Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts

Wednesday, May 27, 2026

မြန်မာ့ကျောင်းဝတ်စုံ “အဖြူအစိမ်း” နောက်ကွယ်က လူသိနည်းတဲ့ သမိုင်း


မြန်မာ့ကျောင်းဝတ်စုံ “အဖြူအစိမ်း” နောက်ကွယ်က လူသိနည်းတဲ့ သမိုင်း


မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတိုင်း ရင်းနှီးကျွမ်းဝင်နေတဲ့ “အဖြူအစိမ်း” ကျောင်းဝတ်စုံဟာ ရှေးယခင်ကတည်းက ရှိခဲ့တဲ့ အစဉ်အလာတစ်ခုလို့ လူအများ ထင်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် အမှန်တကယ်တော့ ဒီဝတ်စုံဟာ ယနေ့ခေတ်မှာ လူအများထင်သလို ရာစုနှစ်များစွာ သက်တမ်းရှိခဲ့တာ မဟုတ်ဘဲ ၁၉၆၆ ခုနှစ်နောက်ပိုင်းမှ တစ်နိုင်ငံလုံးအတွက် စံသတ်မှတ်ခဲ့တဲ့ ဝတ်စုံတစ်ခု ဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံမှာ ကျောင်းတိုင်းဟာ ကိုယ်ပိုင်ဝတ်စုံတွေ အသီးသီး ရှိခဲ့ကြပါတယ်။ အမျိုးသားကျောင်းများ၊ သာသနာပြုကျောင်းများ၊ အင်္ဂလိပ်ကျောင်းများနဲ့ ပုဂ္ဂလိကကျောင်းများဟာ ကိုယ်ပိုင်အရောင်၊ ကိုယ်ပိုင်ဒီဇိုင်းတွေကို အသုံးပြုခဲ့ကြပြီး ယနေ့လို တစ်နိုင်ငံလုံး တူညီတဲ့ ကျောင်းဝတ်စုံမျိုး မရှိခဲ့ပါဘူး။

စိတ်ဝင်စားဖို့ကောင်းတာက လက်ရှိအသုံးပြုနေတဲ့ အဖြူအစိမ်းဝတ်စုံဟာ အစိုးရက အသစ်ဖန်တီးခဲ့တဲ့ ဒီဇိုင်းတစ်ခု မဟုတ်ပါဘူး။ ရန်ကုန်မြို့ရှိ မြို့မအမျိုးသားကျောင်း (Myoma Co-Educational National High School) ရဲ့ ကျောင်းဝတ်စုံပုံစံကို အခြေခံပြီး တစ်နိုင်ငံလုံးအတွက် စံသတ်မှတ်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

၁၉၆၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ အစိုးရက အဖြူအစိမ်းကျောင်းဝတ်စုံကို တရားဝင် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီအချိန်က ပညာရေးစနစ်ကို တစ်နိုင်ငံလုံး တူညီစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ကျောင်းဝတ်စုံ တစ်မျိုးတည်း အသုံးပြုရေးဟာလည်း အဲဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

မြန်မာ့ကျောင်းဝတ်စုံရဲ့ ထူးခြားချက်တစ်ခုကတော့ ကျောင်းသား၊ ကျောင်းသူများသာမက ဆရာ၊ ဆရာမများပါ အဖြူအစိမ်းပုံစံကို ဆက်လက်ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။ နိုင်ငံအများစုမှာ ဆရာ၊ ဆရာမတွေက သီးသန့်အလုပ်ဝတ်စုံတွေ ဝတ်ဆင်လေ့ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ ကျောင်းသားတွေနဲ့ ဆင်တူတဲ့ ပုံစံကို အသုံးပြုကြတာ တွေ့ရပါတယ်။

ထို့အပြင် အထက်တန်းအဆင့်ရောက်လာတဲ့အခါ ယောကျ်ားလေးတွေ ပုဆိုး၊ မိန်းကလေးတွေ ထမီဝတ်ဆင်ရတာဟာလည်း မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ပညာရေးယဉ်ကျေးမှုတစ်ရပ် ဖြစ်ပါတယ်။ ကျောင်းဝတ်စုံကနေတစ်ဆင့် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုကို ထိန်းသိမ်းပေးနေတဲ့ သဘောလည်း ရှိနေပါတယ်။

ဒီနေ့ခေတ်မှာ အဖြူအစိမ်းဝတ်စုံဟာ ကျောင်းဝတ်စုံတစ်ခုထက် ပိုတဲ့ အဓိပ္ပာယ်ကို ရရှိနေပါပြီ။ ဆယ်စုနှစ် ၆ ခုကျော်ကြာ အသုံးပြုလာခဲ့တာကြောင့် “အဖြူအစိမ်း” ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ မြန်မာကျောင်းသားဘဝ၊ သူငယ်ချင်းတွေ၊ စာသင်ခန်းတွေ၊ ကျောင်းအမှတ်တရတွေကို ပြေးမြင်မိကြပါတယ်။ ရုပ်ရှင်တွေ၊ ဝတ္ထုတွေ၊ သီချင်းတွေထဲမှာလည်း အဖြူအစိမ်းဟာ မြန်မာကျောင်းသားဘဝရဲ့ သင်္ကေတတစ်ခုလို ဖြစ်လာခဲ့ပါတယ်။

စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ ၁၉၃၆ ကျောင်းသားသပိတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေအတွင်း ပါဝင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ယနေ့မြင်တွေ့ရတဲ့ အဖြူအစိမ်းဝတ်စုံကို မဝတ်ခဲ့ကြပါဘူး။ သူတို့ခေတ်တုန်းက ကျောင်းအသီးသီးရဲ့ ကိုယ်ပိုင်ဝတ်စုံတွေကိုသာ ဝတ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် လူအများထင်ထားသလို အဖြူအစိမ်းကျောင်းဝတ်စုံဟာ ရှေးဟောင်းအစဉ်အလာတစ်ခု မဟုတ်ဘဲ ၁၉၆၆ ခုနှစ်နောက်ပိုင်းမှ စတင်ပေါ်ပေါက်လာခဲ့တဲ့ ပညာရေးစနစ်ရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး ယနေ့အချိန်မှာတော့ မြန်မာကျောင်းသားဘဝကို ကိုယ်စားပြုတဲ့ ယဉ်ကျေးမှုအမှတ်အသားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။
"အဖြူအစိမ်း" ကျောင်းဝတ်စုံဟာ သာမန်အဝတ်အစားတစ်စုံ မဟုတ်ပါဘူး။

၁၉၆၆ ခုနှစ်ကတည်းက မြန်မာကျောင်းသားဘဝကို ကိုယ်စားပြုလာတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။ ၁၉၃၆ ကျောင်းသားသပိတ်က ကျောင်းသားတွေတောင် ဒီဝတ်စုံကို မဝတ်ခဲ့ရပေမယ့် ဒီနေ့ခေတ်မှာတော့ အဖြူအစိမ်းဟာ မြန်မာပညာရေးရဲ့ အမှတ်အသားတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် အခုခေတ် TikTok ပေါ်မှာ ကျောင်းဝတ်စုံဝတ်ပြီး မသင့်လျော်တဲ့ အကတွေ၊ အပြုအမူတွေနဲ့ Content တွေ ရိုက်ကူးတင်နေတာတွေကို မြင်ရတဲ့အခါ စိတ်မကောင်းဖြစ်မိပါတယ်။

ပြဿနာက အကကတာ မဟုတ်ပါဘူး။ ဘယ်လိုအကြောင်းအရာနဲ့ တင်ဆက်သလဲဆိုတာ ဖြစ်ပါတယ်။

ကျောင်းဝတ်စုံဆိုတာ ကိုယ့်တစ်ယောက်တည်းကို ကိုယ်စားပြုတာ မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူအားလုံးနဲ့ ပညာရေးဂုဏ်သိက္ခာကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။

လွတ်လပ်မှုရှိသလို တာဝန်ယူမှုလည်း ရှိဖို့လိုပါတယ်။ Trend တစ်ခုအတွက် ခဏတာ View ရနိုင်ပေမယ့် သမိုင်းရှိတဲ့ သင်္ကေတတစ်ခုရဲ့ တန်ဖိုးကိုတော့ မလျော့သင့်ပါဘူး။

အဖြူအစိမ်းဟာ Fashion မဟုတ်ဘူး။ မြန်မာကျောင်းသားဘဝရဲ့ သမိုင်းတစ်စိတ်တစ်ပိုင်း ဖြစ်တယ်။

#မြန်မာ့ကျောင်းသား #ကျောင်းဝတ်စုံ #အမျိုးသားစည်းကမ်းအစစာသင်ကျောင်းက 

(Credit to Original Writer)



Monday, April 14, 2025

လူမျိုး ၁၀၁ ပါး



 လူမျိုး ၁၀၁ ပါး

ဆရာခင်ဗျား နံပါတ် ၄ လူမျိုးက ဘာလူမျိုးလဲ၊ ကမ်းယံကရော ယနေ့ဘာလူမျိုးလဲ ပျောက်ကွယ်သွားပြီလား။ ရှာဖတ်ရပါဦးမယ်။

(၁)
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း ဒုတိယပိုင်း
၁။ ဗြဟ္မာသက် - မြန်မာသက် - မြန်မာကြီး - မြန်မာ - မြန်မာ
၂။ ရခိုင် - ရခိုင် - မြန်မာငယ် - ရခိုင် - ရခိုင်
၃။ ထားဝယ် - ထားဝယ် - ထားဝယ် - ထားဝယ်
၄။ ပြရယ် - ပြော့ - ပရယ် - မြုံ - ဘရသ်
၅။ တောင်သူ - တောင်သူ - တောင်သူ - တောင်သူ
၆။ မြုံသက် - ပြူသက် - ပြူ - ပြော့
၇။ ကမ်းယံ - ကမ်းယံ  - ကမ်းယံ  - ကမ်းယံ
မြန်မာကြီးဆိုသည်ကား ရခိုင်။
မြန်မာငယ်ဆိုသည်ကား ပြူ။
သက်မျိုး ၃ စားကွဲပြားသည်။
ကူးရေတာ လွဲနေပါက ကျွန်တော့တာဝန်သာဖြစ်ပါသည်။

(၂)
(ဝီကီပီးဒီးယား မှ)
မြန်မာ ၇-မျိုး
ကမ်းယံ
တောင်သူ (တောင်သား)
ထားဝယ်
ပြော့
ဘရသီ
မြန်မာ
ရခိုင်တို့ ဖြစ်ကြသည်။


(၃)
လူမျိုး ၁၀၁ ပါး (lumyochit)
မြန်မသတ္တ (၇)၊ မွန်လေးဝ (၄)၊ ရှမ်းသုံးဆယ် (၃၀)၊ခြောက်ဆယ်ကုလား (၆၀) လူမျိုးတရာ့တပါး။

မြန်မာ(၇)မျိုး
၁။ မြန်မာ၊ ၂။ ရခိုင်၊ ၃။ ပရယ်၊ ၄။ တောင်သူ၊ ၅။ ပြူ (ပျူ)၊ ၆။ ကမ်းယံ၊ ၇။ ယောတမျိုး။

(၄)
လူမျိုး ၁၀၁ ပါး (ပုဂံမူ) လည်း ရှိသေးတယ်။

(၅)
ကမ်းယံလူမျိုး

အာရှတိုက် အလယ်ပိုင်းတွင် နေထိုင်ကြသော မွန်ဂိုလူမျိုးတို့သည် မိမိတို့ဒေသ၌ အစာရေစာ ရှားပါးသဖြင့် ရှေးနှစ်ပေါင်းများစွာကပင် တောင်ဘက်သို့ တသုတ်ပြီးတသုတ် ပြောင်းရွှေ့လာကြရာ မြန်မာနိုင်ငံသို့ ရှေးဦးစွာ ဝင်လာသူများမှာ တိဘက်-မြန်မာလူမျိုးများ ဖြစ်ကြသည်။

သူတို့သည် အရှေ့ဘက်လမ်း၊ အနောက်ဘက်လမ်းဟူ၍ လမ်းနှစ်သွယ်ဖြင့် ဝင်ရောက်လာကြသည်။ အရှေ့ဘက်လမ်းဖြင့် ဝင်ရောက်လာသူသည် မဲခေါင်မြစ်ကြောင်း၊ သံလွင်မြစ်ကြောင်း တို့ဖြင့် ဝင်ရောက်လာကြသည်။ အနောက်ဘက်လမ်းဖြင့် ဝင်ရောက်လာသူတို့အနက် အချို့မှာ ဒီဟောင်းခေါ် ဗြဟ္မပုတ္တရမြစ်ဝှမ်းအတိုင်း ဆင်းလာကြပြီးလျှင် အာသံနယ်၌ မြို့ပြ တည်ထောင်နေထိုင်ကြသည်။ အချို့မှာ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်းတို့ဖြင့် ဝင်ရောက်လာကြသည်။ ဤသို့ဖြင့် သူတို့သည် ဗြဟ္မပုတ္တရမြစ်နှင့် ဧရာဝတီမြစ်များအကြားရှိ ရေဝေကုန်းတန်းကြီးတွင် မှီတင်းနေထိုင်လာကြရာ နောင်ကာလ ကြာမြင့်သော် တောင်ဘက်သို့ ပြန့်နှံ့လျက် နေထိုင်ကြလေသည်။

တိဘက်-မြန်မာတို့သည် မြန်မာနိုင်ငံတွင်းသို့ ရောက်လာသောအခါ ပျူ၊ ကမ်းယံ၊ သက်ဟူ၍ အမျိုးသုံးစား ကွဲပြားခဲ့သည်။ ဧရာဝတီမြစ်ကမ်းတလျှောက်တွင် ပျူတို့မြို့ပြ တည်ထောင်နေထိုင်ကြသည်။ အနောက်ရိုးမတလျှောက်ဖြစ်သော တောင်ကုန်းဒေသများတွင် နေထိုင်သူများကို သက်ဟု ခေါ်တွင်သည်။ အနောက်ရိုးမ၏ တောင်ဘက်စွန်းဖြစ်သော ရခိုင်ရိုးမနှင့် ဘင်္ဂလားအော်အကြားရှိ ပင်လယ်ကမ်းခြေ အရပ်ဒေသတွင် နေထိုင်ကြသူများကို ကမ်းယံဟု ခေါ်ကြသည်။ ကာလကြာမြင့်သော် ပျူတို့သည် ကွယ်ပျောက်၍ မြန်မာအစု တွင် ပါဝင်လာကြသည်ဟု ဆိုသည်။ သက်နှင့် ကမ်းယံ များကိုမူ ချင်း၊ ရခိုင်အစုများတွင် ထည့်သွင်းရေတွက်ကြလေသည်။

ကမ်းယံတို့ မှီတင်းနေထိုင်ရာဒေသမှာ သံတွဲမှစ၍ တောင်စဉ်ခုနစ်ခရိုင်ဖြစ်ကြောင်း၊ သရေခေတ္တရာတွင် ပျူတို့ ကောင်းစားစဉ် ရခိုင်ပြည်တောင်ပိုင်းတွင် ကမ်းယံတို့ရှိခဲ့ကြောင်း ယင်းတို့မှာ ဗုဒ္ဓဝါဒီများဖြစ်ကြောင်း သိရသည်။

ကိုးကား မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)

ဒေါက်တာတင့်ဆွေ



Monday, June 19, 2023

ကိုလိုနီခေတ် ပညာရေးစနစ်နှင့် အာရကန် မဟာမေဒင် အူရဒူကျောင်း ပေါ်ပေါက်လာခြင်း


ကိုလိုနီခေတ် ပညာရေးစနစ်နှင့် အာရကန် မဟာမေဒင် အူရဒူကျောင်း


ကိုနီခေတ်မတိုင်မီ အာရကန်ပြည်တွင် မက်သပ်ကျောင်းပညာရေး (Maktab Education)နှင့် ဘုန်းကြီးကျောင်းပညာရေး (Monastic Education) ထွန်းကားလျက်ရှိခဲ့တယ်။ မက်သပ်ကျောင်းပညာရေးမှာကျတော့ ဟဖိဇ်ခါနာ၊ အခြေခံသာသနာ့ပညာတွေ အကျုံးဝင်တယ်ပေါ့။ အဆင့်မြင့်ဘာသာရေးပညာသင်ကြားတဲ့ ကျောင်းတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ လက်ချိုးရေတွက်လောက်အောင်ပေါ့။ ဒီစာသင်ကျောင်းတွေမှာ ဘာသာရေးကိုအခြေခံတဲ့စာတွေ၊ လောကနီတိလောက်ပဲ သင်ကြားပေးတာဖြစ်တယ်။ လောကဓာတ်ဆိုင်ရာ ဘာသာရပ်တွေ မရှိခဲ့ဘူး။ 

မဟာမေဒင်ကျောင်းအကြောင်း မပြောမီ ဦးစွာ အနောက်တိုင်းပညာရေးစနစ် ဗမာပြည်မှာ ဘယ်လို မိတ်ဆက်လာခဲ့သလဲဆိုတာ အကျဉ်းမျှပြောပါရစေ။ ၁၈၂၄ ခုတွင် အာရကန်ပြည်နှင့် တနင်္သာရီကို အင်္ဂလိပ်တွေက ကျူးကျော်သိမ်းပိုက်ခဲ့တယ်။ သူတို့က အုပ်ချုပ်ရေး၊ အာဏာတည်မြဲရေး၊ ဥပဒေစိုးမိုးရေးတွေ ခိုင်မြဲလာအောင် အစီအစဉ်တကျ အဆင့်ဆင့် လုပ်လာကြတာပေါ့။ ၁၈၆၈ ခုနှစ်တွင် ဗမာပြည်ဆိုင်ရာ မဟာမင်းကြီး ဆာ့အာသာပီးယား (Sir Arthur Phayre) က အိန္ဒိယဗဟိုအစိုးရရဲ့ ညွှန်ကြားချက်အရ မြန်မာ့ပညာရေးစနစ်နဲ့ပတ်သက်ပြီးတော့ အစီရင်ခံစာတစ်ခု ပြုစုခဲ့တယ်။ သူက ဒေသန္တရပညာရေးစနစ်တွေနဲ့ ယှဉ်တွဲပြီးတော့ အနောက်တိုင်းပညာရေးစနစ်ကို သင်ကြားစေချင်ခဲ့တယ်။ ဒီဒေသတွေရှိ ရှေးရိုးစဉ်လာ ပညာရေးစနစ်တွေဟာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူတယ်လို့ သူမမြင်ဘူး။ ဒါနဲ့ ၁၈၆၄-၁၈၆၅ ခုမှာ အချက် ၅ ချက်ပါတဲ့ ပညာရေးမူဝါဒတစ်ခုကို ချမှတ်အတည်ပြုခဲ့တယ်။ 

၁။ အခြေခံမူလတန်းပညာရေးဟာ လူထုကြားတွင် ပျံ့နှံ့စေရေးအတွက် ဒေသန္တရတိုင်းရင်းဘာသာစကားကို သင်ကြားရေးကြားခံအဖြစ်အသုံးပြုရန်၊

၂။ မူလတန်းပညာရေး သင်ရိုးညွှန်းတမ်းတွင် ဖတ်ခြင်းနှင့် ရေးခြင်းအပြင် အခြေခံဂဏန်းသင်္ချာ၊ မြေတိုင်းတာခြင်း၊ ပထဝီဝင်၊ နက္ခတ္တဗေဒနှင့် ကမ္ဘာ့သမိုင်းအကျဉ်းများပါဝင်ရန်၊

၃။ ပညာရေးစနစ်သစ် သင်ကြားရန် ယခင်ကျောင်းများကို အသုံးပြုရန်၊

၄။ ယင်းကဲ့သို့ ဘာသာရပ်များကိုသင်ကြားရန်အတွက် ဘုန်းကြီးများကို မိတ်ဆင်ပေးရန်အလို့ငှာ

(က) သူတို့အား မြန်မာဘာသာစာအုပ်များဖြင့် ပံ့ပိုးရန်

(ခ) အရည်အချင်းပြည့်မီသော မြန်မာစာပြဆရာများ ခန့်အပ်ကာ သင်ကြားမှုကို ရံဖန်ရံခါ ကြီးကြပ်ကြည့်ရှူရန်

၅။ တစ်လလျှင် ရူပီး ၃၉ ဖြင့် မြန်မာစာပြဆရာလေးဦးလျှင် ဒါရိုက်တာတစ်ဦး ခန့်အပ်ရန် 

စတဲ့ အချက် ၅ ချက်ပါဝင်ခဲ့တယ်။

ဆာ့အာသာပီယားရဲ့ မူဝါဒက ဒေသန္တရပညာရေး(Vernacular Education)ကို ဘုန်းကြီးကျောင်းပညာရေးနှင့် လိုက်လျောညီထြွေဖစ်အောင် ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ အနောက်တိုင်းပညာရေးစနစ်ရဲ့ ခေတ်မီနည်းလမ်းတွေနဲ့ ဘာသာရေးကျောင်းပညာရေးဟာ အင်မတန် ကွာခြားလှတယ်။ တခြားစီးဖြစ်နေတယ်။ 

ဒီစနစ်ကို အသက်သွင်းရန် ၁၈၆၆ ခုတွင် ဆာ့အာသာပီးယားက မစ္စတာ ဂျီ၊ အပ်ခ်ျ၊ ဟော့ (Mr. G.H Hough)ကို လူထုပညာရေးသင်ကြားမှုအတွက် ပထမဆုံးညွှန်ကြားရေးမှူးအဖြစ်ခန့်အပ်ခဲ့တယ်။ သူရဲ့ကျန်းမာရေးအခြေအနေ ဆိုးဝါးမှုကြောင့် ဒီဇင်ဘာလ ၆ ရက်တွင် မစ္စတာ ပီ၊ ဟိုဒင် (Mr. P. Horden)ကို တာဝန်လွဲပေးကာ ရှေ့ဆက်ခဲ့တယ်။ ဒါပေမဲ့ အာသာရဲ့ ပညာရေးမူဝါဒသစ်ဟာ အောင်မြင်မှု မရခဲ့ဘူး။ အကြောင်းကား ဘာသာရေးကျောင်းတွေက အနောက်တိုင်းပညာရပ်တွေကို လက်မခံဘူး။ သူချမှတ်ပေးတဲ့အစီအစဉ်တွေကို မလိုက်နာခဲ့ကြချေ။

အဲ့ဒါကြောင့် အင်္ဂလိပ်အစိုးရက ထောက်ပံ့ကြေးစနစ်(Grant In Aid)ပါဝင်တဲ့ ဘာသာရေးလွမ်းမိုးမှုကင်းတဲ့ Secular Education စနစ်တစ်ခုကို ရှာဖွေခဲ့တယ်။ ဒီတော့ အိန္ဒိယမှာ ကျင့်သုံးနေတဲ့ ကိုလိုနီပညာရေး မက္ကောလေးစနစ် (Macaulay Scheme)ကို မြန်မာပြည်တွင် အသက်သွင်းပေးခဲ့တယ်။ ဒီအိန္ဒိယဘုရင်ခံချုပ် မက္ကောလေးရဲ့ မူဝါဒကျတော့ အရှေ့တိုင်းပညာရေးကို ဦးစာပေးမယ့်အစား အနောက်တိုင်းပညာကို ဦးစားပေးခြင်းဖြစ်တယ်။ အုပ်စိုးသူတွေနဲ့ အုပ်ချုပ်ခံလူထုကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်နိုင်ဖို့ အင်္ဂလိပ်လိုကျွမ်းကျင်ပြီး အင်္ဂလိပ်တွေနဲ့ ကိုယ်စိတ်သဘောထားတူညီတဲ့ စာရေးစာချီ လူတန်းစားတစ်ရပ်ကို မွေးထုတ်ပေးရန်သာဖြစ်တယ်။ 

ဒီပညာရေးမူဝါဒမှာတော့ ကျောင်းအလိုက် အဆင့်တွေခွဲလျက် ဆရာ၊ ကျောင်းသုံးပရိဘောဂ၊ ကျောင်းအသုံးစရိတ် စတာတွေအတွက် အထောက်အပံ့ကြေးတွေ ပေးကြတယ်။ 

ဒီပညာရေးအစီအစဉ်သစ်က အဆင့်ပြေခဲ့တယ်။ တဖြေးဖြေး ဘာသာရေးကျောင်းတွေ ဒေသန္တရမူလတန်းကျောင်းတွေ (Vernacular School) ဖြစ်လာခဲ့တယ်။ ခရစ်ယာန်မစ်ရှင်နာရီဘုန်းကြီးကျောင်းတွေ အင်ဂလိုမူလတန်းကျောင်းဖြစ်လာခဲ့တယ်။ ၁၉၂၀ ခု ဒီဇင်ဘာလမှာ ရန်ကုန်တက္ကသိုလ် ဖြစ်ဖော်လာခဲ့တ်။ ဒါဆို ပြည်စုံသွားပြီပေါ့။

ကဲ… ရခိုင်ပြည်ရှိ မဟာမေဒင်အူရဒူကျောင်းတွေကလည်းပဲ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစနစ်သစ်ကနေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ ဒေသန္တရပညာရေးစနစ်သစ်ကို အာရကန်ပြည်ရှိ မွတ်စလင်တွေနေထိုင်တဲ့ဒေသမှာ အကောင်အထည်ဖော်နေချိန်မှာ အဲဒီဒေသတွေမှာ မက်သပ်ကျောင်းပညာရေးစနစ် ထွန်းကားနေတာဖြစ်တယ်။ မက်သပ်ကျောင်းတွေမှာ သင်ကြားတဲ့ သာသနာ့ပညာရပ်တွေ၊ ကျမ်းစာတွေဟာ အာရဗီစာ၊ အူရဒူစာနဲ့ သင်ကြတယ်။ မက်သပ်ကျောင်းထွက်တွေကျတော့ အူရဒူနဲ့ အရေးအဖတ် အဆင်ပြေကြတယ်။ တစ်ဖက် အိန္ဒိယက ပညာသင်လာတဲ့ ပညာတတ်တွေလည်း များပြားတယ်။ 

ဒီတော့ အင်္ဂလိပ်အစိုးရက ပညာရေးစနစ်သစ်ကို ကမ်းလှမ်းလာတဲ့အခါ အာရကန်မွတ်စလင်တွေက အူရဒူစာကို လက်ခံတာများကြတယ်။ ဗမာစာကို ထောက်ခံတဲ့ အုပ်စုတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရက မက်သပ်ကျောင်းပညာရေးစနစ်နှင့် ယှဉ်တွဲပြီးတော့ အနောက်တိုင်းပညာရေးကို သင်ကြားစေချင်တယ်။ ဒါနဲ့ မက်သပ်ကျောင်းတွေမှာ သုံးတဲ့ အူရဒူစာကို သင်ကြားရေးကြားခံအဖြစ် သတ်မှတ်ပေးခဲ့တယ်။ အိန္ဒိယမှ မဟာမေဒင်ကျောင်းတွေမှာ ပို့ချတဲ့ သင်ရိုးတွေကို အူရဒူကျောင်းတွေမှာ မိတ်ဆက်ပေးခဲ့တယ်။ အဲ့ဒီကျောင်းများကို ဗဟိုပညာမင်းကြီးကပဲ ကြီးကြပ်တယ်။ အဆင့်တွေအနေနဲ့ မူလတန်းအခြေခံအဆင့်မှာ ၂ တန်း၊ အထက်မူလတန်းအဆင့်မှာ ၁တန်းကနေ ၄ တန်း အထိပါဝင်တယ်။ အလယ်တန်းဆင့်မှာတော့ ၅တန်းကနေ ဆယ်တန်းအထိ ပါဝင်ခဲ့တယ်။ ဒီလိုနဲ့ အူရဒူကျောင်းတွေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ 


အင်္ဂလိပ်လက်ထက်က ဗမာပြည်ရဲ့ မဟာမေဒင်အူရဒူကျောင်းနဲ့ ပတ်သက်လို့ သမိုင်းမှတ်တမ်းတွေမှာ ထင်ထင်ရှားရှားရှိနေတယ်။ ၁၉၁၇ ခု RB Smart ရဲ့ Gazetteer of Akyab၊ အူရဒူကျောင်းများ ပိုဒ်ခွဲခေါင်းစဉ်အောက်တွင် "ကိုလိုနီခေတ် ၁၈၉၄ ခုနှစ်တွင် ကျောင်းသူကျောင်းသား ယောက်ျား ၃၃၀ ယောက်နှင့် မိန်းကလေး ၄၅ ယောက်ရှိသော အူရဒူကျောင်း ၉ ကျောင်းသာရှိခဲ့သည်။ ထိုကျောင်းများသည် ထိုအချိန်က မြန်မာကျောင်းများ၏ ဒု-စစ်ဆေးရေးမှူး၏ ကြီးကြပ်မှုအောက်တွင် ရှိခဲ့သည်။ မဟာမေဒင်ကျောင်းများအတွက် အထူးဒုတိယစစ်ဆေးရေးမှူးတစ်ဦးခန့်အပ်ခြင်းကား စစ်တွေခရိုင်ရှိ မဟာမေဒင်ပညာရေးကို တွန်းအားဖြစ်စေခဲ့သည်။

၁၉၀၂ ခုနှစ်တွင် ကျောင်းပေါင်း ၇၂ ကျောင်းရှိလာပြီး ကျောင်းသား ၁၄၇၄ ယောက်နှင့် ကျောင်းသူ ၁၀၄ ယောက် အသီးသီး တက်ရောက်ခဲ့ကြသည်။ ထို့နောက် မဟာမေဒင်ပညာရေးသည် နောက်ကြောင်းတပြန် ဆုတ်ယုတ်လာခဲ့သည်။ အကြောင်းမူကား ပြည်နယ်တစ်ခုလုံးကို တာဝန်ခံသည့် ဒု-စစ်ဆေးရေးမှူးသည် လမ်းပန်းဆက်သွယ်ရေးမကောင်းသော ခရိုင်ဒေသများကို လျစ်လျူရှုကာ ခရီးသွားလာရေး အဆင်ပြေသည့် အခြားဒေသများသို့သာ အချိန်ကုန်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ ရလဒ်မှာ ၁၉၁၂ ခုအထိ မဟာမေဒင်ကျောင်းများနှင့် ကျောင်းသားဦးရေသည် တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ် မဟောမဒန်ကျောင်းများအတွက် ဒု-စစ်ဆေးရေးမှူးတစ်ဦး သီးသန့် ခန့်အပ်ခဲ့ရသည်။ ဤအရာရှိအား ခန့်အပ်ခြင်းဖြင့် မဟောမဒင်ပညာရေးကို ဘဝအသစ်ပေးအပ်ခဲ့သည်။ ချက်ချင်းပင် ကျောင်းပေါင်း ၆၈ ကျောင်းရှိလာပြီး ကျောင်းသားကျောင်းသူ ၁၈၄၉ ယောက်နှင့် ၁၇၉ ယောက် အသီးသီး တက်ရောက်ကြသည်။ ၁၉၁၂ ခုတွင် မောင်တောနှင့် ဖွေဒါတွင် District Cess Mahamedan စာသင်ကျောင်း နှစ်ခုကိုလည်း တည်ထောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုကျောင်းကို ကောင်းတုတ်(Kaungdauk)သို့ ပြောင်းရွေ့ပြီး ယင်းနေရာတွင် ကျောင်းဆောင်အသစ်တစ်ဆောင်ကို ရူပီးငွေ ၁၅၀၀ ဖြင့် ဆောက်လုပ်ပေးခဲ့သည်။ ထိုဆောက်လုပ်စရိတ်တွင် ရွာသားများက ရူပီး ၃၀၀ လှူဒါန်းခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ကျောင်းသား ၁၀၅၅ ဦး ရှိသည့် ပုဂ္ဂလိကကျောင်း ၁၈၇ ကျောင်း ရှိပြီး ၁၉၁၃ ခုတွင် စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအရ ကျောင်းပေါင်း ၁၇၅ ကျောင်း ရှိပြီး ကျောင်းသားကျောင်းသူ ၂၈၃၉ ဦး ရှိကြောင်း သိရသည်။" ဟု ၁၈၉၄ မှ ၁၉၁၃ ခုအထိ အင်္ဂလိပ်လက်အောက် မဟာမေဒင်ကျောင်းများနှင့် ကိုယ်ထူကိုယ်ထ ပုဂ္ဂလိကကျောင်းများ၏အခြေအနေကို အသေးစိတ်ဖော်ထားသည်။ 

၁၉၂၀ ပထမကျောင်းသားသပိတ် နောက်ပိုင်း အင်္ဂလိပ်ပညာရေးကို ဆန့်ကျင်ကာ အမျိုးသားကျောင်းတွေ ထူထောင်လာတဲ့အခါ ဒီအူရဒူကျောင်းတွေဟာ တဖြည်းဖြည်း အားပျော့လာခဲ့တယ်။ ပုဂ္ဂလိကကျောင်းများ ပို၍ အားကောင်းလာခဲ့တယ်။ ပုဂ္ဂလိကကျောင်းအချို့ကို တစ်ပြည်လုံးစံစနစ်အတိုင်း အမျိုးသားကျောင်းအဖြစ် ပြောင်းလဲကာ မြန်မာစာကို ဦးစာပေးသင်ကြားပေးလာတယ်။ အချို့ပုဂ္ဂလိကကျောင်းတွေမှာ ယနေ့တွေ့ရှိနေရတဲ့ မဒ်ရာဆာကျောင်းများအဖြစ် အသွင်းပြောင်းလာခဲ့လေတယ်။ 


အာရကန်ပြည်ရဲ့ ပညာရေးတိုးတက်လာအောင် ကြိုးပမ်းခဲ့သူတွေထဲမှာ မွတ်စလင်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလှတယ်။ အဲလိုပညာရေးတိုးတက်အောင် ဦးဆောင်လှုပ်ရှားခဲ့တဲ့ သံတွဲက ဦးဘရှင် ဆိုရင် ဗမာတစ်ပြည်လုံးအသိ မော်ကွန်းဝင် ပုဂ္ဂိုလ်ပါပဲ။ စစ်တွေမြို့က ဆရာကြီး ဦးဇိုင်နောဒ္ဒိန်း၊ စစ်တွေအမျိုးသားကျောင်းအုပ်ဖြစ်တယ်။ သမိုင်းသုတေသီ ခါလိလုရ်ရာမာန်၊ စစ်တွေခရိုင်မဟာမေဒင်ဆရာဖြစ်သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးဖြစ်တယ်။ ကျောက်တောမှ အဒူရာမာန်ကာဇီ၊ ဘူးသီးတောင်မှ အတွင်းဝန် အဒူဂဖါး၊ ဘော်လီနယ်မှ ဦးအာမီရ်အာလီမျာ၊ မောင်တောမှ မြို့ဝန် အူမောမျာ စတဲ့သမိုင်းဝင်ပုဂ္ဂိုလ်ထူးတွေရဲ့ ကိုယ်ကျိုးမဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ရခိုင်ပြည်အနှံ့အပြား၌ သမိုင်းသက်သေအဖြစ် ထိန်ထိန်ဝါဝါ တောက်ပလျက်ရှိနေပါတယ်။

ရင်နာစရာအကြောင်းကတော့ အာရကန်မွတ်စလင်တွေရဲ့ ဒီမက်သပ်ကျောင်းပညာရေးစနစ်အကြောင်း၊ အူရဒူကျောင်းတွေအကြောင်း မြန်မာ့သမိုင်းရေးဆရာတွေက မသိကျွန်ပြုကာ တမင်တကာ လျစ်လျူရှူ ဖုံးဖိထားတယ်။ ကိုလိုခေတ်က ဗမာစာသင်ကျောင်း(တိုင်းရင်းဘာသာတွေနဲ့ သင်ကြားတဲ့ကျောင်း)၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်း၊ ခရစ်ယာန်သာသနာပြုကျောင်း၊ အလွတ်ကျောင်း(အစိုးရကျောင်း)တွေ အကြောင်းကိုပဲ ဂုဏ်ယူလျက် ရေးသားဖော်ပြတာ တွေ့ရတယ်။ သာသနာပြုခရစ်ယာန်ကျောင်းတွေအကြောင်းတောင် အားတက်သရောထုတ်ဖော်ရေးသားကြပေမဲ့ မဟာမေဒင်ကျောင်းတွေအကြောင်း ရေးသားဖော်ပြဖို့ မင်ဆီခန်း လက်နည်းကြတယ်။ အာရကန်ပြည်ရဲ့ ဘယ်သမိုင်းမှာမဆို မွတ်စလင်တွေကို ဘေးဖယ်ထားရင် မှန်ကန်ပြည့်စုံတဲ့သမိုင်း ဘယ်တော့မှရရှိနိုင်မှာ မဟုတ်ဘူး။ ဘယ်လိုပင်ဖြစ်စေ သမိုင်းဆိုတာ ပျောက်ရိုးမရှိပေ။ ချီးကျူးဂုဏ်တင်ခြင်း၊ ကဲ့ရဲရှုတ်ချခြင်းက အရေးမကြီးဘူး၊ အဟုတ်ကိုအဟုတ်အတိုင်း၊ အရှိကိုအရှိအတိုင်း ကျင့်ဝတ်ပီပီ ရိုးသားစွာရေးသားလျက် နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းဖို့သာ အရေးကြီးပေသတည်း။ 


 _ လူထုဝဏ္ဏ

(၃-၆-၂၀၂၃)


ကိုးကား-

- RB Smart's Gazetteer of Akyab 1917, P 216-217

- The Beginning of Karen Education in Irrawaddy Division During the British Colonial Period (Naw Say Say Pwe)

- History of Myanmar Education Department, U Than Oo 1999 P. 24. 25 

- Report on the Administration of Burma 1911 1912, p. 204. 

- The Annual of Urdu Studies by Tariq Rahman, P. 48

Sunday, August 29, 2021

စစ်ဝန်ထမ်း ခေါ် ဘီတီအက်ဖ် စစ်ဆင်ရေး (၁၉၄၉-၁၉၅၁)

 

စစ်ဝန်ထမ်း ခေါ် ဘီတီအက်ဖ် စစ်ဆင်ရေး (၁၉၄၉-၁၉၅၁)

မြန်မာနိုင်ငံသားလူနည်းစုရိုဟင်ဂျာလူမျိုးအပေါ်သတ်ဖြတ်ရှင်းလင်းမှုများ ပြုလုပ်လာသည်မှာ မနက်တစ်နှစ်၊ နှစ်နှစ် အရင်က စတင်ခဲ့သည် မဟုတ်ပေ။ ခေတ်အစဉ်အဆက်၊ အစိုးရအဆက်ဆက် သတ်ဖြတ်ရှင်းလင်းမှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်လာခဲ့သည်မှာ ယနေ့အထိပင်ဟုဆိုရပေမည်။ မြန်မာနိုင်ငံတွင်အင်တာနက်ခေတ်စားလာသည်နှင့်တစ်ပြိုင်နက် ဖြစ်ပေါ်ခဲ့သော၂၀၁၂ အရေးအခင်းကစ၍ မြန်မာပြည်သူများက ရိုဟင်ဂျာအရေးကို ရိပ်စားမိသည်ဟု ထင်သည်။ ရှေးခေတ်ကာလက ဖြစ်ပွားခဲ့သော သတ်ဖြတ်ပွဲများ ယနေ့ခေတ်လူငယ်များက သိရှိမည်မဟုတ်ပေ။ အကြောင်းစုံကို ထင်ထင်ပေါ်ပေါ်သိရှိသော ဘာသာခြားသက်ကြီးဝါကြီးများကလည်း မသိကျွန်ပြု ဟန်ဆောင်နေသည်။ ထို့ကြောင့် ရှေးခေတ်တွင် ရိုဟင်ဂျာအပေါ်ကျူးလွန်ခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသောသတ်ဖြတ်ရှင်းလင်းပွဲအနက်တစ်ခုကို တင်ပြပေးပါမည်။အနာဟောင်းကို ကုတ်နေသည်မဟုတ်ဘဲ အဖိနှိပ်ခံ ရိုဟင်ဂျာတို့၏ ရင်းတွင်းခံစားမှုကို မျှဝေခြင်းသာဖြစ်သည်။ 

The Times 1951 Dec 26.


ထိုအဖြစ်ဆိုးကာ အခြားမဟုတ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချင်း ဆင်နွှဲခဲ့သည့် ဘီတီအက်ဖ်စစ်ဆင်ရေး သို့မဟုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲပင် ဖြစ်သည်။ ဤသတ်ဖြတ်ပွဲအကြောင်းကို ဘီတီအက်ဖ် သန္ဓေတည်လာခဲ့သည့် နောက်ခံသမိုင်းမှ စတင်လျှင်ပို၍ ရှင်းလင်းစေမည်ဟု ထင်ပါသည်။

ဗမာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခု ဩဂုတ်လတွင် အမြဲတမ်းမဟုတ်သော လက်နက်ကိုင်တပ်များဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။ ထိုစဉ်က အစိုးရအတွင်း ကန့်ကွက်မှုများရှိခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ Burma Territorial Force (BTF) နှင့် Auxiliary Union Military Police (AUMP) ဟုအမည်ပေးခဲ့သည်။ ထိုအဖွဲ့ နှစ်ဖွဲ့ကိုပြည်ထဲရေးဝန်ကြီးဌာနမှ တိုက်ရိုက်ကြီးကြပ်ခဲ့သည်။ ထိုချိန်က ပြည်ထဲရေးဝန်ကြီးဌာနကို ဗိုလ်နေဝင်းက ချုပ်ကိုင်ခြင်း ဖြစ်သည်။ ၁၉၄၉ခု ဇန္နဝါရီလအကုန်လောက်တွင် ဗမာနယ်စပ်စောင့်တပ်ဟုအမည်ရသော ဘီတီအက်ဖက် လှုပ်ရှားလာခဲ့သည်။၎င်းကို စစ်ဝန်ထမ်းဟုလည်း ခေါ်ကြသည်။ အဆိုပါတပ်ကို နယ်စပ်တိုင်းရင်းသားလူနည်းစုဒေသများတွင် တာဝန်ထမ်းဆောင်စေသည်။ အသစ် လွတ်လပ်စနိုင်ငံဖြစ်၍ သက်ဆိုင်ရာ ဒေသများမှ တပ်သားများကို စုဆောင်းစေသည်။ ဥပမာ-ကရင်ပြည်နယ်က တပ်ဆိုလျှင် ကရင်များကို စုဆောင်းသည်။ ရခိုင်မှာ ရခိုင်များကိုစုဆောင်းသည်။ ထို့ကြောင့် တပ်တွင် သက်ဆိုင်ရာဒေသ၏ ဒေသခံပြည်သူများသာ အများစုဖြစ်ပြီး သူတို့ကသာ ဦးစီးဦးကိုင်ထားသည်။ မှတ်တမ်းအရဒေသခံ ၉၀ ရာခိုင်နှုန်းကျော် ရှိသည်ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။

The Times 1949, Feb 2.


အစိုးရလည်းအသစ်၊ အုပ်ချုပ်ရေးလည်း ကျပ်ပြည့်တင်းပြည့် မလည်ပတ်နိုက်သေးသည့်ကာလမှာ နိုင်ငံဘဏ္ဌာရေးလည်း မကြွယ်တကြွယ်လောက်သာ ရှိခဲ့သည်။ တပ်အသစ် ဖွဲ့စည်းထားသော်လည်း ဖဆပလ အစိုးရက ပုံမှန်လစာငွေ မထုတ်ပေးနိုင်ခဲ့ချေ။  ဘီတီအက်ဖ် တပ်သားများကို ဥပဒေဘောင်ထက် ကျော်လွန်၍ အခွင့်အဏာပေးထားခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် လက်နက်အား အာဏာစက်အားကို အလွဲသုံးစားခွင့်ရနိုင်သည့် စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့တပ်တွင် လူဆိုးလူမိုက်များအလုံးအရင်း ဝင်လာခဲ့ကြသည်။


ထိုအချိန် ရခိုင်ဒေသ အခြေအနေက နောက်တစ်မျိုး။ မုန်တိုင်းစဲ၍ ငြိမ်သက်နေသည့်အလား။ နိုင်ငံရေး၊လူမျိုးရေး ပယောဂကြောင့် ရခိုင်-ရိုဟင်ဂျာလူမျိုးရေးပဋိပက္ခဖြစ်ပွားခဲ့သည်မှာ ၁၀နှစ်တောင် မစေ့သေးသည့်ကာလဖြစ်သည်။ လူမျိုးရေး ရန်ငြိုးများ နှစ်ဖက်အုပ်စု၏ စိတ်ထဲ၌ ကိန်းအောင်းလျက်ရှိနေသေး။ သွေးစီးသံယို ဖြစ်ရပ်များတွင် ပါဝင်သူများ၊ မီးထိုးနောက်ထောက် ကြိုးကိုင်ခဲ့သူများ အသက်ရှင်ရှိနေသေးသည်။ဤသို့သော် နူးညံ့သည့်အချိန်၌ ဘီတီအက်ဖ် အရိုင်းတပ်ကို ရခိုင်ဒေသသို့ စေလွှတ်ခြင်းက တိုက်ဆိုင်မှုမဖြစ်နိုင်ချေ။ စနစ်တကျ ကြံစည်မှုဟု ရိုဟင်ဂျာသမိုင်းပညာရှင်များကသုံးသပ်ကြသည်။


DOWNLOAD A FULL COPY

ဆက်လက်ပြီး အောက်ပါလိင့်ကို ဒေါင်းဆွဲ၍ ဖတ်ရှူပါ။

စစ်ဝန်ထမ်း ခေါ် ဘီတီအက်ဖ် စစ်ဆင်ရေး (၁၉၄၉-၁၉၅၁)


— လူထုဝဏ္ဏ




Monday, December 14, 2020

Sayagyi Alhajj Moulana Ziyabul Hoque

 



ဆရာကြီး အာလ်ဟဂ်ျ အီမာမ် ဇီယာအုလ်ယာခ် (ရဟ)

[၁၉၂၆-၂၀၂၀]


စစ်တွေမြို့၏ အထင်ကရ အာလင်မ်ပညာရှင် ဆရာကြီး မော်လာနာ ဇီယာဘွလ်ဟောက် သည် ၂၀-၁-၁၉၂၆ ခု တနင်္လာနေ့တွင် ကျောက်တော်၌ ဖွားမြင်ခဲ့သည်။ ဖခင်မှာ ကာဇီ အိုဘိုက်ဒူလ္လာဖြစ်သည်။ ဆရာကြီးသည် ရခိုင်ဘုရင်လက်ထက် အလွန်ထူးချွန် ကျော်ကြားခဲ့သည့် ရွှေဓားကာဇီ၏ မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ အာရကန်ပြည်မှ စာဆိုတော်၏ မျိုးဆက်လည်း ဖြစ်သည်။ ဆရာကြီးသည် သာသနာ့ပညာကို အိန္ဒိယ မဇ်ဟဲရ် အာရဗီတက္ကသိုလ်မှ သင်ယူခဲ့သည်။ မိမိဇာတိမြေသို့ ပြန်လာ၍ ပြည်သူ့အကျိုး၊ သာသနာ့အကျိုး၊ နိုင်ငံအကျိုးတို့ကို ဘဝသက်တမ်းတလျှောက် ထမ်းရွက်သယ်ပိုးခဲ့သည်။


ဆရာကြီးသည် စစ်တွေမြို့၊ Soduro Bor Mosit အမည်ရ သမိုင်းဝင် ရှေးဟောင်း မြို့မ ဗလီကြီး၏ အီမာမ်ဆွာပ်ကြီး (Imam uz Zaman)၊ အီစ္စလာမ်သာသနာရေးကောင်စီ ပြည်နယ် ဓမ္မသတ်မှူးနှင့် ဒု-ဥက္ကဌဟောင်း၊ ဂျမီယာ အာလီယာ ကျောင်းတော်ကြီး (ဖောက်တော်လီ - နာဇီ)၏ ကျောင်းအုပ်ကြီးဟောင်းနှင့် ဥက္ကဌ၊ ကျောက်တော် ဒါရူလ်အူလုမ်၏ နာယက စသည်ဖြင့် ရာထူးတာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့သည်။ အမျိုးသားရေးနှင့် နိုင်ငံရေး လုပ်ငန်းများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။ 


ဆော်ဒူရော ဘောရ် မောဆီသ် ခေါ် မြို့မဂျာမေဗလီတော် (အနောက်ဖက်မှ မြင်ရပုံ)၊ ပုံ-အင်တာနက်
ဆော်ဒူရော ဘောရ် မောဆီသ် ခေါ် မြို့မဂျာမေဗလီတော် (အရှေ့ဖက်မှ မြင်ရပုံ)၊    ပုံ- အင်တာနက်


ဆရာကြီးသည် ဗမာစကား အပြင်  အာရ်ဗီ၊ အူရ်ဒူ၊ အင်္ဂလိပ်၊ မလေး နှင့် ဘင်္ဂလား စသော ဘာသာစကားများစွာကို ကျွမ်းကျွမ်းကျင်ကျင် ရေးဖတ်ပြောတတ်သည်။ အုရ်ဒူဘာသာစကားသည် ဆရာကြီး၏ အိမ်သုံး ဘာသာစကားကဲ့သို့ အသုံးများလေသည်။ 


စစ်တွေမြို့နယ်၏ အသက်အကြီးဆုံး အာလိမ်နှင့် အထူးချွန်ဆုံး သာသနာ့ပညာရှင် တစ်ပါးဖြစ်သည့် ဆရာကြီး အာလ်ဟဂ်ျ အီမာမ် ဇီယာအုလ်ယာခ် (ရဟ)သည် စစ်တွေမြို့ လမ်းမကြီးရှိ မြို့မဂျာမေဗလီကြီးတွင် နှစ်ပေါင်းများစွာ အီမာမ်​ရှေ့ဆောင်ဆရာအဖြစ် ခေသ်မော်လုပ်ရင်း ၁၆-၁၁-၂ဝ၂ဝ နေ့ ည ၁၂ နာရီကျော်တွင် မော်လိပ် ရပ်ကွက်ရှိ ၎င်း၏​နေအိမ်၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် ခံယူသွားလေသည်။ ဆရာကြီးသည် ကွယ်လွန်သည့် အချိန်တွင် သက်တော် ၉၄ နှစ်ရှိပြီ ဖြစ်ပြီး ဇနီးနှင့် သားသမီး၊ မြေးမြစ်တီး တို့နှင့် ညီငယ် မော်လနာ မိုက်ဘူလ်ဟောက်အပါအဝင် တပည့်ပေါင်းများစွာ ကျန်ရစ်ခဲ့သည်။

ဆရာကြီးကွယ်လွန်သွားသည်ကို ကြား၍  တပည့်ဖြစ်သူ အဗ္ဗဒူလ်မာဘူသ်က သီဆိုခဲ့သော ညည်းချင်းကို နားဆင်ကြည့်ပါ။ 





(နတ်မျက်စိ)


Ref: Al-Arakani

Tuesday, November 3, 2020

ဓညဝတီခေတ်က ရွိုင်ဂျာစကား



ဓညဝတီခေတ်က ရွိုင်ဂျာစကား


သမိုင်းမှတ်တမ်းများအရ ဘီစီ (၃၃၂၅) မှ အေဒီ (၃၂၇) အထိ ထွန်းကားခဲ့တဲ့ ဓည၀တီခေတ်မှာ ရွိုင်ဂျာ (ရိုဟင်ဂျာ) စကားကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့ပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ရိုဟင်ဂျာလူမျိုးကို နိုင်ငံသားအဖြစ်သော်လည်းကောင်း၊ တိုင်းရင်းသားအဖြစ်သော်လည်းကောင်း အသိအမှတ်မပြုလိုတဲ့ မြန်မာနိုင်ငံတော် အစိုးရအဆက်ဆက်က ရိုဟင်ဂျာ သမိုင်းမှတ်တမ်း အထောက်အထားများကို ပပျောက်အောင် အစဉ်တစိုက် ရှင်းလင်းလေ့ရှိပါတယ်။


ယခု ရခိုင်ပြည်နယ်ခေါ် အာရ်ကာန်မှာ ထင်းရှားခဲ့တဲ့ခေတ် ၄ ခေတ် (ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြေက်ဦးခေတ်) ရှိခဲ့တာကို အားလုံးသိရှိပြီး ဖြစ်ပါတယ်။ အာရ်ကာန်ဆိုတဲ့ အခေါ်အဝေါ်ဟာလည်း အာရဗ် အခေါ်အဝေါ်ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများကဆိုပါတယ်။

အာရ်ကာန်နိုင်ငံတော်ကြီးရဲ့ ဖော်ပြပါ ခေတ် ၄ ခေတ်လုံးမှာ အာရဗ်၊ ပါရှန်၊ မဂို၊ ဟိန္ဒူ၊ ဘင်္ဂလီ လူမျိုးများနဲ့၎င်းတို့ရဲ့ ယဉ်ကျေးမှုများ၊ အခေါ်အဝေါ် အသုံးအနှုန်းများကို သမိုင်းမှတ်တမ်းများ၌ ယနေ့တိုင် ထင်ထင်ရှားရှားတွေ့ရှိရပါတယ်။ ရိုဟင်ဂျာအမည်ကို အာရ်ကာန်နိုင်ငံတော်ကြီးမှာ အစောဦးဆုံး အခြေချနေထိုင်ခဲ့တဲ့ အာရဗ်လူမျိုးက မည့်ခေါ်ခဲ့တယ်လို့ဆိုပါတယ်။



၂၀၀၈ ခုနှစ်မှာ အမျိုးသားစာပေဆုရရှိတဲ့ စာရေးဆရာ (နာမည်ကျော် ဗေဒင်ဆရာကြီး) ဒေါက်တာ ဒဂုန် ရေးသားခဲ့တဲ့ “ရာဇ၀င်ထဲမှာပုဏ္ဏား” ဆိုတဲ့စာအုပ်မှာ ရိုဟင်ဂျာစကား (ဆရာကြီးစာအုပ်မှာ ရွိုင်ဂျာစကားလို့ရေးထားတယ်) ကို အကျယ်တ၀န်း ရေးသားဖော်ပြထားပါတယ်။ ဆရာကြီးရဲ့ စာအုပ်ပြုစုရေးမှာ အချိန် ၂ နှစ် ကြာပါတယ်၊ ကျမ်းကိုးကျမ်းကား ၂၀၀ ကျော် ၃၀၀ နီးပါးလောက်ရှိတယ်လို့ဆိုပါတယ်။ ဤစာအုပ်ပြုစုခြင်းဟာ ဆရာကြီးရဲ့ ဘ၀တလျှောက်မှာ ဂုဏ်သိက္ခာအရှိဆုံး အလုပ်တခုလို့ဆိုပါတယ်။ ဆရာကြီး ဒေါက်တာ ဒဂုန် မှတ်တမ်းတင်ခဲ့တဲ့ “ပုဏ္ဏား” စကားဟာ ဓည၀တီခေတ်မှာ ရွိုင်ဂျာတို့ ပြောတဲ့စကားဖြစ်ကြောင့် အတိအလင်းရေးသားထားပါတယ်။ ၎င်း ရွိုင်ဂျာစကား အသုံးအနှုန်း အခေါ်အဝေါ်များကို ဆရာကြီးရဲ့စာအုပ်မှာ အသေးစိတ် ခွဲခြမ်းစိတ်ဖြာစွာဘဲ ရေးသားဖော်ပြထားပါတယ်။

ယနေ့ ရိုဟင်ဂျာလူမျိုးပြောတဲ့စကား အသုံးအနှုန်း အခေါ်အဝေါ်များနဲ့ ဆရာကြီးရဲ့ စာအုပ်မှာရေးသားဖော်ပြထားတဲ့ ဓည၀တီခေတ်က ပုဏ္ဏားတို့ပြောတဲ့စကား အခေါ်အဝေါ် အသုံးအနှုန်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ စာအုပ်မျက်နှာဖုံးနဲ့ စကားအသုံးအနှုန်း ခွဲခြမ်းစိတ်ဖြာထားပုံကို ပူးတွဲတင်ပေးလိုက်ပါတယ်၊ လေ့လာကြည့်ပါ။
.

Arif Kassim
01-11-2020

(ကူးယူဖော်ပြသည်။)

Tuesday, July 18, 2017

မော်လာနာ အဗ္ဗဒုလ်ကုဒ္ဒူစ် သို့မဟုတ် လမ်းပြဓူဝံ

ပျက်စီးခံခဲ့ရသော မရ်ကစ်၏ အနောက်ဘက် မြင်ကွင်း။

မော်လာနာ အဗ္ဗဒုလ်ကုဒ္ဒူစ် [၁၉၁၅- ၂၀၀၀] (ရဟမသွ)

ဘာသာပြန်ရေးသား 🔰 လူထုဝဏ္ဏ

بسم الله الرحمان الراحیم

    မော်လနာကြီး  အဗ္ဗဒုလ်ကုဒ္ဒူစ် သခင် (၁၉၁၅-၂၀၀၀) သည် အာရကန်ပြည်၏ ထင်ရှားသော ရိုဟင်ဂျာပုဂ္ဂိုလ်များအနက် တစ်ပါးဖြစ်သည်။ သခင်သည် မိမိဘဝတစ်ခုလုံးကို ဒါဝသ်သပ်လိဂ် အလ္လာဟ်လမ်းစဉ်နှင့် လည်းကောင်း၊ လူမှုအကျိုးဆောင်လုပ်ငန်းများတွင် လည်းကောင်း ဖြတ်သန်းစေခဲ့သည်။ မောလနာကြီးသည် အာရ်ခါန်ပြည် သဗ်လိဂ် ဘာသာရေးအားထုတ်မှု၏ နာယက အာမီရ် တစ်ဦးလည်းဖြစ်သည်။ ၎င်း၏ ဘဝအကြောင်းကို အတ္တုပ္ပတ္ထိ စာအုပ်အဖြစ် ရေးရမည်ဖြစ်သော်လည်း အခြေအနေ အားလျော်စွာ အတ္တုပ္ပတ္ထိ အကျဉ်းကိုသာ ရေးဖြစ်သည်။

✰ ငယ်စဥ်ဘဝ✰

                      အမည်ရင်းမှာ အဗ္ဗဒုလ်ကုဒ္ဒူစ်ဖြစ်သည်။ ခမည်းတော် အမည်ရင်းကို မသိရချေ။ ဒေသအခေါ် “ခါန်ဖူရာ” အမည်ဖြင့်သာ လူသိများသည်။ မော်လာနာကြီး၏ ဖခင်မှာ အလွန်တရာ ဘာသာရေးကိုင်းရှိင်းပြီး သက္ကဝါရှင် တစ်ဦး ဖြစ်သည်။ မပိုင်သော လုပ်ငန်းများ၊ အလဟဿ အလုပ်များမှ ရှောင်ဝေး လေ့ရှိသည်။ မော်လနာကြီး မဖွားမြင်မီကပင် ဖခင်က “အကယ်၍ ကျွန်ုပ်အား အလ္လာဟ် အရှင်တော်မြတ်က သားတော် ချီးမြှင့်ပါလျှင် ဒွနိယာဝီလုပ်ငန်းအစား နှစ်ဘဝတွင် နေမင်းကဲ့သို့ ထွန်းလင်းသည့် အာလမ်ပညာရှင် ဖြစ်အောင် ပညာသင်ပေးပြီး အာရ်ခါန်ပြည်၌ အိစ္စလာမ်သာသနာ့ ရောင်ဝါထွန်းစေပါမည်” ဟု ရည်စူး ထားခဲ့သည်။ 

                    ၁၉၁၅ ခုနှစ်ခန့် တွင် ခါန်ဖူရာ၏ အိမ်၌ သားတော်တစ်ပါး ဖွားမြင်ခဲ့ သည်။ သားတော်၏ နူရ်အလင်းဖြင့်ဝင်းပနေသော မျက်နှာကို ကြည့်ခြင်းဖြင့် ဤသူသည် သာမန် ဂုဏ်နိမ့်သော သားမဟုတ်၊ တစ်နေ့တွင် အာရ်ခါန်ပြည်သား၏ လမ်းပြ ကြယ်သဖွယ် ဖြစ်လာမည့် သူပင်ဖြစ်သည်ဟု ခန့်မှန်းနိုင်သည်။ 


                     မော်လနာကြီးသည် အခြေခံပညာကို အခ်ျရဖုလ် အူလုမ် နုရုလ္လာဖာရာ မဒ်ရာဆာကျောင်း [Madrasa e Ashraful Ulum Nurullah Fara] ၌ သင်ယူခဲ့သည်။ မော်လနာကြီး၏ မွေးရပ်ဇာတိ နောလ်ဘောန္နိယာ (ပန်းတောပြင်ကျေးရွာ)မှ တောင်ဘက် ၂ မိုင်လောက် အကွာအဝေးတွင် တည်ရှိ သည်။ မောင်းတောမြို့မှ ၂ မိုင်ခန့်အကွာတွင် တည်ရှိသည့် ပန်းတောပြင်ရွာသည် သာယာဝပြော၍ ပညာတတ် ပုဂ္ဂိုလ်များ၊ အာလမ်ပညာရှင်ကြီးများ ဝေဝေဆာဆာ ပေါ်ထွန်းခဲ့သည့် ရွာတစ်ရွာလည်း ဖြစ်သည်။ ၁၉၃၅ ခုနှစ် မော်လာနာကြီးသည် နိုရုလ္လာဖာရာမဒ်ရာဆာကျောင်း၌ ပညာဆည်းပူးနေသည့် အချိန်တွင် မဒ်ရဆာ ကျောင်း၌ သင်ပြနေသော ဆရာများမှာ မော်လာနာ ဟောလီလုရ် ရာဟမာန် (ပန်းတောပြင်)၊ မော်လာနာ ယာကုဗ် (ဂေါ်ဒူသာရ)နှင့် မော်လာနာ အဗ္ဗဒူရာဟမာန် (ဂေါ်ဒူသာရ) စသော ဒိယောဗော်န် တက္ကသိုလ်မှ ဖာဇေလ် (ဘွဲ့ရ) လည်းဖြစ် သတင်းစင်မှု၊ ဒီနီပညာ အမြော်အမြင် မြင့်မားသူများဖြစ်ကြသည်။ 


✰ အိန္ဒိယသို့ ပညာသင်ခရီး ✰

                 မော်လာနာသည် အခြေခံပညာသင်ယူခဲ့ပြီး အဆင့်မြင့်ပညာသင်ယူရန် စိတ်စောနေသည်။ သို့သော် ထိုခေတ်က အာရကန်ပြည် ပညာရေး အဲ့လောက် မတိုးတက်ခဲ့ချေ။ အိန္ဒိယနိုင်ငံသို့ သွားရောက်သင်ယူရသည်။ မော်လာနာသည် အဆင့်မြင့်သာသနာ့ပညာ အလို့ငှာ ဆရာသမားတို့၏ အကြံပြုချက်ဖြင့်  အိန္ဒိယသို့ ပညာတော်သင် ခရီးဆက်ရန် ဆုံးဖြတ်ခဲ့သည်။ မိဘထံ အကြောင်းပြန်သောအခါ အသာတကြည် ခွင့်ပြုခဲ့လေသည်။ 

                မော်လာနာသည် ၁၉၄၀ ပြည့်နှစ်ခန့်တွင် အိန္ဒိယသို့ ရောက်ခဲ့သည်။ ရောက်ရောက်ချင်းပင် မူဇွဟာရ် အေ အူလုမ် ဆာဟ်ရာန်ပူရ် အာရဗီတက္ကသိုလ်၌ ကျောင်းဝင်ခဲ့သည်။ ထိုခေတ်တွင် ယင်းတက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသည့် ဆရာ ဂုရုတော်မြတ်တို့မှာ ရှိခ်ဟုလ်ဟာဒီးစ် မော်လာနာ ဇော်ကရိယား (ရဟမသွ)၊ မော်လာနာ အဗ္ဗဒူလော်တီပ် (ရဟမသွ)၊ မော်လာနာ အာဆာ့ဒူလ္လာ ဆာဘ် စသည် တို့သည် ပညာ့ဂုဏ်ရောင်ဖြင့် နေလိုလလို တောက်ပနေခဲ့၏။ သာသနာ့ပညာနှင့် ပရမတ် မအ်ရ်ဖေတ်လမ်းစဉ်ကို ရှေ့ဆောင် ထွန်းကား စေခဲ့သည်။ 


                      မော်လနာကြီးသည် ပညာဆည်းပူးရာ၌ အလွန်ပင် ကိုယ်စိတ်နှဖြာ ကျုံဝင်ခဲ့သည်။ သက်ဆိုင်ရာ သင်ခန်းစာများမှအပ အခြားမည်သည်ကိုမှ အာရုံ စူးစိုက်ခြင်း မရှိခဲ့ပေ။ မိုင်ပေါင်းများစွာ ဝေးကွာလှသော မိမိအိမ်မှ ပို့သည်စာများကို ပင် မဖတ်ဘဲ ဗူးတစ်ဗူးတွင် သိမ်းဆည်းထားလေ့ရှိသည်။ အတန်းဖော်အတန်းဖက် သူငယ်ချင်းများက အိမ်မှ ပို့သည့် ပေးစာများကို အဘယ်ကြောင့် မဖတ်ဘဲ စုထားရသနည်းဟု မေးသောအခါ “ပေးစာတွင် ပျော်ရွှင်သော သတင်း သို့မဟုတ် ဝမ်းနည်းကြေကွဲရသောသတင်းသာ ဖြစ်မယ်။ မည်သို့ပင်ဖြစ်စေ အိမ်ကိုတော့ ဖာဇေလ် ဘွဲ့ရပြီးမှ ပြန်ရမှာကိုး။ ထို့ကြောင့် ပေးစာတွေဖတ်ပြီး စိတ်အနှောက်အယှက် မဖြစ်စေလိုပါ။ စာသင်ရာဘက်မှလည်း အားနည်းနိုင်မယ်” ဟု မော်လာနာကြီးက ဖြေကြားသည်။ 


                      ပညာသင်နှစ် ကုန်ဆုံးပြီး ကျောင်းပိတ်သွားသည့်အခါ ကျောင်းသား အများစုသည် မိမိတို့ မိဘထံပြန်သွားလေ့ရှိသည်။ သို့သော် နေရပ်ဝေးက မော်လနာကြီးသည် မိမိ မိဘထံအိမ်သို့ မပြန်ဘဲ မဒ်ရဆာ တက္ကသိုလ်အဆောင်၌ပင်လျှင်နေကာ အေရှနုမာဇ် ဝတ်ပြုပြီးတိုင်း ပေးစာစုထားသည့် ဗူးကိုယူကာ စာများထုတ်ဖတ်သည်။ အပြုံး တစ်လှည့်၊ ဟားတိုက်တစ်ခါ၊ အငို တစ်လှည့်ဖြင့် တစ်နှစ်လုံး လက်ခံရရှိသည့် ပေးစာများကို တစ်ခုပြီးတစ်ခု ရက်စွဲစဉ်ဖြင့် ဖတ်လေ့ရှိသည်။ ထိုသို့ ပညာသင်ကြားရင်း မော်လနာကြီးသည် ၁၉၄၃ ခုနှစ်တွင် ၎င်း မဒ်ရဆာ တက္ကသိုလ်မှ ဖာဇေလ်ဘွဲ့ ရယူခဲ့လေသည်။ 


✰ ပညာသင်ကြားရေးနှင့် သာသနာ့ အားထုတ်မှု  ✰

                   မော်လနာသည် ၁၉၄၃ ခုနှစ် ဖာဇေလ်ဘွဲ့ရယူပြီးနောက် အမိမြေ အာရ်ခါန်သို့ ပြန်လာခဲ့သည်။ မဒ်ရာဆာ ချီခ်ဒါရ်ပါရာ အာရဗီကျောင်း၌ အထက်တန်းပြဆရာ အဖြစ်နှင့် သင်ပြမှု စတင်ခဲ့သည်။ သို့သော် မော်လာနာ၏ စိတ်ဘဝင် တည်ငြိမ်မှု မရရှိခဲ့ချေ။ မော်လာနာ၏ ယုံကြည်ချက်က အေစ်လာဟ်နှင့် ဟေဒါယောတ်၏ ကွင်းပြင်ကျယ်ကို ကျေပွန်နိုင်ရန် နံရံလေးဖက်ထဲ သင်ပြမှုသင်ယူမှုနှင့် လုံလောက်မည်မဟုတ်။ သော်ကြောင့် မော်လနာအီလီယာစ် (ရဟမသွ)၏ လမ်းစဉ်ကို မိမိ၏ အဆောင်တော်အဖြစ် ခံယူလေသည်။ မော်လနာ သပ်လိဂ် လမ်းစဉ် လုံ့လဝီရိယမလျှော့ဘဲ ကြိုးပမ်းမှုက မော်လနာကြီးအား အာရကန် သပ်လိဂ် ညွှန်ကြားရေး တာဝန်ခံအဖြစ် တင်မြှောက်လေသည်။ 

✰မော်လနာကြီး၏ ဂုဏ်တော်အချို့နှင့် လုပ်ဆောင်ချက်များ✰

              မော်လနာကြီး၏ ဂုဏ်တော်များကို အသေးစိတ်ဖော်ပြရလျှင် စာအုပ်တစ်အုပ်ပင် ဖြစ်လာမယ်။ ဤနေရာတွင် အချို့ကိုသာ ဖော်ပြသွားမည်ဖြစ်သည်။ 


(၁) ဆိုရိုးရှိသည့်အတိုင်း မိမိ၏ သူတော်စင် မွန်မြတ်မှုသည် လူသုံးဦး၏ရှေ့မှောက်တွင် အလုပ်မဖြစ်။ (က) မိဘ၊ (ခ) ဇနီးကြင်ရာ၊ (ဂ) သူငယ်ချင်း။ သို့သော် မော်လနာကြီး၏ ထူးခြားချက်တစ်ခုမှာ ပညာသင်နေချိန်ကပင် အတန်းဖော်၊ အတန်းဖက်သူငယ်ချင်း၊ ဆရာများက “ဆူဖီ၊ ဘူဇော်ရ်ဂေါ့၊ အလ္လာဟ်ဝါလာ စသည့် သူတော်စင် ဂုဏ်ပုဒ်များဖြင့် ခေါ်ဆိုလေ့ရှိခဲ့သည်။ 


(၂) မော်လနာကြီးသည် သဟဂျတ်နမာဇ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုလေ့ရှိခဲ့သည်။ ဆရာကြီး ပြောဆိုသည်မှာ “ သဟဂျတ်နမာဇ် ဝတ်မပြုဘဲ စိတ်ပိုင်းဆိုင်ရာ ပြုပြင်မှု ဘယ်တော့မှ ရရှိမှာ မဟုတ်ပါ။ အကြင်သူတို့ ရရှိသမျှ အကျိုးကျေးဇူးသည် သဟဂျတ် နမာဇ်ကြောင့်သာ ဖြစ်၏။" ထို့အပြင် မော်လနာကြီးသည် နဖလ်နမာဇ်ကိုလည်း အလွန်အမင်း ဝတ်ပြုတတ်သော အလေ့အထရှိခဲ့သည်။ ထို့ပြင် အသျှင်ထံ ဆုတောင်းရာတွင် အလွန်ငိုကြွေးတတ်သည်။ “ဟားတိုက်ရယ်မောခြင်း နည်းပါးစေ၊ ငိုကြွေးခြင်းကို များလွန်စေ” ဟူသော အာယာတ်ကို အလေ့ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် နဖူးနှင့် မျက်စိအောက်တွင် ညိုမည်းသော အမာရွက်များဖြစ်လာသည်။ 


(၃) မော်လနာကြီးသည် မသင်္ကာဖွယ် အလုပ်များနှင့် မက္ကရူ အလုပ်များကို ဝေးဝေးမှ ရှောင်ကြဉ်လေ့ရှိသည်။ မဒ်ရဆာ ရှိခ်ဒါရာပါရာ ကျောင်းမှ နုတ်ထွက်ခြင်းရဲ့ အခြားအကြောင်းပြချက်နှင့်အတူ ဤအချက်သည်လည်း ပါဝင်လေသည်။ အကြောင်းမှာ- မော်လနာကြီးသည် မဒ်ရာဆာ၏ ဝင်ထွက်အသုံးဖြစ်သော စာရင်းဇယားများနှင့် စိတ်ချမှုမရှိခဲ့ချေ။ မော်လာနာကြီး၏ ထင်ရှားသော အဆိုအမိန့် တစ်ခုမှာ “မည်သည့် လုပ်ငန်းလုပ်ရပ်ကိုမဆို ဥာဏ်ပညာသုံးခြင်းနှင့် တိုင်ပင်ခြင်းမရှိဘဲ ဖရိုဖရဲ ကိုယ်ထင်ကရ လုပ်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းတည်း။”


(၄) မော်လနာကြီး၏ ဟောပြောချက်များသည် သုတရသ စုံလင်၍ ပြတ်သားရှင်းလင်းသည်။ ဟောပြောရာတွင် ကျမ်းမြတ်ကုရ်အာန်၊ ဟာဒီးစ်ရဲ့ မိန့်ဆိုချက် တွေကို ရွတ်ဖတ်ရှင်းပြသည့်အခါတိုင်း   စိတ်လှုပ်ရှားမှုကဲလွန်၍ ငိုကြွေး မျက်ရည်လည်ရွဲကျသဖြင့် ဟောပြောပွဲကို တိုတောင်းစေရသည်။ 


✰ သံဃောစဉ်ပန်း ပျက်စီးခံရခြင်း ✰

                  မော်လနာကြီးသည် ဂျမအတ် သပ်လိဂ်ကို ထထကြွကြွ ရှေ့ဆောင်သူ ပုဂ္ဂိုလ်များအနက် တစ်ဦး အပါအဝင်ဖြစ်သည်။ မော်လနာကြီး၏ ဘဝအကြောင်းကို ရေးရာတွင် ဖော်ပြပါ မရ်ကစ်အကြောင်း ကျန်ထားခဲ့လျှင် မည်သည့်အခါမှ ပြည့်စုံမည် မဟုတ်ချေ။ မော်လနာကြီး၏ အခြားကောင်းမှုများကို ပယ်လျှင်လည်း သည်ကောင်းမှု တစ်ခုတည်းနှင့်သာ အလ္လာဟ်အသျှင်မြတ်၏ ကရုဏာတော်ဖြင့် နေဂျာသ်ရရှိရန် ကုံလုံပြီဟု ယူဆရသည်။  မော်လာနာကြီးသည် ရှိခ်ဒါရ်ပါရာ (မြို့မကညင်တန်းရွာ)ရှိ လမ်းမကြီးနှင့် ဈေးလမ်းကြား   ခွဆုံရှိ ရှေးဟောင်း ပလီဝတ်ပြုကျောင်းကို သပ်လိဂ် ဂျမာအတ် ဌာနချုပ်မရ်ကစ် အဖြစ် ပြောင်းလဲပေးခဲ့သည်။ ၎င်းတွင် အပတ်စဉ် ကြာသပတေးနေ့ည (ရှော်ပ်ဘေဒါရီ) တွင် ပွဲလမ်းရှိသည်အလား လူတွေ စည်းစည်းကားကား လာရောက်ကာ တရားနာလေ့ရှိသည်။ ထိုမရ်ကစ်ကို အသက်တမျှ ချစ်ခင်သည်။ 


              ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရက ထို မရ်ကစ်တော်ကို သော့ပိတ်ခဲ့သည်အခါ မော်လနာကြီးသည် အသည်းကြိတ်လုအောင် စိုးရိမ်ပူပန်သောက ခံစားရသည်ကို မြင်သူတိုင်း သိရသည်။ ရှေးဟောင်းဝတ်ပြုကျောင်း မရ်ကစ်ကို ပျက်စီးလိုက်ရန် မော်လနာကြီးအား ဆင့်ခေါ်ပြောဆိုသော်လည်း ငြင်းပယ်ခဲ့ပါသည်။ ထို့ကြောင့် အာဏာပိုင်တွေ၏ ရက်စက်ဖိနှိပ်မှု အမျိုးမျိုးကို ခံခဲ့ရသည်။ 


             နောက်ဆုံးတွင်  ၁၉၉၇ ခုနှစ် မတ်လ (၁၁)ရက်နေ့၌ မော်လာနာကြီး၏ အချစ်တော် မရ်ကစ်တော်ကြီးကို စစ်တပ်က ပျက်စီးလိုက်သည့်အခါ မော်လနာကြီးသည် အရူးဖြစ်လောက်အောင် ထိုသူ့ထံ သည်သူထံ သွားရောက် အောက်ချနိမ့်ချခံ မရ်ကစ်တော်အား ကယ်ဆယ်ရေးအတွက် အကူအညီ တောင်းခံခဲ့သည်။ မော်လနာကြီး၏ ကျန်ဘဝ တလျှောက်လုံး ထိုမရ်ကစ်တော်အား ပြန်လည်ရရှိရေးကို တမ်းတကာ ငွေကုန်အားကုန်ဖြင့် ကြိုးပမ်းခဲ့သည်။ အနည်းဆုံး တစ်နေ့တစ်ကြိမ်စီ သိမ်းဆည်းခံရသော မရ်ကစ်အား ဖူးမော်ရန် ရောက်လာလေ့ရှိသည်။ ပြီးနောက် မျက်ရည်စမ်းစမ်းကျရင်း မော်လနာနှင့် သာသနာ့ရင်တော်ကို နာစေခဲ့သော သူယုတ်မာတွေအတွက်  ဒိုဝါတောင်းလေ့ ရှိသည်။ “အို… အလ္လာဟ် အသျှင်တော်မြတ် ဒီလူယုတ်တွေအား ဟေဒါယတ် ပေးသနားတော်မူပါ။" ဗဟို မရ်ကေစ်တော်ကို ရှိခ်ဒါရ်ပါရာ မဒ်ရာဆာ၌ ရွေ့ပြောင်းခဲ့လေသည်။


သိမ်းဆည်းခံခဲ့ရသော ရှေးဟောင်း မရ်ကစ်ပလီဝတ်ပြုကျောင်းတော်။

            ရှေးဟောင်းမရ်ကစ်ကို အစိုးရက မီးသတ်ဌာနအဖြစ် ပြောင်းလဲလိုက်သည်။ မရ်ကစ်၏ ပင်မအဆောင်ကို ယနေ့တိုင် ထိုနေရာတွင် တွေ့ရှိရသည်။


မရ်ကစ်ဝန်းကျင်အတွင်း မီးသတ်ဌာနက တိုးချဲ့ ဆောက်ထားသည့် အဆောက်အအုံ။


✰ ဝါသနာနှင့် သာသနာရေး ✰

                မော်လနာကြီးသည် ဂျမအတ် ဘာသာရေး အားထုတ်မှုဖြင့် မြန်မာပြည်၏ အနယ်နယ်အရပ်ရပ်သို့ လှည့်လည်ကာ အိစ္စလာမ်သာသနာ ရှင်သန်ထွန်းကားရေးအတွက် ကြိုးပမ်းခဲ့သည်။ မိမိအိမ်ထက် အလ္လာဟ် လမ်းတွင် အချိန်ဖြုန်းခြင်းများသည်။ တစ်နှစ်ပတ်လုံးတွင် ၂-၃လသာ နေထိုင်သည်။ ကျန်လများကို အလ္လာဟ် လမ်းတော်၌ ကုန်ဆုံးစေခဲ့သည်။ ပြည်တွင်း ဘာသာရေး ခရီးများသာမက ပြည်ပ နိုင်ငံခြားသို့တိုင် သွားရောက်၍ ကမ္ဘာသူ ကမ္ဘသားအား အီစ္စလာမ်သသာနာတော်၏ သတင်းကောင်းကို ပို့စေခဲ့သည်။ အမှောင်တွင်း ကျနေသော သူတို့အား အလင်းပြခဲ့သည်။ များစွာသော သူတို့ကို အီစ္စလာမ် သာသနာ့ ဆာယာအောက်သို့ ခေါ်သွင်းနိုင်ခဲ့သည်။ 

            မော်လနာကြီးသည် စာဖတ်ခြင်းကို အထူးဝါသနာပါသည်။ သွားလေရာအရပ်၌ အတူ အဖော်အဖြစ် စာအုပ် ဆောင်ယူထားတတ်သည်။ ‘စာအုပ်သည် ဦးဏှောက်၏ အာဟာရ ဖြစ်သည်’ ဟု အမြဲဆိုလေ့ရှိသည်။ သာသနာ့ တာဝန်ကို ထမ်းဆောင်ရင်း အချိန်ရတိုင်း သာသနာဆိုင်ရာ၊ ဂျမအတ် အလ္လာဟ်လမ်းထွက်ခြင်းဆိုင်ရာ စာအုပ်များ ရေးသားလေ့ရှိသည်ဟု မော်လနာကြီးနှင့်အတူ အကြိမ်ကြိမ် ဂျမအတ်ထွက်ခဲ့သော သူတစ်ဦးက ပြောဆိုခဲ့သည်။ သို့သော် ဒေသန္တရ အခြေအနေအရ ပုံနှိပ်ထုတ်ဝေခြင်း မပြုနိုင်ခဲ့ချေ။ ၎င်းစာအုပ်များထဲမှ ကူးယူထားသော စာအုပ်တစ်အုပ်သည် မောင်းတောမြို့နယ်၊ ရာဘာအိလ္လာကျေးရွာရှိ သပ်လိဂ် အာလင်တစ်ပါးထံရှိသည်ဟု သိရှိရသော်လည်း ယနေ့အထိ လက်ခံ မရရှိသေးပါ။ ဤသို့သော် ပုဂ္ဂိုလ်မွန် သာသနာ့ပညာရှင်တို့၏ လက်ရာများ ဆုံးရှူံးနေရခြင်းသည် ကြီးစွာသော ဆုံးရှူံးမှု တစ်ရပ်ပင် ဖြစ်သည်။

   

✰ မော်လနာကြီး၏ အိမ်ထောင်ရေး ✰


                မော်လနာကြီးသည် ဘဝတလျှောက်တွင် နှစ်ကြိမ် လက်ထပ်ခဲ့သည်။ ပထမကြင်ရာအဖြစ် ဘရ်ဓေအိလ်ရွာသူ တစ်ဦးကို လက်ထပ်ခဲ့သည်။ အကြောင်း အားလျော်စွာ ဒုတိယကြင်ရာအဖြစ် ဥဒေါင်းရွာရှိ နိုင်ငံတကာအဆင့်မီ ကာရီမော်လနာ အေရ်ရှာတ်၏ သမီးနှင့် လက်ထပ်ခဲ့ပြန်သည်။

                 မော်လနာကြီး သခင်၏ သားတော် မူဟမ္မဒ် အီစ်ဟာခ်မှာ ဟာဖေဇ်ကုရ်အာရ် အာလင်မ်တစ်ပါးဖြစ်သည်။ ရှိခ်ဒါရ်ပါရာ မဒ်ရာဆာ၊ နူရုလ္လာပါရာ မဒရာဆာတွင် ပညာသင်ကြားခဲ့သည်။ သမီးတော် တစ်ပါးမှာ ဦးကာလူမျာ၏သား မော်လဝီ အဗ္ဗဒူလ်ဂါဖ္ဖာရ်နှင့် လက်ထပ်ခဲ့ပြီး သားတစ်ယောက် ထွန်းကားခဲ့သည်။  

  

✰ နောက်ဆုံး ဟဂ်ျခရီးနှင့် ဘဝပြောင်း✰

           အရှင်မြတ်၏ အာယာတ်တော် “ كل نفس ذاءكت الموت ” သတ္တလောကတိုင်းသည် မရဏတရား၏ အရသာကို မြည်းကြည့်ရမည်။ ဒွိနိယာလောက၏ စည်းစိမ် ချမ်းသာကို ခွဲခွာပြီး တမန်လွန်ခရီး မုချဆက်ရမည်။ ဆီကန္ဒော်ရ် ဘုရင်က မှာကြားခဲ့သည်မှာ “ငါ ဆုံးပါးခဲ့လျှင် ငါ၏ လက်တော်နှစ်ပါးကို ကဖောင်ဝတ်၏ အပြင်၌ ထုတ်ထားပါလော့။ အကြောင်းမှာ လူတွေအတွက် “ဤမျှလောက် ဘုန်းတန်ခိုးမြင့်မြတ်သည့် ဘုရင်ကပင် ကဗရ်သို့ ဗလာလက်ဖြင့်သာ  သွားရသည်” ကို သင်ခန်းစာ တစ်ရပ်ဖြစ်ရန် ဖြစ်သည်။

               လူသားတိုင်းသည် လောကခရီးကို ဖြတ်သန်း၍ တမလွန်ဘဝသို့ ဆိုက်ရောက်ရမည်ကား ဓမ္မတာတစ်ခုဖြစ်လေသည်။ သို့သော် အချို့ဝလီသူတော်စင်သူတော်ကောင်းများ ကွယ်လွန်မှုတွင် မိုးကောင်းကင်၊ မြေပထဝီပင် ငိုကြွေးပူဆွေးကြသည်။ 


                  မော်လနာကြီးသည် ၁၉၉၉ ခုနှစ်တွင် ဆော်ဒီအရေဗီယားနိုင်ငံသို့ ဟဂ်ျ ဘုရားဖူးသွားခဲ့သည်။ သသာနာ့တာဝန်၊ အမျိုးပေးတာဝန်ကို ဆောင်ရွက်ရင်း  ၂၀၀၀ ပြည့်နှစ် ဧပြီလ (၁၃) ရက်၊ တနင်္လာနေ့တွင် ဤကမ္ဘာလောကကို စွန့်ခွာ၍ အသျှင်သခင့် အမိန့်တော်ခံယူလေသည်။ ရိုဟင်ဂျာလူထုသည် လမ်းပြဓူဝံကြယ်သဖွယ်ဖြစ်သော ရှေ့ဆောင်ပညာရှင်တစ်ပါးကို ဆုံးရှူံးခဲ့ရလေသတည်း။ 

 

စိတ်ထဲသောက လောင်ကျွမ်းရာ၊ လမ်းခွဲခြင်းက ပေးဒဏ်ရာ၊

မီးရှင်တစ်အိမ်သာ ကျန်တာလည်း၊ ငြိမ်းအေးကွယ်သွား ကျန်မှောင်မည်း။]

🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄


ကိုးကား ⏩(၁)  အာကာဗေရ် အေ အာရ်ကာန် [အာရကန်ပြည်၏ ပုဂ္ဂိုလ်ထူးများ] စာအုပ်| ရေးသား- အဟ်မတ် ဆီဒ္ဒီခ်။
                    (၂) သက်ကြီးအိုကြီး