာဉ်ကြီး သာယာစွာပြုပြီးလျှင် နဂါးရုပ်ကြီးစွာ ထုလုပ်ကိုးကွယ်၍ ပုထိုးကြီး ပုထိုးငယ် ပုထိုးသားများ သင်လည်ပုထိုး စိတ်တည်ပုထိုးဟူသော ပုထိုး(၅)လုံးတည်လျက် နတ်ရုပ်လည်းမမည် ဘုရားရုပ်လည်းမမည် ပြုလျက် မနက်ည ထမင်းဟင်းသေစာတင်၍ ကိုးကွယ်သည်။ "နတ်ကျောင်းဒကာ မင်းချမ်းသာ"ဟု အမည်တွင်ကြောင်းလည်း မဟာရာဇဝင်ကြီး၌ ဖော်ပြထားသည်။

သို့သော် တူရွင်းတောင်၌ တွေ့ရသော ခရစ်နှစ် (၁၂၁၂)ခုနှစ်ထိုး ကျောက်စာ၌ တူရွင်းတောင်ထိပ်ရှိ စောရဟန်းသိမ်ဟောင်းကို ပျက်စီးသဖြင့် ပြုပြင်ရကြောင်း ရေးထိုးထားရာ စောရဟန်းမင်း(တောင်သူကြီးမင်း)သည် ရာဇဝင်များ၌ ဖော်ပြသလို နတ်နဂါးကိုးကွယ်သူ မဟုတ်နိုင်ကြောင်း နှောင်းခေတ်ပညာရှင်တို့က ယူဆကြပါသည်။ "တုရင်တောင်ထိပ် စောရဟန်းသိမ် ပျက်ရကား၊ မောင်းမနှုတ်ဆက်အမွှမ်းရ အိုဝ်ပန်ဦးသခင် စာချီ ဗိုလ် ဤနှစ်ကြားရကား၊ ဘုရားလောင်းမင်း ဥဇနာမင်းကြီး ရွှေတောင်တက်၍ တစ်နှစ် သောကြာရကား မင်းကြီးပြုစေရကား၊ ဤသိမ်ဆောက်သကား"ဟု ထိုစောရဟန်းသိမ်ကျောက်စာ၌ ရေးထိုးထားပါသည်။


နောင်တော်ကြီးမင်း (၁၇၆၀-၁၇၆၃ )

ကုန်းဘောင်ခေတ်။ ။

ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ သားတော်ကြီး မောင်လောက် ခေါ် နောင်တော်ကြီးမင်းသည် နှိမ့်ချသောမာနဖြင့် ရိုးရိုးစား ရိုးရိုးနေတတ်၏။ ရံဖန်ရံခါ မိမိလူပျိုတော်သားများနှင့် မန်ကျည်းပင်အောက်တွင် မန်ကျည်းသီးထုကာ စားနေလေ့ရှိသည်။တစ်ခါက မှူမတ်များက "အရှင့်သား ဤသို့ သိမ်ဖျင်းသော အစားအသောက်အလေ့ကို ရှောင်ကြဉ်တော်မူပါ ဂုဏ်နှင့်မတန်ပါဘုရား"ဟုလျှောက်ထားသည်။ နောင်တော်ကြီးဘုရားက "ဤသို့မန်ကျီးပင်အောက် မန်ကျီးသီးထုစားသဖြင့် တိုင်းပြည်၌ တစ်စုံတစ်ရာ ဝန်လေးပါသလား"ဟု မေးရာ မှူးမတ်များက "တိုင်းပြည်သော်ကား ဝန်မလေးပါ"ဟု လျှောက်လျှင် "တိုင်းပြည်ဝန်လေးမည့်အမှုဆိုလျှင် ငါရှောင်ပါမည် ဝန်မလေးသည့်ကိစ္စကိုကား မတားမြစ်ပါနှင့် ငါကြိုက်တတ်ရာ စားပါရစေ"ဟု အခွင့်ပြန်ပန်သောဟူ၏။

နောင်တော်ကြီးမင်းမှာ (၁၇၆၀)ခုနှစ်တွင် ခမည်းတော် အလောင်းမင်းတရား နတ်ရွာစံလွန်ပြီးနောက် ထီးနန်းဆက်ခံစိုးစံခဲ့ရာ ရွှေဘိုနှင့် စစ်ကိုင့်း မြို့နှစ်မြို့လုံးတွင်ထီးနန်းတစ်လှည့်စီ ပြောင်း၍ စံနေလေ့ရှိသည်။ အားအင်သန်စွမ်းကာ ယောက်ျားပီသသူလည်းဖြစ်၍ မြင်းကောင်းတစ်စီးနှင့် "ငါစစ်ကိုင်းသွားလိုက်ဦးမည်၊ ငါရွှေဘိုပြန်လိုက်ဦးမည်"ဟုပြော၍ ရုတ်တရက် မြင်းစီးကာ ထွက်လာတတ်သည်။ ထိုအခါ နောက်လိုက်နောက်ပါ အခြွေအရံများက ကပျာကသီ ဆင်မြင်းပြင်လျက် နောက်တော်ကလိုက်ရလေ့ရှိသဖြင့် မမီသည်ကများသည်။

တစ်နေ့တွင် စစ်ကိုင်းမှရွှေဘိုအပြန် နောက်လိုက်နောက်ပါများ ဝေးလံစွာ ကျန်ရစ်ခဲ့၍ မိမိတစ်ပါးတည်း ခေါတောအရပ်(ရွှေဘိုမှ (၁၄)မိုင်အကွာ)သို့ ရောက်လာခဲ့လေသည်။ ထိုအရပ်၌ သခွားယာခင်းတစ်ခင်းကို တွေ့ရာ ဆာလောင်မွတ်သိပ်လှသဖြင့် မြင်းကို ယာခင်းအပြင် သစ်ပင်၌ ချည်ထားခဲ့ပြီး ယာခင်းထဲဝင်ကာ ယာခင်းရှင်ယောက်ျားအား သခွားသီး စားပါရစေဟု ကောင်းမွန်စွာခွင့်တောင်း၏။ ယာခင်းရှင်လည်း ဘုရင်မှန်းမသိ "အလိုရှိသရွေ့စားပါ အပင် အနွယ် အကင်းတို့ကိုသာ မပျက်စီးပါစေနှင့်"ဟုဆိုသည်။ နောင်တော်ကြီးမင်းလည်း အခွင့်ရသည်နှင့် သခွားသီးတို့ကို ဖြတ်မဆွတ်ပဲ ဆွဲယူဆွတ်ခူးသဖြင့် အပင် အနွယ်များ အုံလိုက်ပါလာကာ အကင်းအပွင့်များပါ ပျက်စီးကုန်လေသည်။

ယာခင်းရှင်မြင်လျှင် ဒေါသထွက်ကာ "နင်သည် စားရုံသာမက အခင်းကိုပါ ဖျက်ရာသလော"ဟု သတ်ပုတ်မည်ပြု၏။ ဘုရင်ကလည်း "နင်ယောက်ျားကောင်းဆိုသော် သတ်ကြအံ့"ဟု စိန်ခေါ်ရာ နှစ်ယောက်သား ယာခင်းထဲ၌ လုံးထွေး သတ်ပုတ်ကြလေသည်။ ယာခင်းရှင်လည်း အတော်အတန်သတ်ပုတ်ကာ မောမောနှင့်ထိုင်နားလျက်ရှိစဉ် နောင်တော်ကြီးကား ပြုံးလျက်ပင် သခွားသီးများ တစ်လုံးပြီးတစ်လုံး မြိန်ယှက်စွာ ထိုင်စားနေလေသည်။ ထိုအခိုက် ယာရှင်မိန်းမသည် ထမင်းပို့ရောက်လာပြီး ထမင်းတောင်းချလျက် ပြင်ဆင်သည်မြင်သော် နောင်တော်ကြီးက "ယောက်ဖ ငါလည်း ထမင်းစားပါရစေ"ဟု ဆိုပြန်သည်။

ယာခင်းရှင်က ဒေါသဖြစ်လျက် "မကျွေးဘူး ၊နင် ငါ့သခွားခင်းကိုလည်း ဖျက်သေးသည် သခွားသီးလည်း စားသေးသည် နင်မစားရဘူး"ဟု ဆိုလေသည်။ ထိုအခါ မိန်းမဖြစ်သူက မိမိခင်ပွန်းသည်အား လက်တို့လျက် "ယာပြင်ဘက်မှာ ရွှေကတောင်နှင့်မြင်းကောင်းတစ်စီး ချိတ်ထားသည်ကို မြင်ခဲ့သည်။ ထိုသူသည် သာမညမဟုတ်တန်ရာ"ဟု တီးတိုးပြောဆိုကာ အကဲခတ်နေကြစဉ် နောက်လိုက်နောက်ပါအများ မီလာ၍ ရှေ့တော်မှောက် ဒူးထောက်ခစားကြသည်ကို တွေ့ရသည်။ ဤတွင် ယာခင်းရှင်လင်မယားမှာ များစွာကြောက်ရွံ့လျက် ရှိခိုးတောင်းပန်ကြလေသည်။

နောင်တော်ကြီးမင်းက ပြုံးရယ်လျက် "ရှိခိုးတောင်းပန်ခြင်းမပြုလင့် သခွားသီးကိုလည်း စားရသည်။ သတ်ပုတ်ကြသည်မှာလည်း နှစ်ဦးသဘောတူဖြစ်၏။ ငါကား မင်းဖြစ်သည်မှန်သော်လည်း မကြောက်ရွံ့ပါနှင့် ယခုသခွားသီးများမှာ အလွန်အရသာရှိ၍ ငါစံရာ ရွှေဘိုသို့သာ တစ်ခါလောက် လာရောက်ဆက်သပါဘိ"ဟု မိန့်လေသည်။ ထို့နောက် မကြာမီ ယာခင်းရှင်လင်မယားလည်း သခွားသီးများ ဆွတ်ခူးထမ်းရွက်လျက် ရွှေဘိုသို့ နောင်တော်ကြီးမင်းထံ သွားရောက်ဆက်သလေသည်။ မင်းကြီးလည်း မမေ့မလျော့ ကျေးဇူးတင်စကားဆိုလျက် ရှေ့တွင်ပင် သခွားသီးများကို စားတော်မူသည်။ ပြီးမှ ယာခင်းရှင်အား အလိုရှိရာတောင်းလေဟု မိန့်တော်မူရာ ယာခင်းရှင်မှာ အခြားဆုတော်လာဘ်တော်များထက် မိမိအရပ်၌ ရွသူကြီး၏ နှိပ်စက်ညှင်းပမ်းမှုကို ခံရဖန်များသဖြင့် သူကြီးအာဏာနှင့်လွတ်လျှင် လောက၌ အချမ်းသာဆုံးဟူ၍ မှတ်ထင်သည့် အလျောက် "သူကြီးအာဏာနှင့် မင်းတိုင်းကျေအခွန်အခမှ ကင်းလွတ်ခွင့်"ကိုသာ တောင်းဆို၏။

ထိုအခါနောင်တော်ကြီးမင်းက ဤအတွက်ဖြစ်စေရမည် အခြားအလိုရှိရာ တောင်းဦးလော့"ဟုမိန့်တော်မူရာ ဤအခွင့်ရလျှင်ပင် မိမိအဖို့ ကျေနပ်လှပြီဖြစ်ကြောင်း မည်သည့်ဆုလာဘ်ကိုမျှ အလိုမရှိကြောင်း လျှောက်ထားသည်။ ထိုခဏချင်းပင် နောင်တော်ကြီးသည် ထန်းရွက်၌ ယာခင်းရှင်အလိုရှိသော အမိန့်ကို မိမိကိုယ်တိုင်ရေးသားလျက် "ဤစာချွန်ကို သူကြီးပြလေ သင်သည် ဆယ့်နှစ်မှုမင်းတိုင်းကျေ အခွန်နှင့်အာဏာမှ လွတ်ပေလိမ့်မည်"ဟုမိန့်၍ ပေးလိုက်သည်။ ထိုအခါ ယာခင်းရှင်က "ဤထန်းရွက်စာကို ပြရုံမျှဖြင့် သူကြီးက မင်းမိန့်ဖြစ်ကြောင်း ယုံကြည်မည်မထင်"ဟု လျှောက်ပြန်သဖြင့် မင်းကြီးလည်း ထန်းရွက်ကိုပြန်ယူပြီး ကိုယ်တော်တိုင် လက်မှတ်ရေးထိုးရလေသည်။ ထိုအခါမှ ယာခင်းရှင်က စိတ်ချလက်ချ ယူဆောင်ကာ မိမိအရပ်ရောက်သော် သူကြီးအား ပြသဖြင့် သူကြီးအဆင့်အဆိုနှင့် မင်းတိုင်းကျေတို့မှ ကင်းလွတ်ခွင့်ရရှိလေသည်။

ထိုသခွားယာခင်းရှင်မှာ နောင်တော်ကြီးမင်း(၁၇၆၀- ၁၇၆၃)နောက် ညီတော် ဆင်ဖြူရှင်မင်း(၁၇၆၃-၁၇၇၆)ဆင်ဖြူရှင်၏သားတော် စဥ့်ကူးမင်း(၁၇၇၆-၁၇၈၁)နောင်တော်ကြီး၏ ညီတော် ဘိုးတော်မင်းတရား(၁၇၈၁-၁၈၂၇) စသည့် မင်းများလက်ထက်တိုင် နေရသည်။ မောင်ဝိုင်းခေါ် ဘိုးတော်မင်းတရားလက်ထက်၌ အခွန်အတုတ်တောင်းခံရာ ယာခင်းရှင်က နောင်တော်ကြီးမင်း၏ စာချွန်လွှာကို ပြသလေသည်။ ထိုအခါ ဘိုးတော်ဘုရားက သူ၏ချစ်လှစွာသော နောင်တော်ကြီးကိုယ်တိုင် ရေးသားထားသည့် လက်ရေးနှင့်လက်မှတ်ကိုတွေ့ရသောကြောင့် ဘိုးဘွားအမွေအနှစ်သဖွယ် အလွန်မြတ်နိုးတော်မူသဖြင့် စာချွန်တော်အား ပေးပါရန် တောင်းရာ ယာခင်းရှင်က မပေးနိုင်ကြောင်း အကြောက်အကန်ငြင်းဆန်သည်။ ထိုအခါမှ ဘိုးတော်ဘုရားက ရိပ်မိသဖြင့် "ငါလည်း ဘုရင်တစ်ပါးဖြစ်ပါသည် သူကြီးအဆင့်အဆိုနှင့် မင်းတိုင်းကျေအခွန်အခမှလွတ်ရန် ငါအသစ်တစ်ခု ထပ်မံရေးပေးပါမည်။ ငါ့နောင်တော်ကြီး ကိုယ်တိုင်၏ လက်ရာဖြစ်၍ မြတ်နိုးစွာ သိမ်းယူခွင့်ပြုပါ"ဟု မိန့်သောအခါမှ ဤသို့ဖြစ်လျှင်ယူတော်မူပါဟု သဘောတူလိုက်လေသည်။ ထို့နောက် ဘိုးတော်ဘုရား ရေးပေးသော စာချွန်ကို သေချာစွာကြည့်ရှုကာ လက်မှတ်ထိုးရန်လိုသေးသည်ကို တွေ့သဖြင့် ယာခင်းရှင်က "လက်မှတ်ထိုးတော်မူပါဦး"ဟု လျှောက်ထားရာ ဘိုးတော်ဘုရားလည်း ထပ်မံလက်မှတ်ရေးထိုးသောအခါမှ စိတ်အေးချမ်းသာစွာ စာချွန်တော်ယူဆောင်၍ ပြန်သွားလေတော့သည်။


စာကိုး။ 

၁။     ဦးကုလား "မဟာရာဇဝင်ကြီး"(ပတွဲ)

၂။     ဦးမောင်မောင်တင် "ကုန်းဘောင်ဆက်မဟာရာဇဝင်"(ပတွဲ)

၃။     ညိုမြ "ကုန်းဘောင်ရှာပုံတော်"

၎။     ဒေါက်တာသန်းထွန်း "တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ"

၅။     တင်နိုင်တိုး "ပုဂံမင်းဆက်ရာဇဝင်သစ်"

၆။     မောင်ကြည်သန့် 'မြန်မာ့သမိုင်းမှအထင်ကရ ဇာတ်ကောင်များ"




မူရင်းစာရေးသားသူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

BURMESE TIMES

NEWS AND HEALTH မှ ကူးယူ၍ တည်းဖြတ်ပါသည်။

_____

ပညာမွတ်သိပ်သူများ

W.O

No comments:

Post a Comment