Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ရိုကျော်. Show all posts
Showing posts with label ရိုကျော်. Show all posts

Sunday, March 29, 2026

တော်လှန်ရေးခေါင်းဆောင် ဘီအေ ဂျာဖော့ရ် (၁၉၃၉-၁၉၈၇)

 
တော်လှန်ရေး ခေါင်းဆောင်ကြီး ဘီအေ ဂျာဖော့ရ်၏ ပုံဟောင်းကို Gemini ဖြင့် ပြုပြင်ထားသည့်ပုံ။ 

တော်လှန်ရေးခေါင်းဆောင် ဘီအေ ဂျာဖေါ့ရ် (၁၉၃၉-၁၉၈၇)


"မိစ္ဆာကို တော်လှန်ပုန်ကန်ခြင်းသည် ဘုရားသခင်၏ အမိန့်တော်ကို လိုက်နာခြင်းပင်တည်း။"

— ဘီအေ ဂျာဖေါ့ရ်


ရိုဟင်ဂျာ ခုခံတော်လှန်ရေးသမိုင်းတွင် ဂျာဖေါ့ရ် နာမည်နှင့် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော ခေါင်းဆောင် ၃ ဦး ပေါ်ထွန်းခဲ့သည်။ ၎င်းတို့ထဲတွင် ဘီအေ ဂျာဖေါ့ရ်သည်လည်း ထင်ရှားသောတော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ခေတ်ဟောင်း တော်လှန်ရေးလမ်းစဥ်ကို အတွေးသစ်အမြင်သစ်နှင့် ပြုပြင်ပြောင်းလဲ၍ ခေတ်သစ် တော်လှန်ရေးလမ်းစဥ်ကို အုတ်မြစ်ချကာ အဓမ္မဝါဒီ စစ်အာဏာရှင်ကို ရဲရဲစွမ်းစွမ်း တော်လှန်ခဲ့သူဖြစ်သည်။ မိမိဘဝတစ်သက်လုံးကို မိမိလူမျိုးအတွက် စတေးခဲ့သည့် မဟာလူသားတစ်ဦးဖြစ်သည်။

ဘီအေ ဂျာဖေါ့ရ် ကို ဘူးသီးတောင်မြို့နယ်၊ အာလီယောင်း (အလယ်ချောင်း) ကျေးရွာတွင် ၁၉၃၉ ခန့်က ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ မိုဟာမတ် ဂျာဖေါ့ရ်ဟာဘီဘ် ဖြစ်သည်။ ဖခင်မှာ ဟာဘီဘုဇ်ဇာမာန် ဖြစ်သည်။ ကြွယ်ဝချမ်းသာ၍ ပညာတတ် မိသားစုမှ ဆင်းသက်လာခဲ့သူဖြစ်သည်။ ဘကြီး အရှရာဖ်ဇာမာန် ချောင်ဒရီသည်လည်း ဘူးသီးတောင်မြို့နယ်၏ ဂုဏ်သရေရှိ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ 

ဂျာဖော့ရ်သည် အခြေခံပညာကို မော်နီဘီလ်နှင့် ဘူးသီးတောင်မြို့တို့တွင် သင်ယူခဲ့သည်။ ဥပစာတန်းကို အရှေ့ပါကစ္စတန်၊ ဒါကာမြို့ရှိ Notre Dame College မှ အောင်မြင်ခဲ့သည်။ ထို့နောက် အဆင့်မြင့်ပညာ သင်ယူရန် ရန်ကုန်မြို့သို့ သွားရောက်ကာ ရန်ကုန်တက္ကသိုလ်၌ ဒသသနိက၊ နိုင်ငံရေးသိပ္ပံနှင့် ခေတ်သစ်သမိုင်း အဓိကဖြင့် ၁၉၆၂ ခုတွင် ဘီအေဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ ခု ဂျူလိုင်လ ၇ ရက် ကျောင်းသားသပိတ်တွင် ဂျာဖော့က တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည်။ ထို့နောက် BL ဆက်လက် သင်ယူသည်။ သို့သော် ကျောင်းတစ်ပိုင်းတစ်ဝက်မှ ထွက်ကာ အာဏာရှင်ကို တော်လှန်သည့်လမ်းကို ရွေးချယ်ခဲ့သည်။
ဘီအေ ဂျာဖော့ရ်၏ တက္ကသိုလ်ကျောင်းသားဘဝတုန်းက ပုံ။

ရန်ကုန်တက္ကသိုလ်တွင် ပညာသင်နေစဥ် ၁၉၆၁-၆၂ ခုတွင် ရန်ကုန်တက္ကသိုလ် ရခိုင်မူဆလင်ကျောင်းသားကျောင်းသူများအသင်း၌ မေယုဒေသဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ထို့ပြင် ဂျာဖေါ့ရ်နှင့် အခြားရိုဟင်ဂျာကျောင်းသားကျောင်းသူများ ဦးဆောင်၍ "Rohingya Students Organisation" ရိုဟင်ဂျာ ကျောင်းသားကျောင်းသူများအသင်းကို ၁၉၆၂ ခုနှစ်၊ မတ်လတွင် ထူထောင်ခဲ့သည်။ ဂျာဖော့ရ်သည် ထိုအသင်းတွင် ဒုတိယ ဥက္ကဌ ဖြစ်လာခဲ့သည်။ ဥက္ကဌ အဖြစ် ဟူစိန်းကာဆိမ့်ကို ရွေးချယ်တင်မြောက်ခဲ့သည်။ ၂ နှစ်ကြာပြီးနောက် ဥက္ကဌရာထူးရွေးချယ်ရာ ဂျာဖော့ရ်သည် ထိုအဖွဲ့၏ ဥက္ကဌ အဖြစ် ရွေးချယ်ခံရသည်။ ဆရာရှော်ဘီရ်ဟူစိန်းမှာ ဒုဥက္ကဌ အဖြစ် တင်မြောက်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် ရခိုင်မူစလင်အသင်း အမူဆောင်အဖွဲ့၏ ဓာတ်ပုံ မှတ်တမ်း။ ရှေ့တန်း ဝဲဘက်စွန်းက ဘီအေ ဂျာဖော့ရ်။ ပုံ- Ek Khaale. 

ဂျာဖော့ရ်သည် ရန်ကုန်တက္ကသိုလ်၌ ပညာသင်ရင်း အီဂျစ်နိုင်ငံ သံရုံးတွင် ဘာသာပြန်တစ်ဦးအဖြစ် အလုပ်ဝင်လုပ်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ဂျာဖေါရ်သည် ဝမ်းကွဲအစ်ကို အဘူဆူဖီယာန်၏ မင်္ဂလာပွဲတွင် တက်ရောက်ရန် ဘူးသီးတောင်သို့ ရောက်လာခဲ့သည်။ ထိုပွဲတွင် ဂျာဖေါရ်သည် ရှူနာအာလီ (ဒပြူးချောင်း)၊ ဆရာကြီးနော်ဇီရ်အမတ်၊ ဆရာဝန် ဇာဟီးဒ်ဟူစိန်း တို့နှင့် တွေ့ဆုံခဲ့သည်။ သူတို့သည် အနီးရှိ ဆီကန်ဒါရ် ဒါရ်ဂါသို့ ထိုင်ကာ တိုင်းပြည်၏ တနေ့တခြား ဆိုးရွားလာနေသည့် အခြေအနေကို စကားစမြည်း ဆွေးနွေးတိုင်ပင်ခဲ့သည်။ ဤသို့ ဆိုးရွားသော အခြေအနေကို ခုခံရန် တော်လှန်ရေးတစ်ခု စတင်ရန် လိုအပ်ကြောင်း သူတို့ တညီတညွတ်တည်း ယုံကြည်ကြသည်။ နောက်နေ့တွင် ဆရာကြီးဆုလ်တာန် စသော အခြား ဝံသာနုစိတ်ထက်သန်သည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံတိုင်ပင်ရန် သူတို့ မောင်တောသို့ ထွက်ခွာခဲ့သည်။ အဆိုပါဆွေးနွေးမှုတွင် စစ်အာဏာရှင်ကို ရရာနည်းနှင့် တော်လှန်ရန် သူတို့အားလုံး သဘောတူခဲ့သည်။ ထို့နောက် သူတို့သည် မယောင်းခါလီစျေးသို့ သွားရောက်ကာ စျေးဟောင်းဗလီ၌ အဆွာရ်နမားဇ် ဝတ်ပြုပြီး ကတိသစ္စာပြုခဲ့သည်။ ၁၉၆၄ ခု ဧပြီလ ၂၆ ရက်နေ့တွင် သူတို့အားလုံး သွေးဖောက်ကျမ်းသစ္စာဆိုပြီး ရိုဟင်ဂျာ တော်လှန်ရေးကို တကျော့ပြန် စတင်ခဲ့သည်။ အဖွဲ့အမည်ကို ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (Rohingya Independence Front) ဟု အမည်ပေးခဲ့သည်။ အဖွဲ့ခေါင်းဆောင်ကို Grand Raja ဟု ခေါ်တွင်သည်။ ခေါင်းဆောင်အဖြစ် ဆရာကြီး ဆုလ်တာန်ကို ရွေးချယ်ခဲ့သည်။ ဂျာဖေါ့ရ်အသက် ငယ်ရွယ်သဖြင့် လေးစားခံရသော ဝါရင့် ဆရာကြီးကို တာဝန်ပေးအပ်ခြင်းဖြစ်သည်။ ထိုအဖွဲ့သည် အနုနည်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရေးစတင်ခဲ့သည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ အဓမ္မ ဖိနှိပ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကာ ဗိုလ်နေဝင်း၏ အာဏာရှင်စနစ်ကို အခြားတိုင်းရင်းသားများနှင့် လက်တွဲကာ အမြစ်ဖြတ်တိုက်ဖျက်ရေးနှင့် ရိုဟင်ဂျာလူမျိုးတို့ ဆုံးရှုံးခံနေရသော အခွင့်အရေးမှန်သမျှကို ပြန်လည်အရယူရေးတို့ဖြစ်ကြသည်။ 

ဂျာဖော့ရ် ဝမ်းကွဲအစ်ကို၏ မင်္ဂလာပွဲ ပြီးဆုံးပြီးနောက် သူသည် ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ရန်ကုန် ပြန်ရောက်သောအခါ မဆလအစိုးရက အူရ်ဒူ သတင်းစာများ ပိတ်ပင်လိုက်သဖြင့် ဂျာဖော့ရ်၏ ဘာသာပြန်အလုပ်လည်း လက်လွှတ်သွားခဲ့ရသည်။ သာသနာရေးဝန်ကြီးဌာနမှ မွတ်စလင်ကျောင်းသားများအသင်းကို ထောက်ပံ့လေ့ရှိသော ငွေ ၆၅၀၀၀ ကျပ်ကိုလည်း ဗိုလ်ချုပ်ကျော်စိုးက ရုပ်သိမ်းလိုက်၍ ရန်ကုန်တက္ကသိုလ် မွတ်စလင်ကျောင်းသားများအသင်း (RUMSA) နှစ်ပတ်လည်မဂ္ဂဇင်း ရန်ပုံငွေအတွက် ကြော်ငြာများစုစည်းရန် RUMSA ဒု-ဥက္ကဌ ဆယဒ်အာနုဝါရ်အဇီမ်နှင့်အတူ မနားတမ်း လှုပ်ရှားခဲ့သည်။ သူတို့ နှစ်ဦးသည် ဒီမိုကရေစီလမ်းစဥ်ကို ယုံကြည်ပြီး မည်သည့်အာဏာရှင်စနစ်ကို မဆို မုန်းတီးကြသည့် စိတ်တူကိုယ်တူများ ဖြစ်ကြသည်။ ရန်ကုန်တက္ကသိုလ် မူစလင်ကျောင်းသားကျောင်းသူအပေါ် အစိုးရ၏ အကန့်အသတ်များကို ဖြေလျော့နိုင်ရန်လည်း အပတ်တကုပ် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ဂျာဖောရ်သည် ရန်ကုန်၌ ရှိစဥ် အမေရိကန် ပြည်ထောင်စုသို့ ရွေ့ပြောင်းနေထိုင်ရန် အခွင့်အလမ်းကောင်း ရရှိခဲ့သည်။ အမေရိကန်နိုင်ငံတွင် နေထိုင်သူ နယျုးကလိယားသိပ္ပံပညာရှင် ဒေါက်တာ တင်မောင် ခေါ် အဘူလ်ဟူစိန်းနှင့်လည်း ရင်းနှီးသည်။  (သူ ပါရဂူဘွဲ့ရရှိပြီး ရန်ကုန်ရောက်ရှိစဥ်က ရိုဟင်ဂျာကျောင်းသားများအဖွဲ့က ဖိတ်ခေါ်၍ တခမ်းတနား ဂုဏ်ပြုခဲ့သည်။) ထို့အပြင် အမေရိကန်နိုင်ငံ၌ နေထိုင်သည့် ၎င်း၏ ဆွေမျိုးများက သူ့အတွက် လိုအပ်သော အကူအညီများ၊ ငွေကြေးအထောက်အပံ့များ ပေးဆောင်ရန် အသင့်ဖြစ်ကြောင်း အမေရိကန်သို့ ပြောင်းရွှေ့ရန် ဂျာဖော့ရ်ကို ဖိတ်ခေါ်ခဲ့သည်။ ၎င်းတို့၏ အကူအညီဖြင့် အမေရိကန်နိုင်ငံသို့ ရွေ့ပြောင်းနေထိုင်ရန် ဂျာဖော့ရ်အတွက် အလွန်ပင် လွယ်ကူလှပေသည်။ သို့သော် ဂျာဖော့သည် သူ၏တောက်ပြောင်လှသော ဘဝ အနာဂတ်ကို မမက်မောဘဲ မိမိလူမျိုးနှင့် တိုင်းပြည်ကို စစ်အာဏာရှင်၏ မတရားနှိပ်စက်မှု ကွင်းပြင်မှ ကယ်ထုတ်ရေးကိုသာ သူ ဦးစားပေး ရွေးချယ်ခဲ့သည်။  

ရန်ကုန်မှ ပြန်လာပြီးနောက် ငယ်ချစ်ဆွေ ဘဝဖော် အရှရာဖ်ဇာမာန် ချောင်ဒရီ၏ သမီးနှင့် လက်ထပ်ထိမ်းမြှားခဲ့သည်။ ထို့နောက် ဂျာဖော့သည် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့်  RIF ကိုယ်စားလှယ်အဖြစ် ပါကိစ္စတန်သို့ သွားရောက်ခဲ့သည်။

ပါကစ္စတန်နိုင်ငံ သမ္မတ အာယုပ်ခါန် နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ လူမျိုးရေးဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တင်ပြကာ စစ်အာဏာရှင် ဆန့ကျင်ရေးတွင် ပါဝင်လှုပ်ရှားနေသည့် မြန်မာနိုင်ငံသားများကို ကူညီရန် တောင်းဆိုခဲ့သည်။ ၁၉၈၉ ခုတွင် ဇာဖေါ့ရ်သည် နောင်ဘင်္ဂလားဒေ့ရှ် သမ္မတဖြစ်လာမည့် ဗိုလ်ချုပ် ဇီယာအူရာဟ်မာန်နှင့် တွေ့ဆုံကာ မြန်မာပြည်တွင် အာဏာရှင်နေဝင်းအစိုးရက ပြည်သူလူထုကို မတရားဖိနှိပ်ညှည်းပမ်းနေသည့် အကြောင်းစုံကို ဆွေးနွေးတင်ပြကာ ပါကစ္စတန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအာဏာရှင်ကို ဖိအားပေးရန် တောင်းဆိုခဲ့သည်။

ဂျာဖော့သည် အနုနည်းဖြင့် စစ်အာဏာရှင်ကို တော်လှန်ရာ၌ အောင်မြင်မှုမရရှိသဖြင့် ၁၉၇၁ ခုတွင် ဂျာဖော့ရ်သည် သူ၏ အာရ်အိုင်အဖ် အပေါင်းအဖော်များနှင့်အတူ ဇာဖေါရ်ဆားနီ၏ မူဂျာဟီဒ်ပါတီသို့ ဝင်ရောက်ကာ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့သည်။ (မူဂျာဟိတ်ပါတီခေါင်းဆောင်နာမည်မှာလည်း ဇာဖေါရ်ဆာနီ ဖြစ်နေ၍ နာမည်ချင်းတူနေသဖြင့် ဂျာဖော့ရ်ကို ဘီအေ ဂျာဖော့ရ်ဟု ခွဲခွဲခြားခြား ခေါ်တွင်လာခဲ့သည်။) RIF အစီအစဥ်ဖြင့် မေယုရာရှစ် (ခ) ဘမောင်နှင့် မလဝီ ကဘီရ်တို့ကို ထိုင်းနိုင်ငံသို့ စေလွှတ်ကာ အာဏာရှင်နေဝင်းကို ဖြုတ်ချရန် ကြိုးပမ်းနေသည့် ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် တွေ့ဆုံတိုင်ပင်စေခဲ့သည်။

၁၉၇၃ ခု အစပိုင်းတွင် ကွန်မြူနစ်ပါတီနှင့် ဗမာစစ်တပ်တို့ ပူးပေါင်း၍ ဇာဖေါ့တို့၏ ရသေ့တောင်ဌာနချုပ်ကို အလစ်ငင်း တိုက်ခိုက်ခဲ့သည်။ ရခိုင်ကွန်မြူနစ်ပါတီသည် ဇာဖောရ်ဆားနီနှင့် မဟာမိတ်ဖွဲ့ထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ သို့သော် သစ္စာဖောက်၍ ဗမာစစ်တပ်နှင့် ပူးပေါင်းကာ မူဂျာဟိတ်အဖွဲ့ကို တိုက်ခိုက်လာခြင်းဖြစ်သည်။ တိုက်ပွဲသည် လနှင့်ချီ ကြာမြင့်ခဲ့သည်။ နှစ်ဖက် အကျအဆုံးလည်း များပြားခဲ့သည်။ အစပိုင်းတွင် ဇာဖာရ်တို့အဖွဲ့ တိုက်ပွဲအနိုင်ရခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ့တပ်မတော်က အင်အားဖြည့် ထိုးစစ်ဆင်လာသောကြောင့် သူတို့၏ ခြေကုပ်ယူထားသည့်စခန်းများကို တစ်ခုပြီးတစ်ခု တဖြေးဖြေး ဆုပ်ခွာပေးခဲ့ရသည်။

မေယုတောင်တန်း တစ်နေရာတွင် ရိုက်ကူးထားသော RPF ခေါင်းဆောင် ဘီအေ ဂျာဖော့ရ်။ 


၁၉၇၃ ခုနှစ် အလယ်လောက်တွင် ဘီအေ ဂျာဖော့ရ်၊ ဇာဖေါရ်ဆာနီ နှင့် မေယုရာရှစ်တို့ သုံးပွင့်ဆိုင် ဆွေးနွေး၍ လက်ရှိ တော်လှန်အဖွဲ့ကို ခေတ်မီစစ်ဗျူဟာများနှင့်အညီ ပြုပြင်ပြောင်းလဲရန် အချိန်တန်ပြီ ဖြစ်ကြောင်း သုံးသပ်သဘောတူခဲ့သည်။

၁၉၇၃ ခု စက်တင်ဘာလ ၁၂ ရက်တွင် ဂျာဖေါ့ရ် ဦးဆောင်၍ Rohingya Patriotic Front ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့တွင် ဇာဖေါ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့သည်။

၁၉၇၄ ခုတွင် နောက်ထပ် ပညာတတ်လူငယ်အချို့ ဂျာဖေါ့၏ အဖွဲ့သို့ သစ္စာရေသောက်ခဲ့သည်။ ထိုအဖွဲ့ ၌ နောင်တွင် တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဖြစ်လာမည့် ဆရာရှောဘီရ်ဟူစိန်း၊ ရှေ့နေနူရ်အစ္စလာမ်၊ ဒေါက်တာအီနုစ်နှင့် ပါမောက္ခ ခင်မောင် တို့ပါဝင်လာသည်။



၁၉၇၈ ခု အကြမ်းဖက် နဂါးမင်း စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာများကို ရမ်းကား မောင်းထုတ်ခဲ့သည့်အချိန်တွင် ဇာဖေါ့ရ်၏အဖွဲ့ တွင် လူငယ်များ ပူးပေါင်းလာကြသည်။ RPF သည် ယခင်ကထက် အင်အားကြီးထွားလာခဲ့သည်။ ဂျာဖော့သည် ၁၉၇၈ ခု အကြမ်းဖက် နဂါးမင်းစစ်ဆက်ရေး နောက်ကွယ်က အာဏာရှင်နေဝင်း၏ ယုတ်မာသည့် အကြံအစည်ကို ကမ္ဘာသိအောင် ကြိုးပမ်းလှုပ်ရှားခဲ့သည်။ Rohingyas' Outcry and Denands ၊ Genocide in Burma Against the Muslims of Arakan စာအုပ်၊ စာစောင်များ ထုတ်ဝေကာ ရိုဟင်ဂျာလူမျိုးအပေါ် စနစ်တကျ ဖိနှိပ်ချုပ်ချယ်သောင်းကျန်းလာမှုများ၊ ရိုဟင်ဂျာလူမျိုး၏ တောင်းဆိုချက်များကို ကမ္ဘာသိ ထုတ်ဖော်တင်ပြခဲ့သည်။  ကမ္ဘာလူ့အခွင့်အရေးကောင်စီအထိ အစီရင်ခံစာများပေးပို့ကာ ရိုဟင်ဂျာများ တရားမျှတမှုရရှိရေးအတွက်  ကြိုးပမ်းခဲ့သည်။ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့မူစလင်ကွန်ဖရင့်တွင် ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်။
RPF ၏ အစည်းအဝေးတစ်ခုတွင် တွေ့ရှိရသည့် အသက်ကြီးလာသော ခေါင်းဆောင် ဘီအေ ဂျာဖော့ရ်။ ပုံ- အင်တာနက်။
ဘီအေ ဂျာဖော့ရ်၏ ချစ်လှစွာသော ဇနီးကြင်ရာ။ ပုံ- အင်တာနက်။

၁၉၇၈ နောက်ပိုင်းတွင် ဂျာဖော့သည် ဆော်ဒီအရေးဗျားနိုင်ငံသို့ သွားရောက်ခဲ့သည်။ ဆော်ဒီ၌ ကမ္ဘာ့မူစလင်ခေါင်းဆောင်များ၊ ဖိလစ်ပိုင်မူစလင်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ဆော်ဒီအရေးဗီယားမှ ပြန်လာသောအခါ RPF အဖွဲ့အတွင်း ပုန်ကန်မှုဖြစ်ပေါ်ခဲ့သည်။  သို့သော် ဂျာဖော့သည် စိတ်သဘောထားကွဲလွဲနေသူများကို ပြန်လည်စည်းရုံးနိုင်ခဲ့သည်။

RPF ပြန်လည်အားတင်းလာသည့်အချိန်တွင် ခေါင်းဆာင်ပိုင်နေရာအတွက် ထပ်မံပုန်ကန်မှုဖြစ်ပွားခဲ့သည်။ ဒု-ဥက္ကဌ ရှောဘီဟူစိန်း ခေါ် ဦးမောင်တင်က ဂျာဖော့ကို ဖြုတ်ချကာ ခေါင်းဆောင်နေရာကို သိမ်းယူခဲ့သည်။ ဂျဖောသည် သူ့အပေါ် သစ္စာရှိသော ရဲဘော်ရဲဖက်များကို စည်းရုံးကာ RPF ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ တပ်မှူးအဖြစ် ဒါလိလ်အမတ်ကို ခန့်အပ်ခဲ့သည်။
ခေါင်းဆောင်ကြီး ဘီအေ ဂျာဖော့ရ်၏ နောက်ဆုံး ခေါင်းချရာ နေရာ။ ပုံ- ခင်မောင်။


ဘီအေဂျာဖော့ ၏ ကိုယ်ကျိုးမဲ့ တော်လှန်ရေးလှုပ်ရှားမှ အနာဂတ်တွင် ရိုဟင်ဂျာလူမျိုးအတွက် အသက်သွေးစတေးမည့် တော်လှန်ရေးမျိုးစိတ်ကောင်း လူငယ်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ တော်လှန်ရေးခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးခဲ့သည်။ ဂျာဖောသည် သူ၏အိပ်မက် "ရိုဟင်ဂျာလူမျိုးလွှတ်မြောက်ရေး"အတွက် ကြိုးပမ်းရင်း ၁၉၈၇ ခု နိုဝင်ဘာလ ၆ ရက်နေ့တွင် အိပ်မက် မဖြည့်ဆည်းနိုင်ဘဲ အသည်းရောင်ရောဂါဖြင့် ကွယ်လွန်ခဲ့လေသည်။ ဘီအေ ဂျာဖော့သည် နောက်ဆုံးထွက်သက်အထိ အမျိုးသားတော်လှန်ရေးကို သစ္စာရှိရှိ မနားတမ်းလုပ်ဆောင်ခဲ့သူဖြစ်သည်။ ရိုဟင်ဂျာတော်လှန်သမိုင်းတွင် ဘီအေ ဂျာဖောရ်သည် မမှိန်နိုင်သော ကြယ်စင်အဖြစ် ထာဝရ တောက်တောက်ပြောင်နေမည်တည်း။

လူထုဝဏ္ဏ
(၂၅-၈-၂၀၂၅)

ကိုးကား‐

Jilani, A. F. K. (1999). The Rohingyas of Arakan: Their Quest for Justice. Ahmed Jilani. Retrieved 22 March 2018.

Siddique, Muhammad.  (N.d). Akaabere Arakan. (Urdu Version).


Thursday, February 12, 2026

ရဲအုပ် အဗ္ဗဒူလ်ဟာဒီး (၁၉၁၈-၂၀၀၄)

 

ရဲအုပ် အဗ္ဗဒူလ်ဟာဒီး (၁၉၁၈-၂၀၀၄)



ရဲအုပ် ဦးဟာဒီးသည် ရိုဟင်ဂျာ၊ ရခိုင် အားလုံးက ချစ်ခင်ရိုသေလေးစားသည့် ထင်ရှားသော ရိုဟင်ဂျာအမျိုးသားတစ်ဦးဖြစ်သည်။ ပြည်သူ့လွှတ်တော်အမတ် ဦးရွှေမောင်နှင့် အထက်တန်းပြကျောင်းဆရာ ဦးခင်မောင်တို့၏ ဖခင်လည်းဖြစ်သည်။ ဘဝတသက် တိုင်းပြည်နှင့်လူမျိုးအကျိုးကို အသက်နှင့်ရင်းပြီး သယ်ပိုးခဲ့သူ တစ်ဦးဖြစ်သည်။

ဦးဟာဒီးကို မောင်တောမြို့နယ်၊ ဘော်လီဘာဇား (ကြိမ်ချောင်း) ၌ ၁၉၁၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ အဗ္ဗဒူလ်ဟာဒီး ဖြစ်သည်။ မြို့​ဟောင်းမြို့ (မြောက်ဦး) လယ်ပိုင်ရှင်သူ​ဌေးကြီး ဦး​ဇော်​ဘော်မူလုက် (စန္ဒီခါန် ဗလီဝတ်​ကျောင်း​တော်၏ ဂေါပက​ဟောင်း) ၏ သားဖြစ်သည်။ ဖခင် ဦး​ဇော်​ဘော်မူလုက်မှာ မြို့ဟောင်း ဇာတိဖြစ်ပြီး ပထမကမ္ဘာစစ်တုန်းက အစွန်းရောက်ရခိုင် ဓါးပြအချို့၏ တိုက်ခိုက်မှုကြောင့်  ဓားခုတ်ဒဏ်ရာ ခုနှစ်ချက်ဖြင့် သေဆုံးခဲ့ရှာသည်။  ထို့နောက် မိခင်ဖြစ်သူမှာ အခြားမိသားစုဝင်များနှင့်အတူ မောင်တော၊ ဘော်လီဘာဇားသို့ ခေတ္တ ရွေ့ပြောင်းလာခဲ့သည်။ ထိုကျေးရွာ၌ပင် ဦးဟာဒီးကို ဖွားမြင်ခဲ့သည်။ ဒေသအခြေအနေ ကောင်းမွန်လာသောအခါ အဗ္ဗဒူလ်ဟာဒီးသည် မိခင်၊ အဘွားတို့နှင့်အတူ မိဘဇာတိမြေ မြို့ဟောင်းသို့ ပြန်လည်သွားရောက်နေထိုင်ခဲ့သည်။

ဦးဟာဒီး၏ ဝန်ထမ်းကတ်ပြား။


အဗ္ဗဒူလ်ဟာဒီးသည် မြို့ဟောင်းမြို့နယ်၌ပင် ပညာသင်ယူ ကြီးပြင်းခဲ့သည်။ ဖခင်အား ရခိုင်လူဆိုးတို့က သတ်ဖြတ်၍ သေဆုံးခဲ့ကြောင်းကို အဖွားထံမှ သိရှိရပြီးနောက် စိတ်ထဲတွင် လူဆိုးလူမိုက် ဒုစရိုက်ကောင်များကို နှိမ်နင်းရန် အားသန်လာခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသောအခါ ပြည်သူ့ရဲတပ်ဖွဲ့သို့ ဝင်ရောက်အမှူးထမ်းခဲ့သည်။ ရာဇဝတ်မှုဆိုင်ရာ ရဲအရာရှိ (အင်းစိန် CID လက်မှတ်ရ CPO - Criminal Police Officer) ဖြစ်လာခဲ့သည်။ မြောက်ဦးမြို့ ရဲစခန်းတွင် စတင် တာဝန်ထမ်းဆောင်၍ မြို့​ဟောင်းမြို့ရဲစခန်းက ဒု-လုံခြုံ​ရေးမှူး (ဒု-ရဲအုပ်) ဦးဟာဒီ ဟု ထင်ရှားလာခဲ့သည်။ ရခိုင်၊ ရိုဟင်ဂျာ​ မရွေ့ လူမျိုးတိုင်း ကြောက်ရွံ့ရို​သေခဲ့ကြသည်။ ၁၉၅၅ ခုတွင် မြောက်ဦးရဲစခန်းမှ စစ်​တွေ အမှတ် (၁) ရဲစခန်း (နာရီစင် ရဲစခန်း) ကို ပြောင်း​ရွေ့တာဝန်ထမ်း​ဆောင်ခဲ့သည်။ စစ်တွေမြို့၌ တာဝန်ထမ်းဆောင်နေစဥ် မြောက်ဦးမြို့ ခွဆုံဇာတိ လယ်ပိုင်ရှင် သူဌေးကြီး ဦးဟာဆောင်သီရိ၏ မြေး ဒေါ်အေးစိန် (ခ) အာဇီဇာဘေဂွမ်နှင့် ဖူးစာဆုံကာ ထိမ်းမြှားလက်ထပ်ခဲ့သည်။

ထို့ပြင် စစ်​တွေ အမှတ် (၁) ရဲစခန်းမှ မောင်​တောမြို့မရဲစခန်း​သို့ ပြောင်းရွှေ့ခဲ့သည်။ မောင်တောမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေစဥ် ဒေသငြိမ်းချမ်းရေးအတွက် ထိပ်တန်းက ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထိုမှတဆင့် ဘူးသီး​တောင် မြို့မရဲစခန်း​သို့ ပြောင်းရွေ့ခဲ့သည်။ ဘူးသီး​တောင်မြို့၊ မြို့မရဲတန်းလျားတွင် နောင် ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာမည့် သား ဦးရွှေမောင်ကို မွေးဖွားခဲ့သည်။ ဘူးသီးတောင်တွင် ၇ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ကျောက်​တော်မြို့ရဲစခန်းကို ပြောင်းရွေ့ခဲ့ပြန်သည်။ ထိုအချိန်သည် ကျောက်​တော်က အနက်​ရောင်နယ်​မြေဖြစ်သည်။ ကွန်မြူနစ်ပါတီသူပုန်​များ သောင်းကျန်းနေသည့် ခေတ်ဖြစ်သည်။ ကွန်မြူနစ်သူပုန်များကို ရွံ့ရွံချွံချွံ တိုက်ခိုက်ခဲ့ရသည်။ သူပုန်များက ရဲစခန်းကို မကြာခဏ လာတိုက်သောကြောင့် လှုံခြုံရေးတာဝန်များကိုလည်း ရဲရဲစွမ်းစွမ်း ယူခဲ့ရသည်။ ကျောက်​တော်မြို့ကို စောဖြူရွာဖွင့်ပွဲတွင် ရောက်လာခဲ့သည့် ဗိုလ်ချုပ်​စောဖြူအတွက် ဦး​ဆောင်ပြီး လုံခြုံ​ရေးတာဝန်ယူခဲ့ရသည်။

ဦးဟာဒီး နှင့် ဒေါ်အေးစိန်


၁၉၇၆ ခုနှစ်တွင် ကျောက်တော်မြို့မှ ပုဏ္ဏားကျွန်းမြို့ ရဲစခန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဦးဟာဒီး၏ ရဲစွမ်းသတ္တိကို သက်သေပြုသည့် အဖြစ်အပျက်များစွာရှိသည်။ ယင်းထဲမှ တစ်ခုမှာ ညတစ်ညတွင် ပုဏ္ဏားကျွန်း​စျေးနားရှိ သမဝါယမဂို​ဒေါင် အ​ဖောက်ခံရသည်။ ဓားပြခေါင်းဆောင် ဖိုးညွန့်စိန်နှင့်အဖွဲ့က ဖောက်သွားခြင်းဖြစ်သည်။ ဓားပြခေါင်းဆောင် ဖိုးညွန့်စိန်ကို ရဲကအစ ကြောက်၏။ အရပ်ရှည်ရှည် ခန္ဓာကိုယ်ထွားထွား၊ အသားမဲမဲ ပင်။ သူ့ကို ရဲအုပ် ဦးဟာဒီးက မီမီရရ ဖမ်းဆီးခဲ့ပြီး ရဲစခန်းထဲတွင် ချုပ်နှောင်ထားခဲ့သည်။ ၂ ရက်ခန့်ကြာ​ပြီးနောက် ကင်း​စောင့်​နေသည့် ရဲသား၏ သေနတ်လုပြီး ဖိုးညွန့်စိန် ထွက်​ပြေးသွားခဲ့သည်။ ထို့ကြောင့် ဦးဟာဒီးက အလွန် စိတ်ပူပန်ရသည်။ မြို့နယ်မှုးက ဦးဟာဒီးကို အလုပ်ဖြုတ်ခံရမည်အထိ အမှုကြီးလာခဲ့သည်။ ဦးဟာဒီးက “ကျ​နော် ဓါးပြ​ခေါင်း​ဆောင် ဖိုးညွန့်စိန်ကို ၇ ရက်အတွင်း ဖမ်း​မပေးနိုင်ပါက အလုပ်ကနေ နုတ်ထွက်ပေးမယ်” ဟု မြို့နယ်မှုးကို​ ကတိပေးခဲ့သည်။ ရဲအုပ် ဦးဟာဒီးက ရဲတပ်သား ၃ ယောက်နှင့်အတူ ဖိုးညွန့်စိန်ကို ပြန်ဖမ်းဆီးရန် ပလန်စခင်းလိုက်သည်။ နောက်​နေ့ ဦးရာဇ်​တောင်​စေတီ ဘုရားပွဲ၌ ဦးဟာဒီး  ဘုရားပွဲ​ရောက်​နေသည်ကို ဓါးပြ ဖိုးညွန့်စိန်သိ၍ ရဲအုပ်ကို ဘုရားပွဲအထိ လာပြီး နောက်က​နေ သေနတ်နှင့် ချိန်းပစ်ခဲ့သည်။ ကံ​ကောင်းထောက်မ၍ သေနတ်က မ​ဖောက်ခဲ့သောကြောင့် သေခြင်းဘေးမှ လွှတ်မြောက်ခဲ့သည်။ ရဲအုပ်က ချက်ချင်းပင် နောက်လှည့်ပြီး ဖိုးညွန့်စိန်ကို ခြောက်လုံးပြူးနှင့် ၃ ချက် ပစ်လိုက်ပြီး ဖမ်းဆီးလိုက်လေသည်။

ပုဏ္ဏားကျွန်းတွင် လူဆိုးလူမိုက်များအပြင် ကွန်မြူနစ်သူပုန်များကို နိမ်နှင်းရာတွင်လည်း ရှေ့တန်းက ရဲရဲစွန်းစွမ်း ပါဝင်ခဲ့သည်။ ကွန်မြူနစ်သူပုန်များကို ခြေရာကောက်လိုက်လံဖမ်းဆီးရာ မြို့နယ်ပါတီဥက္ကဌအိမ်​အောက်မှာ လက်နက်​များ ဖုံးဝှက်ထားတာ သတင်းအရ ရဲအုပ်ဦး​ဆောင်သည့် ရဲတပ်ဖွဲ့နှင့် NIB အမျိုးသား​ထောက်လှမ်း​ရေးအဖွဲ့ ပူး​ပေါင်းအဖွဲ့က ပါတီဥက္ကဌကိုဖမ်းပြီး သိုဝှက်ထားသည့် လက်နက်​များကို သိမ်းဆည်းနိုင်ခဲ့သဖြင့် နာမည်ကောင်းရရှိခဲ့သည်။ ဦးဟာဒီးသည် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော ထိုချိန်က လူဆိုးလူမိုက်များ၊ လက်နက်ကိုင်သူပုန် အများအပြားကိုလည်း တရားဥပဒေအောက် သိမ်းသွင်းကာ အညွှန့်ကျိုးသွားစေနိုင်ခဲ့သည်။

ဦးဟာဒီးအတွက် တရားဥပဒေ သာ  အမြတ်နိုးဆုံးဖြစ်သည်။ တရားဥပဒေတံမျဥ်းအား ချိုးဖောက်သူများကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ အရေးယူဆုံးမရာတွင် မိမိအသက်ကိုပင် အမူမထားဘဲ ထိပ်ဆုံးက ပါဝင်ခဲ့သူ သူရသတ္တိရှင် တစ်ဖြစ်သည်။ ရဲအုပ် ဦးဟာဒီးသည် ၁၉၇၈ ခုနှစ်တွင် အလုပ်မှ အငြိမ်းစားယူခဲ့ပြီး ဘူးသီး​တောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ မေယုလမ်း၊ အိမ်အမှတ် ၆၉ သို့ ပြောင်း​ရွေ့​နေထိုင်ခဲ့သည်။ ဦးဟာဒီးသည် တိုင်းပြည်နှင့် လူမျိုးတာဝန်များကို ရဲရဲစွမ်းစွမ်း ထမ်းဆောင်ပြီး အသက် ၈၆ နှစ် ၂၀၀၄ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ဘူးသီးတောင်မြို့ရှိ မိမိ၏နေအိမ်၌ အလ္လာဟ်အမိန့်ခံယူခဲ့လေသည်။


လူထုဝဏ္ဏ
(၁၁-၂-၂၀၂၆)



ကိုးကား -
ဦးရွှေမောင်၏ ဖေ့စ်ပို့စာမျက်နှာ။


Thursday, October 23, 2025

ဗွီဖို့စ်အမှုထမ်း ဝါဂျီအုလ္လာ အာရ်ကာနီ (၁၉၁၉-၁၉၈၈)

 

ဗွီဖို့စ်အမှုထမ်း ဝါဂျီအုလ္လာ အာရ်ကာနီ (၁၉၁၉-၁၉၈၈)



ဝါဂျီအုလ္လာ အာရ်ကာနီသည် V-Force အမှုထမ်း၊ စကားပြန်၊ ရုံးစာရေး၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူ၊ တော်လှန်ရေးသမားစသည်ဖြင့် ထင်ရှားသည့် ရိုဟင်ဂျာတစ်ဦးဖြစ်သည်။

ဝါဂျီအုလ္လာကို ၁၉၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ မောင်တောမြို့နယ်၊ ချီရာတန်ကျေးရွာတွင် မွေးဖွားခဲ့သည်။  ဖခင်မှာ မလဝီ အဗ်ဒူရာဟ်မာန် ဖြစ်သည်။ ဖခင်မှာ သူတော်စင် ဖကီးရ်မလဝီ (မော်လာနာ အဗ်ဒူဂျဗ္ဗာရ်၊ ဘော်လီဘာဇား)ကို အလွန်ကြည်ညိုသူတစ်ဦးဖြစ်သည်။

ဝါဂျီအုလ္လာသည် ဒုတိယကမ္ဘာစစ်မတိုင်မီက ဆယ်တန်းအောင်မြင်ခဲ့သည်။ ရုံးစာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၄၂ နောက်ပိုင်းတွင် အင်္ဂလိပ်တို့က ဖက်ဆစ်ဂျပန်ကို တိုက်ခိုက်ရန် ရိုဟင်ဂျာအရံတပ် V-Force ဖွဲ့စည်းခဲ့ရာ သူသည် အာရကန်တွင် ရာဇဝတ်မှု ကျူးလွန်နေသည့် ဖက်ဆစ်ဂျပန်ကို မုန်းတီးသဖြင့် V Force တွင် ဝင်ရောက်အမှူးထမ်းခဲ့သည်။ သူသည် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သောကြောင့် အင်္ဂလိပ်အရာရှိများ၏ ဘာသာပြန်အဖြစ် ခန့်အပ်ခံရသည်။ အင်္ဂလိပ် ဗိုလ်မှူး အန်တိုနီ အီရ်ဝင်း(Anthony Irwin)၏ စကားပြန်လုပ်ခဲ့ကြောင်း ဗိုလ်မှူး အန်တိုနီ အီရ်ဝင်း ရေးသားခဲ့သည့်  "Burmese Outpost" စာအုပ်တွင် ဝါဇီအုလ္လာ၏ အကြောင်းကို ရေးသားဖော်ပြခဲ့ပြီး၊ စာရေးဆရာထံ ပေးပို့ခဲ့သည့် သူ၏စာတစ်စောင်ကိုလည်း ဖော်ပြခဲ့သည်။ ဗိုလ်မှူး အီရ်ဝင်းသည် ဘူးသီးတောင်မြို့မှ ဆယ်ခိုင်ရွာသူကြီး အဒူစလာမ် ဒူဘာချီ ၏ ပုံတူပန်းချီတစ်ခုကိုလည်း ထိုစာအုပ်တွင် ဖော်ပြခဲ့သည်။

၁၉၄၅-၁၄၆ ခုတွင် အင်္ဂလိပ်ဗိုလ်မှူး အရ်ဝင်းထံ ရေးသားခဲ့သော ပေးစာများတွင် သူ၏ မြန်မာ့နိုင်ငံရေး သဘောထားအမြင်နှင့် ယုံကြည်ချက်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ အခြေအနေ ဆိုးဝါးလာနေပုံကို သူစိုးရိမ်စိတ် ဖြစ်လာသည်။ "ဗမာလူမျိုးတွေက မွတ်စလင်တွေကို ဗမာနိုင်ငံမှာ မနေစေချင်ဘူး။ ငါတို့ကို ဗမာပြည်ကနေ အင်အားသုံးပြီးတော့ မောင်းထုတ်ဖို့ သူတို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ လူမျိုးအားလုံး အမြင့်ဆုံးမှ အနိမ့်ဆုံးအထိ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာက ဗမာလူမျိုးများ၏ ကျူးကျော်တိုက်ခိုက်မှုရန်များပင် ဖြစ်တယ်" ဟု မြန်မာပြည်ရှိ မွတ်စလင်များခံစားနေရသည့် ခွဲခြားဆက်ဆံမှု၊ မုန်းတီးမှုတို့ကို မီးမောင်းထိုးပြခဲ့သည်။ ဤပြသနာကို ဖြေရှင်းနိုင်ရန် " ဖွဲ့စည်းပုံဥပဒေနှင့်အညီ မွတ်စလင်တွေကို သီးခြားနယ်မြေဒေသတစ်ခု သတ်မှတ်ပေးရန် လိုအပ်ကြောင်း" သူ ယုံကြည်သည်။ ထို့အပြင် နောက်ဆုံး အာရကန်ကင်ပိန်း ကာလတွင် ဗိုလ်မှူးချုပ် ဖီးလစ် က မွတ်စလင်တို့ကို သီးခြားနယ်မြေတစ်ခု သတ်မှတ်ပေးမည်ဟု ကတိပေးခဲ့ကြောင်း သူထောက်ပြခဲ့သည်။

ဗြိတိသျှအရာရှိများ၏ ဘာသာပြန်အဖြစ် တာဝန်ထမ်းဆောင်နေစဥ် ဆရာ ဝါဂျီအုလ္လာသည် ဒေသခံ ရိုဟင်ဂျာများကို တတ်နိုင်သလောက် အကူအညီပေးခဲ့သည်။ တစ်ခါက ဗြိတိသျှအရာရှိတစ်ဦးသည် ဂျပန်သူလျှို့ဟု သံသယရှိသူတစ်ဦးအား စစ်ဆေးမေးမြန်းစဉ် ထိုလူသည် ဂျပန်စစ်သားများကို မြင်ခဲ့သည်ဟု ထွက်ဆိုလျှင် ပြင်းပြင်းထန်ထန် အရေးယူခံရမည်ဖြစ်သည်။ ဝါဂျီအုလ္လာသည် ထိုလူ၏ အဖြေက "တွေ့ခဲ့တယ်" ဖြစ်လိမ့်မည်ဟု ထင်မိသည်။ ထို့ကြောင့် ထိုလူကို ကယ်တင်လို၍ သူသည် ရိုဟင်ဂျာစကားဖြင့် ဗြိတိသျှအရာရှိက သူ့အား တောင်ထိပ်ကနေ ခုန်ချနိုင်သလားဟု မေးနေသည်ဟု မေးမြန်းခဲ့သည်။ ထိုလူကြီးက "အင်း...အင်း" ဟု မနိုင်ကြောင်း ပြန်ဖြေခဲ့သည်။ ဗြိတိသျှအရာရှိက ထိုလူသည် ဂျပန်စစ်သားသူတစ်ဦးတစ်ယောက်ကိုမျှ မမြင်ခဲ့ဟု ထင်မှတ်သွားပြီး ထိုလူကြီးအား လွှတ်ပေးခဲ့သည်။
ဝါဂျီအုလ္လာအာရ်ကာနီက Irwin ထံ ရေးသားခဲ့သည့်စာ မူရင်းပုံ။ Burmese Outpost.


ဒုတိယကမ္ဘာစစ်အပြီးတွင် ဝါဂျီအုလ္လာသည် ကာလကတ္တားတက္ကသိုလ်သို့ တက်ရောက် ပညာသင်ယူခဲ့သည်။ တက္ကသိုလ်၌ ပညာသင်နေစဥ်ကာလတွင် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးခေါင်းဆောင် ရှိက်(ခ်) မူဂျီဘုရ် ရာဟ်မာန် စသော အိန္ဒိယကျွန်းဆွယ်၏ အနာဂတ်ခေါင်းဆောင်များစွာနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ နိုင်ငံရေးအမြော်အမြင်၊ နိုင်ငံရေးယုံကြည်ချက်တို့ကို ဖလှယ်ခွင့်ရရှိခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် မြန်မာ့တပ်မတော်လက်အောက် စစ်ဝန်ထမ်း ဟုခေါ်သည့်  BTF တပ် (Burma Territorial Force)၏ လူမဆန်သော ရက်စက်ယုတ်မာမှုများကြောင့် အာရကန်တိုင်းမှ ရိုဟင်ဂျာ မွတ်စလင် မိသားစုများစွာ အရှေ့ပါကစ္စတန်သို့ အသက်လု ထွက်ပြေးခဲ့ကြရသည်။ ၎င်းတို့ထဲမှာ ဝါဂျီအုလ္လာ၏ မိသားစုလည်း ပါခဲ့သည်။ နတ်မြစ်ဝ ရှင်မဖြူကျွန်း၌ ဘဒေါရ်မိုက္ကန် သို့မဟုတ် ဂူလာဟု ခေါ်သော ကျေးရွာတစ်ရွာရှိခဲ့သည်။ ၎င်းနေရာသည် အာရကန်တိုင်းနှင့် စစ်တကောင်းကြား ကုန်သွယ်ရေး အချုပ်အချာကျသည် နေရာတစ်ခုဖြစ်ခဲ့သည်။ ဝါဂျီအုလ္လာ၏ မိသားစုသည် ထိုဒေသတွင် ရွေ့ပြောင်းခိုလှုံခဲ့သည်။ ဝါဂျီအုလ္လာနှင့် ၎င်း၏ညီ ဟာဗီဘုလ္လာတို့သည် အရှေ့ပါကစ္စတန် (ယနေ့ ဘင်္ဂလားဒေ့ရှ်) ၌ ဒုက္ခသည်အဖြစ်ရှိနေစဥ် တက်နာ့ဖ်တွင် ဒေသခံ ဘင်္ဂလီရခိုင်နှင့် ဒေသခံ ဘင်္ဂလီမွတ်စလင် အုပ်စုတို့အကြား  အားပြိုင်မှု၊ အထက်စီးမှုကို ပုံမှန်ဖြစ်အောင် ညှိနှိုင်းပေးရာတွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်။

ဝါဂျီအုလ္လာသည် ငယ်စဥ်ကပင် ရဲစွမ်းသတ္တိရှိသူ၊ မျိုးချစ်စိတ် ထက်သန်သူ တစ်ဦးဖြစ်သည်။ အာရကန်တွင် ဖြစ်နေသည့် အစိုးရ၏ မတရားနှိပ်ကွပ်မှု၊ ခွဲခြားဆက်ဆံမှုတို့မှ ရိုဟင်ဂျာလူမျိုးတို့ကို ကယ်တင်ရန် အနုနည်းဖြင့် ကြိုးပမ်းခဲ့သည်။ သို့သော် အောင်မြင်မှု မရရှိသဖြင့် လက်နက်ကိုင် တော်လှန်ရေးလမ်းကို ရွေးချယ်ကာ ခေါင်းဆောင်ကြီး ဂျာဖောရ်ကာဝါလ်၏ တော်လှန်ရေးအဖွဲ့တွင် ဝင်ရောက်ခဲ့သည်။ သူသည် V force တွင် အမှုထမ်းပြီး စစ်ရေးအတွေ့အကြုံ၊ မြေပြင်အတွေ့အကြုံနှင့် ရင့်ကျက်သူဖြစ်သဖြင့် တော်လှန်ရေးအဖွဲ့တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မူဂျာဟစ်ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ဝါဂျီအုလ္လာတို့ မိသားစုသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက သူတို့ကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် မြန်မာဗဟိုအစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် သူတို့ကို ပြန်လက်ခံခဲ့သည်။ မယုနယ်ခြားခရိုင်  အုပ်ချုပ်ရေးကာလအတွင်း သူသည် မေယုရာရှစ် (ခ) ဘမောင်နှင့်အတူ စိတ်ပညာရေးရာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် သူအား ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီး ဦးဘမောင်အား မေယုရဲအုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ဝါဂျီအုလ္လာသည် နေဝင်းအစိုးရ မဆလခေတ်တွင် စစ်အာဏာရှင်နှင့် မတရားမှု ဖိနှိပ်မှုကို ခုခံတော်လှန်ရန် ဆရာကြီး ဆုလ်တာန် ခေါင်းဆောင်သော ရိုဟင်ဂျာ လွတ်လပ်ရေးတပ် (Rohingya Independence Force) ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် မြေအောက်ပုန်းတောခိုကာ စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့ ခုခံတော်လှန်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် သူသည် အာရကန်သမိုင်းအသင်း (Arakan Historical Society) ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၈ ခုဒုက္ခသည်များအရေးပေါ်ပေါက်ခဲ့ရာ အကြမ်းဖက်စစ်ဆင်ရေး၏ သရုပ်မှန်နှင့် ဒုက္ခသည်များ၏ ဆိုးဝါးသောအခြေအနေကို ကမ္ဘာသိအောင် လှုပ်ရှားရာတွင်လည်း တက်တက်ကြွကြွ ပါဝင်ခဲ့သည်။

ဝါဂျီအုလ္လာ အာရ်ကာနီသည် မြန်မာ့လူထုနှင့် တိုင်းပြည်အပေါ် အဓမ္မတရား စိုးမိုးလာသည့်အခါတိုင်း မိမိ၏အသက်၊ မိမိ၏ ဘဝကို အမှုမထားဘဲ အဓမ္မကို တော်လှန်ခြင်းသည် မိမိ၏ တာဝန်အဖြစ်ခံယူကာ ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့သည်။ မိမိ၏ လူမျိုးနှင့်တိုင်းပြည်တာဝန်ကို ကိုယ်စွမ်းဉာဏ်စွမ်း ဆောင်ရွက်ကာ ၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ အသက် ၆၉ နှစ်တွင် ကွယ်လွန်ခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်သည် သူ၏ ဝိညာဉ်အား ထာဝရငြိမ်းချမ်းမှုကို ချီးမြှင့်တော်မူပါစေ။


— လူထုဝဏ္ဏ
(၂၁-၁၀-၂၀၂၅)




ကိုးကား-
၁။ AFK Jilani, (1999). The Rohingyas of Arakan: Their quest for justice.
၂။ Anthony Irwin, (1945). Burmese Outpost.
၃။ Greg Constantaine, (2025). Ek Khaale.


Monday, August 5, 2024

ဒေါက်တာကာမာလ် ကွယ်လွန် (၁၉၄၃-၂၀၂၄)

 

ဒေါက်တာကာမာလ် ကွယ်လွန် (၁၉၄၃-၂၀၂၄)


မောင်တောမြို့၏ အထင်ကရ ဆရာဝန် ဒေါက်တာကာမာလ် သည် ဩဂုတ်လ ၄ ရက်နေ့ ည ၇း၃၀ နာရီခန့်တွင် ရခိုင်လက်နက်အဖွဲ့ #AA က အရပ်သားများကို ပစ်မှတ်ထား ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


ဒေါက်တာကာမာလ်သည် ဆရာဟာဆောင်းအာလီ၏ သားဖြစ်ပြီး မောင်တောမြို့ အမှတ် (၂) ရပ်ကွက် ဖေဇီရွာတွင် နေထိုင်သည်။ ရန်ကုန်မှ MBBS ဆရာဝန်ဘွဲ့ ရရှိထားကာ မောင်တောဒေသခံများကို ဆေးဝါးကုသမှုဖြင့် နှစ်ပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သူဖြစ်သည်။  ဒေါက်တာသည် မောင်တောမြို့၏ ထင်ရှားသော ဇီဝဗေဒပြဆရာ ဆရာဦးဇော်ဇော်လတ် ၏ ဖခင်ဖြစ်သည်။ ဆရာဇော်ဇော်လတ်လည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


#well_known_Rohingya

Friday, July 12, 2024

မောင်တောမြို့ ဝါရင့်အင်္ဂလိပ်ဆရာ ဟူးဆောင် ကွယ်လွန်

 



𝐈𝐧𝐧𝐚 𝐋𝐢𝐥𝐥𝐚𝐡𝐢 𝐖𝐚 𝐈𝐧𝐧𝐚 𝐈𝐥𝐚𝐲𝐡𝐢 𝐑𝐚𝐣𝐢𝐮𝐧 😢😧😢😧😢😧

မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်နေ ဟာဂျီ ဆရာဦးဟူဆောင် အသက် - (၇၆)နှစ်၊ ( ၁၁- ၇- ၂၀၂၄ ) ခုနှစ် ကြာသပတေးနေ့  နံနက် (၆ နာရီ ၃၀ မိနစ်) အချိန်တွင် အလ္လာဟ်အမိန့်ခံသွားပါသဖြင့် မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ 


မိတ်ဆွေ သူငယ်ချင်းအားလုံးတို့သည် မာဂ်ဖိရသ်အတွက် ဒိုအာပြုပေး ကြပါရန် မေတ္တရပ်ခံပါသည်၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အတိတ်က အပြစ်များကို ခွင့်လွှတ်ပြီး ဂျန္နသ်ဥယျာဉ်သို့ ရင်းရင်းနှီးနှီး ကြိုဆိုပါလေ။ 

ဂျနာဇာနာမဇ် ဝတ်ပြုမယ်နေရာ - ယနေ့ (၁၁ - ၇ -၂၀၂၄) ခုနှစ် ကြာသပတေးနေ့ ဇူဟာရ် နာမဇ် (၂ နာရီ ) အချိန်တွင် မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်၊ မြို့မသ်ချိုး ဗလီကြီး ကဘရ်စတန်တွင် ဂျနာဇာ ဆွလားသ် ဝတ်ပြုပြီး ဒဖနာပါမည်လို အသိပေးအပ်ပါသည်။


Re: 𝐌𝐚𝐮𝐧𝐠𝐝𝐚𝐰 𝐂𝐥𝐨𝐜𝐤 𝐓𝐨𝐰𝐞𝐫 𝐂𝐮𝐩


Friday, June 21, 2024

ကြိမ်ချောင်း တိုက်နယ်စာတိုက်မှူး ဦးချစ်သိန်း (၁၉၆၆-၂၀၂၄) ကွယ်လွန်

မောင်တောမြောက်ပိုင်း ကြိမ်ချောင်း တိုက်နယ်စာတိုက်မှူး ဦးချစ်သိန်း (၁၉၆၆-၂၀၂၄)ကွယ်လွန်

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ကြိမ်ချောင်း တိုက်နယ်စာတိုက်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော စာတိုက်မှူး ဦးချစ်သိန်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက် ည ၃း၃၀ နာရီခန့်တွင် ဒုက္ခသည်စခန်း၌ ကွယ်လွန်သွားကြောင်း သိရှိရသည်။ 

စာတိုက်မှူး ဦးချစ်သိန်း(ခ) ဖောဇလုလ်အဟ်မတ်သည် စံပ္ပာယ်ကုံးကျေးရွာ ဇာတိ ဦးအာရောဖ်သျှောင်ဒရီ၏ ဒုတိယမြောက်သား ဖြစ်သည်။ မကြာမီက ကွယ်လွန်သွားခဲ့သော ဆရာဦးမောင်ဖြူ၏ အစ်ကိုရင်းလည်းဖြစ်သည်။ ယခင်က စစ်တွေ ပြည်နယ်စာတိုက်မှူးဟောင်း၏ သမက်လည်းဖြစ်သည်။ 

၂၀၁၇ တွင် အကြမ်းဖက်စစ်တပ်နှင့် အစွန်းရောက်မျိုးချစ်အဖွဲ့တို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် နေရပ်စွန့်ခွာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှတွင် ထွက်ပြေး ခိုလှုံခဲ့ခြင်းဖြစ်သည်။ အမိမြန်မာပြည်သို့ အိမ်ပြန်လာခွင့်မရဘဲ ဒုက္ခသည်စခန်း၌ ကွယ်လွန်သွားရှာသည်။ 

စာတိုက်မှူး ဦးချစ်သိန်းသည် နှစ်ပေါင်း ၃၀ နီးပါး အစိုးရတာဝန်ထမ်းဆောင်ကာ တိုင်းပြည်နှင့်ပြည်သူအကျိုးကို ရိုသားဖြောင့်မတ်စွာ ဆောင်ရွက်ခဲ့သည်။

စာတိုက်မှူးကွယ်လွန်သည့်အချိန်တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် ချန်ရစ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ် ရှိသည်။ စာတိုက်မှူး ဦးချစ်သိန်း ကွယ်လွန်ခဲ့ခြင်းအပေါ် MDN ဝိုင်းတော်သားများသည် စာတိုက်မှူး ဦးချစ်သိန်း၏ မိသားစုနှင့်ထပ်တူ ဝမ်နည်းကြေကွဲရသည်။

Sunday, June 16, 2024

မောင်တောမြို့ အမှတ်(၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူ ကွယ်လွန်

မောင်တောမြို့ အမှတ်(၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူ (၁၉၇၀-၂၀၂၄)ကွယ်လွန် 

ဇွန်လ ၁၇ ရက်၊ ၂၀၂၄။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ် (၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူသည် ဇွန်လ ၁၆ ရက် စနေနေ့ ည ၆း၄၀ နာရီခန့်တွင် မောင်တောမြို့ အမှတ် (၂) ရပ်ကွက် ဖေဇီရွာတွင်ရှိသော နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။ 

ဆရာဦးမောင်ဖြူ (ခ) ဖေါ်ယာဇုလ်ကော်ဘိရ်သည် ဦးအာရဖ်ချောင်ဒရီ၏ စတုတ္ထမြောက်သားဖြစ်ပြီး စာတိုက်မှူး ဦးချစ်သိန်း၏ ညီအရင်းဖြစ်သည်။ ဆရာ၏ ဇာတိမှာ မောင်တောမြောက်ပိုင်း စံပ္ပာယ်ကုံးကျေးရွာဖြစ်ပြီး ထင်ရှားသော ကာဇီမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သည်။ ဆရာဦးမောင်ဖြူ၏ အကြီးဆုံး အစ်ကိုမှာလည်း ကျောင်းဆရာတာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်းမှာပင် မီးလောင်မှုတစ်ခု၌ အသက်ဆုံးရှုံးခဲ့ရသူဖြစ်သည်။ ဆရာ၏ ညီအစ်ကို အားလုံးမှာ အစိုးရဝန်ထမ်းများဖြစ်ကြပြီး ကျရာတာဝန်ကို သစ္စာရှိရှိ ကျေပွန်ခဲ့သူများဖြစ်သည်။ 

ဆရာဦးမောင်ဖြူသည် တောင်ပြိုအလယ်တန်းကျောင်း၊ ကြိမ်ချောင်းအထက်တန်းကျောင်း၊ မောင်တော အထကကျောင်း စသော ကျောင်းအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မောင်တော အမှတ် (၂) အထက်တန်းကျောင်းတွင် နှစ်ပေါင်း ၂၀ ခန့် နှစ်ရှည် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ကွယ်လွန်သည့်အချိန်အထိ ထောင်ပေါင်းများစွာသော ပညာရည်ထူးချွန်သည့် ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးခဲ့သော ကျေးဇူးရှင်လည်းဖြစ်သည်။

လက်ရှိတိုက်ပွဲကာလအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့်  ကျန်းမာရေးဌာန ဆေးရုံဆေးခႏ်းများ ပိတ်ထားခံရမှုစသော အခက်အခဲများကြောင့် ပုံမှန်ဆေးကူးသခံယူခွင့်မရရှိ၍ ကံမကောင်းစွာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း မောင်တောမြို့ခံ ဆရာ၏ တပည့်အရင်းတစ်ဦးက ပြောသည်။

ဆရာဦးမောင်ဖြူ ကွယ်လွန်သည့်အချိန်တွင် အသက် ၅၄ နှစ်ရှိပြီး သား ၂ ယောက်နှင့် သမီး ၁ ယောက် ချန်ရစ်ခဲ့သည်။ ဆရာ့တပည့်အပေါင်းများနှင့် ချစ်သောဆွေမျိုးမိတ်သင်္ဂဟများသည် အချိန်စောစွာ ကြွေလွင့်ခဲ့ရသော ချစ်ဆရာအတွက် ဝမ်းနည်းကြေကွဲရပါသည်။ ဆရာ ဆောင်ရွက်ခဲ့သမျှ ကောင်းမှုစေတနာများကြောင့် တမန်လွန်ဘဝတွင် မြင့်မြတ်သောအစား ရရှိတော်မူပါစေ။ 

ဆရာ၏ ဂျနာဇာနမာစ် ဝတ်ပြုမှုကို မနက်ဖြန် ၂၀၂၄ ခု ဇွန်လ ၁၇ ရက် တနင်္လာနေ့ နံနက် ၁၀ နာရီတွင် မောင်တောမြို့၊ အမှတ်(၂) ရပ်ကွက်၊ ဖေဇီရွာ ဗလီကြီးသင်္ချိုင်းတွင် ဝတ်ပြုပြီး နောက်ဆုံး နှုတ်ခွန်းဆက်သမည်ဖြစ်ပါကြောင်း အသိပေးအပ်လိုပါသည်။

Monday, May 6, 2024

၂၀၂၄ ခုနှစ် ဂျော်ဂျီယားပြည်နယ်၏ ဩဇာအရှိဆုံး အာရှအမေရိကန်သားများစာရင်း GAT 25 တွင် ရိုဟင်ဂျာတစ်ဦးပါဝင်



၂၀၂၄ ခုနှစ် ဂျော်ဂျီယားပြည်နယ်၏ ဩဇာအရှိဆုံး အာရှအမေရိကန်သားများစာရင်း GAT 25 တွင် ရိုဟင်ဂျာတစ်ဦးပါဝင်

၂၀၂၄ ခုနှစ် ဂျော်ဂျီယား ဩဇာအရှိဆုံး ပုဂ္ဂိုလ်များစာရင်းကို Georgia Asian Times မှ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ထို ဩဇာအရှိဆုံးပုဂ္ဂိုလ်များစာရင်းတွင် ရခိုင်ပြည်သား ရိုဟင်ဂျာတစ်ဦး ရွေးချယ်ခြင်းခံခဲ့ရသည်။ 

GAT 25 စာရင်းသည် ဂျော်ဂျီယားဒေသရှိ စီးပွားရေး၊ ပညာရေး၊ လူမှုအသိုက်အဝန်း ဝန်ဆောင်မှုမှ နိုင်ငံရေးအထိ နယ်ပယ်အသီးသီးမှ ထူးချွန်ထင်ရှား၍ ဩဇာအရှိန်အဝါကြီးသော အာရှအမေရိကန် ပစိဖိတ်ကျွန်းသား ၂၅ ဦးကို Georgia Asian Times မှ အသိအမှတ်ပြု ရွေးချယ်လေ့ရှိသည်။ 

Asian American Pacific Islanders Heritage Month အား ဂုဏ်ပြုသည့်အနေဖြင့် Georgia Asian Times သည် နှစ်စဉ် ဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်ထူးများဂုဏ်စာရင်းကို ဂုဏ်ယူစွာ ရွေးချယ်ဖော်ပြလေ့ရှိသည်။ “သြဇာအရှိဆုံး ပုဂ္ဂိုလ်များ” စာရင်းကို အွန်လိုင်းရွေးချယ်မှုတစ်ခုမှတစ်ဆင့် စာရင်းတင်သွင်းပြီး အဖွဲ့၏ ရွေးချယ်မှုစံနှုန်းများနှင့်အညီ စစ်ဆေးအတည်ပြုသည်။ 

၂၀၂၄ ခုတွင် စာရင်းဝင်သွားသော ရိုဟင်ဂျာတစ်ဦးမှာ Burmese Rohingya Community of Georgia (BRCG) ကို ဥက္ကဋ္ဌနှင့် ထည်ထောင်သူ အာယုပ်မိုဟာမတ်(ခ) ဦးကျော်မောင် ဖြစ်သည်။ BRCG သည် မက်ထရိုအတ္တလန်တာမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်များအရေး ဆောင်ရွက်ပေးနေသော လူမူအသိုက်အဝန်းအခြေပြု လူမှုရေးဝန်ဆောင်မှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းကို ၂၀၁၄ ခုနှစ် မေလတွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ အဖိနှိပ်ခံ ရိုဟင်ဂျာလူမျိုးများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများကို အသိပေးနှိုးဆော်ရေး အလေးထားဆောင်ရွက်လေ့ရှိသည်။ လက်ရှိတွင် ဂျော်ဂျီယာရှိ Clarkston ၌ ပြန်လည်အခြေချနေထိုင်လာသော မိသားစု ၁၀၀၀ ကျော်ရှိသည်။ မိုဟာမက်သည် ဂျော်ဂျီယာတွင် အခြေချနေထိုင်သည့် ပထမဆုံး ရိုဟင်ဂျာဒုက္ခသည်များထဲမှ တစ်ဦးဖြစ်သည်။ ရိုဟင်ဂျာဒုက္ခသည်များအတွက် ၎င်းတို့၏လူမှုရေးဝန်ဆောင်မှုလိုအပ်ချက်များ၊ ဘာသာပြန်မှုများ၊ လူဝင်မှုကြီးကြပ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အရင်းအမြစ်များကို ကူညီပေးရန် BRCG ကို တည်ထောင်ခဲ့သည်။

၂၀၂၄ ခုနှစ် GAT 25 တွင် ရွေးချယ်ခံရသော ပုဂ္ဂိုလ်များမှာ အောက်အတိုင်းဖြစ်ပါသည်။

၁။ Neera Bahl

 Appellate Judge & Director, Georgia State. 

    Board of Workers Compensation

၂။ Tian Chang

    Vice President ၊ JP Morgan

၃။ Brenda Lee Gapasin Chatmon

Clinical Nurse Lead, MSN, RN, CCRN

Atrium Health Navicent Medical

၄။ Jacky Cheng

    Vice President of Finance

    Bridge Logistics Properties

၅။ Jane Ewe

    CEO ၊ Sweet Hut Group

၆။ Jack Hu, Ph.D.

    Senior Vice President for Academic Affairs & Provost ၊ University of Georgia

၇။ Jenny Jang

 Senior Manager, Community Relations and   Diversity, Equity and Inclusion

TKE Elevator

၈။ Michelle Kang

   CEO ၊ AAPI Outreach & Engagement

၉။ Jaesen Kounthalangsy

President ၊ Asian Pacific American Council of Georgia (APAC)

Laotian American Society

၁၀။ Sonjul Kumar

Partner ၊ Kumar Prabhu Patel & Bannerjee

၁၁။ Goodwin Law

     Co-Founder & CEO

     Farmer's Basket Restaurant Group

၁၂။ Joon S.Lee, MD

 Chief Executive Officer ၊ Emory Healthcare

၁၃။ Annie Ray Magsalin

     Director of Operations ၊ Live Forward

၁၄။ Ayub Mohammad

President ၊ Burmese Rohingya Community of Georgia

၁၅။ Paul Nguyễn

Chief Financial Officer ၊ YMCA Metro Atlanta

၁၆။ Tra My Nguyen

President ၊ Georgia Vietnamese American Community

၁၇။ Monica Nim Nuth

President ၊ Cambodian American Association of Georgia

၁၈။ John Park

Mayor ၊ City of Brookhaven

၁၉။ Sarah Park

Special Projects Coordinator &

Executive Assistant to Communications Director-Gwinnett County Government

President, Korean American Council

၂၀။ Bryan C. Ramos

Chief Judge of Municipal Court

City of Brookhaven

၂၁။ Andrea Sieber

External Affairs Area Manager

Georgia Power

၂၂။ Weonhee Shin

Founder and Executive Director

Asian Americans Voices for Education

၂၃။ Amy Tep

     CEO ၊ LaTep Real Estate Group

၂၄။ Long Tran

     State Representative (GA-80)

၂၅။ Von Tran

CEO and President

First Senior Center (FSC) Healthcare


 (ရိုဟင်းကိန်း)


Sunday, March 24, 2024

ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ

 


ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားရင်း အသက်ပေးသွားတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ မိုဟစ်ဘုလ္လာ ၏ ဘဝနှင့် ကြိုးပမ်းဆောင်ရွက်မှုများကို စာရေးစာဆရာ လူထုဝဏ္ဏ က ပြုစုရေးသားထားသော စာအုပ် "ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ" ကို အလွယ်တကူ ဖတ်ရှုဒေါင်းယူနိုင်မယ့် လိင့်များ..  

စာအုပ်အမည်- ရိုဟင်ဂျာ ငြိမ်းချမ်းရေးသူရဲကောင်း မိုဟစ်ဘုလ္လာ

ရေးသူ-         လူထုဝဏ္ဏ

ဘာသာစကား-  မြန်မာ

ထုတ်ဝေသည့်ခုနှစ်- ၂၀၂၄

ဆိုက်-          7 MB


* Pcloud Link

— ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ

* Website Link

— ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ

*Scribd Link

— ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ



Muhibullah by Kuwaiccorjja Bai on Scribd

Tuesday, February 13, 2024

ပြည်သူ့ လွှတ်တော်အမတ် အောင်ဇော်ဝင်း

ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဇော်ဝင်း။

ပြည်သူ့လွှတ်တော်အမတ် အောင်ဇော်ဝင်း


ဦးအောင်ဇော်ဝင်းကို မြန်မာနိုင်ငံတွင် မသိသူ မရှိသလောက်ရှားပါးမည်။ ဦးအောင်ဇော်ဝင်းသည်  ပြည်သူ့လွှတ်တော်အမတ်တစ်ဦးအပြင် အထင်ကရ စီးပွားရေးလုပ်ငန်းရှင်၊ ရိုဟင်ဂျာနိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ 

အောင်ဇော်ဝင်းကို ၁၉၆၃ ခုနှစ်တွင် မောင်တောမြို့နယ် ငါးခူးရကျေးရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဇော်ကိရ်အမတ်ဖြစ်သည်။ အခြေခံပညာကို ငါးခူရ၌ သင်ယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒဖြင့် မဟာဘွဲ့ရယူခဲ့သည်။ အောင်ဇော်ဝင်းသည် ရန်ကုန်မြို့နေ ဦးမောင်စိန် (ခ) မိုဟာမတ်အယုဖ်၏ သမီးကြီး ဒေါ်သန်းသန်းဦး (ခ) မိုင်မွန်နာ နှင့် နဖူးစားဆုံခဲ့သည်။

အောင်ဇော်ဝင်းသည် ရန်ကုန်တွင် ဆောက်လုပ်ငန်း လုပ်ကိုင်ရာမှ ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့သည်။ ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီလီမီတက် နှင့် Esperado Hotel လုပ်ငန်းကို ထူထောင်သည်။ 

၂၀၀၉ ခုနှစ်တွင် စစ်အာဏာရှင်တို့၏ အထူးကမ်းလှမ်းချက်ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်လာကာ မြန်မာ့နိုင်ငံရေးလောကတွင် ခြေချခဲ့သည်။ ၂၀၁၀ ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲတွင် ဦးအောင်ဇော်ဝင်းသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော်အမတ်အဖြစ် အရွေးခံခဲ့ရသည်။ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ၂၀၁၀ မှ ၂၀၁၅ အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ပြည်သူ့လွှတ်တော်အမတ်ဖြစ်တုန်းက ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ 

လွှတ်တော်တွင် ရိုဟင်ဂျာအရေးကို တရားမျှတမှုရှိရှိ ဖြေရှင်းပေးရန်၊ ရိုဟင်ဂျာလူမျိုးအပေါ် ကျူးလွန်နေသော ဖိနှိပ်ပိတ်ပင်မှုများကို ရပ်စဲပေးရန်၊ ရိုဟင်ဂျာလူမျိုးအား တိုင်းရင်းသားမျိုးနွယ်စု တစ်စုအဖြစ် သတ်မှတ်ပေးရန် သမိုင်းအထောက်အထားနှင့်တကွ တင်ပြခဲ့သူတစ်ဦးလည်းဖြစ်သည်။ 

အောင်ဇော်ဝင်းသည် အလှူဒါနပြုရာ၌ အလွန်စိတ်အားထက်သန်သည်။ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်တွင် ဆိုက်ကပ်လာခဲ့သော နာဂစ်ကပ်ဘေးတွင် ဒုက္ခရောက်ပြည်သူလူထုကို ထိပ်ဆုံးကနေ ရက်ရက်ရောရော ကူညီခဲ့သူတစ်ဦးဖြစ်သည်။ ကိုဗစ်ကပ်ဘေးကာလတုန်းကလည်း ထပ်ဆုံးက ကူညီခဲ့သည်။ 

ဦးအောင်ဇော်ဝင်းသည် ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ဘူးသီးတောင်-မောင်တော ဒေသဖွံ့ဖြိုးရေးအသင်း၏ ဥက္ကဌအဖြစ်တာဝန်ယူကာ မောင်တော၊ဘူးသီးတောင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို အရှိန်မြင့် ဆောင်ရွက်ခဲ့သည်။ ကျောင်း၊ လမ်း၊ တံတား၊ ကန်၊ ဘာသာရေးအဆောက်အအုံ စသည်တို့ကို ဆောက်လုပ်ပေးခဲ့သည်။

ဦးအောင်ဇော်ဝင်းသည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဘန်ကောက်သို့ သွားရန်လမ်းကြောင်းပေါ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးခံခဲ့ရသည်။ သူသည် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်ကို ငွေကြေးထောက်ပံ့သည်ဟူသော အစွန်းရောက်ရခိုင်အချို့၏ မဟုတ်မမှန် အငြိုးတေစွပ်စွဲချက်ဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ၂၀၁၈ ခု ဇွန်လ ၂၀ ရက်နေ့တွင် ဦးအောင်ဇော်ဝင်း အပြစ်ကင်းရှင်းကြောင်း မောင်တောခရိုင်တရားရုံးမှ စစ်ဆေးတွေ့ရှိကာ တရားရှင် လွှတ်မြောက်လာခဲ့သည်။ 


သူ၏ဇနီး ဒေါ်သန်းသန်းဦး (ရှိုင်းဆောက်လုပ်ရေးနှင့် Esperado Hotel မန်နေဂျင်ဒါရိုက်တာ)၊ အသက် ၅၈ နှစ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် သူ့ဟိုတယ်၏ ၃ လွှာရှိ ရုံးခန်း၌ အလုပ်ထုတ်ခံရသည့် အစွန်းရောက်ဗမာ ဝန်ထမ်းတစ်ဦးက ဓါးနှင့်ထိုးသတ်ရာ ကွယ်လွန်ခဲ့ရှာသည်။ 

ဦးအောင်ဇော်ဝင်းသည် အာရကန် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အင်စတီကျူး၏ ဥက္ကဋ္ဌနှင့် စီအီးအို လည်းဖြစ်သည်။ မြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့၏ ဒုဥက္ခဌလည်းဖြစ်သည်။ ရန်ကုန်မြို့ တပဲခြမ်းပလီ၏ ဂေါပက ဥက္ကဌလည်းဖြစ်သည်။


Friday, December 15, 2023

ARU အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ ဝါကာအုဒ္ဒိန်း

 


ပါမောက္ခ ဒေါက်တာ ဝါကာရ်အူဒ္ဒိန်း(၁၉၅၄-၂၀၂၂)


ဝါကာရ်အူဒ္ဒိန်းကို ဇန္နဝါရီလ ၁၅ ရက်၊ ၁၉၅၄ ခုတွင် မောင်တောမြို့နယ် ဟားဘီဘ်ရွာ၌ ဖွားမြင်ခဲ့သည်။ ဖခင်မှာ မလဝီ လာလ်မိုဟာမတ်၏သား ဆရာမွီဆဒ္ဒိန်း(ခ) မာဆူတ်အုဒ္ဒိန်း ဖြစ်သည်။ ဖခင်ဖြစ်သူမှာ ကျောင်းဆရာတစ်ဦးဖြစ်သည်။ ညီအစ်ကို လေးယောက်အနက် အကြီးဆုံးဖြစ်သည်။

ဝါကာသည် အခြေခံပညာကို မောင်တောမြို့မှာ ဆည်းပူးခဲ့သည်။ မောင်တောမြို့မအထက်တန်းကျောင်းမှ အထက်တန်းအောင်ခဲ့သည်။ ပျဉ်းမနားမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ BAgrSc ဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အမေရိကန်သို့ ပညာတော်သင်အဖြစ် သွားရောက်ကာ အမေရိကန်ပြည်ထောင်စု နာဗာဒါတက္ကသိုလ် (Navada University)မှ ပိုးမွားလောက စီမံခန့်ခွဲမှု (Integrated Pest Management) ဘာသာရပ်ဖြင့် မဟာဘွဲ့ရယူခဲ့သည်။ ၁၉၉၆ ခုတွင် ဂျော်ဂျီယားတက္ကသိုလ်မှ အပင်ရောဂါဗေဒဖြင့် ပါရဂူဘွဲ့  ရရှိခဲ့သည်။

ဝါကာသည် ပညာသင်ယူပြီးနောက် ဂျော်ဂျီယားတက္ကသိုလ် Plant Disease Clinic အလုပ်ဝင်ရင်း အသက်မွေးဝမ်းကျောင်း စတင်ခဲ့သည်။ ထို့အပြင် အခြား အပင်ရောဂါဗေဒဆိုင်ရာ အလုပ်များစွာကိုလည်း လုပ်ကိုင်ခဲ့သည်။ ၁၉၉၈ ခုတွင် Penn State University တွင် မြက်ပင်ရောဂါဗေဒပညာရှင် (Turfgrass Pathologist)အဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် Pennsylvania State University ၌ပင် အဏုဇီဝဗေဒ ပါမောက္ခဖြစ်လာခဲ့သည်။

ဒေါက်တာ ဝါကာသည် ၂၀၀၅ နောက်ပိုင်းတွင် နိုင်ငံရေးဘက်ကို စိတ်ဝင်စားလာခဲ့သည်။ ၂၀၀၈ ခု မေလတွင် The Burmese Rohingya Association North America အဖွဲ့ကို ထူထောင်ကာ ရိုဟင်ဂျာတို့အတွက် တရားမျှတမှုရရှိရေး လှုပ်ရှားလာခဲ့သည်။ ၂၀၁၁ ခု မေလတွင် အိုအိုင်စီကဦးဆောင်၍ ပြည်တွင်းပြည်ပ ရိုဟင်ဂျာအဖွဲ့အစည်းပေါင်း ၂၅ ခုကျော်နှင့်ဖွဲ့စည်းထားသော Arakan Rohingya Union (အာရကန်-ရိုဟင်ဂျာ ညီညွတ်ရေး အဖွဲ့ချုပ်)၏ အထွေထွေညွှန်ကြားရေးမှူးချုပ်(DG) အဖြစ်တင်မြောက်ခံရသည်။ ၂၀၁၂ ခု ရခိုင်လူသတ်မှု အရေးအခင်းနောက်ပိုင်းတွင် ဒေါက်တာဝါကာ၏ နိုင်ငံရေးလှုပ်ရှားမှု အရှိန်မြင့်လာခဲ့သည်။ လှေစီးပြေးဒုက္ခသည်များအရေးတွင် တက်တက်ကြွကြွပါဝင်ခဲ့သည်။ ၂၀၁၃ ခု ဇူလိုင်လတွင် အမေရိကန်အခြေစိုက် Muslim Aid America ၏ ဥက္ကဌ အဖြစ်တင်မြောက်ခံခဲ့ရသည်။

၂၀၁၃ ဖေဖော်ဝါရီလတွင် ပါကစ္စတန် ဒုဝန်ကြီးချုပ် Chaudhary Pervaiz Elahi နှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၄ ခုတွင် ရိုဟင်ဂျာကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အမေရိကန်အောက်လွှတ်တော် စသည်တို့၌ တက်ရောက်ကာ ရိုဟင်ဂျာတို့၏ အခြေအနေကို တင်ပြဆွေးနွေးခဲ့သည်။

၂၀၁၅ စက်တင်ဘာလတွင် အမေရိကန်၌ကျင်းပသော အထက်လွတ်တော်အမတ် ဦးရွှေမောင်နှင့်အတူ ASEAN Parliamentarians အစည်းအဝေးတွင်တက်ရောက်ကာ ရိုဟင်ဂျာအရေးနှင့် မြန်မာပြည် အမုန်းဖျန်းဝါဒကို ရှုတ်ချတင်ပြကာ ဆွေးနွေးခဲ့သည်။ ၂၀၁၅ နိုဝင်ဘာလတွင် ဝါရှင်တန်ဒီစီ၌ ဆန္ဒပြခဲ့သော Interfaith Rally တွင် ပါဝင်ကာ ရိုဟင်ဂျာအရေးကို ကမ္ဘာသိအောင် တင်ပြခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် တူရကီနိုင်ငံ၌ ကျင်းပခဲ့သော ၂၄ ကြိမ်မြောက် Congress of Int'l Union of Muslim Communities တွင်တက်ရောက်ကာ ကမ္ဘာမူဆလင်တို့အား ရိုဟင်ဂျာတို့ကို ကူညီရန်တိုက်တွန့်ခဲ့သည်။ ဒီဇင်ဘာလ ၂၄ ရက်တွင် ယူအေအီနိုင်ငံ ဒိုဘိုင်း ရိုဟင်ဂျာစင်တာ၌ ပြည်ပရောက်ရိုဟင်ဂျာများနှင့် တွေ့ဆုံကာ သူတို့၏ အခက်အခဲတို့ကို ဆွေးနွေးခဲ့သည်။ ၂၀၁၆ ဧပြီလတွင် တူရကီသမ္မတ အာဒိုဂန်နှင့် တွေ့ဆုံခဲ့သည်။ အဂျီဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တော်၌ ကျင်းပသော ၂၀၁၆ ဂလိုဘဲလ် ဖိုရမ်သို့ ဖိတ်ကြားခံရကာ ရိုဟင်ဂျာအရေး တင်ပြခဲ့သည်။ ၂၀၁၆ ဇူလိုင်လတွင် အိမ်ဖြူတော်၌ ကျင်းပခဲ့သော အိဒ်ပွဲတော်အခမ်းအနားတွင် သမ္မတအိုဘာမား၏ ဖိတ်ကြားခြင်း ခံရသည်။ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၈ ခုတင် နောက်တစ်ကြိမ် အာဒိုဂန်နှင့်တွေ့ဆုံကာ ရိုဟင်ဂျာအရေးတွင် ပါဝင်ကူမည်ဟု သမ္မတက ကတိပေးခဲ့သည်။ အောက်တိုဘာလတွင် မက္ကာတွင်ကျင်းပသည့် ၄၃ကြိမ်မြောက် The Supreme Council of Muslim World League တွင် ဖိတ်ကြားခြင်းခံရသည်။ ၂၀၁၉ နိုဝင်ဘာလ အိုအိုင်စီ၏ ရွေရတုသဘင်အခမ်းအနားတွင် ရိုဟင်ဂျာအခွင့်အရေးလှုပ်ရှားမှုအတွက် "လူထုအကျိုးပြုပုဂ္ဂိုလ်ဆု" ချီးမြင့်ခံရသည်။

၂၀၁၉ ဒီဇင်ဘာလတွင် ဒေဟိတ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျီ၌ ရိုဟင်ဂျာကိုယ်စား တက်ရောက်ခဲ့သည်။ 

ဒေါက်တာဝါကာသည် ပထမအိမ်ထောင်အဖြစ် Patricia Chapwaske နှင့် လက်ထပ်ခဲ့သည်။ သမီး Najat Uddin ဖွားမြင်ခဲ့သည်။ ဒုတိယအိမ်ထောင် Saarah Naaem နှင့် လက်ထပ်ခဲ့သည်။ သား Jassim Uddinနှင့် Yunus Uddin ဖွားမြင်ခဲ့သည်။ ဝါကာ ၏ ညီကိုများမှာလည်း တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် တက်တက်ကြွကြွပါဝင်လှုပ်ရှားသူများဖြစ်ကြသည်။ ညီ Tayub Uddin မှာ Democracy and Himan Rights Party ၏ ဥက္ကဌအဖြစ် ဆောင်ရွက်ကာ ၂၀၁၀ တွင် မောင်တောမဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်ခဲ့သည်။ ___Uddin မှာ မောင်တောမြို့တွင် အစိုးရရုံးဘာသာပြန်အဖြစ် ဆောင်ရွက်သည်။ ညီငယ် Reza Uddin မှာ ဝါကာ ကွယ်လွန်ပြီးနောက် ARU ၏ ကြားကာလ ယာယီ အထွေထွေညွှန်ကြားရေးမှူး ဖြစ်လာသည်။

မိမိ၏ အဖိနှိပ်ခံလူမျိုး လွတ်မြောက်ရေးအတွက် ဘဝရင်းနှီးရုန်းကန်နေသော ဒေါက်တာဝါကာအုဒ္ဒိန်းသည် တစ်နေ့ ရုတ်တရက် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာသဖြင့် John's Hopskin University Hospital, Baltimore, Maryland တွင် တစ်လကြာ ကုသမှုခံယူရာမှ  ၂၀၂၂ ခု ဧပြီလ ၂၉ ရက် သောကြာနေ့တွင် မိမိချစ်မြတ်နိုးသော အမျိုးနှင့် မိသားစုများကို နှုတ်ဆက်၍ အလ္လာဟ်အမိန့်တော် ခံယူခဲ့လေသည်။ ပါမောက္ခ ဒေါက်တာဝါကာအုဒ္ဒိန်း၏ ရုပ်ကလပ်ကို Baltimore, Maryland ရှိ King Memorial Cemetry သချ်င်း၌ ဒဖ်နာခဲ့သည်။ ဒေါက်တာသည် မိမိ၏ အဖိနှိပ်ခံနေရသော လူမျိုးကို လွှတ်မြောက်အောင် ကြိုးပမ်းရင်း အိပ်မက် တစ်ပိုင်းတစ်ဝက်နှင့် မိမိလူမျိုးကို နှုတ်ခွန်းဆက်သခဲ့ရလေသည်။ 

ဒေါက်တာဝါကာ ကွယ်လွန်ပြီးနောက် ကမ္ဘာခေါင်းဆောင်များနှင့် ကမ္ဘာအနှံ့အပြားမှ သူ့တပည့်အပေါင်းများနှင့် ရိုဟင်ဂျာလူမျိုးများက ဝမ်းနည်းကြေကွဲခဲ့ကြသည်။ ရိုဟင်ဂျာလူမျိုးသည် အလွန်တန်ဖိုးရှိသော ကြယ်တစ်ပွင့် ဆုံးရှုံးခဲ့ရလေသည်။ ဒေါက်တာသည် ရိုဟင်ဂျာလွှတ်မြောက်ရေးသမိုင်းတွင် အတောက်ပဆုံး ကြယ်တစ်ပွင့်အဖြစ် အစဉ်လင်းလက်နေမည်။ အလ္လာဟ်အရှင်မြတ်သည် ဒေါက်တာဝါကာအုဒ္ဒိန်းအား မြင့်မြတ်သောအစား ချီးမြင့်တော်မူပါစေ။ အာမိန်း။ 


— လူထုဝဏ္ဏ

(၁၃-၁၂-၂၀၂၃)


Thursday, December 14, 2023

သမိုင်းသုတေသီ ဆရာအာမာန်

 



သမိုင်းသုတေသီ ဆရာအာမာန်


ဆရာအာမာန်၏ အမည်ရင်းမှာ အာမာန်အုလ္လာဖြစ်သည်။ အာမာန်အုလ္လာကို ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ် (၅) ရပ်ကွက်တွင် မွေးဖွားခဲ့သည်။ သူသည် ကွယ်လွန်သူ မိုဟာမတ်ရှဖီးနှင့် ကွယ်လွန်သူ ဖရိဇာမာန်ခါတုန် တို့၏ တတိယမြောက်သားဖြစ်သည်။

အစောပိုင်းတွင် မောင်တောမြို့ အစိုးရအထက်တန်းကျောင်းနှင့် ကျောက်ဖြူမြို့ အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် ၁၉၆၉ ခုနှစ်တွင် ရန်ကုန်ဆရာများသင်တန်းကျောင်း (RTTI) တွင် ၂ နှစ် သင်တန်းဆင်းလက်မှတ်ရခဲ့သည်။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ပြင်ပကျောင်းသားအဖြစ် ၁၉၇၇ ခုနှစ်တွင် ဘီေအဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပညာရေးဒီပလိုမာ (ဒီပလိုမာ) ကို ရရှိခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲ Higher-Grade Pleader's Examination (HGP) ကိုလည်း အောင်မြင်ခဲ့သည်။

ဆရာအာမာန်အုလ္လာသည် အမ်းမြို့နယ်နှင့် မောင်တောမြို့နယ်ရှိ အစိုးရ အလယ်တန်းကျောင်း ၄ ကျောင်းတွင် မူလတန်းပြဆရာ (P.A.T) မှ အထက်တန်းပြဆရာ (S.A.T) အထိ ရာထူးအဆင့်ဆင့်ဖြင့် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာစစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးကြောင့် ၁၉၈၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုလှုံခဲ့ပြီး ရိုဟင်ဂျာ တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဆရာသည် မိမိလူမျိုးနှင့် တိုင်းပြည်ငိမ်းချမ်းရေးအတွက် လှုပ်ရှားမှု ကဏ္ဍအမျိုးမျိုးတွင် တက်ကြွပါဝင်ခဲ့သည်။ အချို့အတွက် အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော အာရကန်ရိုဟင်ဂျာ အမျိုးသား အစည်းအရုံး (ARNO) ၏ အထွေထွေအတွင်းရေးမှူး အဖြစ် နှစ်ကာလအချို့ တာဝန်ယူခဲ့သည်။ ARNO သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ရိုဟင်ဂျာအဖွဲ့အစည်းများ ပေါင်းစည်းပေါ်ပေါက်လာခဲ့သော အဖွဲ့အစည်းကြီး တစ်ခုဖြစ်သည်။ လက်ရှိတွင် ဆရာသည် ၂၀--၌ တည်ထောင်ခဲ့သော အာရကန် ရိုဟင်ဂျာ အမျိုးသား မဟာမိတ်အဖွဲ့ (ARNA)၏ ဗဟိုကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

ဆရာအာမာန်အုလ္လာသည် မြန်မာနိုင်ငံ၏ ရိုဟင်ဂျာ၊ ရခိုင်နှင့်ပတ်သက်သော သမိုင်း၊ နိုင်ငံရေး၊ တရားစီရင်ရေးစနစ်နှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ဆောင်းပါးပေါင်း ၁၀၀ ကျော် ရေးသားခဲ့သည်။ဆရာ၏ ဆောင်းပါးအချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာများနှင့် နိုင်ငံတကာ ဂျာနယ်များတွင် ပုံနှိပ်ဖော်ပြခြင်းခံရသည်။ ဆရာ The Citizenship Issue of Rohingya and Myanmar's Policy of Denationalization (၂၀၂၃)နှင့် A History of Rohingyas to 1948(၂၀၂၄) ဟူ၍ အရေးပါသော သမိုင်းစာအုပ် ၂ အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ သူ၏ ဆောင်းပါးအများစုကို ၎င်း၏ အင်တာနက်ဝဘ်ဆိုက် www.masteramanullah.com တွင် ဝင်ရောက်လေ့လာဖတ်ရှူနိုင်သည်။

ပြုစုရေးသား- လူထုဝဏ္ဏ



Thursday, November 2, 2023

ရဲထောက်ဦးအီလီယာစ် ကွယ်လွန်

 


𝐈𝐧𝐧𝐚 𝐋𝐢𝐥𝐥𝐚𝐡𝐢 𝐖𝐚 𝐈𝐧𝐧𝐚 𝐈𝐥𝐚𝐲𝐡𝐢 𝐑𝐚𝐣𝐢𝐮𝐧 

မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်၊ မြို့မငါးခူရရွာနေ ဟာဂျီး ဦးအီလီယာစ် (ရဲအငြိမ်းစား) အသက် ၈၀ - နှစ်သည်  ၂ - ၁၁ - ၂၀၂၃  ခုနှစ် ကြာသပတေးနေ့ နံနက် ၄ နာရီ အချိန်တွင် အလ္လာဟ်အမိန့်ခံသွားပါသဖြင့် မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ 

မိတ်ဆွေ သူငယ်ချင်းအားလုံးတို့သည် မာဂ်ဖိရသ်အတွက် ဒိုအာပြုပေးကြပါရန် မေတ္တရပ်ခံပါသည်။

ဂျနာဇာနာမဇ် ဝတ်ပြုမယ့်နေရာ - ယနေ့ (၂ - ၁၁ -၂၀၂၃) ခုနှစ် ကြာသပတေးနေ့ ည (၄ နာရီ ၄၀ မိနစ်) အချိန်တွင် မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်၊ မြို့မ သင်္ချိုင်း ဗလီကြီး ကဘရ်စတန်တွင် ဂျနာဇာဆွလားသ် ဝတ်ပြုပြီး ဒဖနာပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 19, 2023

ကိုလိုနီခေတ် ပညာရေးစနစ်နှင့် အာရကန် မဟာမေဒင် အူရဒူကျောင်း ပေါ်ပေါက်လာခြင်း


ကိုလိုနီခေတ် ပညာရေးစနစ်နှင့် အာရကန် မဟာမေဒင် အူရဒူကျောင်း


ကိုနီခေတ်မတိုင်မီ အာရကန်ပြည်တွင် မက်သပ်ကျောင်းပညာရေး (Maktab Education)နှင့် ဘုန်းကြီးကျောင်းပညာရေး (Monastic Education) ထွန်းကားလျက်ရှိခဲ့တယ်။ မက်သပ်ကျောင်းပညာရေးမှာကျတော့ ဟဖိဇ်ခါနာ၊ အခြေခံသာသနာ့ပညာတွေ အကျုံးဝင်တယ်ပေါ့။ အဆင့်မြင့်ဘာသာရေးပညာသင်ကြားတဲ့ ကျောင်းတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ လက်ချိုးရေတွက်လောက်အောင်ပေါ့။ ဒီစာသင်ကျောင်းတွေမှာ ဘာသာရေးကိုအခြေခံတဲ့စာတွေ၊ လောကနီတိလောက်ပဲ သင်ကြားပေးတာဖြစ်တယ်။ လောကဓာတ်ဆိုင်ရာ ဘာသာရပ်တွေ မရှိခဲ့ဘူး။ 

မဟာမေဒင်ကျောင်းအကြောင်း မပြောမီ ဦးစွာ အနောက်တိုင်းပညာရေးစနစ် ဗမာပြည်မှာ ဘယ်လို မိတ်ဆက်လာခဲ့သလဲဆိုတာ အကျဉ်းမျှပြောပါရစေ။ ၁၈၂၄ ခုတွင် အာရကန်ပြည်နှင့် တနင်္သာရီကို အင်္ဂလိပ်တွေက ကျူးကျော်သိမ်းပိုက်ခဲ့တယ်။ သူတို့က အုပ်ချုပ်ရေး၊ အာဏာတည်မြဲရေး၊ ဥပဒေစိုးမိုးရေးတွေ ခိုင်မြဲလာအောင် အစီအစဉ်တကျ အဆင့်ဆင့် လုပ်လာကြတာပေါ့။ ၁၈၆၈ ခုနှစ်တွင် ဗမာပြည်ဆိုင်ရာ မဟာမင်းကြီး ဆာ့အာသာပီးယား (Sir Arthur Phayre) က အိန္ဒိယဗဟိုအစိုးရရဲ့ ညွှန်ကြားချက်အရ မြန်မာ့ပညာရေးစနစ်နဲ့ပတ်သက်ပြီးတော့ အစီရင်ခံစာတစ်ခု ပြုစုခဲ့တယ်။ သူက ဒေသန္တရပညာရေးစနစ်တွေနဲ့ ယှဉ်တွဲပြီးတော့ အနောက်တိုင်းပညာရေးစနစ်ကို သင်ကြားစေချင်ခဲ့တယ်။ ဒီဒေသတွေရှိ ရှေးရိုးစဉ်လာ ပညာရေးစနစ်တွေဟာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူတယ်လို့ သူမမြင်ဘူး။ ဒါနဲ့ ၁၈၆၄-၁၈၆၅ ခုမှာ အချက် ၅ ချက်ပါတဲ့ ပညာရေးမူဝါဒတစ်ခုကို ချမှတ်အတည်ပြုခဲ့တယ်။ 

၁။ အခြေခံမူလတန်းပညာရေးဟာ လူထုကြားတွင် ပျံ့နှံ့စေရေးအတွက် ဒေသန္တရတိုင်းရင်းဘာသာစကားကို သင်ကြားရေးကြားခံအဖြစ်အသုံးပြုရန်၊

၂။ မူလတန်းပညာရေး သင်ရိုးညွှန်းတမ်းတွင် ဖတ်ခြင်းနှင့် ရေးခြင်းအပြင် အခြေခံဂဏန်းသင်္ချာ၊ မြေတိုင်းတာခြင်း၊ ပထဝီဝင်၊ နက္ခတ္တဗေဒနှင့် ကမ္ဘာ့သမိုင်းအကျဉ်းများပါဝင်ရန်၊

၃။ ပညာရေးစနစ်သစ် သင်ကြားရန် ယခင်ကျောင်းများကို အသုံးပြုရန်၊

၄။ ယင်းကဲ့သို့ ဘာသာရပ်များကိုသင်ကြားရန်အတွက် ဘုန်းကြီးများကို မိတ်ဆင်ပေးရန်အလို့ငှာ

(က) သူတို့အား မြန်မာဘာသာစာအုပ်များဖြင့် ပံ့ပိုးရန်

(ခ) အရည်အချင်းပြည့်မီသော မြန်မာစာပြဆရာများ ခန့်အပ်ကာ သင်ကြားမှုကို ရံဖန်ရံခါ ကြီးကြပ်ကြည့်ရှူရန်

၅။ တစ်လလျှင် ရူပီး ၃၉ ဖြင့် မြန်မာစာပြဆရာလေးဦးလျှင် ဒါရိုက်တာတစ်ဦး ခန့်အပ်ရန် 

စတဲ့ အချက် ၅ ချက်ပါဝင်ခဲ့တယ်။

ဆာ့အာသာပီယားရဲ့ မူဝါဒက ဒေသန္တရပညာရေး(Vernacular Education)ကို ဘုန်းကြီးကျောင်းပညာရေးနှင့် လိုက်လျောညီထြွေဖစ်အောင် ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ အနောက်တိုင်းပညာရေးစနစ်ရဲ့ ခေတ်မီနည်းလမ်းတွေနဲ့ ဘာသာရေးကျောင်းပညာရေးဟာ အင်မတန် ကွာခြားလှတယ်။ တခြားစီးဖြစ်နေတယ်။ 

ဒီစနစ်ကို အသက်သွင်းရန် ၁၈၆၆ ခုတွင် ဆာ့အာသာပီးယားက မစ္စတာ ဂျီ၊ အပ်ခ်ျ၊ ဟော့ (Mr. G.H Hough)ကို လူထုပညာရေးသင်ကြားမှုအတွက် ပထမဆုံးညွှန်ကြားရေးမှူးအဖြစ်ခန့်အပ်ခဲ့တယ်။ သူရဲ့ကျန်းမာရေးအခြေအနေ ဆိုးဝါးမှုကြောင့် ဒီဇင်ဘာလ ၆ ရက်တွင် မစ္စတာ ပီ၊ ဟိုဒင် (Mr. P. Horden)ကို တာဝန်လွဲပေးကာ ရှေ့ဆက်ခဲ့တယ်။ ဒါပေမဲ့ အာသာရဲ့ ပညာရေးမူဝါဒသစ်ဟာ အောင်မြင်မှု မရခဲ့ဘူး။ အကြောင်းကား ဘာသာရေးကျောင်းတွေက အနောက်တိုင်းပညာရပ်တွေကို လက်မခံဘူး။ သူချမှတ်ပေးတဲ့အစီအစဉ်တွေကို မလိုက်နာခဲ့ကြချေ။

အဲ့ဒါကြောင့် အင်္ဂလိပ်အစိုးရက ထောက်ပံ့ကြေးစနစ်(Grant In Aid)ပါဝင်တဲ့ ဘာသာရေးလွမ်းမိုးမှုကင်းတဲ့ Secular Education စနစ်တစ်ခုကို ရှာဖွေခဲ့တယ်။ ဒီတော့ အိန္ဒိယမှာ ကျင့်သုံးနေတဲ့ ကိုလိုနီပညာရေး မက္ကောလေးစနစ် (Macaulay Scheme)ကို မြန်မာပြည်တွင် အသက်သွင်းပေးခဲ့တယ်။ ဒီအိန္ဒိယဘုရင်ခံချုပ် မက္ကောလေးရဲ့ မူဝါဒကျတော့ အရှေ့တိုင်းပညာရေးကို ဦးစာပေးမယ့်အစား အနောက်တိုင်းပညာကို ဦးစားပေးခြင်းဖြစ်တယ်။ အုပ်စိုးသူတွေနဲ့ အုပ်ချုပ်ခံလူထုကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်နိုင်ဖို့ အင်္ဂလိပ်လိုကျွမ်းကျင်ပြီး အင်္ဂလိပ်တွေနဲ့ ကိုယ်စိတ်သဘောထားတူညီတဲ့ စာရေးစာချီ လူတန်းစားတစ်ရပ်ကို မွေးထုတ်ပေးရန်သာဖြစ်တယ်။ 

ဒီပညာရေးမူဝါဒမှာတော့ ကျောင်းအလိုက် အဆင့်တွေခွဲလျက် ဆရာ၊ ကျောင်းသုံးပရိဘောဂ၊ ကျောင်းအသုံးစရိတ် စတာတွေအတွက် အထောက်အပံ့ကြေးတွေ ပေးကြတယ်။ 

ဒီပညာရေးအစီအစဉ်သစ်က အဆင့်ပြေခဲ့တယ်။ တဖြေးဖြေး ဘာသာရေးကျောင်းတွေ ဒေသန္တရမူလတန်းကျောင်းတွေ (Vernacular School) ဖြစ်လာခဲ့တယ်။ ခရစ်ယာန်မစ်ရှင်နာရီဘုန်းကြီးကျောင်းတွေ အင်ဂလိုမူလတန်းကျောင်းဖြစ်လာခဲ့တယ်။ ၁၉၂၀ ခု ဒီဇင်ဘာလမှာ ရန်ကုန်တက္ကသိုလ် ဖြစ်ဖော်လာခဲ့တ်။ ဒါဆို ပြည်စုံသွားပြီပေါ့။

ကဲ… ရခိုင်ပြည်ရှိ မဟာမေဒင်အူရဒူကျောင်းတွေကလည်းပဲ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစနစ်သစ်ကနေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ ဒေသန္တရပညာရေးစနစ်သစ်ကို အာရကန်ပြည်ရှိ မွတ်စလင်တွေနေထိုင်တဲ့ဒေသမှာ အကောင်အထည်ဖော်နေချိန်မှာ အဲဒီဒေသတွေမှာ မက်သပ်ကျောင်းပညာရေးစနစ် ထွန်းကားနေတာဖြစ်တယ်။ မက်သပ်ကျောင်းတွေမှာ သင်ကြားတဲ့ သာသနာ့ပညာရပ်တွေ၊ ကျမ်းစာတွေဟာ အာရဗီစာ၊ အူရဒူစာနဲ့ သင်ကြတယ်။ မက်သပ်ကျောင်းထွက်တွေကျတော့ အူရဒူနဲ့ အရေးအဖတ် အဆင်ပြေကြတယ်။ တစ်ဖက် အိန္ဒိယက ပညာသင်လာတဲ့ ပညာတတ်တွေလည်း များပြားတယ်။ 

ဒီတော့ အင်္ဂလိပ်အစိုးရက ပညာရေးစနစ်သစ်ကို ကမ်းလှမ်းလာတဲ့အခါ အာရကန်မွတ်စလင်တွေက အူရဒူစာကို လက်ခံတာများကြတယ်။ ဗမာစာကို ထောက်ခံတဲ့ အုပ်စုတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရက မက်သပ်ကျောင်းပညာရေးစနစ်နှင့် ယှဉ်တွဲပြီးတော့ အနောက်တိုင်းပညာရေးကို သင်ကြားစေချင်တယ်။ ဒါနဲ့ မက်သပ်ကျောင်းတွေမှာ သုံးတဲ့ အူရဒူစာကို သင်ကြားရေးကြားခံအဖြစ် သတ်မှတ်ပေးခဲ့တယ်။ အိန္ဒိယမှ မဟာမေဒင်ကျောင်းတွေမှာ ပို့ချတဲ့ သင်ရိုးတွေကို အူရဒူကျောင်းတွေမှာ မိတ်ဆက်ပေးခဲ့တယ်။ အဲ့ဒီကျောင်းများကို ဗဟိုပညာမင်းကြီးကပဲ ကြီးကြပ်တယ်။ အဆင့်တွေအနေနဲ့ မူလတန်းအခြေခံအဆင့်မှာ ၂ တန်း၊ အထက်မူလတန်းအဆင့်မှာ ၁တန်းကနေ ၄ တန်း အထိပါဝင်တယ်။ အလယ်တန်းဆင့်မှာတော့ ၅တန်းကနေ ဆယ်တန်းအထိ ပါဝင်ခဲ့တယ်။ ဒီလိုနဲ့ အူရဒူကျောင်းတွေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ 


အင်္ဂလိပ်လက်ထက်က ဗမာပြည်ရဲ့ မဟာမေဒင်အူရဒူကျောင်းနဲ့ ပတ်သက်လို့ သမိုင်းမှတ်တမ်းတွေမှာ ထင်ထင်ရှားရှားရှိနေတယ်။ ၁၉၁၇ ခု RB Smart ရဲ့ Gazetteer of Akyab၊ အူရဒူကျောင်းများ ပိုဒ်ခွဲခေါင်းစဉ်အောက်တွင် "ကိုလိုနီခေတ် ၁၈၉၄ ခုနှစ်တွင် ကျောင်းသူကျောင်းသား ယောက်ျား ၃၃၀ ယောက်နှင့် မိန်းကလေး ၄၅ ယောက်ရှိသော အူရဒူကျောင်း ၉ ကျောင်းသာရှိခဲ့သည်။ ထိုကျောင်းများသည် ထိုအချိန်က မြန်မာကျောင်းများ၏ ဒု-စစ်ဆေးရေးမှူး၏ ကြီးကြပ်မှုအောက်တွင် ရှိခဲ့သည်။ မဟာမေဒင်ကျောင်းများအတွက် အထူးဒုတိယစစ်ဆေးရေးမှူးတစ်ဦးခန့်အပ်ခြင်းကား စစ်တွေခရိုင်ရှိ မဟာမေဒင်ပညာရေးကို တွန်းအားဖြစ်စေခဲ့သည်။

၁၉၀၂ ခုနှစ်တွင် ကျောင်းပေါင်း ၇၂ ကျောင်းရှိလာပြီး ကျောင်းသား ၁၄၇၄ ယောက်နှင့် ကျောင်းသူ ၁၀၄ ယောက် အသီးသီး တက်ရောက်ခဲ့ကြသည်။ ထို့နောက် မဟာမေဒင်ပညာရေးသည် နောက်ကြောင်းတပြန် ဆုတ်ယုတ်လာခဲ့သည်။ အကြောင်းမူကား ပြည်နယ်တစ်ခုလုံးကို တာဝန်ခံသည့် ဒု-စစ်ဆေးရေးမှူးသည် လမ်းပန်းဆက်သွယ်ရေးမကောင်းသော ခရိုင်ဒေသများကို လျစ်လျူရှုကာ ခရီးသွားလာရေး အဆင်ပြေသည့် အခြားဒေသများသို့သာ အချိန်ကုန်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ ရလဒ်မှာ ၁၉၁၂ ခုအထိ မဟာမေဒင်ကျောင်းများနှင့် ကျောင်းသားဦးရေသည် တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ် မဟောမဒန်ကျောင်းများအတွက် ဒု-စစ်ဆေးရေးမှူးတစ်ဦး သီးသန့် ခန့်အပ်ခဲ့ရသည်။ ဤအရာရှိအား ခန့်အပ်ခြင်းဖြင့် မဟောမဒင်ပညာရေးကို ဘဝအသစ်ပေးအပ်ခဲ့သည်။ ချက်ချင်းပင် ကျောင်းပေါင်း ၆၈ ကျောင်းရှိလာပြီး ကျောင်းသားကျောင်းသူ ၁၈၄၉ ယောက်နှင့် ၁၇၉ ယောက် အသီးသီး တက်ရောက်ကြသည်။ ၁၉၁၂ ခုတွင် မောင်တောနှင့် ဖွေဒါတွင် District Cess Mahamedan စာသင်ကျောင်း နှစ်ခုကိုလည်း တည်ထောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုကျောင်းကို ကောင်းတုတ်(Kaungdauk)သို့ ပြောင်းရွေ့ပြီး ယင်းနေရာတွင် ကျောင်းဆောင်အသစ်တစ်ဆောင်ကို ရူပီးငွေ ၁၅၀၀ ဖြင့် ဆောက်လုပ်ပေးခဲ့သည်။ ထိုဆောက်လုပ်စရိတ်တွင် ရွာသားများက ရူပီး ၃၀၀ လှူဒါန်းခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ကျောင်းသား ၁၀၅၅ ဦး ရှိသည့် ပုဂ္ဂလိကကျောင်း ၁၈၇ ကျောင်း ရှိပြီး ၁၉၁၃ ခုတွင် စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအရ ကျောင်းပေါင်း ၁၇၅ ကျောင်း ရှိပြီး ကျောင်းသားကျောင်းသူ ၂၈၃၉ ဦး ရှိကြောင်း သိရသည်။" ဟု ၁၈၉၄ မှ ၁၉၁၃ ခုအထိ အင်္ဂလိပ်လက်အောက် မဟာမေဒင်ကျောင်းများနှင့် ကိုယ်ထူကိုယ်ထ ပုဂ္ဂလိကကျောင်းများ၏အခြေအနေကို အသေးစိတ်ဖော်ထားသည်။ 

၁၉၂၀ ပထမကျောင်းသားသပိတ် နောက်ပိုင်း အင်္ဂလိပ်ပညာရေးကို ဆန့်ကျင်ကာ အမျိုးသားကျောင်းတွေ ထူထောင်လာတဲ့အခါ ဒီအူရဒူကျောင်းတွေဟာ တဖြည်းဖြည်း အားပျော့လာခဲ့တယ်။ ပုဂ္ဂလိကကျောင်းများ ပို၍ အားကောင်းလာခဲ့တယ်။ ပုဂ္ဂလိကကျောင်းအချို့ကို တစ်ပြည်လုံးစံစနစ်အတိုင်း အမျိုးသားကျောင်းအဖြစ် ပြောင်းလဲကာ မြန်မာစာကို ဦးစာပေးသင်ကြားပေးလာတယ်။ အချို့ပုဂ္ဂလိကကျောင်းတွေမှာ ယနေ့တွေ့ရှိနေရတဲ့ မဒ်ရာဆာကျောင်းများအဖြစ် အသွင်းပြောင်းလာခဲ့လေတယ်။ 


အာရကန်ပြည်ရဲ့ ပညာရေးတိုးတက်လာအောင် ကြိုးပမ်းခဲ့သူတွေထဲမှာ မွတ်စလင်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလှတယ်။ အဲလိုပညာရေးတိုးတက်အောင် ဦးဆောင်လှုပ်ရှားခဲ့တဲ့ သံတွဲက ဦးဘရှင် ဆိုရင် ဗမာတစ်ပြည်လုံးအသိ မော်ကွန်းဝင် ပုဂ္ဂိုလ်ပါပဲ။ စစ်တွေမြို့က ဆရာကြီး ဦးဇိုင်နောဒ္ဒိန်း၊ စစ်တွေအမျိုးသားကျောင်းအုပ်ဖြစ်တယ်။ သမိုင်းသုတေသီ ခါလိလုရ်ရာမာန်၊ စစ်တွေခရိုင်မဟာမေဒင်ဆရာဖြစ်သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးဖြစ်တယ်။ ကျောက်တောမှ အဒူရာမာန်ကာဇီ၊ ဘူးသီးတောင်မှ အတွင်းဝန် အဒူဂဖါး၊ ဘော်လီနယ်မှ ဦးအာမီရ်အာလီမျာ၊ မောင်တောမှ မြို့ဝန် အူမောမျာ စတဲ့သမိုင်းဝင်ပုဂ္ဂိုလ်ထူးတွေရဲ့ ကိုယ်ကျိုးမဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ရခိုင်ပြည်အနှံ့အပြား၌ သမိုင်းသက်သေအဖြစ် ထိန်ထိန်ဝါဝါ တောက်ပလျက်ရှိနေပါတယ်။

ရင်နာစရာအကြောင်းကတော့ အာရကန်မွတ်စလင်တွေရဲ့ ဒီမက်သပ်ကျောင်းပညာရေးစနစ်အကြောင်း၊ အူရဒူကျောင်းတွေအကြောင်း မြန်မာ့သမိုင်းရေးဆရာတွေက မသိကျွန်ပြုကာ တမင်တကာ လျစ်လျူရှူ ဖုံးဖိထားတယ်။ ကိုလိုခေတ်က ဗမာစာသင်ကျောင်း(တိုင်းရင်းဘာသာတွေနဲ့ သင်ကြားတဲ့ကျောင်း)၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်း၊ ခရစ်ယာန်သာသနာပြုကျောင်း၊ အလွတ်ကျောင်း(အစိုးရကျောင်း)တွေ အကြောင်းကိုပဲ ဂုဏ်ယူလျက် ရေးသားဖော်ပြတာ တွေ့ရတယ်။ သာသနာပြုခရစ်ယာန်ကျောင်းတွေအကြောင်းတောင် အားတက်သရောထုတ်ဖော်ရေးသားကြပေမဲ့ မဟာမေဒင်ကျောင်းတွေအကြောင်း ရေးသားဖော်ပြဖို့ မင်ဆီခန်း လက်နည်းကြတယ်။ အာရကန်ပြည်ရဲ့ ဘယ်သမိုင်းမှာမဆို မွတ်စလင်တွေကို ဘေးဖယ်ထားရင် မှန်ကန်ပြည့်စုံတဲ့သမိုင်း ဘယ်တော့မှရရှိနိုင်မှာ မဟုတ်ဘူး။ ဘယ်လိုပင်ဖြစ်စေ သမိုင်းဆိုတာ ပျောက်ရိုးမရှိပေ။ ချီးကျူးဂုဏ်တင်ခြင်း၊ ကဲ့ရဲရှုတ်ချခြင်းက အရေးမကြီးဘူး၊ အဟုတ်ကိုအဟုတ်အတိုင်း၊ အရှိကိုအရှိအတိုင်း ကျင့်ဝတ်ပီပီ ရိုးသားစွာရေးသားလျက် နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းဖို့သာ အရေးကြီးပေသတည်း။ 


 _ လူထုဝဏ္ဏ

(၃-၆-၂၀၂၃)


ကိုးကား-

- RB Smart's Gazetteer of Akyab 1917, P 216-217

- The Beginning of Karen Education in Irrawaddy Division During the British Colonial Period (Naw Say Say Pwe)

- History of Myanmar Education Department, U Than Oo 1999 P. 24. 25 

- Report on the Administration of Burma 1911 1912, p. 204. 

- The Annual of Urdu Studies by Tariq Rahman, P. 48