Monday, March 6, 2017

ရိုစားပွဲခင်း [Rohingya Traditional Foods]

RK ပံု

ရေးသား 📝     ရိုဟင်လေး 
အမျိုးအစား📢 ရိုဟင်ဂျာရိုးရာ အစားအစာ

ရိုစားပွဲခင်း 👒

 🍴🍜🍜🍴

             အစားအစာသည် သက်ရှိအတွက် မရှိမဖြစ်လိုအပ်သော အရာဖြစ်သည်။ လူသားတို့ ရှင်သန်နေထိုင်ရာတွင် မိမိတို့နေရာဒေသအလိုက် အစားအစာများကို ပုံစံအမျိုးမျိုးဖြင့် သုံးဆောင်စားသောက်လာရင်း ဓလေ့ထုံးစံ သဖွယ်ဖြစ်လာသည်။ ရှေးလူကြီးတို့၏ အပြုအမူ၊ အစားအသောက်၊ အနေအထိုင်စသည်တို့ကို သူတို့အား အောက်မေ့သတိရဖွယ် အနေနဲ့ လုပ်ရင်းဆောင်ရင်း ရိုးရာယဉ်ကျေးမှုအဖြစ် နောင်မျိုးဆက်တို့က မှတ်ယူ တန်ဖိုးထားတတ်ကြသည်။ 

ရိုတို့သည်လည်း မိမိကျင်လည်ရာ ဘဝ၌ အစားအသောက်များကို တမူခြားခြား မိမိမျိုးကိုယ်ပိုင် စတိုင်ကျကျ အမျိုးမျိုးပြုလုပ် စားသောက်ကြသည်။ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်စားသောက်သော ရိုဟင်ဂျာတို့၏ အဓိက အစားအစာမှာ ထမင်းပင် ဖြစ်သည်။  ရိုအစားအစာသည် အာဟာရဓာတ် ပြည့်ဝ၊ ကျန်းမာရေးနှင့်လည်း ညီညွတ်၊ ချက်ပြုတ် ပေါင်းစပ်မှုလည်း တမူခြားခြား၊ အမြင်မှာလည်း ကြည်နူးဖွယ်ဖြစ် သည်။ ပျော်ပွဲရွှင်ပွဲများနှင့် ဧည့်ခံပွဲများ၌ ထမင်းပွဲတည်သည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ထမင်းပွဲမှာ ဟင်းခွက်တို့က ပြည့်အနက် ကြက်သား၊ ဆိတ်သားက အစ နို့မချန် ပြည့်နေတာပဲ။ ကိုယ့်နည်း ကိုယ်ဟန် ရိုးရာမှန်ဖြင့် ချက်ပြုတ်ထားသည့် ဟင်းလျာတို့က စားပြီးစားပေါ့၊ အတော့မသတ်ချင်။ ရိုတို့က အစပ်ကို ပိုကြိုက်ကြသည်။ “အစပ်မပါ၊ အစာမဝ၊ ရူး…ရူး… ကယ်နှင့်လေ။" ထမင်းပွဲတွင် အကြော်၊ အသုပ်၊ အစိမ်းထိုးစသည်တို့ ပါရှိနေသော်လည်း အရည်ရွံ့ရွံ့ပါသည့် ဟင်းက ရိုတို့၏ အဓိက ဟင်းလျာဖြစ်ပေသည်။ 

ရိုတို့သည် မြန်မာတို့ကဲ့သို့ စားပွဲခုံပေါ် ထမင်းဟင်းချကာ ခုံများနှင့်ထိုင်စားခြင်း၊ လက်ပေါ်တင် စားခြင်းကို မနှစ်သက်ကြချေ။ အီစ္စလာမ် ဓလေ့ထုံးစံနှင့်အညီ ကြမ်းပြင်တွင် ဖျာခင်း၍  အထက်တွင် စားပွဲခင်း [Dosta hána] ခင်းကာ ထမင်းပွဲပြင်ကြသည်။ စားမည့်သူများသည် ဘေးပတ်လည်တွင် ဒူးနှစ်ဖက်ချ ဝိုင်းထိုင်စားကြသည်။ ခပ်ဝေးဝေးမှ ကြည့်လျှင် ဒေါင်းလန်တစ်ခုတည်းမှ ဝိုင်းစားနေသည်ဟုပင် ထင်ရလိမ့် မည်။ မြန်မာ့ထုံးစံနဲ့ နည်းနည်းခြားတာက အိမ်ရှင်မသည် အိမ်တွင်းရေးကို ထိန်းသိမ်းရ၍ အိမ်ရှင်ကမူ ဝင်ငွေနှင့် စားဝတ်နေရေး တာဝန်ကို ကျေပွန်ရသည်။  ထို့ကြောင့် အိမ်ရှင်မ၏ လက်ရေးစွမ်းကို  ချက်ပြုတ်မှု ၌ တွေ့နိုင်ပေသည်။ 

 ရိုဟင်ဂျာတို့သည် အစားအသောက်ဖြင့် သက်ဆိုင်ရာအဆင့်အတန်းအလိုက် ဂုဏ်ပြုဧည့်ခံလေ့ရှိသည်။  အထူးဧည့်သည်များ အိမ်သို့ အလည်အပတ် ရောက်လာလျှင် ဆိတ်လှီးကျွေးမှ ဧည့်ဝတ်ကျေမည်ဟု ယူဆကြသည်။ အိမ်မှာ အမဲသား၊ ကြက်သားတွေ ရှိစေကာမူ ဆိတ်လှီး၍ ဆိတ်သားဟင်းလျာ တည်ခြင်းသည် ကြွရောက်သူတို့အား တန်ဖိုးထားကြိုဆိုခြင်းအနေနှင့် ထိုက်ထိုက်တန်တန် ဧည့်ခံခြင်း ရောက်မည်။


ဓော်အီ (နို့ချဉ်)

ရိုဟင်ဂျာတို့သည် ထမင်းပွဲတွင် နို့ချဉ် [Doi] ကို ဟင်းများနောင်ဟုပင်  ထင်စားကြသည်။ မည်သို့သော် ဟင်းလျာမျိုးရှိစေကာမူ နို့ချဉ်မရှိလျှင် အကြွင်းကျန်နေမည်သာဖြစ်သည်။ တစ်စုံတစ်ယောက်၏အိမ်သို့ ဖိတ်လျှင် နို့ချဉ်ယူသွားရန်မမေ့သင့်ပါ။ နို့ချဉ်သည် အလည်အပတ်သွား လက်ဖွဲ့အဖြစ် ရိုတို့က အသိအမှတ်ပြုကြသည်။ နို့ချဉ်များများ ယူသွားလျှင် လေးစားခြင်းများများခံရမည်။ [နို့ချဉ် မပါလာရင် နှင်ထုတ်မှာတော့ မဟုတ်ဘူးနော်။ ဧည့်ခံမှာပဲ။ ဒါပေမဲ့ နို့ချဉ်ယူဆောင်သွားခြင်းက ထုံးစံဓလေ့ တစ်ခုဖြစ် တယ်။] အထူးသဖြင့် မင်္ဂလာဆောင်ပွဲတွင် သတို့သားဖက်မှ နို့ချဉ်၊ ကွမ်း၊ ထန်းလျက် စသည်တို့ကို မဖြစ်မနေ ယူဆောင်သွားရသည်။ တစ်ခါတလေ နို့ချဉ်မပါလာ၍ စေ့စပ်ထားခြင်းကိုပင် ပျက်သွားသည့် အဖြစ်အပျက်များရှိခဲ့သည်ဟု သက်ကြီးတစ်ဦးထံမှ သိရှိရသည်။  နို့ချဉ်ကို မင်္ဂလာဆောင်ပွဲတွင် အဘယ်မျှလောက် တန်ဖိုးထားကြသည်ကို စဉ်းစားနိုင်မည်ဖြစ်သည်။

တဖန် သတို့သမီးဖက်မှ “ဒူရုစ်ကူရာ” [Durús Kurá] ခေါ်သော ကြက် အကောင်လိုက် ဆီ၊ မဆလ၊ ငရုတ်ကောင်း၊ ကြက်သွန် စသည့် အစုံထည့် မီးဖို၌ တံစို့ထိုး ကင်သည့် ကြက်ကင်များကို မိမိတို့ တတ်နိုင်သည့်အလျှောက်  သတို့သမီးနှင့်အတူ သတို့သားအိမ်သို့ ယူဆောင်သွားရသည်။ ဒူရုစ်ကူရာ့ကို သတိုးသမီးဖက်မှ နိဝါတတရားသဘောကို ဖော်ဆောင်သော အစားအသောက်ဖြစ်သည်။ သတိုးသမီးသည် ခင်ပွန်းတော်၏ ဦးဆောင်မှုအောက်တွင် ဘဝထွက်သက်အထိ ခံယူပါမည်ဟု ဝန်ခံသော သဘောဖြစ်သည်။ ဒူရုစ်ကူရာ့ ဟု ကြားလျှင် သတို့သားကိုပဲ အတွက်ပေါ်ပါလိမ့်မည်။ သစ်လွင် သမက်ကိုဖိတ်ထားသော စားသောက်ပွဲရှိလျှင် ဒူရုစ်ကူရာ ရှိကိုရှိရမည်။ ဒူရုစ်ကူရာမဲ့ သတို့သား ထမင်းပွဲသည် ဆားမဲ့ဟင်းပမာ ဖြစ်ပါလိမ့်မည်။ အမျိူမျိုးနိမ့်ချ ပြောဆိုမှုကို ခံရနိုင်သည်။ 

ဒူ႐ုစ္ကူရာ့

“Durús Kurá Musora, Zamair hotá dusára …”

အဘယ်ကြောင့်ဆိုသော် ဒူရုစ်ကူရာသည် သတို့သားများအတွက် အဓိကပြင်ဆင်သော ဟင်းလျာ တစ်ခုဖြစ်သည်။ သတို့သားအား ဖိတ်လျှင် ဦးစွာ ဒူရုစ်ကူရာပြင်ရသည်။ ပြီးမှတစ်ခြား ဟင်းလျာများကို စဉ်းစားသင့်သည်။ မင်္ဂလာဆောင်စုံတွဲတို့ ယောက္ခမအိမ် အပြန်အလှန် အလည်သွားတိုင်း နို့ချဉ်လည်းအတူ ယူဆောင်သွားရသည်။  သစ်လွင် သတို့သားက ယောက္ခမအိမ် အလည်အပတ်ရောက်လျှင် ညည့်နက်ဖြစ်စေ၊ ညနေဖြစ်စေ၊ ဆိတ်၊ ကြက်ကင်၊ နို့ချဉ်စသည်တို့ဖြင့် ဧည့်ခံလေ့ရှိသည်။ မိမိတို့တတ်နိုင်၍ ချွင်းယွင်းပါက ဝေဖန်မှုပဲ အဖတ်တင်မည်။  

ယနေ့ခေတ်တွင် ထုံးစံဆိုး တစ်ခုက ပူးကပ်ဝင်လာသည်။ ယင်းကအခြားမဟုတ် မင်္ဂလာစုံတွဲ နှစ်ဖက်ယောက္ခမအိမ်က ကြက်ကင်ပေးပြိုင်ပွဲလို ဆောင်နေကြခြင်းဖြစ်သည်။ သတို့သားဖက်က ကြက်ကင် ၁၀ ကောင်ပေးလျှင် သတိုးသမီးဖက်က အကောင် ၂၀၊ တစ်ဖက်က အကောင် ၃၀ ပေးလျှင် နောက်တစ်ဖက်က အကောင် ၅၀-၁၀၀ တောင် ပေးနေကြပြီ…။ အိမ်မှာမပြောနဲ့ ရွာသားတွေတောင် စား၍ ကုန်နိုင်မယ် မထင်ပါဘူး။  ဒါက အလွန်အကျွံပဲ အမျိုးရာ…။ ဓလေ့ထုံးစံကို အကြောင်းပြပြီး အားပြိုင်နေသည့် အလွဲသုံးစားမှု တစ်ခုပါ၊  ရှောင်သင့်သည်။

ရှေးရိုဟင်ဂျာတို့သည် ဆေးဖက်ဆိုင်ရာဗဟုသုတ အသိဥာဏ် ကြွယ်ဝကြသည်ဟု ခန့်မှန်းနိုင်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးရော ကလေးပါ  အာဟာရဓာတ် အလိုအပ်ဆုံးဖြစ်တယ်လို့ ရှေးပဝေသဏီကပင် ရိုတို့က ယူဆခဲ့ကြသည်။ ထို့ကြောင့် မင်္ဂလာဦး ကိုယ်ဝန်ဆောင်သမီးကို အာဟာရပြည့်ဝသော အစားအသောက်ဖြင့် သမက်အိမ်သို့ သွားကြည့်ကြသည်။ ဆွေရင်းမွေးရင်းတို့က ကြက်သား၊ ကောက်ညှင်းထမင်း၊ သစ်သီးဝလံတို့ကို ထမင်းဖက်ထုပ်၍ ယူဆောင်သွားကြလေ့ရှိသည်။ ယင်းကို “ဟာံင်ဒီ” [Háñdi] ဟုခေါ်သည်။ ဟာံင်ဒီ ပို့ဆောင်သည့် အခါသမယတွင် အများအားဖြင့် သတို့သမီး၏ ဆွေမျိုးအမျိုးသမီးများက ပျော်ပျော်ရွှင်ရွှင် သွားပို့လေ့ရှိကြသည်။   

နော်လာ ဟာံဇီ (အရိုးစွတ်ပြုတ်)


 ကြည်ညိုမှုကိုပုံဆောင်သည့် ဟင်းလျာတစ်မျိုးက နွား၊ ကျွဲတို့၏ အသားကပ် ခြေရိုးကို အချဉ်စပ် ရေများများထည့် ချက်ပြုတ်သော အရိုးစွတ်ပြုတ်  [Nola Hañziသည်လည်း မြတ်နိုးဂုဏ်ထင်သည့် ဟင်းလျာတစ်မျိုးဖြစ်သည်။  ဖိတ်ပွဲဘာညာတွင် လူကြီးသက်ကြီး အိုကြီးများအား လေးစားကြည်ညိုသည့် သဘောဖြင့် ဦးစားပေး ဧည့်ခံလေ့ရှိသည်။ ရာသီအလိုက် ကျိုချက်ထားသော နို့စိမ်း၊ ငှက်ပျော့သီး သို့မဟုတ် သရက်သီးရည် တို့ကို ထမင်းနှင့်စားကြသည်။  

ထမင်းပွဲ၌ အသုပ်အကြောင်း ပြောရလျှင် ပူစပ်စပ် ငရုပ်စိမ်း၊ နနံပင်၊ မန်ကျဉ်းသီး၊ ကြက်သွန် ဖြင့် ပြုလုပ်သော် ငရုပ်စိမ်းသုပ် [Moris Sura] ကို သုံးဆောင်ကြသည်။ ရိုငရုတ်စိမ်းသုပ်က စားသောက်ပွဲကို ပိုမို အရသာ ထူးကဲစေသည်။ ဆီမပါ၊ မဆလမပါ သော အသေလ္လာ ဆာလောဏ်း [Áteilla Salón] ခေါ် ဟင်းကြမ်းကလည်း ပွဲတိုင်းကျော်သည်။ ရှေးရိုတို့သည် မနက်စောစောတွင် အလုပ်ခွင် မဆင်းမီ ညနေ ဟင်းကျန် [Baái Sálon]ကို အရည်ခန့်ခြောက်အောင် ပြန်ဟင်းနွေးပြီး ထမင်းကျန် [Horhora Bát]နှင့် ထိုးစားသည့် ထုံးစံလေ့ရှိသည်။ ယင်းအစားအသောက်မျိုးကို  အညာဒေသတွင် ယခုတိုင် တွေ့ရှိနိုင်သည်။ ထို့အပြင် Niriccá ဟု ခေါ်သော သားငါးသတ်လွတ် အစားအစာသည်၏ အရသာကိုလည်း မြိန်းနိုင်မည်ဖြစ်သည်။ 


အစားအသောက်ပြီးတိုင်း ကြမ္းကလပ္ ကို တွေ့ရှိရမည်ဖြစ်သည်။ ရှေးရိုတို့သည် လူကြီးများကို တမာကူ ဆေးတံ (ဟိုက္ခား) ဖြင့် ဧည့်ခံသည်လည်း ရှိခဲ့သည်။ သို့သော် ယနေ့ခေတ်တွင် ယင်း တမာကူဆေးတံ အစဉ်အလာ ပပျောက်လာခဲ့သတည်း။

🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎

No comments:

Post a Comment