Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, October 1, 2025

ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

ထန်းရှောက်ခံရွာအနီးတဝိုက်တွင် တွေ့ရှိရသည့် သတ်ဖြတ်ခံရသူအချို့၏ အရိုးစုများ။


ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု


၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့၌ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၏ အလယ်ပိုင်းရှိ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံကျေးရွာ ခေါ် ဟွိုင်ယာစုရိ ကျေးရွာမှာ ရာနှင့်ချီသော  ရွာသူရွာသား၊ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းပါမကျန် အပြစ်မဲ့ပြည်သူများကို ရခိုင့်လက်နက်ကိုင်အဖွဲ့ (AA) က ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် သတ်ဖြတ်ခြင်း၊အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် အေအေတပ်စခန်းများတွင် အမျိုးသမီးများကို လိင်ကျွန်အဖြစ် ထိန်းသိမ်းထားရှိခြင်းစသည့် ကြောက်မက်ဖွယ် ပြင်းထန်သောရာဇဝတ်မှုများကို လူသိရှင်ကြား ရက်ရက်စက်စက် ကျူးလွန်ခဲ့သည်။ 

ထန်းရှောက်ခံကျေးရွာ ခေါ် ဟွိုင်ယာစုရိ သည် ဘူးသီးတောင်မြို့၏ အရှေ့တောင်ဘက် ငါးကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။ ရိုဟင်ဂျာများသာနေထိုင်ပြီး အများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ကြသည်။ ယင်းကျေးရွာကို မီတာ ၂၅၀ ခြား၍  ရွာနှစ်ရွာပိုင်းခြားထားသည်။ ကျေးရွာ၏ မြောက်ဘက်အပိုင်းရွာငယ်တွင် အိမ်ခြေ ၂၅ လုံးခန့်နှင့် တောင်ဘက်အပိုင်းတွင် အိမ်ခြေ ၂၀၀ ခန့် ရှိသည်။ စစ်ကောင်စီ၏ တပ်ရင်း ခမရ ၅၅၁ နှင့် နီးစပ်သည်။ 

၂၀၂၄ ခုနှစ် အစောပိုင်းလများအတွင်းက ရခိုင့်တပ်တော် (AA) သည် ဘူးသီးတောင်မြို့နယ်၏ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် တဖြည်းဖြည်း အောင်ပွဲများရရှိလာပြီး ထန်းရှောက်ခံကျေးရွာအနီးရှိ ခမရ ၅၅၁ တပ်ရင်းနှင့် စကခ ၁၅ တပ်မသို့ ချဉ်းကပ်လာသည်။


၂၀၂၄ ခုနှစ် ဧပြီလဆန်းပိုင်းတွင် စစ်ကောင်စီ တပ်မတော်သည် မြန်မာနိုင်ငံအနှံ့အပြားမှ စစ်မှူးထမ်းဥပဒေဖြင့် လူငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ စစ်မှူးထမ်းစေခဲ့ရာ ထိုဒေသမှာလည်း ရက္ခိုင့်တပ်တော် (AA) ကို ခုခံတိုက်ခိုက်ရန် ထန်းရှောက်ခံရွာနှင့် အနီးတဝိုက်ရွာများမှ စစ်မှူးထမ်း ၁၀၀ ခန့်ကို ဖမ်းဆီးစုစည်းခဲ့သည်။ 

ဧပြီလတွင် ကျယ်ပြန့်လာသော တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့၏ အရှေ့ဘက်ကျေးရွာများဖြစ်သော ရွက်ညိုတောင်၊ မောင်နာရွာနှင့် ကွန်တိုင်ကျေးရွာ စသည်တို့မှ ထောင်နှင့်ချီသောရွာသားများသည် ထန်းရှောက်ခံကျေးရွာနှင့် ဒါပြူချောင်းကျေးရွာ (ထန်းရှောက်ခါးကျေးရွာ၏ မြောက်ဘက် နှစ်ကီလိုမီတာအကွာ) များသို့ စစ်ဘေးရှောင်ခိုလှုံခဲ့ကြသည်။ ထန်းရှောက်ခံကျေးရွာသည် ခမရ ၅၅၁ တပ်ရင်းစခန်းနှင့် နီးစပ်ပြီး ဒါပြူချောင်းကျေးရွာသည် စစ်ကောင်စီ၏  အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် [စကခ ၁၅]နှင့် နီးစပ်သောကြောင့် AA ၏ တိုက်ခိုက်မှုမှ ပို၍ဘေးကင်းလုံခြုံမည်ဟု ရွာသားများက ယုံကြည်ခဲ့ဟန်တူသည်။


၂၀၂၄ ခုနှစ် ဧပြီလ စတုတ္ထအပတ်အတွင်း စကခ ၁၅ တပ်မနှင့် နီးစပ်သောနေရာတွင် တိုက်ပွဲများ ပြင်းထန်လာချိန်၌ ရခိုင့်တပ်တော် (AA) သည် ဒါပြူချောင်းကျေးရွာတွင် နေထိုင်သူအားလုံးကို ၎င်းကျေးရွာ၏ အနောက်တောင်ဘက် သုံးကီလိုမီတာခန့်အကွာ ဦးလှဖေကျေးရွာသို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့သည်။ 

မေလ ၁ ရက်နေ့တွင် ခမရ ၅၅၁ မှ စစ်ကောင်စီတပ်သားများသည် ထန်းရှောက်ခံကျေးရွာသို့ ရုတ်တရက်ရောက်ရှိလာပြီး စစ်မှူးထမ်းသစ်များအား ပေးထားသော လက်နက်အားလုံးကို ပြန်သိမ်းယူခဲ့သည်။ ထိုအချိန်က ခမရ ၅၅၁ စခန်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ခန့်လောက်သာ ရှိသည်။ ယခင်တပ်စွဲခဲ့သည့် စစ်ကြောင်းများသည် ဘူးသီးတောင်မြို့သို့ ဆုတ်ခွာသွားခဲ့သည်။


မေလ ၂ ရက်နေ့ မနက်စောစောတွင် စစ်ကောင်စီတပ်သား စစ်ကြောင်းတစ်ခုသည် ရွာမြောက်ဘက်မှ ရောက်ရှိလာပြီး စစ်သား တစ်ဝက်ခန့်သည် ထန်းရှောက်ခံကျေးရွာထဲသို့ ဝင်ရောက်လာကာ ကျန်တစ်ဝက်သည် ရွာအရှေ့ဘက်ရှိ စစ်ကောင်စီ တပ်ရင်း ခမရ ၅၅၁ သို့ ဝင်ရောက်ခဲ့ကြောင်း ထန်းရှောက်ခံရွာသား မျက်မြင်သက်သေများက ထွက်ဆိုခဲ့သည်။ တိုက်ပွဲဖြစ်ပွားတော့မည့် အနေအထားဖြစ်သောကြောင့် ရွာသားများကို နေအိမ်များမှ အမြန်ဆုံးထွက်သွားရန် ထိုစစ်ကြောင်းက သတိပေးခဲ့သည်။ ထိုအခါ ရွာသားများသည် ရွာမှ မြောက်ဘက်သို့ အုပ်လိုက်စုလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

စစ်ကောင်စီတပ်သားများထွက်သွားပြီးအချိန်အနည်းငယ်အကြာတွင် AA တပ်သားရာချီ ရွာထဲသို့ ဝုန်းဝုန်း ဝင်လာပြီး ရွာသားများကို နေအိမ်များမှ ထွက်သွားရန် အမိန့်ပေးပြန်သည်။ ထိုအခါ ရွာတွင်ကျန်ရစ်နေသည့် ရွာသားများသည် အခြားတစ်ဖက်သို့ ထွက်ပြေးခဲ့ကြသည်။ ရွာ၏အရှေ့ဘက်ရှိ လမ်းမကြီးပေါ်တွင် AA တပ်သားများက စစ်ရှောင်ထွက်ပြေးလာသော ရွာသားအုပ်စုကြီးတစ်စုကို တားဆီးပြီး ၎င်းတို့နှင့်အတူ ခိုးရှောင်ခိုးဝှက် ထွက်ပြေးလာသော စစ်ကောင်စီတပ်သားနှစ်ဦးကို လွှဲအပ်ပေးရန် ရွာသားများကို ဖျောင်းဖျပြောဆိုခဲ့သည်။

ထိုစစ်သားနှစ်ယောက်ကို အေအေက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပိတ်ဆို့ထားသော လူအုပ်ကို လွှတ်မပေးဘဲ လမ်းမပေါ်တွင် ခေါင်းငုံ့တန်းစီထိုင်စေခိုင်းသည်။  သို့နှင့် AA တပ်သားတစ်ဦး ကိုင်ထားသော စကားပြောစက်မှ "အားလုံး သတ်ပစ်လိုက်!" ဟု အမိန့်စကားကို ကြားခဲ့ရသည်ဟု အခင်းက လွှတ်မြောက်လာသော သက်သေများက ဆိုသည်။ ထိုအခါ AA တပ်သားများသည် ၎င်းတို့ရှေ့တွင် ခေါင်းငုံ့ထိုင်နေကြသော လူအုပ်ကြီးကို သနားစာနာစိတ်မဲ့ ရမ်းကားပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။

အသက် ၁၉ နှစ်အရွယ် ရွာသားတစ်ဦးသည် သူ၏မိခင်၊ ဖခင်နှင့် ညီအစ်ကိုမောင်နှမငယ် ငါးဦးတို့ကို သူ၏ ရှေ့မှောက်တွင် ရက်ရက်စက်စက် ပစ်သတ်ခဲ့သည်ကို ကိုယ်တွေ့မြင်ခဲ့သည်။ AA တပ်သားများက အလောင်းများအကြား ရှာဖွေစစ်ဆေးပြီး အသက်ရှင်နေသေးသူများကို ထပ်မံရှာဖွေပစ်သတ်ချိန်တွင် ၎င်းသည် မိခင်၏သွေးစွန်းနေသော ခေါင်းခြုံပုဝါကို မိမိကိုယ်၌ဖုံးအုပ်၍ အသေဟန်ဆောင်ကာ အသက်ဘေးမှ လွှတ်မြောက်လာခဲ့သည်။

ထိုအတောအတွင်း ရွာမြောက်ဘက်သို့ ထွက်ပြေးနေသည့် နောက်ထပ် ရာနှင့်ချီသောရွာသားများကို လမ်းပေါ်တွင် AA တပ်သားများက တားဆီးပြီး ထိုရွာသားများကိုလည်း အလားတူ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ရွာ၏အနောက်ဘက်ရှိ လယ်ကွင်းများကိုဖြတ်၍ ထွက်ပြေးနေသော ရွာသားများကိုလည်း AA တပ်သားများက လိုက်လံပစ်ခတ်ခဲ့သည်။ ရွာသားများ ထွက်ပြေးနေစဉ်တွင် အေအေ တပ်သားများက ထန်းရှောက်ခံကျေးရွာရှိ အိမ်အများစု မီးရှို့ခဲ့သည်။ ရွာတောင်ပိုင်းတွင် ဗလီတစ်လုံနှင့် အိမ်သာတစ်လုံး လွှဲ၍ ကျန်အဆောင်အအုံးအားလုံး ပြာကျစေခဲ့သည်။ 

အမျိုးသမီးငယ်အချို့ကို AA တပ်သားများက ဖမ်းဆီးခဲ့ပြီး မြက်ရှည်ခင်းထဲသို့ ဆွဲငင်သွားကာ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသမီးတစ်ဦး၏ အလောင်းကို အဝတ်တစ်ဝက်ဗလာနှင့် မိန်းမကိုယ်မှ ဝမ်းဗိုက်အထိ ဓားဒဏ်ရာရရှိထားသည့်အနေအထားဖြင့် တွေ့ရှိခဲ့သည်။ သူမ၏ ခေါင်းဖြတ်ထားသောသားနှစ်ဦး၏ အလောင်းများကို ၎င်းအမျိုးသမီး၏ ဘေးတစ်ဖက်တစ်ချက်တွင် ပစ်ချထားသည်။

ထို့အပြင် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေသည့် အမျိုးသမီးငယ် ၁၂ ဦးကို AA တပ်သားများက ဖမ်းဆီးပြီး စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိခဲ့သော ခမရ ၅၅၁ စခန်းထဲတွင် လိင်ကျွန်အဖြစ်ထိန်းသိမ်းထားရှိခဲ့ကြောင်းလည်း မျက်မြင်သက်သေများက ဖွင့်ဟခဲ့သည်။ ၎င်းအမျိုးသမီးများအနက်မှ လေးဦးသည် သေဆုံးခဲ့ပြီဖြစ်ကြောင်း  သိရသည်။ 


လွှတ်မြောက်နိုင်ခဲ့သော ရွာသားအများစုသည် ထန်းရှောက်ခံကျေးရွာ၏ အနောက်ဘက် နှစ်ကီလိုမီတာခန့်အကွာရှိ ဦးလှဖေကျေးရွာသို့ ခိုလှုံခဲ့ကြသည်။ ထိုကျေးရွာတွင်ပင် ၎င်းတို့အား AA က ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ မိုဘိုင်းဖုန်းများကို စစ်ဆေးခြင်း၊ အတင်းသိမ်းဆည်းခြင်းခံခဲ့ရသည်။ ယခင်က စစ်ကောင်စီ၏ အဓမ္မစစ်မှူးထမ်းခံခဲ့ရဖူးသော လူငယ်များကိုမူ ဖမ်းဆီးခေါ်ဆောင်သွားကာ အပြီးရှင်းပစ်ခဲ့သည်။

မေလ ၂ ရက်နေ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး နှစ်ရက်ကြာပြီးနောက်  ထန်းရှောက်ခံကျေးရွာသို့ သွားပြီး အလောင်းများကို မီးရှို့ဖျောက်ဖျက်ဖို့အတွက် ကောက်ရိုးခြောက်များ စုပေးရန် ဦးလှဖေကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည် ၅၀ ခန့်ကို အေအေက အတင်းအဓမ္မ ပေါ်တာဆွဲကာ စေလွှတ်ခဲ့သည်။ ကျေးရွာ၏ အနောက်မြောက်ဘက်စွန်းတွင် ပလာစတစ် တာပေါ်လင်အုပ်ထားသော  အလောင်းပုံကြီး လေးပုံကို မြင်တွေ့ခဲ့ကြောင်း၊ အလောင်းများ၏ ပုပ်သိုးအနံ့ဆိုးသည် အလွန်ပြင်းထန်စူးရှာလွန်းကြောင်း ထိုအလုပ်သမားအဖွဲ့တွင် ပါဝင်ခဲ့သူတို့က ဆိုသည်။


အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး ရက်သတ္တပတ်အတွင်း ညအချိန်တွင် ထန်းရှောက်ခံရွာသို့ ခိုးရှောင်ခိုးဝှက် ပြန်ဝင်လာခဲ့ကြသော တခြားရွာသားများကလည်း ကျေးရွာအနီးတစ်ဝိုက်တွင် အလောင်းများပေကျံနေကြောင်း၊  ဗလီ၏ နောက်ဘက်တွင် အလောင်းပုံတစ်ပုံ ရှိကြောင်း၊ ရွာ၏တောင်ဘက်ရှိ ရေကန်ထဲတွင် အလောင်းအများအပြား တွေ့မြင်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည်အားလုံးသည် ဘူးသီးတောင်မြို့နယ်မှ ထွက်ခွာရန် ULA/AA ထံမှ စာဖြင့် ခွင့်ပြုချက်ရယူခဲ့ရသည်။ ဘာသာရေးဆရာတစ်ဦးသည် သူ၏မိသားစု ထွက်ခွာခွင့်ရရန် ဘင်္ဂလားဒေ့ရ်ှငွေ တာကာ ၂၇၅,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၂၅၀ ခန့်) ဆက်ကြေးပေးခဲ့ရသည်။ သူတို့ ထွက်ခွာချိန်တွင် သူတို့၏ အိမ်ထောင်စုစာရင်းနှင့် မြေစာရင်းအပါအဝင် ကိုယ်ပိုင် စာရွက်စာတမ်းအထောက်အထားဟူသမျှကို AA က အတင်းအဓမ္မ လုယူခဲ့သည်။ 

ထန်းရှောက်ခံကျေးရွာတွင် တွေ့ရှိရသောအလောင်းများသည် စစ်ကောင်စီတပ်မတော်သားများ၏ အလောင်းသာဖြစ်ကြောင်း AA က မီဒီယာများကို ဗန်းပြ ထုတ်ပြန်ချေပခဲ့သော်လည်း ကိုယ်တွေ့သက်သေများ၏ ထွက်ဆိုချက် အထောက်အထားများက AA တပ်သားများသည် အထက်အရာရှိများ၏ တိုက်ရိုက်အမိန့်ဖြင့် ရိုဟင်ဂျာအရပ်သားရာနှင့်ချီ အစုလိုက်အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြနေသည်။ အရပ်သား ၆၀၀ ခန့် သတ်ဖြတ်ခံရကြောင်း ခန့်မှန်းခြေ သိရှိရသည်။ ထို့အပြင် AA တပ်သားများသည် ရိုဟင်ဂျာအမျိုးသမီးများနှင့် မိန်းကလေးများကို စနစ်တကျ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများက သက်သေခံနေသည်။


ထိုထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က သြဂုတ်လ ၃ ရက်တွင် ဘူးသီးတောင်မြို့နယ်မှ အသက်ရှင်လွှတ်မြောက်လာသော ကိုယ်တွေ့သက်သေများနှင့် မေးမြန်းအင်တာဗျူးကာ ၎င်း၏လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ရာဇီအာဆူလ်တာနာကလည်း ဘူးသီးတောင်မြို့နယ်မှ ထိုလူသတ်မှုမှ လွှတ်မြောက်လာခဲ့သော ကိုယ်တွေ့သက်သေ ရိုဟင်ဂျာ ဒုက္ခသည် ၁၉ ဦး (အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၇ ဦး) နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းချက်များ ပြုလုပ်ကာ စက်တင်ဘာလ ၂၄ ရက်တွင် "Kill Them All" ခေါင်းစဥ်ဖြင့် အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် သက်သေ နှစ်ဦးသည် မေလ ၂ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် မိသားစုဝင် အဆွေအမျိုးပေါင်း ၆၀ ကျော် ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။ 

ရခိုင့်လက်နက်ကိုင်အဖွဲ့အေအေ သည် တော်လှန်ရေး ခေါင်းစဥ်အောက်တွင် ရိုဟင်ဂျာလူမျိုးကိုပါ ရှင်းလင်းသုတ်သင်နေကြောင်း ထင်ရှားနေသည်။ 


— လူထုဝဏ္ဏ

(၁-၁၀-၂၀၂၅)

ကိုးကား

# ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတဲ့လား| The Art Garden Rohingya

# ထန်းရှောက်ခံ အစုလိုက်သတ်ဖြတ်မှု| ရိုနေဆန်းလွင်

# ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အစီရင်ခံစာ| Kaladan Press Network 


Kalandan Press ၏ အစီရင်ခံစာကို လိင့်ကိုနှိပ်၍ ဒေါင်းယူ ဖတ်ရှူပါ။ 




Sunday, September 7, 2025

ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိ

ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိ။


ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိ


ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိ (Cawn Bik) သည် ဗြိတိသျှကိုလိုနီစနစ်ကို တိုက်ခိုက်ခဲ့သော ချင်းလူမျိုး မျိုးချစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူ၏ စွန့်လွှတ် အနစ်နာခံမှုများနှင့် ခေါင်းဆောင်မှုသည် ချင်းလူမျိုးတို့၏ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မှုသမိုင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ 

ကြွမ်ဘိကို ၁၈၃၄ ခုနှစ်တွင် ချင်းတောင်တန်း၊ ဖလမ်းနယ်၊ တာစွန်းရွာ၌ ဖခင် တာစွန်းချင်းမျိုးနွယ်ခေါင်းဆောင် ဦးကိပ်ဘိတ် နှင့် မိခင် ဒေါ်ဇတိလ် တို့မှ မွေးဖွားခဲ့သည်။

အသက် ၂၂ နှစ်အရွယ်တွင် ဖခင်၏ အရိုက်အရာကို ဆက်ခံကာ တာစွန်းချင်းမျိုးနွယ်စုတို့၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ကြွမ်ဘိသည် ဟောက်မန်း၊ ဆွန်အွန်၊ ကိမ်းလန်း အစရှိသည့် ချင်းတိုင်းရင်းသားခေါင်းဆောင်များနှင့် ပူးပေါင်း၍ ဗြိတိသျှတပ်များကို ခုခံတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ပုဂံ၊ မြင်းခြံနယ်မှ ဆုတ်ခွာလာသော ရွှေချိုး ဖြူမင်းသားနှင့်လည်း ပူးပေါင်းကာ တိုက်ပွဲဝင်ခဲ့သည်။


ဗြိတိသျှတို့သည် ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိကို ဖမ်းဆီးနိုင်ခြင်းမရှိသောအခါ ၎င်း၏သားဖြစ်သူ ဗန်မွန်း (ဗန်မှုန်း) အား မတရားဖမ်းဆီးခဲ့သည်။

ဗန်မွန်းက ဖခင်ဖြစ်သူ ကြွမ်ဘိအား လွတ်ငြိမ်းချမ်းသာခွင့်ပေးပါက ချင်းတိုင်းရင်းသားများ လက်နက်ချမည်ဟု ဗြိတိသျှတို့အား ကတိပေးခဲ့သည်။

ဗြိတိသျှတို့က ထိုကတိကို လက်ခံခဲ့သဖြင့် ကြွမ်ဘိ၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု ရပ်တန့်ခဲ့ရသည်။

ကြွမ်ဘိတွင် ဒေါ်ကိန်းကြွယ်နှင့် အခြားဇနီးတစ်ဦးရှိပြီး သားသမီး ၆ ဦး ထွန်းကားခဲ့သည်။ သားသမီးများအနက် ဗန်မွန်း (ဗန်မှုန်း) သည် အထင်ရှားဆုံးဖြစ်သည်။

ကြွမ်ဘိသည် ၁၉၁၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် အသက် ၇၆ နှစ်အရွယ်၌ ကွယ်လွန်ခဲ့သည်။

၎င်း၏ ကွယ်လွန်သည့် ရက်စွဲနှင့်ပတ်သက်၍ မူကွဲများ ရှိသည်။

အင်္ဂလိပ်မှတ်တမ်းများတွင် ၎င်းကို Cawn Bik (ကြွမ် ဘိ) သို့မဟုတ် Sonpek ဟု ဖော်ပြထားသောကြောင့် ဗိုလ်ဆွန်ပက် အမည်ဖြင့် လူသိများသည်။


ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိကို ဂုဏ်ပြုသောအနေဖြင့် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ လမ်း ၃၀ နှင့် လမ်း ၃၁ ကြားလမ်းကို ဗိုလ်ဆွန်ပက်လမ်းဟု ဂုဏ်ပြုအမည်ပေးထားသည်။

ကြွမ်ဘိ (ဗိုလ်ဆွန်ပက်) သည် ဗြိတိသျှကိုလိုနီစနစ်ကို တော်လှန်ခဲ့သော ချင်းလူမျိုးများ၏ ခေါင်းဆောင်တစ်ဦးအဖြစ် သမိုင်းတွင် မှတ်တမ်းတင်ခံခဲ့ရသည်။ သူ၏ စွန့်လွှတ် အနစ်နာခံမှုများနှင့် ခေါင်းဆောင်မှုသည် နောက်လာမည့် မျိုးဆက်သစ်များအတွက် စံနမူနာတစ်ရပ်အဖြစ် ကျန်ရစ်ခဲ့သည်။

#RK

Thursday, August 28, 2025

အာဏာရှင်လမ်းကို တက်နင်းနေတဲ့ အေအေ


အာဏာရှင်လမ်းကို တက်နင်းနေတဲ့ အေအေ


စစ်အာဏာရှင်ဖြုတ်ချရေး မြန်မာ့နွေဦးတော်လှန်ရေးကြီးဟာ အတိုင်းအတာတစ်ခုအထိ ခရီးပေါက်ကပါပြီ။ မြန်မာနိုင်ငံ အနှံ့အပြားတွင် တော်လှန်ရေးအဖွဲ့အစည်းတွေက သွေးချွေးစတေး ချွံချွံတိုက်ခိုက်လို့ နယ်မြေတွေ အတော်များများ သိမ်းပိုက်ရရှိပါပြီ။ ဒီလောက် အောင်မြင်မှုတွေ ရလိမ့်မယ်ဆိုတာလည်း အစတုန်းက မခန့်မှန်းခဲ့ချေ။ ရုတ်တရက်ပေါ်လာခဲ့တဲ့  ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးခရီးမှာ  အအောင်မြင်ဆုံး စစ်ဆင်ရေးလို့ လေ့လာသူတွေက မှတ်ချက်ပေးကြတယ်။ ရခိုင်ပြည်နယ်ဘက်မှာလည်း ရခိုင့်လက်နက်ကိုင်အဖွဲ့ အေအေက နယ်မြေ ၈၀ ရာခိုင်နှူန်းလောက် သိမ်းပိုက်ထားပြီဖြစ်တယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ အေအေက ရှေ့ဆုံးက တာဝင်နေတယ်ဆိုရင်လည်း မမှားပါဘူး။ သူတို့က တော်လှန်ရေးအစိုးရ ဖွဲ့စည်းပြီးတော့ ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေး အသက်တောင်သွင်းပေးတဲ့ အဆင့်ထိ ရောက်ရှိနေတာ အားလုံးအသိဖြစ်တယ်။

ဒီနေရာမှာ စဥ်းစားစရာက အေအေရဲ့ အုပ်ချုပ်မှုယန္တရားဟာ လူမျိုးအားလုံးရဲ့ အခွင့်အရေး အကျုံးဝင်တဲ့ ခေတ်သစ်အုပ်ချုပ်ရေးစနစ်တစ်ခုဆီကို ချီတက်နေသလား။ ဒါမှမဟုတ် ခေတ်ဟောင်း အာဏာရှင်တွေရဲ့ ခြေရာကိုပဲ ပြန်နင်းနေသလား မေးခွန်းထုတ်စရာဖြစ်လာတယ်။ အဲဒါကို လက်တွေ့ကျကျ လေ့လာချင်တယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ ဒုတိယလူဦးရေအများဆုံး ရိုဟင်ဂျာလူမျိုးနှင့် အေအေရဲ့ ဆက်ဆံရေးကို ကြည့်လိုက်ရင် သူတို့ရဲ့ အုပ်ချုပ်ရေးအတွေးအခေါ်တွေနဲ့ အနာဂတ်နိမိတ်ကို ထင်ထင်ရှားရှား တွေ့မြင်စေတယ်။ အေအေရဲ့ မူဝါဒဟာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လာရင် စစ်အာဏာရှင်အဆက်ဆက်ရဲ့ လမ်းစဥ်ကိုပဲ တစ်လှမ်းပြီးတစ်လှမ်း ပြန်လျှောက်နေကြတာတွေ့ရပါလိမ့်မယ်။ သတင်းမီဒီယာသမားတွေလည်း စကစ ရှုံးရင်ပြီးရော့ဆိုပြီး ဖြူဖြူမည်းမည်း မခွဲခြားဘဲ တဖက်သတ် အေအေဘက်က ရေးသားပြောဆိုနေကြတယ်။ တော်လှန်ရေးအဖွဲ့အစည်းအများစုကလည်း ရိုဟင်ဂျာနဲ့ပတ်သတ်လာရင် နှုတ်ဆိတ်နေမြဲတတ်တယ်။ ဒါက မထူးခြားဘူး။ မှန်မှန်မှားမှား အေအေကို မဆန့်ကျင်လိုတဲ့ သဘောပဲ။ တပြည်လုံးကိုယ်စားပြုတယ်လို့ဆိုတဲ့ အန်ယူဂျီကတောင် ဝင်မစွပ်ရဲဘူး။ ဒီတော့ တစ်ပြည်တစ်မင်းလို သွားနေတဲ့ အေအေရဲ့လမ်းက နောင်ခတ်မှာ ပြည်သူ့အတွက် ကောင်းကျိုးပေးမလား၊ အန္တရာယ်ဖြစ်သွားနိုင်သလား ဝေဖန်ရေးသားချိန်တန်ပြီ။ အေအေအဖွဲ့က အာဏာရှင်တို့ရဲ့ အမွေဆိုးလမ်းစဥ်ကို ဘယ်လိုနင်းနေကြသလဲ တစ်ခုပြီးတစ်ခု အကျဥ်းမျှ လေ့လာကြည့်ကြရအောင်။

ပထမဦးဆုံးပြောရရင် အင်မတန် အခြေခံကျတဲ့ လူသားတို့ရဲ့ မူလအခွင့်အရေးကို ငြင်းဆန်နေတာ တွေ့ရပါမယ်။ အေအေက ရခိုင်ပြည်တွင်း မှီတင်းနေထိုင်တဲ့ လူမျိုးစုကို လူမျိုးရေးအရ အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း၊ ကိုယ်ပိုင်ဝသေသအမည်ကို ငြင်းဆန်ခြင်းတွေကို အသက်သွင်းလာတယ်။  ဒီအချက်ကို အာဏာရူး စစ်အာဏာရှင်တွေက လူမျိုးအချင်းချင်း ပဋိပက္ခတွေ ဖန်တီးနိုင်အောင် တမင်တကာ ခါးခါးသီးသီး ချမှတ်ခဲ့တဲ့ လုပ်ကြံမူဝါဒတစ်ခုဖြစ်တယ်။ လူမျိုးကြီးဝါဒကို လေပင့်ပေးလို့ တခြားလူနည်းစုတွေကို နိမ်တဲ့သီအိုရီပေါ့။ အခုလည်း အေအေက အဲဒီမိစ္ဆလမ်းဟောင်းကို ရွေးလျှောက်နေကြောင့် မြင်နေရတော့ အင်မတန် ဝမ်းနည်းစရာကောင်းတယ်။ အေအေ အင်အားနည်းချိန်ကတော့ ရိုဟင်ဂျာလူမျိုးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အမည်နာမကို ခေါင်းဆောင်ပိုင်းကိုယ်တိုင်က သုံးစွဲအသိအမှတ်ပြုခဲ့ကြတယ်။ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်ကာ ကမ္ဘာ့တရားခုံအထိ ရောက်အောင် ကူညီခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ သူတို့အင်အားကြီးလာတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို ပေးမသုံးလိုဘူး။ ငြင်းဆိုနေကြတယ်။ ခေါင်းဆောင်ပိုင်တွေ ကိုယ်တိုင်က အဘတို့ရဲ့အတွေးအခေါ်နဲ့ တခြားနာမည်အမျိုးမျိုးကို သုံးစွဲခေါ်ဝေါ်နေကြတာ တွေ့ရပါတယ်။ 

ပြီးတော့ ရခိုင်ပြည်ရဲ့ မူလဌာနေလူမျိုးလို သဘောမထားဘဲ စစ်အာဏာရှင်လို ဒုတိယတန်းစားလူမျိုးအဖြစ် ဆက်ဆံနေကြတာရေ၊ နိုင်ငံရေးကအစ  တော်လှန်ရေး၊ အုပ်ချုပ်ရေးကနေ ဘာမှမဆိုင်သလို မပတ်သက်သလို ဘေးဖယ်ထားတာတွေက စစ်အစိုးရနဲ့ ထပ်တူကျနေတယ်။ အောက်ခြေစစ်သားနဲ့ ရပ်ရွာတာဝန်အချို့မှာ ရိုဟင်ဂျာလူမျိုးကို သုံးနေကြတာလောက်ပဲ ရှိတယ်။ ဒါလည်း မလွှဲမရှောင်သာ လိုအပ်နေလို့ပါပဲ။ ရိုဟင်ဂျာတွေရဲ့ မည်သည့် နိုင်ငံရေးအဖွဲ့အစည်းနဲ့ တွေ့ဆုံဆွေနွေးစရာ မလိုဘူးလို့ ခေါင်းဆောင်ပိုင်းက ပြောဆိုလာတယ်။ ရိုဟင်ဂျာတွေရဲ့ ဆန္ဒ၊ သဘောထားတွေကို တင်ပြနိုင်ခွင့်မပေးဘဲ သူတို့စိတ်ထင်ရာ စိုင်းနေကြတဲ့မူနဲ့ သွားနေကြတယ်။ ရိုဟင်ဂျာပြည်သူတွေရဲ့ ကိုယ်ပိုင်ဆန္ဒမပါဘဲ ရိုဟင်ဂျာတွေနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေချတယ်။ သူတို့ ထားသလိုနေ၊ ခိုင်းသလိုလုပ် ဆိုတဲ့ အာဏာရှင်ပုံစံနဲ့ပေါ့။ အင်မတန် အယူသည်းတဲ့ လူမျိုးကြီးဝါဒကို ပြန်လည်အသက်သွင်းလာတော့ ရှေ့​ပြေးလမ်းက လူမျိုးပေါင်းစုံ ယှဥ်တွဲနေထိုင်နိုင်မယ့် နှင်းဆီလမ်း ဖြစ်မလာဘူးဆိုတာ မြင်ယောင်လာစေတယ်။ 

နောက်တစ်လှမ်းက ရိုဟင်ဂျာပိုင် လယ်မြေအိုးအိမ် ဥစ္စာပစ္စည်းများ အဓမ္မ သိမ်းပိုက်တာဖြစ်တယ်။ ဒါကလည်း စစ်အာဏာရှင်ယုတ်တို့ရဲ့ မျိုးတုံးရှင်းလင်းရေး အဓိကလက်နက်တစ်ခုဖြစ်တယ်။ သူတို့ ချမှတ်ခဲ့တဲ့ လမ်းဟောင်းပဲ။ အေအေက ထိန်းချုပ်နယ်မြေတွေမှာ မဟုတ်မမှန် အကြောင်းအမျိုးမျိုးပြလို့ ရိုဟင်ဂျာတို့ရဲ့ အိုးအိမ်များ၊ လယ်မြေ၊ ဆိုင်၊ ကန်ပိုင်စတဲ့ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းနေကြတဲ့ သတင်းတွေ ဟိုကဒီက မကြာခဏ ပေါ်လာပြန်တယ်။ ဘာသာရေးအဆောက်အအုံတွေ ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်း၊ သူတို့ တပ်စွဲစခန်းချ သုံးစွဲခြင်းတွေလည်း လုပ်လာကြတာတွေ့ရတယ်။ တိုက်ပွဲတွေအတွင်းဆိုရင်လည်း သူတို့နဲ့မတည့်တဲ့ ရပ်ရွာရပ်ကွက်တွေဆို ရွာလုံးကျွတ်တန်းမီးရှို့တာလည်း ရှိတယ်။ ရိုဟင်ဂျာတို့ရဲ့ မှီတင်းနေထိုင်ရာ ရိပ်သာတွေကို မတရားသိမ်းဆည်းခံနေရ၊ မီးရှို့ခံရလည်း သေနတ်ပြောင်းဝရှေ့ ပြောမရဲဆိုမရဲ လည်စင်းခံ နေရတာကိုး။

ပြီးတော့ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့အစည်းကို အကြောင်းပြပြီး ပြည်သူလူထုကို မတော်မတရား ညှည်းပမ်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ ဖမ်းဆီတာ၊ ငွေညစ်တာ စတဲ့ တရားဥပဒေမဲ့ လုပ်ရပ်တွေ နေ့ရက်ဆက် ကျုးလွန်နေတယ်။ နောက်ပြန်လှည့်ကြည့်ရင် ဒါက ရိုဟင်ဂျာတို့ကို ကြောက်စိတ်ထည့်သွင်းပေးရန် စစ်အာဏာရှင်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး လက်နက်တစ်ခုဖြစ်တယ်။ အေအေကလည်း ထိုမူဝါဒကို လက်ကိုင်ကျင့်သုံးလာနေတာဖြစ်တယ်။ ပညာတတ်လူငယ်တွေကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲပြီး အမျိုးမျိုးဖိနှိပ်တဲ့ ကျုးလွန်မှုတွေ ကျယ်ကျယ်ပြန့်ပြန် ပြစ်မှားလာနေတယ်။ ပွင်းလင်းမြင်သာမှုရှိတဲ့ စစ်မှန်တဲ့တရားဥပဒေတံမျဥ်းကို ဥပေက္ခပြုပြီးတော့ ဓါးမိုးသေနတ်မိုးလို့ စိတ်ထင်ရာ စီရင်နေတဲ့ ဖြစ်ရပ်တွေ ဒုနဲ့ဒေးပါပဲ။

ဒါ့အပြင် စစ်အာဏာရှင်ရဲ့ သတင်းလွှတ်လပ်ခွင့်ကို ပိတ်ပင်တဲ့ လမ်းစဥ်ကိုလည်း အကောင်အထည်ဖော်နေတယ်။  ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကိုလည်း ထိန်းချုပ်ထားတယ်။ အေအေကလည်း ပြည်သူတွေကို နှုတ်ပိတ်နေအောင် သေနတ်ပြောင်ဝ အမြဲ ချိန်းထားလေ့ရှိတယ်။ အေအေ တက်သားတွေကျူးလွန်ခဲ့တဲ့ အမှုတစ်စုံတစ်ရာကို ပြည်သူတွေ ထွက်ဆိုလာရင် သတ်ဖြတ်အရေးယူခြင်းအထိ ခံနေရတယ်။ ဒါကတော့ စကစထက်တောင် ဆိုးဝါးလွန်နေလှပြီ။ ပြည်သူတွေက မိမိရဲ့ ခံစားချက်၊ မတရားခံရမှုတွေကို ရေငုံနှုတ်ပိတ်ကာ အေအေက ခိုင်းသလို ခေါင်းညိတ်နေရတယ်။ သူတို့ လိုချင်သလို ကဆိုရင်က၊ ရယ်ဆိုရင်ရယ် ရုပ်သံတွေရိုက်ပြ ထုတ်လွှင့်ရတယ်။ အေအေက လက်နက်ကိုင်ဂိုဏ်းလို ဘယ်နိုင်ငံတကာဥပဒေကိုမှ အရေးမစိုက်ကြဘူး။ တကယ်တော့ အဲလိုအမှုတစ်စုံတစ်ရာ ပေါ်လာပြီဆိုရင် ပွင်းလင်းမြင်သာစွာ စစ်ဆေးပြီးတော့ အပြစ်ကျုးလွန်သူတွေကို အရေးယူပြီးတော့ ဖြေရှင်းတာပဲ မှန်ကန်တဲ့ လမ်းစဥ်ပဲလေ။ အမှုတိုင်းမှာ ဘူးငြင်းလို့တော့ ဘယ်ဟုတ်ပါ့မလဲ။ အမှုတိုင်းတော့ စွပ်စွဲတာတော့ မဖြစ်နိုင်ဘူး။ အမှန်တရားတော့ ရှိမယ်။

ဒီလောက်နဲ့ မပြီးသေးဘူး။ စကစရဲ့ အဓိက ရန်ဘုံငွေရှာတဲ့ နည်းတစ်ခုက မတရား ငွေညစ်ခြင်းဖြစ်တယ်။ ဘာလုပ်လုပ် ငွေနဲ့သာ စကားပြောရတယ်။ အခုအေအေလက်နက်ကိုင်ကလည်း ဘာလုပ်လုပ် ငွေနဲ့ပဲ စကားပြောတယ်။ လူတစ်ယောက် တစ်နေရာကနေ တစ်နေရာ သွားချင်ရင် ထောက်ခံစာယူရပြန်တယ်။ ပိုက်ဆံပေါ့။  ရန်ကုန်ကို သွားချင်ရင် သိန်း ၅၀ ကျော်။ စာရွက်စာတမ်း တစ်ခုခု လုပ်ချင်ရင် တစ်သိန်းကနေ သိန်း ၁၀ အထိပဲ။ ဘင်္ဂလားကို ထွက်ပြေးလာချင်ရင် ငွေသိန်း ၂၅ လောက် သူတို့ကို ပေးမှ အဆင်ပြေတာလေ။ ထောင်သားတစ်ယောက်နဲ့ တွေ့ချင်ရင် သိန်း ၁၀ နဲ့ မလောက်ဘူး။ ဒီ အဓမ္မ ဆက်ကြေးကို အေအေက အခွန်ဆိုပြီးတော့ နာမည်လှလှတပ်ထားတယ်။ အေအေရဲ့  တာဝန်ခံတွေဆို လာမယ့်နှစ်တွေမှာ ရခိုင်ပြည်ရဲ့ အချမ်းသာဆုံးစာရင်း ဝင်တော့မယ်။ (ဘင်္ဂလားနဲ့ အိန္ဒိယဘက်ကို မူးယစ်ဆေးဝါးတွေတင်ပို့နေတဲ့အကြောင်းကို သူတို့ ရန်ဘုံငွေရှာလမ်းဆိုတော့ မပြောလိုဘူး။)

နောက်တစ်ခုကတော့ ရိုးသားဖြောင့်မတ်တဲ့ သူတော်ကောင်း ဟန်ဆောင်တာပါပဲ။ စေတနာရှင်လိုလိုပေါ့။ စစ်ကောင်စီက ရိုဟင်ဂျာတွေကို တစ်ဖက်က ဖိနှိပ်စက်ရင် အခြားတစ်ဖက်က ရိုဟင်ဂျာတွေကို ကူညီနေတဲ့ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင့်တွေကို ဖြန့်ကာ ဝါဒမိုင်းတိုက်ဖို့ ကြိုးစားခဲ့တယ်လေ။ အခုလည်း အေအေက ထပ်တူပဲ။ တစ်ဖက်က ရိုဟင်ဂျာတွေကို ဖိနှိပ်ညှည်းပမ်းနေတယ်။ အခြားတစ်ဖက်က သူတို့ရဲ့ အစွန်းရောက်မီဒီယာတွေကို သုံးပြီး ကူညီသလို၊ ထောက်ပံ့သလိုလို ဓါတ်ပုံတေ့၊ ဗီဒီယိုတွေ ဖြန့်ဝေကြတာတွေ့ရတယ်။ မူဆလင်ရေးရာဌာနတွေ ဖွင့်လှစ်နေကြောင်း ဝါဒဖြန့်လာကြတယ်။ ပြည်သူတွေကလည်း မိမိတို့ရင်ဆိုင်နေရတဲ့ ရောင်စုံဖိနှိပ်မှုတွေကို မျိုသိပ်နေရတာပေါ့။ ဆန့်ကျင်မပြောဝံ့တော့ တိတ်ဆိတ်ပဲနေရတယ်။ စကစကလည်း မြန်မာမူဆလင်၊ အိုလာမာ၊ မွတ်ဆလင်ရေးရာကောင်စီ စသည်ဖြင့် အဖွဲ့အစည်းများ ဖွင့်ပေးခဲ့တယ်ဆိုတာလည်း အလုံးအသိပဲမဟုတ်လား။ 

စစ်အာဏာရှင်တွေရဲ့ နောက်မူတစ်ခုက ပွင့်လင်းမြင်သာမှု မရှိတာဖြစ်တယ်။ အခု အေအေကလည်း ဘာလုပ်လုပ် ပွင့်လင်းမြင်သာမှု မရှိပါဘူး။ သူတို့ ဖမ်းချင်တဲ့သူကိုဖမ်း၊ သတ်ချင်တဲ့သူကိုသတ် ပြီးတော့ ဇွတ်ငြင်းဆိုမယ်၊ မဟုတ်မမှန်စွပ်စွဲတာပဲ လုပ်နေကြတယ်။ ပြည်သူတွေကို ဖမ်းခေါ်သွား၊ အချုပ်ထဲမှာသတ်၊ ပြီးတော့ လွှင့်ပစ်တဲ့အမှုလည်း မနည်းပါဘူး။

နောက်ထပ် တစ်ခုပြရရင် အတင်းအဓမ္မ ပေါ်တာဆွဲတာပါပဲ။ စကစရဲ့ နောက်ထပ် မတရားမှုတစ်ခုပေါ့။ ဒီလောက် လူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ အေအေက ပေါ်တာဆွဲတာ၊ လုပ်အားတောင်းတဲ့ မူကို အသက်သွင်းလာနေကြတယ်။ စစ်ဘေးဒဏ်ကတစ်ဖက် အစားအသောက်နဲ့ ရောဂါဘယတွေလဲတစ်ခက်နဲ့ အလူးအလဲခံစားနေရတဲ့ပြည်သူတွေကို အတင်းအဓမ္မ လုပ်အားပေးခိုင်းတာ ဘယ်က တရားပါမလဲ။ သူတို့အတွက်လမ်းဖောက်ခိုင်းတာတွေ၊ သူတို့ရဲ့ အဆောက်အအုံတွေ ဆောက်ခိုင်းတာတွေ၊ သူတို့အတွက် ရိက္ခာတွေကို ဆက်ခိုင်းတာတွေ  ရက်ဆက်ပြုလုပ်နေကြတယ်။ လူအင်အားမရှိတဲ့ မိသားစုဆိုရင် ငွေကြေးနဲ့  ရှင်းရတယ်။ လစဥ်ပေးေဆာင်နေရတဲ့ ဆက်ကြေးတွေအပြင် လုပ်အားမေပးနိုင်တဲ့အိမ်ဆို တစ်/နှစ်သောင်းတောင် ပေးရတယ်။

နောက်ဆုံးတစ်ခုကတော့ အင်မတန် ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုပေါ့။ ပြည်သူတွေကို ပုရွက်ဆိတ်လို အုပ်လိုက်စုလိုက် သတ်ဖြတ်ခြင်းဖြစ်တယ်။ အေအေရဲ့ စစ်ဆင်ရေး စတင်ချိန်မှစ၍ ယနေ့အထိဆို အေအေက အပြစ်မဲ့ပြည်သူ ၁၀၀၀ လောက်ကို သတ်ဖြတ်ရှင်းလင်းခဲ့တယ်။ ဒီဂဏန်းက နည်းမယ်လို့တောင် ထင်မိတယ်။ မောင်တောနှင့် ဘူးသီးတောင်မှာ သက်သက် လူပေါင်း ၇၀၀ ကျော်ကို အုပ်လိုက်စုလိုက် ရက်ရက်စက် သတ်ဖြတ်ခဲ့တယ်။  တခြား ၅ ယောက်စု၊ ဆယ်ယောက်စု တွေပေါင်းလိုက်ရင် ၁၀၀၀ မက ကျော်သွားလိမ့်မယ်။ တခြားမြို့နယ်တွေမှာ ကျူးလွန်ခဲ့တဲ့ အရေအတွက်ကို တိတိကျကျ ထည့်နိုင်ရင်တော့ မယုံနိုင်လောက်အောင် မြင့်တက်လာနိုင်တယ်။ တခြားမြို့နယ်တွေကို ဆက်သွယ်ဖို့ မလွယ်ကူလို့သာ သတင်းမှန်တွေ ထွက်လာခြင်းမရှိတာဖြစ်တယ်။ ဒီလူသတ်မှုတွေကို ထောက်ပြဝေဖန်လာရင် နောက်နောင် မဖြစ်စေရအောင် သူတို့က အမှန်တရားကို စိစစ်ပြီး အရေးယူ မဖြေရှင်းဘဲ "ဘူး" ငြင်းကြတယ်။ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ထောက်ပြတော့ ရိုဟင်ဂျာတွေ မကောင်းတော့ဘူး၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ ဒေါ်လာစားတွေ ဖြစ်ကုန်ပြီ။ ရာဇဝတ်မှု ဆိုတာ ရာဇတ်မှုပဲ။ ရာဇဝတ်ကောင်တွေကို ခွင့်လွှတ်လိုက်ရင် ဒီထက်ကြီးမားတဲ့ ရာဇဝတ်မှုတွေ ကျုးလွန်လာမှာပဲ။ အေအေက ကျူးလွန်သည်ဖြစ်စေ၊ စကစက ကျူးလွန်သည်ဖြစ်စေ၊ ရိုဟင်ဂျာလက်နက်ကိုင်က ကျုးလွန်သည်ဖြစ်စေ ရာဇဝတ်မှုပဲ။ အမှန်တရားကို အတင်း နှုတ်ပိတ်ခိုင်းလို့ မရဘူး။ ဘာပဲပြောပြော ယုံသွားအောင် နိုင်ငံတကာအဖွဲ့အစည်းတွေက မျိုးချစ်တွေလို လူအတွေလူပေါတွေမှ မဟုတ်ကြဘူး။ အေအေက ဒီလိုဒီလို ကျုးလွန်တယ်လို့ပြောရင် သူတို့က သေချာစိစစ်ပြီးတော့ ပြစ်မှုကျူးလွန်တာ တကယ်လေ့လာတွေ့ရှိမှ သတိပေးတာလေ။

ရခိုင်ပြည်လွှတ်မြောက်ရေးဆိုတာ ရခိုင်ပြည်မှာနေထိုင်တဲ့ လူမျိုးပေါင်းစုံဘာသာပေါင်းစုံရဲ့ ဘုံရည်မှန်းချက်တစ်ခုဖြစ်တယ်။ အာဏာရှင်ကို ဆန့်ကျင်တဲ့ ဒီတော်လှန်ရေးကို အားလုံးက တခဲနက် ကြိုဆိုတယ်။ ရိုဟင်ဂျာတွေက အေအေကိုလည်း မုန်းတာမဟုတ်ဘူး။ တော်လှန်ရေးသမားတိုင်းကို ထောက်ခံအားပေးကြတယ်။ တကယ်တော့ လမ်းမှားပေါ်ရောက်လို့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာကိုပဲ ရိုဟင်ဂျာတွေက ဝေဖန်ထောက်ပြနေကြတာပဲ။ စစ်ပွဲဖြစ်နေတဲ့ ဒေသတစ်ခုမှာ ထိခိုက်မှုတွေ၊ ဆုံးရှုံးမှုတွေ အနည်းနဲ့အများဖြစ်တာတော့ နားလည်ပေးရမယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှုတွေ ကြီးကြီးမားမား ကျူးလွန်တာကိုတော့ ဘယ်သည်းခံနိုင်မလဲ။ အာဏာရှင်ဟောင်းဆီက အာဏာရှင်သစ်ဆီကို အာဏာလက်လွဲပြောင်းယူတာတော့ ဘယ်သူမှ လိုလားမှာမဟုတ်ပါဘူး။

ရခိုင်ပြည်ကို အာရက္ခပြည်လို့ ပြောင်းသုံးတာက လူမျိုးပေါင်းစုံ စုစည်းပါဝင်နိုင်မှုကို ဆောင်တဲ့ လက္ခဏာတစ်ရပ်လို့ ယူဆပါတယ်။ ထိုအတူ စစ်အာဏာရှင်ရဲ့ မူဟောင်းလမ်းစဥ်တွေကို နင်းခြေပစ်ပြီး လူမျိုးအားလုံးနိုင်တဲ့ လမ်းသစ်ဖောက်ဖို့လည်း အင်မတန် အရေးကြီးပါတယ်။ လူမျိုးပေါင်းစုံ သာယာအေးချမ်းစွာ နေထိုင်နိုင်တဲ့ ပြည်တစ်ခု ထူထောင်နိုင်မှ အသက်ပေါင်းများစွာ စတေးရခြင်းရဲ့ အကျိုးနပ်မှာ ဖြစ်တယ်။ နယ်မြေအချို့ ထိန်းသိမ်းထားနိုင်ရုံနဲ့ လွှတ်မြောက်ရာမရောက်ဘူး။ ပြည်သူအားလုံးရဲ့ စုစည်းပါဝင်မှု၊ ဘုံရပ်တည်မှုက အဓိကဖြစ်တယ်။ တော်လှန်ရေးမှာသုံးတဲ့ ကျည်ဆံတစ်ချောင်းစီဟာ ပြည်သူကို ကာကွယ်ဖို့အတွက်ပဲဖြစ်စေရမယ်။ ပြည်သူကို ဖိနှိပ်ဖို့အတွက်မဖြစ်စေရဘူး။ အချိန်မီ မပြုပြင်ရင် ကိုယ်အချင်းချင်း ပြန်တိုက်လို့ စစ်ပွဲ အသက်အဓွန့်ရှည်လို့ ပြည်သူတွေ စစ်ဆင်းရဲဒဏ်ကကနေ ထွက်လို့တောင် ရမှာမဟုတ်ဘူး။  အာရကန်ပြည် အေးချမ်းသာယာပါစေ။

လူထုဝဏ္ဏ
(28-8-2025)


Tuesday, March 4, 2025

မြောက်ဦးမြို့မှ ရိုဟင်ဂျာတိုင်းရင်းသားများ၏ သမိုင်းဝင် ကျောက်စာတစ်ခု

မြောက်ဦးမြို့မှ ရိုဟင်ဂျာတိုင်းရင်းသားများ၏ သမိုင်းဝင်ကျောက်စာတစ်ခု


An Inscription from Mrauk-U, Arakan.




မြောက်ဦးခေတ်သည် အာရကာနစ် မွတ်ဆလင် (ရိုဟင်ဂျာ) တို့၏ ဘုန်းမီးထွန်းခဲ့သည့် ခေတ်ဖြစ်သည်။ အာရကန်ပြည် ရာဇဝင်သည် ရိုဟင်ဂျာလူမျိုး၏ အခန်းကဏ္ဍမပါလျှင် မည်သည့်အခါမှ ပြည့်ပြီးစုံမည်မဟုတ်ပေ။ အာရကန်ပြည်၏ နေရာအနံ့တွင် ရှေးခေတ်ရိုဟင်ဂျာများ၏ သမိုင်းဝင်အဆောက်အဦးများ၊ ကျောက်စာများ၊ ပေပုရပိုက်စာများ၊ ဝါးခြမ်းပေါ်ရေးထားသောစာများကို တွေ့ရှိနိုင်သည်။ ခေတ်အဆက်ဆက်က စစ်တပ်နှင့် မသာမာသူများက ဖျောက်ပစ်ရန် ကြိုးစားသော်လည်း ယနေ့အချိန်အထိ တွေ့ရှိနေရဆဲဖြစ်သည်။


ပုံပါကျောက်စာသည် မြောက်ဦးမြို့တွင် တွေ့ရှိရသော အာရဗီကျောက်စာတစ်ခုဖြစ်သည်။ ကျောက်စာပါ အရေးအသားသည် အာရဗီစာသားဖြစ်သော်လည်း ရှေးခေတ် ၁၆-၁၇ ရာစု အိုတိုမာန်ခေတ်က ပုံစုံနှင့် ရေးထိုးထားဟန်တွေ့ရသည်။ စာလုံးရေ ၂၁ လုံးခန့်ကို ရုပ်ကြွပုံစံဖြင့် ထိုးဆစ်ထားသည်။ အက္ခရာများများ ရှင်းလင်းမှုမရှိသော်ကြောင့် တ်ိတိကျကျ အဓိပ္ပာယ်ဖော်ရန် ခဲယဥ်းလှသည်။

ယခုကျောက်စာသည် အုတ်ဂူ သို့မဟုတ် အစ္စလာမ်ဘာသာရေးအဆောက်အဦး၏ မှတ်တမ်းကျောက်စာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်။ ဤသို့သော် ကျောက်စာမှာ သေဆုံးသူ၏ အမည်နှင့် ကိုယ်ရေးမှတ်တမ်းများပါဝင်ကြောင်း၊ ကျမ်းစာများ၊ အလှူရှင်၏ မှတ်တမ်းများ၊ ခုနှစ်သက္ကရာဇ်များ ပါရှိကြောင်း သိရှိရသည်။

ဤသို့သော် အဖိုးမဖြတ်နိုင်သည့် သမိုင်းဝင်ကျောက်စာများကို လူမျိုးဘာသာမခွဲခြားဘဲ နိုင်ငံတော်အဆင့် ပညာရှင်များ၏ အကူအညီဖြင့် ကာကွယ်ထိန်းသိမ်းသင့်ခြင်းဖြင့် သမိုင်းမှန်ကို ဖော်ထုတ်သင့်သည်။  





အမ်းမြို့တွင် တွေ့ရှိသော အာရဗီကျောက်စာကို ဤလိင့်မှ ဖတ်ရှူရန်။ 

—RohangKing

Tuesday, February 25, 2025

မိတ္ထီလာ လူသတ်မှုဖြစ်စဉ် ဝမ်းဝမ်း ခေါ် အဘူဘကာရ်ရဲ့ မိခင့် ရင်တွင်း သောက



မိတ္ထီလာ လူသတ်မှုဖြစ်စဉ် ဝမ်းဝမ်း ခေါ် အဘူဘကာရ်ရဲ့ မိခင့် ရင်တွင်း သောက

😭😭😭😭


လွန်ခဲ့တဲ့ ၁၀ နှစ်က... 

အမေ့သားလေး ဒီချိန်မှာ မိတ္ထီလာလာမြို့ရဲ့ ရန်ကုန်မန္တလေး လမ်းမဘေးက ဇောက်ဇောက်လျောဂျိုင့်ကြီးထဲက မြက်ရိုင်းပင်တွေ လူတရပ်လောက်နဲ့ ရေသိုးရေပုပ်တွေရှိတဲ့ ဝက်လက်တောကြီးထဲမှာ ပုန်းနေခဲ့တာနော်။  

ရင်တွေလဲ နာကျင်ရလွန်းပါတယ်.... ဝမ်းဝမ်းရယ်....။

တစ်ခုခု စားမလို့ လက်နည်းနည်းပေရင်တောင် ချက်ချင်း လက်ဆေးပေးတဲ့ မေမေကြီးသား.... ဒီဝက်လက်တောမှာ ရေသိုးတွေ၊ ခြင်ရိုင်းတွေနဲ့နေခဲ့ရတာ တညလုံး...။ 


သားက ငယ်လွန်းပါသေးတယ်။ ၁၂ နှစ်၂ လလေ...။ 

မိုးလင်းခါနီး ဝေလီဝေလင်းမှာ သားတို့ပုန်းနေတဲ့နေရာကို အမျိုးဘာသာသာသနာကိုချစ်တဲ့ မျိုးချစ်အုပ်စုရောက်လာပြီး သားနဲ့အတူ သားသူငယ်ချင်းကျောင်းသားတွေကို တစ်ယောက်ချင်း စိန်ပြေလက်ပြေရိုက်သတ်နေခဲ့ကြတာ.... လူမြင်ကွင်းကြီးမှာ.... လူလယ်ခေါင်မှာ... သတ်ကွင်းကြီးတစ်ခုလိုပဲ။ ခေါင်းဖြတ်ပစ်ခံရတဲ့ခလေး မသေမချင်း အိက်ဇောပိုက်နဲ့ ရိုက်သက်ခြင်းခံခဲ့ရတယ်။ 

ဓားနဲ့အတုံးတုံး ပိုင်းခံရတဲ့ကလေးနဲ့ ကျောင်းသားဆရာလေးဆယ်ကျော် အစုလိုက်အပြုံလိုက်သတ်ပြီးကား တာယာနဲ့တခါတည်း မီးရှို့လက်စဖြောက်လိုက်ကြတာ...

မေကြီးသားလေးရဲ့ ပြာမှုန်လေးတောင် ပြန်မရခဲ့ဘူး။ ပြန်ရဖို့ အမေကြီးကြိုးစားခဲ့ပါတယ်... သားရယ်။ 

သားကိုမကြိုးစားဘဲ ပစ်ထားခဲ့တာ မဟုတ်ဘူး... သိလား။ ဘယ်လိုကြိုးစားကြိုးစား မရခဲ့လို့ပါ... မေကြီးကဖျောက်ပြီးစိက်ကိုနေခဲ့တယ်... မရဘူး... သားရယ်။


ခုတင်တာ သားကြီးရှိရင် ၂၂ နှစ်ပေါ့။ မေကြီးအားကိုးရပြီ။

သားနဲ့ပတ်သက်ပြီး အနာဂက်တွေ ပျောက်ခဲ့ရတယ်။


ငါ့သားအတွက် ရည်ရွယ်ပြီးရှေ့ဆက်မို့က အခုနာကျင်မှုတွေ သားရဲ့ပါးလေးကို ဝါးစစ်ပိက်နဲ့ရိုက်သက်လိုက်ကြတယ်။ သွေးအိုင်ထဲလဲရာကနေ ပြန်ထလို့ဆိုပြီး ခြေဖနှောက်အကြောကို ဓါးမြှောင်နဲ့ဖြတ်ပစ်ကြတယ်... ဘာလုပ်လို့လဲ.... 

အရွယ်က ကလေးလေးပါ။ အစ္စလာမ်ဖြစ်နေလို့ သတ်တာတဲ့လား။ ရက်စက်လိုက်ကြတာ.... လူတော်လူကောင်းတွေကို ရွေးပြီး သတ်ကြတာ...

ရက်ရက်စက်စက် သတ်ကြတာ... 

မေကြီးရင်ထဲ အမြဲလွမ်းရတာမို့ အမေကိုမငိုဖို့ ပြောပေမဲ့ သားစကားနားမထောင်ဘဲ ငိုနေတုန်းပဲ...ဝမ်းဝမ်းရယ်... သားကို ခဏေလေးဖြစ်ဖြစ် တွေ့ခွင့်ရမို့ အိမ်မက်တွေမက်မို့အတွက် ဒိုအာတွေတောင်းနေရင်း။


— ဝမ်းဝမ်း အမေကြီး




😭😭😭😭😭😭😭         crd


https://www.facebook.com/share/p/QDnjVKtu64PCtkXF/?mibextid=xfxF2i


#Meikthillar_Massacre