Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label AA massacre. Show all posts
Showing posts with label AA massacre. Show all posts

Wednesday, October 1, 2025

ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

ထန်းရှောက်ခံရွာအနီးတဝိုက်တွင် တွေ့ရှိရသည့် သတ်ဖြတ်ခံရသူအချို့၏ အရိုးစုများ။


ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု


၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့၌ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၏ အလယ်ပိုင်းရှိ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံကျေးရွာ ခေါ် ဟွိုင်ယာစုရိ ကျေးရွာမှာ ရာနှင့်ချီသော  ရွာသူရွာသား၊ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းပါမကျန် အပြစ်မဲ့ပြည်သူများကို ရခိုင့်လက်နက်ကိုင်အဖွဲ့ (AA) က ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် သတ်ဖြတ်ခြင်း၊အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် အေအေတပ်စခန်းများတွင် အမျိုးသမီးများကို လိင်ကျွန်အဖြစ် ထိန်းသိမ်းထားရှိခြင်းစသည့် ကြောက်မက်ဖွယ် ပြင်းထန်သောရာဇဝတ်မှုများကို လူသိရှင်ကြား ရက်ရက်စက်စက် ကျူးလွန်ခဲ့သည်။ 

ထန်းရှောက်ခံကျေးရွာ ခေါ် ဟွိုင်ယာစုရိ သည် ဘူးသီးတောင်မြို့၏ အရှေ့တောင်ဘက် ငါးကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။ ရိုဟင်ဂျာများသာနေထိုင်ပြီး အများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ကြသည်။ ယင်းကျေးရွာကို မီတာ ၂၅၀ ခြား၍  ရွာနှစ်ရွာပိုင်းခြားထားသည်။ ကျေးရွာ၏ မြောက်ဘက်အပိုင်းရွာငယ်တွင် အိမ်ခြေ ၂၅ လုံးခန့်နှင့် တောင်ဘက်အပိုင်းတွင် အိမ်ခြေ ၂၀၀ ခန့် ရှိသည်။ စစ်ကောင်စီ၏ တပ်ရင်း ခမရ ၅၅၁ နှင့် နီးစပ်သည်။ 

၂၀၂၄ ခုနှစ် အစောပိုင်းလများအတွင်းက ရခိုင့်တပ်တော် (AA) သည် ဘူးသီးတောင်မြို့နယ်၏ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် တဖြည်းဖြည်း အောင်ပွဲများရရှိလာပြီး ထန်းရှောက်ခံကျေးရွာအနီးရှိ ခမရ ၅၅၁ တပ်ရင်းနှင့် စကခ ၁၅ တပ်မသို့ ချဉ်းကပ်လာသည်။


၂၀၂၄ ခုနှစ် ဧပြီလဆန်းပိုင်းတွင် စစ်ကောင်စီ တပ်မတော်သည် မြန်မာနိုင်ငံအနှံ့အပြားမှ စစ်မှူးထမ်းဥပဒေဖြင့် လူငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ စစ်မှူးထမ်းစေခဲ့ရာ ထိုဒေသမှာလည်း ရက္ခိုင့်တပ်တော် (AA) ကို ခုခံတိုက်ခိုက်ရန် ထန်းရှောက်ခံရွာနှင့် အနီးတဝိုက်ရွာများမှ စစ်မှူးထမ်း ၁၀၀ ခန့်ကို ဖမ်းဆီးစုစည်းခဲ့သည်။ 

ဧပြီလတွင် ကျယ်ပြန့်လာသော တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့၏ အရှေ့ဘက်ကျေးရွာများဖြစ်သော ရွက်ညိုတောင်၊ မောင်နာရွာနှင့် ကွန်တိုင်ကျေးရွာ စသည်တို့မှ ထောင်နှင့်ချီသောရွာသားများသည် ထန်းရှောက်ခံကျေးရွာနှင့် ဒါပြူချောင်းကျေးရွာ (ထန်းရှောက်ခါးကျေးရွာ၏ မြောက်ဘက် နှစ်ကီလိုမီတာအကွာ) များသို့ စစ်ဘေးရှောင်ခိုလှုံခဲ့ကြသည်။ ထန်းရှောက်ခံကျေးရွာသည် ခမရ ၅၅၁ တပ်ရင်းစခန်းနှင့် နီးစပ်ပြီး ဒါပြူချောင်းကျေးရွာသည် စစ်ကောင်စီ၏  အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် [စကခ ၁၅]နှင့် နီးစပ်သောကြောင့် AA ၏ တိုက်ခိုက်မှုမှ ပို၍ဘေးကင်းလုံခြုံမည်ဟု ရွာသားများက ယုံကြည်ခဲ့ဟန်တူသည်။


၂၀၂၄ ခုနှစ် ဧပြီလ စတုတ္ထအပတ်အတွင်း စကခ ၁၅ တပ်မနှင့် နီးစပ်သောနေရာတွင် တိုက်ပွဲများ ပြင်းထန်လာချိန်၌ ရခိုင့်တပ်တော် (AA) သည် ဒါပြူချောင်းကျေးရွာတွင် နေထိုင်သူအားလုံးကို ၎င်းကျေးရွာ၏ အနောက်တောင်ဘက် သုံးကီလိုမီတာခန့်အကွာ ဦးလှဖေကျေးရွာသို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့သည်။ 

မေလ ၁ ရက်နေ့တွင် ခမရ ၅၅၁ မှ စစ်ကောင်စီတပ်သားများသည် ထန်းရှောက်ခံကျေးရွာသို့ ရုတ်တရက်ရောက်ရှိလာပြီး စစ်မှူးထမ်းသစ်များအား ပေးထားသော လက်နက်အားလုံးကို ပြန်သိမ်းယူခဲ့သည်။ ထိုအချိန်က ခမရ ၅၅၁ စခန်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ခန့်လောက်သာ ရှိသည်။ ယခင်တပ်စွဲခဲ့သည့် စစ်ကြောင်းများသည် ဘူးသီးတောင်မြို့သို့ ဆုတ်ခွာသွားခဲ့သည်။


မေလ ၂ ရက်နေ့ မနက်စောစောတွင် စစ်ကောင်စီတပ်သား စစ်ကြောင်းတစ်ခုသည် ရွာမြောက်ဘက်မှ ရောက်ရှိလာပြီး စစ်သား တစ်ဝက်ခန့်သည် ထန်းရှောက်ခံကျေးရွာထဲသို့ ဝင်ရောက်လာကာ ကျန်တစ်ဝက်သည် ရွာအရှေ့ဘက်ရှိ စစ်ကောင်စီ တပ်ရင်း ခမရ ၅၅၁ သို့ ဝင်ရောက်ခဲ့ကြောင်း ထန်းရှောက်ခံရွာသား မျက်မြင်သက်သေများက ထွက်ဆိုခဲ့သည်။ တိုက်ပွဲဖြစ်ပွားတော့မည့် အနေအထားဖြစ်သောကြောင့် ရွာသားများကို နေအိမ်များမှ အမြန်ဆုံးထွက်သွားရန် ထိုစစ်ကြောင်းက သတိပေးခဲ့သည်။ ထိုအခါ ရွာသားများသည် ရွာမှ မြောက်ဘက်သို့ အုပ်လိုက်စုလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

စစ်ကောင်စီတပ်သားများထွက်သွားပြီးအချိန်အနည်းငယ်အကြာတွင် AA တပ်သားရာချီ ရွာထဲသို့ ဝုန်းဝုန်း ဝင်လာပြီး ရွာသားများကို နေအိမ်များမှ ထွက်သွားရန် အမိန့်ပေးပြန်သည်။ ထိုအခါ ရွာတွင်ကျန်ရစ်နေသည့် ရွာသားများသည် အခြားတစ်ဖက်သို့ ထွက်ပြေးခဲ့ကြသည်။ ရွာ၏အရှေ့ဘက်ရှိ လမ်းမကြီးပေါ်တွင် AA တပ်သားများက စစ်ရှောင်ထွက်ပြေးလာသော ရွာသားအုပ်စုကြီးတစ်စုကို တားဆီးပြီး ၎င်းတို့နှင့်အတူ ခိုးရှောင်ခိုးဝှက် ထွက်ပြေးလာသော စစ်ကောင်စီတပ်သားနှစ်ဦးကို လွှဲအပ်ပေးရန် ရွာသားများကို ဖျောင်းဖျပြောဆိုခဲ့သည်။

ထိုစစ်သားနှစ်ယောက်ကို အေအေက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပိတ်ဆို့ထားသော လူအုပ်ကို လွှတ်မပေးဘဲ လမ်းမပေါ်တွင် ခေါင်းငုံ့တန်းစီထိုင်စေခိုင်းသည်။  သို့နှင့် AA တပ်သားတစ်ဦး ကိုင်ထားသော စကားပြောစက်မှ "အားလုံး သတ်ပစ်လိုက်!" ဟု အမိန့်စကားကို ကြားခဲ့ရသည်ဟု အခင်းက လွှတ်မြောက်လာသော သက်သေများက ဆိုသည်။ ထိုအခါ AA တပ်သားများသည် ၎င်းတို့ရှေ့တွင် ခေါင်းငုံ့ထိုင်နေကြသော လူအုပ်ကြီးကို သနားစာနာစိတ်မဲ့ ရမ်းကားပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။

အသက် ၁၉ နှစ်အရွယ် ရွာသားတစ်ဦးသည် သူ၏မိခင်၊ ဖခင်နှင့် ညီအစ်ကိုမောင်နှမငယ် ငါးဦးတို့ကို သူ၏ ရှေ့မှောက်တွင် ရက်ရက်စက်စက် ပစ်သတ်ခဲ့သည်ကို ကိုယ်တွေ့မြင်ခဲ့သည်။ AA တပ်သားများက အလောင်းများအကြား ရှာဖွေစစ်ဆေးပြီး အသက်ရှင်နေသေးသူများကို ထပ်မံရှာဖွေပစ်သတ်ချိန်တွင် ၎င်းသည် မိခင်၏သွေးစွန်းနေသော ခေါင်းခြုံပုဝါကို မိမိကိုယ်၌ဖုံးအုပ်၍ အသေဟန်ဆောင်ကာ အသက်ဘေးမှ လွှတ်မြောက်လာခဲ့သည်။

ထိုအတောအတွင်း ရွာမြောက်ဘက်သို့ ထွက်ပြေးနေသည့် နောက်ထပ် ရာနှင့်ချီသောရွာသားများကို လမ်းပေါ်တွင် AA တပ်သားများက တားဆီးပြီး ထိုရွာသားများကိုလည်း အလားတူ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ရွာ၏အနောက်ဘက်ရှိ လယ်ကွင်းများကိုဖြတ်၍ ထွက်ပြေးနေသော ရွာသားများကိုလည်း AA တပ်သားများက လိုက်လံပစ်ခတ်ခဲ့သည်။ ရွာသားများ ထွက်ပြေးနေစဉ်တွင် အေအေ တပ်သားများက ထန်းရှောက်ခံကျေးရွာရှိ အိမ်အများစု မီးရှို့ခဲ့သည်။ ရွာတောင်ပိုင်းတွင် ဗလီတစ်လုံနှင့် အိမ်သာတစ်လုံး လွှဲ၍ ကျန်အဆောင်အအုံးအားလုံး ပြာကျစေခဲ့သည်။ 

အမျိုးသမီးငယ်အချို့ကို AA တပ်သားများက ဖမ်းဆီးခဲ့ပြီး မြက်ရှည်ခင်းထဲသို့ ဆွဲငင်သွားကာ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသမီးတစ်ဦး၏ အလောင်းကို အဝတ်တစ်ဝက်ဗလာနှင့် မိန်းမကိုယ်မှ ဝမ်းဗိုက်အထိ ဓားဒဏ်ရာရရှိထားသည့်အနေအထားဖြင့် တွေ့ရှိခဲ့သည်။ သူမ၏ ခေါင်းဖြတ်ထားသောသားနှစ်ဦး၏ အလောင်းများကို ၎င်းအမျိုးသမီး၏ ဘေးတစ်ဖက်တစ်ချက်တွင် ပစ်ချထားသည်။

ထို့အပြင် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေသည့် အမျိုးသမီးငယ် ၁၂ ဦးကို AA တပ်သားများက ဖမ်းဆီးပြီး စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိခဲ့သော ခမရ ၅၅၁ စခန်းထဲတွင် လိင်ကျွန်အဖြစ်ထိန်းသိမ်းထားရှိခဲ့ကြောင်းလည်း မျက်မြင်သက်သေများက ဖွင့်ဟခဲ့သည်။ ၎င်းအမျိုးသမီးများအနက်မှ လေးဦးသည် သေဆုံးခဲ့ပြီဖြစ်ကြောင်း  သိရသည်။ 


လွှတ်မြောက်နိုင်ခဲ့သော ရွာသားအများစုသည် ထန်းရှောက်ခံကျေးရွာ၏ အနောက်ဘက် နှစ်ကီလိုမီတာခန့်အကွာရှိ ဦးလှဖေကျေးရွာသို့ ခိုလှုံခဲ့ကြသည်။ ထိုကျေးရွာတွင်ပင် ၎င်းတို့အား AA က ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ မိုဘိုင်းဖုန်းများကို စစ်ဆေးခြင်း၊ အတင်းသိမ်းဆည်းခြင်းခံခဲ့ရသည်။ ယခင်က စစ်ကောင်စီ၏ အဓမ္မစစ်မှူးထမ်းခံခဲ့ရဖူးသော လူငယ်များကိုမူ ဖမ်းဆီးခေါ်ဆောင်သွားကာ အပြီးရှင်းပစ်ခဲ့သည်။

မေလ ၂ ရက်နေ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး နှစ်ရက်ကြာပြီးနောက်  ထန်းရှောက်ခံကျေးရွာသို့ သွားပြီး အလောင်းများကို မီးရှို့ဖျောက်ဖျက်ဖို့အတွက် ကောက်ရိုးခြောက်များ စုပေးရန် ဦးလှဖေကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည် ၅၀ ခန့်ကို အေအေက အတင်းအဓမ္မ ပေါ်တာဆွဲကာ စေလွှတ်ခဲ့သည်။ ကျေးရွာ၏ အနောက်မြောက်ဘက်စွန်းတွင် ပလာစတစ် တာပေါ်လင်အုပ်ထားသော  အလောင်းပုံကြီး လေးပုံကို မြင်တွေ့ခဲ့ကြောင်း၊ အလောင်းများ၏ ပုပ်သိုးအနံ့ဆိုးသည် အလွန်ပြင်းထန်စူးရှာလွန်းကြောင်း ထိုအလုပ်သမားအဖွဲ့တွင် ပါဝင်ခဲ့သူတို့က ဆိုသည်။


အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး ရက်သတ္တပတ်အတွင်း ညအချိန်တွင် ထန်းရှောက်ခံရွာသို့ ခိုးရှောင်ခိုးဝှက် ပြန်ဝင်လာခဲ့ကြသော တခြားရွာသားများကလည်း ကျေးရွာအနီးတစ်ဝိုက်တွင် အလောင်းများပေကျံနေကြောင်း၊  ဗလီ၏ နောက်ဘက်တွင် အလောင်းပုံတစ်ပုံ ရှိကြောင်း၊ ရွာ၏တောင်ဘက်ရှိ ရေကန်ထဲတွင် အလောင်းအများအပြား တွေ့မြင်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည်အားလုံးသည် ဘူးသီးတောင်မြို့နယ်မှ ထွက်ခွာရန် ULA/AA ထံမှ စာဖြင့် ခွင့်ပြုချက်ရယူခဲ့ရသည်။ ဘာသာရေးဆရာတစ်ဦးသည် သူ၏မိသားစု ထွက်ခွာခွင့်ရရန် ဘင်္ဂလားဒေ့ရ်ှငွေ တာကာ ၂၇၅,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၂၅၀ ခန့်) ဆက်ကြေးပေးခဲ့ရသည်။ သူတို့ ထွက်ခွာချိန်တွင် သူတို့၏ အိမ်ထောင်စုစာရင်းနှင့် မြေစာရင်းအပါအဝင် ကိုယ်ပိုင် စာရွက်စာတမ်းအထောက်အထားဟူသမျှကို AA က အတင်းအဓမ္မ လုယူခဲ့သည်။ 

ထန်းရှောက်ခံကျေးရွာတွင် တွေ့ရှိရသောအလောင်းများသည် စစ်ကောင်စီတပ်မတော်သားများ၏ အလောင်းသာဖြစ်ကြောင်း AA က မီဒီယာများကို ဗန်းပြ ထုတ်ပြန်ချေပခဲ့သော်လည်း ကိုယ်တွေ့သက်သေများ၏ ထွက်ဆိုချက် အထောက်အထားများက AA တပ်သားများသည် အထက်အရာရှိများ၏ တိုက်ရိုက်အမိန့်ဖြင့် ရိုဟင်ဂျာအရပ်သားရာနှင့်ချီ အစုလိုက်အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြနေသည်။ အရပ်သား ၆၀၀ ခန့် သတ်ဖြတ်ခံရကြောင်း ခန့်မှန်းခြေ သိရှိရသည်။ ထို့အပြင် AA တပ်သားများသည် ရိုဟင်ဂျာအမျိုးသမီးများနှင့် မိန်းကလေးများကို စနစ်တကျ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများက သက်သေခံနေသည်။


ထိုထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က သြဂုတ်လ ၃ ရက်တွင် ဘူးသီးတောင်မြို့နယ်မှ အသက်ရှင်လွှတ်မြောက်လာသော ကိုယ်တွေ့သက်သေများနှင့် မေးမြန်းအင်တာဗျူးကာ ၎င်း၏လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ရာဇီအာဆူလ်တာနာကလည်း ဘူးသီးတောင်မြို့နယ်မှ ထိုလူသတ်မှုမှ လွှတ်မြောက်လာခဲ့သော ကိုယ်တွေ့သက်သေ ရိုဟင်ဂျာ ဒုက္ခသည် ၁၉ ဦး (အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၇ ဦး) နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းချက်များ ပြုလုပ်ကာ စက်တင်ဘာလ ၂၄ ရက်တွင် "Kill Them All" ခေါင်းစဥ်ဖြင့် အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် သက်သေ နှစ်ဦးသည် မေလ ၂ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် မိသားစုဝင် အဆွေအမျိုးပေါင်း ၆၀ ကျော် ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။ 

ရခိုင့်လက်နက်ကိုင်အဖွဲ့အေအေ သည် တော်လှန်ရေး ခေါင်းစဥ်အောက်တွင် ရိုဟင်ဂျာလူမျိုးကိုပါ ရှင်းလင်းသုတ်သင်နေကြောင်း ထင်ရှားနေသည်။ 


— လူထုဝဏ္ဏ

(၁-၁၀-၂၀၂၅)

ကိုးကား

# ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတဲ့လား| The Art Garden Rohingya

# ထန်းရှောက်ခံ အစုလိုက်သတ်ဖြတ်မှု| ရိုနေဆန်းလွင်

# ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အစီရင်ခံစာ| Kaladan Press Network 

ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက်

Kalandan Press ၏ အစီရင်ခံစာကို လိင့်ကိုနှိပ်၍ ဒေါင်းယူ ဖတ်ရှူပါ။ 






Thursday, August 28, 2025

အာဏာရှင်လမ်းကို တက်နင်းနေတဲ့ အေအေ


အာဏာရှင်လမ်းကို တက်နင်းနေတဲ့ အေအေ

"တချို့က ပြည်သူ့ကို ကာကွယ်ဖို့ တော်လှန်ကြတာမဟုတ်ဘူး။ အာဏာရှင်စနစ်ထူထောင်ဖို့ တော်လှန်ရေးကို ခုတုံးလုပ်ကြတာဖြစ်တယ်။"

— ဂျော့အိုဝဲလ် (၁၉၈၄)

စစ်အာဏာရှင်ဖြုတ်ချရေး မြန်မာ့နွေဦးတော်လှန်ရေးကြီးဟာ အတိုင်းအတာတစ်ခုအထိ ခရီးပေါက်ကပါပြီ။ မြန်မာနိုင်ငံ အနှံ့အပြားတွင် တော်လှန်ရေးအဖွဲ့အစည်းတွေက သွေးချွေးစတေး ရွံရွံချွံချွံတိုက်ခိုက်လို့ နယ်မြေတွေ အတော်များများ သိမ်းပိုက်ရရှိပါပြီ။ ဒီလောက် အောင်မြင်မှုတွေ ရလိမ့်မယ်ဆိုတာလည်း အစတုန်းက မခန့်မှန်းခဲ့ချေ။ ရုတ်တရက်ပေါ်လာခဲ့တဲ့  ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးခရီးမှာ  အအောင်မြင်ဆုံး စစ်ဆင်ရေးလို့ လေ့လာသူတွေက မှတ်ချက်ပေးကြတယ်။ ရခိုင်ပြည်နယ်ဘက်မှာလည်း ရခိုင့်လက်နက်ကိုင်အဖွဲ့ အေအေက နယ်မြေ ၈၀ ရာခိုင်နှူန်းလောက် သိမ်းပိုက်ထားပြီဖြစ်တယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ အေအေက ရှေ့ဆုံးက တာဝင်နေတယ်ဆိုရင်လည်း မမှားပါဘူး။ သူတို့က တော်လှန်ရေးအစိုးရ ဖွဲ့စည်းပြီးတော့ ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေး တောင် အသက်သွင်းပေးတဲ့ အဆင့်ထိ ရောက်ရှိနေတာ အားလုံးအသိဖြစ်တယ်။

ဒီနေရာမှာ စဥ်းစားစရာက အေအေရဲ့ အုပ်ချုပ်မှုယန္တရားဟာ ရခိုင်ပြည်ရှိ လူမျိုးစုအားလုံးရဲ့ အခွင့်အရေး အကျုံးဝင်တဲ့ ခေတ်သစ်အုပ်ချုပ်ရေးစနစ်တစ်ခုဆီကို ဦးတည်နေသလား။ ဒါမှမဟုတ် ခေတ်ဟောင်း အာဏာရှင်တွေရဲ့ ခြေရာကိုပဲ တော်လှန်ရေးဖိနပ်နဲ့ ပြန်နင်းနေသလား မေးခွန်းထုတ်စရာဖြစ်လာတယ်။ အဲဒါကို လက်တွေ့ကျကျ လေ့လာချင်တယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ လူမျိုးစုအသီးသီးနဲ့ အေအေရဲ့ ဆက်ဆံရေး၊ အာဏာခွဲဝေရေး၊ ရခိုင်ပြည်နဲ့ လူမျိုးစုအကျိုးကို အကာအကွယ်ပေးရေး စတဲ့အခြေခံအချက်တွေကို ဘက်လိုက်မှုမရှိဘဲ လေ့လာရမယ်။ အဲ့ဒီအချက်တွေကို မှတ်ကျောက်တိုက်ပြီး စစ်လိုသော် ရခိုင်ပြည်ရဲ့ ဒုတိယလူဦးရေအများဆုံးနဲ့ အဖိနှိပ်ခံရဆုံး ရိုဟင်ဂျာလူမျိုးနှင့် အေအေရဲ့ ဆက်ဆံရေးကို ကြည့်လိုက်ရင် သူတို့ရဲ့ အုပ်ချုပ်ရေးအတွေးအခေါ်တွေနဲ့ အနာဂတ်ရခိုင်ပြည်ရဲ့နိမိတ်ကို ထင်ထင်ရှားရှား တွေ့မြင်စေတယ်။ အေအေတပ်ဖွဲ့ရဲ့ မူဝါဒဟာ ဘာသာမတူတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လာရင် စစ်အာဏာရှင်အဆက်ဆက်က အုတ်မြစ်ချပေးခဲ့တဲ့ လမ်းစဥ်ကိုပဲ တစ်လှမ်းပြီးတစ်လှမ်း ပြန်လျှောက်နေကြတာတွေ့ရပါလိမ့်မယ်။ ဒီနေရာမှာ ပြည်တွင်းသတင်းမီဒီယာသမားတွေလည်း စကစ ရှုံးရင်ပြီးရော့ဆိုပြီး ဖြူဖြူမည်းမည်း မခွဲခြားဘဲ တဖက်သတ် အေအေဘက်ဆွဲ ရေးသားပြောဆိုနေကြတယ်။ တော်လှန်ရေးအဖွဲ့အစည်းအများစုကလည်း ရိုဟင်ဂျာနဲ့ပတ်သတ်လာရင် နှုတ်ဆိတ်နေမြဲတတ်တယ်။ ဒါက မထူးခြားဘူး။ မှန်မှန်မှားမှား အင်အားကြီးထွားလာတဲ့ အေအေကို မဆန့်ကျင်လိုတဲ့ သဘောပဲ။ နောက်ဘက်က ခံနေရတဲ့လူမျိုးက ဘာသာမတူ၊ လူမျိုးမတူကြောင့်မလို့လဲ ယူဆနိုင်တယ်။  တပြည်လုံးကိုယ်စားပြုပါတယ်လို့ဆိုတဲ့ အန်ယူဂျီကတောင် ဝင်မစွပ်ရဲဘူး။ ဒီတော့ တစ်ပြည်တစ်မင်းလို သွားနေတဲ့ အေအေရဲ့လမ်းက နောင်ခတ်မှာ ပြည်သူ့အတွက် ကောင်းကျိုးပေးမလား၊ အန္တရာယ်ဖြစ်သွားနိုင်သလား ဝေဖန်ရေးသားချိန်တန်ပြီ။ အေအေအဖွဲ့က အာဏာရှင်တို့ရဲ့ အမွေဆိုးလမ်းစဥ်ကို ဘယ်လိုနင်းနေကြသလဲ တစ်ခုပြီးတစ်ခု အကျဥ်းမျှ လေ့လာကြည့်ကြရအောင်။

ပထမဦးဆုံးပြောရရင် အင်မတန် အခြေခံကျတဲ့ လူသားတို့ရဲ့ မူလအခွင့်အရေးကို လူသိရှင်ကြား ငြင်းဆန်နေတာ တွေ့ရပါမယ်။ အေအေက ရခိုင်ပြည်တွင်း မှီတင်းနေထိုင်တဲ့ လူမျိုးစုကို လူမျိုးရေးအရ အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း၊ ကိုယ်ပိုင်ဝိသေသအမည်ကို ငြင်းဆန်ခြင်း၊ လူမျိုးမုန်းတီးရေး ဝါဒဖြန့်ခြင်း စတဲ့ဟာတွေကို အသက်သွင်းလာတယ်။  ဒီအချက်ကို အာဏာရူး စစ်အာဏာရှင်တွေက လူမျိုးအချင်းချင်း ပဋိပက္ခတွေ ဖန်တီးနိုင်အောင် တမင်တကာ ခါးခါးသီးသီး ချမှတ်ခဲ့တဲ့ လုပ်ကြံမူဝါဒတစ်ခုဖြစ်တယ်။ လူမျိုးကြီးဝါဒကို လေပင့်ပေးလို့ တခြားလူနည်းစုတွေကို နိမ်တဲ့သီအိုရီပေါ့။ အခုလည်း အေအေက အဲဒီမိစ္ဆလမ်းဟောင်းကို ရွေးလျှောက်နေကြောင့် မြင်နေရတော့ အင်မတန် ဝမ်းနည်းစရာကောင်းတယ်။ အေအေ အင်အားနည်းချိန်ကျတော့ ရိုဟင်ဂျာလူမျိုးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အမည်နာမကို ခေါင်းဆောင်ပိုင်းကိုယ်တိုင်က သုံးစွဲအသိအမှတ်ပြုခဲ့ကြတယ်။ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်ကာ ကမ္ဘာ့တရားခုံအထိ ရောက်အောင် ကူညီခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ သူတို့အင်အားကြီးလာတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို ပေးမသုံးလိုဘူး။ ငြင်းဆိုနေကြတယ်။ ခေါင်းဆောင်ပိုင်းတွေ ကိုယ်တိုင်က အဘတို့ရဲ့အတွေးအခေါ်နဲ့ တခြားနာမည်အမျိုးမျိုးကို သုံးစွဲခေါ်ဝေါ်နေကြတာ တွေ့ရပါတယ်။ 

ပြီးတော့ ရခိုင်ပြည်ရဲ့ မူလဌာနေလူမျိုးလို သဘောမထားဘဲ စစ်အာဏာရှင်လို ဒုတိယတန်းစားလူမျိုးအဖြစ် ဆက်ဆံနေကြတာရေ၊ နိုင်ငံရေးကအစ  တော်လှန်ရေး၊ အုပ်ချုပ်ရေးကနေ ဘာမှမဆိုင်သလို မပတ်သက်သလို ဘေးဖယ်ထားတာတွေက စစ်အစိုးရနဲ့ ထပ်တူကျနေတယ်။ အောက်ခြေစစ်သားနဲ့ ရပ်ရွာတာဝန်အချို့မှာ ရိုဟင်ဂျာလူမျိုးကို သုံးနေကြတာလောက်ပဲ သိရှိရတယ်။ ဒါလည်း မလွှဲမရှောင်သာ လိုအပ်နေလို့ပါပဲ။ ရိုဟင်ဂျာတွေရဲ့ မည်သည့် နိုင်ငံရေးအဖွဲ့အစည်းနဲ့ တွေ့ဆုံဆွေနွေးစရာ မလိုဘူးလို့ ခေါင်းဆောင်ပိုင်းက ပြောဆိုလာတယ်။ ရိုဟင်ဂျာတွေရဲ့ ဆန္ဒ၊ သဘောထားတွေကို တင်ပြနိုင်ခွင့်မပေးဘဲ သူတို့စိတ်ထင်ရာ စိုင်းနေကြတဲ့မူနဲ့ သွားနေကြတယ်။ ရိုဟင်ဂျာပြည်သူတွေရဲ့ ကိုယ်ပိုင်ဆန္ဒမပါဘဲ ရိုဟင်ဂျာတွေနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေချတယ်။ သူတို့ ထားသလိုနေ၊ ခိုင်းသလိုလုပ် ဆိုတဲ့ အာဏာရှင်ပုံစံနဲ့ပေါ့။ အင်မတန် အယူသည်းတဲ့ လူမျိုးကြီးဝါဒကို ပြန်လည်အသက်သွင်းလာတော့ ရှေ့​ပြေးလမ်းက လူမျိုးပေါင်းစုံ ယှဥ်တွဲနေထိုင်နိုင်မယ့် နှင်းဆီလမ်း ဖြစ်မလာဘူးဆိုတာ မြင်ယောင်လာစေတယ်။ 

နောက်တစ်လှမ်းက ရိုဟင်ဂျာပြည်သူပိုင် လယ်မြေအိုးအိမ် ဥစ္စာပစ္စည်းများ မတရားအဓမ္မ သိမ်းပိုက်တာဖြစ်တယ်။ ဒါကလည်း စစ်အာဏာရှင်ယုတ်တို့ရဲ့ မျိုးတုံးရှင်းလင်းရေး အဓိကလက်နက်တစ်ခုဖြစ်တယ်။ သူတို့ ချမှတ်ခဲ့တဲ့ လမ်းဟောင်းပဲ။ အေအေက ထိန်းချုပ်နယ်မြေတွေမှာ မဟုတ်မမှန် အကြောင်းအမျိုးမျိုးပြလို့ ရိုဟင်ဂျာတို့ရဲ့ အိုးအိမ်များ၊ လယ်မြေ၊ ဆိုင်၊ ကန်ပိုင်စတဲ့ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းနေကြတဲ့ သတင်းတွေ ဟိုကဒီက မကြာခဏ ပေါ်လာပြန်တယ်။ ဘာသာရေးအဆောက်အအုံတွေ ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်း၊ သူတို့ တပ်စွဲစခန်းချ သုံးစွဲခြင်းတွေလည်း လုပ်လာကြတာတွေ့ရတယ်။ တိုက်ပွဲတွေအတွင်းဆိုရင်လည်း သူတို့နဲ့မတည့်တဲ့ ရပ်ရွာရပ်ကွက်တွေဆို ရွာလုံးကျွတ်တန်းမီးရှို့တာလည်း ရှိတယ်။ ဘူးသီးတောင်မြို့တစ်ခုလုံးနီးပါး ရိုဟင်ဂျာရပ်ကွက်တွေကို မီးရှို့ပြာကျစေခဲ့တာက ထင်ရှားတဲ့သက်သေသာဓက တစ်ခုဖြစ်တယ်။ ရိုဟင်ဂျာတို့ရဲ့ မှီတင်းနေထိုင်ရာ ရိပ်သာတွေကို မတရားသိမ်းဆည်းခံနေရ၊ မီးရှို့ခံရလည်း သေနတ်ပြောင်းဝရှေ့ ပြောမရဲဆိုမရဲ လည်စင်းခံ နေရတာကိုး။

ပြီးတော့ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့အစည်းကို အကြောင်းပြပြီး အရပ်သား ပြည်သူလူထုကို မတော်မတရား ညှည်းပမ်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ ဖမ်းဆီတာ၊ ငွေညစ်တာ စတဲ့ တရားဥပဒေမဲ့ လုပ်ရပ်တွေ နေ့ရက်ဆက် ကျုးလွန်လာတယ်။ နောက်ပြန်လှည့်ကြည့်ရင် ဒါက ရိုဟင်ဂျာတို့ကို ကြောက်စိတ်ထည့်သွင်းပေးရန် စစ်အာဏာရှင်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး လက်နက်တစ်ခုဖြစ်တယ်။ အေအေကလည်း ထိုမူဝါဒကို လက်ကိုင်ကျင့်သုံးလာနေတာဖြစ်တယ်။ ပညာတတ်လူငယ်တွေကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ အဆက်အသွယ် ရှိတယ်လို့ စွပ်စွဲပြီး အမျိုးမျိုးဖိနှိပ်တဲ့ ကျုးလွန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြစ်မှားလာနေတယ်။ မြောက်ဦး၊ ကျောက်တော၊ မောင်တော၊ ဘူးသီးတောင် စတဲ့မြို့များမှ ပညာတတ်လူငယ်များကို ဖမ်းဆီးချုပ်နှောင်ထားတာ ယနေ့အချိန်အထိပေါ့။ ပွင်းလင်းမြင်သာမှုရှိတဲ့ စစ်မှန်တဲ့တရားဥပဒေတံမျဥ်းကို ဥပေက္ခပြုပြီးတော့ ဓါးမိုးသေနတ်မိုးလို့ စိတ်ထင်ရာ စီရင်နေတဲ့ ဖြစ်ရပ်တွေ ဒုနဲ့ဒေးပါပဲ။

ဒါ့အပြင် စစ်အာဏာရှင်ရဲ့ သတင်းလွှတ်လပ်ခွင့်ကို ပိတ်ပင်တဲ့ လမ်းစဥ်ကိုလည်း အကောင်အထည်ဖော်နေတယ်။  ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကိုလည်း ထိန်းချုပ်ထားတယ်။ အေအေကလည်း ပြည်သူတွေကို နှုတ်ပိတ်နေအောင် သေနတ်ပြောင်ဝ အမြဲ ချိန်းထားလေ့ရှိတယ်။ အေအေ တပ်သားတွေကျူးလွန်ခဲ့တဲ့ အမှုတစ်စုံတစ်ရာကို ပြည်သူတွေ ထွက်ဆိုလာရင် သတ်ဖြတ်အရေးယူခြင်းအထိ ခံနေရတယ်။ ဒါကတော့ စကစထက်တောင် ဆိုးဝါးလွန်နေလှပြီ။ ပြည်သူတွေက မိမိရဲ့ ခံစားချက်၊ မတရားခံရမှုတွေကို ရေငုံနှုတ်ပိတ်ကာ အေအေက ခိုင်းသလို ခေါင်းညိတ်နေရတယ်။ သူတို့ လိုချင်သလို ကဆိုရင်က၊ ရယ်ဆိုရင်ရယ် ရုပ်သံတွေရိုက်ပြ ထုတ်လွှင့်ရတယ်။ အေအေက လက်နက်ကိုင်ဂိုဏ်းလို ဘယ်နိုင်ငံတကာဥပဒေကိုမှ အရေးမစိုက်ကြဘူး။ တကယ်တော့ အဲလိုအမှုတစ်စုံတစ်ရာ ပေါ်လာပြီဆိုရင် ပွင်းလင်းမြင်သာစွာ စစ်ဆေးပြီးတော့ အပြစ်ကျူးလွန်သူတွေကို အရေးယူပြီးတော့ ဖြေရှင်းတာပဲ မှန်ကန်တဲ့ လမ်းစဥ်ပဲလေ။ အမှုတိုင်းမှာ ဘူးငြင်းလို့တော့ ဘယ်ဟုတ်ပါ့မလဲ။ အမှုတိုင်းတော့ စွပ်စွဲတာတော့ မဖြစ်နိုင်ဘူး။ အမှန်တရားတော့ ရှိမယ်။

ဒီလောက်နဲ့ မပြီးသေးဘူး။ စကစရဲ့ အဓိက ရန်ဘုံငွေရှာတဲ့ နည်းတစ်ခုက မတရား ငွေညစ်ခြင်းဖြစ်တယ်။ ဘာလုပ်လုပ် ငွေနဲ့သာ စကားပြောရတယ်။ အခုအေအေလက်နက်ကိုင်ကလည်း ဘာလုပ်လုပ် ငွေနဲ့ပဲ စကားပြောတယ်။ လူတစ်ယောက် တစ်နေရာကနေ တစ်နေရာ သွားချင်ရင် ထောက်ခံစာယူရပြန်တယ်။ ပိုက်ဆံပေါ့။  ရန်ကုန်ကို သွားချင်ရင် သိန်း ၅၀ ကျော်။ စာရွက်စာတမ်း တစ်ခုခု လုပ်ချင်ရင် တစ်သိန်းကနေ သိန်း ၁၀ အထိပဲ။ ဘင်္ဂလားကို ထွက်ပြေးလာချင်ရင် ငွေသိန်း ၂၅ လောက် သူတို့ကို ပေးမှ အဆင်ပြေတာလေ။ ထောင်သားတစ်ယောက်နဲ့ တွေ့ချင်ရင် သိန်း ၁၀ နဲ့ မလောက်ဘူး။ ဒီ အဓမ္မ ဆက်ကြေးကို အေအေက အခွန်ဆိုပြီးတော့ နာမည်လှလှတပ်ထားသေးတယ်။ အေအေရဲ့  တာဝန်ခံတွေဆို လာမယ့်နှစ်တွေမှာ ရခိုင်ပြည်ရဲ့ အချမ်းသာဆုံးစာရင်း ဝင်တော့မယ်။ (ဘင်္ဂလားနဲ့ အိန္ဒိယဘက်ကို မူးယစ်ဆေးဝါးတွေတင်ပို့နေတဲ့အကြောင်းကို သူတို့ ရန်ဘုံငွေရှာလမ်းဆိုတော့ မပြောလိုဘူး။)

နောက်တစ်ခုကတော့ ရိုးသားဖြောင့်မတ်တဲ့ သူတော်ကောင်း ဟန်ဆောင်တာပါပဲ။ စေတနာရှင်လိုလိုပေါ့။ စစ်ကောင်စီက ရိုဟင်ဂျာတွေကို တစ်ဖက်က ဖိနှိပ်စက်ရင် အခြားတစ်ဖက်က ရိုဟင်ဂျာတွေကို ကူညီနေတဲ့ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင့်တွေကို ဖြန့်ကာ ဝါဒမိုင်းတိုက်ဖို့ ကြိုးစားခဲ့တယ်လေ။ အခုလည်း အေအေက ထပ်တူပဲ။ တစ်ဖက်က ရိုဟင်ဂျာတွေကို ဖိနှိပ်ညှည်းပမ်းနေတယ်။ အခြားတစ်ဖက်က သူတို့ရဲ့ အစွန်းရောက်မီဒီယာတွေကို သုံးပြီး ကူညီသလို၊ ထောက်ပံ့သလိုလို ဓါတ်ပုံတေ့၊ ဗီဒီယိုတွေ ဖြန့်ဝေကြတာတွေ့ရတယ်။ မူဆလင်ရေးရာဌာနတွေ ဖွင့်လှစ်နေကြောင်း ဝါဒဖြန့်လာကြတယ်။ ပြည်သူတွေကလည်း မိမိတို့ရင်ဆိုင်နေရတဲ့ ရောင်စုံဖိနှိပ်မှုတွေကို မျိုသိပ်နေရရှာတာပေါ့။ ဆန့်ကျင်မပြောဝံ့တော့ တိတ်ဆိတ်ပဲနေရတယ်။ စကစကလည်း မြန်မာမူဆလင်၊ အိုလာမာ၊ မွတ်ဆလင်ရေးရာကောင်စီ စသည်ဖြင့် အဖွဲ့အစည်းများ ဖွင့်ပေးခဲ့တယ်ဆိုတာလည်း အလုံးအသိပဲမဟုတ်လား။ 

စစ်အာဏာရှင်တွေရဲ့ နောက်မူတစ်ခုက ပွင့်လင်းမြင်သာမှု မရှိတာဖြစ်တယ်။ အခု အေအေကလည်း ဘာလုပ်လုပ် ပွင့်လင်းမြင်သာမှု မရှိပါဘူး။ သူတို့ ဖမ်းချင်တဲ့သူကိုဖမ်း၊ သတ်ချင်တဲ့သူကိုသတ် ပြီးတော့ ဇွတ်ငြင်းဆိုမယ်၊ မဟုတ်မမှန်စွပ်စွဲတာပဲ လုပ်နေကြတယ်။ ပြည်သူတွေကို ဖမ်းခေါ်သွား၊ အချုပ်ထဲမှာသတ်၊ ပြီးတော့ လွှင့်ပစ်တဲ့အမှုလည်း မနည်းပါဘူး။

နောက်ထပ် တစ်ခုပြရရင် အတင်းအဓမ္မ ပေါ်တာဆွဲတာပါပဲ။ စကစရဲ့ နောက်ထပ် မတရားမှုတစ်ခုပေါ့။ ပြည်သူတွေ ဒီလောက် စစ်ဘေးဒုက္ခရောက်နေတဲ့အချိန်မှာ အေအေက ပေါ်တာဆွဲတာ၊ လုပ်အားတောင်းတဲ့ မူကို အသက်သွင်းလာနေကြတယ်။ စစ်ဘေးဒဏ်ကတစ်ဖက် အစားအသောက်နဲ့ ရောဂါဘယတွေလဲတစ်ခက်နဲ့ အလူးအလဲခံစားနေရတဲ့ပြည်သူတွေကို အတင်းအဓမ္မ လုပ်အားပေးခိုင်းတာ ဘယ်က တရားပါမလဲ။ သူတို့အတွက်လမ်းဖောက်ခိုင်းတာတွေ၊ သူတို့ရဲ့ အဆောက်အအုံတွေ ဆောက်ခိုင်းတာတွေ၊ သူတို့အတွက် ရိက္ခာတွေကို ဆက်ခိုင်းတာတွေ  ရက်ဆက်ပြုလုပ်နေကြတယ်။ လူအင်အားမရှိတဲ့ မိသားစုဆိုရင် ငွေကြေးနဲ့  ရှင်းရတယ်။ လစဥ်ပေးဆောင်နေရတဲ့ ဆက်ကြေးတွေအပြင် လုပ်အားမေပးနိုင်တဲ့အိမ်ဆို ငွေတစ်/နှစ်သောင်းတောင် ပေးရတယ်။ အခုဆိုရင် အဓမ္မ စစ်မှုထမ်းခိုင်းနေတဲ့ အမှုတွေလည်း ပေါ်လာပြီ။ 

နောက်ဆုံးတစ်ခုကတော့ အင်မတန် ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုပေါ့။ ပြည်သူတွေကို ပုရွက်ဆိတ်လို အုပ်လိုက်စုလိုက် သတ်ဖြတ်ခြင်းဖြစ်တယ်။ အေအေရဲ့ စစ်ဆင်ရေး စတင်ချိန်မှစ၍ ယနေ့အထိဆို အေအေက အပြစ်မဲ့ပြည်သူ ၁၀၀၀ လောက်ကို သတ်ဖြတ်ရှင်းလင်းခဲ့တယ်။ ဒီဂဏန်းက နည်းမယ်လို့တောင် ထင်မိတယ်။ ၂၀၂၄ ခု သြဂုတ်လ ၅ ရက်နေ့တွင် မောင်တောမြို့ နတ်မြစ်ကမ်းတွင် စစ်ပြေးရှောင်ပြည်သူ ကလေးသူငယ်၊ အမျိုးသမီးအပါအဝင် အနည်းဆုံး လူပေါင်း ၂၀၀ ကျော်ကို ဒရုန်း၊ လောင်ချာတွေနဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့တယ် (ရတ်ကလစ်၊ ၂၀၂၄)။ ၂၀၂၄ ခု မေလ ၂ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံရွာမှာ သက်သက် လူပေါင်း ၆၀၀ ကျော်ကို အုပ်လိုက်စုလိုက် ရက်ရက်စက် သတ်ဖြတ်ခဲ့တယ် (ရာဇီယာဆုလ်တာနာ၊ ၂၀၂၅)။ ငကျဥ်တောက်ကျေးရွာမှာလည်း ရွာသား တစ်ဝက်ခန့် အသတ်ခံခဲ့ရတယ်။ တခြား ၅ ယောက်စု၊ ဆယ်ယောက်စု တွေပေါင်းလိုက်ရင် ၁၀၀၀ မက ကျော်သွားလိမ့်မယ်။ တခြားမြို့နယ်တွေမှာ ကျူးလွန်ခဲ့တဲ့ အရေအတွက်ကို တိတိကျကျ ထည့်နိုင်ရင်တော့ မယုံနိုင်လောက်အောင် မြင့်တက်လာနိုင်တယ်။ တခြားမြို့နယ်တွေကို ဆက်သွယ်ဖို့ မလွယ်ကူလို့သာ သတင်းမှန်တွေ ထွက်လာခြင်းမရှိတာဖြစ်တယ်။ ဒီလူသတ်မှုတွေကို ထောက်ပြဝေဖန်လာရင် နောက်နောင် မဖြစ်စေရအောင် သူတို့က အမှန်တရားကို စိစစ်ပြီး အရေးယူ မဖြေရှင်းဘဲ "ဘူး" ငြင်းကြတယ်။ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ထောက်ပြတော့ ရိုဟင်ဂျာတွေ မကောင်းတော့ဘူး၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ ဒေါ်လာစားတွေ ဖြစ်ကုန်ပြီ။ ရာဇဝတ်မှု ဆိုတာ ရာဇတ်မှုပဲ။ ရာဇဝတ်ကောင်တွေကို ခွင့်လွှတ်လိုက်ရင် ဒီထက်ကြီးမားတဲ့ ရာဇဝတ်မှုတွေ ကျုးလွန်လာမှာပဲ။ နောင်တစ်ချိန်မှာ လူမျိုးအားလုံးအတွက် အန္တရာယ်ဖြစ်လာနိုင်တယ်။ ရာဇဝတ်မှုကို အေအေက ကျူးလွန်သည်ဖြစ်စေ၊ စကစက ကျူးလွန်သည်ဖြစ်စေ၊ ရိုဟင်ဂျာလက်နက်ကိုင်က ကျုးလွန်သည်ဖြစ်စေ ဘယ်သူပဲ ကျူးလွန်သည်ဖြစ်စေ ရာဇဝတ်မှုပဲ။ အမှန်တရားကို အတင်း နှုတ်ပိတ်ခိုင်းလို့ မရဘူး။ ဘာပဲပြောပြော ယုံသွားအောင် နိုင်ငံတကာအဖွဲ့အစည်းတွေက မျိုးချစ်တွေလို လူအတွေလူပေါတွေမှ မဟုတ်ကြဘူး။ အေအေက ဒီလိုဒီလို ကျုးလွန်တယ်လို့ပြောရင် သူတို့က သေချာစိစစ်ပြီးတော့ ပြစ်မှုကျူးလွန်တာ တကယ်လေ့လာတွေ့ရှိမှ သတိပေးတာဖြစ်တယ်။

ရခိုင်ပြည်လွှတ်မြောက်ရေးဆိုတာ ရခိုင်ပြည်မှာနေထိုင်တဲ့ လူမျိုးပေါင်းစုံဘာသာပေါင်းစုံရဲ့ ဘုံရည်မှန်းချက်တစ်ခုဖြစ်တယ်။ အာဏာရှင်ကို ဆန့်ကျင်တဲ့ ဒီတော်လှန်ရေးကို အားလုံးက တခဲနက် ကြိုဆိုတယ်။ ရိုဟင်ဂျာတွေက အေအေကို မုန်းတာမဟုတ်ဘူး။ တော်လှန်ရေးသမားတိုင်းကို ထောက်ခံအားပေးကြတယ်။ တကယ်တော့ လမ်းမှားပေါ်ရောက်လို့ ရာဇဝတ်မှုတွေ လက်လွှတ်ကျူးလွန်နေတာကိုပဲ ရိုဟင်ဂျာတွေက ဝေဖန်ထောက်ပြနေကြတာဖြစ်တယ်။ စစ်ပွဲဖြစ်နေတဲ့ ဒေသတစ်ခုမှာ ထိခိုက်မှုတွေ၊ ဆုံးရှုံးမှုတွေ အနည်းနဲ့အများဖြစ်တာတော့ နားလည်ပေးရမယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှုတွေ ကြီးကြီးမားမား ကျူးလွန်တာကိုတော့ ဘယ်သည်းခံနိုင်ပါ့မလဲ။ အာဏာရှင်ဟောင်းဆီက အာဏာရှင်သစ်ဆီကို အာဏာလက်လွဲပြောင်းယူတာကိုတော့ ဘယ်သူမှ လိုလားမှာမဟုတ်ပါဘူး။

ရခိုင်ပြည်ကို အာရက္ခပြည်လို့ ပြောင်းသုံးတာက လူမျိုးပေါင်းစုံ စုစည်းပါဝင်နိုင်မှုကိုဆောင်တဲ့ လက္ခဏာတစ်ရပ်လို့ ယူဆပါတယ်။ ထိုအတူ စစ်အာဏာရှင်ရဲ့ မူဟောင်းလမ်းစဥ်တွေကို နင်းချေပစ်ပြီး လူမျိုးအားလုံးပါဝင်နိုင်တဲ့ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီ လမ်းသစ်ဖောက်ဖို့လည်း အင်မတန်အရေးကြီးပါတယ်။ လူမျိုးပေါင်းစုံ သာယာအေးချမ်းစွာ နေထိုင်နိုင်တဲ့ ပြည်တစ်ခု ထူထောင်နိုင်မှ အသက်ပေါင်းများစွာ စတေးရခြင်းရဲ့ အကျိုးနပ်မှာ ဖြစ်တယ်။ နယ်မြေအချို့ ထိန်းသိမ်းထားနိုင်ရုံနဲ့ လွှတ်မြောက်ရာမရောက်ဘူး။ ပြည်သူအားလုံးရဲ့ ညီညွတ်မှု၊ စုစည်းပါဝင်မှု၊ ဘုံရပ်တည်မှုက အဓိကဖြစ်တယ်။ တော်လှန်ရေးမှာသုံးတဲ့ ကျည်ဆံတစ်ချောင်းစီဟာ ပြည်သူကို ကာကွယ်ဖို့အတွက်ပဲဖြစ်စေရမယ်။ ပြည်သူကို ဖိနှိပ်ဖို့အတွက်မဖြစ်စေရဘူး။ အချိန်မီ မပြုပြင်ရင် ကိုယ်အချင်းချင်း ပြန်တိုက်လို့ စစ်ပွဲအသက် အဓွန့်ရှည်လို့ ပြည်သူတွေ စစ်ဆင်းရဲဒဏ်ကနေ ထွက်ဖောက်တောင် ရမှာမဟုတ်ဘူး။  အာရကန်ပြည် အေးချမ်းသာယာပါစေ။

လူထုဝဏ္ဏ
(28-8-2025)


ကိုးကား

Ratcliffe. R. (2024, August 12). "Children                       among up to 200 Rohingya killed in.                       Myanmar.                  drone attack". The.                 Gaurdian. 
        https://share.google/v6t2I8DMpXKle3hVv


Sultana. R. (2025, September 24). "Kill Them              All". Kaladan Press Network.
         https://kaladanpress.org/killl-them-all/

Saturday, April 27, 2024

ပြည်သူ့စစ်နှင့် ရိုဟင်ဂျာသတ်ဖြတ်မှု

 


ပြည်သူ့စစ်နှင့် ရိုဟင်ဂျာသတ်ဖြတ်မှု

၂၀၁၆ ခု နိုဝင်ဘာမှာ မြန်မာစစ်တပ်က ရခိုင်ပြည်သူ့စစ်သင်တန်းကို စစ်တွေမှာ စတင်ခဲ့တယ်။ ပြည်သူ့စစ်အင်အား ၁၀၀ စီကို တပ်ခွဲတခွဲပုံစံဖွဲ့စည်းပေးပြီး ၁၆ ပတ်ကြာ စစ်သင်တန်းပေးခဲ့တယ်။

ရခိုင်မြောက်ပိုင်းက ပြည်သူ့စစ်တွေကို စစ်တွေထိ တကူးတကခေါ်ပြီး စစ်သင်တန်းပေးတာ။  ရခိုင်ပြည်သူ့စစ်တွေဟာ ဌာနေပြည်သူ့စစ်ပုံစံထက် ကျော်လွန်ပြီး ခြေလျင်တပ်သားသစ် အဆင့် လေ့ကျင့်မှုတွေ ရရှိခဲ့ကြတာဖြစ်တယ်။ မြန်မာစစ်တပ်ဟာ ဒီလိုရခိုင်ပြည်သူ့စစ်အဖွဲ့တွေ တောက်လျှောက်ဖွဲ့စည်းလေ့ကျင့်ပေးခဲ့တာ ၂၀၁၈ နှစ်ဆန်းကိုရောက်တော့ ပြည်သူ့စစ်အဖွဲ့ပေါင်း ၃၀ ကျော်ရှိသွားခဲ့ပြီ။ ဒီရခိုင်ပြည်သူ့စစ်တွေအကြောင်းက ပုန်းလျှိုးကွယ်လျှိုးကိစ္စမဟုတ်ဘူး _ အမျိုးသားလွှတ်တော်မှာ ဗိုလ်ချုပ်အောင်စိုးက တနိုင်ငံလုံးအသိဖြေကြားပေးခဲ့တဲ့ကိစ္စ။


ဒီရခိုင်ပြည်သူ့စစ်တွေဘာလုပ်ခဲ့လဲ သိချင်ရင် ရိုဟင်ဂျာဂျင်နိုဆိုဒ်နဲ့ ပတ်သတ်သမျှ နိုင်ငံတကာရာဇဝတ်အစီရင်ခံစာတွေကိုသာဖတ်ကြည့်။ ရိုဟင်ဂျာရွာတရွာကို စီးနင်းဖျက်ဆီးသတ်ဖြတ်တာတွေလုပ်တော့မယ်ဆိုရင် စစ်တပ် + နယ်ခြားစောင့်ရဲ + ရခိုင်ပြည်သူ့စစ် တွဲဖက်ပီး စစ်ကြောင်းထိုးလေ့ရှိတယ်။ တခါတရံ စစ်တပ်က ဘေးကနေ လုံခြုံရေးရံပေးထားပီး ရခိုင်ပြည်သူ့စစ်တွေကို စိတ်ကြိုက်သောင်းကျန်းဖျက်ဆီးခွင့်ပေးခဲ့တယ်။ အကောင်းနဲ့ ပေးတာမဟုတ်ဘူး _ တချိန်ချိန် နိုင်ငံတကာရာဇဝတ်မှုနဲ့ ညှိရင် စစ်တပ်က လုပ်တာမဟုတ် / ရခိုင်တွေက လုပ်တာပါလို့ အကွက်ဆင်ထိုးချဖို့။ သူတို့ဒီအကွက်က အလုပ်မဖြစ်ပါဘူး။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ရာမှာ စစ်တပ်က အဓိက တာဝန်ရှိတယ်ဆိုတာ နိုင်ငံတကာရာဇဝတ်စုံစမ်းရေးအဖွဲ့တိုင်းက မှတ်တမ်းပြုပီးသားပါ။ ဒါပေမဲ့ ရခိုင်ပြည်သူ့စစ်တွေလည်း လူသတ် မီးရှို့ မုဒိမ်းကျင့်ရာမှာ ပါဝင်ခဲ့တာကလည်း အတိုင်းအဆ မနည်းခဲ့ကြောင်း အဲဒီမှတ်တမ်းတွေမှာ ပါပါတယ်။ 

ရခိုင်ပြည်သူ့စစ်တွေ ဘာဖြစ်သွားလဲ က စိတ်ဝင်စားဖို့ကောင်းပါတယ်။ ၂၀၁၈ မှာ အင်အားထောင်ဂဏန်းရှိတဲ့ ရခိုင်ပြည်သူ့စစ်တွေ  ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတယ်။ ပြီးတော့ ရခိုင်ပြည်နယ်မှာ AA တပ်မတော်ကြီး ရုတ်တရတ် အင်ကြီးအားကြီး ပေါ်ထွက်လာတယ်။

၂၀၁၆ /၂၀၁၇ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဘူးသီးတောင်နဲ့ မောင်တောမှာ ရခိုင်နဲ့ ရိုဟင်ဂျာအကြား ယုံကြည်မှု ပျက်ယွင်းမှုက တခြားဒေသတွေလို လွယ်လွယ်နဲ့ပြန်တည်ဆောက်ဖို့ ခက်တာကို မြင်စေချင်တယ်။ 

စစ်တပ်နဲ့ပူးပေါင်းတဲ့ရိုဟင်ဂျာတချို့ရဲ့လုပ်ရပ်က မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ဘာလို့ ဒီလမ်းကို ရွေးလဲဆိုတာကို နားလည်ဖို့တော့လိုတယ်။ 

ဒါမှ ကိစ္စကို အဆင်ပြေအောင်ရှင်းနိုင်မယ်။ ကိစ္စကို ဖြေရှင်းချင်တာမဟုတ်ဘဲ လူတွေကို ရှင်းထုတ်ချင်တာဆိုရင်တော့ ဒါတွေကို ခေါက်ထားပြီးပြောဆိုနေမှာပဲ။ 

နဲနဲမြင်အောင်ပြောရရင် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်တပ်ထဲအသွင်းခံရတဲ့ရိုဟင်ဂျာတွေကို အပြစ်မတင်ဘဲ AA ကိုကျမှ ဘာကိစ္စ အသံတအားထွက်တယ်ထင်လဲ ? သူတို့က ကျနော်ပြောတဲ့အချက်တွေကို ခေါက်မထားဘူး။ နောက်ပြီးတော့ ရိုဟင်ဂျာတွေရဲ့ ကျဉ်းထဲကြပ်ထဲက အခြေအနေကို နားလည်ပေးတယ်။ 

ဥပမာ _ အမေရိကန်တွေကိုကြည့်။ အမေရိကန်တွေ ဂျပန်နဲ့ စစ်အကြီးအကျယ်တိုက်ခဲ့ဖူးတယ်။ ဂျပန်နဲ့ပေါင်းပီး အမေရိကန်ကိုတိုက်တဲ့ ကိုရီးယားစစ်သား ၂ သိန်းကျော်ရှိတယ်။ ကိုရီးယားကို ဂျပန်က ၁၉၁၀ ကတည်းက ကျွန်ပြုအုပ်ချုပ်ခဲ့တယ်။ ကိုရီးယားအမျိုးသမီး သိန်းနဲ့ချီ လိင်ကျွန်အပြုခံရတယ်။ ဂျပန်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကမ်းကုန်တယ်။ ဒါပေမဲ့ ကိုရီးယားစစ်သား ၂ သိန်းကျော်က ဂျပန်ဘက်စစ်ဝင်တိုက်ပေးတယ် / ဂျပန်အတွက်စစ်တိုက်ပေးတာကောင်းလွန်းပြီး ဗိုလ်ချုပ်အဆင့်ရောက်သွားတဲ့ ကိုရီးယားတွေတောင်ရှိတယ်။ ဘာ့ကြောင့်လဲ ?

ရွေးချယ်ခွင့်မရှိတဲ့ပြဿနာ! လှုပ်မရအောင် အုပ်ချုပ်ခံရတဲ့လူမျိုးတွေမှာ ဒါမျိုးတွေကြုံရတယ်။ ကမ္ဘာပတ်ပြီး ဆရာကြီးလုပ်နေတဲ့အမေရိကန်က ဒါမျိုးဖြစ်စဉ်တွေ သိထားပီးသား။ ဒီလိုမျိုးဖြစ်စဉ်တွေကို အကြောင်းပြုပြီး လှုပ်မရတဲ့လူမျိုးကို အပိုင်နှိပ်ကွပ်ဖို့ လုပ်တတ်တာတွေကိုလည်း သိပြီးသားမို့ ရိုဟင်ဂျာတွေခံရမှ အသံက စီခနဲ ထွက်လာတယ်ဖြစ်ရော။ 



သင်တို့တွင်တာဝန်ရှိသည်

------------------

နောက်ခံအကြောင်းရင်းတွေထဲက တခုကို မြင်သာအောင်ရေးပေးတဲ့ သဘောပါ။ စစ်တပ်နဲ့ ပူးပေါင်းတာကတော့ ရိုဟင်ဂျာတွေအတွက် မှန်ကန်တဲ့လုပ်ရပ် လုံးဝမဟုတ်ဘူးဆိုတာ ရိုဟင်ဂျာတိုင်း သတိချပ်စေချင်တယ်ဗျာ။

ရိုဟင်ဂျာနယ်မြေ ရဖို့လိုတယ်။ နှစ်ဘယ်လောက်ကြာကြာ ဒါကို လုပ်ယူရမယ်။ ဒါပေမဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ ညှိစွန်းပြီး ကိုယ့်လူမျိုးနာမည်ပျက်အောင် မလုပ်မိဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတိုင်းမှာ အရေးတကြီး တာဝန်ရှိတယ်။ ကိုယ်လုပ်နေတာ အဲ့ဒီလမ်းကြောပေါ်ရောက်နေပြီလား ပြန်ဆန်းစစ်ဖို့ လိုတယ်။ 

( ဗမာလူမျိုးဘော်ဒါတွေကိုတော့ အားနာတယ်။ ကိုယ်လည်း ဗမာသွေး အစိတ်သားလောက်ပါတယ်။)

နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ညိစွန်းပြီး ကမ္ဘာမှာ ဗမာလူမျိုးတွေ ရခိုင်လူမျိုးတွေ နာမည်ပျက်သလိုမျိုး ရိုဟင်ဂျာတွေ နာမည်ပျက်တာမျိုး မဖြစ်ဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတိုင်းမှာ ကြီးကြီးမားမား   တာဝန်ရှိနေပြီ။

ကျုပ်တို့ အသက်အိုးအိမ်တွေ ဆုံးရှုံးရပြီးပြီ။ ဂုဏ်သိက္ခာတော့ အဆုံးရှုံးမခံနိုင်ဘူး။



KyawHlaOo