Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ရိုဟင်ဂျာသမိုင်း. Show all posts
Showing posts with label ရိုဟင်ဂျာသမိုင်း. Show all posts

Sunday, March 29, 2026

တော်လှန်ရေးခေါင်းဆောင် ဘီအေ ဂျာဖော့ရ် (၁၉၃၉-၁၉၈၇)

 
တော်လှန်ရေး ခေါင်းဆောင်ကြီး ဘီအေ ဂျာဖော့ရ်၏ ပုံဟောင်းကို Gemini ဖြင့် ပြုပြင်ထားသည့်ပုံ။ 

တော်လှန်ရေးခေါင်းဆောင် ဘီအေ ဂျာဖေါ့ရ် (၁၉၃၉-၁၉၈၇)


"မိစ္ဆာကို တော်လှန်ပုန်ကန်ခြင်းသည် ဘုရားသခင်၏ အမိန့်တော်ကို လိုက်နာခြင်းပင်တည်း။"

— ဘီအေ ဂျာဖေါ့ရ်


ရိုဟင်ဂျာ ခုခံတော်လှန်ရေးသမိုင်းတွင် ဂျာဖေါ့ရ် နာမည်နှင့် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော ခေါင်းဆောင် ၃ ဦး ပေါ်ထွန်းခဲ့သည်။ ၎င်းတို့ထဲတွင် ဘီအေ ဂျာဖေါ့ရ်သည်လည်း ထင်ရှားသောတော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ခေတ်ဟောင်း တော်လှန်ရေးလမ်းစဥ်ကို အတွေးသစ်အမြင်သစ်နှင့် ပြုပြင်ပြောင်းလဲ၍ ခေတ်သစ် တော်လှန်ရေးလမ်းစဥ်ကို အုတ်မြစ်ချကာ အဓမ္မဝါဒီ စစ်အာဏာရှင်ကို ရဲရဲစွမ်းစွမ်း တော်လှန်ခဲ့သူဖြစ်သည်။ မိမိဘဝတစ်သက်လုံးကို မိမိလူမျိုးအတွက် စတေးခဲ့သည့် မဟာလူသားတစ်ဦးဖြစ်သည်။

ဘီအေ ဂျာဖေါ့ရ် ကို ဘူးသီးတောင်မြို့နယ်၊ အာလီယောင်း (အလယ်ချောင်း) ကျေးရွာတွင် ၁၉၃၉ ခန့်က ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ မိုဟာမတ် ဂျာဖေါ့ရ်ဟာဘီဘ် ဖြစ်သည်။ ဖခင်မှာ ဟာဘီဘုဇ်ဇာမာန် ဖြစ်သည်။ ကြွယ်ဝချမ်းသာ၍ ပညာတတ် မိသားစုမှ ဆင်းသက်လာခဲ့သူဖြစ်သည်။ ဘကြီး အရှရာဖ်ဇာမာန် ချောင်ဒရီသည်လည်း ဘူးသီးတောင်မြို့နယ်၏ ဂုဏ်သရေရှိ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ 

ဂျာဖော့ရ်သည် အခြေခံပညာကို မော်နီဘီလ်နှင့် ဘူးသီးတောင်မြို့တို့တွင် သင်ယူခဲ့သည်။ ဥပစာတန်းကို အရှေ့ပါကစ္စတန်၊ ဒါကာမြို့ရှိ Notre Dame College မှ အောင်မြင်ခဲ့သည်။ ထို့နောက် အဆင့်မြင့်ပညာ သင်ယူရန် ရန်ကုန်မြို့သို့ သွားရောက်ကာ ရန်ကုန်တက္ကသိုလ်၌ ဒသသနိက၊ နိုင်ငံရေးသိပ္ပံနှင့် ခေတ်သစ်သမိုင်း အဓိကဖြင့် ၁၉၆၂ ခုတွင် ဘီအေဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ ခု ဂျူလိုင်လ ၇ ရက် ကျောင်းသားသပိတ်တွင် ဂျာဖော့က တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည်။ ထို့နောက် BL ဆက်လက် သင်ယူသည်။ သို့သော် ကျောင်းတစ်ပိုင်းတစ်ဝက်မှ ထွက်ကာ အာဏာရှင်ကို တော်လှန်သည့်လမ်းကို ရွေးချယ်ခဲ့သည်။
ဘီအေ ဂျာဖော့ရ်၏ တက္ကသိုလ်ကျောင်းသားဘဝတုန်းက ပုံ။

ရန်ကုန်တက္ကသိုလ်တွင် ပညာသင်နေစဥ် ၁၉၆၁-၆၂ ခုတွင် ရန်ကုန်တက္ကသိုလ် ရခိုင်မူဆလင်ကျောင်းသားကျောင်းသူများအသင်း၌ မေယုဒေသဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ထို့ပြင် ဂျာဖေါ့ရ်နှင့် အခြားရိုဟင်ဂျာကျောင်းသားကျောင်းသူများ ဦးဆောင်၍ "Rohingya Students Organisation" ရိုဟင်ဂျာ ကျောင်းသားကျောင်းသူများအသင်းကို ၁၉၆၂ ခုနှစ်၊ မတ်လတွင် ထူထောင်ခဲ့သည်။ ဂျာဖော့ရ်သည် ထိုအသင်းတွင် ဒုတိယ ဥက္ကဌ ဖြစ်လာခဲ့သည်။ ဥက္ကဌ အဖြစ် ဟူစိန်းကာဆိမ့်ကို ရွေးချယ်တင်မြောက်ခဲ့သည်။ ၂ နှစ်ကြာပြီးနောက် ဥက္ကဌရာထူးရွေးချယ်ရာ ဂျာဖော့ရ်သည် ထိုအဖွဲ့၏ ဥက္ကဌ အဖြစ် ရွေးချယ်ခံရသည်။ ဆရာရှော်ဘီရ်ဟူစိန်းမှာ ဒုဥက္ကဌ အဖြစ် တင်မြောက်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် ရခိုင်မူစလင်အသင်း အမူဆောင်အဖွဲ့၏ ဓာတ်ပုံ မှတ်တမ်း။ ရှေ့တန်း ဝဲဘက်စွန်းက ဘီအေ ဂျာဖော့ရ်။ ပုံ- Ek Khaale. 

ဂျာဖော့ရ်သည် ရန်ကုန်တက္ကသိုလ်၌ ပညာသင်ရင်း အီဂျစ်နိုင်ငံ သံရုံးတွင် ဘာသာပြန်တစ်ဦးအဖြစ် အလုပ်ဝင်လုပ်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ဂျာဖေါရ်သည် ဝမ်းကွဲအစ်ကို အဘူဆူဖီယာန်၏ မင်္ဂလာပွဲတွင် တက်ရောက်ရန် ဘူးသီးတောင်သို့ ရောက်လာခဲ့သည်။ ထိုပွဲတွင် ဂျာဖေါရ်သည် ရှူနာအာလီ (ဒပြူးချောင်း)၊ ဆရာကြီးနော်ဇီရ်အမတ်၊ ဆရာဝန် ဇာဟီးဒ်ဟူစိန်း တို့နှင့် တွေ့ဆုံခဲ့သည်။ သူတို့သည် အနီးရှိ ဆီကန်ဒါရ် ဒါရ်ဂါသို့ ထိုင်ကာ တိုင်းပြည်၏ တနေ့တခြား ဆိုးရွားလာနေသည့် အခြေအနေကို စကားစမြည်း ဆွေးနွေးတိုင်ပင်ခဲ့သည်။ ဤသို့ ဆိုးရွားသော အခြေအနေကို ခုခံရန် တော်လှန်ရေးတစ်ခု စတင်ရန် လိုအပ်ကြောင်း သူတို့ တညီတညွတ်တည်း ယုံကြည်ကြသည်။ နောက်နေ့တွင် ဆရာကြီးဆုလ်တာန် စသော အခြား ဝံသာနုစိတ်ထက်သန်သည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံတိုင်ပင်ရန် သူတို့ မောင်တောသို့ ထွက်ခွာခဲ့သည်။ အဆိုပါဆွေးနွေးမှုတွင် စစ်အာဏာရှင်ကို ရရာနည်းနှင့် တော်လှန်ရန် သူတို့အားလုံး သဘောတူခဲ့သည်။ ထို့နောက် သူတို့သည် မယောင်းခါလီစျေးသို့ သွားရောက်ကာ စျေးဟောင်းဗလီ၌ အဆွာရ်နမားဇ် ဝတ်ပြုပြီး ကတိသစ္စာပြုခဲ့သည်။ ၁၉၆၄ ခု ဧပြီလ ၂၆ ရက်နေ့တွင် သူတို့အားလုံး သွေးဖောက်ကျမ်းသစ္စာဆိုပြီး ရိုဟင်ဂျာ တော်လှန်ရေးကို တကျော့ပြန် စတင်ခဲ့သည်။ အဖွဲ့အမည်ကို ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (Rohingya Independence Front) ဟု အမည်ပေးခဲ့သည်။ အဖွဲ့ခေါင်းဆောင်ကို Grand Raja ဟု ခေါ်တွင်သည်။ ခေါင်းဆောင်အဖြစ် ဆရာကြီး ဆုလ်တာန်ကို ရွေးချယ်ခဲ့သည်။ ဂျာဖေါ့ရ်အသက် ငယ်ရွယ်သဖြင့် လေးစားခံရသော ဝါရင့် ဆရာကြီးကို တာဝန်ပေးအပ်ခြင်းဖြစ်သည်။ ထိုအဖွဲ့သည် အနုနည်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရေးစတင်ခဲ့သည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ အဓမ္မ ဖိနှိပ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကာ ဗိုလ်နေဝင်း၏ အာဏာရှင်စနစ်ကို အခြားတိုင်းရင်းသားများနှင့် လက်တွဲကာ အမြစ်ဖြတ်တိုက်ဖျက်ရေးနှင့် ရိုဟင်ဂျာလူမျိုးတို့ ဆုံးရှုံးခံနေရသော အခွင့်အရေးမှန်သမျှကို ပြန်လည်အရယူရေးတို့ဖြစ်ကြသည်။ 

ဂျာဖော့ရ် ဝမ်းကွဲအစ်ကို၏ မင်္ဂလာပွဲ ပြီးဆုံးပြီးနောက် သူသည် ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ရန်ကုန် ပြန်ရောက်သောအခါ မဆလအစိုးရက အူရ်ဒူ သတင်းစာများ ပိတ်ပင်လိုက်သဖြင့် ဂျာဖော့ရ်၏ ဘာသာပြန်အလုပ်လည်း လက်လွှတ်သွားခဲ့ရသည်။ သာသနာရေးဝန်ကြီးဌာနမှ မွတ်စလင်ကျောင်းသားများအသင်းကို ထောက်ပံ့လေ့ရှိသော ငွေ ၆၅၀၀၀ ကျပ်ကိုလည်း ဗိုလ်ချုပ်ကျော်စိုးက ရုပ်သိမ်းလိုက်၍ ရန်ကုန်တက္ကသိုလ် မွတ်စလင်ကျောင်းသားများအသင်း (RUMSA) နှစ်ပတ်လည်မဂ္ဂဇင်း ရန်ပုံငွေအတွက် ကြော်ငြာများစုစည်းရန် RUMSA ဒု-ဥက္ကဌ ဆယဒ်အာနုဝါရ်အဇီမ်နှင့်အတူ မနားတမ်း လှုပ်ရှားခဲ့သည်။ သူတို့ နှစ်ဦးသည် ဒီမိုကရေစီလမ်းစဥ်ကို ယုံကြည်ပြီး မည်သည့်အာဏာရှင်စနစ်ကို မဆို မုန်းတီးကြသည့် စိတ်တူကိုယ်တူများ ဖြစ်ကြသည်။ ရန်ကုန်တက္ကသိုလ် မူစလင်ကျောင်းသားကျောင်းသူအပေါ် အစိုးရ၏ အကန့်အသတ်များကို ဖြေလျော့နိုင်ရန်လည်း အပတ်တကုပ် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ဂျာဖောရ်သည် ရန်ကုန်၌ ရှိစဥ် အမေရိကန် ပြည်ထောင်စုသို့ ရွေ့ပြောင်းနေထိုင်ရန် အခွင့်အလမ်းကောင်း ရရှိခဲ့သည်။ အမေရိကန်နိုင်ငံတွင် နေထိုင်သူ နယျုးကလိယားသိပ္ပံပညာရှင် ဒေါက်တာ တင်မောင် ခေါ် အဘူလ်ဟူစိန်းနှင့်လည်း ရင်းနှီးသည်။  (သူ ပါရဂူဘွဲ့ရရှိပြီး ရန်ကုန်ရောက်ရှိစဥ်က ရိုဟင်ဂျာကျောင်းသားများအဖွဲ့က ဖိတ်ခေါ်၍ တခမ်းတနား ဂုဏ်ပြုခဲ့သည်။) ထို့အပြင် အမေရိကန်နိုင်ငံ၌ နေထိုင်သည့် ၎င်း၏ ဆွေမျိုးများက သူ့အတွက် လိုအပ်သော အကူအညီများ၊ ငွေကြေးအထောက်အပံ့များ ပေးဆောင်ရန် အသင့်ဖြစ်ကြောင်း အမေရိကန်သို့ ပြောင်းရွှေ့ရန် ဂျာဖော့ရ်ကို ဖိတ်ခေါ်ခဲ့သည်။ ၎င်းတို့၏ အကူအညီဖြင့် အမေရိကန်နိုင်ငံသို့ ရွေ့ပြောင်းနေထိုင်ရန် ဂျာဖော့ရ်အတွက် အလွန်ပင် လွယ်ကူလှပေသည်။ သို့သော် ဂျာဖော့သည် သူ၏တောက်ပြောင်လှသော ဘဝ အနာဂတ်ကို မမက်မောဘဲ မိမိလူမျိုးနှင့် တိုင်းပြည်ကို စစ်အာဏာရှင်၏ မတရားနှိပ်စက်မှု ကွင်းပြင်မှ ကယ်ထုတ်ရေးကိုသာ သူ ဦးစားပေး ရွေးချယ်ခဲ့သည်။  

ရန်ကုန်မှ ပြန်လာပြီးနောက် ငယ်ချစ်ဆွေ ဘဝဖော် အရှရာဖ်ဇာမာန် ချောင်ဒရီ၏ သမီးနှင့် လက်ထပ်ထိမ်းမြှားခဲ့သည်။ ထို့နောက် ဂျာဖော့သည် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့်  RIF ကိုယ်စားလှယ်အဖြစ် ပါကိစ္စတန်သို့ သွားရောက်ခဲ့သည်။

ပါကစ္စတန်နိုင်ငံ သမ္မတ အာယုပ်ခါန် နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ လူမျိုးရေးဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တင်ပြကာ စစ်အာဏာရှင် ဆန့ကျင်ရေးတွင် ပါဝင်လှုပ်ရှားနေသည့် မြန်မာနိုင်ငံသားများကို ကူညီရန် တောင်းဆိုခဲ့သည်။ ၁၉၈၉ ခုတွင် ဇာဖေါ့ရ်သည် နောင်ဘင်္ဂလားဒေ့ရှ် သမ္မတဖြစ်လာမည့် ဗိုလ်ချုပ် ဇီယာအူရာဟ်မာန်နှင့် တွေ့ဆုံကာ မြန်မာပြည်တွင် အာဏာရှင်နေဝင်းအစိုးရက ပြည်သူလူထုကို မတရားဖိနှိပ်ညှည်းပမ်းနေသည့် အကြောင်းစုံကို ဆွေးနွေးတင်ပြကာ ပါကစ္စတန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအာဏာရှင်ကို ဖိအားပေးရန် တောင်းဆိုခဲ့သည်။

ဂျာဖော့သည် အနုနည်းဖြင့် စစ်အာဏာရှင်ကို တော်လှန်ရာ၌ အောင်မြင်မှုမရရှိသဖြင့် ၁၉၇၁ ခုတွင် ဂျာဖော့ရ်သည် သူ၏ အာရ်အိုင်အဖ် အပေါင်းအဖော်များနှင့်အတူ ဇာဖေါရ်ဆားနီ၏ မူဂျာဟီဒ်ပါတီသို့ ဝင်ရောက်ကာ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့သည်။ (မူဂျာဟိတ်ပါတီခေါင်းဆောင်နာမည်မှာလည်း ဇာဖေါရ်ဆာနီ ဖြစ်နေ၍ နာမည်ချင်းတူနေသဖြင့် ဂျာဖော့ရ်ကို ဘီအေ ဂျာဖော့ရ်ဟု ခွဲခွဲခြားခြား ခေါ်တွင်လာခဲ့သည်။) RIF အစီအစဥ်ဖြင့် မေယုရာရှစ် (ခ) ဘမောင်နှင့် မလဝီ ကဘီရ်တို့ကို ထိုင်းနိုင်ငံသို့ စေလွှတ်ကာ အာဏာရှင်နေဝင်းကို ဖြုတ်ချရန် ကြိုးပမ်းနေသည့် ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် တွေ့ဆုံတိုင်ပင်စေခဲ့သည်။

၁၉၇၃ ခု အစပိုင်းတွင် ကွန်မြူနစ်ပါတီနှင့် ဗမာစစ်တပ်တို့ ပူးပေါင်း၍ ဇာဖေါ့တို့၏ ရသေ့တောင်ဌာနချုပ်ကို အလစ်ငင်း တိုက်ခိုက်ခဲ့သည်။ ရခိုင်ကွန်မြူနစ်ပါတီသည် ဇာဖောရ်ဆားနီနှင့် မဟာမိတ်ဖွဲ့ထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ သို့သော် သစ္စာဖောက်၍ ဗမာစစ်တပ်နှင့် ပူးပေါင်းကာ မူဂျာဟိတ်အဖွဲ့ကို တိုက်ခိုက်လာခြင်းဖြစ်သည်။ တိုက်ပွဲသည် လနှင့်ချီ ကြာမြင့်ခဲ့သည်။ နှစ်ဖက် အကျအဆုံးလည်း များပြားခဲ့သည်။ အစပိုင်းတွင် ဇာဖာရ်တို့အဖွဲ့ တိုက်ပွဲအနိုင်ရခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ့တပ်မတော်က အင်အားဖြည့် ထိုးစစ်ဆင်လာသောကြောင့် သူတို့၏ ခြေကုပ်ယူထားသည့်စခန်းများကို တစ်ခုပြီးတစ်ခု တဖြေးဖြေး ဆုပ်ခွာပေးခဲ့ရသည်။

မေယုတောင်တန်း တစ်နေရာတွင် ရိုက်ကူးထားသော RPF ခေါင်းဆောင် ဘီအေ ဂျာဖော့ရ်။ 


၁၉၇၃ ခုနှစ် အလယ်လောက်တွင် ဘီအေ ဂျာဖော့ရ်၊ ဇာဖေါရ်ဆာနီ နှင့် မေယုရာရှစ်တို့ သုံးပွင့်ဆိုင် ဆွေးနွေး၍ လက်ရှိ တော်လှန်အဖွဲ့ကို ခေတ်မီစစ်ဗျူဟာများနှင့်အညီ ပြုပြင်ပြောင်းလဲရန် အချိန်တန်ပြီ ဖြစ်ကြောင်း သုံးသပ်သဘောတူခဲ့သည်။

၁၉၇၃ ခု စက်တင်ဘာလ ၁၂ ရက်တွင် ဂျာဖေါ့ရ် ဦးဆောင်၍ Rohingya Patriotic Front ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့တွင် ဇာဖေါ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့သည်။

၁၉၇၄ ခုတွင် နောက်ထပ် ပညာတတ်လူငယ်အချို့ ဂျာဖေါ့၏ အဖွဲ့သို့ သစ္စာရေသောက်ခဲ့သည်။ ထိုအဖွဲ့ ၌ နောင်တွင် တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဖြစ်လာမည့် ဆရာရှောဘီရ်ဟူစိန်း၊ ရှေ့နေနူရ်အစ္စလာမ်၊ ဒေါက်တာအီနုစ်နှင့် ပါမောက္ခ ခင်မောင် တို့ပါဝင်လာသည်။



၁၉၇၈ ခု အကြမ်းဖက် နဂါးမင်း စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာများကို ရမ်းကား မောင်းထုတ်ခဲ့သည့်အချိန်တွင် ဇာဖေါ့ရ်၏အဖွဲ့ တွင် လူငယ်များ ပူးပေါင်းလာကြသည်။ RPF သည် ယခင်ကထက် အင်အားကြီးထွားလာခဲ့သည်။ ဂျာဖော့သည် ၁၉၇၈ ခု အကြမ်းဖက် နဂါးမင်းစစ်ဆက်ရေး နောက်ကွယ်က အာဏာရှင်နေဝင်း၏ ယုတ်မာသည့် အကြံအစည်ကို ကမ္ဘာသိအောင် ကြိုးပမ်းလှုပ်ရှားခဲ့သည်။ Rohingyas' Outcry and Denands ၊ Genocide in Burma Against the Muslims of Arakan စာအုပ်၊ စာစောင်များ ထုတ်ဝေကာ ရိုဟင်ဂျာလူမျိုးအပေါ် စနစ်တကျ ဖိနှိပ်ချုပ်ချယ်သောင်းကျန်းလာမှုများ၊ ရိုဟင်ဂျာလူမျိုး၏ တောင်းဆိုချက်များကို ကမ္ဘာသိ ထုတ်ဖော်တင်ပြခဲ့သည်။  ကမ္ဘာလူ့အခွင့်အရေးကောင်စီအထိ အစီရင်ခံစာများပေးပို့ကာ ရိုဟင်ဂျာများ တရားမျှတမှုရရှိရေးအတွက်  ကြိုးပမ်းခဲ့သည်။ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့မူစလင်ကွန်ဖရင့်တွင် ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်။
RPF ၏ အစည်းအဝေးတစ်ခုတွင် တွေ့ရှိရသည့် အသက်ကြီးလာသော ခေါင်းဆောင် ဘီအေ ဂျာဖော့ရ်။ ပုံ- အင်တာနက်။
ဘီအေ ဂျာဖော့ရ်၏ ချစ်လှစွာသော ဇနီးကြင်ရာ။ ပုံ- အင်တာနက်။

၁၉၇၈ နောက်ပိုင်းတွင် ဂျာဖော့သည် ဆော်ဒီအရေးဗျားနိုင်ငံသို့ သွားရောက်ခဲ့သည်။ ဆော်ဒီ၌ ကမ္ဘာ့မူစလင်ခေါင်းဆောင်များ၊ ဖိလစ်ပိုင်မူစလင်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ဆော်ဒီအရေးဗီယားမှ ပြန်လာသောအခါ RPF အဖွဲ့အတွင်း ပုန်ကန်မှုဖြစ်ပေါ်ခဲ့သည်။  သို့သော် ဂျာဖော့သည် စိတ်သဘောထားကွဲလွဲနေသူများကို ပြန်လည်စည်းရုံးနိုင်ခဲ့သည်။

RPF ပြန်လည်အားတင်းလာသည့်အချိန်တွင် ခေါင်းဆာင်ပိုင်နေရာအတွက် ထပ်မံပုန်ကန်မှုဖြစ်ပွားခဲ့သည်။ ဒု-ဥက္ကဌ ရှောဘီဟူစိန်း ခေါ် ဦးမောင်တင်က ဂျာဖော့ကို ဖြုတ်ချကာ ခေါင်းဆောင်နေရာကို သိမ်းယူခဲ့သည်။ ဂျဖောသည် သူ့အပေါ် သစ္စာရှိသော ရဲဘော်ရဲဖက်များကို စည်းရုံးကာ RPF ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ တပ်မှူးအဖြစ် ဒါလိလ်အမတ်ကို ခန့်အပ်ခဲ့သည်။
ခေါင်းဆောင်ကြီး ဘီအေ ဂျာဖော့ရ်၏ နောက်ဆုံး ခေါင်းချရာ နေရာ။ ပုံ- ခင်မောင်။


ဘီအေဂျာဖော့ ၏ ကိုယ်ကျိုးမဲ့ တော်လှန်ရေးလှုပ်ရှားမှ အနာဂတ်တွင် ရိုဟင်ဂျာလူမျိုးအတွက် အသက်သွေးစတေးမည့် တော်လှန်ရေးမျိုးစိတ်ကောင်း လူငယ်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ တော်လှန်ရေးခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးခဲ့သည်။ ဂျာဖောသည် သူ၏အိပ်မက် "ရိုဟင်ဂျာလူမျိုးလွှတ်မြောက်ရေး"အတွက် ကြိုးပမ်းရင်း ၁၉၈၇ ခု နိုဝင်ဘာလ ၆ ရက်နေ့တွင် အိပ်မက် မဖြည့်ဆည်းနိုင်ဘဲ အသည်းရောင်ရောဂါဖြင့် ကွယ်လွန်ခဲ့လေသည်။ ဘီအေ ဂျာဖော့သည် နောက်ဆုံးထွက်သက်အထိ အမျိုးသားတော်လှန်ရေးကို သစ္စာရှိရှိ မနားတမ်းလုပ်ဆောင်ခဲ့သူဖြစ်သည်။ ရိုဟင်ဂျာတော်လှန်သမိုင်းတွင် ဘီအေ ဂျာဖောရ်သည် မမှိန်နိုင်သော ကြယ်စင်အဖြစ် ထာဝရ တောက်တောက်ပြောင်နေမည်တည်း။

လူထုဝဏ္ဏ
(၂၅-၈-၂၀၂၅)

ကိုးကား‐

Jilani, A. F. K. (1999). The Rohingyas of Arakan: Their Quest for Justice. Ahmed Jilani. Retrieved 22 March 2018.

Siddique, Muhammad.  (N.d). Akaabere Arakan. (Urdu Version).


Thursday, February 12, 2026

ရဲအုပ် အဗ္ဗဒူလ်ဟာဒီး (၁၉၁၈-၂၀၀၄)

 

ရဲအုပ် အဗ္ဗဒူလ်ဟာဒီး (၁၉၁၈-၂၀၀၄)



ရဲအုပ် ဦးဟာဒီးသည် ရိုဟင်ဂျာ၊ ရခိုင် အားလုံးက ချစ်ခင်ရိုသေလေးစားသည့် ထင်ရှားသော ရိုဟင်ဂျာအမျိုးသားတစ်ဦးဖြစ်သည်။ ပြည်သူ့လွှတ်တော်အမတ် ဦးရွှေမောင်နှင့် အထက်တန်းပြကျောင်းဆရာ ဦးခင်မောင်တို့၏ ဖခင်လည်းဖြစ်သည်။ ဘဝတသက် တိုင်းပြည်နှင့်လူမျိုးအကျိုးကို အသက်နှင့်ရင်းပြီး သယ်ပိုးခဲ့သူ တစ်ဦးဖြစ်သည်။

ဦးဟာဒီးကို မောင်တောမြို့နယ်၊ ဘော်လီဘာဇား (ကြိမ်ချောင်း) ၌ ၁၉၁၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ အဗ္ဗဒူလ်ဟာဒီး ဖြစ်သည်။ မြို့​ဟောင်းမြို့ (မြောက်ဦး) လယ်ပိုင်ရှင်သူ​ဌေးကြီး ဦး​ဇော်​ဘော်မူလုက် (စန္ဒီခါန် ဗလီဝတ်​ကျောင်း​တော်၏ ဂေါပက​ဟောင်း) ၏ သားဖြစ်သည်။ ဖခင် ဦး​ဇော်​ဘော်မူလုက်မှာ မြို့ဟောင်း ဇာတိဖြစ်ပြီး ပထမကမ္ဘာစစ်တုန်းက အစွန်းရောက်ရခိုင် ဓါးပြအချို့၏ တိုက်ခိုက်မှုကြောင့်  ဓားခုတ်ဒဏ်ရာ ခုနှစ်ချက်ဖြင့် သေဆုံးခဲ့ရှာသည်။  ထို့နောက် မိခင်ဖြစ်သူမှာ အခြားမိသားစုဝင်များနှင့်အတူ မောင်တော၊ ဘော်လီဘာဇားသို့ ခေတ္တ ရွေ့ပြောင်းလာခဲ့သည်။ ထိုကျေးရွာ၌ပင် ဦးဟာဒီးကို ဖွားမြင်ခဲ့သည်။ ဒေသအခြေအနေ ကောင်းမွန်လာသောအခါ အဗ္ဗဒူလ်ဟာဒီးသည် မိခင်၊ အဘွားတို့နှင့်အတူ မိဘဇာတိမြေ မြို့ဟောင်းသို့ ပြန်လည်သွားရောက်နေထိုင်ခဲ့သည်။

ဦးဟာဒီး၏ ဝန်ထမ်းကတ်ပြား။


အဗ္ဗဒူလ်ဟာဒီးသည် မြို့ဟောင်းမြို့နယ်၌ပင် ပညာသင်ယူ ကြီးပြင်းခဲ့သည်။ ဖခင်အား ရခိုင်လူဆိုးတို့က သတ်ဖြတ်၍ သေဆုံးခဲ့ကြောင်းကို အဖွားထံမှ သိရှိရပြီးနောက် စိတ်ထဲတွင် လူဆိုးလူမိုက် ဒုစရိုက်ကောင်များကို နှိမ်နင်းရန် အားသန်လာခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသောအခါ ပြည်သူ့ရဲတပ်ဖွဲ့သို့ ဝင်ရောက်အမှူးထမ်းခဲ့သည်။ ရာဇဝတ်မှုဆိုင်ရာ ရဲအရာရှိ (အင်းစိန် CID လက်မှတ်ရ CPO - Criminal Police Officer) ဖြစ်လာခဲ့သည်။ မြောက်ဦးမြို့ ရဲစခန်းတွင် စတင် တာဝန်ထမ်းဆောင်၍ မြို့​ဟောင်းမြို့ရဲစခန်းက ဒု-လုံခြုံ​ရေးမှူး (ဒု-ရဲအုပ်) ဦးဟာဒီ ဟု ထင်ရှားလာခဲ့သည်။ ရခိုင်၊ ရိုဟင်ဂျာ​ မရွေ့ လူမျိုးတိုင်း ကြောက်ရွံ့ရို​သေခဲ့ကြသည်။ ၁၉၅၅ ခုတွင် မြောက်ဦးရဲစခန်းမှ စစ်​တွေ အမှတ် (၁) ရဲစခန်း (နာရီစင် ရဲစခန်း) ကို ပြောင်း​ရွေ့တာဝန်ထမ်း​ဆောင်ခဲ့သည်။ စစ်တွေမြို့၌ တာဝန်ထမ်းဆောင်နေစဥ် မြောက်ဦးမြို့ ခွဆုံဇာတိ လယ်ပိုင်ရှင် သူဌေးကြီး ဦးဟာဆောင်သီရိ၏ မြေး ဒေါ်အေးစိန် (ခ) အာဇီဇာဘေဂွမ်နှင့် ဖူးစာဆုံကာ ထိမ်းမြှားလက်ထပ်ခဲ့သည်။

ထို့ပြင် စစ်​တွေ အမှတ် (၁) ရဲစခန်းမှ မောင်​တောမြို့မရဲစခန်း​သို့ ပြောင်းရွှေ့ခဲ့သည်။ မောင်တောမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေစဥ် ဒေသငြိမ်းချမ်းရေးအတွက် ထိပ်တန်းက ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထိုမှတဆင့် ဘူးသီး​တောင် မြို့မရဲစခန်း​သို့ ပြောင်းရွေ့ခဲ့သည်။ ဘူးသီး​တောင်မြို့၊ မြို့မရဲတန်းလျားတွင် နောင် ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာမည့် သား ဦးရွှေမောင်ကို မွေးဖွားခဲ့သည်။ ဘူးသီးတောင်တွင် ၇ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ကျောက်​တော်မြို့ရဲစခန်းကို ပြောင်းရွေ့ခဲ့ပြန်သည်။ ထိုအချိန်သည် ကျောက်​တော်က အနက်​ရောင်နယ်​မြေဖြစ်သည်။ ကွန်မြူနစ်ပါတီသူပုန်​များ သောင်းကျန်းနေသည့် ခေတ်ဖြစ်သည်။ ကွန်မြူနစ်သူပုန်များကို ရွံ့ရွံချွံချွံ တိုက်ခိုက်ခဲ့ရသည်။ သူပုန်များက ရဲစခန်းကို မကြာခဏ လာတိုက်သောကြောင့် လှုံခြုံရေးတာဝန်များကိုလည်း ရဲရဲစွမ်းစွမ်း ယူခဲ့ရသည်။ ကျောက်​တော်မြို့ကို စောဖြူရွာဖွင့်ပွဲတွင် ရောက်လာခဲ့သည့် ဗိုလ်ချုပ်​စောဖြူအတွက် ဦး​ဆောင်ပြီး လုံခြုံ​ရေးတာဝန်ယူခဲ့ရသည်။

ဦးဟာဒီး နှင့် ဒေါ်အေးစိန်


၁၉၇၆ ခုနှစ်တွင် ကျောက်တော်မြို့မှ ပုဏ္ဏားကျွန်းမြို့ ရဲစခန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဦးဟာဒီး၏ ရဲစွမ်းသတ္တိကို သက်သေပြုသည့် အဖြစ်အပျက်များစွာရှိသည်။ ယင်းထဲမှ တစ်ခုမှာ ညတစ်ညတွင် ပုဏ္ဏားကျွန်း​စျေးနားရှိ သမဝါယမဂို​ဒေါင် အ​ဖောက်ခံရသည်။ ဓားပြခေါင်းဆောင် ဖိုးညွန့်စိန်နှင့်အဖွဲ့က ဖောက်သွားခြင်းဖြစ်သည်။ ဓားပြခေါင်းဆောင် ဖိုးညွန့်စိန်ကို ရဲကအစ ကြောက်၏။ အရပ်ရှည်ရှည် ခန္ဓာကိုယ်ထွားထွား၊ အသားမဲမဲ ပင်။ သူ့ကို ရဲအုပ် ဦးဟာဒီးက မီမီရရ ဖမ်းဆီးခဲ့ပြီး ရဲစခန်းထဲတွင် ချုပ်နှောင်ထားခဲ့သည်။ ၂ ရက်ခန့်ကြာ​ပြီးနောက် ကင်း​စောင့်​နေသည့် ရဲသား၏ သေနတ်လုပြီး ဖိုးညွန့်စိန် ထွက်​ပြေးသွားခဲ့သည်။ ထို့ကြောင့် ဦးဟာဒီးက အလွန် စိတ်ပူပန်ရသည်။ မြို့နယ်မှုးက ဦးဟာဒီးကို အလုပ်ဖြုတ်ခံရမည်အထိ အမှုကြီးလာခဲ့သည်။ ဦးဟာဒီးက “ကျ​နော် ဓါးပြ​ခေါင်း​ဆောင် ဖိုးညွန့်စိန်ကို ၇ ရက်အတွင်း ဖမ်း​မပေးနိုင်ပါက အလုပ်ကနေ နုတ်ထွက်ပေးမယ်” ဟု မြို့နယ်မှုးကို​ ကတိပေးခဲ့သည်။ ရဲအုပ် ဦးဟာဒီးက ရဲတပ်သား ၃ ယောက်နှင့်အတူ ဖိုးညွန့်စိန်ကို ပြန်ဖမ်းဆီးရန် ပလန်စခင်းလိုက်သည်။ နောက်​နေ့ ဦးရာဇ်​တောင်​စေတီ ဘုရားပွဲ၌ ဦးဟာဒီး  ဘုရားပွဲ​ရောက်​နေသည်ကို ဓါးပြ ဖိုးညွန့်စိန်သိ၍ ရဲအုပ်ကို ဘုရားပွဲအထိ လာပြီး နောက်က​နေ သေနတ်နှင့် ချိန်းပစ်ခဲ့သည်။ ကံ​ကောင်းထောက်မ၍ သေနတ်က မ​ဖောက်ခဲ့သောကြောင့် သေခြင်းဘေးမှ လွှတ်မြောက်ခဲ့သည်။ ရဲအုပ်က ချက်ချင်းပင် နောက်လှည့်ပြီး ဖိုးညွန့်စိန်ကို ခြောက်လုံးပြူးနှင့် ၃ ချက် ပစ်လိုက်ပြီး ဖမ်းဆီးလိုက်လေသည်။

ပုဏ္ဏားကျွန်းတွင် လူဆိုးလူမိုက်များအပြင် ကွန်မြူနစ်သူပုန်များကို နိမ်နှင်းရာတွင်လည်း ရှေ့တန်းက ရဲရဲစွန်းစွမ်း ပါဝင်ခဲ့သည်။ ကွန်မြူနစ်သူပုန်များကို ခြေရာကောက်လိုက်လံဖမ်းဆီးရာ မြို့နယ်ပါတီဥက္ကဌအိမ်​အောက်မှာ လက်နက်​များ ဖုံးဝှက်ထားတာ သတင်းအရ ရဲအုပ်ဦး​ဆောင်သည့် ရဲတပ်ဖွဲ့နှင့် NIB အမျိုးသား​ထောက်လှမ်း​ရေးအဖွဲ့ ပူး​ပေါင်းအဖွဲ့က ပါတီဥက္ကဌကိုဖမ်းပြီး သိုဝှက်ထားသည့် လက်နက်​များကို သိမ်းဆည်းနိုင်ခဲ့သဖြင့် နာမည်ကောင်းရရှိခဲ့သည်။ ဦးဟာဒီးသည် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော ထိုချိန်က လူဆိုးလူမိုက်များ၊ လက်နက်ကိုင်သူပုန် အများအပြားကိုလည်း တရားဥပဒေအောက် သိမ်းသွင်းကာ အညွှန့်ကျိုးသွားစေနိုင်ခဲ့သည်။

ဦးဟာဒီးအတွက် တရားဥပဒေ သာ  အမြတ်နိုးဆုံးဖြစ်သည်။ တရားဥပဒေတံမျဥ်းအား ချိုးဖောက်သူများကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ အရေးယူဆုံးမရာတွင် မိမိအသက်ကိုပင် အမူမထားဘဲ ထိပ်ဆုံးက ပါဝင်ခဲ့သူ သူရသတ္တိရှင် တစ်ဖြစ်သည်။ ရဲအုပ် ဦးဟာဒီးသည် ၁၉၇၈ ခုနှစ်တွင် အလုပ်မှ အငြိမ်းစားယူခဲ့ပြီး ဘူးသီး​တောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ မေယုလမ်း၊ အိမ်အမှတ် ၆၉ သို့ ပြောင်း​ရွေ့​နေထိုင်ခဲ့သည်။ ဦးဟာဒီးသည် တိုင်းပြည်နှင့် လူမျိုးတာဝန်များကို ရဲရဲစွမ်းစွမ်း ထမ်းဆောင်ပြီး အသက် ၈၆ နှစ် ၂၀၀၄ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ဘူးသီးတောင်မြို့ရှိ မိမိ၏နေအိမ်၌ အလ္လာဟ်အမိန့်ခံယူခဲ့လေသည်။


လူထုဝဏ္ဏ
(၁၁-၂-၂၀၂၆)



ကိုးကား -
ဦးရွှေမောင်၏ ဖေ့စ်ပို့စာမျက်နှာ။


Saturday, February 7, 2026

မူစားဒေဝန်ဗလီ၏ သမိုင်းကြောင်းနှင့် ထူးခြားချက်

 

မူစာဒေဝန်ဗလီ၏ သမိုင်းကြောင်းနှင့် ထူးခြားချက်များ



ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မူစာဒေဝန်ဗလီသည် မြန်မာနိုင်ငံရှိ ရှေးဟောင်းအစ္စလာမ်သာသနာ့အဆောက်အအုံများအနက် သမိုင်းတန်ဖိုးကြီးမားသော နေရာတစ်ခုဖြစ်သည်။

ဤဗလီကို သက္ကရာဇ် ၁၇၀၀ ကျော် (အေဒီ ၁၈ ရာစု) ဝန်းကျင်တွင် တည်ဆောက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရပါသည်။ ၎င်းသည် ရခိုင်ဘုရင်များလက်ထက်နှင့် ကုန်းဘောင်ခေတ်ဦးကာလများ၏ ယဉ်ကျေးမှု အဆက်အစပ်ကို ဖော်ပြနေပါသည်။

မူစာဒေဝန်ဗလီသည် စစ်တွေမြို့ရှိ နာဇီရပ်ကွက် မွတ်စလင်သုသာန်ဝင်းအတွင်း တည်ရှိပြီး ၎င်းဒေသ တွင်ကျော်ကြားခဲ့သည့် ရှိုက်မှုစာအလီ (Sheikh Musa Ali) အမည်ရှိ ပုဂ္ဂိုလ်မြတ်ကို အစွဲပြု၍ တည်ဆောက်ထားခြင်း ဖြစ်သည်။
         
မူစာဒေဝန်ဗလီသည် ရှေးဟောင်းအနုပညာလက်ရာများ ပါဝင်သည့် အဆောက်အအုံတစ်ခုဖြစ်သည်။ အထူးသဖြင့် ဗလီ၏ အမိုးခုံး (Dome) နှင့် နံရံကပ်ဒီဇိုင်းများသည် ထိုခေတ်ကာလက အရှေ့တိုင်းနှင့် အစ္စလာမ်ဗိသုကာပညာ ပေါင်းစပ်မှုကို ထင်ဟပ်စေသည်။

ဆရာဦးဘိုးချယ်၏ မှတ်တမ်းများအရ ရှိုက်မှုစာအလီ (သို့မဟုတ်) မူစာဒေးဝန်သည် ထိုခေတ်ကာလက ဘာသာရေးနှင့် လူမှုရေးအရ ဩဇာတိက္ကမကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်းအား ဂုဏ်ပြုသောအားဖြင့် ဤဗလီကို အမည်ပေးခဲ့ခြင်း ဖြစ်သည်။


စစ်တွေမြို့၏ နှစ်ပေါင်း ၃၀၀ နီးပါးသက်တမ်းရှိသော မူစာဒေဝန်ဗလီသည် ရှေးဟောင်းအဆောက်အအုံတစ်ခုအနေဖြင့် ရခိုင်ဒေသအတွင်း အစ္စလာမ်ဘာသာဝင်တို့၏ အခြေချနေထိုင်မှုနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ သမိုင်းအထောက်အထားတစ်ခု ဖြစ်သည်။

မြန်မာမွတ်စလင်သမိုင်းပညာရှင် ဆရာဦးဘိုးချယ်က ၎င်း၏စာအုပ်တွင် စနစ်တကျ မှတ်တမ်းတင်ခဲ့ခြင်းကြောင့် ယနေ့ခေတ် သုတေသီများအတွက် ခိုင်လုံသော သမိုင်းအချက်အလက်တစ်ခု ဖြစ်လာခဲ့သည်။




Saturday, January 17, 2026

မောင်နုရွာ အစုလိုက်သတ်ဖြတ်မှု

 


 မောင်နုရွာ အစုလိုက်သတ်ဖြတ်မှု 

(၂ဝ၁၇ ခုနှစ် ဩဂုတ်လ ၂၇ ရက်)


~~~


ဗမာအကြမ်းဖက်စစ်တပ်၏ ရေးသားဖော်ပြမကုန်နိုင်သော ရောင်စုံညှဥ်းပမ်းနှိပ်စက်မှုများထဲမှ ၂ဝ၁၇ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့ တနင်္ဂနွေနေ့တွင် ဘူးသီးတောင်မြို့နယ်၊ မောင်နုရွာ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်မှုအကြောင်းကို အကျဉ်းချုပ်ရေးသား ဖော်ပြလိုက်ပါသည်။

၂ဝ၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့၌ ဓားတုတ်နှင့် တိုက်ခံရသည့် နေရာများထဲတွင် ဘူးသီးတောင်မြို့နယ်၊ ခြင်းသမားကျေးရွာအုပ်စု၊ ဖောင်တော်ပြင် နခခ စခန်း လည်း ပါဝင်ခဲ့သည်။

စခန်းအတိုက်ခံရပြီးနောက် စခန်းအနီးအနားရှိ ရွာသူရွာသား ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ များသည် ကြောက်အားလန့်အား နီးစပ်ရာ မောင်နုရွာသို့ သွားရောက်ခိုလှုံခဲ့ကြသည်။ ၎င်းရွာတွင် စစ်တပ်နှင့် ရင်းနှီးသူ ဦးဇာဟိတ်ဟူးဆိန် ဆိုသူကို အားကိုးပြီး ၎င်း၏နေအိမ်နှင့် အနီးအနားအိမ်များသို့ သွားရောက် ခိုလှုံခဲ့‌ခြင်းဖြစ်သည်။  ၂၀၁၇ ခု သြဂုတ်လ ၂၇ ရက်နေ့ ၌ စကခ ၁၅၊ ဒု-တပ်မမှူး ဗိုလ်မှူးကြီး သန်းထိုက်အမိန့်ဖြင့် ခမရ ၅၆၄ ဒုတပ်ရင်းမှူး ဗိုလ်မှူး ရန်နိုင်ဦး ဦးစီးပြီး စစ်တပ်၊ နယ်ခြားစောင့်ရဲ နှင့် ရခိုင် လူမိုက်အရပ်သားအချို့ (တုတ်ဓား ကိုင်လျက်) နံနက် ၁ဝ နာရီခွဲခန့် အချိန်တွင် မောင်နုရွာထဲသို့ စုဖွဲ့ဝင်ရောက်လာပြီး ပထမဦးဆုံး ဇာဟိတ်ဟူးဆိန်၏ နေအိမ်ကို ဝန်းရံခဲ့သည်။ ရောက်ရောက်ချင်း ရွာထဲကို ရမ်းရမ်းကားကား သေနတ်ပစ်ခတ်ခဲ့သည်။ အိမ်ထဲသို့ သေနတ်ချိန်းပစ်ခတ်ရာ ၁ဝ နှစ်သားအရွယ် ကလေးတစ်ဦး၏ ဦးခေါင်းမှန်ပြီး ဦးနှောက် ပွင့်ထွက်သွားခဲ့သည်။ အရာရှိငယ်တစ်ဦးက အိမ်ကို ဓာတ်ဆီလောင်း မီးရှို့ဖို့ ကြိုးစားခဲ့ရာ နောက်ဆုံး မီးမရှို့ဘဲ အမျိုးသမီးများကို အနီးရှိ အသတ်ခံရသူ မလဝီ အဒူခါလိပ်၏ နေအိမ်ထဲခေါ်သွင်းပြီး တပ်ဖွဲ့ဝင်များက ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားထဲသို့ လက်နှိုက်ကာ မဖွယ်မရာ ပြုလုပ်ခြင်း၊ ပစ္စည်းရှာဖွေခြင်း၊ ရွှေငွေ လက်ဝတ်ရတနာများ လုယူခြင်း၊ အဓမ္မပြုကျင့်ခြင်းများ လူမဆန်စွာ ကျူးလွန်ခဲ့သည်။ အမျိုးသားများနှင့်‌ ယောက်ျားကလေးများကို ဦးဇာဟိတ်ဟူဆိန်၏ နေအိမ်ထဲမှ တစ်ယောက်ချင်းစီ ခေါ်ထုတ်ပြီး ကြိုးထုပ်၊ မျက်နှာစည်း၊ မှောက်ခိုင်း၍ အနီးရှိ အဒူဂေါ်ဖောရ်၏ နေအိမ်ခြံထဲတွင် ဒူးထောက်ထိုင်ခိုင်းပြီး အချို့ကို သေနတ်ပစ်ခတ်၊ အချို့ကို လည်လှီးသတ်ဖြတ်ခဲ့သည်။ 

အလောင်းများကို စစ်တပ် ဖော့ကား (Faw)ဖြင့် နေဝင် မိုး ချုပ်ချိန်ထိ သယ်ယူ၍ ခမရ ၅၆၄ ရှေ့ဘက်မျက်နှာချင်းဆိုင် ကျွဲနွားချည်ရာ ကုန်းပေါ်ရှိ မန်ကျည်းပင်အောက်တွင် ကျင်းတူး မြှုပ်နှံဖျောက်ပစ်လိုက်သည်ကို ကုလားပန်းဇင်ချောင်း တစ်ဘက်ကမ်း ဒါးပိုင်ဆရာ၊ မောင်ကြီးတောင်မှ ရွာသားများက ၎င်းနေ့တွင် မျက်မြင် တွေ့ရှိခဲ့ပါသည်။ အချို့အလောင်းများကို အဒူဂေါ်ဖ္ဖေါရ်၏ အိမ်ခြံထဲတွင် တွင်းတူး မြေမြှုပ်ခဲ့ရာ အလောင်းအချို့ ပေါ်လာခဲ့သည်ကို တွေ့မြင်ရခဲ့သည်။ ဤကဲ့သို့ လည်လှီး သေနတ်ပစ်သတ်ဖြတ်ခံရသူများထဲတွင် အဖိုးကြီးများနှင့် အရွယ်မရောက်သေးသော ကလေးလေးများအပါအဝင် အယောက် ၈ဝ ကျော်ခန့် အကြမ်းဖက်စစ်တပ်နှင့် ရခိုင်အစွန်းရောက်သမားတို့၏ သတ်ဖြတ်ခြင်းကို ရက်ရက်စက်စက်ခံခဲ့ရသည်။ ၂၀၁၇ ခု သြဂုတ်လ၂၈ ရက်နေ့မှစ၍ စစ်တပ်က နေအိမ်များ မီးရှို့ခဲ့သည်။

အဆိုပါစစ်ကြောင်းအဖွဲ့တွင် ခမရ ၅၆၄ မှ ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန့်ဇင်ဝင်း လည်း ပါဝင်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပြီးနောက်  လူသတ်မှုကို ဖုံးကွယ်ရန် တောင်ဘာဇား နခခ မှ ရခိုင်အစွန်းရောက်သမား ရိုဟင်ဂျာကို သေလုမတတ် မုန်းတတ်သူ ရဲအုပ် ဗိုလ်ကြီး ထွန်းနိုင်နှင့် ၎င်း၏ သားတပည့် လက်ရုံး အမာခံ တပ်ဖွဲ့ဝင် မောင်မောင်ဌေး နှင့် ကိုကိုအေး အပါအဝင် အမှုစစ်အဖွဲ့များက တောင်ဘာဇားအပိုင် အုပ်ချုပ်ရေးမှူးများကို ရုံးသို့ ခေါ်ယူပြီး ပဋိပက္ခအတွင်း အသတ်ခံရသူများသည် အာဆာများဖြစ်ကြောင်း ပြောပြပြီး၊ စာရွက်အလွတ် ပေါ်တွင် အတင်းလက်မှတ်ထိုးခိုင်း၍ လက်မှတ်ထိုးဖို့ သဘောမတူလျှင် အာဆာ အားပေးဟု အုပ်ချုပ်ရေးမှူးများကို ခြိမ်းခြောက်ခဲ့သည်။ ၎င်း ဗိုလ်ကြီး ထွန်းနိုင် သည် ၂ဝ၁၇ ခုနှစ် အရေးအခင်းနောက်ပိုင်း ကျန်ရစ်သော ရိုဟင်ဂျာများကို အာဆာ အားပေးဟု ဖမ်းဆီး နှိပ်စက် တံဆိပ်ကပ် ခြိမ်းခြောက်လျက် တစ်ဦးလျှင် ငွေကျပ် သိန်းပေါင်း ရာနှင့်ချီ ညှစ်ခဲ့သည်။ လူသတ်သည့် မောင်နု စစ်ကြောင်းတွင် ၎င်း၏ နခခ တပ်ဖွဲ့ဝင်များပါဝင်သည်။

အဆိုပါ မောင်နုရွာ စစ်ကြောင်းတွင် တပ်မ ၉၉ နှင့် တပ်မ ၃၃ မှ တပ်ဖွဲ့ဝင်များလည်း ပါရှိကြောင်း သတင်းထွက်ခဲ့သည်။

အဆိုပါ မောင်နုရွာ အစုလိုက်သတ်ဖြတ်ပွဲကို ထပ်မံ ဖုံးကွယ်ရန် ဖက်ဆစ် မင်းအောင်လှိုင်အစိုးရက ၂ဝ၁၉ ခုနှစ်တွင် နေပြည်တော်မှ ဗိုလ်ချုပ်မြတ်ကျော် ဦးစီးသော စစ်တပ် စုံခုံအဖွဲ့ကို မောင်နုရွာ သို့ စေလွှတ်ခဲ့သည်။ ထိုအဖွဲ့က နစ်နာသူ မိသားစုဝင်များ၏ ထွက်ဆိုချက်များကို အရေးမစိုက်ဘဲ ထွက်ဆိုသူများအား ငွေကြေး ပေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းစသည်ဖြင့် အမျိုးမျိုး ဖျောင်းဖျကာ စစ်တပ် အလိုကျ ရေးသားချက် စာရွက်ပေါ် တွင်သာ လက်မှတ်ထိုးခိုင်းခဲ့သည်။



ပုံ- မောင်နုရွာ အစုလိုက်သတ်ဖြတ်မှုတွင် အသတ်ခံခဲ့ရသူအချို့၏ ပုံ။

Credit FB.


Monday, June 17, 2024

ဒို့တိုင်းရင်းသား (တင်အောင်စိုး)

 

ဒို့တိုင်းရင်းသား


(တင်အောင်စိုး)

(၁)
ပြည်ထောင်စုဖွား
တိုင်းရင်းသားစုံညီ
ကရင် ကယား
အင်းသား မြောင် အဇီး
ရှမ်း ချင်း ရဝမ်းသည်
ချစ်ကြည်ဆပွား
ပရဲ ပဒေါင်၊ ဝ ဒလောင်
ပလောင် နာဂ မျိုးငယ်နှင့်လေး။

(၂)
ကချင်၊ ယင်းကြား
ဂုံ့ လားဟူပါ
ယင်းနက် ယင်းဘော်
ဘွဲ့ကော် ရိုဟင်ဂျာ
လီဆူ ကွမ်ဟယ်
အိုက်ဆွယ်တို့မှာ ကြည်သာရွှင်လန်း
တောင်ရိုး ဆလုံ သက် ခေါင်းပုံ
လရှဲအမည် ဆန်းလှသည်နှင့်လေး။


(၃)
ဂဒူး ကနန်း
ကိုးကန့် ကဲခို
ယောလူ စကော
ပလေး မွန် ပအိုဝ်း မြို
ညီအကိုနောင်ရင်း
လူရှိုင်း အင် ပလေချီး
စုစည်းဖွဲ့နှောင်ခြင်းငယ်နှင့်လေး။

(၄)
ပြည်ထောင်စုအတွင်း
မှီတင်းနေထိုင်ကာ
မနူမနော
လီရှော ပိုလှစွာ
ထားဝယ် ဓနု မြန်မာ
ရခိုင် ပါ ယင်းတလဲ
ခမွီ ဒိုင်းနက် ချစ်ပနက်
မပျက်ခိုင်ခိုင် လက်တွဲကြသည်နှင့်လေး။

(၅)
ဥမကွဲသိုက်မပျက်ပါ
ကမ္ဘာတည်စေ့မည်
တစုတည်း လိုက်ဖက်စွာ
သဒ္ဓါကြည်ဖြူသည်။ ။

— တင်အောင်စိုး


ကိုးကား-
ရှုဒေါင့်ဂျာနယ်
ဖေဖော်ဝါရီ ၁၅ ရက် ၁၉၇၁ ခု၊ အတွဲ ၄၆၊
ပြည်ထောင်စုနေ့ အထူးထုတ်။

မှတ်ချက် ။

မဆလခေတ် ၁၉၇၁ ခုမှာတောင် ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစု တစ်စုအဖြစ် ပါဝင်ခဲ့သည်။ ၁၉၇၁ ခု ဖေဖော်ဝါရီလ ၁၅ ရက် ထုတ် ရှုဒေါင့်ဂျာနယ် ပြည်ထောင်စုနေ့ အထူးထုတ် အတွဲ ၄၆ တွင် ဖော်ပြခံရသည် တင်အောင်စိုး ရေးဖွဲ့ခဲ့သော "ဒို့တိုင်းရင်းသား" ကဗျာတွင် မြန်မာတိုင်းရင်းသား ရိုဟင်ဂျာလူမျိုးကို အတိအလင်း တွေ့ရှိရသည်။ 


Sunday, August 29, 2021

စစ်ဝန်ထမ်း ခေါ် ဘီတီအက်ဖ် စစ်ဆင်ရေး (၁၉၄၉-၁၉၅၁)

 

စစ်ဝန်ထမ်း ခေါ် ဘီတီအက်ဖ် စစ်ဆင်ရေး (၁၉၄၉-၁၉၅၁)

မြန်မာနိုင်ငံသားလူနည်းစုရိုဟင်ဂျာလူမျိုးအပေါ်သတ်ဖြတ်ရှင်းလင်းမှုများ ပြုလုပ်လာသည်မှာ မနက်တစ်နှစ်၊ နှစ်နှစ် အရင်က စတင်ခဲ့သည် မဟုတ်ပေ။ ခေတ်အစဉ်အဆက်၊ အစိုးရအဆက်ဆက် သတ်ဖြတ်ရှင်းလင်းမှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်လာခဲ့သည်မှာ ယနေ့အထိပင်ဟုဆိုရပေမည်။ မြန်မာနိုင်ငံတွင်အင်တာနက်ခေတ်စားလာသည်နှင့်တစ်ပြိုင်နက် ဖြစ်ပေါ်ခဲ့သော၂၀၁၂ အရေးအခင်းကစ၍ မြန်မာပြည်သူများက ရိုဟင်ဂျာအရေးကို ရိပ်စားမိသည်ဟု ထင်သည်။ ရှေးခေတ်ကာလက ဖြစ်ပွားခဲ့သော သတ်ဖြတ်ပွဲများ ယနေ့ခေတ်လူငယ်များက သိရှိမည်မဟုတ်ပေ။ အကြောင်းစုံကို ထင်ထင်ပေါ်ပေါ်သိရှိသော ဘာသာခြားသက်ကြီးဝါကြီးများကလည်း မသိကျွန်ပြု ဟန်ဆောင်နေသည်။ ထို့ကြောင့် ရှေးခေတ်တွင် ရိုဟင်ဂျာအပေါ်ကျူးလွန်ခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသောသတ်ဖြတ်ရှင်းလင်းပွဲအနက်တစ်ခုကို တင်ပြပေးပါမည်။အနာဟောင်းကို ကုတ်နေသည်မဟုတ်ဘဲ အဖိနှိပ်ခံ ရိုဟင်ဂျာတို့၏ ရင်းတွင်းခံစားမှုကို မျှဝေခြင်းသာဖြစ်သည်။ 

The Times 1951 Dec 26.


ထိုအဖြစ်ဆိုးကာ အခြားမဟုတ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချင်း ဆင်နွှဲခဲ့သည့် ဘီတီအက်ဖ်စစ်ဆင်ရေး သို့မဟုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲပင် ဖြစ်သည်။ ဤသတ်ဖြတ်ပွဲအကြောင်းကို ဘီတီအက်ဖ် သန္ဓေတည်လာခဲ့သည့် နောက်ခံသမိုင်းမှ စတင်လျှင်ပို၍ ရှင်းလင်းစေမည်ဟု ထင်ပါသည်။

ဗမာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခု ဩဂုတ်လတွင် အမြဲတမ်းမဟုတ်သော လက်နက်ကိုင်တပ်များဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။ ထိုစဉ်က အစိုးရအတွင်း ကန့်ကွက်မှုများရှိခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ Burma Territorial Force (BTF) နှင့် Auxiliary Union Military Police (AUMP) ဟုအမည်ပေးခဲ့သည်။ ထိုအဖွဲ့ နှစ်ဖွဲ့ကိုပြည်ထဲရေးဝန်ကြီးဌာနမှ တိုက်ရိုက်ကြီးကြပ်ခဲ့သည်။ ထိုချိန်က ပြည်ထဲရေးဝန်ကြီးဌာနကို ဗိုလ်နေဝင်းက ချုပ်ကိုင်ခြင်း ဖြစ်သည်။ ၁၉၄၉ခု ဇန္နဝါရီလအကုန်လောက်တွင် ဗမာနယ်စပ်စောင့်တပ်ဟုအမည်ရသော ဘီတီအက်ဖက် လှုပ်ရှားလာခဲ့သည်။၎င်းကို စစ်ဝန်ထမ်းဟုလည်း ခေါ်ကြသည်။ အဆိုပါတပ်ကို နယ်စပ်တိုင်းရင်းသားလူနည်းစုဒေသများတွင် တာဝန်ထမ်းဆောင်စေသည်။ အသစ် လွတ်လပ်စနိုင်ငံဖြစ်၍ သက်ဆိုင်ရာ ဒေသများမှ တပ်သားများကို စုဆောင်းစေသည်။ ဥပမာ-ကရင်ပြည်နယ်က တပ်ဆိုလျှင် ကရင်များကို စုဆောင်းသည်။ ရခိုင်မှာ ရခိုင်များကိုစုဆောင်းသည်။ ထို့ကြောင့် တပ်တွင် သက်ဆိုင်ရာဒေသ၏ ဒေသခံပြည်သူများသာ အများစုဖြစ်ပြီး သူတို့ကသာ ဦးစီးဦးကိုင်ထားသည်။ မှတ်တမ်းအရဒေသခံ ၉၀ ရာခိုင်နှုန်းကျော် ရှိသည်ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။

The Times 1949, Feb 2.


အစိုးရလည်းအသစ်၊ အုပ်ချုပ်ရေးလည်း ကျပ်ပြည့်တင်းပြည့် မလည်ပတ်နိုက်သေးသည့်ကာလမှာ နိုင်ငံဘဏ္ဌာရေးလည်း မကြွယ်တကြွယ်လောက်သာ ရှိခဲ့သည်။ တပ်အသစ် ဖွဲ့စည်းထားသော်လည်း ဖဆပလ အစိုးရက ပုံမှန်လစာငွေ မထုတ်ပေးနိုင်ခဲ့ချေ။  ဘီတီအက်ဖ် တပ်သားများကို ဥပဒေဘောင်ထက် ကျော်လွန်၍ အခွင့်အဏာပေးထားခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် လက်နက်အား အာဏာစက်အားကို အလွဲသုံးစားခွင့်ရနိုင်သည့် စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့တပ်တွင် လူဆိုးလူမိုက်များအလုံးအရင်း ဝင်လာခဲ့ကြသည်။


ထိုအချိန် ရခိုင်ဒေသ အခြေအနေက နောက်တစ်မျိုး။ မုန်တိုင်းစဲ၍ ငြိမ်သက်နေသည့်အလား။ နိုင်ငံရေး၊လူမျိုးရေး ပယောဂကြောင့် ရခိုင်-ရိုဟင်ဂျာလူမျိုးရေးပဋိပက္ခဖြစ်ပွားခဲ့သည်မှာ ၁၀နှစ်တောင် မစေ့သေးသည့်ကာလဖြစ်သည်။ လူမျိုးရေး ရန်ငြိုးများ နှစ်ဖက်အုပ်စု၏ စိတ်ထဲ၌ ကိန်းအောင်းလျက်ရှိနေသေး။ သွေးစီးသံယို ဖြစ်ရပ်များတွင် ပါဝင်သူများ၊ မီးထိုးနောက်ထောက် ကြိုးကိုင်ခဲ့သူများ အသက်ရှင်ရှိနေသေးသည်။ဤသို့သော် နူးညံ့သည့်အချိန်၌ ဘီတီအက်ဖ် အရိုင်းတပ်ကို ရခိုင်ဒေသသို့ စေလွှတ်ခြင်းက တိုက်ဆိုင်မှုမဖြစ်နိုင်ချေ။ စနစ်တကျ ကြံစည်မှုဟု ရိုဟင်ဂျာသမိုင်းပညာရှင်များကသုံးသပ်ကြသည်။


DOWNLOAD A FULL COPY

ဆက်လက်ပြီး အောက်ပါလိင့်ကို ဒေါင်းဆွဲ၍ ဖတ်ရှူပါ။

စစ်ဝန်ထမ်း ခေါ် ဘီတီအက်ဖ် စစ်ဆင်ရေး (၁၉၄၉-၁၉၅၁)


— လူထုဝဏ္ဏ




Tuesday, July 6, 2021

ဗြိတိသျှခေတ်က The Arakan News သတင္းစာ

 

Pic: 19-1-1924 (sat) issued The Arakan News


ဗြိတိသျှခေတ်က The Arakan News သတင်းစာ


The Arakan News သတင်းစာသည် အာရကန်ပြည်၏ ပထမဆုံး အင်္ဂလိပ်ဘာသာစကားဖြင့် ထုတ်ဝေခဲ့သည့် သတင်းစာဖြစ်သည်။ Akyab မြို့သည် ဒေသခံသတင်းစာ The Arakan News ၏ မူလထုတ်ဝေရာမြို့ဖြစ်သည်။ အက္ကီယာပ် (စစ်တွေ) တွင် Akyab Weekly News Press မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ 

ပထမဆုံး အစောင်ကို ၁၈၅၃ ခုနှစ်တွင် The Akyab Commercial Advertiser (အက္ကီယာပ် ကူးသန်းရောင်းဝယ်ရေးကြော်ငြာရှင်) ခေါင်းစဉ်အောက်တွင် ထုတ်ဝေသည်။ သို့သော် နှစ်အနည်းငယ်အကြာတြင် ပုံနှိပ်ထုတ်ဝေမှုလုပ်ငန်းကို မစ္စတာ အိပ်ချ်ဟေး (Mr. H Hey) က ဝယ်ယူခဲ့ပြီး The Arakan News အမည်ပြောင်းလဲကာ ဆက်လက် ထုတ်ဝေခဲ့သည်။ ၁၈၆၈ ခုနှစ်ခန့်တွင် ထိုပုံနှိပ်လုပ်ငန်းကို လေလံတင်ရောင်းချခဲ့ပြီး Mr. Hla Paw The နှင့် သူ့သား ဦးကျင်ခိုင် တို့က ဝယ်ယူကာ နှစ်ပေါင်း ၄၀ ခန့် ပိုင်ရှင်အဖြစ် ပိုင်ဆိုင်ထားနိုင်ခဲ့သည်။ 

The Arakan News သတင်းစာ၏ အယ်ဒီတာချုပ်မှာ Mr. Tu Ahmed မူစလင်တစ်ဦးဖြစ်သည်။ ဆရာ အဟ်မတ်သည် ကာလကတ္တားရှိ St. Xavieras ကောလိပ်မှ ပညာသင်ယူခဲ့သည်။ Akyab Government High School တွင် လေးနှစ်လုံးလုံး ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာ သုအဟ်မတ်သည် St. Johnas ကောလိပ်ကိုတည်ထောင်ခဲ့ပြီး သုံးနှစ်တာ ဆက်လက် လုပ်ဆောင်ခဲ့ပြီးနောက် Malabar Agency ကုမ္ပဏီလီမိတက်၊ Messrs နှင့် Bulloch Bros တို့တွင်လည်း တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ တချို့ ကိုးကားချက်အရ ဆရာ အဟ်မတ်သည် ၁၉၀၀ပြည့်နှစ်မှစ၍ The Arakan News စာတည်း အယ်ဒီတာချုပ်ဖြစ်လာခဲ့သည်ဟု ဆိုသည်။ 

The Arakan News သတင်းစာကို တစ်ပတ်လျှင် နှစ်ကြိမ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တိုင်းတွင် ထုတ်ဝေသည်။ တစ်ကြိမ်လျှင် စောင်ရေ ၁၅၀ ထုတ်ဝေသည်။ သတင်းစာမျက်နှာဖုံး ထိပ်တွင် ဗြိတိသျှကိုလိုနီအစိုးရ၏ တံဆိပ်ပါရှိသည်။ တန်ဖိုးမှာ တစ်စောင် လေးပဲနှုန်းနှင့် ရောင်းချခဲ့သည်။ 


(လူထုဝဏ္ဏ)


ကိုးကား။

Twentieth century impressions of Burma : its history, people, commerce, industries, and resources, By  Wright,  Arnold.   Page 136


Monday, December 14, 2020

သမိုင်းသုတေသီ ဝတ်လုံတော်ရ ဦးခါလီလုရ် ရာဟမာန်

 


ဝတ်လုံတော်ရ ဦးခေါလီလုရ် ရာဟာမာန်


ဝတ်လုံတော်ရ ဦးခေါလီလုရ် ရာဟာမာန်သည် ထင်ရှားသော ရိုဟင်ဂျာသမိုင်းသုတေသီ တစ်ဦးဖြစ်သည်။ နိုင်ငံတကာသမိုင်းပညာရှင်များက ယနေ့အထိ သူ၏ သမိုင်းစာအုပ်ကို အလွန်တန်ဖိုးရှိတဲ့ မှီငြမ်းကျမ်းအဖြစ် အသုံးပြုကြသည်။ 

ခေါ်လီလုရ်ရာဟမာန်သည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ခြိတ်တောင်ရွာ ဇာတိဖြစ်ပြီး ပထမကမ္ဘာစစ်ကြီးမတိုင်မီ ၁၈၉၈ ခန့်တွင် ဖွားမြင်ခဲ့သည်။ ဖခင် မှာ ကာဇီဦးမိုဟာမတ်အစ်မိုင်လ် (အာတီယား) ဖြစ်သည်။ ဖခင်မျိုးရိုးမှာ ထိုခေတ်က စာတတ်ပေတတ် ဂုဏ်ဩဇာကြီးသည့် မျိုးရိုးဖြစ်သည်။ ခါလိလ်သည် အခြေခံပညာကို မိမိ၏ ဇာတိမြို့ မင်းပြားနှင့် စစ်တွေမြို့တို့တွင် ဆည်းပူးခဲ့သည်။ မဇ္ဈိမဒေသ ကလက္ကတားမှ ပညာတော်သင်သွားရောက်ကာဝတ်လုံတော်ဘွဲ့ ဘီအလ်ကို ရရှိခဲ့သည်။ 

ခလီလုရ်ရာဟမာန်သည် အမိပြည်သို့ ပြန်လာကာ စစ်တွေမြို့မှ ဦးမိုဟာမတ်လုခ်မာန်ဟာဖီဇ်၏ သမီးကြီး၊ ဝတ်လုံတော်ရ ဦးဆူဘဟာန်၏ အစ်မနှင့် အိမ်ထောင်ပြုခဲ့သည်။ စစ်တွေမြို့၌ အင်္ဂလိပ်အစိုးရ တရားရုံးတွင် ဝတ်လုံတော်အတတ်နှင့် အသက်မွေးဝမ်းကျောင်းစတင်ခဲ့လေသည်။ မင်းပြားမှ ပြောင်းရွေ့ကာ စစ်တွေမြို့ မင်းဘာကြီးလမ်း အောင်မင်္ဂလာရပ်ကွက် မြို့မ စာပုံနှိပ်တိုက်အရှေ့ တစ်ထပ်အိမ်၌ ပြောင်းရွေ့နေထိုင်ခဲ့လေသည်။ ဝတ်လုံတော်ကြီးသည် အက္ကယာပ် မြူနီစပယ်မှာလဲ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။ အက္ကယာပ်မြို့(စစ်တွေ) Mohamadan Elementary Training Class Governmental School ၏ ကျောင်းအုပ်ကြီးလည်း ဖြစ်သည်။

စာရေးခြင်းဝါသနာရင့်သူ ဖြစ်သည်။ ရခိုင်ပြည်အနံ့အပြားသို့ လေ့လာရေးခရီးထွက်ကာ ရိုဟင်ဂျာသမိုင်း၊ စာပေ၊ ယဉ်ကျေးမှုတို့ကို ဖော်ထုတ်ခဲ့သည်။ အာရကာန်ရာဇဝင်ကျမ်းကို ထိုခေတ်က ခေတ်စားခဲ့သည့် အူရ်ဒူဘာသာဖြင့် ပထမဆုံး ရေးသားထုတ်ဝေခဲ့သည်။ အင်္ဂလိပ်သတင်းဂျာနယ်တွင် ဆောင်းပါးများရေးသားခဲ့သည်။ အူရ်ဒူသတင်းစာများတွင်လည်း ဆောင်းပါးများ ရေးသားခဲ့သည်။

ဝတ်လုံတော်ကြီးရေးသားထုတ်ဝေခဲ့သည့် စာအုပ်များအနက် Taarik e Arakan, Burma (အာရကန်ရာဇဝင်ကျမ်း)၊ Tarik-e-lslam Arakan & Burma (အာရ်ကာန်ပြည် အစ္စလာမ်ဘာသာရာဇဝင်) နှင့် Karballa e Arakan (အာရကန် လူသတ်ပွဲ) ဟူသည့် ရာဇဝင်စာအုပ်များမှာ ယနေ့တိုင် အမြူတေရတနာအဖြစ် ထင်ရှားနေဆဲဖြစ်သည်။ ကရ်ဘလာ အေ အာရကန် ရာဇဝင်တွင် ရခိုင်ပြည် ဗုဒ္ဓဘာသာဝင်နှင့်မွတ်စလင်အဓိကရုဏ်းကို ၁၉၄၂ ခု တိုင်းပြည်မင်းမဲ့နေသည့်ကာလမှာ ဖြစ်ပွားခဲ့သော လူမျိုးရေး အရေးအခင်းများကို စဆုံး ကိုယ်တွေ့ဖြစ်ရပ်များနှင့် ဂဃနဏ ရေးသားတင်ပြခဲ့သည်။ ဝတ်လုံးတော်ကြီးသည် ၁၉၄၂ အဓိကရုဏ်းကို ကိုယ်တွေ့ကြုံခဲ့သူဖြစ်သည်။ အာရကန်ရာဇဝင်ကျမ်းကို  ၁၉၄၆ ခု ကာရာချီမြို့မှ ပုံနှိပ်ခဲ့သည်။ ထိုရာဇဝင်ကျမ်းတွင် အာရကန်ပြည်၏ ရာဇဝင်သမိုင်းအဆက်ဆက်ကို ရေးခြယ်မှတ်တမ်းတင်ထားသည်။ အာရကန်ရာဇဝင်ကျမ်းကို World Muslim Congress မှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ခဲ့သည်။ အာရကန်ပြည် အစ္စလာမ်ဘာသာ ရာဇဝင်ကျမ်းတွင် အစ္စလာမ်ဘာသာ အာရကန်သို့ ရောက်ရှိလာပုံ၊ တိုင်းရင်းသားရိုဟင်ဂျာသမိုင်း၊ ရှေးခေတ်အာရကန်နှင့် ရိုဟင်ဂျာတို့၏ အခန်းကဏ္ဍ၊ သမိုင်းဝင်အဆောက်အဦနှင့် ကျောက်စာများ စသည်တို့ကို ခိုင်လုံသော အကိုးအကား အမှီအငြမ်းများနှင့် ရေးသားပြုစုခဲ့သည်။ အာရကန်ပြည် အစ္စလာမ်ဘာသာ ရာဇဝင်ကျမ်းကို ၁၉၄၇ ခုဝန်းကျင်လောက်က ရေးသားခဲ့သည်။ နှစ်အုပ်စလုံးကို အူရ်ဒူဘာသာစကားဖြင့် ရေးသားခဲ့ကာ ကလက္ကတားမြို့မှ  ပုံနှိပ်ခဲ့သည်။ 



ဝတ်လုံတော်ကြီး ခလီလုရ်မာန်သားကြီး ဟာဘီဘူရာဟမာန် (ခ) ဦးကျော်မြင့်သည် မဆလခေတ်တွင် အစိုးရ သံတမန်ကောင်စစ်ဝန် တစ်ဦးဖြစ်သည်။ ဦးကျော်မြင့်သည် အိန္ဒိယနိုင်ငံ ကလကတ္တား အခြေစိုက် Council General of Burmar တွင် မြန်မာအစိုးရ သံတမန်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဒေလီမြို့တွင် သံအမတ်ကြီး ဒေါ်ခင်ကြည် (ဒေါ်အောင်ဆန်းစုကြည်၏ မိခင်)နှင့်အတူ ၁၉၆၅ မှ ၁၉၆၈ ခုနှစ်ထိ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။  နောက်ပိုင်း နိုင်ငံခြားရေးဌာနတွင် ညွန်ကြားရေးမူးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။

ပုံ-ဦးကျော်မြင့် (ခ) ဟာဘီဗ်၊ အိန္ဒိယနိုင်ငံ၌ သံတမန်ဘဝက ၁၉၆၇ ခုတွင် အိန္ဒိယသမ္မတ Zakir Hussain နှင့် လက်ဆွဲ နှုတ်ဆက်နေစဉ်


ဝတ်လုံတော်ကြီးသည် အသက် ၈၀ ကျော်တွင် စစ်တွေမြို့ မိမိနေအိမ် ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ခဲ့သည့် ခုနှစ်သက္ကရာဇ်ကို အတိအကျ မသိရချေ။  ၁၉၇၇ ဟု ခန့်မှန်းရသည်။   

— လူထုဝဏ္ဏ


ကိုးကား

—  ကျော်လှ FB post

— Mg Gyi Akyab

— Khin May (Tahera)

— Bo Min Naing

— Fazal Ahmad 






Monday, December 7, 2020

ရိုဟင်ဂျာ တက္ကသိုလ်ကျောင်းသားများအသင်း၏ သမိုင်းတစေ့တစောင်း


ပုံညွှန်း- မျက်နှာဖုံး ပုံမှာပါတဲ့အထဲမှာ ရှေ့ဆုံးတန်းက (ဘယ်ဘက်ထောင့်) ထမိန်အမဲနဲ့က ဒေါက်တာခင်မေဝင်း (တွဲဖက်ပါမောက္ခ ၊ ရူပဗေဒဌာန(လွိုင်ကော်)(အငြိမ်းစား)၊ သူ့ဘေးက ယခုလက်ရှိပါမောက္ခ ဒေါက်တာကက်သရင်း ( အမည်မှန်ကိုလုံခြုံရေးကြောင့်မပြောချင်ပါ)၊ သူ့အမျိုးသားကလည်း ပါမောက္ခဒေါက်တာတာဂျွန်၊ အလယ်က မ Najmar Ara (ဒေါ်ခင်မြင့်မြင့်)၊ ညာဘက်ထောင့်အဖြူရောင်ဝတ်စုံနဲ့တစ်ယောက်က ဒေါက်တာခင်မေ (မလေးရှားမှာကိုယ်ပိုင်ဆေးခန်းနဲ့အလုပ်လုပ်နေတယ်) အလယ်ကမျက်မှန်နဲ့အန်ကယ်ကြီးက ဆရာဦးလှမောင် (ဒေါက်တာကက်သရင်းရဲ့အဖေ၊ သမိုင်းဌာနကထိက/ပါမောက္ခ) ၁၉၇၈-၁၉၈၀။  


ရန်​ကုန်​တက္ကသိုလ်​နှစ်တစ်ရာပြည့်​ရာပြည့်​သဘင်​က သတိရတမ်းတ​စေ​သော တစ်​ချိန်​တုန်းက "ရိုဟင်​ဂျာ တက္ကသိုလ်​ကျောင်းသားများအသင်း​"၏ သမိုင်းတ​စေ့တ​စောင်း

-----------------

သက္ကရာဇ်​၂၀၂၀ သည် ​မြန်​မာနိုင်​ငံအတွက်​ ထူးခြား​သောနှစ်​တစ်​နှစ်​ဖြစ်​ပါ​သည်​။ အဘယ်​ကြောင့်​ဆို​သော်​ ဤနှစ်​တွင် ​မြန်​မာ့ရုပ်​ရှင်ရာပြည့်၊ ​ရန်​ကုန်​တက္ကသိုလ်​ရာပြည့်​အပြင် ​ပါတီစုံဒီမိုက​ရေစီ​ရွေး​ကောက်​ပွဲလည်း ကျင်းပသည့်​အတွက် ​ပွဲသုံးပွဲကို မြန်​မာပြည်​သူများ​ ရှေ့ဆင့်​နောက်​ဆင့်​ဆင်​နွှဲရသည်​က ထူးခြားမှုတစ်​ခုဆိုပါက မှားမည်​မထင်​ပါ။


ထိုပွဲများအနက်​ ကျွန်​တော်​စိတ်​အဝင်​စားဆုံးက ရန်​ကုန်​တက္ကသိုလ်​ရာပြည့်​သဘင်​နှင့်​ပတ်​သက်သည့်​အ​ကြောင်းအရာများ ဖြစ်​ပါသည်​။ အထူးသဖြင့်​ထိုစဉ်​က ရန်​ကုန်​တက္ကသိုလ်​တွင်​ ဖွဲ့စည်းခွင့်​ပေးခဲ့သည့် ​မိမိတို့လူမျိုးများအလိုက်​ အသင်းအဖွဲ့များတွင် ​"ရိုဟင်​ဂျာ​ကျောင်းသားများအသင်း​"ကိုလည်း တစ်​ခြားညီ​နောင်​များနည်းတူ (၃-၁၂-၁၉၅၉ )ခုနှစ်​တွင် ​မှတ်ပုံတင်အမှတ် ၁၃၃/၅၉ ဖြင့်လည်းကောင်း၊ ၁၉၆၀-၆၁ ခုနှစ်​တွင်​ Rg 7/60ဖြင့်​လည်းကောင်း၊ ဖွဲ့စည်းခွင့်​ပေးပြီး သူတို့၏ ကျောင်းသား​ရေးရာ ကိစ္စအဝဝကို​ ဆောင်ရွက်ခဲ့ဘူး​ကြာင်း​ ရှေ့မီ​နာက်မီ​ပုဂ္ဂိုလ်များမှ​ လေ့လာ​တွေ့ရှိရပါသည်​။


ထိုစဉ်​က ထိုအသင်းအဖွဲ့မှ ဦး​ဆောင်​၍ ရိုဟင်​ဂျာ​မောင်​မယ်​သစ်​လွင်​ကြိုဆိုပွဲများကို နစ်​စဉ်​အများပြည်​သူအားလပ်​ရက်​ဖြစ်​သော မတ်​လ၂၇ ရက်​နေ့​တော်​လှန်​ရေး​နေ့​နောင်​တွင်​(တပ်​မ​တော်​နေ့)တွင်​ ပြည်​လမ်းမာလာ​ဆောင်​ရှေ့ ယုဒသန်​ခန်းမ​ဆောင်​တွင် ​စည်​ကားသိုက်​မြိုက်​စွာ ကျင်းခဲ့​ကြောင်းကိုလည်း သိရှိခဲ့ပါသည်​။


ယခင်​ခေတ်​များက လွတ်​လပ်​စွာလှုပ်​ရှား​ဆောင်​ရွက်​ခွင့်​ရခဲ့​သော်​လည်း​နောက်​ပိုင်း ကျွန်​တော်​တို့​ခေတ်​တွင်​ အစဉ်​အလာမပျက်​ အခက်​ခဲများကြားမှ ကျင်းပနိုင်​ခဲ့ပါသည်​။


ရိုဟင်​ဂျာ​ကျောင်းသားများအသင်း တက္ကသိုလ်​များရန်​ကုန်​သည် ​ညီ​နောင်​တိုင်းရင်းသားများနည်းတူ အ​ရေးကြုံတိုင်း တိုင်းပြည်​၏အ​ပြောင်းအလဲတိုင်း​တွင်​ကျရာကဏ္ဍမှ အမြဲပါဝင်​လေ့ရှိသည်​က အရှိတရားတစ်​ခု ဖြစ်​ပါသည်​။

ကျွန်​တော်​တို့​သည်​ယခင်​ယခင်​နောင်​တော်​ကြီးများ သယ်​ဆောင်​လာသည့်​အ​မွေ​ကောင်းကို ကျွန်​တော်​တို့ မျိုးဆက်​သစ်​များအ​နေဖြင့် ​ဆက်​လက်​သယ်​ဆောင်​လာရာ ကျွန်​တော်​အ​နေဖြင့်​၂၀၀၈ ခုနှစ်​မှ စတင်​၍ ထဲထဲဝင်​ဝင်​ဆောင်​ရွက်​ခဲ့ပါသည်​။ အထူးသဖြင့်​၂၀၀၉-၂၀၁၀ ပညာသင်​နှစ် ​B.Tech​နှစ်​မှစတင်၍ ရိုဟင်​ဂျာ​ကျောင်းသားများအသင်း တက္ကသိုလ်​များရန်​ကုန်​၏ EC တစ်​ယောက်​အဖြစ်​ပါဝင်​ခဲ့ပြီး ၂၀၁၆-၂၀၁၇ခုနှစ် ​5BE​နှစ်​တွင်​ ဥက္ကဋ္ဌအဖြစ်​တာဝန်​ယူခဲ့ပါသည်​။


ကျွန်​တော်​တို့ ရိုဟင်​ဂျာ​ကျောင်းသားအသင်းသည်​Youth for Future ဆိုသည့်​အမည်​နာမဖြင့် ​ပရဟိတလုပ်​ငန်းများကို ပူးတွဲတာဝန်​ယူပြီး​ ဒုက္ခသည်​များကို သွား​ရောက်​ကူညီခဲ့သည့်​ အစဉ်​အလာ​ကောင်းများကိုလည်း ထိမ်းသိမ်းနိုင်​ခဲ့ပါသည်​။


အ​မေရိကန်​သမတ အိုဘားမှာသည်​ပင် ​ရိုဟင်​ဂျာလူမျိုးများနှင့်​ပတ်​သက်​၍ ဤတက္ကသိုလ်​၏ ဘွဲ့နှင်းသဘင်​ခန်းမမှာပင် ​ကမ္ဘာသိ ကိုယ်​ချင်းစာနာမှုကို ပြသခဲ့သည့်​က ရန်​ကုန်​တက္ကသိုလ်​တွင် ​မှတ်​တမ်းဝင်​သွားပါသည်​။


ရိုဟင်​ဂျာသမိုင်း ရိုဟင်​ဂျာတို့၏ အ​ထောက်​အထား ရိုဟင်​ဂျာတို့၏ဖြစ်​တည်​မှု သမိုင်းသည်​ပါးစပ်​ရာဇဝင်​မဟုတ်​ပဲ စာအုပ်​စာ​ပေ သမိုင်းများဖြင့်​ခေတ်​နှင့်​မကင်းကွာသည့်​ မော်​ကွန်းတင်​မှတ်​တမ်းတင်​ထားသည့်​အ​ကြောင်းအရာများဖြစ်​ကြောင့် ​မြန်​မာနိုင်​ငံတနံတလျားက ပြည်​သူများ ရိုဟင်​ဂျာလူမျိုးများနှင့်​ပတ်​သက်​၍ သံသယကင်းရှင်း​အောင် ​ရန်​ကုန်​တက္ကသိုလ်​ရာပြည့်​ကို ဂုဏ်​ပြုကြိုဆိုယင်း ရန်​ကုန်​တက္ကသိုလ်​ရိုဟင်​ဂျာ​ကျောင်းသားများအသင်း သမိုင်းကို​ လေ့လာတင်​ပြခြင်းဖြစ်​ပါသည်​။


အထက်​ပါ ရိုဟင်​ဂျာ​ကျောင်းသားများအသင်း တက္ကသိုလ်​များ ရန်ကုန်​က​မွေးထုတ်​ပေးခဲ့​သော နိူင်ငံအကျိုးပြု ကမ္ဘာ့အကျိုးပြု သား​ကောင်းသမီး​ကောင်း ရတနာများအ​ကြောင်း သူတို့၏လူ့အဖွဲ့အစည်းထဲမှ မြန်​မာနိုင်​ငံ လွတ်​လပ်​ရေးအတွက် ​ဗိုလ်​ချူပ်​အောင်​ဆန်းနှင့်​အတူ လွတ်​လပ်​ရေးအတွက် ​တိုက်​ပွဲဝင်​ခဲ့သည့်​ပုဂ္ဂိုလ်​များ နိုင်​ငံတနံတလျားတွင်​ နိုင်​ငံအကျိူးပြု​ဆောင်​ရွက်​ခဲ့သူများ၏ အ​ကြာင်းတစ်ချိန်က ထိုလူ့အဖွဲ့​အစည်း၏​သမိုင်းသည်လည်း မ​သေးသိမ်​ခဲ့​ကြောင်းကို​ တစ်​ဦးချင်းအလိုက်​ အခွင့်​အခါသင့်​ပါက ​ရေးသားတင်​ပြမည်​ဖြစ်​ပါ​သည်​။


ပုံ- ဦးကျော်သင်း(ဦးစီးအရာရှိ၊ အခွန်ဦးစီးဌာန)၊ ဦးဘသာ (သမိုင်းဆရာ၊ အထွေထွေမန်နေဂျာ၊ ကုန်သွယ်ရေးဘဏ် MFTB)၊ ဦးကျော်မြင့် (ညွှန်ကြားရေးမှူး၊ စာပေစီစစ်ရေး)၊ ဦးဘမြိုင် (ဦးစီးအရာရှိ)။

မှတ်​ချက်​။ ။၁၉၉၀​နောက်​ပိုင်းမှစ၍ ရိုဟင်​ဂျာ​ကျောင်းသားများ၏ ပညာ​ရေးအခွင့်​အလမ်းများ လုံးဝဆုံးရှုံးပြီး ပညာသင်​ကြားခွင့်​ ရာခိုင်​နှုန်း​ဇီရိုးနီးပါးဖြစ်​သွားပါသည်​။


အနည်းအကျဉ်းတက်​ရောက်​ခွင့်​ရသည့်​သူများကိုပင်​ ဘွဲ့ချီးမြှင့်​ခြင်း မရသည့်​ ဘွဲ့လက်​မှတ်​မ​ပေးသည့်​ဖြစ်​ရပ်​များလည်း ဒုနှင့်​ဒေးရှိသည်​ကို ဝမ်းနည်းစွာ​တွေ့ရ​ပေသည်​။ထို့်​အပြင် ​တစ်​ချို့တစ်​ချို့သော တက္ကသိုလ်များတွင် ​ဘွဲ့တက်​ယူရန်​လျောက်​လွှာတင်​သွင်း​သည့်​အခါတွင်​မဆီမဆိုင်​သော ခံဝန်​ချက်​များ​ပေးရခြင်းမျာလည်း ရှိသည်​ကို စိတ်​မ​ကောင်းစွာ​တွေ့ရပါသည်​။


(Zar Ni Ko FB account မှ ကူးယူဖော်ပြသည်။)


ရိုဟင်ဂျာ fresher welcome လုပ်မယ်ဆိုရင် ကျနော်တို့အိမ်မှာအစည်းအဝေးလုပ်လေ့ရှိတယ် fresher welcome ကို (Judson Hall) ယုဒသန်ကောလိပ်မှာလုပ်တာများတယ် မယ်လာလုပ်တာများတယ်( မယ်လာ= နွား?ပြီး အမဲသားနဲ့ထမင်းကြွေးခြင်း)


စနေတနင်္ဂနွေဆိုရင် အစ်ကိုတွေအစ်မတွေအဆောင်က လာလည်လေ့ရှိတော့ ကလေးဘဝကတည်းက ဒဂုံ၊ပဲခူး၊စစ်ကိုင်း၊အင်းလျားဆောင်ဆိုတဲ့စကားတွေ ဦးကြက်ဖထမင်းဆိုင်၊ ဦးယမ်းဘီလူးအအေးဆိုင်၊ အင်းလျားကန်ဘူးသီးကျော်ဆိုင်, ဦးချစ်လက်ဖက်ရည်ဆိုင် ဆိုတဲ့ အသုံးအနှုန်းတွေနဲ့အကျွမ်းတဝင်ရှိခဲ့တယ် အခုတော့အားလုံးတစ်ကွဲတစ်ပြားစီ တစ်နေရာစီရောက်နေကျပြီ🙁



Tuesday, November 3, 2020

ဓညဝတီခေတ်က ရွိုင်ဂျာစကား



ဓညဝတီခေတ်က ရွိုင်ဂျာစကား


သမိုင်းမှတ်တမ်းများအရ ဘီစီ (၃၃၂၅) မှ အေဒီ (၃၂၇) အထိ ထွန်းကားခဲ့တဲ့ ဓည၀တီခေတ်မှာ ရွိုင်ဂျာ (ရိုဟင်ဂျာ) စကားကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့ပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ရိုဟင်ဂျာလူမျိုးကို နိုင်ငံသားအဖြစ်သော်လည်းကောင်း၊ တိုင်းရင်းသားအဖြစ်သော်လည်းကောင်း အသိအမှတ်မပြုလိုတဲ့ မြန်မာနိုင်ငံတော် အစိုးရအဆက်ဆက်က ရိုဟင်ဂျာ သမိုင်းမှတ်တမ်း အထောက်အထားများကို ပပျောက်အောင် အစဉ်တစိုက် ရှင်းလင်းလေ့ရှိပါတယ်။


ယခု ရခိုင်ပြည်နယ်ခေါ် အာရ်ကာန်မှာ ထင်းရှားခဲ့တဲ့ခေတ် ၄ ခေတ် (ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြေက်ဦးခေတ်) ရှိခဲ့တာကို အားလုံးသိရှိပြီး ဖြစ်ပါတယ်။ အာရ်ကာန်ဆိုတဲ့ အခေါ်အဝေါ်ဟာလည်း အာရဗ် အခေါ်အဝေါ်ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများကဆိုပါတယ်။

အာရ်ကာန်နိုင်ငံတော်ကြီးရဲ့ ဖော်ပြပါ ခေတ် ၄ ခေတ်လုံးမှာ အာရဗ်၊ ပါရှန်၊ မဂို၊ ဟိန္ဒူ၊ ဘင်္ဂလီ လူမျိုးများနဲ့၎င်းတို့ရဲ့ ယဉ်ကျေးမှုများ၊ အခေါ်အဝေါ် အသုံးအနှုန်းများကို သမိုင်းမှတ်တမ်းများ၌ ယနေ့တိုင် ထင်ထင်ရှားရှားတွေ့ရှိရပါတယ်။ ရိုဟင်ဂျာအမည်ကို အာရ်ကာန်နိုင်ငံတော်ကြီးမှာ အစောဦးဆုံး အခြေချနေထိုင်ခဲ့တဲ့ အာရဗ်လူမျိုးက မည့်ခေါ်ခဲ့တယ်လို့ဆိုပါတယ်။



၂၀၀၈ ခုနှစ်မှာ အမျိုးသားစာပေဆုရရှိတဲ့ စာရေးဆရာ (နာမည်ကျော် ဗေဒင်ဆရာကြီး) ဒေါက်တာ ဒဂုန် ရေးသားခဲ့တဲ့ “ရာဇ၀င်ထဲမှာပုဏ္ဏား” ဆိုတဲ့စာအုပ်မှာ ရိုဟင်ဂျာစကား (ဆရာကြီးစာအုပ်မှာ ရွိုင်ဂျာစကားလို့ရေးထားတယ်) ကို အကျယ်တ၀န်း ရေးသားဖော်ပြထားပါတယ်။ ဆရာကြီးရဲ့ စာအုပ်ပြုစုရေးမှာ အချိန် ၂ နှစ် ကြာပါတယ်၊ ကျမ်းကိုးကျမ်းကား ၂၀၀ ကျော် ၃၀၀ နီးပါးလောက်ရှိတယ်လို့ဆိုပါတယ်။ ဤစာအုပ်ပြုစုခြင်းဟာ ဆရာကြီးရဲ့ ဘ၀တလျှောက်မှာ ဂုဏ်သိက္ခာအရှိဆုံး အလုပ်တခုလို့ဆိုပါတယ်။ ဆရာကြီး ဒေါက်တာ ဒဂုန် မှတ်တမ်းတင်ခဲ့တဲ့ “ပုဏ္ဏား” စကားဟာ ဓည၀တီခေတ်မှာ ရွိုင်ဂျာတို့ ပြောတဲ့စကားဖြစ်ကြောင့် အတိအလင်းရေးသားထားပါတယ်။ ၎င်း ရွိုင်ဂျာစကား အသုံးအနှုန်း အခေါ်အဝေါ်များကို ဆရာကြီးရဲ့စာအုပ်မှာ အသေးစိတ် ခွဲခြမ်းစိတ်ဖြာစွာဘဲ ရေးသားဖော်ပြထားပါတယ်။

ယနေ့ ရိုဟင်ဂျာလူမျိုးပြောတဲ့စကား အသုံးအနှုန်း အခေါ်အဝေါ်များနဲ့ ဆရာကြီးရဲ့ စာအုပ်မှာရေးသားဖော်ပြထားတဲ့ ဓည၀တီခေတ်က ပုဏ္ဏားတို့ပြောတဲ့စကား အခေါ်အဝေါ် အသုံးအနှုန်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ စာအုပ်မျက်နှာဖုံးနဲ့ စကားအသုံးအနှုန်း ခွဲခြမ်းစိတ်ဖြာထားပုံကို ပူးတွဲတင်ပေးလိုက်ပါတယ်၊ လေ့လာကြည့်ပါ။
.

Arif Kassim
01-11-2020

(ကူးယူဖော်ပြသည်။)

Monday, October 5, 2020

ဂျမီယာတုလ် အိုလမာ ပေါ်ပေါက်လာခြင်းနှင့် ၎င်း၏ လှုပ်ရှားမှုများ






ဂျမီယာတုလ် အိုလမာ ပေါ်ပေါက်လာခြင်းနှင့် ၎င်း၏ လှုပ်ရှားမှုများ

(လူထုဝဏ္ဏ)


ရခိုင်ပြည်နယ်၏ ပထမဆုံးသော နိုင်ငံရေးပါတီ ဂျမီယာတုလ် အိုလမာ အာရ်ကာန်-မြောက်ဘက်ကို ၁၉၃၂ ခုနှစ်တွင် မော်လနာ အဗ္ဗဒူ ဆူဘာဟာန် မိုဇဟေရီက ဦးဆောင်၍ တည်ထောင်ခဲ့သည်။ မော်လနာ ဟာဘီဘူရာဟ်မာန်၊ မော်လနာ အာမီရ်ဟာမ်ဇာဟ်၊ မုဖ်သီ ဆယောဒူရာဟ်မာန်၊ မော်လနာ ဆယောတ်အာဇီမ်၊ မော်လနာ ဆုလ်တာန်အဟ်မတ်၊ မော်လနာ အဗ္ဗဒူရှုက္ကုရ် နှင့် မော်လနာ အာဘူလ်ခိုက်ရ် တို့သည် ထင်ရှားသော နာယက အဖွဲ့ဝင်များ (Majlis-e Shoura) ဖြစ်ကြပါသည်။ ထိုအချိန်တွင် ဂျမီယောတေ ခုဒ္ဒါမုလ်အိစ္စလာမ် (Jamiate Khuddamul Islam) အမည်ဖြင့် အခြားကျောင်းသားအဖွဲ့ တစ်ဖွဲ့လည်းရှိခဲ့သည်။ ယင်းအဖွဲ့သည် ဂျမီယတုလ် အိုလမာ၏ အဖွဲ့ခွဲတစ်ဖွဲ့ ဖြစ်ပါသည်။ ခုဒ္ဒါမုလ်အိစ္စလာမ် ကို ၁၉၃၇ ခုတွင် မော်လနာ မီရ်အဟ်မတ်(နာဇေမ်ဆာပ်)၊ မုဖ်သီဆုလ်တာန်အဟ်မတ်၊  မော်လာနာ အဗ္ဗဒူဂျလိလ် နှင့် မော်လနာ မိုဟာမတ်ရှဖီး တို့က ဖွဲ့စည်းခဲ့သည်။ 

၁၉၄၂ ခုနှစ် ကြောက်မက်ဖွယ် အဓိကရုဏ်းတွင် လူပေါင်း တစ်သိန်းကျော် သတ်ဖြတ်ခံရပြီး ၅ သိန်းကျော်ခန့်ကို မိမိနေရပ်မှ မောင်းထုတ်ခြင်းခံရလေသည်။ ယင်းမှ ၅ သောင်းခန့်သည် ဗြိတိသျှ-အိန္ဒိယရှိ ရာမ်ပူရ် ဒုက္ခစခန်း၌ ခိုလှုံခဲ့ရသည်။ 


ရိုဟင်ဂျာ အိုလမာ၊ ပညာရှိများ၊ စာတတ်ပေတတ်များနှင့် အခြားထင်ရှားသော ပုဂ္ဂိုလ်များကို  လူယုတ်တို့က ပစ်မှတ်ထား သတ်ဖြတ်လိုက်ခြင်းဖြင့် ခေါင်းဆောင်မှုပိုင်းတွင် ကြီးမားသော ဟာကွက်ဖြစ်လာခဲ့သည်။  ရိုဟင်ဂျာတို့သည် မိမိတို့ အခွင့်အရေးကို ကာကွယ်ရန်နှင့် မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်းကို သက်သေခံရန် ကြံ့ခိုင်သော ခြေလှမ်းမလှမ်းနိုင်ခဲ့ချေ။ ယင်းသို့ ဖြစ်ခဲ့ရသော်လည်း ဂျမီယာတုလ်အိုလမာသည် ရိုဟင်ဂျာလူမျိုးအတွက် ဂုဏ်သိက္ခာရှိသော အဆင့်အတန်းတစ်ခုရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့သည်။ သီးခြားနယ်ပယ်ဒေသရရှိမှသာလျှင် လူမျိုးခြားတို့၏ရန်မှ ကာကွယ်နိုင်မည်ဟု ယုံကြည်ကြသည်။ ၁၉၄၂ ဇွန်လ ၁၀ ရက်တွင် တရားဝင် ကြေညာခဲ့သည်။ 


ရိုဟင်ဂျာတို့သည် ဗုဒ္ဓဘာသာဝင်တို့၏ ရက်စက်ယုတ်မာမှုကို ခုခံနိုင်အောင် Peace Committees ခေါ် ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်းခဲ့သည်။ ပထမခြေလှမ်း၏ အကျိုးဆက်ရလဒ်အဖြစ် အာရ်ကာန်မြောက်ပိုင်းကို သီခြားနယ်ပယ်အဖြစ် ထူထောင်နိုင်ခဲ့သည်။ ၁၉၄၂ ခု ဇွန်လ ၁၀ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ ထိုချိန်က ရိုဟင်ဂျာပညာရှင်များသည် ဒေသကောင်းစားရေးနှင့် ငြိမ်းချမ်းရေးအတွက် အစွမ်းကုန်ကြိုးပမ်းခဲ့သည်။ မော်လနာ ဟာဘီဘုလ္လာသည် ရောန်ပူရ်မှ ဒုက္ခသည်များကို နေရပ်ပြန်ခေါ်လာရေးနှင့် ပြန်လည်နေရာချထားရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍက ပါဝင်ခဲ့သည်။ ထို့ကြောင့်သာ မယုမြစ်နှင့် နတ်မြစ်ကြားဒေသသည် မွတ်စလင်တို့၏ ဒေသဖြစ်ကြောင်း ၁၉၄၅ ခု ဒီဇင်ဘာလ ၃၁ ရက်တွင် ဗြိတိသျှကိုလိုနီအစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။


၁၉၄၇ ခု ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပင်လုံညီလာခံ၌ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည်။ ရိုဟင်ဂျာတို့ကို ထိုညီလာခံ၌ ဖိတ်ခေါ်ခြင်းမပြုဘဲ လျစ်လျူရှုခဲ့သည်။ ဗမာမွတ်စလင်ကွန်ဂရက်(ဗမက) ဥက္ကဋ္ဌ ဆရာကြီး ဦးရာဇတ်သည် ဗမာပြည်ရှိ မွတ်စလင်အားလုံး၏ ကိုယ်စားပြုတက်ရောက်သည်ဟု ဆိုခဲ့သည်။ အခြားတစ်ဖက်တွင် ရခိုင်အမျိုးသား ဦးအောင်ဇံဝေသည် ရခိုင်ပြည်ရှိ ပြည်သူ တစ်ရပ်လုံး၏ ကိုယ်စားပြု တက်ရောက်လာသည်ဟု လိမ်လည်ပြောဆိုခဲ့သည်။ ထူးခြားချက်မှာ အဆိုပါ ကိုယ်စားပြုဟု ဆိုသူသည် ကိုယ်စားပြုခြင်းခံရသူများထံမှ မည်သည့်ခွင့်ပြုချက်မှ ရယူခဲ့သည်မရှိခဲ့ချေ။ သဘောတူညီချက် ရရှိခဲ့သည်လည်း မရှိခဲ့ချေ။ ရိုဟင်ဂျာတို့ကို ညီလာခံတွင် မဖိတ်ခေါ်ငြားလည်းပဲ မွတ်စလင်များကို ထိခိုက်စေမည့် မည်သည့်ဆုံးဖြတ်ချက်များ မချက်မှတ်စေရန် ဂျမီယတုလ် အိုလမာက ရိုဟင်ဂျာ ကိုယ်စားလှယ်နှစ်ဦး စေလွှတ်ခဲ့သည်။ ဝမ်းနည်းဖွယ်ရာအချက်က ဆက်သွယ်မှု အဆင်မပြေမှုကြောင့် ကိုယ်စားလှယ်နှစ်ဦး ရောက်သွားချိန်မှာ ညီလာခံပြီးဆုံးခဲ့ပြီဖြစ်လေသည်။ 


၁၉၄၇ ခု မတ်လ ၇ ရက်တွင် ဂျမီယတုလ်အိုလမာ သည် ရှေ့နေ ဒေါက်တာ မော်လနာ ဆော်နာအုလ္လာ ခေါင်းဆောင်မှုနှင့် ဗြိတိသျှ ပါလီမန်အဖွဲ့ဝင်၊ ရို့စ် ဝီလီယမ်ကော်မရှင်၏ ခေါင်းဆောင် ရို့စ် ဝီလီယမ်နှင့် မေမြို့တွင် တွေ့ဆုံခဲ့သည်။ ထို့ပြင် ကုလားတန်မြစ်နှင့် နတ်မြစ်ကြားရှိ နယ်ပယ်ဒေသကို ရိုဟင်ဂျာတို့နှင့် ဆက်နွယ်သော ပြည်နယ်အဖြစ် ကြေညာပေးသင့်သည်ဟု တောင်းဆိုချက်တစ်ရပ် တင်သွင်းခဲ့သည်။ 


တစ်ဖက်က ဂျမီယတေ ခုဒ္ဒါမုလ်အီစ္စလာမ်သည်လည်း အာရ်ကာန်ပြည် မွတ်စလင်တိုင်းရင်းသားတို့၏ အခွင့်အရေးများကို ကာကွယ်ရာတွင် အရေးကြီးသော အခန်းကဏ္ဍက လှုပ်ရှားလာခဲ့သည်။ ၁၉၄၇ ခုတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းအဖော်တို့သည် လန်ဒန်သို့ ဗြိတိသျှဝန်ကြီးချုပ် ကလေမန် အက်ထလီနှင့် တွေ့ဆုံရန် သွားသည့် ခရီးစဉ်တွင် ဒေလီမြို့၌ ခေတ္တရပ်နားခဲ့သည်။ ဗိုလ်ချုပ်တို့အဖွဲ့သည် အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင်များဖြစ်သော မိုဟာမတ်အာလီဂျိန္နာဟ်၊ ဂျာဝါဟဲရ်လာလ် နေရူး တို့နှင့် တွေ့ဆုံခဲ့သည်။


ဂျမီယတ်တေ ခုဒ္ဒာမုလ် အီစ္စလာမ်သည် ဗိုလ်ချုပ်တို့ လန်ဒန်သွားမည့် ခရီးစဉ်ကို တစ်ပတ်အကြို သတင်းရရှိခဲ့သည်။ ထို့ကြောင့် ဂျီမီယတ်သည် အဖွဲ့ဝင်ခြောက်ယောက်ပါသော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို အချိန်မီ ဖွဲ့စည်းကာ ဗိုလ်ချုပ်တို့နှင့် တွေ့ဆုံရန် စေလွှတ်ခဲ့သည်။ ထိုအဖွဲ့တွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များမှာ-

(၁) မော်လနာ အဗ္ဗဒုလ်ကုဒ္ဒုစ် မဇာဟေရီ (၁၉၂၄-၁၉၉၃)
ဂျမီယတ်၏ ဥက္ကဋ္ဌ၊ အဖွဲ့ခေါင်းဆောင်။

(၂) မော်လနာ ဆုလ်တာန် အဟ်မတ်
ဂျမီယတ်၏ အထွေထွေအတွင်းရေးမှူး

(၃) မော်လနာ အဘူဘောက္ကောရ် ဆီဒ္ဒီးက်
ဂျမီယတ်၏ အမှုဆောင်အဖွဲ့ဝင်

(၄) ကျန်သုံးယောက်မှ တစ်ယောက်သည် ရန်ကုန်မှ မွတ်စလင် ပညာရှင်တစ်ဦးဖြစ်သည်


တို့ဖြစ်ကြသည်။ သူတို့အဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့နှင့် ဂျဝါဟဲရ်လာလ်နေရူး၏ နေအိမ်တွင် တွေ့ဆုံကြရာ ၂၅ မိနစ် ကြာ စကားပြောဆိုဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ကို သူတို့က တောင်းဆိုချက်တစ်စောင် တင်သွင်းပေးခဲ့သည်။ အဆိုပါ တောင်းဆိုချက်တွင် အောက်ပါအချက်များပါဝင်ခဲ့သည်။


(၁) ရက်စက်ညှည်းပမ်းမှုကြောင့် ရခိုင်ပြည်မှ စွန့်ခွာ၍ ဗြိတိသျှအိန္ဒိယ၏ ရောင်ပူရ်၊ ဒီနာဂ်ျပူရ်နှင့် အခြားပြည်နယ်များတွင် ဒုက္ခသည်အဖြစ်ခိုလှုံနေသော အာရ်ကာန်ပြည်မှ မွတ်စလင်များကို ပြန်လည် ခေါ်ယူထူထောင်ပေးရန်။

(၂) ဗမာပြည်တွင် ဘာသာရေးစောင့်ထိန်းခြင်း အခွင့်အရေးကို အမြဲတစေ ငြိမ်းချမ်းစွာ လွတ်လပ်ခွင့်ပေးရန်။

(၃) ဒုတိယကမ္ဘာစစ်ကြီးတွင် ပိတ်ပင်ခံရသော ဘာသာရေးခရီး ဟဂ်ျပြုခွင့် ကို ပြန်လည် အသက်သွင်းပေးရန်။

(၄) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့် ဥပဒေကိုမှ လူနည်းစုများ၏ သဘောထား၊ သဘောတူညီချက်မပါဘဲ မသတ်မှတ်ရန်။

(၅) အလုပ်ခန့်ခြင်းတာဝန်ကို လူနည်းစုများနှင့် လူဦးရေ၊ ကျန်းမာရေးနှင့် အရည်အချင်းအလျောက် အချိုးတူ ထမ်းဆောင်ခွင့်ပေးဆောင်ရန်။

(၆) အစိုးရသည် ဗမာပြည်ရှိ လူဦးရေဒုတိယအများဆုံးဖြစ်သော မွတ်စလင်တို့အား တန်းတူရည်တူထားရှိမှု၊ တရားမျှတမှု၊ ဘက်မလိုက်သောဝါဒကျင့်သုံးမှု အပေါ်အခြေခံ၍ ပါလီမန်၌ တူညီသော နေရာပေးသင့်သည်။


အထက်ဖော်ပြပါ အချက်များမှ နံပါတ် (၁) မှ (၅) အထိကို ဗိုလ်ချုက်အောင်ဆန်းက လက်တွေ့အကောင်အထည်ဖော်ပေးမည်ဟု ကတိပေးခဲ့သည်။ အချက် နံပါတ် (၆) ကိုမူ နောက်မှ ပါလီမန်တွင် ထည့်သွင်းစဉ်းစားမည်ဟု ကတိပေးခဲ့သည်။ 


ဂျမီယတ်၏ ကိုယ်စားလှယ်အဖွဲ့သည် ဗိုလ်ချုပ်တို့အဖွဲ့ကို အနာဂတ်ဗမာပြည်မွတ်စလင်များ အရေးကို ကျယ်ကျယ်ပြန်ပြန် ဆွေးဆွေးနွေးနိုင်အောင် ဒီယောဘောန်ရှိ ဗဟိုရုံးတွင် ဖိတ်ခေါ်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်တို့အဖွဲ့သည် လန်ဒန်မှအပြန်တွင် တွေ့ဆုံဆွေးနွေးမည်ဟု လက်ခံခဲ့သည်။ ဂျမီယတ်အဖွဲ့သည် ဗိုလ်ချုပ်တို့အဖွဲ့ အပြန်ခရီးကို မျှော်ခဲ့နေသော်လည်း ရုတ်တရက် လန်ဒန်မှ ပေးပို့ခဲ့သော ကြေးနန်းတစ်စောင် လက်ခံရရှိသည်။ ကြေးနန်းတွင် ဗမာပြည်လှုံခြုံရေးအခြေအနေ ဆိုးဝါးလာမှုနှင့် ဖွုံ့ဖြိုးမှုလုပ်ငန်းစဉ်များအတွက် ချက်ချင်း ရန်ကုန်သို့ တိုက်ရိုက် ဦးတိုက်သွားရန် ဆုံးဖြတ်လိုက်သည် ဟူ ပါရှိသည်။ ထို့အပြင် ဗိုလ်ချုပ်တို့အဖွဲ့က နှစ်ဖက်သဘောတူခဲ့သော အချက်နှင့်စပ်လျဉ်း၍ သင့်လျော်သည့်အချိန်တွင် ရန်ကုန်သို့ လာရောက်တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ 


ဂျမီယတ်အဖွဲ့သည် သူတို့၏ အတိုင်အပင် ကောင်စီနှင့် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ ၎င်းဆွေးနွေးပွဲတွင် ဒေလီ၌ ဗိုလ်ချုပ်တို့ကိုယ်စားလှယ်အဖွဲ့နှင့် သဘောတူညီချက်၊ ကြေးနန်းကိစ္စ စသည်တို့ကို အကျယ်တဝန်း ဆွေးနွေးတိုင်ပင်ခဲ့သည်။ ရက်အနည်းငယ်ဆွေးနွေးပြီးနောက် အဖွဲ့ဝင် လေးဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ရန်ကုန်သို့စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအဖွဲ့တွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များမှာ-

(၁) မော်လနာ အဘူဘောက္ကောရ် ဆီဒီးက်
(အဖွဲ့ခေါင်းဆောင်)
(၂) မော်လနာ အဗ္ဗဒူလ်ကုဒ္ဒုစ် မိုဇာဟေရီ
(အဖွဲ့ဝင်)
(၃) မော်လနာ ဆုလ်တာန် အဟ်မတ်
(အဖွဲ့ဝင်)
(၄) မော်လနာ ဇာဖောရုလ်အိစ္စလာမ် (ဘ) အဘုလ်ခိုက်ရ်
(အဖွဲ့ဝင်)
တို့ပါဝင်ခဲ့သည်။ 


သူတို့ ရန်ကုန်သို့ မထွက်ခွာမီ မောင်တော၍ လုပ်သားပြည်သူ၊ အိုလေမာ၊ ထင်ရှားသော ပုဂ္ဂိုလ်များနှင့် အမျိုးမျိုးအဖြာဖြာ ကဏ္ဍများဖြင့် ဆွေးနွေးကာ ပြည်သူတို့၏ လိုအပ်ချက်များကို သိရှိခဲ့သည်။ သူတို့အဖွဲ့သည် စစ်တွေသို့ ရောက်၍ ပြန်တစ်ခါ လူတန်းစားအလွှာလွှာနှင့် ဆွေးနွေးတိုင်ပင်ပြန်သည်။


လမ်းခရီး၌ ဖြစ်ရပ်အချို့ကြောင့် သူတို့အဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဆုံရန် မဖြစ်နိုင်ခဲ့ချေ။ 

ထို့ကြောင့် ဂျမီယတ်အဖွဲ့သည် အစီအစဉ်ကို ရွေ့ဆိုင်းခဲ့၍ ရုံးချုပ်သို့ အသီးစိတ် အစီရင်ခံခဲ့သည်။ ဆီမ်လာ ရှိ ဗမာပြည် ဘုရင်ခံထံ စာတစ်စောင် ပေးပို့ခဲ့သည်။ နောက်စာတစ်စောင်ကို ဗိုလ်ချုပ်အောင်ဆန်းထံ အစီအစဉ်ပျက်ရခြင်း တောင်းပန်စာအဖြစ် ပေးပို့ခဲ့သည်။ သံအဖွဲ့လည်း ပြန်လာခဲ့လေသည်။ 


၁၉၄၇ ဥပဒေပြုကောင်စီ ရွေးကောက်ပွဲတွင် ရိုဟင်ဂျာမွတ်စလင်များကို နိုင်ငံခြားသား၊ ကျူးကျော်လာသူ အဖြစ် တံဆိပ်ကပ်ကာ မွတ်စလင်အများစုကို မဲစာရင်းမှ ပယ်ချခဲ့သည့် လှို့ဝှက်ကြံစည်မှုတစ်ရပ် ထွက်ပေါ်လာခဲ့သည်။  ဤကြံစည်ချက်သည် ကမ္ဘာသူကမ္ဘာသားများ ရှေ့မှောက်တွင် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ ဂျမီယတ်အဖွဲ့သည် ဤ ယုတ်မာသော ကြံစည်ချက်ကို အမှန်တရားဖြင့် ခုခံခဲ့သည်။ ထိုပြင် မှန်ကန်သော မဲစာရင်းကို ပြန်လည်တင်သွင်းနိုင်ခဲ့သည်။ ဂျမီယတ်၏ ဥက္ကဋ္ဌ မစ္စတာ ဆုလ်တာန်အမတ် နှင့် ဒုဥက္ကဋ္ဌ မစ္စတာ အဗ္ဗဒူလ်ဂဖားရ် တို့သည် ဗမာတိုင်းပြုပြည်ပြုကောင်စီတွင် အမတ်လောင်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။ 


ထို့ပြင် လွတ်လပ်ရေးရရှိပြီးနောက် ဂျမီယတ်အဖွဲ့သည် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ခုစလုံးတွင် တရားဝင် အရွေးခံခဲ့ရသည်။ အခြားတိုင်းရင်းသားများနည်းတူ ရိုဟင်ဂျာမွတ်စလင်များအတွက်လည်း အာရ်ကာန်ပြည်မြောက်ပိုင်းတွင် သီးခြားပြည်နယ်တစ်ခုရရှိရန် များစွာ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ယာယီညွှန့်ပေါင်းအစိုးနှင့်လည်း ပူးပေါင်းခဲ့သည်။ သို့သော် အာဏာရအစိုးရ၏ ဖိအားပေးမှုကြောင့် အရွေးခံ ဂျမီယတ်အမတ်လောင်းများသည် သူတို့၏ နိုင်ငံရေးပုံရိပ်များကိုပင် ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ချေ။ 


ဤဖြစ်စဉ်တွင် မိမိတို့ ဆုံးရှုံးခဲ့သည်ဟူသမျှကို ပြန်လည်အသက်သွင်းပေးရန်  မော်လနာ အဗ္ဗဒူလ်ကုဒ္ဒုစ် သည် အတွေးအခေါ်အသစ်၊ ရည်မှန်းချက်အသစ်၊ စိတ်ဓာတ်အသစ်တို့နှင့် နိုင်ငံရေးလောကသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ၁၉၅၄ ခုတွင် ဂျမီယတုလ် အိုလေမာ အာရ်ကာန်-မြောက်ပိုင်းနှင့် ဂျမီယတေ ခုဒ္ဒာမုအီစ္စလာမ် အဖွဲ့နှစ်ဖွဲ့ကို ရိုဟင်ဂျာ ဂျမီယာတုလ် အိုလေမာ အမည်ဖြင့် ပြန်လည် အသက်သွင်းပေးခဲ့သည်။ 

၁၉၅၆ ခုတွင် ဂျမီယတ်က တဖန် ယူနိုက်တက် ရိုဟင်ဂျာ အော်ဂနိုက်ဇေးရှင်း (ရိုဟင်ဂျာ ညီညွှတ်ရေးအဖွဲ့)ကို အသစ်ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့အစည်း၏ ထီးအောက်တွင် နိုင်ငံရေးပါတီ ဟူသမျှ၊ လူမူရေးပါတီ ဟူသမျှ ဝင်ရောက်လာခဲ့သည်။ ရိုဟင်ဂျာ တစ်မျိုးသားလုံး၌ သင့်မြတ်ရေး၊ ညီညွှတ်ရေး၊ အချင်းချင်း နားလည်ယုံကြည်မှုရှိရေး စသော ကြီးမားသောအောင်မြင်မှုများကို ရရှိခဲ့သည်။ ဗမာအစိုးရသည် အာရ်ကာန်မြောက်ပိုင်းကို သီးခြားအုပ်ချုပ်မည့် ဒေသအဖြစ်ကြေညာရန် အာရုံစိုက်လာခဲ့သည်။ ယင်းသည် ရိုဟင်ဂျာတို့အတွက် သီးခြားပြည်နယ်ရရှိရေးအတွက် ပထမခြေလှမ်းဖြစ်ပေသည်။  ထို့အပြင် ရိုဟင်ဂျာတို့၏ ဘာသာစကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့တို့ကို အသိအမှတ်ပြုလာခဲ့သည်။ သီးခြားရပ်တည်နေသော တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် နိုင်ငံတော်အဆင့် အသိအမှတ်ပြုခဲ့သည်။ အစိုးရ ရေဒီယိုအသံလွှင့်ဌာနမှ ရိုဟင်ဂျာဘာသာစကားနှင့် အစီအစဉ်အမျိုးမျိုး ထုတ်လွှင့်လာခဲ့သည်။


ဤသည်မှာ ရိုဟင်ဂျာ လူမျိုးသည် မိမိတို့၏ ရပ်တည်မှု၊ ဘာသာစကား၊ ဓလေ့ထုံးစံများကို ထိန်းသိမ်းနိုင်ရန် ဆယ်စုနှစ်ချီ အားကုန်းယမ်းကုန် ကြိုးပမ်းမှုများဖြစ်ကြပါသည်။ သို့သော် ထို့ကြိုးပမ်းမှု၏ အနှစ်သာရသည် ရေရှည်တည်တံ့နိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ဗိုလ်နေဝင်းအစိုးရ အာဏာသိမ်းပြီးနောက် ထူးထူးခြားခြား ပြောင်းလဲလာခဲ့သည်။ သူသည် ရိုဟင်ဂျာအဖွဲ့အစည်းများအားလုံးကို ပြစ်ဒဏ်ခတ် ပိတ်ပင်ခဲ့သည်။ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည့်အပြင် အခြေခံလူ့အခွင့်အရေးများကိုတောင် ရုတ်သိမ်းလိုက်ခဲ့သည်။ အာရ်ကန်ပြည်တွင်နေထိုင်သော မွတ်စလင်များသည် တိုင်းတစ်ပါးသား၊ ကျုးကျော်သူများ စသည်ဖြင့် ကင်ပွန်းတပ်ကာ တဖည်းဖြည်းချင်း မောင်းထုတ်ခဲ့သည်။ ထိုကဲ့သို့သော အခြေအနေများသည် ရိုဟင်ဂျာတစ်မျိုးသားလုံးကို အမှောင်တွင်းသို့ အဓမ္မတွန်းပို့ခဲ့လေသည်။ 


ဂျမီယတုလ်အိုလမာသည် မြေအောက် ပုန်းလျှို့ခဲ့ရသော်လည်း အဖွဲ့ဝင်များသည် အိမ်နီးချင်းနိုင်ငံများတွင် လှုပ်ရှားနေဆဲဖြစ်သည်။ အာရ်ကာန်ပြည်မှ အသက်ကယ်စွန့်ခွာလာသောသော သူများသည် မည်သည့်နေရာတွင် မဆို ခိုလှုံနိုင်ရန် သူတို့တတ်နိုင်သလောက် ဆောင်ရွက်ပေးနေကြသည်။ မြန်မာနိုင်ငံ၏ အိမ်နီးနားချင်း တံခါး ဘင်္ဂလားဒေ့ရ်ှသို့ ကမ္ဘာ့အကြီးမားဆုံး အစုလိုက်အပြုံးလိုက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့သည်။ မိမိတို့ လူမျိုး၏ ယုံကြည်မှု၊ ဘာသာရေး၊ ယဉ်ကျေးမှုစသည်တို့ မိမိဘိုးဘွားပေးအမွေ အမိမြေတွင် နေထိုင်၍ ထိန်းသိမ်းပေးနိုင်ရန် များစွာသော အိုလမာများသည် အရှက်ကွဲခြင်း၊ နှိပ်စက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်း စသည်တို့ကို ရဲရဲစွမ်းစွမ်းခံနေလျက် ရှိပါသတည်း။


(လူထုဝဏ္ဏ ဘသာပြန်သည်)


Ref: The Emergence of Jamiatul Ulama and its Activities