Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label genocide docs. Show all posts
Showing posts with label genocide docs. Show all posts

Tuesday, February 25, 2025

မိတ္ထီလာ လူသတ်မှုဖြစ်စဉ် ဝမ်းဝမ်း ခေါ် အဘူဘကာရ်ရဲ့ မိခင့် ရင်တွင်း သောက



မိတ္ထီလာ လူသတ်မှုဖြစ်စဉ် ဝမ်းဝမ်း ခေါ် အဘူဘကာရ်ရဲ့ မိခင့် ရင်တွင်း သောက

😭😭😭😭


လွန်ခဲ့တဲ့ ၁၀ နှစ်က... 

အမေ့သားလေး ဒီချိန်မှာ မိတ္ထီလာလာမြို့ရဲ့ ရန်ကုန်မန္တလေး လမ်းမဘေးက ဇောက်ဇောက်လျောဂျိုင့်ကြီးထဲက မြက်ရိုင်းပင်တွေ လူတရပ်လောက်နဲ့ ရေသိုးရေပုပ်တွေရှိတဲ့ ဝက်လက်တောကြီးထဲမှာ ပုန်းနေခဲ့တာနော်။  

ရင်တွေလဲ နာကျင်ရလွန်းပါတယ်.... ဝမ်းဝမ်းရယ်....။

တစ်ခုခု စားမလို့ လက်နည်းနည်းပေရင်တောင် ချက်ချင်း လက်ဆေးပေးတဲ့ မေမေကြီးသား.... ဒီဝက်လက်တောမှာ ရေသိုးတွေ၊ ခြင်ရိုင်းတွေနဲ့နေခဲ့ရတာ တညလုံး...။ 


သားက ငယ်လွန်းပါသေးတယ်။ ၁၂ နှစ်၂ လလေ...။ 

မိုးလင်းခါနီး ဝေလီဝေလင်းမှာ သားတို့ပုန်းနေတဲ့နေရာကို အမျိုးဘာသာသာသနာကိုချစ်တဲ့ မျိုးချစ်အုပ်စုရောက်လာပြီး သားနဲ့အတူ သားသူငယ်ချင်းကျောင်းသားတွေကို တစ်ယောက်ချင်း စိန်ပြေလက်ပြေရိုက်သတ်နေခဲ့ကြတာ.... လူမြင်ကွင်းကြီးမှာ.... လူလယ်ခေါင်မှာ... သတ်ကွင်းကြီးတစ်ခုလိုပဲ။ ခေါင်းဖြတ်ပစ်ခံရတဲ့ခလေး မသေမချင်း အိက်ဇောပိုက်နဲ့ ရိုက်သက်ခြင်းခံခဲ့ရတယ်။ 

ဓားနဲ့အတုံးတုံး ပိုင်းခံရတဲ့ကလေးနဲ့ ကျောင်းသားဆရာလေးဆယ်ကျော် အစုလိုက်အပြုံလိုက်သတ်ပြီးကား တာယာနဲ့တခါတည်း မီးရှို့လက်စဖြောက်လိုက်ကြတာ...

မေကြီးသားလေးရဲ့ ပြာမှုန်လေးတောင် ပြန်မရခဲ့ဘူး။ ပြန်ရဖို့ အမေကြီးကြိုးစားခဲ့ပါတယ်... သားရယ်။ 

သားကိုမကြိုးစားဘဲ ပစ်ထားခဲ့တာ မဟုတ်ဘူး... သိလား။ ဘယ်လိုကြိုးစားကြိုးစား မရခဲ့လို့ပါ... မေကြီးကဖျောက်ပြီးစိက်ကိုနေခဲ့တယ်... မရဘူး... သားရယ်။


ခုတင်တာ သားကြီးရှိရင် ၂၂ နှစ်ပေါ့။ မေကြီးအားကိုးရပြီ။

သားနဲ့ပတ်သက်ပြီး အနာဂက်တွေ ပျောက်ခဲ့ရတယ်။


ငါ့သားအတွက် ရည်ရွယ်ပြီးရှေ့ဆက်မို့က အခုနာကျင်မှုတွေ သားရဲ့ပါးလေးကို ဝါးစစ်ပိက်နဲ့ရိုက်သက်လိုက်ကြတယ်။ သွေးအိုင်ထဲလဲရာကနေ ပြန်ထလို့ဆိုပြီး ခြေဖနှောက်အကြောကို ဓါးမြှောင်နဲ့ဖြတ်ပစ်ကြတယ်... ဘာလုပ်လို့လဲ.... 

အရွယ်က ကလေးလေးပါ။ အစ္စလာမ်ဖြစ်နေလို့ သတ်တာတဲ့လား။ ရက်စက်လိုက်ကြတာ.... လူတော်လူကောင်းတွေကို ရွေးပြီး သတ်ကြတာ...

ရက်ရက်စက်စက် သတ်ကြတာ... 

မေကြီးရင်ထဲ အမြဲလွမ်းရတာမို့ အမေကိုမငိုဖို့ ပြောပေမဲ့ သားစကားနားမထောင်ဘဲ ငိုနေတုန်းပဲ...ဝမ်းဝမ်းရယ်... သားကို ခဏေလေး ဖြစ်ဖြစ် တွေ့ခွင့်ရမို့ အိမ်မက်တွေမက်မို့အတွက် ဒိုအာတွေတောင်းနေရင်း။


— ဝမ်းဝမ်း အမေကြီး




😭😭😭😭😭😭😭         crd


https://www.facebook.com/share/p/QDnjVKtu64PCtkXF/?mibextid=xfxF2i


#Meikthillar_Massacre

Thursday, August 15, 2024

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"

 



"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"


လူသေအလောင်းပုံ ရာချီထဲမှာ အသက်ငင်နေသူ အမျိုးသမီးတစ်ဦး၏တောင်းပန်သံ၊ ညည်းသံဖြစ်ပါသည်။ လွန်ခဲ့သော ဩဂုတ်လ ၅ ရက်နေ့၊ မောင်တောမြို့ပေါ်က အသက်လုထွက်ပြေးလာခဲ့သော ရိုဟင်ဂျာများ စုဝေးခိုလှုံရာ ခြံစည်းရိုးအနီး နတ်မြစ်ကမ်းစပ်တွင် ဖြစ်သည်။ 

မိမိ၏ရပ်ရွာတွင် ရှော့တိုက်ဒုံးများ၊ ဒရုန်းဗုံးများဖြင့် တရစပ် တိုက်ခိုက်ခံနေရ၍ ရပ်ရွာထဲ၌ အသက်ရှင် နေနိုင်ရန် အခွင့်အလမ်း နည်းပါးနေသဖြင့် မြို့ပေါ်က ရိုဟင်ဂျာများသည် လယ်ဟာပြင်နေရာလည်း ဖြစ်၊ အခြေအနေမဟန်ခဲ့လျှင် တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံကို ချက်ချင်းကူးနိုင်ရန် အဆင်ပြေမည့် နေရာလည်းဖြစ်သည့် ကမ်းစပ်နေရာလေးမှာ အသက်လုပြေးလာကာ စုဝေးနေခဲ့ခြင်း ဖြစ်သည်။

အသက်ရှင်သန်ခွင့်ရရေး ရည်မှန်းချက်ဖြင့် ထွက်လာခဲ့သော်လည်း အသက်အန္တရယ်ကင်းမည်ဟု ယုံကြည်ခဲ့သော နေရာသည်ပင် သူတို့အတွက် လူသတ်ကွင်း ဖြစ်လာခဲ့၏။

ညနေ ၅ နာရီခွဲခန့်၌ မြောက်အရပ် ရွှေဇားကျေးရွာမှ ပျံသန်းလာခဲ့သော ဒရုန်းတစ်စင်းသည် လူစုလူဝေးတို့၏ အပေါ်၌ ဝဲနေရာ လူအုပ်စုသည် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။ ထိုဒရုန်း မြောက်အရပ်သို့ ပြန်သွားပြီး ခဏအကြာမှာပင် နောက်ထပ် ဒရုန်းနှစ်စင်း ရောက်လာခဲ့၏။ လူတိုင်း၏မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ဖုံးလွှမ်းနေပြီ။ ရင်တဒိတ်ဒိတ်။ 

"ဒိုင်း... ဒုန်း.... ဒုန်း... ဒိုင်း" 

ပေါက်ကွဲသံများ အဆက်မပြတ်။ လူအုပ်သည် ဝရုန်းသုန်းကား။ ဟိုပြေးသည်ပြေး။ ဦးတည်ရာမဲ့။ အချို့သည် ကုန်းဘက်သို့ ပြေးထွက်။ အချို့သည် မြစ်ရေထဲသို့ ခုန်ချ။ အချို့မှာ ပြေးခွင့်မသာဘဲ အခင်းနေရာမှာတင် လဲကျလူးလိမ့်နေလျက်။ မိဘက သားသမီး မရှာအား။ သားသမီးက မိဘ မရှာအား။ ပြေးချင်တာ ပြေးသွား။ ဘယ်သူဘယ်ရောက်နေမှန်းမသိ။ တကယ်ပင် ကမ္ဘာပျက်သည့်အလား။

ဒရုန်း နောက်ထပ်ဘယ်နှစင်း ရောက်လာခဲ့သလဲ။ ပေါက်ကွဲသံများ ဘာလို့ မနားတမ်း ဟိန်းနေတာပါလိမ့်။

သေနတ်ပစ်ခတ်သံများရော ဘယ်အရပ်က ထွက်လာတာပါလိမ့်။

အမိုးအကာ မရှိသောနေရာ။ ထောင်ချီသော အရပ်သားသက်သက် လာစုဝေးခဲ့သောနေရာ။ သည်လိုနေရာမျိုးကို တစ်ခုခု ပစ်ခတ်ဖို့ ဘယ်လက်နက်ကိုင်အဖွဲ့ဖြစ်ဖြစ် ရှောင်ရှားမည်ဟု ယုံကြည်ခဲ့သော်ငြားလည်း လက်တွေ့မှာ ဖြစ်မလာခဲ့ပေ။ 

ဘေးကင်းမည့်ဟု ရွေးချယ်ခဲ့သော ထိုနေရာသည်ပင် ယခုတော့ ပေါက်ကွဲသံ၊ လူအုပ် အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံများဖြင့် ပြည့်နှက်နေလေ၏။ အော်သံများထဲတွင် ''လူထောင်ချီ ပါသွားပြီဟေ့။....  ငါ့အမေ အသတ်ခံလိုက်ရပြီ။....  ဟိုလူ့မိသားစု အကုန် ထိကုန်ပြီကွာ။....  ငါ့မိသားစု ရှာမရတော့ဘူး။" စသော စသော အသံများ။ နားမချမ်းဖွယ်ပင်။

နေမင်းသည် နတ်မြစ်ကို ကျောခိုင်း၍ အနောက်ဘက်သို့ တိမ်မြုပ်သွား၏။ အမှောင်ထုဖုံးလွှမ်းနေသည့် ထိုနေရာတစ်ဝိုက်မှာမူ​ပေါက်ကွဲသံ၊ အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံတို့မှာ အချိန်အတော်ကြာကြာပင် မတိတ်မဆိတ် ဆူညံလို့နေခဲ့၏။


(၂) 

အချိန်ကား ည ၃ နာရီ။ ပေါက်ကွဲသံများ မကြားရသော်လည်း ငိုသံနှင့်ညည်းသံတို့မှာမူ ကြားနေရဆဲပင်။ ပင်လယ်ကမ်းစပ်နား ခြံစည်းရိုးတစ်ဝိုက်က လူများ၏ တိုးတိုးတိတ်တိတ်နှင့် ပြောဆို​နေသံကိုလည်း အမှောင်ထုက ဖုံးလွှမ်းနိုင်စွမ်းမရှိ။ အချို့က လက်နက်ထိမှန်၍ ခန္ဓာကိုယ် ပုံပန်းပျက်သွားသော မိမိ၏မိသားစုဝင်များအနီးတွင် ယိုင်လဲ ငိုကြွေးလျက်။ အချို့ကမူ မသေဘဲ အသက်ငင်နေသူကို ဘာအကူအညီမှ မပေးနိုင်၍ ဖက်ထားရင်း ငိုကြွေးလျက်။ အချို့ကမူ ဒဏ်ရာရ မိသားစုဝင်များကို စက်လှေပေါ်တင်ပေးနိုင်ရန် ဟိုပြေးသည်ပြေးလုပ်နေလျက်။ 

ရဟိမ်းတို့မိသားစုသည် ကံကောင်းထောက်မစွာ အသက်ဆုံးရှုံးမှု မဖြစ်ခဲ့သော်လည်း သည်မွေးမြေမှာ မနက်ဖြန်အထိ နေထိုင်ရန်မှာ အသက်အာမခံချက်မရှိကြောင်း ခံစားလာ၏။ ထို့ကြောင့် ရက်မကူးဘဲ သည်ညမှာပင် တစ်ဘက်နိုင်ငံသို့ ကူးသွားနိုင်ရန် လှေငယ်တစ်စီး စီစဉ်လိုက်သည်။ 

ည ၃ နာရီခွဲသို့ရောက်လျှင် ရဟိမ်းတို့မိသားစုသည် ညအမှောင်ထုတွင် ကမ်းစပ်ကို ရင်တဒိတ်ဒိတ်နှင့် ရောက်လို့လာခဲ့သည်။ ကမ်းစပ်ကိုလာရာ လမ်းတစ်လျှောက်မှာ လူသေအလောင်းများ ထူထပ်နေလျက်။ လူသေအလောင်များကြားတွင် မသေဘဲ အသက်ငင်နေသူများ။ 

- "ကျွန်မကို ရေ နဲနဲလောက် တိုက်ပါလား"

- "သားရေ ဘယ်ရောက်နေတာလဲ... အမေ သေတော့မယ်"

- "အို့... အား ... အင်း...'' စသော အကူအညီတောင်းသံ၊ ညည်းနေသံတို့ကို ကြားရသော်လည်း ရဟိမ်းတို့မှာ လှည့်မကြည့်အားပေ။ သည်နေရာလေးကို ရနိုင်သမျှ​ခပ်မြန်မြန် ကျော်ဖြတ်ခဲ့ရလေ၏။

ရခိုင်သုသာန်အလွန် ပုစွန်ကန်တာတစ်ခုကို ကျော်ဖြတ်နေခိုက် ခြေချစရာ နေရာမရှိ။ တာတစ်လျှောက် လူသေအလောင်းများသာ ပြည့်နှက်နေ၏။ ရဟိမ်းတို့သည် ထိုတာကို​ဖြတ်၍လာနေချိန် လူသေအလောင်းများကို တစ်ခါတစ်ခါ နင်း၍ ဖြတ်နေရသည်။ ထိုအချိန်တွင် တာပေါ်မှာ လဲလျောင်းနေသော အမျိုးသမီး​ကြီးတစ်ဦးသည် အတော်အားယူ၍ပြောသော အသံမျိုးဖြင့် - 

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူ၍ ပြောလိုက်သည်ကို ကြားရလျှင် ရဟိမ်း၏ နှလုံးသားမှာ တစ်စစီအက်ကွဲသွားလေ၏။

သို့သော်လည်း ရဟိမ်းသည် မိသားစုနှင့်အတူ လှေဆိုက်နေရာ ကမ်းစပ်သို့သာ အမြန်သွားရတော့မည်။ နတ်မြစ်ရေပြင်မှ ရောင်ပြန်ဟပ်နေ​သော အလင်းကိုသာ အားကိုး၍ လျှောက်လာရတော့သည့်အခါ မိမိ၏ ခန္ဓကိုယ်ပင် မနည်းပြန်ထိန်းနေရသည်။ ထိုအခိုက်မျိုးမှာ မည်သူ့ကို ရဟိမ်းကူညီနိုင်မည်နည်း။ နောက်ပြီး လက်နက်ကြီးများ မည်သည့်အချိန်၌ လာပေါက်ကွဲမည်ကိုလည်း မည်သူမှ မသိနိုင်။ အလွန်ပင် အန္တရာယ်များနေသော နေရာလေးမှာ ရဟိမ်းတို့မိသားစု ကြာကြာမနေချင်တော့ပေ။

သုသာန်အလွန်က ပုစွန်ကန်တာမှ လျှောက်လာကာ ရဟိမ်းတို့သည် ခြံစည်းရိုးအထိ ရောက်လာသည်။ ခြံစည်းရိုးကိုကျော်လျှင် ကမ်းစပ်ကို ရောက်သည်ပင်။

ကမ်းစပ်ကို ဖြတ်ပြီး လှေပေါ် တက်ထိုင်ပြီးမှသာ ရဟိမ်းတို့ ခဏလောက် စိတ်သက်သာရလေသည်။ သို့သော် ရဟိမ်း၏နားထဲတွင်မူ... 

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူသော အမျိုးသမီးကြီး၏ အသံမှာ ထပ်ခါထပ်ခါ ပဲ့တင်ထပ်လို့နေလေ၏။ 

မသေသေးပါဘူးဟု အားယူ၍ ပြောခဲ့သော အမျိုးသမီးသည် တစ်စုံတစ်ဦး၏အကူအညီဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံကိုရောက်၍ ဆေးကုသခွင့်ရနေသလား။ တကယ်ပင် မသေဘဲ အသက်ရှင်ခဲ့သလား။ ကူသူပေါ်မလာ၍ လူရာချီတို့နှင့်အတူ ထာဝရအတွက် အိပ်ပျော်သွားခဲ့သလား။ မနက်အထိ အသက်ရှင်၍ မိသားစုဝင်တစ်ဦးဦးနှင့် ပြန်တွေ့ခွင့်ရခဲ့သလား။ 


ရဟိမ်း၏အတွေး၌ ''သလား'' ပေါင်းများစွာ ....။ 


RYanLinn 


[ဩဂုတ်လ ၅ ရက်နေ့၊ အေအေ၏ဒရုန်းလက်နက်၊ ရှော့တိုက်ဒုံး တိုက်ခိုက်ခံရ၍ နတ်မြစ်ကမ်းစပ်အနီး အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရသည့်ဖြစ်စဉ်ကို ဩဂုတ်လ ၆ ရက်နေ့ မနက် သွားရောက်ရိုက်ကူးခဲ့သည့် ဗီဒီယိုမှတ်တမ်းထဲက တစ်ခုဖြစ်ပါသည်။]



Monday, August 5, 2024

ဒေါက်တာကာမာလ် ကွယ်လွန် (၁၉၄၃-၂၀၂၄)

 

ဒေါက်တာကာမာလ် ကွယ်လွန် (၁၉၄၃-၂၀၂၄)


မောင်တောမြို့၏ အထင်ကရ ဆရာဝန် ဒေါက်တာကာမာလ် သည် ဩဂုတ်လ ၄ ရက်နေ့ ည ၇း၃၀ နာရီခန့်တွင် ရခိုင်လက်နက်အဖွဲ့ #AA က အရပ်သားများကို ပစ်မှတ်ထား ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


ဒေါက်တာကာမာလ်သည် ဆရာဟာဆောင်းအာလီ၏ သားဖြစ်ပြီး မောင်တောမြို့ အမှတ် (၂) ရပ်ကွက် ဖေဇီရွာတွင် နေထိုင်သည်။ ရန်ကုန်မှ MBBS ဆရာဝန်ဘွဲ့ ရရှိထားကာ မောင်တောဒေသခံများကို ဆေးဝါးကုသမှုဖြင့် နှစ်ပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သူဖြစ်သည်။  ဒေါက်တာသည် မောင်တောမြို့၏ ထင်ရှားသော ဇီဝဗေဒပြဆရာ ဆရာဦးဇော်ဇော်လတ် ၏ ဖခင်ဖြစ်သည်။ ဆရာဇော်ဇော်လတ်လည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


#well_known_Rohingya

Sunday, February 11, 2024

ရခိုင်ပြည်နယ် တိုက်ပွဲများတွင် ရိုဟင်ဂျာများ အန္တရာယ်ကြီးကြုံတွေ့နေရ



ရခိုင်ပြည်နယ် တိုက်ပွဲများတွင် ရိုဟင်ဂျာများ  အန္တရာယ်ကြီးကြုံတွေ့နေရ

ဖေဖော်ဝါရီ ၉၊ ၂၀၂၄| HRW

ဘန်ကောက်| ရခိုင်ပြည်နယ်တွင် ပြီးခဲ့သောသီတင်းပတ်များအတွင်း တိုက်ပွဲများ တဟုန်ထိုးမြင့်တက်လာခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးမှု များပြားနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က ဒီကနေ့ ပြောဆိုပါသည်။ မြန်မာစစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရခိုင့်တပ်တော်တို့ အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ရိုဟင်ဂျာနှင့် အခြားအရပ်သားများ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ချက်ချင်း ဆောင်ရွက်သင့်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာ့စစ်တပ်နှင့် ရခိုင့်တပ်တော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ ရခိုင်ပြည်နယ်တွင် တစ်နှစ်တာ တရားဝင်မဟုတ်သော အပစ်အခတ်ရပ်စဲရေး ပြီးဆုံးခဲ့သည်။ ဘူးသီးတောင်မြို့နယ် တောင်ဘက်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာများတွင် တပ်စွဲထားသည့် ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ တိုက်ခိုက်ခဲ့ရာ အရပ်သားများသေဆုံးပြီး အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ဒေသခံများ၊ ရိုဟင်ဂျာများနှင့် သတင်းမီဒီယာများထံမှ သိရှိရသည်။ ယခင်အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ရခိုင်ပြည်နယ်တွင် လူပေါင်း တစ်သိန်းကျော် ထပ်မံပြောင်းရွှေ့ခံခဲ့ရကြောင်း သိရသည်။

“မြန်မာစစ်တပ်နဲ့ အတိုက်အခံလက်နက်ကိုင်အင်အားစုတွေက အရပ်သားတွေ သေဆုံးဒဏ်ရာရမှု၊ အိုးအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးမှု အနည်းဆုံးဖြစ်အောင် တတ်နိုင်သမျှ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပျက်စီးသွားတဲ့ ရိုဟင်ဂျာရွာတွေဟာ ထပ်မံ တိုက်ခိုက်ခံရမယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။” ဟု  Human Rights Watch မှ အာရှသုတေသီ Shayna Bauchner က တိုက်တွန်းခဲ့သည်။

ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာအများစုနေထိုင်တဲ့ ရွာပေါင်းတစ်ဒါဇင်ကျော်နဲ့ဖွဲ့စည်းထားတဲ့ ဖုန်ညိုလိပ်ကျေးရွာအုပ်စုမှ မျက်မြင်သက်သေ ကိုးဦးက "ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေက နီးစပ်ရာ စစ်ကောင်စီဌာနချုပ်ကို သိမ်းပိုက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဇန်နဝါရီလနှောင်းပိုင်းလောက်က အဲဒီရွာကို ဝင်ရောက်လာတယ်"လို့ ပြောဆိုပါတယ်။ စစ်ကောင်စီစစ်တပ်ကလည်း တိုက်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် မြေပြင်ထိုးစစ်ဆင်ခြင်းများဖြင့် ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။

“ရခိုင့်တပ်တော်က ကျနော်တို့ရွာထဲကို ရုတ်တရက်ဝင်လာပြီး ရွာတဝိုက်မှာ တပ်ဖြန့်လာခဲ့တယ်” ဟု အသက် ၃၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။ “သိပ်မကြာခင်မှာပဲ ကျနော်တို့ရွာမှာ အမြောက်ကျည် ၃ လုံး ကျသွားတယ်။ ဈေးအတွင်း အမြောက်ကျည်တစ်လုံး ပေါက်ကွဲခဲ့ရာ လူလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်။ နောက်ထပ် ကျည်ဆန် ပေါက်ကွဲမှုကြောင့် လူခြောက်ဦး ဒဏ်ရာရခဲ့ပြီး တတိယတစ်လုံး ပေါက်ကွဲရာမှာ လူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်။" လက်နက်ကိုင်အဖွဲ့တို့ ရွာကိုခြေကုပ်တိုက်ခိုက်ခြင်းသည် ရွာသားများအတွက် လုံခြုံမှုမရှိဟု ရွာသားများက ရက္ခိုင့်တပ်မတော်ကို ပြောကြားသောအခါ တပ်ဖွဲ့ဝင်များက ၎င်းတို့ အမိန့်ရရှိပါက ထွက်ခွာမည်ဟု တုန့်ပြန်ပြောဆိုခဲ့သည်။ “ကျွန်တော်တို့ ရိုဟင်ဂျာတွေဟာ အဖွဲ့နှစ်ဖွဲ့အကြား သေပေးနေရ၊ အဖမ်းခံနေရတယ်” ဟု ရွာသားတစ်ဦးက ဆိုသည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် တိုက်ပွဲများအတွင်း ရိုဟင်ဂျာအရပ်သား ၁၂ ဦးမှ ၂၄ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက အစီရင်ခံတင်ပြထားသည်။ အိမ်ခြေပေါင်း ရာကျော် ပျက်စီးခံရသည်ဟု ခန့်မှန်းရကြောင်း ရိုဟင်ဂျာလှုပ်ရှားသူများက ပြောကြားသည်။ “ ဇန်နဝါရီ ၂၆ ရက် သောကြာနေ့ မနက်မှာ စစ်တပ်က အရှိန်မြင့်ထိုးစစ်ဆင်ခဲ့တယ်။ ကျနော့်ဝမ်းကွဲညီတစ်ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျနော့်မိသားစုဝင် အားလုံးနီးပါး ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတယ်။ ကျနော့်အစ်ကိုကတော့ ပြန်လည်သက်သာလာဖို့အတွက် ရုန်းကန်နေရတုန်းပဲ။ သူ့ခန္ဓာကိုယ်ထဲက ဗုံးအပိုင်းအစတစ်ခု အခုထိ မဖယ်ရှားနိုင်သေးချေ။” ဟု ရွာသားတစ်ဦးက ပြောသည်။

အသက် (၆၆)နှစ်အရွယ် ရွာသားတစ်ဦးက “အမြောက်ကျည်ထိမှန်ပြီး ကျနော့်သား သေဆုံးခဲ့ရတယ်။ အနီးတဝိုက်မှာ အသုဘပွဲ ဒါဇင်နဲ့ချီရှိနေတယ်။ ဒါပမယ့် ကျနော့်သားရဲ့ ဈာပနကို ကျနော်ပဲ ပြုလုပ်ဝံ့ခဲ့တာဖြစ်တယ်။ သူက အသက် ၄၂ နှစ်ရှိပြီး ကလေးငါးဦးရဲ့ ဖခင်ဖြစ်သည်" ဟု ဆိုသည်။

အသက် ၄၂ နှစ်အရွယ် အခြားရွာသားတစ်ဦးက “တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့အလောင်းတွေကို စောင်နဲ့ထုပ်ထားပြီး ကျနော်တို့ရွာကနေ ထွက်သွားခဲ့ရတယ်။ ငါး-ခြောက်နာရီလောက်ကြာပြီးတော့ မြေမြှပ်သင်္ဂြိုလ်ဖို့ ရွာကို ပြန်သွားရတယ်”ဟု ဆိုသည်။

ဘူးသီးတောင်မြို့ရှိ ဆေးရုံနှင့် ဒေသခံ ဆေးခန်းများတွင် ကုတင်များအားလုံး ပြည့်နေပြီး လူနာလက်ခံမှု ရပ်တန့်သွားကြောင်း ရိုဟင်ဂျာရွာသားများက ရင်ဖွင့်ခဲ့သည်။ ဆေးခန်းများတွင် ဆေးထောက်ပံ့ရေးပစ္စည်းများ နည်းပါးနေပြီး ထိခိုက်ဒဏ်ရာရလူနာများကို ကုသခ အဆမတန် ကောက်ခံလျက်ရှိသည်။

ဒေသခံအချို့ကမူ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် ၎င်းတို့၏ရွာအား ရမ်းရမ်းကားကား ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။ “စစ်တပ်က ရခိုင့်တပ်တော်ကို ပစ်မှတ်ထားနေတာ သက်သက် မဟုတ်ဘူး။ သူတို့က ရွာတစ်ရွာလုံးကို ပစ်သတ်ဖို့ သူတို့ရဲ့ ရဟတ်ယာဉ်တွေကို သုံးနေကြတာ ဖြစ်တယ်" ဟု အသက် ၄၇ နှစ်အရွယ် ရိုဟင်ဂျာရွာသားတစ်ဦးက ပြောကြားသည်။

လူအများအပြားသည် အနီးအနားရှိ ကျေးရွာများတွင် ခိုလှုံရန် တိမ်းရှောင်ခဲ့ကြသော်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့မှု အနည်းငယ်သာ ရရှိကြပြီး လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့လည်း မရရှိသေးပေ။ “ကျနော့်မိသားစု ၂၅ ယောက် အိုးမဲ့အိမ်မဲ့ တကွဲတပြားဖြစ်သွားတယ်။ ကျွန်ုပ်တို့သည် အစားအသောက်နှင့် အမိုးအကာ မရေမရာ နေ့ရက်များ ဖြတ်သန်းကြရသည်။” ဟု ရွာသားတစ်ဦးက ပြောသည်။ ရိုဟင်ဂျာမိသားစုများသည် စားနပ်ရိက္ခာ လျော့နည်းလာပြီး လယ်ကွင်းများတွင် မရိတ်သိမ်းရသေးသောသီးနှံများ ပျက်စီးလာမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။

ဖေဖော်ဝါရီ လဆန်းပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေသည်။ ဖုန်ညိုလိပ်ကျေးရွာတွင် ရှိနေသော ရွာသားများနှင့် ဖေဖော်ဝါရီ ၁ ရက်နေ့က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် နောက်ခံ၌ သေနတ်သံများနှင့် ပေါက်ကွဲသံများ ကြားနေရသည်။

“ရွာထဲကို ဘယ်သူမှ မဝင်ရဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတဲ့အတွက် ပြန်သွားဖို့ မလုံခြုံသေးဘူး။ ဘူးသီးတောင်မြို့နယ်မှာ အင်တာနက် လုံးဝပြတ်တောက်နေပါတယ်။ တစ်နေ့လျှင် နှစ်နာရီကြာ ဖုန်းခေါ်ဆိုနိုင်သော်လည်း လိုင်းပျက်သွားသောကြောင့် ဖုန်းခေါ်ဆိုမှု မရနိုင်တော့ပါ။ ဘယ်ဆိုင်တွေမှ ဖွင့်လို့မရဘူး၊ အားလုံးပိတ်ထားတယ်။ အာဏာပိုင်တွေရော့ ကုလသမဂ္ဂ၊ နိုင်ငံတကာ အေဂျင်စီတွေရော ငါတို့ကို ကူညီဖို့ ဘယ်သူမှ မလာကြဘူး” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ အရပ်သားများအတွက် အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။ ယင်းက စစ်ရာဇဝတ်မှုမြောက်တဲ့ စုပေါင်းပြစ်ဒဏ်ခတ်ခြင်းမျိုး ဖြစ်သည်။ စစ်တပ်သည် အဓိက ကုန်းလမ်းများနှင့် ရေလမ်းများကို ပိတ်ဆို့ထားပြီး စစ်ဘက်မဟုတ်သော ထောက်ပံ့ရေးပစ္စည်းများကိုပါ ဖျက်ဆီးကာ အကူအညီပေးရေး ဝန်ထမ်းများကို ပြင်းထန်စွာ ကန့်သတ်မှုများ ချမှတ်ကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကိုလည်း ပိတ်ပင်ထားသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်း Médecins Sans Frontières (MSF) မှ ရခိုင်ပြည်နယ်အတွင်း ၎င်းတို့၏ ရွေ့လျားဆေးခန်း ၂၅ ခုကို အာဏာပိုင်များက တားဆီးထားသည်။ ယင်းသည် ပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်ဟု သတိပေးထားကြောင်း ဇန်နဝါရီ ၁၆ ရက်က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်အစိုးရက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး ကပ်ဆိုးကြီးထဲသို့ တွန်းပို့ခဲ့သည်။ စစ်အစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ချိုးဖောက်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုတွေ သက်ရောက်သည်။ 

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ရိုဟင်ဂျာ ၆ သိန်း ခန့်သည် စခန်းများနှင့် ကျေးရွာများတွင် အသားအရောင်ခွဲခြားမှုစနစ်ဖြင့် ကန့်သတ်ချုပ်ချယ်ထားသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထောင်နှင့်ချီသော ရိုဟင်ဂျာများကို “တရားမ၀င် ခရီးသွားလာမှု” ဖြင့် ဖမ်းဆီးထားသည်။ ”  ထို့အပြင် သွားလာခွင့် ကန့်သတ်ချက်အသစ်များ ချမှတ်ထားပြီး အကူအညီများ ပိတ်ဆို့ထားသည်။ ထို့ကြောင့် ရိုဟင်ဂျာများသည် လက်နက်ကိုင် ပဋိပက္ခတွင် အထူး ထိခိုက်လွယ်သည်။

ဒီဇင်ဘာလမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အခြားရိုဟင်ဂျာကျေးရွာများတွင် အရပ်သားသေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်ဥပဒေများသည် အရပ်သားများနှင့် တိုက်ပွဲဝင်သူများအကြား ရမ်းကား တိုက်ခိုက်မှုများကို တားမြစ်ထားသည်။ လူနေထူထပ်သောမြို့၊ ကျေးရွာများကို စစ်ရေးရည်မှန်းချက်တစ်ခုတည်း သဘောထားကာ ဗုံးခွဲမှုများကို အရမ်းကာရော အပြုအမူအဖြစ် တားမြစ်ထားသည်။ ပဋိပက္ခတွင် ပါဝင်သူများသည် အရပ်သားများ၏ အသက်ဆုံးရှုံးမှုနှင့် အရပ်သားများ၏ ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးမှုကို မဖြစ်အောင် ရှောင်ရှားရန် ဖြစ်နိုင်ချေရှိသော ကြိုတင်ကာကွယ်မှုများအားလုံးကို အမြဲဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်ပါသည်။ စစ်တိုက်နေသောအဖွဲ့များသည် အတတ်နိုင်ဆုံး ၎င်းတို့၏တပ်ဖွဲ့များကို လူနေထူထပ်သောနေရာများတွင် တပ်ဖြန့်ခြင်းမှ ရှောင်ကြဉ်သင့်သည်။

သူတို့က နှစ်ဖွဲ့စလုံး၏ ဖမ်းဆီးခြင်းကို ခံနေရသည်ဟု ရိုဟင်ဂျာအများအပြားက ဆိုသည်။ “စစ်တပ်နဲ့ စကားပြောရင် ရခိုင်တပ်က ကျနော်တို့ကို မသင်္ကာဖြစ်တယ်။ ဒါပေမယ့် တပ်မတော်အစိုးရက ကျနော်တို့နဲ့ ရက္ခိုင့်တပ်မတော်ကြား ဆက်စပ်မှုတစ်စုံတစ်ရာ တွေ့ခဲ့ရင် ရိုဟင်ဂျာတွေကို သတ်ပစ်မှာ သေချာတယ်”ဟု ရွာသားတစ်ဦးက ပြောသည်။  "ရခိုင့်တပ်တော်က နယ်မြေအပြည့်အဝ ထိန်းချုပ်နိုင်တာနဲ့ ရိုဟင်ဂျာတွေကို လုံခြုံရေးပေးမယ်လို့ ကတိပြုထားပေမယ့် လက်ရှိအချိန်အထိ စားနပ်ရိက္ခာနဲ့ တခြားထောက်ပံ့မှုတွေကို အတင်းသိမ်းယူဖို့ ကြိုးစားနေတယ်"ဟု သူက ဆက်လက်ပြောကြားသည်။

နယ်စပ်အနီးတိုက်ပွဲများသည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲသို့ပင် လျှံထွက်ခဲ့ပြီး မော်တာကျည် ပစ်ခတ်မှုကြောင့် အသေအပျောက်များ ဖြစ်ပွားခဲ့သည်။ ဩဇာကြီးမားသော နိုင်ငံခြားအစိုးရများသည် မြန်မာနိုင်ငံတွင် ဆိုးရွားနေသော အကျပ်အတည်းကို အရေးတကြီး တုံ့ပြန်သင့်သည်ဟု Human Rights Watch က ပြောသည်။

“နိုင်ငံခြားအစိုးရတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေအပေါ် ကျရောက်နေတဲ့ အန္တရာယ်တွေအပေါ် သူတို့ရဲ့ စိုးရိမ်မှုတွေကို ကျယ်လောင်စွာ ဖော်ပြသင့်ပါတယ်။ စစ်ကောင်စီအစိုးရအနေနဲ့ ဆက်သွယ်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိတ်ဆို့ထားမှုကို ချက်ချင်းရုတ်သိမ်းပြီး သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်းမှ ရပ်တန့်ဖို့ လိုပါတယ်" ဟု Bauchner က ပြောကြားခဲ့သည်။

နတ်မျက်စိ ဘာသာပြန်သည်။

* Human Rights Watch Report 

https://www.hrw.org/news/2024/02/09/myanmar-rohingya-risk-rakhine-fighting

Tuesday, August 29, 2023

ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ

 

ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ 


" ဒီပြသနာကို ၁၈ လအတွင်း ဖြေရှင်းပေးဖို့ ကျမတို့ကို မျှော်လင့်တာက နည်းနည်း ယုတ္တိမတန်ပါဘူး။ .... ရခိုင်ပြည်နယ်က ဒီအရေးဟာ ဆယ်စုနှစ်များစွာကတည်းက ရှိလာခဲ့တာပါ။ ကိုလိုနီခေတ်မတိုင်ခင်ကပင် ဒီပြသနာ ရှိနေတယ်။ .... "

အထက်ပါစကားဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ပြောကြားခဲ့တဲ့ Asian News International နဲ့အင်တာဗျူးတစ်ခုကနေ ကောက်နုတ်ထားခြင်းဖြစ်ပါတယ်။။ 

ဒေါ်စု ပြောလိုတာက ဒီရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်မတိုင်ခင်ကပင် ရှိလာခဲ့တဲ့ ပြဿနာဖြစ်တယ်။ ယခင်အစိုးရတွေက မဖြေရှင်းပေးခဲ့လို့ ယနေ့ထိ သက်ဆိုးရှည်လာတာ…လို့ ယခင်အစိုးရတွေကို အပြစ်တႏ်းပုံချတာပဲ ယူဆတယ်။ တကယ်တမ်းတော့ ဒေါ်စုရဲ့ ဒီမှတ်ချက်စကားက ကျပ်ပြည့် မှန်ကန်မှုမရှိဘူးဗျာ။ စစ်အာဏာရှင်တွေကို အကာအကွယ်ပေးနေသလို ဖြစ်နေတယ်။ ရိုဟင်ဂျာတွေကို မတရားနှိပ်စက်ချုပ်ချယ်နေတဲ့ပြဿနာက တကြော့ပြန်ဖြစ်လာတဲ့ ပြဿနာဖြစ်တယ်။ အရင်က ရခိုင်ပြည်အရေးကို နိုင်ငံတော်အဆင့်  မျှမျှတတဖြေရှင်းပေးခဲ့တဲ့ အစိုးရလဲ ရှိခဲ့တယ်ဆိုတာ ဒေါ်စုကြည် မေ့လျော့နေသလို ထင်ရပါတယ်။ အဲ့ဒီခေတ်က ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းဖြေရှင်းပေးမှုကြောင့် ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခဟာ လုံးဝဖြေရှင်းသွားခဲ့ပြီး ရခိုင်ပြည်ဟာ နိဗ္ဗာန်လောကလို အေးချမ်းသာယာသွားခဲ့ဖူးတယ်။ အဲဒါကို စာဖတ်ပရိသတ်တွေသိအောင် နည်းနည်းတင်ပြပါရစေ။ 

မြန်မာပြည် လွတ်လပ်ရေးရရှိခဲ့တဲ့အခါ လွတ်လပ်ရေးကြေညာစာတမ်းမှာ ဒီဗမာပြည်ဟာ လူတစ်စုတစ်ယောက်ရဲ့ အမွေဆိုင်ပစ္စည်း မဟုတ်ကြောင်း၊ ဒီပြည်အတွင်း မှီတင်းနေထိုင်တဲ့ ပြည်သူပြည်သားတို့ရဲ့ စုပေါင်းမြေဖြစ်ကြောင်း၊ တောင်တန်း မြေပြန့် မခွဲခြားဘဲ အားလုံးခွင့်တူတန်းတူညီမျှဖြစ်ကြောင်း ကြေညာခဲ့တယ်လေ။ ဒါပေမဲ့ နောက်ပိုင်းကာလမှာ ဘာသာရေးနဲ့ ရုပ်ရည်အသားအရောင်ကို အခြေခံ၍  ခွဲခြားအုပ်ချုပ်မှုတွေရှိလာခဲ့တယ်။ ၁၉၄၉ ခု ရခိုင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ နယ်စပ်စောင့်တပ် BTF ကို ဖွဲ့စည်းပြီး နယ်စပ်ဒေသကို ထိန်းသိမ်းလာတဲ့အခါ ရခိုင်ပြည်မှာ ယခင်လူမျိုးရေးပဋိပက္ခ(၁၉၄၂) အငွေ့အသက်ကြောင့် နယ်စပ်စောင့်တပ်က ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံ ညှဥ်းပမ်းနှိပ်စက်လာခဲ့ကြတယ်။ နိုင်ကျင့်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ နှိပ်စက်မှုတွေ တဖြေးဖြေး အရှိန်မြင့်လာခဲ့တယ်။ ဘာသာရေးကို အကြောင်းပြု၍ အစိုးရက ရခိုင်နဲ့ ရိုဟင်ဂျာကို တန်းတူသဘောမထားဘဲ ခွဲခွဲခြားခြား ဆက်ဆံလာတဲ့အခါ ရိုဟင်ဂျာအမျိုးသားအချို့က မခံမရပ်နိုင်ဘဲ ရရာလက်နက်ဆွဲကိုင်ကာ တော်လှန်ခဲ့ကြတယ်။ မတရား ဖိနှိပ်မှုများလာရင် ဆန့်ကျင်တော်လှန်ရေးက ရှိစမြဲပဲ။ ဒါက ဓမ္မတာတစ်ခုဖြစ်တယ်။ 

မတရားမှုကို ဆန့်ကျင်တဲ့ ရိုဟင်ဂျာအမျိုးသားလက်နက်ကိုင် တော်လှန်ရေးဟာ အစိုးရအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့တယ်။ ဦးနုအစိုးရက တပ်မတော်အင်အားနဲ့ ပြန်တိုက်ချေတယ်။ အောင်မြင်မှုတော့ ရရှိခဲ့တယ်။ ဒါပေမဲ့ အမြစ်ပြတ်သွားအောင် လုပ်ဖို့က မလွယ်ဘူး။ တစ်ဘက်က နှိမ်နင်းရင် တခြားတစ်ဘက်က ပြောက်ကျားတိုက်ပွဲတွေပြန်ပေါ်လာတော့တယ်။ ဒါ့အပြင် ရခိုင်ပြည်ရဲ့ အဓိကလူမျိုးစုနှစ်စုဖြစ်တဲ့ ရခိုင်နှင့် ရိုဟင်ဂျာ အကြားသင့်မြတ်မှုမရှိတာကလဲ အခါမသင့် ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်စရာရှိတယ်။ ပုစိပုစိ ပြသနာတွေ အနည်းအများ ဖြစ်တာလည်း ရှိခဲ့တယ်။ 

အဲဒီတုန်းက နောက်ပြသနာတစ်ချက်က ရခိုင်အမျိုးသားတွေက သီးခြားပြည်နယ်လိုချင်ကြတယ်။ အဲဒါကို ရိုဟင်ဂျာတွေက စိုးရိမ်ကြတာပေါ့။ လူမျိုးတစ်စုကို အမည်စွဲ၍ ရခိုင်ပြည်နယ်လို့ သီးခြားအမည်တွင်ပေးလိုက်ရင် ရိုဟင်ဂျာတွေက မတရားခံရမယ်။ ခွဲခြားနှိပ်စက်လာမယ်။ ဒါနဲ့ ရိုဟင်ဂျာတွေက ပြည်မနဲ့ပဲ ပေါင်းနေချင်ကြတယ်။ ဒါက အစိုးရအတွက်တော့ ခေါင်းခဲတဲ့ နောက်ထပ် စိန်ခေါ်မှုတစ်ခုပေါ့။ 

ဒီတော့ ဦးနုအစိုးရက ရခိုင်ပြည်အရေးမှာ အချက်သုံးချက်တွေ့လာတယ်။

(၁) လူမျိုးစု နှစ်စုအချင်းချင်း သင့်မြတ်မှု မရှိခြင်း

(၂) လက်နက်ကိုင်အဖွဲ့များ အုံကြွလာခြင်း

(၃) သီးခြားပြည်နယ် တောင်းဆိုမှုအပေါ် သဘောထားကွဲပြားခြင်း

စတဲ့ဟာတွေ ဖြစ်တယ်။ 

ဦးနုအစိုးရက အချိန်ဆွဲပြီး စုံစမ်းရေးကော်မရှင်တွေ အမျိုးမျိုးဖွဲ့စည်းကာ ပြဿနာရဲ့ ထိရောက်တဲ့အဖြေတစ်ခု ရှာဖွေဖို့ ကြိုးစားလာခဲ့တယ်။ လွှတ်တော်ထဲမှာ အချေအတင်ဆွေးနွေးတယ်။ ၁၉၄၉ ခု ဇူလိုင်လ ၃၀ ရက်မှာ ရခိုင်တိုင်းမင်းကြီးကို သဘာပတိအဖြစ်ထား၍ ရခိုင်အမျိုးသား ၃ ဦးနဲ့ ရိုဟင်ဂျာအမျိုးသား ၃ ဦး ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့ပြီးတော့ ကွင်းဆင်းလေ့လာစေခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင်လည်း ရခိုင်ပြည်မြောက်ပိုင်းသို့ ခရီးထွက်ကာ လေ့လာခဲ့တယ်။ နှစ်ဖက်အသိုင်းအဝိုင်း လူကြီးမိဘတွေနဲ့ တွေဆုံခဲ့တယ်။ ဒါတွေကနေ တစ်ဖက်နဲ့တစ်ဖက် အယုံအကြည် ကင်းမဲ့နေခြင်း၊ ခွဲခြားဆက်ဆံရေး အားသန်နေခြင်း၊ တန်းတူအခွင့်အရေး မျှတမှုမရှိခြင်းတို့ဟာ ပြဿနာရဲ့ မူလဇာတ်မြစ်ဆိုတာ တွေ့ရှိလာတော့တယ်။  

ဒီနေရာမှာ တစ်ခု သိထားရမှာက အဲဒီတုန်းက အခုလို ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေးကို ရုတ်သိမ်းမခံရသေးဘူး။ ဘယ်တိုင်းရင်းသားအုပ်စုကမှ ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ကြဘူး။  နိုင်ငံသား ရုတ်သိမ်းခံရတာက စစ်အာဏာရှင်အစိုးရ လက်ထက်ကဖြစ်တယ်။   

ကဲ့... ဒါနဲ့ ဦးနုအစိုးရရဲ့ ပထမခြေလှမ်းအဖြစ် ရိုဟင်ဂျာတွေကို မြန်မာ့ပြည်ထောင်စုသား တိုင်းရင်းသား တစ်စုအနေနဲ့ တန်းတူအခွင့်အရေးတွေ မပိုမေလျာ့ အတူတူခံစားခွင့်ရှိကြောင်း ကြေညာခဲ့တယ်။ ၁၉၅၄ ခု စက်တင်ဘာလ ၂၅ ရက် ညနေ ၈ နာရီ နိုင်ငံတော်အသံလွင့်ဌာနမှ ဝန်ကြီးချုပ်ဦးနုက "....စစ်တွေခရိုင်အတွင်း နေထိုင်ကြတဲ့ ပြည်ထောင်စုသားများမှာ များသောအားဖြင့် ရိုဟင်ဂျာအမျိုးသားများဖြစ်ကြပြီး မွတ်စလင်(မ်) များ ဖြစ်ကြပါတယ်" လို့ သူတို့ရဲ့အခွင့်အရေးဆိုင်ရာ မိန်းခွန်းပြောကြားခဲ့တယ်။

အလားတူ ၁၉၅၉ ခု အောက်တိုဘာလ ၃-၄ ရက်တွင် နိုင်ငံတော်ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေကလည်း "ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် ကဲ့သို့ပင် ရိုဟင်ဂျာလူမျိုးများသည်လည်း တိုင်းရင်းသားလူမျိုးတစ်မျိုး ဖြစ်ကြသည်။" လို့ ရိုဟင်ဂျာလူမျိုး၏ အခွင့်အရေးဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့တယ်။ ဒီခြေလှမ်းက ရခိုင်ပြည်ရဲ့ ပူခြိုက်ခြိုက်အခြေအနေမှာ လေပြည်ယူဆောင်လာခဲ့တယ်။

ဒုတိယခြေလှမ်းအနေနဲ့ ၁၉၆၁ ခု မေလ ၁ ရက်နေ့မှာ အစိုးရကဘိနက်ရဲ့ တညီတညွတ် ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာအများစု နေထိုင်တဲ့မယု​ဒေသကို ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ ပြီးတော့ တိုင်းရင်းသားတစ်စုအနေနဲ့  ရထိုက်ရသင့်တဲ့ အခွင့်အရေးတွေမှာ ချွက်ယွင်းနေတဲ့ဟာတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့တယ်။ ကျောင်းသုံးပြဌာန်းစာအုပ်တွေမှာ ဖော်ပြခြင်း၊ စွယ်စုံကျမ်းမှာ ဖော်ပြခြင်း(၁၉၆၄)၊ ၁၉၆၁ ခုနှစ် မေလ ၁၅ ရက်မှာ ရိုဟင်ဂျာဘာသာစကားနဲ့  ဗမာ့အသံကနေ ရေဒီယိုအသံလွင့်ခြင်း၊ အစိုးရလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ တန်းတူညီမျှ အလုပ်ခန့်ခြင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ပေးခြင်း၊ ရိုဟင်ဂျာ ရိုးရာယဥ်ကျေးမှုတွေကို အမြတ်တနိုးပြသခွင့်ပေးခြင်း စတဲ့ အခွင့်အရေးတွေကို ဘယ်ကန့်ကွက်မှုတစ်မတ်တစ်စေ့မှ မရှိဘဲ တညီတညွတ်တည်း ဖော်ဆောင်ပေးခဲ့ကြတယ်။ 

အစိုးရရဲ့ ဒီဗျူဟာကျကျဖြေရှင်းချက်က ဘယ်လောက်အထိ ထိရောက်ခဲ့သလဲဆိုရင် မီးတဟုန်းဟုန်း တောက်နေတဲ့ ရခိုင်ပြည်ကြီးဟာ ငြိမ်သက်သွားပြီးတော့ လုံးဝအေးချမ်းသာယာ သွားခဲ့တယ်။ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ (မူဂျာဟစ် = စစ်သူရဲ )တွေမှာလဲ လက်နက် ကိုင်ထားစရာ အကြောင်းမရှိတော့ဘူး။ တိုင်းပြည်က အေးချမ်းသွားပြီလေ။ ဒီတော့ လက်နက်ကိုင်အဖွဲ့တွေကလည်း ၁၉၆၁ ခု ဇူလိုင်လ ၄ ရက်မှာ တစ်သုတ်၊ ၁၉၆၁ ခု နိုဝင်ဘာလ ၁၅ ရက်မှာတစ်သုတ် ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီး၊ ဒုဗိုလ်မှူးကြီးကျော်စိုး၊ ရခိုင်တပ်ပေါင်းစုမှူးချုပ် ဒုဗိုလ်မှူးကြီးရဲခေါင်နဲ့ ဒုတပ်ရင်းမှူးဗိုလ်မှူးအံ့ကြွယ်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီ သန်းဖေစတဲ့ တပ်မတော်အရာရှိကြီးတွေလက်အောက်တွင် အေးအေးချမ်းချမ်း လက်နက်ချကာ အလင်းဝင်လာခဲ့ကြတယ်။ လက်နက်ချအခမ်းအနားတွေကို အုတ်အုတ်ကြားကြား ကျင်းပခဲ့တယ်။ လက်နက်ကိုင်အဖွဲ့လည်း မရှိတော့ဘူး။ စစ်ပွဲစစ်မက်တွေလည်း နိဂုံးချုပ်ခဲ့လေပြီ။ အနောက်ဝေဟင်ကောင်းကင်မှာ လေပြည်တွေ သန်းလာခဲ့တယ်။ တပ်မတော်ရဲ့ မြဝတီမဂ္ဂဇင်း၊ ခေတ်ရေးစာစောင်၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတွေမှာ "မေယုနယ်မှာလေ ဘယ်လိုအခြေ ရှိပါလိမ့်"၊ "မေယုနယ်ခြားခရိုင် အေးချမ်းလေပြီ" စတဲ့ ဆောင်းပါးတွေ၊ ဗိုလ်ချုပ်အောင်ကြီးက "ကျွန်တော်ဖြေရှင်းခဲ့ရသော ရိုဟင်ဂျာပြသနာ" စတဲ့အောင်ပွဲခံ ဆောင်းပါးတွေ၊ မောင်သံလွင်ရဲ့ "ရခိုင်ကုလား သို့မဟုတ် ရိုဝန်ဂါ"(၁၉၆၀) စတဲ့ဆောင်းပါးတွေ မြန်မာ့စာနယ်ဇင်းစာမျက်နှာတွေမှာ ဝေဆာလာခဲ့တယ်။  ဒီလိုနည်းနဲ့ ဦးနုအစိုးရနဲ့ ခေါင်းဆောင်ကြီးတွေက ရိုဟင်ဂျာအရေးကို အောင်အောင်မြင်မြင် စနစ်တကျ ဖြေရှင်းပေးခဲ့တယ်။

ဒီငြိမ်သက်ပြေလည်ခဲ့တဲ့ ပြနာ ဘယ်လိုပြန်ပေါ်လာသလဲဆိုရင် ကြိုးကိုင်ရှင် စစ်အုပ်စုရဲ့ ကျေးဇူးကြောင့်ပေါ့။

အာဏာရှင်ဗိုလ်နေဝင်းက တိုင်းပြည်အာဏာကို မတရားသိမ်းလိုက်တဲ့အခါ အာဏာအဓွန့်ရှည် တည်မြဲရေးအတွက် လမ်းစတွေ စဥ်းစားလာတယ်။ မတရားတဲ့အာဏာ ချုပ်ကိုင်ထားဖို့အတွက် တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင်တော့ လုပ်ရမှာလေ။ သွေးခွဲအုပ်ချုပ်ရေးက ထိရောက်တယ်။ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေကို လိုက်လံဖမ်းဆီး ထောင်ချတယ်။ သူက လူမျိုးရေးဘာသာရေးကို အခြေခံတဲ့ အင်မတန် ထိရှလွယ်တဲ့ အနာဟောင်းကို ဆားခတ်လာခဲ့တယ်။ အေးချမ်းနေတဲ့ ရခိုင်ပြည်နယ်ကို ပြန်လည် အမုန်းလှိုင်း ခတ်ပေးတယ်။ ရိုဟင်ဂျာတွေကို ပစ်မှတ်ထား နှိပ်စက်လာခဲ့တယ်။ ရခိုင်-ရိုဟင်ဂျာ သဟဇာတကို ပျက်ပယ်သွားအောင်၊ အချင်းချင်းအမုန်းအာဃာတာပွားလာအောင် လုပ်ကြံသမိုင်း ဂျင်းပုပ်တွေနဲ့ ပြန်လည်အသက်သွင်းပေးခဲ့တယ်။ ချက်ချင်းတူး ချက်ချင်းသောက် သလိုတော့ မဟုတ်ဘူး။ အချိန်ကြာဆွဲ စီမံကိန်းတွေ စနစ်တကျချမှတ်ပြီးတော့ နည်းဗျူဟာမျိုးစုံနဲ့ ဖိနှိပ်လာခဲ့တယ်။ ၁၉၇၈ မတိုင်ခင်မှာ သူကတောင် ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ဘူး။ လူမျိုးရေးဘာသာရေးဖက်ကိုပဲ မီးမွေးလေပင့်ပေးခဲ့တာလောက်ပါပဲ။ ကုလားကို နှိမ်နေတာဆိုတော့ ဒီစီမံကိန်းမှာ သူ့ရဲ့ ဂျင်းမိတဲ့ ပြည်သူတွေလည်း ရှိခဲ့ရာ ထောက်ခံအားပေးမှုလည်း ရရှိခဲ့တာပေါ့။ ဆက်လက်၍ မတရားဥပဒေအမျိုးမျိုးဖွဲ့ပြီး ရိုဟင်ဂျာတွေရဲ့ တရားဝင်ရရှိခဲ့တဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ခုပြီးတစ်ခု အာဏာရှင်ယုတ်ဆန်ဆန် မတရားပြန်လည်လုယူခဲ့တယ်။ လူမျိုးစုစာရင်း ၁၃၅ မျိုးလို့ ကိုယ့်မြင်းကိုယ်စိုင်းသလို သူတို့စိတ်လိုရာပြုစုပြဌာန်းပြီး ရိုဟင်ဂျာလူမျိုးကို ဖယ်ထုတ်ခဲ့တယ်။ အမျိုးသားရေးမျိုးချစ်တုတ်ကို အသုံးပြုပြီး ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲအောင် ကလိမ်ကကျစ် ဝါဒဖြန့်ခဲ့တယ်။ ၁၉၈၂ ဥပဒေကို ဖွဲ့စည်းပြီး ဒီလူတွေဟာ နိုင်ငံခြားသားတွေ၊ နယ်မြေလုနေတာ ဆိုတဲ့ ဝါဒမှိုင်းတိုက်ပေးခဲ့တယ်။ အစအစမှာတော့ ကုလား ဆိုပြီး နှိပ်ကွပ်ခဲ့ရာ ခေါတော ဆိုလို့တစ်မျိုး၊ နောက်ပိုင်းမှာ ဘင်္ဂလီ မှ ဘင်္ဂလီကုလား မှ ခိုးဝင်ဘင်္ဂလီ အထိ အောက်ကျစေတဲ့ နာမည်တွေ သုံးလာခဲ့တယ်။ ဒီလို ယုတ်မာတဲ့နည်းနဲ့ ယခင်အစိုးရ ခေါင်းဆောင်တွေက သွေးချွေးကုန်ခမ်း ကြိုးပမ်းဖြေရှင်းပေးခဲ့တဲ့ ရိုဟင်ဂျာအရေးကို တဖန်မီးစလောင်စေခဲ့သတဲ့။

ဒီနေရာမှာ စွပ်စွဲချက်တစ်ချက်နှစ်ချက်ကို သံသယကင်းအောင် ထောက်ပြပေးချင်တယ်။ ပထမအချက်က အာဏာရှင်နေဝင်းရဲ့ ယုတ်မာမှုတွေကို တစ်ချို့ မွတ်စလင်မုန်းတီးတဲ့ အစွန်းရောက်မျိုးချစ်တွေက ကျေးဇူးတင်ကြတယ်။ အမျိုးကို ကယ်တင်ပေးတယ်လို့ ယူဆကြတယ်။ ဝမ်းနည်းစရာ။ တကယ်တော့ မျိုးချစ်တစ်ဖက်ကန်းတွေမှာ မြင်နိုင်စွမ်း အားနည်းနေတာဖြစ်တယ်။

တကယ်လို့ ရိုဟင်ဂျာတွေကို ဒီပြည်ဖွား မဟုတ်လို့ အာဏာရှင်အုပ်စုက နင်ထုတ်ချင်တာဆိုရင် ၁၉၇၈ ခုမှာ မတရားနှိပ်စက်မှုကြောင့် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်လာစရာအကြောင်းမရှိဘူးလေ။ ကိုယ့်ပြည်က မဟုတ်တဲ့ လူတစ်စုကို ဘယ်နိုင်ငံတကာ စကားမှနားမထောင်တဲ့ အာဏာရှင်က အလကားခေါ်လာမှာ မဟုတ်ဘူး။ အဲ့တုန်းကလဲ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ပဲ လက်ခံခဲ့တာကိုး။ အာဏာရှင်ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့ အာရုံလွဲရန် တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ကာ အာဏာချုပ်ကိုင်ထားရေးသာ အဓိက ဖြစ်တယ်။ ဒါကို နားမလည်မိလို့ စစ်အုပ်စုရဲ့ အဓမ္မ အာဏာသိမ်းမှုကို ထပ်တလဲလဲ ခံနေရတာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဓါးစားခံဖြစ်နေရတာမဟုတ်လား။ ထောင်နဲ့ မြေကြီး နေရာမလပ် ဖြစ်နေတယ်။

ဒုတိယအချက်က မျိုးချစ်တွေ ဂျင်းထည့်တဲ့ အစ္စလာမစ်နိုင်ငံအဖြစ်နဲ့ ခွဲထွက်ရေး ဖြစ်တယ်။ တကယ်လို့ ရိုဟင်ဂျာ လက်နက်ကိုင်တွေက ခွဲထွက်ဖို့ တော်လှန်တာ ဖြစ်မယ်ဆိုခဲ့ရင် အလင်းပြန်ဝင်စရာ အကြောင်း မရှိပါဘူး။ ဘယ်လို အခွင့်အရေးတွေ ပေးပေး အလုံးအရင်း လက်နက်ချမှာတော့ မဟုတ်ဘူးလေ။ မတရားမှုကို တွန်းလှန်တော်လှန်ဖို့အတွက်သာ လက်နက်ကိုင်ကြတာဖြစ်လို့ တန်းတူညီမျှမှု ရရှိသွားတဲ့အခါ အလင်းဝင်ကြတာပဲ မဟုတ်ပါလော့။

နောက်တစ်ချက်က ဦးနုက မဲနိုင်ဖို့အတွက် အရှေ့ပါကစ္စတန်က ခေါ်လာတဲလူလို့ ပုဇွန်ဦးနှောက်နဲ့ မျိုးချစ်အချို့က စွပ်စွဲတာလည်း တွေ့ရတယ်။ ယုတ္တိမရှိတဲ့စကားပါပဲ။ ဒီနိုင်ငံအတွက်ဦးနုရဲ့ပေးဆပ်မှုလည်း မနည်းလှဘူး။ အဲဒီလိုခေါင်းဆောင်ကြီးတစ်ယောက်က မဲလိုချင်လို့ တိုင်းပြည်ကို သစ္စာဖောက်မှာဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံနိုင်စရာမဟုတ်ပါဘူး။ ယုတ္တိရှိရှိ စဥ်းစားကြည့်ရင်လည်း အဖြေက ပေါ်လွင်ပါတယ်။ မေယုဒေသမှာ ဘယ်ခေတ်က ကြည့်ကြည့်ရခိုင်လူဦးရေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတာကိုး။ ဘယ်ရွေးကောက်ပွဲလုပ်လုပ် မူစလင်တွေ ထောက်ခံတဲ့အုပ်စုကပဲ အနိုင်ရမှာလေ။ အဲဒီမှာ လူသွင်းပြီးတော့ အနိုင်ရကောင်းလား။ ဆင်ဆင်ခြင်ခြင် စွပ်စွဲကြပါ မျိုးချစ်ရာ။

ဆက်လက်ပြီးတော့ အာဏာရှင်နေဝင်းရဲ့ ရိုဟင်ဂျာ ချေမုန်းရေး စီမံကိန်းကို နောက်တက်လာခဲ့တဲ့ စစ်ခေါင်းကြီးတွေက သစ္စာရှိရှိ လက်ဆင့်ကမ်း အကောင်အထည်ဖော်ပေးခဲ့တယ်။ ပြည်သူကို အမှန်တရားအမှောင်ချပြီး ဂျင်းချိုချိုနဲ့ နိုးဆော်ခဲ့တယ်။ ပညာတတ်၊ ပညာမဲ့၊ ဆင်းရဲချမ်းသား လူတန်းစားအလွှာအားလုံး စစ်ဂျင်းမိခံရကာ ရိုဟင်ဂျာတွေရဲ့ ဘဝကို ဝိုင်းဝန်းမောင်းခတ် ရိုက်ချိုးခဲ့လေတယ်။ ဘယ်လောက်အထိ ယုတ်မာလာခဲ့သလဲဆိုရင် တိရိစ္ဆာန် သန်းခေါင်စာရင်းတောင် ကောက်ယူသေးတယ်။ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ တရစပ် ဖြစ်ပေါ်လာအောင် လုံ့ဆော်ခဲ့တယ်။ ၂၀၁၇ ခုမှာ လူမျိုးတုန်း သတ်ဖြတ်မှုအထိတောင် လက်လွန်ခဲ့တယ်။ အေးချမ်းသာယာတဲ့ ရခိုင်ပြည်ကြီး ပြန်လည်ငရဲဘုံဖြစ်လာခဲ့တယ်။ ဒါက စစ်အုပ်စုနဲ့ စစ်ကျွန်သပေါက်တို့ရဲ့ ကျေးဇူးကြောင့်ပဲလေ။

အချုပ်အနေနဲ့ ရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်ကပင် အမြစ်တွယ်လာခဲ့တာတော့ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက ပျိုးလိုက်တဲ့ ဂျင်းစေ့ရဲ့ ကျေးဇူးကြောင့်သာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီပြသနာ ဖြေရှင်းဖို့ဆိုရင် ဘာသာရေး၊ လူမျိုးရေးကို ဘေးဖယ်ထားပြီးတော့ လူသားဆန်ဖို့က အရေးကြီးတယ်။ လူကိုလူလို မြင်ပြီးတော့ ယခင်အစိုးရရဲ့ နည်းဗျူဟာတွေကို စနစ်တကျ ကျင့်သုံးမယ်ဆိုရင် ရခိုင်ပြည်မှာ ငြိမ်းချမ်းရေးရောင်နီ ပြန်လည်ပျိုးပါလိမ့်မယ်သတဲ့။


လူထုဝဏ္ဏ
(၁၃-၇-၂၀၂၃)
ကိုးကား

- ပြည်ထဲရေးဌာနပြန်ထမ်းစာ ၁၉၄၉၊ ဇူလိုင်လ ၃၀ရက်

- နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ အသံလွင့်မိန့်ခွန်း

- တပ်မတော်ခေတ်ရေးစာစောင် အတွဲ ၁၂၊ အမှတ် (၆)

- နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး၏ မိန့်ခွန်း

- နှစ် ၃၀ မြန်မာ့အသံ ၊ ဦးကျော်ညိန်း (မာတလိ)၊ စာမျက်နှာ ၇၁

 

 

Sunday, August 13, 2023

ရိုဟင်ဂျာတို့ရဲ့ သစ္စာနှင့် NLD ရဲ့ ကျေးဇူးတုန့်ပြန်ခြင်း


 "ရိုဟင်ဂျာတို့ရဲ့ သစ္စာနှင့် NLD ရဲ့ ကျေးဇူးတုန့်ပြန်ခြင်း" 

ကာလရှည် ရက်စက်ဖိနှိပ်မှုကို တရစပ်ခံနေရတဲ့ ရိုဟင်ဂျာလူမျိုးဟာ မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီ အကူအပြောင်းကာလတစ်ခုကို စောင့်မျှော်ခဲ့တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး အောက်ကသာ မိမိတို့ရဲ့ တန်းတူအခွင့်အရေးကို မျှမျှတတရနိုင်မှာဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံတဲ့ အဖိနှိပ်ခံဘဝကနေ ရုန်းထွက်ဖို့အတွက် တစ်ခုတည်းသောလမ်းကြောင်းက စစ်မှန်တဲ့ ဒီမိုကရေစီစနစ်သာဖြစ်ကြောင်းကို ရိုဟင်ဂျာတွေက ယုံကြည်ခဲ့ကြတယ်။ ဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ နိုင်ငံရေး လမ်းစဉ်ကို စိတ်ချကာ ထောက်ခံအားပေးလာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး စံပြခေါင်းဆောင်အဖြစ်သတ်မှတ်ခဲ့တယ်။ 

"ဒေါ်စု လွှတ်မှသာ တိုင်းပြည်အေးချမ်းမှာ… မိမိတို့ ဘဝသာယာလာမှာ…" လို့တောင် သီချင်းတွေ ရေးဖွဲ့သီဆိုကာ အားတင်းထားခဲ့ကြသေးတယ်။ ရိုဟင်ဂျာတွေက အန်အလ်ဒီအပေါ် သစ္စာမဖောက်ဘဲ ဆူးခင်းလမ်းတလျှောက် ရဲရဲစွမ်းစွမ်း အတူလျှောက်လှမ်းခဲ့တယ်။


- NLD အဖွဲ့အောက်ကနေ ရိုဟင်ဂျာ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲလည်း ဝင်ပြိုင်ခဲ့ကြတယ်။

- NLD နဲ့ပတ်သတ်နေလို့ စစ်အစိုးရရဲ့ မတရားထောင်ချခံခဲ့ရတယ်။

- NLD ကို ထောက်ခံလို့ လုပ်ကြံအမှုဆင်ကာ ထောင်ထဲ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းတွေကိုလည်း ခံခဲ့ရတယ်၊၊

- NLD နဲ့ ပတ်သတ်နေလို့ အမိတိုင်းပြည်ကနေ ထွက်ပြေးရခြင်းလည်း ခံခဲ့ရတယ်။ 

- NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲကနေ လွှတ်မြောက်ရေးအတွက် ရိုဟင်ဂျာတွေက နိုင်ငံတကာတွင် လော်ဘီလုပ်ခြင်း၊ ဆန္ဒပြတောင်းဆိုခြင်း စတဲ့ နည်းမျိုးစုံနဲ့ ထထကြွကြွ ကြိုးပမ်းခဲ့တယ်။ 

- ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလမ်းစဉ်အပေါ် စာအုပ်တွေလည်း ရေးသားခဲ့တယ်။ The Lady of Destiny စာအုပ်ဟာ NLD လွတ်တော်ကိုယ်စားလှယ်လောင်း ထင်ရှားတဲ့ ရိုဟင်ဂျာ စာရေးဆရာ #AFK_Jilani ရေးသားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကြိုးပမ်းမှုနဲ့ ပတ်သက်တဲ့ စာအုပ်ဖြစ်တယ်။ 

ဒီလိုနည်းနဲ့ ရိုဟင်ဂျာလူမျိုးဟာ NLD အပေါ် သစ္စာရှိရှိ ပေးဆပ်အနစ်နာခံခဲ့တယ်။


သို့ပေမဲ့… 

NLD ကောင်းစားနေချိန်မှာ ရိုဟင်ဂျာလူမျိုးကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့…

- ဒေါ်အောင်ဆန်းစုကြည် အာဏာရလာတဲ့အခါ မျိုးချစ်အရေခြုံပြီး ရိုဟင်ဂျာ ချေမုန်းရေးကို လက်တွဲထောက်ခံခဲ့တယ်။

- NLD က ကိုယ်တိုင်မှတ်တမ်းတင်ခဲ့တဲ့ #ရိုဟင်ဂျာ ဆိုတဲ့ နာမည်ကို သုံးစွဲခြင်းမပြုရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတကာကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ရိုဟင်ဂျာဆိုတဲ့ နာမည် မကြားဖူးဟန်၊ မသိဟန် ယောင်ဆောင်ခဲ့တယ်၊၊

- NLD အစိုးရအာဏာရကာလအတွင်း ရိုဟင်ဂျာလူမျိုးရဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးကို အဓမ္မရုတ်သိမ်းခဲ့တယ်။

- ၂၀၁၆-၁၇ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုခံနေရချိန်တွင် NLD က စစ်အုပ်စုနဲ့ ရင်ပေါင်တန်းရပ်တည်ခဲ့တယ်။ "ကိုယ့်အိမ်ကိုယ် မီးရှို့၊ မုဒိမ်းလိမ်ညာ(Fake Rape)၊ ဥပဒေဘောင်အတွင်း နယ်မြေရှင်းလင်း နေတာ၊ အကြမ်းဖက်အုပ်စုနဲ့ ယှဉ်တွဲမနေနိုင်ဘူး" စတဲ့ အရှက်သိက္ခာမဲ့ မှတ်ချက်စကားတွေနဲ့ နိုင်ငံတကာကို ပြောင်ပြောင် လည်ဖြားဖို့ ကြိုးစားခဲ့သေးတယ်။ 

- နောက်ဆုံး အိုင်စီဂျီအထိ သွားရောက်ကာ မုဒိမ်းစစ်အုပ်စုတွေရဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့လေတယ်။








(ပုံ) NLD အဖွဲ့ဝင် ဦးအဒူလာဇိတ်ရဲ့ အဖွဲ့ဝင်ကတ်ပြား

(လူမျိုးဘာသာတွင် "ရိုဟင်ဂျာ၊ အစ္စလာမ်" လို့ ထင်ထင်ရှားရှား ဖော်ပြထားတယ်။)


—  #လူထုဝဏ္ဏ


photo credit

Monday, June 19, 2023

ကိုလိုနီခေတ် ပညာရေးစနစ်နှင့် အာရကန် မဟာမေဒင် အူရဒူကျောင်း ပေါ်ပေါက်လာခြင်း


ကိုလိုနီခေတ် ပညာရေးစနစ်နှင့် အာရကန် မဟာမေဒင် အူရဒူကျောင်း


ကိုနီခေတ်မတိုင်မီ အာရကန်ပြည်တွင် မက်သပ်ကျောင်းပညာရေး (Maktab Education)နှင့် ဘုန်းကြီးကျောင်းပညာရေး (Monastic Education) ထွန်းကားလျက်ရှိခဲ့တယ်။ မက်သပ်ကျောင်းပညာရေးမှာကျတော့ ဟဖိဇ်ခါနာ၊ အခြေခံသာသနာ့ပညာတွေ အကျုံးဝင်တယ်ပေါ့။ အဆင့်မြင့်ဘာသာရေးပညာသင်ကြားတဲ့ ကျောင်းတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ လက်ချိုးရေတွက်လောက်အောင်ပေါ့။ ဒီစာသင်ကျောင်းတွေမှာ ဘာသာရေးကိုအခြေခံတဲ့စာတွေ၊ လောကနီတိလောက်ပဲ သင်ကြားပေးတာဖြစ်တယ်။ လောကဓာတ်ဆိုင်ရာ ဘာသာရပ်တွေ မရှိခဲ့ဘူး။ 

မဟာမေဒင်ကျောင်းအကြောင်း မပြောမီ ဦးစွာ အနောက်တိုင်းပညာရေးစနစ် ဗမာပြည်မှာ ဘယ်လို မိတ်ဆက်လာခဲ့သလဲဆိုတာ အကျဉ်းမျှပြောပါရစေ။ ၁၈၂၄ ခုတွင် အာရကန်ပြည်နှင့် တနင်္သာရီကို အင်္ဂလိပ်တွေက ကျူးကျော်သိမ်းပိုက်ခဲ့တယ်။ သူတို့က အုပ်ချုပ်ရေး၊ အာဏာတည်မြဲရေး၊ ဥပဒေစိုးမိုးရေးတွေ ခိုင်မြဲလာအောင် အစီအစဉ်တကျ အဆင့်ဆင့် လုပ်လာကြတာပေါ့။ ၁၈၆၈ ခုနှစ်တွင် ဗမာပြည်ဆိုင်ရာ မဟာမင်းကြီး ဆာ့အာသာပီးယား (Sir Arthur Phayre) က အိန္ဒိယဗဟိုအစိုးရရဲ့ ညွှန်ကြားချက်အရ မြန်မာ့ပညာရေးစနစ်နဲ့ပတ်သက်ပြီးတော့ အစီရင်ခံစာတစ်ခု ပြုစုခဲ့တယ်။ သူက ဒေသန္တရပညာရေးစနစ်တွေနဲ့ ယှဉ်တွဲပြီးတော့ အနောက်တိုင်းပညာရေးစနစ်ကို သင်ကြားစေချင်ခဲ့တယ်။ ဒီဒေသတွေရှိ ရှေးရိုးစဉ်လာ ပညာရေးစနစ်တွေဟာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူတယ်လို့ သူမမြင်ဘူး။ ဒါနဲ့ ၁၈၆၄-၁၈၆၅ ခုမှာ အချက် ၅ ချက်ပါတဲ့ ပညာရေးမူဝါဒတစ်ခုကို ချမှတ်အတည်ပြုခဲ့တယ်။ 

၁။ အခြေခံမူလတန်းပညာရေးဟာ လူထုကြားတွင် ပျံ့နှံ့စေရေးအတွက် ဒေသန္တရတိုင်းရင်းဘာသာစကားကို သင်ကြားရေးကြားခံအဖြစ်အသုံးပြုရန်၊

၂။ မူလတန်းပညာရေး သင်ရိုးညွှန်းတမ်းတွင် ဖတ်ခြင်းနှင့် ရေးခြင်းအပြင် အခြေခံဂဏန်းသင်္ချာ၊ မြေတိုင်းတာခြင်း၊ ပထဝီဝင်၊ နက္ခတ္တဗေဒနှင့် ကမ္ဘာ့သမိုင်းအကျဉ်းများပါဝင်ရန်၊

၃။ ပညာရေးစနစ်သစ် သင်ကြားရန် ယခင်ကျောင်းများကို အသုံးပြုရန်၊

၄။ ယင်းကဲ့သို့ ဘာသာရပ်များကိုသင်ကြားရန်အတွက် ဘုန်းကြီးများကို မိတ်ဆင်ပေးရန်အလို့ငှာ

(က) သူတို့အား မြန်မာဘာသာစာအုပ်များဖြင့် ပံ့ပိုးရန်

(ခ) အရည်အချင်းပြည့်မီသော မြန်မာစာပြဆရာများ ခန့်အပ်ကာ သင်ကြားမှုကို ရံဖန်ရံခါ ကြီးကြပ်ကြည့်ရှူရန်

၅။ တစ်လလျှင် ရူပီး ၃၉ ဖြင့် မြန်မာစာပြဆရာလေးဦးလျှင် ဒါရိုက်တာတစ်ဦး ခန့်အပ်ရန် 

စတဲ့ အချက် ၅ ချက်ပါဝင်ခဲ့တယ်။

ဆာ့အာသာပီယားရဲ့ မူဝါဒက ဒေသန္တရပညာရေး(Vernacular Education)ကို ဘုန်းကြီးကျောင်းပညာရေးနှင့် လိုက်လျောညီထြွေဖစ်အောင် ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ အနောက်တိုင်းပညာရေးစနစ်ရဲ့ ခေတ်မီနည်းလမ်းတွေနဲ့ ဘာသာရေးကျောင်းပညာရေးဟာ အင်မတန် ကွာခြားလှတယ်။ တခြားစီးဖြစ်နေတယ်။ 

ဒီစနစ်ကို အသက်သွင်းရန် ၁၈၆၆ ခုတွင် ဆာ့အာသာပီးယားက မစ္စတာ ဂျီ၊ အပ်ခ်ျ၊ ဟော့ (Mr. G.H Hough)ကို လူထုပညာရေးသင်ကြားမှုအတွက် ပထမဆုံးညွှန်ကြားရေးမှူးအဖြစ်ခန့်အပ်ခဲ့တယ်။ သူရဲ့ကျန်းမာရေးအခြေအနေ ဆိုးဝါးမှုကြောင့် ဒီဇင်ဘာလ ၆ ရက်တွင် မစ္စတာ ပီ၊ ဟိုဒင် (Mr. P. Horden)ကို တာဝန်လွဲပေးကာ ရှေ့ဆက်ခဲ့တယ်။ ဒါပေမဲ့ အာသာရဲ့ ပညာရေးမူဝါဒသစ်ဟာ အောင်မြင်မှု မရခဲ့ဘူး။ အကြောင်းကား ဘာသာရေးကျောင်းတွေက အနောက်တိုင်းပညာရပ်တွေကို လက်မခံဘူး။ သူချမှတ်ပေးတဲ့အစီအစဉ်တွေကို မလိုက်နာခဲ့ကြချေ။

အဲ့ဒါကြောင့် အင်္ဂလိပ်အစိုးရက ထောက်ပံ့ကြေးစနစ်(Grant In Aid)ပါဝင်တဲ့ ဘာသာရေးလွမ်းမိုးမှုကင်းတဲ့ Secular Education စနစ်တစ်ခုကို ရှာဖွေခဲ့တယ်။ ဒီတော့ အိန္ဒိယမှာ ကျင့်သုံးနေတဲ့ ကိုလိုနီပညာရေး မက္ကောလေးစနစ် (Macaulay Scheme)ကို မြန်မာပြည်တွင် အသက်သွင်းပေးခဲ့တယ်။ ဒီအိန္ဒိယဘုရင်ခံချုပ် မက္ကောလေးရဲ့ မူဝါဒကျတော့ အရှေ့တိုင်းပညာရေးကို ဦးစာပေးမယ့်အစား အနောက်တိုင်းပညာကို ဦးစားပေးခြင်းဖြစ်တယ်။ အုပ်စိုးသူတွေနဲ့ အုပ်ချုပ်ခံလူထုကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်နိုင်ဖို့ အင်္ဂလိပ်လိုကျွမ်းကျင်ပြီး အင်္ဂလိပ်တွေနဲ့ ကိုယ်စိတ်သဘောထားတူညီတဲ့ စာရေးစာချီ လူတန်းစားတစ်ရပ်ကို မွေးထုတ်ပေးရန်သာဖြစ်တယ်။ 

ဒီပညာရေးမူဝါဒမှာတော့ ကျောင်းအလိုက် အဆင့်တွေခွဲလျက် ဆရာ၊ ကျောင်းသုံးပရိဘောဂ၊ ကျောင်းအသုံးစရိတ် စတာတွေအတွက် အထောက်အပံ့ကြေးတွေ ပေးကြတယ်။ 

ဒီပညာရေးအစီအစဉ်သစ်က အဆင့်ပြေခဲ့တယ်။ တဖြေးဖြေး ဘာသာရေးကျောင်းတွေ ဒေသန္တရမူလတန်းကျောင်းတွေ (Vernacular School) ဖြစ်လာခဲ့တယ်။ ခရစ်ယာန်မစ်ရှင်နာရီဘုန်းကြီးကျောင်းတွေ အင်ဂလိုမူလတန်းကျောင်းဖြစ်လာခဲ့တယ်။ ၁၉၂၀ ခု ဒီဇင်ဘာလမှာ ရန်ကုန်တက္ကသိုလ် ဖြစ်ဖော်လာခဲ့တ်။ ဒါဆို ပြည်စုံသွားပြီပေါ့။

ကဲ… ရခိုင်ပြည်ရှိ မဟာမေဒင်အူရဒူကျောင်းတွေကလည်းပဲ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစနစ်သစ်ကနေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ ဒေသန္တရပညာရေးစနစ်သစ်ကို အာရကန်ပြည်ရှိ မွတ်စလင်တွေနေထိုင်တဲ့ဒေသမှာ အကောင်အထည်ဖော်နေချိန်မှာ အဲဒီဒေသတွေမှာ မက်သပ်ကျောင်းပညာရေးစနစ် ထွန်းကားနေတာဖြစ်တယ်။ မက်သပ်ကျောင်းတွေမှာ သင်ကြားတဲ့ သာသနာ့ပညာရပ်တွေ၊ ကျမ်းစာတွေဟာ အာရဗီစာ၊ အူရဒူစာနဲ့ သင်ကြတယ်။ မက်သပ်ကျောင်းထွက်တွေကျတော့ အူရဒူနဲ့ အရေးအဖတ် အဆင်ပြေကြတယ်။ တစ်ဖက် အိန္ဒိယက ပညာသင်လာတဲ့ ပညာတတ်တွေလည်း များပြားတယ်။ 

ဒီတော့ အင်္ဂလိပ်အစိုးရက ပညာရေးစနစ်သစ်ကို ကမ်းလှမ်းလာတဲ့အခါ အာရကန်မွတ်စလင်တွေက အူရဒူစာကို လက်ခံတာများကြတယ်။ ဗမာစာကို ထောက်ခံတဲ့ အုပ်စုတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရက မက်သပ်ကျောင်းပညာရေးစနစ်နှင့် ယှဉ်တွဲပြီးတော့ အနောက်တိုင်းပညာရေးကို သင်ကြားစေချင်တယ်။ ဒါနဲ့ မက်သပ်ကျောင်းတွေမှာ သုံးတဲ့ အူရဒူစာကို သင်ကြားရေးကြားခံအဖြစ် သတ်မှတ်ပေးခဲ့တယ်။ အိန္ဒိယမှ မဟာမေဒင်ကျောင်းတွေမှာ ပို့ချတဲ့ သင်ရိုးတွေကို အူရဒူကျောင်းတွေမှာ မိတ်ဆက်ပေးခဲ့တယ်။ အဲ့ဒီကျောင်းများကို ဗဟိုပညာမင်းကြီးကပဲ ကြီးကြပ်တယ်။ အဆင့်တွေအနေနဲ့ မူလတန်းအခြေခံအဆင့်မှာ ၂ တန်း၊ အထက်မူလတန်းအဆင့်မှာ ၁တန်းကနေ ၄ တန်း အထိပါဝင်တယ်။ အလယ်တန်းဆင့်မှာတော့ ၅တန်းကနေ ဆယ်တန်းအထိ ပါဝင်ခဲ့တယ်။ ဒီလိုနဲ့ အူရဒူကျောင်းတွေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ 


အင်္ဂလိပ်လက်ထက်က ဗမာပြည်ရဲ့ မဟာမေဒင်အူရဒူကျောင်းနဲ့ ပတ်သက်လို့ သမိုင်းမှတ်တမ်းတွေမှာ ထင်ထင်ရှားရှားရှိနေတယ်။ ၁၉၁၇ ခု RB Smart ရဲ့ Gazetteer of Akyab၊ အူရဒူကျောင်းများ ပိုဒ်ခွဲခေါင်းစဉ်အောက်တွင် "ကိုလိုနီခေတ် ၁၈၉၄ ခုနှစ်တွင် ကျောင်းသူကျောင်းသား ယောက်ျား ၃၃၀ ယောက်နှင့် မိန်းကလေး ၄၅ ယောက်ရှိသော အူရဒူကျောင်း ၉ ကျောင်းသာရှိခဲ့သည်။ ထိုကျောင်းများသည် ထိုအချိန်က မြန်မာကျောင်းများ၏ ဒု-စစ်ဆေးရေးမှူး၏ ကြီးကြပ်မှုအောက်တွင် ရှိခဲ့သည်။ မဟာမေဒင်ကျောင်းများအတွက် အထူးဒုတိယစစ်ဆေးရေးမှူးတစ်ဦးခန့်အပ်ခြင်းကား စစ်တွေခရိုင်ရှိ မဟာမေဒင်ပညာရေးကို တွန်းအားဖြစ်စေခဲ့သည်။

၁၉၀၂ ခုနှစ်တွင် ကျောင်းပေါင်း ၇၂ ကျောင်းရှိလာပြီး ကျောင်းသား ၁၄၇၄ ယောက်နှင့် ကျောင်းသူ ၁၀၄ ယောက် အသီးသီး တက်ရောက်ခဲ့ကြသည်။ ထို့နောက် မဟာမေဒင်ပညာရေးသည် နောက်ကြောင်းတပြန် ဆုတ်ယုတ်လာခဲ့သည်။ အကြောင်းမူကား ပြည်နယ်တစ်ခုလုံးကို တာဝန်ခံသည့် ဒု-စစ်ဆေးရေးမှူးသည် လမ်းပန်းဆက်သွယ်ရေးမကောင်းသော ခရိုင်ဒေသများကို လျစ်လျူရှုကာ ခရီးသွားလာရေး အဆင်ပြေသည့် အခြားဒေသများသို့သာ အချိန်ကုန်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ ရလဒ်မှာ ၁၉၁၂ ခုအထိ မဟာမေဒင်ကျောင်းများနှင့် ကျောင်းသားဦးရေသည် တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ် မဟောမဒန်ကျောင်းများအတွက် ဒု-စစ်ဆေးရေးမှူးတစ်ဦး သီးသန့် ခန့်အပ်ခဲ့ရသည်။ ဤအရာရှိအား ခန့်အပ်ခြင်းဖြင့် မဟောမဒင်ပညာရေးကို ဘဝအသစ်ပေးအပ်ခဲ့သည်။ ချက်ချင်းပင် ကျောင်းပေါင်း ၆၈ ကျောင်းရှိလာပြီး ကျောင်းသားကျောင်းသူ ၁၈၄၉ ယောက်နှင့် ၁၇၉ ယောက် အသီးသီး တက်ရောက်ကြသည်။ ၁၉၁၂ ခုတွင် မောင်တောနှင့် ဖွေဒါတွင် District Cess Mahamedan စာသင်ကျောင်း နှစ်ခုကိုလည်း တည်ထောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုကျောင်းကို ကောင်းတုတ်(Kaungdauk)သို့ ပြောင်းရွေ့ပြီး ယင်းနေရာတွင် ကျောင်းဆောင်အသစ်တစ်ဆောင်ကို ရူပီးငွေ ၁၅၀၀ ဖြင့် ဆောက်လုပ်ပေးခဲ့သည်။ ထိုဆောက်လုပ်စရိတ်တွင် ရွာသားများက ရူပီး ၃၀၀ လှူဒါန်းခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ကျောင်းသား ၁၀၅၅ ဦး ရှိသည့် ပုဂ္ဂလိကကျောင်း ၁၈၇ ကျောင်း ရှိပြီး ၁၉၁၃ ခုတွင် စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအရ ကျောင်းပေါင်း ၁၇၅ ကျောင်း ရှိပြီး ကျောင်းသားကျောင်းသူ ၂၈၃၉ ဦး ရှိကြောင်း သိရသည်။" ဟု ၁၈၉၄ မှ ၁၉၁၃ ခုအထိ အင်္ဂလိပ်လက်အောက် မဟာမေဒင်ကျောင်းများနှင့် ကိုယ်ထူကိုယ်ထ ပုဂ္ဂလိကကျောင်းများ၏အခြေအနေကို အသေးစိတ်ဖော်ထားသည်။ 

၁၉၂၀ ပထမကျောင်းသားသပိတ် နောက်ပိုင်း အင်္ဂလိပ်ပညာရေးကို ဆန့်ကျင်ကာ အမျိုးသားကျောင်းတွေ ထူထောင်လာတဲ့အခါ ဒီအူရဒူကျောင်းတွေဟာ တဖြည်းဖြည်း အားပျော့လာခဲ့တယ်။ ပုဂ္ဂလိကကျောင်းများ ပို၍ အားကောင်းလာခဲ့တယ်။ ပုဂ္ဂလိကကျောင်းအချို့ကို တစ်ပြည်လုံးစံစနစ်အတိုင်း အမျိုးသားကျောင်းအဖြစ် ပြောင်းလဲကာ မြန်မာစာကို ဦးစာပေးသင်ကြားပေးလာတယ်။ အချို့ပုဂ္ဂလိကကျောင်းတွေမှာ ယနေ့တွေ့ရှိနေရတဲ့ မဒ်ရာဆာကျောင်းများအဖြစ် အသွင်းပြောင်းလာခဲ့လေတယ်။ 


အာရကန်ပြည်ရဲ့ ပညာရေးတိုးတက်လာအောင် ကြိုးပမ်းခဲ့သူတွေထဲမှာ မွတ်စလင်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလှတယ်။ အဲလိုပညာရေးတိုးတက်အောင် ဦးဆောင်လှုပ်ရှားခဲ့တဲ့ သံတွဲက ဦးဘရှင် ဆိုရင် ဗမာတစ်ပြည်လုံးအသိ မော်ကွန်းဝင် ပုဂ္ဂိုလ်ပါပဲ။ စစ်တွေမြို့က ဆရာကြီး ဦးဇိုင်နောဒ္ဒိန်း၊ စစ်တွေအမျိုးသားကျောင်းအုပ်ဖြစ်တယ်။ သမိုင်းသုတေသီ ခါလိလုရ်ရာမာန်၊ စစ်တွေခရိုင်မဟာမေဒင်ဆရာဖြစ်သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးဖြစ်တယ်။ ကျောက်တောမှ အဒူရာမာန်ကာဇီ၊ ဘူးသီးတောင်မှ အတွင်းဝန် အဒူဂဖါး၊ ဘော်လီနယ်မှ ဦးအာမီရ်အာလီမျာ၊ မောင်တောမှ မြို့ဝန် အူမောမျာ စတဲ့သမိုင်းဝင်ပုဂ္ဂိုလ်ထူးတွေရဲ့ ကိုယ်ကျိုးမဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ရခိုင်ပြည်အနှံ့အပြား၌ သမိုင်းသက်သေအဖြစ် ထိန်ထိန်ဝါဝါ တောက်ပလျက်ရှိနေပါတယ်။

ရင်နာစရာအကြောင်းကတော့ အာရကန်မွတ်စလင်တွေရဲ့ ဒီမက်သပ်ကျောင်းပညာရေးစနစ်အကြောင်း၊ အူရဒူကျောင်းတွေအကြောင်း မြန်မာ့သမိုင်းရေးဆရာတွေက မသိကျွန်ပြုကာ တမင်တကာ လျစ်လျူရှူ ဖုံးဖိထားတယ်။ ကိုလိုခေတ်က ဗမာစာသင်ကျောင်း(တိုင်းရင်းဘာသာတွေနဲ့ သင်ကြားတဲ့ကျောင်း)၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်း၊ ခရစ်ယာန်သာသနာပြုကျောင်း၊ အလွတ်ကျောင်း(အစိုးရကျောင်း)တွေ အကြောင်းကိုပဲ ဂုဏ်ယူလျက် ရေးသားဖော်ပြတာ တွေ့ရတယ်။ သာသနာပြုခရစ်ယာန်ကျောင်းတွေအကြောင်းတောင် အားတက်သရောထုတ်ဖော်ရေးသားကြပေမဲ့ မဟာမေဒင်ကျောင်းတွေအကြောင်း ရေးသားဖော်ပြဖို့ မင်ဆီခန်း လက်နည်းကြတယ်။ အာရကန်ပြည်ရဲ့ ဘယ်သမိုင်းမှာမဆို မွတ်စလင်တွေကို ဘေးဖယ်ထားရင် မှန်ကန်ပြည့်စုံတဲ့သမိုင်း ဘယ်တော့မှရရှိနိုင်မှာ မဟုတ်ဘူး။ ဘယ်လိုပင်ဖြစ်စေ သမိုင်းဆိုတာ ပျောက်ရိုးမရှိပေ။ ချီးကျူးဂုဏ်တင်ခြင်း၊ ကဲ့ရဲရှုတ်ချခြင်းက အရေးမကြီးဘူး၊ အဟုတ်ကိုအဟုတ်အတိုင်း၊ အရှိကိုအရှိအတိုင်း ကျင့်ဝတ်ပီပီ ရိုးသားစွာရေးသားလျက် နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းဖို့သာ အရေးကြီးပေသတည်း။ 


 _ လူထုဝဏ္ဏ

(၃-၆-၂၀၂၃)


ကိုးကား-

- RB Smart's Gazetteer of Akyab 1917, P 216-217

- The Beginning of Karen Education in Irrawaddy Division During the British Colonial Period (Naw Say Say Pwe)

- History of Myanmar Education Department, U Than Oo 1999 P. 24. 25 

- Report on the Administration of Burma 1911 1912, p. 204. 

- The Annual of Urdu Studies by Tariq Rahman, P. 48

Thursday, June 8, 2023

NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးဖြစ်သူ၏ အကြီးဆုံအကို အသတ်ခံရ


NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးဖြစ်သူ၏ အကိုအကြီးဆုံး အသတ်ခံရ

-မိုးသောက်

(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုး၏ အစ်ကို အကြီးဆုံးဖြစ်သူ ဦးသန်းမြင့်သည် မနေ့က ညပိုင်းတွင် သတ်ဖြတ်ခြင်းခံလိုက်ရသည်။

“ အိမ်နားမှာ အမည်မသိလူတစ်စုက လာသတ်သွားတယ်ပြောတယ်၊ ဒီသတ်ဖြတ်မှုက ရည်ရွယ်ချက်ရှိနိုင်တယ်” ဟု ဦးအောင်ကျော်မိုးက မဇ္ဈိမသို့အတည်ပြုပြောကြားသည်။

အသက် ၄၅နှစ်အရွယ် ဦးသန်းမြင့်သည် မနေ့ကဇွန်လ ၇ရက်နေ့ ည၁၁နာရီဝန်းကျင်ခန့်တွင် ရန်ကုန်တိုင်း ဒေါပုံမြို့နယ်ရှိ သူ၏နေအိမ်နှင့် ကိုက် ၅၀၀ ကျော်အကွာ၌ ဓားဖြင့် သုံး လေးချက်ခန့်အထိ ထိုးသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဦးအောင်ကျော်မိုးက ဆက်ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရန်ကုန်မြို့တွင် အမျိုးသားရေးလှုပ်ရှားသူ နှစ်ဦးဖြစ်သည့် ဦးတင့်လွင်နှင့် အဆိုတော် ဒေါ်လီလီနိုင်ကျော် အသတ်ခံရပြီးနောက်ပိုင်းတွင် ဒီမိုကရေစီလှုပ်ရှားသူများဘက်မှ မိသားစုဝင်များကို လုပ်ကြံသတ်ဖြတ်ရန် စစ်တပ်ထောက်ခံသူများက ပစ်မှတ်ထားလာကြသည်ကို တွေ့ရသည်။

အထူးသဖြင့် တော်လှန်ရေးတွင်ပါဝင်နေသည့် အနုပညာရှင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ထင်ပေါ်ကျော်ကြားသူများ၏ မိသားစုဝင်များကို ရှာဖွေကြရန်အတွက် စစ်ကောင်စီလော်ဘီချန်နယ်များတွင် ဖော်ပြနေကြသည်။

လီလီနိုင်ကျော်အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် သံသယတရားခံနှစ်ဦးဖြစ်သည့် ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့အနက် ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့်အစ်မဖြစ်သူ သည်လည်း မနေ့က ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)


#mizzima

#ကိုကောင်းဇာနည်ဟိန်း

#ဦးသန်းမြင့်

#ဒေါ်လီလီနိုင်ကျော်

------------------------

Monday, May 15, 2023

စစ်အစိုးရ-ဗုဒ္ဓဘာသာဆက်ဆံရေး (၁၉၉၀-၂၀၀၀)

 

စစ်အစိုးရ-ဗုဒ္ဓဘာသာဆက်ဆံရေး (၁၉၉၀-၂၀၀၀)


လူများစုဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင်များသည် ၎င်းတို့၏ ဘာသာကို တစ်ဦးချင်းအလိုက်ရော အုပ်စုအနေနဲ့ပါ ကျင့်ကြံရာတွင်ကြီးမားသော အဟန့်အတားများ ကြုံရမှုမရှိပေ။ လူအများနှင့်ပြုလုပ်သော ဘာသာရေးအခမ်းအနားများကို အစိုးရက တိုက်ရိုက်ဘဏ္ဌာငွေစိုက်ထုတ်ကျင်းပပေးလေ့မရှိသော်လည်း ၁၉၉၀ ပြည့်နှစ်များနှင့်၂၀၀၀ ပြည့်နှစ်များဆီကမြင်တွေ့ခဲ့ရသည့်အတိုင်း အစိုးရက လမ်းညွှန်မှူပေးခြင်း၊ ဦးစီးဦးဆောင်လုပ်ပေးခြင်းများ ရှိသည်။ ယခုလို ခြုံငုံပြီး ယေဘုယျ ပြောဆိုခြင်းက လူစုနှစ်စုအတွက်တော့ ကိုယ်စားမပြုပေ။ ယင်းတို့မှာ နိုင်ငံရေးလှူပ်ရှားတက်ကြွသူရဟန်းတော်များနှင့် လမ်းရိုးမှသွေဖည်သော ဗုဒ္ဓဘာသာဂိုဏ်းကွဲများနှင့်အုပ်စုများ ဖြစ်သည်။ အဆိုပါလူစုနှစ်ခု၏ ဘာသာရေးလွတ်လပ်ခွင့်အပါအဝင် လူ့အခွင့်အရေးများကို စစ်တပ်က ချိုးဖောက်ခဲ့သည်ဟုဆိုနိုင်သည်။

အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF)၏ နှစ်စဉ်အစီရင်ခံစာများနှင့် များစွာသော လူ့အခွင့်အရေး အစီရင်ခံစာများတွင် ၁၉၈၈ခုနှစ်၊ ၁၉၉၀ ခုနှစ်များနှင့်၂၀၀၀ ပြည့်နှစ်များတွင် လူထုဆန္ဒပြပွဲများတွင် ပါဝင်ခြင်းနှင့် စစ်အစိုးရကို ကိုယ်တိုင်ဦးဆောင်ဆန္ဒပြခဲ့ခြင်းများကြောင့် သင်္ကန်းချွတ်လူဝတ်လဲခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ထောင်သွင်း အကျဉ်းချခံရခြင်းနှင့် ၎င်းတို့၏ မူလသီတင်းသုံးခဲ့ရာ ကျောင်းများတွင်ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပိတ်ပင်ခံရခြင်း၊ သာသနာ့ဘောင်ကိုစွန့်လွှတ်ရခြင်း သို့မဟုတ် နိုင်ငံအတွင်းမှ ထွက်ခွာအောင် ဖိအားပေးခံရခြင်းတို့ကို ခံစားခဲ့ရသော ရာပေါင်းများစွာသော ရဟန်းသံဃာတို့၏ အကြောင်းများကို အသေးစိတ်ဖော်ပြထားသည်။

စစ်တပ်သည် ၎င်းကိုမဆန့်ကျင်သော ရဟန်းတို့ကိုမဖိနှိပ်ခဲ့ဘဲ ကျော်ကြားပြီး ဝါစဉ်ကြီးသော ရဟန်းတို့ကို အားတက်သရော လှူဒါန်းမှူကို ပြုခဲ့သည့်အတွက် အထက်ပါ ဖိနှပ်မှူတို့ကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရခြင်းဟု USCIRF ၏ အစီရင်ခံစာတို့က ရံဖန်ရံခါ သတ်မှတ်ခြင်းက မေးခွန်းထုတ်စရာဖြစ်သည်။

အဆိုပါဖြစ်ရပ်တို့သည် စစ်တပ်ကိုဆန့်ကျင်သော ဗုဒ္ဓဘာသာရဟန်းတို့၏ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းသက်သက်လား သို့မဟုတ် နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို ဖိနှိပ်ခြင်းလား ဆိုသည်ကို ဆုံးဖြတ်ရခက်သည်။ ယခင်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေပြီဖြစ်သော နိုင်ငံရေးအကျဉ်းးသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)နှင့်အခြား မြန်မာနိုင်ငံအခြေစိုက်လူ့အခွင့်အရေးအဖွဲ့များပါဝင်သော အစိုးရမဟုတ်သော အဖွဲ့အစည်းများက အဆိုပါ ရဟန်းတို့ကို ၎င်းတို့ပြုစုသော နိုင်ငံရေးအကျဉ်းသားများစာရင်းတွင် ထည့်သွင်းထားခြင်းမှာ အဆိုပါရဟန်းတို့၏ ဘာသာရေးလွတ်လပ်ခွင့်ထက် ပုဂ္ဂလိက အသက်ရှင်ခွင့်ကို ချိုးဖောက်ခံရသည်ဟု ဆိုလိုပုံရသည်။

မကြာခဏဆိုသလို သတိမမူတတ်သော်လည်း တိုက်ရိုက်ဆက်စပ်နေသောကိစ္စတစ်ခုမှာ မြန်မာဘုရင်များ လက်ထက်ကတည်းက ရာစုနှစ်များစွာ တည်ရှိလာခဲ့ပြီးသော လမ်းရိုးမှသွေဖည်သော ဂိုဏ်းများ၊ တရားများနှင့်ကျင့်သုံးမှူများကို အစိုးရနှင့် လမ်းရိုးရဟန်းတော်များက ဖိနှိပ်ခြင်းဖြစ်သည်။

သို့ရာတွင် ဗြိတိသျှကိုလိုနီခေတ် (၁၈၈၅-၁၉၄၈)က သံဃာထုတစ်ရပ်လုံးနှင့်အဆိုပါ လမ်းရိုးမှ သွေဖည်သော ဂိုဏ်းတို့ကို ထိန်းချုပ်ကွပ်ကဲပုံကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။ ဗြိတိသျှတို့သည် သံဃာတို့ကို တိုက်ရိုက်ထိန်းချုပ်ခြင်းမှရှောင်ကြဉ်တတ်ပြီး ကိုလိုနီအစိုးရကို သံဃာထုထဲမှဆန့်ကျင်သော ရဟန်းတို့ကိုသာ နိုင်ငံရေးကိစ္စတစ်ရပ်အနေနဲ့ ပြင်းပြင်းထန်ထန်ကိုင်တွယ်ခဲ့သည်။

နိုင်ငံရေးတွင် ပါဝင်မှူမရှိသော သို့မဟုတ် ဗြိတိသျှတို့ကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ခဲ့သော ရဟန်းတို့ကိုကား ၎င်းတို့အနေနှင့် လူဥပဒေနှင့်ဆုံးဖြတ်သော ရာဇဝတ်မှူများကို မကျူးလွန်သမျှကာလပတ်လုံး အစိုးရ၏ လက်တံမှကင်းလွတ်စွာ နေထိုင်ခွင့်ပြုခဲ့သည်။ ၎င်းက သံဃာထုထဲတွင် ကျယ်ကျယ်ပြန့်ပြန့် သီလယိုယွင်းမှူနှင့်သံဃာ့စည်းမျဉ်းများကို ပေါ့ပေါ့တန်တန် လိုက်နာမှူများ ဖြစ်ပေါ်စေခဲ့သည်။

၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် ဦးနုခေါင်းဆောင်သော ပါလီမန်ဒီမိုကရေစီအစိုးရက စည်းကမ်းပျက်နေသော ရဟန်းတို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်ကြိုးပမ်းပြီး တင်းကြပ်သော စည်းမျဉ်းများကို ပြန်လည်ချမှတ်ရန်လုပ်ခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ သံဃာထုတစ်ရပ်လုံးကို လိုသလိုစည်းမျဉ်းများ သတ်မှတ်ပြီး ထိန်းချုပ်ရန်အစိုးရနှင့်ပူးပေါင်းမည်ဟု ကတိပြုသော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (မြန်မာအတိုကောက်နာမည် မဟန ဟုလူသိများကြသည်) ကို ဗဟိုသံဃာ့အုပ်ချုပ်ရေး ဥပဒေပြုရေးနှင့် တရားစီရင်ရေးအဖွဲ့တစ်ခုအနေနှင့် ၁၉၈၀ ခုနှစ်တွင် ဖွဲ့စည်းလိုက်သောအခါတွင်မှ နိုင်ငံတော်က ပြန်လည်အုပ်စီးမိသွားခဲ့သည်။ ယင်း တိုးတက်မှူတို့က သံဃာ့ဖွဲ့စည်းပုံနှင့် စည်းကမ်းကို ယေဘုယျအားဖြင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခဲ့သော်လည်း မဟန အနေနှင့် ထေရဝါဒ ရှေးရိုးလမ်းစဉ်မှသွေဖည်သည်ဟုယူဆသည့် တရားများ၊ ကျင့်သုံးမှူများနှင့် အုပ်စုများကို အယူလွဲပြီး တရားဝင်ခြင်းမရှိဟု ၎င်းတို့ယူဆသည့်အတိုင်း သတ်မှတ်ကာ သာသနာကိုသန့်ရှင်းစေခဲ့သည်များလည်း ရှိနေသည်။

၂၀၁၄ ခုနှစ်အထိ မဟန ကိုယ်တိုင်ကသော်လည်းကောင်း မဟနက ဖွဲ့စည်းပေးသည့် အထူးခုံရုံးများကသော်လည်းကောင်း ချမှတ်ပြီးသည့် ဆုံးဖြတ်ချက် နှစ်ဆယ့်တစ်ချက် ရှိနေပြီး အယူလွဲသည်ဟု စွပ်စွဲခံရသည့်တရား၊ ဝါဒနှင့်ကျင့်ကြံမှူများကို အထက်ဇယားတွင် တွေ့နိုင်သည်။ အဆိုပါ ခုံရုံးနှင့်အဖွဲ့၏ ဆုံးဖြတ်ချက်များ အားလုံးက စွပ်စွဲခံရသူတို့ကို အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။ အကျိုးဆက်အားဖြင့် အပြစ်ရှိသူတို့သည် တရားဟောခြင်းကို ရပ်တန့်ရပြီး အယူလွဲနေသော တရားများနှင့် ကျင့်ကြံပုံလွဲနေသော ကျင့်ကြံမှူများကို ဖြန့်ဝေနေခြင်းကိုလည်း ရပ်တန့်ရသည်။

ယနေ့အထိ မိုးပြာဦးဉာဏ၏ ကိစ္စမှလွဲ၍ စွပ်စွဲခံရပြီး အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံထားရသည့် မည်သူကမျှ မဟနနှင့်ခုံရုံးများ၏ ဆုံးဖြတ်ချက်ကို မလိုက်နာခြင်းမျိုး မရှိသေးပေ။


" မိုးပြာဦးဉာဏဂိုဏ်းပြဿနာ"



ယနေ့ခေတ်အစိုးရနှင့် ဗုဒ္ဓဘာသာဆက်ဆံရေးမှာ ယခင်ထက်စာလျှင် ဝိဝါဒကွဲလွဲမှုနည်းလာသည်။ ၁၉၈၀ ခုနှစ်များဆီက စတင်လာခဲ့သော တစ်ခုတည်းသော ပြဿနာကိစ္စမှာ မိုးပြာဦးဉာဏ (ရှင်ဉာဏ သို့မဟုတ် ရှင်မိုးပြာဟုလည်း သိကြသည်) ၏ ကိစ္စဖြစ်သည်။ ၎င်းကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ထောင်မှလွတ်ပေးခဲ့သည်။ ၎င်း၏ ကိစ္စက မဟနက မြှင့်တင်သည့်သန့်ရှင်းသော ထေရဝါဒလမ်းစဉ်ကို နိုင်ငံတော်အစိုးရက အကာအကွယ်ပေးထားပုံနှင့်ပတ်သက်ပြီး အရေးကြီးပြီး ရှားပါးသည့် သက်သေတစ်ခုအဖြစ်ရှိနေသည်။ ယင်းကိစ္စသည်မဟနနှင့် ဂိုဏ်းဂဏများအကြား ဂိုဏ်းများက ခုံရုံးများနှင့် မဟန၏ ဆုံးဖြတ်ချက်ကိုလိုက်နာပြီး ၎င်းတို့၏ ယုံကြည်မှုများနှင့်ကျင့်ကြံမှုများကိုစွန့်လွှတ်၍ တရားပြန့်ပွားစေခြင်းကို ရပ်တန့်လိုက်သရွေ့ အေးအေးချမ်းချမ်း ဖြေရှင်းတတ်သော ဖြစ်ရိုးဖြစ်စဉ်မှသွေဖည်နေသည်။

၂၀၁၀ ခုနှစ်များအတွင်း မိုးပြာဦးဉာဏ၏ ကိစ္စသည် ယင်းဂိုဏ်း၏ ခေါင်းဆောင်အပေါ်ကို ချမှတ်ခဲ့သော အလွန်ကြာရှည်သော ထောင်ဒဏ်များကြောင့် နိုင်ငံတကာလူ့အခွင့်အရေး တောင်းဆိုသည့်အသိုင်းအဝန်း၏ အာရုံစိုက်မှုကိုရရှိခဲ့သည်။ မဟနက ဖွဲ့စည်းလိုက်သော အထူးခုံရုံးအမှတ် ၁၇ က မိုးပြာဂိုဏ်း၏ သင်ကြားမှုများသည် အယူလွဲသည်ဟု ၂၀၁၁ ခု နိုဝင်ဘာလ ၁၅ ရက်တွင်မှ ဆုံးဖြတ်ခဲ့သော်လည်း ဂိုဏ်းခေါင်းဆောင် ဦးဉာဏနှင့် မဟန ကြား ပဋိပက္ခမှာ ၁၉၈၁ ခုနှစ်ကတည်းက စတင်ခဲ့သည်။ 

ဦးဉာဏသည် ထေရဝါဒဗုဒ္ဓဘာသာကို မြန်မာနိုင်ငံအနှံ့တွင်ရှိသော ဘုန်းတော်ကြီးကျောင်းများတွင် သင်ယူခဲ့သည်။ ၁၉၈၀ ပြည့်နှစ် အစောပိုင်းတွင် ၎င်းသည်သစ္စာတရားကိုသိမြင်ကာ အရိယာဖြစ်သွားပြီဟု စတင်ပြောဆိုလာခဲ့သည်။ ၎င်းက သူ၏ တရားပေါက်သွားပုံကို သက်တမ်း တစ်နှစ်သာရှိသေးသော မဟန ထံသို့ အကြောင်းကြားခဲ့သော်လည်း အဖွဲ့က မယုံခဲ့ပေ။ ယင်းကဲ့သို့ တရားပေါက်သည်ဟု လိမ်လည်ပြောနေခြင်းမှာ ပါရာဇိကကံလေးပါးထဲမှ တစ်ပါးကို ချိုးဖောက်ခြင်းဟု မဟနက ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ဗုဒ္ဓမြတ်စွာဘုရားက ထိုကဲ့သို့ ချိုးဖောက်မှုမျိုးအတွက် မည်သည့်ပြစ်ဒဏ်ကိုမျှ ချမှတ်မထားခဲ့ပေ။ ထိုအချက်ကြောင့် မဟနက စစချင်းတွင် ၎င်းအား မည်သို့မျှ အရေးယူခြင်း မရှိခဲ့ခြင်း ဖြစ်နိုင်သည်။ 

ဦးဉာဏသည် မကြေနပ်ဘဲ စည်းအပြင်ရောက်သွားသလိုဖြစ်ကာ ထေရဝါဒဗုဒ္ဓဘာသာကို စွန့်လွှတ်ခဲ့သည်။ ထိုသို့ စွန့်လွှတ်ခဲ့ခြင်းကိုလည်း မဟနထံသို့ အကြောင်းကြားခဲ့ပြီး ၎င်းသည် မိုးပြာရောင်သင်္ကန်းကို စတင်ဝတ်ခဲ့သည်။ ၁၉၈၃ ခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဟူသော ဝါဒသစ်တစ်ခုကို ၎င်းက ထည်ထောင်လိုက်ကာ တရားများ စတင်ဟောကြားခဲ့သည်။ ၎င်း၏ နောက်လိုက်အများအပြားက ၎င်းကို ရဟန်းတစ်ပါးအသွင် ဆက်ဆံမြဲ ဆက်ဆံနေခဲ့သည်။ ထို့နောက် မဟန အတွက် နိုင်ငံတော်၏ အကူအညီနှင့် အမိန့်နာမခံသော ၎င်းကိုအရေးယူရန် အခွင့်အလမ်းတစ်ရပ်ပေါ်လာခဲ့သည်။ အသစ်ပြဌာန်းလိုက်သော ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၁၉၈၃)၏ ပုဒ်မ ၅ နှင့် ပုဒ်မ ၉ က ဆိုထားသည်မှာ "လူဝတ်ကြောင်တစ်ဦးသည် မည်သည့်အခါမျှ ရဟန်းအဖြစ်ဟန်ဆောင်ခြင်းမပြုရနှင့် ယင်းတားမြစ်ချက်ကို ဖောက်ဖျက်လျှင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည်"ဟု ဖြစ်သည်။ ဦးဉာဏကို အဆိုပါ ပုဒ်မတို့နှင့် ၁၉၈၄ ခုနှစ်တွင် ထောင်ချခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။

ထို့နောက် ၁၉၉၁ ခုနှစ်တွင် ၎င်းထပ်မံ အဖမ်းခံရပြီး မမှန်မှန်းသိလျှက်နှင့် မှားယွင်းသော သတင်းစကားတို့ကို ဖြန့်ချီမှုဖြင့် စွပ်စွဲခံရကာ အရေးပေါ်စီမံမှုအက်ဥပဒေ (၁၉၅၀) ၏ ပုဒ်မ ၅(င)နှင့် ထောင်ဒဏ်ဆယ်နှစ် အပြစ်ပေးခံရပြန်သည်။ ၁၉၉၈ ခုနှစ်တွင် ထောင်မှ ဒုတိယအကြိမ် လွတ်လာခဲ့သည်။

ဦးဉာဏက ဆက်လက်၍ တရားဟောနေခဲ့ရာ နောက်လိုက်တစ်ထောင်နီးပါးရှိလာခဲ့သည်။ ယခင်အတိုင်း ကံကြမ္မာကို ၂၀၁၀ ခုနှစ်တွင် သူကြုံရပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ရာဇသတ်ကြီး ပုဒ်မ ၂၉၅ နှင့် ၂၉၅(က) (တစ်ခုကိုနှစ်နှစ်စီ)၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၆ (ငါးနှစ်)၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၆ (ငါးနှစ်)၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (ငါးနှစ်)နှင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၁၂ နှင့် ပုဒ်မ ၁၃ (တစ်ခုကိုငါးနှစ်စီ)တို့ကို သုံးကာ စုစုပေါင်း ထောင်ဒဏ်နှစ် နှစ်ဆယ်ချခံရသည်။ အယူခံရန်၊ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ရရန်နှင့် တရားရုံးချုပ်မှ အမှုခေါ်စာချွန်တော် အမိန့်တစ်ခုရရန် ၎င်း၏ အကြိမ်ကြိမ် ကြိုးပမ်းအားထုတ်မှုများမှာ အချည်းနှီးဖြစ်ခဲ့သည်။ ၎င်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (အသက် ၇၇)တွင် ထောင်မှလွတ်ခဲ့သည်။ ဦးဉာဏနှင့် ၎င်း၏ နောက်လိုက်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရတစ်ရပ် အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် ယင်းတို့၏ ဂိုဏ်းကို မြင်တွေ့ကြသည်။ ထို့ကြောင့် ဂိုဏ်းသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ရပ်တန့်ခြင်း မပြုကြသေးသည့်အတွက် မဟန ၏ စိတ်ကွက်ခြင်းကို ခံရပြန်သည်။ မဟန က ဦးဉာဏနှင့်နောက်လိုက်များကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ယင်းတို့၏ ဆုံးဖြတ်ချက်ကိုဘာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို တောင်းဆိုခဲ့သည်။ ဂိုဏ်းသည် မန္တလေးတိုင်းဒေသကြီးတွင် အခြေစိုက်ပြီး နောက်လိုက်များက တစ်နိုင်ငံလုံးအနှံ့ရှိနေသည့်အတွက် နိုင်ငံတော်သမ္မတရုံးကလည်း ဝန်ကြီးဌာနကို ကူညီရန်ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ အမိန့်ထုတ်ခဲ့သည်။ သို့ရာတွင် ၂၀၁၇ ခုနှစ် မတ်လအထိတော့ ယင်းကိစ္စမှာ မပြီးပြတ်သေးပေ။

မိုးပြာဂိုဏ်း ကိစ္စမှာ အချက်နှစ်ချက်ရှိသည်။ ပထမအချက်မှာ ဂိုဏ်းများထံမှအမိန့်လုံးဝနာခံမှုကို မဟနက လိုချင်သည်။ ဒုတိယအချက်မှာ ၎င်းတို့ကိုဆန့်ကျင်သော မဟန၏ ဆုံးဖြတ်ချက်ကို စိတ်ပါလက်ပါဖြစ်စေ စိတ်မပါဘဲဖြစ်စေ ဂိုဏ်းများက လိုက်နာခဲ့လျှင် အေးအေးချမ်းချမ်း ဖြစ်သွားသော်လည်း ဂိုဏ်းတစ်ဂိုဏ်းက မဟန၏ အမိန့်ကိုဆန့်ကျင်ခဲ့လျှင် မဟနက အရေးယူတတ်သည်။

နိုင်ငံရေးအခြေအနေအသစ်တွင် ဦးဉာဏနှင့်နောက်လိုက်များကို ထောင်ဒဏ် ထပ်ချမည်လား ဆိုသည်ကတော့ မရေရာပေ။ သို့ရာတွင် ဦးဉာဏနှင့်နောက်လိုက်များကို ယင်းတို့လုပ်ချင်သလို မဟန က လုပ်ခွင့်မပေးခြင်းနှင့် မဟန ကိုယ်စား အစိုးရက ဂိုဏ်းကို အပြစ်ပေးရန်တောင်းဆိုခြင်းကို အစိုးရက လိုက်လျောခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် မဟနနှင့် ၎င်း၏ ခုံရုံးများမှ ပြန်ဆိုသဘောပေါက်သည့်အတိုင်း လမ်းရိုးမှသွေဖည်ခြင်းသည် မြန်မာနိုင်ငံတွင် ဘာသာရေးပြစ်မှုတစ်ခုဖြစ်နေဆဲပင် ဖြစ်သည်။ အစိုးရကလည်း မဟနနှင့် ပူးပေါင်းပြီး ထိုကဲ့သို့သော ပြစ်မှုများကို အပြစ်ပေးနေဦးမည်သာဖြစ်သည်။


Ref: Freedom of Religions in Myanmar-Burmese By International Centre for Ethnic Studies and Equitas- International Centre for Human Rights Education (Published 2018)

Wednesday, December 21, 2022

ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲနှင့် မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်

 


ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲနှင့် မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်

—————————————————————

၁၉၇၁ ခု၊ ဒီဇင်ဘာလ ၁၆ ရက်မှာ ယခင်က အရှေ့ပါကစ္စတန်လို့ ခေါ်ခဲ့တဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ လွတ်လပ်ရေး ရရှိခဲ့တယ်။ ယနေ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံဟာ ၅၁ ကြိမ်မြောက် လွတ်လပ်ရေးအောင်ပွဲကို ကျင်းပနေတယ်။ ဘင်္ဂါလားဒေ့ရ်ှဟာ ပါကစ္စတန်ကနေ ခွဲထွက်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲကာလမှာ ကမ္ဘာ့နိုင်ငံအသီးသီးက မိမိတို့ရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံခြားရေး ပေါ်လစီအရ ပါကစ္စတန်ဘက်က၎င်း၊ ဘင်္ဂါလားဒေ့ရ်ှဘက်က၎င်း အသီးသီးရပ်တည်ခဲ့ကြတယ်။ စစ်ပွဲအတွင်း အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ဗမာပြည်ဘက်သို့ ထွက်ပြေးခိုလှုံလာခဲ့တဲ့ ဒုက္ခသည်လည်း ၁၀ သန်းကျော် ရှိခဲ့တယ်။ မြန်မာဘက်ကို ၃-၄ သိန်းခန့်နဲ့ အိန္ဒိယဘက်မှာ ၉ သန်းကျော် ခိုလှုံလာခဲ့တယ်။


သူတို့ရဲ့ လွတ်လပ်ရေးတိုက်ပွဲကာလမှာ အိမ်နီးချင်း ဗမာပြည်နဲ့ ရခိုင်မွတ်စလင် ရိုဟင်ဂျာတွေက ဘယ်ဖက်ကနေ ထောက်ခံသွားသလဲ ဆိုတာကို လိုရင်း ဖော်ပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗမာပြည်ကိုရောက်ရှိလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဗမာပြည်တွင် ကျန်ရစ်နေထိုင်ခဲ့တယ်ဆိုတဲ့ မျိုးချစ်တွေရဲ့ စွပ်စွဲချက်လည်း ဘယ်လောက်အထိ မှန်ကန်သလဲ၊ ဘယ်လို ဘယ်လိုဂျင်းတွေ ထည့်သွားတာကိုလဲ ဒီဆောင်းပါးကနေ ထင်ယောင်ထင်မှား မရှိအောင် သဘောပေါက်သွားမှာ ဖြစ်တယ်။


ဦးစွာ အဲဒီ ၁၉၇၁ ခု အရှေ့ဘင်္ဂါလား-ပါကစ္စတန်တိုက်ပွဲမှာ တို့ဗမာပြည်က ဘယ်ဘက်ကရပ်တည်ခဲ့သလဲ။ တိုတိုတောင်းတောင်း ပြောရရင် ဗမာပြည်ဟာ ဘင်္ဂလားဘက်ကနေ ရပ်တည်ခဲ့ခြင်း မရှိချေ။ ဗမာပြည်ဟာ ပါကစ္စတန်နဲ့ သံတမန်ဆက်ဆံရေးကောင်းနေချိန်ဖြစ်တယ်။ ကြားနေအဖြစ်နေခဲ့တယ်လို့ ဆိုပေမယ့် ပါကစ္စတန်ဘက်ကနေ အသာပေးရပ်တည်သွားခဲ့တာကို တွေ့ရပါတယ်။


ဗမာပြည်မှာ အာဏာရှင်ဗိုလ်နေဝင်းက မတရားအာဏာ ဆုပ်ကိုင်ထားတဲ့ မဆလခေတ်ဖြစ်တယ်။ အရှေ့ဘင်္ဂါလား-ပါကစ္စတန်စစ်ပွဲမှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံက လူအား၊ လက်နက်အား အလုံးအရင်း ထောက်ပံ့ခြင်းဖြင့် အရှေ့ဘင်္ဂါလားကို ထောက်ခံကူညီခဲ့တယ်။ အိန္ဒိယက သူတို့ရဲ့ လေပိုင်နက်ကို ပါကစ္စတန်အတွက် ကန့်သတ်လိုက်တဲ့အခါ ဗမာပြည်ဟာ ပါကစ္စတန်တပ်ဖွဲ့တွေရဲ့ စစ်ရေးထောက်ကူလမ်းကြောင်းဖြစ်လာခဲ့တယ်။ ပါကစ္စတန်က စစ်သားတွေ၊ လက်နက်ခဲယမ်းတွေဟာ ဗမာပြည်မှတဆင့် စစ်မြေပြင်သို့ ပို့ဆောင်လေ့ရှိတယ်။ ဗမာပြည်နဲ့ သီရိလင်္ကာနိုင်ငံတွေမှာ ပါကစ္စတန်ရဲ့လေကြောင်းယာဉ်တွေ လောင်စာဆီဖြည့်ရန် ဆင်းနားခွင့်ရခဲ့တယ်။ စစ်ပွဲပြီးဆုံးခါနီးတွင် ပါကစ္စတန်ထိပ်တန်းအရာရှိတွေဟာ ဗမာပြည်သို့ ထွက်ပြေး ခိုလှုံခဲ့ကြတယ်။  ဗိုလ်ချုပ်ကြီး နာဇီယာ အပါအဝင် စစ်တပ်အကြီးအကဲနဲ့ မိသားစုတွေ ၂၀၀ ကျော်ဟာ ရဟတ်ယာဉ်တွေနဲ့ စစ်တွေမြို့သို့  ညချင်းထွက်ပြေးလာကြတယ်။  ဗမာအစိုးရက သူတို့ကို ပါကစ္စတန်သို့ ဘေးမဲ့ပြန်နိုင်အောင် ကူညီပေးခဲ့တာက အားလုံးအသိဖြစ်တယ်။ ဒါတွေကို လေ့လာခြင်းဖြင့် ဗမာပြည်ဟာ ပါကစ္စတန်နဲ့ အတူ ရပ်တည်ခဲ့ကြောင်း ပေါ်လွင်ပါတယ်။


ဒါ့အပြင် ၁၉၇၁ ခု၊ ဇူလိုင်လ ၂ ရက်နေ့ အိန္ဒိယပါလီမန် အစည်းအဝေးမှာ ဗမာပြည်ဟာ ဒီဘင်္ဂလားလွတ်လပ်ရေးကြိုပမ်းမှုတွင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရ်ှတို့ရဲ့ မဟာမိတ်အဖြစ် ရပ်တည်တာ မရှိခဲ့ကြောင်း ပေါ်ပေါ်ထင်ထင် ဖော်ပြခဲ့တယ်။ ၁၉၇၁ ခု၊ ဇူလိုင်လ ၃၁ ရက်နေ့ အနောက်ဘင်္ဂေါ (အိန္ဒိယ) ညီလာခံတွင် ဘင်္ဂါလားမှ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အိန္ဒိယက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသလို ဗမာပြည်က အသိအမှတ်မပြုခဲ့ကြောင်း ဝေဖန်ဆွေးနွေးခဲ့တယ်။ ၁၉၇၁ ခု ဒီဇင်ဘာလတွင် မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် ဗိုလ်နေဝင်းစစ်တပ်က တိုက်ပွဲအချို့ဖြစ်ပွားစေပြီး ကမ္ဘာ့အာရုံ လွဲစေခဲ့တယ်လို့ သမိုင်းပညာရှင်တွေက ကောက်ချချခဲ့တယ်။


၁၉၇၁ ခု ဇွန်လတွင် ပြည်ပရောက်ဘင်္ဂလားဒေ့ရ်ှအစိုးရက ဘင်္ဂလားဒေ့ရ်ှမှ လူဦးရေ ၅၀,၀၀၀ ခန့် မြန်မာနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြောင်း အဲဒီထဲမှ ၂၀,၀၀၀ ခန့်မှာ ဌာနေတိုင်းရင်းသားလူနည်းစုများဖြစ်ကြောင်း ထုတ်ပြန်ခဲ့တယ်။ ဗမာပြည်ရဲ့ တချို့အကိုးအကားအရ ဒုက္ခသည် ၅၀၀,၀၀၀ ခန့်လို့ ဖော်ပြတာတွေ့ရတယ်။ ဒီနေရာမှာ ဌာနေတိုင်းရင်းသားဆိုတာက မောဂ်လူမျိုးစတဲ့ လူနည်းစုကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဧပြီလ ၂၀ ရက်နေ့ ရခိုင်ပြည်နယ်၊ ဘော်လီဘာဇား (ယနေ့ ကြိမ်ချောင်း)မှာ ဗမာအရာရှိတွေနဲ့ ဘင်္ဂါလား ရွေးကောက်ခံ ကိုယ်စားလှယ်တချို့ အဲဒီ စစ်ပြေးဒုက္ခသည်အရေးနဲ့ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ဗမာအစိုးရက အရှေ့ပါကစ္စတန်မှ ထွက်ပြေးလာသူတွေကို ဒုက္ခသည်စခန်းတွေမှာသာ ယာယီနေထိုင်ခွင့်ပေးပေမယ့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လုံခြုံရေးကို ထောက်ပံ့နိုင်မှာမဟုတ်ကြောင်း တာဝန်ရှိသူတွေက ခပ်တည့်တည့် ငြင်းဆိုခဲ့တယ်။ ပါကစ္စတန်ကို ဆန့်ကျင်ရာရောက်တဲ့ ဘာကိုမှ လုပ်မပေးနိုင်ဘူးလို့ မိမိတို့ရပ်တည်ချက်ကို ထုတ်ပြခဲ့တယ်။ ဗမာပြည်က ဘင်္ဂါလားမှ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ပေါ်ပေါ်ထင်ထင် စာနာမှု မပြခဲ့တာက ထင်ရှားပါတယ်။ ဒုက္ခသည်တွေနဲ့ ကြပ်ကြပ်တည်းတည်း ဆက်ဆံခဲ့တယ်။ ပြီးတော့ ဒုက္ခသည်တချို့ကိုလည်း ပါကစ္စတန် ဆန့်ကျင်ရေး ပူးပေါင်းကြံစည်မှုဖြင့် ဖမ်းဆီးကာ ပါကစ္စတန်တပ်ဖွဲ့ထံ လွှဲအပ်ပေးခဲ့တယ်လို့လဲ သူတို့ရဲ့ တချို့မှတ်တမ်းတွေမှာ တွေ့ရတယ်။ ဒီလောက်ဆို ဗမာပြည်ရဲ့ ထောက်ခံမှုက ဘယ်ဖက်တိမ်းစောင်းနေသလဲဆိုတာ သဘောပေါက်သွားပြီးလို့ ထင်ပါတယ်။


အဲဒီ ဘင်္ဂလားစစ်ပွဲအတွင်း ဘင်္ဂါလီဒုက္ခသည်တွေဟာ အာရကန်မွတ်စလင် ရိုဟင်ဂျာ အများစု ပျံ့နှံ့နေထိုင်တဲ့ ရခိုင်ပြည်ကို ခိုလှုံကြတာ ဆိုတော့ ရိုဟင်ဂျာတို့ရဲ့ အခန်းကဏ္ဍကို ဖော်ပြရန် ထိုက်တန်လောက်ပြီ။ အဲဒီတုန်းက ပါကစ္စတန်နိုင်ငံဟာ ရိုဟင်ဂျာလက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံတဲ့ နိုင်ငံတစ်ခုဟု ကောလာဟလသတင်းပျံ့နေချိန်ဖြစ်တယ်။ ဒီတော့ ရိုဟင်ဂျာတွေကလဲ ဘင်္ဂလားဒေ့ရှ် ခွဲထွက်ရေးတိုက်ပွဲကို ဆန့်ကျင်ပြီး ပါကစ္စတန်ကို ထောက်ခံနိုင်ခြေများတယ်။ ရိုဟင်ဂျာတွေက ဗလီဝတ်ပြုကျောင်းတွေမှာ ပါကစ္စတန်အတွက် အထူးဝတ်ပြုဆုတောင်းပွဲတွေတောင် ပြုလုပ်ခဲ့ကြတယ်လို့ တချို့က ဆိုကြတယ်။ စစ်တွေသို့ ထွက်ပြေးလာတဲ့ စစ်ထိပ်တန်းအရာရှိတွေနဲ့ မိသားစုဝင် စုစုပေါင်း ၂၀၀ ကျော်ကို စစ်တွေက ဒေသခံမွတ်စလင်တွေက၎င်း၊ ရန်ကုန်ရှိ ဒေသခံမွတ်စလင်တွေက၎င်း ဧည့်သည်ကျင့်ဝတ်နဲ့အညီ ဧည့်ဝတ်ကျေပွန်ခဲ့ကြောင်း  ဗိုလ်ချုပ် မိုဟာမတ် အာဇမ် ရေးသားခဲ့တဲ့ Pakistan Army Aviation Escape Story From East Pakistan ကိုယ့်တွေ့မှတ်တမ်းစာအုပ်တွင် အတိအလင်းဖော်ပြထားတယ်။ ဒေသခံရိုဟင်ဂျာတွေက ဘင်္ဂါလီဒုက္ခသည်တွေကို နှိပ်ကွပ်ပြီး ဒုက္ခသည်စခန်းရှိ ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်တွေကို ဗမာနဲ့ ပါကစ္စတန်တပ်တွေဆီ လွှဲပြောင်းပေးတာလေ့ရှိတယ်လို့ နေရပ်ပြန် ဘင်္ဂါလီတွေက ယနေ့ထိ စွပ်စွဲကြတယ်။ "သူတို့က ငါတို့ရဲ့ 'Mukti Force (လွှတ်မြောက်ရေး တပ်မတော်) ကို 'Murti Force' (ရုပ်ထုတပ်မတော်) လို့ ပြောင်လှောင်ကြတယ်။" စတဲ့ စွပ်စွဲချက်တွေ တစ်ချို့ ဘင်္ဂါလားဒေ့ရှ် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း စာမျက်နှာတွင် ဖော်ပြထားတာ တွေ့ရတယ်။ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲကို ထောက်ခံတဲ့လူ၊ ဒုက္ခသည်တွေကို စာနာတဲ့လူ လုံးဝမရှိဘူးလို့ မပြောလိုပါဘူး။ ရှိတော့ရှိနိုင်တယ်။ ဒါပေမဲ့ ပါကစ္စတန်ဘက်က အများစုပါပဲ။ ဒီလို ဗမာအစိုးရနဲ့ ရိုဟင်ဂျာလူမျိုး နှစ်ရပ်လုံးက ပူးပေါင်းဖိနှိပ် ရန်လိုတဲ့ပတ်ဝန်းကျင်မှာ ဒီဘင်္ဂါလီဒုက္ခသည်တွေဟာ ရေရှည်နေထိုင်ဖို့ စိတ်ကူးတောင် ပေါ်မှာ မဟုတ်ဘူးလို့ ထင်မိတယ်။ နောက်ပိုင်းမှာတော့ ပါကစ္စတန်လိုလားသူ ပါကစ္စတာနီဘင်္ဂါလီ ထောင်ဂဏန်းကျော်ဟာ ဘင်္ဂလားဒေ့ရ်ှမှာ နှိပ်စက်အရေးယူခံရမှာကို စိုးရိမ်လို့ ဒုက္ခသည်အဖြစ် ရခိုင်တွင် ကျန်ရစ်နေတယ်လို့ နေဝင်းအစိုးရက ထုတ်ပြန်ခဲ့တယ်။ ဒါကိုလည်း နောင်တွင် ဗိုလ်နေဝင်းက နှစ်နိုင်ငံညှိနှိုင်းမှုဖြင့် နေရပ်ပြန်ပို့ကာ ပါးပါးနပ်နပ် ဖြေရှင်းခဲ့တယ်။


ဗိုလ်နေဝင်းအစိုးရက ဒုက္ခသည်များ ခိုလှုံလာသည်နှင့်တပြိုက်နက် တိတိကျကျ စာရင်းကောက်ယူတယ်။ အများပြည်သူပိုင် နေရာဖြစ်တဲ့ ကျောင်း၊ ဆေးရုံစတဲ့ နေရာတွေမှာ နေရာချပေးတယ်။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်တစ်ဝိုက်တွင် ဒုက္ခသည်များကို ဒေသခံတွေရဲ့ အိမ်ခြံလွှတ်၌ နေရာချမပေးရန်၊ အစိုးရဒုက္ခသည်စာရင်းတွင် ပါဝင်ခြင်းမရှိတဲ့ တစ်ဖက်နိုင်ငံက ဘင်္ဂါလီတွေ တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံး သတင်းပို့ရန်၊ ပျက်ကွက်ကျူးလွန်ပါက ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်ကြောင်း ဒေသိယအမိန့်ထုတ်ပြန်ထားတယ်။ နယ်စပ်တလျှောက် စစ်ကြောင်းလှုပ်ရှားမှုများကို တိုးချဲ့ပြုလုပ်ကာ နယ်စပ်ကို ၂၄ နာရီ စောင့်ကြပ်ခဲ့တယ်။ တောင်ပြိုဘက်ကနေ အဲလို နေရာချပေးခဲ့တဲ့အတွက် ဒေသခံအချို့ အရေးယူ ထောင်ကျခံခဲ့ရတာလည်းရှိတယ်လို့ သိရတယ်။ အဲမှာ အာလောမ်ရဲ့ ဖခင်တစ်ယောက်ကလည်း ဘင်္ဂါလီဒုက္ခသည်အချို့ကို မိမိရဲ့ ခြံလွှတ်တလင်းတွင် တဲထိုးယာယီနေထိုင်ခွင့်ပေးခဲ့တဲ့အတွက် အလုပ်ကြမ်းနဲ့ ထောင်တစ်နှစ်ကျော် ပြစ်ဒဏ်ခံဖူးတယ်လို့ အာလောမ်က ဆိုတယ်။


ဘင်္ဂလားဒေ့ရ်ှက လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်သွားပြီ။ ဒါပေမဲ့ ပြည်တွင်းစစ်ပွဲ အငွေ့အသက်တော့ ဘင်္ဂလားမြေပြင်မှာ ရှိနေဆဲပါပဲ။ ပါကစ္စတန်တပ်မတော်ရဲ့ အကြွင်းအကျန်စစ်သားအချို့ဟာ စစ်တကောင်း တောင်တန်းဒေသရှိ လူမျိုးစုတွေနဲ့ပူးပေါင်းပြီး တောထူထပ်ရာ မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်ကတဆင့် အသစ်တက်လာတဲ့ ဘင်္ဂလားဒေ့ရ်ှအစိုးရကို ဆက်လက်တိုက်ခိုက်ခဲ့တယ်။ သိပ်မပြင်းထန်တဲ့ ဒီတိုက်ပွဲတွေဟာ (၂)နှစ်ကျော်ကြာ ဆက်လက်ဖြစ်ပွားခဲ့တယ်။ "ပါကစ္စတန်နဲ့ လူမျိုးစု ပူးပေါင်းတပ်ဖွဲ့တွေက ဗိုလ်နေဝင်းစစ်တပ်ရဲ့ အပြန်အလှန်နားလည်သည်းခံခြင်းမရှိဘဲ မြန်မာပြည်ရဲ့ပိုင်နက်အသုံးပြုပြီး ဒီလို ကာလကြာရှည်စွာ ဆက်လက်တိုက်ပွဲဝင်နိုင်မှာကား မဖြစ်နိုင်သလိုပဲ" ဟု သမိုင်းဆောင်းပါးရေး ဘင်္ဂါလီစာရေးဆရာတစ်ဦးက သူရဲ့ ထင်မြင်ယူဆချက် မျှဝေခဲ့တာ တွေ့ရပါတယ်။"


ဒီမှာ စိတ်ဝင်စားစရာကောင်းတာက ဘင်္ဂါလားဒေ့ရ်ှအောင်ပွဲခံပြီး တစ်လအတွင်းမှာပဲ ဗမာပြည်က ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို အသိအမှတ်ပြုခဲ့တယ်။ ဒီလို အသိအမှတ်ပြုခြင်းရဲ့ နောက်ကွယ်က ဗိုလ်နေဝင်းရဲ့ ပါးနပ်မှုရှိတယ်။ အဲဒါက စစ်ပြေး ခိုလှုံလာတဲ့ ဒုက္ခသည်ကိစ္စကို နှစ်နိုင်ငံပူးပေါင်းကာ အမြန်ဆုံး ဖြေရှင်းရေးဖြစ်တယ်။ ပြီးတော့ အဓမ္မအာဏာသိမ်းကာ ထိန်းချုပ်ထားတဲ့ ဗမာပြည်မှာ ဒုက္ခသည်အရေးနဲ့ညှိပြီး နိုင်ငံတကာစိတ်ဝင်စားမှု ပိုမလာအောင် မြန်မြန် ရုန်းလာခြင်းဖြစ်တယ်။ ဗိုလ်နေဝင်းက ကုလသမဂ္ဂ လူသားချင်းစနာထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ တိုင်းပြည်ထဲ အဝင်မခံစေချင်တဲ့အတွက်ကြောင့် ချက်ချင်း အသိအမှတ်ပြုလိုက်တာက ပေါ်လွင်ပါတယ်။ ဗိုလ်နေဝင်းက အသစ်တက်လာတဲ့ ဘင်္ဂလားအစိုးရနဲ့ အချိန်မီ ညှိနှိုင်းပြီး စစ်ပြေးဒုက္ခသည်တွေကို တောင်ပြို၊ မောင်တော မှတဆင့် ဘင်္ဂလားအစိုးရအား လွှဲအပ်ပေးခဲ့တယ်။ တောင်ပြိုဒုက္ခသည်လွှဲပြောင်းပေးရေးစခန်းမှ ဒုက္ခသည်တွေကို ရှေ့နေမောန်တာစ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ ပြန်လည်လက်ခံရေးအဖွဲ့က လက်ခံခဲ့တယ်လို့ဆိုတယ်။ ဗမာဘက်ကတော့ ဘယ်သူဦးဆောင်ခဲ့တာ တိတိကျကျ မသိရချေ။ ဒါနဲ့ ဘင်္ဂလီဒုက္ခသည်အရေး ပြေလည်သွားခဲ့ပါပြီ။


၁၉၇၄ ခု ဧပြီလတွင် ဗိုလ်နေဝင်းဟာ ဘင်္ဂလားဒေ့ရ်ှကို ၄ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ပြီး ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးခေါင်းဆောင် ဘင်္ဂေါဘောန္ဒူ ချဲ့ခ်မူဂျီဘူရ်ရာဟာမာန် အပါအဝင် အစိုးရအကြီးအကဲတွေနဲ့ တွေ့ဆုံကာ သံတမန်ဆက်ဆံရေး ရေရှယ်ခိုင်မာအောင်နဲ့ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်စေအောင် မိတ်ဖက်လက်ကမ်းလှမ်းရန် ရောက်လာခြင်းဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့တယ်။

ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတာကတော့ ထိုနှစ် ၁၉၇၄ ခုမှာပဲ ဗိုလ်နေဝင်းဟာ ပါကစ္စတန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ဘင်္ဂလားဒေ့ရ်ှနိုင်ငံအား ချက်ချင်းအသိအမှတ်ပြုမှုအတွက် ဆင်ခြင်ပေးချက်တွေနဲ့ တောင်းပန်ခဲ့တယ်။


ဒါနဲ့ ဘင်္ဂလားလွတ်လပ်ရေးတိုက်ပွဲမှာ ဗမာအစိုးရနဲ့  ရိုဟင်ဂျာလူမျိုးတွေဟာ ပါကစ္စတန်ကို ထောက်ခံခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရ်ှအောင်ပွဲခံတဲ့အခါ ဗမာအစိုးရက ဘက်ပြောင်းပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို အသိအမှတ်ပြုကာ စစ်ပြေးဒုက္ခသည်ကို နှစ်နိုင်ငံအစိုးရအစီအစဉ်ဖြင့် နေရပ်ပြန်ပို့ဆောင်ခဲ့ကြောင်း လက်လှမ်းမီသမျှ ခိုင်လုံတဲ့ အကိုးအကားတွေနဲ့ တင်ပြပေးလိုက်ပါတယ်။


—လူထုဝဏ္ဏ

(၁၆-၁၂-၂၀၂၂)


ကိုးကား-

http://www.burmalibrary.org/docs3/challenges_to_democratization_in_burma_chapter2.pdf

https://m.facebook.com/combataviationhistoryofpakistan/photos/a.1462389717343806/1668346133414829/?type=3

https://www.daily-sun.com/post/477687/Burmese-President%E2%80%99s-Visit-to-Bangladesh

#VictoryDayOfBangladesh
#Rohingya
#NeWin

Saturday, August 13, 2022

သမိုင်းဖျောက်ဖို့ မလွယ်တဲ့ ရိုဟင်ဂျာတိုင်းရင်းသား

သမိုင်းဖျောက်ဖို့ မလွယ်တဲ့ ရိုဟင်ဂျာတိုင်းရင်းသား

----------------------------------------

သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ရိုဟင်ဂျာ ဆိုတဲ့စကားလုံးဟာ ရခိုင်တွေကိုသာ ရည်ညွှန်းကြောင်း ဖရန်စစ်ဘူချာနန်ရဲ့ သမိုင်းစာအုပ်ကို ကိုးကားပြီးတော့ တစ်မျက်နှာစာလောက် ကူးယူဖော်ပြခဲ့တာ FB ပို့စ်တစ်ခုမှာ ဖတ်ဖူးတယ်။ ပုံ-၁ ကို ရှူပါ။


- ထုံးစံအတိုင်း ကော်မန့်တွေမှာ သမိုင်းလေ့လာသူ ရိုဟင်ဂျာတွေနဲ့ အပြန်အလှန် ထိပ်တိုက်တွေ့တာတော့ ရှိတယ်။ ကော်မန့်ရှင် တစ်ယောက်က ဆရာကြီးကို ယုံကြည်တဲ့အနေနဲ့ ရိုးရိုးသားသား မေးမြန်းလိုက်တယ်။ "ဆရာကြီးရဲ့ သုံးသပ်ချက် တင်ပေးရင် ကောင်းပါမယ်" တဲ့။ ပုံ-၂ ကို ရှူပါ။


- ဒီတော့ ဆရာကြီးလည်း အခွင့်သာသွားပြီပေါ့။ လေးလေးစားစား မေးတဲ့သူကို မှိုင်းတွေဂျင်းတွေ ခံတွင်းလိုက် ကျွေးပေးပြီပေါ့။ ဘယ်လို ဖြေသွားလဲသိလား။ " ရှင်းပါတယ်တဲ့။ ရခိုင်ပြည်ကို ဘင်္ဂါလီတွေက Rossawn, Rohhawn, Roang, Reng နဲ့ Rung လို့ ခေါ်ကြတယ်။ ၁၇၈၄ နောက်ပိုင်း ရခိုင်ပြည်က ထွက်ပြေးလာကြတဲ့ ရခိုင်တွေကို မောက် လို့ ခေါ်ကြတယ်။ ဒါကြောင့် ရို ဆိုတာ ရခိုင်ကိုခေါ်တာ။ သူတို့တွေကိုကတော့ Bangalese Mohammedan လို့ မှတ်တမ်းတင်သွားတယ်" လို့ ဆရာကြီးက သုံးသပ်ပြတယ်။ ပုံ-၂ ကို ရှူပါ။


- ကဲ့… ဒီသုံးသပ်ချက်ကို ဆန်းစစ်ကြည့်ချင်တော့ မူရင်းသမိုင်းကို သွားကုပ်ရတာပေါ့။


"All the way from Chanpour to Barratulla we have had low hills between us and the Sea: but now there is nothing in that direction except plains, these in some places however are covered with Woods. Various parts of the Hills in this neighbourhood are inhabited by Mugs from Rossawn, Rohhawn, Roang, Reng or Rung, for by all these names is Arakan called by the Bengalese." These people left their country on its conquest by the Burmas, and subsist by fishing, Boat building, a little cultivation, and by the Cloth made by their Women. They also build houses for the Mohammedan refugees, of whom many came from Arakan on the same occasion, and settling among men of their own Sect, are now much better off than their former Masters. A Bengalese Mohammedan would consider himself as polluted by living in a House built by Mug. The Natives of Arakan pay no rent for their Lands, as every three years they remove and clear away some new Spot overgrown with Wood. [T]hey pay to the Zemeendars a consideration for the ground occupied by their houses, in the same manner as the fishermen do. In the Hills between my route and the Sea there live no Joomea Mugs: but they are much frequented by Wild Elephants, on account of the fruit of the Chalta (Dillennia Indica) which these beasts eat very greedily.


Francis Buchanan In Southeast Bengal (1798) | Pages-31-32



မူရင်းအင်္ဂလိပ်စာကို ဖတ်ကြည့်တဲ့အခါ အာရကန်ပြည်ကို ဘင်္ဂါလီတွေက Rossawn, Rohhawn, Roang, Reng နဲ့ Rung လို့ ခေါ်ကြတာတော့ ဟုတ်တယ်။

အာရကန်ပြည်ကို ဗမာတွေက သိမ်းပိုက်တဲ့နောက်ပိုင်း မောက် (ရခိုင်)တွေ ထွက်ပြေးလာတာလည်း တွေ့ရတယ်။ ရခိုင်တွေကို မောက် ခေါ်တာလည်း ပါတယ်။ ဒါပေမဲ့ Bangalese Mohammedan လို့ မှတ်တမ်းတင်သွားတယ်လို့ ဆရာကြီးရဲ့အဆိုပြုချက်ကတော့ လုံးဝ မရိုးသားဘူး။ အဲဒီမူရင်းမှာ Mohammedan လို့သာ ကွဲကွဲပြားပြား ရေးသားထားတာ ဖြစ်တယ်။


နောက်တစ်ချက်က အာရကန်ပြည်ကို Roang (ရိုဟင်း) ခေါ်တယ်။ ရခိုင်ကို မောက် ခေါ်ကြတယ် လို့ အတိအလင်းပါတယ်။ ဆရာကြီးရဲ့ သုံးသပ်ချက်မှာ ကျတော့ ပဟေဠိဆန်သွားတယ်။ ရခိုင်က မောက် မဖြစ်ဘဲ ရိုဟင်ဂျာ ဘယ်လိုဖြစ်သွားတာလဲ။ အံ့စရာနော်။ (ဒေသစွဲနာမည်အဖြစ်ကောက်ရင် အာရကန်ပြည်သူတွေကို ရိုဟင်ဂျာ ခေါ်တာလို့ သုံးသပ်ရင်တောင် ယုတ္တိတန်သေးတယ်။ မှတ်တမ်းတွေအရဆိုရင် ရခိုင်ကို မောက် လို့ပဲ မှတ်တမ်းတွေ့ရတာ။ *ရိုဟင်ဂျာ ဟာ မွတ်စလင်တွေဖြစ်ကြောင်း တခြားသမိုင်းမှတ်တမ်းတွေ တပုံကြီးရှိတယ်။)

သမိုင်းဆရာကြီးလဲ အသက်နည်းနည်း ကြီးလာတော့ မေ့သွားတတ်တာလားတော့ မသိဘူး။ အဲဒီမူရင်းမှာ ရိုဟင်ဂျာ ရှာတော်ပုံအတွက် အင်မတန်အရေးကြီးတဲ့ အချက်တစ်ချက်ရှိတယ်။ "အဲဒီ ၁၇၈၄ ခုနောက်ပိုင်း ထွက်ပြေးခိုလှုံခဲ့တဲ့ သူတွေထဲမှာ အာရကန်ပြည်က မိုဟာမေဒင် အုပ်စုလည်း ပါတယ်။ သူတို့က သူတို့အစုနဲ့ သူတို့ နေကြတယ်"လို့ ဘူချာနန်ရဲ့ မူရင်းစာသားမှာ ထင်ထင်ရှားရှားဖော်ပြထားတယ်။ ဒီအချက်ဟာ ရခိုင်ပြည်က မွတ်စလင်တွေ ဗမာကျူးကျော်စစ်မတိုင်မီ အာရကန်ပြည်တွင် ရှိနေကြောင်း ခိုင်လုံတဲ့အထောက်အထားဖြစ်တယ်။ ၁၈၂၃ မတိုင်မီ ရှိနေတဲ့အတွက်ကြောင့် ရိုဟင်ဂျာတွေဟာ ပင်ရင်းတိုင်းရင်းသားတွေဖြစ်ကြတယ်။ အဲဒီအချက်ကိုကျတော့ ဆရာကြီးက မေ့ကျန်သလိုလို ခုန်ကျော်သွားခဲ့တယ်။ (တမင်ကျော်သွားတာလား၊ မေ့လို့ ကျော်သွားတာလား ဒါက ဆရာကြီးပဲ အသိဆုံးဖြစ်တယ်။) ဒါပေမဲ့ အဲဒီ Mohammedan ကို ဘင်္ဂါလီမိုဟာမေဒင် လို့ ဇာတ်နာနာ သုံးသပ်ဖို့တော့ မမေ့ခဲ့ဘူးနော်။

တစ်ခါ ဒီသုံးသပ်ချက်မှာပဲ မေ့လျော့သွားတာဖြစ်မယ် ဆိုလို့ ဆရာကြီးရဲ့ ဘူချာနန်ဘာသာပြန်ကို သွားကြည့်ဖြစ်တယ်။ အဲ့ဒီမှာလည်း ထူးထူးခြားခြားပါပဲ။ ၁၇၈၄ နောက်ပိုင်း မွတ်စလင်တွေ အာရကန်ပြည်က နေရပ်စွန့်ခွာကာ အိမ်နီးချင်းတိုင်းပြည်မှာ ခိုလှုံခဲ့တဲ့ မူရင်းအပိုင်းကို ဘာသာပြန်တောင် မပြန်ခဲ့ဘူး။ တစ်ခါတည်း ဖျက်ချေလိုက်လေတယ်။ ပုံ-၃ ကို ရှုပါ။


ဒီနေရာမှာ တစ်ခုပြောချင်တာက ဘူချာနန်ဟာ အာရကန်က ဒုက္ခသည်မွတ်စလင်နဲ့ ဘင်္ဂါလားက ဘင်္ဂလီမွတ်စလင်ကို သိသိသာသာကွဲပြားနိုင်အောင် ဖော်ပြထားတယ်။


"မောက် တွေက မဟာမေဒင် ဒုက္ခသည်တွေအတွက် အိမ်တွေလည်း ဆောက်လုပ်ပေးတဲ့အလုပ်ကို လုပ်ကြပြီး မိုဟာမေဒင်တွေလည်း မောက်တွေနဲ့အတူတူ အာရကန်မှ ထွက်ပြေးလာကြသူတွေ ဖြစ်ကြတယ်။ အဆိုပါ မိုဟာမေဒင်တွေဟာ သူတို့အုပ်စုနဲ့သူတို့ နေထိုင်ကြပြီး ၎င်းတို့ရဲ့ ယခင်သခင်တွေထက် ကောင်းမွန်စွာ နေထိုင်ကြတယ်။ ဘင်္ဂါလီမိုဟာမေဒင် တစ်ယောက်က မောက်တွေ ဆာက်လုပ်တဲ့အိမ်တွေမှာ နေထိုင်ရင် မိမိကိုယ့်ကို ညစ်ညူးတယ်လို့ ယူဆတယ်။"


ဆိုလိုတာက ရခိုင်တွေ ဆောက်လုပ်တဲ့ အိမ်တွေမှာ အာရကန်က မွတ်စလင်တွေ နေကြတယ်။ ဒီလိုမျိုး မောက်တွေ ဆောက်တဲ့အိမ်တွေမှာ ဘင်္ဂါလီမွတ်စလင်တွေကျတော့ မနေတတ်ဘူး။ ရွံ့ကြတယ်။ ဒီအပိုင်းက အာရကန်က မိုဟာမေဒင်နဲ့ အဲဒီ ဒေသခံဘင်္ဂါလီမိုဟာမေဒင်တွေဟာ ဓလေ့ထုံးတမ်းမတူကြောင်း ထောက်ပြနေတယ်လို့ ကောက်ချက်ချနိုင်တယ်။


- ဒါပေမဲ့ ဒီလောက်အရေးကြီးတဲ့ သမိုင်းအချက်အလက်တစ်ခုကို သမိုင်းဆရာကြီးအေးချမ်းက ကျော်သွားတာ ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာလို့ ထင်ကြေးပေးနိုင်တယ်။ ဒါက တို့ပြည်ရဲ့ ပညာရှင်တွေရဲ့ သမာဓိပါပဲ။ သမိုင်းပညာရှင် ဆိုတာ ဘက်မလိုက်ရဘူး။ အရှိကိုအရှိအတိုင်း ထုတ်ဖော်ရဲရတယ်။ ဒါမှ အမှန်ကန်တဲ့ အတိတ်အကျိုးအကြောင်းကို လူတွေက သိရှိလာမှာဖြစ်တယ်။ ဒီလိုမဟုတ်ဘဲနဲ့ မိမိစိတ်ကြိုက်ဖြစ်အောင် ဖုံးကွယ်ဖို့ကြိုးစားရင်တော့ သာမန်ပြည်သူတွေလဲ ဘယ်တတ်နိုင်ပါမလဲ။ ပညာရှိဆိုတိုင်း ယုံမှားမိပြီးတော့ ပဋိပက္ခတွေစွဲနေမှာပေါ့။

— #လူထုဝဏ္ဏ

(10-8-2022)


*ဒီဘူချာနန်ရဲ့ မှတ်တမ်းနဲ့ပတ်သက်ပြီးတော့ ကိုလင်းသက်ဆွေရဲ့ သုံးသက်ချက်ကို အောက်ပါလိင့်ကနေ ဖတ်ရှူနိုင်ပါတယ်။


https://m.facebook.com/story.php?story_fbid=pfbid0Dr2WPQeBECmPVX72sUSzPwuBAwR2MqmsNoNE7SxLu7qHYcs9EF7vKYjDt4YxXZaMl&id=744769315