Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 31, 2021

တက္ကသိုလ်နန္ဒမိတ် (သို့) မိုဟာမတ်အာလီ (၁၉၂၂-၁၉၆၈)



တက္ကသိုလ်နန္ဒမိတ် (သို့) မိုဟာမတ်အာလီ (၁၉၂၂-၁၉၆၈)

-------------------------------------------------


ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူဟု တင်စားခံရသော တက္ကသိုလ်နန္ဒမိတ်သည် စာရေးဆရာ၊ ဝတ္ထုရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ၊ စာပေထုတ်ဝေသူ၊ ဗမာပြည်၏ အစောဆုံး စစ်မှတ်တမ်း ဘာသာပြန် စာအုပ်ရေးသူ စသည်ဖြင့်ကျော်ကြားခဲ့သော ရခိုင်ပြည်သား မွတ်စလင်သွေး အထင်ကရ ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။

တက္ကသိုလ်နန္ဒမိတ်ကို ကိုလိုနီခေတ် ၁၉၂၃ ခုနှစ်၊ မတ်လ ၈ ရက် ကြာသပတေးနေ့၌ သံတွဲခရိုင်၊ တောင်ကုတ်တွင် ဖွားမြင်ခဲ့သည်။ အဖ တောင်ကုတ်မြို့ပိုင် ဦးမောင်မောင်ကြီးနှင့် အမိ ဒေါ်ရွှေတို့၏ သားဖြစ်သည်။ မောင်တင်အောင်၊ မောင်တင်မောင်နှင့် မတင်တင် ဟူ၍ ညီကိုမောင်နှမ သုံးယောက်ရှိခဲ့သည်။ အမြွှာမွေးချင်း နှစ်ယောက်အနက် ဆရာသည် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ မိုဟာမတ်အလီ (ခ) မောင်တင်အောင် ဖြစ်ပြီး မိဘတို့က "ကိုကို" ဟု ချစ်စနိုးခေါ်ကြသည်။

မိုဟာမတ်အလီသည် တောင်ကုတ်မြို့ တိုင်းရင်းမြန်မာအလယ်တန်းကျောင်းတွင် ပဉ္စမတန်းထိ ပညာဆည်းပူးခဲ့သည်။ မိသားစုနှင့်အတူ သံတွဲမြို့သို့ ရွေ့ပြောင်းရာ ၁၉၄၆ ခုတွင် သံတွဲ အင်္ဂလိပ်-မြန်မာ အစိုးရအထက်တန်းကျောင်းမှ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ခဲ့သည်။ သံတွဲမြို့ ကျောင်းသားသမဂ္ဂအမှုဆောင်အဖြစ် ဆောင်ရွက်ရင်း ဂျပန်ခေတ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများတွင် ကထိကဦးကျော်ရင်နှင့် အတူပါဝင်ခဲ့သည်။

နန္ဒမိတ်သည် ၁၉၄၇ ခု၊ ဒီဇင်ဘာလထုတ် ဂျာနယ်ကျော် (တွဲ-၁၁၊ အမှတ်-၃) ပါ "မောင်တို့ရခိုင်ပြည်" ကဗျာနှင့် စာပေလောကသို့ ခြေလှမ်းရောက်လာခဲ့သည်။ "မောင်တို့ရခိုင်ပြည်" ကဗျာသည် ဆရာ၏ အစောဆုံး စာပေလက်ရာဟု သိရှိရသည်။

ဆရာနန္ဒမိတ်သည် ၁၉၄၉-၅၀ တွင် ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်စာစောင်၊ မြန်မာစာကဏ္ဍ တွဲဖက်စာတည်း၊ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ ကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီတာ၊ ရန်ကုန်တက္ကသိုလ် ဗမာမွတ်စလင်ကျောင်းသူကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း၏ ဒု-ဥက္ကဌ အဖြစ်လည်း တာဝန်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရခိုင်အသင်းကြီးမှ ကြီးမှူးကျင်းပသော ၀တ္ထုတိုပြိုင်ပွဲတွင် "မောင်တင်အောင် (၀ိဇ္ဇာ-အထက်တန်း)" အမည်ဖြင့်ရေးသားခဲ့သော "ကဗျာတကျော့" ၀တ္ထုတိုနှင့် ပထမဆုရရှိခဲ့သည်။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်စာစောင် (တွဲ-၁၊ အမှတ်-၃)၌ "ကိုယ်ပျောက်ဆေးလုံး ပြဇာတ်" ကို ရေးသားဖော်ပြခဲ့သည်။ တော်ဝင်မဂ္ဂဇင်း၊ ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း မဂ္ဂဇင်းတို့တွင် "ခေတ်၏ကြေးမုံ" (တေးကြို) ကဗျာကို ရေးသားဖော်ပြခဲ့သည်။

၁၉၅၀ ပြည့်နှစ်တွင် ၀ိဇ္ဇာတန်းနောက်ဆုံးနှစ်စာမေးပွဲ မဖြေတော့ဘဲ ကျောင်းထွက်ခဲ့သည်။ ဆရာ၏ ပထမဆုံးလုံးချင်း " နန္ဒာပုလဲ " ၀တ္ထုကို ရေးသားထုတ်ဝေခဲ့သည်။ (ဂျပန်ခေတ်တွင် ဂျပန်တော်လှန်ရေးလုပ်ငန်းကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဦးကျော်ရင်နှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့။) တက္ကသိုလ်မှထွက်ပြီးနောက်တိုးတက်ရေးသတင်းစာတွင် လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုတွင် ၀ါးခယ်မမြို့ အစိုးရအထက်တန်းကျောင်း၌ အထက်တန်းပြဆရာ လုပ်ခဲ့သည်။

၁၉၅၄ ခုတွင် မြ၀တီမဂ္ဂဇင်းတိုက်ထုတ် "ရောင်ခြည်ဂျာနယ်" အယ်ဒီတာ ဖြစ်ခဲ့သည်။ ထိုနှစ်မှာပင် မြ၀တီမဂ္ဂဇင်း တာဝန်ခံ စာတည်း၊ စာတည်းချုပ်တာဝန်များကို (၁၉၆၀)ပြည့်နှစ်အထိ ဆောင်ရွက်ခဲသည်။ "မောင်ကြီးလာပါဟေ့" လုံးချင်းဝတ္ထုထုတ်ဝေသည်။ ၁၉၅၆ ခုတွင် ”ပန်းတိုင်းမွှေးပါစေ” ၀တ္ထု ရေးသားထုတ်ဝေခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရုပ်ရှင်ပဒေသာမဂ္ဂဇင်း အယ်ဒီတာ၊ န၀ဒေးမဂ္ဂဇင်း စာတည်းချုပ်၊ စာရေးဆရာမိုးဝေနှင့်အတူ "စုံထောက်မဂ္ဂဇင်း"ကို အယ်ဒီတာအဖြစ် ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့သည်။ "ရွှပြည်ကြီး" မြန်မာရာဇ၀င်နောက်ခံဝတ္ထုနှင့် "ပန်းဖွက်တမ်း" ရခိုင်ဓလေ့ရိုးရာအချစ်ဝတ္ထုတို့ကို ရေးသားထုတ်ဝေခဲ့သည်။


၁၉၆၁ ခုတွင် သွေးသစ္စတာ၊ စောကြိုလှဲ့ပါ၊ ချစ်သောနီနီ၊ အချစ်လမ်းကလေးဝင်္ကပါ၊ မိုးတိမ်ကိုမျှော်၊ မိုးတိမ်ကိုမှာ စသော ကိုယ်တိုင်ရေးဝတ္ထုများအပြင် စာပေဆောင်းပါများကို စုစည်းကာ "စာရေးချင်သောသူများသို့" စာပေဆိုင်ရာ စာအုပ်များထုတ်ဝေခဲ့သည်။ ၁၉၆၃ ခုတွင် "စစ်ကြောင်းချီသော်" စစ်ဝတ္ထုထုတ်ဝေသည်။

၁၉၆၄ ခုတွင် ချင်းတွင်းကျော်လျှင်၊ သွေးကိုလမ်းခင်း၍၊ သင်ကြားပေးပါလေဦးဆရာ စာအုပ်များထုတ်ဝေသည်။ ၁၉၆၅ ခုတွင် ဂျပန်တော်လှန်ရေးတိုက်ပွဲ၊ အသက်ကိုဖက်ရွက်ပမာ၊ အင်ဖာတိုက်ပွဲ၊ ကလိန်စေ့ငြမ်းဆင်၊ မြန်မာပြည် စစ်မြေပြင်၊ မန္တလေးကိုဖြတ်၍တိုက်ပွဲအဆင့်ဆင့်စသော ဘာသာပြန်လုံးချင်း စာအုပ်များ ရေးသားထုတ်ဝေသည်။



၁၉၆၆ ခုတွင် သွေးချောင်းစီးတိုက်ပွဲ၊ သံလွင်မြစ်ကမ်းတိုက်ပွဲ၊ လက်တကမ်းတိုက်ပွဲ၊ တတိယမီးကျည်၊ စစ်ပြေး။ စင်ရယ် စနစ်ရယ် လူသားရယ်၊ ဇက်တပ်ဖွဲ့ စသော ဘာသာပြန်လုံးချင်းများထုတ်ခဲ့သည်။ ၁၉၆၇ ခုတွင် အသေခံတပ်စု၊ ဆိုက်ပန်ကျွန်းတိုက်ပွဲ၊ ထောင့်ကိုးရာလေးဆယ့်နှစ်၊ ပန်းဝါစစ်ကြောင်း၊ မြ၀တီစစ်ကြောင်း၊ မြစ်ကြီးနားတိုက်ပွဲ၊ မိန်းမသုတေသန(၁၊၂)၊ ယုံကြည်ချက်အတွက် အသက်စွန့်သူများ စသောလုံးချင်းစာအုပ်များ ထုတ်ဝေခဲ့သည်။ ၁၉၆၈ ခုတွင် ဗန္ဓုလခံတပ်၊ စောနန္ဒာ၊ မိုးတိမ်ကိုစေ စသောစာအုပ်များ၊ ၁၉၆၉ ခုတွင် သိပ္ပံစုံထောက်၊ သုံးရောင်ခြယ်တစ္ဆေသင်္ဘော ဘာသာပြန်လုံးချင်းများ၊ ၁၉၇၁ ခုတွင် ဘ၀သစ္စာမေတ္တာလှိုင်း၊ တသိမ့်သိမ့်ဒွန် စာအုပ်များ၊ ၁၉၇၇ ခုတွင် ဆယ်ပြည်ထောင်ချော့တော့မပြုံး၊ တောင်တကာ့တော ဆန်ကောနဲ့ကျားထောင် ၀တ္ထုများ၊

၁၉၈၁ ခုတွင် သေမင်းနောက်သို့ ခြေရာကောက်သော် (၂-တွဲ)၊

၁၉၈၂ ခုတွင် တိုင်တန်းနစ် (၂-တွဲ)၊ သွေးစက်ခြေရာ(၂-တွဲ) ဘာသာပြန် စာအုပ်များ၊ ၁၉၈၃ ခုတွင် တစ်သောင်းမှာတစ်ယောက်၊ သန်းခေါင်ယံခုနှစ်မီးနစ် စာအုပ်များ၊ ၁၉၈၄ ခုတွင် မဟာခရီးရှည်၊ မိုးပြိုမပြို၊ အတွေ့စိမ်းစိမ်း၊ ဟစ်တလာ့အမွေ၊ စသောစာအုပ်များ၊

၁၉၈၅ ခုတွင် တိုက်ဖွန်၊ နောင်ဥဒါန်းဘယ်မကြေစရာ၊ ဘီလူးစည်းလူ့စည်း (၂တွဲ)၊ ၁၉၈၆ ခုတွင် သံမဏိသစ္စာ၊ ၃၄-အရှေ့၊ စသောဘာသာပြန်လုံးချင်းများကို ရေးသားထုတ်ဝေခဲ့သည်။

ဆရာ တက္ကသိုလ်နန္ဒမိတ်သည် စာပေတာဝန်ကို ဘဝနောက်ဆုံးအချိန်အထိ မနားတမ်း ထမ်းရွက်ပြီး အသက် ၆၄ နှစ်အရွယ်၊ ၁၉၈၆ ခု၊ နိုဝင်ဘာ (၁၅)ရက်၊ စနေနေ့ ည (၁၀း၀၅) နာရီ အချိန်တွင် အင်းစိန်မြို့ ရွာမအရှေ့၊ အောင်မင်္ဂလာလမ်းသွယ်၊ အိမ်အမှတ် (၉၉၁)၌ ကွယ်လွန်ခဲ့လေသည်။ ဆရာ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သန်းနုနှင့် သမီးစောသီတာနန္ဒမိတ်၊ စောစန္ဒာနန္ဒမိတ်၊ သား ဇေယျာနန္ဒမိတ်၊ စိန္တာနန္ဒမိတ်၊ ဥက္ကနန္ဒမိတ်တို့ကျန်ရစ်ခဲ့သည်။ ဆရာ ကွယ်လွန်ပြီးနောက် ဆရာ၏အထိမ်းအမှတ်အဖြစ် "အမြွှာညီနောင်" စာအုပ်တိုက်ကို အမြွှာညီ တက္ကသိလ်ဇော်မင်းက ဦးဆောင်၍ ထူထောင်ခဲ့သည်။ ထို့အပြင် ဆရာ၏တပည့်အချို့က ဦးစီး၍ "တက္ကသိုလ်နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ" စာအုပ်ကို ၂၀၀၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ခဲ့သည်။


(#လူထုဝဏ္ဏ တည်းဖြတ်တင်ပြသည်)


စာညွှန်း ။ ။

၁။ မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)။ စာ ၁၉၈ – ၂ဝ၉။

၂။ မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၃ဝ၉။

၃။ မောင်ကျော်သာ။ တစေ့ တစောင်း စာရေး ဆရာ တို့၏ အကြောင်း။ စာ ၁ဝ၉ – ၁၂၄။

၎။ နတ်နွယ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၃၃၈ – ၃၄ဝ။

၅။ စာရေး ဆရာများ။ တက္ကသိုလ် နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ (၂ဝဝ၄)။

၆။ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၇)။ စာ ၁၇၁ – ၁၇၂။]

၇။ ပထမ မြန်မာမွတ်စလင်မ်များ (မောင်သန်းဝင်း-မြန်မာစာ)

၈။ ကြည်နိုင်- တက္ကသိုလ်နန္ဒမိတ် ဘဝနှင့်စာပေ အတ္တုပ္ပတ္တိ


#Well_Known_Writer

#RSF

www.rohangking.blogspot.com

Thursday, October 28, 2021

Girá (ရိုဟင်ဂျာစကားပဒေသာ ၃)



 🔹 အသုံးအနှုန်း ကြွယ်ဝ၊ ရိုဟင်ဂျာစကား 🔹


❝ 𝗦𝗮𝗺𝗮𝗮𝗿 ...𝗠𝘂𝘁á ... 𝗖𝗵𝗮𝗮𝘁 ...𝐆𝐢𝐫á...𝗠ú𝘁𝗵 𝗱ó𝗿𝗼𝗼 ...❞ .... ထပ်ဘာတွေရှိမယ်ထင်သလဲ။ လေ့လာကြည့်ကြရအောင်။


ဘာသာစကားတွေကို လေ့လာတဲ့အခါ အနက်တစ်ခုတည်းနဲ့ စကားလုံးတွေများစွာ တွေ့ရတတ်တယ်။ အဲ့လိုအနက်တစ်ခုနဲ့ အပြန်အလှန်အစားထိုးသုံးနိုင်တဲ့ စကားလုံးတွေကို အင်္ဂလိပ်စာမှာဆို Synonym လို့ပြောကြတယ်။ ဒါဟာ ဘာသာစကားတစ်ခုရဲ့ စကားလုံးကြွယ်ဝမှုလို့လည်း ပြောနိုင်ပါတယ်။ 


ကျွန်ုပ်တို့ ရိုဟင်ဂျာစကားကလဲ အလွန် ကြွယ်ဝပါတယ်။ အဓိပ္ပါယ်တစ်ခုတည်းအောက်မှာ အမျိုးမျိုးသော စကားလုံးတွေ၊ အမျိုးမျိုးသော ပြောပုံတွေ ရှိပါတယ်။ အနက်တူပြီး အသုံးအနှုန်းမတူတဲ့ Synonym တွေလည်း မြောက်များစွာ ရှိပါတယ်။


ဖွဲ့စည်းပုံအရပြောရရင် ''ပင်ကိုစကားလုံးတွေ'' လဲ ရှိသလို၊ ''ထိုးထွင်းဉာဏ်နဲ့ ဖန်တီးထားတဲ့စကားလုံးတွေ'' ရှိနေပါတယ်။ အနက်သဘောတရားအရ ''ရိုးရိုးအနက်နဲ့ တင်စားမှုအနက်'' နှစ်မျိုးရှိပါမယ်။


ဘာသာစကားဟာ ရွာတစ်ခုဆိုရင် ''တင်စားမှုတွေ၊ အလင်္ကာတွေ'' ဆိုတာ အဲ့ဒီရွာကလေးလယ်က ပန်းဥယျာဥ်လိုပါပဲ။ လှပတယ်။ နှစ်လိုဖွယ်ကောင်းတယ်။ မြတ်နိုးစရာလဲ ဖြစ်တယ်။ ပန်းဥယျာဥ်ဆီ အလည်သွားရတဲ့အခါ တကယ် ကြည်နူးရတယ်မဟုတ်လား။ ရိုဟင်ဂျာတို့ရဲ့ ပြောစကားတွေထဲမှာလဲ အလွန်လှပပြီး နှစ်လိုဖွယ်ကောင်းတဲ့ ''တင်းစားမှုစကားလုံးတွေ၊ အလင်္ကာတွေ'' ရှိနေပါတယ်။


ဒီနေ့တင်ပြလိုတာကတော့ ''ကပ်စေးနှဲတယ် '' လို့ အဓိပ္ပါယ်ရတဲ့ အသုံးအနှုန်းတွေပါ။ အင်္ဂလိပ်လို ''Stingy, Miser''။ 


ရိုဟင်ဂျာတွေက ''ကပ်စေးနှဲတယ်''လို့ ပြောတဲ့အခါ အမျိုးမျိုးသုံးကြပါတယ်။ ထူးဆန်းတာက အသုံးအနှုန်းအများစုဟာ တင်စားမှုသဘော၊ အလင်္ကာသဘောပါနေတာပါပဲ။ တိုက်ရိုက်အနက်ပါတဲ့ တည်ပုဒ် စကားလုံးတွေလဲ ရှိပါတယ်။ 


လေ့လာကြည့်ကြရအောင် -


၁။ 𝐅𝐞𝐭é𝐧𝐢𝐢


▪ Myo Thant gyá itay enkén feténii !

▪ မျိုးသန့်ဆိုတဲ့ကောင်က ဘယ်လိုတောင် ကပ်စေးနှဲနေသူလဲဟ။


▪ taé! itay bishí feténii yé.

▪ တောက်၊ ဒီကောင် အရမ်း ကပ်စေးနှဲတာပဲ။


ဒီအသုံးအနှုန်းဟာ မနှစ်မြို့တဲ့သဘောနဲ့ ''ကပ်စေးနှဲသူ၊ ကပ်စေးနှဲတယ်'' လို့ ပြောလိုတဲ့အခါ သုံးလေ့ရှိပါတယ်။ တစ်ခုခု သုံးစရာပေါ်လာရင် ချီတုံချတုံဖြစ်ပြီး မသုံးတတ်သူ။ တစ်ခုခုဝယ်တဲ့အခါ အရမ်းစျေးစစ်တတ်သူ။ သူများကို ပေးရမယ်ဆို မပေးချင်ပေးချင် ဖြစ်တတ်သူ။ ဦးကော်တရာပေါ့ဗျာ။ 


၂။ 𝗦𝗮𝗺𝗮𝗮𝗿


▪ Ro Mehrooz hédduur samaar noé.

▪ရိုမဲဟ်ရုစ့်ကတော့ သိပ်ပြီး ကပ်စေးမနှဲပါဘူး။ 


▪Samaari gorí gorí hodin taíbá.

▪ဘယ်နေ့ထိ ​ကပ်စေးနှဲနေမလဲဗျာ။


ဒီအသုံးအနှုန်းဟာ ကပ်စေးနှဲတာကို သာမန်ထက်နဲနဲပိုကဲတဲ့ အနက်နဲ့ သုံးကြဟန်ရှိပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေကို ကျွေးမွေးဖို့က ဝေး၊ ကိုယ်ကိုယ်တိုင်တောင် တစ်ခုခုဝယ်မစားတတ်သူ။ ဝယ်မဝတ်တတ်သူကို ဆိုလိုပါတယ်။


၃။ 𝗠𝘂𝘁á (မြန်မာ) - မကြွပ်သော၊ ပျောင်းသော။ (ဒါရိုက်ဘာသာပြန်) 


▪Bet ibá beshí mutá. 

▪ဒီကြိမ်က အလွန် ပျောင်းတယ်။ (ချိုးရမလွယ်ဘူးလို့ အနက်ရပါတယ်။) 


- 𝗠𝘂𝘁á - ''ကပ်စေးနှဲ'' အနက်နဲ့သုံးမယ်။


▪ Zay Yaa Nyein ardé Khon Thar , honay besh mutá ré?

▪ ဇေယျာငြိမ်းနဲ့ ခွန်သာမှာ ဘယ်သူက ပိုပြီး ကပ်စေးနှဲလဲ။

▪ Zay Yar doíllá mutá manúish, mui arr lot noófóm. 

▪ ဇေယျာလို ကပ်စေးနှဲတဲ့လူ ငါ နောက်ထပ် မတွေ့ဖူးဘူး။


▪ Mutár Fuá Mutá 😁 

(ဦးကပ်စေးနှဲရဲ့သား မောင်ကပ်စေးနှဲ) 😁


- လူတစ်ယောက်က သူ့မှာရှိတဲ့ဟာကနေ ဖဲ့ပြီး သူများကို မပေးတတ်တာ၊ မကျွေးတတ်တာ၊ တစ်နည်းအားဖြင့် ကပ်စေးနှဲတာကို ဆိုလိုချင်လို့ လွယ်လွယ်ဖြတ်မရတဲ့၊ မကြွပ်တဲ့အနက်ပါတဲ့ Mutá စကားလုံးကို တင်စားမှုသဘောနဲ့ သုံးဟန်ရှိပါတယ်။ Mutá နေရာမှာ Musi လို့လဲ သုံးလေ့ရှိပါတယ်။ 


၄။ 𝗖𝗵𝗮𝗮𝘁 - (မြန်မာ) - အသားမာ။ 


▪ Dukkór haam goittí goíttí aátot chaat boch cháy. 

▪ အလုပ်ကြမ်းလုပ်ရင်း လက်မှာ အသားမာတက်နေပြီ။


- 𝗖𝗵𝗮𝗮𝘁 - ''ကပ်စေးနှဲ'' အနက်နဲ့သုံးမယ်။


▪ Thulay haén chaat noó. Híbar baaf chaat de.

▪ သူလေး အဲ့လောက် ကပ်စေးမနှဲပါဘူး။ သူ့အဖေပဲ ကပ်စေးနှဲတာ။ 


ရိုဟင်ဂျာတွေက ''ကပ်စေးနှဲတာ'' ကို ''Doró'' ဆိုပြီးလဲ ပြောကြတယ်။


▪ Itay bishí doró. Kessú kini nahá.

▪ ဒီလူ သိပ် ကပ်စေးနှဲတယ်။ ဘာမှကို ဝယ်မစားဘူး။


Doró ရဲ့မူရင်းအနက်က ခိုင်ခံ့တယ်။ မာကျောတယ်။ ဆိုတော့ ဒီ ''chaat'' ဆိုတဲ့ စကားလုံးမှာလဲ မာတယ်ဆိုတဲ့ အနက်ရှိတယ်။ မာတဲ့အနက်နဲ့ Doró ကို ကပ်စေးနှဲတယ်သဘောနဲ့ သုံးသလိုမျိုး မာတဲ့အနက်နဲ့ Chaat ကိုလဲ ကပ်စေးနှဲတယ် သဘောနဲ့ တင်စားပြီး သုံးဟန်ရှိပါတယ်။ 


၅။ ''𝐆𝐢𝐫á'' - (​မြန်မာ) အထုံး(ကြိုး)။ အဆစ် (ဝါး၊ အပင်၊ ခြေလက်)။


▪ Aadoror rósír girá kuíltí mushkil.

▪ ချစ်ကြိုးရဲ့ အထုံးအဖွဲ့ကို ဖြေရတာ ခက်တယ်။


▪ Bañchór girá. ဝါးမှာပါတဲ့အဆစ်။ 


- ''𝐆𝐢𝐫á'' - ''ကပ်စေးနှဲ'' အနက်နဲ့သုံးမယ်။ 


▪ Hítár baaf bishí girá baazi. 

▪ သူ့အဖေ တော်တော် ကပ်စေးနှဲတယ်ဗျာ။


ကြိုးရဲ့ အထုံးအဖွဲ့တစ်ခုကို ပြေအောင်လုပ်ရတာ


ကြိုးရဲ့ အထုံးအဖွဲ့တစ်ခုကို ပြေအောင်လုပ်ရတာ နဲနဲခက်တယ်။ ကပ်စေးနှဲသူရဲ့ အိတ်ထဲက ငွေထွက်လာဖို့ကလဲ ခက်တယ်။ ခက်တယ်သဘောချင်း တူလို့ Giraá ကို ကပ်စေးနှဲတယ် သဘောနဲ့ သုံးလာသလား မသိဘူး။ နောက် ''Giraá-အဆစ်'' ဆိုတာကလည်း ချောချောမွတ်မွတ်မရှိ၊ ညက်ညက်ညောညောမရှိတဲ့ အနက်ပါတယ်။ ချောချောမွတ်မွတ်မရှိတဲ့နေရာကနေ တစ်ခုခု ဖြတ်ကျော်သွားရတာ မလွယ်ဘူး။ အလားတူ ကပ်စေးနှဲသူရဲ့လက်ထဲက ငွေတွေထွက်လာဖို့ဆိုတာကလဲ အဲ့လိုမလွယ်ကူပါဘူး။ လမ်းဆစ်တဲ့ခရီးကြမ်းကို ဖြတ်ပြီး ငွေတွေထွက်လာရမှာ တော်တော်ခက်မယ်။ အဲ့ဒါကြောင့်ပဲ Giraá လို့သုံးနေသလားတော့ မသိဘူး။


၆။ ''𝗕𝗼𝗸𝗵í𝗹'' - ကပ်စေးနှဲသူ။ ကော်တရာ။ 


မိမိအတွက်ကော မိမိ မိသားစုအတွက်ကော လိုအပ်တဲ့နေရာမှာတောင် မသုံးဘဲ ကပ်စေးနှဲတတ်သူ၊ ကော်တရာ ဖြစ်နေသူကို ဆိုလိုပါတယ်။ အပြစ်တင်တဲ့သဘောနဲ့ သုံးကြတယ်။ တော်တော်လေးကို ပြင်းထန်တဲ့သဘောရှိပါတယ်။


▪ Hítéy bódda bokhíl! Tar maa wáré óddo gom jinís nohábá.

▪ သူဟာ တကယ်ကို ကပ်စေးနှဲတတ်သူ။ သူ့အမေကိုတောင် အစာကောင်းတွေ မကျွေးတတ်တာ။


▪ Bokhílaí gorí zindigi nohaçach.

▪ စေးကပ်နှဲရင်း ဘဝကို မဖြတ်သန်းပါနဲ့။


၇။ 𝗠ú𝘁𝗵 𝗱ó𝗿𝗼𝗼


(မြန်မာလိုတိုက်ရိုက်ဘာသာပြန်) - လက်ဆုပ်မာတယ်။


▪Hítár bibir bishí múth dóroo. Hétollah hitay torki ouiyéde.

▪သူ့မိန်းမရဲ့ လက်ဆုပ်က တော်တော်မာတယ်။ ဒါကြောင့် သူ တိုးတက်ခဲ့တာလေ။ (ဒါရိုက်ဘာသာပြန်) 


ဒါဟာ ကပ်စေးနှဲတာကို ဝင်္ကဝုတ္တိအလင်္ကာဆန်ဆန် ပြောချင်တဲ့အခါ သုံးပါတယ်။ ဒီအသုံးအနှုန်းမှာ စည်းကမ်းရှိရှိ သုံးစွဲတာ၊ ခြိုးခြိုးခြံခြံ ချွေချွေတာတာ သုံးစွဲတာ၊ မလိုအပ်တဲ့နေရာမှာ မဖြုန်းတာ၊ အသုံးမကြမ်းတဲ့ သဘောတရားပါရှိပါတယ်။ 


အင်္ဂလိပ်လိုကလဲ ဒီ ''Múth dóroo'' ကို Tight-fisted ဆိုပြီး သုံးကြတာတွေ့ရတယ်။ စကားဖွဲ့စည်းပုံကရော အနက်ကရော အတော်တူကြပါတယ်။ စိတ်ဝင်စားစရာပါပဲ။


၈။ 𝐇á𝐭𝐨𝐭𝐭ú 𝐏𝐚𝐧í 𝐍𝐨𝐠𝐨𝐥𝐞 (𝐨𝐫) 𝐎𝐮ñ𝐥𝐥𝐨𝐫 𝐜𝐡é𝐭𝐭𝐢 𝐏𝐚𝐧í 𝐍𝐨𝐠𝐨𝐥𝐞


▪ Hítár Hátottú paní nogole. 

▪ သူ့လက်ထဲကနေ ရေယိုမကျဘူး။ (တိုက်ရိုက်ဘာသာပြန်) 


▪ Mutá oílé mutá, Jamil loddoél mutá aar lot nófóm. Tar Ouñllor chétti Paní Nogole dé hoífárósné.


▪ ကပ်စေးနှဲသူထဲမှာ ဂျမိလ်လို ကပ်စေးနှဲသူ မတွေ့ဖူးဘူး။ သူ့ ''လက်ချောင်းထဲကနေ ရေယိုမကျ'' ဘူးသိလား။ (တိုက်ရိုက်ဘာသာပြန်) 


တိုက်ရိုက်ဘာသာပြန်က ''လက်ထဲကနေ ရေယိုမကျ'' ၊ ''လက်ချောင်းထဲကနေ ရေယိုမကျ'' ပါပဲ။ ဆိုလိုရင်းကတော့ ''စေးနှဲ'' တာကို ဆိုလိုတာပါပဲ။ တော်တော်ကို ဆိုးဆိုးဝါးဝါး ကပ်စေးနှဲတာကို အလင်္ကာဆန်ဆန်ပြောလိုတဲ့အခါ ဒီအသုံးအနှုန်းနဲ့ ပြောလေ့ရှိပါတယ်။


#မိခင်ဘာသာစကားကိုမြတ်နိုးတန်ဖိုးထားပါ။

#မိခင်ဘာသာစကားကိုထိန်းသိမ်းပါ။


#ယျာတင် (ရိုဟင်းသား)

၂၊၉ ၁၀၊ ၂၀၂၁ 


အခုလိုမျိုး အနက်တူ သုံအနှုန်းပုံကွဲတွေနဲ့ အသုံးအနှုန်းမျိုးကို comment မှာ ဝင်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ 


ကိုယ့်မိတ်ဆွေတွေထဲမှာ ❝ 𝗦𝗮𝗺𝗮𝗮𝗿 ...𝗠𝘂𝘁á ... 𝗖𝗵𝗮𝗮𝘁 ...𝐆𝐢𝐫á...𝗠ú𝘁𝗵 𝗱ó𝗿𝗼𝗼 ...❞ ရှိရင် mention ခေါ်ပေါ့လေ။ 😁 

Mutár fūa mutáyá.

Mutár zeé mutání.


Chaattor fūa chaat

Chaattor zeé chaattyani.


Samaaror fūa samaar

Samaaror zeé samaarni.


Feténiír fūa feténií

Feténiír zeéyo feténií.


Girár fūa girá.

Girár zeé girá ni.


Bokhilór fūa bokhíl

Bokhilór zeéyo bokhíl.


Hoiñ çár fūa hoiñ çá

Hoiñ çár zeé hoiñ çá ní.


Lefórtór fūa lefórt

Lefórtór zeé lefórtní.


Múth dóroor fūa múth dórooyá

Múth dóroor zeé múth dórooni.


ဒါကဗျာမဟုတ်ဘူး 😁


တစ်စုံတစ်ယောက်ကို ကပ်စေးနှဲလွန်းလို့ ကြည့်မရတဲ့အခါ ယဥ်ယဥ်ကျေးကျေး ဆဲချင်ရင် အဲ့လိုဆဲလိုက်ရမယ်ထင်တယ်။


''ကပ်စေးနှဲတာကို'' ရိုဟင်ဂျာတွေ ဘယ်လိုသုံးနှုန်းကြလဲဆိုတဲ့ ဆောင်းပါးလေးကို link ထဲကနေ ဝင်ဖတ်လို့ရပါတယ်။ https://m.facebook.com/story.php?story_fbid=959519554601311&id=100016298259586


#ယျာတင် (ရိုဟင်းသား)

- ဆက်ရန် -



Tuesday, October 26, 2021

Hát Baçi (႐ိုဟင္ဂ်ာစကားပေဒသာ ၂)

 



𝐀á𝐭 𝐁áç𝐢 / 𝐇𝐚á𝐭 𝐁áç𝐢 - (မြန်မာ) လက်တိုတယ်။


(၁) 

ဘာသာစကားတိုင်းမှာ စကားကိုတန်ဆာဆင်ပြီး ရေးလေ့ပြောလေ့ ရှိကြပါတယ်။ ရိုဟင်ဂျာစကားထဲက အလင်္ကာအသုံးအနှုန်းအကြောင်း မတင်ပြခင် ကိုယ်နဲ့အနီးစပ်ဆုံး ဘာသာစကားဖြစ်တဲ့ မြန်မာစာပေရဲ့ တန်ဆာဆင်နည်းအကြောင်း နဲနဲ ပြောပြပါရစေ။ မြန်မာစာပေမှာ တန်ဆာဆင်နည်း နှစ်မျိုးရှိပါတယ်။


၁။ “သဒ္ဒါလင်္ကာရ” လို့ ခေါ်တဲ့ “စကားတန်ဆာ” နဲ့

၂။ “အတ္ထာလင်္ကာရ” လို့ ခေါ်တဲ့ “အနက်တန်ဆာ” တို့ ဖြစ်ပါတယ်။


“သဒ္ဒါလင်္ကာရ” ဆိုတာ စာပေရေးဖွဲ့ရာမှာ စကားနဲ့ တန်ဆာဆင်ခြင်းကို ဆိုလိုပါတယ်။ ပသာဒဂုဏ်၊ သြဇဂုဏ်၊ မဓုရတာဂုဏ် စတဲ့ ဂုဏ်မြောက်အောင် ရေးဖွဲ့တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ အနက်ကို ပြေပြစ်အောင်ဖွဲ့ဆိုတဲ့ နည်း၊ တစ်နည်းအားဖြင့် စာရေးသူ ဆိုလိုချင်တဲ့ အနက်အဓိပ္ပါယ်ကို စာဖတ်သူထံ ပြေပြေပြစ်ပြစ် ချောချောမွေ့မွေ့ ရောက်သွားအောင် ပို့ဆောင်တဲ့ နည်းများဖြစ်ပါတယ်။


- "အတ္ထာလင်္ကာရ" ဆိုတာ စာရဲ့ အဓိပ္ပာယ်ကို စာဖတ်သူတွေအတွက် စိတ်၀င်စားဖွယ် ဖြစ်အောင် တန်ဆာဆင်ရေးဖွဲ့ခြင်းကို ဆိုလိုပါတယ်။ မြန်မာစာသင်ကြားရေးမှာ ဥပမာအလင်္ကာ၊ ရူပကအလင်္ကာ စသဖြင့် ရှိကြတဲ့ အလင်္ကာ အမျိုးအစားများဟာ “အတ္ထာလင်္ကာရ” လို့ခေါ်တဲ့ အနက်တန်ဆာများဖြစ်ပါတယ်။ အတ္ထာလင်္ကာရ နည်းတွေဟာ အနက်ကို ဆန်းကြည်အောင်ဖွဲ့တဲ့နည်း၊ တစ်နည်းအားဖြင့် စာရေးသူ ဆိုလိုတဲ့ အနက်အဓိပ္ပါယ်ကို စာဖတ်သူအဖို့ အဆန်းတကြယ် နှစ်သက်ဖွယ်ဖြစ်အောင် ရေးဖွဲ့တဲ့နည်းများ ဖြစ်ပါတယ်။


အခု အတ္ထာလင်္ကာရအကြောင်းပဲ နဲနဲပြောပြပါမယ်။ အတ္ထာလင်္ကာရကို အဓိကအားဖြင့် နှစ်မျိုးခွဲပါတယ်။ 


၁။ “သဘာ၀၀ုတ္တိအလင်္ကာ” (မသွယ်မဝိုက် တိုက်ရိုက်ဖွဲ့ဆိုပြီး တန်ဆာဆင်ခြင်း) နဲ့

၂။ “၀င်္ကဝုတ္တိအလင်္ကာ” (သွယ်ဝိုက်ဖွဲ့ဆိုပြီး တန်ဆာဆင်ခြင်း) တို့ပဲ ဖြစ်ပါတယ်။ 

ဒီမှာတစ်ခါ သွယ်ဝိုက်ဖွဲ့ဆို တန်ဆာဆင်တဲ့ “၀င်္ကဝုတ္တိအလင်္ကာ” ဆိုတာ အသုံးလဲများသလို စကားကိုလဲ တကယ်ကိုပဲ လှပစေပါတယ်။ 

ပါဠိမှာ ဝင်္ကဝုတ္တိအလင်္ကာမျိုးကွဲဟာ များစွာရှိနေပါတယ်။ ဒီထဲကနေ အသုံးများတဲ့ ဝင်္ကဝုတ္တိအလင်္ကာ ၃၅ မျိုးကို အလင်္ကာကျမ်းတွေမှာ ဖော်ပြထားပါတယ်။

အများသိကြတဲ့ ''ဥပမာအလင်္ကာ၊ ရူပကအလင်္ကာ၊ အတိသယဝုတ္တိအလင်္ကာ'' တွေဟာ ဝင်္ကဝုတ္တိအလင်္ကာထဲက မျိုးကွဲတွေသာ ဖြစ်ပါတယ်။ ဆိုတော့ ဒီဝင်္ကဝုတ္တိအလင်္ကာအားလုံးရဲ့ဘုံအနက်က စကားတစ်ခုကို တိုက်ရိုက်တဲ့တိုးမပြောဘဲ သွယ်ဝိုက်ပြောဆိုခြင်းအားဖြင့် တန်ဆာဆင်ခြင်းလို့ အနက်ရပါတယ်။


သာဓကအားဖြင့်, 

- "အမုန်းပင်''ကို မစိုက်ပျိုးကြပါနဲ့။ - ဆိုတဲ့ဝါကျမှာ ပါတဲ့ ''အမုန်းပင်'' ဆိုတာ အလင်္ကာမြောက်တဲ့အဖွဲ့အနွဲ့ ဖြစ်ပါတယ်။ ''အမုန်းပင်'' ဆိုတာ တကယ် ရှိတဲ့အပင်လား။ မဟုတ်ပါဘူး။ ဒါဟာ စကားကို တန်ဆာဆင်ပြီးရေးတာပါ။ အပင်ဆိုတာ ​တစ်စတစ်စ ရှင်သန်ကြီးထွားတတ်သလိုမျိုး အမုန်းတရားဆိုတာလည်း တစ်စတစ်စ ရှင်သန်ကြီးထွားတတ်တယ်။ ဒီနှစ်ခုဟာ ဂုဏ်ရည်ချင်းတူတယ်။ အဲ့လိုဂုဏ်ရည်ချင်းတူတာကို ထပ်တူပြုပြီး ဖွဲ့နွဲ့တော့ ရူပကအလင်္ကာမြောက်သွားတယ်။ ဒီလိုဖွဲ့နွဲ့ခြင်းအားဖြင့် ကိုယ်ပြောနေတဲ့ စကားဟာလဲ လှသွားတယ်။ ယဥ်သွားတယ်။ နှစ်သက်ဖွယ်ဖြစ်သွားတယ်။ ကြားနာသူက အဲ့ဒီစကားကို ပိုပြီးအလေးအနက်ထားမယ်။ ''အမုန်းတရားကို ကြီးထွားအောင်မလုပ်ပါနဲ့'' လို့ပြောတာထက် ''မုန်းပင်မစိုက်ပျိုးပါနဲ့'' ဆိုပြီး ဝင်္ကဝုတ္တိနဲ့ ပြောတာဟာ ပိုပြီး ထိရောက်တဲ့ စကားအသုံးအနှုန်းလို့ ပြောနိုင်ပါတယ်။ 

အင်္ဂလိပ်စာပေမှာတော့ အလင်္ကာအသုံးတွေကို ''Rhetorical expression'' လို့ ပြောမယ်ထင်ပါတယ်။ Idiom တွေရဲ့သဘောသဘာဝကလည်း အလင်္ကာနဲ့ ထပ်တူနီးပါးရှိမယ်ထင်ပါတယ်။ 


[အလင်္ကာအကြောင်းဟာ တကယ်ကျယ်ပြောပါတယ်။ အပေါ်က ရှင်းပြချက်ဟာ အတိုချုံးပြီး ရှင်းပြတာသာဖြစ်ပါတယ်။]


(၂) 

အလင်္ကာအကြောင်း တိုချုံးရှင်းပြရခြင်းရဲ့ရည်ရွယ်ချက်ဟာ ရိုဟင်ဂျာလူမျိုးကလည်း စကားပြောတဲ့အခါ အဲ့လိုအလင်္ကာတွေ သုံးနှုန်းပြီး ပြောဆိုလေ့ရှိတာကို တင်ပြချင်လို့ပဲ ဖြစ်ပါတယ်။ 

အဲ့ဒီလိုတန်ဆာဆင်ပြီး ပြောဆိုတာတွေဟာ အလင်္ကာတွေရဲ့ သဘောသဘာဝအတိုင်း ကျစ်ကျစ်လျစ်လျစ်လည်း ရှိပါတယ်။ လှလည်းလှပပါတယ်။ နှစ်သက်ဖွယ်လည်း ဖြစ်ပါတယ်။ ထိထိမိမိလည်း ရှိလှပါတယ်။ 


ရိုဟင်ဂျာတို့ တန်ဆာဆင်ပြီးပြောဆိုလေ့ရှိတဲ့ထဲက အသုံးအနှုန်းတစ်ခုကို ဒီနေ့ တင်ပြပါမယ်။


▪ Aát Baáçi (or) Haát Baáçi - (မြန်မာ) လက်တိုတယ်။


သာဓက - 

▪ Machtor Rashíd saab, ouñ nóttú ea máchót tiñyañ fuchá loí bishí aát baáçi níkí zé?

▪ဆရာဦးရော်ရှိတ်ခင်ဗျား။ ဆရာ ဒီလမှာ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး တော်တော် လက်တိုနေပါသလား။ (တိုက်ရိုက်ဘာသာပြန်)


▪ Mohamed Rofique : O baí, fañsázár tiñyaa taílé udár dóná.

: ဘိုင် ... ငွေ ငါးထောင် ချေးပါလား။ 


▪ Abu Saad : Aañt tú aát baáçí oíuyé baí. 

: ကျုပ်မှာ လက်တိုနေပြီဗျာ။


▪ ဒီဝါကျတွေမှာသုံးကြတဲ့ ''Aát Baáçi (or) Haát Baáçi' - လက်တိုတယ်'' ဆိုတာ ''ငွေရေးကြေးရေးနဲ့ အဆင်မပြေဖြစ်နေတာ၊ မချောင်လည်တာ၊ ကျပ်တည်းတာ'' ကို ဆိုလိုတာပါ။ တိုက်ရိုက်


▪ ဒီဝါကျတွေမှာသုံးကြတဲ့ ''Aát Baáçi (or) Haát Baáçi' - လက်တိုတယ်'' ဆိုတာ ''ငွေရေးကြေးရေးနဲ့ အဆင်မပြေဖြစ်နေတာ၊ မချောင်လည်တာ၊ ကျပ်တည်းတာ'' ကို ဆိုလိုတာပါ။ တိုက်ရိုက်တဲ့တိုးမပြောဘဲ သွယ်ဝိုက်သဘောနဲ့ ပြောတော့ အဲ့ဒီစကားအသုံးအနှုန်းဟာ ယဥ်ကျေးတဲ့သဘောလည်းဖြစ်သွားတယ်။ လှတယ်လှသွားတယ်။ ထိထိမိမိလည်း ဖြစ်သွားပါတယ်။ 

** ဆရာ့လက်ကို ဘယ်သူက သွားတိုင်းခဲ့သလဲတော့ မသိဘူး။ တိုပဲတိုနေတယ်လို့ ပြောနေတယ်။ ဆရာ့လက်က ဘယ်လောက်လောက် တိုနေပြီလဲ ဆရာ။ (ဟဿ) 😁 


-


မြန်မာစာမှာ ''လက်တိုတယ်'' လို့ သုံးနှုန်းတာမတွေ့ဖူးပါဘူး။ ဒါပေမယ့် ''စိတ်တိုတယ်၊ စိတ်ရှည်တယ်'' ဆိုပြီးသုံးနှုန်းတာတော့ ရှိပါတယ်။ သူ့အဓိပ္ပါယ်နဲ့ သူပဲပေါ့။ 


အင်္ဂလိပ်စာမှာတော့ ''Short-handed'' ဆိုပြီး အသုံးရှိပါတယ်။ ''လက်တို'' တယ်လို့ တိုက်ရိုက်ဘာသာပြန်ရပေမယ့် သူ့အဓိပ္ပါယ်ကတော့ ''ငွေရေးကြေးရေး အဆင်မပြေတာ'' ကိုဆိုလိုတာမဟုတ်ဘဲ အလုပ်ရုံတစ်ခုခုမှာ ''လူအင်အား မလုံလောက်တာ'' ကို ဆိုလိုတာပါ။ 


(Idiom အသုံးအနှုန်းတစ်ခုဖြစ်တဲ့ "Go short of money'' ကိုတော့ ''Aát Baáçi (or) Haát Baáçi'' အနက်နဲ့ သုံးနိုင်မယ်ထင်ပါတယ်။ အင်္ဂလိပ်စာပေမှာတော့ ငွေရေးကြေးရေး ကျပ်တည်းနေတာကို သူ့ဟာသူ အဆင်ပြေအောင်ပြောကြမှာပါပဲ။ အဲ့ဒီအကြောင်းကို ဒီနေရာမှာ မဆွေးနွေးလိုပါ။)


ခြုံပြီးပြောရရင် -


''Aát Baáçi (or) Haát Baáçi' ဆိုတဲ့ အသုံးအနှုန်းဟာ ဝင်္ကဝုတ္တိအလင်္ကာ မြောက်တဲ့ အဖွဲ့အနွဲ့တစ်ခုဖြစ်ပါတယ်။ ရိုဟင်ဂျာတွေက ငွေရေးကြေးရေး အဆင်မပြေဖြစ်နေတဲ့အကြောင်းကို ယဥ်ယဥ်ကျေးကျေးသဘောနဲ့ လှလှပပ ပြောချင်တဲ့အခါ ''Aát Baáçi (or) Haát Baáçi'' oíuyé'' ဆိုပြီး အသုံးပြုလေ့ရှိကြောင်းပါ ခင်ဗျား။ 


#မိခင်ဘာသာစကားကိုမြတ်နိုးတန်ဖိုးထားပါ။

#မိခင်ဘာသာစကားကိုထိန်းသိမ်းပါ။


#ယျာတင် (ရိုဟင်းသား)

၂၇၊ ၁၀၊ ၂၀၂၁ 


အခုလိုမျိုး အလင်္ကာမြောက်တဲ့ အသုံးအနှုန်းတွေကို comment မှာ ဝင်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။


- ဆက်ရန် -

Monday, October 25, 2021

Bór (႐ိုဟင္ဂ်ာစကားပေဒသာ)



❝𝐁Ó𝐑❞ - လေးလံသည် - 𝐇𝐞𝐚𝐯𝐲


ဘာသာစကားတစ်ခုကို လေးလေးနက်နက် ခြေခြေမြစ်မြစ် လေ့လာကြည့်တဲ့အခါ သဘောကျစရာတွေ တွေ့ရပြီး စိတ်ထဲ ပီတိဖြစ်မိတယ်။ မိမိရဲ့ မိခင်ဘာသာစကား ဖြစ်စေကာမူ လေးလေးနက်နက် မတွေးဖြစ်မိရင်တော့ ဘာသာစကားရဲ့ အလှတရားကို မတွေ့ဖြစ်တတ်ပါဘူး။

ကျနော့်ဘော်ဒါတစ်ဦးဟာ ရိုဟင်ဂျာစကားရဲ့ အတိမ်အနက်၊ တင်စားမှုသဘော၊ အလေးအပေါ့ စတာတွေကို လေ့လာတတ်ပါတယ်။ တစ်ခါတလေ သူနဲ့စကားလက်ဆုံကျတဲ့အခါ အဲ့အကြောင်းတွေပြောရင်းနဲ့ ကျနော်လဲ ရိုဟင်ဂျာတို႔ပြောစကားထဲက စကားလုံးအချို့ရဲ့ အလေးအပေါ့၊ အတိမ်အနက်၊ တင်စားမှုသဘော စတာတွေကို မိမိဘာသာ တွေးဖြစ်မိတယ်။

အဲ့လိုတွေးဖြစ်မိတဲ့ထဲက စကားလုံးတစ်လုံးကို တင်ပြပါမယ်။


Bór - (မြန်မာ) လေးလံသည်။ (Eng) Heavy

ဒီ ''Bór'' ဆိုတဲ့စကားလုံးကို ရိုဟင်ဂျာတွေက ''ကြိယာ''၊ ''နာမဝိသေသန'' အနေနဲ့လဲသုံးသလို၊ တင်စားမှုသဘောနဲ့လဲ သုံးတာတွေ့ရပါတယ်။ တင်စားမှုသဘောဆိုတာ ဝင်္ကဝုတ္တိ အလင်္ကာဆန်ဆန် သုံးနှုန်းတာကို ဆိုလိုတာပါ။


(၁) Bór (ဂုဏ်ရည်ပြကြိယာ)

▪ E soilor bossá ibá bishí bór.

▪ ဒီဆန်အိတ်က သိပ်လေးလံတာပဲ။


(၂) Bór (ဂုက်ရည်ပြနာမဝိသေသန)


Bór jínísh hañdót no loiyó.

▪ လေးတဲ့အရာတွေကို မထမ်းပါနဲ့။


(၃) Bór (အနုတ်သဘောပါတဲ့ တင်စားမှု)


Khon Thar haan bishí bór.

▪ ခွန်သာရဲ့ နားရွက်က သိပ်လေးတာပဲ။ (ဒါရိုက်ဘာသာပြန်)

(ဒီမှာ Khon Thar ရဲ့ နားရှကျ အလေးချိန်ကို ဖော်ပြတ မဟုတ်ပါဘူး။ အကြားစွမ်းရည် အားနည်းတာကို ဖော်ပြတာပါ။)

- ဒီဝါကျမှာပါတဲ့ Bór ရဲ့အနက်က ''နားသိပ်မကြားတာ'' ကို ဆိုလိုတာပါ။


Zay Yar hamot bishí bór.

▪ဇေယျာဟာ အလုပ်လုပ်တဲ့အခါ သိပ်လေးတယ်။

- ဒီဝါကျမှာပါတဲ့ Bór ရဲ့အနက်ဟာ အလုပ်လုပ်တဲ့အခါ ''မသွက်လက်တာ''၊ ''​နှေးကွေးတာ'' ကို ဆိုလိုတာပါ။


(၄) Bór (အပေါင်းသဘောပါတဲ့ တင်စားမှု)

Zin Min Naing boddá heénkén bór! Zeén laribá larogoí, gúshshá noó.

▪ ကိုဇင်မင်းနိုင် ဘယ်လိုတောင် လေးလံတာလဲဗျာ။ သူ႕ကို ဘယ်လောက် စစ၊ စိတ်ဆိုးတယ်လို႔ကို မရှိဘူး။ (တိုက်ရိုက်ဘာသာပြန်)

- ဒီဝါကျမှာပါတဲ့ Bór ဟာ ''သည်းခံနိုင်စွမ်းရှိခြင်း'' ၊ ''အနစ်နာခံနိုင်စွမ်းရှိခြင်း'' ဆိုတဲ့သဘောနဲ့ တင်စားပြောဆိုခြင်းဖြစ်တယ်။


#မိခင်ဘာသာစကားကို မြတ်နိုးတန်ဖိုးထားပါ။

#မိခင်ဘာသာစကားကို ထိန်းသိမ်းပါ။


#ယျာတင် (ရိုဟင်းသား)

၂၆၊ ၁၀၊ ၂၀၂၁


- မိမိသဘောကျတဲ့ ''ရိုဟင်ဂျာစကားလုံး'' တွေနဲ့ပတ်သက်ပြီး Comment box မှာ ဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

Monday, October 11, 2021

အာရိုရာဆုရှင် ရှေ့နေဦးကျော်လှအောင် (၁၉၄၁-၂၀၂၁)

 


အာရိုရာဆုရှင် ရှေ့နေဦးကျော်လှအောင် (၁၉၄၁-၂၀၂၁)

"အစားအသောက်က အရေးကြီးတယ်။ ကျန်းမာရေးလည်း အရေးကြီးတယ်။ ဒါပေမဲ့ ပညာရေးလောက် အရေးကြီးတာ ဘာတစ်ခုမှ မရှိပါဘူး။"

— ရှေ့နေဦးကျော်လှအောင်

ဦးကျော်လှအောင်သည် မြန်မာနိုင်ငံသား ရှေ့နေတစ်ဦးဖြစ်ပြီး လယ်သမားအခွင့်အရေး လှုပ်ရှားသူ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအပြင် ရိုဟင်ဂျာအသိုင်းအဝန်း၏ အထင်ကရ ခေါင်းဆောင်တစ်ဦးအဖြစ် ကမ္ဘာက အသိအမှတ်ပြုသူတစ်ဦးဖြစ်ပါသည်။

ကျော်လှအောင်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပါဒလချိတ်ရပ်ကွက်၌ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်တွင်  ဖခင် ဦးယူဆုဖ်နှင့် မိခင် ဒေါ်ဂုလ်ဘောဒါန်းတို့မှ ဖွားမြင်ခဲ့သည်။ ဖခင်မှာ အင်္ဂလိပ်အစိုးရအမှူးထမ်းနှင့် စစ်တွေမြို့ ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံး၏ စာရေးကြီး တစ်ဦးဖြစ်သည်။ သူ၏မွေးနာမည်မှာ မိုဟာမတ်ကာဆိမ်း ဖြစ်သည်။ ကျော်လှအောင်သည် စစ်တွေမြို့တွင် ကြီးပြင်းလာပြီး စစ်တွေမြို့မှာပင် ပညာသင်ယူခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် အထက်တန်းစာမေးပွဲ အောင်ခဲ့သည်။ တရားရုံး လက်ရေးတိုရေးစက်ရှင်စာရေးအဖြစ် အစိုးရဝန်ထမ်းဘဝကို စတင်ခဲ့သည်။ စစ်တွေမြို့ ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံး စာရေးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်ဆုံး ပုဏ္ဍားကျွန်း တရားရေးဦးစီးရုံးမှ စာရေး(၁) အဖြစ်နှင့် အမှူးထမ်းဘဝကို အဆုံးသတ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲကို "မြန်မာ့ဓလေ့ထုံးထမ်းဥပဒေ" ဘာသာရပ်၌ ဂုဏ်ထူးဖြင့် အောင်မြင်ကာ ဥပဒေဘွဲ့ (LL.B) ရယူခဲ့ပြီး အထက်တန်းရှေ့နေအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

၁၉၈၆ ခုမှာ မြန်မာအစိုးရက ရိုဟင်ဂျာများ၏ လယ်မြေများကို မတရားသိမ်းပိုက်နေချိန်တွင် ဦးကျော်လှအောင်သည် ရိုဟင်ဂျာလယ်သမားအဖွဲ့ကို ကိုယ်စားပြုပြီး တက်ကြွလှုပ်ရှားခဲ့သည်။ ငြိမ်းချမ်းသော နည်းလမ်းဖြင့် စစ်အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ဥပဒေဘောင်အတွင်းကနေ အစိုးရထံ အသနားခံစာများ ရေးသားတောင်းဆိုခဲ့သည်။ စစ်အစိုးရက မကျေနပ်၍ ၄အား ဖမ်းဆီးကာ ရန်ကုန်ထောင်တွင် ၂ နှစ် အကျဉ်းကျစေခဲ့သည်။ ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲအပြီးမှာ ထောင်ကလွှတ်မြောက်ပြီး စစ်တွေမြို့ကို ပြန်ရောက်လာခဲ့သည်။ သို့သော် စစ်အစိုးရက ရှေ့နေကျော်လှအောင်၏ ရှေ့နေလိုင်စင်နှင့် ပင်စင်ကို မတရားရုတ်သိမ်းခဲ့သည်။

ထို့နောက် “အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ” ကို ပူးတွဲတည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တခဲနက် အနိုင်ရရှိခဲ့သည်။ စစ်အစိုးရက ရွေးကောက်ပွဲကို ဖျက်သိမ်း၍ ရွေးချယ်ခံကိုယ်စားလှယ်လောင်းများကို ဖမ်းဆီး ထောင်သွင်းခဲ့သည်။ ရှေ့နေဦးကျော်လှအောင်လည်း ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သော်လည်း နောက်ပိုင်းတွင် အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ရှေ့နေကြီးသည် ထောင်မှ လွှတ်လာ၍ အပြည်ပြည်ဆိုင်ရာအန်ဂျီအိုအဖွဲ့ MSF (Médecins Sans Frontières) သို့ အလုပ်ဝင်ခဲ့သည်။ 

၂၀၁၂ ခုနှစ် အစိုးရနောက်ထောက်ပြု လူမျိုးရေးပဋိပက္ခဖြစ်ပွားစဉ်တွင် အစွန်းရောက်သမားများ၏ လက်ချက်ကြောင့် ပလုပ်တောင်ရှိ ၎င်း၏ နေအိမ် မီးလောင်ဖျက်ဆီးခံခဲ့ရသည်။ အာဏာပိုင်များက ရှေ့နေကြီးကို မတရားဖမ်းဆီးကာ  ၂ လထိထိ အချုပ်၌ ထိန်းသိမ်းထားခဲ့သည်။ ၂၀၁၃ ခု ဇူလိုင်လ ၁၅ ရက်တွင် အိုင်ဒီပီစခန်း၌ ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည်ဟုစွပ်စွဲကာ ဦးသိန်းစိန်အစိုးရက ထပ်မံဖမ်းဆီးခဲ့သည်။ ၂၀၁၄ ခု အောက်တိုဘာလ ၇ ရက်တွင် စစ်တွေထောင်မှ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှမ်မြောက်လာခဲ့သည်။ ၂၀၁၈ ခုနှစ်မှ စတင်ကာ စစ်တွေမြို့ အပြင်ဘက်ရှိ သက်ကေပြင် ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ရပြီး ဒုက္ခသည်စခန်း၌ ဦးစီးဦးဆောင်ပြုကာ ဒုက္ခသည်များအကျိုးပြု အကူအညီများနှင့် အခွင့်အရေးများအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။

 ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ရှေ့နေ ဦးကျော်လှအောင် စစ်တွေအကျဉ်းထောင်မှ လွှတ်လာခဲ့စဉ် (ပုံ-မဇ္ဈိမ)

၂၀၁၂ ခုတွင် ရှေ့နေဦးကျော်လှအောင်သည် ပညာရေးကော်မတီအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ရိုဟင်ဂျာလူငယ်များ၏ ပညာရေးမြင့်တင်ပေးရန် ကြိုးပမ်းခဲ့သည်။ နောင်တွင် အစိုးရက ထိုပညာရေးအဖွဲ့အစည်းကို ပိတ်ပင်ဖျက်သိမ်းခဲ့သည်။ 

ရှေ့နေကြီး၏ လှုပ်ရှားမှု အဓိက ရည်မှန်းချက်များမှာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပြည်စုံသော ပညာခွင့်ရရှိရေး၊ နိုင်ငံသားအခွင့်အရေးအပါအဝင် ပဋိပက္ခနှင့်ပတ်သက်၍ အသိပညာ မြှင့်တင်ရန် ဖြစ်သည်။

ဦးကျော်လှအောင်၏ အစွန့်စားခံ၊ စွန့်လွှတ်မှု၊ ကြိုးပမ်းမှုများအတွက် ၂၀၁၈ ခုနှစ်တွင် အာမေးနီးယားနိုင်ငံက Aurora Prize for Awakening Humanity ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ သူရရှိသော ဆုငွေ ဒေါ်လာတစ်သန်းကို  မြန်မာနိုင်ငံမှ ဒုက္ခသည်များအား  ကျန်းမာရေး၊ ပညာရေးကဏ္ဍများမှ ကူညီနိုင်ရန် Médecins Sans Frontières, Mercy Malaysia, and the International Catholic Migration Commission (ICMC) တို့အား လှူဒါန်းခဲ့သည်။ သူ၏ အလှူငွေဖြင့် ရိုဟင်ဂျာဒုက္ခသည် ၃၇၅၀၀၀ တို့က အကျိုးခံစားခွင့်ရရှိခဲ့သည်။  ၂၀၁၉ ခုနှစ်တွင် ရှေ့နေကျော်လှအောင်ကို ရိုဟင်ဂျာ အမျိုးသားထဲမှ ပထမဆုံးအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ချစ်ကြည်ရေး သံတမန် (Goodwill Ambassador)အဖြစ်  Aurora Forum မှ ခန့်အပ်ခဲ့သည်။ သူသည် မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော အာရိုရာဆုရှင် အပြင် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး သံတမန်တစ်ဦးဖြစ်လာခဲ့သည်။ 

၂၀၁၉ ခုနှစ်တွင် ဦးကျော်လှအောင်ကို Fortune မဂ္ဂဇင်း၏ "ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင်များစာရင်း အဆင့် ၂၈ တွင် ထည့်သွင်းဖော်ပြခံရသည်။ နိုင်ငံတကာ သတင်းဂျာနယ်စင်များက ရှေ့နေကျော်လှအောင်ကို "ကိုယ်ကျိုးမဲ့ သူရဲကောင်း" ဟု ကင်ပွန်းတပ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဦးကျော်လှအောင်၏ ပုံကို အာမေးနီးယန်းစာတိုက်ရုံး တံဆိပ်ခေါင်းတွင် ပုံနှိပ်ကာ ဂုဏ်ပြုခဲ့သည်။

မြန်မာ့ဂုဏ်ဆောင် ရှေ့နေဦးကျော်လှအောင်တွင် သားသမီးခုနစ်ယောက် ထွန်းကားခဲ့သည်။ မိမိလူမျိုးနှင့် တိုင်းပြည်အတွက် တရားမျှတမှုနှင့် ငြိမ်းချမ်းရေး တိုက်ပွဲဝင်ရင်း  ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ရန်ကုန်၌ ဆေးကုသမှုခံယူနေစဉ်  ရန်ကုန်မြို့ ဗိုလ်တစ်ထောင်တွင် အလ္လဟ်အမိန့်တော်ခံယူလေသည်။ ရိုဟင်ဂျာလူမျိုး၏ အစားမထိုးနိုင်သော ကိုယ်ကျိုးမဲ့ လူ့အခွင့်အရေးသူရဲကောင်းတစ်ဦး ကြွေလွင့်ခဲ့လေသည်။ အလ္လာဟ်အရှင်မြတ် အစားပေးတော်မူပါစေ…အာမိန်။


 — လူထုဝဏ္ဏ

ကိုးကား - Internet Sources 



Tuesday, October 5, 2021

ပြည်နယ် ပြည်သူ့ကောင်စီဝင် ဆရာ ဦးဆွာလေအမတ် (၁၉၁၉-၁၉၈၉)

 


ပြည်နယ် ပြည်သူ့ကောင်စီဝင် ဆရာ ဦးဆွာလေအမတ် (၁၉၁၉-၁၉၈၉)


ဆရာဦးဆွလေအဟ်မတ် သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဘော်လီဘာဇား ဇာတိဖြစ်သည်။ ဖခင်မှာ အာမာန်အလီမျာဖြစ်ပြီး၊ မိခင်မှာစူရတုန်နီဆာ ဖြစ်သည်။ မွေးချင်း ၇ ယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ ဘော်လီမျိုးနွယ်စုမှ ဆင်းသက်လာ၍ ဆွာလေမာခ်ျထောရ်ဟု လူသိများသူတစ်ဦးဖြစ်သည်။ ဆရာသည် မြို့ပိုင် ဖရုတ်အမတ်နှင့် ယောက်ဖအရင်း တော်စပ်သည်။

ဆရာဦးဆွာလေအမတ်သည် ငယ်စဉ်က ဘော်လီဘာဇား အူရ်ဒူကျောင်းတွင် အခြေခံပညာကို သင်ယူခဲ့ပြီး အဆင့်မြင့်ပညာကို စစ်တွေ အင်္ဂလိပ်-ဗမာကျောင်းတွင် ဆည်းပူးတတ်မြှောက်ခဲ့သည်။ ဆရာဆွာလေအဟ်မတ်သည် ဘာသာရေးကိုင်ချိုင်းသူ ဖြစ်ပြီး အားကစား၌လည်း ဝါသနာကြီးသည်။ စည်းကမ်းသေဝပ်သူလည်း ဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ဘော်လီဘာဇား အမျိုးသားကျောင်းတွင် ကျောင်းဆရာအဖြစ် စတင်သင်ပြခဲ့သည်။ ဘော်လီဘာဇား အမျိုးသားကျောင်းကို အဆင့် မြင့်တင်ရန် ဆရာဆွာလေအမတ်၏ ရုန်းကန်အားထုတ်မှုက မနည်းလှချေ။ တပည့်သားများကို ခေတ်ပညာရေးဘက်တွင်သာမက ဘာသာရေးဘက်တွင်လည်း ကြံ့ခိုင်ဖွံ့ဖြိုးလာအောင် အပတ်တကုပ် ကြိုးစားခဲ့သူဖြစ်သည်။ " Din-dórmor súwan sará elom behazor" အဓိပ္ပာယ်- ဘာသာတရား ပဲ့နင်းမပါတဲ့ ပညာက အရာရောက်မှာ မဟုတ်ဘူး လို့ ဆရာ ဆွာလေအမတ်က တပည့်များကို မကြာခဏ ပြောဆိုဆုံးမလေ့ရှိခဲ့သည်ကို တပည့်တစ်ယောက်က သတိရရ ပြောပြခဲ့သည်။ ဆရာဦးဆွာလေအမတ်၏ ကျောင်းဆရာဘဝအတွင်း ပညာတတ်ပေါင်းများစွာ မွေးထုတ်ပေးခဲ့သည်။ ယနေ့ထက်တိုင် ဆရာကြီး၏ တပည့်များ ဂုဏ်ရောင်ဝင်းဝါလျက် သက်ရှိထင်ရှား ရှိနေသေးသည်။

ဆရာဦးဆွာလေအမတ်သည် ၁၉၇၄ ခု ပြည်နယ် ပြည်သူကောင်စီဝင်အဖြစ် မောင်တောမဲဆန္ဒနယ် (၉) မှ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများစွာ ဆောင်ရွက်ပေးခဲ့သည်။ ၁၉၇၉ ခုတွင် ဒုက္ခသည်များဆိုင်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချပေးရေး နှင့်စပ်လျဉ်း၍ အစိုးရမှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။



ဆရာဦးဆွာလေအမတ် တွင် သား(၃)ယောက်၊ သမီး (၃)ယောက် ထွန်းကားခဲ့သည်။ ဆရာသည် တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးကို ထမ်းရွက်ရင်း ၁၉၈၉ ခု အသက် (၇၀) တွင် ဇာတိမြေ ဘော်လီဘာဇား၌ ကွယ်လွန်ခဲ့ရှာသည်။

- လူထုဝဏ္ဏ

(၄-၁၀-၂၀၂၁)


#Well_Known_Rohingya

#SayaSalayAhmad

#RSF