မော်လနာ ပီရ်မုဇာပ္ဖောရ် သခင်ကြီး၏ အတ္ထူပ္ပတ္ထိအကျဉ်း
بسم آللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيم
မပြတ်မစဲသနားကြင်နာတော်မူထသော၊ အနန္တ ကရုဏာရှင် ဖြစ်တော်မူထသော အလ္လာဟ်ရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏။
ဘာသာပြန်သူ- လူထုဝဏ္ဏ
Click here for Download .pdf file.
မော်လာနာ ပီရ် မူဇာပ္ဖော်ရ် သခင်ကြီး (၁၉၂၇-၂၀၀၆)
မာဟေ့နာမာ "خق نواے احتشام " ၏ ကာရီဟောင်း ဟာဖေ့ဇ် အေဇာဇ် (ဘ) ဆော်ဖော်ရ် အာလီ (ခေတ္တ-မက္ကာဟ်မြို့) က ဖုန်းဖြင့် သတင်းပေးပို့ခဲ့သည်မှာ ၂၁ ဇူလ်ဟဂ်ျဂျာဟ်လ၊ ၁၄၂၆ခု ဟိဂျရီ (၂၂ ဇန္နဝါရီလ၊ ၂၀၀၆)၊ တနင်္လာနေ့ အာဆွရ် နာမာဇ်အပြီးတွင် မူဆလင်ကမ္ဘာ၏ မှတ်တိုင်ကြီး၊ ဟဇရသ် မော်လနာ ဟူစိန်းအဟ်မတ် မဒ်နီ၏ နောက်ဆုံး ခလီဖွာ တပည့်တော်၊ ဒါရုလ်အုလုမ် ဒီယောဗောန် တက္ကသိုလ်ဆင်း၊ ဂျာမီယာ ရီယာဒုလ် အုလုမ် တက္ကသိုလ်၊ ဘူးသီးတောင်၏ အုပ်ချုပ်ရေးမှူး၊ မြန်မာပြည် ဟဒီးစ် ပါမောက္ခချုပ်၊ မြန်မာပြည် အာလင်မ် ပညာရှင်တို့၏ ရှေ့ဆောင် မီးရှူးတိုင်သည် ကြွေလင့်သွားပါပြီ။ "انا لله وانا اليه راجعون" အိန္နာ လိလ္လာဟိ ဝအိန္နာ အီလိုက်ဟိ ရာဂျေအူန်။
မစ်ဂျီဒေ့ ဟေရာမ်တော်တွင် နောက်ဆုံး နုမားဇ်အေ ဂျနာဇာ ဝတ်ပြုခဲ့ပြီးနောက် ဂျန္နာသေ မာအ်လာ တစပြင်၌ ဒဖွနာဟ် မြေချခဲ့သည်။
ပီရ်ဆာပ် သူတော်စင်ကြီးသည် မြန်မာပြည်တွင် ပီရ်ဘွဲ့ဂုဏ်ဖြင့် ကျော်ကြားခဲ့သည်။ နှစ်တိုင်းနီးပါး မက္ကာဟ် ရွှေမြို့တော်သို့ ဟဂ်ျပြုရန် ရောက်လာတတ်သည်။ ဟဂ်ျနှင့် အုမ်ရဟ် ကျင့်ဝတ်များကို ကျေပွန်ပြီး မိမိဌာနေသို့ ပြန်လေ့ရှိသည်။ ဤနှစ်လည်း ဟဂ်ျပြုရန် ရောက်လာပြီး ကာဗာဟ်ကျောင်းတော်အား နောက်ဆုံး သွာဖ်လည်ပတ် ဝတ်ပြုခြင်းအပြီးတွင် ဟေရာမ်အိမ်တော်အတွင်း၌ပင် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာခဲ့သောအခါ ချက်ချင်း ဆေးရုံတင်ခဲ့ရာ ဆေးရုံ၌ ကွယ်လွန်သွားရှာလေသည်။" ပီရ်ဆာပ် သခင်၏ လမ်းညွှန် ဩဝါဒတော်များ၊ ပရမတ်လမ်းစဉ်ဖြင့် ဆောင်ရွက်ခဲ့သော ဒိန်းသာသနာစောင့်ရှောက်ရေး အကျိုးကျေးဇူးများ၊ အစွမ်းကောင်း ဆေးကူသမှုနှင့် လူသားချင်းစာနာ ကူညီစောင့်မမှုစသည် တို့သည် အာရကာန်ပြည်သူပြည်သားများက အစားမထိုးနိုင်အောင် ဆုံးရှူံးခဲ့ရလေသည်။
ပီရ်ဆာပ်သခင်သည် ဂုဏ်ပြုချီးကျူးထိုက် ပုဂ္ဂိုလ်မွန်ဖြစ်သည့် အားလျော်စွာ မိမိအမျိုးနှင့် အမိမြေအတွက် ဒိန်းသာသနာ ပညာအစွမ်းဖြင့် သော်လည်းကောင်း၊ ဆေးပညာအစွမ်းဖြင့် သော်လည်းကောင်း များစွာ အကျိုးဆောင်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်မှာလည်း စောဒက တက်ဖွယ်မရှိပါ။ ဤမွန်မြတ်သော အချက် များကြောင့် မြန်မာနိုင်ငံရှိ မွတ်ဆလင်များအပြင် ဗုဒ္ဓဘာသာဝင်များစသော ဘာသာခြား ပုဂ္ဂိုလ်များကပင် ပီရ်ဆာပ်သခင်ကို အတိုင်းထက်အလွန် ချစ်ခင်မြတ်နိုးခဲ့ကြသည်။ ပီရ်ဆာပ်သခင်၏ ဂုဏ်တော်မြတ်ကို ဟစ်အော်ကြော်ငြာခဲ့ကြသည်။
ပညာရှင်များက တစ်ညီတညွတ်တည်း သဘောတူသည်မှာ ပီရ်ဆာပ်သခင်သည် ဟဒီးစ်ပါမောက္ခ၊ နိုင်ငံရေး အတွေးအမြင် ကျွမ်းကျင်သူ၊ မိမိပညာစွမ်းဖြင့် ရောဂါဘယအမျိုးမျိုး ပျက်ကင်းကူးသပေးနိုင်သူလည်းဖြစ်၊ ဟဇရသ် မဒ်နီ (ရဟမသွ) သခင်၏ နောက်ဆုံးခန့် ခလီဖွာ ကိုယ်စားလှယ်လည်းဖြစ်၊ စာပေသင်ပြမှုတွင် နိုင်တက်စွာ ရှင်းလင်းနိုင်စွမ်းလည်းရှိသူ၊ အဖိနိုပ်ခံ ပြည်သူအတွက် ကိုယ်ကျိုးစွန့် ရှေ့ဦးမှ ရပ်တည်သူ၊ ဒီယောဗောန္ဒီ ကျင့်စဉ်ကို ကိုယ်နှင့်မကွာ ဆောင်ထားသူ၊ အကျင့်စာရိတ္တကောင်း၏ စံပြုထိုက် ပုဂ္ဂိုလ်လည်းဖြစ်၊ စသည့် ဘွဲ့ထူးဂုဏ်ထူးများဖြင့် ကုံလုံလျက်ရှိပါသည်။ ဤသို့သော် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မွန်တို့သည် ကမ္ဘာ့မြေပြင်တွင် ရာစုနှစ်များမက ကျော်လွှားပြီးမှ တစ်ဦးတစ်ပါးလောက်သာ ပေါ်ထွန်းလာခြင်းဖြစ်သည်။
ပီရ်ဆာပ်သခင်နှင့် စာရေးဆရာ မူဟမ္မဒ်ဆီဒ္ဒီခ်တွေ့ဆုံခြင်း
ဆရာကြီးဆီဒ္ဒီးခ်သည် ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလတွင် မက္ကာဟ်ရွှေမြို့တော်သို့ ဟဂ်ျပြုရန် သွားခဲ့သောအခါ ပီရ်ဆာပ်သခင်နှင့် တွေ့ဆုံခွင့်ရခဲ့လေသည်။ သခင်နှင့် တွေ့ဆုံပြီး ကွဲခွာချိန်တွင် သခင်က “အကယ်၍ အချိန်ရလျှင် အဆွာရ်နှင့် မဂ်ရိဗ် အချိန်အကြား ငါ၏ အနားတွင် ခစားကြပါ" ဟု မှာတော်မူခဲ့သည်။ “ကျွန်တော်လည်း (၂)လ တိုင်တိုင် သခင်ကြီးထံ ခစား၍ ဘောရ်ကောတ် မင်္ဂလာတော်များ၊ ဂုဏ်မြတ်တော်၏ ထုံးအနံ့အမွှေးများ ရယူခဲ့သည်။"
ထိုသို့ ခစားရာ သုံးရက်နေ့တွင် သခင်ကြီးက “အကယ်၍ သင့်တော်လျှင် ကျွန်ုပ်ထံမှ ဗိုင်အိုက်သ် ပဋ္ဋိညာဉ်ခံ ယူခြင်း ပြုလိုက်ပါလေ"ဟု မိန့်ဆိုခဲ့သည်။ ဆရာကြီးက ဟဇရသ် မော်လနာ အရ်ှရောဖ်အာလီ၏ နောက်ဆုံး ခလီဖွာဟ် ရှားဟ် မော်လာနာ အဘရူလ်ဟောခ် ဟာရ်ဒူအီ (၁၉၂၀-၂၀၀၅)(ရဟမသွ) ထံမှ ဗိုင်အက်သ်ပြုခဲ့ကြောင်း ပြောပြခဲ့သည်။ ထိုအခါ သခင်ကြီးက ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ထို ဗိုင်အက်သ်သည် ‘အေဆ်လာ' နိုးဆော်ခြင်းဖြစ်ပြီး၊ ယခုမှာ ‘သဘာရခ်' မင်္ဂလာ အဖတ်တင်ဖြစ်သည်။ ဗိုင်အက်သ်ပြုပြီး သုံးရက်နေ့တွင် သခင်၏ ရွှေလက်တော်ဖြင့် ထောက်ခံချက် လက်မှတ်တစ်စောင်ကို ရေးကာ ဆရာကြီးအား ချီးမြှောက်ခဲ့သည်။ ၎င်း၏ မိတ္တူမှန်ကို တင်ပြပေးပါသည်။
ဆရာကြီးသည် ပီရ်ဆာပ်သခင်နှင့်အတူ ကုန်ဆုံးစေခဲ့သောလ ၂လသည် သူ့ဘဝ၏ အဖိုးမဖြတ်နိုင်သော တန်ဖိုးအရှိဆုံး အချိန်ဖြစ်သည်ဟု ရေးသားဖော်ပြခဲ့သည်။ ထို အတော်အတွင်း ပီရ်ဆာပ်သခင်၏ ဘဝ အတ္တုပ္ပတ္တိကို ပြုစုနိုင်ခဲ့ခြင်းဖြစ်သည်။ စာမူကြမ်းကို ပီရ်သခင်အား ပြသသောအခါ ထပ်မံ တည်းဖြတ်ပေးခဲ့သည်။ ဘဝအကျဉ်းချုပ်၏ အချို့အပိုင်းသည် ‘မရှာအေရေ အာရ်ခါန် ဗမာ' “مشاهير اركان برما” အာရ်ကာန် ပြည်၏ ထူးချွန်ထင်ရှား ပုဂ္ဂိုလ်များ စာအုပ်တွင် ဖော်ပြထားပါသည်။
ပီရ်ဆာပ်သခင်သည် ငြိမ်ဆိတ် တည်ငြိမ်စွာ ပြုံးရွှင်နေတတ်ပြီး ဆံပင်ရှည်ထားလေ့ရှိသည်။ မေးမြန်းသော အခါ ပီရ်သခင်က ဆံပင်ရှည်သည် များသောအားဖြင့် မူဂျာဟစ်များ ထားလေ့ရှိသည်။ ကျွန်ုပ်သည် ဂျီဟာဒ် ဘီလ် ဆိုက်(ဖ်) “جهار بالسيف" (လက်နက် ကိရိယာဖြင့် အလ္လာဟ်လမ်း ထွက်ခြင်း) ပြုရန် အခွင့်ကောင်း မရခဲ့ချေ။ ထို မူဂျာဟစ်တို့၏ ရုပ်တူပုံတူဆင်ပြီး စဝါဘ်အကျိုး ရရှိရန်သာ ရည်စူးထားခြင်းဖြစ်သည်ဟု ဖြေခဲ့သည်။
တစ်ခါက သခင်ကြီး မိန့်ဆိုခဲ့သည်မှာ မည်သည့် အလုပ်ကိုမဆို မလုပ်မီ အချို့ အချက်များကို စုံစမ်း၍ စိတ်ချရသင့်သည်။ ၎င်း အလုပ်သည် ရှရီယာတ် တရားတော်၊ တမန်တော်မြတ်လမ်းစဉ်နှင့် ကိုက်ညီသလော့။ သို့တည်းမဟုတ် ဖီဆန်လွဲဖယ်နေသလော့။ အကယ်၍ ယင်းသည် ရှရီယာတ် တရားတော်၊ တမန်တော်မြတ် လမ်းစဉ်နှင့် ကိုက်ညီလျှင် တည်မြဲစွာ ဆုပ်ကိုင်ထားရမည်။ မည်သည့် ဝေဖန်ချက်များဖြင့် ယင်းကို စွန့်လွတ်ခြင်းမပြုရ။ ( الاستقامة فوق الكرامة ) တည်မြဲစွာ ရပ်တည်နေခြင်းသည် ဂုဏ်တန်ခိုးတော်၏ အထက် နေရာဖြစ်သည်။
![]() | ||
| ပုံ (၁) ဆရာကြီး မူဟမ္မဒ် ဆီဒ္ဒီခ်အား ပီရ်ဆာပ်က မိမိလက်ရေးနှင့် ချီးမြှင့်သည့်လက်မှတ်။ |
အလုပ်ကိစ္စတိုင်းတွင် ရှရီယာတ်တရားတော်၏ အကျိုး၊ တမန်တော်မြတ်လမ်းစဉ်နှင့် အလ္လာဟ်ရှင်မြတ်အား ကျေနပ်စေမှုတို့ ပါဝင်စေရမည်။ ထို့ပြင် အသင်တို့၏ မာစ်အလာ အမှုကိစ္စများသည်လည်း သူဟာသူ ပြေလည်သွားပါမည်။ အကြင်သူသည် မိမိအကျိုးကို ရှေ့သွင်းထားလျှင် အောင်မြင်မှုမှ လက်လွှဲရပါမည်။ " ပီရ်သခင်၏ မိန့်ဆိုချက် အသီးသီးကို ဖော်ပြပါမည်ဆိုလျှင် သီးခြားစာအုပ်တစ်အုပ် ပြုစုရမည်ဖြစ်ပါသည်။
ကရီမ် သူတော်စင်၏ နိမိတ်တော်နှင့် ဖွားတော်မူခန်း
ကျောက်တော်မြို့၊ ဘဟားရ်ကျေးရွာ (ခ) အာလီကျွန်း၏ တောင်ဘက်တွင် မော်လနာ အဗ္ဗဒုလ် ဂေါ်ဖုရ်၏ ပလီဝတ်ပြု ကျောင်းတော် တစ်ခုရှိသည်။ ဂါဘီ မစီးတ် အမည်ဖြင့် ကျော်စောသည်။ မော်လနာ ဟာဘီဘုလ္လာ (ပေါက် တော)က ‘ဒါစ်တာန်နေ အာရ်ခါန်' “داستان اركان" (ခေါ်) အာရ်ခါန်ပြည်၏ သမိုင်း ဇာတ်လမ်း စာအုပ်တွင် ဖော်ပြထားသည်မှာ ၁၉၄၂ လူမျိုးရေးအဓိဂရုဏ်းကြောင့် ၎င်းရွာမှ ရွာသူရွာသား အားလုံး တိမ်းရှောင်သွားခဲ့ရသည်။ နို့ပေမဲ့ ထိုဝတ်ပြု ကျောင်းတော်မှ အာဇာန် ဖိတ်သံ ကြားရလေ့ရှိသည်။
တစ်နေ့သော်အခါ မီးကျောင်းဈေးရွာနေ ဟာဂျီ ဖော်ဇော်လုရ် ရာဟာမာန် (ဘ) ဆော်ယောဒ်အာလီသည် ဂါဘီပလီ၌ မဂ်ရိဗ် နုမားဇ်ဝတ်ပြုပြီး အပြန်တွင် ကရီမ် သူတော်စင်နှင့် မမျှော်လင့်ဘဲ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ရသည်။ [ကရီမ် သူတော်စင် (ရဟမသွ)သည် လာဝါတောင် (လက်ဝဲဒက်)၊ တပ်မင်းချောင်း ကျေးရွာအုပ်စု၊ ဘူးသီးတောင် ဇာတိဖြစ်သည်။ အလွန်တန်းခိုး ဗြာဋ္ဋိတ် ထင်ရှားသော သူတော်စင်(ဝလီ) တစ်ပါးဖြစ်ပါသည်။ ၁၉၄၂ ခုနှစ် လူမျိုးရေး အဓိကရုဏ်းတွင် အစွန်းရောက် ရခိုင်တို့၏ သတ်ဖြတ်မှုကို ရက်ရက်စက်စက် ခံရလေသည်။] "သည်မှာ ဘယ်နှစ်ရက်နေမှာလဲ" ဟု သူတော်စင်က ရုတ်တရက် မေးမြန်းခဲ့သည်။ ဟာဂျီက “တစ်လလောက် နေပါမယ်" ဟုဖြေခဲ့သည်။ သူတော်စင်က ပြန်ပြောသည်မှာ “ခင်ဗျား အမြန်ဆုံး အိမ်သို့ပြန်သွားလော့။ ရဗီအုလ် အင်ဝါလ်လတွင် အသင့်အိမ်၌ သားကောင်း ရတနာ ပန်းပွင့်တစ်ပွင့် ပူးပွင့်လာမည်။ ထိုသူသည် အင်မတန် ဘုန်းတော်ကြွယ်ဝပြီး မိမိပညာစွမ်းဖြင့် ကျော်စော ထင်ရှားမည့် ပညာရှင်တစ်ပါးဖြစ်လာမည်။" ဟာဂျီက သူတော်စင်စကားကို ခုပြော ခုမေ့လေသည်။ ရက် တစ်ရက်နှစ်ရက်ကြာပြီးနောက် ဟာဂျီကို ဈေး၌ လျှောက်ပတ်နေသည်ကို မြင်သောအခါ သူတော်စင်က “သင် ယခုထက်ထိ မပြန်သေးဘူးလား"ဟု ပြောခဲ့သည်။ ထိုအခါ ဟာဂျီက သူတော်စင်စကားသည် တစ်ခုသော အနှစ်သာရရှိရမည်ဟု တွေးကာ မိမိ နေရပ်သို့ ထွက်ခွာလာလေသည်။
သူတော်စင်၏ နိမိတ်ပြချက်နှင့်အညီ ရဗီအုလ် အင်ဝါလ် ၁ရက်၊ ၁၃၄၆ ခုနှစ်၊ (ခရစ်နှစ်၊ ၁၉၂၇ခု နှစ်၊ အောက်တိုဘာလ ၂၉ ရက်၊) တနင်္လာနေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် ဟာဂျီ၏ အိမ်တော်၌ မယ်တော် ဒေါ်ဆော်ဏ်ခါတူမှ ရတနာသားတော်တစ်ပါး ဖွားမြင်သန့်စင်ခဲ့သည်။ နောက်တွင် မော်လနာ ပီရ် မုဇာပ္ဖော်ရ် အဟ်မတ်သခင် အမည်ဖြင့် ကျော်ကြားလာခဲ့သည်။
သခင်၏ မောင်နှမများ
ဟာဂျီ ဖော်ဇော်လုရ် ရာဟာမာန်နှင့် ဒေါ်ဆော်ဏ်ခါတူတို့မှ သားသမီး ၈ ယောက် ထွန်းကားခဲ့သည်။ သား ၆ ယောက်နှင့် သမီး ၂ ယောက်တို့ဖြစ်သည်။ ပီရ်ဆာပ်သခင်သည် သားချင်း ၆ ဦး အနက် ဒုတိယမြောက်သား ဖြစ်သည်။ သခင်၏ ညီနောင်တော်များမှာ-
(၁) ဆော်ယော်ဒူ အဟ်မတ်
(၂) မုဇာပ္ဖော်ရ် အဟ်မတ် (ပီရ်ဆာပ်သခင်)
(၃) ဆရာရှော်ဖီ အဟ်မတ်
(၄) ဆော်ယောဒ်အာမိန်
(၅) ဆရာဆားဘဲရ် အဟ်မတ်
(၆) ဆရာကြီး အနိုဝါရ်အဟ်မတ် (ဦးကျော်မြင့်) တို့ဖြစ်ကြသည်။
ပီရ်သခင်၏ ပညာဆည်းပူးမှုခရီး
၁၉၃၄ ခုတွင် ပီရ်ဆာပ်သခင်သည် မီးကျောင်းဈေး အာရဗီ မူကြိုကျောင်းမှ ကုရ်အာန် နာဇေရာ သင်ယူပြီး နောက် ဖွီမာလီကျေးရွာရှိ အုရ်ဒူ အလယ်တန်း (အဘူလ်ဘော်ရှော်ရ် ဘီအေက တည်ထောင်ခဲ့သည်) ကျောင်းတွင် ဆက်လက် ပညာ ဆည်းပူးခဲ့သည်။ ၁၉၃၉ ခုနှစ်အထိ ထိုကျောင်းတွင် အူရ်ဒူဘာသာ၊ အင်္ဂလိပ်ဘာသာစသော ဘာသာရပ်များကို သင်ယူခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ဖုန္ဒူပြင် (ခ) ဖောင်တော်ပြင် မဒရဆာဟ်ကျောင်း၌ တက်ရောက် ပညာသင်ခဲ့သည်။ ၁၉၄၄ ခုထိ အဆိုပါ ကျောင်းတွင် အထက်တန်းပြ ဆရာ မော်လနာ မူဟာမတ် အဟ်မတ်နှင့် အခြားဆရာများထံမှ အာရဗီစာပေနှင့် အီစ္စလာမ် ဘာသာရေး စာပေကျမ်းဂန်များ သင်ယူတတ်မြောက်ခဲ့သည်။
![]() |
| ပုံ (၂) ဒါရုလ်အူလုမ် ဒီယောဗောဏ် တက္ကသိုလ်၊ အိန္ဒိယ။ |
၁၉၄၅ ခုတွင် ပီရ်သခင်သည် ဒါရုလ်အူလုမ် တောင်ဘာဇား၌ တက်ရောက်ပြီး (၂)နှစ်တိုင်တိုင် ပညာ ဆက် လက် သင်ယူခဲ့သည်။ ဒါရုလ်အူလုမ် တောင်ဘာဇား၏ ဆရာမြတ်များမှာ မုဖ်သီ မူဟာမတ်ဟူစိန်း (တောင် ဘာဇား)၊ မော်လနာ နော်ဂျူမူဒ္ဒိန်း (ဘူးသီးတောင်) စသည့်။ ၁၉၄၇ ခု၊ ဇွန်လတွင် ပီရ်သခင်သည် အဆင့်မြင့် ပညာသင်ယူရန် အိန္ဒိယနိုင်ငံသို့ ပညာတော်သင် သွားရောက်ခဲ့သည်။ ဩဂုတ်လတွင် အာရှတိုက်၏ အီစ္စလာမ် သာသနာ့ ပညာဘဏ်တိုက်ဟု ခေါ်ထိုက်သော ဒါရုလ်အူလုမ် ဒီယောဗောဏ် တက္ကသိုလ်တွင် ကျောင်းဝင်ပြီး ပညာသင်ခဲ့ရာ ၁၉၅၂ ခု၊ ဧပြီလတွင် ဒိုဝ်ရာဟဒီးစ် အောင်မြင်ကာ ဟဒီးစ် အဓိကဖြင့် ဘွဲ့ရ ရှိခဲ့သည်။
ဒိုဝ်ရာ ဟဒီးစ်တန်း သင်နေသည့်နှစ်တွင် မော်လာနာ ဆွေယာဒ်ဟူစိန်း အဟ်မတ် မဒ်နီနှင့် တွေ့ဆုံခွင့်ရလေသည်။ ပီရ်ဆာပ်သခင်က ပြောဆိုခဲ့သည်မှာ- “မဒ်နီ သခင်က အတန်း၌ စာပြနေချိန်တွင် ဤသို့ မိန့်ဆိုဖူးသည်။ ကျောင်းသား အများစုသည် ဒိုရာဟာဒီစ်တန်း အောင်မြင်နိုင်သည်နှင့် ပညာရှင်ဖြစ်ပြီဟု ထင်မှတ်ကြသည်။ အမှန်မှာ တစ်စုံတစ်ဦးသော အလ္လာဟ့်ဝလီ သို့မဟုတ် သူတော်စင်တစ်ပါးထံ ချဉ်းကပ် နီးရင်းပြီး မိမိကိုယ်နှင့် စိတ်ကို မနိုးဆော်နေသရွေ့ ကာလပတ်လုံး အကြင်သူသည် ပြည့်စုံကုံလုံသော အာလင်မ်ပညာရှင် မမြောက်သေးချေ။" ထိုဩဝါဒသည် ပီရ်သခင်၏ စိတ်ဘဝင်ကို လှုံဆော်ပေး ခဲ့သည်။ ရည်မှန်းချက်ကို ပြောင်းလဲပေးခဲ့သည်။ ပီရ်ဆာပ်သခင်သည် ဟဇရတ် မဒ်နီထံ ကျိုးနွံစွာ နီးရင်းလျက် ရူဟာနီပညာရပ်ဖြစ်သော ပီရ်ပညာရပ်ကို ၁၉၅၇ ခုနှစ်ထိ သင်ယူခဲ့သည်။ ၎င်းနှစ်တွင် မဒ်နီသခင်က ခလာဖွာသ်လက်မှတ် ချီးမြင့်ခဲသည်။
ဘွဲ့ရပြီးနောက် ပီရ်သခင်သည် ၁၉၅၇ ခု၊ ဖေဖော်ဝါရီလတွင် မိမိ၏ လူမျိုးအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးရန် ချက်ကြွေဌာနီသို့ ပြန်လာခဲ့သည်။ သခင်၏ ဆရာ မြတ်အချို့မှာ ဟဇရသ် မဒ်နီသခင် (ရဟမသွ)၊ မော်လနာ အေဇာဇ်အာလီ (ရဟမသွ)၊ မော်လနာ ဆွေယဒ် အစ်ဂေါ်ရ် ဟူစိန်းမျာသခင် (ရဟမသွ)၊ မော်လနာ ဘော်ရှီရ် အဟ်မတ်နှင့် မော်လနာ အဗ္ဗဒုလ်ဝါဟာတ် စသည်တို့ဖြစ်ကြသည်။
![]() |
| ပုံ (၃) ပီရ်ဆာပ်သခင်၏ ဆရာတော်၊ ဟဇရသ် မော်လနာ ဟူစိန်းအဟ်မတ် မဒ်နီ။ |
ပီရ်ဆာပ်သခင်၏ ဘဝသက်တမ်းတစ်လျှေက်လုံးသည် အလ္လာဟ်နှင့် အလ္လာဟ့်ရဆုလ်၏ မိန့်ဆို လမ်းညွှန်ချက်များ သင်ကြားပေးရင်း ကုန်ဆုံးစေခဲ့သည်။ ဟဒီးစ်နှင့် ဖိကာဟ် သင်ပြမှုနှင့်အတူ ပရမတ်လမ်းစဉ် (ပီရ်လမ်းစဉ်) ကိုလည်း သင်ပြပေးလျက် လမ်းပျောက်နေသူများကို လမ်းမှန် (ဒိန်းသာသနာ့လမ်း)သို့ ပို့ဆောင်ခဲ့သည်။ အာရ်ကာန်ပြည်၏ အာလင်မ်ပညာရှင်များသည် ပညာနယ်ပယ်တွင် မွေ့လျော်နေခဲ့သည်။ သို့သော် ဂျီဟာဒ်၊ နိုင်ငံရေးနှင့် ဗိုင်အက်သ်တွင်မူ အခွင့်ကောင်းမရခဲ့၍ သော်လည်းကောင်း၊ သို့မဟုတ် ဦးစားပေးမှု လျော့ နည်း၍ သော်လည်းကောင်း လျစ်လျူရှုခဲ့သည်။ အလ်ဟမ်ဒူ လိလ္လာဟ်၊ ပီရ်ဆာပ် သခင်ကမူ နယ်ပယ်အမျိုးမျိုးတွင် ဆန်းသစ် ခြေချဆောင်ရွက်ခဲ့သည်။
ပီရ်သခင်၏ လုပ်ဆောင်ချက်အချို့
အောက်တွင် ပီရ်သခင်၏ ချီးကျူးမကုန်သော လုပ်ငန်းကိုင်တွယ် ဆောင်ရွက်မှုအချို့ကို ဖော်ပြသွားမည်ဖြစ်သည်။
(၁) ၁၉၇၁ ခုတွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၌ ဒိန်းသာသနာစောင့်ရှောက်ရေးကို ရည်ရွယ်၍ အိုလမာများ ညီညွတ် ပေါင်းစည်းကာ ဘာသာရေးအဖွဲ့အစည်းတစ်ခု ထူထောင်ခဲ့သည်။ အဖွဲ့ဥက္ကဋ္ဌမှာ ဘင်္ဂလားဒေ့ရှ် ခါသီဖ်ချုပ်၊ ပတ္ထီယာ အာရဗီတက္ကသိုလ် မူဟဒ္ဒီးစ်ဟောင်း မော်လနာ အဟ်မတ်ဆီဒ္ဒီခ် ဖြစ်သည်။ နာယကမှာ ဘင်္ဂလားဒေ့ရှ် မုဖ်သီချုပ်၊ မဒ်ရာဆာ ဟေမားယောတုလ် အီစ္စလာမ် ဘင်္ဂလားဒေ့ရှ်၏ ဟာဒီးစ် ပါမောက္ခ မော်လနာ မူဟာမ္မဒ် ယူဆူဖ် (ဘ) မော်လနာ အဗ္ဗဒုလ်ဟာမီတ် ဖတေအာဘာဒီ ဖြစ်သည်။ မော်လနာ မူဟာမ္မဒ် အီဒီရီစ်၊ အဟ်မဒီယာ အာရဗီတက္ကသိုလ် အုပ်ချုပ်ရေးမှူးမှာ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။ ပီရ်သခင်သည် ဗဟိုကောင်စီ ဌာနေ ဥက္ကဋ္ဌ ဖြစ်သည်။ အဖွဲ့အစည်း၏ အမည်မှာ “ဟုဒ္ဒါမုလ် အီစ္စလာမ်" (خدام الاسلام) တွင်ခဲ့သည်။ နောက်တွင် အဖွဲ့ကို ထူထောင်သူ မော်လနာ ယူဆုဖ်မှာ ဟေမားယတုလ်အီစ္စလာမ် သာသနာ့တက္ကသိုလ်မှ ဖြစ်သောကြောင့် “ဟေမားယတုလ် အီစ္စလာမ်" (حمايةالاسلام) အမည်ဖြင့် ကျော်ကြားလာခဲ့သည်။
၁၉၇၄ ခုနှစ်ခန့်တွင် မြန်မာနိုင်ငံ တပ်မတော်အစိုးရသည် ဘာသာရေး အဖွဲ့အစည်းဖြစ်သော ဟေမားယတုလ် အီစ္စလာမ်ကို အကြမ်းဖက်အဖွဲ့အစည်းဟု စွပ်စွဲကာ အဖွဲ့ဝင်ဟု သံသယဖြစ်သော အာလမ်ပညာရှင် ၁၂၂ ဦးကို ဖမ်းဆီးရန် ဝါရန်ထုတ်ခဲ့သည်။ ထိုပုဂ္ဂိုလ်များအနက် ၄ ဦးကို (Shoot at sight) မြင်ချင်းသေနတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ ထို ၄ ဦး စာရင်းတွင် ပီရ်သခင်နှင့်အတူ၊ မော်လနာ အီဒီရီစ် (ရဟမသွ)နှင့် မော်လနာ မူဟာမ္မဒ် ဇော်ကရီယာ (ရဟမသွ)တို့၏ အမည်စာရင်း ပါဝင်ခဲ့သည်။ နောက်ဆုံးတွင် တပ်မတော် အစိုးရသည် ဟေမားယတုလ် အီစ္စလာမ်သည် ဘာသာရေး အဖွဲ့အစည်းသာ ဖြစ်ကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်း မဟုတ်ကြောင်း စုံးစမ်းသိရှိသောအခါ ပြဿနာ ငြိမ်းအေးသွားခဲ့သည်။ သို့သော် ထိုစုံစမ်းစစ်ဆေးမှုတွင် များစွာသော သာသနာ့ ပညာရှင်က တပ်မတော် အစိုးရ၏ ရက်စက်မှု အမျိုးမျိုးကို ခံခဲ့ရလေသည်။
(၂) ၁၉၇၇ ခုတွင် အာရ်ကာန်ပြည် အိုလုမာပညာရှင်များက အိုလုမာအချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် အီစ္စလာမ်သာသနာ ထွန်းကားရေးကို ရည်ရွယ်ချက်ချ၍ “ဟေ့လာဖော်တ် ကော်မတီ" အမည်ဖြင့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။ ပီရ်သခင်ကို ထိုအဖွဲ့အစည်း၏ ဗဟိုကော်မတီ ဥက္ကဌအဖြစ် တင်မြောက်ခဲ့ သည်။ ထို့အပြင် “ဟလီဖတုလ် မုစ်လီမီန်" (خليفة المسلمين) ဘွဲ့ကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရသည်။ ထိုအဖွဲ့နှစ်ဖွဲ့ကို ဦးပဲ့ကိုင်ရင်း မိမိအမျိုး၊ မိမိတိုင်းပြည်အတွက် များစွာသော အကျိုးကျေးဇူးများပြုခဲ့သည်။ အဆိုပါ အဖွဲ့နှစ်ဖွဲ့၏ သမိုင်းအသေးစိတ်ကို “ မုန်ဇမာအ်သေ မူစ်လီမာနာနေ အာရ်ကာန် ဗမာပြည်" (منظمات مسلمانان اركان برما) စာအုပ်တွင် ဖော်ပြထားပါသည်။
(၃) ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေး (မီန်ဂေဆီ)ရွာ၊ ဆော်ရ်ဖာရာ၌ အာရဗီစာသင်ကျောင်း တစ်ကျောင်းရှိခဲ့သည်။ ထိုကျောင်းကို ၁၉၅၇ ခုနှစ်တွင် ဖွင့်လှစ် ထူထောင်ခဲ့သည်။ ၁၉၇၂ ခုမှစ၍ ထိုကျောင်း၏ အုပ်ချုပ်ရေးမှူးနှင့် အထွေထွေ အတွင်းရေးမှူး တာဝန်ကို ပီရ်ဆာပ်သခင်က မလဲမယိုင် ထမ်းဆောင်ခဲ့သည်။ ကျောင်းကို အချိန်တိုအတွင်း အမြင့်မားဆုံးသော အောင်မြင်မှုများပေးခဲ့သည်။ မယုံနိုင်လောက်အောင် ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ ကျောင်း၏ အမည်ကိုလည်း ‘ဂျာမီယာ ရီယာဒုလ် အုလုမ်၊ ဘူးသီးတောင်' အဖြစ် ပြောင်းလဲပေးခဲ့သည်။ ကျောင်းသားကျောင်းသူများကို ကျောင်းပညာ သင်ပြမှုအပြင် စာရေးအကျင့်၊ လက်မှုပညာများကိုလည်း သင်ပြပေးခဲ့သည်။
ထို့အတွက်ကြောင့် ပီရ်သခင်၏ ကျောင်းသည် စစ်တမ်းအရ ယနေ့ ထိပ်တန်းစာရင်းတွင် ပါဝင်လာခြင်း ဖြစ် သည်။ ထိုကျောင်းတွင် အထက်တန်း အဆင့် ဒိုဝ်ရာအေ ဟဒီးစ်တန်းအထိ သင်ပြသည်။ ဗုခါရီကျမ်းတော်နှင့် သီရ်မီဒီကျမ်းကို ပီရ်သခင်ကိုယ်တိုင် သင်ပြခဲ့သည်။ ထို့အပြင် အမျိုးသမီး ပညာရေး မြှင့်တင်ပေးရန် မိန်းကလေး ကုရ်အာန် အာဂုံဆောင်ကျောင်း တစ်ကျောင်းလည်း ဖွင့်လှစ်ပေးခဲ့သည်။ ထိုအာဂုံဆောင် ကျောင်းမှ နှစ်စဉ် ဟာဖဲဇ်အေ ကုရ်အာန် ကျောင်းသူ အယောက် (၁၀)ကျော် သရဖူး ဆွတ်ခူးလေ့ရှိသည်။ မဒရာဆာ၏ နှစ်ပတ်လည် ဂျော်လ်ဆာအလှူခံပွဲသည် မောင်တောမြို့နယ်ရှိ ဖော်ကီရ် သူတော်စင် (ရဟမသွ) ထူထောင်သည့်ကျောင်း အဟ်မဒီယာ သာသနာ့ တက္ကသိုလ်၌ ပြုလုပ်ကျင်းပသော ဂျော်ဆာပွဲကဲ့သို့ ဘူးသီးတောင်တခွင်တွင် ကျော်ကြားလှပါသည်။ သခင်သည် ဘဝ၏ နောက်ဆုံးအချိန်အထိ ကြီးကျယ် မြင့်မြတ်သော ကျမ်းမြတ်တော်များကို သင်ပြခွင့်ရခဲ့လေသည်။
(၄) ပီရ်သခင်သည် မိမိ၏ အားမလပ်သော သက်တော်အတွင်း စာအုပ်နှစ်အုပ်ကိုလည်း ရေးသားပြုစုခဲ့သည်။
(က) ဂျလာအုလ်ကုလုပ် (جلاءالقلوب)၊ စာမျက်နှာပေါင်း ၁၅၇ မျက်နှာရှိသည်။ ၎င်းကို ဆိုက်ဒူ တွာယေဖာ ဟာဂျီ အေမ်ဒါဒ်အုလ္လာ မူဟာဂျီရ် မက္ကီ (ရဟမသွ) (سيد الطائفه حاجي امدادالله مهاجر مكي) ကရေးသားခဲ့သော “ ဒီယာအုလ် ကုလုပ်" (ضياءالقلوب) နှလုံးသား အလင်း စာအုပ်ကို မှီငြမ်းပြုစုခြင်းဖြစ်သည်။ စာအုပ်သည် ပီရ် ပရမတ်လမ်းစဉ်၏ ပင်မ အချက်များနှင့် အရေးပါသည့် ကဏ္ဍများနှင့် လမ်းညွှန်ဆွေး နွေးချက်များကို တင်ပြပြုစု ထားခြင်းဖြစ်သည်။ ပြေပြစ်ပြတ်သားရှင်းလင်းစွာ ရေးသားနိုင်သော အရေးအသားမှာလည်း စံပြုထိုက်ဖွယ်ဖြစ်သည်။ စူဖွီသူတော်စင်များအတွက် မဖြစ်မနေလိုအပ်သည့် စာအုပ်ကောင်း တစ်အုပ်လည်း ဖြစ်သည်။
(ခ) “အီခ်ျကော အဟ်လိယာံ ဗောရ်မာ" (اشك اهليان برما)စာအုပ်ဖြစ်သည်။ အဓိပ္ပာယ်မှာ (မြန်မာနိုင်ငံ၏ ချစ်တိုင်းရင်းသား မျိုးနွယ်စုများ)ဖြစ်သည်။ အာရကာန်ပြည်သား ရိုဟင်ဂျာအပေါ် ကျူးလွန်ခဲ့သော ဖိနှိပ်ချုပ်ချယ် ရက်စက်မှုများကို အသေးစိတ် ဂဃနဏ ဖော်ပြရေးသားထားခြင်းဖြစ်ပါသည်။ ဤသည်မှာ မိမိအမျိုး နောင်လာနောင်သားများအတွက် အဖိုးမဖြတ်နိုင်သော စာပေအမြူတေ သမိုင်းလက်ရာတစ်ခုဖြစ်ပေသည်။ ထိုစာအုပ်များ၏ အရသာဂုဏ်တော်နံ့ကို စာရေးဆရာကြီး မူဟာမတ်ဆီဒ္ဒီးခ် (အာရ်ကာနီ)၏ “အေခ်ျကော မုဆုလ်မာန် အာရ်ကာန် ဗာရ်မာ" အာရ်ကာန်ပြည်၏ ချစ်မွတ်စလမ် စာအုပ်မှလည်း တစိတ်တဒေသ ရရှိနိုင်သည်။ ယခုဆရာကြီးရေးခဲ့သော စာအုပ်အမည်ကိုလည်း ပီရ်ဆာပ်သခင် ကိုယ်တိုင် ရွေးချယ်တပ်ပေးခြင်းဖြစ်သည်။
(၅) ဗိုင်အက်သ် ခရီး
တစ်ဘက်က ပီရ်ဆာပ်သခင်သည် မိမိ၏ ပညာဂုဏ်အစွမ်းကြောင့် သာသနာ့ပညာရှင်အဖြစ် သာသနာ့ ညီနောင်တို့ ရှေ့ဆောင်တန်ဆောင်ဖြစ်နေပြီး တစ်ခြားဘက်က အိုလုမာ ပညာရှင်တို့၏ ဦးပိုင်းအဖြစ် လမ်းကောင်းလမ်းမြတ် ညွှန်ပြလျက် ‘ဟုဒ္ဒါမုလ် အီစ္စလာမ်'နှင့် ‘ဟေ့လာဖော်တ် ကော်မတီ' တို့၏ အလံအောက်တွင် များစွာသော မျိုးကျိုးပြည်ကျိုး လုပ်ငန်းဝတ္တရားများကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ရုဟားနီ စိတ္တဇ ဝိဉာဏ်တော် ပြုပြင်ရေးအတွက် ဗိုင်အက်သ် လမ်းကြောင်းကိုလည်း ဒလဟောမလွတ် ကြိုးပမ်းခဲ့ သည်။ အာရ်ကာန်ပြည် ရွာတိုင်းရွာတိုင်း၌ ပီရ်သခင်၏ မူရီတ် (တပည့်တော်)များစွာရှိသည်။ ဆော်ဒီအာရပ်နိုင်ငံမှာပင် ပီရ်ဆာပ်သခင်၏ မူရီတ် တစ်ဖွဲ့တစ်သုတ် လောက်ရှိနေသည်။
(၆) မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု
မြန်မာနိုင်ငံသည် ဗြိတိသျှကျွန်ဘဝမှ ၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ (၄) ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။ ထို လွတ်လပ်ရေးရရှိမှုတွင် ရိုဟင်ဂျာတိုင်းရင်းသား ပညာရှိများ၊ အိုလုမာများ၏ သွေးစွန့်သက်စွန့် ကြိုးပမ်းမှုလည်း ပါဝင်ခဲ့သည်။ အထူးသဖြင့် ပီရ်သခင်၏ စွန့်စားမှုလည်း အရေးပါလှသည်။ ရိုဟင်ဂျာ တိုင်းရင်းသားတို့၏ ကြိုးပမ်းမှု မရှိခဲ့လျှင် မြန်မာ့လွတ်လပ်ရေး အလှမ်းဝေးနိုင်မည်ဟုပင် ဆိုစမှတ်ပြုနိုင်သည်။ သို့သော် ရိုဟင်ဂျာ လူမျိုးတို့၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို မြန်မာ့သမိုင်းပညာရှင်များက ယနေ့တိုင် လှစ်လျုရှူနေကြသည်။ သို့သော် အမှန်သည် အမှန်အဖြစ် ရပ်တည်နေမည်မှာ ဓမ္မတာ တရားပင်ဖြစ်သည်။
ဗြိတိသျှကိုလိုနီတို့၏ အောင်ဆန်း-အက်တလီ စာချုပ်အရ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် တောင်တန်း ဒေသ အပါအဝင် တပြည်လုံးရှိ လူမျိုးဘာသာပေါင်းစုံ စည်လုံး ညီညွတ်ရေးကို ရရှိရန် အရေးကြီးနေသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံရှိ မွတ်ဆလမ်များကို သိမ်းသွင်းရန် မူစလင် အဖွဲ့အစည်းများဖြစ်သော ဗမာမူစလင်အဖွဲ့ချုပ်၊ အိုလိုမာ၊ ဟုဒ္ဒါမုလ် အစ္စလာမ် စသည်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ဟုဒ္ဒါမုလ် အစ္စလာမ်သည် တောင်းဆိုချက် အချို့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သဘောတူ စာချုပ်တစ်ခု ချုပ်ဆိုပြီး သဘောတူ ညီညွတ်ကြောင်း ပြည်ထောင်စုစိတ်ဓာတ် ပြသလေသည်။ ၎င်း စာချုပ်၏ မိတ္တူမှန်တစ်စောင်မှာ ပီရ်သခင်ထံ၌ ရှိနေသည်ဟု သခင်ကိုယ်တိုင် ပြောဆိုခဲ့သည်။
ဘာသာခြားများ၏ လေးစားချစ်ခင်မှု
ပီရ်ဆာပ်သခင်သည် သတ္တိ ဗျတ္တိနှင့်ပြည်စုံလျက် ရဲရင့်သူတစ်ပါးလည်းဖြစ်သည်။ ဗမာ၊ရခိုင် အာဏာပိုင်များ က ပီရ်သခင်ကို သီလသမာဓိနှင့် ဆေးဝါးကုသမှုအစွမ်းကြောင့် ကြည်ညို ကြောက်ရွံ့ရိုသေတတ်ကြသည်။ ဘူးသီးတောင်၊ မောင်းတောဒေသတွင်ရှိသော ဌာနဆိုင်ရာ အကြီးအကဲများတွင် တစ်စုံတစ်ခုသော စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာ သို့မဟုတ် ရှုတ်ထွေနေသော ပြဿနာနှင့် ရင်ဆိုင်နေရပါက ပီရ်ဆာပ် သခင်နှင့် အမြဲ တိုင်ပင်ဆွေးနွေးတတ်ကြသည်။ သခင်၏ လမ်းညွှန်ချက်များကိုလည်း နာယူတတ်ကြသည်။ တပ်မတော် အစိုးရခေတ် ရိုဟင်ဂျာများကို တစ်နေရာမှ တစ်နေရာသို့ သွားလာရေး ပိတ်ပင်ခဲ့သည့် အချိန်မှာပင် ပီရ်သခင်သည် ရန်ကုန်မှ ဆော်ဒီအာရပ်နိုင်ငံသို့ တရားဝင် ဟဂ်ျ ဘာသာရေးခရီးသွားရာ၌ မည်သည့် အခက်အခဲများမရှိခဲ့ချေ။ အာဏာပိုင် အကြီးအကဲများက ကိုယ်တိုင် ကူညီ ပို့ဆောင်ပေးလေ့ရှိသည်။
ဗုဒ္ဓဘာသာဝင်များသည် ကျွန်တော့်တို့ မွတ်ဆလမ် ဘာသာဝင်တွေကို မုန်းသည်ကြားက အသင်သခင်အား အဘယ့်ကြောင့် ကြည်ညိုချစ်ခင်သနည်းဟု မေးရာ “ဗုဒ္ဓဘာသာဝင်များသည် ရုပ်ထု ကိုးကွယ်သူများ ဖြစ်ကြသည်။ ကျနော်သာလျှင် သူတို့၏ ဝေဒနာ အဖြာဖြာကို ပျောက်ကင်းနိုင်စွမ်းရှိသည်ဟု ယုံကြည်ကြသည်။ အလ္လာဟ် အရှင်မြတ်၏ ကရုဏာတော်ဖြင့် အသင်္ချေ ရောဂါဝေဒနာရှင်များကို ကျနော် ချမ်းသာပေးနိုင်ခဲ့သည်။ တကယ်တော့ ဤသို့ ဝေဒနာများ ပျောက်ကင်းပေးသူမှာ ကျနော် မဟုတ်ပါ။ အမှန်စင်စစ် ရောဂါဘယ ပျောက်ကင်းပေးသနားသူမှာ အလ္လာဟ်ရှင်မြတ်သာ ဖြစ်သည်။ သူတို့သည် ရုပ်ထု ကိုးကွယ်သူဖြစ်၍ ထိုထိုသော ဂုဏ်သတင်းများကြောင့် ကျနော့်ပေါ် အထင်ကြီးကာ ကြောက်ရွံ့ရိုသေခြင်း ဖြစ်လိမ့်မည်ဟု ထင်မိသည်။"
ပီရ်သခင် ပြောဆိုခဲ့သည်မှာ ၁၉၉၁ ခုနှစ်တွင် မူဂျာဟစ်များက အာရ်ကာန်ပြည်ကို ပြောက်ကျား စစ်ဆင်နွဲခဲ့သောအခါ မူဂျာဟစ် အယောက် ၂၀ ကို သုံးပန်းအဖြစ် ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို သေဒဏ်စီရင်ရန် အမိန့်ချ ထားသည်။ တပ်မတော်အထက်တန်းအရာရှိ တစ်ဦးက ကျွန်တော့်ကိုခေါ်ယူ မေးမြန်းခဲ့သည်။
အရာရှိ။ ။ ဆရာ ခင်္ဗျား ...........မည်သော ဂျီဟာဒီအဖွဲ့ကို သိရှိပါသလော့။
ပီရ် ။ ။ အသီးစိတ် ကျကျနန မသိပါ။ ကောလာဟလ ကြားရုံပဲ ရှိတယ်။ ကျွန်တော်သိရှိ သလောက် ပြောရရင် ယခုအချိန်တွင် အာရ်ကာန်ပြည်တွင်း၌ မည်သို့သော လွတ်မြောက်ရေးအဖွဲ့ ဟူ၍ မရှိ။
အရာရှိ။ ။ ကျွန်ုပ်တို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မူဂျာဟီဒ်အချို့ ဖမ်းမိခဲ့တယ်။ ထိုကိစ္စနှင့် ပတ်သက်ပြီး အသင်သိရှိပါသလော့။
ပီရ် ။ ။ ကျွန်တော်ကြားဖူးတယ်။ ကြားဖူးတဲ့အတိုင်းဆိုရင် ရခိုပြည်နယ်မြောက်ပိုင်းတွင် ဒါးပြ အချို့ သည် မူဂျာဟီးဒ်ယောင်ဆောင်ကာ တစ်နေရာပြီးတစ်နေရာ ဓါးပြတိုက်နေတယ်။ ထိုသူတွေက အမှန်မှာ ဓားပြသာဖြစ်တယ်၊ မူဂျာဟီးဒ်အမည်ကို ရောင်းစားနေတာ။ ဖမ်းဆီးခံရသူတွေမှာ ထိုသူတို့ ဖြစ်ချင်ဖြစ်နိုင်တယ်။
အရာရှိ။ ။ ဒါဆို သူတို့ရဲ့ အပြစ်ဒဏ် ဘာဖြစ်သင့်သလဲ။ ကျွန်ုပ်တို့ အထက်အရာရှိတွေက သေဒဏ်ပေး ရန် ဆုံးဖြတ်လိုက်ပါတယ်။
ပီရ် ။ ။ အပြစ်မဲ့ကို မေးမြန်းစုံစမ်းပြီးတော့ လွှတ်ပေးသင့်တယ်။ ဒါမှပဲ ပြည်သူလူထုဟာ ငါတို့အစိုးရက အမှန်တရားအတိုင်းပဲ ဆုံးဖြတ်တယ်။ မတရားဖိနှိပ်တာ မဟုတ်ဘူး။ ဓါးပြကိုသာ လိုက်လံအပြစ်ပေးခြင်း ဖြစ်တယ်လို့ အမြင်ကောင်း သဘောကောင်းဆောင်လာမှာပါ။ ပြီးနောက် ပြစ်မှုကျူးလွန်တဲ့သူတွေကို ထောင်ပို့ ဒဏ်ခတ်ရမယ်။ သူတို့အတွက် နောင်တ ဖြစ်အောင်ပေါ့။ တိုင်းသူပြည်သားအတွက်လည်း သင်ခန်းစာဖြစ်လာမှာပါ။
ထိုအကြံပေးချက်ကို အရာရှိက အင်မတန် သဘောကျသွားပြီး ပြောသည့်အတိုင်း အထက်အရာရှိများနှင့် ပြန်လည်ဆွေးနွေး၍ လူ ၈ ယောက်ကို အပြစ်မဲ့လွှတ်ပေးကာ ကျန် ၁၂ ယောက်ကို ထောင်ဒဏ်ချမှတ်လိုက်သည်။ ထိုသူတို့၏ အသက်ချမ်းသာသွားလေသည်။
ဧည့်ဝတ်ကျေပွန်သော သခင်
အီစ္စလာမ်ဘာသာ ဓလေ့ထုံးစံဖြစ်သော အာဂန္တူအား ဧည့်ခံကျွေးမွေးခြင်းကို ပီရ်ဆာပ် သခင်က ရက်ရက်ရောရော ဧည့်ဝတ်ကျေပွန်လေ့ရှိသည်။ သခင်၏ အိမ်သည် ပွဲသဘင်သဖွယ် အမြဲ ဧည့်သည်များနှင့် စည်းစည်းကားကား ရှိသည်။ ရောဂါဝေဒနာများ ကူးသရန် သော်လည်းကောင်း၊ ပီရ်ကျင့်စဉ် ရယူရန် သို့မဟုတ် ဗိုက်သ် တပည့်တော်ခံယူရန် သော်လည်းကောင်း အနယ်နယ် အရပ်ရပ်မှ လူများနေ့စဉ် ရောက်လာလေ့ရှိသည်။ သခင်၏ အိမ်၌ဧည့်သည် မရောက်ရှိသော နေ့ညဟူ၍ မရှိသလောက် ဖြစ်သည်။ အနည်းဆုံး ၁၀ ဂဏန်းကျော်လောက်တော့ ရှိတတ်သည်။ ထိုဧည့်သည်တို့ တည်းခိုရန် သီးခြား ဧည့်ခန်းမဆောင် တစ်ဆောင်ကို မဒရာဆာကျောင်းအနီးတွင် ဆောက်လုပ်ထားသည်။ ရောက်လာသော သူများကို ထိုအဆောင်တွင် ညအိပ်ရန် စီစဉ်ပေးကာ နံနက်ညနေစာကို အိမ်သို့ခေါ်၍ ကျွေးသည်။ ရက်ကာလမည်မျှပင် နေစေကာမူ သခင်သည် ဝန်လေးသည် မရှိပါ။ အေရှားအချိန်အပြီး လူနာများကို စစ်ဆေးပြီး နောက် သားဖြစ်သူကို ခေါ်ကာ ကြွရောက်လာသော ဧည့်သည်တို့နှင့် စပ်လျဉ်း၍ “နေရာချပေးသလော၊ စောင်တွေကော လုံလောက်ရဲ့လား၊ ထမင်းမစားခဲ့သူ ကျန်ရှိသလား" စသည့်ဖြင့် စုံစမ်းမေးမြန်းသည်ဟု သခင်၏ ဧည့်ခန်းတွင် တစ်ပတ်နီးပါး တည်းခိုခဲ့သည့်သူ တစ်ဦးက ပြောပြခဲ့သည်။
ဝါဒခွဲ အီစ္စလာမ်ဘာသာဝင်များနှင့် စကားတမ်းထိုးမှု
၁၉၉၈ ခု၊ ဒီဇင်ဘာလတွင် ဆော်ဒီအာရပ်နိုင်ငံရှိ အဟ်လေ ဟဒီးစ်အဖွဲ့တစ်ဖွဲ့နှင့် ဂိုဏ်းခွဲ မုခ်လဒိန်း (غير مقلدين) တချို့က ပီရ်သခင်အပါးတွင် ခစား၍ ဒီယောဗောန္ဒီ အိုလိုမာ ပညာရှင်များ၏ အချို့ အာကီဒါဟ်များတွင် ချွတ်ယွင်းမှု ပါနေသည်။ ယင်းတို့ကို နိုးဆော်ပြုပြင်ရန် အလွန်အရေးကြီး နေသည်ဟု ရှင်းလင်းချက် မစ်အလာဟ် အချို့နှင့်အတူ မေးခွန်းထုတ်လိုက်ပါသည်။ သူတို့ မေးမြန်းပြောဆိုနေသည့် အချိန်တွင် ပီရ်သခင်သည် ကုတင်ပေါ်၌ လဲလျောင်းနေလျက်ရှိသည်။ ဒီယောဗောန္ဒီ အိုလုမာဟ်ဟု အသံကြားသည်နှင့် တစ်ပြိုင်နက် ကုတင်ပေါ်လဲလျောင်းနေရာမှ ချက်ချင်းထပြီး ထိုစောဒက၏ အဖြေကို သဘောပေါက် လက်ခံအောင် ဖြေဆိုရှင်းလင်းခဲ့သည်။ ပီရ်သခင်၏ အဖြေမှာ အေလောမ် ပညာ၏ မိုး သည်းသည်းထန်ထန် ရွာသွန်းနေသကဲ့သို့ ဖြစ်နေသည်။ ပီရ်သခင်၏ ထိရောက်မှန်ကန်သော အဖြေကို ကြားလျက် သူတို့သည် ခံတွင်းမဲ့သို့ ပြောမဝံ့ဆိုမဝံ့ဖြစ်သွားသည်။
နောက်ဆုံး၌ ပီရ်ဆာပ်သခင်က ကျွန်တော်ကို ဆော်ဒီအာရပ်နိုင်ငံ မုဖ်သီချုပ် အပါအဝင် ကမ္ဘာ့မည်သည့် အဟ်လေဟဒီးစ်ပညာရှင်များရှေ့မှောက်တွင် တင်သွင်းပြီး Debate လုပ်ခိုင်းစေ။ ကျွန်တော်သည် ဒီယောဗောန္ဒီ အိုလုမာ၏ ဝိစ္စငယ် တစ်ဦးသာဖြစ်သည်။ နို့ပေမဲ့ ကျွန်တော်သည် ဒီယောဗောန္ဒီ အိုလုမာ၏ မည်သည့် အာကီဒါဟ်မှ ကျမ်းမြတ် ကုရ်အာန်ကို ဆန့်ကျင်နေသည် မဟုတ်ကြောင်း၊ ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးစ်ဪဝါဒတော်၏ အမိန့်တော်အတိုင်းဖြစ်ကြောင်း သက်သေ သာဓကပြ ရှင်းလင်းနိုင်ပါမည်။
အကယ်၍ အကြင်သူသည် ဒီယောဗောန္ဒီ အိုလုမာတို့၏ အကြင် အာကီဒါသည် ကုရ်အာန်၊ ဟဒီးစ်တော်နှင့် မညီညွတ်ဆန့်ကျင်ကြောင်း မှန်ကန်သောအထောက်အထားနှင့်တကွ ဖော်ပြနိုင်လျှင် ထိုနေ့မှစ၍ ကျွန်တော်သည် ထိုသူတို့၏ ဂိုဏ်းသို့ကူးပြောင်းသွားမည် ဖြစ်သည်။ တကယ်တော့ အီစ္စလာမ်ဘာသာသည် မည်သည့်ဂိုဏ်းခွဲဖွဲ့ခြင်းကိုမဆို လုံးဝလုံးဝ တားမြစ်ထားသည်။ ဤသည် ကျွန်တော်၏ စိန်ခေါ်ချက်တစ်ရပ် ပင် ဖြစ်သည်။
ကျွန်တော်တစ်ခုမေးချင်တာက ဂိုဏ်းခွဲမုခ်လဒိန်းများနှင့် ရှီယာတို့မှာ ဘာကွာ ခြားသလဲ။ (ဒါကတော့ မေးခွန်းသဘောနဲ့ အဖြေတစ်ခုပါ။ ဆိုလိုတာက ဂိုဏ်းခွဲမုခ်လဒိန်းများနှင့် ရှီယာတို့၏ အာကီဒါဟ်မှာ အနီးစပ်ဆုံးသာဖြစ်သည်။)
ပီရ်သခင်နဲ့ တွေ့ဆုံမေးမြန်းခြင်း (Interview) တစ်ခုတွင် ပြောကြားခဲ့သည်မှာ “ကျွန်တော် သည် မြန်မာနိုင်ငံ ၌ ဒါ'ရာ(သင်္ချိုင်း ပူဇော်သူ)ဂိုဏ်းအပြင် ဗုဒ္ဓဘာသာ သာသနာ့ပညာရှင်များနှင့်လည်း Debate များစွာ ပြုလုပ်ခဲ့သည်။" ထိုအကြောင်းများကို ရှည်လျားမည်စိုး၍ ချန်လှစ်ထားခြင်းဖြစ်သည်။
မိသားစုနှင့် သားသမီးများ
ပီရ်သခင်သည် အမျိုးတာဝန် တိုင်းပြည်တာဝန်ကို ကျေပွန်ရင်း မိမိအခြွေအရံတို့ကို နှုတ်ဆက်ကာ သက် တော် (၇၉)နှစ်တွင် ဘဝပြောင်းလေသည်။ ကွယ်လွန်ချိန်တွင် ကြင်ရာတော် ၂ ပါး၊ သားတော် ၉ ပါးနှင့် သမီးတော် ၂ ပါး ကျန်ရစ်ထားခဲ့သည်။ သားတော် ကိုးပါးအနက် ငါးပါးမှာ အာလင်မ် သာသနာ့ ပညာတတ် များဖြစ်ကြသည်။ သားတော် မော်လနာ ရှေ့ခ်အဟ်မတ်မှာ ခြေတစ်ဘက်ဆိုးဖြစ်သည်။ မော်လနာ ကုသုဗ္ဗုဒိန်းမှာ မဒရဆာ ကျောင်း အုပ်ချုပ်ရေးတာဝန်ကို ဆက်ခံခဲ့သည်။ [သမိုင်းသုတေသီ ဆရာကြီး မူဟာမ္မဒ်ဆီဒ္ဒီးခ်၏ အတန်းနေဘက် သူငယ်ချင်းလည်းဖြစ်သည်။ ၁၉၇၈ ခုတွင် ဒါရုလ် ဆီးနာဟ် နီးလား အာရဗီ တက္ကသိုလ်တွင် အတူတူ ပညာသင်ယူခဲ့သည်။] ပီရ်သခင်၏ တူမောင် တစ်ဦးမှာ မော်လနာ ဇူဘေရ် အဟ်မတ်၊ မက္ကာဟ်မြို့တော်ရှိ စာသင်ကျောင်းတစ်ခု၏ အုပ်ချုပ်ရေးမှူး ဖြစ်သည်။ သခင်၏ ညီငယ်မှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (DHRP) ဥက္ကဌ ဆရာကြီးဦးကျော်မြင့် (ရှေ့နေ) ဖြစ်သည်။ တူမ မဝေဝေနု (လူ့အခွင့်အရေးလှုပ်ရှားသူ) မှာလည်း WOMEN PEACE NETWORK ARAKAN (ရိုဟင်ဂျာ အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်) ၏ ဥက္ကဌဖြစ်ပြီး၊ ၂၀၁၅ ခုနှစ် Salt Magazine 100 Inspiring Women စာရင်း စစ်တမ်း၌ (၃၃) နေရာတွင် ပါဝင်ခဲ့သည်။ သားငယ် ပီရ် မူဟာမတ် ဒူလ်ဟောခ်မှာ ပီရ်ဆာပ်သခင်၏ ပရမတ်လမ်းစဉ်ကို ဆက်ခံသူ ဖြစ်သည်။
ဤသို့ ပီရ်ဆာပ်သခင်၏ မိသားစုသည်လည်း သခင်၏ ဘောရ်ကောတ် မင်္ဂလာကြောင့် ဘွဲ့ထူးဂုဏ်ထူးများဖြင့် စည်းကားနေပါသည်။
လျှပ်တပြတ် လေ့လာခြင်း
အမည် = မုဇာဖ္ပောရ် အဟ်မတ်၊
မိဘအမည် = ဟာဂျီ ဖော်ဇော်လုရ် ရာဟာမာန် နှင့် ဒေါ်ဆော့ဏာခါတူ (ဆော်ဏ်ခါတု)၊
အဘိုးအမည် = ဆော်ယောဒ်အာလီ၊
မွေးသက္ကရာဇ် = ၁၉၂၇ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် တနင်္လာနေ့ ။
ဇာတိ = မီးကျောင်းဈေး၊ ဘူးသီးတောင်မြို့နယ်။
ပညာသင်ခဲ့သည့် ကျောင်း = မီးကျောင်းဈေး အာရဗီ မူကြိုကျောင်း(၁၉၃၄)၊ ဖွီမာလီ ကျေးရွာရှိ အုရ်ဒူ အလယ်တန်းကျောင်း၊ ဖောင်တော်ပြင် မဒ်ရဆာဟ်ကျောင်း (၁၉၄၀)၊ ဒါရုလ်အူလုမ်ေ တာင်ဘာဇား၊ ဒါရုလ်အုလုမ် ဒီယောဗော်န် အာရဗီတက္ကသိုလ်၊ အိန္ဒိယ (၁၉၄၇)၊
တတ်မြောက်ခဲ့သည့် ပညာ = အူရ်ဒူ၊ အင်္ဂလိပ်၊ အာရဗီ၊ ဟဒီးစ်၊ ကုရ်အာန်၊ ဖွီကာဟ်၊ အဘိဓမ္မာ
ရရှိခဲ့သည့်ဘွဲ့ = မူဟဒ္ဒီးစ်၊ ပရမတ် ပီရ်ဆာပ်
ထမ်းဆောင်ခဲ့သည့် တာဝန် = အာရဗီအထက်တန်းပြဆရာ၊ ဟာဒီးစ် ပါမောက္ခ၊ ရီယာဒုလ် အူလုမ် အာရဗီ တက္ကသိုလ် အုပ်ချုပ်ရေးမှူး၊ ဟေမာယတုလ် အီစ္စလာမ်၏ ကောင်စီဥက္ကဋ္ဌ၊ ဟုဒ္ဒါမုလ် အီစ္စလာမ်၏ အထွေထွေအတွင်းရေးမှူး၊ ပီရ် ပရမတ် ကိုယ်စားလှယ်။
သားသမီး = မိန်းကလေး(၂)ယောက်၊ ယောက်ျား (၉)ယောက်။
ကွယ်လွန်ခဲ့သည့် ခုနှစ် = ဇန္နဝါရီလ (၂၂)၊ ၂၀၀၆ ခုနှစ် (တနင်္လာနေ့)။
ကွယ်လွန်ခဲ့သည့် နေရာ = ဆော်ဒီအရေဗီယားနိုင်ငံ၊ မက္ကာဟ်မြို့။
ဆရာမြတ်များ = (၁) မော်လနာ မူဟာမတ် အဟ်မတ်၊
(၂) မုဖ်သီ မူဟာမတ်ဟူစိန်း (တောင်ဘာဇား)၊ မော်လနာ နော်ဂျူမူဒ္ဒိန်း
(ဘူးသီးတောင်)၊
(၃) မော်လာနာ ဆွေယာဒ်ဟူစိန်း အဟ်မတ် မဒ်နီ၊
(၄) မော်လနာ အေဇာဇ်အာလီ(ရဟမသွ)၊ မော်လနာ ဆွေယဒ် အစ်ဂေါ်ရ်
ဟူစိန်းမျာသခင် (ရဟမသွ)၊ မော်လနာ ဘော်ရှီရ် အဟ်မတ်နှင့်
မော်လနာ အဗ္ဗဒုလ် ဝါဟာတ်။




Thank you so much.
ReplyDelete