Thursday, December 28, 2023

Miss Global Myanmar 2023 Akari Su

 

Miss Global Myanmar 2023 Akari Su


SEX EDUCATION is her Advocacy Project


          သူမကတော မော်လမြိုင်မြို့ဇာတိ မွန်ရခိုင် ကပြားမလေးတစ်ဦးဖြစ်ပြီး မွေးချင်း လေးဦးအနက် တတိယမြောက်ဖြစ်ပါတယ်။ ပညာအရည်ချင်းကတော Physics (First Year Diploma In Yangon University) ဖြစ်သလို သူမရဲ့ အရပ်အမြင့်ကတော 5'11" လက်မဖြစ်ပါတယ်။ မွန်တိုင်းရင်းသားတို့ရဲ့ ရိုးရာအကကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ကာ သရုပ်‌ေဆာင်ပညာရပ်ကိုလည်း လေ့လာဆည်းပူးနေသူတစ်ဦးဖြစ်ပါတယ်။

           Beauty Pageant ကို Passionate ဖြစ်နေတဲ့ သူမက ပြိုင်ပွဲမပြိုင်ခင်ကတည်းကနေ Pageant    Knowledge တွေအပြင် လိုအပ်တဲ့ Training တွေကို ဆရာတွေနှင့်အတူ လေ့ကျင့်သင်ယူနေခဲ့တာပဲဖြစ်ပါတယ်။ 

            Miss Global ရဲ့ SLOGAN ကတော.. Empower.... Embrace...Embody တို့ဖြစ်တယ်။       

         SEX EDUCATION ဆိုတဲ့ Advocacy Project ကတော သူမရဲ့ ချစ်ရတဲ့သူငယ်ချင်းရဲ့ ဖြစ်ရပ်မှန် အကြောင်းရာကို အခြေခံပြီး လုပ်ဖြစ်နေခဲ့တဲ့ Project ပဲဖြစ်ပါတယ်။

           လူကြီးတွေ သဘောမတူရာကနေ Living Together အဖြစ်နေထိုင်ကာ သဓေတားဆေးအလွန်ကျွံသုံးရာမှ နောက်ဆုံး    အသက်ကိုပါပေးဆပ်လိုက်ရတဲ့ သူမရဲ့ သူငယ်ချင်းလိုမျိုး မိန်းကလေးတွေ အများကြီးရှိကြသလို Sex Education အားနည်းမှုတွေကြောင့် ကျန်းမာရေး ပြသနာတွေများစွာ ကြုံနေရတဲ့ အမျိုးသမီးတွေအတွက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ သူမရဲ့ ဆောင်ပုဒ်ကတော "Everyone deserves to live long healthy life."


             Miss Global 2023 ကို Cambodia and Vietnam နှစ်နိုင်ငံတို့တွင် January 1 to 21 ထိ နိုင်ငံပေါင်း (၈၀) မှ ပြိုင်ပွဲ၀င်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Yangon International Airport မှတစ်ဆင့် ပြိုင်ပွဲကျင်းပရာသို့ 1st January 2024 မနက်ပိုင်းတွင် စတင်ထွက်ခွာမှာပဲဖြစ်ပါတယ်။







#Akarisu

#missglobal2023

#roadtomissglobal

#missglobalorganization

#pageantschool

#pageanttraining

#RangoonAkyabstars

နတ်သံကွင်းတိုက်ပွဲတွင် အသက်ပေးသွားသော ရဲဘော် သတ္တိ (ခ) ဟဖိဇ်မုဟမ္မဒ် ဟဘီဘုလ္လာဟ်


နတ်သံကွင်းတိုက်ပွဲတွင် အသက်ပေးသွားသော ရဲဘော် သတ္တိ (ခ) ဟဖိဇ်မုဟမ္မဒ် ဟဘီဘုလ္လာဟ်


" ငါတို့တော်လှန်ရေးဟာ ငါတို့လုပ်မှပြီးမှာ

တော်လှန်ရေးအပေါ် ရိုးသားပါ

အမြတ်ထုတ်သူတွေများလို့"

                       — ရဲဘော်ဟဘီဘုလ္လာဟ်

ရဲဘော်သတ္တိက မကျဆုံးမီမှာ သူ့ရဲ့တော်လှန်ရေးအယူအဆကို သူရဲ့ Facebook စာမျက်နှာမှာ အခုလိုပဲ တင်ထားခဲ့ပါတယ်။

၂၀၂၃ ခု၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ပဲခူးတိုင်းဒေသ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတိုက်ပွဲမှာ ဒေါင်းမင်းစစ်ကြောင်းမှ ရဲဘော်သတ္တိ (ခ) ဟာဖိဇ် မုဟမ္မဒ် ဟဘီဘုလ္လာဟ်ဟာ အဓမ္မဝါဒီ အကြမ်းဖက်စစ်ကောင်စီကို ရဲရဲရင့်ရင့်တိုက်ခိုက်ရင်း တိုင်းပြည်အတွက် ဂုဏ်ရောင်ပြောင်စွာ အသက်ပေးလှူသွားခဲ့ပါတယ်။ ရဲဘော်သတ္တိဟာ နိုင်ငံသားကောင်းတစ်ဦးအနေနဲ့ရော၊ စစ်မှန်တဲ့တော်လှန်ရေးရဲဘော်တစ်ဦးအနေနဲ့ပါ မြန်မာမွတ်စလင်မ်ပီသစွာနဲ့ အသက်ကို ပေးလှူပြီး တော်လှန်ရေးသမိုင်းမှာ မော်ကွန်းရေးထိုးသွားခဲ့ပါတယ်။ ရဲဘော်သတ္တိဟာ ဟဖိဇ်ကုရ်အာန် တစ်ဦးလည်းဖြစ်ပါတယ်။ 

တော်လှန်ရေးရဲ့ စစ်မျက်နှာအသီးသီးမှာ ဘာသာလူမျိုးစုံ ရဲဘော်တွေနဲ့အတူ မြန်မာမွတ်စလင်တွေဟာလည်း ရှေ့ခေတ်အဆက်ဆက်မှ ရဲဘော်များရဲ့ သမိုင်းကို လက်ဆင့်ကမ်းရင်း ပခုံးပြောင်းကာ ပါဝင်လျက်ရှိနေကြပါတယ်။ ရဲဘော်သတ္တိခဲဟာ တော်လှန်ရေးတိုက်ပွဲကဏ္ဍတွေအားလုံးထဲမှာ စစ်ရေးတိုက်ပွဲမှာ ရှေ့တန်းကတိုက်ပွဲနေကြတဲ့ ရဲဘော်တွေထဲက ရဲဘော်တစ်ဦးဖြစ်ပါတယ်။

သူရဲကောင်းတစ်ဦးအနေနဲ့ မြင့်မြတ်စွာ ကျဆုံးသွားခဲ့တဲ့ ရှဟီဒီရဲဘော်သတ္တိရဲ့ စကားဟာ လူထုတစ်ရပ်လုံးအတွက် အင်မတန်တန်ဖိုးရှိတဲ့ သတင်းစကားတစ်ရပ်ဖြစ်ပြီး၊ သူကိုယ်တိုင်ကတော့ သူရဲ့တော်လှန်ရေး အယူအဆကို အသက်ပေးလှူကာ သက်သေပြသွားခဲ့ပြီ ဖြစ်ပါတယ်။ 

အခုလို အသက်ပေးသွားတဲ့ ရဲဘော်တွေများစွာထဲမှာ လူမသိသူမသိ ကျဆုံးသွားရတဲ့ အညတရမြန်မာမွတ်စလင်မ်ရဲဘော်တွေ နေရာအသီးသီးမှာ ရှိနေကြပါတယ်။ ဒီရဲဘော်တွေဟာ ယခင်ကတည်းကရော၊ တော်လှန်ရေးထဲမှာပါ ခွဲခြားမှုတွေကို ခါးစည်းကာ ကြံ့ကြံ့ခံရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားကြတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။


Crd

Friday, December 15, 2023

ARU အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ ဝါကာအုဒ္ဒိန်း

 


ပါမောက္ခ ဒေါက်တာ ဝါကာရ်အူဒ္ဒိန်း(၁၉၅၄-၂၀၂၂)


ဝါကာရ်အူဒ္ဒိန်းကို ဇန္နဝါရီလ ၁၅ ရက်၊ ၁၉၅၄ ခုတွင် မောင်တောမြို့နယ် ဟားဘီဘ်ရွာ၌ ဖွားမြင်ခဲ့သည်။ ဖခင်မှာ မလဝီ လာလ်မိုဟာမတ်၏သား ဆရာမွီဆဒ္ဒိန်း(ခ) မာဆူတ်အုဒ္ဒိန်း ဖြစ်သည်။ ဖခင်ဖြစ်သူမှာ ကျောင်းဆရာတစ်ဦးဖြစ်သည်။ ညီအစ်ကို လေးယောက်အနက် အကြီးဆုံးဖြစ်သည်။

ဝါကာသည် အခြေခံပညာကို မောင်တောမြို့မှာ ဆည်းပူးခဲ့သည်။ မောင်တောမြို့မအထက်တန်းကျောင်းမှ အထက်တန်းအောင်ခဲ့သည်။ ပျဉ်းမနားမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ BAgrSc ဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အမေရိကန်သို့ ပညာတော်သင်အဖြစ် သွားရောက်ကာ အမေရိကန်ပြည်ထောင်စု နာဗာဒါတက္ကသိုလ် (Navada University)မှ ပိုးမွားလောက စီမံခန့်ခွဲမှု (Integrated Pest Management) ဘာသာရပ်ဖြင့် မဟာဘွဲ့ရယူခဲ့သည်။ ၁၉၉၆ ခုတွင် ဂျော်ဂျီယားတက္ကသိုလ်မှ အပင်ရောဂါဗေဒဖြင့် ပါရဂူဘွဲ့  ရရှိခဲ့သည်။

ဝါကာသည် ပညာသင်ယူပြီးနောက် ဂျော်ဂျီယားတက္ကသိုလ် Plant Disease Clinic အလုပ်ဝင်ရင်း အသက်မွေးဝမ်းကျောင်း စတင်ခဲ့သည်။ ထို့အပြင် အခြား အပင်ရောဂါဗေဒဆိုင်ရာ အလုပ်များစွာကိုလည်း လုပ်ကိုင်ခဲ့သည်။ ၁၉၉၈ ခုတွင် Penn State University တွင် မြက်ပင်ရောဂါဗေဒပညာရှင် (Turfgrass Pathologist)အဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် Pennsylvania State University ၌ပင် အဏုဇီဝဗေဒ ပါမောက္ခဖြစ်လာခဲ့သည်။

ဒေါက်တာ ဝါကာသည် ၂၀၀၅ နောက်ပိုင်းတွင် နိုင်ငံရေးဘက်ကို စိတ်ဝင်စားလာခဲ့သည်။ ၂၀၀၈ ခု မေလတွင် The Burmese Rohingya Association North America အဖွဲ့ကို ထူထောင်ကာ ရိုဟင်ဂျာတို့အတွက် တရားမျှတမှုရရှိရေး လှုပ်ရှားလာခဲ့သည်။ ၂၀၁၁ ခု မေလတွင် အိုအိုင်စီကဦးဆောင်၍ ပြည်တွင်းပြည်ပ ရိုဟင်ဂျာအဖွဲ့အစည်းပေါင်း ၂၅ ခုကျော်နှင့်ဖွဲ့စည်းထားသော Arakan Rohingya Union (အာရကန်-ရိုဟင်ဂျာ ညီညွတ်ရေး အဖွဲ့ချုပ်)၏ အထွေထွေညွှန်ကြားရေးမှူးချုပ်(DG) အဖြစ်တင်မြောက်ခံရသည်။ ၂၀၁၂ ခု ရခိုင်လူသတ်မှု အရေးအခင်းနောက်ပိုင်းတွင် ဒေါက်တာဝါကာ၏ နိုင်ငံရေးလှုပ်ရှားမှု အရှိန်မြင့်လာခဲ့သည်။ လှေစီးပြေးဒုက္ခသည်များအရေးတွင် တက်တက်ကြွကြွပါဝင်ခဲ့သည်။ ၂၀၁၃ ခု ဇူလိုင်လတွင် အမေရိကန်အခြေစိုက် Muslim Aid America ၏ ဥက္ကဌ အဖြစ်တင်မြောက်ခံခဲ့ရသည်။

၂၀၁၃ ဖေဖော်ဝါရီလတွင် ပါကစ္စတန် ဒုဝန်ကြီးချုပ် Chaudhary Pervaiz Elahi နှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၄ ခုတွင် ရိုဟင်ဂျာကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အမေရိကန်အောက်လွှတ်တော် စသည်တို့၌ တက်ရောက်ကာ ရိုဟင်ဂျာတို့၏ အခြေအနေကို တင်ပြဆွေးနွေးခဲ့သည်။

၂၀၁၅ စက်တင်ဘာလတွင် အမေရိကန်၌ကျင်းပသော အထက်လွတ်တော်အမတ် ဦးရွှေမောင်နှင့်အတူ ASEAN Parliamentarians အစည်းအဝေးတွင်တက်ရောက်ကာ ရိုဟင်ဂျာအရေးနှင့် မြန်မာပြည် အမုန်းဖျန်းဝါဒကို ရှုတ်ချတင်ပြကာ ဆွေးနွေးခဲ့သည်။ ၂၀၁၅ နိုဝင်ဘာလတွင် ဝါရှင်တန်ဒီစီ၌ ဆန္ဒပြခဲ့သော Interfaith Rally တွင် ပါဝင်ကာ ရိုဟင်ဂျာအရေးကို ကမ္ဘာသိအောင် တင်ပြခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် တူရကီနိုင်ငံ၌ ကျင်းပခဲ့သော ၂၄ ကြိမ်မြောက် Congress of Int'l Union of Muslim Communities တွင်တက်ရောက်ကာ ကမ္ဘာမူဆလင်တို့အား ရိုဟင်ဂျာတို့ကို ကူညီရန်တိုက်တွန့်ခဲ့သည်။ ဒီဇင်ဘာလ ၂၄ ရက်တွင် ယူအေအီနိုင်ငံ ဒိုဘိုင်း ရိုဟင်ဂျာစင်တာ၌ ပြည်ပရောက်ရိုဟင်ဂျာများနှင့် တွေ့ဆုံကာ သူတို့၏ အခက်အခဲတို့ကို ဆွေးနွေးခဲ့သည်။ ၂၀၁၆ ဧပြီလတွင် တူရကီသမ္မတ အာဒိုဂန်နှင့် တွေ့ဆုံခဲ့သည်။ အဂျီဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တော်၌ ကျင်းပသော ၂၀၁၆ ဂလိုဘဲလ် ဖိုရမ်သို့ ဖိတ်ကြားခံရကာ ရိုဟင်ဂျာအရေး တင်ပြခဲ့သည်။ ၂၀၁၆ ဇူလိုင်လတွင် အိမ်ဖြူတော်၌ ကျင်းပခဲ့သော အိဒ်ပွဲတော်အခမ်းအနားတွင် သမ္မတအိုဘာမား၏ ဖိတ်ကြားခြင်း ခံရသည်။ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၈ ခုတင် နောက်တစ်ကြိမ် အာဒိုဂန်နှင့်တွေ့ဆုံကာ ရိုဟင်ဂျာအရေးတွင် ပါဝင်ကူမည်ဟု သမ္မတက ကတိပေးခဲ့သည်။ အောက်တိုဘာလတွင် မက္ကာတွင်ကျင်းပသည့် ၄၃ကြိမ်မြောက် The Supreme Council of Muslim World League တွင် ဖိတ်ကြားခြင်းခံရသည်။ ၂၀၁၉ နိုဝင်ဘာလ အိုအိုင်စီ၏ ရွေရတုသဘင်အခမ်းအနားတွင် ရိုဟင်ဂျာအခွင့်အရေးလှုပ်ရှားမှုအတွက် "လူထုအကျိုးပြုပုဂ္ဂိုလ်ဆု" ချီးမြင့်ခံရသည်။

၂၀၁၉ ဒီဇင်ဘာလတွင် ဒေဟိတ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျီ၌ ရိုဟင်ဂျာကိုယ်စား တက်ရောက်ခဲ့သည်။ 

ဒေါက်တာဝါကာသည် ပထမအိမ်ထောင်အဖြစ် Patricia Chapwaske နှင့် လက်ထပ်ခဲ့သည်။ သမီး Najat Uddin ဖွားမြင်ခဲ့သည်။ ဒုတိယအိမ်ထောင် Saarah Naaem နှင့် လက်ထပ်ခဲ့သည်။ သား Jassim Uddinနှင့် Yunus Uddin ဖွားမြင်ခဲ့သည်။ ဝါကာ ၏ ညီကိုများမှာလည်း တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် တက်တက်ကြွကြွပါဝင်လှုပ်ရှားသူများဖြစ်ကြသည်။ ညီ Tayub Uddin မှာ Democracy and Himan Rights Party ၏ ဥက္ကဌအဖြစ် ဆောင်ရွက်ကာ ၂၀၁၀ တွင် မောင်တောမဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်ခဲ့သည်။ ___Uddin မှာ မောင်တောမြို့တွင် အစိုးရရုံးဘာသာပြန်အဖြစ် ဆောင်ရွက်သည်။ ညီငယ် Reza Uddin မှာ ဝါကာ ကွယ်လွန်ပြီးနောက် ARU ၏ ကြားကာလ ယာယီ အထွေထွေညွှန်ကြားရေးမှူး ဖြစ်လာသည်။

မိမိ၏ အဖိနှိပ်ခံလူမျိုး လွတ်မြောက်ရေးအတွက် ဘဝရင်းနှီးရုန်းကန်နေသော ဒေါက်တာဝါကာအုဒ္ဒိန်းသည် တစ်နေ့ ရုတ်တရက် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာသဖြင့် John's Hopskin University Hospital, Baltimore, Maryland တွင် တစ်လကြာ ကုသမှုခံယူရာမှ  ၂၀၂၂ ခု ဧပြီလ ၂၉ ရက် သောကြာနေ့တွင် မိမိချစ်မြတ်နိုးသော အမျိုးနှင့် မိသားစုများကို နှုတ်ဆက်၍ အလ္လာဟ်အမိန့်တော် ခံယူခဲ့လေသည်။ ပါမောက္ခ ဒေါက်တာဝါကာအုဒ္ဒိန်း၏ ရုပ်ကလပ်ကို Baltimore, Maryland ရှိ King Memorial Cemetry သချ်င်း၌ ဒဖ်နာခဲ့သည်။ ဒေါက်တာသည် မိမိ၏ အဖိနှိပ်ခံနေရသော လူမျိုးကို လွှတ်မြောက်အောင် ကြိုးပမ်းရင်း အိပ်မက် တစ်ပိုင်းတစ်ဝက်နှင့် မိမိလူမျိုးကို နှုတ်ခွန်းဆက်သခဲ့ရလေသည်။ 

ဒေါက်တာဝါကာ ကွယ်လွန်ပြီးနောက် ကမ္ဘာခေါင်းဆောင်များနှင့် ကမ္ဘာအနှံ့အပြားမှ သူ့တပည့်အပေါင်းများနှင့် ရိုဟင်ဂျာလူမျိုးများက ဝမ်းနည်းကြေကွဲခဲ့ကြသည်။ ရိုဟင်ဂျာလူမျိုးသည် အလွန်တန်ဖိုးရှိသော ကြယ်တစ်ပွင့် ဆုံးရှုံးခဲ့ရလေသည်။ ဒေါက်တာသည် ရိုဟင်ဂျာလွှတ်မြောက်ရေးသမိုင်းတွင် အတောက်ပဆုံး ကြယ်တစ်ပွင့်အဖြစ် အစဉ်လင်းလက်နေမည်။ အလ္လာဟ်အရှင်မြတ်သည် ဒေါက်တာဝါကာအုဒ္ဒိန်းအား မြင့်မြတ်သောအစား ချီးမြင့်တော်မူပါစေ။ အာမိန်း။ 


— လူထုဝဏ္ဏ

(၁၃-၁၂-၂၀၂၃)


Thursday, December 14, 2023

သမိုင်းသုတေသီ ဆရာအာမာန်

 



သမိုင်းသုတေသီ ဆရာအာမာန်


ဆရာအာမာန်၏ အမည်ရင်းမှာ အာမာန်အုလ္လာဖြစ်သည်။ အာမာန်အုလ္လာကို ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ် (၅) ရပ်ကွက်တွင် မွေးဖွားခဲ့သည်။ သူသည် ကွယ်လွန်သူ မိုဟာမတ်ရှဖီးနှင့် ကွယ်လွန်သူ ဖရိဇာမာန်ခါတုန် တို့၏ တတိယမြောက်သားဖြစ်သည်။

အစောပိုင်းတွင် မောင်တောမြို့ အစိုးရအထက်တန်းကျောင်းနှင့် ကျောက်ဖြူမြို့ အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် ၁၉၆၉ ခုနှစ်တွင် ရန်ကုန်ဆရာများသင်တန်းကျောင်း (RTTI) တွင် ၂ နှစ် သင်တန်းဆင်းလက်မှတ်ရခဲ့သည်။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ပြင်ပကျောင်းသားအဖြစ် ၁၉၇၇ ခုနှစ်တွင် ဘီေအဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပညာရေးဒီပလိုမာ (ဒီပလိုမာ) ကို ရရှိခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲ Higher-Grade Pleader's Examination (HGP) ကိုလည်း အောင်မြင်ခဲ့သည်။

ဆရာအာမာန်အုလ္လာသည် အမ်းမြို့နယ်နှင့် မောင်တောမြို့နယ်ရှိ အစိုးရ အလယ်တန်းကျောင်း ၄ ကျောင်းတွင် မူလတန်းပြဆရာ (P.A.T) မှ အထက်တန်းပြဆရာ (S.A.T) အထိ ရာထူးအဆင့်ဆင့်ဖြင့် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာစစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးကြောင့် ၁၉၈၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုလှုံခဲ့ပြီး ရိုဟင်ဂျာ တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဆရာသည် မိမိလူမျိုးနှင့် တိုင်းပြည်ငိမ်းချမ်းရေးအတွက် လှုပ်ရှားမှု ကဏ္ဍအမျိုးမျိုးတွင် တက်ကြွပါဝင်ခဲ့သည်။ အချို့အတွက် အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော အာရကန်ရိုဟင်ဂျာ အမျိုးသား အစည်းအရုံး (ARNO) ၏ အထွေထွေအတွင်းရေးမှူး အဖြစ် နှစ်ကာလအချို့ တာဝန်ယူခဲ့သည်။ ARNO သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ရိုဟင်ဂျာအဖွဲ့အစည်းများ ပေါင်းစည်းပေါ်ပေါက်လာခဲ့သော အဖွဲ့အစည်းကြီး တစ်ခုဖြစ်သည်။ လက်ရှိတွင် ဆရာသည် ၂၀--၌ တည်ထောင်ခဲ့သော အာရကန် ရိုဟင်ဂျာ အမျိုးသား မဟာမိတ်အဖွဲ့ (ARNA)၏ ဗဟိုကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

ဆရာအာမာန်အုလ္လာသည် မြန်မာနိုင်ငံ၏ ရိုဟင်ဂျာ၊ ရခိုင်နှင့်ပတ်သက်သော သမိုင်း၊ နိုင်ငံရေး၊ တရားစီရင်ရေးစနစ်နှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ဆောင်းပါးပေါင်း ၁၀၀ ကျော် ရေးသားခဲ့သည်။ဆရာ၏ ဆောင်းပါးအချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာများနှင့် နိုင်ငံတကာ ဂျာနယ်များတွင် ပုံနှိပ်ဖော်ပြခြင်းခံရသည်။ ဆရာ The Citizenship Issue of Rohingya and Myanmar's Policy of Denationalization (၂၀၂၃)နှင့် A History of Rohingyas to 1948(၂၀၂၄) ဟူ၍ အရေးပါသော သမိုင်းစာအုပ် ၂ အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ သူ၏ ဆောင်းပါးအများစုကို ၎င်း၏ အင်တာနက်ဝဘ်ဆိုက် www.masteramanullah.com တွင် ဝင်ရောက်လေ့လာဖတ်ရှူနိုင်သည်။

ပြုစုရေးသား- လူထုဝဏ္ဏ



Thursday, November 2, 2023

ရဲထောက်ဦးအီလီယာစ် ကွယ်လွန်

 


𝐈𝐧𝐧𝐚 𝐋𝐢𝐥𝐥𝐚𝐡𝐢 𝐖𝐚 𝐈𝐧𝐧𝐚 𝐈𝐥𝐚𝐲𝐡𝐢 𝐑𝐚𝐣𝐢𝐮𝐧 

မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်၊ မြို့မငါခူရရွာ နေ 

ဟာဂျီး ဦးအီလီယာစ် (ရဲအငြိမ်းစား) အသက် (၈၀ - နှစ်)သည်  ၂ - ၁၁ - ၂၀၂၃  ခုနှစ် ကြာသပတေးနေ့ နံနက် ၄ နာရီ အချိန်တွင် အလ္လာဟ်အမိန့်ခံသွားပါသဖြင့် မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည် ။ 

မိတ်ဆွေ သူငယ်ချင်းအားလုံးတို့သည် မာဂ်ဖိရသ်အတွက် ဒိုအာပြုပေး ကြပါရန် မေတ္တရပ်ခံပါသည်။

ဂျနာဇာ နာမဇ် ဝတ်ပြုမယ်နေရာ - ယနေ့ (၂ - ၁၁ -၂၀၂၃) ခုနှစ် ကြာသပတေးနေ့ ည (၄ နာရီ ၄၀ မိနစ်) အချိန်တွင် မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်၊ မြို့မ သ်ချိုး ဗလီကြီး ကဘရ်စတန်တွင် ဂျနာဇာ ဆွလားသ် ဝတ်ပြုပြီး ဒဖနာပါမည်လို အသိပေးအပ်ပါသည်။

Sunday, October 29, 2023

တေလောတ္တီယာ ဟော့ရောဖားတာ (ချဉ်ပေါင်ကြော်)

 တေလောတ္တီယာ ဟော့ရောဖားတာ (ချဉ်ပေါင်ကြော်)


အာရကန်ပြည် အညာဒေသ အစားအစာတွေမှာ ဟောရောဖာတာ ခေါ်တဲ့ ချဉ်ပေါင်ရွက်ကလည်း အရေးပါလှတယ်။ တောင်သူလယ်သမားတွေဟာ စပေရှယ်ထုတ်တဲ့ အစားအစာမျိုးကို မှီခိုအားကိုးလို့ ဘဝဖြတ်သန်းတာ မဟုတ်ဘူး။ မိမိတို့ သွေးချွေးရင်းပြီးတော့ ကိုယ်တိုင်ထုတ်ယူစားသောက်ရတာ ဖြစ်တယ်။ အိမ်ခြံမှာဖြစ်ဖြစ်၊ ဟင်းခင်းယာခင်းမှာဖြစ်ဖြစ် ချဉ်ပေါင်ပင်တွေတော့ စိုက်ပျိုးလေ့ရှိတယ်။ မိုးရာသီရောက်ရင် စားပွဲတိုင်းမှာ ချဉ်ပေါင်ရွက်တော့ ဟင်းပုံစံတစ်မျိုးမျိုးနဲ့ ပါမြဲပါဝင်လေ့ရှိတယ်။ ချဉ်ပေါင်ရွက်နဲ့ ပြုလုပ်တဲ့ ဟင်းတွေထဲမှ တစ်မျိုးအကြောင်းကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဲဒါက အခြားမဟုတ်ဘူး။ ရိုဟင်ဂျာတွေရဲ့ အသည်းစွဲဖြစ်တဲ့ တေလတ္တီယာ ဟောရောဖာတား ဖြစ်တယ်။ မြန်မာလို ပြောရရင် ချဉ်ပေါင်ကြော်ပေါ့။ 


ချဉ်ပေါင်ကြော်ဟင်းလျာတစ်ခွက်ရရှိဖို့အတွက် အဓိကတော့ ချဉ်ပေါင်ရွက်ပါပဲ။ ဒါပေမဲ့ ချဉ်ပေါင်ရွက် တစ်ခုတည်းနဲ့ မပြီးသေးဘူး။ နောက်အရေးကြီးတဲ့ ပစ္စည်းတစ်ခုက ငရုတ်သီးကြိတ်ဖြစ်တယ်။ 



ပါဝင်ပစ္စည်းက

၁။ ချဉ်ပေါင်ရွက်

၂။ ငရုတ်သီးကြိတ်

၃။ ကြက်သွန်နီ

၎။ ကြက်သွန်ဖြူ

၅။ နနွင်း

၆။ ဆီ

၇။ ဆား 

တို့ဖြစ်ကြတယ်။


ဒီဟင်းလျာ လုပ်ရတာ လွယ်ကူသလို ပစ္စည်းတွေလည်း မိမိတို့ ယာခင်းဟင်းခင်းတွေမှ ထွက်တဲ့ပစ္စည်းတွေဖြစ်တယ်။ ပထမဆုံး ငရုတ်သီးကြိတ်၊ ကြက်သွန်၊ ဆီ၊ နနွင်းတို့ကို အိုးထဲထည့်ပြီး မီးဖိုပေါ် အနည်းငယ်ထားပါ။ အရောင်နည်းနည်း ရင့်လာပြီဆိုရင် ချဉ်ပေါင်ရွက်ကို ထည့်ပေးပါ။ ရေနည်းနည်း လောင်းထည့်ပါ။ ရေတွေ ခြောက်ခန်းသွားပြီး ချဉ်ပေါင်ရွက်တွေ ကျက်သွားပြီဆိုရင် စားလို့ရပြီ။


အဲဒီ ချဉ်ပေါင်ကြောကို တစ်ချို့ ပုဇွန်တွေ ထည့်ကြော်ပြီးတော့ စားတာလည်းရှိတယ်။ ချဉ်ဆပ်အရသာနဲ့ တော်တော် ခံတွင်းတွေ့တာပါပဲ။ ချဥ်ျပါင်ရွက်ကို ဟင်းရည်လုပ်လို့လဲ စားကြတယ်။ အဲဒါကို ဟောရောဖာတာ ဟင်ဇီလို့ ခေါ်တယ်။ အလုပ်ပင်ပန်းလာတဲ့ လယ်သမားမိသားစုဟာ ဒီဟင်းလျာတွေ့ရင် ဒုက္ခပျောက်လို့ အားရပါးရစားကြတာပါပဲ။

ငါးဟင်းတွေမှာလည်း အချဉ်အရသာရရှိစေရန် ချဉ်ပေါင်ရွက်ကို အသုံးပြုကြတယ်။ ချဉ်ပေါင်ပင်မှရရှိတဲ့ အသီးကို အခြောက်ခံကာ သိမ်းထားလေ့ရှိတယ်။ အဲဒါကို နွေရာသီရောက်လျှင် ဖျေည်ရည်အဖြစ်လည်းကောင်း၊ ဟင်းရည်အဖြစ်လည်းကောင်း၊ ထန်းလျက်နဲ့တို့လို့ ချဉ်ယိုအဖြစ်လည်းကောင်း ပြုလုပ်ကာ သုံးဆောင်ကြလေ့ရှိပါတယ်။ 

- ရိုဟင်လေး

(၁၇- ၁၀-၂၀၂၃)



Sunday, September 17, 2023

နှိုးစက်ခေါင်းလောင်း (သို့) "မိုး" ကဗျာ

 

နှိုးစက်ခေါင်းလောင်း (သို့) "မိုး" ကဗျာ


လစ်ဗျားကဗျာဆရာ မုန်တိုင်းကြောင့် မသေဆုံးမီ Derna မြို့ ရေလွှမ်းမိုးမှုအန္တရာယ်ကို သတိပေးခဲ့တဲ့ ကဗျာအကြောင်း။

မကြာမီ တိုက်ခတ်သွားတဲ့ ဒယ်နီယဲလ်မုန်တိုင်းကြောင့် မြေထဲပင်လယ်ကမ်းစပ်ရှိ ဒရ်နာဆိပ်ကမ်းမြို့ တစ်ခုလုံးပျက်စီးသွားကာ အနိဋ္ဌာရုံဖြစ်သွားရတဲ့ သဘာဝဘေးအန္တရာယ်ကို လစ်ဗျားနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးထကြွလှုပ်ရှားသူ ကဗျာဆရာ မုစ်တာဖာ အလ် တရာဘေလ်ဆီ (Mustafa al-Trabelsi) က ကဗျာတစ်ပိုဒ်ဖြင့် သတိပေးနှိုးဆော်ခဲ့တယ်။ သူကဗျာရေးဖွဲ့ပြီးနောက် ရက်ပိုင်းတွင် ဘေးအန္တရာယ်ကျရောက်လာတာဖြစ်တယ်။ 


ပိုပြီးတော့ ရင်နာစရာကောင်းတာက ရေလွှမ်းမိုးမှုအတွင်း သေဆုံးသွားတဲ့သူတွေထဲမှာ ကဗျာဆရာ Mustafa al-Trabelsi လည်း ပါဝင်ပါတယ်။ သူရေးဖွဲ့ခဲ့တဲ့ The Rain ကဗျာကို ဆိုရှယ်မီဒီပေါ်မှာ ဒရ်နာမြို့နဲ့ လစ်ဗျားနိုင်ငံတဝှမ်း လူတိုင်းက နာကျင်မှုတဖက်ဖက်နဲ့ မျှဝေနေကြတယ်။ ကဗျာဆရာဟာ ကဗျာမရေးမီ ရက်ပိုင်းအလို စက်တင်ဘာ ၆ ရက်တွင် ရေကြီးမှုအန္တရာယ်နှင့် ဆည်တာတမံများရဲ့ အခြေအနေတို့ကို ဆွေးနွေးရန် Derna House of Culture တွင် တွေ့ဆုံပွဲ တက်ရောက်ခဲ့တယ်။ ကဗျာဆရာရဲ့ အချက်ပေးသံကို အာဏာပိုင်တွေက မကြားယောင် ဟန်ဆောင်ခဲ့တဲ့အတွက် ယခုလို ထူးခြားကြောက်မက်ဖွယ်ကောင်းတဲ့ ဝမ်းနည်းပူဆွေးသံ၊ သားပျောက်သမီးပျောက် မိသားစုပျောက် အသံတွေ ပြန်လည်ရိုက်ဟည်းသွားတာလို့ မြို့ခံအချို့က ဆိုပါတယ်။ 


သူ့ကဗျာက ခပ်တိုတိုလေးပါ။ ဒါပေမဲ့ နက်ရှိုင်းတယ်။ အာဏာပိုင်နဲ့ တိုင်းသူပြည်သားအတွက် သတင်းစကားဖြစ်တယ်။ ဖတ်ကြည့်ရအောင်......


မိုး


ဖော်ထုတ်ပေးတယ်လေ

ရွဲရွဲစိုနေတဲ့လမ်းတွေ

လိမ်လည်လှည်ဖျားခဲ့တဲ့ ကန်တရိုက်တာနဲ့

မအောင်မြင်တဲ့ တိုင်းပြည်ကိုပေါ့လေ။


အရာရာကို ဆေးကြောပေးတယ်

ကျေးငှက်တွေရဲ့ တောင်ပံအစ

ကြောင်တွေရဲ့ အမွေးအထိပေါ့။


ဆင်းရဲသားတွေကို သတိရစေတယ်

သူတို့ရဲ့ မခိုင်ခံတဲ့ခေါင်မိုးတွေနဲ့

အဝတ်စုတ်တွေကိုပေါ့။


တောင်ကြားချိုင့်တွေကို နိုးထစေတယ်

သူတို့ရဲ့ ပျင်းဖွယ်ဖုန်အုပ်ကို ခါချပေးတယ်

ခြောက်ကပ်နေတဲ့ ကြေးညှော်တွေကိုပေါ့။


မိုးဟာ

ကောင်းမှုကုသိုလ်ရဲ့ သင်္ကေတ

အကူအညီရဲ့ ကတိနဲ့

အချက်ပေးခေါင်းလောင်းပေါ့ကွယ်။


— မုစ်တာဖာ အလ် တရာဘလ်ဆီ

.....


မုန်တိုင်းကျတဲ့ည ၇း၄၄ နာရီတွင် ကဗျာဆရာမုစ်တာဖာဟာ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ “ မြင်ကွင်းတွေက ကြောက်စရာကောင်းတယ်။ ဘေးအန္တရာယ်တစ်ခုအထိ တိုးလာနိုင်တယ်။ ငါတို့က အချက်အလက်မှလွဲလို့ ဘာမှမရှိတဲ့ အကျင့်ပျက်အာဏာရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတယ်။ ပြင်ဆင်ထားပြီးလို့ပဲ အတပ်ပြောတယ်။ တကယ်တမ်းတော့ ဘယ်ကိရိယာတန်ဆာပလာမှ မပါရှိဘဲ ကယ်ဆယ်ရေးအဖွဲ့တွေ အနည်းငယ်လောက်သာရှိတယ်။"

“ကျွန်ုပ်တို့ တိုင်းပြည်ရဲ့ အကျပ်အတည်းတိုင်းမှာ၊ ကျရှုံးတဲ့တို့တိုင်းပြည် ပျက်ကွက်နေချိန်မှာ သူတို့ဟာ စစ်မှန်တဲ့ စေတနာနဲ့ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေအဖြစ် သက်သေပြတဲ့ the Scouts၊ the Red Cresent နဲ့ စေတနာ့ဝန်ထမ်းတွေကို ဘုရားသခင်က ကာကွယ်ပေးပါစေ။ ငါတို့ ချစ်တိုင်းပြည်တစ်ဝှမ်းရှိ မိသားစုများကို ဘုရားသခင် ကူညီနိုင်ပါစေ။”

ည ၉း၃၇ နာရီတွင် သူရေးသားခဲ့သည်ကား– “ဤခက်ခဲတဲ့အခြေအနေတွင် ကျွန်ုပ်တို့မှာ တစ်ယောက်ကို တစ်ယောက် အားကိုးရမှာဖြစ်တယ်။ ရေနစ်တဲ့အထိ အတူတူရပ်တည်ကြရအောင်။"

ဒါက ကဗျာဆရာ မုစ်တာဖာ အလ် တရာဘလ်ဆီရဲ့ နောက်ဆုံး ပို့စ်ဖြစ်ပါတယ်။ 

လမ်းတွေပေါ်မှာ အသက်ရှင်နေတဲ့လက္ခဏာတွေကို ရှာဖွေတွေ့ရှိတဲ့အခါ စိတ်လှုပ်ရှားသံတွေနဲ့ အော်ဟစ်လေ့ရှိပေမဲ့ အပျက်အစီးတွေကြားက တိတ်ဆိတ်ငြိမ်သက်မှုတွေ၊ ရွှံ့ထဲက အလောင်းတွေ ရှာဖွေတွေ့ရှိမှုက ရံဖန်ရံခါ နာကျင်စေတယ်လို့ The Rain ကဗျာကို ဘာသာပြန်ခဲ့သူ ကဗျာဆရာ Khaled Mattwa က ဆိုပါတယ်။ 

ဒီဒယ်နီယဲလ်မုန်တိုင်းကြောင်း ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရယ်က ဒရ်နာမြို့ရှိ ဆည်တာတမံ နှစ်လုံး ပေါက်ကွဲမှုကြောင့် အပျက်အစီး၊ အသေအပျောက်များခဲ့ရတယ်လို့ သိရတယ်။ လူပေါင်း ၁၁၀၀၀ ကျော် သေဆုံးကာ ၄ သောင်းကျော်လောက် နေရပ်ပြောင်းရွှေ့ရတယ်။ ၁ သောင်းကျော်လောက် ယခုထိ ပျောက်ဆုံးနေကြောင်း ကနဦးသတင်းများအရ သိရသတဲ့။ 


— လူထုဝဏ္ဏ

(၁၆-၉-၂၀၂၃)


ကိုးကား-

The Guardian News



Wednesday, September 6, 2023

ခတ္တနာ နှင့် နားထွင်းမင်္ဂလာပွဲ

 

ခတ္တနာ နှင့် နားထွင်းမင်္ဂလာပွဲ


ခတ္တနာနှင့် နားထွင်းမင်္ဂလာကိုတော့ ဘယ်ဒေသ၊ ဘယ်လူမျိုးမဆို အိစ္စလာမ်ဘာသာဝင်တိုင်း ပြုလုပ်ကြသည်။ အိစ္စလာမ်သာသနာ၏ စွန္နတ်တော်တစ်ပါးဖြစ်သည်။ ခန္ဓာကိုယ် ကျန်းမာရေးနှင့် ရောဂါဆိုးများမှ ကာကွယ်ရန် အိစ္စလာမ်မှ ညွှန်ပြသော အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သည်။ တစ်ချို့ဘာသာခြာများးလည်း ခတ္တနာလုပ်ကြသည်။ ကျန်းမာရေးအတွက် အထောက်အကူပြုသောကြောင့် ဖြစ်သည်။ နားထွင်းပွဲကတော့ လူမျိုးတိုင်းဘာသာတိုင်း ပြုလုပ်ကြသည်။ မိန်းကလေးများ၏ အဆင်တန်ဆာတစ်ခုပင်တည်း။ ဤဆောင်းပါးမှာ တင်ပြသွားမှာကတော့ ရိုဟင်ဂျာ ရိုးရာအစဥ်အလာအရ ခတ္တနာ နှင့် နားထွင်း မင်္ဂလာပွဲ လုပ်ပုံလုပ်နည်းပဲ ဖြစ်ပါသည်။ 

ခတ္တနာ ပြုခြင်းကား ယောက်ျားကလေးလိင်အင်္ဂါအရေပြားပိုကို ဖြတ်တောက်ခြင်းဖြစ်သည်။ ခတ္တနာကို ရိုဟင်ဂျာတို့က "မူဆလ်မာနီ" ဟုခေါ်ကြသည်။ သားယောက်ျားလေး ၅-၇ နှစ်အရွယ်ရောက်လာသောအခါ ခတ္တနာလုပ်ပေးခြင်းဟာ မိဘတို့၏ တာဝန်တစ်ခုဖြစ်သည်။ မိဘတို့က ငွေကြေး ချမ်းသာသည့်အလျောက် ခတ္တနာပွဲကို ခမ်းခမ်းနားနား ပြုလုပ်ပေးကြသည်။ ကပွဲ ရွှင်ပွဲများ ပြုလုပ်ကြသည်။ ထမင်းဖိတ်ကျွေးကြသည်။ 

ခတ္တနာလုပ်မည့်နေ့တွင် သားကို ရေမိုးချိုးပေးကာ အဝတ်အစား ကောင်းကောင်း ဝတ်ဆင်ပေးသည်။ ပန်းကုံးမာလာ ဆင်ပေးသည်။ ရွှေငွေရတနာနှင့် တန်ဆာဆင်ပေးသည်။ ခတ္တနာ ပြုရန် ခတ္တနာဆရာတစ်ယောက်ကို ဖိတ်သည်။ ခတ္တနာဆရာကို "ဟာဇီမ္မား" ဟု ခေါ်သည်။ ဆရာက ခတ္တနာပြုရန် လိုအပ်သည့် ပစ္စည်းများကို မှာသည်။ ကောက်ရိုးပြာ၊ မုန်ညှင်းဆီ၊ တစ်တွာလောက် ပိတ်စသစ်တစ်ခု စသည်တို့ကို လောင်ပန်းနှင့် ထည့်လာသည်။ နောက်လောင်ပန်းတစ်ခုမှာ ဆန်တစ်သိုက်၊ ကြက်ဥ နှစ်လုံး၊ ပရိတ်ပန်း၊ မီးခွက်သစ် တစ်ခု တို့ကို တန်ဆာဆင်ကာ တည်ထားရသည်။ ဇလုံးငယ်တစ်လုံးနှင့် ရေနွေးလည်း တည်ပေးရသည်။ 

အားလံုး အဆင့်အသင်ဖြစ်လျှင် ခတ္တနာဆရာသည် သားကို ဖာထ် ဟုခေါ်သော ခွေးခုံပြားတစ်ခုမှာ ထိုင်စေသည်။ သားကို လူတစ်ယောက်က ကျော့ဘက်ကနေ ကိုင်ထားရသည်။ နောက်တစ်ယောက်က ခြေထောက်နှစ်ဖက်ကို ကိုင်ပေးရသည်။ ခတ္တနာဆရာသည် မိမိနှင့်ပါလာသော သင်တုန်းဓါး(ကူရ်)နှင့် ညှပ်တံကို ရေနွေးဇလုံတွင် စိမ့်ထားသည်။ ပြီးနောက် ကုရ်အာန်မှ စူရာတိုအချို့ရွတ်ဖတ်ကာ ဘစ်မိလ္လာဟ်ဆိုပြီး လိင်တံအရေပြားကို ဖြတ်တောက်ပေးသည်။ အနာပေါ်တွင် ကောက်ရိုးပြာနှင့် မုန်ညှင်းဆီကို ကပ်ပေးကာ ပိတ်စနှင့် လံုလံု   ပတ်ပေးသည်။ ဤသို့ဖြင့် ခတ္တနာလုပ်သည်ကိစ္စပြီးသွားသည်။ ထို့နောက် ပွဲရွှင်ပွဲ စတင်သည်။ ထမင်းဖိတ်ကျွေးကြသည်။ ပွဲတက္လာကြသော ဆွေမျိုးမိသားစုများက လက်ဖွဲ့များယူဆောင်လာကြလေ့ရှိသည်။ 

ခတ္တနာပြုခံရသော ကလေးသည် အဆီပါသော အစာများရှောင်ရသည်။ ကြက်သွန်ရွက်ခြောက် မီးရှို့ကာ မီးခိုခံရသည်။ ၃ရက်မြောက်ေန့တွင် ပတ္တီးစည်းကို ဖြေပေးသည်။ ၇ ရက်နေ့တွင် ရေချိုးရသည်။ 

ဒုတိယ တစ်ခုကတော့ နားထွင်းပွဲဖြစ်ပါသည်။ ယင်းကိုလည်း ခတ္တနာကဲ့သို့ပင် ပျော်ပွဲရွှင်ပွဲနှင့် ခမ်းခမ်းနားနား ပြုလုပ်ကြသည်။ နားထွင်းပွဲကို "ဟာန်ဖုရား" ဟုခေါ်သည်။ သမီးမိန်းကလေးကို နားထွင်းပွဲ ပြုလုပ်ရန် အချိန်တစ်ချိန်သက်မှတ်သည်။ သမီးကို ရေမိုးချိုး အဝတ်အစားကောင်းကောင်း ဝတ်ဆင်ပေးသည်။    ပြီးနောက် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဆေးရွက်နှင့် ကွမ်းရိုးတံ တို့ကို ကလပ်တစ်ခုနှင့် လှလှပပ ဆင်ယင်ထားသည်။ နောက်ကလပ်တစ်ခုမှာ အပ်၊ချည်နှင့် မုန်ညှင်းဆီ ကို ထည့်ထားရသည်။ နားထွင်းမှုကို မိသားစုထဲက သက်ကြီးတစ်ဦးက လုပ်လေ့ရှိသည်။ ဦးစွာ နားထွင်းပေးမည့် လူက ကွမ်းတစ်ယာကို မိိိမိပါးစပ်၌ ငုံ့ထားရသည်။ ကွမ်းရိုးတံနှင့် ထုံးယူကာ နားပန်နှစ်ဖက်တွင် အမှတ်အသား ချသည်။ အပ်နှင့် ထိုးဖောက်ပေးသည်။ အပ်ချည်ကို နားရွက်မှာ ချည်ထားသည်။ ဆီသုတ်ပေးသည်။ 

အနာကောင်းသည့်တိုင်အောင် ချည်ကို တဖြေးဖြေးဆွဲကာ ရွေ့ရသည်။ အနာကောင်းလာလျှင် အမေဘက်မှ အဘိုးအဘွားက ရွှေနားတောင်းပေးရသည်။ ဆွေမျိုးများကလည်း သမီးကို လက်ဆောင်များ ပေးကြသည်။ ပျော်ပွဲရွှင်ပွဲများလည်း အုတ်အုတ်သိုက်သိုက် ပြုလုပ်ကြသည်။  အချို့မိသားစုများက ဖာတီယာ အလှူပွဲ ပြုလုပ်ကြသည်။ 

ဤအခါသမယတို့က မိဘတို့အတွက် အလွန်ပျော်ရွှင်ဖွယ် အချိန်ကလေးတွေ ဖြစ်ပါသည်။ ယခင်ခေတ်က ခေတ်မီဆေးဝါးနှင့် နည်းများမရှိခဲ့သောအတွက်ကြောင့် အညာဆေးမြီးတိုများနှင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆေးပညာတိုးတက်နေသာ ယနေ့ခေတ်မှာဆိုလျှင် ထိုကောက်ရိုးပြာ၊ မုန်ညှင်းဆီ တို့မှာ စိတ်နောက်ဖွယ်ဖြစ်နိုင်သည်။ ယခုချိန်မှာ ခတ္တနာနှင့် နားထွင်းမှုတို့ကို ဆရာဝန်နှင့် စနစ်တကျ ပြုလုပ်လေ့ရှိသည်။  

ဤနည်းဖြင့် ရိုဟင်ဂျာ ရိုးရာအစဥ်အလာအရ ခတ္တနာနှင့် နားထွင်းမင်္ဂလာပွဲကို မှတ်မှတ်ရရ ပြုလုပ်ခဲ့ကြသည်။ 


လူထုဝဏ္ဏ

(၄-၉-၂၀၂၁)


Tuesday, August 29, 2023

ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ

 

ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ 


" ဒီပြသနာကို ၁၈ လအတွင်း ဖြေရှင်းပေးဖို့ ကျမတို့ကို မျှော်လင့်တာက နည်းနည်း ယုတ္တိမတန်ပါဘူး။ .... ရခိုင်ပြည်နယ်က ဒီအရေးဟာ ဆယ်စုနှစ်များစွာကတည်းက ရှိလာခဲ့တာပါ။ ကိုလိုနီခေတ်မတိုင်ခင်ကပင် ဒီပြသနာ ရှိနေတယ်။ .... "

အထက်ပါစကားဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ပြောကြားခဲ့တဲ့ Asian News International နဲ့အင်တာဗျူးတစ်ခုကနေ ကောက်နုတ်ထားခြင်းဖြစ်ပါတယ်။။ 

ဒေါ်စု ပြောလိုတာက ဒီရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်မတိုင်ခင်ကပင် ရှိလာခဲ့တဲ့ ပြဿနာဖြစ်တယ်။ ယခင်အစိုးရတွေက မဖြေရှင်းပေးခဲ့လို့ ယနေ့ထိ သက်ဆိုးရှည်လာတာ…လို့ ယခင်အစိုးရတွေကို အပြစ်တႏ်းပုံချတာပဲ ယူဆတယ်။ တကယ်တမ်းတော့ ဒေါ်စုရဲ့ ဒီမှတ်ချက်စကားက ကျပ်ပြည့် မှန်ကန်မှုမရှိဘူးဗျာ။ စစ်အာဏာရှင်တွေကို အကာအကွယ်ပေးနေသလို ဖြစ်နေတယ်။ ရိုဟင်ဂျာတွေကို မတရားနှိပ်စက်ချုပ်ချယ်နေတဲ့ပြဿနာက တကြော့ပြန်ဖြစ်လာတဲ့ ပြဿနာဖြစ်တယ်။ အရင်က ရခိုင်ပြည်အရေးကို နိုင်ငံတော်အဆင့်  မျှမျှတတဖြေရှင်းပေးခဲ့တဲ့ အစိုးရလဲ ရှိခဲ့တယ်ဆိုတာ ဒေါ်စုကြည် မေ့လျော့နေသလို ထင်ရပါတယ်။ အဲ့ဒီခေတ်က ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းဖြေရှင်းပေးမှုကြောင့် ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခဟာ လုံးဝဖြေရှင်းသွားခဲ့ပြီး ရခိုင်ပြည်ဟာ နိဗ္ဗာန်လောကလို အေးချမ်းသာယာသွားခဲ့ဖူးတယ်။ အဲဒါကို စာဖတ်ပရိသတ်တွေသိအောင် နည်းနည်းတင်ပြပါရစေ။ 

မြန်မာပြည် လွတ်လပ်ရေးရရှိခဲ့တဲ့အခါ လွတ်လပ်ရေးကြေညာစာတမ်းမှာ ဒီဗမာပြည်ဟာ လူတစ်စုတစ်ယောက်ရဲ့ အမွေဆိုင်ပစ္စည်း မဟုတ်ကြောင်း၊ ဒီပြည်အတွင်း မှီတင်းနေထိုင်တဲ့ ပြည်သူပြည်သားတို့ရဲ့ စုပေါင်းမြေဖြစ်ကြောင်း၊ တောင်တန်း မြေပြန့် မခွဲခြားဘဲ အားလုံးခွင့်တူတန်းတူညီမျှဖြစ်ကြောင်း ကြေညာခဲ့တယ်လေ။ ဒါပေမဲ့ နောက်ပိုင်းကာလမှာ ဘာသာရေးနဲ့ ရုပ်ရည်အသားအရောင်ကို အခြေခံ၍  ခွဲခြားအုပ်ချုပ်မှုတွေရှိလာခဲ့တယ်။ ၁၉၄၉ ခု ရခိုင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ နယ်စပ်စောင့်တပ် BTF ကို ဖွဲ့စည်းပြီး နယ်စပ်ဒေသကို ထိန်းသိမ်းလာတဲ့အခါ ရခိုင်ပြည်မှာ ယခင်လူမျိုးရေးပဋိပက္ခ(၁၉၄၂) အငွေ့အသက်ကြောင့် နယ်စပ်စောင့်တပ်က ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံ ညှဥ်းပမ်းနှိပ်စက်လာခဲ့ကြတယ်။ နိုင်ကျင့်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ နှိပ်စက်မှုတွေ တဖြေးဖြေး အရှိန်မြင့်လာခဲ့တယ်။ ဘာသာရေးကို အကြောင်းပြု၍ အစိုးရက ရခိုင်နဲ့ ရိုဟင်ဂျာကို တန်းတူသဘောမထားဘဲ ခွဲခွဲခြားခြား ဆက်ဆံလာတဲ့အခါ ရိုဟင်ဂျာအမျိုးသားအချို့က မခံမရပ်နိုင်ဘဲ ရရာလက်နက်ဆွဲကိုင်ကာ တော်လှန်ခဲ့ကြတယ်။ မတရား ဖိနှိပ်မှုများလာရင် ဆန့်ကျင်တော်လှန်ရေးက ရှိစမြဲပဲ။ ဒါက ဓမ္မတာတစ်ခုဖြစ်တယ်။ 

မတရားမှုကို ဆန့်ကျင်တဲ့ ရိုဟင်ဂျာအမျိုးသားလက်နက်ကိုင် တော်လှန်ရေးဟာ အစိုးရအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့တယ်။ ဦးနုအစိုးရက တပ်မတော်အင်အားနဲ့ ပြန်တိုက်ချေတယ်။ အောင်မြင်မှုတော့ ရရှိခဲ့တယ်။ ဒါပေမဲ့ အမြစ်ပြတ်သွားအောင် လုပ်ဖို့က မလွယ်ဘူး။ တစ်ဘက်က နှိမ်နင်းရင် တခြားတစ်ဘက်က ပြောက်ကျားတိုက်ပွဲတွေပြန်ပေါ်လာတော့တယ်။ ဒါ့အပြင် ရခိုင်ပြည်ရဲ့ အဓိကလူမျိုးစုနှစ်စုဖြစ်တဲ့ ရခိုင်နှင့် ရိုဟင်ဂျာ အကြားသင့်မြတ်မှုမရှိတာကလဲ အခါမသင့် ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်စရာရှိတယ်။ ပုစိပုစိ ပြသနာတွေ အနည်းအများ ဖြစ်တာလည်း ရှိခဲ့တယ်။ 

အဲဒီတုန်းက နောက်ပြသနာတစ်ချက်က ရခိုင်အမျိုးသားတွေက သီးခြားပြည်နယ်လိုချင်ကြတယ်။ အဲဒါကို ရိုဟင်ဂျာတွေက စိုးရိမ်ကြတာပေါ့။ လူမျိုးတစ်စုကို အမည်စွဲ၍ ရခိုင်ပြည်နယ်လို့ သီးခြားအမည်တွင်ပေးလိုက်ရင် ရိုဟင်ဂျာတွေက မတရားခံရမယ်။ ခွဲခြားနှိပ်စက်လာမယ်။ ဒါနဲ့ ရိုဟင်ဂျာတွေက ပြည်မနဲ့ပဲ ပေါင်းနေချင်ကြတယ်။ ဒါက အစိုးရအတွက်တော့ ခေါင်းခဲတဲ့ နောက်ထပ် စိန်ခေါ်မှုတစ်ခုပေါ့။ 

ဒီတော့ ဦးနုအစိုးရက ရခိုင်ပြည်အရေးမှာ အချက်သုံးချက်တွေ့လာတယ်။

(၁) လူမျိုးစု နှစ်စုအချင်းချင်း သင့်မြတ်မှု မရှိခြင်း

(၂) လက်နက်ကိုင်အဖွဲ့များ အုံကြွလာခြင်း

(၃) သီးခြားပြည်နယ် တောင်းဆိုမှုအပေါ် သဘောထားကွဲပြားခြင်း

စတဲ့ဟာတွေ ဖြစ်တယ်။ 

ဦးနုအစိုးရက အချိန်ဆွဲပြီး စုံစမ်းရေးကော်မရှင်တွေ အမျိုးမျိုးဖွဲ့စည်းကာ ပြဿနာရဲ့ ထိရောက်တဲ့အဖြေတစ်ခု ရှာဖွေဖို့ ကြိုးစားလာခဲ့တယ်။ လွှတ်တော်ထဲမှာ အချေအတင်ဆွေးနွေးတယ်။ ၁၉၄၉ ခု ဇူလိုင်လ ၃၀ ရက်မှာ ရခိုင်တိုင်းမင်းကြီးကို သဘာပတိအဖြစ်ထား၍ ရခိုင်အမျိုးသား ၃ ဦးနဲ့ ရိုဟင်ဂျာအမျိုးသား ၃ ဦး ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့ပြီးတော့ ကွင်းဆင်းလေ့လာစေခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင်လည်း ရခိုင်ပြည်မြောက်ပိုင်းသို့ ခရီးထွက်ကာ လေ့လာခဲ့တယ်။ နှစ်ဖက်အသိုင်းအဝိုင်း လူကြီးမိဘတွေနဲ့ တွေဆုံခဲ့တယ်။ ဒါတွေကနေ တစ်ဖက်နဲ့တစ်ဖက် အယုံအကြည် ကင်းမဲ့နေခြင်း၊ ခွဲခြားဆက်ဆံရေး အားသန်နေခြင်း၊ တန်းတူအခွင့်အရေး မျှတမှုမရှိခြင်းတို့ဟာ ပြဿနာရဲ့ မူလဇာတ်မြစ်ဆိုတာ တွေ့ရှိလာတော့တယ်။  

ဒီနေရာမှာ တစ်ခု သိထားရမှာက အဲဒီတုန်းက အခုလို ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေးကို ရုတ်သိမ်းမခံရသေးဘူး။ ဘယ်တိုင်းရင်းသားအုပ်စုကမှ ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ကြဘူး။  နိုင်ငံသား ရုတ်သိမ်းခံရတာက စစ်အာဏာရှင်အစိုးရ လက်ထက်ကဖြစ်တယ်။   

ကဲ့... ဒါနဲ့ ဦးနုအစိုးရရဲ့ ပထမခြေလှမ်းအဖြစ် ရိုဟင်ဂျာတွေကို မြန်မာ့ပြည်ထောင်စုသား တိုင်းရင်းသား တစ်စုအနေနဲ့ တန်းတူအခွင့်အရေးတွေ မပိုမေလျာ့ အတူတူခံစားခွင့်ရှိကြောင်း ကြေညာခဲ့တယ်။ ၁၉၅၄ ခု စက်တင်ဘာလ ၂၅ ရက် ညနေ ၈ နာရီ နိုင်ငံတော်အသံလွင့်ဌာနမှ ဝန်ကြီးချုပ်ဦးနုက "....စစ်တွေခရိုင်အတွင်း နေထိုင်ကြတဲ့ ပြည်ထောင်စုသားများမှာ များသောအားဖြင့် ရိုဟင်ဂျာအမျိုးသားများဖြစ်ကြပြီး မွတ်စလင်(မ်) များ ဖြစ်ကြပါတယ်" လို့ သူတို့ရဲ့အခွင့်အရေးဆိုင်ရာ မိန်းခွန်းပြောကြားခဲ့တယ်။

အလားတူ ၁၉၅၉ ခု အောက်တိုဘာလ ၃-၄ ရက်တွင် နိုင်ငံတော်ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေကလည်း "ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် ကဲ့သို့ပင် ရိုဟင်ဂျာလူမျိုးများသည်လည်း တိုင်းရင်းသားလူမျိုးတစ်မျိုး ဖြစ်ကြသည်။" လို့ ရိုဟင်ဂျာလူမျိုး၏ အခွင့်အရေးဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့တယ်။ ဒီခြေလှမ်းက ရခိုင်ပြည်ရဲ့ ပူခြိုက်ခြိုက်အခြေအနေမှာ လေပြည်ယူဆောင်လာခဲ့တယ်။

ဒုတိယခြေလှမ်းအနေနဲ့ ၁၉၆၁ ခု မေလ ၁ ရက်နေ့မှာ အစိုးရကဘိနက်ရဲ့ တညီတညွတ် ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာအများစု နေထိုင်တဲ့မယု​ဒေသကို ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ ပြီးတော့ တိုင်းရင်းသားတစ်စုအနေနဲ့  ရထိုက်ရသင့်တဲ့ အခွင့်အရေးတွေမှာ ချွက်ယွင်းနေတဲ့ဟာတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့တယ်။ ကျောင်းသုံးပြဌာန်းစာအုပ်တွေမှာ ဖော်ပြခြင်း၊ စွယ်စုံကျမ်းမှာ ဖော်ပြခြင်း(၁၉၆၄)၊ ၁၉၆၁ ခုနှစ် မေလ ၁၅ ရက်မှာ ရိုဟင်ဂျာဘာသာစကားနဲ့  ဗမာ့အသံကနေ ရေဒီယိုအသံလွင့်ခြင်း၊ အစိုးရလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ တန်းတူညီမျှ အလုပ်ခန့်ခြင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ပေးခြင်း၊ ရိုဟင်ဂျာ ရိုးရာယဥ်ကျေးမှုတွေကို အမြတ်တနိုးပြသခွင့်ပေးခြင်း စတဲ့ အခွင့်အရေးတွေကို ဘယ်ကန့်ကွက်မှုတစ်မတ်တစ်စေ့မှ မရှိဘဲ တညီတညွတ်တည်း ဖော်ဆောင်ပေးခဲ့ကြတယ်။ 

အစိုးရရဲ့ ဒီဗျူဟာကျကျဖြေရှင်းချက်က ဘယ်လောက်အထိ ထိရောက်ခဲ့သလဲဆိုရင် မီးတဟုန်းဟုန်း တောက်နေတဲ့ ရခိုင်ပြည်ကြီးဟာ ငြိမ်သက်သွားပြီးတော့ လုံးဝအေးချမ်းသာယာ သွားခဲ့တယ်။ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ (မူဂျာဟစ် = စစ်သူရဲ )တွေမှာလဲ လက်နက် ကိုင်ထားစရာ အကြောင်းမရှိတော့ဘူး။ တိုင်းပြည်က အေးချမ်းသွားပြီလေ။ ဒီတော့ လက်နက်ကိုင်အဖွဲ့တွေကလည်း ၁၉၆၁ ခု ဇူလိုင်လ ၄ ရက်မှာ တစ်သုတ်၊ ၁၉၆၁ ခု နိုဝင်ဘာလ ၁၅ ရက်မှာတစ်သုတ် ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီး၊ ဒုဗိုလ်မှူးကြီးကျော်စိုး၊ ရခိုင်တပ်ပေါင်းစုမှူးချုပ် ဒုဗိုလ်မှူးကြီးရဲခေါင်နဲ့ ဒုတပ်ရင်းမှူးဗိုလ်မှူးအံ့ကြွယ်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီ သန်းဖေစတဲ့ တပ်မတော်အရာရှိကြီးတွေလက်အောက်တွင် အေးအေးချမ်းချမ်း လက်နက်ချကာ အလင်းဝင်လာခဲ့ကြတယ်။ လက်နက်ချအခမ်းအနားတွေကို အုတ်အုတ်ကြားကြား ကျင်းပခဲ့တယ်။ လက်နက်ကိုင်အဖွဲ့လည်း မရှိတော့ဘူး။ စစ်ပွဲစစ်မက်တွေလည်း နိဂုံးချုပ်ခဲ့လေပြီ။ အနောက်ဝေဟင်ကောင်းကင်မှာ လေပြည်တွေ သန်းလာခဲ့တယ်။ တပ်မတော်ရဲ့ မြဝတီမဂ္ဂဇင်း၊ ခေတ်ရေးစာစောင်၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတွေမှာ "မေယုနယ်မှာလေ ဘယ်လိုအခြေ ရှိပါလိမ့်"၊ "မေယုနယ်ခြားခရိုင် အေးချမ်းလေပြီ" စတဲ့ ဆောင်းပါးတွေ၊ ဗိုလ်ချုပ်အောင်ကြီးက "ကျွန်တော်ဖြေရှင်းခဲ့ရသော ရိုဟင်ဂျာပြသနာ" စတဲ့အောင်ပွဲခံ ဆောင်းပါးတွေ၊ မောင်သံလွင်ရဲ့ "ရခိုင်ကုလား သို့မဟုတ် ရိုဝန်ဂါ"(၁၉၆၀) စတဲ့ဆောင်းပါးတွေ မြန်မာ့စာနယ်ဇင်းစာမျက်နှာတွေမှာ ဝေဆာလာခဲ့တယ်။  ဒီလိုနည်းနဲ့ ဦးနုအစိုးရနဲ့ ခေါင်းဆောင်ကြီးတွေက ရိုဟင်ဂျာအရေးကို အောင်အောင်မြင်မြင် စနစ်တကျ ဖြေရှင်းပေးခဲ့တယ်။

ဒီငြိမ်သက်ပြေလည်ခဲ့တဲ့ ပြနာ ဘယ်လိုပြန်ပေါ်လာသလဲဆိုရင် ကြိုးကိုင်ရှင် စစ်အုပ်စုရဲ့ ကျေးဇူးကြောင့်ပေါ့။

အာဏာရှင်ဗိုလ်နေဝင်းက တိုင်းပြည်အာဏာကို မတရားသိမ်းလိုက်တဲ့အခါ အာဏာအဓွန့်ရှည် တည်မြဲရေးအတွက် လမ်းစတွေ စဥ်းစားလာတယ်။ မတရားတဲ့အာဏာ ချုပ်ကိုင်ထားဖို့အတွက် တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင်တော့ လုပ်ရမှာလေ။ သွေးခွဲအုပ်ချုပ်ရေးက ထိရောက်တယ်။ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေကို လိုက်လံဖမ်းဆီး ထောင်ချတယ်။ သူက လူမျိုးရေးဘာသာရေးကို အခြေခံတဲ့ အင်မတန် ထိရှလွယ်တဲ့ အနာဟောင်းကို ဆားခတ်လာခဲ့တယ်။ အေးချမ်းနေတဲ့ ရခိုင်ပြည်နယ်ကို ပြန်လည် အမုန်းလှိုင်း ခတ်ပေးတယ်။ ရိုဟင်ဂျာတွေကို ပစ်မှတ်ထား နှိပ်စက်လာခဲ့တယ်။ ရခိုင်-ရိုဟင်ဂျာ သဟဇာတကို ပျက်ပယ်သွားအောင်၊ အချင်းချင်းအမုန်းအာဃာတာပွားလာအောင် လုပ်ကြံသမိုင်း ဂျင်းပုပ်တွေနဲ့ ပြန်လည်အသက်သွင်းပေးခဲ့တယ်။ ချက်ချင်းတူး ချက်ချင်းသောက် သလိုတော့ မဟုတ်ဘူး။ အချိန်ကြာဆွဲ စီမံကိန်းတွေ စနစ်တကျချမှတ်ပြီးတော့ နည်းဗျူဟာမျိုးစုံနဲ့ ဖိနှိပ်လာခဲ့တယ်။ ၁၉၇၈ မတိုင်ခင်မှာ သူကတောင် ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ဘူး။ လူမျိုးရေးဘာသာရေးဖက်ကိုပဲ မီးမွေးလေပင့်ပေးခဲ့တာလောက်ပါပဲ။ ကုလားကို နှိမ်နေတာဆိုတော့ ဒီစီမံကိန်းမှာ သူ့ရဲ့ ဂျင်းမိတဲ့ ပြည်သူတွေလည်း ရှိခဲ့ရာ ထောက်ခံအားပေးမှုလည်း ရရှိခဲ့တာပေါ့။ ဆက်လက်၍ မတရားဥပဒေအမျိုးမျိုးဖွဲ့ပြီး ရိုဟင်ဂျာတွေရဲ့ တရားဝင်ရရှိခဲ့တဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ခုပြီးတစ်ခု အာဏာရှင်ယုတ်ဆန်ဆန် မတရားပြန်လည်လုယူခဲ့တယ်။ လူမျိုးစုစာရင်း ၁၃၅ မျိုးလို့ ကိုယ့်မြင်းကိုယ်စိုင်းသလို သူတို့စိတ်လိုရာပြုစုပြဌာန်းပြီး ရိုဟင်ဂျာလူမျိုးကို ဖယ်ထုတ်ခဲ့တယ်။ အမျိုးသားရေးမျိုးချစ်တုတ်ကို အသုံးပြုပြီး ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲအောင် ကလိမ်ကကျစ် ဝါဒဖြန့်ခဲ့တယ်။ ၁၉၈၂ ဥပဒေကို ဖွဲ့စည်းပြီး ဒီလူတွေဟာ နိုင်ငံခြားသားတွေ၊ နယ်မြေလုနေတာ ဆိုတဲ့ ဝါဒမှိုင်းတိုက်ပေးခဲ့တယ်။ အစအစမှာတော့ ကုလား ဆိုပြီး နှိပ်ကွပ်ခဲ့ရာ ခေါတော ဆိုလို့တစ်မျိုး၊ နောက်ပိုင်းမှာ ဘင်္ဂလီ မှ ဘင်္ဂလီကုလား မှ ခိုးဝင်ဘင်္ဂလီ အထိ အောက်ကျစေတဲ့ နာမည်တွေ သုံးလာခဲ့တယ်။ ဒီလို ယုတ်မာတဲ့နည်းနဲ့ ယခင်အစိုးရ ခေါင်းဆောင်တွေက သွေးချွေးကုန်ခမ်း ကြိုးပမ်းဖြေရှင်းပေးခဲ့တဲ့ ရိုဟင်ဂျာအရေးကို တဖန်မီးစလောင်စေခဲ့သတဲ့။

ဒီနေရာမှာ စွပ်စွဲချက်တစ်ချက်နှစ်ချက်ကို သံသယကင်းအောင် ထောက်ပြပေးချင်တယ်။ ပထမအချက်က အာဏာရှင်နေဝင်းရဲ့ ယုတ်မာမှုတွေကို တစ်ချို့ မွတ်စလင်မုန်းတီးတဲ့ အစွန်းရောက်မျိုးချစ်တွေက ကျေးဇူးတင်ကြတယ်။ အမျိုးကို ကယ်တင်ပေးတယ်လို့ ယူဆကြတယ်။ ဝမ်းနည်းစရာ။ တကယ်တော့ မျိုးချစ်တစ်ဖက်ကန်းတွေမှာ မြင်နိုင်စွမ်း အားနည်းနေတာဖြစ်တယ်။

တကယ်လို့ ရိုဟင်ဂျာတွေကို ဒီပြည်ဖွား မဟုတ်လို့ အာဏာရှင်အုပ်စုက နင်ထုတ်ချင်တာဆိုရင် ၁၉၇၈ ခုမှာ မတရားနှိပ်စက်မှုကြောင့် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်လာစရာအကြောင်းမရှိဘူးလေ။ ကိုယ့်ပြည်က မဟုတ်တဲ့ လူတစ်စုကို ဘယ်နိုင်ငံတကာ စကားမှနားမထောင်တဲ့ အာဏာရှင်က အလကားခေါ်လာမှာ မဟုတ်ဘူး။ အဲ့တုန်းကလဲ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ပဲ လက်ခံခဲ့တာကိုး။ အာဏာရှင်ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့ အာရုံလွဲရန် တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ကာ အာဏာချုပ်ကိုင်ထားရေးသာ အဓိက ဖြစ်တယ်။ ဒါကို နားမလည်မိလို့ စစ်အုပ်စုရဲ့ အဓမ္မ အာဏာသိမ်းမှုကို ထပ်တလဲလဲ ခံနေရတာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဓါးစားခံဖြစ်နေရတာမဟုတ်လား။ ထောင်နဲ့ မြေကြီး နေရာမလပ် ဖြစ်နေတယ်။

ဒုတိယအချက်က မျိုးချစ်တွေ ဂျင်းထည့်တဲ့ အစ္စလာမစ်နိုင်ငံအဖြစ်နဲ့ ခွဲထွက်ရေး ဖြစ်တယ်။ တကယ်လို့ ရိုဟင်ဂျာ လက်နက်ကိုင်တွေက ခွဲထွက်ဖို့ တော်လှန်တာ ဖြစ်မယ်ဆိုခဲ့ရင် အလင်းပြန်ဝင်စရာ အကြောင်း မရှိပါဘူး။ ဘယ်လို အခွင့်အရေးတွေ ပေးပေး အလုံးအရင်း လက်နက်ချမှာတော့ မဟုတ်ဘူးလေ။ မတရားမှုကို တွန်းလှန်တော်လှန်ဖို့အတွက်သာ လက်နက်ကိုင်ကြတာဖြစ်လို့ တန်းတူညီမျှမှု ရရှိသွားတဲ့အခါ အလင်းဝင်ကြတာပဲ မဟုတ်ပါလော့။

နောက်တစ်ချက်က ဦးနုက မဲနိုင်ဖို့အတွက် အရှေ့ပါကစ္စတန်က ခေါ်လာတဲလူလို့ ပုဇွန်ဦးနှောက်နဲ့ မျိုးချစ်အချို့က စွပ်စွဲတာလည်း တွေ့ရတယ်။ ယုတ္တိမရှိတဲ့စကားပါပဲ။ ဒီနိုင်ငံအတွက်ဦးနုရဲ့ပေးဆပ်မှုလည်း မနည်းလှဘူး။ အဲဒီလိုခေါင်းဆောင်ကြီးတစ်ယောက်က မဲလိုချင်လို့ တိုင်းပြည်ကို သစ္စာဖောက်မှာဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံနိုင်စရာမဟုတ်ပါဘူး။ ယုတ္တိရှိရှိ စဥ်းစားကြည့်ရင်လည်း အဖြေက ပေါ်လွင်ပါတယ်။ မေယုဒေသမှာ ဘယ်ခေတ်က ကြည့်ကြည့်ရခိုင်လူဦးရေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတာကိုး။ ဘယ်ရွေးကောက်ပွဲလုပ်လုပ် မူစလင်တွေ ထောက်ခံတဲ့အုပ်စုကပဲ အနိုင်ရမှာလေ။ အဲဒီမှာ လူသွင်းပြီးတော့ အနိုင်ရကောင်းလား။ ဆင်ဆင်ခြင်ခြင် စွပ်စွဲကြပါ မျိုးချစ်ရာ။

ဆက်လက်ပြီးတော့ အာဏာရှင်နေဝင်းရဲ့ ရိုဟင်ဂျာ ချေမုန်းရေး စီမံကိန်းကို နောက်တက်လာခဲ့တဲ့ စစ်ခေါင်းကြီးတွေက သစ္စာရှိရှိ လက်ဆင့်ကမ်း အကောင်အထည်ဖော်ပေးခဲ့တယ်။ ပြည်သူကို အမှန်တရားအမှောင်ချပြီး ဂျင်းချိုချိုနဲ့ နိုးဆော်ခဲ့တယ်။ ပညာတတ်၊ ပညာမဲ့၊ ဆင်းရဲချမ်းသား လူတန်းစားအလွှာအားလုံး စစ်ဂျင်းမိခံရကာ ရိုဟင်ဂျာတွေရဲ့ ဘဝကို ဝိုင်းဝန်းမောင်းခတ် ရိုက်ချိုးခဲ့လေတယ်။ ဘယ်လောက်အထိ ယုတ်မာလာခဲ့သလဲဆိုရင် တိရိစ္ဆာန် သန်းခေါင်စာရင်းတောင် ကောက်ယူသေးတယ်။ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ တရစပ် ဖြစ်ပေါ်လာအောင် လုံ့ဆော်ခဲ့တယ်။ ၂၀၁၇ ခုမှာ လူမျိုးတုန်း သတ်ဖြတ်မှုအထိတောင် လက်လွန်ခဲ့တယ်။ အေးချမ်းသာယာတဲ့ ရခိုင်ပြည်ကြီး ပြန်လည်ငရဲဘုံဖြစ်လာခဲ့တယ်။ ဒါက စစ်အုပ်စုနဲ့ စစ်ကျွန်သပေါက်တို့ရဲ့ ကျေးဇူးကြောင့်ပဲလေ။

အချုပ်အနေနဲ့ ရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်ကပင် အမြစ်တွယ်လာခဲ့တာတော့ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက ပျိုးလိုက်တဲ့ ဂျင်းစေ့ရဲ့ ကျေးဇူးကြောင့်သာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီပြသနာ ဖြေရှင်းဖို့ဆိုရင် ဘာသာရေး၊ လူမျိုးရေးကို ဘေးဖယ်ထားပြီးတော့ လူသားဆန်ဖို့က အရေးကြီးတယ်။ လူကိုလူလို မြင်ပြီးတော့ ယခင်အစိုးရရဲ့ နည်းဗျူဟာတွေကို စနစ်တကျ ကျင့်သုံးမယ်ဆိုရင် ရခိုင်ပြည်မှာ ငြိမ်းချမ်းရေးရောင်နီ ပြန်လည်ပျိုးပါလိမ့်မယ်သတဲ့။


လူထုဝဏ္ဏ
(၁၃-၇-၂၀၂၃)
ကိုးကား

- ပြည်ထဲရေးဌာနပြန်ထမ်းစာ ၁၉၄၉၊ ဇူလိုင်လ ၃၀ရက်

- နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ အသံလွင့်မိန့်ခွန်း

- တပ်မတော်ခေတ်ရေးစာစောင် အတွဲ ၁၂၊ အမှတ် (၆)

- နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး၏ မိန့်ခွန်း

- နှစ် ၃၀ မြန်မာ့အသံ ၊ ဦးကျော်ညိန်း (မာတလိ)၊ စာမျက်နှာ ၇၁

 

 

Monday, August 21, 2023

Aillá Sang Gór (Rohingya Classical Song)


Aillár Sang Gór


Obairé...

Dukke chúkke rait fuwái, biina soore biilot zai

Fukor beil guá fosímót zargoi batór dahá nái


Ailla giyé hál soitó, girós giyé sóñg goittó

Foror fuwa ailla boli hotó duk dito


Girós taito bor gorot, ailla taito sang gorot

Teppér teppér zóror fuçá forer sang gorot


Obairé...

Neke muke bat goijjé, Fól gasot lé fól doijjé

Foror fuwa ailla boli taalash nogore.



ဒီရှေး ရိုဟင်ဂျာတေးကျတော့ တောင်သူလယ်သမားတွေဘဝကို ဖော်ကျူးထားတဲ့ တေးဖြစ်ပါတယ်။ ဒီရုပ်သံမှ စာပိုဒ်အချို့ကိုပဲ ကောက်နုတ်ဖော်ပြထားတာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေဘဝ ဘယ်လောက်ထိ ညှိုးငယ်စွာဖြတ်သန်းရသလဲဆိုတာကို ဖွဲ့ဆိုထားပါတယ်။ လယ်ပိုင်ရှင်နဲ့ အလုပ်သမားတွေအကြား ထက်အောက်ခွဲခြားဆက်ဆံရေးကို ထင်ဟပ်စေပါတယ်။ 

ဒီတေးတွင် တေးရှင်က လယ်ခင်းယာခင်းတွင် အလုပ်လုပ်ရတဲ့ လယ်လုပ်သားတွေက ညအချိန်ကို ခက်ခက်ခဲခဲ ကျော်လွားပြီး မနက်စောစော လယ်ကွင်းထဲရောက်ရတာနဲ့ အစပြုပါတယ်။  

Dukké chukké rait fuwai, biina soore biilot zai

Fukor beil guá fosímót zargoi bat órr dahá nái

လယ်လုပ်သားတစ်ယောက်ဟာ ညအချိန်ကို ခက်ခက်ခဲခဲကျော်လွှားပြီး မနက်မိုးလင်းတာနဲ့ လယ်ကွင်းထဲ ဆက်ဆက်ရောက်ရပါတယ်။ 

အရှေ့ဖက်က နေမင်းကြီး အနောက်ဖက်ကို ရောက်နေတယ်။ ဒါပေမဲ့ ထမင်းကျတော့ မမြင်ရသေးဘူး" လို့ ညည်းညူထားပါတယ်။

ဒီစာပိုဒ်မှာ ညအချိန်ကို ဆင်းဆင်းရဲရဲ ဖြတ်ရတယ်ဆိုတာက လယ်လုပ်သားတွေဟာ နေ့အချိန်တွင် အလုပ်ပင်ပန်းတာမို့ ညကျတော့ အဆစ်တွေနာ၊ ဒူးတွေခါးတွေ ညောင်းနာနဲ့ တစ်ကိုယ်လုံး ကိုက်ခဲကာ အိပ်မရဖြစ်နေရတယ်။ တဖက်က မိမိအိမ်ကို စွန့်၍ အလုပ်ရှင်အိမ်မှာ နေရတာမို့ အိမ်ကိုလည်းလွမ်းရတယ်။ မိသားစုတွေကိုလည်းလွမ်းရတယ်။ တခြားကလေးတွေလို ကခုန်ကစားဖို့ အချိန်မရှိဘူးလေ။ ဒါနဲ့ တစ်ညလုံး ဟိုဟိုဒီဒီ စိတ်ရောက်ရင်း ညတာကို ကုန်ဆုံးရတယ်။ ဒါကို rait fuwái အိပ်ရေးပျက်လို့ သုံးနှုန်းထားတယ်။ မနက်မိုးလင်းတာနဲ့ အလုပ်ခွင်ကို သုတ်ခြေတင် ပြေးရောက်ရတယ်။ အဲဒီမှာ တနေ့ကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ရပြီးတော့ ထမင်းစားရတာလည်း ချိန်မမှန်ပါဘူး။ ညစောင်းမှတဲ့။  လယ်ပိုင်ရှင်က အလုပ်သမားတွေဆီက အလုပ်ပဲလိုချင်ကြတာ။ သူတို့ရဲ့ ဝမ်းရေးအကြောင်းကို ဂရုမစိုက်ဘူး။ ထမင်းပို့ချင်တဲ့အချိန် ပို့ပေါ့။ လယ်ခင်းတွင် အလုပ်လုပ်ရတဲ့ လယ်လုပ်သားတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပေါ်လွင်အောင် ဖွဲ့ဆိုထားတယ်။ 

ဒုတိယ စာပိုဒ်မှာတော့…

Ailla giyé hal soitó, girós giyé sóñg goittó


လယ်အလုပ်သမားဟာ လယ်ထွန်ဖို့ အလုပ်ခွင်ဆင်းနေတဲ့အချိန်မှာ ပိုင်ရှင်က သူတို့ကို စောင့်ကြည့်ဖို့အတွက် ရောက်လာကြတယ်။ မိမိရဲ့ သွေးသားမဟုတ်တဲ့အတွက်ကြောင့် အလုပ်ကို ဖိဖိစီးစီးခိုင်းစေတယ်။ 

ဆိုလိုတာက အလုပ်သမားတွေ လယ်ထဲဆင်းပြီး ထွန်ယက်နေချိန်တွင်  အထက်က ပိုင်ရှင်ရဲ့ ဖိအားကလည်း ထမ်းရွက်နေရတယ်။ မိမိရဲ့ သွေးသား မဟုတ်တာကြောင့် စာနာထောက်ထားမှုဆိုလို့ တစ်စုံတစ်ရာ မထားဘဲ စိတ်လိုရာ ခိုင်းစေတယ်။ အလုပ်သမားတွေ ပင်ပန်းနေသလား၊ ဗိုက်ဆာနေသလား ထောက်ထားမှုမရှိဘူးပေါ့။

တတိယအပိုဒ်မှာတော့…

Girós taito bor górot, ailla taito sang górot

Teppér teppér zóror fuçá forer sang górot

လယ်ပိုင်ရှင်က အိမ်ကြီးကြီးမှာ နေပြီးတော့ အလုပ်သမားတွေကိုကျတော့ တဲအိမ်မှာပဲ နေစေတယ်။ တဲခေါင်းမိုးမှ မိုးယိုလို့ အိပ်ရေးပျက်ရတယ်။  

ဒီစာပိုဒ်က လယ်အလုပ်သမားတွေရဲ့ ဘဝသနားဖွယ်ရာတွေရပါတယ်။ လယ်ပိုင်ရှင်က အမိုးအကာ ကောင်းမွန်ခိုင်မာတဲ့ အိမ်ကြီးကြီးမှာ နေပြီးတော့ လယ်လုပ်သားတွေကိုကျတော့ တဲအိမ်တွေမှာနေစေတယ်။ သူ့အိမ်ရဲ့ ဝရန်တာလောက်မှာတောင် နေခွင့်မပြုဘူး။ ခွဲခြားဆက်ဆံကြတယ်။ လယ်လုပ်သားတွေကို ပေးထားတဲ့တဲအိမ်ကလည်း အမိုးအကာ မလုံခြုံပါဘူး။ မိုးရွာရင် အိမ်ထဲ မိုးယိုကျတယ်။ တစ်နေ့ကုန် လယ်၌ ပင်ပန်းအလုပ်လုပ်နေရတဲ့ လယ်လုပ်သားတွေ ညအခါတောင် ချမ်းသာခွင့်မရဘူး။ ဒုက္ခခံရပြန်တော့တယ်။ 

နောက်ဆုံးအပိုဒ်ကတော့ …



လယ်ပိုင်ရှင် မိသားစုမှာ သမီးသမက်လာလည်တဲ့အခါ စားပွဲတွေ ခမ်းခမ်းနားနား လုပ်လေ့ရှိတယ်။ ယာခင်းမှာလည်း သစ်လွင်စ အသီးအနှံတွေ ထွက်လာတယ်။  ဒါပေမဲ့ သူတပါး သားဖြစ်တဲ့ လယ်လုပ်သားကို အဲဒီ စားပွဲရွှင်ပွဲတွေမှာ သတိမရကြဘူး။ 

ဒီစာပိုဒ်မှာ ဆင်းရဲလယ်လုပ်သား ရင်ဖွင့်ထားတာက သူတို့ရဲ့ လုပ်အားမှ ဖြစ်ထွန်းလာတဲ့ အသီးအနှံ့တွေကို သစ်လွင်စ သုံးဆောင်ဖျော်ဖြေချိန်တွင် သူတို့ကို သတိမရကြဘူး။ လယ်ပိုင်ရှင်မိသားစုပဲ ဖျော်ဖြေကြတာတယ်။ လယ်ယာမှ အသီးအနံ့စထွက်လာတဲ့အခါ လယ်သမားမိသားစုတွေ ပျော်ပွဲရွှင်ပွဲ၊ မုန့်၊ ထမင်းဖိတ်ကျွေး ပြုလုပ်တဲ့ ဓလေ့ရှိတယ်။ အဲဒီ ပျော်ပွဲရွှင်ပွဲတွေမှာ လယ်လုပ်သားတွေ ပါဝင်ခွင့်မရှိဘူး။ ဆင်းရဲသား လယ်လုပ်သားတွေဟာ သစ္စာရှိရှိ မိမိတာဝန်ကို ကျေပွန်ကြပေမဲ့ လယ်ရှင်သူဌေးတွေကသာ ချမ်းသာခွင့်ကို ပိုင်ဆိုင်ထားတယ်လို့ တညည်းတညူဖွင့်ဆိုထားတာ ဖြစ်ပါတယ်။

ဤအိုက်လ္လာရ် ဆင်ဂေါ်ရ် တေးကဗျာတွင် ဆင်းရဲသား လယ်လုပ်သားတို့ရဲ့ သနားဖွယ်ကောင်းသောဘဝနဲ့ ရိုးရှင်းတဲ့ စိတ်ဓာတ်အပြင် အာရကန်ပြည်ရဲ့ ရိုးရာဓလေ့ကို ကြည်လင်ပြတ်သားစွာ တွေ့မြင်ရပါတယ်။


_လူထုဝဏ္ဏ

(၂၀-၈-၂၀၂၃)




Sunday, August 13, 2023

ရိုဟင်ဂျာတို့ရဲ့ သစ္စာနှင့် NLD ရဲ့ ကျေးဇူးတုန့်ပြန်ခြင်း


 "ရိုဟင်ဂျာတို့ရဲ့ သစ္စာနှင့် NLD ရဲ့ ကျေးဇူးတုန့်ပြန်ခြင်း" 

ကာလရှည် ရက်စက်ဖိနှိပ်မှုကို တရစပ်ခံနေရတဲ့ ရိုဟင်ဂျာလူမျိုးဟာ မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီ အကူအပြောင်းကာလတစ်ခုကို စောင့်မျှော်ခဲ့တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး အောက်ကသာ မိမိတို့ရဲ့ တန်းတူအခွင့်အရေးကို မျှမျှတတရနိုင်မှာဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံတဲ့ အဖိနှိပ်ခံဘဝကနေ ရုန်းထွက်ဖို့အတွက် တစ်ခုတည်းသောလမ်းကြောင်းက စစ်မှန်တဲ့ ဒီမိုကရေစီစနစ်သာဖြစ်ကြောင်းကို ရိုဟင်ဂျာတွေက ယုံကြည်ခဲ့ကြတယ်။ ဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ နိုင်ငံရေး လမ်းစဉ်ကို စိတ်ချကာ ထောက်ခံအားပေးလာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး စံပြခေါင်းဆောင်အဖြစ်သတ်မှတ်ခဲ့တယ်။ 

"ဒေါ်စု လွှတ်မှသာ တိုင်းပြည်အေးချမ်းမှာ… မိမိတို့ ဘဝသာယာလာမှာ…" လို့တောင် သီချင်းတွေ ရေးဖွဲ့သီဆိုကာ အားတင်းထားခဲ့ကြသေးတယ်။ ရိုဟင်ဂျာတွေက အန်အလ်ဒီအပေါ် သစ္စာမဖောက်ဘဲ ဆူးခင်းလမ်းတလျှောက် ရဲရဲစွမ်းစွမ်း အတူလျှောက်လှမ်းခဲ့တယ်။


- NLD အဖွဲ့အောက်ကနေ ရိုဟင်ဂျာ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲလည်း ဝင်ပြိုင်ခဲ့ကြတယ်။

- NLD နဲ့ပတ်သတ်နေလို့ စစ်အစိုးရရဲ့ မတရားထောင်ချခံခဲ့ရတယ်။

- NLD ကို ထောက်ခံလို့ လုပ်ကြံအမှုဆင်ကာ ထောင်ထဲ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းတွေကိုလည်း ခံခဲ့ရတယ်၊၊

- NLD နဲ့ ပတ်သတ်နေလို့ အမိတိုင်းပြည်ကနေ ထွက်ပြေးရခြင်းလည်း ခံခဲ့ရတယ်။ 

- NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲကနေ လွှတ်မြောက်ရေးအတွက် ရိုဟင်ဂျာတွေက နိုင်ငံတကာတွင် လော်ဘီလုပ်ခြင်း၊ ဆန္ဒပြတောင်းဆိုခြင်း စတဲ့ နည်းမျိုးစုံနဲ့ ထထကြွကြွ ကြိုးပမ်းခဲ့တယ်။ 

- ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလမ်းစဉ်အပေါ် စာအုပ်တွေလည်း ရေးသားခဲ့တယ်။ The Lady of Destiny စာအုပ်ဟာ NLD လွတ်တော်ကိုယ်စားလှယ်လောင်း ထင်ရှားတဲ့ ရိုဟင်ဂျာ စာရေးဆရာ #AFK_Jilani ရေးသားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကြိုးပမ်းမှုနဲ့ ပတ်သက်တဲ့ စာအုပ်ဖြစ်တယ်။ 

ဒီလိုနည်းနဲ့ ရိုဟင်ဂျာလူမျိုးဟာ NLD အပေါ် သစ္စာရှိရှိ ပေးဆပ်အနစ်နာခံခဲ့တယ်။


သို့ပေမဲ့… 

NLD ကောင်းစားနေချိန်မှာ ရိုဟင်ဂျာလူမျိုးကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့…

- ဒေါ်အောင်ဆန်းစုကြည် အာဏာရလာတဲ့အခါ မျိုးချစ်အရေခြုံပြီး ရိုဟင်ဂျာ ချေမုန်းရေးကို လက်တွဲထောက်ခံခဲ့တယ်။

- NLD က ကိုယ်တိုင်မှတ်တမ်းတင်ခဲ့တဲ့ #ရိုဟင်ဂျာ ဆိုတဲ့ နာမည်ကို သုံးစွဲခြင်းမပြုရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတကာကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ရိုဟင်ဂျာဆိုတဲ့ နာမည် မကြားဖူးဟန်၊ မသိဟန် ယောင်ဆောင်ခဲ့တယ်၊၊

- NLD အစိုးရအာဏာရကာလအတွင်း ရိုဟင်ဂျာလူမျိုးရဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးကို အဓမ္မရုတ်သိမ်းခဲ့တယ်။

- ၂၀၁၆-၁၇ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုခံနေရချိန်တွင် NLD က စစ်အုပ်စုနဲ့ ရင်ပေါင်တန်းရပ်တည်ခဲ့တယ်။ "ကိုယ့်အိမ်ကိုယ် မီးရှို့၊ မုဒိမ်းလိမ်ညာ(Fake Rape)၊ ဥပဒေဘောင်အတွင်း နယ်မြေရှင်းလင်း နေတာ၊ အကြမ်းဖက်အုပ်စုနဲ့ ယှဉ်တွဲမနေနိုင်ဘူး" စတဲ့ အရှက်သိက္ခာမဲ့ မှတ်ချက်စကားတွေနဲ့ နိုင်ငံတကာကို ပြောင်ပြောင် လည်ဖြားဖို့ ကြိုးစားခဲ့သေးတယ်။ 

- နောက်ဆုံး အိုင်စီဂျီအထိ သွားရောက်ကာ မုဒိမ်းစစ်အုပ်စုတွေရဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့လေတယ်။








(ပုံ) NLD အဖွဲ့ဝင် ဦးအဒူလာဇိတ်ရဲ့ အဖွဲ့ဝင်ကတ်ပြား

(လူမျိုးဘာသာတွင် "ရိုဟင်ဂျာ၊ အစ္စလာမ်" လို့ ထင်ထင်ရှားရှား ဖော်ပြထားတယ်။)


—  #လူထုဝဏ္ဏ


photo credit

Friday, July 21, 2023

အံ့ဖွယ်ရာ ခြင်သတ္တဝါ

 

အံ့ဖွယ်ရာ ခြင်သတ္တဝါ 

ခြင်သည် ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် တွေ့ရှိရသော သတ္တဝါတစ်မျိုးဖြစ်သည်။ အကောင်သေးငယ်၍ သွေးစုပ်သတ္တဝါတစ်မျိုးလည်းဖြစ်သည်။ ခြင်၏ ဇီဝခန္ဓာဖွဲ့စည်းပုံကို လေ့လာကြည့်လျှင် အလွန်အံ့ဖွယ်ကောင်းလှသည်။ 

 ခြင်မ တစ်ကောင်တွင်  —-

၁။ ဦးခေါင်းမှာ မျက်လုံးတစ်ရာ ရှိသည်။

၂။ ပါးစပ်တွင် သွား ၄၈ ချောင်းရှိသည်။ 

၃။ ခန္ဓာကိုယ်အတွင်း၌ ပြီးပြည့်စုံသော နှလုံးသားသုံးခုရှိသည်။ 

၄။ သူ့နှာခေါင်းမှာ ဓားခြောက်စင်းပါရှိပြီး ဓားတစ်ချောင်းစီမှာ အထူးအသုံးဝင်သည်။ 

၅။ တစ်ဖက်စီတွင် အတောင်သုံးချောင်းရှိသည်။ 

၆။ အမှောင်ထဲတွင် လူ့အရေပြားကို ခရမ်းရောင်နှင့် ခွဲခြားသိမြင်နိုင်သော ဒစ်ဂျစ်တယ် X-RAY စက်တစ်ခု  ခန္ဓာကိုယ်တွင် ရှိသည်။ 

၇။ ၎င်း၏ခန္ဓာကိုယ်တွင် သွေးစုပ်ခြင်းကြောင့် ခံစားရခြင်း သို့မဟုတ် နာကျင်ခြင်းမရှိဘဲ လူ့အရေပြားအတွင်း ၎င်း၏ဆူးများကို ထည့်သွင်းနိုင်ရန် ထုံဆေးအဖြစ် လုပ်ဆောင်နေသော သေးငယ်သော ကာကွယ်ဆေးတစ်ခုလည်း ပါရှိသည်။ 

၈။ သွေးအမျိုးအစားအားလုံးကို မကြိုက်သောကြောင့် သွေးစစ်ရန် ကိရိယာတစ်ခုရှိသည်။ 

၉။ သွေးစီးဆင်းမှုကို မြန်ဆန်စေမည့် အထူးယန္တရားပါရှိသောကြောင့် ပိုမိုမြန်ဆန်စွာ ဆွဲထုတ်နိုင်သည်။ 

သိပ္ပံပညာ၏ အထူးဆန်းဆုံးရှာဖွေတွေ့ရှိမှုမှာ ခြင်၏ထိပ်တွင် အလွန်သေးငယ်သော အဏုမြူအင်းဆက်တစ်ခု ရှိနေခြင်းပင်ဖြစ်သည်။ 

ခြင်သည် သာမန်သတ္တဝါငယ်ဖြစ်သော်လည်း အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤသတ္တဝါငယ်၏ အလွန်ရှုပ်ထွေးသော သဘာဝရှိပုံကို ပြသရန် ကုရ်အာန်တွင် ဥပမာပေးထားသည်။ 

မာရှားအလ္လာဟ်... အလ္လာဟ်အရှင်မြတ်သည် စူရဟ်အလ်ဘာကာရဟ်၊ အာယာတ် ၂၆ တွင်- “မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ခြင်တစ်ကောင်ဖြင့်ပင် ဖြစ်စေ၊ ခြင်းထက် သာလွန်သောအရာတစ်ခုခုဖြင့်ဖြစ်စေ ခိုင်းနှိုင်းဖော်ပြရန် ရှက်ကြောက်ခြင်းမရှိပေ။ (ကုရ်အာန် ၂:၂၆)

Allahu Akbar!



— အာရ်ကေ

Wednesday, July 19, 2023

ဆယ့်နှစ်လရာသီ ရွာသွန်းတဲ့မိုး


"ဆယ့်နှစ်လရာသီ ရွာသွန်းတဲ့မိုး"


လွတ်လပ်သာယာတဲ့ ကောင်းကင်အောက်မှာ

ကျွန်သပေါက်ဘဝ မကျွတ်သေးတဲ့ပြည်

အာဇာနည်စဉ်လာ မပျောက်သေးဘဲ

အသက်လေးဇီဝန် ဆက်တိုက်ကြွေနေတဲ့မြေ

မျိုးချစ်ပွေငမိုက်သားတွေရဲ့ ပယောဂစွေ

ချာချာလည်ပတ်နေတဲ့ သွေးယိုလွန်ဆွဲပွဲ 

ဆယ့်ကိုးမည်းဇူလိုင်မိုး လရက်တိုင်းမှာကွယ်

ဘဝင်ဆိုင်းအုံ့မှိုင်းမှိုင်း ရွာသွန်းနေတဲ့ပြည်

သွေးဆွေးနံ့သန်းတဲ့ ရာဇဝင်စာမျက်နှာကြီးတွေ 

ပြောက်ကျိပြောက်ကျား အလောင်းပန်းချီနဲ့ခြယ် 

ဒဿဂီရီမင်းထလုပ်လို့ မိုးကူးလည်မစဲ

မျက်ရည်ချိန်ကြီးလွှမ်းလို့ ရုန်းမထွက်အောင်ပ

အဓမ္မကိုဖီဆန်ရင်း ဇာနည်ဘွဲ့နဲ့နစ်ကြလေတဲ့။


— ရိုးချေ

(၁၉ ဇူလိုင်၊ ၂၀၂၃)


 ပုံ- ၁၉၄၇ ခု အူရ်ဒူသတင်းစာတစ်ခုတွင် ဖော်ပြထားတဲ့ "ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ခေါင်းဆောင်ကြီးများ လုပ်ကြံခံရတဲ့" သတင်း

Sunday, June 25, 2023

ရှေးစကားရွှေအလား (၉)

 


ရှေးစကားရွှေအလား (၉)


Fañs khora ye Morot, fañs khora ye Miyala

Háñzi finí beçi, thonthon mónthon beça.


ဤ တိုတောင်းသည့် ရှေးဆိုရိုးလင်္ကာသည် အလွန်တန်ဖိုးရှိသော ရိုဟင်ဂျာတို့၏ အစဉ်အလာ ရိုးရာဝတ်စားဆင်ယင်ပုံနှင့် အမျိုးသား၊ အမျိုးသမီးတို့၏ ဂုဏ်ကိုဖော်ကြူးထားခြင်းဖြစ်သည်။ လင်္ကာတိုက်ရိုက်အဓိပ္ပာယ်ကား

" အဝတ်အင်္ဂါ (၅) ခုနှင့် အမျိုးသား၊ အဝတ်အင်္ဂါ (၅) ခုနှင့် အမျိုးသမီး၊ လှပဆင်ယင် အမျိုးသမီး ကျက်သရေဆောင်၊ ထွားထွားကျိုင်းကျိုင်း အရပ်အမောင်းကောင်း ယောက်ျားမြတ်သည်ပင်" ဟူ၍ ဖြစ်သည်။

ဝတ်စားဆင်ယင်ပုံနှင့် ပတ်သတ်၍ ရိုဟင်ဂျာတို့က Fañs khora ဟု သုံးကြသည်။ အဝတ်အစား အင်္ဂါရပ် ငါးခု ဆိုလိုခြင်းဖြစ်သည်။ အမျိုးသားရော အမျိုးသမီးပါ အဝတ်အစားမှာ အင်္ဂါရပ် ငါးခုစီ ရှိသည်။ ရှေးရိုးစဉ်လာ ရိုဟင်ဂျာရိုးရာအဝတ်အစားဆိုလျှင် ဤအင်္ဂါရပ် ၅ ခုနှင့် ပြည့်စုံရမည်။ 

အမျိုးသားများ၏ အဝတ်အစား အင်္ဂါရပ်ငါးခုမှာ 

၁) အင်္ကျင်္ီ (ဘာဇူ)၊ 

၂) ပုဆိုး (ဟိုင်းလော့)၊ 

၃) ဦးထုပ် (တိက္ကာ)၊ 

၄) ခေါင်းပေါင်း  (ဖော်ရီ)၊ 

၅) အပြင်ခံအင်္ကျီ (ဆော့ဒေါရီယား) တို့ဖြစ်ကြသည်။ 

အမျိုးသမီးများ၏ အဝတ်အစား အင်္ဂါရပ် ငါးခုမှာ 

၁) အင်္ကျီ(ဆူလိ)၊ 

၂) ထဘီ (ထားမီ)၊ 

၃) ရင်ဖုံးချာ (ဘုခ်ဘောန်)၊ 

၄) ခေါင်းခြုံပုဝါ (နုမ္မာလ်)၊ 

၅) တဘက် (ဆာဒ္ဒေါရ်)တို့ဖြစ်ကြသည်။ 

ယနေ့ခေတ်တွင် ဆာဒ္ဒေါရ် အစား ဘိုရ်ခါ ဝတ်ဆင်ကြသည်။ ဘုခ်ဘောန် အသုံးက ပျောက်ကွယ်သွားသည်။ ခေတ်အလျောက် အပြောင်းအလဲများ ရှိနေသော်လည်း Fañs Khora စကားအသုံးက ရှိနေဆဲဖြစ်သည်။ ရိုဟင်ဂျာမင်္ဂလာဆောင်ပွဲများမှာ သတို့သားမိဘက သတိုးသမီးကိုလည်းကောင်း၊ သတို့သမီးမိဘက သတို့သမီးကိုလည်းကောင်း အပြန်အလှန် Fañs khora ပေးရလေ့ရှိသည်။ 

ထိုကဲ့သို့ အဝတ်အစား ပြည့်ပြည့်စုံစုံ ဝတ်ဆင်ကာ အလှအပအဆောင်အယောင်ကြောင့် ကျက်သရေရှိသော မိန်းမ(ကတော်) ဖြစ်လာကြောင်း၊ အမျိုးသားများသည် အဝတ်အစား ပြည့်စုံရသည့်အပြင် အရပ်အမောင်း ထွားထွားကျိုင်းကျိုင်းဖြင့် ယောက်ျားကောင်း ဖြစ်လာကြောင်း ရှေးရိုဟင်ဂျာတို့၏ သဘောထားအမြင်ကို လင်္ကာတစ်ပိုဒ်ဖြင့် သီကုံးထားခြင်းဖြစ်သည်။ 

ရှေးရိုးစဉ်လာ ရိုဟင်ဂျာ အမွေအနှစ်များကို ရှာဖွေဖော်ထုတ်၍ ရိုဟင်ဂျာ စာပေယဉ်ကျေးမှုအနုပညာတို့ကို ထိန်းသိမ်းကြပါစို့။ (ရိုဟင်ဂျာရိုးရာဝတ်စားဆင်ပုံကို အောက်ပါဆောင်းပါးတွင် အသေးစိတ် ဖတ်ရှူလေ့လာနိုင်ပါသည်)

- ရိုဟင်လေ

(၂၆ - ၆ - ၂၀၂၃)

Click Here to Read ရိုဟင်ဂျာဝတ်စားဆင်ယင်ပုံ


Monday, June 19, 2023

ကိုလိုနီခေတ် ပညာရေးစနစ်နှင့် အာရကန် မဟာမေဒင် အူရဒူကျောင်း ပေါ်ပေါက်လာခြင်း


ကိုလိုနီခေတ် ပညာရေးစနစ်နှင့် အာရကန် မဟာမေဒင် အူရဒူကျောင်း


ကိုနီခေတ်မတိုင်မီ အာရကန်ပြည်တွင် မက်သပ်ကျောင်းပညာရေး (Maktab Education)နှင့် ဘုန်းကြီးကျောင်းပညာရေး (Monastic Education) ထွန်းကားလျက်ရှိခဲ့တယ်။ မက်သပ်ကျောင်းပညာရေးမှာကျတော့ ဟဖိဇ်ခါနာ၊ အခြေခံသာသနာ့ပညာတွေ အကျုံးဝင်တယ်ပေါ့။ အဆင့်မြင့်ဘာသာရေးပညာသင်ကြားတဲ့ ကျောင်းတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ လက်ချိုးရေတွက်လောက်အောင်ပေါ့။ ဒီစာသင်ကျောင်းတွေမှာ ဘာသာရေးကိုအခြေခံတဲ့စာတွေ၊ လောကနီတိလောက်ပဲ သင်ကြားပေးတာဖြစ်တယ်။ လောကဓာတ်ဆိုင်ရာ ဘာသာရပ်တွေ မရှိခဲ့ဘူး။ 

မဟာမေဒင်ကျောင်းအကြောင်း မပြောမီ ဦးစွာ အနောက်တိုင်းပညာရေးစနစ် ဗမာပြည်မှာ ဘယ်လို မိတ်ဆက်လာခဲ့သလဲဆိုတာ အကျဉ်းမျှပြောပါရစေ။ ၁၈၂၄ ခုတွင် အာရကန်ပြည်နှင့် တနင်္သာရီကို အင်္ဂလိပ်တွေက ကျူးကျော်သိမ်းပိုက်ခဲ့တယ်။ သူတို့က အုပ်ချုပ်ရေး၊ အာဏာတည်မြဲရေး၊ ဥပဒေစိုးမိုးရေးတွေ ခိုင်မြဲလာအောင် အစီအစဉ်တကျ အဆင့်ဆင့် လုပ်လာကြတာပေါ့။ ၁၈၆၈ ခုနှစ်တွင် ဗမာပြည်ဆိုင်ရာ မဟာမင်းကြီး ဆာ့အာသာပီးယား (Sir Arthur Phayre) က အိန္ဒိယဗဟိုအစိုးရရဲ့ ညွှန်ကြားချက်အရ မြန်မာ့ပညာရေးစနစ်နဲ့ပတ်သက်ပြီးတော့ အစီရင်ခံစာတစ်ခု ပြုစုခဲ့တယ်။ သူက ဒေသန္တရပညာရေးစနစ်တွေနဲ့ ယှဉ်တွဲပြီးတော့ အနောက်တိုင်းပညာရေးစနစ်ကို သင်ကြားစေချင်ခဲ့တယ်။ ဒီဒေသတွေရှိ ရှေးရိုးစဉ်လာ ပညာရေးစနစ်တွေဟာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူတယ်လို့ သူမမြင်ဘူး။ ဒါနဲ့ ၁၈၆၄-၁၈၆၅ ခုမှာ အချက် ၅ ချက်ပါတဲ့ ပညာရေးမူဝါဒတစ်ခုကို ချမှတ်အတည်ပြုခဲ့တယ်။ 

၁။ အခြေခံမူလတန်းပညာရေးဟာ လူထုကြားတွင် ပျံ့နှံ့စေရေးအတွက် ဒေသန္တရတိုင်းရင်းဘာသာစကားကို သင်ကြားရေးကြားခံအဖြစ်အသုံးပြုရန်၊

၂။ မူလတန်းပညာရေး သင်ရိုးညွှန်းတမ်းတွင် ဖတ်ခြင်းနှင့် ရေးခြင်းအပြင် အခြေခံဂဏန်းသင်္ချာ၊ မြေတိုင်းတာခြင်း၊ ပထဝီဝင်၊ နက္ခတ္တဗေဒနှင့် ကမ္ဘာ့သမိုင်းအကျဉ်းများပါဝင်ရန်၊

၃။ ပညာရေးစနစ်သစ် သင်ကြားရန် ယခင်ကျောင်းများကို အသုံးပြုရန်၊

၄။ ယင်းကဲ့သို့ ဘာသာရပ်များကိုသင်ကြားရန်အတွက် ဘုန်းကြီးများကို မိတ်ဆင်ပေးရန်အလို့ငှာ

(က) သူတို့အား မြန်မာဘာသာစာအုပ်များဖြင့် ပံ့ပိုးရန်

(ခ) အရည်အချင်းပြည့်မီသော မြန်မာစာပြဆရာများ ခန့်အပ်ကာ သင်ကြားမှုကို ရံဖန်ရံခါ ကြီးကြပ်ကြည့်ရှူရန်

၅။ တစ်လလျှင် ရူပီး ၃၉ ဖြင့် မြန်မာစာပြဆရာလေးဦးလျှင် ဒါရိုက်တာတစ်ဦး ခန့်အပ်ရန် 

စတဲ့ အချက် ၅ ချက်ပါဝင်ခဲ့တယ်။

ဆာ့အာသာပီယားရဲ့ မူဝါဒက ဒေသန္တရပညာရေး(Vernacular Education)ကို ဘုန်းကြီးကျောင်းပညာရေးနှင့် လိုက်လျောညီထြွေဖစ်အောင် ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ အနောက်တိုင်းပညာရေးစနစ်ရဲ့ ခေတ်မီနည်းလမ်းတွေနဲ့ ဘာသာရေးကျောင်းပညာရေးဟာ အင်မတန် ကွာခြားလှတယ်။ တခြားစီးဖြစ်နေတယ်။ 

ဒီစနစ်ကို အသက်သွင်းရန် ၁၈၆၆ ခုတွင် ဆာ့အာသာပီးယားက မစ္စတာ ဂျီ၊ အပ်ခ်ျ၊ ဟော့ (Mr. G.H Hough)ကို လူထုပညာရေးသင်ကြားမှုအတွက် ပထမဆုံးညွှန်ကြားရေးမှူးအဖြစ်ခန့်အပ်ခဲ့တယ်။ သူရဲ့ကျန်းမာရေးအခြေအနေ ဆိုးဝါးမှုကြောင့် ဒီဇင်ဘာလ ၆ ရက်တွင် မစ္စတာ ပီ၊ ဟိုဒင် (Mr. P. Horden)ကို တာဝန်လွဲပေးကာ ရှေ့ဆက်ခဲ့တယ်။ ဒါပေမဲ့ အာသာရဲ့ ပညာရေးမူဝါဒသစ်ဟာ အောင်မြင်မှု မရခဲ့ဘူး။ အကြောင်းကား ဘာသာရေးကျောင်းတွေက အနောက်တိုင်းပညာရပ်တွေကို လက်မခံဘူး။ သူချမှတ်ပေးတဲ့အစီအစဉ်တွေကို မလိုက်နာခဲ့ကြချေ။

အဲ့ဒါကြောင့် အင်္ဂလိပ်အစိုးရက ထောက်ပံ့ကြေးစနစ်(Grant In Aid)ပါဝင်တဲ့ ဘာသာရေးလွမ်းမိုးမှုကင်းတဲ့ Secular Education စနစ်တစ်ခုကို ရှာဖွေခဲ့တယ်။ ဒီတော့ အိန္ဒိယမှာ ကျင့်သုံးနေတဲ့ ကိုလိုနီပညာရေး မက္ကောလေးစနစ် (Macaulay Scheme)ကို မြန်မာပြည်တွင် အသက်သွင်းပေးခဲ့တယ်။ ဒီအိန္ဒိယဘုရင်ခံချုပ် မက္ကောလေးရဲ့ မူဝါဒကျတော့ အရှေ့တိုင်းပညာရေးကို ဦးစာပေးမယ့်အစား အနောက်တိုင်းပညာကို ဦးစားပေးခြင်းဖြစ်တယ်။ အုပ်စိုးသူတွေနဲ့ အုပ်ချုပ်ခံလူထုကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်နိုင်ဖို့ အင်္ဂလိပ်လိုကျွမ်းကျင်ပြီး အင်္ဂလိပ်တွေနဲ့ ကိုယ်စိတ်သဘောထားတူညီတဲ့ စာရေးစာချီ လူတန်းစားတစ်ရပ်ကို မွေးထုတ်ပေးရန်သာဖြစ်တယ်။ 

ဒီပညာရေးမူဝါဒမှာတော့ ကျောင်းအလိုက် အဆင့်တွေခွဲလျက် ဆရာ၊ ကျောင်းသုံးပရိဘောဂ၊ ကျောင်းအသုံးစရိတ် စတာတွေအတွက် အထောက်အပံ့ကြေးတွေ ပေးကြတယ်။ 

ဒီပညာရေးအစီအစဉ်သစ်က အဆင့်ပြေခဲ့တယ်။ တဖြေးဖြေး ဘာသာရေးကျောင်းတွေ ဒေသန္တရမူလတန်းကျောင်းတွေ (Vernacular School) ဖြစ်လာခဲ့တယ်။ ခရစ်ယာန်မစ်ရှင်နာရီဘုန်းကြီးကျောင်းတွေ အင်ဂလိုမူလတန်းကျောင်းဖြစ်လာခဲ့တယ်။ ၁၉၂၀ ခု ဒီဇင်ဘာလမှာ ရန်ကုန်တက္ကသိုလ် ဖြစ်ဖော်လာခဲ့တ်။ ဒါဆို ပြည်စုံသွားပြီပေါ့။

ကဲ… ရခိုင်ပြည်ရှိ မဟာမေဒင်အူရဒူကျောင်းတွေကလည်းပဲ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစနစ်သစ်ကနေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ ဒေသန္တရပညာရေးစနစ်သစ်ကို အာရကန်ပြည်ရှိ မွတ်စလင်တွေနေထိုင်တဲ့ဒေသမှာ အကောင်အထည်ဖော်နေချိန်မှာ အဲဒီဒေသတွေမှာ မက်သပ်ကျောင်းပညာရေးစနစ် ထွန်းကားနေတာဖြစ်တယ်။ မက်သပ်ကျောင်းတွေမှာ သင်ကြားတဲ့ သာသနာ့ပညာရပ်တွေ၊ ကျမ်းစာတွေဟာ အာရဗီစာ၊ အူရဒူစာနဲ့ သင်ကြတယ်။ မက်သပ်ကျောင်းထွက်တွေကျတော့ အူရဒူနဲ့ အရေးအဖတ် အဆင်ပြေကြတယ်။ တစ်ဖက် အိန္ဒိယက ပညာသင်လာတဲ့ ပညာတတ်တွေလည်း များပြားတယ်။ 

ဒီတော့ အင်္ဂလိပ်အစိုးရက ပညာရေးစနစ်သစ်ကို ကမ်းလှမ်းလာတဲ့အခါ အာရကန်မွတ်စလင်တွေက အူရဒူစာကို လက်ခံတာများကြတယ်။ ဗမာစာကို ထောက်ခံတဲ့ အုပ်စုတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရက မက်သပ်ကျောင်းပညာရေးစနစ်နှင့် ယှဉ်တွဲပြီးတော့ အနောက်တိုင်းပညာရေးကို သင်ကြားစေချင်တယ်။ ဒါနဲ့ မက်သပ်ကျောင်းတွေမှာ သုံးတဲ့ အူရဒူစာကို သင်ကြားရေးကြားခံအဖြစ် သတ်မှတ်ပေးခဲ့တယ်။ အိန္ဒိယမှ မဟာမေဒင်ကျောင်းတွေမှာ ပို့ချတဲ့ သင်ရိုးတွေကို အူရဒူကျောင်းတွေမှာ မိတ်ဆက်ပေးခဲ့တယ်။ အဲ့ဒီကျောင်းများကို ဗဟိုပညာမင်းကြီးကပဲ ကြီးကြပ်တယ်။ အဆင့်တွေအနေနဲ့ မူလတန်းအခြေခံအဆင့်မှာ ၂ တန်း၊ အထက်မူလတန်းအဆင့်မှာ ၁တန်းကနေ ၄ တန်း အထိပါဝင်တယ်။ အလယ်တန်းဆင့်မှာတော့ ၅တန်းကနေ ဆယ်တန်းအထိ ပါဝင်ခဲ့တယ်။ ဒီလိုနဲ့ အူရဒူကျောင်းတွေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ 


အင်္ဂလိပ်လက်ထက်က ဗမာပြည်ရဲ့ မဟာမေဒင်အူရဒူကျောင်းနဲ့ ပတ်သက်လို့ သမိုင်းမှတ်တမ်းတွေမှာ ထင်ထင်ရှားရှားရှိနေတယ်။ ၁၉၁၇ ခု RB Smart ရဲ့ Gazetteer of Akyab၊ အူရဒူကျောင်းများ ပိုဒ်ခွဲခေါင်းစဉ်အောက်တွင် "ကိုလိုနီခေတ် ၁၈၉၄ ခုနှစ်တွင် ကျောင်းသူကျောင်းသား ယောက်ျား ၃၃၀ ယောက်နှင့် မိန်းကလေး ၄၅ ယောက်ရှိသော အူရဒူကျောင်း ၉ ကျောင်းသာရှိခဲ့သည်။ ထိုကျောင်းများသည် ထိုအချိန်က မြန်မာကျောင်းများ၏ ဒု-စစ်ဆေးရေးမှူး၏ ကြီးကြပ်မှုအောက်တွင် ရှိခဲ့သည်။ မဟာမေဒင်ကျောင်းများအတွက် အထူးဒုတိယစစ်ဆေးရေးမှူးတစ်ဦးခန့်အပ်ခြင်းကား စစ်တွေခရိုင်ရှိ မဟာမေဒင်ပညာရေးကို တွန်းအားဖြစ်စေခဲ့သည်။

၁၉၀၂ ခုနှစ်တွင် ကျောင်းပေါင်း ၇၂ ကျောင်းရှိလာပြီး ကျောင်းသား ၁၄၇၄ ယောက်နှင့် ကျောင်းသူ ၁၀၄ ယောက် အသီးသီး တက်ရောက်ခဲ့ကြသည်။ ထို့နောက် မဟာမေဒင်ပညာရေးသည် နောက်ကြောင်းတပြန် ဆုတ်ယုတ်လာခဲ့သည်။ အကြောင်းမူကား ပြည်နယ်တစ်ခုလုံးကို တာဝန်ခံသည့် ဒု-စစ်ဆေးရေးမှူးသည် လမ်းပန်းဆက်သွယ်ရေးမကောင်းသော ခရိုင်ဒေသများကို လျစ်လျူရှုကာ ခရီးသွားလာရေး အဆင်ပြေသည့် အခြားဒေသများသို့သာ အချိန်ကုန်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ ရလဒ်မှာ ၁၉၁၂ ခုအထိ မဟာမေဒင်ကျောင်းများနှင့် ကျောင်းသားဦးရေသည် တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ် မဟောမဒန်ကျောင်းများအတွက် ဒု-စစ်ဆေးရေးမှူးတစ်ဦး သီးသန့် ခန့်အပ်ခဲ့ရသည်။ ဤအရာရှိအား ခန့်အပ်ခြင်းဖြင့် မဟောမဒင်ပညာရေးကို ဘဝအသစ်ပေးအပ်ခဲ့သည်။ ချက်ချင်းပင် ကျောင်းပေါင်း ၆၈ ကျောင်းရှိလာပြီး ကျောင်းသားကျောင်းသူ ၁၈၄၉ ယောက်နှင့် ၁၇၉ ယောက် အသီးသီး တက်ရောက်ကြသည်။ ၁၉၁၂ ခုတွင် မောင်တောနှင့် ဖွေဒါတွင် District Cess Mahamedan စာသင်ကျောင်း နှစ်ခုကိုလည်း တည်ထောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုကျောင်းကို ကောင်းတုတ်(Kaungdauk)သို့ ပြောင်းရွေ့ပြီး ယင်းနေရာတွင် ကျောင်းဆောင်အသစ်တစ်ဆောင်ကို ရူပီးငွေ ၁၅၀၀ ဖြင့် ဆောက်လုပ်ပေးခဲ့သည်။ ထိုဆောက်လုပ်စရိတ်တွင် ရွာသားများက ရူပီး ၃၀၀ လှူဒါန်းခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ကျောင်းသား ၁၀၅၅ ဦး ရှိသည့် ပုဂ္ဂလိကကျောင်း ၁၈၇ ကျောင်း ရှိပြီး ၁၉၁၃ ခုတွင် စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအရ ကျောင်းပေါင်း ၁၇၅ ကျောင်း ရှိပြီး ကျောင်းသားကျောင်းသူ ၂၈၃၉ ဦး ရှိကြောင်း သိရသည်။" ဟု ၁၈၉၄ မှ ၁၉၁၃ ခုအထိ အင်္ဂလိပ်လက်အောက် မဟာမေဒင်ကျောင်းများနှင့် ကိုယ်ထူကိုယ်ထ ပုဂ္ဂလိကကျောင်းများ၏အခြေအနေကို အသေးစိတ်ဖော်ထားသည်။ 

၁၉၂၀ ပထမကျောင်းသားသပိတ် နောက်ပိုင်း အင်္ဂလိပ်ပညာရေးကို ဆန့်ကျင်ကာ အမျိုးသားကျောင်းတွေ ထူထောင်လာတဲ့အခါ ဒီအူရဒူကျောင်းတွေဟာ တဖြည်းဖြည်း အားပျော့လာခဲ့တယ်။ ပုဂ္ဂလိကကျောင်းများ ပို၍ အားကောင်းလာခဲ့တယ်။ ပုဂ္ဂလိကကျောင်းအချို့ကို တစ်ပြည်လုံးစံစနစ်အတိုင်း အမျိုးသားကျောင်းအဖြစ် ပြောင်းလဲကာ မြန်မာစာကို ဦးစာပေးသင်ကြားပေးလာတယ်။ အချို့ပုဂ္ဂလိကကျောင်းတွေမှာ ယနေ့တွေ့ရှိနေရတဲ့ မဒ်ရာဆာကျောင်းများအဖြစ် အသွင်းပြောင်းလာခဲ့လေတယ်။ 


အာရကန်ပြည်ရဲ့ ပညာရေးတိုးတက်လာအောင် ကြိုးပမ်းခဲ့သူတွေထဲမှာ မွတ်စလင်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလှတယ်။ အဲလိုပညာရေးတိုးတက်အောင် ဦးဆောင်လှုပ်ရှားခဲ့တဲ့ သံတွဲက ဦးဘရှင် ဆိုရင် ဗမာတစ်ပြည်လုံးအသိ မော်ကွန်းဝင် ပုဂ္ဂိုလ်ပါပဲ။ စစ်တွေမြို့က ဆရာကြီး ဦးဇိုင်နောဒ္ဒိန်း၊ စစ်တွေအမျိုးသားကျောင်းအုပ်ဖြစ်တယ်။ သမိုင်းသုတေသီ ခါလိလုရ်ရာမာန်၊ စစ်တွေခရိုင်မဟာမေဒင်ဆရာဖြစ်သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးဖြစ်တယ်။ ကျောက်တောမှ အဒူရာမာန်ကာဇီ၊ ဘူးသီးတောင်မှ အတွင်းဝန် အဒူဂဖါး၊ ဘော်လီနယ်မှ ဦးအာမီရ်အာလီမျာ၊ မောင်တောမှ မြို့ဝန် အူမောမျာ စတဲ့သမိုင်းဝင်ပုဂ္ဂိုလ်ထူးတွေရဲ့ ကိုယ်ကျိုးမဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ရခိုင်ပြည်အနှံ့အပြား၌ သမိုင်းသက်သေအဖြစ် ထိန်ထိန်ဝါဝါ တောက်ပလျက်ရှိနေပါတယ်။

ရင်နာစရာအကြောင်းကတော့ အာရကန်မွတ်စလင်တွေရဲ့ ဒီမက်သပ်ကျောင်းပညာရေးစနစ်အကြောင်း၊ အူရဒူကျောင်းတွေအကြောင်း မြန်မာ့သမိုင်းရေးဆရာတွေက မသိကျွန်ပြုကာ တမင်တကာ လျစ်လျူရှူ ဖုံးဖိထားတယ်။ ကိုလိုခေတ်က ဗမာစာသင်ကျောင်း(တိုင်းရင်းဘာသာတွေနဲ့ သင်ကြားတဲ့ကျောင်း)၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်း၊ ခရစ်ယာန်သာသနာပြုကျောင်း၊ အလွတ်ကျောင်း(အစိုးရကျောင်း)တွေ အကြောင်းကိုပဲ ဂုဏ်ယူလျက် ရေးသားဖော်ပြတာ တွေ့ရတယ်။ သာသနာပြုခရစ်ယာန်ကျောင်းတွေအကြောင်းတောင် အားတက်သရောထုတ်ဖော်ရေးသားကြပေမဲ့ မဟာမေဒင်ကျောင်းတွေအကြောင်း ရေးသားဖော်ပြဖို့ မင်ဆီခန်း လက်နည်းကြတယ်။ အာရကန်ပြည်ရဲ့ ဘယ်သမိုင်းမှာမဆို မွတ်စလင်တွေကို ဘေးဖယ်ထားရင် မှန်ကန်ပြည့်စုံတဲ့သမိုင်း ဘယ်တော့မှရရှိနိုင်မှာ မဟုတ်ဘူး။ ဘယ်လိုပင်ဖြစ်စေ သမိုင်းဆိုတာ ပျောက်ရိုးမရှိပေ။ ချီးကျူးဂုဏ်တင်ခြင်း၊ ကဲ့ရဲရှုတ်ချခြင်းက အရေးမကြီးဘူး၊ အဟုတ်ကိုအဟုတ်အတိုင်း၊ အရှိကိုအရှိအတိုင်း ကျင့်ဝတ်ပီပီ ရိုးသားစွာရေးသားလျက် နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းဖို့သာ အရေးကြီးပေသတည်း။ 


 _ လူထုဝဏ္ဏ

(၃-၆-၂၀၂၃)


ကိုးကား-

- RB Smart's Gazetteer of Akyab 1917, P 216-217

- The Beginning of Karen Education in Irrawaddy Division During the British Colonial Period (Naw Say Say Pwe)

- History of Myanmar Education Department, U Than Oo 1999 P. 24. 25 

- Report on the Administration of Burma 1911 1912, p. 204. 

- The Annual of Urdu Studies by Tariq Rahman, P. 48

Saturday, June 17, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၄)ဦး မှတ်ပုံတင်အတုဖြင့် စစ်တွေလေဆိပ်၌ ဖမ်းဆီးရမိ


ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၄)ဦး မှတ်ပုံတင်အတုဖြင့် စစ်တွေလေဆိပ်၌ ဖမ်းဆီးရမိ


ဇွန်လ(၁၇)ရက်၊နံနက်( ၇) နာရီခွဲခန့်က စစ်တွေလေဆိပ်ရှိ ပူးပေါင်းအဖွဲ့ဝင်များမှ လေဆိပ်ထွက်ခွာဆောင် (လဝက)ကောင်တာ၌ ခရီးသည်များအား စစ်ဆေးနေစဉ် စစ်တွေလေဆိပ်မှ ရန်ကုန်လေဆိပ်သို့လိုက်ပါမည့် မှတ်ပုံတင်အတုကိုင်ဆောင်သူ (၄) ဦးနှင့်အတူ လိုက်ပါပို့ဆောင်ပေးသူ (၁) ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရွာတော်မြို့၊ ဘော်တိုကျေးရွာနေ ဦးထွန်းစိန်(ဘ)ဦးလှဖြူ(၂၈) နှစ်၊ရခိုင်/ဗုဒ္ဓ၊ ဇန့်(ဘ)ဦးမက်ဂ(၂၂) နှစ်၊ မြို/ဗုဒ္ဓ၊ ပီတော်(ဘ)ဦးမောင်ခန့်ညို(၃၆) နှစ်၊ မြို/ဗုဒ္ဓ၊ ဂူရူမင်(ဘ) ဂျီဘာဒူ(၃၆ )နှစ်၊ မြို/ဗုဒ္ဓ တို့ဖြစ်ပြီး ၎င်းတို့ (၄ )ဦးမှာ မလေးရှားနိုင်ငံရှိ လူပွဲစားအား တာကာ (၃)သိန်း အခကြေးငွေပေးပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှတဆင့် မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန် ခိုးဝင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ခိုးဝင်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးအား လဝကအက်- ၁၃(၁)၊ ရာဇသတ်ကြီးပုဒ်မ၊  ပုဒ်မ-၄၆၈ တို့ဖြင့်အမှုဖွင့်တရားစွဲဆိုခဲ့သည်။

စစ်တွေမြို့၊မောလိပ်ရပ်ကွက်နေ မောင်မောင်သန်း (ဘ) ဦးစံရွှေနု၊ ၃၆ နှစ်၊ ရခိုင်/ဗုဒ္ဓ၊ ဈေးရောင်းနေသူအား ရာဇသတ်ကြီးပုဒ်မ၊ (၃၆၇/၁၁၄)ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရသိရှိရသည်။


#ရခိုင်နေစဉ့်