Sunday, May 7, 2017

ရိုအစားအစာ [Rohingya Traditional Food]၊ အပိုင်း (၇) ဟောံဆူဟားခ်




ရေးသား    📌 ရိုဟင်လေး 
အမျိုးအစား 📌 ရိုဟင်ဂျာ ရိုးရာ အစားအစာ

လူမျိုးစုတစ်မျိုးမှာ ရိုးရာ ယဉ်ကျေးမှု ဓလေ့ ဆိုတာတွေက အရေးကြီးသော ဗဟိုရွှေလယ်တိုင်တစ်တိုင် ဖြစ်ပါ တယ်။ ရိုဟင်ဂျာတို့ရဲ့ ရိုးရာ အစားအစာများထဲမှာ ဟောံစူအာခ်း [Hoñsu Haák] ကို ရိုဟင်ဂျာတို့က စွဲစွဲမြဲမြဲ စားသုံးကြသော အစားအစာတစ်မျိုး ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ‘ဟောံဆူ’က ပိန်းပင်/ ပိန်းဥ ဖြစ်ပြီး အားခ်/ဟားခ်မှာမူ ဟင်းစားရွက် ဖြစ်ပါတယ်။ 

 ဟောံစူဟားခ်သည် အရသာ ထူးကဲတဲ့အပြင် ကျန်းမာရေးနဲ့လဲ ညီညွတ်ပါတယ်။ ခန္ဓာကိုယ်၌ များစွာသော အကျိုးကျေးဇူးတွေပြုပါတယ်။ မျက်စိအား ကောင်းစေပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ဘီ၆ စတဲ့ ဗီတာမင်ဓာတ်တွေ၊ အာဟာရဓာတ်တွေလဲ အင်မတန် ကြွယ်ဝပါတယ်။ ယနေ့ သိပ္ပံဆေးပညာရဲ့ အဆိုအရ ကင်ဆာရောဂါ၊ နှလုံးရောဂါတွေကိုတောင် ကာကွယ်ပေးပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကိုလဲ မြှင့်တင်ပေး ပါတယ်တဲ့။ 

ရိုဟင်ဂျာတို့၏ ခေတ်အစဉ်အဆက်က ပြောလာခဲ့သော ဆိုရိုးစကားအရ ‘ဟော့ဆူဟားခ်က ဆွေမျိုးမေ့ အောင် စားလို့ကောင်းတဲ့’ တင်စားပြီး ပြောပါတယ်။ ‘Hoñsu fatat Faní no bazé’ ဟု မောက်မာ ကြွားဝါးတတ်သူတွေကို ညွှန်းဆို ပြောလေ့ရှိတယ်။ တကယ်တော့ ဟော့စူအာခ်း ချက်ပြီဆိုရင် အများ စားနိုင်အောင် ချက်ကြပါတယ်။ ဘာကြောင့်ဆိုရင် ဆွေမျိုးမေ့အောင် စားလို့ကောင်းတယ်လို့ ဆိုပေမယ့် ဆွေမျိုးများအားလုံးနဲ့ မျှဝေစားသုံးကြပါတယ်။

 ဟော့ဆူအားခ်ကို ‘လောခ္ခီးအားခ်’ [Lokkí Haák] ဟုလည်း အခေါ် ရှိပါတယ်။  လောခ္ခီးအားခ်လို့ ခေါ်တဲ့ ရှေးလူကြီး သူကြီးများရဲ့ ပုံပြင်တစ်ပုံရှိတယ်။ တစ်ချိန်က ရွာတစ်ရွာမှာ ညီမနှစ်ယောက် နေထိုင်ပါတယ်။ တစ်ယောက်က ချမ်းသာကုံလုံပြီး နောက်တစ်ယောက်က ဆင်းရဲမွဲတေပါတယ်။ ညီမငယ်က အစ်မအိမ်၌ အလုပ်လုပ်ပြီး သူ့သားသမီး အသက်မွေးပါတယ်။ အစ်မကြီးက ကပ်စေးနှဲပြီး ခေါင်းပုံဖြတ်တဲ့စိတ်ထားရှိသူ ဖြစ်ပါတယ်။ အလုပ် ပိုပို လုပ်ခိုင်းပြီး ငွေကျတော့ အလုပ်နဲ့အတန် မပေးပါဘူး။ အကြောင်းပြချက် တစ်ခုခုပြပြီး ငွေဖြတ်ကြတယ်။ ညီမကိုတောင် မသနားဘူးတဲ့။ တစ်နေ့တော့ ညီမငယ်က ခါတိုင်းလို အလုပ်လုပ်တယ်။ အလုပ်ရင် လှမ်းခေါ်ကာ “ဒီနေ့ နင် ငါ့ခေါင်းမှ သန်းကောင်တွေ ရှာပေးရမယ်။ သန်းကောင်တွေ ခွက်အပြည့် ရှာပေးနိုင်မှ လုပ်ခရမယ်” လို့ ခွက်ငယ်တစ်ခွက်ပေးပြီး ပြောလိုက်တယ်။ ညီမငယ်လည်း ရွေးစရာမရှိ မရရအောင်ရှာနေတယ်။ သူ့စိတ်ထဲမှာက သူ့သားသမီးတွေအတွက် ဆန်ပဲ တမ်းတနေတာကိုး။  ညီမငယ်ဆင်းရဲလဲ သန်းကောင် ရှာရင်းရှာရင်းနဲ့  မိုးချုပ်သွားပြီ။ သို့သော် ခွက်မပြည့် သေး။ ဘယ်က ပြည့်မှာလဲ ခေါင်းထဲက သန်းကောင်နဲ့ ခွက်ပြည့်နိုင်ပါမလား။ အစ်မကြီးလဲ “နင်က ဘာမှ အသုံးမကျတဲ့ ကောင်မပဲ။ အလုပ်တစ်ခုကိုတောင် ပိုင်ပိုင် မလုပ်နိုင်တတ်ဘူး။ ဒါကြောင့် နင် မွဲပြာကျနေတာ သိလား။ ဒီနေ့ နင့်ကို လုပ်ခမပေးနိုင်ဘူး။ သွားတော့…” ဟု ကြိမ်းမောင်း နှင်ထုတ်လိုက်တယ်။  ညီမငယ်က အလွန်တရာ စိတ်ဆင်းရဲမှုဒဏ် ခံစားရပြီး မျက်တပွေ့ပွေ့နဲ့ အစ်မအိမ်က ထွက်လာတယ်။ လမ်းခရီး တလျှောက် အိမ်ရောက်ရင် သားသမီးတွေကို ဘာကျွေးပြီး ကျေနပ်စေမလဲ လို့စဉ်းစားရင်း ဘုရားသခင်အား လောကဓံတရား အနှုတ်ပြနေတာကို ဘုရားသခင်အား တိုင်တည်တယ်။ မိမိက မုဆိုးမဖြစ်နေခြင်းကို ပြစ်တင်နေရင်း  မိမိအိမ်သို့ရောက်လာလေတယ်။

အိမ်သို့ရောက်ချင်း သားသမီးတွေက အမေကို ရှေ့မှနောက်မှ ဝိုင်းဝန်းဖက်ကာ ခါတိုင်းလို အမေ ယူဆောင် လာသော စားစရာတွေကို ရှာဖွေနေတယ်။ အမေ့ကလဲ မျက်နှာငယ်လျက် “ခဏနေအုံ ချစ်သားတို့။ အမေ ဒီနေ့ မုန့်တစ်မျိုး ပြုလုပ်နည်း သင်လာတယ်။ မင်းတို့ စားကြမှာလား” ဆိုကာ ဓားတစ်လက်နဲ့ အပြင်ထွက်ကာ ခြံဘေးနားရှိ ပိန်းပင်မှ ပိန်းရွက်တွေကို ယူလာတယ်။ ပြီးတော့ ရေတွေ ဘာတွေ ရှိသမျှနဲ့ ပေါင်းထည့်ပြီး ဒယ်အိုးတည်တယ်။ ပိန်းရွက်တွေ ပျော့ပျောင်းကာ အရည်တွေ ခမ်းခြောက်လာတဲ့အခါ ဟင်းမွှေးနံ့တွေ ထွက်လာတယ်။ ဒယ်အဖုံးလှန်ကြည့်တော့ အမေက အသံတိတ်လုမတတ် အံ့ဩသွားတယ်။ ဒယ်ထဲကနေ ရွှေရောင် တတောက်တောက် လင်းနေတယ်။ အထဲမှာ ပိန်းရွက်တွေ မရှိတော့ဘူး။ ရွှေတုံးကြီး ဖြစ်သွားတယ်တဲ့။ ရွှေတုံးကနေ ရွှေအနည်းငယ်ရောင်းကာ သားသမီးတွေအတွက် စားစရာတွေ ယူလာ တယ်တဲ့။ မုဆိုးမက ထိုဟင်းကို “လောခ္ခီးဟားခ်” လို့ အမည်တွင်လေတယ်။ အဓိပ္ပာယ်ကတော့ ဥစ္စာဓန တိုးပွားစေသော ဟင်းရွက် ဖြစ်တယ်။ ပြီးနောက် မုဆိုးမလဲ ဆင်းရဲဘဝမှ လွတ်မြောက်ပြီး ချမ်းသာ သွားလေတယ်။” လို့ ပါးစပ် ရာဇဝင်လဲ ရှိပါတယ်။

ပိန်းရွက်

🔥ပါဝင်ပစ္စည်းများ 🔥

၁။  ပိန်းရွက်   [Hoñsu Fata] 
၂။  ရေ          [Faní] 
၃။  ဆား        [Nun] 
၎။  ငရုတ်      [Moris] 
၅။  အချဉ်      [Horó] 
၆။  မဆလ    [Mosálla] 
၇။  ချင်း         [Ada] 
၈။  နံနံပင်     [Bor Fata] 
၉။  ကြက်သွန်ဖြူ [Ruon] 
၁၀။ လုံပင်   [Lum Fata]

🔥ချက်ပြုတ်နည်း🔥


ပိန်းရွက်သုပ် ချက်တာကို ရိုစကားမှာတော့ Hoñsu Hák Gáñré လို့ ခေါ်ပါတယ်။ ချက်ပြုတ်နည်းက လွယ်ပါတယ်။ ဖော်ပြထားတဲ့ ပစ္စည်းတွေကို အသင့်ပြင်ဆင်ထားရမယ်။ ပေါင်းထည့်ရမယ့် ပမာဏကတော့ ပြုလုပ်မယ့် ပမာဏပေါ်မူတည်ပါတယ်။ အချိုးအစားညီညီထည့်ပေါ့။ 

အစတွင် ပိန်းရွက်နှင့် ရေထည့်ကာ ဒယ်အိုးနဲ့ ကျက်စေရတယ်။ အရွက်တွေ ပျော့ပျောင်းလာသောအခါ အသင့်ပြင်ထားသော ပစ္စည်းတွေကို အချိုးအစား သင့်ညီအောင်ထည့်ရပါမယ်။ ပြီးရင် ယောက်မဖြင့် ပစ္စည်း အားလုံး ရောနှောသမ သွားအောင် မွှေပေးရပါတယ်။ ပြီးရင် အဖုံးဖုံးအုပ်ပြီးထားလျက် အတန်ကြာရင် အနံ့မွှေးက တစ်အိမ်လုံး ပျံ့နှံ့သွားမှာပါ။ အနံ့မွှေးက စားချင်စိတ်ကို နိုးထပေးမှာလေ။ ပန်းကန်တောင် ဆေးကြောစရာ မလိုအောင် လျက်မှာပဲ။

မိမိအိမ်တွင် ရိုအစားအစာ ဆေးဖက်ဝင်၊ အာဟာရကြွယ်ဝတဲ့ ဟောံဆူဟားခ် ကို ပြုလုပ်ပြီး ကဲလွန်သော အရသာကို မြိန်ရှက်ကြရအောင်……။


🔥ပိန်းရွက်သုပ် တစ်ခွက် (၁၄၅ ဂရမ်)တွင် ပါဝင်သော အာဟာရဓာတ် [ဆားမပါ]🔥

Calories 35                        Calories from fat 5% Daily Value 
Total carbohydrate           5.8g 2% 
Dietary fiber                        2.9g 12% 
Total fat                                0.6g 1% 
Omega-3 fatty acids         74mg  
Omega-6 fatty acids        170mg  
Protein                                      4g 8% 
Vitamin A                        6145 IU 123% 
Vitamin C                          51.5mg 86% 
Thiamin (vitamin B1)      0.2mg 13% 
Ribovlavin (vitamin B2) 0.6mg 32% 
Niacin (vitamin B3)         1.8mg 9% 
Vitamin B6                         0.1mg 5% 
Folate                                  70mcg 17% 
Calcium                              125mg 12% 
Iron                                      1.7mg 10% 
Magnesium                         29mg 7% 
phosphorus                      39.2mg 4% 
sodium                                 3mg  
zinc                                      0.3mg 2%
copper                                0.2mg 10% 
manganese                        0.5mg 27%
cholesterol                          0mg         0%
📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍

ကိုးကား ⏩A.Khaleque Facebook Account

            ⏩ http://drhealthbenefits.com/herbal/leaves/taro-leaves-benefits

No comments:

Post a Comment