ရှေးအာရကာန် နန်းတွင်း မွတ်စလင်စာဆိုများနှင့် လက်ရာမွန်များ
အာရကန်ပြည် (ရိုရှောင်ပြည်)၏ နန်းတော်တွင် ထင်ပေါ်ကျော်ကြားသော ဗုဒ္ဓဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်နှင့် ဟိန္ဒူဘာသာဝင် စာဆိုပညာရှိများ ပေါ်ပေါက်ခဲ့သည်။ တိုင်းရေး၊ ပြည်ရေး၊ အရှင်အရေး၊ စာပေအရေး စသည်တို့ကို တက်တက်ကြွကြွ စီရင်ခဲ့သည်။ အာရကာန်ပြည်၏ စာပေလောကကို အခြား အိမ်နီးချင်း တိုင်းပြည်များနှင့် ရင်ပေါင်တန်း တိုးတက်စေခဲ့သည်။ အာရကာန် ပြည်ရှင် မင်းကြီးတို့ကလည်း ကဝိစာဆိုတို့ကို အမျိုး၊ ဘာသာ မခွဲခြားဘဲ နှစ်သက်ခုံမင် လေးစားသည်သာမက ဆုလာဘ် အမျိုးမျိုးချီးမြင့်သည်။ ထို့အပြင် ဘွဲ့ထူးဂုဏ်ထူးများဖြင့် သက်ဆိုင်ရာ ရာထူးဌာန္တရ တာဝန် အသီးသီးကိုလည်း ခန့်အပ်ခဲ့ကြသည်။ အစ္စလာမ်ဘာသာဝင် စာဆိုပညာရှိတို့သည် အာရကန်ပြည်၏ ရွှေတောင်နန်းတော်ကိုသာ ထွန်းလင်းစေခဲ့သည်မဟုတ်ဘဲ ရိုဟင်ဂျာစာပေလောက၏ မျိုးစေ့ကောင်းများကိုလည်း ချပေးကြလေသည်။
ဤပို့စ်တွင် သမိုင်းပညာရှင် ဒေါက်တာ အဗ္ဗဒူလ်ကောရိမ် ၏ The Rohingyas: History and Culture ၊ အခန်း (၄) ကို ကိုးကားမှီငြမ်းကာ (၁၆) ရာစုနှင့် (၁၇) ရာစု ရှေးအာရကန် နန်းတွင်း အစ္စလာမ်ဘာသာဝင် စာဆိုပညာရှိများနှင့် သူတို့၏ ပြောင်မြောက်သော လက်ရာစာပေ အချို့ကို ဖော်ပြပေးပါမည်။
Click here for Download The Muslim Poets of Ancient Arakan
(၁) ဒိုလတ္ကာဇီ [Dulat Qazi]
နန်းတွင်း မွတ်စလင် စာဆိုအမတ် ဒိုလတ်ကာဇီသည် ဆလိမ်သျှား ၂ ဘွဲ့ခံ သီရိသုဓမ္မာမင်း (၁၆၂၂-၁၆၃၈) လက်ထက်တွင် အထူးချီးမြင့်ခံရသည်။ ကာဇီသည် ဆုလတန်ပူရ ဇာတိဖြစ်သည်။ စာဆိုသည် အမှုကိစ္စစီရင် ဆုံးဖြတ်ပေးသည့် တရားသူကြီး တစ်ဦးအဖြစ် ကာဇီဘွဲ့ ဖြင့် ထမ်းရွက်ခဲ့သည်။ စစ်သေနာပတိချုပ် [Lashkar e Wazir] အရှောရော်ဖ်ခါန်၏ တောင်းဆိုချက်ဖြင့် Satimaina Lor Chandrani ဝတ္တုလင်္ကာ စာအုပ်ကို ရေးသားခဲ့သည်။ သို့သော် မိမိ၏ ဘဝသက်တမ်းနှင့် လက်လှမ်းမမီ၍ အဆုံးမသတ်နိုင်ခဲ့ချေ။ အနှစ် (၂၀)ခန့် ကြာပြီးနောက် စာဆိုကြီး အာလာဝလ်သည် ကျန်တတိယအပိုင်းကို ဖြည့်စွက်ရေးသားကာ အဆုံးသတ်ခဲ့လေသည်။
စတိမိုက်နာ လောရ်ချာန္ဒြာနီ ဇာတ်လမ်းကား “ဂေါ့ပြည်ဘုရင် လောရ်မင်းသည် အင်မတန် ရုပ်ရည်လှပချောမောသော အိမ်ရှေ့မင်းသမီး မိုက်နာ (ခေါ်) မိုက်နာဝတီ ကို ထိမ်းမြားကာ မိဖုရားအဖြစ် တင်မြောက်ခဲ့သည်။ သူတို့သည် သာယာပျော်ရွှင်သည့် ဘဝကို ပိုင်ဆိုင်ရလေသည်။ တစ်နေ့သော်အခါ မင်းတိုင်ပင် ပုဏ္ဍားက မင်းကြီးအား မိုဟရာပြည်၏ အိမ်ရှေ့မင်းသမီး ချာန္ဒြာနီ၏ ရုပ်ပုံတစ်ပုံကို ပြသတော်မူခဲ့၏။ အိမ်ရှေ့မင်းသမီး ချာန္ဒြာနီမှာ အိမ်ထောင်သည်မိန်းမဖြစ်သည်။ သို့သော် သူ၏ ခင်ပွန်းတော်မှာ အရပ်အမောင်းပုသည့်အပြင် မြုံသောယောက်ျားဖြစ်၏။ မင်းကြီးသည် မိုဟရာမင်းသမီးနှင့် အကွယ်မှာ ချိန်းတွေ့ခြင်းပြုကြလေသည်။ သူတို့၏ တရားမဝင် ချစ်မေတ္တာဇာတ်လမ်းကို မိုဟရာမင်းသမီး၏ ခင်ပွန်းတော်က သိတော်မူသောအခါ အချင်းချင်း အငြင်းပွားရာမှ ဂေါ့ပြည်မင်းကြီးနှင့် စစ်တိုက်ခဲ့သည်။ ထိုစစ်ပွဲတွင် မိုဟရာမင်းသမီး၏ ခင်ပွန်းတော် ကျဆုံးခဲ့ရသည်။ ပြီးနောက် လော့မင်းသည် မိုဟရာ မင်းသမီးကို လက်ထပ်ခဲ့လေသည်။ ဇာတ်လမ်း နောက်တစ်ပိုင်းတွင် ဂေါ့ပြည်၌ မိဖုရားမိုက်နာက အလွမ်းတောင်တန်း ရင်ထဲထမ်း၍ မျက်ရည်ချောင်းဖြစ် နေ့ညဖြတ်နေရသည်။ ဒီအတော့မှာ စတန် ဆိုသူ တစ်ဦးက မိဖုရားကို အချစ်ကျော့ကွင်းထဲ သိမ်းသွင်းရန် ကြိုးပမ်းခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ချေ။ မိဖုရား မိုက်နာဝတီသည် သစ္စာတရားစောင့်ထိန်းနိုင်ခဲ့သည်။ မိမိ မေတ္တာ သူတစ်ပါးထံ မရောက်အောင် ထိန်းချုပ်နိုင်ခဲ့ပေသည်။ နောက်ဆုံးပိုင်းတွင် လော့မင်းသည် ချာန္ဒြာနီနှင့် အတူ နန်းတော်သို့ ပြန်လာတော်မူခဲ့သည်။ မင်းကြီးသည် မိဖုရားနှစ်ပါးနှင့် ပျော်ပျော်ရွှင်ရွှင် နန်းစံလေသတည်း” ဟူ၍ ဖြစ်သည်။
“Teta sopaiya deha kahira shadon,
Na buje guhari basha kono kono zon.
Beshi babe bahu tak Panchalir sande,
Shokole shuniya jeno buzo ae anonne.
Tabe kazi sheto buzi se arati,
Panchali sande kahe Moina Barati.”
အဓိပ္ပာယ် - စစ်သေနာပတိ အာချရဖ်ခါန် သည် လောရော့ခ် နှင့် မိုက်နာ ဘားရတီ ဝတ္တုကို အထူးနှစ်ခြိုက်လေ့ရှိသည်။ ထိုဝတ္တုမှာ စာဆိုတော် ဆဒါန်က ထဲဌ် ဂေါဟာရီ ဘာသာစကားဖြင့် ရေးဖွဲ့ထားသောကြောင့် အာရကာန်ပြည်သူအများ နားလည်ရန် ခဲယဉ်းလှသည်။ ထို့ကြောင့် ၎င်းဝတ္တုကို ပါန်ချာလီ လင်္ကာပုံစံဖြင့် ရေးဖွဲ့ရန် ဆန္ဒရှိခဲ့သည်။ ကာဇီဒိုလတ်သည် ၎င်း မိုက်နာဘားရတီ ဝတ္တုကို ပါန်ချာလီ ပုံစံဖြင့် ပြန်လည်ရေးဖွဲ့ခဲ့လေသည်။
(၂) အာလာဝလ် [Alaol]
အာလာဝလ်သည် အာရကာန်နန်းတွင်း စာဆိုပညာရှင်များအနက် အလွန်ကျော်ကြား ထင်ရှားခဲ့သော စာဆိုတစ်ဦးဖြစ်သည်။ ၁၇ ရာစုတွင် အာရကာန်ပြည်သာမက ဘင်္ဂလားပြည်ကြီးကိုပင် စာပေလင်္ကာဖြင့် လွမ်းမိုးခဲ့သည့် စာဆိုကြီးဖြစ်သည်။ အချို့ ပညာရှင်တို့က အာလာဝလ်သည် “၁၇ ရာစု၏ ရောဘင်န္ဒြာနတ်တဂိုး” ဟုပင် တင်စားကြသည်။ စာဆိုကြီး အာလာဝလ်သည် ဖတေအာဘတ်မြို့ဝန် Mujlis e Qutub ၏ သားတော်တစ်ပါးဖြစ်သည်။ တစ်နေ့ ခမည်းတော်နှင့်အတူ ရေကြောင်း ခရီးထွက်ရာ ပင်လယ်ဓားပြတို့နှင့် တိုက်ဆိုင်တွေ့ခဲ့လေသည်။ နှစ်ဖက်တိုက်ခိုက်မှု ဖြစ်ပွားရာတွင် ခမည်းတော် ကျဆုံးခဲ့သည်။ စာဆိုကြီးကိုမူ ပေါ်တူဂီတို့က ဖမ်းဆီးကာ ရိုရှောင်ပြည်သို့ ခေါ်ဆောင်လာခဲ့သည်။ အစပိုင်းတွင် သူ့ကို ဘုရင့်မြင်းထိန်းအဖြစ် ခစားစေခဲ့သည်။ ရိုရှောင်ပြည်တွင် အနေကြာကြာ အသာမိုးမိုး ပြည်ချစ်စိတ် ဆပွားခဲ့သည်။ နန်းတော်တွင် ခစားသည့် မွတ်စလင် မှူးမတ်ဝန်ကြီးတို့နှင့် ခင်မင်ရင်းနှီးရာမှ သူ့ဘဝ ပြောင်းလဲလာခဲ့သည်။ စာဆိုကြီးသည် ပညာထူးချွန်သူ တစ်ဦးဖြစ်ကြောင်းကို နန်းတွင်းဝန် မူးမတ်တို့က သိသောအခါ နန်းတွင်း မှူးမတ်ဝန်ကြီး စသည်တို့၏ သားသမီးများကို ပညာသင် ဆရာဂုရုအဖြစ် ခန့်အပ်ခဲ့သည်။ စာဆိုကြီးသည် စာပေအရေးအသား ထူးချွန်သည့်အပြင် ဂီတအနုပညာ၌လည်း ထင်ရှားသည်။ ဤနည်းဖြင့် စာဆိုကြီး၏ ဂုဏ်သတင်း ကျော်ကြားသည်နှင့်အမျှ အထူးချီးမြင့်ခြင်းလည်း ခံခဲ့ရသည်။ စာဆိုကြီးသည် အာရဗီ၊ ပါရှင်၊ သက္ကတ၊ ဘင်္ဂါလီ၊ ဟီန္ဒီ စသော ဘာသာစကားများစွာကို တတ်ကျွမ်းသည်။ အဆိုပါ ဘာသာစကားအမျိုးမျိုးဖြင့် နိုင်ငံရေး၊ လူမူရေး၊ တိုင်းပြည်ရေး၊ ဘာသာရေးဆိုင်ရာ ကဗျာလင်္ကာများ၊ ရာသီဘွဲ့၊ တောဘွဲ့တောင်ဘွဲ့၊ မောင်ဘွဲ့မယ်ဘွဲ့၊ နန်းဘွဲ့ စသည်ဖြင့် ကဗျာအများအပြား ရေးဖွဲ့ခဲ့သည်။ အမတ်ကြီး မဂံတဂိုးက အထူးချီးမြှင့်ခဲ့သည်။ နန်းတွင်း စာဆိုကြီးသည် ရိုဟင်ဂျာစာပေလောကကို အတိုင်းမသိ တိုးတက်စေခဲ့သည်။ အာရကာန်ပြည်၏ စာပေနှင့် ဂီတ အနုပညာတို့ကို အနှစ် (၃၀) တိုင်တိုင် ထွန်းတောက်စေခဲ့သည်။
စာဆိုကြီး၏ ဘဝတလျှောက် စာပေလင်္ကာများ၊ တေးသီချင်းများ အမြောက်အမြား ရေးဖွဲ့ခဲ့သည်။ အာရဗီအက္ခရာကို အခြေခံ၍ ရိုဟင်ဂျာ အရေးအသားစနစ်ကိုလည်း တီထွင်ခဲ့သည်။ ဘာရားမာခ်ျချား ကဗျာကို ဦးဆောင်ပျိုးထောင်ခဲ့သည်။ ပဒ္ဓုမဝတီ [အေဒီ ၁၆၅၁]၊ Saiful mulluk Badiujjamal ၊ Haft Paikar / Sapta၊ Thufa [1663-64] ၊ Sikandarnama [1672] နှင့် Satimaina Lor Chandrani (နောက်ဆုံးပိုင်း) စသည်တို့သည် စာဆိုကြီး၏ ထင်ရှားသော လက်ရာမွန်များ ဖြစ်ပါသည်။
ပဒုမ္မဝတီ [အေဒီ ၁၆၅၁]
ပဒုမ္မဝတီမှာ မာလိခ်မိုဟမ္မဒ်ဂျေစီ ပါရှင်ဝတ္တုကို ကျော့ရိုးယူပြီး ရေးဖွဲ့ခဲ့သည့် ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ အဓိက ဇတ်ဆောင်ဖြစ်သည့် ပဒုမ္မဝတီသည် ချီတိုရ်မင်း၏ မြစိန်ကဲ့သို့လှပသော တောင်ညာမိဖုရားဖြစ်သည်။ အခြား မိဖုရားတစ်ဦးမှာ နာဂ်မီနီ ဖြစ်သည်။ ချီတိုရ်မင်းသည် တောင်ညာမိဖုရား နှစ်ပါးနှင့်အတူ နန်းကြာရိပ်လယ် ပျော်ရွင်စွာ အချိန်ကုန်ဆုံးနေသည်။ ဒေလီမင်း အာလာဒင်ခိလ်ဂျီသည် ပဒုမ္မဝတီ၏ အတုမဲ့ရုပ်ရည် လှပချောမောသည့် အကြောင်းကို ကြားတော်မူသောအခါ ပဒုမ္မဝတီမိဖုရားကို ပိုင်ဆိုင်ရန် စစ်ကြေညာလိုက်သည်။ အင်အားချင်း မမျှသဖြင့် ရတနာဆင့်မင်း ကျဆုံးခဲ့လေသည်။ ခင်ပွန်းတော်မင်းကို ကာကွယ်ရင်း မိဖုရားနှစ်ပါးလည်း အသက် စွန့်လွှတ်ခဲ့သည်။ ဒေလီမင်းမှာမူ စစ်နိုင်ခဲ့ သော်လည်း လက်ဗလာနှင့် ပြန်တော်မူခဲ့ရလေသည်။
Saiful mulluk Badiujjamal [၁၆၆၉-၇၀] ကဗျာရှည်သည် လူနှင့် နတ်သမီး မေတ္တာဇာတ်လမ်း ဖြစ်သည်။ အီဂျစ် အိမ်ရှေ့မင်းသား စိုင်းဖုလ်မုလ္လုခ် နှင့် နတ်သမီး ဘဒီအုဇ်ဇာမာလ် တို့၏ မေတ္တာဇာတ်လမ်းပင်ဖြစ်သည်။
Thufá သည် ဘာသာရေးဆိုင်ရာ ကျမ်းတစ်ကျမ်းဖြစ်သည်။ ဖခင်က သားဖြစ်သူအား သာသနာ့ပညာပေး ဆုံးမသော ကျမ်းဖြစ်သည်။ အခန်းပေါင်း (၄၅) ခန်းဖြင့် ရေးဖွဲ့ထားသည်။ အစ္စလာမ်သာသနာတော် လမ်းညွှန်ချက်အရ ရှရီယတ်၊ သရီကတ်၊ ဟကီကတ်၊ သိုဝ်ဟီးဒ်၊ အီမာန် ဆိုင်ရာ ပညာဗဟုသုတများကို ကျိုးကြောင်းပြ လမ်းညွှန်ရေးဖွဲ့ထားခြင်းဖြစ်သည်။
Sikandar Nama သည် ပဒုမ္မဝတီ ပြီးနောက် ဒုတိယမြောက် ကျော်ကြားသော ဝတ္တုဖြစ်သည်။ ဆီကာန်ဒေါရ် (အဲလက်ဇင်ဒါး) ဧကရာဇ်ဘုရင်၏ စွမ်းရည်သတ္တိနှင့် စိတ်ဓာတ်ကို ဖော်ကျူးထားသော သူရဲကောင်းဂုဏ်ဖော်ပြသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဤဝတ္တုသည် စာဆို အာလာဝလ်၏ ဖူတိလင်္ကာများအနက် အရှည်ဆုံးဖြစ်သည်။
Sikandarnama နှင့် စပ်လျဉ်း၍ စာဆိုတော် အာလာဝလ် ကိုယ်တိုင်ရေးသားခဲ့သည်ကို အောက်တွင် ဖော်ပြထားသည်။
“Nizamir gour bekko buzon karkash,
Bagiya kahilé tahe ase bahu roish.
Somundaro shongher granger granhon,
Bishesh faresir bashar boit bangon.
Mahanto Nizami bekko indito akar,
Bisheshto fonjobash kitab mazar.
Arobi, Farsi ar Nasarani Yuhudi,Palavi shange fans bashar abodi.”
အဓိပ္ပာယ်-စာဆို နေဇာမီရဲ့ ဝါကျအဖွဲ့သည် နားလည်ရန် ခက်ခဲလှသည်။ သို့သော် ရှင်းရှင်းလင်းလင်း ပြန်နိုင်ခဲ့လျှင် ၎င်းစာအဖွဲ့တို့က စိတ်ပီတိသာယာမှုကို ခံစားစေသည်။ အထူးသဖြင့် ပါရှင်ကဗျာကို ပြန်ဆိုကာ စာအုပ်ရေးသားခြင်းသည် သမုဒ္ဒရာ၌ ရေကူးခြင်းနှင့် တူသည်။ နေဇာမီသည် အာရဗီ၊ ပါရှင်၊ နဆွာရနီ၊ ဟီဗရူ၊ ပါဠာဝိ စသော ဘာသာစကား (၅)မျိုးဖြင့် ဥပမာအလင်္ကာများ သုံးနှုန်းထားသည်။
(၃) အဒူမင်းညို [Abdu Min Nyo]
အဒူမင်းညိုသည် အေဒီ ၁၄၅၉-၁၄၈၂ (သက္ကရာဇ် ၈၁၇-၈၄၀) ခုတွင် ရိုရှောင်ပြည် ယခုမြို့ဟောင်းဟု ခေါ်သော မြောက်ဦးမြို့၌ နန်းတက်သော ဘစောဖြူမင်း [ကလိမာဟ်ရှား] လက်ထက်တွင် ထင်ရှားခဲ့သော ပညာရှိ အမတ်ကြီး ဖြစ်သည်။ အဗ္ဗဒူမင်းညိုမှ နောင်အခါ အဒူမင်းညိုဟူ၍ ခေါ်ဝေါ် အမည်တွင်ခဲ့သည်။ အချို့ သုတေသီတို့ကမူ အဗ္ဗဒူမောနူ မှ အဒူမင်းညို ပြောင်းလာခြင်းဖြစ်သည်ဟူ၍လည်းကောင်း၊ တချို့ကမူ ယနေ့ကဲ့သို့ ရှေးရိုဟင်ဂျာတို့ကလည်း ရခိုင်နာမယ် နှင့် အာရဗီနာမယ် ပေါင်းထားလေ့ရှိသည်ဟု ဟူ၍လည်းကောင်း ဆိုကြသည်။ စာဆိုရှင် အမတ်ကြီး အဒူမင်းညို၏ အတ္ထုပ္ပတ္တိအမှန်ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။
အဒူမင်းညိုသည် ဘုရင် ဘစောဖြူ၏ သမီးတော် ဧချင်းကိုရေးဖွဲ့ခဲ့သည်။ ထိုဧချင်းကို ရခိုင်မင်းသမီး ဧချင်း ဟူ၍ပင် ခေါ်ကြလေသည်။ ထိုဧချင်းသည် မြန်မာစာပေ၌ တွေ့ရှိရသမျှသော ဧချင်းတကာတွင် ရှေးဦးအကျဆုံး ဖြစ်လေသည်။ အဒူမင်းညိုသည် ဧချင်းမျိုးစေ့ကိုချခဲ့သူဟု ဆိုရပေမည်။ အင်းဝခေတ် စာဆိုကျော် သခင်ထွေး၊ ဧချင်းဆရာ ရှင်သူရဲနှင့် ခေတ်ပြိုင်စာဆိုလည်း ဖြစ်၏။ သို့ရာတွင် ရှင်သူရဲသည် သခင်ထွေးဧချင်းကို ရခိုင်မင်းသမီးနောက် အနှစ် ၂ဝ ကျော်ကြာမှ စပ်ဆိုလေသည်။ အဒူမင်းညိုသည် ဘုရင် ဘစောဖြူ၏ လက်ထက်တွင် အမတ်ပညာရှိကြီးအဖြစ် အမှုထမ်းရွက်နေသည့် အချိန်ကား အင်းဝနှင့် အာရကာန်သည် မင်းပြိုင်အုပ်စိုး၍ စာပြိုင်ဆိုသောအချိန်ကာလ ဖြစ်၏။ အဒူမင်းညိုသည် အာရကာန် နန်းတွင်းအမတ်ကြီးပင် ဖြစ်လင့်ကစား မြန်မာမှုကို ကျွမ်းကျင်၍ မြန်မာစာပေကို ပြုစုနိုင်စွမ်းသူ ဖြစ်လေသည်။
အမတ်ကြီး စပ်ဆိုသော ဧချင်းတွင် ဧချင်းဘွဲ့ခံ ဘုရင် ဘစောဖြူ၏ သမီးတော်ကလေး၏ ဆွေတော်စဉ် စာရင်းကို ရှင်းလင်းစွာ ဖော်ပြစပ်ဆိုသွား၏။ သုံးစွဲထားသော စကားလုံးများမှာလည်း သုတိသာယာ၍ ပေါ်လွင်လှ၏။ ဖွဲ့ဆိုလိုသမျှကို မကွယ်မထောင့် ပြတ်သွားစွာ ဖွဲ့ဆိုနိုင်၏။ သို့ရာတွင် ဧချင်းမျိုးစေ့ချရုံမျှသာ ဖြစ်ရကား တောင်ငူခေတ်နှင့် ကုန်းဘောင်ခေတ်ပေါ် ဧချင်းများလောက် အကြောင်းအရာ မစုံလင်။ ရာဇဝင် ကြောင်းဘက်မှလည်း ပြည့်စုံသည်ဟု မဆိုသာချေ။ ရှေးအခါက ဘုရင့်သွေးတော်များကို ပုခက်တင်ရာ၌ မည်ကဲ့သို့ ပုခက်ကို ဆင်ယင်ရပုံကို ဗဟုသုတဖြစ်ဖွယ် ရေးသားခဲ့သဖြင့် ကျေးဇူးတင်ထိုက်လှပေသည်။
ဧချင်းတွင် သုံးစွဲထားသော စကားလုံးများသည် သုတိသာယာ၍ ပေါ်လွင်သည့်ပြင် စပ်ပုံစပ်နည်းမှာလည်း ဧကာရ န္တနှင့် အစချီ၍ ဧကာရ န္တနှင့်အဆုံးသတ်သည်။
“ဧဧပိမ့်နှစ်သိမ့်၊ အငြိမ့်အချမ်း၊ သူငယ်ဝမ်းဖြင့်၊ မြည်တမ်းပူဆာ၊ နိုးနာမရှိ၊ စက်ပျော်ဘိမျှ၊ သိန်းထိဘိုးခက်၊ ညံ့သက်ပင်ချည်၊ လျားနံရှည်နှင့်၊ နောက်ပြည်မင်းတို့၊ ခွန်ဆက်ပို့သား၊ နှစ်လို့ချင်စွာ၊ ခါသာသလင်း၊ အောက်နှီးခင်းလျက်၊ ပေါ်တင်းကြက်မွန်၊ ဗိတာန်ဆောင်းထား၊ ကိုးပါးရတနာ၊ စီချယ်မြွာလျက်၊ ရွှေပုခက်တွင်၊ ရွှေရွက် လူလူ၊ ရွှေချူသွင်သွင်၊ လက်ငင်တိုင်ငုတ်၊ မျှင်မျှင်ထုတ်၍၊ တမုတ်ကြိုးကိုင်၊ နှစ်ဘက်ဆိုင်သည်၊ ဧတိုင်ရိုက်ပျံ့ ပျူးတည့်လေ။”
(ရခိုင်မင်းသမီး ဧချင်း)
ဟူသောအဖွဲ့ကို ကြည့်ရှုလျှင် အဒူမင်းညိုသည် ရှေးအခါက ပုခက်ဧယင်ကို မည်သို့ ဆင်ယင်၍ မည်သို့ ဧယင်တော်ကျူးကြပုံကို ပေါ်လွင်သော စကားလုံးများဖြင့် ဗဟုသုတ ဖြစ်ဖွယ်ရာဖော်ကျူးခဲ့သည်။
(၄) မရဒါန် နူရဒ္ဒိန်း [Mardan Nuraddin]
စာဆို မရဒါန် နူရဒ္ဒိန်းသည် သီရိသုဓမ္မမင်း (ဆလိမ်ရှား၂) (၁၆၂၂-၁၆၃၈) လက်ထက်တွင် အထူးထင်ရှားခဲ့သည်။ စာဆို၏ အတ္တုပ္ပတ္တိ အတိအကျကို မတွေ့ရသေးချေ။ စာဆို၏ ဟုန်းဟုန်းတောက် ကျော်ကြားသည့် စာအုပ်မှာ ‘နဆီရာနာမာ/နဆိပ်နာမာ’ [Nasiranama/Nasibnama] ဟု လူသိထင်ရှားသည်။ ကံကြမ္မာတရားကို အခြေခံ၍ ဖွဲ့ဆိုထားခြင်းဖြစ်သည်။ ဂုဏ်ကြီးကြွားဝါသူတို့သည် နိမ့်ချသွားခြင်း၊ ကံတရားကို မပြောင်းလဲနိုင်ခြင်း စသည့် အင်္ဂါရပ်များကို ဇာတ်လမ်း ဇာတ်ကွက်ဖြင့် သရုပ်ဖော်ထားသည်။ ကာချီ [Kanci]ဟု ခေါ်တွင်သည့် အာရကာန်ပြည်၏ ရှေးဟောင်းမြို့တစ်ခု၌ ရေးဖွဲ့ခဲ့သည်ဟု ကဗျာအရ သိရှိရသည်။ စာဆိုလည်း အဆိုပါမြို့သား ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
စာဆိုသည် နဆီပ်နားမာ ဖူတီလင်္ကာတွင် ကာချီမြို့၏ သာယာတင့်တယ် ခမ်းနားပုံကို အလွန်အမင်း ချီးကျူး ဂုဏ်ယူ ဖော်ကျူးရေးသားခဲ့သည်။ ကာချီဆိုသော မြို့တွင် မွတ်စလင်များ၊ ဗြဟ္မာများ၊ ကရစ်သားများ နေထိုင်ကြသည်။ မွတ်စလင်ထဲတွင် အာလိမ်ပညာရှင်များ၊ ပညာတတ်များသည် ကုရ်အာန်နှင့် ဘာသာရေးကျမ်းဂန်များဖြင့် ပျော်မွေ့နေကြသည်။ ဗြဟ္မာတို့ထဲမှာလည်း ပညာတတ် ပဏ္ဍိတများ များပြား၍ သူတို့၏ ကျမ်းစာ၊ ကဗျာများ၌ ပျော်မွေ့နေသည်။ ပညာတတ်များ ဝေဆာကာ သာယာ တင့်တယ်သော မြို့ပင်တည်း စသည်ဖြင့် ဖော်ကျူးထားသည်။
နဆီပ်နာမား ဇာတ်လမ်းကား “တစ်ခါသော် အဒူနဗီနှင့် အဘုလ်ကော်ရီမ် ကုန်သည်ကြီး သူငယ်ချင်း နှစ်ဦးရှိခဲ့သည်။ သူတို့သည် အတူတကွ ကုန်သွယ်ရောင်းဝယ်ရာမှ တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်နှီးမှု တိုးလာသည့်အခါ ပို၍ ခိုင်မြဲအောင် တစ်ဦး၏ သမီးကို နောက်တစ်ဦး၏သားနှင့် အရွယ်ရောက်သော် လက်ထပ်ပေးစားရန် ကတိကဝတ်ပြုခဲ့လေသည်။ အဒူနဗီတွင် သားတစ်ပါးရှိ၍ အဒူကရီမ်မှာမူ သမီးတစ်ပါးရှိခဲ့၏။ သို့သော် အဒူကော်ရီမ်သည် ကံဆိုးတိုက်စား၍ စည်းစိမ်ချမ်းသာ ဆုံးရှူံးကာ ဆင်းရဲမွဲတေခြင်းနှင့် ရင်ဆိုင်ရလေသည်။ လုပ်ငန်းဖော် သူငယ်ချင်း ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ရချိန်တွင် အဒူနဗီက ထိုကတိကို ပျက်ပစ်ခဲ့သည်။ သူ့သားအား တခြား ချမ်းသာသော မိသားစုမှ လက်ထပ်ပေးရန် အဒူနဗီက ပြင်ဆင်နေသည်။ အဒူကရီမ်က မိတ်ဆွေအား မိမိတို့ ကတိနှင့် ပတ်သက်၍ ခဏခဏ အသိပေးသော်လည်း အချည်းနှီးဖြစ်ခဲ့ရသည့်အပြင် အစော်ကားခံခြင်းသာ အဖတ်တင်ခဲ့ရသည်။ အဒူကရိမ်၏ ဇနီးကမူ ကံကြမ္မာက စီရင်လိမ့်မည်ဟု အားတင်းထားခဲ့သည်။ နောက်ဆုံးတွင် ကံတရားအားလျော်စွာ သူတို့၏ ကတိ ပြည့်ဝလာခဲ့သည်။ သူတို့ သားနှင့်သမီးတို့ အချင်းချင်း လက်ထပ် ထိမ်းမြှားနိုင်ခဲ့လေသည် ” ဟူ၍ ဖြစ်သည်။
(၅) ကုရိုက်ရှီ မဂံ [Quraishi Magan]
စာဆို ကုရိုက်ရှီမဂံ ၏ ဘိုးဘေးဘီဘင်သည် ကန္တရပြည်မှ အာရပ်အမျိုးအနွယ်ဖြစ်သည်။ အာရပ်မှ ဂေါ့ပြည်သို့ ကုန်သွယ် စီးပွားရေးအရ ပြောင်းရွှေ့ ရောက်လာခြင်းပင်ဖြစ်သည်။ တဖန် သူတို့ အမျိုးမှ တစ်စုသည် စစ်တကောင်းမှတဆင့် အာရကာန်ပြည်သို့ ရောက်လာကာ အခြေစိုက်နေထိုင်သွားလေသည်။ စာဆိုကျော် ကုရိုက်ရှီ မဂံ ၏ ထင်ရှားသော စာအုပ်မှာ စန္ဒြာဝတီ [Chandravati] ဖြစ်သည်။
အချို့သုတေသီ ပညာရှင်များကမူ ကူရိုက်ရှီမဂံနှင့် ပညာရှိအမတ်ကြီး မဂံတဂိုးသည် ပုဂ္ဂိုလ်တစ်ဦးတည်းပင် ဖြစ်သည်ဟုလည်း ဆိုကြပေသည်။
(၆) အဒူကော်ရိမ် ခေါန်ဒါကာရ် [Abdul Karim Khondaker]
အဒူကော်ရိမ်ခေါန်ဒါကာရ်သည် ဘန္ဒာရ် ခေါ် ဘောင်းဒွတ်ဇာတိဖြစ်သည်။ ဘောင်းဒွတ်သည် မြောက်ဦး နေပြည်တော်၏ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး သူကြွယ်သူကြီး၊ ပညာတတ် အများအပြားဖြင့် စည်ကားသာယာသော မွတ်ဆလင်အများစုနေထိုင်ရာ ဒေသတစ်ခု ဖြစ်သည်။ စာဆိုပညာရှင်များ အမြောက်အများ မွေးထုတ်ပေးသောမြို့လည်းဖြစ်သည်။ ဘောင်းဒွတ် ပိုက်ဆိပ်ရွာ ဟုလည်း ခေါ်ကြသည်။ စာဆို ခေါန်ဒါကာရ်သည် မင်းမှူးထမ်းအမျိုးအနွယ်မှ ဆင်းသက်လာပြီး ဘိုးဘွားစဉ်ဆက်ကပင် မင်းမှူးထမ်းများဖြစ်ကြပေသည်။ စာဆို၏ ဘေးတော် Rasul Mia သည် အကောက်ခွန် အရာရှိဖြစ်သည်။ ဘိုးတော်သည် ထိုခေတ် မင်းလက်ထက် အကောက်ခွန်ရုံးတွင် စကားပြန် ဒေးဝန်ကြီးအဖြစ် အမှူးထမ်းခဲ့သည်။ မင်းကြီးနှင့် နိုင်ငံခြားသားများ သံတမန် ဆွေးနွေးရာတွင် စကားပြန်ပေးခြင်းဖြစ်သည်။ နိုင်ငံခြားသားများနှင့် တရင်းတနှီး ဆက်ဆံရသည့်အပြင် မင်းကြီး၏ လူယုံတော်တစ်ဦးလည်းဖြစ်ခဲ့သည်။ ခမည်းတော် အလီအက်ဘောရ်ကလည်း ဂုဏ်သရေမြင့်မားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သို့သော် မည်သည့် ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း၊ နန်းတွင်းခစားခဲ့ကြောင်း ခိုင်လုံသော အထောက်အထား မတွေ့ရချေ။
စာဆိုသည် မဟာသမ္မတမင်းလက်ထက် အထူးချီးမြှင့်ခြင်း ခံခဲ့ရသည်။ ဆဒီဝုခ် နာနာ ဘွဲ့ခံ အာတီဘာ ဆိုတဲ့ ဘောင်းဒွတ် မြို့ဝန်ထံ ခစားခဲ့သည်။ မြို့ဝန်၏ တိုက်တွန်းချက်အရ ဒူလ္လာ မူဂျီလစ် [Dulla Majlis] ဖူတီးလင်္ကာကို ရေးသားခဲ့သည်။ အခန်း (၃၃) ပါရှိသည့် အဆိုပါ ဧချင်းလင်္ကာရှည်ကို ၁၇၈၅ ခုနှစ် ဟိဂျိရီ ၁၂၀၀ ခု တွင် ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ထိုနှစ်ကား အာရကာန်ပြည်ကို ဘိုးတော်ဘုရားက သိမ်းပိုက်ခဲ့သော နှစ်ပင်ဖြစ်သည်။ ထိုလင်္ကာရှည် မရေးဖွဲ့မီ တာမီမ် အာန်ဆာရီ [Tamim Ansari]နှင့် ဟားဇာရ် မဆာယဲလ် [Hazar Masail] တို့ကိုလည်း ရေးသားခဲ့ကြောင်း သိရသည်။
“Rasul Mia name prapita amar,
Bistro padabi pailo prashader razar.
Dhingar hasil joto tahar karon,
Laita beith e sab nuper saron.
Tanputro Moson Ali dhingar dhubashi,
dibe bosto holé nuf shane dettro ashi.
Rashanget zato sodagor aise zattra,
Nuper shomuke niya bason firattra.
Tan futtro Aliakbar dore nam,
shud moti mohazon shobr gune dam.
Ami tan puttro Abdul Karim khondakar,
Aca kalo e kitab rosite fayar.”
(၇) ရှုဇာ အဗ္ဗဒူကောရိမ် [Shuja Kazi Abdul Karim]
စာဆို အဗ္ဗဒူလ်ကောရီမ်ကို ရှုဇာကာဇီ ဟု လူသိများသည်။ အချို့ အမည်တူစာဆို ရှိသောကြောင့် ရှုဇာကာဇီ အဗ္ဗဒူကော်ရိမ် ဟု ခွဲခြားခေါ်ဝေါ်ကြသည်။ ရှားဒါရ်ဖားရာ ဇာတိဖြစ်သည်။ ၁၈ ရာစုအစပိုင်းတွင် သက်ရှိထင်ရှားခဲ့သော ရှုဇားကာဇီသည် တိုင်းပြည်နှင့် လူမျိုးအတွက် အဖိုးမဖြတ်နိုင်သော အနန္တရတနာ ရာဇဝင်ကျမ်းတစ်အုပ်ကို လင်္ကာဖြင့် ရေးသားပြုစုခဲ့သည်။ ထိုရာဇဝင်ကျမ်းမှာ ရိုရှောင်ဂဲ့ဖန်ချာလီ [Roshanger Panchali] ဖြစ်သည်။ ရိုရှောင်ပြည် (ခေါ်) အာရကာန်၏ ရာဇဝင် ဟု အဓိပ္ပာယ်ရသည်။
(၈) ကာဇီ အဒူကောရိမ် [Kazi Abdul Karim]
စာဆို ဆရာကြီး ကာဇီအဒူကော်ရိမ်သည် ထိုခေတ်က ထင်ရှားသောအရပ် ဟိုင်မ်ဇာတိဖြစ်ပြီး ကျမ်းပေါင်းများစွာ ရေးသားခဲ့သည်ဟု ဆိုကြသည်။ သူ၏ ထင်ရှားသော စာအုပ်များမှာ ရာဟာတုလ် ကုလုပ်၊ အဗ္ဗဒုလ္လာရ် ဟာဇားရ်ဆူဝါလ်၊ နုမာမာ၊ မဒူမာလတီ နှင့် ဒါရီဂေ မုဂ်ျလီစ် တို့ဖြစ်ကြသည်။ ရာဟာတုလ် ကုလုပ် [Rahatul Kulub]၊ အဗ္ဗဒုလ္လာရ် ဟာဇားရ်ဆူဝါလ် [Abdullar Hazar Sawal]၊ နုမာမာ [Numama]ကျမ်းတို့မှာ ဘာသာရေးဆိုင်ရာကျမ်းများဖြစ်သည်။ မဒူမာလတီ [Madhumalati] မှာမူ မေတ္တာဇာတ်လမ်း ဝတ္တု တစ်ပုဒ်ဖြစ်သည်။ ဒါရီဂေ မုဂ်ျလီစ် [Darige Majlis]မှာမူ နန်းတွင်းနီတိ ဆိုင်ရာကျမ်းဖြစ်ပေသည်။
(၉) ကဗီအာဘူလ်ဟူးစိန် [Poet Abul Husain]
စာဆို ကဗီအာဘူလ်ဟူစိန်သည် မြို့ဟောင်းနေပြည်တော်အနီး ဘန္ဒာရ် (ခ) ဘောင်းဒွတ်မြို့ဇာတိဖြစ်သည်။ သူ၏ ထင်ရှားသော စာအုပ်ကား အာဒေါမ်အေရ် လာရိုက် [Adamer Larai] ဖြစ်သည်။
(၁၀) အစ္စမိုက်လ်စကိပ် [Ismail Saqib]
စာဆို အစ္စမိုက်လ်စကိပ်သည် ကိုင်မ် (ဟိုင်မ် ဖာရာ)အရပ် ဇာတိဖြစ်သည်။ သူ၏ ထင်ရှားသော စာအုပ်တစ်အုပ်မှာ ဘီလ်ကိစ်နာမာ [Bilqisnama] ဖြစ်သည်။ ယင်း စာအုပ်တွင် ဘီလ်ကိစ်ဟုခေါ်သော အမျိုးသမီးတစ်ဦးကို အဓိက ဇာတ်ဆောင်အဖြစ် သရုပ်ဖော်ရေးဖွဲ့ထားသော နန်းတွင်း မေတ္တာဇာတ်လမ်း တစ်ပုဒ်ဖြစ်သည်။
(၁၁) ကာဇီမိုဟာမ္မဒ်ဟူးစိုင် [Kazi Muhammad Hussain]
စာဆို ကာဇီမိုဟာမ္မဒ်ဟူးစိုင်သည် အာရကာန်ပြည်၊ မြို့ဟောင်းအနီးရှိ ဘန္နောရ် (ခ) ဘောင်းဒွတ်ရွာ ဇာတိဖြစ်သည်။ သူ၏ ထင်ရှားသော စာအုပ် (၃) အုပ် တွေ့ရှိရပေသည်။ ယင်းတို့မှာ အာမီရ်ဟာမ်ဇာ [Amir Hamza] ၊ ဒေဝါလ်မတီ [Dewalmati] နှင့် ဟိုင်ဒါရ်ဂျောင်း [Haider Jung] တို့ဖြစ်ကြသည်။
အထက်ဖော်ပြပါ စာဆိုများအပြင် အခြားစာဆိုပညာရှိများလည်း ရှိခဲ့သည်။ ရှေးစာဆိုများ၏ လင်္ကာကဗျာများ၊ တေးသီချင်းများ၊ နီတိကျမ်းများ စသည်တို့သည် စာဆိုအတ္တုပ္ပတ္တိ၊ အမည်နာမ မသိရ၍ အမည်မသိရှေးစာဆို အနေဖြင့် ရိုဟင်ဂျာတို့၏ လက်ဝယ် ရှိနေ၏။ သို့သော် နှစ်ကာလ ကြာညောင်းလာသည့်နှင့်အမျှ ထိုအမွေအနှစ်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလျက်ရှိပေသည်။ တစ်ဖက်က အမျိုးမျိုးသော ဖိနှိပ်မှု၊ တိုက်ပွဲ၊ ရန်ငြိုး၊ ပဋိပက္ခ၊ မုန်းတီးရေး စသည်တို့၏ ဆိုးဝါးသော ဒဏ်ကြောင့်လည်းကောင်း၊ သုတေသနပြုခြင်း၊ ရှာဖွေဖော်ထုတ်ခြင်း၊ မှတ်တမ်းတင် စုစည်းခြင်း စသည့်တို့ လွတ်လပ်စွာ အကောင်အထည် မဖော်နိုင်ခြင်းကြောင့်လည်းကောင်း ရိုဟင်ဂျာလူမျိုးကိုသာမက အာရကာန်ပြည်တစ်ခုလုံးကို အကျိုးပေးနိုင်စွမ်းရှိသည့် စာပေ အမွေအနှစ်များကို ဆုံးရှူံးနေရခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ရတနာပတ္တမြားထက် အဆပေါင်းများစွာ အဖိုးတန်လှသော စာပေအမွေအနှစ် အမြူတေများကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းကြခြင်းဖြင့် အမျိုးပေးတာဝန် ကျေပွန်ကြပါစို့။
(ရိုဟင်းကိန်း ရေးသည်)
ကိုးကားဒေါက်တာအဗ္ဗဒူလ်ကောရိမ်၏ The Rohingyas: History and Culture ၊ Chapter four.