Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ပြည်တွင်း. Show all posts
Showing posts with label ပြည်တွင်း. Show all posts

Thursday, August 15, 2024

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"

 



"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"


လူသေအလောင်းပုံ ရာချီထဲမှာ အသက်ငင်နေသူ အမျိုးသမီးတစ်ဦး၏တောင်းပန်သံ၊ ညည်းသံဖြစ်ပါသည်။ လွန်ခဲ့သော ဩဂုတ်လ ၅ ရက်နေ့၊ မောင်တောမြို့ပေါ်က အသက်လုထွက်ပြေးလာခဲ့သော ရိုဟင်ဂျာများ စုဝေးခိုလှုံရာ ခြံစည်းရိုးအနီး နတ်မြစ်ကမ်းစပ်တွင် ဖြစ်သည်။ 

မိမိ၏ရပ်ရွာတွင် ရှော့တိုက်ဒုံးများ၊ ဒရုန်းဗုံးများဖြင့် တရစပ် တိုက်ခိုက်ခံနေရ၍ ရပ်ရွာထဲ၌ အသက်ရှင် နေနိုင်ရန် အခွင့်အလမ်း နည်းပါးနေသဖြင့် မြို့ပေါ်က ရိုဟင်ဂျာများသည် လယ်ဟာပြင်နေရာလည်း ဖြစ်၊ အခြေအနေမဟန်ခဲ့လျှင် တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံကို ချက်ချင်းကူးနိုင်ရန် အဆင်ပြေမည့် နေရာလည်းဖြစ်သည့် ကမ်းစပ်နေရာလေးမှာ အသက်လုပြေးလာကာ စုဝေးနေခဲ့ခြင်း ဖြစ်သည်။

အသက်ရှင်သန်ခွင့်ရရေး ရည်မှန်းချက်ဖြင့် ထွက်လာခဲ့သော်လည်း အသက်အန္တရယ်ကင်းမည်ဟု ယုံကြည်ခဲ့သော နေရာသည်ပင် သူတို့အတွက် လူသတ်ကွင်း ဖြစ်လာခဲ့၏။

ညနေ ၅ နာရီခွဲခန့်၌ မြောက်အရပ် ရွှေဇားကျေးရွာမှ ပျံသန်းလာခဲ့သော ဒရုန်းတစ်စင်းသည် လူစုလူဝေးတို့၏ အပေါ်၌ ဝဲနေရာ လူအုပ်စုသည် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။ ထိုဒရုန်း မြောက်အရပ်သို့ ပြန်သွားပြီး ခဏအကြာမှာပင် နောက်ထပ် ဒရုန်းနှစ်စင်း ရောက်လာခဲ့၏။ လူတိုင်း၏မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ဖုံးလွှမ်းနေပြီ။ ရင်တဒိတ်ဒိတ်။ 

"ဒိုင်း... ဒုန်း.... ဒုန်း... ဒိုင်း" 

ပေါက်ကွဲသံများ အဆက်မပြတ်။ လူအုပ်သည် ဝရုန်းသုန်းကား။ ဟိုပြေးသည်ပြေး။ ဦးတည်ရာမဲ့။ အချို့သည် ကုန်းဘက်သို့ ပြေးထွက်။ အချို့သည် မြစ်ရေထဲသို့ ခုန်ချ။ အချို့မှာ ပြေးခွင့်မသာဘဲ အခင်းနေရာမှာတင် လဲကျလူးလိမ့်နေလျက်။ မိဘက သားသမီး မရှာအား။ သားသမီးက မိဘ မရှာအား။ ပြေးချင်တာ ပြေးသွား။ ဘယ်သူဘယ်ရောက်နေမှန်းမသိ။ တကယ်ပင် ကမ္ဘာပျက်သည့်အလား။

ဒရုန်း နောက်ထပ်ဘယ်နှစင်း ရောက်လာခဲ့သလဲ။ ပေါက်ကွဲသံများ ဘာလို့ မနားတမ်း ဟိန်းနေတာပါလိမ့်။

သေနတ်ပစ်ခတ်သံများရော ဘယ်အရပ်က ထွက်လာတာပါလိမ့်။

အမိုးအကာ မရှိသောနေရာ။ ထောင်ချီသော အရပ်သားသက်သက် လာစုဝေးခဲ့သောနေရာ။ သည်လိုနေရာမျိုးကို တစ်ခုခု ပစ်ခတ်ဖို့ ဘယ်လက်နက်ကိုင်အဖွဲ့ဖြစ်ဖြစ် ရှောင်ရှားမည်ဟု ယုံကြည်ခဲ့သော်ငြားလည်း လက်တွေ့မှာ ဖြစ်မလာခဲ့ပေ။ 

ဘေးကင်းမည့်ဟု ရွေးချယ်ခဲ့သော ထိုနေရာသည်ပင် ယခုတော့ ပေါက်ကွဲသံ၊ လူအုပ် အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံများဖြင့် ပြည့်နှက်နေလေ၏။ အော်သံများထဲတွင် ''လူထောင်ချီ ပါသွားပြီဟေ့။....  ငါ့အမေ အသတ်ခံလိုက်ရပြီ။....  ဟိုလူ့မိသားစု အကုန် ထိကုန်ပြီကွာ။....  ငါ့မိသားစု ရှာမရတော့ဘူး။" စသော စသော အသံများ။ နားမချမ်းဖွယ်ပင်။

နေမင်းသည် နတ်မြစ်ကို ကျောခိုင်း၍ အနောက်ဘက်သို့ တိမ်မြုပ်သွား၏။ အမှောင်ထုဖုံးလွှမ်းနေသည့် ထိုနေရာတစ်ဝိုက်မှာမူ​ပေါက်ကွဲသံ၊ အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံတို့မှာ အချိန်အတော်ကြာကြာပင် မတိတ်မဆိတ် ဆူညံလို့နေခဲ့၏။


(၂) 

အချိန်ကား ည ၃ နာရီ။ ပေါက်ကွဲသံများ မကြားရသော်လည်း ငိုသံနှင့်ညည်းသံတို့မှာမူ ကြားနေရဆဲပင်။ ပင်လယ်ကမ်းစပ်နား ခြံစည်းရိုးတစ်ဝိုက်က လူများ၏ တိုးတိုးတိတ်တိတ်နှင့် ပြောဆို​နေသံကိုလည်း အမှောင်ထုက ဖုံးလွှမ်းနိုင်စွမ်းမရှိ။ အချို့က လက်နက်ထိမှန်၍ ခန္ဓာကိုယ် ပုံပန်းပျက်သွားသော မိမိ၏မိသားစုဝင်များအနီးတွင် ယိုင်လဲ ငိုကြွေးလျက်။ အချို့ကမူ မသေဘဲ အသက်ငင်နေသူကို ဘာအကူအညီမှ မပေးနိုင်၍ ဖက်ထားရင်း ငိုကြွေးလျက်။ အချို့ကမူ ဒဏ်ရာရ မိသားစုဝင်များကို စက်လှေပေါ်တင်ပေးနိုင်ရန် ဟိုပြေးသည်ပြေးလုပ်နေလျက်။ 

ရဟိမ်းတို့မိသားစုသည် ကံကောင်းထောက်မစွာ အသက်ဆုံးရှုံးမှု မဖြစ်ခဲ့သော်လည်း သည်မွေးမြေမှာ မနက်ဖြန်အထိ နေထိုင်ရန်မှာ အသက်အာမခံချက်မရှိကြောင်း ခံစားလာ၏။ ထို့ကြောင့် ရက်မကူးဘဲ သည်ညမှာပင် တစ်ဘက်နိုင်ငံသို့ ကူးသွားနိုင်ရန် လှေငယ်တစ်စီး စီစဉ်လိုက်သည်။ 

ည ၃ နာရီခွဲသို့ရောက်လျှင် ရဟိမ်းတို့မိသားစုသည် ညအမှောင်ထုတွင် ကမ်းစပ်ကို ရင်တဒိတ်ဒိတ်နှင့် ရောက်လို့လာခဲ့သည်။ ကမ်းစပ်ကိုလာရာ လမ်းတစ်လျှောက်မှာ လူသေအလောင်းများ ထူထပ်နေလျက်။ လူသေအလောင်များကြားတွင် မသေဘဲ အသက်ငင်နေသူများ။ 

- "ကျွန်မကို ရေ နဲနဲလောက် တိုက်ပါလား"

- "သားရေ ဘယ်ရောက်နေတာလဲ... အမေ သေတော့မယ်"

- "အို့... အား ... အင်း...'' စသော အကူအညီတောင်းသံ၊ ညည်းနေသံတို့ကို ကြားရသော်လည်း ရဟိမ်းတို့မှာ လှည့်မကြည့်အားပေ။ သည်နေရာလေးကို ရနိုင်သမျှ​ခပ်မြန်မြန် ကျော်ဖြတ်ခဲ့ရလေ၏။

ရခိုင်သုသာန်အလွန် ပုစွန်ကန်တာတစ်ခုကို ကျော်ဖြတ်နေခိုက် ခြေချစရာ နေရာမရှိ။ တာတစ်လျှောက် လူသေအလောင်းများသာ ပြည့်နှက်နေ၏။ ရဟိမ်းတို့သည် ထိုတာကို​ဖြတ်၍လာနေချိန် လူသေအလောင်းများကို တစ်ခါတစ်ခါ နင်း၍ ဖြတ်နေရသည်။ ထိုအချိန်တွင် တာပေါ်မှာ လဲလျောင်းနေသော အမျိုးသမီး​ကြီးတစ်ဦးသည် အတော်အားယူ၍ပြောသော အသံမျိုးဖြင့် - 

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူ၍ ပြောလိုက်သည်ကို ကြားရလျှင် ရဟိမ်း၏ နှလုံးသားမှာ တစ်စစီအက်ကွဲသွားလေ၏။

သို့သော်လည်း ရဟိမ်းသည် မိသားစုနှင့်အတူ လှေဆိုက်နေရာ ကမ်းစပ်သို့သာ အမြန်သွားရတော့မည်။ နတ်မြစ်ရေပြင်မှ ရောင်ပြန်ဟပ်နေ​သော အလင်းကိုသာ အားကိုး၍ လျှောက်လာရတော့သည့်အခါ မိမိ၏ ခန္ဓကိုယ်ပင် မနည်းပြန်ထိန်းနေရသည်။ ထိုအခိုက်မျိုးမှာ မည်သူ့ကို ရဟိမ်းကူညီနိုင်မည်နည်း။ နောက်ပြီး လက်နက်ကြီးများ မည်သည့်အချိန်၌ လာပေါက်ကွဲမည်ကိုလည်း မည်သူမှ မသိနိုင်။ အလွန်ပင် အန္တရာယ်များနေသော နေရာလေးမှာ ရဟိမ်းတို့မိသားစု ကြာကြာမနေချင်တော့ပေ။

သုသာန်အလွန်က ပုစွန်ကန်တာမှ လျှောက်လာကာ ရဟိမ်းတို့သည် ခြံစည်းရိုးအထိ ရောက်လာသည်။ ခြံစည်းရိုးကိုကျော်လျှင် ကမ်းစပ်ကို ရောက်သည်ပင်။

ကမ်းစပ်ကို ဖြတ်ပြီး လှေပေါ် တက်ထိုင်ပြီးမှသာ ရဟိမ်းတို့ ခဏလောက် စိတ်သက်သာရလေသည်။ သို့သော် ရဟိမ်း၏နားထဲတွင်မူ... 

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူသော အမျိုးသမီးကြီး၏ အသံမှာ ထပ်ခါထပ်ခါ ပဲ့တင်ထပ်လို့နေလေ၏။ 

မသေသေးပါဘူးဟု အားယူ၍ ပြောခဲ့သော အမျိုးသမီးသည် တစ်စုံတစ်ဦး၏အကူအညီဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံကိုရောက်၍ ဆေးကုသခွင့်ရနေသလား။ တကယ်ပင် မသေဘဲ အသက်ရှင်ခဲ့သလား။ ကူသူပေါ်မလာ၍ လူရာချီတို့နှင့်အတူ ထာဝရအတွက် အိပ်ပျော်သွားခဲ့သလား။ မနက်အထိ အသက်ရှင်၍ မိသားစုဝင်တစ်ဦးဦးနှင့် ပြန်တွေ့ခွင့်ရခဲ့သလား။ 


ရဟိမ်း၏အတွေး၌ ''သလား'' ပေါင်းများစွာ ....။ 


RYanLinn 


[ဩဂုတ်လ ၅ ရက်နေ့၊ အေအေ၏ဒရုန်းလက်နက်၊ ရှော့တိုက်ဒုံး တိုက်ခိုက်ခံရ၍ နတ်မြစ်ကမ်းစပ်အနီး အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရသည့်ဖြစ်စဉ်ကို ဩဂုတ်လ ၆ ရက်နေ့ မနက် သွားရောက်ရိုက်ကူးခဲ့သည့် ဗီဒီယိုမှတ်တမ်းထဲက တစ်ခုဖြစ်ပါသည်။]



Friday, June 21, 2024

ကြိမ်ချောင်း တိုက်နယ်စာတိုက်မှူး ဦးချစ်သိန်း (၁၉၆၆-၂၀၂၄) ကွယ်လွန်

မောင်တောမြောက်ပိုင်း ကြိမ်ချောင်း တိုက်နယ်စာတိုက်မှူး ဦးချစ်သိန်း (၁၉၆၆-၂၀၂၄)ကွယ်လွန်

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ကြိမ်ချောင်း တိုက်နယ်စာတိုက်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော စာတိုက်မှူး ဦးချစ်သိန်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက် ည ၃း၃၀ နာရီခန့်တွင် ဒုက္ခသည်စခန်း၌ ကွယ်လွန်သွားကြောင်း သိရှိရသည်။ 

စာတိုက်မှူး ဦးချစ်သိန်း(ခ) ဖောဇလုလ်အဟ်မတ်သည် စံပ္ပာယ်ကုံးကျေးရွာ ဇာတိ ဦးအာရောဖ်သျှောင်ဒရီ၏ ဒုတိယမြောက်သား ဖြစ်သည်။ မကြာမီက ကွယ်လွန်သွားခဲ့သော ဆရာဦးမောင်ဖြူ၏ အစ်ကိုရင်းလည်းဖြစ်သည်။ ယခင်က စစ်တွေ ပြည်နယ်စာတိုက်မှူးဟောင်း၏ သမက်လည်းဖြစ်သည်။ 

၂၀၁၇ တွင် အကြမ်းဖက်စစ်တပ်နှင့် အစွန်းရောက်မျိုးချစ်အဖွဲ့တို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် နေရပ်စွန့်ခွာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှတွင် ထွက်ပြေး ခိုလှုံခဲ့ခြင်းဖြစ်သည်။ အမိမြန်မာပြည်သို့ အိမ်ပြန်လာခွင့်မရဘဲ ဒုက္ခသည်စခန်း၌ ကွယ်လွန်သွားရှာသည်။ 

စာတိုက်မှူး ဦးချစ်သိန်းသည် နှစ်ပေါင်း ၃၀ နီးပါး အစိုးရတာဝန်ထမ်းဆောင်ကာ တိုင်းပြည်နှင့်ပြည်သူအကျိုးကို ရိုသားဖြောင့်မတ်စွာ ဆောင်ရွက်ခဲ့သည်။

စာတိုက်မှူးကွယ်လွန်သည့်အချိန်တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် ချန်ရစ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ် ရှိသည်။ စာတိုက်မှူး ဦးချစ်သိန်း ကွယ်လွန်ခဲ့ခြင်းအပေါ် MDN ဝိုင်းတော်သားများသည် စာတိုက်မှူး ဦးချစ်သိန်း၏ မိသားစုနှင့်ထပ်တူ ဝမ်နည်းကြေကွဲရသည်။

Sunday, June 16, 2024

မောင်တောမြို့ အမှတ်(၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူ ကွယ်လွန်

မောင်တောမြို့ အမှတ်(၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူ (၁၉၇၀-၂၀၂၄)ကွယ်လွန် 

ဇွန်လ ၁၇ ရက်၊ ၂၀၂၄။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ် (၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူသည် ဇွန်လ ၁၆ ရက် စနေနေ့ ည ၆း၄၀ နာရီခန့်တွင် မောင်တောမြို့ အမှတ် (၂) ရပ်ကွက် ဖေဇီရွာတွင်ရှိသော နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။ 

ဆရာဦးမောင်ဖြူ (ခ) ဖေါ်ယာဇုလ်ကော်ဘိရ်သည် ဦးအာရဖ်ချောင်ဒရီ၏ စတုတ္ထမြောက်သားဖြစ်ပြီး စာတိုက်မှူး ဦးချစ်သိန်း၏ ညီအရင်းဖြစ်သည်။ ဆရာ၏ ဇာတိမှာ မောင်တောမြောက်ပိုင်း စံပ္ပာယ်ကုံးကျေးရွာဖြစ်ပြီး ထင်ရှားသော ကာဇီမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သည်။ ဆရာဦးမောင်ဖြူ၏ အကြီးဆုံး အစ်ကိုမှာလည်း ကျောင်းဆရာတာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်းမှာပင် မီးလောင်မှုတစ်ခု၌ အသက်ဆုံးရှုံးခဲ့ရသူဖြစ်သည်။ ဆရာ၏ ညီအစ်ကို အားလုံးမှာ အစိုးရဝန်ထမ်းများဖြစ်ကြပြီး ကျရာတာဝန်ကို သစ္စာရှိရှိ ကျေပွန်ခဲ့သူများဖြစ်သည်။ 

ဆရာဦးမောင်ဖြူသည် တောင်ပြိုအလယ်တန်းကျောင်း၊ ကြိမ်ချောင်းအထက်တန်းကျောင်း၊ မောင်တော အထကကျောင်း စသော ကျောင်းအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မောင်တော အမှတ် (၂) အထက်တန်းကျောင်းတွင် နှစ်ပေါင်း ၂၀ ခန့် နှစ်ရှည် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ကွယ်လွန်သည့်အချိန်အထိ ထောင်ပေါင်းများစွာသော ပညာရည်ထူးချွန်သည့် ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးခဲ့သော ကျေးဇူးရှင်လည်းဖြစ်သည်။

လက်ရှိတိုက်ပွဲကာလအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့်  ကျန်းမာရေးဌာန ဆေးရုံဆေးခႏ်းများ ပိတ်ထားခံရမှုစသော အခက်အခဲများကြောင့် ပုံမှန်ဆေးကူးသခံယူခွင့်မရရှိ၍ ကံမကောင်းစွာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း မောင်တောမြို့ခံ ဆရာ၏ တပည့်အရင်းတစ်ဦးက ပြောသည်။

ဆရာဦးမောင်ဖြူ ကွယ်လွန်သည့်အချိန်တွင် အသက် ၅၄ နှစ်ရှိပြီး သား ၂ ယောက်နှင့် သမီး ၁ ယောက် ချန်ရစ်ခဲ့သည်။ ဆရာ့တပည့်အပေါင်းများနှင့် ချစ်သောဆွေမျိုးမိတ်သင်္ဂဟများသည် အချိန်စောစွာ ကြွေလွင့်ခဲ့ရသော ချဈဆရာအတွက် ဝမ်းနည်းကြေကွဲရပါသည်။ ဆရာ ဆောင်ရွက်ခဲ့သမျှ ကောင်းမှုစေတနာများ၏ တမန်လွန်ဘဝတွင် မြင့်မြတ်သောအစား ရရှိတော်မူပါစေ။ 

ဆရာ၏ ဂျနာဇာနမာစ် ဝတ်ပြုမှုကို မနက်ဖြန် ၂၀၂၄ ခု ဇွန်လ ၁၇ ရက် တနင်္လာနေ့ နံနက် ၁၀ နာရီတွင် မောင်တောမြို့၊ အမှတ်(၂) ရပ်ကွက်၊ ဖေဇီရွာ ဗလီကြီးသင်္ချိုင်းတွင် ဝတ်ပြုပြီး နောက်ဆုံး နှုတ်ခွန်းဆက်သမည်ဖြစ်ပါကြောင်း အသိပေးအပ်လိုပါသည်။

Tuesday, February 13, 2024

ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်ဇော်ဝင်း၏ ဇနီး ဓားထိုးသတ်ဖြတ်ခံရ


ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်ဇော်ဝင်း၏ ဇနီး မိမိ၏ ဟော်တယ်အတွင်း၌ ဓားထိုးသတ်ဖြတ်ခံရ


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Esperado Hotel တွင် ယင်းဟိုတယ် ပိုင်ရှင်၏ ဇနီးဖြစ်သူ ဓါးဖြင့် ထိုး သတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာ လမ်းထောင့်ရှိ Esperado Hotel ၏ (၃)လွှာရှိ အခန်းတွင် ယနေ့ ဖေဖော်ဝါရီ (၁၃) ရက် နံနက် အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဒေါ်သန်းသန်းဦး (ခ)ဟာဂျီမ မိုင်မွန်နာဘီအား နံနက် (၈) နာရီအချိန်ခွဲ အချိန်ခန့်က ဟိုတယ် (၃) လွှာရှိ အခန်းအတွင်း၌ ကျောပြင် ဓါးဒဏ်ရာ (၅)ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ပျံ့နှံ့နေသည့်သတင်း များအရ သိရသည်။ ဒေါ်သန်းသန်းဦးသည် ရှိုင်းဆောက်လုပ်ရေးနှင့် Eperado ဟိုတယ်၏  မန်နေဂျင် ဒါရိုက်တာလည်းဖြစ်သည်။ 

သေဆုံးသူ၏ သားဖြစ်သူမှ မိခင်ဖြစ်သူအခန်းအတွင်းမှထွက်မလာ၍ ဖုန်းခေါ်ရာ မကိုင်သဖြင့် အခန်းတံခါးအားဖွင့်၍ ဝင်ရောက်ကြည့်ရှု ရာ မိခင်ဖြစ်သူမှာ ဓါးဒဏ်ရာများဖြင့် ကြမ်းပြင်တွင် လဲကျအသက် ဆုံးရှုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ Hotel ရှိ CCTV မှတ်တမ်းများအား ပြန်လည်စစ်ဆေးကြည့်ရာ ပြစ်မှုကျူးလွန်သူမှာ လွန်ခဲ့သည့် (၃) လဝန်းကျင်က အလုပ်ထုတ်ခံခဲ့ရသည့် ယင်းဟိုတယ်မှ ဝန်ထမ်း ဟောင်း ဖြစ်သည်ဟု ယူဆရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ Hotel တာဝန်ရှိသူများထံ ဆက် သွယ်စုံစမ်းရန် ကြိုးစားကြည့်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ကျူးလွန်သူမှာ လွန်ခဲ့သည့် (၃) လဝန်းကျင်က အလုပ်ထုတ်ခံခဲ့ရသည့် ယင်းဟိုတယ်မှ ဝန်ထမ်းဟောင်း ဖြစ်သည်ဟု ယူဆရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ Hotel တာဝန်ရှိသူများထံ ဆက် သွယ်စုံစမ်းရန် ကြိုးစားကြည့်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

အသက်ဆုံးရှုံးခဲ့ရသူ ဦးမိုဟာမ္မဒ်အယုဖ် (ခ) ဦးမောင်စိန်၏ သမီးကြီး အသက် (၅၈) နှစ်အရွယ်ရှိ ဒေါ်သန်းသန်းဦး (ခ) ဟာဂျီမမိုင်မွန်နာဘီအား ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်၊ ညနေပိုင်းတွင် ရေဝေးကဗရ်စဿန်၌ ဂျနာဇတ်ဆွလာသ် ဝတ်ပြုပြီး ဒဖ်နာပြုလုပ်မညိုဖြစ်ကြောင်း နီးစပ်ရာမွ တ်စ်လင်မ် အသိုင်းအဝိုင်းများထံမှ သိရသည်။


#crd:

Friday, February 9, 2024

တောင်ပြိုတိုက်ပွဲနှင့် ဝါဒဖြန့်အကွက်ကြီး

 






တောင်ပြိုတိုက်ပွဲနှင့် ဝါဒဖြန့်အကွက်ကြီး


၂၀၂၄ ခု ဖေဖော်ဝါရီလ ၆ ရက် နေ့မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းနှစ်ခု ကျသွားခဲ့တဲ့ သတင်းကတော့ နောက်ထပ် တော်လှန်ရေး အောင်ပွဲတစ်လှမ်းပါပဲ။ တစ်ပြည်လုံးရဲ့ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်အုပ်စု ယိုယွင်းပျက်စီးလာနေတာကို တစ်ဆက်တည်း ကြားနေရလို့ ဝမ်းသာမဆုံးဖြစ်ရပါတယ်။ ဒါပေမဲ့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ချသလို အကြမ်းဖက်စစ်ကောင်စီကို ချေမုန်းနေတာနှင့်တစ်ပြိုင်တည်း လူမျိုးမတူဘာသာမတူ အဖိနှိပ်ခံရိုဟင်ဂျာကိုပါ ရန်သူလိုသဘောထားကာ ထည့်ညှပ်ချေမုန်းလိုချင်တဲ့ စိတ်ဓာတ်ကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ 

အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတစ်ခု ရရှိဖို့အတွက် ပြည်သူအားလုံး အသက်နဲ့ ဘဝနဲ့ရင်းနှီးပြီး တိုက်ပွဲဝင်နေတဲ့ကာလမှာ ဒီလိုမျိုး မဟုတ်မမှန် သွေးတိုးလှုံဆော်မှုဟာ ဖြောင့်မှန်တဲ့လမ်းစဉ်မဟုတ်ဘူးလို့ ယူဆပါတယ်။ ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲများ ဖြစ်လာကတည်းကစလို့ ရခိုင်စသော အခြားလူမျိုးများနည်းတူ ရိုဟင်ဂျာလူမျိုးတွေကလည်း တိုက်ပွဲဘေးဒဏ်တွေကို ခါးခါးသီးသီး ခံနေရပါတယ်။ အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ရိုဟင်ဂျာများက အသက်ပေါင်းများစွာပေးဆပ်နေရတယ်။ ဒါပေမဲ့ အင်မတန် ခက်ခဲတဲ့အချိန်တစ်ခုကို ပြည်သူအားလုံး တညီတညွှတ် ရဲရဲရင့်ရင့် ဖြတ်သန်းနေရတာပဲလို့ ခံယူပါတယ်။ အေးအတူ၊ ပူအမျှပေါ့။

ဖေဖော်ဝါရီလ (၇) ရက် ရက်စွဲပါ အေအေတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ရိုဟင်ဂျာတွေအပေါ် အမြင်ကပ် ထပ်မံအမုန်းတရားဖွားလာအောင် တမင်စွပ်စွဲထားခြင်းတွေကိုတော့ အတိအလင်း တွေ့နေရတယ်။ ဒါကတော့ မရိုးသားဘူးလို့ ပြောလိုပါတယ်။ 

- ဒီသတင်းထုတ်ပြန်ချက်မှာတော့ ပထမဆုံး ထောက်ပြချင်တဲ့အချက်ကတော့ "ဘင်္ဂလီလက်နက်ကိုင်အဖွဲ့" လို့ သုံးနှုန်းသွားတဲ့ အသုံးပါပဲ။

ဒါကတော့ တစ်နေ့ထက်တစ်နေ့ အင်အားကြီးထွားနေတဲ့ အေအေတပ်တော်က အသာစီးရနေချိန်မှာ တစ်ဖက်လူမျိုးကို တမင်နှိပ်နှိမ့်သုံးနှုန်းနေတာက အင်မတန် စိတ်ဓာတ်အောက်တန်းကျနေတယ်လို့ ပြောလို့ရပါတယ်။ ဒါက ရိုဟင်ဂျာလူမျိုးရဲ့ မွေးရာပါ အိုင်ဒင်းတီတီကို စော်ကားရာ ရောက်တာမို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ လူမျိုးတစ်မျိုးက မခံယူလိုတဲ့ နာမည်တစ်ခုကို ပြန်လည်အသက်သွင်းလာအောင် ကြိုးပမ်းခြင်းက မီဒီယာကျင့်ဝတ်နဲ့လဲ မညီညွတ်သလို ကျော့သားရင်သား မခွဲခြားဘဲ အဓမ္မကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှုလဲ မဟုတ်ပါဘူး။ နိုင်ငံတကာဥပဒေနဲ့လဲ ဆန့်ကျင်ရာရောက်တယ်။ အစွန့်ရောက်မျိုးချစ်စိတ်ဓာတ်သန်လာပြီလားလို့ တွေးစရာ။ အကြမ်းဖက်စစ်အုပ်စုရဲ့ လမ်းစဉ်နဲ့ ဘယ်ခွာခြားနေလို့လဲ။ 

- တောင်ပြိုတိုက်ပွဲမှာ ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဟာ စကစနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အချက်က အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် သက်သက်ပါပဲ။

ဒါက ရိုဟင်ဂျာတွေကို ကမ္ဘာအလယ်တွင် မျက်နှာပျက်အောင် ကြံစည်ချက်တစ်ခုပဲလို့ ပြောနိုင်တယ်။ ၂၀၁၆-၁၇ မျိုးတုန်းသတ်ဖြတ်မှုတွင် ရိုဟင်ဂျာ တစ်သိန်းကျော် သေကျေပျက်စီးရတဲ့အပြင် တစ်သန်းခန့် ဒုက္ခသည်ဘဝရောက်အောင် ပို့ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီအုပ်စု၊ ခေတ်အဆက်ဆက် အမျိုးဘာသာသာနာ ခေါင်းစဉ်ဖြင့် ခွဲခြားဆက်ဆံလာခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို ရိုဟင်ဂျာတွေက ထောက်ခံနေတယ်ဆိုတာ ယုတ္တိရှိပါမလား။ နွေဦးတော်လှန်ရေး တကျော့ပြန်တိုက်ပွဲတွေမှာ နေ့နဲ့ည သေပေးနေရတဲ့ အပြစ်မဲ့ရိုဟင်ဂျာတွေရဲ့ မျက်နှာကို မထောက်မထားဘဲ လက်နက်ကိုင်အဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းတယ်ဆိုတာ ယုံစရာလား။ ဘယ်လိုအခြေမျိုးမှ ရောက်နေသည်ဖြစ်စေ ရိုဟင်ဂျာလူမျိုးတွေဟာ အကြမ်းဖက်စစ်အုပ်ကို ရန်သူလို့ပဲ ထာဝရတော်လှန်သွားမှာဖြစ်တယ်။ ရိုဟင်ဂျာတွေ လက်နက်ကိုင်နေရတာက အဓမ္မစစ်အုပ်စုကို တော်လှန်ဖို့သက်သက်ပါပဲ။ အဲဒီအကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းတိုက်တယ်ဆိုတဲ့ စွပ်စွဲချက်က မြန်မာပြည်သူတွေရဲ့ စိတ်ထဲမှာ ရိုဟင်ဂျာတွေကို တမင်အောက်ကျစေချင်တဲ့ အကြံအစည်လို့ ယူဆပါတယ်။

- စကစနယ်ခြားစောင့်စခန်းရဲ့ အနီးအနားမှာ သူတို့စခန်း တစ်ခု ရှိလို့ ပူးပေါင်းတယ်၊ အပေးအယူရှိတယ်လို့ အတပ်ပြောနိုင်ပါမလား။

အဲဒီလို ဘူးသီးတောင်၊ ကျောက်တော၊ ပုဏ္ဍားကျွန်းစတဲ့ ရခိုင်ပြည်နေရာအနှံ့အပြားတွင် စကစတပ်စခန်းတွေနဲ့ မနီးမဝေး ဓားလွယ်ခုတ်တွင် အေအေတပ်စခန်းတွေလဲ မနည်းရှိနေတာကိုး။ ဒါက ထူးထူးခြားခြား မဟုတ်ပါဘူးလေ။ ဒီလို နီးနီးကပ်ကပ် ရှိနေရုံနဲ့ ပူးပေါင်းတယ်လို့ သတ်မှတ်နိုင်ပါမလား။

- ဘင်္ဂလားဘက်ကို ထွက်ပြေးရာတွင် အကူအညီရရှိရေးအတွက် တာကာငွေ ၁၀ သန်း ဖို့ လက်နက်အရာင်းအဝယ်လုပ်တယ်လို့ စွပ်စွဲမှုကလည်း ရယ်စရာပြက်လုံးကြီးတစ်ခုပါပဲ။ တောင်ပြိုစခန်းတွေဟာ နယ်စပ်မျဉ်းပေါ်မှာ တည်ရှိနေတာဖြစ်တယ်။ အဲဒီစခန်းတွေမှာ တာဝန်ကျနေတဲ့ စကစဝန်ထမ်းတွေက ဟင်းစား ဆီဆန်ဆားတွေကိုတောင် ဘင်္ဂလားဖက်က မှာယူစားသောက်ကြတာများတယ်။ နယ်စပ်ကို ဘယ်လို ဖြတ်သွားရတယ်ဆိုတာကို သူတို့လောက် ဘယ်သူမှ မသိဘူး။ နယ်စပ်ဖြတ်ထွက်ပြေးနိုင်အောင် လက်နက်အရောင်းအဝေး လုပ်စရာလိုလို့လား။ အကြမ်းဖက် စကစ နယ်ခြားစောင့်ရဲတွေ ခြံစည်းရိုးတစ်ဖက်က ခုန်ချလိုက်ရုံနဲ့ တခြားဖက်ကို ရောက်သွားလောက်တဲ့ အခြေအနေမျိုးပါပဲဟာ။  ဒါကို လက်နက်ရောင်းလို့ ဘင်္ဂလားဖက်ကို ထွက်ပြေးတာလို့ ဂျင်းထည့်ရကောင်းလား။ ဒါက ကလေးဆန်တဲ့ အကွက်ပါပဲ။

- ARA ဆိုတဲ့ လက်နက်ကိုင်တွေရဲ့ စခန်းတစ်ခုက အနီးအနားမှာ ရှိနေတယ်လို့ ပြောသေးတယ်။ လူတွေကျတော့ ဘင်္ဂလားဖက်က ဝင်လာတယ်လို့လဲ တစ်ခါ ပြောသေးတယ်။ စကားရှေ့နောက် မညီသလိုပါပဲ။ နောက်ထပ် ဘယ်သူဘယ်သူတွေကိုပါ ထည့်စွက်ချင်တာလဲ မသိဘူး။ 

- ပြီးတော့ စခန်းထဲကနေ အကြမ်းဖက် နယ်ခြားစောင့်တပ်တွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ခိုက်တယ်။ လက်နက်အချို့ သယ်သွားတယ်လို့ အသံထွက်နေတဲ့ကိစ္စကတော့ အေအေ ဝက်ဆိုဒ်က ပြောင်းပြန်လဲလို့ သတင်းမှန် ဖုံးဖိထားရုံ သက်သက်ပါပဲ။ တကယ်တော့ ကျနော်တို့ လေ့လာသိရှိသလောက် ဖြစ်စဉ်က ဒီလိုပါပဲ။ 

အဲဒီနယ်စပ်ဒေသတလျှောက်ဟာ ရိုဟင်ဂျာလက်နက်ကိုင်တစ်ချို့ လှုပ်ရှားနေတဲ့ နေရာဖြစ်တယ်။ ၄ ရက်နေ့ အေအေက စခန်းကို ပိတ်ဆို့တိုက်ခိုက်နေတဲ့အချိန်မှာ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ရိုဟင်ဂျာလက်နကိုင်တစ်ချို့ကလည်း ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်စခန်းကို တစ်ဖက်က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ ဘယ်သူတိုက်တိုက် ဘုံရန်သူဖြစ်တဲ့ စကစကို အမြစ်ဖြတ်ချေမုန်းနိုင်ရင်ပြီးရော့ဆိုတဲ့ ဆန္ဒနဲ့ပေါ့။ အဲ့လိုတိုက်ခိုက်ခဲ့ပြီး စခန်းကျသွားတဲ့အခါ သူတို့ရှင်းလင်းနိုင်ခဲ့တဲ့ဖက်ကနေ တွေ့ရှိသမျှ လက်နက်ခဲယမ်းအကြွင်းအကျန်ကို သူတို့ သိမ်းဆည်းယူဆောင်သွားခဲ့တယ်။ ဒါကို အေအေက မကျေနပ်လို့ ARA လက်နက်သိုလှောင်ထားတဲ့ နေရာတစ်ခုကို အင်းအားအပြည့်အဝနဲ့ ပြန်လည်တိုက်ခိုက်တယ်။ အဲဒီမှာ တွေ့ရှိသမျှ လက်နက်ခဲယမ်းတွေနဲ့ သူတို့ရဲ့ အသုံးအဆောင်တွေကိုလည်း AA က သိမ်းယူခဲ့တယ်။ 

ဒီဖြစ်စဉ်ကို အခွင့်ကောင်းယူပြီးတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ချဖို့ အကွက်ဆင်တာပဲဖြစ်တယ်။ တကယ်တော့ ဒါတွေက  အဖွဲ့တစ်ဖွဲ့ရဲ့ လှုပ်ရှားမှုလုပ်ငန်းစဉ်မှာ နောက်တစ်ဖွဲ့က အလိုမတုဘဲ ဝင်စွက်ဖက်မှုကြောင့် မလိုအပ်တဲ့ ပြဿနာတွေ တက်လာရတာလို့သာ မြင်ပါတယ်။ ဘယ်အဖွဲ့ပင် ဖြစ်ပါစေ စစ်ကျင့်ဝတ်၊ စစ်စည်းဘောင်တွေကို လိုက်နာဖို့ အရေးကြီးတယ်။ အချင်းချင်း ရန်သူလို သဘောမထားကာ အားချင်းမပြိုင်ဘဲ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုကိုပဲ တော်လှန်မြစ်လှန်ပစ်တာ အလေးထားသင့်ပါတယ်။  

အေအေတပ်တော်ရဲ့ သဘောထားကို လေ့လာသိရှိသလောက် ရှင်းရှင်းပြောရမယ်ဆိုရင် ရခိုင်ပြည်မှာ တခြား ဘယ်လက်နက်ကိုင်အဖွဲ့တွေမှ ရပ်တည်နေတာကို သူတို့ မလိုလားဘူး။ နည်းအမျိုးမျိုးနဲ့ ရှင်းလင်းပြိုကွဲဖို့ပဲ ကြိုးစားတာပဲ တွေ့ရတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် အေအေ သဘောထားကြည့်မယ်ဆိုရင်လည်းပဲ တန်းတူဆက်ဆံတာ မမြင်ရဘူး။ ရိုဟင်ဂျာလူမျိုးကို မတတ်နိုင်တဲ့အဆုံး ဒုတိယလူတန်းစားအဖြစ်ပဲ မြင်နေကြတယ်။ တတ်နိုင်ရင်တော့ အကြမ်းဖက်စစ်ကောင်စီလို မျိုးတုန်းသတ်ပစ်ချင်တဲ့ သဘောမျိုးလား မသိဘူး။ ဒါတွေက ရည်ရှည်ငြိမ်းချမ်းရေးကိုဖော်ဆောင်မယ့် တော်လှန်ရေးရဲ့ နိမိတ်ကောင်း မဟုတ်ပါဘူးလို့ ပြောချင်တယ်။ 

နောက်ဆုံးပြောချင်တာကတော့ ရခိုင်ပြည် ငြိမ်းချမ်းရေးလေပြည် ဖော်ဆောင်ဖို့အတွက် အတူတကွနေထိုင်တဲ့ လူမျိုးစုအားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် လျှောက်လှမ်းမှာသာ မျှော်လင့်နေတဲ့အိပ်မက် ဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။ တော်လှန်နေတဲ့ အုပ်စုတွေကလည်း ကျော့သားရင်သားမခွဲခြားဘဲ ရဲရဲစွမ်းစွမ်း လက်တွဲဆောင်ရွက်နိုင်ဖို့အရေးကြီးတယ်။ အခုလိုမျိုး လူမျိုးတစ်မျိုး ထိခိုက်နစ်နာအောင် မကောင်းတဲ့အမုန်းတိုက်သတင်းတွေဖြန့်ကာ လူမျိုးတစ်စုကို လျစ်လျူရှု ဘေးဖယ်ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖော်ဆောင်ရေးဆိုတာက အလှမ်းဝေးလို့သာနေလိမ့်မယ်။ လူမျိုးပေါင်းစုံအတူတကွ အေးအေးချမ်းချမ်းနေထိုင်ရေးက စစ်မှန်တဲ့ ငြိမ်းချမ်းရေးပင်တည်း။ 

#နတ်မျက်စိ

(၉-၀၂-၂၀၂၄)

Tuesday, January 9, 2024

On The Way To Mandalay

 


ဗြိတိသျှ ဝတ္ထုရေးဆရာ၊ ကဗျာဆရာ စာပေနိုဘယ်ဆုရှင် ရုဒ်ယတ် ကပ္ပလင်(၁၈၆၅-၁၉၃၆) က ၁၈၉၀ ပြည့်နှစ်တွင် ရေးဖွဲ့ခဲ့သော ထင်ရှားသော ကဗျာတစ်ပုဒ်ဖြစ်သည်။ ကဗျာဆရာ၏ ငယ်ဘဝကို အိန္ဒိယ၌ ဖြတ်သန်းခဲ့သည်။ ထို့ကြောင့် ဗမာပြည်နှင့် သိကျွမ်းရင်းနှီးသည်။


ဤ "မန္တလေးဆီသို့" ကဗျာကို ၁၈၉၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော   Barrack-room Ballads ကဗျာစာအုပ်မှ ထုတ်နုတ်ထားသည်။ မူရင်းကဗျာခေါင်းစဥ်မှာ "မန္တလေး" သာဖြစ်သည်။ မန္တလေးဆီသို့ ခေါင်းစဥ်ဖြင့်လည်း လူသိများသည်။ ကဗျာတွင် ဗမာပြည်ရောက် ဗြိတိသျှအရှေ့ဖက်စွန်းစစ်သားတစ်ဦးက ဗြိတိန်မှနေ၍ ဗမာပြည် မင်းနေပြည်တော်၌ ချစ်ကျွမ်းဝင်ခဲ့သော သူ့ချစ်သူ ဗမာမလေးကို လွမ်းဆွတ်တမ်းတနေသော မေတ္တာဇာတ်လမ်းကို ဗမာပြည်၏ ရေမြေသဘာဝပေါ်လွင်အောင် ဖွဲ့ဆိုထားသည်။ 

On The Way To Mandalay


By the old Moulmein Pagoda, lookin' lazy at the sea,

There's a Burma girl (broad) a-settin', and I know she thinks o' me;

For the wind is in the palm-trees, and the temple-bells they say:

"Come you back, you British soldier; come you back to Mandalay!"

    Come you back to Mandalay,

    Where the old Flotilla lay:

    Can't you 'ear their paddles chunkin' from Rangoon to Mandalay?

    On the road to Mandalay,

    Where the flyin'-fishes play,

    An' the dawn comes up like thunder outer China 'crost the Bay!


'Er petticoat was yaller an' 'er little cap was green,
An' 'er name was Supi-yaw-lat — jes' the same as Theebaw's Queen,
An' I seed her first a-smokin' of a whackin' white cheroot,
An' a-wastin' Christian kisses on an 'eathen idol's foot:
    Bloomin' idol made o'mud —
    Wot they called the Great Gawd Budd —
    Plucky lot she cared for idols when I kissed 'er where she stud!
    On the road to Mandalay . . .


When the mist was on the rice-fields an' the sun was droppin' slow,
She'd git 'er little banjo an' she'd sing "~Kulla-lo-lo!~"
With 'er arm upon my shoulder an' 'er cheek agin' my cheek
We useter watch the steamers an' the ~hathis~ pilin' teak.
    Elephints a-pilin' teak
    In the sludgy, squdgy creek,
    Where the silence 'ung that 'eavy you was 'arf afraid to speak!
    On the road to Mandalay . . .


But that's all shove be'ind me — long ago an' fur away,
An' there ain't no 'busses runnin' from the Bank to Mandalay;
An' I'm learnin' 'ere in London what the ten-year soldier tells:
"If you've 'eard the East a-callin', you won't never 'eed naught else."
    No! you won't 'eed nothin' else
    But them spicy garlic smells,
    An' the sunshine an' the palm-trees an' the tinkly temple-bells;
    On the road to Mandalay . . .


I am sick o' wastin' leather on these gritty pavin'-stones,
An' the blasted Henglish drizzle wakes the fever in my bones;
Tho' I walks with fifty 'ousemaids outer Chelsea to the Strand,
An' they talks a lot o' lovin', but wot do they understand?
    Beefy face an' grubby 'and —
    Law! wot do they understand?
    I've a neater, sweeter maiden in a cleaner, greener land!
    On the road to Mandalay . . .


Ship me somewheres east of Suez, where the best is like the worst,
Where there aren't no Ten Commandments an' a man can raise a thirst;
For the temple-bells are callin', an' it's there that I would be —
By the old Moulmein Pagoda, looking lazy at the sea;
    On the road to Mandalay,
    Where the old Flotilla lay,
    With our sick beneath the awnings when we went to Mandalay!
    On the road to Mandalay,
    Where the flyin'-fishes play,
    An' the dawn comes up like thunder outer China 'crost the Bay!

By Rudyard Kipling







Thursday, December 28, 2023

နတ်သံကွင်းတိုက်ပွဲတွင် အသက်ပေးသွားသော ရဲဘော် သတ္တိ (ခ) ဟဖိဇ်မုဟမ္မဒ် ဟဘီဘုလ္လာဟ်


နတ်သံကွင်းတိုက်ပွဲတွင် အသက်ပေးသွားသော ရဲဘော် သတ္တိ (ခ) ဟဖိဇ်မုဟမ္မဒ် ဟဘီဘုလ္လာဟ်


" ငါတို့တော်လှန်ရေးဟာ ငါတို့လုပ်မှပြီးမှာ

တော်လှန်ရေးအပေါ် ရိုးသားပါ

အမြတ်ထုတ်သူတွေများလို့"

                       — ရဲဘော်ဟဘီဘုလ္လာဟ်

ရဲဘော်သတ္တိက မကျဆုံးမီမှာ သူ့ရဲ့တော်လှန်ရေးအယူအဆကို သူရဲ့ Facebook စာမျက်နှာမှာ အခုလိုပဲ တင်ထားခဲ့ပါတယ်။

၂၀၂၃ ခု၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ပဲခူးတိုင်းဒေသ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတိုက်ပွဲမှာ ဒေါင်းမင်းစစ်ကြောင်းမှ ရဲဘော်သတ္တိ (ခ) ဟာဖိဇ် မုဟမ္မဒ် ဟဘီဘုလ္လာဟ်ဟာ အဓမ္မဝါဒီ အကြမ်းဖက်စစ်ကောင်စီကို ရဲရဲရင့်ရင့်တိုက်ခိုက်ရင်း တိုင်းပြည်အတွက် ဂုဏ်ရောင်ပြောင်စွာ အသက်ပေးလှူသွားခဲ့ပါတယ်။ ရဲဘော်သတ္တိဟာ နိုင်ငံသားကောင်းတစ်ဦးအနေနဲ့ရော၊ စစ်မှန်တဲ့တော်လှန်ရေးရဲဘော်တစ်ဦးအနေနဲ့ပါ မြန်မာမွတ်စလင်မ်ပီသစွာနဲ့ အသက်ကို ပေးလှူပြီး တော်လှန်ရေးသမိုင်းမှာ မော်ကွန်းရေးထိုးသွားခဲ့ပါတယ်။ ရဲဘော်သတ္တိဟာ ဟဖိဇ်ကုရ်အာန် တစ်ဦးလည်းဖြစ်ပါတယ်။ 

တော်လှန်ရေးရဲ့ စစ်မျက်နှာအသီးသီးမှာ ဘာသာလူမျိုးစုံ ရဲဘော်တွေနဲ့အတူ မြန်မာမွတ်စလင်တွေဟာလည်း ရှေ့ခေတ်အဆက်ဆက်မှ ရဲဘော်များရဲ့ သမိုင်းကို လက်ဆင့်ကမ်းရင်း ပခုံးပြောင်းကာ ပါဝင်လျက်ရှိနေကြပါတယ်။ ရဲဘော်သတ္တိခဲဟာ တော်လှန်ရေးတိုက်ပွဲကဏ္ဍတွေအားလုံးထဲမှာ စစ်ရေးတိုက်ပွဲမှာ ရှေ့တန်းကတိုက်ပွဲနေကြတဲ့ ရဲဘော်တွေထဲက ရဲဘော်တစ်ဦးဖြစ်ပါတယ်။

သူရဲကောင်းတစ်ဦးအနေနဲ့ မြင့်မြတ်စွာ ကျဆုံးသွားခဲ့တဲ့ ရှဟီဒီရဲဘော်သတ္တိရဲ့ စကားဟာ လူထုတစ်ရပ်လုံးအတွက် အင်မတန်တန်ဖိုးရှိတဲ့ သတင်းစကားတစ်ရပ်ဖြစ်ပြီး၊ သူကိုယ်တိုင်ကတော့ သူရဲ့တော်လှန်ရေး အယူအဆကို အသက်ပေးလှူကာ သက်သေပြသွားခဲ့ပြီ ဖြစ်ပါတယ်။ 

အခုလို အသက်ပေးသွားတဲ့ ရဲဘော်တွေများစွာထဲမှာ လူမသိသူမသိ ကျဆုံးသွားရတဲ့ အညတရမြန်မာမွတ်စလင်မ်ရဲဘော်တွေ နေရာအသီးသီးမှာ ရှိနေကြပါတယ်။ ဒီရဲဘော်တွေဟာ ယခင်ကတည်းကရော၊ တော်လှန်ရေးထဲမှာပါ ခွဲခြားမှုတွေကို ခါးစည်းကာ ကြံ့ကြံ့ခံရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားကြတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။


Crd

Tuesday, August 29, 2023

ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ

 

ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ 


" ဒီပြသနာကို ၁၈ လအတွင်း ဖြေရှင်းပေးဖို့ ကျမတို့ကို မျှော်လင့်တာက နည်းနည်း ယုတ္တိမတန်ပါဘူး။ .... ရခိုင်ပြည်နယ်က ဒီအရေးဟာ ဆယ်စုနှစ်များစွာကတည်းက ရှိလာခဲ့တာပါ။ ကိုလိုနီခေတ်မတိုင်ခင်ကပင် ဒီပြသနာ ရှိနေတယ်။ .... "

အထက်ပါစကားဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ပြောကြားခဲ့တဲ့ Asian News International နဲ့အင်တာဗျူးတစ်ခုကနေ ကောက်နုတ်ထားခြင်းဖြစ်ပါတယ်။။ 

ဒေါ်စု ပြောလိုတာက ဒီရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်မတိုင်ခင်ကပင် ရှိလာခဲ့တဲ့ ပြဿနာဖြစ်တယ်။ ယခင်အစိုးရတွေက မဖြေရှင်းပေးခဲ့လို့ ယနေ့ထိ သက်ဆိုးရှည်လာတာ…လို့ ယခင်အစိုးရတွေကို အပြစ်တႏ်းပုံချတာပဲ ယူဆတယ်။ တကယ်တမ်းတော့ ဒေါ်စုရဲ့ ဒီမှတ်ချက်စကားက ကျပ်ပြည့် မှန်ကန်မှုမရှိဘူးဗျာ။ စစ်အာဏာရှင်တွေကို အကာအကွယ်ပေးနေသလို ဖြစ်နေတယ်။ ရိုဟင်ဂျာတွေကို မတရားနှိပ်စက်ချုပ်ချယ်နေတဲ့ပြဿနာက တကြော့ပြန်ဖြစ်လာတဲ့ ပြဿနာဖြစ်တယ်။ အရင်က ရခိုင်ပြည်အရေးကို နိုင်ငံတော်အဆင့်  မျှမျှတတဖြေရှင်းပေးခဲ့တဲ့ အစိုးရလဲ ရှိခဲ့တယ်ဆိုတာ ဒေါ်စုကြည် မေ့လျော့နေသလို ထင်ရပါတယ်။ အဲ့ဒီခေတ်က ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းဖြေရှင်းပေးမှုကြောင့် ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခဟာ လုံးဝဖြေရှင်းသွားခဲ့ပြီး ရခိုင်ပြည်ဟာ နိဗ္ဗာန်လောကလို အေးချမ်းသာယာသွားခဲ့ဖူးတယ်။ အဲဒါကို စာဖတ်ပရိသတ်တွေသိအောင် နည်းနည်းတင်ပြပါရစေ။ 

မြန်မာပြည် လွတ်လပ်ရေးရရှိခဲ့တဲ့အခါ လွတ်လပ်ရေးကြေညာစာတမ်းမှာ ဒီဗမာပြည်ဟာ လူတစ်စုတစ်ယောက်ရဲ့ အမွေဆိုင်ပစ္စည်း မဟုတ်ကြောင်း၊ ဒီပြည်အတွင်း မှီတင်းနေထိုင်တဲ့ ပြည်သူပြည်သားတို့ရဲ့ စုပေါင်းမြေဖြစ်ကြောင်း၊ တောင်တန်း မြေပြန့် မခွဲခြားဘဲ အားလုံးခွင့်တူတန်းတူညီမျှဖြစ်ကြောင်း ကြေညာခဲ့တယ်လေ။ ဒါပေမဲ့ နောက်ပိုင်းကာလမှာ ဘာသာရေးနဲ့ ရုပ်ရည်အသားအရောင်ကို အခြေခံ၍  ခွဲခြားအုပ်ချုပ်မှုတွေရှိလာခဲ့တယ်။ ၁၉၄၉ ခု ရခိုင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ နယ်စပ်စောင့်တပ် BTF ကို ဖွဲ့စည်းပြီး နယ်စပ်ဒေသကို ထိန်းသိမ်းလာတဲ့အခါ ရခိုင်ပြည်မှာ ယခင်လူမျိုးရေးပဋိပက္ခ(၁၉၄၂) အငွေ့အသက်ကြောင့် နယ်စပ်စောင့်တပ်က ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံ ညှဥ်းပမ်းနှိပ်စက်လာခဲ့ကြတယ်။ နိုင်ကျင့်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ နှိပ်စက်မှုတွေ တဖြေးဖြေး အရှိန်မြင့်လာခဲ့တယ်။ ဘာသာရေးကို အကြောင်းပြု၍ အစိုးရက ရခိုင်နဲ့ ရိုဟင်ဂျာကို တန်းတူသဘောမထားဘဲ ခွဲခွဲခြားခြား ဆက်ဆံလာတဲ့အခါ ရိုဟင်ဂျာအမျိုးသားအချို့က မခံမရပ်နိုင်ဘဲ ရရာလက်နက်ဆွဲကိုင်ကာ တော်လှန်ခဲ့ကြတယ်။ မတရား ဖိနှိပ်မှုများလာရင် ဆန့်ကျင်တော်လှန်ရေးက ရှိစမြဲပဲ။ ဒါက ဓမ္မတာတစ်ခုဖြစ်တယ်။ 

မတရားမှုကို ဆန့်ကျင်တဲ့ ရိုဟင်ဂျာအမျိုးသားလက်နက်ကိုင် တော်လှန်ရေးဟာ အစိုးရအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့တယ်။ ဦးနုအစိုးရက တပ်မတော်အင်အားနဲ့ ပြန်တိုက်ချေတယ်။ အောင်မြင်မှုတော့ ရရှိခဲ့တယ်။ ဒါပေမဲ့ အမြစ်ပြတ်သွားအောင် လုပ်ဖို့က မလွယ်ဘူး။ တစ်ဘက်က နှိမ်နင်းရင် တခြားတစ်ဘက်က ပြောက်ကျားတိုက်ပွဲတွေပြန်ပေါ်လာတော့တယ်။ ဒါ့အပြင် ရခိုင်ပြည်ရဲ့ အဓိကလူမျိုးစုနှစ်စုဖြစ်တဲ့ ရခိုင်နှင့် ရိုဟင်ဂျာ အကြားသင့်မြတ်မှုမရှိတာကလဲ အခါမသင့် ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်စရာရှိတယ်။ ပုစိပုစိ ပြသနာတွေ အနည်းအများ ဖြစ်တာလည်း ရှိခဲ့တယ်။ 

အဲဒီတုန်းက နောက်ပြသနာတစ်ချက်က ရခိုင်အမျိုးသားတွေက သီးခြားပြည်နယ်လိုချင်ကြတယ်။ အဲဒါကို ရိုဟင်ဂျာတွေက စိုးရိမ်ကြတာပေါ့။ လူမျိုးတစ်စုကို အမည်စွဲ၍ ရခိုင်ပြည်နယ်လို့ သီးခြားအမည်တွင်ပေးလိုက်ရင် ရိုဟင်ဂျာတွေက မတရားခံရမယ်။ ခွဲခြားနှိပ်စက်လာမယ်။ ဒါနဲ့ ရိုဟင်ဂျာတွေက ပြည်မနဲ့ပဲ ပေါင်းနေချင်ကြတယ်။ ဒါက အစိုးရအတွက်တော့ ခေါင်းခဲတဲ့ နောက်ထပ် စိန်ခေါ်မှုတစ်ခုပေါ့။ 

ဒီတော့ ဦးနုအစိုးရက ရခိုင်ပြည်အရေးမှာ အချက်သုံးချက်တွေ့လာတယ်။

(၁) လူမျိုးစု နှစ်စုအချင်းချင်း သင့်မြတ်မှု မရှိခြင်း

(၂) လက်နက်ကိုင်အဖွဲ့များ အုံကြွလာခြင်း

(၃) သီးခြားပြည်နယ် တောင်းဆိုမှုအပေါ် သဘောထားကွဲပြားခြင်း

စတဲ့ဟာတွေ ဖြစ်တယ်။ 

ဦးနုအစိုးရက အချိန်ဆွဲပြီး စုံစမ်းရေးကော်မရှင်တွေ အမျိုးမျိုးဖွဲ့စည်းကာ ပြဿနာရဲ့ ထိရောက်တဲ့အဖြေတစ်ခု ရှာဖွေဖို့ ကြိုးစားလာခဲ့တယ်။ လွှတ်တော်ထဲမှာ အချေအတင်ဆွေးနွေးတယ်။ ၁၉၄၉ ခု ဇူလိုင်လ ၃၀ ရက်မှာ ရခိုင်တိုင်းမင်းကြီးကို သဘာပတိအဖြစ်ထား၍ ရခိုင်အမျိုးသား ၃ ဦးနဲ့ ရိုဟင်ဂျာအမျိုးသား ၃ ဦး ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့ပြီးတော့ ကွင်းဆင်းလေ့လာစေခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင်လည်း ရခိုင်ပြည်မြောက်ပိုင်းသို့ ခရီးထွက်ကာ လေ့လာခဲ့တယ်။ နှစ်ဖက်အသိုင်းအဝိုင်း လူကြီးမိဘတွေနဲ့ တွေဆုံခဲ့တယ်။ ဒါတွေကနေ တစ်ဖက်နဲ့တစ်ဖက် အယုံအကြည် ကင်းမဲ့နေခြင်း၊ ခွဲခြားဆက်ဆံရေး အားသန်နေခြင်း၊ တန်းတူအခွင့်အရေး မျှတမှုမရှိခြင်းတို့ဟာ ပြဿနာရဲ့ မူလဇာတ်မြစ်ဆိုတာ တွေ့ရှိလာတော့တယ်။  

ဒီနေရာမှာ တစ်ခု သိထားရမှာက အဲဒီတုန်းက အခုလို ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေးကို ရုတ်သိမ်းမခံရသေးဘူး။ ဘယ်တိုင်းရင်းသားအုပ်စုကမှ ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ကြဘူး။  နိုင်ငံသား ရုတ်သိမ်းခံရတာက စစ်အာဏာရှင်အစိုးရ လက်ထက်ကဖြစ်တယ်။   

ကဲ့... ဒါနဲ့ ဦးနုအစိုးရရဲ့ ပထမခြေလှမ်းအဖြစ် ရိုဟင်ဂျာတွေကို မြန်မာ့ပြည်ထောင်စုသား တိုင်းရင်းသား တစ်စုအနေနဲ့ တန်းတူအခွင့်အရေးတွေ မပိုမေလျာ့ အတူတူခံစားခွင့်ရှိကြောင်း ကြေညာခဲ့တယ်။ ၁၉၅၄ ခု စက်တင်ဘာလ ၂၅ ရက် ညနေ ၈ နာရီ နိုင်ငံတော်အသံလွင့်ဌာနမှ ဝန်ကြီးချုပ်ဦးနုက "....စစ်တွေခရိုင်အတွင်း နေထိုင်ကြတဲ့ ပြည်ထောင်စုသားများမှာ များသောအားဖြင့် ရိုဟင်ဂျာအမျိုးသားများဖြစ်ကြပြီး မွတ်စလင်(မ်) များ ဖြစ်ကြပါတယ်" လို့ သူတို့ရဲ့အခွင့်အရေးဆိုင်ရာ မိန်းခွန်းပြောကြားခဲ့တယ်။

အလားတူ ၁၉၅၉ ခု အောက်တိုဘာလ ၃-၄ ရက်တွင် နိုင်ငံတော်ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေကလည်း "ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် ကဲ့သို့ပင် ရိုဟင်ဂျာလူမျိုးများသည်လည်း တိုင်းရင်းသားလူမျိုးတစ်မျိုး ဖြစ်ကြသည်။" လို့ ရိုဟင်ဂျာလူမျိုး၏ အခွင့်အရေးဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့တယ်။ ဒီခြေလှမ်းက ရခိုင်ပြည်ရဲ့ ပူခြိုက်ခြိုက်အခြေအနေမှာ လေပြည်ယူဆောင်လာခဲ့တယ်။

ဒုတိယခြေလှမ်းအနေနဲ့ ၁၉၆၁ ခု မေလ ၁ ရက်နေ့မှာ အစိုးရကဘိနက်ရဲ့ တညီတညွတ် ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာအများစု နေထိုင်တဲ့မယု​ဒေသကို ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ ပြီးတော့ တိုင်းရင်းသားတစ်စုအနေနဲ့  ရထိုက်ရသင့်တဲ့ အခွင့်အရေးတွေမှာ ချွက်ယွင်းနေတဲ့ဟာတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့တယ်။ ကျောင်းသုံးပြဌာန်းစာအုပ်တွေမှာ ဖော်ပြခြင်း၊ စွယ်စုံကျမ်းမှာ ဖော်ပြခြင်း(၁၉၆၄)၊ ၁၉၆၁ ခုနှစ် မေလ ၁၅ ရက်မှာ ရိုဟင်ဂျာဘာသာစကားနဲ့  ဗမာ့အသံကနေ ရေဒီယိုအသံလွင့်ခြင်း၊ အစိုးရလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ တန်းတူညီမျှ အလုပ်ခန့်ခြင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ပေးခြင်း၊ ရိုဟင်ဂျာ ရိုးရာယဥ်ကျေးမှုတွေကို အမြတ်တနိုးပြသခွင့်ပေးခြင်း စတဲ့ အခွင့်အရေးတွေကို ဘယ်ကန့်ကွက်မှုတစ်မတ်တစ်စေ့မှ မရှိဘဲ တညီတညွတ်တည်း ဖော်ဆောင်ပေးခဲ့ကြတယ်။ 

အစိုးရရဲ့ ဒီဗျူဟာကျကျဖြေရှင်းချက်က ဘယ်လောက်အထိ ထိရောက်ခဲ့သလဲဆိုရင် မီးတဟုန်းဟုန်း တောက်နေတဲ့ ရခိုင်ပြည်ကြီးဟာ ငြိမ်သက်သွားပြီးတော့ လုံးဝအေးချမ်းသာယာ သွားခဲ့တယ်။ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ (မူဂျာဟစ် = စစ်သူရဲ )တွေမှာလဲ လက်နက် ကိုင်ထားစရာ အကြောင်းမရှိတော့ဘူး။ တိုင်းပြည်က အေးချမ်းသွားပြီလေ။ ဒီတော့ လက်နက်ကိုင်အဖွဲ့တွေကလည်း ၁၉၆၁ ခု ဇူလိုင်လ ၄ ရက်မှာ တစ်သုတ်၊ ၁၉၆၁ ခု နိုဝင်ဘာလ ၁၅ ရက်မှာတစ်သုတ် ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီး၊ ဒုဗိုလ်မှူးကြီးကျော်စိုး၊ ရခိုင်တပ်ပေါင်းစုမှူးချုပ် ဒုဗိုလ်မှူးကြီးရဲခေါင်နဲ့ ဒုတပ်ရင်းမှူးဗိုလ်မှူးအံ့ကြွယ်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီ သန်းဖေစတဲ့ တပ်မတော်အရာရှိကြီးတွေလက်အောက်တွင် အေးအေးချမ်းချမ်း လက်နက်ချကာ အလင်းဝင်လာခဲ့ကြတယ်။ လက်နက်ချအခမ်းအနားတွေကို အုတ်အုတ်ကြားကြား ကျင်းပခဲ့တယ်။ လက်နက်ကိုင်အဖွဲ့လည်း မရှိတော့ဘူး။ စစ်ပွဲစစ်မက်တွေလည်း နိဂုံးချုပ်ခဲ့လေပြီ။ အနောက်ဝေဟင်ကောင်းကင်မှာ လေပြည်တွေ သန်းလာခဲ့တယ်။ တပ်မတော်ရဲ့ မြဝတီမဂ္ဂဇင်း၊ ခေတ်ရေးစာစောင်၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတွေမှာ "မေယုနယ်မှာလေ ဘယ်လိုအခြေ ရှိပါလိမ့်"၊ "မေယုနယ်ခြားခရိုင် အေးချမ်းလေပြီ" စတဲ့ ဆောင်းပါးတွေ၊ ဗိုလ်ချုပ်အောင်ကြီးက "ကျွန်တော်ဖြေရှင်းခဲ့ရသော ရိုဟင်ဂျာပြသနာ" စတဲ့အောင်ပွဲခံ ဆောင်းပါးတွေ၊ မောင်သံလွင်ရဲ့ "ရခိုင်ကုလား သို့မဟုတ် ရိုဝန်ဂါ"(၁၉၆၀) စတဲ့ဆောင်းပါးတွေ မြန်မာ့စာနယ်ဇင်းစာမျက်နှာတွေမှာ ဝေဆာလာခဲ့တယ်။  ဒီလိုနည်းနဲ့ ဦးနုအစိုးရနဲ့ ခေါင်းဆောင်ကြီးတွေက ရိုဟင်ဂျာအရေးကို အောင်အောင်မြင်မြင် စနစ်တကျ ဖြေရှင်းပေးခဲ့တယ်။

ဒီငြိမ်သက်ပြေလည်ခဲ့တဲ့ ပြနာ ဘယ်လိုပြန်ပေါ်လာသလဲဆိုရင် ကြိုးကိုင်ရှင် စစ်အုပ်စုရဲ့ ကျေးဇူးကြောင့်ပေါ့။

အာဏာရှင်ဗိုလ်နေဝင်းက တိုင်းပြည်အာဏာကို မတရားသိမ်းလိုက်တဲ့အခါ အာဏာအဓွန့်ရှည် တည်မြဲရေးအတွက် လမ်းစတွေ စဥ်းစားလာတယ်။ မတရားတဲ့အာဏာ ချုပ်ကိုင်ထားဖို့အတွက် တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင်တော့ လုပ်ရမှာလေ။ သွေးခွဲအုပ်ချုပ်ရေးက ထိရောက်တယ်။ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေကို လိုက်လံဖမ်းဆီး ထောင်ချတယ်။ သူက လူမျိုးရေးဘာသာရေးကို အခြေခံတဲ့ အင်မတန် ထိရှလွယ်တဲ့ အနာဟောင်းကို ဆားခတ်လာခဲ့တယ်။ အေးချမ်းနေတဲ့ ရခိုင်ပြည်နယ်ကို ပြန်လည် အမုန်းလှိုင်း ခတ်ပေးတယ်။ ရိုဟင်ဂျာတွေကို ပစ်မှတ်ထား နှိပ်စက်လာခဲ့တယ်။ ရခိုင်-ရိုဟင်ဂျာ သဟဇာတကို ပျက်ပယ်သွားအောင်၊ အချင်းချင်းအမုန်းအာဃာတာပွားလာအောင် လုပ်ကြံသမိုင်း ဂျင်းပုပ်တွေနဲ့ ပြန်လည်အသက်သွင်းပေးခဲ့တယ်။ ချက်ချင်းတူး ချက်ချင်းသောက် သလိုတော့ မဟုတ်ဘူး။ အချိန်ကြာဆွဲ စီမံကိန်းတွေ စနစ်တကျချမှတ်ပြီးတော့ နည်းဗျူဟာမျိုးစုံနဲ့ ဖိနှိပ်လာခဲ့တယ်။ ၁၉၇၈ မတိုင်ခင်မှာ သူကတောင် ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ဘူး။ လူမျိုးရေးဘာသာရေးဖက်ကိုပဲ မီးမွေးလေပင့်ပေးခဲ့တာလောက်ပါပဲ။ ကုလားကို နှိမ်နေတာဆိုတော့ ဒီစီမံကိန်းမှာ သူ့ရဲ့ ဂျင်းမိတဲ့ ပြည်သူတွေလည်း ရှိခဲ့ရာ ထောက်ခံအားပေးမှုလည်း ရရှိခဲ့တာပေါ့။ ဆက်လက်၍ မတရားဥပဒေအမျိုးမျိုးဖွဲ့ပြီး ရိုဟင်ဂျာတွေရဲ့ တရားဝင်ရရှိခဲ့တဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ခုပြီးတစ်ခု အာဏာရှင်ယုတ်ဆန်ဆန် မတရားပြန်လည်လုယူခဲ့တယ်။ လူမျိုးစုစာရင်း ၁၃၅ မျိုးလို့ ကိုယ့်မြင်းကိုယ်စိုင်းသလို သူတို့စိတ်လိုရာပြုစုပြဌာန်းပြီး ရိုဟင်ဂျာလူမျိုးကို ဖယ်ထုတ်ခဲ့တယ်။ အမျိုးသားရေးမျိုးချစ်တုတ်ကို အသုံးပြုပြီး ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲအောင် ကလိမ်ကကျစ် ဝါဒဖြန့်ခဲ့တယ်။ ၁၉၈၂ ဥပဒေကို ဖွဲ့စည်းပြီး ဒီလူတွေဟာ နိုင်ငံခြားသားတွေ၊ နယ်မြေလုနေတာ ဆိုတဲ့ ဝါဒမှိုင်းတိုက်ပေးခဲ့တယ်။ အစအစမှာတော့ ကုလား ဆိုပြီး နှိပ်ကွပ်ခဲ့ရာ ခေါတော ဆိုလို့တစ်မျိုး၊ နောက်ပိုင်းမှာ ဘင်္ဂလီ မှ ဘင်္ဂလီကုလား မှ ခိုးဝင်ဘင်္ဂလီ အထိ အောက်ကျစေတဲ့ နာမည်တွေ သုံးလာခဲ့တယ်။ ဒီလို ယုတ်မာတဲ့နည်းနဲ့ ယခင်အစိုးရ ခေါင်းဆောင်တွေက သွေးချွေးကုန်ခမ်း ကြိုးပမ်းဖြေရှင်းပေးခဲ့တဲ့ ရိုဟင်ဂျာအရေးကို တဖန်မီးစလောင်စေခဲ့သတဲ့။

ဒီနေရာမှာ စွပ်စွဲချက်တစ်ချက်နှစ်ချက်ကို သံသယကင်းအောင် ထောက်ပြပေးချင်တယ်။ ပထမအချက်က အာဏာရှင်နေဝင်းရဲ့ ယုတ်မာမှုတွေကို တစ်ချို့ မွတ်စလင်မုန်းတီးတဲ့ အစွန်းရောက်မျိုးချစ်တွေက ကျေးဇူးတင်ကြတယ်။ အမျိုးကို ကယ်တင်ပေးတယ်လို့ ယူဆကြတယ်။ ဝမ်းနည်းစရာ။ တကယ်တော့ မျိုးချစ်တစ်ဖက်ကန်းတွေမှာ မြင်နိုင်စွမ်း အားနည်းနေတာဖြစ်တယ်။

တကယ်လို့ ရိုဟင်ဂျာတွေကို ဒီပြည်ဖွား မဟုတ်လို့ အာဏာရှင်အုပ်စုက နင်ထုတ်ချင်တာဆိုရင် ၁၉၇၈ ခုမှာ မတရားနှိပ်စက်မှုကြောင့် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်လာစရာအကြောင်းမရှိဘူးလေ။ ကိုယ့်ပြည်က မဟုတ်တဲ့ လူတစ်စုကို ဘယ်နိုင်ငံတကာ စကားမှနားမထောင်တဲ့ အာဏာရှင်က အလကားခေါ်လာမှာ မဟုတ်ဘူး။ အဲ့တုန်းကလဲ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ပဲ လက်ခံခဲ့တာကိုး။ အာဏာရှင်ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့ အာရုံလွဲရန် တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ကာ အာဏာချုပ်ကိုင်ထားရေးသာ အဓိက ဖြစ်တယ်။ ဒါကို နားမလည်မိလို့ စစ်အုပ်စုရဲ့ အဓမ္မ အာဏာသိမ်းမှုကို ထပ်တလဲလဲ ခံနေရတာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဓါးစားခံဖြစ်နေရတာမဟုတ်လား။ ထောင်နဲ့ မြေကြီး နေရာမလပ် ဖြစ်နေတယ်။

ဒုတိယအချက်က မျိုးချစ်တွေ ဂျင်းထည့်တဲ့ အစ္စလာမစ်နိုင်ငံအဖြစ်နဲ့ ခွဲထွက်ရေး ဖြစ်တယ်။ တကယ်လို့ ရိုဟင်ဂျာ လက်နက်ကိုင်တွေက ခွဲထွက်ဖို့ တော်လှန်တာ ဖြစ်မယ်ဆိုခဲ့ရင် အလင်းပြန်ဝင်စရာ အကြောင်း မရှိပါဘူး။ ဘယ်လို အခွင့်အရေးတွေ ပေးပေး အလုံးအရင်း လက်နက်ချမှာတော့ မဟုတ်ဘူးလေ။ မတရားမှုကို တွန်းလှန်တော်လှန်ဖို့အတွက်သာ လက်နက်ကိုင်ကြတာဖြစ်လို့ တန်းတူညီမျှမှု ရရှိသွားတဲ့အခါ အလင်းဝင်ကြတာပဲ မဟုတ်ပါလော့။

နောက်တစ်ချက်က ဦးနုက မဲနိုင်ဖို့အတွက် အရှေ့ပါကစ္စတန်က ခေါ်လာတဲလူလို့ ပုဇွန်ဦးနှောက်နဲ့ မျိုးချစ်အချို့က စွပ်စွဲတာလည်း တွေ့ရတယ်။ ယုတ္တိမရှိတဲ့စကားပါပဲ။ ဒီနိုင်ငံအတွက်ဦးနုရဲ့ပေးဆပ်မှုလည်း မနည်းလှဘူး။ အဲဒီလိုခေါင်းဆောင်ကြီးတစ်ယောက်က မဲလိုချင်လို့ တိုင်းပြည်ကို သစ္စာဖောက်မှာဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံနိုင်စရာမဟုတ်ပါဘူး။ ယုတ္တိရှိရှိ စဥ်းစားကြည့်ရင်လည်း အဖြေက ပေါ်လွင်ပါတယ်။ မေယုဒေသမှာ ဘယ်ခေတ်က ကြည့်ကြည့်ရခိုင်လူဦးရေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတာကိုး။ ဘယ်ရွေးကောက်ပွဲလုပ်လုပ် မူစလင်တွေ ထောက်ခံတဲ့အုပ်စုကပဲ အနိုင်ရမှာလေ။ အဲဒီမှာ လူသွင်းပြီးတော့ အနိုင်ရကောင်းလား။ ဆင်ဆင်ခြင်ခြင် စွပ်စွဲကြပါ မျိုးချစ်ရာ။

ဆက်လက်ပြီးတော့ အာဏာရှင်နေဝင်းရဲ့ ရိုဟင်ဂျာ ချေမုန်းရေး စီမံကိန်းကို နောက်တက်လာခဲ့တဲ့ စစ်ခေါင်းကြီးတွေက သစ္စာရှိရှိ လက်ဆင့်ကမ်း အကောင်အထည်ဖော်ပေးခဲ့တယ်။ ပြည်သူကို အမှန်တရားအမှောင်ချပြီး ဂျင်းချိုချိုနဲ့ နိုးဆော်ခဲ့တယ်။ ပညာတတ်၊ ပညာမဲ့၊ ဆင်းရဲချမ်းသား လူတန်းစားအလွှာအားလုံး စစ်ဂျင်းမိခံရကာ ရိုဟင်ဂျာတွေရဲ့ ဘဝကို ဝိုင်းဝန်းမောင်းခတ် ရိုက်ချိုးခဲ့လေတယ်။ ဘယ်လောက်အထိ ယုတ်မာလာခဲ့သလဲဆိုရင် တိရိစ္ဆာန် သန်းခေါင်စာရင်းတောင် ကောက်ယူသေးတယ်။ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ တရစပ် ဖြစ်ပေါ်လာအောင် လုံ့ဆော်ခဲ့တယ်။ ၂၀၁၇ ခုမှာ လူမျိုးတုန်း သတ်ဖြတ်မှုအထိတောင် လက်လွန်ခဲ့တယ်။ အေးချမ်းသာယာတဲ့ ရခိုင်ပြည်ကြီး ပြန်လည်ငရဲဘုံဖြစ်လာခဲ့တယ်။ ဒါက စစ်အုပ်စုနဲ့ စစ်ကျွန်သပေါက်တို့ရဲ့ ကျေးဇူးကြောင့်ပဲလေ။

အချုပ်အနေနဲ့ ရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်ကပင် အမြစ်တွယ်လာခဲ့တာတော့ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက ပျိုးလိုက်တဲ့ ဂျင်းစေ့ရဲ့ ကျေးဇူးကြောင့်သာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီပြသနာ ဖြေရှင်းဖို့ဆိုရင် ဘာသာရေး၊ လူမျိုးရေးကို ဘေးဖယ်ထားပြီးတော့ လူသားဆန်ဖို့က အရေးကြီးတယ်။ လူကိုလူလို မြင်ပြီးတော့ ယခင်အစိုးရရဲ့ နည်းဗျူဟာတွေကို စနစ်တကျ ကျင့်သုံးမယ်ဆိုရင် ရခိုင်ပြည်မှာ ငြိမ်းချမ်းရေးရောင်နီ ပြန်လည်ပျိုးပါလိမ့်မယ်သတဲ့။


လူထုဝဏ္ဏ
(၁၃-၇-၂၀၂၃)
ကိုးကား

- ပြည်ထဲရေးဌာနပြန်ထမ်းစာ ၁၉၄၉၊ ဇူလိုင်လ ၃၀ရက်

- နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ အသံလွင့်မိန့်ခွန်း

- တပ်မတော်ခေတ်ရေးစာစောင် အတွဲ ၁၂၊ အမှတ် (၆)

- နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး၏ မိန့်ခွန်း

- နှစ် ၃၀ မြန်မာ့အသံ ၊ ဦးကျော်ညိန်း (မာတလိ)၊ စာမျက်နှာ ၇၁

 

 

Monday, June 19, 2023

ကိုလိုနီခေတ် ပညာရေးစနစ်နှင့် အာရကန် မဟာမေဒင် အူရဒူကျောင်း ပေါ်ပေါက်လာခြင်း


ကိုလိုနီခေတ် ပညာရေးစနစ်နှင့် အာရကန် မဟာမေဒင် အူရဒူကျောင်း


ကိုနီခေတ်မတိုင်မီ အာရကန်ပြည်တွင် မက်သပ်ကျောင်းပညာရေး (Maktab Education)နှင့် ဘုန်းကြီးကျောင်းပညာရေး (Monastic Education) ထွန်းကားလျက်ရှိခဲ့တယ်။ မက်သပ်ကျောင်းပညာရေးမှာကျတော့ ဟဖိဇ်ခါနာ၊ အခြေခံသာသနာ့ပညာတွေ အကျုံးဝင်တယ်ပေါ့။ အဆင့်မြင့်ဘာသာရေးပညာသင်ကြားတဲ့ ကျောင်းတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ လက်ချိုးရေတွက်လောက်အောင်ပေါ့။ ဒီစာသင်ကျောင်းတွေမှာ ဘာသာရေးကိုအခြေခံတဲ့စာတွေ၊ လောကနီတိလောက်ပဲ သင်ကြားပေးတာဖြစ်တယ်။ လောကဓာတ်ဆိုင်ရာ ဘာသာရပ်တွေ မရှိခဲ့ဘူး။ 

မဟာမေဒင်ကျောင်းအကြောင်း မပြောမီ ဦးစွာ အနောက်တိုင်းပညာရေးစနစ် ဗမာပြည်မှာ ဘယ်လို မိတ်ဆက်လာခဲ့သလဲဆိုတာ အကျဉ်းမျှပြောပါရစေ။ ၁၈၂၄ ခုတွင် အာရကန်ပြည်နှင့် တနင်္သာရီကို အင်္ဂလိပ်တွေက ကျူးကျော်သိမ်းပိုက်ခဲ့တယ်။ သူတို့က အုပ်ချုပ်ရေး၊ အာဏာတည်မြဲရေး၊ ဥပဒေစိုးမိုးရေးတွေ ခိုင်မြဲလာအောင် အစီအစဉ်တကျ အဆင့်ဆင့် လုပ်လာကြတာပေါ့။ ၁၈၆၈ ခုနှစ်တွင် ဗမာပြည်ဆိုင်ရာ မဟာမင်းကြီး ဆာ့အာသာပီးယား (Sir Arthur Phayre) က အိန္ဒိယဗဟိုအစိုးရရဲ့ ညွှန်ကြားချက်အရ မြန်မာ့ပညာရေးစနစ်နဲ့ပတ်သက်ပြီးတော့ အစီရင်ခံစာတစ်ခု ပြုစုခဲ့တယ်။ သူက ဒေသန္တရပညာရေးစနစ်တွေနဲ့ ယှဉ်တွဲပြီးတော့ အနောက်တိုင်းပညာရေးစနစ်ကို သင်ကြားစေချင်ခဲ့တယ်။ ဒီဒေသတွေရှိ ရှေးရိုးစဉ်လာ ပညာရေးစနစ်တွေဟာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူတယ်လို့ သူမမြင်ဘူး။ ဒါနဲ့ ၁၈၆၄-၁၈၆၅ ခုမှာ အချက် ၅ ချက်ပါတဲ့ ပညာရေးမူဝါဒတစ်ခုကို ချမှတ်အတည်ပြုခဲ့တယ်။ 

၁။ အခြေခံမူလတန်းပညာရေးဟာ လူထုကြားတွင် ပျံ့နှံ့စေရေးအတွက် ဒေသန္တရတိုင်းရင်းဘာသာစကားကို သင်ကြားရေးကြားခံအဖြစ်အသုံးပြုရန်၊

၂။ မူလတန်းပညာရေး သင်ရိုးညွှန်းတမ်းတွင် ဖတ်ခြင်းနှင့် ရေးခြင်းအပြင် အခြေခံဂဏန်းသင်္ချာ၊ မြေတိုင်းတာခြင်း၊ ပထဝီဝင်၊ နက္ခတ္တဗေဒနှင့် ကမ္ဘာ့သမိုင်းအကျဉ်းများပါဝင်ရန်၊

၃။ ပညာရေးစနစ်သစ် သင်ကြားရန် ယခင်ကျောင်းများကို အသုံးပြုရန်၊

၄။ ယင်းကဲ့သို့ ဘာသာရပ်များကိုသင်ကြားရန်အတွက် ဘုန်းကြီးများကို မိတ်ဆင်ပေးရန်အလို့ငှာ

(က) သူတို့အား မြန်မာဘာသာစာအုပ်များဖြင့် ပံ့ပိုးရန်

(ခ) အရည်အချင်းပြည့်မီသော မြန်မာစာပြဆရာများ ခန့်အပ်ကာ သင်ကြားမှုကို ရံဖန်ရံခါ ကြီးကြပ်ကြည့်ရှူရန်

၅။ တစ်လလျှင် ရူပီး ၃၉ ဖြင့် မြန်မာစာပြဆရာလေးဦးလျှင် ဒါရိုက်တာတစ်ဦး ခန့်အပ်ရန် 

စတဲ့ အချက် ၅ ချက်ပါဝင်ခဲ့တယ်။

ဆာ့အာသာပီယားရဲ့ မူဝါဒက ဒေသန္တရပညာရေး(Vernacular Education)ကို ဘုန်းကြီးကျောင်းပညာရေးနှင့် လိုက်လျောညီထြွေဖစ်အောင် ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ အနောက်တိုင်းပညာရေးစနစ်ရဲ့ ခေတ်မီနည်းလမ်းတွေနဲ့ ဘာသာရေးကျောင်းပညာရေးဟာ အင်မတန် ကွာခြားလှတယ်။ တခြားစီးဖြစ်နေတယ်။ 

ဒီစနစ်ကို အသက်သွင်းရန် ၁၈၆၆ ခုတွင် ဆာ့အာသာပီးယားက မစ္စတာ ဂျီ၊ အပ်ခ်ျ၊ ဟော့ (Mr. G.H Hough)ကို လူထုပညာရေးသင်ကြားမှုအတွက် ပထမဆုံးညွှန်ကြားရေးမှူးအဖြစ်ခန့်အပ်ခဲ့တယ်။ သူရဲ့ကျန်းမာရေးအခြေအနေ ဆိုးဝါးမှုကြောင့် ဒီဇင်ဘာလ ၆ ရက်တွင် မစ္စတာ ပီ၊ ဟိုဒင် (Mr. P. Horden)ကို တာဝန်လွဲပေးကာ ရှေ့ဆက်ခဲ့တယ်။ ဒါပေမဲ့ အာသာရဲ့ ပညာရေးမူဝါဒသစ်ဟာ အောင်မြင်မှု မရခဲ့ဘူး။ အကြောင်းကား ဘာသာရေးကျောင်းတွေက အနောက်တိုင်းပညာရပ်တွေကို လက်မခံဘူး။ သူချမှတ်ပေးတဲ့အစီအစဉ်တွေကို မလိုက်နာခဲ့ကြချေ။

အဲ့ဒါကြောင့် အင်္ဂလိပ်အစိုးရက ထောက်ပံ့ကြေးစနစ်(Grant In Aid)ပါဝင်တဲ့ ဘာသာရေးလွမ်းမိုးမှုကင်းတဲ့ Secular Education စနစ်တစ်ခုကို ရှာဖွေခဲ့တယ်။ ဒီတော့ အိန္ဒိယမှာ ကျင့်သုံးနေတဲ့ ကိုလိုနီပညာရေး မက္ကောလေးစနစ် (Macaulay Scheme)ကို မြန်မာပြည်တွင် အသက်သွင်းပေးခဲ့တယ်။ ဒီအိန္ဒိယဘုရင်ခံချုပ် မက္ကောလေးရဲ့ မူဝါဒကျတော့ အရှေ့တိုင်းပညာရေးကို ဦးစာပေးမယ့်အစား အနောက်တိုင်းပညာကို ဦးစားပေးခြင်းဖြစ်တယ်။ အုပ်စိုးသူတွေနဲ့ အုပ်ချုပ်ခံလူထုကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်နိုင်ဖို့ အင်္ဂလိပ်လိုကျွမ်းကျင်ပြီး အင်္ဂလိပ်တွေနဲ့ ကိုယ်စိတ်သဘောထားတူညီတဲ့ စာရေးစာချီ လူတန်းစားတစ်ရပ်ကို မွေးထုတ်ပေးရန်သာဖြစ်တယ်။ 

ဒီပညာရေးမူဝါဒမှာတော့ ကျောင်းအလိုက် အဆင့်တွေခွဲလျက် ဆရာ၊ ကျောင်းသုံးပရိဘောဂ၊ ကျောင်းအသုံးစရိတ် စတာတွေအတွက် အထောက်အပံ့ကြေးတွေ ပေးကြတယ်။ 

ဒီပညာရေးအစီအစဉ်သစ်က အဆင့်ပြေခဲ့တယ်။ တဖြေးဖြေး ဘာသာရေးကျောင်းတွေ ဒေသန္တရမူလတန်းကျောင်းတွေ (Vernacular School) ဖြစ်လာခဲ့တယ်။ ခရစ်ယာန်မစ်ရှင်နာရီဘုန်းကြီးကျောင်းတွေ အင်ဂလိုမူလတန်းကျောင်းဖြစ်လာခဲ့တယ်။ ၁၉၂၀ ခု ဒီဇင်ဘာလမှာ ရန်ကုန်တက္ကသိုလ် ဖြစ်ဖော်လာခဲ့တ်။ ဒါဆို ပြည်စုံသွားပြီပေါ့။

ကဲ… ရခိုင်ပြည်ရှိ မဟာမေဒင်အူရဒူကျောင်းတွေကလည်းပဲ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစနစ်သစ်ကနေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ ဒေသန္တရပညာရေးစနစ်သစ်ကို အာရကန်ပြည်ရှိ မွတ်စလင်တွေနေထိုင်တဲ့ဒေသမှာ အကောင်အထည်ဖော်နေချိန်မှာ အဲဒီဒေသတွေမှာ မက်သပ်ကျောင်းပညာရေးစနစ် ထွန်းကားနေတာဖြစ်တယ်။ မက်သပ်ကျောင်းတွေမှာ သင်ကြားတဲ့ သာသနာ့ပညာရပ်တွေ၊ ကျမ်းစာတွေဟာ အာရဗီစာ၊ အူရဒူစာနဲ့ သင်ကြတယ်။ မက်သပ်ကျောင်းထွက်တွေကျတော့ အူရဒူနဲ့ အရေးအဖတ် အဆင်ပြေကြတယ်။ တစ်ဖက် အိန္ဒိယက ပညာသင်လာတဲ့ ပညာတတ်တွေလည်း များပြားတယ်။ 

ဒီတော့ အင်္ဂလိပ်အစိုးရက ပညာရေးစနစ်သစ်ကို ကမ်းလှမ်းလာတဲ့အခါ အာရကန်မွတ်စလင်တွေက အူရဒူစာကို လက်ခံတာများကြတယ်။ ဗမာစာကို ထောက်ခံတဲ့ အုပ်စုတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရက မက်သပ်ကျောင်းပညာရေးစနစ်နှင့် ယှဉ်တွဲပြီးတော့ အနောက်တိုင်းပညာရေးကို သင်ကြားစေချင်တယ်။ ဒါနဲ့ မက်သပ်ကျောင်းတွေမှာ သုံးတဲ့ အူရဒူစာကို သင်ကြားရေးကြားခံအဖြစ် သတ်မှတ်ပေးခဲ့တယ်။ အိန္ဒိယမှ မဟာမေဒင်ကျောင်းတွေမှာ ပို့ချတဲ့ သင်ရိုးတွေကို အူရဒူကျောင်းတွေမှာ မိတ်ဆက်ပေးခဲ့တယ်။ အဲ့ဒီကျောင်းများကို ဗဟိုပညာမင်းကြီးကပဲ ကြီးကြပ်တယ်။ အဆင့်တွေအနေနဲ့ မူလတန်းအခြေခံအဆင့်မှာ ၂ တန်း၊ အထက်မူလတန်းအဆင့်မှာ ၁တန်းကနေ ၄ တန်း အထိပါဝင်တယ်။ အလယ်တန်းဆင့်မှာတော့ ၅တန်းကနေ ဆယ်တန်းအထိ ပါဝင်ခဲ့တယ်။ ဒီလိုနဲ့ အူရဒူကျောင်းတွေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ 


အင်္ဂလိပ်လက်ထက်က ဗမာပြည်ရဲ့ မဟာမေဒင်အူရဒူကျောင်းနဲ့ ပတ်သက်လို့ သမိုင်းမှတ်တမ်းတွေမှာ ထင်ထင်ရှားရှားရှိနေတယ်။ ၁၉၁၇ ခု RB Smart ရဲ့ Gazetteer of Akyab၊ အူရဒူကျောင်းများ ပိုဒ်ခွဲခေါင်းစဉ်အောက်တွင် "ကိုလိုနီခေတ် ၁၈၉၄ ခုနှစ်တွင် ကျောင်းသူကျောင်းသား ယောက်ျား ၃၃၀ ယောက်နှင့် မိန်းကလေး ၄၅ ယောက်ရှိသော အူရဒူကျောင်း ၉ ကျောင်းသာရှိခဲ့သည်။ ထိုကျောင်းများသည် ထိုအချိန်က မြန်မာကျောင်းများ၏ ဒု-စစ်ဆေးရေးမှူး၏ ကြီးကြပ်မှုအောက်တွင် ရှိခဲ့သည်။ မဟာမေဒင်ကျောင်းများအတွက် အထူးဒုတိယစစ်ဆေးရေးမှူးတစ်ဦးခန့်အပ်ခြင်းကား စစ်တွေခရိုင်ရှိ မဟာမေဒင်ပညာရေးကို တွန်းအားဖြစ်စေခဲ့သည်။

၁၉၀၂ ခုနှစ်တွင် ကျောင်းပေါင်း ၇၂ ကျောင်းရှိလာပြီး ကျောင်းသား ၁၄၇၄ ယောက်နှင့် ကျောင်းသူ ၁၀၄ ယောက် အသီးသီး တက်ရောက်ခဲ့ကြသည်။ ထို့နောက် မဟာမေဒင်ပညာရေးသည် နောက်ကြောင်းတပြန် ဆုတ်ယုတ်လာခဲ့သည်။ အကြောင်းမူကား ပြည်နယ်တစ်ခုလုံးကို တာဝန်ခံသည့် ဒု-စစ်ဆေးရေးမှူးသည် လမ်းပန်းဆက်သွယ်ရေးမကောင်းသော ခရိုင်ဒေသများကို လျစ်လျူရှုကာ ခရီးသွားလာရေး အဆင်ပြေသည့် အခြားဒေသများသို့သာ အချိန်ကုန်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ ရလဒ်မှာ ၁၉၁၂ ခုအထိ မဟာမေဒင်ကျောင်းများနှင့် ကျောင်းသားဦးရေသည် တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ် မဟောမဒန်ကျောင်းများအတွက် ဒု-စစ်ဆေးရေးမှူးတစ်ဦး သီးသန့် ခန့်အပ်ခဲ့ရသည်။ ဤအရာရှိအား ခန့်အပ်ခြင်းဖြင့် မဟောမဒင်ပညာရေးကို ဘဝအသစ်ပေးအပ်ခဲ့သည်။ ချက်ချင်းပင် ကျောင်းပေါင်း ၆၈ ကျောင်းရှိလာပြီး ကျောင်းသားကျောင်းသူ ၁၈၄၉ ယောက်နှင့် ၁၇၉ ယောက် အသီးသီး တက်ရောက်ကြသည်။ ၁၉၁၂ ခုတွင် မောင်တောနှင့် ဖွေဒါတွင် District Cess Mahamedan စာသင်ကျောင်း နှစ်ခုကိုလည်း တည်ထောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုကျောင်းကို ကောင်းတုတ်(Kaungdauk)သို့ ပြောင်းရွေ့ပြီး ယင်းနေရာတွင် ကျောင်းဆောင်အသစ်တစ်ဆောင်ကို ရူပီးငွေ ၁၅၀၀ ဖြင့် ဆောက်လုပ်ပေးခဲ့သည်။ ထိုဆောက်လုပ်စရိတ်တွင် ရွာသားများက ရူပီး ၃၀၀ လှူဒါန်းခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ကျောင်းသား ၁၀၅၅ ဦး ရှိသည့် ပုဂ္ဂလိကကျောင်း ၁၈၇ ကျောင်း ရှိပြီး ၁၉၁၃ ခုတွင် စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအရ ကျောင်းပေါင်း ၁၇၅ ကျောင်း ရှိပြီး ကျောင်းသားကျောင်းသူ ၂၈၃၉ ဦး ရှိကြောင်း သိရသည်။" ဟု ၁၈၉၄ မှ ၁၉၁၃ ခုအထိ အင်္ဂလိပ်လက်အောက် မဟာမေဒင်ကျောင်းများနှင့် ကိုယ်ထူကိုယ်ထ ပုဂ္ဂလိကကျောင်းများ၏အခြေအနေကို အသေးစိတ်ဖော်ထားသည်။ 

၁၉၂၀ ပထမကျောင်းသားသပိတ် နောက်ပိုင်း အင်္ဂလိပ်ပညာရေးကို ဆန့်ကျင်ကာ အမျိုးသားကျောင်းတွေ ထူထောင်လာတဲ့အခါ ဒီအူရဒူကျောင်းတွေဟာ တဖြည်းဖြည်း အားပျော့လာခဲ့တယ်။ ပုဂ္ဂလိကကျောင်းများ ပို၍ အားကောင်းလာခဲ့တယ်။ ပုဂ္ဂလိကကျောင်းအချို့ကို တစ်ပြည်လုံးစံစနစ်အတိုင်း အမျိုးသားကျောင်းအဖြစ် ပြောင်းလဲကာ မြန်မာစာကို ဦးစာပေးသင်ကြားပေးလာတယ်။ အချို့ပုဂ္ဂလိကကျောင်းတွေမှာ ယနေ့တွေ့ရှိနေရတဲ့ မဒ်ရာဆာကျောင်းများအဖြစ် အသွင်းပြောင်းလာခဲ့လေတယ်။ 


အာရကန်ပြည်ရဲ့ ပညာရေးတိုးတက်လာအောင် ကြိုးပမ်းခဲ့သူတွေထဲမှာ မွတ်စလင်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလှတယ်။ အဲလိုပညာရေးတိုးတက်အောင် ဦးဆောင်လှုပ်ရှားခဲ့တဲ့ သံတွဲက ဦးဘရှင် ဆိုရင် ဗမာတစ်ပြည်လုံးအသိ မော်ကွန်းဝင် ပုဂ္ဂိုလ်ပါပဲ။ စစ်တွေမြို့က ဆရာကြီး ဦးဇိုင်နောဒ္ဒိန်း၊ စစ်တွေအမျိုးသားကျောင်းအုပ်ဖြစ်တယ်။ သမိုင်းသုတေသီ ခါလိလုရ်ရာမာန်၊ စစ်တွေခရိုင်မဟာမေဒင်ဆရာဖြစ်သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးဖြစ်တယ်။ ကျောက်တောမှ အဒူရာမာန်ကာဇီ၊ ဘူးသီးတောင်မှ အတွင်းဝန် အဒူဂဖါး၊ ဘော်လီနယ်မှ ဦးအာမီရ်အာလီမျာ၊ မောင်တောမှ မြို့ဝန် အူမောမျာ စတဲ့သမိုင်းဝင်ပုဂ္ဂိုလ်ထူးတွေရဲ့ ကိုယ်ကျိုးမဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ရခိုင်ပြည်အနှံ့အပြား၌ သမိုင်းသက်သေအဖြစ် ထိန်ထိန်ဝါဝါ တောက်ပလျက်ရှိနေပါတယ်။

ရင်နာစရာအကြောင်းကတော့ အာရကန်မွတ်စလင်တွေရဲ့ ဒီမက်သပ်ကျောင်းပညာရေးစနစ်အကြောင်း၊ အူရဒူကျောင်းတွေအကြောင်း မြန်မာ့သမိုင်းရေးဆရာတွေက မသိကျွန်ပြုကာ တမင်တကာ လျစ်လျူရှူ ဖုံးဖိထားတယ်။ ကိုလိုခေတ်က ဗမာစာသင်ကျောင်း(တိုင်းရင်းဘာသာတွေနဲ့ သင်ကြားတဲ့ကျောင်း)၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်း၊ ခရစ်ယာန်သာသနာပြုကျောင်း၊ အလွတ်ကျောင်း(အစိုးရကျောင်း)တွေ အကြောင်းကိုပဲ ဂုဏ်ယူလျက် ရေးသားဖော်ပြတာ တွေ့ရတယ်။ သာသနာပြုခရစ်ယာန်ကျောင်းတွေအကြောင်းတောင် အားတက်သရောထုတ်ဖော်ရေးသားကြပေမဲ့ မဟာမေဒင်ကျောင်းတွေအကြောင်း ရေးသားဖော်ပြဖို့ မင်ဆီခန်း လက်နည်းကြတယ်။ အာရကန်ပြည်ရဲ့ ဘယ်သမိုင်းမှာမဆို မွတ်စလင်တွေကို ဘေးဖယ်ထားရင် မှန်ကန်ပြည့်စုံတဲ့သမိုင်း ဘယ်တော့မှရရှိနိုင်မှာ မဟုတ်ဘူး။ ဘယ်လိုပင်ဖြစ်စေ သမိုင်းဆိုတာ ပျောက်ရိုးမရှိပေ။ ချီးကျူးဂုဏ်တင်ခြင်း၊ ကဲ့ရဲရှုတ်ချခြင်းက အရေးမကြီးဘူး၊ အဟုတ်ကိုအဟုတ်အတိုင်း၊ အရှိကိုအရှိအတိုင်း ကျင့်ဝတ်ပီပီ ရိုးသားစွာရေးသားလျက် နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းဖို့သာ အရေးကြီးပေသတည်း။ 


 _ လူထုဝဏ္ဏ

(၃-၆-၂၀၂၃)


ကိုးကား-

- RB Smart's Gazetteer of Akyab 1917, P 216-217

- The Beginning of Karen Education in Irrawaddy Division During the British Colonial Period (Naw Say Say Pwe)

- History of Myanmar Education Department, U Than Oo 1999 P. 24. 25 

- Report on the Administration of Burma 1911 1912, p. 204. 

- The Annual of Urdu Studies by Tariq Rahman, P. 48

Saturday, June 17, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၄)ဦး မှတ်ပုံတင်အတုဖြင့် စစ်တွေလေဆိပ်၌ ဖမ်းဆီးရမိ


ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၄)ဦး မှတ်ပုံတင်အတုဖြင့် စစ်တွေလေဆိပ်၌ ဖမ်းဆီးရမိ


ဇွန်လ(၁၇)ရက်၊နံနက်( ၇) နာရီခွဲခန့်က စစ်တွေလေဆိပ်ရှိ ပူးပေါင်းအဖွဲ့ဝင်များမှ လေဆိပ်ထွက်ခွာဆောင် (လဝက)ကောင်တာ၌ ခရီးသည်များအား စစ်ဆေးနေစဉ် စစ်တွေလေဆိပ်မှ ရန်ကုန်လေဆိပ်သို့လိုက်ပါမည့် မှတ်ပုံတင်အတုကိုင်ဆောင်သူ (၄) ဦးနှင့်အတူ လိုက်ပါပို့ဆောင်ပေးသူ (၁) ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရွာတော်မြို့၊ ဘော်တိုကျေးရွာနေ ဦးထွန်းစိန်(ဘ)ဦးလှဖြူ(၂၈) နှစ်၊ရခိုင်/ဗုဒ္ဓ၊ ဇန့်(ဘ)ဦးမက်ဂ(၂၂) နှစ်၊ မြို/ဗုဒ္ဓ၊ ပီတော်(ဘ)ဦးမောင်ခန့်ညို(၃၆) နှစ်၊ မြို/ဗုဒ္ဓ၊ ဂူရူမင်(ဘ) ဂျီဘာဒူ(၃၆ )နှစ်၊ မြို/ဗုဒ္ဓ တို့ဖြစ်ပြီး ၎င်းတို့ (၄ )ဦးမှာ မလေးရှားနိုင်ငံရှိ လူပွဲစားအား တာကာ (၃)သိန်း အခကြေးငွေပေးပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှတဆင့် မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန် ခိုးဝင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ခိုးဝင်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးအား လဝကအက်- ၁၃(၁)၊ ရာဇသတ်ကြီးပုဒ်မ၊  ပုဒ်မ-၄၆၈ တို့ဖြင့်အမှုဖွင့်တရားစွဲဆိုခဲ့သည်။

စစ်တွေမြို့၊မောလိပ်ရပ်ကွက်နေ မောင်မောင်သန်း (ဘ) ဦးစံရွှေနု၊ ၃၆ နှစ်၊ ရခိုင်/ဗုဒ္ဓ၊ ဈေးရောင်းနေသူအား ရာဇသတ်ကြီးပုဒ်မ၊ (၃၆၇/၁၁၄)ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရသိရှိရသည်။


#ရခိုင်နေစဉ့်

Monday, June 12, 2023

မြန်မာနိုင်ငံ၊ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်သမိုင်း

 


မြန်မာနိုင်ငံ၊ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်သမိုင်း


၁။ ညောင်ရမ်းခေတ် ဘာသာပြန်ကျမ်း

၂။ ကုန်းဘောင်ခေတ် ဗဒုံမင်း လက်ထက်စာဆိုတော်

ရွှေတောင်သာဂသူ ဦးနု ဘာသာပြန် 

၃။ ကိုလိုနီခေတ် ဟာဂျီလူ အဋ္ဌကထာ 

၄။ ခလီဖွာ ဦးမြစ် အဖွင့် ဋီကာ

၅။ ကျောင်းအုပ်ကြီး ဆရာပုံ + ဆ ရာခွာ တဖ်ဆီရ်

၆။ သီရိပျံချီ ဃာဇီ မုဟမ္မဒ်ဟာရှင် အလင်းပြကျမ်း

၇။ မောင်လာနာ မက္ကဆူဒ်ခန်း ဦးခင်မောင်ကြီး

၈။ တိုင်းမင်းကြီး သီရိပျံချီ ဦးဘစိန် ဘာသာပြန်

၉။ ကမ္ဘာ့အလင်း ဆရာနူးရ် ဘာသာပြန်

၁၀။ မန္တလေး အလင်းရောင် မိုဟမ္မဒ်အလီ ကာဒေရီ

၁၁။ မွတ်ဖသီ ကာရီ ယူဆွတ် အဆ်အာဒီ ဘာသာပြန်

၁၂။ ဗိုလ်မှူးဘသော် (မောင်သော်က ) ဘာသာပြန်

၁၃။ ကာရီ ဟာရှင်တင်မြင့် (အပြော+အရေး)ဘာသာပြန်

၁၄။ မာအ်ရီဖွလ် ဘာသာပြန် ( မန္တလေး )

၁၅။ ဦးဌေးလွင်ဦး ဘာသာပြန်

၁၆။ အလ်အက္ကဆွာ အဖွဲ့ ဘာသာပြန်

၁၇။ ပသီကျော်ဦး (မန္တလေး) ဘာသာပြန်

၁၈။ ဦးကျော်သိန်း (အောင်အောင်-စစ်တွေ) ဘာသာပြန် 

၁၉။ ကုရ်အာန် သုတေသီများ စသည်...

(အထက်ပါ ကဏ္ဍ များအတိုင်း ညောင်ရမ်းခေတ်မှ

ယနေ့ခေတ်အထိ ဘာသာပြန်များကို အကိုးအကာ များဖြင့်မကြာမီ တင်ပြရန် ရည်ရွယ်ပါသည်) 






Insha Allah.

Thursday, June 8, 2023

NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးဖြစ်သူ၏ အကြီးဆုံအကို အသတ်ခံရ


NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးဖြစ်သူ၏ အကိုအကြီးဆုံး အသတ်ခံရ

-မိုးသောက်

(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုး၏ အစ်ကို အကြီးဆုံးဖြစ်သူ ဦးသန်းမြင့်သည် မနေ့က ညပိုင်းတွင် သတ်ဖြတ်ခြင်းခံလိုက်ရသည်။

“ အိမ်နားမှာ အမည်မသိလူတစ်စုက လာသတ်သွားတယ်ပြောတယ်၊ ဒီသတ်ဖြတ်မှုက ရည်ရွယ်ချက်ရှိနိုင်တယ်” ဟု ဦးအောင်ကျော်မိုးက မဇ္ဈိမသို့အတည်ပြုပြောကြားသည်။

အသက် ၄၅နှစ်အရွယ် ဦးသန်းမြင့်သည် မနေ့ကဇွန်လ ၇ရက်နေ့ ည၁၁နာရီဝန်းကျင်ခန့်တွင် ရန်ကုန်တိုင်း ဒေါပုံမြို့နယ်ရှိ သူ၏နေအိမ်နှင့် ကိုက် ၅၀၀ ကျော်အကွာ၌ ဓားဖြင့် သုံး လေးချက်ခန့်အထိ ထိုးသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဦးအောင်ကျော်မိုးက ဆက်ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရန်ကုန်မြို့တွင် အမျိုးသားရေးလှုပ်ရှားသူ နှစ်ဦးဖြစ်သည့် ဦးတင့်လွင်နှင့် အဆိုတော် ဒေါ်လီလီနိုင်ကျော် အသတ်ခံရပြီးနောက်ပိုင်းတွင် ဒီမိုကရေစီလှုပ်ရှားသူများဘက်မှ မိသားစုဝင်များကို လုပ်ကြံသတ်ဖြတ်ရန် စစ်တပ်ထောက်ခံသူများက ပစ်မှတ်ထားလာကြသည်ကို တွေ့ရသည်။

အထူးသဖြင့် တော်လှန်ရေးတွင်ပါဝင်နေသည့် အနုပညာရှင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ထင်ပေါ်ကျော်ကြားသူများ၏ မိသားစုဝင်များကို ရှာဖွေကြရန်အတွက် စစ်ကောင်စီလော်ဘီချန်နယ်များတွင် ဖော်ပြနေကြသည်။

လီလီနိုင်ကျော်အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် သံသယတရားခံနှစ်ဦးဖြစ်သည့် ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့အနက် ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့်အစ်မဖြစ်သူ သည်လည်း မနေ့က ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)


#mizzima

#ကိုကောင်းဇာနည်ဟိန်း

#ဦးသန်းမြင့်

#ဒေါ်လီလီနိုင်ကျော်

------------------------

Monday, May 15, 2023

စစ်အစိုးရ-ဗုဒ္ဓဘာသာဆက်ဆံရေး (၁၉၉၀-၂၀၀၀)

 

စစ်အစိုးရ-ဗုဒ္ဓဘာသာဆက်ဆံရေး (၁၉၉၀-၂၀၀၀)


လူများစုဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင်များသည် ၎င်းတို့၏ ဘာသာကို တစ်ဦးချင်းအလိုက်ရော အုပ်စုအနေနဲ့ပါ ကျင့်ကြံရာတွင်ကြီးမားသော အဟန့်အတားများ ကြုံရမှုမရှိပေ။ လူအများနှင့်ပြုလုပ်သော ဘာသာရေးအခမ်းအနားများကို အစိုးရက တိုက်ရိုက်ဘဏ္ဌာငွေစိုက်ထုတ်ကျင်းပပေးလေ့မရှိသော်လည်း ၁၉၉၀ ပြည့်နှစ်များနှင့်၂၀၀၀ ပြည့်နှစ်များဆီကမြင်တွေ့ခဲ့ရသည့်အတိုင်း အစိုးရက လမ်းညွှန်မှူပေးခြင်း၊ ဦးစီးဦးဆောင်လုပ်ပေးခြင်းများ ရှိသည်။ ယခုလို ခြုံငုံပြီး ယေဘုယျ ပြောဆိုခြင်းက လူစုနှစ်စုအတွက်တော့ ကိုယ်စားမပြုပေ။ ယင်းတို့မှာ နိုင်ငံရေးလှူပ်ရှားတက်ကြွသူရဟန်းတော်များနှင့် လမ်းရိုးမှသွေဖည်သော ဗုဒ္ဓဘာသာဂိုဏ်းကွဲများနှင့်အုပ်စုများ ဖြစ်သည်။ အဆိုပါလူစုနှစ်ခု၏ ဘာသာရေးလွတ်လပ်ခွင့်အပါအဝင် လူ့အခွင့်အရေးများကို စစ်တပ်က ချိုးဖောက်ခဲ့သည်ဟုဆိုနိုင်သည်။

အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF)၏ နှစ်စဉ်အစီရင်ခံစာများနှင့် များစွာသော လူ့အခွင့်အရေး အစီရင်ခံစာများတွင် ၁၉၈၈ခုနှစ်၊ ၁၉၉၀ ခုနှစ်များနှင့်၂၀၀၀ ပြည့်နှစ်များတွင် လူထုဆန္ဒပြပွဲများတွင် ပါဝင်ခြင်းနှင့် စစ်အစိုးရကို ကိုယ်တိုင်ဦးဆောင်ဆန္ဒပြခဲ့ခြင်းများကြောင့် သင်္ကန်းချွတ်လူဝတ်လဲခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ထောင်သွင်း အကျဉ်းချခံရခြင်းနှင့် ၎င်းတို့၏ မူလသီတင်းသုံးခဲ့ရာ ကျောင်းများတွင်ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပိတ်ပင်ခံရခြင်း၊ သာသနာ့ဘောင်ကိုစွန့်လွှတ်ရခြင်း သို့မဟုတ် နိုင်ငံအတွင်းမှ ထွက်ခွာအောင် ဖိအားပေးခံရခြင်းတို့ကို ခံစားခဲ့ရသော ရာပေါင်းများစွာသော ရဟန်းသံဃာတို့၏ အကြောင်းများကို အသေးစိတ်ဖော်ပြထားသည်။

စစ်တပ်သည် ၎င်းကိုမဆန့်ကျင်သော ရဟန်းတို့ကိုမဖိနှိပ်ခဲ့ဘဲ ကျော်ကြားပြီး ဝါစဉ်ကြီးသော ရဟန်းတို့ကို အားတက်သရော လှူဒါန်းမှူကို ပြုခဲ့သည့်အတွက် အထက်ပါ ဖိနှပ်မှူတို့ကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရခြင်းဟု USCIRF ၏ အစီရင်ခံစာတို့က ရံဖန်ရံခါ သတ်မှတ်ခြင်းက မေးခွန်းထုတ်စရာဖြစ်သည်။

အဆိုပါဖြစ်ရပ်တို့သည် စစ်တပ်ကိုဆန့်ကျင်သော ဗုဒ္ဓဘာသာရဟန်းတို့၏ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းသက်သက်လား သို့မဟုတ် နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို ဖိနှိပ်ခြင်းလား ဆိုသည်ကို ဆုံးဖြတ်ရခက်သည်။ ယခင်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေပြီဖြစ်သော နိုင်ငံရေးအကျဉ်းးသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)နှင့်အခြား မြန်မာနိုင်ငံအခြေစိုက်လူ့အခွင့်အရေးအဖွဲ့များပါဝင်သော အစိုးရမဟုတ်သော အဖွဲ့အစည်းများက အဆိုပါ ရဟန်းတို့ကို ၎င်းတို့ပြုစုသော နိုင်ငံရေးအကျဉ်းသားများစာရင်းတွင် ထည့်သွင်းထားခြင်းမှာ အဆိုပါရဟန်းတို့၏ ဘာသာရေးလွတ်လပ်ခွင့်ထက် ပုဂ္ဂလိက အသက်ရှင်ခွင့်ကို ချိုးဖောက်ခံရသည်ဟု ဆိုလိုပုံရသည်။

မကြာခဏဆိုသလို သတိမမူတတ်သော်လည်း တိုက်ရိုက်ဆက်စပ်နေသောကိစ္စတစ်ခုမှာ မြန်မာဘုရင်များ လက်ထက်ကတည်းက ရာစုနှစ်များစွာ တည်ရှိလာခဲ့ပြီးသော လမ်းရိုးမှသွေဖည်သော ဂိုဏ်းများ၊ တရားများနှင့်ကျင့်သုံးမှူများကို အစိုးရနှင့် လမ်းရိုးရဟန်းတော်များက ဖိနှိပ်ခြင်းဖြစ်သည်။

သို့ရာတွင် ဗြိတိသျှကိုလိုနီခေတ် (၁၈၈၅-၁၉၄၈)က သံဃာထုတစ်ရပ်လုံးနှင့်အဆိုပါ လမ်းရိုးမှ သွေဖည်သော ဂိုဏ်းတို့ကို ထိန်းချုပ်ကွပ်ကဲပုံကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။ ဗြိတိသျှတို့သည် သံဃာတို့ကို တိုက်ရိုက်ထိန်းချုပ်ခြင်းမှရှောင်ကြဉ်တတ်ပြီး ကိုလိုနီအစိုးရကို သံဃာထုထဲမှဆန့်ကျင်သော ရဟန်းတို့ကိုသာ နိုင်ငံရေးကိစ္စတစ်ရပ်အနေနဲ့ ပြင်းပြင်းထန်ထန်ကိုင်တွယ်ခဲ့သည်။

နိုင်ငံရေးတွင် ပါဝင်မှူမရှိသော သို့မဟုတ် ဗြိတိသျှတို့ကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ခဲ့သော ရဟန်းတို့ကိုကား ၎င်းတို့အနေနှင့် လူဥပဒေနှင့်ဆုံးဖြတ်သော ရာဇဝတ်မှူများကို မကျူးလွန်သမျှကာလပတ်လုံး အစိုးရ၏ လက်တံမှကင်းလွတ်စွာ နေထိုင်ခွင့်ပြုခဲ့သည်။ ၎င်းက သံဃာထုထဲတွင် ကျယ်ကျယ်ပြန့်ပြန့် သီလယိုယွင်းမှူနှင့်သံဃာ့စည်းမျဉ်းများကို ပေါ့ပေါ့တန်တန် လိုက်နာမှူများ ဖြစ်ပေါ်စေခဲ့သည်။

၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် ဦးနုခေါင်းဆောင်သော ပါလီမန်ဒီမိုကရေစီအစိုးရက စည်းကမ်းပျက်နေသော ရဟန်းတို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်ကြိုးပမ်းပြီး တင်းကြပ်သော စည်းမျဉ်းများကို ပြန်လည်ချမှတ်ရန်လုပ်ခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ သံဃာထုတစ်ရပ်လုံးကို လိုသလိုစည်းမျဉ်းများ သတ်မှတ်ပြီး ထိန်းချုပ်ရန်အစိုးရနှင့်ပူးပေါင်းမည်ဟု ကတိပြုသော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (မြန်မာအတိုကောက်နာမည် မဟန ဟုလူသိများကြသည်) ကို ဗဟိုသံဃာ့အုပ်ချုပ်ရေး ဥပဒေပြုရေးနှင့် တရားစီရင်ရေးအဖွဲ့တစ်ခုအနေနှင့် ၁၉၈၀ ခုနှစ်တွင် ဖွဲ့စည်းလိုက်သောအခါတွင်မှ နိုင်ငံတော်က ပြန်လည်အုပ်စီးမိသွားခဲ့သည်။ ယင်း တိုးတက်မှူတို့က သံဃာ့ဖွဲ့စည်းပုံနှင့် စည်းကမ်းကို ယေဘုယျအားဖြင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခဲ့သော်လည်း မဟန အနေနှင့် ထေရဝါဒ ရှေးရိုးလမ်းစဉ်မှသွေဖည်သည်ဟုယူဆသည့် တရားများ၊ ကျင့်သုံးမှူများနှင့် အုပ်စုများကို အယူလွဲပြီး တရားဝင်ခြင်းမရှိဟု ၎င်းတို့ယူဆသည့်အတိုင်း သတ်မှတ်ကာ သာသနာကိုသန့်ရှင်းစေခဲ့သည်များလည်း ရှိနေသည်။

၂၀၁၄ ခုနှစ်အထိ မဟန ကိုယ်တိုင်ကသော်လည်းကောင်း မဟနက ဖွဲ့စည်းပေးသည့် အထူးခုံရုံးများကသော်လည်းကောင်း ချမှတ်ပြီးသည့် ဆုံးဖြတ်ချက် နှစ်ဆယ့်တစ်ချက် ရှိနေပြီး အယူလွဲသည်ဟု စွပ်စွဲခံရသည့်တရား၊ ဝါဒနှင့်ကျင့်ကြံမှူများကို အထက်ဇယားတွင် တွေ့နိုင်သည်။ အဆိုပါ ခုံရုံးနှင့်အဖွဲ့၏ ဆုံးဖြတ်ချက်များ အားလုံးက စွပ်စွဲခံရသူတို့ကို အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။ အကျိုးဆက်အားဖြင့် အပြစ်ရှိသူတို့သည် တရားဟောခြင်းကို ရပ်တန့်ရပြီး အယူလွဲနေသော တရားများနှင့် ကျင့်ကြံပုံလွဲနေသော ကျင့်ကြံမှူများကို ဖြန့်ဝေနေခြင်းကိုလည်း ရပ်တန့်ရသည်။

ယနေ့အထိ မိုးပြာဦးဉာဏ၏ ကိစ္စမှလွဲ၍ စွပ်စွဲခံရပြီး အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံထားရသည့် မည်သူကမျှ မဟနနှင့်ခုံရုံးများ၏ ဆုံးဖြတ်ချက်ကို မလိုက်နာခြင်းမျိုး မရှိသေးပေ။


" မိုးပြာဦးဉာဏဂိုဏ်းပြဿနာ"



ယနေ့ခေတ်အစိုးရနှင့် ဗုဒ္ဓဘာသာဆက်ဆံရေးမှာ ယခင်ထက်စာလျှင် ဝိဝါဒကွဲလွဲမှုနည်းလာသည်။ ၁၉၈၀ ခုနှစ်များဆီက စတင်လာခဲ့သော တစ်ခုတည်းသော ပြဿနာကိစ္စမှာ မိုးပြာဦးဉာဏ (ရှင်ဉာဏ သို့မဟုတ် ရှင်မိုးပြာဟုလည်း သိကြသည်) ၏ ကိစ္စဖြစ်သည်။ ၎င်းကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ထောင်မှလွတ်ပေးခဲ့သည်။ ၎င်း၏ ကိစ္စက မဟနက မြှင့်တင်သည့်သန့်ရှင်းသော ထေရဝါဒလမ်းစဉ်ကို နိုင်ငံတော်အစိုးရက အကာအကွယ်ပေးထားပုံနှင့်ပတ်သက်ပြီး အရေးကြီးပြီး ရှားပါးသည့် သက်သေတစ်ခုအဖြစ်ရှိနေသည်။ ယင်းကိစ္စသည်မဟနနှင့် ဂိုဏ်းဂဏများအကြား ဂိုဏ်းများက ခုံရုံးများနှင့် မဟန၏ ဆုံးဖြတ်ချက်ကိုလိုက်နာပြီး ၎င်းတို့၏ ယုံကြည်မှုများနှင့်ကျင့်ကြံမှုများကိုစွန့်လွှတ်၍ တရားပြန့်ပွားစေခြင်းကို ရပ်တန့်လိုက်သရွေ့ အေးအေးချမ်းချမ်း ဖြေရှင်းတတ်သော ဖြစ်ရိုးဖြစ်စဉ်မှသွေဖည်နေသည်။

၂၀၁၀ ခုနှစ်များအတွင်း မိုးပြာဦးဉာဏ၏ ကိစ္စသည် ယင်းဂိုဏ်း၏ ခေါင်းဆောင်အပေါ်ကို ချမှတ်ခဲ့သော အလွန်ကြာရှည်သော ထောင်ဒဏ်များကြောင့် နိုင်ငံတကာလူ့အခွင့်အရေး တောင်းဆိုသည့်အသိုင်းအဝန်း၏ အာရုံစိုက်မှုကိုရရှိခဲ့သည်။ မဟနက ဖွဲ့စည်းလိုက်သော အထူးခုံရုံးအမှတ် ၁၇ က မိုးပြာဂိုဏ်း၏ သင်ကြားမှုများသည် အယူလွဲသည်ဟု ၂၀၁၁ ခု နိုဝင်ဘာလ ၁၅ ရက်တွင်မှ ဆုံးဖြတ်ခဲ့သော်လည်း ဂိုဏ်းခေါင်းဆောင် ဦးဉာဏနှင့် မဟန ကြား ပဋိပက္ခမှာ ၁၉၈၁ ခုနှစ်ကတည်းက စတင်ခဲ့သည်။ 

ဦးဉာဏသည် ထေရဝါဒဗုဒ္ဓဘာသာကို မြန်မာနိုင်ငံအနှံ့တွင်ရှိသော ဘုန်းတော်ကြီးကျောင်းများတွင် သင်ယူခဲ့သည်။ ၁၉၈၀ ပြည့်နှစ် အစောပိုင်းတွင် ၎င်းသည်သစ္စာတရားကိုသိမြင်ကာ အရိယာဖြစ်သွားပြီဟု စတင်ပြောဆိုလာခဲ့သည်။ ၎င်းက သူ၏ တရားပေါက်သွားပုံကို သက်တမ်း တစ်နှစ်သာရှိသေးသော မဟန ထံသို့ အကြောင်းကြားခဲ့သော်လည်း အဖွဲ့က မယုံခဲ့ပေ။ ယင်းကဲ့သို့ တရားပေါက်သည်ဟု လိမ်လည်ပြောနေခြင်းမှာ ပါရာဇိကကံလေးပါးထဲမှ တစ်ပါးကို ချိုးဖောက်ခြင်းဟု မဟနက ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ဗုဒ္ဓမြတ်စွာဘုရားက ထိုကဲ့သို့ ချိုးဖောက်မှုမျိုးအတွက် မည်သည့်ပြစ်ဒဏ်ကိုမျှ ချမှတ်မထားခဲ့ပေ။ ထိုအချက်ကြောင့် မဟနက စစချင်းတွင် ၎င်းအား မည်သို့မျှ အရေးယူခြင်း မရှိခဲ့ခြင်း ဖြစ်နိုင်သည်။ 

ဦးဉာဏသည် မကြေနပ်ဘဲ စည်းအပြင်ရောက်သွားသလိုဖြစ်ကာ ထေရဝါဒဗုဒ္ဓဘာသာကို စွန့်လွှတ်ခဲ့သည်။ ထိုသို့ စွန့်လွှတ်ခဲ့ခြင်းကိုလည်း မဟနထံသို့ အကြောင်းကြားခဲ့ပြီး ၎င်းသည် မိုးပြာရောင်သင်္ကန်းကို စတင်ဝတ်ခဲ့သည်။ ၁၉၈၃ ခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဟူသော ဝါဒသစ်တစ်ခုကို ၎င်းက ထည်ထောင်လိုက်ကာ တရားများ စတင်ဟောကြားခဲ့သည်။ ၎င်း၏ နောက်လိုက်အများအပြားက ၎င်းကို ရဟန်းတစ်ပါးအသွင် ဆက်ဆံမြဲ ဆက်ဆံနေခဲ့သည်။ ထို့နောက် မဟန အတွက် နိုင်ငံတော်၏ အကူအညီနှင့် အမိန့်နာမခံသော ၎င်းကိုအရေးယူရန် အခွင့်အလမ်းတစ်ရပ်ပေါ်လာခဲ့သည်။ အသစ်ပြဌာန်းလိုက်သော ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၁၉၈၃)၏ ပုဒ်မ ၅ နှင့် ပုဒ်မ ၉ က ဆိုထားသည်မှာ "လူဝတ်ကြောင်တစ်ဦးသည် မည်သည့်အခါမျှ ရဟန်းအဖြစ်ဟန်ဆောင်ခြင်းမပြုရနှင့် ယင်းတားမြစ်ချက်ကို ဖောက်ဖျက်လျှင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည်"ဟု ဖြစ်သည်။ ဦးဉာဏကို အဆိုပါ ပုဒ်မတို့နှင့် ၁၉၈၄ ခုနှစ်တွင် ထောင်ချခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။

ထို့နောက် ၁၉၉၁ ခုနှစ်တွင် ၎င်းထပ်မံ အဖမ်းခံရပြီး မမှန်မှန်းသိလျှက်နှင့် မှားယွင်းသော သတင်းစကားတို့ကို ဖြန့်ချီမှုဖြင့် စွပ်စွဲခံရကာ အရေးပေါ်စီမံမှုအက်ဥပဒေ (၁၉၅၀) ၏ ပုဒ်မ ၅(င)နှင့် ထောင်ဒဏ်ဆယ်နှစ် အပြစ်ပေးခံရပြန်သည်။ ၁၉၉၈ ခုနှစ်တွင် ထောင်မှ ဒုတိယအကြိမ် လွတ်လာခဲ့သည်။

ဦးဉာဏက ဆက်လက်၍ တရားဟောနေခဲ့ရာ နောက်လိုက်တစ်ထောင်နီးပါးရှိလာခဲ့သည်။ ယခင်အတိုင်း ကံကြမ္မာကို ၂၀၁၀ ခုနှစ်တွင် သူကြုံရပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ရာဇသတ်ကြီး ပုဒ်မ ၂၉၅ နှင့် ၂၉၅(က) (တစ်ခုကိုနှစ်နှစ်စီ)၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၆ (ငါးနှစ်)၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၆ (ငါးနှစ်)၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (ငါးနှစ်)နှင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၁၂ နှင့် ပုဒ်မ ၁၃ (တစ်ခုကိုငါးနှစ်စီ)တို့ကို သုံးကာ စုစုပေါင်း ထောင်ဒဏ်နှစ် နှစ်ဆယ်ချခံရသည်။ အယူခံရန်၊ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ရရန်နှင့် တရားရုံးချုပ်မှ အမှုခေါ်စာချွန်တော် အမိန့်တစ်ခုရရန် ၎င်း၏ အကြိမ်ကြိမ် ကြိုးပမ်းအားထုတ်မှုများမှာ အချည်းနှီးဖြစ်ခဲ့သည်။ ၎င်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (အသက် ၇၇)တွင် ထောင်မှလွတ်ခဲ့သည်။ ဦးဉာဏနှင့် ၎င်း၏ နောက်လိုက်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရတစ်ရပ် အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် ယင်းတို့၏ ဂိုဏ်းကို မြင်တွေ့ကြသည်။ ထို့ကြောင့် ဂိုဏ်းသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ရပ်တန့်ခြင်း မပြုကြသေးသည့်အတွက် မဟန ၏ စိတ်ကွက်ခြင်းကို ခံရပြန်သည်။ မဟန က ဦးဉာဏနှင့်နောက်လိုက်များကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ယင်းတို့၏ ဆုံးဖြတ်ချက်ကိုဘာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို တောင်းဆိုခဲ့သည်။ ဂိုဏ်းသည် မန္တလေးတိုင်းဒေသကြီးတွင် အခြေစိုက်ပြီး နောက်လိုက်များက တစ်နိုင်ငံလုံးအနှံ့ရှိနေသည့်အတွက် နိုင်ငံတော်သမ္မတရုံးကလည်း ဝန်ကြီးဌာနကို ကူညီရန်ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ အမိန့်ထုတ်ခဲ့သည်။ သို့ရာတွင် ၂၀၁၇ ခုနှစ် မတ်လအထိတော့ ယင်းကိစ္စမှာ မပြီးပြတ်သေးပေ။

မိုးပြာဂိုဏ်း ကိစ္စမှာ အချက်နှစ်ချက်ရှိသည်။ ပထမအချက်မှာ ဂိုဏ်းများထံမှအမိန့်လုံးဝနာခံမှုကို မဟနက လိုချင်သည်။ ဒုတိယအချက်မှာ ၎င်းတို့ကိုဆန့်ကျင်သော မဟန၏ ဆုံးဖြတ်ချက်ကို စိတ်ပါလက်ပါဖြစ်စေ စိတ်မပါဘဲဖြစ်စေ ဂိုဏ်းများက လိုက်နာခဲ့လျှင် အေးအေးချမ်းချမ်း ဖြစ်သွားသော်လည်း ဂိုဏ်းတစ်ဂိုဏ်းက မဟန၏ အမိန့်ကိုဆန့်ကျင်ခဲ့လျှင် မဟနက အရေးယူတတ်သည်။

နိုင်ငံရေးအခြေအနေအသစ်တွင် ဦးဉာဏနှင့်နောက်လိုက်များကို ထောင်ဒဏ် ထပ်ချမည်လား ဆိုသည်ကတော့ မရေရာပေ။ သို့ရာတွင် ဦးဉာဏနှင့်နောက်လိုက်များကို ယင်းတို့လုပ်ချင်သလို မဟန က လုပ်ခွင့်မပေးခြင်းနှင့် မဟန ကိုယ်စား အစိုးရက ဂိုဏ်းကို အပြစ်ပေးရန်တောင်းဆိုခြင်းကို အစိုးရက လိုက်လျောခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် မဟနနှင့် ၎င်း၏ ခုံရုံးများမှ ပြန်ဆိုသဘောပေါက်သည့်အတိုင်း လမ်းရိုးမှသွေဖည်ခြင်းသည် မြန်မာနိုင်ငံတွင် ဘာသာရေးပြစ်မှုတစ်ခုဖြစ်နေဆဲပင် ဖြစ်သည်။ အစိုးရကလည်း မဟနနှင့် ပူးပေါင်းပြီး ထိုကဲ့သို့သော ပြစ်မှုများကို အပြစ်ပေးနေဦးမည်သာဖြစ်သည်။


Ref: Freedom of Religions in Myanmar-Burmese By International Centre for Ethnic Studies and Equitas- International Centre for Human Rights Education (Published 2018)

Monday, April 17, 2023

ကမ္ဘာ့အလင်း ဆရာနူးရ်


ကမ္ဘာ့အလင်း ဆရာနူးရ်

ဆရာကို ပျော်ဘွယ်မြို့နယ် အုန်းပင်ခြံရွာ၌ အဘ ဦးဟာမြင် အမိ ဒေါ်မူတို့မှ ၁၉၁၄-ခုနှစ်တွင် ဖွားမြင်သည်။ ရှစ်နှစ်သား အရွယ်ကပင် ကုရ်အာန် ကျမ်းစာကို ကောင်းစွာဖတ်နိုင်သည်။ ၁၁-နှစ်သားအရွယ်တွင် အုန်းပင်ခြံရွာ အစိုးရမူလတန်းကျောင်း၌ စတုထ္တတန်း အောင်မြင်သည်။ ၁၉၂၈-ခု ၁၄ နှစ်သားအရွယ်တွင် ပင်းတားရွာ အစိုးရအလယ်တန်းကျောင်းမှ သတ္တမတန်းအောင်မြင်သည်။

ဆရာသည် သာသနာ့ပညာ ဆည်းပူးနိုင်ရန် အရဗီကျောင်း များကို စုံစမ်းရင်း အုန်းပင်ခြံရွာတွင်ပင် မိဘကို ၄ နှစ်ခန့် ကူညီလုပ်ကိုင်ပေးနေသည်။ ရန်ကုန်အနီး ဒေးဒနောရွာတွင် အရဗီကျောင်းဖွင့်လှစ်ကြောင်း သိရှိသောအခါ သူငယ်ချင်းများဖြစ်ကြသော မောင်လာနာ မုဟမ္မဒ် ယာစီးန်၊ မောင်လာနာ အဗ္ဗဒူလ် ဟကီမ်းတို့နှင့်အတူ ရမ်ဇမ် ၁ရက်နေ့တွင် ဒေးဒနောသို့ ဦးတည်ပြီး ပညာသင်ခရီးထွက်ခဲ့ကြသည်။ ဒေးဒနောတွင် သခင်ကြီး မောင်လာနာ အဇီးဇ်အဟ်မဒ်ထံ အရဗီ၊ အူရ်ဒူ စာပေများနှင့် အစ္စလာမ် ရေးရာကျမ်းစာများ သင်ယူခဲ့သည်။ ကျောင်းနေဘက်များမှာ မောင်လာနာ ဃာဇီဟာရှင်၊ မောင်လာနာ ဟာဖိဇ် စွာလေးဟ်၊ မောင်လာနာ အလီ၊ မောင်လာနာ ယာစီးန်၊ မောင်လာနာ အဗ္ဗဒူလ်ဟကိမ်းတို့ ဖြစ်သည်။

ဒေးဒနောတွင် သင်ရိုးပြီးမြောက်ပြီး အိန္ဒိယနိုင်ငံ စဟာရန် ပူရ်မြို့ မဇာဟင်ရ်အိုလုမ် တက္ကသိုလ်တွင် ဆက်လက်ပညာ ဆည်းပူးသည်။ အဆိုပါ တက္ကသိုလ်ကြီးမှ ဒရ်ဂျာအူလာ၊ အာလင်ဖွဇရ်၊ ပထမအဆင့် ဖြင့် ထူးချွန်ထိုက်တန်စွာ ဘွဲ့စနဒ် ဆွတ်ခူးရယူပြီး မြန်မာပြည်သို့ ပြန်ခဲ့သည်။ ၁၉၃၉- ခုနှစ်တွင် ယင်းတော်မြို့ မဒီနာတုလ်အိုလုမ် ကျောင်း တည်ထောင်ခဲ့သည်။ အဆိုပါကျောင်းသည် မန္တလေးတိုင်း၏ ပထမဆုံးသော အရဗီကျောင်းကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ တတိယမြောက် အရဗီကျောင်းကြီးအဖြစ် ဂုဏ်ယူကြရသည် ။ အဆိုပါ ကျောင်းကြီး၏ ပင့်ဖိတ်ချက်အရ ဆရာ မောင်လာနာ ဃာဇီဟာရှင်နှင့်အတူ တာဝန်ယူလိုက်ကြ သည်။ ဆရာသည် အလယ်တန်းပြီးဆုံးသည်အထိ ပညာသင်ကြား ပေးပြီးထူးချွန်သူများကို မိမိတို့ ပညာဆည်းပူးခဲ့ရာ အိန္ဒိယ တက္ကသိုလ်သို့ ပို့ဆောင်ပေးသည်။

ဆရာသည် ၁၉၄၉-ခုတွင် မိထ္တီလာမြို့၌ ဂျာမေအာအဇီဇီယာကျောင်းကြီး ဖွင့်လှစ်နိုင်သကဲ့သို့ တပည့်ရင်းတစ်ဦးဖြစ်သူမောင်လာနာ ယူစွတ်(ဖ်) မဇာဟေရီကလည်း ၁၉၅၆-ခုနှစ်တွင် ပျော်ဘွယ်မြို့၌ မဇာဟေရွလ်အိုလူးမ်ကျောင်းကြီးကို ဖွင့်လှစ်ခဲ့ပါသည်။ ဆရာကြီးတို့သည် အာလင်မ်ပညာရှင် အမြောက်အမြား မွေးထုတ်ပေးနိုင်ခဲ့ကြသည်။ ဆရာသည် သင်ကြားပို့ချခြင်းဖြင့် သာသနာဖြန့်ဖြူးရေး လုပ်ငန်းကို တပည့်ကျော်နှင့် မျက်နှာလွှဲရနိုင်ချိန်တွင် စာပေဖြင့် သာသနာဖြန့်ဖြူးရေးလုပ်ငန်းကို တာဝန်ယူလိုက်သည်။ ၁၉၅၂- ခုနှစ် ကမ္ဘာ့အလင်း စာစောင်တွင် အယ်ဒီတာချူပ် အလင်းးစာစောင်တ်တွငွင် အယ်ဒ်ဒီတီတာချုပ် ဖြစလာသည။်

ကမ္ဘာ့အလင်းစာစောင်တွင် ကုရ်အာန်ဘာသာပြန်၊ ဟဒီဆ် ဘာသာပြန်၊ စီရတ်ဘာသာပြန်နှင့် အစ္စလာမ်ရေးရာ အဖြာဖြာ အရဗီသင်ခန်းစာ ပို့ချချက် တောင်းဆုတော်များ စသည်တို့ကို ဘာသာပြန် တင်ဆက်သည်။ ကမ္ဘာ့အလင်းစာစောင်သည် ထိုစဉ်က အမြော်အမြင်ကြီးသော လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည့် မစ္စတာနူးရ်မုဟမ္မဒ်၏ အထောက်အပံ့ဖြင့် ထုတ်ဝေခြင်းဖြစ်သည် ။ တာဝန်ခံ အယ်ဒီတာဆရာဒဂုန်သိန်း၊ နိုင်ငံခြား အယ်ဒီတာ ဆရာမောင်ကိုဂဖ်ဖာရီနှင့် ဆရာကမ္ဘာ့အလင်း ဦးကိုလေးတို့ကလည်း

စုပေါင်းပါဝင်ဖြည့်ဆည်း ကြိုးပမ်းကြသဖြင့် ကမ္ဘာ့အလင်းစာစောင်ကြီးသည် စာပေလောကတွင် ထိုက်တန်စွာ နေရာရခဲ့သည်။ ပရိသတ် အားပေးမှုကို လည်း ခံရသည်။ ၀ါသနာရှင်တို့နှုတ်ဖျား ယနေ့တိုင် ရေပန်း စားလျက်ရှိသည်။ ဤစာစောင်ကိုအကြောင်းပြု၍ ဆရာကိုလည်း ၀ိသေသတိုး၍ ကမ္ဘာအလင်း ဆရာနူးရ်ဟု ခေါ်ဝေါ်လာကြသည်။

ဆရာသည် တက္ကသိုလ်မွတ်စလင်မ် ကျောင်းသားများအသင်းတွင် အခါအားလျော်စွာ ဟောကြားပို့ချခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၅၇ နိုဝင်ဘာလ ၂၃ရက်နေ့က ပို့ချသော ‘အစ္စလာမ်နှင့် စာရိတ္တကြံ့ခိုင်ရေး’ကို ကမ္ဘာ့အလင်း စာစောင်တွင် ပြန်လည်ဖော်ပြထားသည်။ ဆရာသည် ပညာဂုဏ်မမောက်၊ အနေအထိုင် ရိုးသားသည်။ အပြောအဆို သိမ်မွေ့သည်။ ဆရာ ဃာဇီက ဖရစ်ရှ်တာလေးဟု လေးလေးစားစား တင်စားခေါ်လေ့ရှိသည်။ ဆရာသည် အနေအထိုင် ရိုးသကဲ့သို့ ဆရာ၏စကားပြေ အရေးအသားမှာလည်း ရိုးရှင်းသည်။ ပြေပြစ်သည်။ လွယ်ကူသည်။ ပြည်သူစွဲမက်သည်။ ဆရာသည် မိမိ စာဟန်ြဖင့် ကုန်အာန်ကျမ်းတော်မြတ်ကို ၁၀ ဂျွတ်ထိ ပြန်ဆိုခဲ့သည်။ နမာဇ်ဖတ်နည်းကျမ်း၊ ရိုဇာ၊ ဇကတ်၊ တရားတော် ၆ ပိုဒ်၊ တောင်းဆုတော်များအပြင် အခြားကျမ်း စာများကိုလည်း ရေးသားပြုစုခဲ့သေးသည်။ ပရိသတ် တစ်ခဲနက်အားပေးသဖြင့် ဆရာ့စာများကို အကြိမ်ကြိမ်ပင် ပြန်လည်ပုံနှိပ်ထုတ်ဝေရသည်။

၁၉၆၆-ခုနှစ်တွင် ဆရာသည် ပညာရှင်အကြီးအကဲများ၏ မေတ္တာရပ်ခံချက်အရ ယင်းတော် မဒီနတူလ် အိုလူမ် ကျောင်းကြီးကို ပြန်လည်တာဝန်ယူသည်။ ဆရာလက်ထက်တွင် ကျောင်းတော်ကြီး သည် ဘက်စုံတိုးတက်လာပြီး ပညာအရာတွင်လည်း ကျော်ကြားလာသည်။ ၁၉၇၀-ခုတွင် ဒေါင်ရာဟဒီဆ်တန်းကို စတင်ဖွင့်လှစ်သည်။ မစ်ရှ်ကတ် ကျမ်းနှင့် ဗုခါရီကျမ်းတို့ကို ကိုယ်တိုင်ပို့ချသည်။ ဆရာသည် တိုင်းရင်းဆေးပညာကိုလည်း တန်ဖိုးထားသည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်သော သြဋာရိကသုခုမဆရာတော် ဦးမဟိန္ဒ၏ အခြေခံ မြန်မာတိုင်းရင်းဆေးပညာသင်တန်းကို တက်ရောက်သည်။ ၁၉၇၃-ခုနှစ်တွင် ဆရာဖြစ်သင်တန်း အောင်လက်မှတ်ရရှိသည်။ ဆရာသည် စာပေဗိမာန်က ဖွင့်လှစ်သော သတင်းစာသင်တန်းကိုလည်း တက်ရောက်ခဲ့သည်။

ဆရာသည် သာသနာအကျိုးပြု၊ လူထုအကျိုးပြု၊ နိုင်ငံအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ရင်း ၁၉၈၇-ခု ဧပြီလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် မိတ္ထီလာမြို့ သာယာ ကုန်းရပ်ရှိ မိမိနေအိမ်တွင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသည်။ ဇနီး ဒေါ်ဇော်ရာဘီနှင့် သားသမီး ၁၁ ဦး ကျန်ရစ်သည်။

၁၉၆၂-ခုနှစ် သြဂုတ်လထုတ် ဗမာမွတ်စလင်စာစောင် လာ ဆရာ၏အောက်ပါဆောင်းပါးကောက်နုတ်ချက်ဖြင့် ဆရာ၏ စေတနာကိုသုံးသပ်နိုင်ပါသည်။

‘ကျွန်ုပ်တို့ အာလင်များသည် ခေတ်ပညာ မတတ်ခြင်း ကြောင့် ခေတ်နှင့် ရင်ပေါင်မတန်း နိုင်ဘဲ ခေတ်နောက်ကျခဲ့ရသည်။ တိကျမှန်ကန်သော အစ္စလာမ်သွန်သင်ချက်များကို ခေတ်မီမီ ကျယ်ကျယ်ပြန့်ပြန့် တင်ပြနိုင်ခြင်းမရှိပေ။ ကျွန်ုပ်တို့ အာလင်ပညာရှင်များသည် ခေတ်ပညာကို ဒီဂရီ ရသည်အထိ သင်ကြားပြီး အစ္စလာမ်သွန်သင်ချက်ကို ခေတ်မီမီ ကျယ်ကျယ် ပြန့်ပြန့် တင်ပြနိုင်မည်ဆိုပါက လက်ရှိအခြေအနေထက် အဆပေါင်းများစွာ အစ္စလာမ်၏ အကျိုးသယ်ပိုးဆောင်ရွက်နိုင်မည်မှာ အမှန်ပင်ဖြစ်ပေသည်။ ယင်းကဲ့သို့ ဒီဂရီယူပြီး ခေတ်ပညာဖြင့် အသက်မွေးကာ ဘာသာရေး ကိစ္စများကို စေတနာဝန်ထမ်း ဆောင်ရွက်သွားနိုင်မည်ဆိုပါက တရားတော်နှင့် အကိုက်ညီဆုံးဖြစ်ပြီး အောင်မြင်မှု ထိရောက်မှုမှာလည်း ဘာသာရေး အကြောင်းပြု၍ အသက်မွေးဆောင်ရွက်သည်ထက် ပိုမိုမည်မှာသေချာနေပေမည်။ ဆိုလိုရင်းမှာ ခရိုင်ဝန်၊ တိုင်းမင်းကြီး သို့တည်းမဟုတ် သူဌေးကြီးဖြစ်နေသော အာလင်ပညာရှင်တစ်ဦး၏ ဟောပြောတင်ပြခြင်းတွင် လူထုအပေါ် အကျိုးသက်ရောက်မှုမှာ လက်တွေ့အားဖြင့် ကွာခြားနေမှုပင်ဖြစ်ပါသည်။

သာသနာ့ပညာကို ခြေခြေမြစ်မြစ် သင်ကြားခဲ့ပြီး သူမတူအေင် ထူးချွန်စွာ ဒရ်ဂျာအူလာ၊ အာလင်ဖွဇရ်ဖြင့် အောင်မြင်ခဲ့သူ ပညာရှင်ကြီ၏ ၁၉၆၂-ခုနှစ်က ဥဒါန်းစကားဖြစ်ပါသည်။ အာလင်ဆိုသော ဝေါဟာရ၏ အဓိပ္ပာယ်သတ်မှတ်ချက်၏ ကျယ်ပြန့်နက်ရှိုင်းမှုကို မသိ ကျိုးကျွံ ပြုနေသူတို့အတွက် ဆင်ခြင်စရာဖြစ်ပါသည်။ ဆရာကား အမြော်အမြင် ကြီးမားလှပါသည်။ ခေတ်မီတိုးတက် ထက်မြက် ထူးချွန်သော စာပေပညာရှင်ကြီးဖြစ်ပါသည်။

 

ကိုးကား-


အငြိမ်စား မြန်မာစာ ပါမောက္ခ ဒေါက်တာ အောင်ဇော်က ရေးသည့် တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (ဒုတိယတွဲ) မှကူးယူဖော်ပြပါတယ်။