ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲနှင့် မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်
၁၉၇၁ ခု၊ ဒီဇင်ဘာလ ၁၆ ရက်မှာ ယခင်က အရှေ့ပါကစ္စတန်လို့ ခေါ်ခဲ့တဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ လွတ်လပ်ရေး ရရှိခဲ့တယ်။ ယနေ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံဟာ ၅၁ ကြိမ်မြောက် လွတ်လပ်ရေးအောင်ပွဲကို ကျင်းပနေတယ်။ ဘင်္ဂါလားဒေ့ရ်ှဟာ ပါကစ္စတန်ကနေ ခွဲထွက်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲကာလမှာ ကမ္ဘာ့နိုင်ငံအသီးသီးက မိမိတို့ရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံခြားရေး ပေါ်လစီအရ ပါကစ္စတန်ဘက်က၎င်း၊ ဘင်္ဂါလားဒေ့ရ်ှဘက်က၎င်း အသီးသီးရပ်တည်ခဲ့ကြတယ်။ စစ်ပွဲအတွင်း အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ဗမာပြည်ဘက်သို့ ထွက်ပြေးခိုလှုံလာခဲ့တဲ့ ဒုက္ခသည်လည်း ၁၀ သန်းကျော် ရှိခဲ့တယ်။ မြန်မာဘက်ကို ၃-၄ သိန်းခန့်နဲ့ အိန္ဒိယဘက်မှာ ၉ သန်းကျော် ခိုလှုံလာခဲ့တယ်။
သူတို့ရဲ့ လွတ်လပ်ရေးတိုက်ပွဲကာလမှာ အိမ်နီးချင်း ဗမာပြည်နဲ့ ရခိုင်မွတ်စလင် ရိုဟင်ဂျာတွေက ဘယ်ဖက်ကနေ ထောက်ခံသွားသလဲ ဆိုတာကို လိုရင်း ဖော်ပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗမာပြည်ကိုရောက်ရှိလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဗမာပြည်တွင် ကျန်ရစ်နေထိုင်ခဲ့တယ်ဆိုတဲ့ မျိုးချစ်တွေရဲ့ စွပ်စွဲချက်လည်း ဘယ်လောက်အထိ မှန်ကန်သလဲ၊ ဘယ်လို ဘယ်လိုဂျင်းတွေ ထည့်သွားတာကိုလဲ ဒီဆောင်းပါးကနေ ထင်ယောင်ထင်မှား မရှိအောင် သဘောပေါက်သွားမှာ ဖြစ်တယ်။
ဦးစွာ အဲဒီ ၁၉၇၁ ခု အရှေ့ဘင်္ဂါလား-ပါကစ္စတန်တိုက်ပွဲမှာ တို့ဗမာပြည်က ဘယ်ဘက်ကရပ်တည်ခဲ့သလဲ။ တိုတိုတောင်းတောင်း ပြောရရင် ဗမာပြည်ဟာ ဘင်္ဂလားဘက်ကနေ ရပ်တည်ခဲ့ခြင်း မရှိချေ။ ဗမာပြည်ဟာ ပါကစ္စတန်နဲ့ သံတမန်ဆက်ဆံရေးကောင်းနေချိန်ဖြစ်တယ်။ ကြားနေအဖြစ်နေခဲ့တယ်လို့ ဆိုပေမယ့် ပါကစ္စတန်ဘက်ကနေ အသာပေးရပ်တည်သွားခဲ့တာကို တွေ့ရပါတယ်။
ဗမာပြည်မှာ အာဏာရှင်ဗိုလ်နေဝင်းက မတရားအာဏာ ဆုပ်ကိုင်ထားတဲ့ မဆလခေတ်ဖြစ်တယ်။ အရှေ့ဘင်္ဂါလား-ပါကစ္စတန်စစ်ပွဲမှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံက လူအား၊ လက်နက်အား အလုံးအရင်း ထောက်ပံ့ခြင်းဖြင့် အရှေ့ဘင်္ဂါလားကို ထောက်ခံကူညီခဲ့တယ်။ အိန္ဒိယက သူတို့ရဲ့ လေပိုင်နက်ကို ပါကစ္စတန်အတွက် ကန့်သတ်လိုက်တဲ့အခါ ဗမာပြည်ဟာ ပါကစ္စတန်တပ်ဖွဲ့တွေရဲ့ စစ်ရေးထောက်ကူလမ်းကြောင်းဖြစ်လာခဲ့တယ်။ ပါကစ္စတန်က စစ်သားတွေ၊ လက်နက်ခဲယမ်းတွေဟာ ဗမာပြည်မှတဆင့် စစ်မြေပြင်သို့ ပို့ဆောင်လေ့ရှိတယ်။ ဗမာပြည်နဲ့ သီရိလင်္ကာနိုင်ငံတွေမှာ ပါကစ္စတန်ရဲ့လေကြောင်းယာဉ်တွေ လောင်စာဆီဖြည့်ရန် ဆင်းနားခွင့်ရခဲ့တယ်။ စစ်ပွဲပြီးဆုံးခါနီးတွင် ပါကစ္စတန်ထိပ်တန်းအရာရှိတွေဟာ ဗမာပြည်သို့ ထွက်ပြေး ခိုလှုံခဲ့ကြတယ်။ ဗိုလ်ချုပ်ကြီး နာဇီယာ အပါအဝင် စစ်တပ်အကြီးအကဲနဲ့ မိသားစုတွေ ၂၀၀ ကျော်ဟာ ရဟတ်ယာဉ်တွေနဲ့ စစ်တွေမြို့သို့ ညချင်းထွက်ပြေးလာကြတယ်။ ဗမာအစိုးရက သူတို့ကို ပါကစ္စတန်သို့ ဘေးမဲ့ပြန်နိုင်အောင် ကူညီပေးခဲ့တာက အားလုံးအသိဖြစ်တယ်။ ဒါတွေကို လေ့လာခြင်းဖြင့် ဗမာပြည်ဟာ ပါကစ္စတန်နဲ့ အတူ ရပ်တည်ခဲ့ကြောင်း ပေါ်လွင်ပါတယ်။
ဒါ့အပြင် ၁၉၇၁ ခု၊ ဇူလိုင်လ ၂ ရက်နေ့ အိန္ဒိယပါလီမန် အစည်းအဝေးမှာ ဗမာပြည်ဟာ ဒီဘင်္ဂလားလွတ်လပ်ရေးကြိုပမ်းမှုတွင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရ်ှတို့ရဲ့ မဟာမိတ်အဖြစ် ရပ်တည်တာ မရှိခဲ့ကြောင်း ပေါ်ပေါ်ထင်ထင် ဖော်ပြခဲ့တယ်။ ၁၉၇၁ ခု၊ ဇူလိုင်လ ၃၁ ရက်နေ့ အနောက်ဘင်္ဂေါ (အိန္ဒိယ) ညီလာခံတွင် ဘင်္ဂါလားမှ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အိန္ဒိယက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသလို ဗမာပြည်က အသိအမှတ်မပြုခဲ့ကြောင်း ဝေဖန်ဆွေးနွေးခဲ့တယ်။ ၁၉၇၁ ခု ဒီဇင်ဘာလတွင် မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် ဗိုလ်နေဝင်းစစ်တပ်က တိုက်ပွဲအချို့ဖြစ်ပွားစေပြီး ကမ္ဘာ့အာရုံ လွဲစေခဲ့တယ်လို့ သမိုင်းပညာရှင်တွေက ကောက်ချချခဲ့တယ်။
၁၉၇၁ ခု ဇွန်လတွင် ပြည်ပရောက်ဘင်္ဂလားဒေ့ရ်ှအစိုးရက ဘင်္ဂလားဒေ့ရ်ှမှ လူဦးရေ ၅၀,၀၀၀ ခန့် မြန်မာနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြောင်း အဲဒီထဲမှ ၂၀,၀၀၀ ခန့်မှာ ဌာနေတိုင်းရင်းသားလူနည်းစုများဖြစ်ကြောင်း ထုတ်ပြန်ခဲ့တယ်။ ဗမာပြည်ရဲ့ တချို့အကိုးအကားအရ ဒုက္ခသည် ၅၀၀,၀၀၀ ခန့်လို့ ဖော်ပြတာတွေ့ရတယ်။ ဒီနေရာမှာ ဌာနေတိုင်းရင်းသားဆိုတာက မောဂ်လူမျိုးစတဲ့ လူနည်းစုကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဧပြီလ ၂၀ ရက်နေ့ ရခိုင်ပြည်နယ်၊ ဘော်လီဘာဇား (ယနေ့ ကြိမ်ချောင်း)မှာ ဗမာအရာရှိတွေနဲ့ ဘင်္ဂါလား ရွေးကောက်ခံ ကိုယ်စားလှယ်တချို့ အဲဒီ စစ်ပြေးဒုက္ခသည်အရေးနဲ့ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ဗမာအစိုးရက အရှေ့ပါကစ္စတန်မှ ထွက်ပြေးလာသူတွေကို ဒုက္ခသည်စခန်းတွေမှာသာ ယာယီနေထိုင်ခွင့်ပေးပေမယ့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လုံခြုံရေးကို ထောက်ပံ့နိုင်မှာမဟုတ်ကြောင်း တာဝန်ရှိသူတွေက ခပ်တည့်တည့် ငြင်းဆိုခဲ့တယ်။ ပါကစ္စတန်ကို ဆန့်ကျင်ရာရောက်တဲ့ ဘာကိုမှ လုပ်မပေးနိုင်ဘူးလို့ မိမိတို့ရပ်တည်ချက်ကို ထုတ်ပြခဲ့တယ်။ ဗမာပြည်က ဘင်္ဂါလားမှ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ပေါ်ပေါ်ထင်ထင် စာနာမှု မပြခဲ့တာက ထင်ရှားပါတယ်။ ဒုက္ခသည်တွေနဲ့ ကြပ်ကြပ်တည်းတည်း ဆက်ဆံခဲ့တယ်။ ပြီးတော့ ဒုက္ခသည်တချို့ကိုလည်း ပါကစ္စတန် ဆန့်ကျင်ရေး ပူးပေါင်းကြံစည်မှုဖြင့် ဖမ်းဆီးကာ ပါကစ္စတန်တပ်ဖွဲ့ထံ လွှဲအပ်ပေးခဲ့တယ်လို့လဲ သူတို့ရဲ့ တချို့မှတ်တမ်းတွေမှာ တွေ့ရတယ်။ ဒီလောက်ဆို ဗမာပြည်ရဲ့ ထောက်ခံမှုက ဘယ်ဖက်တိမ်းစောင်းနေသလဲဆိုတာ သဘောပေါက်သွားပြီးလို့ ထင်ပါတယ်။
အဲဒီ ဘင်္ဂလားစစ်ပွဲအတွင်း ဘင်္ဂါလီဒုက္ခသည်တွေဟာ အာရကန်မွတ်စလင် ရိုဟင်ဂျာ အများစု ပျံ့နှံ့နေထိုင်တဲ့ ရခိုင်ပြည်ကို ခိုလှုံကြတာ ဆိုတော့ ရိုဟင်ဂျာတို့ရဲ့ အခန်းကဏ္ဍကို ဖော်ပြရန် ထိုက်တန်လောက်ပြီ။ အဲဒီတုန်းက ပါကစ္စတန်နိုင်ငံဟာ ရိုဟင်ဂျာလက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံတဲ့ နိုင်ငံတစ်ခုဟု ကောလာဟလသတင်းပျံ့နေချိန်ဖြစ်တယ်။ ဒီတော့ ရိုဟင်ဂျာတွေကလဲ ဘင်္ဂလားဒေ့ရှ် ခွဲထွက်ရေးတိုက်ပွဲကို ဆန့်ကျင်ပြီး ပါကစ္စတန်ကို ထောက်ခံနိုင်ခြေများတယ်။ ရိုဟင်ဂျာတွေက ဗလီဝတ်ပြုကျောင်းတွေမှာ ပါကစ္စတန်အတွက် အထူးဝတ်ပြုဆုတောင်းပွဲတွေတောင် ပြုလုပ်ခဲ့ကြတယ်လို့ တချို့က ဆိုကြတယ်။ စစ်တွေသို့ ထွက်ပြေးလာတဲ့ စစ်ထိပ်တန်းအရာရှိတွေနဲ့ မိသားစုဝင် စုစုပေါင်း ၂၀၀ ကျော်ကို စစ်တွေက ဒေသခံမွတ်စလင်တွေက၎င်း၊ ရန်ကုန်ရှိ ဒေသခံမွတ်စလင်တွေက၎င်း ဧည့်သည်ကျင့်ဝတ်နဲ့အညီ ဧည့်ဝတ်ကျေပွန်ခဲ့ကြောင်း ဗိုလ်ချုပ် မိုဟာမတ် အာဇမ် ရေးသားခဲ့တဲ့ Pakistan Army Aviation Escape Story From East Pakistan ကိုယ့်တွေ့မှတ်တမ်းစာအုပ်တွင် အတိအလင်းဖော်ပြထားတယ်။ ဒေသခံရိုဟင်ဂျာတွေက ဘင်္ဂါလီဒုက္ခသည်တွေကို နှိပ်ကွပ်ပြီး ဒုက္ခသည်စခန်းရှိ ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်တွေကို ဗမာနဲ့ ပါကစ္စတန်တပ်တွေဆီ လွှဲပြောင်းပေးတာလေ့ရှိတယ်လို့ နေရပ်ပြန် ဘင်္ဂါလီတွေက ယနေ့ထိ စွပ်စွဲကြတယ်။ "သူတို့က ငါတို့ရဲ့ 'Mukti Force (လွှတ်မြောက်ရေး တပ်မတော်) ကို 'Murti Force' (ရုပ်ထုတပ်မတော်) လို့ ပြောင်လှောင်ကြတယ်။" စတဲ့ စွပ်စွဲချက်တွေ တစ်ချို့ ဘင်္ဂါလားဒေ့ရှ် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း စာမျက်နှာတွင် ဖော်ပြထားတာ တွေ့ရတယ်။ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲကို ထောက်ခံတဲ့လူ၊ ဒုက္ခသည်တွေကို စာနာတဲ့လူ လုံးဝမရှိဘူးလို့ မပြောလိုပါဘူး။ ရှိတော့ရှိနိုင်တယ်။ ဒါပေမဲ့ ပါကစ္စတန်ဘက်က အများစုပါပဲ။ ဒီလို ဗမာအစိုးရနဲ့ ရိုဟင်ဂျာလူမျိုး နှစ်ရပ်လုံးက ပူးပေါင်းဖိနှိပ် ရန်လိုတဲ့ပတ်ဝန်းကျင်မှာ ဒီဘင်္ဂါလီဒုက္ခသည်တွေဟာ ရေရှည်နေထိုင်ဖို့ စိတ်ကူးတောင် ပေါ်မှာ မဟုတ်ဘူးလို့ ထင်မိတယ်။ နောက်ပိုင်းမှာတော့ ပါကစ္စတန်လိုလားသူ ပါကစ္စတာနီဘင်္ဂါလီ ထောင်ဂဏန်းကျော်ဟာ ဘင်္ဂလားဒေ့ရ်ှမှာ နှိပ်စက်အရေးယူခံရမှာကို စိုးရိမ်လို့ ဒုက္ခသည်အဖြစ် ရခိုင်တွင် ကျန်ရစ်နေတယ်လို့ နေဝင်းအစိုးရက ထုတ်ပြန်ခဲ့တယ်။ ဒါကိုလည်း နောင်တွင် ဗိုလ်နေဝင်းက နှစ်နိုင်ငံညှိနှိုင်းမှုဖြင့် နေရပ်ပြန်ပို့ကာ ပါးပါးနပ်နပ် ဖြေရှင်းခဲ့တယ်။
ဗိုလ်နေဝင်းအစိုးရက ဒုက္ခသည်များ ခိုလှုံလာသည်နှင့်တပြိုက်နက် တိတိကျကျ စာရင်းကောက်ယူတယ်။ အများပြည်သူပိုင် နေရာဖြစ်တဲ့ ကျောင်း၊ ဆေးရုံစတဲ့ နေရာတွေမှာ နေရာချပေးတယ်။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်တစ်ဝိုက်တွင် ဒုက္ခသည်များကို ဒေသခံတွေရဲ့ အိမ်ခြံလွှတ်၌ နေရာချမပေးရန်၊ အစိုးရဒုက္ခသည်စာရင်းတွင် ပါဝင်ခြင်းမရှိတဲ့ တစ်ဖက်နိုင်ငံက ဘင်္ဂါလီတွေ တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံး သတင်းပို့ရန်၊ ပျက်ကွက်ကျူးလွန်ပါက ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်ကြောင်း ဒေသိယအမိန့်ထုတ်ပြန်ထားတယ်။ နယ်စပ်တလျှောက် စစ်ကြောင်းလှုပ်ရှားမှုများကို တိုးချဲ့ပြုလုပ်ကာ နယ်စပ်ကို ၂၄ နာရီ စောင့်ကြပ်ခဲ့တယ်။ တောင်ပြိုဘက်ကနေ အဲလို နေရာချပေးခဲ့တဲ့အတွက် ဒေသခံအချို့ အရေးယူ ထောင်ကျခံခဲ့ရတာလည်းရှိတယ်လို့ သိရတယ်။ အဲမှာ အာလောမ်ရဲ့ ဖခင်တစ်ယောက်ကလည်း ဘင်္ဂါလီဒုက္ခသည်အချို့ကို မိမိရဲ့ ခြံလွှတ်တလင်းတွင် တဲထိုးယာယီနေထိုင်ခွင့်ပေးခဲ့တဲ့အတွက် အလုပ်ကြမ်းနဲ့ ထောင်တစ်နှစ်ကျော် ပြစ်ဒဏ်ခံဖူးတယ်လို့ အာလောမ်က ဆိုတယ်။
ဘင်္ဂလားဒေ့ရ်ှက လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်သွားပြီ။ ဒါပေမဲ့ ပြည်တွင်းစစ်ပွဲ အငွေ့အသက်တော့ ဘင်္ဂလားမြေပြင်မှာ ရှိနေဆဲပါပဲ။ ပါကစ္စတန်တပ်မတော်ရဲ့ အကြွင်းအကျန်စစ်သားအချို့ဟာ စစ်တကောင်း တောင်တန်းဒေသရှိ လူမျိုးစုတွေနဲ့ပူးပေါင်းပြီး တောထူထပ်ရာ မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်ကတဆင့် အသစ်တက်လာတဲ့ ဘင်္ဂလားဒေ့ရ်ှအစိုးရကို ဆက်လက်တိုက်ခိုက်ခဲ့တယ်။ သိပ်မပြင်းထန်တဲ့ ဒီတိုက်ပွဲတွေဟာ (၂)နှစ်ကျော်ကြာ ဆက်လက်ဖြစ်ပွားခဲ့တယ်။ "ပါကစ္စတန်နဲ့ လူမျိုးစု ပူးပေါင်းတပ်ဖွဲ့တွေက ဗိုလ်နေဝင်းစစ်တပ်ရဲ့ အပြန်အလှန်နားလည်သည်းခံခြင်းမရှိဘဲ မြန်မာပြည်ရဲ့ပိုင်နက်အသုံးပြုပြီး ဒီလို ကာလကြာရှည်စွာ ဆက်လက်တိုက်ပွဲဝင်နိုင်မှာကား မဖြစ်နိုင်သလိုပဲ" ဟု သမိုင်းဆောင်းပါးရေး ဘင်္ဂါလီစာရေးဆရာတစ်ဦးက သူရဲ့ ထင်မြင်ယူဆချက် မျှဝေခဲ့တာ တွေ့ရပါတယ်။"
ဒီမှာ စိတ်ဝင်စားစရာကောင်းတာက ဘင်္ဂါလားဒေ့ရ်ှအောင်ပွဲခံပြီး တစ်လအတွင်းမှာပဲ ဗမာပြည်က ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို အသိအမှတ်ပြုခဲ့တယ်။ ဒီလို အသိအမှတ်ပြုခြင်းရဲ့ နောက်ကွယ်က ဗိုလ်နေဝင်းရဲ့ ပါးနပ်မှုရှိတယ်။ အဲဒါက စစ်ပြေး ခိုလှုံလာတဲ့ ဒုက္ခသည်ကိစ္စကို နှစ်နိုင်ငံပူးပေါင်းကာ အမြန်ဆုံး ဖြေရှင်းရေးဖြစ်တယ်။ ပြီးတော့ အဓမ္မအာဏာသိမ်းကာ ထိန်းချုပ်ထားတဲ့ ဗမာပြည်မှာ ဒုက္ခသည်အရေးနဲ့ညှိပြီး နိုင်ငံတကာစိတ်ဝင်စားမှု ပိုမလာအောင် မြန်မြန် ရုန်းလာခြင်းဖြစ်တယ်။ ဗိုလ်နေဝင်းက ကုလသမဂ္ဂ လူသားချင်းစနာထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ တိုင်းပြည်ထဲ အဝင်မခံစေချင်တဲ့အတွက်ကြောင့် ချက်ချင်း အသိအမှတ်ပြုလိုက်တာက ပေါ်လွင်ပါတယ်။ ဗိုလ်နေဝင်းက အသစ်တက်လာတဲ့ ဘင်္ဂလားအစိုးရနဲ့ အချိန်မီ ညှိနှိုင်းပြီး စစ်ပြေးဒုက္ခသည်တွေကို တောင်ပြို၊ မောင်တော မှတဆင့် ဘင်္ဂလားအစိုးရအား လွှဲအပ်ပေးခဲ့တယ်။ တောင်ပြိုဒုက္ခသည်လွှဲပြောင်းပေးရေးစခန်းမှ ဒုက္ခသည်တွေကို ရှေ့နေမောန်တာစ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ ပြန်လည်လက်ခံရေးအဖွဲ့က လက်ခံခဲ့တယ်လို့ဆိုတယ်။ ဗမာဘက်ကတော့ ဘယ်သူဦးဆောင်ခဲ့တာ တိတိကျကျ မသိရချေ။ ဒါနဲ့ ဘင်္ဂလီဒုက္ခသည်အရေး ပြေလည်သွားခဲ့ပါပြီ။
၁၉၇၄ ခု ဧပြီလတွင် ဗိုလ်နေဝင်းဟာ ဘင်္ဂလားဒေ့ရ်ှကို ၄ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ပြီး ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးခေါင်းဆောင် ဘင်္ဂေါဘောန္ဒူ ချဲ့ခ်မူဂျီဘူရ်ရာဟာမာန် အပါအဝင် အစိုးရအကြီးအကဲတွေနဲ့ တွေ့ဆုံကာ သံတမန်ဆက်ဆံရေး ရေရှယ်ခိုင်မာအောင်နဲ့ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်စေအောင် မိတ်ဖက်လက်ကမ်းလှမ်းရန် ရောက်လာခြင်းဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့တယ်။
ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတာကတော့ ထိုနှစ် ၁၉၇၄ ခုမှာပဲ ဗိုလ်နေဝင်းဟာ ပါကစ္စတန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ဘင်္ဂလားဒေ့ရ်ှနိုင်ငံအား ချက်ချင်းအသိအမှတ်ပြုမှုအတွက် ဆင်ခြင်ပေးချက်တွေနဲ့ တောင်းပန်ခဲ့တယ်။
ဒါနဲ့ ဘင်္ဂလားလွတ်လပ်ရေးတိုက်ပွဲမှာ ဗမာအစိုးရနဲ့ ရိုဟင်ဂျာလူမျိုးတွေဟာ ပါကစ္စတန်ကို ထောက်ခံခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရ်ှအောင်ပွဲခံတဲ့အခါ ဗမာအစိုးရက ဘက်ပြောင်းပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို အသိအမှတ်ပြုကာ စစ်ပြေးဒုက္ခသည်ကို နှစ်နိုင်ငံအစိုးရအစီအစဉ်ဖြင့် နေရပ်ပြန်ပို့ဆောင်ခဲ့ကြောင်း လက်လှမ်းမီသမျှ ခိုင်လုံတဲ့ အကိုးအကားတွေနဲ့ တင်ပြပေးလိုက်ပါတယ်။
—လူထုဝဏ္ဏ
(၁၆-၁၂-၂၀၂၂)
ကိုးကား-
http://www.burmalibrary.org/docs3/challenges_to_democratization_in_burma_chapter2.pdf
https://m.facebook.com/combataviationhistoryofpakistan/photos/a.1462389717343806/1668346133414829/?type=3
https://www.daily-sun.com/post/477687/Burmese-President%E2%80%99s-Visit-to-Bangladesh
No comments:
Post a Comment