"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"
လူသေအလောင်းပုံ ရာချီထဲမှာ အသက်ငင်နေသူ အမျိုးသမီးတစ်ဦး၏တောင်းပန်သံ၊ ညည်းသံဖြစ်ပါသည်။ လွန်ခဲ့သော ဩဂုတ်လ ၅ ရက်နေ့၊ မောင်တောမြို့ပေါ်က အသက်လုထွက်ပြေးလာခဲ့သော ရိုဟင်ဂျာများ စုဝေးခိုလှုံရာ ခြံစည်းရိုးအနီး နတ်မြစ်ကမ်းစပ်တွင် ဖြစ်သည်။
မိမိ၏ရပ်ရွာတွင် ရှော့တိုက်ဒုံးများ၊ ဒရုန်းဗုံးများဖြင့် တရစပ် တိုက်ခိုက်ခံနေရ၍ ရပ်ရွာထဲ၌ အသက်ရှင် နေနိုင်ရန် အခွင့်အလမ်း နည်းပါးနေသဖြင့် မြို့ပေါ်က ရိုဟင်ဂျာများသည် လယ်ဟာပြင်နေရာလည်း ဖြစ်၊ အခြေအနေမဟန်ခဲ့လျှင် တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံကို ချက်ချင်းကူးနိုင်ရန် အဆင်ပြေမည့် နေရာလည်းဖြစ်သည့် ကမ်းစပ်နေရာလေးမှာ အသက်လုပြေးလာကာ စုဝေးနေခဲ့ခြင်း ဖြစ်သည်။
အသက်ရှင်သန်ခွင့်ရရေး ရည်မှန်းချက်ဖြင့် ထွက်လာခဲ့သော်လည်း အသက်အန္တရယ်ကင်းမည်ဟု ယုံကြည်ခဲ့သော နေရာသည်ပင် သူတို့အတွက် လူသတ်ကွင်း ဖြစ်လာခဲ့၏။
ညနေ ၅ နာရီခွဲခန့်၌ မြောက်အရပ် ရွှေဇားကျေးရွာမှ ပျံသန်းလာခဲ့သော ဒရုန်းတစ်စင်းသည် လူစုလူဝေးတို့၏ အပေါ်၌ ဝဲနေရာ လူအုပ်စုသည် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။ ထိုဒရုန်း မြောက်အရပ်သို့ ပြန်သွားပြီး ခဏအကြာမှာပင် နောက်ထပ် ဒရုန်းနှစ်စင်း ရောက်လာခဲ့၏။ လူတိုင်း၏မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ဖုံးလွှမ်းနေပြီ။ ရင်တဒိတ်ဒိတ်။
"ဒိုင်း... ဒုန်း.... ဒုန်း... ဒိုင်း"
ပေါက်ကွဲသံများ အဆက်မပြတ်။ လူအုပ်သည် ဝရုန်းသုန်းကား။ ဟိုပြေးသည်ပြေး။ ဦးတည်ရာမဲ့။ အချို့သည် ကုန်းဘက်သို့ ပြေးထွက်။ အချို့သည် မြစ်ရေထဲသို့ ခုန်ချ။ အချို့မှာ ပြေးခွင့်မသာဘဲ အခင်းနေရာမှာတင် လဲကျလူးလိမ့်နေလျက်။ မိဘက သားသမီး မရှာအား။ သားသမီးက မိဘ မရှာအား။ ပြေးချင်တာ ပြေးသွား။ ဘယ်သူဘယ်ရောက်နေမှန်းမသိ။ တကယ်ပင် ကမ္ဘာပျက်သည့်အလား။
ဒရုန်း နောက်ထပ်ဘယ်နှစင်း ရောက်လာခဲ့သလဲ။ ပေါက်ကွဲသံများ ဘာလို့ မနားတမ်း ဟိန်းနေတာပါလိမ့်။
သေနတ်ပစ်ခတ်သံများရော ဘယ်အရပ်က ထွက်လာတာပါလိမ့်။
အမိုးအကာ မရှိသောနေရာ။ ထောင်ချီသော အရပ်သားသက်သက် လာစုဝေးခဲ့သောနေရာ။ သည်လိုနေရာမျိုးကို တစ်ခုခု ပစ်ခတ်ဖို့ ဘယ်လက်နက်ကိုင်အဖွဲ့ဖြစ်ဖြစ် ရှောင်ရှားမည်ဟု ယုံကြည်ခဲ့သော်ငြားလည်း လက်တွေ့မှာ ဖြစ်မလာခဲ့ပေ။
ဘေးကင်းမည့်ဟု ရွေးချယ်ခဲ့သော ထိုနေရာသည်ပင် ယခုတော့ ပေါက်ကွဲသံ၊ လူအုပ် အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံများဖြင့် ပြည့်နှက်နေလေ၏။ အော်သံများထဲတွင် ''လူထောင်ချီ ပါသွားပြီဟေ့။.... ငါ့အမေ အသတ်ခံလိုက်ရပြီ။.... ဟိုလူ့မိသားစု အကုန် ထိကုန်ပြီကွာ။.... ငါ့မိသားစု ရှာမရတော့ဘူး။" စသော စသော အသံများ။ နားမချမ်းဖွယ်ပင်။
နေမင်းသည် နတ်မြစ်ကို ကျောခိုင်း၍ အနောက်ဘက်သို့ တိမ်မြုပ်သွား၏။ အမှောင်ထုဖုံးလွှမ်းနေသည့် ထိုနေရာတစ်ဝိုက်မှာမူပေါက်ကွဲသံ၊ အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံတို့မှာ အချိန်အတော်ကြာကြာပင် မတိတ်မဆိတ် ဆူညံလို့နေခဲ့၏။
(၂)
အချိန်ကား ည ၃ နာရီ။ ပေါက်ကွဲသံများ မကြားရသော်လည်း ငိုသံနှင့်ညည်းသံတို့မှာမူ ကြားနေရဆဲပင်။ ပင်လယ်ကမ်းစပ်နား ခြံစည်းရိုးတစ်ဝိုက်က လူများ၏ တိုးတိုးတိတ်တိတ်နှင့် ပြောဆိုနေသံကိုလည်း အမှောင်ထုက ဖုံးလွှမ်းနိုင်စွမ်းမရှိ။ အချို့က လက်နက်ထိမှန်၍ ခန္ဓာကိုယ် ပုံပန်းပျက်သွားသော မိမိ၏မိသားစုဝင်များအနီးတွင် ယိုင်လဲ ငိုကြွေးလျက်။ အချို့ကမူ မသေဘဲ အသက်ငင်နေသူကို ဘာအကူအညီမှ မပေးနိုင်၍ ဖက်ထားရင်း ငိုကြွေးလျက်။ အချို့ကမူ ဒဏ်ရာရ မိသားစုဝင်များကို စက်လှေပေါ်တင်ပေးနိုင်ရန် ဟိုပြေးသည်ပြေးလုပ်နေလျက်။
ရဟိမ်းတို့မိသားစုသည် ကံကောင်းထောက်မစွာ အသက်ဆုံးရှုံးမှု မဖြစ်ခဲ့သော်လည်း သည်မွေးမြေမှာ မနက်ဖြန်အထိ နေထိုင်ရန်မှာ အသက်အာမခံချက်မရှိကြောင်း ခံစားလာ၏။ ထို့ကြောင့် ရက်မကူးဘဲ သည်ညမှာပင် တစ်ဘက်နိုင်ငံသို့ ကူးသွားနိုင်ရန် လှေငယ်တစ်စီး စီစဉ်လိုက်သည်။
ည ၃ နာရီခွဲသို့ရောက်လျှင် ရဟိမ်းတို့မိသားစုသည် ညအမှောင်ထုတွင် ကမ်းစပ်ကို ရင်တဒိတ်ဒိတ်နှင့် ရောက်လို့လာခဲ့သည်။ ကမ်းစပ်ကိုလာရာ လမ်းတစ်လျှောက်မှာ လူသေအလောင်းများ ထူထပ်နေလျက်။ လူသေအလောင်များကြားတွင် မသေဘဲ အသက်ငင်နေသူများ။
- "ကျွန်မကို ရေ နဲနဲလောက် တိုက်ပါလား"
- "သားရေ ဘယ်ရောက်နေတာလဲ... အမေ သေတော့မယ်"
- "အို့... အား ... အင်း...'' စသော အကူအညီတောင်းသံ၊ ညည်းနေသံတို့ကို ကြားရသော်လည်း ရဟိမ်းတို့မှာ လှည့်မကြည့်အားပေ။ သည်နေရာလေးကို ရနိုင်သမျှခပ်မြန်မြန် ကျော်ဖြတ်ခဲ့ရလေ၏။
ရခိုင်သုသာန်အလွန် ပုစွန်ကန်တာတစ်ခုကို ကျော်ဖြတ်နေခိုက် ခြေချစရာ နေရာမရှိ။ တာတစ်လျှောက် လူသေအလောင်းများသာ ပြည့်နှက်နေ၏။ ရဟိမ်းတို့သည် ထိုတာကိုဖြတ်၍လာနေချိန် လူသေအလောင်းများကို တစ်ခါတစ်ခါ နင်း၍ ဖြတ်နေရသည်။ ထိုအချိန်တွင် တာပေါ်မှာ လဲလျောင်းနေသော အမျိုးသမီးကြီးတစ်ဦးသည် အတော်အားယူ၍ပြောသော အသံမျိုးဖြင့် -
"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူ၍ ပြောလိုက်သည်ကို ကြားရလျှင် ရဟိမ်း၏ နှလုံးသားမှာ တစ်စစီအက်ကွဲသွားလေ၏။
သို့သော်လည်း ရဟိမ်းသည် မိသားစုနှင့်အတူ လှေဆိုက်နေရာ ကမ်းစပ်သို့သာ အမြန်သွားရတော့မည်။ နတ်မြစ်ရေပြင်မှ ရောင်ပြန်ဟပ်နေသော အလင်းကိုသာ အားကိုး၍ လျှောက်လာရတော့သည့်အခါ မိမိ၏ ခန္ဓကိုယ်ပင် မနည်းပြန်ထိန်းနေရသည်။ ထိုအခိုက်မျိုးမှာ မည်သူ့ကို ရဟိမ်းကူညီနိုင်မည်နည်း။ နောက်ပြီး လက်နက်ကြီးများ မည်သည့်အချိန်၌ လာပေါက်ကွဲမည်ကိုလည်း မည်သူမှ မသိနိုင်။ အလွန်ပင် အန္တရာယ်များနေသော နေရာလေးမှာ ရဟိမ်းတို့မိသားစု ကြာကြာမနေချင်တော့ပေ။
သုသာန်အလွန်က ပုစွန်ကန်တာမှ လျှောက်လာကာ ရဟိမ်းတို့သည် ခြံစည်းရိုးအထိ ရောက်လာသည်။ ခြံစည်းရိုးကိုကျော်လျှင် ကမ်းစပ်ကို ရောက်သည်ပင်။
ကမ်းစပ်ကို ဖြတ်ပြီး လှေပေါ် တက်ထိုင်ပြီးမှသာ ရဟိမ်းတို့ ခဏလောက် စိတ်သက်သာရလေသည်။ သို့သော် ရဟိမ်း၏နားထဲတွင်မူ...
"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူသော အမျိုးသမီးကြီး၏ အသံမှာ ထပ်ခါထပ်ခါ ပဲ့တင်ထပ်လို့နေလေ၏။
မသေသေးပါဘူးဟု အားယူ၍ ပြောခဲ့သော အမျိုးသမီးသည် တစ်စုံတစ်ဦး၏အကူအညီဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံကိုရောက်၍ ဆေးကုသခွင့်ရနေသလား။ တကယ်ပင် မသေဘဲ အသက်ရှင်ခဲ့သလား။ ကူသူပေါ်မလာ၍ လူရာချီတို့နှင့်အတူ ထာဝရအတွက် အိပ်ပျော်သွားခဲ့သလား။ မနက်အထိ အသက်ရှင်၍ မိသားစုဝင်တစ်ဦးဦးနှင့် ပြန်တွေ့ခွင့်ရခဲ့သလား။
ရဟိမ်း၏အတွေး၌ ''သလား'' ပေါင်းများစွာ ....။
— RYanLinn
[ဩဂုတ်လ ၅ ရက်နေ့၊ အေအေ၏ဒရုန်းလက်နက်၊ ရှော့တိုက်ဒုံး တိုက်ခိုက်ခံရ၍ နတ်မြစ်ကမ်းစပ်အနီး အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရသည့်ဖြစ်စဉ်ကို ဩဂုတ်လ ၆ ရက်နေ့ မနက် သွားရောက်ရိုက်ကူးခဲ့သည့် ဗီဒီယိုမှတ်တမ်းထဲက တစ်ခုဖြစ်ပါသည်။]
No comments:
Post a Comment