Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label Rohingya. Show all posts
Showing posts with label Rohingya. Show all posts

Thursday, August 28, 2025

အာဏာရှင်လမ်းကို တက်နင်းနေတဲ့ အေအေ


အာဏာရှင်လမ်းကို တက်နင်းနေတဲ့ အေအေ


စစ်အာဏာရှင်ဖြုတ်ချရေး မြန်မာ့နွေဦးတော်လှန်ရေးကြီးဟာ အတိုင်းအတာတစ်ခုအထိ ခရီးပေါက်ကပါပြီ။ မြန်မာနိုင်ငံ အနှံ့အပြားတွင် တော်လှန်ရေးအဖွဲ့အစည်းတွေက သွေးချွေးစတေး ချွံချွံတိုက်ခိုက်လို့ နယ်မြေတွေ အတော်များများ သိမ်းပိုက်ရရှိပါပြီ။ ဒီလောက် အောင်မြင်မှုတွေ ရလိမ့်မယ်ဆိုတာလည်း အစတုန်းက မခန့်မှန်းခဲ့ချေ။ ရုတ်တရက်ပေါ်လာခဲ့တဲ့  ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးခရီးမှာ  အအောင်မြင်ဆုံး စစ်ဆင်ရေးလို့ လေ့လာသူတွေက မှတ်ချက်ပေးကြတယ်။ ရခိုင်ပြည်နယ်ဘက်မှာလည်း ရခိုင့်လက်နက်ကိုင်အဖွဲ့ အေအေက နယ်မြေ ၈၀ ရာခိုင်နှူန်းလောက် သိမ်းပိုက်ထားပြီဖြစ်တယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ အေအေက ရှေ့ဆုံးက တာဝင်နေတယ်ဆိုရင်လည်း မမှားပါဘူး။ သူတို့က တော်လှန်ရေးအစိုးရ ဖွဲ့စည်းပြီးတော့ ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေး အသက်တောင်သွင်းပေးတဲ့ အဆင့်ထိ ရောက်ရှိနေတာ အားလုံးအသိဖြစ်တယ်။

ဒီနေရာမှာ စဥ်းစားစရာက အေအေရဲ့ အုပ်ချုပ်မှုယန္တရားဟာ လူမျိုးအားလုံးရဲ့ အခွင့်အရေး အကျုံးဝင်တဲ့ ခေတ်သစ်အုပ်ချုပ်ရေးစနစ်တစ်ခုဆီကို ချီတက်နေသလား။ ဒါမှမဟုတ် ခေတ်ဟောင်း အာဏာရှင်တွေရဲ့ ခြေရာကိုပဲ ပြန်နင်းနေသလား မေးခွန်းထုတ်စရာဖြစ်လာတယ်။ အဲဒါကို လက်တွေ့ကျကျ လေ့လာချင်တယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ ဒုတိယလူဦးရေအများဆုံး ရိုဟင်ဂျာလူမျိုးနှင့် အေအေရဲ့ ဆက်ဆံရေးကို ကြည့်လိုက်ရင် သူတို့ရဲ့ အုပ်ချုပ်ရေးအတွေးအခေါ်တွေနဲ့ အနာဂတ်နိမိတ်ကို ထင်ထင်ရှားရှား တွေ့မြင်စေတယ်။ အေအေရဲ့ မူဝါဒဟာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လာရင် စစ်အာဏာရှင်အဆက်ဆက်ရဲ့ လမ်းစဥ်ကိုပဲ တစ်လှမ်းပြီးတစ်လှမ်း ပြန်လျှောက်နေကြတာတွေ့ရပါလိမ့်မယ်။ သတင်းမီဒီယာသမားတွေလည်း စကစ ရှုံးရင်ပြီးရော့ဆိုပြီး ဖြူဖြူမည်းမည်း မခွဲခြားဘဲ တဖက်သတ် အေအေဘက်က ရေးသားပြောဆိုနေကြတယ်။ တော်လှန်ရေးအဖွဲ့အစည်းအများစုကလည်း ရိုဟင်ဂျာနဲ့ပတ်သတ်လာရင် နှုတ်ဆိတ်နေမြဲတတ်တယ်။ ဒါက မထူးခြားဘူး။ မှန်မှန်မှားမှား အေအေကို မဆန့်ကျင်လိုတဲ့ သဘောပဲ။ တပြည်လုံးကိုယ်စားပြုတယ်လို့ဆိုတဲ့ အန်ယူဂျီကတောင် ဝင်မစွပ်ရဲဘူး။ ဒီတော့ တစ်ပြည်တစ်မင်းလို သွားနေတဲ့ အေအေရဲ့လမ်းက နောင်ခတ်မှာ ပြည်သူ့အတွက် ကောင်းကျိုးပေးမလား၊ အန္တရာယ်ဖြစ်သွားနိုင်သလား ဝေဖန်ရေးသားချိန်တန်ပြီ။ အေအေအဖွဲ့က အာဏာရှင်တို့ရဲ့ အမွေဆိုးလမ်းစဥ်ကို ဘယ်လိုနင်းနေကြသလဲ တစ်ခုပြီးတစ်ခု အကျဥ်းမျှ လေ့လာကြည့်ကြရအောင်။

ပထမဦးဆုံးပြောရရင် အင်မတန် အခြေခံကျတဲ့ လူသားတို့ရဲ့ မူလအခွင့်အရေးကို ငြင်းဆန်နေတာ တွေ့ရပါမယ်။ အေအေက ရခိုင်ပြည်တွင်း မှီတင်းနေထိုင်တဲ့ လူမျိုးစုကို လူမျိုးရေးအရ အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း၊ ကိုယ်ပိုင်ဝသေသအမည်ကို ငြင်းဆန်ခြင်းတွေကို အသက်သွင်းလာတယ်။  ဒီအချက်ကို အာဏာရူး စစ်အာဏာရှင်တွေက လူမျိုးအချင်းချင်း ပဋိပက္ခတွေ ဖန်တီးနိုင်အောင် တမင်တကာ ခါးခါးသီးသီး ချမှတ်ခဲ့တဲ့ လုပ်ကြံမူဝါဒတစ်ခုဖြစ်တယ်။ လူမျိုးကြီးဝါဒကို လေပင့်ပေးလို့ တခြားလူနည်းစုတွေကို နိမ်တဲ့သီအိုရီပေါ့။ အခုလည်း အေအေက အဲဒီမိစ္ဆလမ်းဟောင်းကို ရွေးလျှောက်နေကြောင့် မြင်နေရတော့ အင်မတန် ဝမ်းနည်းစရာကောင်းတယ်။ အေအေ အင်အားနည်းချိန်ကတော့ ရိုဟင်ဂျာလူမျိုးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အမည်နာမကို ခေါင်းဆောင်ပိုင်းကိုယ်တိုင်က သုံးစွဲအသိအမှတ်ပြုခဲ့ကြတယ်။ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်ကာ ကမ္ဘာ့တရားခုံအထိ ရောက်အောင် ကူညီခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ သူတို့အင်အားကြီးလာတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို ပေးမသုံးလိုဘူး။ ငြင်းဆိုနေကြတယ်။ ခေါင်းဆောင်ပိုင်တွေ ကိုယ်တိုင်က အဘတို့ရဲ့အတွေးအခေါ်နဲ့ တခြားနာမည်အမျိုးမျိုးကို သုံးစွဲခေါ်ဝေါ်နေကြတာ တွေ့ရပါတယ်။ 

ပြီးတော့ ရခိုင်ပြည်ရဲ့ မူလဌာနေလူမျိုးလို သဘောမထားဘဲ စစ်အာဏာရှင်လို ဒုတိယတန်းစားလူမျိုးအဖြစ် ဆက်ဆံနေကြတာရေ၊ နိုင်ငံရေးကအစ  တော်လှန်ရေး၊ အုပ်ချုပ်ရေးကနေ ဘာမှမဆိုင်သလို မပတ်သက်သလို ဘေးဖယ်ထားတာတွေက စစ်အစိုးရနဲ့ ထပ်တူကျနေတယ်။ အောက်ခြေစစ်သားနဲ့ ရပ်ရွာတာဝန်အချို့မှာ ရိုဟင်ဂျာလူမျိုးကို သုံးနေကြတာလောက်ပဲ ရှိတယ်။ ဒါလည်း မလွှဲမရှောင်သာ လိုအပ်နေလို့ပါပဲ။ ရိုဟင်ဂျာတွေရဲ့ မည်သည့် နိုင်ငံရေးအဖွဲ့အစည်းနဲ့ တွေ့ဆုံဆွေနွေးစရာ မလိုဘူးလို့ ခေါင်းဆောင်ပိုင်းက ပြောဆိုလာတယ်။ ရိုဟင်ဂျာတွေရဲ့ ဆန္ဒ၊ သဘောထားတွေကို တင်ပြနိုင်ခွင့်မပေးဘဲ သူတို့စိတ်ထင်ရာ စိုင်းနေကြတဲ့မူနဲ့ သွားနေကြတယ်။ ရိုဟင်ဂျာပြည်သူတွေရဲ့ ကိုယ်ပိုင်ဆန္ဒမပါဘဲ ရိုဟင်ဂျာတွေနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေချတယ်။ သူတို့ ထားသလိုနေ၊ ခိုင်းသလိုလုပ် ဆိုတဲ့ အာဏာရှင်ပုံစံနဲ့ပေါ့။ အင်မတန် အယူသည်းတဲ့ လူမျိုးကြီးဝါဒကို ပြန်လည်အသက်သွင်းလာတော့ ရှေ့​ပြေးလမ်းက လူမျိုးပေါင်းစုံ ယှဥ်တွဲနေထိုင်နိုင်မယ့် နှင်းဆီလမ်း ဖြစ်မလာဘူးဆိုတာ မြင်ယောင်လာစေတယ်။ 

နောက်တစ်လှမ်းက ရိုဟင်ဂျာပိုင် လယ်မြေအိုးအိမ် ဥစ္စာပစ္စည်းများ အဓမ္မ သိမ်းပိုက်တာဖြစ်တယ်။ ဒါကလည်း စစ်အာဏာရှင်ယုတ်တို့ရဲ့ မျိုးတုံးရှင်းလင်းရေး အဓိကလက်နက်တစ်ခုဖြစ်တယ်။ သူတို့ ချမှတ်ခဲ့တဲ့ လမ်းဟောင်းပဲ။ အေအေက ထိန်းချုပ်နယ်မြေတွေမှာ မဟုတ်မမှန် အကြောင်းအမျိုးမျိုးပြလို့ ရိုဟင်ဂျာတို့ရဲ့ အိုးအိမ်များ၊ လယ်မြေ၊ ဆိုင်၊ ကန်ပိုင်စတဲ့ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းနေကြတဲ့ သတင်းတွေ ဟိုကဒီက မကြာခဏ ပေါ်လာပြန်တယ်။ ဘာသာရေးအဆောက်အအုံတွေ ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်း၊ သူတို့ တပ်စွဲစခန်းချ သုံးစွဲခြင်းတွေလည်း လုပ်လာကြတာတွေ့ရတယ်။ တိုက်ပွဲတွေအတွင်းဆိုရင်လည်း သူတို့နဲ့မတည့်တဲ့ ရပ်ရွာရပ်ကွက်တွေဆို ရွာလုံးကျွတ်တန်းမီးရှို့တာလည်း ရှိတယ်။ ရိုဟင်ဂျာတို့ရဲ့ မှီတင်းနေထိုင်ရာ ရိပ်သာတွေကို မတရားသိမ်းဆည်းခံနေရ၊ မီးရှို့ခံရလည်း သေနတ်ပြောင်းဝရှေ့ ပြောမရဲဆိုမရဲ လည်စင်းခံ နေရတာကိုး။

ပြီးတော့ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့အစည်းကို အကြောင်းပြပြီး ပြည်သူလူထုကို မတော်မတရား ညှည်းပမ်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ ဖမ်းဆီတာ၊ ငွေညစ်တာ စတဲ့ တရားဥပဒေမဲ့ လုပ်ရပ်တွေ နေ့ရက်ဆက် ကျုးလွန်နေတယ်။ နောက်ပြန်လှည့်ကြည့်ရင် ဒါက ရိုဟင်ဂျာတို့ကို ကြောက်စိတ်ထည့်သွင်းပေးရန် စစ်အာဏာရှင်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး လက်နက်တစ်ခုဖြစ်တယ်။ အေအေကလည်း ထိုမူဝါဒကို လက်ကိုင်ကျင့်သုံးလာနေတာဖြစ်တယ်။ ပညာတတ်လူငယ်တွေကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲပြီး အမျိုးမျိုးဖိနှိပ်တဲ့ ကျုးလွန်မှုတွေ ကျယ်ကျယ်ပြန့်ပြန် ပြစ်မှားလာနေတယ်။ ပွင်းလင်းမြင်သာမှုရှိတဲ့ စစ်မှန်တဲ့တရားဥပဒေတံမျဥ်းကို ဥပေက္ခပြုပြီးတော့ ဓါးမိုးသေနတ်မိုးလို့ စိတ်ထင်ရာ စီရင်နေတဲ့ ဖြစ်ရပ်တွေ ဒုနဲ့ဒေးပါပဲ။

ဒါ့အပြင် စစ်အာဏာရှင်ရဲ့ သတင်းလွှတ်လပ်ခွင့်ကို ပိတ်ပင်တဲ့ လမ်းစဥ်ကိုလည်း အကောင်အထည်ဖော်နေတယ်။  ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကိုလည်း ထိန်းချုပ်ထားတယ်။ အေအေကလည်း ပြည်သူတွေကို နှုတ်ပိတ်နေအောင် သေနတ်ပြောင်ဝ အမြဲ ချိန်းထားလေ့ရှိတယ်။ အေအေ တက်သားတွေကျူးလွန်ခဲ့တဲ့ အမှုတစ်စုံတစ်ရာကို ပြည်သူတွေ ထွက်ဆိုလာရင် သတ်ဖြတ်အရေးယူခြင်းအထိ ခံနေရတယ်။ ဒါကတော့ စကစထက်တောင် ဆိုးဝါးလွန်နေလှပြီ။ ပြည်သူတွေက မိမိရဲ့ ခံစားချက်၊ မတရားခံရမှုတွေကို ရေငုံနှုတ်ပိတ်ကာ အေအေက ခိုင်းသလို ခေါင်းညိတ်နေရတယ်။ သူတို့ လိုချင်သလို ကဆိုရင်က၊ ရယ်ဆိုရင်ရယ် ရုပ်သံတွေရိုက်ပြ ထုတ်လွှင့်ရတယ်။ အေအေက လက်နက်ကိုင်ဂိုဏ်းလို ဘယ်နိုင်ငံတကာဥပဒေကိုမှ အရေးမစိုက်ကြဘူး။ တကယ်တော့ အဲလိုအမှုတစ်စုံတစ်ရာ ပေါ်လာပြီဆိုရင် ပွင်းလင်းမြင်သာစွာ စစ်ဆေးပြီးတော့ အပြစ်ကျုးလွန်သူတွေကို အရေးယူပြီးတော့ ဖြေရှင်းတာပဲ မှန်ကန်တဲ့ လမ်းစဥ်ပဲလေ။ အမှုတိုင်းမှာ ဘူးငြင်းလို့တော့ ဘယ်ဟုတ်ပါ့မလဲ။ အမှုတိုင်းတော့ စွပ်စွဲတာတော့ မဖြစ်နိုင်ဘူး။ အမှန်တရားတော့ ရှိမယ်။

ဒီလောက်နဲ့ မပြီးသေးဘူး။ စကစရဲ့ အဓိက ရန်ဘုံငွေရှာတဲ့ နည်းတစ်ခုက မတရား ငွေညစ်ခြင်းဖြစ်တယ်။ ဘာလုပ်လုပ် ငွေနဲ့သာ စကားပြောရတယ်။ အခုအေအေလက်နက်ကိုင်ကလည်း ဘာလုပ်လုပ် ငွေနဲ့ပဲ စကားပြောတယ်။ လူတစ်ယောက် တစ်နေရာကနေ တစ်နေရာ သွားချင်ရင် ထောက်ခံစာယူရပြန်တယ်။ ပိုက်ဆံပေါ့။  ရန်ကုန်ကို သွားချင်ရင် သိန်း ၅၀ ကျော်။ စာရွက်စာတမ်း တစ်ခုခု လုပ်ချင်ရင် တစ်သိန်းကနေ သိန်း ၁၀ အထိပဲ။ ဘင်္ဂလားကို ထွက်ပြေးလာချင်ရင် ငွေသိန်း ၂၅ လောက် သူတို့ကို ပေးမှ အဆင်ပြေတာလေ။ ထောင်သားတစ်ယောက်နဲ့ တွေ့ချင်ရင် သိန်း ၁၀ နဲ့ မလောက်ဘူး။ ဒီ အဓမ္မ ဆက်ကြေးကို အေအေက အခွန်ဆိုပြီးတော့ နာမည်လှလှတပ်ထားတယ်။ အေအေရဲ့  တာဝန်ခံတွေဆို လာမယ့်နှစ်တွေမှာ ရခိုင်ပြည်ရဲ့ အချမ်းသာဆုံးစာရင်း ဝင်တော့မယ်။ (ဘင်္ဂလားနဲ့ အိန္ဒိယဘက်ကို မူးယစ်ဆေးဝါးတွေတင်ပို့နေတဲ့အကြောင်းကို သူတို့ ရန်ဘုံငွေရှာလမ်းဆိုတော့ မပြောလိုဘူး။)

နောက်တစ်ခုကတော့ ရိုးသားဖြောင့်မတ်တဲ့ သူတော်ကောင်း ဟန်ဆောင်တာပါပဲ။ စေတနာရှင်လိုလိုပေါ့။ စစ်ကောင်စီက ရိုဟင်ဂျာတွေကို တစ်ဖက်က ဖိနှိပ်စက်ရင် အခြားတစ်ဖက်က ရိုဟင်ဂျာတွေကို ကူညီနေတဲ့ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင့်တွေကို ဖြန့်ကာ ဝါဒမိုင်းတိုက်ဖို့ ကြိုးစားခဲ့တယ်လေ။ အခုလည်း အေအေက ထပ်တူပဲ။ တစ်ဖက်က ရိုဟင်ဂျာတွေကို ဖိနှိပ်ညှည်းပမ်းနေတယ်။ အခြားတစ်ဖက်က သူတို့ရဲ့ အစွန်းရောက်မီဒီယာတွေကို သုံးပြီး ကူညီသလို၊ ထောက်ပံ့သလိုလို ဓါတ်ပုံတေ့၊ ဗီဒီယိုတွေ ဖြန့်ဝေကြတာတွေ့ရတယ်။ မူဆလင်ရေးရာဌာနတွေ ဖွင့်လှစ်နေကြောင်း ဝါဒဖြန့်လာကြတယ်။ ပြည်သူတွေကလည်း မိမိတို့ရင်ဆိုင်နေရတဲ့ ရောင်စုံဖိနှိပ်မှုတွေကို မျိုသိပ်နေရတာပေါ့။ ဆန့်ကျင်မပြောဝံ့တော့ တိတ်ဆိတ်ပဲနေရတယ်။ စကစကလည်း မြန်မာမူဆလင်၊ အိုလာမာ၊ မွတ်ဆလင်ရေးရာကောင်စီ စသည်ဖြင့် အဖွဲ့အစည်းများ ဖွင့်ပေးခဲ့တယ်ဆိုတာလည်း အလုံးအသိပဲမဟုတ်လား။ 

စစ်အာဏာရှင်တွေရဲ့ နောက်မူတစ်ခုက ပွင့်လင်းမြင်သာမှု မရှိတာဖြစ်တယ်။ အခု အေအေကလည်း ဘာလုပ်လုပ် ပွင့်လင်းမြင်သာမှု မရှိပါဘူး။ သူတို့ ဖမ်းချင်တဲ့သူကိုဖမ်း၊ သတ်ချင်တဲ့သူကိုသတ် ပြီးတော့ ဇွတ်ငြင်းဆိုမယ်၊ မဟုတ်မမှန်စွပ်စွဲတာပဲ လုပ်နေကြတယ်။ ပြည်သူတွေကို ဖမ်းခေါ်သွား၊ အချုပ်ထဲမှာသတ်၊ ပြီးတော့ လွှင့်ပစ်တဲ့အမှုလည်း မနည်းပါဘူး။

နောက်ထပ် တစ်ခုပြရရင် အတင်းအဓမ္မ ပေါ်တာဆွဲတာပါပဲ။ စကစရဲ့ နောက်ထပ် မတရားမှုတစ်ခုပေါ့။ ဒီလောက် လူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ အေအေက ပေါ်တာဆွဲတာ၊ လုပ်အားတောင်းတဲ့ မူကို အသက်သွင်းလာနေကြတယ်။ စစ်ဘေးဒဏ်ကတစ်ဖက် အစားအသောက်နဲ့ ရောဂါဘယတွေလဲတစ်ခက်နဲ့ အလူးအလဲခံစားနေရတဲ့ပြည်သူတွေကို အတင်းအဓမ္မ လုပ်အားပေးခိုင်းတာ ဘယ်က တရားပါမလဲ။ သူတို့အတွက်လမ်းဖောက်ခိုင်းတာတွေ၊ သူတို့ရဲ့ အဆောက်အအုံတွေ ဆောက်ခိုင်းတာတွေ၊ သူတို့အတွက် ရိက္ခာတွေကို ဆက်ခိုင်းတာတွေ  ရက်ဆက်ပြုလုပ်နေကြတယ်။ လူအင်အားမရှိတဲ့ မိသားစုဆိုရင် ငွေကြေးနဲ့  ရှင်းရတယ်။ လစဥ်ပေးေဆာင်နေရတဲ့ ဆက်ကြေးတွေအပြင် လုပ်အားမေပးနိုင်တဲ့အိမ်ဆို တစ်/နှစ်သောင်းတောင် ပေးရတယ်။

နောက်ဆုံးတစ်ခုကတော့ အင်မတန် ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုပေါ့။ ပြည်သူတွေကို ပုရွက်ဆိတ်လို အုပ်လိုက်စုလိုက် သတ်ဖြတ်ခြင်းဖြစ်တယ်။ အေအေရဲ့ စစ်ဆင်ရေး စတင်ချိန်မှစ၍ ယနေ့အထိဆို အေအေက အပြစ်မဲ့ပြည်သူ ၁၀၀၀ လောက်ကို သတ်ဖြတ်ရှင်းလင်းခဲ့တယ်။ ဒီဂဏန်းက နည်းမယ်လို့တောင် ထင်မိတယ်။ မောင်တောနှင့် ဘူးသီးတောင်မှာ သက်သက် လူပေါင်း ၇၀၀ ကျော်ကို အုပ်လိုက်စုလိုက် ရက်ရက်စက် သတ်ဖြတ်ခဲ့တယ်။  တခြား ၅ ယောက်စု၊ ဆယ်ယောက်စု တွေပေါင်းလိုက်ရင် ၁၀၀၀ မက ကျော်သွားလိမ့်မယ်။ တခြားမြို့နယ်တွေမှာ ကျူးလွန်ခဲ့တဲ့ အရေအတွက်ကို တိတိကျကျ ထည့်နိုင်ရင်တော့ မယုံနိုင်လောက်အောင် မြင့်တက်လာနိုင်တယ်။ တခြားမြို့နယ်တွေကို ဆက်သွယ်ဖို့ မလွယ်ကူလို့သာ သတင်းမှန်တွေ ထွက်လာခြင်းမရှိတာဖြစ်တယ်။ ဒီလူသတ်မှုတွေကို ထောက်ပြဝေဖန်လာရင် နောက်နောင် မဖြစ်စေရအောင် သူတို့က အမှန်တရားကို စိစစ်ပြီး အရေးယူ မဖြေရှင်းဘဲ "ဘူး" ငြင်းကြတယ်။ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ထောက်ပြတော့ ရိုဟင်ဂျာတွေ မကောင်းတော့ဘူး၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ ဒေါ်လာစားတွေ ဖြစ်ကုန်ပြီ။ ရာဇဝတ်မှု ဆိုတာ ရာဇတ်မှုပဲ။ ရာဇဝတ်ကောင်တွေကို ခွင့်လွှတ်လိုက်ရင် ဒီထက်ကြီးမားတဲ့ ရာဇဝတ်မှုတွေ ကျုးလွန်လာမှာပဲ။ အေအေက ကျူးလွန်သည်ဖြစ်စေ၊ စကစက ကျူးလွန်သည်ဖြစ်စေ၊ ရိုဟင်ဂျာလက်နက်ကိုင်က ကျုးလွန်သည်ဖြစ်စေ ရာဇဝတ်မှုပဲ။ အမှန်တရားကို အတင်း နှုတ်ပိတ်ခိုင်းလို့ မရဘူး။ ဘာပဲပြောပြော ယုံသွားအောင် နိုင်ငံတကာအဖွဲ့အစည်းတွေက မျိုးချစ်တွေလို လူအတွေလူပေါတွေမှ မဟုတ်ကြဘူး။ အေအေက ဒီလိုဒီလို ကျုးလွန်တယ်လို့ပြောရင် သူတို့က သေချာစိစစ်ပြီးတော့ ပြစ်မှုကျူးလွန်တာ တကယ်လေ့လာတွေ့ရှိမှ သတိပေးတာလေ။

ရခိုင်ပြည်လွှတ်မြောက်ရေးဆိုတာ ရခိုင်ပြည်မှာနေထိုင်တဲ့ လူမျိုးပေါင်းစုံဘာသာပေါင်းစုံရဲ့ ဘုံရည်မှန်းချက်တစ်ခုဖြစ်တယ်။ အာဏာရှင်ကို ဆန့်ကျင်တဲ့ ဒီတော်လှန်ရေးကို အားလုံးက တခဲနက် ကြိုဆိုတယ်။ ရိုဟင်ဂျာတွေက အေအေကိုလည်း မုန်းတာမဟုတ်ဘူး။ တော်လှန်ရေးသမားတိုင်းကို ထောက်ခံအားပေးကြတယ်။ တကယ်တော့ လမ်းမှားပေါ်ရောက်လို့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာကိုပဲ ရိုဟင်ဂျာတွေက ဝေဖန်ထောက်ပြနေကြတာပဲ။ စစ်ပွဲဖြစ်နေတဲ့ ဒေသတစ်ခုမှာ ထိခိုက်မှုတွေ၊ ဆုံးရှုံးမှုတွေ အနည်းနဲ့အများဖြစ်တာတော့ နားလည်ပေးရမယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှုတွေ ကြီးကြီးမားမား ကျူးလွန်တာကိုတော့ ဘယ်သည်းခံနိုင်မလဲ။ အာဏာရှင်ဟောင်းဆီက အာဏာရှင်သစ်ဆီကို အာဏာလက်လွဲပြောင်းယူတာတော့ ဘယ်သူမှ လိုလားမှာမဟုတ်ပါဘူး။

ရခိုင်ပြည်ကို အာရက္ခပြည်လို့ ပြောင်းသုံးတာက လူမျိုးပေါင်းစုံ စုစည်းပါဝင်နိုင်မှုကို ဆောင်တဲ့ လက္ခဏာတစ်ရပ်လို့ ယူဆပါတယ်။ ထိုအတူ စစ်အာဏာရှင်ရဲ့ မူဟောင်းလမ်းစဥ်တွေကို နင်းခြေပစ်ပြီး လူမျိုးအားလုံးနိုင်တဲ့ လမ်းသစ်ဖောက်ဖို့လည်း အင်မတန် အရေးကြီးပါတယ်။ လူမျိုးပေါင်းစုံ သာယာအေးချမ်းစွာ နေထိုင်နိုင်တဲ့ ပြည်တစ်ခု ထူထောင်နိုင်မှ အသက်ပေါင်းများစွာ စတေးရခြင်းရဲ့ အကျိုးနပ်မှာ ဖြစ်တယ်။ နယ်မြေအချို့ ထိန်းသိမ်းထားနိုင်ရုံနဲ့ လွှတ်မြောက်ရာမရောက်ဘူး။ ပြည်သူအားလုံးရဲ့ စုစည်းပါဝင်မှု၊ ဘုံရပ်တည်မှုက အဓိကဖြစ်တယ်။ တော်လှန်ရေးမှာသုံးတဲ့ ကျည်ဆံတစ်ချောင်းစီဟာ ပြည်သူကို ကာကွယ်ဖို့အတွက်ပဲဖြစ်စေရမယ်။ ပြည်သူကို ဖိနှိပ်ဖို့အတွက်မဖြစ်စေရဘူး။ အချိန်မီ မပြုပြင်ရင် ကိုယ်အချင်းချင်း ပြန်တိုက်လို့ စစ်ပွဲ အသက်အဓွန့်ရှည်လို့ ပြည်သူတွေ စစ်ဆင်းရဲဒဏ်ကကနေ ထွက်လို့တောင် ရမှာမဟုတ်ဘူး။  အာရကန်ပြည် အေးချမ်းသာယာပါစေ။

လူထုဝဏ္ဏ
(28-8-2025)


Friday, June 21, 2024

ကြိမ်ချောင်း တိုက်နယ်စာတိုက်မှူး ဦးချစ်သိန်း (၁၉၆၆-၂၀၂၄) ကွယ်လွန်

မောင်တောမြောက်ပိုင်း ကြိမ်ချောင်း တိုက်နယ်စာတိုက်မှူး ဦးချစ်သိန်း (၁၉၆၆-၂၀၂၄)ကွယ်လွန်

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ကြိမ်ချောင်း တိုက်နယ်စာတိုက်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော စာတိုက်မှူး ဦးချစ်သိန်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက် ည ၃း၃၀ နာရီခန့်တွင် ဒုက္ခသည်စခန်း၌ ကွယ်လွန်သွားကြောင်း သိရှိရသည်။ 

စာတိုက်မှူး ဦးချစ်သိန်း(ခ) ဖောဇလုလ်အဟ်မတ်သည် စံပ္ပာယ်ကုံးကျေးရွာ ဇာတိ ဦးအာရောဖ်သျှောင်ဒရီ၏ ဒုတိယမြောက်သား ဖြစ်သည်။ မကြာမီက ကွယ်လွန်သွားခဲ့သော ဆရာဦးမောင်ဖြူ၏ အစ်ကိုရင်းလည်းဖြစ်သည်။ ယခင်က စစ်တွေ ပြည်နယ်စာတိုက်မှူးဟောင်း၏ သမက်လည်းဖြစ်သည်။ 

၂၀၁၇ တွင် အကြမ်းဖက်စစ်တပ်နှင့် အစွန်းရောက်မျိုးချစ်အဖွဲ့တို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် နေရပ်စွန့်ခွာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှတွင် ထွက်ပြေး ခိုလှုံခဲ့ခြင်းဖြစ်သည်။ အမိမြန်မာပြည်သို့ အိမ်ပြန်လာခွင့်မရဘဲ ဒုက္ခသည်စခန်း၌ ကွယ်လွန်သွားရှာသည်။ 

စာတိုက်မှူး ဦးချစ်သိန်းသည် နှစ်ပေါင်း ၃၀ နီးပါး အစိုးရတာဝန်ထမ်းဆောင်ကာ တိုင်းပြည်နှင့်ပြည်သူအကျိုးကို ရိုသားဖြောင့်မတ်စွာ ဆောင်ရွက်ခဲ့သည်။

စာတိုက်မှူးကွယ်လွန်သည့်အချိန်တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် ချန်ရစ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ် ရှိသည်။ စာတိုက်မှူး ဦးချစ်သိန်း ကွယ်လွန်ခဲ့ခြင်းအပေါ် MDN ဝိုင်းတော်သားများသည် စာတိုက်မှူး ဦးချစ်သိန်း၏ မိသားစုနှင့်ထပ်တူ ဝမ်နည်းကြေကွဲရသည်။

Sunday, June 16, 2024

မောင်တောမြို့ အမှတ်(၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူ ကွယ်လွန်

မောင်တောမြို့ အမှတ်(၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူ (၁၉၇၀-၂၀၂၄)ကွယ်လွန် 

ဇွန်လ ၁၇ ရက်၊ ၂၀၂၄။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ် (၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူသည် ဇွန်လ ၁၆ ရက် စနေနေ့ ည ၆း၄၀ နာရီခန့်တွင် မောင်တောမြို့ အမှတ် (၂) ရပ်ကွက် ဖေဇီရွာတွင်ရှိသော နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။ 

ဆရာဦးမောင်ဖြူ (ခ) ဖေါ်ယာဇုလ်ကော်ဘိရ်သည် ဦးအာရဖ်ချောင်ဒရီ၏ စတုတ္ထမြောက်သားဖြစ်ပြီး စာတိုက်မှူး ဦးချစ်သိန်း၏ ညီအရင်းဖြစ်သည်။ ဆရာ၏ ဇာတိမှာ မောင်တောမြောက်ပိုင်း စံပ္ပာယ်ကုံးကျေးရွာဖြစ်ပြီး ထင်ရှားသော ကာဇီမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သည်။ ဆရာဦးမောင်ဖြူ၏ အကြီးဆုံး အစ်ကိုမှာလည်း ကျောင်းဆရာတာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်းမှာပင် မီးလောင်မှုတစ်ခု၌ အသက်ဆုံးရှုံးခဲ့ရသူဖြစ်သည်။ ဆရာ၏ ညီအစ်ကို အားလုံးမှာ အစိုးရဝန်ထမ်းများဖြစ်ကြပြီး ကျရာတာဝန်ကို သစ္စာရှိရှိ ကျေပွန်ခဲ့သူများဖြစ်သည်။ 

ဆရာဦးမောင်ဖြူသည် တောင်ပြိုအလယ်တန်းကျောင်း၊ ကြိမ်ချောင်းအထက်တန်းကျောင်း၊ မောင်တော အထကကျောင်း စသော ကျောင်းအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မောင်တော အမှတ် (၂) အထက်တန်းကျောင်းတွင် နှစ်ပေါင်း ၂၀ ခန့် နှစ်ရှည် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ကွယ်လွန်သည့်အချိန်အထိ ထောင်ပေါင်းများစွာသော ပညာရည်ထူးချွန်သည့် ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးခဲ့သော ကျေးဇူးရှင်လည်းဖြစ်သည်။

လက်ရှိတိုက်ပွဲကာလအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့်  ကျန်းမာရေးဌာန ဆေးရုံဆေးခႏ်းများ ပိတ်ထားခံရမှုစသော အခက်အခဲများကြောင့် ပုံမှန်ဆေးကူးသခံယူခွင့်မရရှိ၍ ကံမကောင်းစွာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း မောင်တောမြို့ခံ ဆရာ၏ တပည့်အရင်းတစ်ဦးက ပြောသည်။

ဆရာဦးမောင်ဖြူ ကွယ်လွန်သည့်အချိန်တွင် အသက် ၅၄ နှစ်ရှိပြီး သား ၂ ယောက်နှင့် သမီး ၁ ယောက် ချန်ရစ်ခဲ့သည်။ ဆရာ့တပည့်အပေါင်းများနှင့် ချစ်သောဆွေမျိုးမိတ်သင်္ဂဟများသည် အချိန်စောစွာ ကြွေလွင့်ခဲ့ရသော ချဈဆရာအတွက် ဝမ်းနည်းကြေကွဲရပါသည်။ ဆရာ ဆောင်ရွက်ခဲ့သမျှ ကောင်းမှုစေတနာများ၏ တမန်လွန်ဘဝတွင် မြင့်မြတ်သောအစား ရရှိတော်မူပါစေ။ 

ဆရာ၏ ဂျနာဇာနမာစ် ဝတ်ပြုမှုကို မနက်ဖြန် ၂၀၂၄ ခု ဇွန်လ ၁၇ ရက် တနင်္လာနေ့ နံနက် ၁၀ နာရီတွင် မောင်တောမြို့၊ အမှတ်(၂) ရပ်ကွက်၊ ဖေဇီရွာ ဗလီကြီးသင်္ချိုင်းတွင် ဝတ်ပြုပြီး နောက်ဆုံး နှုတ်ခွန်းဆက်သမည်ဖြစ်ပါကြောင်း အသိပေးအပ်လိုပါသည်။

Friday, May 24, 2024

အေအေ လော်ဘီ ရှိူဗင်ဝါဒီများသို့


အေအေ လော်ဘီ ရှိူဗင်ဝါဒီများသို့

ဆောင်းပါးခေါင်းစဉ် မြင်လိုက်ရင်ပဲ မြန်မာ့မျိုးချစ်တွေ နှာခေါင်းရှုံ့ချင်မလား မပြောတတ်ဘူး။ မင်းတို့ဟာကလဲ အင်္ဂလိပ်စကားကို တိုက်ရိုက်မွေးစားထားတာချည်းပါလားလို့ ဆိုချင်ဆို။ မတတ်နိုင်ဘူး။ စစ်ရေး အောင်ပွဲတွေ ရလာတဲ့ အေအေကို မှားမှားမှန်မှန် မျက်စိမှိတ်ထောက်ခံလိုက်မဟဲ့ ဆိုသူတွေ၊ ရိုးတွင်းခြင်ဆီအထိ မဟာလူမျိုးကြီးဝါဒ စိမ့်ဝင်နေသူတွေကို ဒီလိုပဲ လိပ်မူရလိမ့်မယ်။ လူမျိုးကြီးဝါဒလို့ ပြောလိုက်ရင် ဗမာလူမျိုးကြီးဝါဒတမျိုးပဲ ရှိနေတယ်လို့ မထင်လိုက်နဲ့။ 

ရိုဟင်ဂျာကို ရိုဟင်ဂျာလို့တောင် မခေါ်နိုင်ရှာတဲ့ အေအေ ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှာ မဟာရခိုင် လူမျိုးကြီးဝါဒ တင်းပြည့်ကျပ်ပြည့် ရှိနေတာပဲ မဟုတ်လား။ ဒါလဲ ရှိူဗင်ဝါဒ တမျိုးပါပဲ။ အေအေရဲ့ ရက္ခိတ လမ်းစဉ်ကို ဆန်းစစ်ကြည့်ရင် ရှိူဗင်နစ်(စ်) အတွေးအခေါ်တွေ လွှမ်းမိုးနေတာ အထင်အရှား တွေ့ရမယ်။ 

ဒါတွေ ဘာ့လို့ ပြောနေရသလဲ။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ ဘူးသီးတောင်မြို့ကို အေအေက အလုံးစုံ ထိန်းချုပ်လိုက်ပြီလို့ ကြေညာခဲ့တယ်။ တချိန်တည်းမှာပဲ ဘူးသီးတောင်မြို့လဲ ပြာကျသွားခဲ့ပြီ။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရတယ်။ ထွက်ပြေးနေရတယ် ဆိုသော်ငြား တကယ့်တကယ်ကျ ပြေးစရာမြေ မရှိပါဘူး။ အရေအတွက် အတိအကျ မသိနိုင်တဲ့ ရိုဟင်ဂျာတွေ အသတ်ခံရ၊ လုယက်ခံခဲ့ရတယ်။ 

ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသမို့ အများပြည်သူအနေနဲ့ ဒီဖြစ်စဉ်တွေကို ရေရေရာရာ မသိနိုင်ဘူး။ ဒါ့ကြောင့်မို့ အငြင်းပွားသံတွေ ပိုကျယ်လောင်လာခဲ့တယ်။ အေအေဘက်က သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းတယ်။ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ဘူးသီးတောင်မြို့ မီးလောင် ပြာကျသွားခဲ့တာလို့ ဆိုထားတယ်။ 

သို့သော် ဒေသခံ မျက်မြင်သက်သေတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေရဲ့ ထွက်ဆိုချက်ကတော့ အေအေကို လက်ညှိုးထိုးနေတယ်။ အမှန်တရားကို ကြာကြာဖုံးထားလို့ မရပါဘူး။ တကယ်လို့သာ အေအေဘက်က မကျူးလွန်ခဲ့ရိုးမှန်ရင် လွတ်လပ်အမှီအခိုကင်းတဲ့ စုံစမ်းစစ်ရေးကို ဘာကြောက်စရာလိုသလဲ။ အခုလို ဘူးကွယ်ငြင်းပြီး စစ်ကောင်စီနဲ့ ပုလင်းတူဗူးဆို့တွေလို့ စွပ်စွဲနေစရာ မလိုပါဘူး။ အေအေ အပြည့်အဝ ထိန်းချုပ်ထားတဲ့ အရပ်ဒေသမှာ ခိုလှုံနေတယ် (ဝါ) အေအေက ကယ်တင်ထားရပါတယ်ဆိုတဲ့ ရိုဟင်ဂျာတွေကို လွတ်လပ်စွာ အသံထွက်ခွင့်၊ ပြောဆိုခွင့် ပေးရဲရမယ်။ 

မြို့လုံးကျွတ် မီးရှို့ခံထားရသူ၊ အသက်အိုးအိမ် ဆုံးရှုံးထားရသူ အဖိနှိပ်ခံ လူမျိုးစုတခုဘက်က ရပ်တည်ပေးသူတွေကို ဝါးလုံးရှည်သိမ်းရမ်းပြီး အနောက်အလိုတော်ရိတွေ၊ စစ်ကောင်စီ ဘက်တော်သားတွေလို့ စွပ်စွဲပုတ်ခတ်နေသူ အေအေ လော်ဘီ ရှိူဗင်ဝါဒီတွေကို မေးရလိမ့်မယ်။ အေအေက ဘူးခါလိုက်ရုံနဲ့ပဲ အေအေ မကျူးလွန်ခဲ့ပါဘူးလို့ ဘာ့ကြောင့် မျက်စိမှိတ် အော်ရဲတာလဲ။ အေအေ ကျူးလွန်ခဲ့ပါတယ်လို့ ပြောနေသူတွေက အကြောင်းမဲ့၊ အထောက်အထားမဲ့ စွပ်စွဲနေတာ မဟုတ်ဘူး။ ဒီတော့ အေအေ လော်ဘီတွေအနေနဲ့ ကိုယ့်လူကိုယ် ယုံတယ်ဆိုရင် လွတ်လပ်အမှီအခိုကင်းတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ ပေါ်ထွက်လာရေး၊ ကျူးလွန်ခံထားရသူ ရိုဟင်ဂျာတွေကိုယ်တိုင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေးကို ပြတ်ပြတ်သားသား တောင်းဆိုပေးသင့်တယ် မဟုတ်လား။ ခင်ဗျားတို့ မျက်စိမှိတ်အော်နေသလို အေအေ မကျူးလွန်ခဲ့ဘူးဆိုရင်လဲ မကျူးလွန်ကြောင်း သက်သေနဲ့တကွ ပြနိုင်သလို အေအေရဲ့ ဂုဏ်တောင် တက်သွားနိုင်သေးတယ်။ အဲသလို မဟုတ်ရင်တော့ ခင်ဗျားတို့ဟာ အေအေရဲ့ စစ်အင်အားကိုကြည့်ပြီး မျက်စိမှိတ်ထောက်ခံနေတဲ့ လူယုတ်မာတွေပဲ ဖြစ်လိမ့်မယ်။ 

လူယုတ်မာတွေလို့ ပြောတာ မနာပါနဲ့။ မြို့လုံးကျွတ် မီးရှို့ဖျက်စီးခံထားရသူ၊ အသက်အိုးအိမ် ဆုံးရှုံးထားသူ၊ ဂျီနိုဆိုက် ကျူးလွန်ခံထားရသူ လူမျိုးစုတစုကိုတောင် မစာမနာ ပြောနေကြသေးတာပဲ၊ ကိုယ့်အလှည့်ကျမှ လူယုတ်မာလို့ အပြောခံရတာ မနာသင့်ပါဘူး။ 

အေအေက စစ်ပြေး ဒုက္ခသည် ရိုဟင်ဂျာတချို့ကို ခိုလှုံခွင့် ပေးထားတာပဲ၊ ရိုဟင်ဂျာတွေရဲ့ အိုးအိမ်ကို မီးရှို့ဖျက်စီးတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ဆိုကြတယ်။ ခေတ်အဆက်ဆက်က မြန်မာ စစ်တပ်လဲ လူထု အကျိုးပြု ပုံရိပ်တွေ ထုတ်ပြခဲ့တာပဲ။ ဒါပေမယ့် ပြည်သူလူထုကို ပြန်သတ်ခဲ့တာပဲ မဟုတ်လား။ ဒါ့ကြောင့် ရိုဟင်ဂျာ ကယ်ဆယ်ရေး ပုံရိပ်လေး ထုတ်ပြပြီး အေအေမှာ လူမျိုးကြီးဝါဒ မရှိဘူး၊ ရိုဟင်ဂျာတွေအပေါ် စစ်ရာဇဝတ်မှုတွေ မကျူးလွန်ပါဘူးလို့ ပြောရင် မြန်မာပေါကား ဆန်လွန်းပါတယ်။ 

အေအေ ပြောခွင့်ရ ခိုင်သုခ နရဉ္ဇရာမှာ ပြောသွားတာလေးကလဲ ‘သင်း’သဗျ။ လူ့အခွင့်အရေးလို့ ပြောရင် လူမျိုးတမျိုးတည်းကိုချည်း ကွက်မပြောပါနဲ့၊ ကျနော်တို့ နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးကို ပြောပါတဲ့။ သူတို့ကို ခွဲခြားခွဲခြား မလုပ်ပါနဲ့တဲ့။ ‘တယ်ဆိုတဲ့ စာပဲ’။ 

ခိုင်သုခကို ပြန်မေးရမယ်။ ရွှေတောင်ကြားက မြန်မာတယောက်နဲ့ မောင်တောက ရခိုင်တယောက်ကို ညီမျှခြင်းချပြီး လူ့အခွင့်အရေးစကားပြောရင် ခိုင်သုခ လက်ခံနိုင်မလား။ စစ်တွေမြို့နဲ့ အနီးအနားဒေသမှာ အတူနေကြတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာတောင် အခြေအနေချင်း တခြားစီပဲ။ မယုံရင် မိုခါကို ပြန်ကြည့်။ မိုခါမှာ စစ်တွေမြို့ပေါ်က မြန်မာတွေ၊ ရခိုင်တွေ၊ နိုင်ငံခြားသားတွေ ဘယ့်နှယောက် သေခဲ့လဲ။ စစ်တွေအနီးအနား ရွာတွေ၊ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေ ဘယ့်နှယောက် သေခဲ့လဲ။ ဒါတွေ ဘာ့လို့ မတူတာလဲ။ အဖြေက ရှင်းတယ်။ အခြေအနေချင်း မတူလို့ပေါ့။ ဒါဆိုရင် အခြေခံချင်း မတူတာကို ညီမျှခြင်းချပြီး abstract ဆန်ဆန် ပြောတာဟာ စကားကပ်ပြောတာပဲ။ 

ရိုဟင်ဂျာတွေကို racial segregation လုပ်ထားပြီး စစ်တွေမြို့ပေါ်လောက်ကို သွားလာခွင့် မပေးခဲ့ဘူး။ ဒီအခြေအနေကို တိုက်ဖျက်ပြောင်းလဲပစ်ဖို့ ရခိုင်လူထုကြား လှုံ့ဆော်စည်းရုံးတာမျိုး အေအေ အပါအဝင် ဘယ်ရခိုင်နိုင်ငံရေး အဖွဲ့အစည်းက လုပ်ခဲ့ဖူးလဲ။ ဒါ အနိမ့်ဆုံး လုပ်သင့်တဲ့ လုပ်ငန်းစဉ်တရပ်ကို နမူနာ ထောက်ပြတာ။ အနိမ့်ဆုံး ဒီလောက်လေးမှ မလုပ်ခဲ့ဖူးဘဲ ‘မင်းတို့က ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးချည်း ပြောနေတာပဲ’လို့ အော်ရင် အတော်ကြောင်သူတော်ဆန်တာပဲ။ အနိမ့်ဆုံးအဆင့် ဒီလောက်ကလေးမှ အသံမထွက်ခဲ့ဖူးဘဲ လူမျိုးစုနှစ်ခုကြား သွေးစည်းညီညွတ်မှု ဘယ်လို ရှိလာနိုင်မလဲ။ မယုံကြည်မှုတွေ ဘယ်လို ချေဖျက်နိုင်မလဲ။ 

စစ်တွေက အေအေ ထိန်းချုပ်မှုအောက် မရောက်သေးတဲ့မြို့မို့ အဲသလို မဝေဖန်နဲ့လို့ စောဒကတက်ချင်သေးလား။ ရပါတယ်။ အေအေ အပြည့်အဝ ထိန်းချုပ်ထားတဲ့ မြေပုံကို နမူနာပေးမယ်။ မြေပုံက ရိုဟင်ဂျာတွေ လွတ်လပ်စွာ သွားလာခွင့် ရပြီလား။ မြို့ပြင် ပင်လယ်စပ် တောင်ကုန်းဘေးက ဝက်အိုင်တောထဲ မောင်းထုတ်ခံထားရတဲ့ ရိုဟင်ဂျာ မူဆလင်တွေ မြေပုံမြို့ထဲ ဝင်ခွင့်ရပြီလား။ အေအေနဲ့ သူ့လော်ဘီတွေ သက်သေအထောက်အထားနဲ့တကွ ဖြေရမယ့် မေးခွန်းတွေမို့ စာရှုသူများ သိချင်ရင် သူတို့ကိုသာ မေးကြပေတော့။ ဒါမှသာ ‘အေအေဟာ ရိုဟင်ဂျာတွေရဲ့ မိတ်ဆွေအစစ်၊ ရိုဟင်ဂျာတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဖျက်စီးသူ မဟုတ်’ ဆိုတဲ့ သူတို့ narrative နဲ့ ရှေ့နောက်ညီမယ်။ 

ဒီမြေပြင် ပကတိ အချက်အလက်တွေကို ခိုင်သုခ အင်တာဗျူးတွေ၊ ထွန်းမြတ်နိုင် အင်တာဗျူးတွေမှာ မိတ်ဆွေတို့ ကြားဖူးပါသလား။ မကြားဖူးဘူးဆိုရင် သူတို့ဘာ့ကြောင့် အသံတိတ်နေတာလဲ။ ဒီအချက်တွေ ထည့်မပြောဘဲ အကြမ်းဖက်လိုသော အစွန်းရောက် မူဆလင် လူငယ်တွေလို့ အေအေရဲ့ ကြေညာချက်မှာ ဘာ့ကြောင့် စွပ်စွဲထားသလဲ။ 


၂၀၂၄ ခုနှစ်၊ မေလ (၂၀)ရက်နေ့ထုတ် အေအေရဲ့ ကြေညာချက်မှာ ‘အကြမ်းဖက်လိုသော အစွန်းရောက် မူဆလင် လူငယ်အရေအတွက် အများအပြားအား အကြမ်းဖက်သင်တန်းများပေးကာ လက်နက်တပ်ဆင်ပေးခြင်း၊ လက်ရှိ ဖြစ်ပွားနေသော အာရက္ခဒေသ တိုက်ပွဲများအတွင်း အသုံးပြုခြင်း’ လို့ စွပ်စွဲထားတယ်။ 


အာဏာသိမ်း မင်းအောင်လှိုင် စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြီး နေရာအသီးသီးက လူငယ်တွေကို အတင်းအကြပ် စစ်တပ်ထဲဆွဲသွင်းနေတာ အားလုံးအသိပဲ။ အဲသလိုပဲ ပြေးစရာမြေမရှိ၊ ထွက်ပေါက်မဲ့နေတဲ့ ရိုဟင်ဂျာတွေကိုလဲ အတင်းအကြပ် စစ်ထဲဆွဲသွင်း၊ ရက်တိုစစ်သင်တန်းပေး၊ မီးကျိုးမောင်းပျက် သေနတ်လောက် ပေးပြီး အသေခံ တိုက်ခိုင်းနေတာလဲ အားလုံး အမြင်ပဲ။ မမြင်သေးရင် အေအေ လက်ထဲ စစ်သုံ့ပန်းဖြစ်သွားတဲ့ ရိုဟင်ဂျာတွေ၊ စစ်ပြေးပြီး ဘင်္ဂလားဒေ့ရ်ှရောက်သွားတဲ့ ရိုဟင်ဂျာတွေကို ကြည့်ပါ။ ဒီလူတွေကို forced conscription အလုပ်ခံထားရသူတွေလို့ အေအေ ခေါင်းဆောင်တွေက မြင်ပုံမရဘူး။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် လှောင်ပြောင်ခဲ့သေးတယ် မဟုတ်လား။ ဒါတင် အားမရသေးဘဲ၊ အဖွဲ့အစည်း ထုတ်ပြန်ချက်ထဲမှာပါ ‘အကြမ်းဖက်လိုသော အစွန်းရောက်တွေ’အဖြစ် စွပ်စွဲထားတာ။ 

အဲသလို စွပ်စွဲ၊ ဘင်္ဂါလီ စစ်သွေးကြွတွေလို့ တံဆိပ်ကပ်ပြီးမှ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းဖြစ်အောင် စစ်ကောင်စီဘက်က ကြိုးပမ်းနေတယ်လို့ ဆိုပြန်တယ်။ စစ်ကောင်စီဘက်က ကြိုးပမ်းနေမှန်း သိသာထင်ရှားပါတယ်။ စစ်ကောင်စီ ထိန်းချုပ်မှုအောက်က ရိုဟင်ဂျာ ဆန္ဒပြပွဲတွေ၊ forced conscription လုပ်ရပ်တွေကို သက်သေအနေနဲ့ ဆွဲထုတ်လို့ရတယ်။ ဒါပေမယ့် အေအေရဲ့ သဘောထားနဲ့ လုပ်ရပ်တွေကရော လူမျိုးစုနှစ်ခုကြား ချစ်ကြည်မှု ပိုတိုးစေမယ့် အရာတွေလား။ 

RSO, ARSA, ARA တို့ကို ဖော်ပြပြီး ကျန်ရိုဟင်ဂျာ လူငယ်တွေကို အခုလို စွပ်စွဲလိုက်တဲ့ အေအေရဲ့ လုပ်ရပ်က ဟမတ်(စ်)တွေကို လက်ညှိုးထိုးပြီး ပါလက်စတိုင်းတွေကို လူမျိုးတုန်းသတ်ဖြတ်နေတဲ့ ဇိုင်ယင်နစ်(စ်) အစ္စရေး နိုင်ငံတော်နဲ့ သွားတူနေတယ်။ 

ဒီဆောင်းပါးမှာ အေအေ လော်ဘီတွေကို နာမည်တပ်ပြီး တဦးချင်းဝေဖန်တာမျိုး မလုပ်လိုဘူး။ ဒါပေမယ့် ရခိုင်သတင်းထောက်တဦး လူလည်လုပ် မေးခွန်းထုတ်ထားတာတော့ နည်းနည်းထည့်ပြောချင်တယ်။ ရခိုင် သတင်းထောက်ဆိုလို့ ရခိုင်စစ်မြေပြင်မှာ ဒုက္ခခံနေရသူ မဟုတ်ပါဘူး။ အနောက်နိုင်ငံတခုမှာ ဘေးကင်းကင်းနဲ့ နေနေရသူပါ။ ဒီတော့ အဖိနှိပ်ခံ ကိုရခိုင်လေးကို မဟာမြန်မာကြီးက မစာမနာ ပြောနေတယ်လို့ လာမစွပ်စွဲလေနဲ့။ သူမေးတာက ရိုဟင်ဂျာတွေ ဘယ်သူ့ ဦးဆောင်မှုနောက် လိုက်မှာလဲ၊ ရိုဟင်ဂျာတွေကို ဘယ်အဖွဲ့အစည်းက ကိုယ်စားပြု စကားပြောမှာလဲတဲ့။ 

မုန်တိုင်းတိုက်လို့တောင် ပြေးခိုစရာ မြေမရှိတဲ့ လူမျိုးစုတခု၊ မြို့လုံးကျွတ် မီးရှို့သတ်ဖြတ်ခံရချိန်မှာတောင် လက်သည်မပေါ်တဲ့ လူမျိုးစုတခု။ သူတို့ နစ်နာချက်တွေကို ပီပီမြည်မြည် အသံထွက်ခွင့်မရလို့ စာနာသူတွေက အသံထုတ်ပေးပြန်တော့ စစ်ကောင်စီနဲ့ ပေးစားသူကပေးစား၊ အနောက်အုပ်စု အလိုတော်ရိလို့ စွပ်စွဲသူက စွပ်စွဲ။ အဲသလို လူမျိုးစုတခုမှာ လွတ်လပ်စွာ အသံထွက်ခွင့်၊ သွားလွာခွင့် နတ္ထိ၊ နေရတော့ ဝက်လူးအိုင်သာသာ ဒုက္ခသည်စခန်းတွေမှာ။ အဲသလို လူမျိုးစုတခုကို နိုင်ငံရေးအရ ကိုယ်စားပြု အဖွဲ့အစည်းတခု ပီပီပြင်ပြင် ရှိပြီလား၊ မရှိရင် အေအေ ခေါင်းဆောင်ကို မင်းတို့ လက်ခံနိုင်သလားလို့ မေးတာလောက် လူလည်ကျတာ ရှိဦးမလား။ တနည်းပြောရရင် အငုံ့စိတ်ထဲ ကိန်းအောင်းနေတဲ့ ရှိူဗင်ဝါဒကို လှစ်ဟပြလိုက်တာပဲ။ ရိုဟင်ဂျာတွေကို အဲသလို မေးရအောင် သူတို့တတွေ အသက်ရှင်ရပ်တည်နိုင်ရေး အနိမ့်ဆုံး အဆင့် လိုအပ်ချက်တွေလောက်ကို နိုင်ငံရေးအရ ဘယ့်လောက်များ အသံထွက်ပြောခဲ့ဖူးလဲလို့ အဲဒီရခိုင်သတင်းထောက်ကို ပြန်မေးရလိမ့်မယ်။ ခြေနှစ်ဖက်ပြတ်နေသူ ရှေ့သွားပြီး မင်းနဲ့ငါ စက်ဘီးပြိုင်စီးရအောင် မင်း စက်ဘီးပေါ် အရင်တက်ပြစမ်းလို့ မျက်နှာပြောင်တိုက် ပြောနေသလိုပဲ။ 

အေအေ လော်ဘီ ရှိူဗင်ဝါဒီ ဗားရှင်းတမျိုးကျ တော်လှန်ရေး မျက်နှာဖုံးကလေးနဲ့ဗျ။ ဒီအုပ်စုကလဲ မနည်းလှဘူး။ ဒီကနေ့အချိန်မှာ အားလုံးရဲ့ ဘုံရန်သူဟာ စစ်အုပ်စုပဲတဲ့။ ဒီအချိန်မှာ စစ်အုပ်စုကို အထိနာအောင် တိုက်နေတဲ့ အေအေကို မျက်မာန်တော်ရှအောင် သွားမလုပ်ရဘူး။ သွားလုပ်သူတွေဟာ အလကားနေရင်း အာချောင်ပြီး စစ်ကောင်စီ အားပေး လုပ်ရာကျသတဲ့။ ဒါ့ကြောင့် သူတို့က ရိုဟင်ဂျာအရေး ပြောသူတိုင်းကို ‘သခွပ်ပင်က မီးတကျည်ကျည်’ လုပ်သလို ပုတ်ခတ်လေ့ရှိတယ်။ 

သူတို့ စွပ်စွဲချက်ကို တချက် ဆန်းစစ်ကြည့်ရအောင်။ အဖိနှိပ်ခံ လူထုတရပ်လုံးရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ် ဆိုတာ ငြင်းစရာမရှိဘူး။ အဲဒါကြောင့်ပဲ အေအေက မြို့လုံးကျွတ် မီးရှို့လဲ ပါးစပ်ပိတ်နေရမယ်ဆိုတာ ဘာဆိုင်သလဲ ပြန်မေးရမယ်။ မြို့တမြို့ကို သိမ်းနိုင်ပြီဆိုရင် ဘာ့ကြောင့် မီးရှို့ဖို့ လိုအပ်တာလဲ။ မြို့ကို မီးရှို့လိုက်လို့ တော်လှန်ရေးအတွက် ဘာအကျိုးရှိသလဲ။ တကယ်တော့ အဲဒီလော်ဘီတွေ အော်နေတာ တော်လှန်ရေးအတွက် မဟုတ်ပါဘူး။ စစ်အင်အားကြီးသူတွေ လုပ်တဲ့ လုပ်ရပ်မို့ တော်လှန်ရေး နာမည်တပ် ဖုံးဖိပေးနည်းတမျိုးပါပဲ။ သူတို့စိတ်ထဲ ကိန်းအောင်းနေတဲ့ ရိုဟင်ဂျာ မုန်းတီးရေး အခံကြောင့်လဲ အခုလို ပြောတာ ဖြစ်လိမ့်မယ်။ မြင့်မြတ်သော တော်လှန်ရေးကြီးမှာ ဒီရိုဟင်ဂျာတွေအရေးက တဒုက္ခလို့ သူတို့တွေးနေပုံပဲ။ သူတို့မတွေးရဲတာက ရန်သူထွက်ပြေးသွားတဲ့ မြို့တမြို့ကို ဘာ့ကြောင့် မီးရှို့တာလဲ ဆိုတဲ့ မေးခွန်း။ 


ဒီလိုပြောရင် အေအေက မြို့လုံးကျွတ် မီးရှို့တာ မဟုတ်ပါဘူးလို့ တွင်တွင်ငြင်းဦးမှာပဲ။ ဒါဆိုရင်တော့ မဟုတ်ပါဘူးလို့ ဘူးခါနေသူတွေကို အပေါ်မှာ မေးခွန်းထုတ်ထားတာသာ ပြန်ဖတ်ကြည့်။ ဟုတ်နေရင် ဘယ်လိုလုပ်မှာလဲလို့ သူတို့တခါမှ မစဉ်းမိဘူးလား။ 

ရိုအရေး တက်ကြွသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ စသဖြင့် လက်ညှိုးမျိုးစုံထိုး တံဆိပ်မျိုးစုံကပ် ပြောချင်ရာ ပြောလို့ရပေမယ့် ဘူးသီးတောင်မြို့ ပြာကျသွားပြီး အသတ်ခံရသူ၊ လုယက်ခံရသူတွေလဲ ရှိခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ဘယ်အကြောင်းပြချက်နဲ့မှ ဖုံးကွယ်လို့ မရပါဘူး။ အဲသလိုပဲ အခုချိန်မှာ သက်သေအစုံအလင် ထွက်မလာသေးပေမယ့် တချိန်ချိန်မှာ မျက်မြင်သက်သေတွေ၊ ရုပ်သံအထောက်အထား၊ ဓာတ်ပုံ အထောက်အထားတွေ၊ မြေပြင်အထောက်အထားတွေ ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဘယ်သူမှ ဖုံးကွယ်လို့ ရမှာမဟုတ်ဘူး။ ၂၀၁၇ ဆိုတာ ဘာမှမဝေးသေးပါဘူး။ အဲဒီတုန်းကလဲ အခု ခိုင်သုခတို့ ပြောသလို ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ် မီးရှို့ထွက်ပြေးသွားကြတာပဲလို့ ပြောခဲ့ကြတယ်၊ ရေးခဲ့ကြတယ် မဟုတ်လား။ နောက်မကြာခင် အဖြစ်မှန် ပေါ်တာပါပဲ။ သမိုင်းကို ကြာကြာလိမ်လို့ မရစကောင်း။ 

အန်းဂယ်(လ်စ်) စကားနဲ့ပဲ ဒီဆောင်းပါးကို နိဂုံးချုပ်ချင်တယ် - 

“A people which oppresses another cannot emancipate itself. The power which it uses to suppress the other finally always turns against itself.” [Frederick Engels 1874]

- သူရိန်မွန်



ပုံစာ။  ။ မေလ ၁၇ နှင့် ၁၈ ရက်နေ့တွင် မြင်တွေ့ရသော ဘူးသီးတောင်မြို့၏ ဂြိုဟ်တုမှတ်တမ်းဓာတ်ပုံများ [Images © 2024 Maxar Technologies, accessed via CNN news]

(Revolutionary Marxism Page မှ ကူးယူဖျောပွသညျ)


Wednesday, April 10, 2024

ရခိုင်ပြည်သား ရိုဟင်ဂျာတွေဟာ အချောင်စား အခွင့်အရေး လိုချင်နေသူတဲ့လား



ရခိုင်ပြည်သား ရိုဟင်ဂျာတွေဟာ အချောင်စား အခွင့်အရေး လိုချင်နေသူတဲ့လား


"လူမျိုးစုတစ်စုမှာ အခွင့်အရေးပဲ လိုချင်လို့ မရဘူး၊ သူ ဘာတာဝန် ယူသလဲ ဆိုတာလဲ အရေးကြီးတယ်။" 

- ရခိုင်တပ်တော် ခေါင်းဆောင် ထွန်းမြတ်နိုင်


- ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဒီမှတ်ချက်စကားက မျိုးချစ်ဝေဖန်ရေးသမားတွေအတွက် အမုန်းဖြန့်ဖို့ ဂျင်းစာဖြစ်နေပြီ။ ရခိုင်ပြည်သား ရိုဟင်ဂျာတွေကို မျက်စိပိတ် ပုတ်ခတ်ပြောဆိုလာကြတာ တွေ့နေရတယ်။ ဒီလိုရေးသား ဝေဖန်နေသူတွေက လူမျိုးစွဲဘာသာစွဲနဲ့ တစ်ဖက်သက် ပြောဆိုနေတာချည်းပဲ။ ဆင်ခြင်သုံးသပ်တာမျိုးတော့ မတွေ့ရဘူး။ သူတို့ ဝေဖန်နေတဲ့စကားက ဘယ်လောက်မှန်ကန်မှု ရှိသလဲ သုံးသပ်ကြည့်ရအောင်။

- ဗိုလ်ထွန်းမြတ်နိုင်ရဲ့ မှတ်ချက်စကားရဲ့ တစ်စိတ်တစ်ဒေသက သိပ်ကိုမှန်လှတယ်လို့ ဦးစွာ ဝန်ခံရပါမယ်။ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်လာတဲ့ လူမျိုးစုတစ်စုဟာ အခွင့်အရေးခံစားခွင့်ကိုသာ စောင့်မျှော်နေလို့ မဖြစ်ဘူး။ ကျရောက်ရာဒုက္ခကို ပုခုံးတန်း ပူးပေါင်းပါဝင် ရင်ဆိုင်ဖြေရှင်းဖို့လိုတယ်။ တစ်မြေနေတစ်ရေသောက် လူမျိုးစုအားလုံး အဲလို တစ်ဖက်တစ်လမ်းစီက ယှဉ်တွဲပါဝင်နိုင်အောင် လမ်းကြောင်းဖွင့်ပေးဖို့လည်း အရေးကြီးတယ်မဟုတ်လား။ ဒါမှသာလျှင် လူမျိုးစုအားလုံး ညီညီညွတ်ညွတ်ပူးပေါင်းပါဝင်ကာ မိစ္ဆာဘေးတွေကို ချေမုန်းလို့ အောင်လံထူနိုင်မှာဖြစ်တယ်။

- ဒါပေမဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်သား ရိုဟင်ဂျာတွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်တာ မလိုလားဘူးဗျာ။ ဒီရခိုင်ပြည် လွှတ်မြောက်ရေး တော်လှန်ရေးမှာ ရိုဟင်ဂျာတွေရဲ့ ပါဝင်ပတ်သတ်မှု၊ အသိအမှတ်ခံရမှုကို သူတို့က အင်မတန် စိုးရိမ်ပုံရတယ်။ ဒဲ့ပြောရရင် ရိုဟင်ဂျာတွေကို လုံးဝ မပတ်သတ်စေချင်ဘူး။ အဲဒါကြောင့် ရခိုင်လက်နက်ကိုင်တွေရဲ့ ထုတ်ပြန်စာတွေမှာ "ရခိုင်ဒေသမှာ ရခိုင်လက်နက်ကိုင်မှလွှဲလို့ မည်သည့်အဖွဲ့အစည်းမှ မရှိစေရ" ဟူသော မူကို တဇွတ်တိုး ဖော်ပြလေ့ရှိတယ်။ ဒါက အင်မတန် ယုတ်မာတဲ့ မူဖြစ်တယ်။ လူမျိုးစုတစ်စုမှာရှိတဲ့ ခုံခံကာကွယ်ခွင့်၊ တိုင်းပြည်နှင့် လူမျိုးကို အဓမ္မမိစ္ဆာအရိပ်ဆာယာအောက်မှ ကယ်တင်ခွင့်ဆိုတဲ့ အခွင့်အရေးကို ရခိုင်လက်နက်ကိုင်အဖွဲ့က မတရား အဟန့်အထားလုပ်နေခြင်းပင်ဖြစ်တယ်။ ဒါတွေမကသေးဘူး။ တစ်ခြား တော်လှန်ရေးအင်အားစုတွေ မြေပြင်မှာ လှုပ်ရှားလာရင်တောင် ရန်သူလို တိုက်ခိုက်မောင်းထုတ်လေ့ရှိတယ်။ မျိုးချစ်ဝေဖန်ရေးသမားတွေက ဒီလိုမျိုးအခြေအနေတွေကို မသိကျွန်ပြုနေရင် အမှန်တရား ဘယ်သိနိုင်ကြမလဲ။ မြန်မာသတင်းမီဒီယာတွေကလည်း ထုံးစံအတိုင်းပါပဲ။ အားကောင်းနေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ မဟုတ်မတရားလုပ်ရပ်တွေကို မဖော်ပြကြဘူး။ 

- သို့ပေမဲ့ အဓမ္မကို ခေတ်အဆက်ဆက် တော်လှန်လာခဲ့တဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အင်အားစုတွေက မိမိတို့ရဲ့ တာဝန်ဝတ္တရားအတိုင်း အဓမ္မပပျောက်ရေး စစ်ဆင်ရေးကို ဆက်လက် တိုက်ပွဲဝင်လာခဲ့တယ်။ ဒီတော့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့က နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်မောင်းထုတ်ဖို့ ကြိုးစားခဲ့တာလည်း မနည်းဘူး။ 

- မောင်တောမြို့ဘက်ဆို တောင်ပြိုဘက်နှင့် မိုင်တိုင် ၅၁-၅၂ ဘက်မှာ ရခိုင်လက်နက်ကိုင်တွေက ရိုဟင်ဂျာလက်နက်ကိုင် အင်အားစုတွေကို တိုက်ခိုက်ခဲ့တာ ၄-၅ ကြိမ်လောက်ရှိပြီ။ ဘူးသီးတောင်ဘက်မှာလည်း ၂-၃ ကြိမ်လောက် တိုက်ခိုက်ခဲ့တယ်။ ဒါ့အပြင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို ရွာအဝင်မပေးဖို့ ရွာတိုင်းရွာတိုင်းကို အမိန့်ထုတ်ထားတယ်။ ရွာမှာ ရိုဟင်ဂျာလက်နက်ကိုင် တော်လှန်ရေးသမားတွေ ဝင်လာတာရှိရင် သူတို့ကို သတင်းပေးဖို့လည်း မှာထားတယ်။ ပြီးတော့ ရွာသားတွေကို ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေနဲ့ အဆက်အသွယ် ရှိတယ်လို့ မဟုတ်မမှန် စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်လည်း အများကြီးပဲ။ ဒါတွေက မြေပြင်မှာ တကယ့်ဖြစ်နေတဲ့ ဖြစ်ရပ်မှန်တွေပဲ။ ရခိုင့်လက်နက်ကိုင်က သူတို့အဖွဲ့မှ လွှဲလို့ ဘယ်သူ့ကိုမှ မြေပြင်မှာ လှုပ်ရှားခွင့် မပေးချင်ဘူးဆိုတာ ဒီလောက်ဆိုရင် သိသွားပြီထင်ပါရဲ့။ 

- ရိုဟင်ဂျာလူမျိုးစုရဲ့ တော်လှန်ရေးဟာ မနက်တနေ့က စတင်တာတော့ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်က ရရာလက်နက်စွဲကိုင်က ရရာနည်းလမ်းနဲ့ မိစ္ဆာဝါဒီ အာဏာရှင်ကို တော်လှန်လာခဲ့တာ ဖြစ်တယ်။  ဒီတော်လှန်ရေးဟာ အဓမ္မဝါဒီတွေ အမြတ်ပြတ်မရှင်းသွားသရွေ့ အဆုံးသတ်မှာတော့ မဟုတ်ဘူးဆိုတာ သိထားဖို့လိုတယ်။ ရိုဟင်ဂျာတို့ဟာ ခေတ်အဆက်ဆက် ဖိနှိပ်ညည်းပမ်းခံလာခဲ့တဲ့ မြန်မာပြည်ရဲ့ အယုတ်မာဆုံး အာဏာရှင်တွေကို အသက်ပေါင်း မြောက်များစွာ စတေးကာ ထိပ်တိုက် တော်လှန်လာခဲ့တာကို သမိုင်းလေ့လာကြည့်ရင် ဆင်သွားရင် လမ်းဖြစ်သလို ထင်ထင်ရှားရှား တွေ့ရမှာဖြစ်တယ်။ လက်ပိတ်ကြည့်နေမယ့် အမျိုးထဲက မပါဘူး။ ဘယ်လိုပဲ အတားအဆီးတွေ ရှိစေကာမူ၊ ဘယ်လိုပဲ ယုတ်မာခက်ထန်တဲ့ အာဏာရှင်တွေ ဖြစ်စေကာမူ ဆက်လက် တော်လှန်နေအုံးမှာပဲ။ 

- တော်လှန်နေတယ်ဆိုရုံနဲ့ အလုပ်မဖြစ်ဘူး။ ရလဒ်တွေလည်း မြင်ရဖို့လိုတယ်လို့ ဝေဖန်ရေးသမားတွေက ပြောလာလိမ့်မယ်။ တစ်ဖက်က ယခုတလော ရခိုင်ပြည်မှာ နယ်မြေအများစုကို ညီနောင်သုံးဖွဲ့ရဲ့ အစိတ်အပိုင်း ရခိုင်လက်နက်ကိုင်တွေက စိုးမိုးထားတယ်။ နောက်တစ်ဖက်က ၂၀၁၆-၁၇ အကြမ်းဖက် စစ်အုပ်စုနဲ့ မျိုးချစ်အုပ်စုတွေရဲ့ အကြမ်းဖက်စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာလက်နက်ကိုင်တွေဟာ ဖရိုဖရဲ ဖြစ်လာခဲ့တယ်။ သို့ပေမယ့် ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ တော်လှန်ရေးစိတ်ဓာတ်က သန်မာနေဆဲပဲ။ သူတို့ တော်လှန်ရေးလှုပ်ရှားနေဆဲပဲ။ ရိုဟင်ဂျာတွေ လှုပ်ရှားနေတဲ့ နေရာမှာလည်း လက်သုံးလက်နဲ့ အင်အားကြီးလာတဲ့ ရခိုင်လက်နက်ကိုင်တွေက လက်နက်ကိုင်အဖွဲ့စည်းမျဉ်းကို ချိုးဖောက်လို့ ဝင်နှောင့်ယှက်တယ်။ အဲလိုနေရာတွေမှာ သူတို့က စစ်ကောင်စီကို တိုက်ခိုက်မယ့်အစား ရိုဟင်ဂျာလက်နက်ကိုင်တွေကိုပဲ တိုက်ခိုက်ပြန်တယ်။ နှစ်ဖက်ရဲဘော်တွေ အလကား အသက်ဆုံးရှုံးခံရတယ်။ ဒီလိုသာဓကတွေ တပုံကြီးရှိတယ်။ သတင်းမီဒီယာတွေက တဖက်သတ် သတင်းထုတ်ပြန်တာကြောင့် အမှန်တရား ပြည်သူထိ မရောက်တာပဲဖြစ်တယ်။ ရခိုင်လက်နက်ကိုင်က အင်အားကြီးနေတော့ တပြည်လုံး သူ့တို့နယ်မြေပဲလို့ လူမျိုးကြီးဝါဒဆန်ဆန် အတင်းအဓမ္မ လက်ဝါးအုပ်နေတာပေါ့။ တိုင်းပြည်အဖက်ဖက်က တိုက်ပွဲထဲ ဝင်လာတဲ့ ဒီလို ထိရှလွယ်တဲ့အချိန်မှာ ရိုဟင်ဂျာတွေကတော့ လူမျိုးရေး ပဋိပက္ခ၊ တင်းမာမှုတွေ မလိုချင်ကြဘူး။ ဒါကြောင့် အတတ်နိုင်ဆုံး အောင့်ခံလို့ ရှောင်သင့်ရာရှောင် ဆောင်သင့်ရာဆောင်နေတာပဲဖြစ်တယ်။

- နောက်တစ်ပိုင်းက အခွင့်အရေးပဲ လိုချင်တယ်ဆိုတဲ့ အပိုင်းကိုလည်း နည်းနည်း ထောက်ပြပါရစေ။ အခွင့်အရေးပဲလိုချင်နေတယ် ဆိုတာ ဘာကိုဆိုလိုတာလဲ။ ရိုဟင်ဂျာတွေက ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာကို တောင်းနေတာလား။ ရခိုင်လက်နက်ကိုင်တွေ သိမ်းပိုက်ရရှိထားတဲ့ စခန်းတွေထဲက ဝေစုတောင်းနေတာလား။ ရခိုင်လက်နက်ကိုင်တပ်က ရရှိထားတဲ့ လက်နက်ခဲယမ်းတွေထဲက တစ်ဝက်တောင်းနေတာလဲ။ အခွင့်အရေးပဲ လိုချင်တယ်ဆို ဘာကိုဆိုလိုတာလဲ။ အဲ့လောက်လည်း လူပါးဝမလိုက်နဲ့လေ။

- ရိုဟင်ဂျာတွေ ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ အခွင့်အရေးကတော့ အခြားမဟုတ်ဘူး။ ရိုဟင်ဂျာတွေဆီကနေ အတင်းအဓမ္မ ရုတ်သိမ်းလိုက်တဲ့ နိုင်ငံသားတစ်ဦးရဲ့ အခြေခံအခွင့်အရေးတွေပဲဖြစ်တယ်။ မြန်မာပြည်တွင်မှီတင်းနေထိုင်တဲ့ ဘယ်လူမျိုးစုမဆို ရကိုရရမယ့် မွေးရာပါအခွင့်အရေး၊ ဇာတိမြေအခွင့်အရေး၊ တန်းတူအခွင့်အရေးကိုပဲ လိုချင်တာဖြစ်တယ်။ တစ်စ အပိုလည်း မလိုချင်ဘူး၊ တစ်စ အလျော့လည်း မယူဘူး။ တင်းပြည့်ကျပ်ပြည့်ပဲ။ စစ်အုပ်စုနဲ့ မျိုးချစ်အပေါင်းတို့ရဲ့ ယုတ်မာမှုကြောင့် လုယူခံခဲ့ရတဲ့ အခွင့်အရေးတွေကိုပဲ အရေးဆိုနေတာ ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အကျိုးအမြတ်မှ ဝေစုတောင်းနေတာတော့ မဟုတ်ပါဘူး။ 

- ပြီးတော့ မြန်မာပြည်မှာ ဘယ်လူမျိုးစုပင်ဖြစ်စေ တော်လှန်ရေး၌ မပါဝင်ခဲ့ရင် အဲ့ဒီလူမျိုးစုရဲ့ အခြေခံအခွင့်အရေး လုခံရမယ်၊ ရုတ်သိမ်းခံရမယ်ဆိုတာ ဘယ်တရား၊ ဘယ်ဥပဒေမှာ ရှိလို့လဲ။ စစ်အုပ်စုလို အဓမ္မရှိခိုးသူတွေဆိုရင်တော့ မတရားကျူးလွန်ရဲတယ်ပေါ့လေ။ 

- နောက်တစ်ချက်ကတော့ ပြည်သူအများစုက သိပြီးတော့ မသိသလိုဟန်ဆောင်နေတဲ့အချက်ဖြစ်တယ်။ အဲဒါက ရခိုင်လက်နက်ကိုင်တပ်မှာ ပါဝင်တိုက်ပေးနေတဲ့ ရိုဟင်ဂျာလူမျိုး ရာနဲ့ချီ ရှိနေတယ်ဆိုတာပဲ ဖြစ်တယ်။ ဒါက အခွင့်အရေးလိုချင်လို့ ဝင်တိုက်ပေးနေတာ မဟုတ်ဘူး။ ရခိုင်ပြည်သား ရိုဟင်ဂျာပီပီ တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာရှိရှိ အဓမ္မကို တော်လှန်နေတာပဲဖြစ်တယ်။  တစ်ချို့က ရခိုင်လက်ကိုင်တွေရဲ့ အဖွဲ့အောက်ကနေ မတိုက်ချင်ဘူး။ ကိုယ့်အဖွဲ့ကိုယ့်အလံအောက်နေ တော်လှန်ချင်တယ်ဆို တော်လှန်ခွင့်ရှိရမယ်။ ဒါလည်း လူမျိုးတစ်စုရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးပါပဲ။ အဲဒါကို တစ်ပါတီစနစ်လို လူမျိုးကြီးဆိုင်းပုတ်နဲ့ အဟန့်အထား လုပ်လာတာက သဘောရိုးလား၊ တရားသလား။

- ရိုဟင်ဂျာတွေကို စစ်မှူးထမ်းခိုင်းနေတယ်။ ဆန္ဒပြခိုင်း နေတယ်။ ဒါတွေ စစ်ကောင်စီက အတင်းအဓမ္မ လုပ်ခိုင်းနေတယ်ဆိုတာ အားလုံးအသိဖြစ်တယ်။ ရိုဟင်ဂျာလူမျိုးတွေက ခေတ်အဆက်ဆက် ဒီလို အတင်းအဓမ္မကို တစ်ဖက်သတ်ခံလာရတာပဲလေ။ အားလုံးသိကြတယ် မဟုတ်လား။ ရိုဟင်ဂျာလူမျိုးစုရဲ့ မဲပေးပိုင်ခွင့်တောင် မိုက်မိုက်ရမ်းရမ်း အဓမ္မလုယူခဲ့တာကိုး။ တစ်ပြည်လုံး အတိုင်းအတာနဲ့ စစ်အုပ်စု စစ်သားစုဆောင်းနေတာကိုး။ အဲဒါတွေကို သတင်းမီဒီယာတွေက မထောက်ပြချင်ကြဘူး။ ရိုဟင်ဂျာတွေကို  ဆန္ဒပြခိုင်းတာ၊ စစ်မှူးထမ်းခိုင်းတာကိုပဲ မြင်နေကြတာ။ တစ်ဘက်ဆွဲ ဝေဖန်နေတာ။ အပြစ်မရှိ ပြစ်ရှာနေတာပဲလား။ 

- အချုပ်အနေနဲ့ ပြောရရင် ရိုဟင်ဂျာလူမျိုးတွေဟာ ဘာမှမပေးဆပ်ဘဲ အခွင့်အရေးသက်သက် လိုချင်နေတာ၊ အကျိုးခံစားခွင့်ကို ထိုင်စောင့်နေတာ မဟုတ်ပါဘူး။ ရိုဟင်ဂျာလူမျိုးစုလောက် အနစ်နာခံခဲ့တာ၊ ပေးဆပ်ခဲ့ရတာ မြန်မာနိုင်ငံမှာ သမိုင်းတစ်လျှောက် ဘယ်လူမျိုးမှ မရှိဘူး။ ဒါပေမဲ့ တိုင်းပြည်ချစ်စိတ်ကို မစွန့်လွှတ်ခဲ့ဘူး။ ယခုလေသံတွေ အချို့ရခိုင်မျိုးချစ်ဝါဒီတွေကြောင့် ရိုဟင်ဂျာလူမျိုးစုကို ဘေးဖယ်လျစ်လျူရှုထားဖို့ ကြိုးစားနေတာ သက်သက်ပဲ ဖြစ်တယ်။ ဒါက ရခိုင်ပြည်ရဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းမဟုတ်ဘူး။ လူမျိုးစုအားလုံး စည်းစည်းလုံးလုံး သင့်သင့်မြတ် နေထိုင်နိုင်ရေးမှသာလျှင် သာယာလှပသော ရခိုင်ပြည်ကြီး ဖြစ်လာမှာတည်း။

- ရိုဟင်းကိန်း

 (၆-၄-၂၀၂၄)

Sunday, March 24, 2024

ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ

 


ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားရင်း အသက်ပေးသွားတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ မိုဟစ်ဘုလ္လာ ၏ ဘဝနှင့် ကြိုးပမ်းဆောင်ရွက်မှုများကို စာရေးစာဆရာ လူထုဝဏ္ဏ က ပြုစုရေးသားထားသော စာအုပ် "ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ" ကို အလွယ်တကူ ဖတ်ရှုဒေါင်းယူနိုင်မယ့် လိင့်များ..  

စာအုပ်အမည်- ရိုဟင်ဂျာ ငြိမ်းချမ်းရေးသူရဲကောင်း မိုဟစ်ဘုလ္လာ

ရေးသူ-         လူထုဝဏ္ဏ

ဘာသာစကား-  မြန်မာ

ထုတ်ဝေသည့်ခုနှစ်- ၂၀၂၄

ဆိုက်-          7 MB


* Pcloud Link

— ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ

* Website Link

— ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ

*Scribd Link

ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ



Muhibullah by Kuwaiccorjja Bai on Scribd

Tuesday, February 13, 2024

ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်ဇော်ဝင်း၏ ဇနီး ဓားထိုးသတ်ဖြတ်ခံရ


ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်ဇော်ဝင်း၏ ဇနီး မိမိ၏ ဟော်တယ်အတွင်း၌ ဓားထိုးသတ်ဖြတ်ခံရ


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Esperado Hotel တွင် ယင်းဟိုတယ် ပိုင်ရှင်၏ ဇနီးဖြစ်သူ ဓါးဖြင့် ထိုး သတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာ လမ်းထောင့်ရှိ Esperado Hotel ၏ (၃)လွှာရှိ အခန်းတွင် ယနေ့ ဖေဖော်ဝါရီ (၁၃) ရက် နံနက် အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဒေါ်သန်းသန်းဦး (ခ)ဟာဂျီမ မိုင်မွန်နာဘီအား နံနက် (၈) နာရီအချိန်ခွဲ အချိန်ခန့်က ဟိုတယ် (၃) လွှာရှိ အခန်းအတွင်း၌ ကျောပြင် ဓါးဒဏ်ရာ (၅)ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ပျံ့နှံ့နေသည့်သတင်း များအရ သိရသည်။ ဒေါ်သန်းသန်းဦးသည် ရှိုင်းဆောက်လုပ်ရေးနှင့် Eperado ဟိုတယ်၏  မန်နေဂျင် ဒါရိုက်တာလည်းဖြစ်သည်။ 

သေဆုံးသူ၏ သားဖြစ်သူမှ မိခင်ဖြစ်သူအခန်းအတွင်းမှထွက်မလာ၍ ဖုန်းခေါ်ရာ မကိုင်သဖြင့် အခန်းတံခါးအားဖွင့်၍ ဝင်ရောက်ကြည့်ရှု ရာ မိခင်ဖြစ်သူမှာ ဓါးဒဏ်ရာများဖြင့် ကြမ်းပြင်တွင် လဲကျအသက် ဆုံးရှုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ Hotel ရှိ CCTV မှတ်တမ်းများအား ပြန်လည်စစ်ဆေးကြည့်ရာ ပြစ်မှုကျူးလွန်သူမှာ လွန်ခဲ့သည့် (၃) လဝန်းကျင်က အလုပ်ထုတ်ခံခဲ့ရသည့် ယင်းဟိုတယ်မှ ဝန်ထမ်း ဟောင်း ဖြစ်သည်ဟု ယူဆရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ Hotel တာဝန်ရှိသူများထံ ဆက် သွယ်စုံစမ်းရန် ကြိုးစားကြည့်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ကျူးလွန်သူမှာ လွန်ခဲ့သည့် (၃) လဝန်းကျင်က အလုပ်ထုတ်ခံခဲ့ရသည့် ယင်းဟိုတယ်မှ ဝန်ထမ်းဟောင်း ဖြစ်သည်ဟု ယူဆရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ Hotel တာဝန်ရှိသူများထံ ဆက် သွယ်စုံစမ်းရန် ကြိုးစားကြည့်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

အသက်ဆုံးရှုံးခဲ့ရသူ ဦးမိုဟာမ္မဒ်အယုဖ် (ခ) ဦးမောင်စိန်၏ သမီးကြီး အသက် (၅၈) နှစ်အရွယ်ရှိ ဒေါ်သန်းသန်းဦး (ခ) ဟာဂျီမမိုင်မွန်နာဘီအား ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်၊ ညနေပိုင်းတွင် ရေဝေးကဗရ်စဿန်၌ ဂျနာဇတ်ဆွလာသ် ဝတ်ပြုပြီး ဒဖ်နာပြုလုပ်မညိုဖြစ်ကြောင်း နီးစပ်ရာမွ တ်စ်လင်မ် အသိုင်းအဝိုင်းများထံမှ သိရသည်။


#crd:

Sunday, February 11, 2024

ရခိုင်ပြည်နယ် တိုက်ပွဲများတွင် ရိုဟင်ဂျာများ အန္တရာယ်ကြီးကြုံတွေ့နေရ



ရခိုင်ပြည်နယ် တိုက်ပွဲများတွင် ရိုဟင်ဂျာများ  အန္တရာယ်ကြီးကြုံတွေ့နေရ

ဖေဖော်ဝါရီ ၉၊ ၂၀၂၄| HRW

ဘန်ကောက်| ရခိုင်ပြည်နယ်တွင် ပြီးခဲ့သောသီတင်းပတ်များအတွင်း တိုက်ပွဲများ တဟုန်ထိုးမြင့်တက်လာခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးမှု များပြားနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က ဒီကနေ့ ပြောဆိုပါသည်။ မြန်မာစစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရခိုင့်တပ်တော်တို့ အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ရိုဟင်ဂျာနှင့် အခြားအရပ်သားများ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ချက်ချင်း ဆောင်ရွက်သင့်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာ့စစ်တပ်နှင့် ရခိုင့်တပ်တော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ ရခိုင်ပြည်နယ်တွင် တစ်နှစ်တာ တရားဝင်မဟုတ်သော အပစ်အခတ်ရပ်စဲရေး ပြီးဆုံးခဲ့သည်။ ဘူးသီးတောင်မြို့နယ် တောင်ဘက်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာများတွင် တပ်စွဲထားသည့် ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ တိုက်ခိုက်ခဲ့ရာ အရပ်သားများသေဆုံးပြီး အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ဒေသခံများ၊ ရိုဟင်ဂျာများနှင့် သတင်းမီဒီယာများထံမှ သိရှိရသည်။ ယခင်အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ရခိုင်ပြည်နယ်တွင် လူပေါင်း တစ်သိန်းကျော် ထပ်မံပြောင်းရွှေ့ခံခဲ့ရကြောင်း သိရသည်။

“မြန်မာစစ်တပ်နဲ့ အတိုက်အခံလက်နက်ကိုင်အင်အားစုတွေက အရပ်သားတွေ သေဆုံးဒဏ်ရာရမှု၊ အိုးအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးမှု အနည်းဆုံးဖြစ်အောင် တတ်နိုင်သမျှ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပျက်စီးသွားတဲ့ ရိုဟင်ဂျာရွာတွေဟာ ထပ်မံ တိုက်ခိုက်ခံရမယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။” ဟု  Human Rights Watch မှ အာရှသုတေသီ Shayna Bauchner က တိုက်တွန်းခဲ့သည်။

ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာအများစုနေထိုင်တဲ့ ရွာပေါင်းတစ်ဒါဇင်ကျော်နဲ့ဖွဲ့စည်းထားတဲ့ ဖုန်ညိုလိပ်ကျေးရွာအုပ်စုမှ မျက်မြင်သက်သေ ကိုးဦးက "ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေက နီးစပ်ရာ စစ်ကောင်စီဌာနချုပ်ကို သိမ်းပိုက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဇန်နဝါရီလနှောင်းပိုင်းလောက်က အဲဒီရွာကို ဝင်ရောက်လာတယ်"လို့ ပြောဆိုပါတယ်။ စစ်ကောင်စီစစ်တပ်ကလည်း တိုက်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် မြေပြင်ထိုးစစ်ဆင်ခြင်းများဖြင့် ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။

“ရခိုင့်တပ်တော်က ကျနော်တို့ရွာထဲကို ရုတ်တရက်ဝင်လာပြီး ရွာတဝိုက်မှာ တပ်ဖြန့်လာခဲ့တယ်” ဟု အသက် ၃၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။ “သိပ်မကြာခင်မှာပဲ ကျနော်တို့ရွာမှာ အမြောက်ကျည် ၃ လုံး ကျသွားတယ်။ ဈေးအတွင်း အမြောက်ကျည်တစ်လုံး ပေါက်ကွဲခဲ့ရာ လူလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်။ နောက်ထပ် ကျည်ဆန် ပေါက်ကွဲမှုကြောင့် လူခြောက်ဦး ဒဏ်ရာရခဲ့ပြီး တတိယတစ်လုံး ပေါက်ကွဲရာမှာ လူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်။" လက်နက်ကိုင်အဖွဲ့တို့ ရွာကိုခြေကုပ်တိုက်ခိုက်ခြင်းသည် ရွာသားများအတွက် လုံခြုံမှုမရှိဟု ရွာသားများက ရက္ခိုင့်တပ်မတော်ကို ပြောကြားသောအခါ တပ်ဖွဲ့ဝင်များက ၎င်းတို့ အမိန့်ရရှိပါက ထွက်ခွာမည်ဟု တုန့်ပြန်ပြောဆိုခဲ့သည်။ “ကျွန်တော်တို့ ရိုဟင်ဂျာတွေဟာ အဖွဲ့နှစ်ဖွဲ့အကြား သေပေးနေရ၊ အဖမ်းခံနေရတယ်” ဟု ရွာသားတစ်ဦးက ဆိုသည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် တိုက်ပွဲများအတွင်း ရိုဟင်ဂျာအရပ်သား ၁၂ ဦးမှ ၂၄ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက အစီရင်ခံတင်ပြထားသည်။ အိမ်ခြေပေါင်း ရာကျော် ပျက်စီးခံရသည်ဟု ခန့်မှန်းရကြောင်း ရိုဟင်ဂျာလှုပ်ရှားသူများက ပြောကြားသည်။ “ ဇန်နဝါရီ ၂၆ ရက် သောကြာနေ့ မနက်မှာ စစ်တပ်က အရှိန်မြင့်ထိုးစစ်ဆင်ခဲ့တယ်။ ကျနော့်ဝမ်းကွဲညီတစ်ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျနော့်မိသားစုဝင် အားလုံးနီးပါး ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတယ်။ ကျနော့်အစ်ကိုကတော့ ပြန်လည်သက်သာလာဖို့အတွက် ရုန်းကန်နေရတုန်းပဲ။ သူ့ခန္ဓာကိုယ်ထဲက ဗုံးအပိုင်းအစတစ်ခု အခုထိ မဖယ်ရှားနိုင်သေးချေ။” ဟု ရွာသားတစ်ဦးက ပြောသည်။

အသက် (၆၆)နှစ်အရွယ် ရွာသားတစ်ဦးက “အမြောက်ကျည်ထိမှန်ပြီး ကျနော့်သား သေဆုံးခဲ့ရတယ်။ အနီးတဝိုက်မှာ အသုဘပွဲ ဒါဇင်နဲ့ချီရှိနေတယ်။ ဒါပမယ့် ကျနော့်သားရဲ့ ဈာပနကို ကျနော်ပဲ ပြုလုပ်ဝံ့ခဲ့တာဖြစ်တယ်။ သူက အသက် ၄၂ နှစ်ရှိပြီး ကလေးငါးဦးရဲ့ ဖခင်ဖြစ်သည်" ဟု ဆိုသည်။

အသက် ၄၂ နှစ်အရွယ် အခြားရွာသားတစ်ဦးက “တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့အလောင်းတွေကို စောင်နဲ့ထုပ်ထားပြီး ကျနော်တို့ရွာကနေ ထွက်သွားခဲ့ရတယ်။ ငါး-ခြောက်နာရီလောက်ကြာပြီးတော့ မြေမြှပ်သင်္ဂြိုလ်ဖို့ ရွာကို ပြန်သွားရတယ်”ဟု ဆိုသည်။

ဘူးသီးတောင်မြို့ရှိ ဆေးရုံနှင့် ဒေသခံ ဆေးခန်းများတွင် ကုတင်များအားလုံး ပြည့်နေပြီး လူနာလက်ခံမှု ရပ်တန့်သွားကြောင်း ရိုဟင်ဂျာရွာသားများက ရင်ဖွင့်ခဲ့သည်။ ဆေးခန်းများတွင် ဆေးထောက်ပံ့ရေးပစ္စည်းများ နည်းပါးနေပြီး ထိခိုက်ဒဏ်ရာရလူနာများကို ကုသခ အဆမတန် ကောက်ခံလျက်ရှိသည်။

ဒေသခံအချို့ကမူ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် ၎င်းတို့၏ရွာအား ရမ်းရမ်းကားကား ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။ “စစ်တပ်က ရခိုင့်တပ်တော်ကို ပစ်မှတ်ထားနေတာ သက်သက် မဟုတ်ဘူး။ သူတို့က ရွာတစ်ရွာလုံးကို ပစ်သတ်ဖို့ သူတို့ရဲ့ ရဟတ်ယာဉ်တွေကို သုံးနေကြတာ ဖြစ်တယ်" ဟု အသက် ၄၇ နှစ်အရွယ် ရိုဟင်ဂျာရွာသားတစ်ဦးက ပြောကြားသည်။

လူအများအပြားသည် အနီးအနားရှိ ကျေးရွာများတွင် ခိုလှုံရန် တိမ်းရှောင်ခဲ့ကြသော်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့မှု အနည်းငယ်သာ ရရှိကြပြီး လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့လည်း မရရှိသေးပေ။ “ကျနော့်မိသားစု ၂၅ ယောက် အိုးမဲ့အိမ်မဲ့ တကွဲတပြားဖြစ်သွားတယ်။ ကျွန်ုပ်တို့သည် အစားအသောက်နှင့် အမိုးအကာ မရေမရာ နေ့ရက်များ ဖြတ်သန်းကြရသည်။” ဟု ရွာသားတစ်ဦးက ပြောသည်။ ရိုဟင်ဂျာမိသားစုများသည် စားနပ်ရိက္ခာ လျော့နည်းလာပြီး လယ်ကွင်းများတွင် မရိတ်သိမ်းရသေးသောသီးနှံများ ပျက်စီးလာမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။

ဖေဖော်ဝါရီ လဆန်းပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေသည်။ ဖုန်ညိုလိပ်ကျေးရွာတွင် ရှိနေသော ရွာသားများနှင့် ဖေဖော်ဝါရီ ၁ ရက်နေ့က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် နောက်ခံ၌ သေနတ်သံများနှင့် ပေါက်ကွဲသံများ ကြားနေရသည်။

“ရွာထဲကို ဘယ်သူမှ မဝင်ရဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတဲ့အတွက် ပြန်သွားဖို့ မလုံခြုံသေးဘူး။ ဘူးသီးတောင်မြို့နယ်မှာ အင်တာနက် လုံးဝပြတ်တောက်နေပါတယ်။ တစ်နေ့လျှင် နှစ်နာရီကြာ ဖုန်းခေါ်ဆိုနိုင်သော်လည်း လိုင်းပျက်သွားသောကြောင့် ဖုန်းခေါ်ဆိုမှု မရနိုင်တော့ပါ။ ဘယ်ဆိုင်တွေမှ ဖွင့်လို့မရဘူး၊ အားလုံးပိတ်ထားတယ်။ အာဏာပိုင်တွေရော့ ကုလသမဂ္ဂ၊ နိုင်ငံတကာ အေဂျင်စီတွေရော ငါတို့ကို ကူညီဖို့ ဘယ်သူမှ မလာကြဘူး” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ အရပ်သားများအတွက် အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။ ယင်းက စစ်ရာဇဝတ်မှုမြောက်တဲ့ စုပေါင်းပြစ်ဒဏ်ခတ်ခြင်းမျိုး ဖြစ်သည်။ စစ်တပ်သည် အဓိက ကုန်းလမ်းများနှင့် ရေလမ်းများကို ပိတ်ဆို့ထားပြီး စစ်ဘက်မဟုတ်သော ထောက်ပံ့ရေးပစ္စည်းများကိုပါ ဖျက်ဆီးကာ အကူအညီပေးရေး ဝန်ထမ်းများကို ပြင်းထန်စွာ ကန့်သတ်မှုများ ချမှတ်ကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကိုလည်း ပိတ်ပင်ထားသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်း Médecins Sans Frontières (MSF) မှ ရခိုင်ပြည်နယ်အတွင်း ၎င်းတို့၏ ရွေ့လျားဆေးခန်း ၂၅ ခုကို အာဏာပိုင်များက တားဆီးထားသည်။ ယင်းသည် ပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်ဟု သတိပေးထားကြောင်း ဇန်နဝါရီ ၁၆ ရက်က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်အစိုးရက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး ကပ်ဆိုးကြီးထဲသို့ တွန်းပို့ခဲ့သည်။ စစ်အစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ချိုးဖောက်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုတွေ သက်ရောက်သည်။ 

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ရိုဟင်ဂျာ ၆ သိန်း ခန့်သည် စခန်းများနှင့် ကျေးရွာများတွင် အသားအရောင်ခွဲခြားမှုစနစ်ဖြင့် ကန့်သတ်ချုပ်ချယ်ထားသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထောင်နှင့်ချီသော ရိုဟင်ဂျာများကို “တရားမ၀င် ခရီးသွားလာမှု” ဖြင့် ဖမ်းဆီးထားသည်။ ”  ထို့အပြင် သွားလာခွင့် ကန့်သတ်ချက်အသစ်များ ချမှတ်ထားပြီး အကူအညီများ ပိတ်ဆို့ထားသည်။ ထို့ကြောင့် ရိုဟင်ဂျာများသည် လက်နက်ကိုင် ပဋိပက္ခတွင် အထူး ထိခိုက်လွယ်သည်။

ဒီဇင်ဘာလမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အခြားရိုဟင်ဂျာကျေးရွာများတွင် အရပ်သားသေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်ဥပဒေများသည် အရပ်သားများနှင့် တိုက်ပွဲဝင်သူများအကြား ရမ်းကား တိုက်ခိုက်မှုများကို တားမြစ်ထားသည်။ လူနေထူထပ်သောမြို့၊ ကျေးရွာများကို စစ်ရေးရည်မှန်းချက်တစ်ခုတည်း သဘောထားကာ ဗုံးခွဲမှုများကို အရမ်းကာရော အပြုအမူအဖြစ် တားမြစ်ထားသည်။ ပဋိပက္ခတွင် ပါဝင်သူများသည် အရပ်သားများ၏ အသက်ဆုံးရှုံးမှုနှင့် အရပ်သားများ၏ ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးမှုကို မဖြစ်အောင် ရှောင်ရှားရန် ဖြစ်နိုင်ချေရှိသော ကြိုတင်ကာကွယ်မှုများအားလုံးကို အမြဲဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်ပါသည်။ စစ်တိုက်နေသောအဖွဲ့များသည် အတတ်နိုင်ဆုံး ၎င်းတို့၏တပ်ဖွဲ့များကို လူနေထူထပ်သောနေရာများတွင် တပ်ဖြန့်ခြင်းမှ ရှောင်ကြဉ်သင့်သည်။

သူတို့က နှစ်ဖွဲ့စလုံး၏ ဖမ်းဆီးခြင်းကို ခံနေရသည်ဟု ရိုဟင်ဂျာအများအပြားက ဆိုသည်။ “စစ်တပ်နဲ့ စကားပြောရင် ရခိုင်တပ်က ကျနော်တို့ကို မသင်္ကာဖြစ်တယ်။ ဒါပေမယ့် တပ်မတော်အစိုးရက ကျနော်တို့နဲ့ ရက္ခိုင့်တပ်မတော်ကြား ဆက်စပ်မှုတစ်စုံတစ်ရာ တွေ့ခဲ့ရင် ရိုဟင်ဂျာတွေကို သတ်ပစ်မှာ သေချာတယ်”ဟု ရွာသားတစ်ဦးက ပြောသည်။  "ရခိုင့်တပ်တော်က နယ်မြေအပြည့်အဝ ထိန်းချုပ်နိုင်တာနဲ့ ရိုဟင်ဂျာတွေကို လုံခြုံရေးပေးမယ်လို့ ကတိပြုထားပေမယ့် လက်ရှိအချိန်အထိ စားနပ်ရိက္ခာနဲ့ တခြားထောက်ပံ့မှုတွေကို အတင်းသိမ်းယူဖို့ ကြိုးစားနေတယ်"ဟု သူက ဆက်လက်ပြောကြားသည်။

နယ်စပ်အနီးတိုက်ပွဲများသည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲသို့ပင် လျှံထွက်ခဲ့ပြီး မော်တာကျည် ပစ်ခတ်မှုကြောင့် အသေအပျောက်များ ဖြစ်ပွားခဲ့သည်။ ဩဇာကြီးမားသော နိုင်ငံခြားအစိုးရများသည် မြန်မာနိုင်ငံတွင် ဆိုးရွားနေသော အကျပ်အတည်းကို အရေးတကြီး တုံ့ပြန်သင့်သည်ဟု Human Rights Watch က ပြောသည်။

“နိုင်ငံခြားအစိုးရတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေအပေါ် ကျရောက်နေတဲ့ အန္တရာယ်တွေအပေါ် သူတို့ရဲ့ စိုးရိမ်မှုတွေကို ကျယ်လောင်စွာ ဖော်ပြသင့်ပါတယ်။ စစ်ကောင်စီအစိုးရအနေနဲ့ ဆက်သွယ်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိတ်ဆို့ထားမှုကို ချက်ချင်းရုတ်သိမ်းပြီး သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်းမှ ရပ်တန့်ဖို့ လိုပါတယ်" ဟု Bauchner က ပြောကြားခဲ့သည်။

နတ်မျက်စိ ဘာသာပြန်သည်။

* Human Rights Watch Report 

https://www.hrw.org/news/2024/02/09/myanmar-rohingya-risk-rakhine-fighting

Friday, February 9, 2024

တောင်ပြိုတိုက်ပွဲနှင့် ဝါဒဖြန့်အကွက်ကြီး

 






တောင်ပြိုတိုက်ပွဲနှင့် ဝါဒဖြန့်အကွက်ကြီး


၂၀၂၄ ခု ဖေဖော်ဝါရီလ ၆ ရက် နေ့မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းနှစ်ခု ကျသွားခဲ့တဲ့ သတင်းကတော့ နောက်ထပ် တော်လှန်ရေး အောင်ပွဲတစ်လှမ်းပါပဲ။ တစ်ပြည်လုံးရဲ့ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်အုပ်စု ယိုယွင်းပျက်စီးလာနေတာကို တစ်ဆက်တည်း ကြားနေရလို့ ဝမ်းသာမဆုံးဖြစ်ရပါတယ်။ ဒါပေမဲ့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ချသလို အကြမ်းဖက်စစ်ကောင်စီကို ချေမုန်းနေတာနှင့်တစ်ပြိုင်တည်း လူမျိုးမတူဘာသာမတူ အဖိနှိပ်ခံရိုဟင်ဂျာကိုပါ ရန်သူလိုသဘောထားကာ ထည့်ညှပ်ချေမုန်းလိုချင်တဲ့ စိတ်ဓာတ်ကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ 

အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတစ်ခု ရရှိဖို့အတွက် ပြည်သူအားလုံး အသက်နဲ့ ဘဝနဲ့ရင်းနှီးပြီး တိုက်ပွဲဝင်နေတဲ့ကာလမှာ ဒီလိုမျိုး မဟုတ်မမှန် သွေးတိုးလှုံဆော်မှုဟာ ဖြောင့်မှန်တဲ့လမ်းစဉ်မဟုတ်ဘူးလို့ ယူဆပါတယ်။ ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲများ ဖြစ်လာကတည်းကစလို့ ရခိုင်စသော အခြားလူမျိုးများနည်းတူ ရိုဟင်ဂျာလူမျိုးတွေကလည်း တိုက်ပွဲဘေးဒဏ်တွေကို ခါးခါးသီးသီး ခံနေရပါတယ်။ အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ရိုဟင်ဂျာများက အသက်ပေါင်းများစွာပေးဆပ်နေရတယ်။ ဒါပေမဲ့ အင်မတန် ခက်ခဲတဲ့အချိန်တစ်ခုကို ပြည်သူအားလုံး တညီတညွှတ် ရဲရဲရင့်ရင့် ဖြတ်သန်းနေရတာပဲလို့ ခံယူပါတယ်။ အေးအတူ၊ ပူအမျှပေါ့။

ဖေဖော်ဝါရီလ (၇) ရက် ရက်စွဲပါ အေအေတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ရိုဟင်ဂျာတွေအပေါ် အမြင်ကပ် ထပ်မံအမုန်းတရားဖွားလာအောင် တမင်စွပ်စွဲထားခြင်းတွေကိုတော့ အတိအလင်း တွေ့နေရတယ်။ ဒါကတော့ မရိုးသားဘူးလို့ ပြောလိုပါတယ်။ 

- ဒီသတင်းထုတ်ပြန်ချက်မှာတော့ ပထမဆုံး ထောက်ပြချင်တဲ့အချက်ကတော့ "ဘင်္ဂလီလက်နက်ကိုင်အဖွဲ့" လို့ သုံးနှုန်းသွားတဲ့ အသုံးပါပဲ။

ဒါကတော့ တစ်နေ့ထက်တစ်နေ့ အင်အားကြီးထွားနေတဲ့ အေအေတပ်တော်က အသာစီးရနေချိန်မှာ တစ်ဖက်လူမျိုးကို တမင်နှိပ်နှိမ့်သုံးနှုန်းနေတာက အင်မတန် စိတ်ဓာတ်အောက်တန်းကျနေတယ်လို့ ပြောလို့ရပါတယ်။ ဒါက ရိုဟင်ဂျာလူမျိုးရဲ့ မွေးရာပါ အိုင်ဒင်းတီတီကို စော်ကားရာ ရောက်တာမို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ လူမျိုးတစ်မျိုးက မခံယူလိုတဲ့ နာမည်တစ်ခုကို ပြန်လည်အသက်သွင်းလာအောင် ကြိုးပမ်းခြင်းက မီဒီယာကျင့်ဝတ်နဲ့လဲ မညီညွတ်သလို ကျော့သားရင်သား မခွဲခြားဘဲ အဓမ္မကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှုလဲ မဟုတ်ပါဘူး။ နိုင်ငံတကာဥပဒေနဲ့လဲ ဆန့်ကျင်ရာရောက်တယ်။ အစွန့်ရောက်မျိုးချစ်စိတ်ဓာတ်သန်လာပြီလားလို့ တွေးစရာ။ အကြမ်းဖက်စစ်အုပ်စုရဲ့ လမ်းစဉ်နဲ့ ဘယ်ခွာခြားနေလို့လဲ။ 

- တောင်ပြိုတိုက်ပွဲမှာ ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဟာ စကစနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အချက်က အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် သက်သက်ပါပဲ။

ဒါက ရိုဟင်ဂျာတွေကို ကမ္ဘာအလယ်တွင် မျက်နှာပျက်အောင် ကြံစည်ချက်တစ်ခုပဲလို့ ပြောနိုင်တယ်။ ၂၀၁၆-၁၇ မျိုးတုန်းသတ်ဖြတ်မှုတွင် ရိုဟင်ဂျာ တစ်သိန်းကျော် သေကျေပျက်စီးရတဲ့အပြင် တစ်သန်းခန့် ဒုက္ခသည်ဘဝရောက်အောင် ပို့ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီအုပ်စု၊ ခေတ်အဆက်ဆက် အမျိုးဘာသာသာနာ ခေါင်းစဉ်ဖြင့် ခွဲခြားဆက်ဆံလာခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို ရိုဟင်ဂျာတွေက ထောက်ခံနေတယ်ဆိုတာ ယုတ္တိရှိပါမလား။ နွေဦးတော်လှန်ရေး တကျော့ပြန်တိုက်ပွဲတွေမှာ နေ့နဲ့ည သေပေးနေရတဲ့ အပြစ်မဲ့ရိုဟင်ဂျာတွေရဲ့ မျက်နှာကို မထောက်မထားဘဲ လက်နက်ကိုင်အဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းတယ်ဆိုတာ ယုံစရာလား။ ဘယ်လိုအခြေမျိုးမှ ရောက်နေသည်ဖြစ်စေ ရိုဟင်ဂျာလူမျိုးတွေဟာ အကြမ်းဖက်စစ်အုပ်ကို ရန်သူလို့ပဲ ထာဝရတော်လှန်သွားမှာဖြစ်တယ်။ ရိုဟင်ဂျာတွေ လက်နက်ကိုင်နေရတာက အဓမ္မစစ်အုပ်စုကို တော်လှန်ဖို့သက်သက်ပါပဲ။ အဲဒီအကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းတိုက်တယ်ဆိုတဲ့ စွပ်စွဲချက်က မြန်မာပြည်သူတွေရဲ့ စိတ်ထဲမှာ ရိုဟင်ဂျာတွေကို တမင်အောက်ကျစေချင်တဲ့ အကြံအစည်လို့ ယူဆပါတယ်။

- စကစနယ်ခြားစောင့်စခန်းရဲ့ အနီးအနားမှာ သူတို့စခန်း တစ်ခု ရှိလို့ ပူးပေါင်းတယ်၊ အပေးအယူရှိတယ်လို့ အတပ်ပြောနိုင်ပါမလား။

အဲဒီလို ဘူးသီးတောင်၊ ကျောက်တော၊ ပုဏ္ဍားကျွန်းစတဲ့ ရခိုင်ပြည်နေရာအနှံ့အပြားတွင် စကစတပ်စခန်းတွေနဲ့ မနီးမဝေး ဓားလွယ်ခုတ်တွင် အေအေတပ်စခန်းတွေလဲ မနည်းရှိနေတာကိုး။ ဒါက ထူးထူးခြားခြား မဟုတ်ပါဘူးလေ။ ဒီလို နီးနီးကပ်ကပ် ရှိနေရုံနဲ့ ပူးပေါင်းတယ်လို့ သတ်မှတ်နိုင်ပါမလား။

- ဘင်္ဂလားဘက်ကို ထွက်ပြေးရာတွင် အကူအညီရရှိရေးအတွက် တာကာငွေ ၁၀ သန်း ဖို့ လက်နက်အရာင်းအဝယ်လုပ်တယ်လို့ စွပ်စွဲမှုကလည်း ရယ်စရာပြက်လုံးကြီးတစ်ခုပါပဲ။ တောင်ပြိုစခန်းတွေဟာ နယ်စပ်မျဉ်းပေါ်မှာ တည်ရှိနေတာဖြစ်တယ်။ အဲဒီစခန်းတွေမှာ တာဝန်ကျနေတဲ့ စကစဝန်ထမ်းတွေက ဟင်းစား ဆီဆန်ဆားတွေကိုတောင် ဘင်္ဂလားဖက်က မှာယူစားသောက်ကြတာများတယ်။ နယ်စပ်ကို ဘယ်လို ဖြတ်သွားရတယ်ဆိုတာကို သူတို့လောက် ဘယ်သူမှ မသိဘူး။ နယ်စပ်ဖြတ်ထွက်ပြေးနိုင်အောင် လက်နက်အရောင်းအဝေး လုပ်စရာလိုလို့လား။ အကြမ်းဖက် စကစ နယ်ခြားစောင့်ရဲတွေ ခြံစည်းရိုးတစ်ဖက်က ခုန်ချလိုက်ရုံနဲ့ တခြားဖက်ကို ရောက်သွားလောက်တဲ့ အခြေအနေမျိုးပါပဲဟာ။  ဒါကို လက်နက်ရောင်းလို့ ဘင်္ဂလားဖက်ကို ထွက်ပြေးတာလို့ ဂျင်းထည့်ရကောင်းလား။ ဒါက ကလေးဆန်တဲ့ အကွက်ပါပဲ။

- ARA ဆိုတဲ့ လက်နက်ကိုင်တွေရဲ့ စခန်းတစ်ခုက အနီးအနားမှာ ရှိနေတယ်လို့ ပြောသေးတယ်။ လူတွေကျတော့ ဘင်္ဂလားဖက်က ဝင်လာတယ်လို့လဲ တစ်ခါ ပြောသေးတယ်။ စကားရှေ့နောက် မညီသလိုပါပဲ။ နောက်ထပ် ဘယ်သူဘယ်သူတွေကိုပါ ထည့်စွက်ချင်တာလဲ မသိဘူး။ 

- ပြီးတော့ စခန်းထဲကနေ အကြမ်းဖက် နယ်ခြားစောင့်တပ်တွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ခိုက်တယ်။ လက်နက်အချို့ သယ်သွားတယ်လို့ အသံထွက်နေတဲ့ကိစ္စကတော့ အေအေ ဝက်ဆိုဒ်က ပြောင်းပြန်လဲလို့ သတင်းမှန် ဖုံးဖိထားရုံ သက်သက်ပါပဲ။ တကယ်တော့ ကျနော်တို့ လေ့လာသိရှိသလောက် ဖြစ်စဉ်က ဒီလိုပါပဲ။ 

အဲဒီနယ်စပ်ဒေသတလျှောက်ဟာ ရိုဟင်ဂျာလက်နက်ကိုင်တစ်ချို့ လှုပ်ရှားနေတဲ့ နေရာဖြစ်တယ်။ ၄ ရက်နေ့ အေအေက စခန်းကို ပိတ်ဆို့တိုက်ခိုက်နေတဲ့အချိန်မှာ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ရိုဟင်ဂျာလက်နကိုင်တစ်ချို့ကလည်း ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်စခန်းကို တစ်ဖက်က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ ဘယ်သူတိုက်တိုက် ဘုံရန်သူဖြစ်တဲ့ စကစကို အမြစ်ဖြတ်ချေမုန်းနိုင်ရင်ပြီးရော့ဆိုတဲ့ ဆန္ဒနဲ့ပေါ့။ အဲ့လိုတိုက်ခိုက်ခဲ့ပြီး စခန်းကျသွားတဲ့အခါ သူတို့ရှင်းလင်းနိုင်ခဲ့တဲ့ဖက်ကနေ တွေ့ရှိသမျှ လက်နက်ခဲယမ်းအကြွင်းအကျန်ကို သူတို့ သိမ်းဆည်းယူဆောင်သွားခဲ့တယ်။ ဒါကို အေအေက မကျေနပ်လို့ ARA လက်နက်သိုလှောင်ထားတဲ့ နေရာတစ်ခုကို အင်းအားအပြည့်အဝနဲ့ ပြန်လည်တိုက်ခိုက်တယ်။ အဲဒီမှာ တွေ့ရှိသမျှ လက်နက်ခဲယမ်းတွေနဲ့ သူတို့ရဲ့ အသုံးအဆောင်တွေကိုလည်း AA က သိမ်းယူခဲ့တယ်။ 

ဒီဖြစ်စဉ်ကို အခွင့်ကောင်းယူပြီးတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ချဖို့ အကွက်ဆင်တာပဲဖြစ်တယ်။ တကယ်တော့ ဒါတွေက  အဖွဲ့တစ်ဖွဲ့ရဲ့ လှုပ်ရှားမှုလုပ်ငန်းစဉ်မှာ နောက်တစ်ဖွဲ့က အလိုမတုဘဲ ဝင်စွက်ဖက်မှုကြောင့် မလိုအပ်တဲ့ ပြဿနာတွေ တက်လာရတာလို့သာ မြင်ပါတယ်။ ဘယ်အဖွဲ့ပင် ဖြစ်ပါစေ စစ်ကျင့်ဝတ်၊ စစ်စည်းဘောင်တွေကို လိုက်နာဖို့ အရေးကြီးတယ်။ အချင်းချင်း ရန်သူလို သဘောမထားကာ အားချင်းမပြိုင်ဘဲ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုကိုပဲ တော်လှန်မြစ်လှန်ပစ်တာ အလေးထားသင့်ပါတယ်။  

အေအေတပ်တော်ရဲ့ သဘောထားကို လေ့လာသိရှိသလောက် ရှင်းရှင်းပြောရမယ်ဆိုရင် ရခိုင်ပြည်မှာ တခြား ဘယ်လက်နက်ကိုင်အဖွဲ့တွေမှ ရပ်တည်နေတာကို သူတို့ မလိုလားဘူး။ နည်းအမျိုးမျိုးနဲ့ ရှင်းလင်းပြိုကွဲဖို့ပဲ ကြိုးစားတာပဲ တွေ့ရတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် အေအေ သဘောထားကြည့်မယ်ဆိုရင်လည်းပဲ တန်းတူဆက်ဆံတာ မမြင်ရဘူး။ ရိုဟင်ဂျာလူမျိုးကို မတတ်နိုင်တဲ့အဆုံး ဒုတိယလူတန်းစားအဖြစ်ပဲ မြင်နေကြတယ်။ တတ်နိုင်ရင်တော့ အကြမ်းဖက်စစ်ကောင်စီလို မျိုးတုန်းသတ်ပစ်ချင်တဲ့ သဘောမျိုးလား မသိဘူး။ ဒါတွေက ရည်ရှည်ငြိမ်းချမ်းရေးကိုဖော်ဆောင်မယ့် တော်လှန်ရေးရဲ့ နိမိတ်ကောင်း မဟုတ်ပါဘူးလို့ ပြောချင်တယ်။ 

နောက်ဆုံးပြောချင်တာကတော့ ရခိုင်ပြည် ငြိမ်းချမ်းရေးလေပြည် ဖော်ဆောင်ဖို့အတွက် အတူတကွနေထိုင်တဲ့ လူမျိုးစုအားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် လျှောက်လှမ်းမှာသာ မျှော်လင့်နေတဲ့အိပ်မက် ဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။ တော်လှန်နေတဲ့ အုပ်စုတွေကလည်း ကျော့သားရင်သားမခွဲခြားဘဲ ရဲရဲစွမ်းစွမ်း လက်တွဲဆောင်ရွက်နိုင်ဖို့အရေးကြီးတယ်။ အခုလိုမျိုး လူမျိုးတစ်မျိုး ထိခိုက်နစ်နာအောင် မကောင်းတဲ့အမုန်းတိုက်သတင်းတွေဖြန့်ကာ လူမျိုးတစ်စုကို လျစ်လျူရှု ဘေးဖယ်ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖော်ဆောင်ရေးဆိုတာက အလှမ်းဝေးလို့သာနေလိမ့်မယ်။ လူမျိုးပေါင်းစုံအတူတကွ အေးအေးချမ်းချမ်းနေထိုင်ရေးက စစ်မှန်တဲ့ ငြိမ်းချမ်းရေးပင်တည်း။ 

#နတ်မျက်စိ

(၉-၀၂-၂၀၂၄)

Friday, December 15, 2023

ARU အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ ဝါကာအုဒ္ဒိန်း

 


ပါမောက္ခ ဒေါက်တာ ဝါကာရ်အူဒ္ဒိန်း(၁၉၅၄-၂၀၂၂)


ဝါကာရ်အူဒ္ဒိန်းကို ဇန္နဝါရီလ ၁၅ ရက်၊ ၁၉၅၄ ခုတွင် မောင်တောမြို့နယ် ဟားဘီဘ်ရွာ၌ ဖွားမြင်ခဲ့သည်။ ဖခင်မှာ မလဝီ လာလ်မိုဟာမတ်၏သား ဆရာမွီဆဒ္ဒိန်း(ခ) မာဆူတ်အုဒ္ဒိန်း ဖြစ်သည်။ ဖခင်ဖြစ်သူမှာ ကျောင်းဆရာတစ်ဦးဖြစ်သည်။ ညီအစ်ကို လေးယောက်အနက် အကြီးဆုံးဖြစ်သည်။

ဝါကာသည် အခြေခံပညာကို မောင်တောမြို့မှာ ဆည်းပူးခဲ့သည်။ မောင်တောမြို့မအထက်တန်းကျောင်းမှ အထက်တန်းအောင်ခဲ့သည်။ ပျဉ်းမနားမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ BAgrSc ဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အမေရိကန်သို့ ပညာတော်သင်အဖြစ် သွားရောက်ကာ အမေရိကန်ပြည်ထောင်စု နာဗာဒါတက္ကသိုလ် (Navada University)မှ ပိုးမွားလောက စီမံခန့်ခွဲမှု (Integrated Pest Management) ဘာသာရပ်ဖြင့် မဟာဘွဲ့ရယူခဲ့သည်။ ၁၉၉၆ ခုတွင် ဂျော်ဂျီယားတက္ကသိုလ်မှ အပင်ရောဂါဗေဒဖြင့် ပါရဂူဘွဲ့  ရရှိခဲ့သည်။

ဝါကာသည် ပညာသင်ယူပြီးနောက် ဂျော်ဂျီယားတက္ကသိုလ် Plant Disease Clinic အလုပ်ဝင်ရင်း အသက်မွေးဝမ်းကျောင်း စတင်ခဲ့သည်။ ထို့အပြင် အခြား အပင်ရောဂါဗေဒဆိုင်ရာ အလုပ်များစွာကိုလည်း လုပ်ကိုင်ခဲ့သည်။ ၁၉၉၈ ခုတွင် Penn State University တွင် မြက်ပင်ရောဂါဗေဒပညာရှင် (Turfgrass Pathologist)အဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် Pennsylvania State University ၌ပင် အဏုဇီဝဗေဒ ပါမောက္ခဖြစ်လာခဲ့သည်။

ဒေါက်တာ ဝါကာသည် ၂၀၀၅ နောက်ပိုင်းတွင် နိုင်ငံရေးဘက်ကို စိတ်ဝင်စားလာခဲ့သည်။ ၂၀၀၈ ခု မေလတွင် The Burmese Rohingya Association North America အဖွဲ့ကို ထူထောင်ကာ ရိုဟင်ဂျာတို့အတွက် တရားမျှတမှုရရှိရေး လှုပ်ရှားလာခဲ့သည်။ ၂၀၁၁ ခု မေလတွင် အိုအိုင်စီကဦးဆောင်၍ ပြည်တွင်းပြည်ပ ရိုဟင်ဂျာအဖွဲ့အစည်းပေါင်း ၂၅ ခုကျော်နှင့်ဖွဲ့စည်းထားသော Arakan Rohingya Union (အာရကန်-ရိုဟင်ဂျာ ညီညွတ်ရေး အဖွဲ့ချုပ်)၏ အထွေထွေညွှန်ကြားရေးမှူးချုပ်(DG) အဖြစ်တင်မြောက်ခံရသည်။ ၂၀၁၂ ခု ရခိုင်လူသတ်မှု အရေးအခင်းနောက်ပိုင်းတွင် ဒေါက်တာဝါကာ၏ နိုင်ငံရေးလှုပ်ရှားမှု အရှိန်မြင့်လာခဲ့သည်။ လှေစီးပြေးဒုက္ခသည်များအရေးတွင် တက်တက်ကြွကြွပါဝင်ခဲ့သည်။ ၂၀၁၃ ခု ဇူလိုင်လတွင် အမေရိကန်အခြေစိုက် Muslim Aid America ၏ ဥက္ကဌ အဖြစ်တင်မြောက်ခံခဲ့ရသည်။

၂၀၁၃ ဖေဖော်ဝါရီလတွင် ပါကစ္စတန် ဒုဝန်ကြီးချုပ် Chaudhary Pervaiz Elahi နှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၄ ခုတွင် ရိုဟင်ဂျာကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အမေရိကန်အောက်လွှတ်တော် စသည်တို့၌ တက်ရောက်ကာ ရိုဟင်ဂျာတို့၏ အခြေအနေကို တင်ပြဆွေးနွေးခဲ့သည်။

၂၀၁၅ စက်တင်ဘာလတွင် အမေရိကန်၌ကျင်းပသော အထက်လွတ်တော်အမတ် ဦးရွှေမောင်နှင့်အတူ ASEAN Parliamentarians အစည်းအဝေးတွင်တက်ရောက်ကာ ရိုဟင်ဂျာအရေးနှင့် မြန်မာပြည် အမုန်းဖျန်းဝါဒကို ရှုတ်ချတင်ပြကာ ဆွေးနွေးခဲ့သည်။ ၂၀၁၅ နိုဝင်ဘာလတွင် ဝါရှင်တန်ဒီစီ၌ ဆန္ဒပြခဲ့သော Interfaith Rally တွင် ပါဝင်ကာ ရိုဟင်ဂျာအရေးကို ကမ္ဘာသိအောင် တင်ပြခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် တူရကီနိုင်ငံ၌ ကျင်းပခဲ့သော ၂၄ ကြိမ်မြောက် Congress of Int'l Union of Muslim Communities တွင်တက်ရောက်ကာ ကမ္ဘာမူဆလင်တို့အား ရိုဟင်ဂျာတို့ကို ကူညီရန်တိုက်တွန့်ခဲ့သည်။ ဒီဇင်ဘာလ ၂၄ ရက်တွင် ယူအေအီနိုင်ငံ ဒိုဘိုင်း ရိုဟင်ဂျာစင်တာ၌ ပြည်ပရောက်ရိုဟင်ဂျာများနှင့် တွေ့ဆုံကာ သူတို့၏ အခက်အခဲတို့ကို ဆွေးနွေးခဲ့သည်။ ၂၀၁၆ ဧပြီလတွင် တူရကီသမ္မတ အာဒိုဂန်နှင့် တွေ့ဆုံခဲ့သည်။ အဂျီဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တော်၌ ကျင်းပသော ၂၀၁၆ ဂလိုဘဲလ် ဖိုရမ်သို့ ဖိတ်ကြားခံရကာ ရိုဟင်ဂျာအရေး တင်ပြခဲ့သည်။ ၂၀၁၆ ဇူလိုင်လတွင် အိမ်ဖြူတော်၌ ကျင်းပခဲ့သော အိဒ်ပွဲတော်အခမ်းအနားတွင် သမ္မတအိုဘာမား၏ ဖိတ်ကြားခြင်း ခံရသည်။ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၈ ခုတင် နောက်တစ်ကြိမ် အာဒိုဂန်နှင့်တွေ့ဆုံကာ ရိုဟင်ဂျာအရေးတွင် ပါဝင်ကူမည်ဟု သမ္မတက ကတိပေးခဲ့သည်။ အောက်တိုဘာလတွင် မက္ကာတွင်ကျင်းပသည့် ၄၃ကြိမ်မြောက် The Supreme Council of Muslim World League တွင် ဖိတ်ကြားခြင်းခံရသည်။ ၂၀၁၉ နိုဝင်ဘာလ အိုအိုင်စီ၏ ရွေရတုသဘင်အခမ်းအနားတွင် ရိုဟင်ဂျာအခွင့်အရေးလှုပ်ရှားမှုအတွက် "လူထုအကျိုးပြုပုဂ္ဂိုလ်ဆု" ချီးမြင့်ခံရသည်။

၂၀၁၉ ဒီဇင်ဘာလတွင် ဒေဟိတ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျီ၌ ရိုဟင်ဂျာကိုယ်စား တက်ရောက်ခဲ့သည်။ 

ဒေါက်တာဝါကာသည် ပထမအိမ်ထောင်အဖြစ် Patricia Chapwaske နှင့် လက်ထပ်ခဲ့သည်။ သမီး Najat Uddin ဖွားမြင်ခဲ့သည်။ ဒုတိယအိမ်ထောင် Saarah Naaem နှင့် လက်ထပ်ခဲ့သည်။ သား Jassim Uddinနှင့် Yunus Uddin ဖွားမြင်ခဲ့သည်။ ဝါကာ ၏ ညီကိုများမှာလည်း တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် တက်တက်ကြွကြွပါဝင်လှုပ်ရှားသူများဖြစ်ကြသည်။ ညီ Tayub Uddin မှာ Democracy and Himan Rights Party ၏ ဥက္ကဌအဖြစ် ဆောင်ရွက်ကာ ၂၀၁၀ တွင် မောင်တောမဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်ခဲ့သည်။ ___Uddin မှာ မောင်တောမြို့တွင် အစိုးရရုံးဘာသာပြန်အဖြစ် ဆောင်ရွက်သည်။ ညီငယ် Reza Uddin မှာ ဝါကာ ကွယ်လွန်ပြီးနောက် ARU ၏ ကြားကာလ ယာယီ အထွေထွေညွှန်ကြားရေးမှူး ဖြစ်လာသည်။

မိမိ၏ အဖိနှိပ်ခံလူမျိုး လွတ်မြောက်ရေးအတွက် ဘဝရင်းနှီးရုန်းကန်နေသော ဒေါက်တာဝါကာအုဒ္ဒိန်းသည် တစ်နေ့ ရုတ်တရက် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာသဖြင့် John's Hopskin University Hospital, Baltimore, Maryland တွင် တစ်လကြာ ကုသမှုခံယူရာမှ  ၂၀၂၂ ခု ဧပြီလ ၂၉ ရက် သောကြာနေ့တွင် မိမိချစ်မြတ်နိုးသော အမျိုးနှင့် မိသားစုများကို နှုတ်ဆက်၍ အလ္လာဟ်အမိန့်တော် ခံယူခဲ့လေသည်။ ပါမောက္ခ ဒေါက်တာဝါကာအုဒ္ဒိန်း၏ ရုပ်ကလပ်ကို Baltimore, Maryland ရှိ King Memorial Cemetry သချ်င်း၌ ဒဖ်နာခဲ့သည်။ ဒေါက်တာသည် မိမိ၏ အဖိနှိပ်ခံနေရသော လူမျိုးကို လွှတ်မြောက်အောင် ကြိုးပမ်းရင်း အိပ်မက် တစ်ပိုင်းတစ်ဝက်နှင့် မိမိလူမျိုးကို နှုတ်ခွန်းဆက်သခဲ့ရလေသည်။ 

ဒေါက်တာဝါကာ ကွယ်လွန်ပြီးနောက် ကမ္ဘာခေါင်းဆောင်များနှင့် ကမ္ဘာအနှံ့အပြားမှ သူ့တပည့်အပေါင်းများနှင့် ရိုဟင်ဂျာလူမျိုးများက ဝမ်းနည်းကြေကွဲခဲ့ကြသည်။ ရိုဟင်ဂျာလူမျိုးသည် အလွန်တန်ဖိုးရှိသော ကြယ်တစ်ပွင့် ဆုံးရှုံးခဲ့ရလေသည်။ ဒေါက်တာသည် ရိုဟင်ဂျာလွှတ်မြောက်ရေးသမိုင်းတွင် အတောက်ပဆုံး ကြယ်တစ်ပွင့်အဖြစ် အစဉ်လင်းလက်နေမည်။ အလ္လာဟ်အရှင်မြတ်သည် ဒေါက်တာဝါကာအုဒ္ဒိန်းအား မြင့်မြတ်သောအစား ချီးမြင့်တော်မူပါစေ။ အာမိန်း။ 


— လူထုဝဏ္ဏ

(၁၃-၁၂-၂၀၂၃)


Sunday, October 29, 2023

တေလောတ္တီယာ ဟော့်ရောဖားတာ (ချဉ်ပေါင်ကြော်)

တေလောတီယာ ဟော့ရောဖားတာ (ချဉ်ပေါင်ရွက်ကြော်)


အာရကန်ပြည် အညာဒေသ အစားအစာတွေမှာ ဟောရောဖာတာ ခေါ်တဲ့ ချဉ်ပေါင်ရွက်ကလည်း အရေးပါလှတဲ့ ဟင်းရွက်တစ်မျိုး ဖြစ်တယ်။ တောင်သူလယ်သမားတွေဟာ စပယ်ရှယ်ထုတ်တဲ့ အစားအစာမျိုးကို မှီခိုအားကိုးလို့ ဘဝဖြတ်သန်းတာ မဟုတ်ဘူး။ မိမိတို့ သွေးချွေးရင်းပြီးတော့ ကိုယ်တိုင်ထုတ်ယူစားသောက်ရတာ ဖြစ်တယ်။ အိမ်ခြံမှာဖြစ်ဖြစ်၊ ဟင်းခင်းယာခင်းမှာဖြစ်ဖြစ် ချဉ်ပေါင်ပင်တွေတော့ စိုက်ပျိုးလေ့ရှိတယ်။ မိုးရာသီရောက်ရင် စားပွဲတိုင်းမှာ ချဉ်ပေါင်ရွက်တော့ ဟင်းပုံစံတစ်မျိုးမျိုးနဲ့ ပါမြဲပါဝင်လေ့ရှိတယ်။ ချဉ်ပေါင်ရွက်နဲ့ ပြုလုပ်တဲ့ ဟင်းတွေထဲမှ တစ်မျိုးအကြောင်းကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဲဒါက အခြားမဟုတ်ဘူး။ ရိုဟင်ဂျာတွေရဲ့ အသည်းစွဲဖြစ်တဲ့ တေလတ္တီယာ ဟော်ရောဖာတား (သို့မဟုတ်) တေလ္လာဟော်ရောဖားတား ဖြစ်တယ်။ မြန်မာလို ပြောရရင် ချဉ်ပေါင်ကြော်ပေါ့။ 

ချဉ်ပေါင်ကြော်ဟင်းလျာတစ်ခွက်ရရှိဖို့အတွက် အဓိကတော့ ချဉ်ပေါင်ရွက်ပါပဲ။ ဒါပေမဲ့ ချဉ်ပေါင်ရွက် တစ်ခုတည်းနဲ့ မပြီးသေးဘူး။ နောက်ထပ် အရေးကြီးတဲ့ ပစ္စည်းတစ်ခုကတော့ ငရုတ်သီးကြိတ်ဖြစ်တယ်။ 



ပါဝင်ပစ္စည်းက

၁။ ချဉ်ပေါင်ရွက်

၂။ ငရုတ်သီးကြိတ်

၃။ ကြက်သွန်နီ

၄။ ကြက်သွန်ဖြူ

၅။ နနွင်း

၆။ ဆီ

၇။ ဆား 

တို့ဖြစ်ကြတယ်။


ဒီဟင်းလျာ လုပ်ရတာ လွယ်ကူသလို ပစ္စည်းတွေလည်း မိမိတို့ ယာခင်းဟင်းခင်းတွေမှ ထွက်တဲ့ပစ္စည်းတွေဖြစ်တယ်။ ပထမဆုံး ငရုတ်သီးကြိတ်၊ ကြက်သွန်၊ ဆီ၊ နနွင်းတို့ကို အိုးထဲထည့်ပြီး မီးဖိုပေါ် အနည်းငယ်ထားပါ။ အရောင်နည်းနည်း ရင့်လာပြီဆိုရင် ချဉ်ပေါင်ရွက်ကို ထည့်ပေးပါ။ ရေနည်းနည်း လောင်းထည့်ပါ။ ရေတွေ ခြောက်ခန်းသွားပြီး ချဉ်ပေါင်ရွက်တွေ ကျက်သွားပြီဆိုရင် စားလို့ရပြီ။

အဲဒီ ချဉ်ပေါင်ကြော်ကို တစ်ချို့ ပုဇွန်တွေ ထည့်ကြော်ပြီးတော့ စားတာလည်းရှိတယ်။ မျှစ်တွေ ထည့်ကြော်တာလည်းရှိတယ်။ ချဉ်ဆပ်အရသာနဲ့ တော်တော် ခံတွင်းတွေ့တာပါပဲ။ ချဥ်ပေါင်ရွက်ကို ဟင်းရည်လုပ်လို့လဲ စားကြတယ်။ အဲဒါကို ဟောရောဖာတာ ဟင်ဇီလို့ ခေါ်တယ်။ အလုပ်ပင်ပန်းလာတဲ့ လယ်သမားမိသားစုဟာ ဒီဟင်းလျာတွေ့ရင် ဒုက္ခပျောက်လို့ အားရပါးရစားကြတာပါပဲ။

ငါးဟင်းတွေမှာလည်း အချဉ်အရသာရရှိစေရန် ချဉ်ပေါင်ရွက်ကို အသုံးပြုကြတယ်။ ချဉ်ပေါင်ပင်မှရရှိတဲ့ အသီးကို အခြောက်ခံကာ သိမ်းထားလေ့ရှိတယ်။ အဲဒါကို နွေရာသီရောက်လျှင် ဖျော်ရည်အဖြစ်လည်းကောင်း၊ ဟင်းရည်အဖြစ်လည်းကောင်း၊ ထန်းလျက်နဲ့ တို့လို့ ချဉ်ယိုအဖြစ်လည်းကောင်း ပြုလုပ်ကာ သုံးဆောင်ကြလေ့ရှိပါတယ်။ 


- ရိုဟင်လေး

(၁၇- ၁၀-၂၀၂၃)




Wednesday, September 6, 2023

ခတ္တနာ နှင့် နားထွင်းမင်္ဂလာပွဲ

 

ခတ္တနာ နှင့် နားထွင်းမင်္ဂလာပွဲ


ခတ္တနာနှင့် နားထွင်းမင်္ဂလာကိုတော့ ဘယ်ဒေသ၊ ဘယ်လူမျိုးမဆို အိစ္စလာမ်ဘာသာဝင်တိုင်း ပြုလုပ်ကြသည်။ အိစ္စလာမ်သာသနာ၏ စွန္နတ်တော်တစ်ပါးဖြစ်သည်။ ခန္ဓာကိုယ် ကျန်းမာရေးနှင့် ရောဂါဆိုးများမှ ကာကွယ်ရန် အိစ္စလာမ်မှ ညွှန်ပြသော အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သည်။ တစ်ချို့ဘာသာခြာများးလည်း ခတ္တနာလုပ်ကြသည်။ ကျန်းမာရေးအတွက် အထောက်အကူပြုသောကြောင့် ဖြစ်သည်။ နားထွင်းပွဲကတော့ လူမျိုးတိုင်းဘာသာတိုင်း ပြုလုပ်ကြသည်။ မိန်းကလေးများ၏ အဆင်တန်ဆာတစ်ခုပင်တည်း။ ဤဆောင်းပါးမှာ တင်ပြသွားမှာကတော့ ရိုဟင်ဂျာ ရိုးရာအစဥ်အလာအရ ခတ္တနာ နှင့် နားထွင်း မင်္ဂလာပွဲ လုပ်ပုံလုပ်နည်းပဲ ဖြစ်ပါသည်။ 

ခတ္တနာ ပြုခြင်းကား ယောက်ျားကလေးလိင်အင်္ဂါအရေပြားပိုကို ဖြတ်တောက်ခြင်းဖြစ်သည်။ ခတ္တနာကို ရိုဟင်ဂျာတို့က "မူဆလ်မာနီ" ဟုခေါ်ကြသည်။ သားယောက်ျားလေး ၅-၇ နှစ်အရွယ်ရောက်လာသောအခါ ခတ္တနာလုပ်ပေးခြင်းဟာ မိဘတို့၏ တာဝန်တစ်ခုဖြစ်သည်။ မိဘတို့က ငွေကြေး ချမ်းသာသည့်အလျောက် ခတ္တနာပွဲကို ခမ်းခမ်းနားနား ပြုလုပ်ပေးကြသည်။ ကပွဲ ရွှင်ပွဲများ ပြုလုပ်ကြသည်။ ထမင်းဖိတ်ကျွေးကြသည်။ 

ခတ္တနာလုပ်မည့်နေ့တွင် သားကို ရေမိုးချိုးပေးကာ အဝတ်အစား ကောင်းကောင်း ဝတ်ဆင်ပေးသည်။ ပန်းကုံးမာလာ ဆင်ပေးသည်။ ရွှေငွေရတနာနှင့် တန်ဆာဆင်ပေးသည်။ ခတ္တနာ ပြုရန် ခတ္တနာဆရာတစ်ယောက်ကို ဖိတ်သည်။ ခတ္တနာဆရာကို "ဟာဇီမ္မား" ဟု ခေါ်သည်။ ဆရာက ခတ္တနာပြုရန် လိုအပ်သည့် ပစ္စည်းများကို မှာသည်။ ကောက်ရိုးပြာ၊ မုန်ညှင်းဆီ၊ တစ်တွာလောက် ပိတ်စသစ်တစ်ခု စသည်တို့ကို လောင်ပန်းနှင့် ထည့်လာသည်။ နောက်လောင်ပန်းတစ်ခုမှာ ဆန်တစ်သိုက်၊ ကြက်ဥ နှစ်လုံး၊ ပရိတ်ပန်း၊ မီးခွက်သစ် တစ်ခု တို့ကို တန်ဆာဆင်ကာ တည်ထားရသည်။ ဇလုံးငယ်တစ်လုံးနှင့် ရေနွေးလည်း တည်ပေးရသည်။ 

အားလံုး အဆင့်အသင်ဖြစ်လျှင် ခတ္တနာဆရာသည် သားကို ဖာထ် ဟုခေါ်သော ခွေးခုံပြားတစ်ခုမှာ ထိုင်စေသည်။ သားကို လူတစ်ယောက်က ကျော့ဘက်ကနေ ကိုင်ထားရသည်။ နောက်တစ်ယောက်က ခြေထောက်နှစ်ဖက်ကို ကိုင်ပေးရသည်။ ခတ္တနာဆရာသည် မိမိနှင့်ပါလာသော သင်တုန်းဓါး(ကူရ်)နှင့် ညှပ်တံကို ရေနွေးဇလုံတွင် စိမ့်ထားသည်။ ပြီးနောက် ကုရ်အာန်မှ စူရာတိုအချို့ရွတ်ဖတ်ကာ ဘစ်မိလ္လာဟ်ဆိုပြီး လိင်တံအရေပြားကို ဖြတ်တောက်ပေးသည်။ အနာပေါ်တွင် ကောက်ရိုးပြာနှင့် မုန်ညှင်းဆီကို ကပ်ပေးကာ ပိတ်စနှင့် လံုလံု   ပတ်ပေးသည်။ ဤသို့ဖြင့် ခတ္တနာလုပ်သည်ကိစ္စပြီးသွားသည်။ ထို့နောက် ပွဲရွှင်ပွဲ စတင်သည်။ ထမင်းဖိတ်ကျွေးကြသည်။ ပွဲတက္လာကြသော ဆွေမျိုးမိသားစုများက လက်ဖွဲ့များယူဆောင်လာကြလေ့ရှိသည်။ 

ခတ္တနာပြုခံရသော ကလေးသည် အဆီပါသော အစာများရှောင်ရသည်။ ကြက်သွန်ရွက်ခြောက် မီးရှို့ကာ မီးခိုခံရသည်။ ၃ရက်မြောက်ေန့တွင် ပတ္တီးစည်းကို ဖြေပေးသည်။ ၇ ရက်နေ့တွင် ရေချိုးရသည်။ 

ဒုတိယ တစ်ခုကတော့ နားထွင်းပွဲဖြစ်ပါသည်။ ယင်းကိုလည်း ခတ္တနာကဲ့သို့ပင် ပျော်ပွဲရွှင်ပွဲနှင့် ခမ်းခမ်းနားနား ပြုလုပ်ကြသည်။ နားထွင်းပွဲကို "ဟာန်ဖုရား" ဟုခေါ်သည်။ သမီးမိန်းကလေးကို နားထွင်းပွဲ ပြုလုပ်ရန် အချိန်တစ်ချိန်သက်မှတ်သည်။ သမီးကို ရေမိုးချိုး အဝတ်အစားကောင်းကောင်း ဝတ်ဆင်ပေးသည်။    ပြီးနောက် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဆေးရွက်နှင့် ကွမ်းရိုးတံ တို့ကို ကလပ်တစ်ခုနှင့် လှလှပပ ဆင်ယင်ထားသည်။ နောက်ကလပ်တစ်ခုမှာ အပ်၊ချည်နှင့် မုန်ညှင်းဆီ ကို ထည့်ထားရသည်။ နားထွင်းမှုကို မိသားစုထဲက သက်ကြီးတစ်ဦးက လုပ်လေ့ရှိသည်။ ဦးစွာ နားထွင်းပေးမည့် လူက ကွမ်းတစ်ယာကို မိိိမိပါးစပ်၌ ငုံ့ထားရသည်။ ကွမ်းရိုးတံနှင့် ထုံးယူကာ နားပန်နှစ်ဖက်တွင် အမှတ်အသား ချသည်။ အပ်နှင့် ထိုးဖောက်ပေးသည်။ အပ်ချည်ကို နားရွက်မှာ ချည်ထားသည်။ ဆီသုတ်ပေးသည်။ 

အနာကောင်းသည့်တိုင်အောင် ချည်ကို တဖြေးဖြေးဆွဲကာ ရွေ့ရသည်။ အနာကောင်းလာလျှင် အမေဘက်မှ အဘိုးအဘွားက ရွှေနားတောင်းပေးရသည်။ ဆွေမျိုးများကလည်း သမီးကို လက်ဆောင်များ ပေးကြသည်။ ပျော်ပွဲရွှင်ပွဲများလည်း အုတ်အုတ်သိုက်သိုက် ပြုလုပ်ကြသည်။  အချို့မိသားစုများက ဖာတီယာ အလှူပွဲ ပြုလုပ်ကြသည်။ 

ဤအခါသမယတို့က မိဘတို့အတွက် အလွန်ပျော်ရွှင်ဖွယ် အချိန်ကလေးတွေ ဖြစ်ပါသည်။ ယခင်ခေတ်က ခေတ်မီဆေးဝါးနှင့် နည်းများမရှိခဲ့သောအတွက်ကြောင့် အညာဆေးမြီးတိုများနှင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆေးပညာတိုးတက်နေသာ ယနေ့ခေတ်မှာဆိုလျှင် ထိုကောက်ရိုးပြာ၊ မုန်ညှင်းဆီ တို့မှာ စိတ်နောက်ဖွယ်ဖြစ်နိုင်သည်။ ယခုချိန်မှာ ခတ္တနာနှင့် နားထွင်းမှုတို့ကို ဆရာဝန်နှင့် စနစ်တကျ ပြုလုပ်လေ့ရှိသည်။  

ဤနည်းဖြင့် ရိုဟင်ဂျာ ရိုးရာအစဥ်အလာအရ ခတ္တနာနှင့် နားထွင်းမင်္ဂလာပွဲကို မှတ်မှတ်ရရ ပြုလုပ်ခဲ့ကြသည်။ 


လူထုဝဏ္ဏ

(၄-၉-၂၀၂၁)


Monday, August 21, 2023

Aillá Sang Gór (Rohingya Classical Song)


Aillár Sang Gór


Obairé...

Dukke chúkke rait fuwái, biina soore biilot zai

Fukor beil guá fosímót zargoi batór dahá nái


Ailla giyé hál soitó, girós giyé sóñg goittó

Foror fuwa ailla boli hotó duk dito


Girós taito bor gorot, ailla taito sang gorot

Teppér teppér zóror fuçá forer sang gorot


Obairé...

Neke muke bat goijjé, Fól gasot lé fól doijjé

Foror fuwa ailla boli taalash nogore.



ဒီရှေး ရိုဟင်ဂျာတေးကျတော့ တောင်သူလယ်သမားတွေဘဝကို ဖော်ကျူးထားတဲ့ တေးဖြစ်ပါတယ်။ ဒီရုပ်သံမှ စာပိုဒ်အချို့ကိုပဲ ကောက်နုတ်ဖော်ပြထားတာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေဘဝ ဘယ်လောက်ထိ ညှိုးငယ်စွာဖြတ်သန်းရသလဲဆိုတာကို ဖွဲ့ဆိုထားပါတယ်။ လယ်ပိုင်ရှင်နဲ့ အလုပ်သမားတွေအကြား ထက်အောက်ခွဲခြားဆက်ဆံရေးကို ထင်ဟပ်စေပါတယ်။ 

ဒီတေးတွင် တေးရှင်က လယ်ခင်းယာခင်းတွင် အလုပ်လုပ်ရတဲ့ လယ်လုပ်သားတွေက ညအချိန်ကို ခက်ခက်ခဲခဲ ကျေ်ာလွားပြီး မနက်စောစော လယ်ကွင်းထဲရောက်ရတာနဲ့ အစပြုပါတယ်။  

Dukké chukké rait fuwai, biina soore biilot zai

Fukor beil guá fosímót zargoi bat órr dahá nái

လယ်လုပ်သားတစ်ယောက်ဟာ ညအချိန်ကို ခက်ခက်ခဲခဲကျော်လွှားပြီး မနက်မိုးလင်းတာနဲ့ လယ်ကွင်းထဲ ဆက်ဆက်ရောက်ရပါတယ်။ 

အရှေ့ဖက်က နေမင်းကြီး အနောက်ဖက်ကို ရောက်နေတယ်။ ဒါပေမဲ့ ထမင်းကျတော့ မမြင်ရသေးဘူး" လို့ ညည်းညူထားပါတယ်။

ဒီစာပိုဒ်မှာ ညအချိန်ကို ဆင်းဆင်းရဲရဲ ဖြတ်ရတယ်ဆိုတာက လယ်လုပ်သားတွေဟာ နေ့အချိန်တွင် အလုပ်ပင်ပန်းတာမို့ ညကျတော့ အဆစ်တွေနာ၊ ဒူးတွေခါးတွေ ညောင်းနာနဲ့ တစ်ကိုယ်လုံး ကိုက်ခဲကာ အိပ်မရဖြစ်နေရတယ်။ တဖက်က မိမိအိမ်ကို စွန့်၍ အလုပ်ရှင်အိမ်မှာ နေရတာမို့ အိမ်ကိုလည်းလွမ်းရတယ်။ မိသားစုတွေကိုလည်းလွမ်းရတယ်။ တခြားကလေးတွေလို ကခုန်ကစားဖို့ အချိန်မရှိဘူးလေ။ ဒါနဲ့ တစ်ညလုံး ဟိုဟိုဒီဒီ စိတ်ရောက်ရင်း ညတာကို ကုန်ဆုံးရတယ်။ ဒါကို rait fuwái အိပ်ရေးပျက်လို့ သုံးနှုန်းထားတယ်။ မနက်မိုးလင်းတာနဲ့ အလုပ်ခွင်ကို သုတ်ခြေတင် ပြေးရောက်ရတယ်။ အဲဒီမှာ တနေ့ကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ရပြီးတော့ ထမင်းစားရတာလည်း ချိန်မမှန်ပါဘူး။ ညစောင်းမှတဲ့။  လယ်ပိုင်ရှင်က အလုပ်သမားတွေဆီက အလုပ်ပဲလိုချင်ကြတာ။ သူတို့ရဲ့ ဝမ်းရေးအကြောင်းကို ဂရုမစိုက်ဘူး။ ထမင်းပို့ချင်တဲ့အချိန် ပို့ပေါ့။ လယ်ခင်းတွင် အလုပ်လုပ်ရတဲ့ လယ်လုပ်သားတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပေါ်လွင်အောင် ဖွဲ့ဆိုထားတယ်။ 


ဒုတိယ စာပိုဒ်မှာတော့…

Ailla giyé hal soitó, girós giyé sóñg goittó

Foror fuwa ailla boli hotó duk dito


လယ်အလုပ်သမားဟာ လယ်ထွန်ဖို့ အလုပ်ခွင်ဆင်းနေတဲ့အချိန်မှာ ပိုင်ရှင်က သူတို့ကို စောင့်ကြည့်ဖို့အတွက် ရောက်လာကြတယ်။ မိမိရဲ့ သွေးသားမဟုတ်တဲ့အတွက်ကြောင့် အလုပ်ကို ဖိဖိစီးစီးခိုင်းစေတယ်။ 


ဆိုလိုတာက အလုပ်သမားတွေ လယ်ထဲဆင်းပြီး ထွန်ယက်နေချိန်တွင်  အထက်က ပိုင်ရှင်ရဲ့ ဖိအားကလည်း ထမ်းရွက်နေရတယ်။ မိမိရဲ့ သွေးသား မဟုတ်တာကြောင့် စာနာထောက်ထားမှုဆိုလို့ တစ်စုံတစ်ရာ မထားဘဲ စိတ်လိုရာ ခိုင်းစေတယ်။ အလုပ်သမားတွေ ပင်ပန်းနေသလား၊ ဗိုက်ဆာနေသလား ထောက်ထားမှုမရှိဘူးပေါ့။


တတိယအပိုဒ်မှာတော့…

Girós taito bor górot, ailla taito sang górot

Teppér teppér zóror fuçá forer sang górot


လယ်ပိုင်ရှင်က အိမ်ကြီးကြီးမှာ နေပြီးတော့ အလုပ်သမားတွေကိုကျတော့ တဲအိမ်မှာပဲ နေစေတယ်။ တဲခေါင်းမိုးမှ မိုးယိုလို့ အိပ်ရေးပျက်ရတယ်။  

ဒီစာပိုဒ်က လယ်အလုပ်သမားတွေရဲ့ ဘဝသနားဖွယ်ရာတွေရပါတယ်။ လယ်ပိုင်ရှင်က အမိုးအကာ ကောင်းမွန်ခိုင်မာတဲ့ အိမ်ကြီးကြီးမှာ နေပြီးတော့ လယ်လုပ်သားတွေကိုကျတော့ တဲအိမ်တွေမှာနေစေတယ်။ သူ့အိမ်ရဲ့ ဝရန်တာလောက်မှာတောင် နေခွင့်မပြုဘူး။ ခွဲခြားဆက်ဆံကြတယ်။ လယ်လုပ်သားတွေကို ပေးထားတဲ့တဲအိမ်ကလည်း အမိုးအကာ မလုံခြုံပါဘူး။ မိုးရွာရင် အိမ်ထဲ မိုးယိုကျတယ်။ တစ်နေ့ကုန် လယ်၌ ပင်ပန်းအလုပ်လုပ်နေရတဲ့ လယ်လုပ်သားတွေ ညအခါတောင် ချမ်းသာခွင့်မရဘူး။ ဒုက္ခခံရပြန်တော့တယ်။ 

နောက်ဆုံးအပိုဒ်ကတော့ …


Neke muke bat goijjé, Fól gasot lé fól doijjé

Foror fuwa ailla boli taalash nogore.


လယ်ပိုင်ရှင် မိသားစုမှာ သမီးသမက်လာလည်တဲ့အခါ စားပွဲတွေ ခမ်းခမ်းနားနား လုပ်လေ့ရှိတယ်။ ယာခင်းမှာလည်း သစ်လွင်စ အသီးအနှံတွေ ထွက်လာတယ်။  ဒါပေမဲ့ သူတပါး သားဖြစ်တဲ့ လယ်လုပ်သားကို အဲဒီ စားပွဲရွှင်ပွဲတွေမှာ သတိမရကြဘူး။ 


ဒီစာပိုဒ်မှာ ဆင်းရဲလယ်လုပ်သား ရင်ဖွင့်ထားတာက သူတို့ရဲ့ လုပ်အားမှ ဖြစ်ထွန်းလာတဲ့ အသီးအနှံ့တွေကို သစ်လွင်စ သုံးဆောင်ဖျော်ဖြေချိန်တွင် သူတို့ကို သတိမရကြဘူး။ လယ်ပိုင်ရှင်မိသားစုပဲ ဖျော်ဖြေကြတာတယ်။ လယ်ယာမှ အသီးအနံ့စထွက်လာတဲ့အခါ လယ်သမားမိသားစုတွေ ပျော်ပွဲရွှင်ပွဲ၊ မုန့်၊ ထမင်းဖိတ်ကျွေး ပြုလုပ်တဲ့ ဓလေ့ရှိတယ်။ အဲဒီ ပျော်ပွဲရွှင်ပွဲတွေမှာ လယ်လုပ်သားတွေ ပါဝင်ခွင့်မရှိဘူး။ ဆင်းရဲသား လယ်လုပ်သားတွေဟာ သစ္စာရှိရှိ မိမိတာဝန်ကို ကျေပွန်ကြပေမဲ့ လယ်ရှင်သူဌေးတွေကသာ ချမ်းသာခွင့်ကို ပိုင်ဆိုင်ထားတယ်လို့ တညည်းတညူဖွင့်ဆိုထားတာ ဖြစ်ပါတယ်။


ဤအိုက်လ္လာရ် ဆင်ဂေါ်ရ် တေးကဗျာတွင် ဆင်းရဲသား လယ်လုပ်သားတို့ရဲ့ သနားဖွယ်ကောင်းသောဘဝနဲ့ ရိုးရှင်းတဲ့ စိတ်ဓာတ်အပြင် အာရကန်ပြည်ရဲ့ ရိုးရာဓလေ့ကို ကြည်လင်ပြတ်သားစွာ တွေ့မြင်ရပါတယ်။



_လူထုဝဏ္ဏ

(၂၀-၈-၂၀၂၃)





Sunday, August 13, 2023

ရိုဟင်ဂျာတို့ရဲ့ သစ္စာနှင့် NLD ရဲ့ ကျေးဇူးတုန့်ပြန်ခြင်း


 "ရိုဟင်ဂျာတို့ရဲ့ သစ္စာနှင့် NLD ရဲ့ ကျေးဇူးတုန့်ပြန်ခြင်း" 

ကာလရှည် ရက်စက်ဖိနှိပ်မှုကို တရစပ်ခံနေရတဲ့ ရိုဟင်ဂျာလူမျိုးဟာ မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီ အကူအပြောင်းကာလတစ်ခုကို စောင့်မျှော်ခဲ့တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး အောက်ကသာ မိမိတို့ရဲ့ တန်းတူအခွင့်အရေးကို မျှမျှတတရနိုင်မှာဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံတဲ့ အဖိနှိပ်ခံဘဝကနေ ရုန်းထွက်ဖို့အတွက် တစ်ခုတည်းသောလမ်းကြောင်းက စစ်မှန်တဲ့ ဒီမိုကရေစီစနစ်သာဖြစ်ကြောင်းကို ရိုဟင်ဂျာတွေက ယုံကြည်ခဲ့ကြတယ်။ ဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ နိုင်ငံရေး လမ်းစဉ်ကို စိတ်ချကာ ထောက်ခံအားပေးလာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး စံပြခေါင်းဆောင်အဖြစ်သတ်မှတ်ခဲ့တယ်။ 

"ဒေါ်စု လွှတ်မှသာ တိုင်းပြည်အေးချမ်းမှာ… မိမိတို့ ဘဝသာယာလာမှာ…" လို့တောင် သီချင်းတွေ ရေးဖွဲ့သီဆိုကာ အားတင်းထားခဲ့ကြသေးတယ်။ ရိုဟင်ဂျာတွေက အန်အလ်ဒီအပေါ် သစ္စာမဖောက်ဘဲ ဆူးခင်းလမ်းတလျှောက် ရဲရဲစွမ်းစွမ်း အတူလျှောက်လှမ်းခဲ့တယ်။


- NLD အဖွဲ့အောက်ကနေ ရိုဟင်ဂျာ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲလည်း ဝင်ပြိုင်ခဲ့ကြတယ်။

- NLD နဲ့ပတ်သတ်နေလို့ စစ်အစိုးရရဲ့ မတရားထောင်ချခံခဲ့ရတယ်။

- NLD ကို ထောက်ခံလို့ လုပ်ကြံအမှုဆင်ကာ ထောင်ထဲ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းတွေကိုလည်း ခံခဲ့ရတယ်၊၊

- NLD နဲ့ ပတ်သတ်နေလို့ အမိတိုင်းပြည်ကနေ ထွက်ပြေးရခြင်းလည်း ခံခဲ့ရတယ်။ 

- NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲကနေ လွှတ်မြောက်ရေးအတွက် ရိုဟင်ဂျာတွေက နိုင်ငံတကာတွင် လော်ဘီလုပ်ခြင်း၊ ဆန္ဒပြတောင်းဆိုခြင်း စတဲ့ နည်းမျိုးစုံနဲ့ ထထကြွကြွ ကြိုးပမ်းခဲ့တယ်။ 

- ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလမ်းစဉ်အပေါ် စာအုပ်တွေလည်း ရေးသားခဲ့တယ်။ The Lady of Destiny စာအုပ်ဟာ NLD လွတ်တော်ကိုယ်စားလှယ်လောင်း ထင်ရှားတဲ့ ရိုဟင်ဂျာ စာရေးဆရာ #AFK_Jilani ရေးသားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကြိုးပမ်းမှုနဲ့ ပတ်သက်တဲ့ စာအုပ်ဖြစ်တယ်။ 

ဒီလိုနည်းနဲ့ ရိုဟင်ဂျာလူမျိုးဟာ NLD အပေါ် သစ္စာရှိရှိ ပေးဆပ်အနစ်နာခံခဲ့တယ်။


သို့ပေမဲ့… 

NLD ကောင်းစားနေချိန်မှာ ရိုဟင်ဂျာလူမျိုးကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့…

- ဒေါ်အောင်ဆန်းစုကြည် အာဏာရလာတဲ့အခါ မျိုးချစ်အရေခြုံပြီး ရိုဟင်ဂျာ ချေမုန်းရေးကို လက်တွဲထောက်ခံခဲ့တယ်။

- NLD က ကိုယ်တိုင်မှတ်တမ်းတင်ခဲ့တဲ့ #ရိုဟင်ဂျာ ဆိုတဲ့ နာမည်ကို သုံးစွဲခြင်းမပြုရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတကာကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ရိုဟင်ဂျာဆိုတဲ့ နာမည် မကြားဖူးဟန်၊ မသိဟန် ယောင်ဆောင်ခဲ့တယ်၊၊

- NLD အစိုးရအာဏာရကာလအတွင်း ရိုဟင်ဂျာလူမျိုးရဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးကို အဓမ္မရုတ်သိမ်းခဲ့တယ်။

- ၂၀၁၆-၁၇ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုခံနေရချိန်တွင် NLD က စစ်အုပ်စုနဲ့ ရင်ပေါင်တန်းရပ်တည်ခဲ့တယ်။ "ကိုယ့်အိမ်ကိုယ် မီးရှို့၊ မုဒိမ်းလိမ်ညာ(Fake Rape)၊ ဥပဒေဘောင်အတွင်း နယ်မြေရှင်းလင်း နေတာ၊ အကြမ်းဖက်အုပ်စုနဲ့ ယှဉ်တွဲမနေနိုင်ဘူး" စတဲ့ အရှက်သိက္ခာမဲ့ မှတ်ချက်စကားတွေနဲ့ နိုင်ငံတကာကို ပြောင်ပြောင် လည်ဖြားဖို့ ကြိုးစားခဲ့သေးတယ်။ 

- နောက်ဆုံး အိုင်စီဂျီအထိ သွားရောက်ကာ မုဒိမ်းစစ်အုပ်စုတွေရဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့လေတယ်။








(ပုံ) NLD အဖွဲ့ဝင် ဦးအဒူလာဇိတ်ရဲ့ အဖွဲ့ဝင်ကတ်ပြား

(လူမျိုးဘာသာတွင် "ရိုဟင်ဂျာ၊ အစ္စလာမ်" လို့ ထင်ထင်ရှားရှား ဖော်ပြထားတယ်။)


—  #လူထုဝဏ္ဏ


photo credit