Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label Traditional Food. Show all posts
Showing posts with label Traditional Food. Show all posts

Sunday, October 29, 2023

တေလောတ္တီယာ ဟော့်ရောဖားတာ (ချဉ်ပေါင်ကြော်)

တေလောတီယာ ဟော့ရောဖားတာ (ချဉ်ပေါင်ရွက်ကြော်)


အာရကန်ပြည် အညာဒေသ အစားအစာတွေမှာ ဟောရောဖာတာ ခေါ်တဲ့ ချဉ်ပေါင်ရွက်ကလည်း အရေးပါလှတဲ့ ဟင်းရွက်တစ်မျိုး ဖြစ်တယ်။ တောင်သူလယ်သမားတွေဟာ စပယ်ရှယ်ထုတ်တဲ့ အစားအစာမျိုးကို မှီခိုအားကိုးလို့ ဘဝဖြတ်သန်းတာ မဟုတ်ဘူး။ မိမိတို့ သွေးချွေးရင်းပြီးတော့ ကိုယ်တိုင်ထုတ်ယူစားသောက်ရတာ ဖြစ်တယ်။ အိမ်ခြံမှာဖြစ်ဖြစ်၊ ဟင်းခင်းယာခင်းမှာဖြစ်ဖြစ် ချဉ်ပေါင်ပင်တွေတော့ စိုက်ပျိုးလေ့ရှိတယ်။ မိုးရာသီရောက်ရင် စားပွဲတိုင်းမှာ ချဉ်ပေါင်ရွက်တော့ ဟင်းပုံစံတစ်မျိုးမျိုးနဲ့ ပါမြဲပါဝင်လေ့ရှိတယ်။ ချဉ်ပေါင်ရွက်နဲ့ ပြုလုပ်တဲ့ ဟင်းတွေထဲမှ တစ်မျိုးအကြောင်းကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဲဒါက အခြားမဟုတ်ဘူး။ ရိုဟင်ဂျာတွေရဲ့ အသည်းစွဲဖြစ်တဲ့ တေလတ္တီယာ ဟော်ရောဖာတား (သို့မဟုတ်) တေလ္လာဟော်ရောဖားတား ဖြစ်တယ်။ မြန်မာလို ပြောရရင် ချဉ်ပေါင်ကြော်ပေါ့။ 

ချဉ်ပေါင်ကြော်ဟင်းလျာတစ်ခွက်ရရှိဖို့အတွက် အဓိကတော့ ချဉ်ပေါင်ရွက်ပါပဲ။ ဒါပေမဲ့ ချဉ်ပေါင်ရွက် တစ်ခုတည်းနဲ့ မပြီးသေးဘူး။ နောက်ထပ် အရေးကြီးတဲ့ ပစ္စည်းတစ်ခုကတော့ ငရုတ်သီးကြိတ်ဖြစ်တယ်။ 



ပါဝင်ပစ္စည်းက

၁။ ချဉ်ပေါင်ရွက်

၂။ ငရုတ်သီးကြိတ်

၃။ ကြက်သွန်နီ

၄။ ကြက်သွန်ဖြူ

၅။ နနွင်း

၆။ ဆီ

၇။ ဆား 

တို့ဖြစ်ကြတယ်။


ဒီဟင်းလျာ လုပ်ရတာ လွယ်ကူသလို ပစ္စည်းတွေလည်း မိမိတို့ ယာခင်းဟင်းခင်းတွေမှ ထွက်တဲ့ပစ္စည်းတွေဖြစ်တယ်။ ပထမဆုံး ငရုတ်သီးကြိတ်၊ ကြက်သွန်၊ ဆီ၊ နနွင်းတို့ကို အိုးထဲထည့်ပြီး မီးဖိုပေါ် အနည်းငယ်ထားပါ။ အရောင်နည်းနည်း ရင့်လာပြီဆိုရင် ချဉ်ပေါင်ရွက်ကို ထည့်ပေးပါ။ ရေနည်းနည်း လောင်းထည့်ပါ။ ရေတွေ ခြောက်ခန်းသွားပြီး ချဉ်ပေါင်ရွက်တွေ ကျက်သွားပြီဆိုရင် စားလို့ရပြီ။

အဲဒီ ချဉ်ပေါင်ကြော်ကို တစ်ချို့ ပုဇွန်တွေ ထည့်ကြော်ပြီးတော့ စားတာလည်းရှိတယ်။ မျှစ်တွေ ထည့်ကြော်တာလည်းရှိတယ်။ ချဉ်ဆပ်အရသာနဲ့ တော်တော် ခံတွင်းတွေ့တာပါပဲ။ ချဥ်ပေါင်ရွက်ကို ဟင်းရည်လုပ်လို့လဲ စားကြတယ်။ အဲဒါကို ဟောရောဖာတာ ဟင်ဇီလို့ ခေါ်တယ်။ အလုပ်ပင်ပန်းလာတဲ့ လယ်သမားမိသားစုဟာ ဒီဟင်းလျာတွေ့ရင် ဒုက္ခပျောက်လို့ အားရပါးရစားကြတာပါပဲ။

ငါးဟင်းတွေမှာလည်း အချဉ်အရသာရရှိစေရန် ချဉ်ပေါင်ရွက်ကို အသုံးပြုကြတယ်။ ချဉ်ပေါင်ပင်မှရရှိတဲ့ အသီးကို အခြောက်ခံကာ သိမ်းထားလေ့ရှိတယ်။ အဲဒါကို နွေရာသီရောက်လျှင် ဖျော်ရည်အဖြစ်လည်းကောင်း၊ ဟင်းရည်အဖြစ်လည်းကောင်း၊ ထန်းလျက်နဲ့ တို့လို့ ချဉ်ယိုအဖြစ်လည်းကောင်း ပြုလုပ်ကာ သုံးဆောင်ကြလေ့ရှိပါတယ်။ 


- ရိုဟင်လေး

(၁၇- ၁၀-၂၀၂၃)




Tuesday, September 13, 2022

ဆီတောလ်ဖီရား (Sitol Fiçá)

 


ဆီတောလ်ဖီရား 

ရေးသား- ရိုဟင်လေး
အမျိုးအစား- ရိုးရာအစားအစာ

ဆီတောလ်ဖီရာ့ ဟာ ရိုဟင်ဂျာတွေ သုံးဆောင်လေ့ရှိတဲ့ မုန့်တွေထဲမှာ တစ်မျိးအပါအဝင်ဖြစ်တယ်။ ဆောင်းရာသီနဲ့ မိုးရာသီတွေမှာပြုလုပ်သုံးဆောင်တာ တွေ့ရတယ်။ စရိတ်အသက်သာဆုံးနှင့် ပြုလုပ်ရအလွယ်ဆုံး မုန့်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဆီတောလ် အဓိပ္ပာယ်က အေးချမ်းသော၊ ဖီရာ့ က မုန့် ဖြစ်တယ်။ ဆောင်းရာသီမှာ ပြုလုပ်တဲ့မုန့်၊ အေးချမ်းဖွယ်ရာ မုန့်ဟု အဓိပ္ပာယ်ကောက်နိုင်တယ်။ 

ဆီတောလ်ဖီရား ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေက
  • ဆန်မှုန့်
  • အုန်းသီး
  • ဆား 
ဒါ့အပြင် ဆီအနည်းငယ်လည်း လိုပါတယ်။ ဆီကျတော့ မုန့်မှာ ထည့်ရတာမဟုတ်ဘဲ ကြော်ပြားမှာ မုန့်ကပ်မသွားအောင် နည်းနည်းသုပ်ပေးရတာ ဖြစ်တယ်။

ပြလုပ်ပုံက

ဆန်မှုန့်ကို ရေနဲ့ ဆားရောပြီးတော့ ကောင်းကောင်းသမရတယ်။ အကျိတ်အခဲတွေ လုံးဝမရှိစေရဘူး။ ခပ်စေးစေး မုန့်ဖတ်ရည်တစ်မျိုး ဖြစ်လာမယ်။ မုန့်ဖတ်ဆော်ဒါ ထည့်ချင်ရင်ထည့်ပါ့။ ပိုပျော့အိလာအောင်ပေါ့။ မထည့်ရင်လဲ ပြဿနာမရှိဘူး။ ပြီးရင် မုန့်ဖတ်ဇလုံးကို အဖုံးဖုံးပြီးတော့ တစ်နာရီ၊ နာရီဝက်လောက် စိမ့်ထားပါ။ ဒါနဲ့ မီးလတ်လတ်မွေးပါ။ ကြော်ပြားတင်ပေးပါ။ ပူလာပြီဆိုရင် ဆီနည်းနည်း သုပ်ပေးပါ။ မုန့်ပြား ကပ်မသွားအောင်ပေါ့။ အားလုံးအဆင်အသင့် ဖြစ်ပြီဆိုရင် မုန့်ဖတ်ရည်ကို ဇွန်းကြီးနဲ့ တစ်ဇွန်းစီ ကြော်ပြားမှာ ချပေးပါ။ အဖတ်မာလာရင် ကျက်ပြီ။ ပြီးတော့ အုန်းခြစ်တွေကျဲပြီးတော့ စားလို့ရပါပြီ။ အများအားဖြင့် ထန်းရည်၊ အုန်းရည်တွေနဲ့ တို့စားကြတယ်။




Tuesday, March 29, 2022

ဂူရာဖီရား [Gura Fira]


 ဂူရာဖီရား [Gura Fira]

ရေးသူ-       ရိုဟင်လေး



မုန့်ပဲသရေစာနဲ့ ဝေဆာနေတဲ့ ရိုဟင်ဂျာလူမျိုးတို့ရဲ့ အစားအစာတွေမှာ ဂူရာဖီရားကလည်း လူတိုင်းကြိုက် အသည်းစွဲမုန့်တစ်မျိုးဖြစ်တယ်။ ဂူရာဖီရာကတော့ မုန့်လက်ဆောင်းနဲ့ ခပ်ဆင်ဆင်တူတယ်။ ဒါပေမဲ့ လုပ်ပုံလုပ်နည်းတော့ မတူပါဘူး။ မုန့်အဖတ်တွေ အသေးစားလေးမျိုးဖြစ်တာမို့ ဂူရာဖီရားလို့ နာမည်တွင်လာတာ ဖြစ်တယ်။ မုန့်အဖတ်တွေကို သကြားရည်ထဲနစ်ကာ စားရတဲ့ မုန့်ချိုတစ်မျိုးဖြစ်တယ်။ ဒီမုန့်ကို ရာသီမရွေးစားနိုင်တယ်။ ပျော်ပွဲရွှင်ပွဲတွေမှာလည်း လုပ်စားကြတယ်။ ဆမိုက်မုန့် မပေါ်သေးမီကာလတွင် အီးဒ်ပွဲတော်၌ ဂူရာဖီရားကို အဓိက ပြုလုပ်သုံးဆောင်လေ့ရှိကြသည်။


ဂူရာဖီရား လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကို ဆွေးနွေးကြရအောင်။ ဂူရာဖီရား လုပ်တော့မယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းတွေကတော့-

၁) ဆန်မှုန့်ညက် 

၂) သကြား

၃) အုန်းသီး

၎) မြေပဲ

၅) နို့

၆) ဆား

၇) စမုန်စပါး

၈) ရေ

စတာတွေ ဦးစွာ စုဆောင်းရတယ်။ အခြေခံကုန်ကြမ်းတွေ အဆင့်အသင့် ဖြစ်နေပြီဆိုရင် တစ်ဆင့်စီ ပြင်ဆင်ရတယ်။ ဆန်မှုန့်ရအောင် အရင်လုပ်ရမယ်။ ဆန်ကို ဒဲန်း ခေါ်တဲ့ ခြေနှင်းမောင်းနဲ့ဖြစ်စေ၊ ဆုံနဲ့ဖြစ်စေ ထောင်းပြီးတော့ ဆန်မှုန့်လုပ်ရတယ်။ ယခုခေတ်မှာဆိုရင် အဲ့လောက် အားကုန်ပင်ပန်းစရာ မလိုတော့ဘူး။ ကြိတ်စက်တွေနဲ့ အလွယ်တကူ လုပ်ယူလို့ ရတာကိုး။ ဆန်မှုန့်မှာ ကောက်ညှင်းဆန်မှုန့် နည်းနည်းရောပေးလိုက်ရင် ပိုပြီးတော့ ကောင်းတာပေါ့။ စားရတာ အရသာပိုရှိတယ်။ ဆန်မှုန့်ရပြီဆိုရင် ရေနွေးထည်ရတယ်။ ကဲ ရေနွေးဆူလာပြီးဆိုရင် ဆန်မှုန့်တွေကို အနည်းငယ်စီ ထည့်လိုက်တော့။ ဆန်မှုန့်အနည်းထည့် မွေလိုက်၊ ထပ်ထည့် မွေလိုက်.. ဒီလိုနဲ့ ဆန်မှုန့်တွေ စေးကပ်လာအောင် မွေပေးရတယ်။ ဆားလည်း အစပ်တည့်သလောက် ထည့်ပေးရတယ်။ အဲဒီ ဆန်မှုန့်တွေကို အကျိတ်အခဲမရှိစေအောင် ပွတ်သပ်ပေးရတယ်။ ဒီလို ဖိသပ်ပေးရင်းနဲ့ အဆံအခဲမရှိ ပျော့ပျောင်းလာပြီဆိုရင် "ဟိုင်" ရလာပြီပေါ့။ 

ဟိုင်ကိုတစ်ခါ လက်ကလေးနဲ့ ပွတ်သပ်လိမ့်ပြီးတော့ အချောင်းရှည်ရှည်ဆွဲပေးရတယ်။ လက်နဲ့ ကပ်မသွားအောင် ဆန်မှုန့်ခြောက် ကိုင်ပေးရတာပေါ့။ ဖြည်းဖြည်းလေး လိမ့်လည်ပြီးတော့ အချောင်းကလေး ပုံစံဖြစ်လာအောင် လုပ်ရတယ်။ အဲ့ဒါကို တစ်ခါ တစ်လေက်မလောက်စီ စိပ်ပေးရတယ်။ ဓားနဲ့ စိပ်လို့တော့ မရဘူးနော်။ အဖတ်တွေ အစွန်းနှစ်ဖက်ချွန်လာအောင် လက်ဝါးနဲ့ တလိမ့်လိမ့် စိပ်ပေးရတာပေါ့။ အချောင်းကို လက်အောက်မှာထား၊ နည်းနည်းဖိရင်း ရှေ့ကိုတွန်းရုန်းလိုက်ရင် အစွန်းနှစ်ဖက်ချွန်းတဲ့ မုန့်ဖတ်ရလာမယ်။ (ပုံမှာ မြင်ရတဲ့အတိုင်းပေါ့) မုန့်ဖတ်စိမ်းတွေ ရသွားပြီးဆိုရင် အပေါင်ခံရတယ်။ မှုန့်ဖတ်ကျက်လာရင် ပြီးသွားပြီ။ အအေးခံထားလိုက်တော့။ နောက်အဆင့်တွေ ဆက်လုပ်ရအောင်…



နောက်တဆင့်မှာ သကြားရည် (ရာပ်) လုပ်ရမှာပေါ့။ သကြားရည်ကို ထန်းလျက်နဲ့ပဲ လုပ်ကြတယ်။ ထန်းလျက်ကို ရေအချိုးအဆညီအောင်ထည့်ပြီတော့ ကျိုပေးရမယ်။ ထန်းလျက်တွေ အရည်ဖြစ်ကုန်ပြီ ဆိုရင် ထန်းလျက်ရည်ကိုသေချာ စစ်ပေးလိုက်။  နွားနို့ထည့်ပေးရတယ်။ နွားနို့လည်း မိမိလုပ်တဲ့ မုန့်ဖတ်ပမာဏကိုကြည့်ပြီးတော့ လိုသလောက် ထည့်ပေးရတယ်။ ဒီမှာ သတိထားရမယ့်ဟာက မုန့်တွေ အရည်ထဲ လုံးဝနစ်မြုပ်သွားနိုင်အောင် အရည်ထည့်ရမယ်။ ပြီးတော့ ဆားနည်းနည်း ခပ်ထည့်၊ စမုန်စပါး နည်းနည်းထည့်လိုက်တော့။ အများကြီးတော့ မထည့်လိုက်နဲ့ အရည်ခါးသွားနိုင်တယ်။ မြေပဲ လှော်ထားတဲ့ဟာကိုထည့်။ မီးအေးအေးနဲ့ ခဏတင်ထားမယ်။ မုန့်ဖတ်တွေ အကုန်လုံး သကြားရည်ထဲ ထည့်လိုက်ပေါ့။ မုန့်ဖတ်တွေ ၅ မိနစ်လောက် မီးပေါ်တင်ထားရတယ်။ ကျက်သွားပြီးဆိုရင် မုန့်အသင့်ဖြစ်နေပြီ။ 



မုန့်အရသာကို ကဲလွန်စေအောင် အုန်းသီးခြစ်တွေ ကျဲပေးရတယ်။ မိမိစီစဉ်ထားတဲ့ အုန်းသီးကို ကြိုတင်ခြစ်ထားရတယ်။ ခြစ်ထားတဲ့ အုန်းဆံတွေကို မုန့်ခွက်ထဲမှာ ကျဲထည့်လိုက်ပေါ့။ အုန်းဆံတွေကို တစ်ခါတည်း အိုးထဲ ထည့်ရောနိုင်သလို မှုန့်ခွက်မှာလည်း ကျဲထည့်နိုင်တယ်။ ကြည့်ရတာကောင်းသလို စားရတာ ပိုကောင်းတာတော့ပေါ့။ အုန်းရေကို သကြားရည်မှာ ရော့ထည့်ရင် ပိုကောင်းတယ်။ အားလုံး အဆင်အသင့် ဖြစ်ပြီးဆိုရင် မိသားစုနဲ့ ဝိုင်းထိုင်စားကြပေါ့။ ရိုဟင်ဂျာရိုးရာအစားအစား ဂူရာဖီရားရဲ့ အရသာကို မြိန်းကြည့်လိုက်တော့။  


— ရိုဟင်လေး

၂၂-၃-၂၀၂၂

Thursday, September 2, 2021

ဂုစ်တောစာ့လောန် (အမဲသားဟင်း) ချက်နည်း

 


ဂုစ်တောစာ့လောန် (အမဲသားဟင်း) ချက်နည်း


အမဲသားဟင်းကျတော့ စီးပွားရေး အလယ်အလတ် အဆင်ပြေနေတဲ့ မိသားစုတွေအတွက်တော့ တစ်ပတ်တစ်ခါလောက်တော့ စားဖြစ်တယ်။ ပြီးတော့ ရိုးရာဖာတီယားပွဲတွေမှာတော့ အမဲသားကိုပဲ အဓိကထား ချက်ပြုတ်လှူဒါန်းကြတယ်။ ရိုဟင်ဂျာတို့ရဲ့ အသည်းစွဲမုန့်ဖြစ်တဲ့ လူရီဖီရားနဲ့ အစပ်တည့်တဲ့ ဟင်းကောင်း တစ်မျိုးလည်းဖြစ်တယ်။

မဂ်လာဆောင်ပွဲတွေမှာလည်း အမဲသားပဲချက်ကျွေးတာဖြစ်တယ်။ မေလာ စာလောန်ကျတော့ ရိုဟင်ဂျာတွေအကြား အထူးထင်ရှားတယ်။ တစ်ခါ အိမ်မှာ ဧည့်သည်တွေရောက်လာရင်လည်း အသားချက်ကျွေးမှ ဧည့်ဝတ်ကျေသလိုပါပဲ။

ကဲ... ဒီလောက် အရေးပါအရာရောက်တဲ့ ဟင်းတစ်မျိုးကို ရိုဟင်ဂျာနည်းရိုဟင်ဂျာဟန်နဲ့ ဘယ်လိုချက်ကြမလဲ ကြည့်ကြရအောင်-


လိုအပ်တဲ့ပစ္စည်းတွေ

  • အသားစိမ်း
  • ငရုတ်စိမ်း
  • ငရုတ်ခြောက်
  • ဆီ
  • ဆား
  • နနွင်း
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဖာလာ
  • နံနံရွက်
  • မဆလာ
  • အာလူး
  • ခရမ်းသီး
  • ရေ


ချက်နည်း

ဦးစွာ အမဲသားတွေကို ငယ်ငယ်လေး ပိုင်းဖြတ်ရမယ်။ နှစ်လက်မ နှစ်လက်ခွဲလောက်ပေါ့။ ပြီးတော့ နနွင်း နဲနဲလူးကာ သေချာ ဆေးကြော့ရမယ်။ သုံးကြိမ်လောက်ဆေးရင် ရပြီ။ ဟင်းသီးဟင်းရွက်တွေကိုလည်း လှီးဖြတ်ထား၊ မဆလာ၊ ငရုတ်ကြိတ်စတာတွေပြင်ထားပေါ့။ မီးမွေးပြီးတော့ အိုးလွတ်ကို မီးဖိုမှာ တင်ထားရတယ်။ အိုးကင်းသွားရင် ဆီထည့်ရတယ်။ ဒါကို "ဇူတ္တာ"လို့ ခေါ်တယ်။ ပြီးရင် မဆလာ၊ ငရုတ်ရေ၊ ကြက်သွန်၊ နနွင်း၊ ဂျင်း စတဲ့ဟာတွေကို အသားနဲ့ ရောနှောပြီးတော့ အိုးထဲရတယ်။ ဒီမှာ မဆလာကတော့ စျေးကနေ အသင့်ဝယ်ထားတဲ့ဟာမဟုတ်ဘူး။ အိမ်မှာပဲ ပြုလုပ်ထားတဲ့ မဆလာဖြစ်တယ်။ ပြီးရင် အဖုံးအုပ်ထားပြီးတော့ နာရီဝက်လောက် မီးခံထားရတယ်။ ဒါကို "ဟောချား"လို့ ခေါ်တယ်။ ဟောချားရတဲ့အချိန်က ဆီနဲ့ရေ ရောသွားတဲ့အချိန်၊ ရေမရှိတော့တဲ့အချိန်လို့ ယေဘုယျအားဖြင့် သတ်မှတ်ရတယ်။ အသားဟင်းတွေဆိုရင် ပိုပြီးတော့ မီးခံထားရတယ်ပေါ့။ ငရုတ်သီးကျတော့ ဆောင်းရာသီမှာ ငရုတ်စိမ်းကြိတ်နဲ့ ထည့်ချက်တာများတယ်။ တခြားရာသီမှာကျတော့ ငရုတ်သီးခြောက်ကြိတ်နဲ့ပေါ့။

အသားတွေကျက်သွားပြီးဆိုရင် အသင့်ပြင်ထားတဲ့ အာလူး၊ ခရမ်းသီး၊ စတဲ့ ဟင်းသီးတွေကို ထည့်ကာ ရေထည့်ပေးရတယ်။ ရေပမာဏကတော့ သားနဲ့ ဟင်းသီးတွေ မပေါ်တပေါ် ဖြစ်အောင်လောက် ထည့်ပေးရတယ်။ ပြီးတော့ ၁၀ မိနစ် ၁၅ မိနစ်လောက် မီးခံထားရတယ်။ ပြီးရင် ဆားပမာဏ စမ်းသပ်ပြီးတော့ လိုအပ်ရင် နဲနဲ ခတ်ပေးရတယ်။ နံနံရွက်တွေကိုလည်း အစိတ်စိတ် ခတ်ထည့်ပေါ့။ ဟင်းမွေးဟင်းနံ့တွေ တစ်အိမ်လုံး ကြိုင်ကြိုင်လာရင်တော့ စားဖို့အဆင်အသင့် ဖြစ်ပြီးပေါ့။

ဂုစ်တောစာလောန်မှာတော့ အသားသက်သက် ချက်တဲ့ပုံစံလဲ ရှိတယ်။ အခု ဖော်ပြတဲ့ဟင်းကတော့ အမြဲလိုလို ရိုဟင်ဂျာတို့ရဲ့အိမ်တွေမှာ ချက်နေကျ ထင်ရှားတဲ့ဟင်း ဖြစ်ပါတယ်။

ထမင်းနဲ့ တို့စားချင်ရင်စား၊ လူရီဖီရားနဲ့ တို့စားချင်ရင်စား၊ ဓုံဖီရားနဲ့ တို့စားချင်ရင်စားပြီးတော့ ရိုဟင်ဂျာ ဂုစ်တောစာ့လောန်ရဲ့ အရသာမြိန်ကြပေါ့ဗျာ။


- ရိုဟင်လေး

Friday, November 13, 2020

Bainyonor Durús (ခရမ်းသီးနှပ်)

Bainyonor Durús (ခရမ်းသီးနှပ်)

ရေးသား- ရိုဟင်လေး

အမျိုးအစား- ရိုဟင်ဂျာ ရိုးရာအစားအစာ |


Bainyonor Durús (ခရမ်းသီးနှပ်) ဟာ ရိုဟင်ဂျာ ရိုးရာအစားအစာ တစ်မျိုးဖြစ်ပါတယ်။ ဘိုက်ယောင်ဒူရုစ် လို့ အသံထွက် Bainyon က ခရမ်းသီး၊ Durus ကတော့ အလုံးလိုက်၊ အကောင်လိုက် အကြော် ဖြစ်ပါတယ်။ ဒီခရမ်းသီးနှပ်ဟာ အရသာ အလွန်ကောင်းပါတယ်။ ခရမ်းသီးကြိုက်တဲ့ လူတွေ အတွက်ဆိုရင် အကြိုက်ဆုံးပါပဲ။

ဒီခရမ်းသီးနှပ်ဟာ မြန်မာပြည်မှာ တခြားလူမျိုးတွေကလည်း သူတို့ စိတ်ကြိုက်ပြုလုပ်ကာ ထမင်းနဲ့တို့ စားကြပါတယ်။ မြန်မာအစားအစာလို့ ဆိုရင်လည် မမှားပါဘူး။ တစ်မြေနေ၊ တစ်ရေသောက် လူမျိုးတွေဖြစ်တာကြောင့် အစားအသောက်များ တူညီကြတာလည်း များပါတယ်။ 

ဘိုက်ယောင်ဒူရုစ် လုပ်ရတာတော့ သိပ် မခက်ပါဘူး။ လိုအပ်တဲ့ ပစ္စည်းတွေက ခရမ်းသီရယ်၊ ငရုတ်ကြိတ်ရယ်၊ အသားခြောက် ဒါမှမဟုတ် ငါးခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီ၊ ဆား၊ စတဲ့ဟာတွေ ဖြစ်တယ်။ 

အသားခြောက် (ဝါ) ငါးခြောက်မှုန့်ကို ငရုတ်ကြိတ်၊ ကြက်သွန်၊ ဆား၊ ဆီတွေနဲ့ သမပြီးတော့ ကြော်ရတယ်။ ငါးခြောက်မှုန့်နဲ့ ပုဇွန်ခြောက်တွေနဲ့ လုပ်ရင် အဲလောက်ကြော်စရာ မလိုပါဘူး။ သမလိုက်ရင် ရတယ်။ ရုတ်ပမာဏတော့ နဲနဲများရတာပေါ့။ အစပ်ကြိုက်တဲ့မိသားစုတွေဆိုရင် ငရုတ်ကောင်းပါ ထည့်တယ်။ အစာ အသင့်ဖြစ်ပြီဆိုရင် နောက်တဆင့် ပြင်ဆင်ရတယ်။

အလုံးကောင်းတဲ့ ခရမ်းသီးတွေကို ရွေးယူပြီးတော့ အပေါ်ပိုင်းချန်၍ အောက်ဘက်ကို လေးခြမ်း ခြမ်းရတယ်။ သတိထားရမှာက အပြီးမဖြတ်ရဘူး။ အစိတ်လေးကြားမှ အသားခြောက်မှုန့်နှဲ့ သပ်ထားတဲ့ အသုပ်ကြော်ကို ထည့်ပေးရတယ်။ ပြီးတော့ ရေအနည်းငယ်နဲ့ မီးသေးသေးမှာ နှပ်ရတယ်။ ခရမ်းသီးပျော့လာပြီဆိုရင် စားဖို့ အသင့်ဖြစ်သွားပြီ။

ဒါနဲ့ မိသားစုဝိုင်းမှာ မြိန်ရေရှက်ရေနဲ့ တို့စားပေါ့။ စားဖူးသူတိုင်း မေ့မှာမဟုတ်ဘူး။ တစ်ခါတည်း အသည်းစွဲသွားမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအစားအစာနဲ့ ပျော်ရွှင်နိုင်ပါစေ။ 





ဆက်လက် အခြား အစားအစာ အကြောင်း ဖော်ပြပါမယ်။

ပုံတွေကို အင်တာနက်နေ ကူးယူထားတာဖြစ်ပါတယ်။ .......



Monday, January 14, 2019

အပိုင်း (၈) ဇာလာဖီရာ့ [Zala Fiçá]



🎂 ဇာလာဖီရာ့ 🎂

✏✏✏✏✏✏✏✏
ရေးသား 📝 ရိုဟင်လေး
အမျိုးအစား 🎍 ရိုဟင်ဂျာ ရိုးရာ အစားအစာ [Rohingya Traditional Foods]

‘ဇာလာဖီရာ့’ မုန့်ကို အာရ်ကာန်ပြည်ရှိ ပြည်သူတိုင်း စားဖူးကြသည်ဟု ယူဆပါသည်။ ဤမုန့်ကား အလွန်ရှေးကျသော ရိုဟင်ဂျာ ရိုးရာမုန့်တစ်မျိုးဖြစ်သည်။ ဇာလာဆိုဝ်လ် ခေါ်သော ပျိုးဆန်ကို အသုံးပြု၍ ပြုလုပ်ရသောကြောင့် ‘ဇာလာဖီရာ’ ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ဇာလာဆိုလ် (ပျိုးဆန်)+ ဖီရာ (မုန့်) ။ Zala Fira Modubát လို့ ရှေးရိုဟင်ဂျာ ဆိုရိုးစကားရှိပါတယ်။ ဇာလာဖီရာ့ကို အချိန်တိုင်းတော့ မရနိုင်ပါ။ 

ရိုဟင်ဂျာတို့၏ မုန့်ကြွယ်ချိန်ဟု ခေါ်ရလောက်အောင် မုန့်ပွဲသဘင်ကျသလို မုန့်လုပ်ကျွေးသည့် ကာလက အခြားမဟုတ် စပါးရိတ်သိမ်းပြီးချိန်ပင် ဖြစ်ပါသည်။ တစ်ရာသီပတ်လုံး ဒုနဲ့ဒေး ပင်ပင်ပန်းပန်း အလုပ်လုပ်ကြပြီး မိသားစု၊ ဆွေမျိုးသဟ တို့နှင့် ပျော်ဖြေချိန်တွင် ရိုဟင်ဂျာတို့ အိမ်တိုင်းအိမ်တိုင်း၌ မုန့်မိုးကြွေကြသည်။ ထိုကာလတွင် မုန့်အမျိုးမျိုး လုပ်ကြသည့်အနက် ဇာလာဖီရာ့ ဆိုသည့် ငှက်ပျောဖက် မုန့်တစ်မျိုးက အတိတ် မုန့်ဓလေ့ကို တမ်းတနေလေသည်။ 

ဇာလာဖီရာ့ က စားရမြိန်ရှက်သကဲ့သို့ လုပ်ရလည်း လွယ်ကှူပေသည်။ သို့ရာတွင် ဇာလာဖီရာ့ အတွက် လိုအပ်သော ပျိုးဆန်ကား ထုတ်ယူရခက်လှပေသည်။ ဇာလာဖီရာ့ လုပ်စားရန် ဆန္ဒရှိသော လယ်သမား ဦးကြီးတို့သည် မိုးဦးကာလကပင် ပြင်ဆင်ကြရသည်။ ဇာလာဖီရာ့၏ အဓိက ပစ္စည်းဖြစ်သော ဇာလာဆိုဝ်လ် [ပျိုးဆန်ကွဲ]ကို မိုးဦး စပါးစိုက်ချိန်၌သာ ရရှိကြသည်။  စပါးစိုက်ပျိုးရန် မျိုးစပါးများကို အညှောက် ထွက်လာအောင် ရေစိမ့်ရသည်။ အညှောက်ထွက်လာသော မျိုးစပါးကို ပျိုးပင်ပေါက်အောင် လယ်ကွက်သို့ မကြဲဘဲ မိမိလိုလားသော စပါးပမာဏကို နေပူလှန်သည်။ ကောင်းကောင်း ခြောက်သွေ့ သွားသောအခါ ဆုံနှင့် ထောင်း၍ ဆန်ဖြစ်စေသည်။ ယင်းကို ဇလာဆိုဝ်လ် ဟုခေါ်သည်။ ကောက်ညှင်းစပါးမှ ရရှိသော ပျိုးဆန်သည် အကောင်းဆုံးဖြစ်သည်။ 

ဇာလာဆိုဝ်လ် ကို မဒူးဘာသ် (ပျားရည်ဆမ်းထမင်း) ပြုလုပ်ရာတွင်လည်းကောင်း၊ ဇာလာဖီရာ (ဖက်ထုပ် ဇာလာမုန့်) ပြုလုပ်ရာတွင် လည်းကောင်း အများဆုံး အသုံးပြုကြသည်။ အခြားမုန့်များ၌လည်း ပေါင်းထည့်ကြလေ့ရှိသည်။ 

ဇာလာဆိုဝ်လ်သည် ခပ်ချိုချိုအရသာရှိပြီး ဆန်ပျော့သဖြင့် တနီတဖြူ ဆန်ကွဲမျိုး ဖြစ်သည်။ ယင်းပျိုးဆန်ကို အစိုဓာတ်မရအောင် လုံလုံခြုံခြုံ သိမ်းထားရသည်။ ဆောင်းရာသီရောက်လျှင် ဇာလာဖီရာ့ မဒူးဘာသ် စားရအောင်ပေါ့…။ 

ဇာလာဖီရာ့ ပြုလုပ်နည်း



လိုအပ်သော ပစ္စည်းများ

၁။ ဇာလာဆိုဝ်လ် အမှုန့်
၂။ ကောက်ညှင်းဆန်မှုန့်
၃။ ထန်းလျက်
၎။ အုန်းသီး
၅။ ငှက်ပျောဖက်
၆။ ရေ
၇။ ဆား

ပျိုးဆန်မှုန့် တစ်ဘူးတွင် ကောက်ညှင်းဆန်မှုန့် တစ်သိုက်ရောနှောကာ ရေပါးပါး လောင်းထည့်ပြီး မီးဖိုတွင်ေ ခတ္တာ အပေါင်ခံရသည်။ အမှုန့်ရောကာ ခပ်စိုစို တစေးစေး ဖြစ်လာသောအခါ လောင်ပန်းတွင် ထည့်ထားပါ။ အအေးခံထားသော  ထန်းလျက်ရည်နှင့် အစိတ်ငယ်ပါးပါး လှီးဖြတ်ထားသော အုန်းသီးများကို  အချို့ကျကျ ထည့်ကာ ကောင်းကောင်း နှယ်ရသည်။ ကြက်ဥ လောက်အလုံး လုံးရသည်။ ပြီးလျှင် ငှက်ပျောဖက်တွင် ချောင်းပြားပြား ဖိ၍ ထုပ်ရသည်။ အသင့်ဖြစ်နေသော မုန့်ကြမ်းကို ပေါင်းအိုးတွင် ထည့်ကာ အဖုံးလုံအောင် ဖုံးလျက် မီးဖိုတွင် တင်ပေးရသည်။ နာရီဝက်လောက်ကြာသော ပေါင်းအိုး အပြင်အနံ့ထွက်လာသည်ကို သိရမည်။ ထိုအခါ မုန့်သည် သုံးဆောင်ရန် အသင့်ဖြစ်သွားပါပြီ။ ဆန္ဒပြည့် ဗိုက်ပြည့် ဝိုင်းစားကြ၊ ဖိတ်ကျွေးကြပေါ့။ 

🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻



Tuesday, June 5, 2018

Rocógula: Rohingya Traditional Foods




ရောချော့ဂူလာ [မလိုင်လုံး]



အစားအစာကို တစ်ခုပြီးတစ်ခု တင်ပေးနေစဉ် ဒီတစ်ခါတော့ နို့ထွက်အစားအစာ တစ်မျိုးအကြောင်း တင်ပြပေးချင်တယ်။ အဲ့ဒါက ရိုတွေရဲ့ မုတ်ဆိတ်ပျားစွဲ ရောချော့ဂူလာ (Rocógula) အကြောင်း ဖြစ်ပါတယ်။ “ရောခ်ျ ” အရည် နဲ့ “ဂူလာ” အသီး တို့ ပေါင်းထားတဲ့ ပေါင်းစပ်နာမ်ဖြစ်တယ်။ အရည်လွှမ်းတဲ့ အသီး လို့ အဓိပ္ပာယ်ရတယ်။ ဗမာလို မလိုင်မုန့်လုံး လို့ ပြန်လိုက်ရင် အနီးစပ်ဆုံး ဖြစ်နိုင်ပါမယ်။ 


ရောချော့ဂူလာ ဟာ နို့ထွက်အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ဗမာ ရေပေါ်မုန့်လုံးနဲ့ ခပ်ဆင်ဆင်တူတယ်။ ဗမာက ဆန်နဲ့ ပြုလုပ်ပြီး ---ကျတော့ နို့နဲ့ လုပ်ကြတာပဲ ကွာတယ်။ လယ်ယာနှင့် ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်သော ----တို့သည် ခိုင်းနွားကျွဲများကို မွေးမြူကြသည်မှာ အားလုံးအသိဖြစ်ပါတယ်။ ကျွဲ နွား ခြံကြီးတွေ ရှိတာပါပဲ။  နွား၊ ကျွဲ ရှိလျှင် နို့တော့ ရိုးနေမှာပဲ။ အဲ့နို့ကို နည်းအမျိုးမျိုးနဲ့ သုံးဆောင်ကြတယ်။ နို့ထွက် --အစားအစာမှာ ထင်ရှားတာက ဓောအီ (Doi) ဖြစ်တယ်။ ဘယ်လူမျိုး ဘယ်ဘာသာဖြစ်ဖြစ် တစ်ခါ စားမိရင် မေ့မှာ မဟုတ်ဘူး။ လူဖြစ်ကျိုးနပ်မယ်လို့ ထင်မိမှာပါ။ အဲ့ဒါကို နောက်ပို့စ် တစ်ခုမှာ တင်ပေးပါမယ်။ 


ရောချော့ဂူလာ ဟာ အသည်းစွဲမုန့်တစ်မျိုးဖြစ်တယ်။ လုပ်ရလွယ်တယ်။ စားရတာလဲ ချိုကဲလွန်တယ်။ မယုံရင် သင်ပေးတဲ့အတိုင်း လုပ်စားကြည့်။ လိုအပ်တဲ့ပစ္စည်းက ရိုးရိုးလေးပဲ။


ပါဝင်ပစ္စည်းများ 

၁။ နို့စိမ်း 
၂။ ရှာလကာရည်/ အချဉ် (သံပရာ ၂ လုံးဆိုရင်တော်ပြီ) 
၃။ သကြား 
၎။ ရေ

ဒီလောက်ပဲ လိုအပ်တာနော်။ 


ပြုလုပ်နည်း


၁။နွားနို့ကို ဆူအောင် တည်ပါ။ ဆူလာတဲ့အခါ ရှာလကာရည် သို့မဟုတ် သံပရာရည်ကို လောင်းထည့်ရ တယ်။ ကောင်းစွာ မွေပြီး ဆက်တည်ပါ။  နို့ဟာ အက်ကွဲ နို့နှစ် မလိုင်နဲ့ ရေကြည် တခြားစီ ဖြစ်သွားတဲ့ အထိ မီးဖိုပေါ် မီးတကျဲကျဲနဲ့ ထားရမယ်။ ရေနဲ့ မလိုင် ခြားသွားပြီ ဆိုရင် မီးပေါ်မှ ချထားပါ။  


၂။ မလိုင်ဖတ်စစ်ရန်အတွက်  ရေစစ်နိုင်တဲ့ သန့်တဲ့ အ၀တ်ပါးတခုကို အိုးလွတ်တစ်ခုပေါ်မှာ တင်ထားပါ။ ထို့ နောက် ကျိုထားသော အရည်များကို အ၀တ်ပေါ်လောင်းချပါ။ အရည်စစ်ပါ။ အေးသွားလျှင် မလိုင်ဖတ်မှ အရည်များကို ဖိညှစ်ချပါ။  ရေတွေမကျန်အောင် အကုန်ညှစ်ထုတ်ပါ။ အဲ့ဒီ နို့အနှစ်ပါတဲ့ အချာထုတ်ကို ဒီအတိုင်းထားပါ။ ရေနွေးအိုးတည်ပါ။ (အရည်များကို မသွန်ပစ်ပါနဲ့ ။ အသုံးဝင်တတ်ပါတယ်။ ဟင်းချက်ရာတွင် ထည့်လျှင် ဟင်းအရသာ စိမ့်စိမ့်လေးဖြစ်စေရန်အတွက် အသုံးပြုလို့ ရပါတယ်။)

၃။ မလိုင်ဖတ်မှ အရည်များကုန်လျှင် မလိုင်ဖတ်များကို ဇလုံတခုထဲထည့်ရ်ျ နူးညံ့လာအောင်လက်ဖြင့် ဖိရ်ျ နယ်ပါ။ ထို့ နောက် လောက်စလုံးအရွယ်အလုံးလေးတွေလုံးထားပါ။ (အကြီးကြီးတွေ မလုံးပါနဲ့ သကြားရည်ထဲ ထည့်ပြုတ်လျှင် ကြီးလာမှာမို့ ပါ။)

၎။ သကြားရည် လုပ်ရန် အတွက် အိုးတခုထဲတွင် ရေနှင့် သကြားကို ထည့်ရ်ျ သကြား အရည်ပျော်လာပြီး ပွက်လာသည်အထိတည်ပါ။   ရေပမာဏကို ကြည့်ပြီး သကြားထည့်ပါ။ ပွက်လာလျှင် သကြားရည် တ၀က်ကိုဖယ်၍ အအေးခံထားပါ။ သတိထားရမှာက အချိုလွန်ကဲရမယ်။ ဒါမှ ကောင်းတဲ့ ရောချော့ဂူလာ ဖြစ်လာမှာပါ။

၅။ အိုးထဲတွင် ကျန်သောသကြားရည်ကို မီးဖိုပေါ်ဆက်တည်ပါ။ လုံးထားသော မလိုင်လုံးများကို သကြားရည်အိုးထဲ ထည့်၍ ၁၀ မိနစ်- ၁၅ မိနစ်ခန့် ထည့်ပြုတ်ပါ။ အဖုံးကို လုံအောင်ဖုံးပါ။(အကြာကြီးပြုတ်လျှင် မလိုင်လုံးများမာသွားတတ်ပါတယ်။) အဖုံးလှန်ကြည့်ပါ။ မလိုင်အသီးတွေ အက်ကွဲမသွားဘူး ဆိုရင် အိုကေပဲ။ ပြန်ဖုံးထား။ နောက် မိနစ် ၂၀ လောက် မီးပေါ်ထား။ ပြီးရင် အအေးခံထားပါ။

၆။ ထို့ နောက်မလိုင်လုံးများကို သကြားရည်အိုးထဲမှ ဆယ်ပြီး အအေးခံထားသော သကြားရည်ထဲကို စိမ်ထားပါ။ သကြားရည် နှင့် မလိုင်လုံးအေးသည်အထိအပြင်မှာထားပြီးအေးသွားလျှင် ပုလင်းအသန့် ထဲထည့် ရေခဲသေတ္တာ အအေးခန်းထဲထည့်ပြီး ၂ ပတ်လောက်ထားလို့ ရပါတယ်။ 

၇။ မလိုင်လုံးချိုချိုကိုသုံးဆောင်နိုင်ပါပြီရှင်။ အိမ်တွင် ရိုအစားအစာ ဖြစ်တဲ့ ရောချော့ဂူလာ ကို ပြုလုပ်ကာ အရသာခံစားကြည့်ပါ။ 


အချိုးအစား
၁။ နွားနို့ - ၂ လီတာ
၂။ ရှာလကာရည် - ထမင်းစားဇွန်း ၁ ဇွန်း
၃။ သကြား - ၃ ခွက်
၎။ ရေ - ၂ ခွက်
(၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml) 

တို့တွင် မလိုင်မုန့်လုံး ၁၅ လုံး - ၁၈ လုံး အထိ ပြုလုပ်နိုင်ပါတယ်။ 








Friday, March 2, 2018

HORÓI FIÇÁ: Rohingya Traditional Food



ရေးသား-     ရိုဟင်လေး

ဟောရွိုင်ရွယ် ဖီရာ့

ဟောရွိုင်ရွယ် ဖီရာ့ [Horói Fiçá] သည် ရိုဟင်ဂျာလူမျိုးရဲ့ သရေစာ မုန့်တစ်မျိုးဖြစ်ပါတယ်။ အစာပြေ သုံးဆောင်ကြတယ်။ မြန်မာလို “ခရုမုန့်” လို့ ဘာသာပြန်လိုက်ရင် သင့်တော်မယ်ထင်တယ်။ ဘာကြောင့်ဆိုတော့ မုန့်ရဲ့ ပုံစံက ခရုပုံစံနဲ့ အတော်နီးစပ်ပါတယ်။ အရသာလဲ ကဲလွန်းပါတယ်။ အခါမရွေး ပြုလုပ် စားသောက်နိုင်ပါတယ်။ အများအားဖြင့် ကောက်ညှင်းစပါး ရိတ်သိမ်းပြီး ပြုလုပ်ကြပါတယ်။ 

READ MORE:


ပြုလုပ်နည်းက လွယ်ပါတယ်။ အချိန်တော့ နည်းနည်းကြာမှာပါ။ အောက်တွင်ဖော်ပြထားတဲ့ ပုံတွေကို အဆင့်ဆင့် လေ့လာလိုက်ရင် လွယ်လွယ်လေးနဲ့ အရသာထူးကဲတဲ့ မုန့်တစ်မျိုးကို စားနိုင်ပါလိမ့်မယ်။ 



လိုအပ်သော ပစ္စည်း
၁။ ကောက်ညှင်းဆန်မှုန့် 
၂။ ဆား 
၃။ အုန်းသီး 
၎။ ဆီ 
ပုံ-၁


ပုံ-၂

ပုံ-၃


ပုံ-၎


ပုံ-၅



ပုံ-၆


ပုံ-၇


ပုံ-၈

ပုံ-၉




Thursday, November 9, 2017

NOLA HAÑZI: A Rohingya Traditional Soup


ရေးသား 📚 ရိုဟင်လေး
အမျိုးအစား 🍜 Rohingya Traditional Foods


💓နောလာ ဟာံဇီ [အရိုးစွပ်ပြုတ်]💓

Arailla farailla Melat bói 
Nola záñrér juwanki loi 
Ek záñráyé soun furaiyé 
Sinír basón hán hán goijjé.
နောလာဟာံဇီ သည် ရိုဟင်ဂျာတွေရဲ့ အစားအစာများအနက် ဂုဏ်တင် အထင်ကြီး၊ ဂါရဝတောစကို ဆောင် တဲ့ ဘောဇဉ်တစ်မျိုး ဖြစ်တယ်။ အများအားဖြင့် ဂုဏ်သရေရှိတဲ့၊ ဂါရဝပြုထိုက်တဲ့ လူကြီးမိဘတွေကို လေးစား ကြည်ညို ဧည့်ခံ ကျွေးမွေးလေ့ရှိတယ်။ မြန်မာလို အရိုးစွပ်ပြုတ်လို့ အဓိပ္ပာယ်ဖွင့်ရင် သင့်တော်ပါ မယ်။ ‘နောလာ’[Nola] ရဲ့ အဓိပ္ပာယ်က ခြေသကျဥ့်/ခြေရိုး၊ ‘ဟာံဇီ’ [Hañzi] က စွပ်ပြုတ်ရည် (သို့) ဟင်းချို ဟု အဓိပ္ပာယ်ရပါတယ်။

ဧည့်ခံပွဲတွေမှာ လူကြီးမိဘတို့ကို လေးစား ဂုဏ်တင်သော အားဖြင့် ဤ စွပ်ပြုတ်ကို ဧည့်ခံရတယ်။ မင်္ဂလာဆောင် ဧည့်ခံပွဲတွေမှာ ဆိုရင် နော်ဟာံဇီ ဟင်းရည်တစ်မျိုးတော့ မဖြစ်မနေ ချက်ပြုတ်လေ့ရှိတယ်။ အဲ့ဒီ ဟင်းလျာပွဲဟာ လူကြီးမင်းတွေကိုပဲ ချပေးတယ်။ ရိုမင်္ဂလာဆောင် ဧည့်ခံပွဲမှာ သွားပြီးတော့ နော်လာ ဟာံဇီ မပေးဘူး ဆိုပြီး မာန်မပါရဘူး။ ထုံးစံအရ ဂုဏ်တိုက်တယ် မထင်လို့ မစားရတာရှိမယ်။ နော်လာနဲ့ တွဲပြီးတော့ နောက်တစ်မျိုးရှိတယ်။ အဲ့ဒါက နို့ချဉ်ပေါ့။ ဒီမှာ နော်လာအကြောင်းဆွေးနွေးနေတော့ နို့ချဉ် အကြောင်းမပြောတော့ပါဘူး။ နောက်ပို့စ်တစ်ခုမှာ တင်ပြပေးပါမယ်။

ကဲ…နောလာ ဟာံဇီ ချက်ပြုတ်ကြရအောင်…

ပါဝင်ပစ္စည်းများ
၁။ အသားကပ်ပါတဲ့ ခြေထောက် အရိုး  /အရိုး 
၂။ ကြက်သွန်ဖြူ 
၃။ ကြက်သွန်နီ 
၎။ ဆီ 
၅။ မဆလာ 
၆။ အချဉ် 
၇။ နှနွင်း 
၈။ ချင်း 
၉။ ငရုတ်ကောင်း 
၁၀။ ရေ
(မှတ်ချက်။                ဆိတ်၊ နွား၊ သမင်၊ ကျွဲ စသည်တို့ရဲ့ ခြေထောက် အရိုးဖြင့် ပြုလုပ်နိုင်ပါတယ်။) 

ချက်ပြုတ်နည်း

ချက်ပြုတ်ရတာက သိပ်လွယ်တယ်။ အချိုးအစားစပ်နည်းကိုတော့ မိမိချက်ပြုတ်မယ့် ပမာဏအလိုက် ချိန် ကိုက် စပ်ရမှာဖြစ်တယ်။  ဦးစွာ ခြေရိုးတွေကို အရွယ်အစား အသင့်အတန်အလိုက် ပိုင်းဖြတ်ရတယ်။ နနွင်း၊ မဆလာ၊ ဆား၊ ချင်း တွေကို သမအောင် သုပ်လိမ်းပေးရတယ်။ အိုးကြီးနဲ့ ထည့်ပြီး အသင့်ဖြစ်နေလျှင် မီးဖိုပေါ်တင်ရတယ်။ အိုးပူလာလျှင် ရေ ထည့်ပေးရတယ်။   ပြီးရင်  တစ်နာရီလောက် ခပ်ကြာကြာ မီးကျဲကျဲ ပေါ် ကျက်အောင်ထားပါ။ ပြီးနောက် အရိုးထဲမှ ဓာတ်တွေ အဆီတွေ ရေနဲ့ ရောသွားပြီးဟု ထင်တဲ့ အခါ ကျန် ပစ္စည်းတွေကို သမအောင် လောင်ထည့်လိုက်ပါ။ နာရီကြာ ကျက်ခဲ့တဲ့အခါ ရေအနည်းငယ် လျော့သွားပါ လိမ့်မယ်။ အဲ့ဒါကြောင့် ရေနည်းနည်း ထည့်ပေးပါ။  ဟင်းအရည်ပမာဏတော့ သိသိသာသာ များရ မယ်။ အိုးအဖုံးကို သေသေချာချာ ဖုံးဖိထားပါ။ အကြာကြီး ကျက်စေရတယ်။ အရိုးမှ ပရိုတင်းဓာတ်တွေ ခြင်ဆီတွေ အရည်နဲ့ ရောညက်သည်အထိ မီးပေါ်တင်ထားရတယ်။ အနံ့အမွှေး ဝေဆာလာရင်ပြီးရော့။ နောလာဟာံဇီ ဟင်းပွဲ အသင့် ဖြစ်နေပြီ။ စားလှည့်ပါရှင်။

ဒုတိယနည်းက အစပ်ချက်တဲ့ နည်းလဲ ဖြစ်တယ်။ ငရုတ်သီး၊ ငရုတ်ကောင်းစေ့တွေ နဲ့ အရည် နည်းနည်း ထည့်ချက်တဲ့ နည်းဖြစ်တယ်။ ရေတော့ မများရဘူး။

🍴နောလာဟာံဇီနှင့် ကိုယ်ခန္ဓာကျန်းမာရေး 🍴

ရိုဟင်ဂျာ အစားအစာတွေဟာ ကျန်းမာရေးနဲ့ လိုက်ဖက်တယ်။ ခန္ဓာကိုယ်အတွက် အလွန်ကိုအကျိုးပြုစေတဲ့ အစားအသောက်မျိုး ဖြစ်နေတယ်။  ရှေး ရိုဟင်ဂျာတွေဟာ ဆေးပညာနဲ့ ရင်းနှီးကျွမ်းဝင်ကြတယ်လို့ သုံးသပ်နိုင်တယ်။ အရိုးစွပ်ပြုတ်ဟာ ကျန်းမာရေးအတွက် အင်မတန် အထောက်အကူပြုတယ်လို့ ဆေး ပညာရှင်တွေက ထောက်ပြနေတယ်။

အရိုးစွပ်ပြုတ်မှာ ကဲလ်ဆီယမ်{Calcium}၊ ပိုစ်ပိုရစ်{Phosphorus}၊ မဂ္ဂနီဆီယမ် {Magnesium} နှင့် အခြား သတ္တုဓာတ် {Minerals} တွေ ကြွယ်ဝတယ်။ 

ဒါ့အပြင် အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ Amino acids arginine ရယ်၊ အာရုံကြော၊ ကိုယ်ခံအား Immune System နဲ့ အစာကြည် စနစ်ကို ပံ့ပိုးတဲ့ Glycine နှင့် အရေပြား ကျန်းမာအောင် ပံ့ပိုးသည့် Proline ဓာတ်တွေလဲပါဝင်ပါတယ်။

Fats၊ Gelatin၊ Collagen ဓာတ်ပြည့်ဝတဲ့အတွက် ခန္ဓာကိုယ်အတွက် ပရိုတင်း ၃၀ ရာခိုင်နှုန်းအထိ ဖြည့်တင်း ပေးနိုင်ပါတယ်။ အန်တီအောက်ဆီးဒင့် ကြွယ်ဝစွာ ပါဝင်ပြီးတော့ Gut ရောဂါကို တားဆီးပေးနိုင် ပါတယ်။
Glucosamine၊ Chondroitin နှင့် Hyaluronic acid တို့ဟာ ခန္ဓာကိုယ်နှင့် အဆစ်ရှိကြွက်သား Tissue များကို အထောက်အကူပြုပေတယ်။

⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡

ဆက်လက် စောင့်မျှော် ဖတ်ရှူပါ………To Be Continued …

Sunday, May 7, 2017

ရိုအစားအစာ [Rohingya Traditional Food]၊ အပိုင်း (၇) ဟောံဆူဟားခ်




ရေးသား    📌 ရိုဟင်လေး 

လူမျိုးစုတစ်မျိုးမှာ ရိုးရာ ယဉ်ကျေးမှု ဓလေ့ ဆိုတာတွေက အရေးကြီးသော ဗဟိုရွှေလယ်တိုင်တစ်တိုင် ဖြစ်ပါ တယ်။ ရိုဟင်ဂျာတို့ရဲ့ ရိုးရာ အစားအစာများထဲမှာ ဟောံစူအာခ်း [Hoñsu Haák] ကို ရိုဟင်ဂျာတို့က စွဲစွဲမြဲမြဲ စားသုံးကြသော အစားအစာတစ်မျိုး ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ‘ဟောံဆူ’က ပိန်းပင်/ ပိန်းဥ ဖြစ်ပြီး အားခ်/ဟားခ်မှာမူ ဟင်းစားရွက် ဖြစ်ပါတယ်။ 

 ဟောံစူဟားခ်သည် အရသာ ထူးကဲတဲ့အပြင် ကျန်းမာရေးနဲ့လဲ ညီညွတ်ပါတယ်။ ခန္ဓာကိုယ်၌ များစွာသော အကျိုးကျေးဇူးတွေပြုပါတယ်။ မျက်စိအား ကောင်းစေပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ဘီ၆ စတဲ့ ဗီတာမင်ဓာတ်တွေ၊ အာဟာရဓာတ်တွေလဲ အင်မတန် ကြွယ်ဝပါတယ်။ ယနေ့ သိပ္ပံဆေးပညာရဲ့ အဆိုအရ ကင်ဆာရောဂါ၊ နှလုံးရောဂါတွေကိုတောင် ကာကွယ်ပေးပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကိုလဲ မြှင့်တင်ပေး ပါတယ်တဲ့။ 

ရိုဟင်ဂျာတို့၏ ခေတ်အစဉ်အဆက်က ပြောလာခဲ့သော ဆိုရိုးစကားအရ ‘ဟော့ဆူဟားခ်က ဆွေမျိုးမေ့ အောင် စားလို့ကောင်းတဲ့’ တင်စားပြီး ပြောပါတယ်။ ‘Hoñsu fatat Faní no bazé’ ဟု မောက်မာ ကြွားဝါးတတ်သူတွေကို ညွှန်းဆို ပြောလေ့ရှိတယ်။ တကယ်တော့ ဟော့စူအာခ်း ချက်ပြီဆိုရင် အများ စားနိုင်အောင် ချက်ကြပါတယ်။ ဘာကြောင့်ဆိုရင် ဆွေမျိုးမေ့အောင် စားလို့ကောင်းတယ်လို့ ဆိုပေမယ့် ဆွေမျိုးများအားလုံးနဲ့ မျှဝေစားသုံးကြပါတယ်။

 ဟော့ဆူအားခ်ကို ‘လောခ္ခီးအားခ်’ [Lokkí Haák] ဟုလည်း အခေါ် ရှိပါတယ်။  လောခ္ခီးအားခ်လို့ ခေါ်တဲ့ ရှေးလူကြီး သူကြီးများရဲ့ ပုံပြင်တစ်ပုံရှိတယ်။ တစ်ချိန်က ရွာတစ်ရွာမှာ ညီမနှစ်ယောက် နေထိုင်ပါတယ်။ တစ်ယောက်က ချမ်းသာကုံလုံပြီး နောက်တစ်ယောက်က ဆင်းရဲမွဲတေပါတယ်။ ညီမငယ်က အစ်မအိမ်၌ အလုပ်လုပ်ပြီး သူ့သားသမီး အသက်မွေးပါတယ်။ အစ်မကြီးက ကပ်စေးနှဲပြီး ခေါင်းပုံဖြတ်တဲ့စိတ်ထားရှိသူ ဖြစ်ပါတယ်။ အလုပ် ပိုပို လုပ်ခိုင်းပြီး ငွေကျတော့ အလုပ်နဲ့အတန် မပေးပါဘူး။ အကြောင်းပြချက် တစ်ခုခုပြပြီး ငွေဖြတ်ကြတယ်။ ညီမကိုတောင် မသနားဘူးတဲ့။ တစ်နေ့တော့ ညီမငယ်က ခါတိုင်းလို အလုပ်လုပ်တယ်။ အလုပ်ရင် လှမ်းခေါ်ကာ “ဒီနေ့ နင် ငါ့ခေါင်းမှ သန်းကောင်တွေ ရှာပေးရမယ်။ သန်းကောင်တွေ ခွက်အပြည့် ရှာပေးနိုင်မှ လုပ်ခရမယ်” လို့ ခွက်ငယ်တစ်ခွက်ပေးပြီး ပြောလိုက်တယ်။ ညီမငယ်လည်း ရွေးစရာမရှိ မရရအောင်ရှာနေတယ်။ သူ့စိတ်ထဲမှာက သူ့သားသမီးတွေအတွက် ဆန်ပဲ တမ်းတနေတာကိုး။  ညီမငယ်ဆင်းရဲလဲ သန်းကောင် ရှာရင်းရှာရင်းနဲ့  မိုးချုပ်သွားပြီ။ သို့သော် ခွက်မပြည့် သေး။ ဘယ်က ပြည့်မှာလဲ ခေါင်းထဲက သန်းကောင်နဲ့ ခွက်ပြည့်နိုင်ပါမလား။ အစ်မကြီးလဲ “နင်က ဘာမှ အသုံးမကျတဲ့ ကောင်မပဲ။ အလုပ်တစ်ခုကိုတောင် ပိုင်ပိုင် မလုပ်နိုင်တတ်ဘူး။ ဒါကြောင့် နင် မွဲပြာကျနေတာ သိလား။ ဒီနေ့ နင့်ကို လုပ်ခမပေးနိုင်ဘူး။ သွားတော့…” ဟု ကြိမ်းမောင်း နှင်ထုတ်လိုက်တယ်။  ညီမငယ်က အလွန်တရာ စိတ်ဆင်းရဲမှုဒဏ် ခံစားရပြီး မျက်တပွေ့ပွေ့နဲ့ အစ်မအိမ်က ထွက်လာတယ်။ လမ်းခရီး တလျှောက် အိမ်ရောက်ရင် သားသမီးတွေကို ဘာကျွေးပြီး ကျေနပ်စေမလဲ လို့စဉ်းစားရင်း ဘုရားသခင်အား လောကဓံတရား အနှုတ်ပြနေတာကို ဘုရားသခင်အား တိုင်တည်တယ်။ မိမိက မုဆိုးမဖြစ်နေခြင်းကို ပြစ်တင်နေရင်း  မိမိအိမ်သို့ရောက်လာလေတယ်။

အိမ်သို့ရောက်ချင်း သားသမီးတွေက အမေကို ရှေ့မှနောက်မှ ဝိုင်းဝန်းဖက်ကာ ခါတိုင်းလို အမေ ယူဆောင် လာသော စားစရာတွေကို ရှာဖွေနေတယ်။ အမေ့ကလဲ မျက်နှာငယ်လျက် “ခဏနေအုံ ချစ်သားတို့။ အမေ ဒီနေ့ မုန့်တစ်မျိုး ပြုလုပ်နည်း သင်လာတယ်။ မင်းတို့ စားကြမှာလား” ဆိုကာ ဓားတစ်လက်နဲ့ အပြင်ထွက်ကာ ခြံဘေးနားရှိ ပိန်းပင်မှ ပိန်းရွက်တွေကို ယူလာတယ်။ ပြီးတော့ ရေတွေ ဘာတွေ ရှိသမျှနဲ့ ပေါင်းထည့်ပြီး ဒယ်အိုးတည်တယ်။ ပိန်းရွက်တွေ ပျော့ပျောင်းကာ အရည်တွေ ခမ်းခြောက်လာတဲ့အခါ ဟင်းမွှေးနံ့တွေ ထွက်လာတယ်။ ဒယ်အဖုံးလှန်ကြည့်တော့ အမေက အသံတိတ်လုမတတ် အံ့ဩသွားတယ်။ ဒယ်ထဲကနေ ရွှေရောင် တတောက်တောက် လင်းနေတယ်။ အထဲမှာ ပိန်းရွက်တွေ မရှိတော့ဘူး။ ရွှေတုံးကြီး ဖြစ်သွားတယ်တဲ့။ ရွှေတုံးကနေ ရွှေအနည်းငယ်ရောင်းကာ သားသမီးတွေအတွက် စားစရာတွေ ယူလာ တယ်တဲ့။ မုဆိုးမက ထိုဟင်းကို “လောခ္ခီးဟားခ်” လို့ အမည်တွင်လေတယ်။ အဓိပ္ပာယ်ကတော့ ဥစ္စာဓန တိုးပွားစေသော ဟင်းရွက် ဖြစ်တယ်။ ပြီးနောက် မုဆိုးမလဲ ဆင်းရဲဘဝမှ လွတ်မြောက်ပြီး ချမ်းသာ သွားလေတယ်။” လို့ ပါးစပ် ရာဇဝင်လဲ ရှိပါတယ်။

ပိန်းရွက်

🔥ပါဝင်ပစ္စည်းများ 🔥

၁။  ပိန်းရွက်   [Hoñsu Fata] 
၂။  ရေ          [Faní] 
၃။  ဆား        [Nun] 
၎။  ငရုတ်      [Moris] 
၅။  အချဉ်      [Horó] 
၆။  မဆလ    [Mosálla] 
၇။  ချင်း         [Ada] 
၈။  နံနံပင်     [Bor Fata] 
၉။  ကြက်သွန်ဖြူ [Ruon] 
၁၀။ လုံပင်   [Lum Fata]

🔥ချက်ပြုတ်နည်း🔥


ပိန်းရွက်သုပ် ချက်တာကို ရိုစကားမှာတော့ Hoñsu Hák Gáñré လို့ ခေါ်ပါတယ်။ ချက်ပြုတ်နည်းက လွယ်ပါတယ်။ ဖော်ပြထားတဲ့ ပစ္စည်းတွေကို အသင့်ပြင်ဆင်ထားရမယ်။ ပေါင်းထည့်ရမယ့် ပမာဏကတော့ ပြုလုပ်မယ့် ပမာဏပေါ်မူတည်ပါတယ်။ အချိုးအစားညီညီထည့်ပေါ့။ 

အစတွင် ပိန်းရွက်နှင့် ရေထည့်ကာ ဒယ်အိုးနဲ့ ကျက်စေရတယ်။ အရွက်တွေ ပျော့ပျောင်းလာသောအခါ အသင့်ပြင်ထားသော ပစ္စည်းတွေကို အချိုးအစား သင့်ညီအောင်ထည့်ရပါမယ်။ ပြီးရင် ယောက်မဖြင့် ပစ္စည်း အားလုံး ရောနှောသမ သွားအောင် မွှေပေးရပါတယ်။ ပြီးရင် အဖုံးဖုံးအုပ်ပြီးထားလျက် အတန်ကြာရင် အနံ့မွှေးက တစ်အိမ်လုံး ပျံ့နှံ့သွားမှာပါ။ အနံ့မွှေးက စားချင်စိတ်ကို နိုးထပေးမှာလေ။ ပန်းကန်တောင် ဆေးကြောစရာ မလိုအောင် လျက်မှာပဲ။

မိမိအိမ်တွင် ရိုအစားအစာ ဆေးဖက်ဝင်၊ အာဟာရကြွယ်ဝတဲ့ ဟောံဆူဟားခ် ကို ပြုလုပ်ပြီး ကဲလွန်သော အရသာကို မြိန်ရှက်ကြရအောင်……။


🔥ပိန်းရွက်သုပ် တစ်ခွက် (၁၄၅ ဂရမ်)တွင် ပါဝင်သော အာဟာရဓာတ် [ဆားမပါ]🔥

Calories 35                        Calories from fat 5% Daily Value 
Total carbohydrate           5.8g 2% 
Dietary fiber                        2.9g 12% 
Total fat                                0.6g 1% 
Omega-3 fatty acids         74mg  
Omega-6 fatty acids        170mg  
Protein                                      4g 8% 
Vitamin A                        6145 IU 123% 
Vitamin C                          51.5mg 86% 
Thiamin (vitamin B1)      0.2mg 13% 
Ribovlavin (vitamin B2) 0.6mg 32% 
Niacin (vitamin B3)         1.8mg 9% 
Vitamin B6                         0.1mg 5% 
Folate                                  70mcg 17% 
Calcium                              125mg 12% 
Iron                                      1.7mg 10% 
Magnesium                         29mg 7% 
phosphorus                      39.2mg 4% 
sodium                                 3mg  
zinc                                      0.3mg 2%
copper                                0.2mg 10% 
manganese                        0.5mg 27%
cholesterol                          0mg         0%
📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍

ကိုးကား ⏩A.Khaleque Facebook Account

            ⏩ http://drhealthbenefits.com/herbal/leaves/taro-leaves-benefits

Monday, March 20, 2017

အပိုင်း(၆)၊ ဘော်လဖီရာ့ (မုန့်လက်ဆောင်း)

(ပံု-၁)  ဘော်လဖီရာ့

     ရေးသား     📜  ရိုဟင်လေး     
            အမျိုးအစား 📢  ရိုဟင်ဂျာရိုးရာ အစားအစာ

[နွေရာသီလဲ ရောက်ကပြီ၊ နေပူပြင်းပြင်းမှာ ကိုယ့်စိတ်ထဲ ပေါလောပေါ် အတွက်ပေါ်ပေးတဲ့ ဘော်လဖီရာ့ အကြောင်းကို မျှဝေလိုက်ပါတယ်]


ဘော်လ ဖီရာ့ [မုန့်လက်ဆောင်း] 


ဘော်လဖီရာ့ [Bolá Fiçá]သည် နွေရာသီတွင် စားသောက်သော ရာသီအစားအစာ [Seasonal Food] တစ်မျိုးဖြစ်သည်။ မုန့်သရေစာ အဖြစ် သုံးဆောင်ကြသည်။ နေပူကျဲကျဲတွင် အအေးဓာတ် ခံစားနိုင်ရန် စားသောက်သော မုန့်ဖြစ်သောကြောင့် သားန္ဒာ ဖီရာ့ [Tándha Fiçá] (သားန္ဒာ = အေးချမ်းသော၊ အအေး၊ ဖီရာ့ = မုန့်) ဟုလည်း တစ်ချို့က ခေါ်ကြသည်။ လူငယ်တို့၏ အသည်းစွဲ မုန့်တစ်မျိုးလည်း ဖြစ်သည်။ ဤမုန့်ကို ရိုဟင်ဂျာလူမျိုးသာမက မြန်မာနိုင်ငံ အနှံ့အပြားတွင် လူမျိုးအသီးသီးတို့က သုံးဆောင်ကြသည်ကိုလည်း တွေ့ရသည်။ မြန်မာလို မုန့်လက်ဆောင်း ဟုခေါ်ကြသည်။ တန်ခူးလ သင်္ကြန်ပွဲတော်တွင် အများအပြားသုံးစွဲကြသည်။ နွေရာသီတွင် လမ်းခွဆုံ၊ ဈေး၊ ရွာ၊ လမ်းစသည်တို့၌  မုန့်သည်များက ရောင်းချကြသည်ကို တွေ့ရပါမည်။

ပါဝင်ပစ္စည်းများ

၁။ ဆန်မှုန့်          [Soilor Guri]
၂။ ထန်းလျက်     [Tháiñya]
၃။ အုန်းသီး        [Najjol]
၄။ ဆား            [Nun]
၅။ နွားနို့/နို့ချဉ်    [Dud/Doi]


ပြုလုပ်နည်း

မီးဖိုပေါ် ရေအချိုးအစားထည့်ပြီး ဆူပွက်စေရသည်။ ရေဆူလာသောအခါ ဆန်မှုန့်ကို အနည်းငယ်စီ လောင်းထည့်ပြီး မွှေရသည်။ ဆန်မှုန့်ပျော့ပျောင်းလာသောအခါ မီးဖိုမှ ပြန်ဘေးချပြီး အအေးခံထားရသည်။ ပြီးလျှင် အပေါက်ပါသော ဇကာဗန်းတစ်ခုတွင် အနည်းငယ်စီလောင်းထည့်ကာ မုန့်နှစ်ကို ယောင်းမ သို့မဟုတ် အခြား ပြားပြားလေးတစ်ခုခုဖြင့် ဖိချပေးရသည်။   အထက်က ဖိညှပ်လျှင် ဇကာအောက်တွင် ခံထားသော ရေအေး ထည့်ထားသော ဇလုံကြီးတွင် အစိတ်ငယ်အမျှင်ကြီး(ပုံ-၂) ပုံသဏ္ဌာန်အဖြစ် ထွက်ကျလာသည်။ ဤအခါ မုန့်ဖတ် အသင့်ဖြစ်သွားသည်။ 

(ပံု-၂)  ဘော်လဖီရာ့ အဖတ်

ထို့နောက် ထန်းလျက်ပမာဏကို ဒယ်အိုးထဲ ရေအနည်းငယ်ထည့်ပြီး မီးပြင်းပြင်းဖြင့်  အရည်ကျိုပေးပြီး မပျစ်မကျဲ အနေအထား ရောက်လျှင် ဆား ပြက်သိကာထည့်ကာ အအေးခံထားရသည်။ ယင်းထန်းလျက်ရည်ကို ရာပ် [Rab]ဟု ခေါ်သည်။ ပြီးနောက် အုန်းသီးများကိုလည်း ခြစ်ထားရသည်။

လိုအပ်သောပစ္စည်းအားလုံး အသင့်ဖြစ်ပြီးလျှင် ခွက်ထဲ ဘော်လဖီရာ့ဖတ် တစ်ဝက်ထည့်ပြီး ထန်းလျက်ရည်နှင့် နို့ သို့မဟုတ် နို့ချဉ်လောင်းထည့်သည်။ အပေါ်ဘက်မျက်နှာ ဖြူဖွေးအောင် အုန်းခြစ်ကြဲထည့်၍ ပြင်ရသည်။ တစ်ခါတလေ ထန်းလျက်ရည်နှင့် နွားနို့အစား အုန်းနို့နှင့်လည်း ပြုလုပ်ကြသည်။ 

အသင့်ဖြစ်ပြီးဆိုလျှင် စိတ်တိုင်းကြိုက် သုံးဆောင်နိုင်ပါသည်။ ပီတိဖြင့် သုံးဆောင်၍ ပူပြင်းလှသော နွေဦးကိုပင် ပြန်ကျေးဇူးထင်လိမ့်မည်။  



ဘော်လဖီရာ့သည် အရသာချိုမြိန်သည်သာမက ရာသီနှင့်လိုက်ဖက်လှ၍ ကိုယ်စိတ်ကို အေးမြစေသည်။ ယခုခေတ်တွင် ရေခဲတုံးများ၊ ရေခဲမှုန့်များ မြို့တောရွာမရွေး ရရှိသဖြင့် ဤမုန့်၏အရသာမှာ ပို၍ ထူးကဲလာလေသည်။ ယခင်ကလို အအေးခံရန် ဒုက္ခခံပြီး နည်းအမျိုးမျိုးကို အသုံးပြုရန် မလိုတော့ချေ။ ရေခဲမုန့် ထည့်ရုံသာနှင့် အေးမြသော ဘော်လဖီရာ့ကို သုံးဆောင်နိုင်ကြသည်။ နွေကျက်သရေ ဖြစ်သောဘော်လဖီရာ့ကို လွယ်လွယ်လေး မြိန်လေတော့။ ရပ်ဝေးနယ်ခြားရောက် မြန်မာပြည်သူပြည်သားတို့သည်  နွေရာသီရောက်လျှင် ဘော်လဖီရာ့ကို မလွမ်းဘဲ မနေနိုင်ဖြစ်မည်သာ။ ဤတစ်ခါလောက် ကိုယ်တိုင်းပြုလုပ်၍ သုံးဆောင်ကာ အလွမ်းတရားကို ဖြေဆည်ကြပါလော့။ 

🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹🍹