အာဏာရှင်လမ်းကို တက်နင်းနေတဲ့ အေအေ
စစ်အာဏာရှင်ဖြုတ်ချရေး မြန်မာ့နွေဦးတော်လှန်ရေးကြီးဟာ အတိုင်းအတာတစ်ခုအထိ ခရီးပေါက်ကပါပြီ။ မြန်မာနိုင်ငံ အနှံ့အပြားတွင် တော်လှန်ရေးအဖွဲ့အစည်းတွေက သွေးချွေးစတေး ချွံချွံတိုက်ခိုက်လို့ နယ်မြေတွေ အတော်များများ သိမ်းပိုက်ရရှိပါပြီ။ ဒီလောက် အောင်မြင်မှုတွေ ရလိမ့်မယ်ဆိုတာလည်း အစတုန်းက မခန့်မှန်းခဲ့ချေ။ ရုတ်တရက်ပေါ်လာခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးခရီးမှာ အအောင်မြင်ဆုံး စစ်ဆင်ရေးလို့ လေ့လာသူတွေက မှတ်ချက်ပေးကြတယ်။ ရခိုင်ပြည်နယ်ဘက်မှာလည်း ရခိုင့်လက်နက်ကိုင်အဖွဲ့ အေအေက နယ်မြေ ၈၀ ရာခိုင်နှူန်းလောက် သိမ်းပိုက်ထားပြီဖြစ်တယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ အေအေက ရှေ့ဆုံးက တာဝင်နေတယ်ဆိုရင်လည်း မမှားပါဘူး။ သူတို့က တော်လှန်ရေးအစိုးရ ဖွဲ့စည်းပြီးတော့ ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေး အသက်တောင်သွင်းပေးတဲ့ အဆင့်ထိ ရောက်ရှိနေတာ အားလုံးအသိဖြစ်တယ်။
ဒီနေရာမှာ စဥ်းစားစရာက အေအေရဲ့ အုပ်ချုပ်မှုယန္တရားဟာ လူမျိုးအားလုံးရဲ့ အခွင့်အရေး အကျုံးဝင်တဲ့ ခေတ်သစ်အုပ်ချုပ်ရေးစနစ်တစ်ခုဆီကို ချီတက်နေသလား။ ဒါမှမဟုတ် ခေတ်ဟောင်း အာဏာရှင်တွေရဲ့ ခြေရာကိုပဲ ပြန်နင်းနေသလား မေးခွန်းထုတ်စရာဖြစ်လာတယ်။ အဲဒါကို လက်တွေ့ကျကျ လေ့လာချင်တယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ ဒုတိယလူဦးရေအများဆုံး ရိုဟင်ဂျာလူမျိုးနှင့် အေအေရဲ့ ဆက်ဆံရေးကို ကြည့်လိုက်ရင် သူတို့ရဲ့ အုပ်ချုပ်ရေးအတွေးအခေါ်တွေနဲ့ အနာဂတ်နိမိတ်ကို ထင်ထင်ရှားရှား တွေ့မြင်စေတယ်။ အေအေရဲ့ မူဝါဒဟာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လာရင် စစ်အာဏာရှင်အဆက်ဆက်ရဲ့ လမ်းစဥ်ကိုပဲ တစ်လှမ်းပြီးတစ်လှမ်း ပြန်လျှောက်နေကြတာတွေ့ရပါလိမ့်မယ်။ သတင်းမီဒီယာသမားတွေလည်း စကစ ရှုံးရင်ပြီးရော့ဆိုပြီး ဖြူဖြူမည်းမည်း မခွဲခြားဘဲ တဖက်သတ် အေအေဘက်က ရေးသားပြောဆိုနေကြတယ်။ တော်လှန်ရေးအဖွဲ့အစည်းအများစုကလည်း ရိုဟင်ဂျာနဲ့ပတ်သတ်လာရင် နှုတ်ဆိတ်နေမြဲတတ်တယ်။ ဒါက မထူးခြားဘူး။ မှန်မှန်မှားမှား အေအေကို မဆန့်ကျင်လိုတဲ့ သဘောပဲ။ တပြည်လုံးကိုယ်စားပြုတယ်လို့ဆိုတဲ့ အန်ယူဂျီကတောင် ဝင်မစွပ်ရဲဘူး။ ဒီတော့ တစ်ပြည်တစ်မင်းလို သွားနေတဲ့ အေအေရဲ့လမ်းက နောင်ခတ်မှာ ပြည်သူ့အတွက် ကောင်းကျိုးပေးမလား၊ အန္တရာယ်ဖြစ်သွားနိုင်သလား ဝေဖန်ရေးသားချိန်တန်ပြီ။ အေအေအဖွဲ့က အာဏာရှင်တို့ရဲ့ အမွေဆိုးလမ်းစဥ်ကို ဘယ်လိုနင်းနေကြသလဲ တစ်ခုပြီးတစ်ခု အကျဥ်းမျှ လေ့လာကြည့်ကြရအောင်။
ပထမဦးဆုံးပြောရရင် အင်မတန် အခြေခံကျတဲ့ လူသားတို့ရဲ့ မူလအခွင့်အရေးကို ငြင်းဆန်နေတာ တွေ့ရပါမယ်။ အေအေက ရခိုင်ပြည်တွင်း မှီတင်းနေထိုင်တဲ့ လူမျိုးစုကို လူမျိုးရေးအရ အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း၊ ကိုယ်ပိုင်ဝသေသအမည်ကို ငြင်းဆန်ခြင်းတွေကို အသက်သွင်းလာတယ်။ ဒီအချက်ကို အာဏာရူး စစ်အာဏာရှင်တွေက လူမျိုးအချင်းချင်း ပဋိပက္ခတွေ ဖန်တီးနိုင်အောင် တမင်တကာ ခါးခါးသီးသီး ချမှတ်ခဲ့တဲ့ လုပ်ကြံမူဝါဒတစ်ခုဖြစ်တယ်။ လူမျိုးကြီးဝါဒကို လေပင့်ပေးလို့ တခြားလူနည်းစုတွေကို နိမ်တဲ့သီအိုရီပေါ့။ အခုလည်း အေအေက အဲဒီမိစ္ဆလမ်းဟောင်းကို ရွေးလျှောက်နေကြောင့် မြင်နေရတော့ အင်မတန် ဝမ်းနည်းစရာကောင်းတယ်။ အေအေ အင်အားနည်းချိန်ကတော့ ရိုဟင်ဂျာလူမျိုးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အမည်နာမကို ခေါင်းဆောင်ပိုင်းကိုယ်တိုင်က သုံးစွဲအသိအမှတ်ပြုခဲ့ကြတယ်။ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်ကာ ကမ္ဘာ့တရားခုံအထိ ရောက်အောင် ကူညီခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ သူတို့အင်အားကြီးလာတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို ပေးမသုံးလိုဘူး။ ငြင်းဆိုနေကြတယ်။ ခေါင်းဆောင်ပိုင်တွေ ကိုယ်တိုင်က အဘတို့ရဲ့အတွေးအခေါ်နဲ့ တခြားနာမည်အမျိုးမျိုးကို သုံးစွဲခေါ်ဝေါ်နေကြတာ တွေ့ရပါတယ်။
ပြီးတော့ ရခိုင်ပြည်ရဲ့ မူလဌာနေလူမျိုးလို သဘောမထားဘဲ စစ်အာဏာရှင်လို ဒုတိယတန်းစားလူမျိုးအဖြစ် ဆက်ဆံနေကြတာရေ၊ နိုင်ငံရေးကအစ တော်လှန်ရေး၊ အုပ်ချုပ်ရေးကနေ ဘာမှမဆိုင်သလို မပတ်သက်သလို ဘေးဖယ်ထားတာတွေက စစ်အစိုးရနဲ့ ထပ်တူကျနေတယ်။ အောက်ခြေစစ်သားနဲ့ ရပ်ရွာတာဝန်အချို့မှာ ရိုဟင်ဂျာလူမျိုးကို သုံးနေကြတာလောက်ပဲ ရှိတယ်။ ဒါလည်း မလွှဲမရှောင်သာ လိုအပ်နေလို့ပါပဲ။ ရိုဟင်ဂျာတွေရဲ့ မည်သည့် နိုင်ငံရေးအဖွဲ့အစည်းနဲ့ တွေ့ဆုံဆွေနွေးစရာ မလိုဘူးလို့ ခေါင်းဆောင်ပိုင်းက ပြောဆိုလာတယ်။ ရိုဟင်ဂျာတွေရဲ့ ဆန္ဒ၊ သဘောထားတွေကို တင်ပြနိုင်ခွင့်မပေးဘဲ သူတို့စိတ်ထင်ရာ စိုင်းနေကြတဲ့မူနဲ့ သွားနေကြတယ်။ ရိုဟင်ဂျာပြည်သူတွေရဲ့ ကိုယ်ပိုင်ဆန္ဒမပါဘဲ ရိုဟင်ဂျာတွေနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေချတယ်။ သူတို့ ထားသလိုနေ၊ ခိုင်းသလိုလုပ် ဆိုတဲ့ အာဏာရှင်ပုံစံနဲ့ပေါ့။ အင်မတန် အယူသည်းတဲ့ လူမျိုးကြီးဝါဒကို ပြန်လည်အသက်သွင်းလာတော့ ရှေ့ပြေးလမ်းက လူမျိုးပေါင်းစုံ ယှဥ်တွဲနေထိုင်နိုင်မယ့် နှင်းဆီလမ်း ဖြစ်မလာဘူးဆိုတာ မြင်ယောင်လာစေတယ်။
နောက်တစ်လှမ်းက ရိုဟင်ဂျာပိုင် လယ်မြေအိုးအိမ် ဥစ္စာပစ္စည်းများ အဓမ္မ သိမ်းပိုက်တာဖြစ်တယ်။ ဒါကလည်း စစ်အာဏာရှင်ယုတ်တို့ရဲ့ မျိုးတုံးရှင်းလင်းရေး အဓိကလက်နက်တစ်ခုဖြစ်တယ်။ သူတို့ ချမှတ်ခဲ့တဲ့ လမ်းဟောင်းပဲ။ အေအေက ထိန်းချုပ်နယ်မြေတွေမှာ မဟုတ်မမှန် အကြောင်းအမျိုးမျိုးပြလို့ ရိုဟင်ဂျာတို့ရဲ့ အိုးအိမ်များ၊ လယ်မြေ၊ ဆိုင်၊ ကန်ပိုင်စတဲ့ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းနေကြတဲ့ သတင်းတွေ ဟိုကဒီက မကြာခဏ ပေါ်လာပြန်တယ်။ ဘာသာရေးအဆောက်အအုံတွေ ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်း၊ သူတို့ တပ်စွဲစခန်းချ သုံးစွဲခြင်းတွေလည်း လုပ်လာကြတာတွေ့ရတယ်။ တိုက်ပွဲတွေအတွင်းဆိုရင်လည်း သူတို့နဲ့မတည့်တဲ့ ရပ်ရွာရပ်ကွက်တွေဆို ရွာလုံးကျွတ်တန်းမီးရှို့တာလည်း ရှိတယ်။ ရိုဟင်ဂျာတို့ရဲ့ မှီတင်းနေထိုင်ရာ ရိပ်သာတွေကို မတရားသိမ်းဆည်းခံနေရ၊ မီးရှို့ခံရလည်း သေနတ်ပြောင်းဝရှေ့ ပြောမရဲဆိုမရဲ လည်စင်းခံ နေရတာကိုး။
ပြီးတော့ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့အစည်းကို အကြောင်းပြပြီး ပြည်သူလူထုကို မတော်မတရား ညှည်းပမ်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ ဖမ်းဆီတာ၊ ငွေညစ်တာ စတဲ့ တရားဥပဒေမဲ့ လုပ်ရပ်တွေ နေ့ရက်ဆက် ကျုးလွန်နေတယ်။ နောက်ပြန်လှည့်ကြည့်ရင် ဒါက ရိုဟင်ဂျာတို့ကို ကြောက်စိတ်ထည့်သွင်းပေးရန် စစ်အာဏာရှင်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး လက်နက်တစ်ခုဖြစ်တယ်။ အေအေကလည်း ထိုမူဝါဒကို လက်ကိုင်ကျင့်သုံးလာနေတာဖြစ်တယ်။ ပညာတတ်လူငယ်တွေကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲပြီး အမျိုးမျိုးဖိနှိပ်တဲ့ ကျုးလွန်မှုတွေ ကျယ်ကျယ်ပြန့်ပြန် ပြစ်မှားလာနေတယ်။ ပွင်းလင်းမြင်သာမှုရှိတဲ့ စစ်မှန်တဲ့တရားဥပဒေတံမျဥ်းကို ဥပေက္ခပြုပြီးတော့ ဓါးမိုးသေနတ်မိုးလို့ စိတ်ထင်ရာ စီရင်နေတဲ့ ဖြစ်ရပ်တွေ ဒုနဲ့ဒေးပါပဲ။
ဒါ့အပြင် စစ်အာဏာရှင်ရဲ့ သတင်းလွှတ်လပ်ခွင့်ကို ပိတ်ပင်တဲ့ လမ်းစဥ်ကိုလည်း အကောင်အထည်ဖော်နေတယ်။ ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကိုလည်း ထိန်းချုပ်ထားတယ်။ အေအေကလည်း ပြည်သူတွေကို နှုတ်ပိတ်နေအောင် သေနတ်ပြောင်ဝ အမြဲ ချိန်းထားလေ့ရှိတယ်။ အေအေ တက်သားတွေကျူးလွန်ခဲ့တဲ့ အမှုတစ်စုံတစ်ရာကို ပြည်သူတွေ ထွက်ဆိုလာရင် သတ်ဖြတ်အရေးယူခြင်းအထိ ခံနေရတယ်။ ဒါကတော့ စကစထက်တောင် ဆိုးဝါးလွန်နေလှပြီ။ ပြည်သူတွေက မိမိရဲ့ ခံစားချက်၊ မတရားခံရမှုတွေကို ရေငုံနှုတ်ပိတ်ကာ အေအေက ခိုင်းသလို ခေါင်းညိတ်နေရတယ်။ သူတို့ လိုချင်သလို ကဆိုရင်က၊ ရယ်ဆိုရင်ရယ် ရုပ်သံတွေရိုက်ပြ ထုတ်လွှင့်ရတယ်။ အေအေက လက်နက်ကိုင်ဂိုဏ်းလို ဘယ်နိုင်ငံတကာဥပဒေကိုမှ အရေးမစိုက်ကြဘူး။ တကယ်တော့ အဲလိုအမှုတစ်စုံတစ်ရာ ပေါ်လာပြီဆိုရင် ပွင်းလင်းမြင်သာစွာ စစ်ဆေးပြီးတော့ အပြစ်ကျုးလွန်သူတွေကို အရေးယူပြီးတော့ ဖြေရှင်းတာပဲ မှန်ကန်တဲ့ လမ်းစဥ်ပဲလေ။ အမှုတိုင်းမှာ ဘူးငြင်းလို့တော့ ဘယ်ဟုတ်ပါ့မလဲ။ အမှုတိုင်းတော့ စွပ်စွဲတာတော့ မဖြစ်နိုင်ဘူး။ အမှန်တရားတော့ ရှိမယ်။
ဒီလောက်နဲ့ မပြီးသေးဘူး။ စကစရဲ့ အဓိက ရန်ဘုံငွေရှာတဲ့ နည်းတစ်ခုက မတရား ငွေညစ်ခြင်းဖြစ်တယ်။ ဘာလုပ်လုပ် ငွေနဲ့သာ စကားပြောရတယ်။ အခုအေအေလက်နက်ကိုင်ကလည်း ဘာလုပ်လုပ် ငွေနဲ့ပဲ စကားပြောတယ်။ လူတစ်ယောက် တစ်နေရာကနေ တစ်နေရာ သွားချင်ရင် ထောက်ခံစာယူရပြန်တယ်။ ပိုက်ဆံပေါ့။ ရန်ကုန်ကို သွားချင်ရင် သိန်း ၅၀ ကျော်။ စာရွက်စာတမ်း တစ်ခုခု လုပ်ချင်ရင် တစ်သိန်းကနေ သိန်း ၁၀ အထိပဲ။ ဘင်္ဂလားကို ထွက်ပြေးလာချင်ရင် ငွေသိန်း ၂၅ လောက် သူတို့ကို ပေးမှ အဆင်ပြေတာလေ။ ထောင်သားတစ်ယောက်နဲ့ တွေ့ချင်ရင် သိန်း ၁၀ နဲ့ မလောက်ဘူး။ ဒီ အဓမ္မ ဆက်ကြေးကို အေအေက အခွန်ဆိုပြီးတော့ နာမည်လှလှတပ်ထားတယ်။ အေအေရဲ့ တာဝန်ခံတွေဆို လာမယ့်နှစ်တွေမှာ ရခိုင်ပြည်ရဲ့ အချမ်းသာဆုံးစာရင်း ဝင်တော့မယ်။ (ဘင်္ဂလားနဲ့ အိန္ဒိယဘက်ကို မူးယစ်ဆေးဝါးတွေတင်ပို့နေတဲ့အကြောင်းကို သူတို့ ရန်ဘုံငွေရှာလမ်းဆိုတော့ မပြောလိုဘူး။)
နောက်တစ်ခုကတော့ ရိုးသားဖြောင့်မတ်တဲ့ သူတော်ကောင်း ဟန်ဆောင်တာပါပဲ။ စေတနာရှင်လိုလိုပေါ့။ စစ်ကောင်စီက ရိုဟင်ဂျာတွေကို တစ်ဖက်က ဖိနှိပ်စက်ရင် အခြားတစ်ဖက်က ရိုဟင်ဂျာတွေကို ကူညီနေတဲ့ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင့်တွေကို ဖြန့်ကာ ဝါဒမိုင်းတိုက်ဖို့ ကြိုးစားခဲ့တယ်လေ။ အခုလည်း အေအေက ထပ်တူပဲ။ တစ်ဖက်က ရိုဟင်ဂျာတွေကို ဖိနှိပ်ညှည်းပမ်းနေတယ်။ အခြားတစ်ဖက်က သူတို့ရဲ့ အစွန်းရောက်မီဒီယာတွေကို သုံးပြီး ကူညီသလို၊ ထောက်ပံ့သလိုလို ဓါတ်ပုံတေ့၊ ဗီဒီယိုတွေ ဖြန့်ဝေကြတာတွေ့ရတယ်။ မူဆလင်ရေးရာဌာနတွေ ဖွင့်လှစ်နေကြောင်း ဝါဒဖြန့်လာကြတယ်။ ပြည်သူတွေကလည်း မိမိတို့ရင်ဆိုင်နေရတဲ့ ရောင်စုံဖိနှိပ်မှုတွေကို မျိုသိပ်နေရတာပေါ့။ ဆန့်ကျင်မပြောဝံ့တော့ တိတ်ဆိတ်ပဲနေရတယ်။ စကစကလည်း မြန်မာမူဆလင်၊ အိုလာမာ၊ မွတ်ဆလင်ရေးရာကောင်စီ စသည်ဖြင့် အဖွဲ့အစည်းများ ဖွင့်ပေးခဲ့တယ်ဆိုတာလည်း အလုံးအသိပဲမဟုတ်လား။
စစ်အာဏာရှင်တွေရဲ့ နောက်မူတစ်ခုက ပွင့်လင်းမြင်သာမှု မရှိတာဖြစ်တယ်။ အခု အေအေကလည်း ဘာလုပ်လုပ် ပွင့်လင်းမြင်သာမှု မရှိပါဘူး။ သူတို့ ဖမ်းချင်တဲ့သူကိုဖမ်း၊ သတ်ချင်တဲ့သူကိုသတ် ပြီးတော့ ဇွတ်ငြင်းဆိုမယ်၊ မဟုတ်မမှန်စွပ်စွဲတာပဲ လုပ်နေကြတယ်။ ပြည်သူတွေကို ဖမ်းခေါ်သွား၊ အချုပ်ထဲမှာသတ်၊ ပြီးတော့ လွှင့်ပစ်တဲ့အမှုလည်း မနည်းပါဘူး။
နောက်ထပ် တစ်ခုပြရရင် အတင်းအဓမ္မ ပေါ်တာဆွဲတာပါပဲ။ စကစရဲ့ နောက်ထပ် မတရားမှုတစ်ခုပေါ့။ ဒီလောက် လူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ အေအေက ပေါ်တာဆွဲတာ၊ လုပ်အားတောင်းတဲ့ မူကို အသက်သွင်းလာနေကြတယ်။ စစ်ဘေးဒဏ်ကတစ်ဖက် အစားအသောက်နဲ့ ရောဂါဘယတွေလဲတစ်ခက်နဲ့ အလူးအလဲခံစားနေရတဲ့ပြည်သူတွေကို အတင်းအဓမ္မ လုပ်အားပေးခိုင်းတာ ဘယ်က တရားပါမလဲ။ သူတို့အတွက်လမ်းဖောက်ခိုင်းတာတွေ၊ သူတို့ရဲ့ အဆောက်အအုံတွေ ဆောက်ခိုင်းတာတွေ၊ သူတို့အတွက် ရိက္ခာတွေကို ဆက်ခိုင်းတာတွေ ရက်ဆက်ပြုလုပ်နေကြတယ်။ လူအင်အားမရှိတဲ့ မိသားစုဆိုရင် ငွေကြေးနဲ့ ရှင်းရတယ်။ လစဥ်ပေးေဆာင်နေရတဲ့ ဆက်ကြေးတွေအပြင် လုပ်အားမေပးနိုင်တဲ့အိမ်ဆို တစ်/နှစ်သောင်းတောင် ပေးရတယ်။
နောက်ဆုံးတစ်ခုကတော့ အင်မတန် ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုပေါ့။ ပြည်သူတွေကို ပုရွက်ဆိတ်လို အုပ်လိုက်စုလိုက် သတ်ဖြတ်ခြင်းဖြစ်တယ်။ အေအေရဲ့ စစ်ဆင်ရေး စတင်ချိန်မှစ၍ ယနေ့အထိဆို အေအေက အပြစ်မဲ့ပြည်သူ ၁၀၀၀ လောက်ကို သတ်ဖြတ်ရှင်းလင်းခဲ့တယ်။ ဒီဂဏန်းက နည်းမယ်လို့တောင် ထင်မိတယ်။ မောင်တောနှင့် ဘူးသီးတောင်မှာ သက်သက် လူပေါင်း ၇၀၀ ကျော်ကို အုပ်လိုက်စုလိုက် ရက်ရက်စက် သတ်ဖြတ်ခဲ့တယ်။ တခြား ၅ ယောက်စု၊ ဆယ်ယောက်စု တွေပေါင်းလိုက်ရင် ၁၀၀၀ မက ကျော်သွားလိမ့်မယ်။ တခြားမြို့နယ်တွေမှာ ကျူးလွန်ခဲ့တဲ့ အရေအတွက်ကို တိတိကျကျ ထည့်နိုင်ရင်တော့ မယုံနိုင်လောက်အောင် မြင့်တက်လာနိုင်တယ်။ တခြားမြို့နယ်တွေကို ဆက်သွယ်ဖို့ မလွယ်ကူလို့သာ သတင်းမှန်တွေ ထွက်လာခြင်းမရှိတာဖြစ်တယ်။ ဒီလူသတ်မှုတွေကို ထောက်ပြဝေဖန်လာရင် နောက်နောင် မဖြစ်စေရအောင် သူတို့က အမှန်တရားကို စိစစ်ပြီး အရေးယူ မဖြေရှင်းဘဲ "ဘူး" ငြင်းကြတယ်။ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ထောက်ပြတော့ ရိုဟင်ဂျာတွေ မကောင်းတော့ဘူး၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ ဒေါ်လာစားတွေ ဖြစ်ကုန်ပြီ။ ရာဇဝတ်မှု ဆိုတာ ရာဇတ်မှုပဲ။ ရာဇဝတ်ကောင်တွေကို ခွင့်လွှတ်လိုက်ရင် ဒီထက်ကြီးမားတဲ့ ရာဇဝတ်မှုတွေ ကျုးလွန်လာမှာပဲ။ အေအေက ကျူးလွန်သည်ဖြစ်စေ၊ စကစက ကျူးလွန်သည်ဖြစ်စေ၊ ရိုဟင်ဂျာလက်နက်ကိုင်က ကျုးလွန်သည်ဖြစ်စေ ရာဇဝတ်မှုပဲ။ အမှန်တရားကို အတင်း နှုတ်ပိတ်ခိုင်းလို့ မရဘူး။ ဘာပဲပြောပြော ယုံသွားအောင် နိုင်ငံတကာအဖွဲ့အစည်းတွေက မျိုးချစ်တွေလို လူအတွေလူပေါတွေမှ မဟုတ်ကြဘူး။ အေအေက ဒီလိုဒီလို ကျုးလွန်တယ်လို့ပြောရင် သူတို့က သေချာစိစစ်ပြီးတော့ ပြစ်မှုကျူးလွန်တာ တကယ်လေ့လာတွေ့ရှိမှ သတိပေးတာလေ။
ရခိုင်ပြည်လွှတ်မြောက်ရေးဆိုတာ ရခိုင်ပြည်မှာနေထိုင်တဲ့ လူမျိုးပေါင်းစုံဘာသာပေါင်းစုံရဲ့ ဘုံရည်မှန်းချက်တစ်ခုဖြစ်တယ်။ အာဏာရှင်ကို ဆန့်ကျင်တဲ့ ဒီတော်လှန်ရေးကို အားလုံးက တခဲနက် ကြိုဆိုတယ်။ ရိုဟင်ဂျာတွေက အေအေကိုလည်း မုန်းတာမဟုတ်ဘူး။ တော်လှန်ရေးသမားတိုင်းကို ထောက်ခံအားပေးကြတယ်။ တကယ်တော့ လမ်းမှားပေါ်ရောက်လို့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာကိုပဲ ရိုဟင်ဂျာတွေက ဝေဖန်ထောက်ပြနေကြတာပဲ။ စစ်ပွဲဖြစ်နေတဲ့ ဒေသတစ်ခုမှာ ထိခိုက်မှုတွေ၊ ဆုံးရှုံးမှုတွေ အနည်းနဲ့အများဖြစ်တာတော့ နားလည်ပေးရမယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှုတွေ ကြီးကြီးမားမား ကျူးလွန်တာကိုတော့ ဘယ်သည်းခံနိုင်မလဲ။ အာဏာရှင်ဟောင်းဆီက အာဏာရှင်သစ်ဆီကို အာဏာလက်လွဲပြောင်းယူတာတော့ ဘယ်သူမှ လိုလားမှာမဟုတ်ပါဘူး။
ရခိုင်ပြည်ကို အာရက္ခပြည်လို့ ပြောင်းသုံးတာက လူမျိုးပေါင်းစုံ စုစည်းပါဝင်နိုင်မှုကို ဆောင်တဲ့ လက္ခဏာတစ်ရပ်လို့ ယူဆပါတယ်။ ထိုအတူ စစ်အာဏာရှင်ရဲ့ မူဟောင်းလမ်းစဥ်တွေကို နင်းခြေပစ်ပြီး လူမျိုးအားလုံးနိုင်တဲ့ လမ်းသစ်ဖောက်ဖို့လည်း အင်မတန် အရေးကြီးပါတယ်။ လူမျိုးပေါင်းစုံ သာယာအေးချမ်းစွာ နေထိုင်နိုင်တဲ့ ပြည်တစ်ခု ထူထောင်နိုင်မှ အသက်ပေါင်းများစွာ စတေးရခြင်းရဲ့ အကျိုးနပ်မှာ ဖြစ်တယ်။ နယ်မြေအချို့ ထိန်းသိမ်းထားနိုင်ရုံနဲ့ လွှတ်မြောက်ရာမရောက်ဘူး။ ပြည်သူအားလုံးရဲ့ စုစည်းပါဝင်မှု၊ ဘုံရပ်တည်မှုက အဓိကဖြစ်တယ်။ တော်လှန်ရေးမှာသုံးတဲ့ ကျည်ဆံတစ်ချောင်းစီဟာ ပြည်သူကို ကာကွယ်ဖို့အတွက်ပဲဖြစ်စေရမယ်။ ပြည်သူကို ဖိနှိပ်ဖို့အတွက်မဖြစ်စေရဘူး။ အချိန်မီ မပြုပြင်ရင် ကိုယ်အချင်းချင်း ပြန်တိုက်လို့ စစ်ပွဲ အသက်အဓွန့်ရှည်လို့ ပြည်သူတွေ စစ်ဆင်းရဲဒဏ်ကကနေ ထွက်လို့တောင် ရမှာမဟုတ်ဘူး။ အာရကန်ပြည် အေးချမ်းသာယာပါစေ။
လူထုဝဏ္ဏ
(28-8-2025)