Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label 1978. Show all posts
Showing posts with label 1978. Show all posts

Thursday, October 23, 2025

ဗွီဖို့စ်အမှုထမ်း ဝါဂျီအုလ္လာ အာရ်ကာနီ (၁၉၁၉-၁၉၈၈)

 

ဗွီဖို့စ်အမှုထမ်း ဝါဂျီအုလ္လာ အာရ်ကာနီ (၁၉၁၉-၁၉၈၈)



ဝါဂျီအုလ္လာ အာရ်ကာနီသည် V-Force အမှုထမ်း၊ စကားပြန်၊ ရုံးစာရေး၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူ၊ တော်လှန်ရေးသမားစသည်ဖြင့် ထင်ရှားသည့် ရိုဟင်ဂျာတစ်ဦးဖြစ်သည်။

ဝါဂျီအုလ္လာကို ၁၉၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ မောင်တောမြို့နယ်၊ ချီရာတန်ကျေးရွာတွင် မွေးဖွားခဲ့သည်။  ဖခင်မှာ မလဝီ အဗ်ဒူရာဟ်မာန် ဖြစ်သည်။ ဖခင်မှာ သူတော်စင် ဖကီးရ်မလဝီ (မော်လာနာ အဗ်ဒူဂျဗ္ဗာရ်၊ ဘော်လီဘာဇား)ကို အလွန်ကြည်ညိုသူတစ်ဦးဖြစ်သည်။

ဝါဂျီအုလ္လာသည် ဒုတိယကမ္ဘာစစ်မတိုင်မီက ဆယ်တန်းအောင်မြင်ခဲ့သည်။ ရုံးစာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၄၂ နောက်ပိုင်းတွင် အင်္ဂလိပ်တို့က ဖက်ဆစ်ဂျပန်ကို တိုက်ခိုက်ရန် ရိုဟင်ဂျာအရံတပ် V-Force ဖွဲ့စည်းခဲ့ရာ သူသည် အာရကန်တွင် ရာဇဝတ်မှု ကျူးလွန်နေသည့် ဖက်ဆစ်ဂျပန်ကို မုန်းတီးသဖြင့် V Force တွင် ဝင်ရောက်အမှူးထမ်းခဲ့သည်။ သူသည် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သောကြောင့် အင်္ဂလိပ်အရာရှိများ၏ ဘာသာပြန်အဖြစ် ခန့်အပ်ခံရသည်။ အင်္ဂလိပ် ဗိုလ်မှူး အန်တိုနီ အီရ်ဝင်း(Anthony Irwin)၏ စကားပြန်လုပ်ခဲ့ကြောင်း ဗိုလ်မှူး အန်တိုနီ အီရ်ဝင်း ရေးသားခဲ့သည့်  "Burmese Outpost" စာအုပ်တွင် ဝါဇီအုလ္လာ၏ အကြောင်းကို ရေးသားဖော်ပြခဲ့ပြီး၊ စာရေးဆရာထံ ပေးပို့ခဲ့သည့် သူ၏စာတစ်စောင်ကိုလည်း ဖော်ပြခဲ့သည်။ ဗိုလ်မှူး အီရ်ဝင်းသည် ဘူးသီးတောင်မြို့မှ ဆယ်ခိုင်ရွာသူကြီး အဒူစလာမ် ဒူဘာချီ ၏ ပုံတူပန်းချီတစ်ခုကိုလည်း ထိုစာအုပ်တွင် ဖော်ပြခဲ့သည်။

၁၉၄၅-၁၄၆ ခုတွင် အင်္ဂလိပ်ဗိုလ်မှူး အရ်ဝင်းထံ ရေးသားခဲ့သော ပေးစာများတွင် သူ၏ မြန်မာ့နိုင်ငံရေး သဘောထားအမြင်နှင့် ယုံကြည်ချက်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ အခြေအနေ ဆိုးဝါးလာနေပုံကို သူစိုးရိမ်စိတ် ဖြစ်လာသည်။ "ဗမာလူမျိုးတွေက မွတ်စလင်တွေကို ဗမာနိုင်ငံမှာ မနေစေချင်ဘူး။ ငါတို့ကို ဗမာပြည်ကနေ အင်အားသုံးပြီးတော့ မောင်းထုတ်ဖို့ သူတို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ လူမျိုးအားလုံး အမြင့်ဆုံးမှ အနိမ့်ဆုံးအထိ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာက ဗမာလူမျိုးများ၏ ကျူးကျော်တိုက်ခိုက်မှုရန်များပင် ဖြစ်တယ်" ဟု မြန်မာပြည်ရှိ မွတ်စလင်များခံစားနေရသည့် ခွဲခြားဆက်ဆံမှု၊ မုန်းတီးမှုတို့ကို မီးမောင်းထိုးပြခဲ့သည်။ ဤပြသနာကို ဖြေရှင်းနိုင်ရန် " ဖွဲ့စည်းပုံဥပဒေနှင့်အညီ မွတ်စလင်တွေကို သီးခြားနယ်မြေဒေသတစ်ခု သတ်မှတ်ပေးရန် လိုအပ်ကြောင်း" သူ ယုံကြည်သည်။ ထို့အပြင် နောက်ဆုံး အာရကန်ကင်ပိန်း ကာလတွင် ဗိုလ်မှူးချုပ် ဖီးလစ် က မွတ်စလင်တို့ကို သီးခြားနယ်မြေတစ်ခု သတ်မှတ်ပေးမည်ဟု ကတိပေးခဲ့ကြောင်း သူထောက်ပြခဲ့သည်။

ဗြိတိသျှအရာရှိများ၏ ဘာသာပြန်အဖြစ် တာဝန်ထမ်းဆောင်နေစဥ် ဆရာ ဝါဂျီအုလ္လာသည် ဒေသခံ ရိုဟင်ဂျာများကို တတ်နိုင်သလောက် အကူအညီပေးခဲ့သည်။ တစ်ခါက ဗြိတိသျှအရာရှိတစ်ဦးသည် ဂျပန်သူလျှို့ဟု သံသယရှိသူတစ်ဦးအား စစ်ဆေးမေးမြန်းစဉ် ထိုလူသည် ဂျပန်စစ်သားများကို မြင်ခဲ့သည်ဟု ထွက်ဆိုလျှင် ပြင်းပြင်းထန်ထန် အရေးယူခံရမည်ဖြစ်သည်။ ဝါဂျီအုလ္လာသည် ထိုလူ၏ အဖြေက "တွေ့ခဲ့တယ်" ဖြစ်လိမ့်မည်ဟု ထင်မိသည်။ ထို့ကြောင့် ထိုလူကို ကယ်တင်လို၍ သူသည် ရိုဟင်ဂျာစကားဖြင့် ဗြိတိသျှအရာရှိက သူ့အား တောင်ထိပ်ကနေ ခုန်ချနိုင်သလားဟု မေးနေသည်ဟု မေးမြန်းခဲ့သည်။ ထိုလူကြီးက "အင်း...အင်း" ဟု မနိုင်ကြောင်း ပြန်ဖြေခဲ့သည်။ ဗြိတိသျှအရာရှိက ထိုလူသည် ဂျပန်စစ်သားသူတစ်ဦးတစ်ယောက်ကိုမျှ မမြင်ခဲ့ဟု ထင်မှတ်သွားပြီး ထိုလူကြီးအား လွှတ်ပေးခဲ့သည်။
ဝါဂျီအုလ္လာအာရ်ကာနီက Irwin ထံ ရေးသားခဲ့သည့်စာ မူရင်းပုံ။ Burmese Outpost.


ဒုတိယကမ္ဘာစစ်အပြီးတွင် ဝါဂျီအုလ္လာသည် ကာလကတ္တားတက္ကသိုလ်သို့ တက်ရောက် ပညာသင်ယူခဲ့သည်။ တက္ကသိုလ်၌ ပညာသင်နေစဥ်ကာလတွင် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးခေါင်းဆောင် ရှိက်(ခ်) မူဂျီဘုရ် ရာဟ်မာန် စသော အိန္ဒိယကျွန်းဆွယ်၏ အနာဂတ်ခေါင်းဆောင်များစွာနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ နိုင်ငံရေးအမြော်အမြင်၊ နိုင်ငံရေးယုံကြည်ချက်တို့ကို ဖလှယ်ခွင့်ရရှိခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် မြန်မာ့တပ်မတော်လက်အောက် စစ်ဝန်ထမ်း ဟုခေါ်သည့်  BTF တပ် (Burma Territorial Force)၏ လူမဆန်သော ရက်စက်ယုတ်မာမှုများကြောင့် အာရကန်တိုင်းမှ ရိုဟင်ဂျာ မွတ်စလင် မိသားစုများစွာ အရှေ့ပါကစ္စတန်သို့ အသက်လု ထွက်ပြေးခဲ့ကြရသည်။ ၎င်းတို့ထဲမှာ ဝါဂျီအုလ္လာ၏ မိသားစုလည်း ပါခဲ့သည်။ နတ်မြစ်ဝ ရှင်မဖြူကျွန်း၌ ဘဒေါရ်မိုက္ကန် သို့မဟုတ် ဂူလာဟု ခေါ်သော ကျေးရွာတစ်ရွာရှိခဲ့သည်။ ၎င်းနေရာသည် အာရကန်တိုင်းနှင့် စစ်တကောင်းကြား ကုန်သွယ်ရေး အချုပ်အချာကျသည် နေရာတစ်ခုဖြစ်ခဲ့သည်။ ဝါဂျီအုလ္လာ၏ မိသားစုသည် ထိုဒေသတွင် ရွေ့ပြောင်းခိုလှုံခဲ့သည်။ ဝါဂျီအုလ္လာနှင့် ၎င်း၏ညီ ဟာဗီဘုလ္လာတို့သည် အရှေ့ပါကစ္စတန် (ယနေ့ ဘင်္ဂလားဒေ့ရှ်) ၌ ဒုက္ခသည်အဖြစ်ရှိနေစဥ် တက်နာ့ဖ်တွင် ဒေသခံ ဘင်္ဂလီရခိုင်နှင့် ဒေသခံ ဘင်္ဂလီမွတ်စလင် အုပ်စုတို့အကြား  အားပြိုင်မှု၊ အထက်စီးမှုကို ပုံမှန်ဖြစ်အောင် ညှိနှိုင်းပေးရာတွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်။

ဝါဂျီအုလ္လာသည် ငယ်စဥ်ကပင် ရဲစွမ်းသတ္တိရှိသူ၊ မျိုးချစ်စိတ် ထက်သန်သူ တစ်ဦးဖြစ်သည်။ အာရကန်တွင် ဖြစ်နေသည့် အစိုးရ၏ မတရားနှိပ်ကွပ်မှု၊ ခွဲခြားဆက်ဆံမှုတို့မှ ရိုဟင်ဂျာလူမျိုးတို့ကို ကယ်တင်ရန် အနုနည်းဖြင့် ကြိုးပမ်းခဲ့သည်။ သို့သော် အောင်မြင်မှု မရရှိသဖြင့် လက်နက်ကိုင် တော်လှန်ရေးလမ်းကို ရွေးချယ်ကာ ခေါင်းဆောင်ကြီး ဂျာဖောရ်ကာဝါလ်၏ တော်လှန်ရေးအဖွဲ့တွင် ဝင်ရောက်ခဲ့သည်။ သူသည် V force တွင် အမှုထမ်းပြီး စစ်ရေးအတွေ့အကြုံ၊ မြေပြင်အတွေ့အကြုံနှင့် ရင့်ကျက်သူဖြစ်သဖြင့် တော်လှန်ရေးအဖွဲ့တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မူဂျာဟစ်ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ဝါဂျီအုလ္လာတို့ မိသားစုသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက သူတို့ကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် မြန်မာဗဟိုအစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် သူတို့ကို ပြန်လက်ခံခဲ့သည်။ မယုနယ်ခြားခရိုင်  အုပ်ချုပ်ရေးကာလအတွင်း သူသည် မေယုရာရှစ် (ခ) ဘမောင်နှင့်အတူ စိတ်ပညာရေးရာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် သူအား ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီး ဦးဘမောင်အား မေယုရဲအုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ဝါဂျီအုလ္လာသည် နေဝင်းအစိုးရ မဆလခေတ်တွင် စစ်အာဏာရှင်နှင့် မတရားမှု ဖိနှိပ်မှုကို ခုခံတော်လှန်ရန် ဆရာကြီး ဆုလ်တာန် ခေါင်းဆောင်သော ရိုဟင်ဂျာ လွတ်လပ်ရေးတပ် (Rohingya Independence Force) ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် မြေအောက်ပုန်းတောခိုကာ စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့ ခုခံတော်လှန်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် သူသည် အာရကန်သမိုင်းအသင်း (Arakan Historical Society) ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၈ ခုဒုက္ခသည်များအရေးပေါ်ပေါက်ခဲ့ရာ အကြမ်းဖက်စစ်ဆင်ရေး၏ သရုပ်မှန်နှင့် ဒုက္ခသည်များ၏ ဆိုးဝါးသောအခြေအနေကို ကမ္ဘာသိအောင် လှုပ်ရှားရာတွင်လည်း တက်တက်ကြွကြွ ပါဝင်ခဲ့သည်။

ဝါဂျီအုလ္လာ အာရ်ကာနီသည် မြန်မာ့လူထုနှင့် တိုင်းပြည်အပေါ် အဓမ္မတရား စိုးမိုးလာသည့်အခါတိုင်း မိမိ၏အသက်၊ မိမိ၏ ဘဝကို အမှုမထားဘဲ အဓမ္မကို တော်လှန်ခြင်းသည် မိမိ၏ တာဝန်အဖြစ်ခံယူကာ ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့သည်။ မိမိ၏ လူမျိုးနှင့်တိုင်းပြည်တာဝန်ကို ကိုယ်စွမ်းဉာဏ်စွမ်း ဆောင်ရွက်ကာ ၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ အသက် ၆၉ နှစ်တွင် ကွယ်လွန်ခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်သည် သူ၏ ဝိညာဉ်အား ထာဝရငြိမ်းချမ်းမှုကို ချီးမြှင့်တော်မူပါစေ။


— လူထုဝဏ္ဏ
(၂၁-၁၀-၂၀၂၅)




ကိုးကား-
၁။ AFK Jilani, (1999). The Rohingyas of Arakan: Their quest for justice.
၂။ Anthony Irwin, (1945). Burmese Outpost.
၃။ Greg Constantaine, (2025). Ek Khaale.


Wednesday, March 12, 2025

နဂါးဆိုးသောင်းကျန်းခဲ့သည့် ၁၉၇၈ အကြမ်းဖက် စစ်ဆင်ရေး

 


နဂါးဆိုးသောင်းကျန်းခဲ့သည့် ၁၉၇၈ အကြမ်းဖက် စစ်ဆင်ရေး


၁၉၇၈ ခုနှစ်တွင် အာဏာရှင်နေဝင်းအစိုးရက အင်မတန် ရက်စက်လှတဲ့ စစ်ဆင်ရေးတစ်ခုကို ဆင်နွှဲခဲ့တယ်။ အဲဒါကို နဂါးမင်း စီမံချက်လို့ အမည်ပေးခဲ့တယ်။ နဂါးနာမည် ကြားရုံနဲ့ အဘယ်မျှလောက် ရက်စက်ကြမ်းကြုတ်ခဲ့တယ်ဆိုတာ စာတမ်းမဖတ်မီကပင် သိသာထင်ရှားစေတယ်။ ယနေ့ခေတ် လူငယ်တွေက နဂါးမင်း စစ်ဆင်ရေးကို ကြားဖူးကောင်းကြားဖူးမှာပါ။ ဒါပေမဲ့ အဲဒီ ကြောက်မက်ဖွယ် စစ်ဆင်ရေးရဲ့ ဒဏ်ကို ခံစားခဲ့တဲ့ လူမျိုးတွေက ဘယ်လို မေ့လျော့နိုင်မှာလဲ။ သမိုင်းရဲ့ အင်မတန် ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အိပ်မက်ဆိုးတစ်ခုအဖြစ် မျိုးဆက် အဆင့်ဆင့် မှတ်သားထားကြလိမ့်မယ်။


ဒီနဂါးမင်းဆိုးရဲ့ သောင်းကျန်းရက်စက်မှုကြောင့် မြန်မာနိုင်ငံရဲ့ လူနည်းစု တိုင်းရင်းသားရိုဟင်ဂျာ ၂ သန်းခွဲခန့် ဒုက္ခသည်ဘဝရောက်ခဲ့ရတယ်။ အပြစ်မဲ့ ပြည်သူ ၂ သောင်းကျော် သေကြေပျက်စီးခဲ့ရတယ်။ အမျိုးသမီးတွေ အဓမ္မကျင့်ခံခဲ့ရတယ်။ ရွာပေါင်း ၆၆ ရွာကျော် ဖျက်ဆီးခံခဲ့ရတယ်။ ပြည်သူအများအပြား ထောင်ချနှိပ်စက်ခံခဲ့ရတယ်။ ဒါပေမဲ့ မျိုးချစ်တချို့က အဲဒီ အကြမ်းဖက်စစ်ဆင်ရေးရဲ့ နောက်ကွယ်က အမှန်တရားကို ဖုံးကွယ်ပြီးတော့ ပြောင််းပြန် ဖော်ပြလေ့ရှိတယ်။ “ဘင်္ဂလီတွေ အစစ်အဆေး မခံရဲလို့ထွက်ပြေးကြတာ၊ ကိုယ့်အိမ်ကိုယ် မီးရှို့ထွက်ပြေးတာ၊ စစ်တပ်က ဘာ ရာဇဝတ်မှုမှ ကျူးလွန်တာ မရှိဘူး၊ လူဦ်းရေစာရင််းကောက်ရုံပဲ၊ ပြန်လက်ခံချိန်မှာ ပိုလက်ခံရသေးတယ်” စတဲ့ မွတ်စလင်မုန်းတီးစိတ်နဲ့ အဓမ္မဝါဒီဆန်ဆန် ရေးသားဖော်ပြကြတယ်။ ဒီစာတမ််းမှာ အဲဒီ အကြမ််းဖက် နဂါးမင်းစစ်ဆင်ရေးအကြောင်းကို  လက်လှမ်းမီသမျှ သမိုင်းအကိုးအကားတွေ အမှီအငြမ််းပြုပြီး အဖြစ်အဖျက်အမှန် တင်ပြသွားမှာ ဖြစ်ပါတယ်။


လူထုဝဏ္ဏ ရေးသားခဲ့တဲ့ အကြမ်းဖက် နဂါးမင်းစစ်ဆင်ရေး စာတမ်းကို အောက်ပါလိင့်မှ ဒေါင်းဆွဲယူပါ။


Download Here!

၁၉၇၈ နဂါးမင်း စစ်ဆင်ရေး


— လူထုဝဏ္ဏ