ရိုဟင်ဂျာ အစားအစာနှင့်မုန့်များ၊ ပုံ-ရိုဟင်းကိန်း |
ရိုဟင်ဂျာ အစားအစာ
(Rohingya Traditional Food: Cake)
"ဖီရားတွေက ဒီလူတွေရဲ့ ပုံမှန်အစားအစာဖြစ်တယ်။ တခြားအစားအစာတွေ ဘယ်လောက်ပဲ စားစား ဖီရားမပါဘူးဆိုရင် သူတို့ ဗိုက်ဆာနေတုန်းပဲ။"(Manrique, Vol.1, P- 199)
ကမ္ဘာပေါ်ရှိ သက်ရှိဟူသမျှ အသက်ရှင်နေထိုင်ရေးအတွက် အစားအစာသည် မရှိမဖြစ်လိုအပ်သော ပင်မ အရာတစ်ခုဖြစ်သည်။ ထိုအစားအစာများကို စားသောက် သုံးဆောင်ရာတွင် လူတို့သည် မိမိတို့ ယဉ်ကျေးမှု တိုးတက်မှုအလျောက် ပုံစံအမျိုးမျိုး သွင်းကာ စားချင်ဖွယ်သောက်ချင်ဖွယ်ကောင်းအောင်၊ ကျန်းမာရေးနှင့် ညီညွတ်အောင် အဟာရဖြစ် စားသောက်ကြသည်။ လူမျိုးအသီးသီးသည် မိမိတို့ နေထိုင်ကျက်စားရာ ဒေသအလိုက်၊ ရာသီဥတုအလိုက် ရိုးရာ အစားအစာများကို အခါသင့်အချိန်သင့် ရက်ကြီး ခါကြီးများတွင် အမျိုးမျိုးပြုလုပ် စားသောက်ပျော်ဖြေကြသည်။ ရိုဟင်ဂျာ လူမျိုးတို့သည်လည်း မိမိတို့ နေထိုင်ရာ ရေမြေဒေသ၊ ရာသီဥတုနှင့် အညီ ရာသီအလိုက် တမူထူးခြားသော အစားအစာ ဘောဇဉ် (Boujon)များကို ပြုလုပ် စားသောက်လေ့ရှိသည်။ ရာသီဥတုကိုလိုက်၍ တစ်မျိုး၊ ရက်ကြီးခါကြီးကို လိုက်၍ တစ်မျိုး အစားအစာမုန့် များကို ပြုလုပ်ကျွေးမွေးကြသည်။
မုန့်ကို ရိုဟင်ဂျာဘာသာစကားတွင် “ဖီရာ့" ခေါ်သည်။ အင်္ဂလိပ်လို “Cake" ဟု အဓိပ္ပာယ်ရ သည်။ ရိုဟင်ဂျာတို့သည် မုန့်အများစုကို ဆောင်းရာသီ၌ ပြုလုပ်လေ့ရှိသည်။ ဆောင်းရာသီကို “မုန့်ရာသီ" ဟုခေါ်နိုင်လောက်အောင် အိမ်တိုင်း၌ မုန့်တစ်မျိုးမဟုတ်တစ်မျိုးဖြင့် ဝေဆာနေသည်။ ထိုနည်းတူ ကောက်စိုက်ချိန်၊ ကောက်ရိုတ်ချိန်၊ ပျိုးကြဲချိန်၊ ဘာသာရေး ပွဲတော်များ၊ ရိုးရာပွဲတော်များတွင်လည်း အချိုယာမကများ၊ ရိုးရာမုန့်များကို ပြုလုပ် ဧည့်ခံကျွေးမွေးကြသည်။
ရာသီအလိုက်ပြုလုပ်သော မုန့်များမှာ-
ဆောင်းရာသီမုန့်များ
(၁) ဓူံအီ ဖီရာ့ (Duñí Fiçá)
(၂) ဖာ့သောပ် ဖီးရာ့ (Fátop Fiçá)
(၃) ဒုပ္ပာခ်ျ ဖီးရာ့ (Dúppaich Fiçá)
(၅) ဂူလိုက်လီ ဖီရာ့ (Gulaili Fiçá)
(၆) သာလ်ဖီရာ့ (Taal Fiçá)
(၇) ဇီလာဖီ (Zilafi)
မိုးရာသီမုန့်များ
(၈) လေဇာ ဖီးရာ
(၁၀) ဖာခ်ကောမ် ဖီးရာ့
(၁၁) မုလ္လုခ် ဖီးရာ့
နွေရာသီမုန့်များ
(၁၂) ဂူရာဖီရာ့ [Gurafirá]
(၁၅) ဟောဒူး ဘားဇား
(၁၆) ဘာသ် ဖီရာ့/ အာတီက္ကား ဖီးရာ့
(၁၇) ဟိုအိလ္လာ ဖီးရာ့
ရက်ကြီးခါကြီး တွင် ပြုလုပ်သောမုန့်-
(၁) လူရီ ဖီးရာ့ [Luri Fiçá]
(၂) ရှူထ်ကီ [Chutki]
(၄) ဆီးန္ဒီး [Síndí]
(၅) မုႏ်းဒီး [Múndi]
(၆) ဟာလ်လွာ [Hallua] စသည်တို့ကို ပြုလုပ်ကြသည်။
လူရီဖီရာ့ကို ရိုဟင်ဂျာအမျိုးသား ရိုးရာမုန့် (Rohingya National Cake)ဟု သတ်မှတ်ကြသည်။
၁။ မော်ဒူးဘားသ် (ပျားရည်ဆမ်းထမင်း)
အသင့်ပြင်ဆင်ထားသော မော်ဒူးဘားသ် |
ရိုဟင်ဂျာ ရိုးရာအစားအစာများအနက် အထင်အရှားဆုံးနှင့် လူကြိုက်အများဆုံး မုန့်တစ်မျိုးမှာ မော်ဒူးဘားသ် (ပျားရည်ဆမ်းထမင်း) ဖြစ်သည်။ မော်ဒူးဘားသ်သည် ပေါင်းစပ်စကားလုံးဖြစ်သည်။ “မော်ဒူး" (ပျားရည်)နှင့် “ဘားသ်" (ထမင်း)ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ မြန်မာလို ပျားရည်ကဲ့သို့ ချိုမြိန်သော အရသာရှိသောကြောင့် ‘ပျားရည်ထမင်း'ဟုသော်လည်းကောင်း၊ နွားနို့ဖြင့် ပြုလုပ်သောကြောင့် ‘နို့ထမင်း'ဟု သော်လည်းကောင်း ယေဘုယျအားဖြင့် ခေါ်ဆိုနိုင်သည်။ သို့သော် အခြားလူမျိုးတို့ကလည်း ‘မော်ဒူးဘဲသ်' ဟုပင်ခေါ်ကြသည်။ လောဇာမုန့် နဲ့ ခပ်ဆင်ဆင်တူသည်။ မော်ဒူးဘားသ် ဟု နာမယ်တပ်ခေါ်ခြင်းမှာ နာမည်နှင့်အညီ လွန်ကဲသော အရသာရှိခြင်းကြောင့် ဖြစ်သည်။
ပူပြင်းသောရာသီ၌ မော်ဒူးဘားသ် ပြုလုပ်ခြင်းသည်လည်း ယုတ္တိမှန်ပါသည်။ မော်ဒူးဘားသ် ကို စားသောက်ခြင်းဖြင့် ကိုယ်ခန္ဓာကို အေးမြစေပါသည်။ ကျန်းမာရေးနှင့်လည်း ညီညွတ်ပါသည်။ အဟာရဓာတ်လည်း ပြည့်စုံပါသည်။ တစ်ခါ စားဖူးသူသည် နွေရာသီရောက်လျှင် မော်ဒူးဘားသ်ကို မလွမ်းတမ်းဘဲ နေနိုင်လိမ့်မည့်မထင်ပါ။
မော်ဒူးဘားသ်ကို အများအားဖြင့် ဆောင်းမိုးကုန်ပြီး နွေဦးကာလတွင် ပြုလုပ်ကြသည်။ တောင်သူလယ်သမားများသည် ဝသန်မိုးဦး စပါးမျိုးကြဲချိန်တွင် မျိုးကြဲစပါးရေစိမ့်ရာမှ အညှောက်ထွက်လာသော စပါး အချို့ကို ရွေးယူ၍ နေပူလှန်သည်။ နေပူဖြင့် ခြောက်သွေ့လာသောအခါ မောင်းဖြင့်ထောင်းကြသည်။ ထောင်းပြီးသား ဆန်ကွဲကို ကောင်းစွာ လေလှဲ့ကာ သိမ်းဆည်းထားကြသည်။ ထိုဆန်ကို ဇာလာဆွိုလ် (ပျိုးဆန်) ဟုခေါ်သည်။ ဆောင်းရာသီတွင် ကောက်ညှင်းစပါးရိုတ်ပြီးအချိန်၌ ကောက်ညှင်းဆန်အသစ်ကို မော်ဒူးဘားတ် လုပ်စားရန် အဖျက်ပိုးများက မပျက်စီးနိုင်အောင် ကောင်းစွာ စုဆောင်းထားလေ့ရှိသည်။
နွေဦးရောက်လျှင် စုဆောင်းထားခဲ့သည့် ကောက်ညှင်းဆန်နှင့် ပျိုးဆန်ကို မော်ဒူဘားသ် လုပ်စားကြသည်။ မော်ဒူးဘာသ်လုပ်မည့် အိမ်ရှင်သည် အိမ်နီးချင်းများ၊ ဆွေမျိုး မိတ်သဟာများကို တစ်နေ့အကြို ဖိတ်ခေါ်ကြသည်။ ကိုယ်ဝန်ဆောင်နေသည့် သမီးများထံ မော်ဒူးဘားသ်ဖြင့် ဟံဒီ (ကိုယ်ဝန်ဆောင် အမျိုးသမီးများ အား အာဟာရဖြစ်ထွန်းစေရန် မိဘအိမ်မှ ပေးပို့သော ရိုဟင်ဂျာ အစားအစာတစ်မျိုး) ကျွေးကြသည်။ ထိုမုန့်ဖြင့် ဆွေမျိုးအိမ်တွင် အလည်အပတ် သွားကြသည်။ တစ်အိမ်ပြီး တစ်အိမ်ပို့ကြသည်။ ကျွေးကြသည်။ ရိုဟင်ဂျာတို့သည် တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် မော်ဒူးဘားသ် ပြုလုပ်စားကြသည်။
မော်ဒူးဘားသ် (ပျားရည်ထမင်း) တွင် ပါဝင်သည့် ပစ္စည်းများမှာ-
(၁) ဇာလာဆွိုလ် (ပျိုးဆန်)(၂) ကောက်ညှင်းဆန်(၃) နွားနို့(၄) အုန်းသီး(၅) ဆား(၆) သကြား တို့ဖြစ်ကြသည်။
မော်ဒူးဘားသ်ပြုလုပ်နည်းမှာ လွယ်လွယ်လေးနှင့် ဆန်းကြယ်လှပါသည်။ ဦးစွာ ကောက်ညှင်းဆန်ကို ကောင်းစွာ ချက်ပြုတ်ရသည်။ ထို့နောက် ပျိုးဆန်ကွဲကို အမှုန့်ဖြစ်အောင် နှယ်ကာ အရည်ပျော်ရပါသည်။ ပြီးလျှင် အိုးသစ်တစ်အိုးတွင် ကောက်ညှင်းထမင်းကို ထည့်၊ ပျိုးဆန်ရည်ကို ဖျန်းထည့်ပြီး ထမင်းသည်နိုးထဲနစ် သွားအောင် နွားနို့ထည့်ရသည်။ (နွားနို့စိမ်း ရှားသော ဒေသတွင် နို့ဆီဘူး သိုမဟုတ် နို့မှုန့်ကို အသုံးပြုကြသည်။)
အထက်ဖော်ပြသည့်အတိုင်း အဆင့်ဆင့် အချိုးကျကျထည့်၍ အဖုံးပေါ်မှ အလေးများနှင့် ဖုံးဖိထားကာ ၁၇ နာရီ (သို့) ၁၈ နာရီထိ ညည့်တစ်ညည့်ကျော် တည်ထားရပါသည်။ ညနေ၌ နို့ထမင်းအိုးတည်လျှင် မနက် မွန်းလွဲချိန်တွင် မြိန်းစားကြည့်ကြသည်။ နို့ထမင်းရည်မှာ ချိုမြိန်လာသောအခါ လိုအပ်သော မော်ဒူးဘားသ် ထမင်း ရရှိလာသည်။ ထိုအခါ အုန်းသီးညှပ်ထည့်၍ အားရပါးရ စားသောက်ကြသည်။
အညာဒေသတွင် မော်ဒူးဘားသ် ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ပုံပြင်အမျိုးမျိုး ပြောလေ့ရှိသည်။ တစ်ခါက ရွာတစ်ရွာတွင် ဘာသာတရား ကိုင်းကျိုင်းသည့် လယ်သမားမိသားစု လင်မယားနှင့် သား ၂ ယောက်နေထိုင်ခဲ့ကြသည်။ ထိုအိမ်တွင် ‘ဟာရ်ဘာရီ’ အမည်ရှိ အလုပ်အကျွေးလုပ်သည့် အစေခံမ လိမ္မာတစ်ယောက်လည်းနေ၏။ သူမသည် မြှောက်ပင့်ပြောပင့်လုပ် ချီးမွမ်းမှုကို အမြဲတစေ ခံယူချင်သည်။ ထိုကြောင့် မိမိ့ သခင်နှစ်သက်သည့် အလုပ်များကို ပြောမည့်အလျင် ကြိုတင် လုပ်တတ်သည်။ ထိုအချက်ကြောင့် သခင်ကလည်း အလွန်နှစ်သက်သည်။ ချီးကျူးခြင်းကိုလည်း ခံရသည်။ သခင်သည် အဆမတန် ဒေါသကြီးသူ ဖြစ်သည်။ တခါတလေ အိမ်မွေး တိရစ္ဆာန်နှင့်ပင် ရန်ဖက်ကဲ့သို့ ငြင်းခုံကြသည်။ ထို့ကြောင့် ဟာရ်ဘာရီသည် သခင်ကို အလွန်ကြောက်ရွံ့သည်။
တစ်နေ့သော်အခါ သခင်တို့မိသားစုသည် ရွာနီးချင်း ရွာတစ်ရွာရှိ သူ့တို့၏ အဒေါ်လေးအိမ်၌ အလည်အပတ် သွားကြသည်။ ညနေရောက်လာမည်ဟု အစေခံမကို မှာထားသည်။ ဟာရ်ဘာရီသည် အိမ်၌ဆန်ကုန်နေသည်ကို မေ့လျော့ခဲ့သဖြင့် သခင့်ကို အသိပေးရန်လည်း မရနိုင်ခဲ့ချေ။ ညနေချက်စားရန် ဆန်မရှိဖြစ်နေသည်။ သခင်တို့ ညနေ အိမ်ပြန်လာလျှင် ဘာစားမလဲ ဟု တွေးတော့နေသည်။ ထိုအခိုက်တွင် ဗြုန်းကနဲ မျိုးစပါး အဖြစ်သိမ်းဆည်းထားသော ကောက်ညှင်းစပါး ၁ အာရီ (၁၆ သိုက်)နီးပါး ရှိနေသည်ကို အတွက်ပေါ်လေသည်။ ဟာရ်ဘာရီသည် လျင်လျင်မြန်မြန် စပါးကိုထောင်း၍ ထမင်းချက်လေသည်။ ညနေစောင်းချိန်တွင် သခင်တို့ အိမ်သို့ရောက်လာခဲ့သည်။ သူတို့သည် ညနေထမင်းပါ စားလာခဲ့ကြောင်း သိရသောအခါ ဟာရ်ဘာရီသည် တုန်လှုပ်သွားခဲ့သည်။ အလွန်ကြောက်လန့်သွားခဲ့သဖြင့် စပါးဖွဲ့၍ ထမင်းချက်ခဲ့သည်ကို မည်သူ တစ်ဦးကိုမှ မပြောဝံ့ခဲ့ချေ။ သူ တစ်ညလုံး အိပ်မပျော်နိုင်ခဲ့။ ထိုကိစ္စ သခင်သာ သိသွားလျှင် ဘာမျှဖြစ်ပါမည်နည်းဟု စဉ်းစားလျက်နေသည်။
ထိုသို့နှင့် စောစောစီးစီး အရုဏ်ထက်ချိန်တွင် ထ၍ စဉ်းစားခန်းပြန်ဝင်ရာ ရုတ်တရက် နွားမပေါ်သို့ မျက်စိကျလေသည်။ ယင်းမှ အတွေးသစ်တစ်ခု ပေါ်လာသည်မှာ “ငါ့ ဦးဏှောက်ကသာ ငါကိုကယ်နိုင်မည်ဖြစ်သည်"ဟု ရဲရဲဝံ့ဝံ့ နွားနို့ကို လျင်လျင်ဆန်ဆန် ညှစ်ကာ ညက ချက်ထားသော ထမင်းအိုး၌ လောင်းထည့်လေသည်။ ရသမျှ အနီးအနားမှ စားနိုင်သောပစ္စည်းများကိုလည်း ပေါင်းထည့်ကာ အိုးကို မီးဖိုချောင် တစ်နေရာ၌ တည်ထားလေသည်။ သခင်မသည် နံနက် ချက်ပြုတ်ရန် မီးဖိုချောင်းဝင်ရာ အိုးကိုမြင်သဖြင့် မေးလေသည်။ ဟာရ်ဘာရီက သခင်မ မကိုင်ပါလေနှင့်။ တန်းခိုးတော် ပယ်နိုင်သည်။ ကျမတည်ထားသော ဆေးဖက်ဝင် မုန့်တစ်မျိုးဖြစ်သည်။ ရောဂါဘယပေါင်းများစွာကို ပျောက်ကင်းနိုင်သည်ဟု အရှင်ရသေ့ တစ်ပါးက ပြပေးခြင်းဖြစ်သည်။ သခင်၌ရှိသော နာတာရှည် ရောဂါကို ပဒုမ္မကြာမှ ရေစက်လျှောသကဲ့သို့ ပျောက်ကင်းစေပါလိမ့်မည်။ တစ်နှစ်တွင် တစ်ကြိမ်စားခြင်းဖြင့် မည်သည့်ရောဂါမဆို ဝေးရှောင်ပါလိမ့်မည်ဟုလည်း မှာထားခဲ့သည်။ သခင်မက ထိုစကားကို သခင်အားပြောပြရာ သခင်လည်း ပျော်ရွှင်ပြီး “ငါ့သမီး သခင့်ကောင်းစားရေးကိုသာ ဂရုစိုက်တတ်သည် မဟုတ်လား၊ ငါသမီး လိမ္မာတယ်၊ ငါသမီး လိမ္မာတယ်" ဟု ချီးကျူးလိုက် သည်။
မွန်းတည့်တွင် မိသားစုအားလုံး ဝိုင်းစားကြရာ အရသာရှိသဖြင့် အလွန်ချီးကျူးခံရသည့်အပြင် အရှင်က “ ဟာရ်ဘာရီ ရယ်၊ ဒီမုန့်ကိုဘယ်လိုခေါ်လဲ" မေးရာ၊ ချိုလွန်သဖြင့် မော်ဒူးဘားသ်(နို့ထမင်း)ဟု ဖြေလေသည်" စသော ဒဏ္ဍာရီများပြောလေ့ရှိသည်။
(ရိုဟင်လေး)
No comments:
Post a Comment