Thursday, December 15, 2022

ရှေးစကားရွှေအလား (၈)

 


ရှေးစကားရွှေအလား (၈)


"Andañg, Kalung, Baassóra, 
guli mairle tóttorá."


ဒီလင်္ကာဟာ လွတ်လပ်ပြီးခေတ်တွင် ပေါ်ပေါက်ခဲ့တဲ့ တေးတစ်ပုဒ်ရဲ့ အပိုင်းအစတစ်ခုဖြစ်ပါတယ်။ ဗမာပြည် လွတ်လပ်ရေးရသွားပြီးနောက် ရိုဟင်ဂျာတွေဟာ မိမိတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မျှမျှတတ မရရှိခဲ့တဲ့အတွက် လက်နက်စွဲကိုင်တော်လှန်ခြင်း လမ်းစဉ်ကို စတင်လိုက်လေတယ်။ ဒီနေရာမှာ ကုလားတွေ လက်နက်စွဲကိုင် တော်လှန်တယ်လို့ ကြားရုံနဲ့ ဟာ… ဒီကောင်တွေဟာ အကြမ်းဖက်သမားပဲ၊ တိုင်းရင်းသားတွေကို သောင်းကျန်းနေခဲ့တာပဲလို့ တချို့မျက်စိတစ်ဖက်ကန်းတွေက ပြေးမြင်ကြတယ်။ တကယ်တော့ ဘယ်လူမျိုး၊ ဘယ် ဘာသာပင်ဖြစ်စေ မိမိတို့အမှန်တကယ် ရသင့်တဲ့အခွင့်အရေးတွေကို နှုတ်နဲ့စာနဲ့ လွယ်လွယ်လေးတောင်းဆိုလို့ မရရှိခဲ့ရင် ရရာဖက်ကနေ တော်လှန်တာက မွန်မြတ်တဲ့အာဇာနည်သူရဲကောင်း လုပ်ရပ်ဖြစ်တယ်။ မဖြစ်မနေလုပ်ရမယ့် နိုင်ငံသားတစ်ဦးချင်းစီရဲ့ တာဝန်တစ်ခုလည်းဖြစ်တယ်။ ဒါကို ဘုမသိဘမသိဘဲ မုတ်ဆိတ် မြင်လိုက်ရုံနဲ့ နာလန်ပိန်းတွေလို အကြမ်းဖက်သမား၊ နယ်ချဲ့သမားလို့ သမုတ်ခြင်းက ကိုယ်ချင်းစာတရားမရှိတဲ့၊ အဓမ္မတရားကို ကိုးကွယ်တတ်တဲ့ မျက်စိတစ်ဖက်ကန်းတွေရဲ့ ဖွင့်ဆိုချက်ပါပဲ။ 

ကဲ… ရိုဟင်ဂျာတွေ တန်းတူအခွင့်အရေးအတွက် ဒီလို လက်နက်စွဲကိုင် တော်လှန်လာတဲ့ကာလတလျှောက် ခေါင်းဆောင်အမျိုးမျိုး ပေါ်ပေါက်ခဲ့တယ်။ အဲဒီထဲက ဗိုလ်ကာဆိမ့်ဆိုတဲ့ ခေါင်းဆောင်တစ်ဦးက အတော့်ကို ထင်ရှားခဲ့တယ်။ အင်အားတွေလဲ တော်တော် တောင့်တင်းရှိခဲ့တယ်။ တစ်ဖက်က ကြမ်းကြုတ်တဲ့ နာမည်ဆိုးနဲ့လည်း လူသိများကြတယ်။ သူ့ခေတ်မှာ မယုဒေသကို ယခင် တော်လှန်ရေးသမားတွေထက် တိုးချဲ့ထိန်းချုပ်နိုင်ခဲ့ပြီး ၈ နှစ်တိုင်တိုင် ဩဇာလွှမ်းမိုးနိုင်ခဲ့တယ်လို့ ဆိုကြတယ်။ ဗမာခြေကျင်တပ်နဲ့ ရေတပ်တို့ရဲ့ အကြိမ်ကြိမ် ထိုးစစ်ဆင်မှုကြောင့် နောက်ဆုံးတွင် အင်အားပျက်ပျော့လာကာ တစ်ဖက်နိုင်ငံသို့ ခိုလှုံခဲ့လေတယ်။ 

ဒီလင်္ကာကား အဲဒီ ကာဆိမ့်ခေတ်က ဆိုရိုးဖြစ်တယ်။ ဒီဟာက ဗိုလ်ကာဆိမ့်ရဲ့ ဩဇာအာဏာနဲ့ ရဲရင့်မှုကို ဖော်ပြတဲ့ အဖွဲ့လည်းဖစ်တယ်။ ဒီမှာ Añgdañg, Kalung, Baassóra တွေဟာ ကျေးရွာနာမည်တွေဖြစ်တယ်။ ဗိုလ်ကာဆိမ့် လှုပ်ရှားခဲ့တဲ့ ဧရိယာတွေပေါ့။ guli ကျတော့ သေနတ်၊ mairle က ပစ်ရင်၊ tóttora ကတော့ တုန်ခါသွားတတ်တယ်။ ဆိုလိုတာက ဗိုလ်ကာဆိမ့် သေနတ်ပစ်ရင် အင်းဒင်၊ ကလုန်း၊ ဘာစ္စာရာ ထိ လှုပ်ခါတတ်တယ်။ 

တချို့က ဆိုကြတယ်။ ဗိုလ်ကာဆိမ့်ရဲ့ သေနတ်ပစ်သံမှာ ကာဆိမ့်…ကာဆိမ့်… လို့ အသံပါလာတတ်တယ်။ ဒီစကားတွေဟာ ဒေသခံတွေက ဗိုလ်ကာဆိမ့် ကို ကြောက်ရွံ့လို့ ပြောဆိုခဲ့တဲ့ စကားတွေဖြစ်တယ်။ ကာဆိမ့်ရဲ့ ကြမ်းကြုတ်မှုကြောင့် ဒေသခံတွေရဲ့ စိတ်ထဲ အကြောက်တရား ဖြစ်လာခဲ့တယ်လို့ ခန့်မှန်းနိုင်တယ်။ တဖက်က သူရဲ့ ရဲရင့်မှုကို ဖော်ကျူးတဲ့ ဆိုရိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

အများအကျိုးအတွက် လက်နက်ကိုင် တော်လှန်တယ် ဆိုတာနဲ့ အမျိုးမျိုးအပြားပြား အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတတ်တယ်။ ဒီမှာ အောင်မြင်တဲ့အရွေ့နဲ့ ရှေ့ဆက်နိုင်ခြင်းက တော်လှန်ရေးအောင်ပွဲရဲ့ နိမ်ိတ်ဖြစ်တယ်။ အာဏာအားကိုး အတ္တဆန်ခေါင်းမာတဲ့ ဆုံးဖြတ်ချက်တွေက တော်လှန်ရေးကို နေဝင်မီးငြိမ်းစေတယ်။ အဲလို အကျပ်အတည်းတွေကို ပညာသားပါပါ၊ စည်းစနစ်ကျကျ ကျော်လွှားနိုင်တဲ့ နည်းဗျူဟာဆိုတာ ခေါင်းဆောင်ပိုင်းတွေမှာ မဖြစ်မနေ ရှိသင့်တယ်။ အကျိုးဆောင် လက်တွေ့ကျတဲ့ဗျူဟာနဲ့ မကျော်လွှားတတ်ဘူးဆိုရင် ကိုယ့်အမျိုးကို ကယ်တင်ဖို့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းဟာ ကိုယ့်အမျိုးအပေါ် ပြန်အန္တရာယ်ဖြစ်သွားတတ်တယ်။ ဗိုလ်ကာဆိမ့်အဖွဲ့ကလည်း ဘဏ္ဍရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ သူက နည်းလမ်းကောင်းတွေ မချမှတ်ဘဲ ဒေသခံတွေဖက် ဦးလှည့်ခဲ့တယ်။ ဒေသခံတွေထံမှ ဆက်ကြေးတွေ ရိက္ခာတွေ မရရအောင် ကောက်ခံတယ်။ ငြင်းတဲ့သူ၊ ဆန့်ကျင်တဲ့သူတွေကို ပြစ်ဒဏ်အမျိုးမျိုး ခတ်တယ်။ ဒါနဲ့ တဖြေးဖြေး ညှည်းပမ်းမှုလည်း များလာတော့ ဒေသခံတွေရဲ့ ထောက်ခံမှုလည်း လျော့နည်းသွားတယ်။ နောက်ဆုံး ဒေသခံတွေနဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီးတော့ မောင်းထုတ်လိုက်ခြင်းခံရလေတယ်။

သူဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာပေမယ့် သူ့ရဲ့ လုပ်သွားတဲ့ခြေရာတွေဟာ ရိုဟင်ဂျာတော်လှန်ရေးသမိုင်းစာမျက်နှာမည်းအဖြစ် ယနေ့ထက်ထိ ကျန်ရစ်နေဆဲ။ "လူသေသော်လည်း နာမည်မသေ။" ပြောမှတ်စကားရှိပေမဲ့ နာမည်ကောင်းနဲ့ ဂုဏ်ယူစရာဖြစ်ချင်သလား ဒါမှမဟုတ် နာမည်ဆိုးနဲ့ နှာခေါင်းရွံ့စရာ ဖြစ်ချင်သလား။ ဒီစိတ်ဓာတ်က အခရာပါပဲ။ 


(ရိုဟင်လေး)

စက်တင်ဘာ ၂၂၊ ၂၀၂၀။


#Burá_burír_hotá

No comments:

Post a Comment