Diindahání
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ရိုသမိုင်း. Show all posts
Showing posts with label ရိုသမိုင်း. Show all posts
Thursday, February 12, 2026
ရဲအုပ် အဗ္ဗဒူလ်ဟာဒီး (၁၉၁၈-၂၀၀၄)
ရဲအုပ် အဗ္ဗဒူလ်ဟာဒီး (၁၉၁၈-၂၀၀၄)
ရဲအုပ် ဦးဟာဒီးသည် ရိုဟင်ဂျာ၊ ရခိုင် အားလုံးက ချစ်ခင်ရိုသေလေးစားသည့် ထင်ရှားသော ရိုဟင်ဂျာအမျိုးသားတစ်ဦးဖြစ်သည်။ ပြည်သူ့လွှတ်တော်အမတ် ဦးရွှေမောင်နှင့် အထက်တန်းပြကျောင်းဆရာ ဦးခင်မောင်တို့၏ ဖခင်လည်းဖြစ်သည်။ ဘဝတသက် တိုင်းပြည်နှင့်လူမျိုးအကျိုးကို အသက်နှင့်ရင်းပြီး သယ်ပိုးခဲ့သူ တစ်ဦးဖြစ်သည်။
ဦးဟာဒီးကို မောင်တောမြို့နယ်၊ ဘော်လီဘာဇား (ကြိမ်ချောင်း) ၌ ၁၉၁၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ အဗ္ဗဒူလ်ဟာဒီး ဖြစ်သည်။ မြို့​ဟောင်းမြို့ (မြောက်ဦး) လယ်ပိုင်ရှင်သူ​ဌေးကြီး ဦး​ဇော်​ဘော်မူလုက် (စန္ဒီခါန် ဗလီဝတ်​ကျောင်း​တော်၏ ဂေါပက​ဟောင်း) ၏ သားဖြစ်သည်။ ဖခင် ဦး​ဇော်​ဘော်မူလုက်မှာ မြို့ဟောင်း ဇာတိဖြစ်ပြီး ပထမကမ္ဘာစစ်တုန်းက အစွန်းရောက်ရခိုင် ဓါးပြအချို့၏ တိုက်ခိုက်မှုကြောင့်  ဓားခုတ်ဒဏ်ရာ ခုနှစ်ချက်ဖြင့် သေဆုံးခဲ့ရှာသည်။  ထို့နောက် မိခင်ဖြစ်သူမှာ အခြားမိသားစုဝင်များနှင့်အတူ မောင်တော၊ ဘော်လီဘာဇားသို့ ခေတ္တ ရွေ့ပြောင်းလာခဲ့သည်။ ထိုကျေးရွာ၌ပင် ဦးဟာဒီးကို ဖွားမြင်ခဲ့သည်။ ဒေသအခြေအနေ ကောင်းမွန်လာသောအခါ အဗ္ဗဒူလ်ဟာဒီးသည် မိခင်၊ အဘွားတို့နှင့်အတူ မိဘဇာတိမြေ မြို့ဟောင်းသို့ ပြန်လည်သွားရောက်နေထိုင်ခဲ့သည်။
ဦးဟာဒီး၏ ဝန်ထမ်းကတ်ပြား။
အဗ္ဗဒူလ်ဟာဒီးသည် မြို့ဟောင်းမြို့နယ်၌ပင် ပညာသင်ယူ ကြီးပြင်းခဲ့သည်။ ဖခင်အား ရခိုင်လူဆိုးတို့က သတ်ဖြတ်၍ သေဆုံးခဲ့ကြောင်းကို အဖွားထံမှ သိရှိရပြီးနောက် စိတ်ထဲတွင် လူဆိုးလူမိုက် ဒုစရိုက်ကောင်များကို နှိမ်နင်းရန် အားသန်လာခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသောအခါ ပြည်သူ့ရဲတပ်ဖွဲ့သို့ ဝင်ရောက်အမှူးထမ်းခဲ့သည်။ ရာဇဝတ်မှုဆိုင်ရာ ရဲအရာရှိ (အင်းစိန် CID လက်မှတ်ရ CPO - Criminal Police Officer) ဖြစ်လာခဲ့သည်။ မြောက်ဦးမြို့ ရဲစခန်းတွင် စတင် တာဝန်ထမ်းဆောင်၍ မြို့​ဟောင်းမြို့ရဲစခန်းက ဒု-လုံခြုံ​ရေးမှူး (ဒု-ရဲအုပ်) ဦးဟာဒီ ဟု ထင်ရှားလာခဲ့သည်။ ရခိုင်၊ ရိုဟင်ဂျာ​ မရွေ့ လူမျိုးတိုင်း ကြောက်ရွံ့ရို​သေခဲ့ကြသည်။ ၁၉၅၅ ခုတွင် မြောက်ဦးရဲစခန်းမှ စစ်​တွေ အမှတ် (၁) ရဲစခန်း (နာရီစင် ရဲစခန်း) ကို ပြောင်း​ရွေ့တာဝန်ထမ်း​ဆောင်ခဲ့သည်။ စစ်တွေမြို့၌ တာဝန်ထမ်းဆောင်နေစဥ် မြောက်ဦးမြို့ ခွဆုံဇာတိ လယ်ပိုင်ရှင် သူဌေးကြီး ဦးဟာဆောင်သီရိ၏ မြေး ဒေါ်အေးစိန် (ခ) အာဇီဇာဘေဂွမ်နှင့် ဖူးစာဆုံကာ ထိမ်းမြှားလက်ထပ်ခဲ့သည်။
ထို့ပြင် စစ်​တွေ အမှတ် (၁) ရဲစခန်းမှ မောင်​တောမြို့မရဲစခန်း​သို့ ပြောင်းရွှေ့ခဲ့သည်။ မောင်တောမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေစဥ် ဒေသငြိမ်းချမ်းရေးအတွက် ထိပ်တန်းက ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထိုမှတဆင့် ဘူးသီး​တောင် မြို့မရဲစခန်း​သို့ ပြောင်းရွေ့ခဲ့သည်။ ဘူးသီး​တောင်မြို့၊ မြို့မရဲတန်းလျားတွင် နောင် ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာမည့် သား ဦးရွှေမောင်ကို မွေးဖွားခဲ့သည်။ ဘူးသီးတောင်တွင် ၇ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ကျောက်​တော်မြို့ရဲစခန်းကို ပြောင်းရွေ့ခဲ့ပြန်သည်။ ထိုအချိန်သည် ကျောက်​တော်က အနက်​ရောင်နယ်​မြေဖြစ်သည်။ ကွန်မြူနစ်ပါတီသူပုန်​များ သောင်းကျန်းနေသည့် ခေတ်ဖြစ်သည်။ ကွန်မြူနစ်သူပုန်များကို ရွံ့ရွံချွံချွံ တိုက်ခိုက်ခဲ့ရသည်။ သူပုန်များက ရဲစခန်းကို မကြာခဏ လာတိုက်သောကြောင့် လှုံခြုံရေးတာဝန်များကိုလည်း ရဲရဲစွမ်းစွမ်း ယူခဲ့ရသည်။ ကျောက်​တော်မြို့ကို စောဖြူရွာဖွင့်ပွဲတွင် ရောက်လာခဲ့သည့် ဗိုလ်ချုပ်​စောဖြူအတွက် ဦး​ဆောင်ပြီး လုံခြုံ​ရေးတာဝန်ယူခဲ့ရသည်။
ဦးဟာဒီး နှင့် ဒေါ်အေးစိန်
၁၉၇၆ ခုနှစ်တွင် ကျောက်တော်မြို့မှ ပုဏ္ဏားကျွန်းမြို့ ရဲစခန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဦးဟာဒီး၏ ရဲစွမ်းသတ္တိကို သက်သေပြုသည့် အဖြစ်အပျက်များစွာရှိသည်။ ယင်းထဲမှ တစ်ခုမှာ ညတစ်ညတွင် ပုဏ္ဏားကျွန်း​စျေးနားရှိ သမဝါယမဂို​ဒေါင် အ​ဖောက်ခံရသည်။ ဓားပြခေါင်းဆောင် ဖိုးညွန့်စိန်နှင့်အဖွဲ့က ဖောက်သွားခြင်းဖြစ်သည်။ ဓားပြခေါင်းဆောင် ဖိုးညွန့်စိန်ကို ရဲကအစ ကြောက်၏။ အရပ်ရှည်ရှည် ခန္ဓာကိုယ်ထွားထွား၊ အသားမဲမဲ ပင်။ သူ့ကို ရဲအုပ် ဦးဟာဒီးက မီမီရရ ဖမ်းဆီးခဲ့ပြီး ရဲစခန်းထဲတွင် ချုပ်နှောင်ထားခဲ့သည်။ ၂ ရက်ခန့်ကြာ​ပြီးနောက် ကင်း​စောင့်​နေသည့် ရဲသား၏ သေနတ်လုပြီး ဖိုးညွန့်စိန် ထွက်​ပြေးသွားခဲ့သည်။ ထို့ကြောင့် ဦးဟာဒီးက အလွန် စိတ်ပူပန်ရသည်။ မြို့နယ်မှုးက ဦးဟာဒီးကို အလုပ်ဖြုတ်ခံရမည်အထိ အမှုကြီးလာခဲ့သည်။ ဦးဟာဒီးက “ကျ​နော် ဓါးပြ​ခေါင်း​ဆောင် ဖိုးညွန့်စိန်ကို ၇ ရက်အတွင်း ဖမ်း​မပေးနိုင်ပါက အလုပ်ကနေ နုတ်ထွက်ပေးမယ်” ဟု မြို့နယ်မှုးကို​ ကတိပေးခဲ့သည်။ ရဲအုပ် ဦးဟာဒီးက ရဲတပ်သား ၃ ယောက်နှင့်အတူ ဖိုးညွန့်စိန်ကို ပြန်ဖမ်းဆီးရန် ပလန်စခင်းလိုက်သည်။ နောက်​နေ့ ဦးရာဇ်​တောင်​စေတီ ဘုရားပွဲ၌ ဦးဟာဒီး  ဘုရားပွဲ​ရောက်​နေသည်ကို ဓါးပြ ဖိုးညွန့်စိန်သိ၍ ရဲအုပ်ကို ဘုရားပွဲအထိ လာပြီး နောက်က​နေ သေနတ်နှင့် ချိန်းပစ်ခဲ့သည်။ ကံ​ကောင်းထောက်မ၍ သေနတ်က မ​ဖောက်ခဲ့သောကြောင့် သေခြင်းဘေးမှ လွှတ်မြောက်ခဲ့သည်။ ရဲအုပ်က ချက်ချင်းပင် နောက်လှည့်ပြီး ဖိုးညွန့်စိန်ကို ခြောက်လုံးပြူးနှင့် ၃ ချက် ပစ်လိုက်ပြီး ဖမ်းဆီးလိုက်လေသည်။
ပုဏ္ဏားကျွန်းတွင် လူဆိုးလူမိုက်များအပြင် ကွန်မြူနစ်သူပုန်များကို နိမ်နှင်းရာတွင်လည်း ရှေ့တန်းက ရဲရဲစွန်းစွမ်း ပါဝင်ခဲ့သည်။ ကွန်မြူနစ်သူပုန်များကို ခြေရာကောက်လိုက်လံဖမ်းဆီးရာ မြို့နယ်ပါတီဥက္ကဌအိမ်​အောက်မှာ လက်နက်​များ ဖုံးဝှက်ထားတာ သတင်းအရ ရဲအုပ်ဦး​ဆောင်သည့် ရဲတပ်ဖွဲ့နှင့် NIB အမျိုးသား​ထောက်လှမ်း​ရေးအဖွဲ့ ပူး​ပေါင်းအဖွဲ့က ပါတီဥက္ကဌကိုဖမ်းပြီး သိုဝှက်ထားသည့် လက်နက်​များကို သိမ်းဆည်းနိုင်ခဲ့သဖြင့် နာမည်ကောင်းရရှိခဲ့သည်။ ဦးဟာဒီးသည် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော ထိုချိန်က လူဆိုးလူမိုက်များ၊ လက်နက်ကိုင်သူပုန် အများအပြားကိုလည်း တရားဥပဒေအောက် သိမ်းသွင်းကာ အညွှန့်ကျိုးသွားစေနိုင်ခဲ့သည်။
ဦးဟာဒီးအတွက် တရားဥပဒေ သာ  အမြတ်နိုးဆုံးဖြစ်သည်။ တရားဥပဒေတံမျဥ်းအား ချိုးဖောက်သူများကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ အရေးယူဆုံးမရာတွင် မိမိအသက်ကိုပင် အမူမထားဘဲ ထိပ်ဆုံးက ပါဝင်ခဲ့သူ သူရသတ္တိရှင် တစ်ဖြစ်သည်။ ရဲအုပ် ဦးဟာဒီးသည် ၁၉၇၈ ခုနှစ်တွင် အလုပ်မှ အငြိမ်းစားယူခဲ့ပြီး ဘူးသီး​တောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ မေယုလမ်း၊ အိမ်အမှတ် ၆၉ သို့ ပြောင်း​ရွေ့​နေထိုင်ခဲ့သည်။ ဦးဟာဒီးသည် တိုင်းပြည်နှင့် လူမျိုးတာဝန်များကို ရဲရဲစွမ်းစွမ်း ထမ်းဆောင်ပြီး အသက် ၈၆ နှစ် ၂၀၀၄ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ဘူးသီးတောင်မြို့ရှိ မိမိ၏နေအိမ်၌ အလ္လာဟ်အမိန့်ခံယူခဲ့လေသည်။
လူထုဝဏ္ဏ
(၁၁-၂-၂၀၂၆)
ကိုးကား -
ဦးရွှေမောင်၏ ဖေ့စ်ပို့စာမျက်နှာ။
Saturday, February 7, 2026
မူစားဒေဝန်ဗလီ၏ သမိုင်းကြောင်းနှင့် ထူးခြားချက်
မူစာဒေဝန်ဗလီ၏ သမိုင်းကြောင်းနှင့် ထူးခြားချက်များ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မူစာဒေဝန်ဗလီသည် မြန်မာနိုင်ငံရှိ ရှေးဟောင်းအစ္စလာမ်သာသနာ့အဆောက်အအုံများအနက် သမိုင်းတန်ဖိုးကြီးမားသော နေရာတစ်ခုဖြစ်သည်။
ဤဗလီကို သက္ကရာဇ် ၁၇၀၀ ကျော် (အေဒီ ၁၈ ရာစု) ဝန်းကျင်တွင် တည်ဆောက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရပါသည်။ ၎င်းသည် ရခိုင်ဘုရင်များလက်ထက်နှင့် ကုန်းဘောင်ခေတ်ဦးကာလများ၏ ယဉ်ကျေးမှု အဆက်အစပ်ကို ဖော်ပြနေပါသည်။
မူစာဒေဝန်ဗလီသည် စစ်တွေမြို့ရှိ နာဇီရပ်ကွက် မွတ်စလင်သုသာန်ဝင်းအတွင်း တည်ရှိပြီး ၎င်းဒေသ တွင်ကျော်ကြားခဲ့သည့် ရှိုက်မှုစာအလီ (Sheikh Musa Ali) အမည်ရှိ ပုဂ္ဂိုလ်မြတ်ကို အစွဲပြု၍ တည်ဆောက်ထားခြင်း ဖြစ်သည်။
မူစာဒေဝန်ဗလီသည် ရှေးဟောင်းအနုပညာလက်ရာများ ပါဝင်သည့် အဆောက်အအုံတစ်ခုဖြစ်သည်။ အထူးသဖြင့် ဗလီ၏ အမိုးခုံး (Dome) နှင့် နံရံကပ်ဒီဇိုင်းများသည် ထိုခေတ်ကာလက အရှေ့တိုင်းနှင့် အစ္စလာမ်ဗိသုကာပညာ ပေါင်းစပ်မှုကို ထင်ဟပ်စေသည်။
ဆရာဦးဘိုးချယ်၏ မှတ်တမ်းများအရ ရှိုက်မှုစာအလီ (သို့မဟုတ်) မူစာဒေးဝန်သည် ထိုခေတ်ကာလက ဘာသာရေးနှင့် လူမှုရေးအရ ဩဇာတိက္ကမကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်းအား ဂုဏ်ပြုသောအားဖြင့် ဤဗလီကို အမည်ပေးခဲ့ခြင်း ဖြစ်သည်။
စစ်တွေမြို့၏ နှစ်ပေါင်း ၃၀၀ နီးပါးသက်တမ်းရှိသော မူစာဒေဝန်ဗလီသည် ရှေးဟောင်းအဆောက်အအုံတစ်ခုအနေဖြင့် ရခိုင်ဒေသအတွင်း အစ္စလာမ်ဘာသာဝင်တို့၏ အခြေချနေထိုင်မှုနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ သမိုင်းအထောက်အထားတစ်ခု ဖြစ်သည်။
မြန်မာမွတ်စလင်သမိုင်းပညာရှင် ဆရာဦးဘိုးချယ်က ၎င်း၏စာအုပ်တွင် စနစ်တကျ မှတ်တမ်းတင်ခဲ့ခြင်းကြောင့် ယနေ့ခေတ် သုတေသီများအတွက် ခိုင်လုံသော သမိုင်းအချက်အလက်တစ်ခု ဖြစ်လာခဲ့သည်။
Thursday, October 23, 2025
ဗွီဖို့စ်အမှုထမ်း ဝါဂျီအုလ္လာ အာရ်ကာနီ (၁၉၁၉-၁၉၈၈)
ဗွီဖို့စ်အမှုထမ်း ဝါဂျီအုလ္လာ အာရ်ကာနီ (၁၉၁၉-၁၉၈၈)
ဝါဂျီအုလ္လာ အာရ်ကာနီသည် V-Force အမှုထမ်း၊ စကားပြန်၊ ရုံးစာရေး၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူ၊ တော်လှန်ရေးသမားစသည်ဖြင့် ထင်ရှားသည့် ရိုဟင်ဂျာတစ်ဦးဖြစ်သည်။
ဝါဂျီအုလ္လာကို ၁၉၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ မောင်တောမြို့နယ်၊ ချီရာတန်ကျေးရွာတွင် မွေးဖွားခဲ့သည်။  ဖခင်မှာ မလဝီ အဗ်ဒူရာဟ်မာန် ဖြစ်သည်။ ဖခင်မှာ သူတော်စင် ဖကီးရ်မလဝီ (မော်လာနာ အဗ်ဒူဂျဗ္ဗာရ်၊ ဘော်လီဘာဇား)ကို အလွန်ကြည်ညိုသူတစ်ဦးဖြစ်သည်။
ဝါဂျီအုလ္လာသည် ဒုတိယကမ္ဘာစစ်မတိုင်မီက ဆယ်တန်းအောင်မြင်ခဲ့သည်။ ရုံးစာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၄၂ နောက်ပိုင်းတွင် အင်္ဂလိပ်တို့က ဖက်ဆစ်ဂျပန်ကို တိုက်ခိုက်ရန် ရိုဟင်ဂျာအရံတပ် V-Force ဖွဲ့စည်းခဲ့ရာ သူသည် အာရကန်တွင် ရာဇဝတ်မှု ကျူးလွန်နေသည့် ဖက်ဆစ်ဂျပန်ကို မုန်းတီးသဖြင့် V Force တွင် ဝင်ရောက်အမှူးထမ်းခဲ့သည်။ သူသည် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သောကြောင့် အင်္ဂလိပ်အရာရှိများ၏ ဘာသာပြန်အဖြစ် ခန့်အပ်ခံရသည်။ အင်္ဂလိပ် ဗိုလ်မှူး အန်တိုနီ အီရ်ဝင်း(Anthony Irwin)၏ စကားပြန်လုပ်ခဲ့ကြောင်း ဗိုလ်မှူး အန်တိုနီ အီရ်ဝင်း ရေးသားခဲ့သည့်  "Burmese Outpost" စာအုပ်တွင် ဝါဇီအုလ္လာ၏ အကြောင်းကို ရေးသားဖော်ပြခဲ့ပြီး၊ စာရေးဆရာထံ ပေးပို့ခဲ့သည့် သူ၏စာတစ်စောင်ကိုလည်း ဖော်ပြခဲ့သည်။ ဗိုလ်မှူး အီရ်ဝင်းသည် ဘူးသီးတောင်မြို့မှ ဆယ်ခိုင်ရွာသူကြီး အဒူစလာမ် ဒူဘာချီ ၏ ပုံတူပန်းချီတစ်ခုကိုလည်း ထိုစာအုပ်တွင် ဖော်ပြခဲ့သည်။
၁၉၄၅-၁၄၆ ခုတွင် အင်္ဂလိပ်ဗိုလ်မှူး အရ်ဝင်းထံ ရေးသားခဲ့သော ပေးစာများတွင် သူ၏ မြန်မာ့နိုင်ငံရေး သဘောထားအမြင်နှင့် ယုံကြည်ချက်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ အခြေအနေ ဆိုးဝါးလာနေပုံကို သူစိုးရိမ်စိတ် ဖြစ်လာသည်။ "ဗမာလူမျိုးတွေက မွတ်စလင်တွေကို ဗမာနိုင်ငံမှာ မနေစေချင်ဘူး။ ငါတို့ကို ဗမာပြည်ကနေ အင်အားသုံးပြီးတော့ မောင်းထုတ်ဖို့ သူတို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ လူမျိုးအားလုံး အမြင့်ဆုံးမှ အနိမ့်ဆုံးအထိ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာက ဗမာလူမျိုးများ၏ ကျူးကျော်တိုက်ခိုက်မှုရန်များပင် ဖြစ်တယ်" ဟု မြန်မာပြည်ရှိ မွတ်စလင်များခံစားနေရသည့် ခွဲခြားဆက်ဆံမှု၊ မုန်းတီးမှုတို့ကို မီးမောင်းထိုးပြခဲ့သည်။ ဤပြသနာကို ဖြေရှင်းနိုင်ရန် " ဖွဲ့စည်းပုံဥပဒေနှင့်အညီ မွတ်စလင်တွေကို သီးခြားနယ်မြေဒေသတစ်ခု သတ်မှတ်ပေးရန် လိုအပ်ကြောင်း" သူ ယုံကြည်သည်။ ထို့အပြင် နောက်ဆုံး အာရကန်ကင်ပိန်း ကာလတွင် ဗိုလ်မှူးချုပ် ဖီးလစ် က မွတ်စလင်တို့ကို သီးခြားနယ်မြေတစ်ခု သတ်မှတ်ပေးမည်ဟု ကတိပေးခဲ့ကြောင်း သူထောက်ပြခဲ့သည်။
ဗြိတိသျှအရာရှိများ၏ ဘာသာပြန်အဖြစ် တာဝန်ထမ်းဆောင်နေစဥ် ဆရာ ဝါဂျီအုလ္လာသည် ဒေသခံ ရိုဟင်ဂျာများကို တတ်နိုင်သလောက် အကူအညီပေးခဲ့သည်။ တစ်ခါက ဗြိတိသျှအရာရှိတစ်ဦးသည် ဂျပန်သူလျှို့ဟု သံသယရှိသူတစ်ဦးအား စစ်ဆေးမေးမြန်းစဉ် ထိုလူသည် ဂျပန်စစ်သားများကို မြင်ခဲ့သည်ဟု ထွက်ဆိုလျှင် ပြင်းပြင်းထန်ထန် အရေးယူခံရမည်ဖြစ်သည်။ ဝါဂျီအုလ္လာသည် ထိုလူ၏ အဖြေက "တွေ့ခဲ့တယ်" ဖြစ်လိမ့်မည်ဟု ထင်မိသည်။ ထို့ကြောင့် ထိုလူကို ကယ်တင်လို၍ သူသည် ရိုဟင်ဂျာစကားဖြင့် ဗြိတိသျှအရာရှိက သူ့အား တောင်ထိပ်ကနေ ခုန်ချနိုင်သလားဟု မေးနေသည်ဟု မေးမြန်းခဲ့သည်။ ထိုလူကြီးက "အင်း...အင်း" ဟု မနိုင်ကြောင်း ပြန်ဖြေခဲ့သည်။ ဗြိတိသျှအရာရှိက ထိုလူသည် ဂျပန်စစ်သားသူတစ်ဦးတစ်ယောက်ကိုမျှ မမြင်ခဲ့ဟု ထင်မှတ်သွားပြီး ထိုလူကြီးအား လွှတ်ပေးခဲ့သည်။
ဝါဂျီအုလ္လာအာရ်ကာနီက Irwin ထံ ရေးသားခဲ့သည့်စာ မူရင်းပုံ။ Burmese Outpost.
ဒုတိယကမ္ဘာစစ်အပြီးတွင် ဝါဂျီအုလ္လာသည် ကာလကတ္တားတက္ကသိုလ်သို့ တက်ရောက် ပညာသင်ယူခဲ့သည်။ တက္ကသိုလ်၌ ပညာသင်နေစဥ်ကာလတွင် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးခေါင်းဆောင် ရှိက်(ခ်) မူဂျီဘုရ် ရာဟ်မာန် စသော အိန္ဒိယကျွန်းဆွယ်၏ အနာဂတ်ခေါင်းဆောင်များစွာနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ နိုင်ငံရေးအမြော်အမြင်၊ နိုင်ငံရေးယုံကြည်ချက်တို့ကို ဖလှယ်ခွင့်ရရှိခဲ့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် မြန်မာ့တပ်မတော်လက်အောက် စစ်ဝန်ထမ်း ဟုခေါ်သည့်  BTF တပ် (Burma Territorial Force)၏ လူမဆန်သော ရက်စက်ယုတ်မာမှုများကြောင့် အာရကန်တိုင်းမှ ရိုဟင်ဂျာ မွတ်စလင် မိသားစုများစွာ အရှေ့ပါကစ္စတန်သို့ အသက်လု ထွက်ပြေးခဲ့ကြရသည်။ ၎င်းတို့ထဲမှာ ဝါဂျီအုလ္လာ၏ မိသားစုလည်း ပါခဲ့သည်။ နတ်မြစ်ဝ ရှင်မဖြူကျွန်း၌ ဘဒေါရ်မိုက္ကန် သို့မဟုတ် ဂူလာဟု ခေါ်သော ကျေးရွာတစ်ရွာရှိခဲ့သည်။ ၎င်းနေရာသည် အာရကန်တိုင်းနှင့် စစ်တကောင်းကြား ကုန်သွယ်ရေး အချုပ်အချာကျသည် နေရာတစ်ခုဖြစ်ခဲ့သည်။ ဝါဂျီအုလ္လာ၏ မိသားစုသည် ထိုဒေသတွင် ရွေ့ပြောင်းခိုလှုံခဲ့သည်။ ဝါဂျီအုလ္လာနှင့် ၎င်း၏ညီ ဟာဗီဘုလ္လာတို့သည် အရှေ့ပါကစ္စတန် (ယနေ့ ဘင်္ဂလားဒေ့ရှ်) ၌ ဒုက္ခသည်အဖြစ်ရှိနေစဥ် တက်နာ့ဖ်တွင် ဒေသခံ ဘင်္ဂလီရခိုင်နှင့် ဒေသခံ ဘင်္ဂလီမွတ်စလင် အုပ်စုတို့အကြား  အားပြိုင်မှု၊ အထက်စီးမှုကို ပုံမှန်ဖြစ်အောင် ညှိနှိုင်းပေးရာတွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်။
ဝါဂျီအုလ္လာသည် ငယ်စဥ်ကပင် ရဲစွမ်းသတ္တိရှိသူ၊ မျိုးချစ်စိတ် ထက်သန်သူ တစ်ဦးဖြစ်သည်။ အာရကန်တွင် ဖြစ်နေသည့် အစိုးရ၏ မတရားနှိပ်ကွပ်မှု၊ ခွဲခြားဆက်ဆံမှုတို့မှ ရိုဟင်ဂျာလူမျိုးတို့ကို ကယ်တင်ရန် အနုနည်းဖြင့် ကြိုးပမ်းခဲ့သည်။ သို့သော် အောင်မြင်မှု မရရှိသဖြင့် လက်နက်ကိုင် တော်လှန်ရေးလမ်းကို ရွေးချယ်ကာ ခေါင်းဆောင်ကြီး ဂျာဖောရ်ကာဝါလ်၏ တော်လှန်ရေးအဖွဲ့တွင် ဝင်ရောက်ခဲ့သည်။ သူသည် V force တွင် အမှုထမ်းပြီး စစ်ရေးအတွေ့အကြုံ၊ မြေပြင်အတွေ့အကြုံနှင့် ရင့်ကျက်သူဖြစ်သဖြင့် တော်လှန်ရေးအဖွဲ့တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မူဂျာဟစ်ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။
၁၉၅၈ ခုနှစ်တွင် ဝါဂျီအုလ္လာတို့ မိသားစုသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက သူတို့ကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် မြန်မာဗဟိုအစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် သူတို့ကို ပြန်လက်ခံခဲ့သည်။ မယုနယ်ခြားခရိုင်  အုပ်ချုပ်ရေးကာလအတွင်း သူသည် မေယုရာရှစ် (ခ) ဘမောင်နှင့်အတူ စိတ်ပညာရေးရာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် သူအား ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီး ဦးဘမောင်အား မေယုရဲအုပ်အဖြစ် ခန့်အပ်ခဲ့သည်။
ဝါဂျီအုလ္လာသည် နေဝင်းအစိုးရ မဆလခေတ်တွင် စစ်အာဏာရှင်နှင့် မတရားမှု ဖိနှိပ်မှုကို ခုခံတော်လှန်ရန် ဆရာကြီး ဆုလ်တာန် ခေါင်းဆောင်သော ရိုဟင်ဂျာ လွတ်လပ်ရေးတပ် (Rohingya Independence Force) ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် မြေအောက်ပုန်းတောခိုကာ စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့ ခုခံတော်လှန်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် သူသည် အာရကန်သမိုင်းအသင်း (Arakan Historical Society) ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၈ ခုဒုက္ခသည်များအရေးပေါ်ပေါက်ခဲ့ရာ အကြမ်းဖက်စစ်ဆင်ရေး၏ သရုပ်မှန်နှင့် ဒုက္ခသည်များ၏ ဆိုးဝါးသောအခြေအနေကို ကမ္ဘာသိအောင် လှုပ်ရှားရာတွင်လည်း တက်တက်ကြွကြွ ပါဝင်ခဲ့သည်။
ဝါဂျီအုလ္လာ အာရ်ကာနီသည် မြန်မာ့လူထုနှင့် တိုင်းပြည်အပေါ် အဓမ္မတရား စိုးမိုးလာသည့်အခါတိုင်း မိမိ၏အသက်၊ မိမိ၏ ဘဝကို အမှုမထားဘဲ အဓမ္မကို တော်လှန်ခြင်းသည် မိမိ၏ တာဝန်အဖြစ်ခံယူကာ ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့သည်။ မိမိ၏ လူမျိုးနှင့်တိုင်းပြည်တာဝန်ကို ကိုယ်စွမ်းဉာဏ်စွမ်း ဆောင်ရွက်ကာ ၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ အသက် ၆၉ နှစ်တွင် ကွယ်လွန်ခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်သည် သူ၏ ဝိညာဉ်အား ထာဝရငြိမ်းချမ်းမှုကို ချီးမြှင့်တော်မူပါစေ။
— လူထုဝဏ္ဏ
(၂၁-၁၀-၂၀၂၅)
ကိုးကား-
၁။ AFK Jilani, (1999). The Rohingyas of Arakan: Their quest for justice.
၂။ Anthony Irwin, (1945). Burmese Outpost.
၃။ Greg Constantaine, (2025). Ek Khaale.
Wednesday, March 12, 2025
နဂါးဆိုးသောင်းကျန်းခဲ့သည့် ၁၉၇၈ အကြမ်းဖက် စစ်ဆင်ရေး
နဂါးဆိုးသောင်းကျန်းခဲ့သည့် ၁၉၇၈ အကြမ်းဖက် စစ်ဆင်ရေး
၁၉၇၈ ခုနှစ်တွင် အာဏာရှင်နေဝင်းအစိုးရက အင်မတန် ရက်စက်လှတဲ့ စစ်ဆင်ရေးတစ်ခုကို ဆင်နွှဲခဲ့တယ်။ အဲဒါကို နဂါးမင်း စီမံချက်လို့ အမည်ပေးခဲ့တယ်။ နဂါးနာမည် ကြားရုံနဲ့ အဘယ်မျှလောက် ရက်စက်ကြမ်းကြုတ်ခဲ့တယ်ဆိုတာ စာတမ်းမဖတ်မီကပင် သိသာထင်ရှားစေတယ်။ ယနေ့ခေတ် လူငယ်တွေက နဂါးမင်း စစ်ဆင်ရေးကို ကြားဖူးကောင်းကြားဖူးမှာပါ။ ဒါပေမဲ့ အဲဒီ ကြောက်မက်ဖွယ် စစ်ဆင်ရေးရဲ့ ဒဏ်ကို ခံစားခဲ့တဲ့ လူမျိုးတွေက ဘယ်လို မေ့လျော့နိုင်မှာလဲ။ သမိုင်းရဲ့ အင်မတန် ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အိပ်မက်ဆိုးတစ်ခုအဖြစ် မျိုးဆက် အဆင့်ဆင့် မှတ်သားထားကြလိမ့်မယ်။
ဒီနဂါးမင်းဆိုးရဲ့ သောင်းကျန်းရက်စက်မှုကြောင့် မြန်မာနိုင်ငံရဲ့ လူနည်းစု တိုင်းရင်းသားရိုဟင်ဂျာ ၂ သန်းခွဲခန့် ဒုက္ခသည်ဘဝရောက်ခဲ့ရတယ်။ အပြစ်မဲ့ ပြည်သူ ၂ သောင်းကျော် သေကြေပျက်စီးခဲ့ရတယ်။ အမျိုးသမီးတွေ အဓမ္မကျင့်ခံခဲ့ရတယ်။ ရွာပေါင်း ၆၆ ရွာကျော် ဖျက်ဆီးခံခဲ့ရတယ်။ ပြည်သူအများအပြား ထောင်ချနှိပ်စက်ခံခဲ့ရတယ်။ ဒါပေမဲ့ မျိုးချစ်တချို့က အဲဒီ အကြမ်းဖက်စစ်ဆင်ရေးရဲ့ နောက်ကွယ်က အမှန်တရားကို ဖုံးကွယ်ပြီးတော့ ပြောင််းပြန် ဖော်ပြလေ့ရှိတယ်။ “ဘင်္ဂလီတွေ အစစ်အဆေး မခံရဲလို့ထွက်ပြေးကြတာ၊ ကိုယ့်အိမ်ကိုယ် မီးရှို့ထွက်ပြေးတာ၊ စစ်တပ်က ဘာ ရာဇဝတ်မှုမှ ကျူးလွန်တာ မရှိဘူး၊ လူဦ်းရေစာရင််းကောက်ရုံပဲ၊ ပြန်လက်ခံချိန်မှာ ပိုလက်ခံရသေးတယ်” စတဲ့ မွတ်စလင်မုန်းတီးစိတ်နဲ့ အဓမ္မဝါဒီဆန်ဆန် ရေးသားဖော်ပြကြတယ်။ ဒီစာတမ််းမှာ အဲဒီ အကြမ််းဖက် နဂါးမင်းစစ်ဆင်ရေးအကြောင်းကို  လက်လှမ်းမီသမျှ သမိုင်းအကိုးအကားတွေ အမှီအငြမ််းပြုပြီး အဖြစ်အဖျက်အမှန် တင်ပြသွားမှာ ဖြစ်ပါတယ်။
လူထုဝဏ္ဏ ရေးသားခဲ့တဲ့ အကြမ်းဖက် နဂါးမင်းစစ်ဆင်ရေး စာတမ်းကို အောက်ပါလိင့်မှ ဒေါင်းဆွဲယူပါ။
Download Here!
၁၉၇၈ နဂါးမင်း စစ်ဆင်ရေး
— လူထုဝဏ္ဏ
Tuesday, March 4, 2025
မြောက်ဦးမြို့မှ ရိုဟင်ဂျာတိုင်းရင်းသားများ၏ သမိုင်းဝင် ကျောက်စာတစ်ခု
An Inscription from Mrauk-U, Arakan.
မြောက်ဦးမြို့မှ ရိုဟင်ဂျာတိုင်းရင်းသားများ၏ သမိုင်းဝင်ကျောက်စာတစ်ခု
မြောက်ဦးခေတ်သည် အာရကာနစ် မွတ်ဆလင် (ရိုဟင်ဂျာ) တို့၏ ဘုန်းမီးထွန်းခဲ့သည့် ခေတ်ဖြစ်သည်။ အာရကန်ပြည် ရာဇဝင်သည် ရိုဟင်ဂျာလူမျိုး၏ အခန်းကဏ္ဍမပါလျှင် မည်သည့်အခါမှ ပြည့်ပြီးစုံမည်မဟုတ်ပေ။ အာရကန်ပြည်၏ နေရာအနံ့တွင် ရှေးခေတ်ရိုဟင်ဂျာများ၏ သမိုင်းဝင်အဆောက်အဦးများ၊ ကျောက်စာများ၊ ပေပုရပိုက်စာများ၊ သတ္တု၊ ဝါးခြမ်းပေါ်ရေးထားသောစာများကို တွေ့ရှိနိုင်သည်။ ခေတ်အဆက်ဆက်က စစ်တပ်နှင့် မသာမာသူများက ဖျောက်ပစ်ရန် ကြိုးစားသော်လည်း ယနေ့အချိန်အထိ တွေ့ရှိနေရဆဲဖြစ်သည်။
ပုံပါကျောက်စာသည် မြောက်ဦးမြို့တွင် တွေ့ရှိရသော အာရဗီကျောက်စာတစ်ခုဖြစ်သည်။ ကျောက်စာပါ အရေးအသားသည် အာရဗီစာသားဖြစ်သော်လည်း ရှေးခေတ် ၁၆-၁၇ ရာစု အိုတိုမာန်ခေတ်က ပုံစုံနှင့် ရေးထိုးထားဟန်တွေ့ရသည်။ စာလုံးရေ ၂၁ လုံးခန့်ကို ရုပ်ကြွပုံစံဖြင့် ထိုးဆစ်ထားသည်။ အက္ခရာများများ ရှင်းလင်းမှုမရှိသော်ကြောင့် တ်ိတိကျကျ အဓိပ္ပာယ်ဖော်ရန် ခဲယဥ်းလှသည်။
ယခုကျောက်စာသည် အုတ်ဂူ သို့မဟုတ် အစ္စလာမ်ဘာသာရေးအဆောက်အဦး၏ မှတ်တမ်းကျောက်စာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်။ ဤသို့သော် ကျောက်စာမှာ သေဆုံးသူ၏ အမည်နှင့် ကိုယ်ရေးမှတ်တမ်းများပါဝင်ကြောင်း၊ ကျမ်းစာများ၊ အလှူရှင်၏ မှတ်တမ်းများ၊ ခုနှစ်သက္ကရာဇ်များ ပါရှိကြောင်း သိရှိရသည်။
ဤသို့သော် အဖိုးမဖြတ်နိုင်သည့် သမိုင်းဝင်ကျောက်စာများကို လူမျိုးဘာသာမခွဲခြားဘဲ နိုင်ငံတော်အဆင့် ပညာရှင်များ၏ အကူအညီဖြင့် ကာကွယ်ထိန်းသိမ်းခြင်းဖြင့် သမိုင်းမှန်ကို ဖော်ထုတ်သင့်သည်။  
အမ်းမြို့တွင် တွေ့ရှိသော အာရဗီကျောက်စာကို ဤလိင့်မှ ဖတ်ရှူရန်။ 
—RohangKing
Thursday, August 15, 2024
"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"
"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"
လူသေအလောင်းပုံ ရာချီထဲမှာ အသက်ငင်နေသူ အမျိုးသမီးတစ်ဦး၏တောင်းပန်သံ၊ ညည်းသံဖြစ်ပါသည်။ လွန်ခဲ့သော ဩဂုတ်လ ၅ ရက်နေ့၊ မောင်တောမြို့ပေါ်က အသက်လုထွက်ပြေးလာခဲ့သော ရိုဟင်ဂျာများ စုဝေးခိုလှုံရာ ခြံစည်းရိုးအနီး နတ်မြစ်ကမ်းစပ်တွင် ဖြစ်သည်။ 
မိမိ၏ရပ်ရွာတွင် ရှော့တိုက်ဒုံးများ၊ ဒရုန်းဗုံးများဖြင့် တရစပ် တိုက်ခိုက်ခံနေရ၍ ရပ်ရွာထဲ၌ အသက်ရှင် နေနိုင်ရန် အခွင့်အလမ်း နည်းပါးနေသဖြင့် မြို့ပေါ်က ရိုဟင်ဂျာများသည် လယ်ဟာပြင်နေရာလည်း ဖြစ်၊ အခြေအနေမဟန်ခဲ့လျှင် တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံကို ချက်ချင်းကူးနိုင်ရန် အဆင်ပြေမည့် နေရာလည်းဖြစ်သည့် ကမ်းစပ်နေရာလေးမှာ အသက်လုပြေးလာကာ စုဝေးနေခဲ့ခြင်း ဖြစ်သည်။
အသက်ရှင်သန်ခွင့်ရရေး ရည်မှန်းချက်ဖြင့် ထွက်လာခဲ့သော်လည်း အသက်အန္တရယ်ကင်းမည်ဟု ယုံကြည်ခဲ့သော နေရာသည်ပင် သူတို့အတွက် လူသတ်ကွင်း ဖြစ်လာခဲ့၏။
ညနေ ၅ နာရီခွဲခန့်၌ မြောက်အရပ် ရွှေဇားကျေးရွာမှ ပျံသန်းလာခဲ့သော ဒရုန်းတစ်စင်းသည် လူစုလူဝေးတို့၏ အပေါ်၌ ဝဲနေရာ လူအုပ်စုသည် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။ ထိုဒရုန်း မြောက်အရပ်သို့ ပြန်သွားပြီး ခဏအကြာမှာပင် နောက်ထပ် ဒရုန်းနှစ်စင်း ရောက်လာခဲ့၏။ လူတိုင်း၏မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ဖုံးလွှမ်းနေပြီ။ ရင်တဒိတ်ဒိတ်။ 
"ဒိုင်း... ဒုန်း.... ဒုန်း... ဒိုင်း" 
ပေါက်ကွဲသံများ အဆက်မပြတ်။ လူအုပ်သည် ဝရုန်းသုန်းကား။ ဟိုပြေးသည်ပြေး။ ဦးတည်ရာမဲ့။ အချို့သည် ကုန်းဘက်သို့ ပြေးထွက်။ အချို့သည် မြစ်ရေထဲသို့ ခုန်ချ။ အချို့မှာ ပြေးခွင့်မသာဘဲ အခင်းနေရာမှာတင် လဲကျလူးလိမ့်နေလျက်။ မိဘက သားသမီး မရှာအား။ သားသမီးက မိဘ မရှာအား။ ပြေးချင်တာ ပြေးသွား။ ဘယ်သူဘယ်ရောက်နေမှန်းမသိ။ တကယ်ပင် ကမ္ဘာပျက်သည့်အလား။
ဒရုန်း နောက်ထပ်ဘယ်နှစင်း ရောက်လာခဲ့သလဲ။ ပေါက်ကွဲသံများ ဘာလို့ မနားတမ်း ဟိန်းနေတာပါလိမ့်။
သေနတ်ပစ်ခတ်သံများရော ဘယ်အရပ်က ထွက်လာတာပါလိမ့်။
အမိုးအကာ မရှိသောနေရာ။ ထောင်ချီသော အရပ်သားသက်သက် လာစုဝေးခဲ့သောနေရာ။ သည်လိုနေရာမျိုးကို တစ်ခုခု ပစ်ခတ်ဖို့ ဘယ်လက်နက်ကိုင်အဖွဲ့ဖြစ်ဖြစ် ရှောင်ရှားမည်ဟု ယုံကြည်ခဲ့သော်ငြားလည်း လက်တွေ့မှာ ဖြစ်မလာခဲ့ပေ။ 
ဘေးကင်းမည့်ဟု ရွေးချယ်ခဲ့သော ထိုနေရာသည်ပင် ယခုတော့ ပေါက်ကွဲသံ၊ လူအုပ် အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံများဖြင့် ပြည့်နှက်နေလေ၏။ အော်သံများထဲတွင် ''လူထောင်ချီ ပါသွားပြီဟေ့။....  ငါ့အမေ အသတ်ခံလိုက်ရပြီ။....  ဟိုလူ့မိသားစု အကုန် ထိကုန်ပြီကွာ။....  ငါ့မိသားစု ရှာမရတော့ဘူး။" စသော စသော အသံများ။ နားမချမ်းဖွယ်ပင်။
နေမင်းသည် နတ်မြစ်ကို ကျောခိုင်း၍ အနောက်ဘက်သို့ တိမ်မြုပ်သွား၏။ အမှောင်ထုဖုံးလွှမ်းနေသည့် ထိုနေရာတစ်ဝိုက်မှာမူ​ပေါက်ကွဲသံ၊ အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံတို့မှာ အချိန်အတော်ကြာကြာပင် မတိတ်မဆိတ် ဆူညံလို့နေခဲ့၏။
(၂) 
အချိန်ကား ည ၃ နာရီ။ ပေါက်ကွဲသံများ မကြားရသော်လည်း ငိုသံနှင့်ညည်းသံတို့မှာမူ ကြားနေရဆဲပင်။ ပင်လယ်ကမ်းစပ်နား ခြံစည်းရိုးတစ်ဝိုက်က လူများ၏ တိုးတိုးတိတ်တိတ်နှင့် ပြောဆို​နေသံကိုလည်း အမှောင်ထုက ဖုံးလွှမ်းနိုင်စွမ်းမရှိ။ အချို့က လက်နက်ထိမှန်၍ ခန္ဓာကိုယ် ပုံပန်းပျက်သွားသော မိမိ၏မိသားစုဝင်များအနီးတွင် ယိုင်လဲ ငိုကြွေးလျက်။ အချို့ကမူ မသေဘဲ အသက်ငင်နေသူကို ဘာအကူအညီမှ မပေးနိုင်၍ ဖက်ထားရင်း ငိုကြွေးလျက်။ အချို့ကမူ ဒဏ်ရာရ မိသားစုဝင်များကို စက်လှေပေါ်တင်ပေးနိုင်ရန် ဟိုပြေးသည်ပြေးလုပ်နေလျက်။ 
ရဟိမ်းတို့မိသားစုသည် ကံကောင်းထောက်မစွာ အသက်ဆုံးရှုံးမှု မဖြစ်ခဲ့သော်လည်း သည်မွေးမြေမှာ မနက်ဖြန်အထိ နေထိုင်ရန်မှာ အသက်အာမခံချက်မရှိကြောင်း ခံစားလာ၏။ ထို့ကြောင့် ရက်မကူးဘဲ သည်ညမှာပင် တစ်ဘက်နိုင်ငံသို့ ကူးသွားနိုင်ရန် လှေငယ်တစ်စီး စီစဉ်လိုက်သည်။ 
ည ၃ နာရီခွဲသို့ရောက်လျှင် ရဟိမ်းတို့မိသားစုသည် ညအမှောင်ထုတွင် ကမ်းစပ်ကို ရင်တဒိတ်ဒိတ်နှင့် ရောက်လို့လာခဲ့သည်။ ကမ်းစပ်ကိုလာရာ လမ်းတစ်လျှောက်မှာ လူသေအလောင်းများ ထူထပ်နေလျက်။ လူသေအလောင်များကြားတွင် မသေဘဲ အသက်ငင်နေသူများ။ 
- "ကျွန်မကို ရေ နဲနဲလောက် တိုက်ပါလား"
- "သားရေ ဘယ်ရောက်နေတာလဲ... အမေ သေတော့မယ်"
- "အို့... အား ... အင်း...'' စသော အကူအညီတောင်းသံ၊ ညည်းနေသံတို့ကို ကြားရသော်လည်း ရဟိမ်းတို့မှာ လှည့်မကြည့်အားပေ။ သည်နေရာလေးကို ရနိုင်သမျှ​ခပ်မြန်မြန် ကျော်ဖြတ်ခဲ့ရလေ၏။
ရခိုင်သုသာန်အလွန် ပုစွန်ကန်တာတစ်ခုကို ကျော်ဖြတ်နေခိုက် ခြေချစရာ နေရာမရှိ။ တာတစ်လျှောက် လူသေအလောင်းများသာ ပြည့်နှက်နေ၏။ ရဟိမ်းတို့သည် ထိုတာကို​ဖြတ်၍လာနေချိန် လူသေအလောင်းများကို တစ်ခါတစ်ခါ နင်း၍ ဖြတ်နေရသည်။ ထိုအချိန်တွင် တာပေါ်မှာ လဲလျောင်းနေသော အမျိုးသမီး​ကြီးတစ်ဦးသည် အတော်အားယူ၍ပြောသော အသံမျိုးဖြင့် - 
"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူ၍ ပြောလိုက်သည်ကို ကြားရလျှင် ရဟိမ်း၏ နှလုံးသားမှာ တစ်စစီအက်ကွဲသွားလေ၏။
သို့သော်လည်း ရဟိမ်းသည် မိသားစုနှင့်အတူ လှေဆိုက်နေရာ ကမ်းစပ်သို့သာ အမြန်သွားရတော့မည်။ နတ်မြစ်ရေပြင်မှ ရောင်ပြန်ဟပ်နေ​သော အလင်းကိုသာ အားကိုး၍ လျှောက်လာရတော့သည့်အခါ မိမိ၏ ခန္ဓကိုယ်ပင် မနည်းပြန်ထိန်းနေရသည်။ ထိုအခိုက်မျိုးမှာ မည်သူ့ကို ရဟိမ်းကူညီနိုင်မည်နည်း။ နောက်ပြီး လက်နက်ကြီးများ မည်သည့်အချိန်၌ လာပေါက်ကွဲမည်ကိုလည်း မည်သူမှ မသိနိုင်။ အလွန်ပင် အန္တရာယ်များနေသော နေရာလေးမှာ ရဟိမ်းတို့မိသားစု ကြာကြာမနေချင်တော့ပေ။
သုသာန်အလွန်က ပုစွန်ကန်တာမှ လျှောက်လာကာ ရဟိမ်းတို့သည် ခြံစည်းရိုးအထိ ရောက်လာသည်။ ခြံစည်းရိုးကိုကျော်လျှင် ကမ်းစပ်ကို ရောက်သည်ပင်။
ကမ်းစပ်ကို ဖြတ်ပြီး လှေပေါ် တက်ထိုင်ပြီးမှသာ ရဟိမ်းတို့ ခဏလောက် စိတ်သက်သာရလေသည်။ သို့သော် ရဟိမ်း၏နားထဲတွင်မူ... 
"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူသော အမျိုးသမီးကြီး၏ အသံမှာ ထပ်ခါထပ်ခါ ပဲ့တင်ထပ်လို့နေလေ၏။ 
မသေသေးပါဘူးဟု အားယူ၍ ပြောခဲ့သော အမျိုးသမီးသည် တစ်စုံတစ်ဦး၏အကူအညီဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံကိုရောက်၍ ဆေးကုသခွင့်ရနေသလား။ တကယ်ပင် မသေဘဲ အသက်ရှင်ခဲ့သလား။ ကူသူပေါ်မလာ၍ လူရာချီတို့နှင့်အတူ ထာဝရအတွက် အိပ်ပျော်သွားခဲ့သလား။ မနက်အထိ အသက်ရှင်၍ မိသားစုဝင်တစ်ဦးဦးနှင့် ပြန်တွေ့ခွင့်ရခဲ့သလား။ 
ရဟိမ်း၏အတွေး၌ ''သလား'' ပေါင်းများစွာ ....။ 
RYanLinn 
[ဩဂုတ်လ ၅ ရက်နေ့၊ အေအေ၏ဒရုန်းလက်နက်၊ ရှော့တိုက်ဒုံး တိုက်ခိုက်ခံရ၍ နတ်မြစ်ကမ်းစပ်အနီး အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရသည့်ဖြစ်စဉ်ကို ဩဂုတ်လ ၆ ရက်နေ့ မနက် သွားရောက်ရိုက်ကူးခဲ့သည့် ဗီဒီယိုမှတ်တမ်းထဲက တစ်ခုဖြစ်ပါသည်။]
Monday, June 17, 2024
ဒို့တိုင်းရင်းသား (တင်အောင်စိုး)
ဒို့တိုင်းရင်းသား
(တင်အောင်စိုး)
(၁)
ပြည်ထောင်စုဖွား
တိုင်းရင်းသားစုံညီ
ကရင် ကယား
အင်းသား မြောင် အဇီး
ရှမ်း ချင်း ရဝမ်းသည်
ချစ်ကြည်ဆပွား
ပရဲ ပဒေါင်၊ ဝ ဒလောင်
ပလောင် နာဂ မျိုးငယ်နှင့်လေး။
(၂)
ကချင်၊ ယင်းကြား
ဂုံ့ လားဟူပါ
ယင်းနက် ယင်းဘော်
ဘွဲ့ကော် ရိုဟင်ဂျာ
လီဆူ ကွမ်ဟယ်
အိုက်ဆွယ်တို့မှာ ကြည်သာရွှင်လန်း
တောင်ရိုး ဆလုံ သက် ခေါင်းပုံ
လရှဲအမည် ဆန်းလှသည်နှင့်လေး။
(၃)
ဂဒူး ကနန်း
ကိုးကန့် ကဲခို
ယောလူ စကော
ပလေး မွန် ပအိုဝ်း မြို
ညီအကိုနောင်ရင်း
လူရှိုင်း အင် ပလေချီး
စုစည်းဖွဲ့နှောင်ခြင်းငယ်နှင့်လေး။
(၄)
ပြည်ထောင်စုအတွင်း
မှီတင်းနေထိုင်ကာ
မနူမနော
လီရှော ပိုလှစွာ
ထားဝယ် ဓနု မြန်မာ
ရခိုင် ပါ ယင်းတလဲ
ခမွီ ဒိုင်းနက် ချစ်ပနက်
မပျက်ခိုင်ခိုင် လက်တွဲကြသည်နှင့်လေး။
(၅)
ဥမကွဲသိုက်မပျက်ပါ
ကမ္ဘာတည်စေ့မည်
တစုတည်း လိုက်ဖက်စွာ
သဒ္ဓါကြည်ဖြူသည်။ ။
— တင်အောင်စိုး
ကိုးကား-
ရှုဒေါင့်ဂျာနယ်
ဖေဖော်ဝါရီ ၁၅ ရက် ၁၉၇၁ ခု၊ အတွဲ ၄၆၊
ပြည်ထောင်စုနေ့ အထူးထုတ်။
မှတ်ချက် ။
မဆလခေတ် ၁၉၇၁ ခုမှာတောင် ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစု တစ်စုအဖြစ် ပါဝင်ခဲ့သည်။ ၁၉၇၁ ခု ဖေဖော်ဝါရီလ ၁၅ ရက် ထုတ် ရှုဒေါင့်ဂျာနယ် ပြည်ထောင်စုနေ့ အထူးထုတ် အတွဲ ၄၆ တွင် ဖော်ပြခံရသည် တင်အောင်စိုး ရေးဖွဲ့ခဲ့သော "ဒို့တိုင်းရင်းသား" ကဗျာတွင် မြန်မာတိုင်းရင်းသား ရိုဟင်ဂျာလူမျိုးကို အတိအလင်း တွေ့ရှိရသည်။ 
Saturday, April 27, 2024
ပြည်သူ့စစ်နှင့် ရိုဟင်ဂျာသတ်ဖြတ်မှု
ပြည်သူ့စစ်နှင့် ရိုဟင်ဂျာသတ်ဖြတ်မှု
၂၀၁၆ ခု နိုဝင်ဘာမှာ မြန်မာစစ်တပ်က ရခိုင်ပြည်သူ့စစ်သင်တန်းကို စစ်တွေမှာ စတင်ခဲ့တယ်။ ပြည်သူ့စစ်အင်အား ၁၀၀ စီကို တပ်ခွဲတခွဲပုံစံဖွဲ့စည်းပေးပြီး ၁၆ ပတ်ကြာ စစ်သင်တန်းပေးခဲ့တယ်။
ရခိုင်မြောက်ပိုင်းက ပြည်သူ့စစ်တွေကို စစ်တွေထိ တကူးတကခေါ်ပြီး စစ်သင်တန်းပေးတာ။  ရခိုင်ပြည်သူ့စစ်တွေဟာ ဌာနေပြည်သူ့စစ်ပုံစံထက် ကျော်လွန်ပြီး ခြေလျင်တပ်သားသစ် အဆင့် လေ့ကျင့်မှုတွေ ရရှိခဲ့ကြတာဖြစ်တယ်။ မြန်မာစစ်တပ်ဟာ ဒီလိုရခိုင်ပြည်သူ့စစ်အဖွဲ့တွေ တောက်လျှောက်ဖွဲ့စည်းလေ့ကျင့်ပေးခဲ့တာ ၂၀၁၈ နှစ်ဆန်းကိုရောက်တော့ ပြည်သူ့စစ်အဖွဲ့ပေါင်း ၃၀ ကျော်ရှိသွားခဲ့ပြီ။ ဒီရခိုင်ပြည်သူ့စစ်တွေအကြောင်းက ပုန်းလျှိုးကွယ်လျှိုးကိစ္စမဟုတ်ဘူး _ အမျိုးသားလွှတ်တော်မှာ ဗိုလ်ချုပ်အောင်စိုးက တနိုင်ငံလုံးအသိဖြေကြားပေးခဲ့တဲ့ကိစ္စ။
ဒီရခိုင်ပြည်သူ့စစ်တွေဘာလုပ်ခဲ့လဲ သိချင်ရင် ရိုဟင်ဂျာဂျင်နိုဆိုဒ်နဲ့ ပတ်သတ်သမျှ နိုင်ငံတကာရာဇဝတ်အစီရင်ခံစာတွေကိုသာဖတ်ကြည့်။ ရိုဟင်ဂျာရွာတရွာကို စီးနင်းဖျက်ဆီးသတ်ဖြတ်တာတွေလုပ်တော့မယ်ဆိုရင် စစ်တပ် + နယ်ခြားစောင့်ရဲ + ရခိုင်ပြည်သူ့စစ် တွဲဖက်ပီး စစ်ကြောင်းထိုးလေ့ရှိတယ်။ တခါတရံ စစ်တပ်က ဘေးကနေ လုံခြုံရေးရံပေးထားပီး ရခိုင်ပြည်သူ့စစ်တွေကို စိတ်ကြိုက်သောင်းကျန်းဖျက်ဆီးခွင့်ပေးခဲ့တယ်။ အကောင်းနဲ့ ပေးတာမဟုတ်ဘူး _ တချိန်ချိန် နိုင်ငံတကာရာဇဝတ်မှုနဲ့ ညှိရင် စစ်တပ်က လုပ်တာမဟုတ် / ရခိုင်တွေက လုပ်တာပါလို့ အကွက်ဆင်ထိုးချဖို့။ သူတို့ဒီအကွက်က အလုပ်မဖြစ်ပါဘူး။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ရာမှာ စစ်တပ်က အဓိက တာဝန်ရှိတယ်ဆိုတာ နိုင်ငံတကာရာဇဝတ်စုံစမ်းရေးအဖွဲ့တိုင်းက မှတ်တမ်းပြုပီးသားပါ။ ဒါပေမဲ့ ရခိုင်ပြည်သူ့စစ်တွေလည်း လူသတ် မီးရှို့ မုဒိမ်းကျင့်ရာမှာ ပါဝင်ခဲ့တာကလည်း အတိုင်းအဆ မနည်းခဲ့ကြောင်း အဲဒီမှတ်တမ်းတွေမှာ ပါပါတယ်။ 
ရခိုင်ပြည်သူ့စစ်တွေ ဘာဖြစ်သွားလဲ က စိတ်ဝင်စားဖို့ကောင်းပါတယ်။ ၂၀၁၈ မှာ အင်အားထောင်ဂဏန်းရှိတဲ့ ရခိုင်ပြည်သူ့စစ်တွေ  ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတယ်။ ပြီးတော့ ရခိုင်ပြည်နယ်မှာ AA တပ်မတော်ကြီး ရုတ်တရတ် အင်ကြီးအားကြီး ပေါ်ထွက်လာတယ်။
၂၀၁၆ /၂၀၁၇ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဘူးသီးတောင်နဲ့ မောင်တောမှာ ရခိုင်နဲ့ ရိုဟင်ဂျာအကြား ယုံကြည်မှု ပျက်ယွင်းမှုက တခြားဒေသတွေလို လွယ်လွယ်နဲ့ပြန်တည်ဆောက်ဖို့ ခက်တာကို မြင်စေချင်တယ်။ 
စစ်တပ်နဲ့ပူးပေါင်းတဲ့ရိုဟင်ဂျာတချို့ရဲ့လုပ်ရပ်က မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ဘာလို့ ဒီလမ်းကို ရွေးလဲဆိုတာကို နားလည်ဖို့တော့လိုတယ်။ 
ဒါမှ ကိစ္စကို အဆင်ပြေအောင်ရှင်းနိုင်မယ်။ ကိစ္စကို ဖြေရှင်းချင်တာမဟုတ်ဘဲ လူတွေကို ရှင်းထုတ်ချင်တာဆိုရင်တော့ ဒါတွေကို ခေါက်ထားပြီးပြောဆိုနေမှာပဲ။ 
နဲနဲမြင်အောင်ပြောရရင် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်တပ်ထဲအသွင်းခံရတဲ့ရိုဟင်ဂျာတွေကို အပြစ်မတင်ဘဲ AA ကိုကျမှ ဘာကိစ္စ အသံတအားထွက်တယ်ထင်လဲ ? သူတို့က ကျနော်ပြောတဲ့အချက်တွေကို ခေါက်မထားဘူး။ နောက်ပြီးတော့ ရိုဟင်ဂျာတွေရဲ့ ကျဉ်းထဲကြပ်ထဲက အခြေအနေကို နားလည်ပေးတယ်။ 
ဥပမာ _ အမေရိကန်တွေကိုကြည့်။ အမေရိကန်တွေ ဂျပန်နဲ့ စစ်အကြီးအကျယ်တိုက်ခဲ့ဖူးတယ်။ ဂျပန်နဲ့ပေါင်းပီး အမေရိကန်ကိုတိုက်တဲ့ ကိုရီးယားစစ်သား ၂ သိန်းကျော်ရှိတယ်။ ကိုရီးယားကို ဂျပန်က ၁၉၁၀ ကတည်းက ကျွန်ပြုအုပ်ချုပ်ခဲ့တယ်။ ကိုရီးယားအမျိုးသမီး သိန်းနဲ့ချီ လိင်ကျွန်အပြုခံရတယ်။ ဂျပန်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကမ်းကုန်တယ်။ ဒါပေမဲ့ ကိုရီးယားစစ်သား ၂ သိန်းကျော်က ဂျပန်ဘက်စစ်ဝင်တိုက်ပေးတယ် / ဂျပန်အတွက်စစ်တိုက်ပေးတာကောင်းလွန်းပြီး ဗိုလ်ချုပ်အဆင့်ရောက်သွားတဲ့ ကိုရီးယားတွေတောင်ရှိတယ်။ ဘာ့ကြောင့်လဲ ?
ရွေးချယ်ခွင့်မရှိတဲ့ပြဿနာ! လှုပ်မရအောင် အုပ်ချုပ်ခံရတဲ့လူမျိုးတွေမှာ ဒါမျိုးတွေကြုံရတယ်။ ကမ္ဘာပတ်ပြီး ဆရာကြီးလုပ်နေတဲ့အမေရိကန်က ဒါမျိုးဖြစ်စဉ်တွေ သိထားပီးသား။ ဒီလိုမျိုးဖြစ်စဉ်တွေကို အကြောင်းပြုပြီး လှုပ်မရတဲ့လူမျိုးကို အပိုင်နှိပ်ကွပ်ဖို့ လုပ်တတ်တာတွေကိုလည်း သိပြီးသားမို့ ရိုဟင်ဂျာတွေခံရမှ အသံက စီခနဲ ထွက်လာတယ်ဖြစ်ရော။ 
သင်တို့တွင်တာဝန်ရှိသည်
------------------
နောက်ခံအကြောင်းရင်းတွေထဲက တခုကို မြင်သာအောင်ရေးပေးတဲ့ သဘောပါ။ စစ်တပ်နဲ့ ပူးပေါင်းတာကတော့ ရိုဟင်ဂျာတွေအတွက် မှန်ကန်တဲ့လုပ်ရပ် လုံးဝမဟုတ်ဘူးဆိုတာ ရိုဟင်ဂျာတိုင်း သတိချပ်စေချင်တယ်ဗျာ။
ရိုဟင်ဂျာနယ်မြေ ရဖို့လိုတယ်။ နှစ်ဘယ်လောက်ကြာကြာ ဒါကို လုပ်ယူရမယ်။ ဒါပေမဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ ညှိစွန်းပြီး ကိုယ့်လူမျိုးနာမည်ပျက်အောင် မလုပ်မိဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတိုင်းမှာ အရေးတကြီး တာဝန်ရှိတယ်။ ကိုယ်လုပ်နေတာ အဲ့ဒီလမ်းကြောပေါ်ရောက်နေပြီလား ပြန်ဆန်းစစ်ဖို့ လိုတယ်။ 
( ဗမာလူမျိုးဘော်ဒါတွေကိုတော့ အားနာတယ်။ ကိုယ်လည်း ဗမာသွေး အစိတ်သားလောက်ပါတယ်။)
နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ညိစွန်းပြီး ကမ္ဘာမှာ ဗမာလူမျိုးတွေ ရခိုင်လူမျိုးတွေ နာမည်ပျက်သလိုမျိုး ရိုဟင်ဂျာတွေ နာမည်ပျက်တာမျိုး မဖြစ်ဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတိုင်းမှာ ကြီးကြီးမားမား   တာဝန်ရှိနေပြီ။
ကျုပ်တို့ အသက်အိုးအိမ်တွေ ဆုံးရှုံးရပြီးပြီ။ ဂုဏ်သိက္ခာတော့ အဆုံးရှုံးမခံနိုင်ဘူး။
KyawHlaOo
Sunday, March 24, 2024
ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ
ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားရင်း အသက်ပေးသွားတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ မိုဟစ်ဘုလ္လာ ၏ ဘဝနှင့် ကြိုးပမ်းဆောင်ရွက်မှုများကို စာရေးစာဆရာ လူထုဝဏ္ဏ က ပြုစုရေးသားထားသော စာအုပ် "ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ" ကို အလွယ်တကူ ဖတ်ရှုဒေါင်းယူနိုင်မယ့် လိင့်များ..  
စာအုပ်အမည်- ရိုဟင်ဂျာ ငြိမ်းချမ်းရေးသူရဲကောင်း မိုဟစ်ဘုလ္လာ
ရေးသူ-         လူထုဝဏ္ဏ
ဘာသာစကား-  မြန်မာ
ထုတ်ဝေသည့်ခုနှစ်- ၂၀၂၄
ဆိုက်-          7 MB
* Pcloud Link
— ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ
* Website Link
— ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ
*Scribd Link
ရိုဟင်ဂျာ ငြိမ်းချမ်းရေး သူရဲကောင်း မိုဟစ်ဘုလ္လာ
Muhibullah by Kuwaiccorjja Bai on Scribd
Thursday, December 14, 2023
သမိုင်းသုတေသီ ဆရာအာမာန်
သမိုင်းသုတေသီ ဆရာအာမာန်
ဆရာအာမာန်၏ အမည်ရင်းမှာ အာမာန်အုလ္လာဖြစ်သည်။ အာမာန်အုလ္လာကို ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ် (၅) ရပ်ကွက်တွင် မွေးဖွားခဲ့သည်။ သူသည် ကွယ်လွန်သူ မိုဟာမတ်ရှဖီးနှင့် ကွယ်လွန်သူ ဖရိဇာမာန်ခါတုန် တို့၏ တတိယမြောက်သားဖြစ်သည်။
အစောပိုင်းတွင် မောင်တောမြို့ အစိုးရအထက်တန်းကျောင်းနှင့် ကျောက်ဖြူမြို့ အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် ၁၉၆၉ ခုနှစ်တွင် ရန်ကုန်ဆရာများသင်တန်းကျောင်း (RTTI) တွင် ၂ နှစ် သင်တန်းဆင်းလက်မှတ်ရခဲ့သည်။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ပြင်ပကျောင်းသားအဖြစ် ၁၉၇၇ ခုနှစ်တွင် ဘီေအဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပညာရေးဒီပလိုမာ (ဒီပလိုမာ) ကို ရရှိခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲ Higher-Grade Pleader's Examination (HGP) ကိုလည်း အောင်မြင်ခဲ့သည်။
ဆရာအာမာန်အုလ္လာသည် အမ်းမြို့နယ်နှင့် မောင်တောမြို့နယ်ရှိ အစိုးရ အလယ်တန်းကျောင်း ၄ ကျောင်းတွင် မူလတန်းပြဆရာ (P.A.T) မှ အထက်တန်းပြဆရာ (S.A.T) အထိ ရာထူးအဆင့်ဆင့်ဖြင့် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
မြန်မာစစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးကြောင့် ၁၉၈၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုလှုံခဲ့ပြီး ရိုဟင်ဂျာ တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဆရာသည် မိမိလူမျိုးနှင့် တိုင်းပြည်ငိမ်းချမ်းရေးအတွက် လှုပ်ရှားမှု ကဏ္ဍအမျိုးမျိုးတွင် တက်ကြွပါဝင်ခဲ့သည်။ အချို့အတွက် အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော အာရကန်ရိုဟင်ဂျာ အမျိုးသား အစည်းအရုံး (ARNO) ၏ အထွေထွေအတွင်းရေးမှူး အဖြစ် နှစ်ကာလအချို့ တာဝန်ယူခဲ့သည်။ ARNO သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ရိုဟင်ဂျာအဖွဲ့အစည်းများ ပေါင်းစည်းပေါ်ပေါက်လာခဲ့သော အဖွဲ့အစည်းကြီး တစ်ခုဖြစ်သည်။ လက်ရှိတွင် ဆရာသည် ၂၀--၌ တည်ထောင်ခဲ့သော အာရကန် ရိုဟင်ဂျာ အမျိုးသား မဟာမိတ်အဖွဲ့ (ARNA)၏ ဗဟိုကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
ဆရာအာမာန်အုလ္လာသည် မြန်မာနိုင်ငံ၏ ရိုဟင်ဂျာ၊ ရခိုင်နှင့်ပတ်သက်သော သမိုင်း၊ နိုင်ငံရေး၊ တရားစီရင်ရေးစနစ်နှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ဆောင်းပါးပေါင်း ၁၀၀ ကျော် ရေးသားခဲ့သည်။ဆရာ၏ ဆောင်းပါးအချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာများနှင့် နိုင်ငံတကာ ဂျာနယ်များတွင် ပုံနှိပ်ဖော်ပြခြင်းခံရသည်။ ဆရာ The Citizenship Issue of Rohingya and Myanmar's Policy of Denationalization (၂၀၂၃)နှင့် A History of Rohingyas to 1948(၂၀၂၄) ဟူ၍ အရေးပါသော သမိုင်းစာအုပ် ၂ အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ သူ၏ ဆောင်းပါးအများစုကို ၎င်း၏ အင်တာနက်ဝဘ်ဆိုက် www.masteramanullah.com တွင် ဝင်ရောက်လေ့လာဖတ်ရှူနိုင်သည်။
ပြုစုရေးသား- လူထုဝဏ္ဏ
Tuesday, August 29, 2023
ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ
ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ 
" ဒီပြသနာကို ၁၈ လအတွင်း ဖြေရှင်းပေးဖို့ ကျမတို့ကို မျှော်လင့်တာက နည်းနည်း ယုတ္တိမတန်ပါဘူး။ .... ရခိုင်ပြည်နယ်က ဒီအရေးဟာ ဆယ်စုနှစ်များစွာကတည်းက ရှိလာခဲ့တာပါ။ ကိုလိုနီခေတ်မတိုင်ခင်ကပင် ဒီပြသနာ ရှိနေတယ်။ .... "
အထက်ပါစကားဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ပြောကြားခဲ့တဲ့ Asian News International နဲ့ အင်တာဗျူးတစ်ခုကနေ ကောက်နုတ်ထားခြင်းဖြစ်ပါတယ်။။ 
ဒေါ်စု ပြောလိုတာက ဒီရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်မတိုင်ခင်ကပင် ရှိလာခဲ့တဲ့ ပြဿနာဖြစ်တယ်။ ယခင်အစိုးရတွေက မဖြေရှင်းပေးခဲ့လို့ ယနေ့ထိ သက်ဆိုးရှည်လာတာ…လို့ ယခင်အစိုးရတွေကို အပြစ်တင်ပုံချတာပဲ ယူဆတယ်။ တကယ်တမ်းတော့ ဒေါ်စုရဲ့ ဒီမှတ်ချက်စကားက ကျပ်ပြည့် မှန်ကန်မှုမရှိဘူးဗျာ။ စစ်အာဏာရှင်တွေကို အကာအကွယ်ပေးနေသလို ဖြစ်နေတယ်။ ရိုဟင်ဂျာတွေကို မတရားနှိပ်စက်ချုပ်ချယ်နေတဲ့ပြဿနာက တကြော့ပြန်ဖြစ်လာတဲ့ ပြဿနာဖြစ်တယ်။ အရင်က ရခိုင်ပြည်အရေးကို နိုင်ငံတော်အဆင့်  မျှမျှတတဖြေရှင်းပေးခဲ့တဲ့ အစိုးရလဲ ရှိခဲ့တယ်ဆိုတာ ဒေါ်စုကြည် မေ့လျော့နေသလို ထင်ရပါတယ်။ အဲ့ဒီခေတ်က ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းဖြေရှင်းပေးမှုကြောင့် ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခဟာ လုံးဝဖြေရှင်းသွားခဲ့ပြီး ရခိုင်ပြည်ဟာ နိဗ္ဗာန်လောကလို အေးချမ်းသာယာသွားခဲ့ဖူးတယ်။ အဲဒါကို စာဖတ်ပရိသတ်တွေသိအောင် နည်းနည်းတင်ပြပါရစေ။ 
မြန်မာပြည် လွတ်လပ်ရေးရရှိခဲ့တဲ့အခါ လွတ်လပ်ရေးကြေညာစာတမ်းမှာ ဒီဗမာပြည်ဟာ လူတစ်စုတစ်ယောက်ရဲ့ အမွေဆိုင်ပစ္စည်း မဟုတ်ကြောင်း၊ ဒီပြည်အတွင်း မှီတင်းနေထိုင်တဲ့ ပြည်သူပြည်သားတို့ရဲ့ စုပေါင်းမြေဖြစ်ကြောင်း၊ တောင်တန်း မြေပြန့် မခွဲခြားဘဲ အားလုံးခွင့်တူတန်းတူညီမျှဖြစ်ကြောင်း ကြေညာခဲ့တယ်လေ။ ဒါပေမဲ့ နောက်ပိုင်းကာလမှာ ဘာသာရေးနဲ့ ရုပ်ရည်အသားအရောင်ကို အခြေခံ၍  ခွဲခြားအုပ်ချုပ်မှုတွေရှိလာခဲ့တယ်။ ၁၉၄၉ ခု ရခိုင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ နယ်စပ်စောင့်တပ် BTF (စစ်ဝန်ထမ်း)ကို ဖွဲ့စည်းပြီး နယ်စပ်ဒေသကို ထိန်းသိမ်းလာတဲ့အခါ ရခိုင်ပြည်မှာ ယခင် လူမျိုးရေးပဋိပက္ခ (၁၉၄၂) အငွေ့အသက်ကြောင့် နယ်စပ်စောင့်တပ်က ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံ ညှဥ်းပမ်းနှိပ်စက်လာခဲ့ကြတယ်။ နိုင်ကျင့်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ နှိပ်စက်မှုတွေ တဖြေးဖြေး အရှိန်မြင့်လာခဲ့တယ်။ ဘာသာရေးကို အကြောင်းပြု၍ အစိုးရက ရခိုင်နဲ့ ရိုဟင်ဂျာကို တန်းတူသဘောမထားဘဲ ခွဲခွဲခြားခြား ဆက်ဆံလာတဲ့အခါ ရိုဟင်ဂျာအမျိုးသားအချို့က မခံမရပ်နိုင်ဘဲ ရရာလက်နက်ဆွဲကိုင်ကာ တော်လှန်ခဲ့ကြတယ်။ မတရား ဖိနှိပ်မှုများလာရင် ဆန့်ကျင်တော်လှန်ရေးက ရှိစမြဲပဲ။ ဒါက ဓမ္မတာတစ်ခုဖြစ်တယ်။ 
မတရားမှုကို ဆန့်ကျင်တဲ့ ရိုဟင်ဂျာအမျိုးသားလက်နက်ကိုင် တော်လှန်ရေးဟာ အစိုးရအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့တယ်။ ဦးနုအစိုးရက တပ်မတော်အင်အားနဲ့ ပြန်တိုက်ချေတယ်။ အောင်မြင်မှုတော့ ရရှိခဲ့တယ်။ ဒါပေမဲ့ အမြစ်ပြတ်သွားအောင် လုပ်ဖို့က မလွယ်ဘူး။ တစ်ဘက်က နှိမ်နင်းရင် တခြားတစ်ဘက်က ပြောက်ကျားတိုက်ပွဲတွေ ပြန်ပေါ်လာတော့တယ်။ ဒါ့အပြင် ရခိုင်ပြည်ရဲ့ အဓိကလူမျိုးစုနှစ်စုဖြစ်တဲ့ ရခိုင်နှင့် ရိုဟင်ဂျာ အကြားသင့်မြတ်မှုမရှိတာကလဲ အခါမသင့် ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်စရာရှိတယ်။ ပုစိပုစိ ပြသနာတွေ အနည်းအများ ဖြစ်တာလည်း ရှိခဲ့တယ်။ 
အဲဒီတုန်းက နောက်ပြသနာတစ်ချက်က ရခိုင်အမျိုးသားတွေက သီးခြားပြည်နယ်လိုချင်ကြတယ်။ အစိုးရက ရခိုင်နဲ့ ဗမာ တစ်မျိုးတည်း၊ သီးခြားပြည်နယ် ပေးစရာမလိုဘူး၊ အချင်းချင်း စိတ်ဝမ်းမကွဲချင်ဘူးလို့ တုန့်ပြန်ကြတယ်။ အဲဒါကို ရိုဟင်ဂျာတွေကလည်း စိုးရိမ်ကြတာပေါ့။ လူမျိုးတစ်စုကို အမည်စွဲ၍ ရခိုင်ပြည်နယ်လို့ သီးခြားအမည်တွင်ပေးလိုက်ရင် ရိုဟင်ဂျာတွေက မတရားခံရမယ်။ ခွဲခြားနှိပ်စက်လာမယ်။ အနိုင်ကျင့်ခံရမယ်။ ဒါနဲ့ ရိုဟင်ဂျာတွေက ပြည်မနဲ့ပဲ ပေါင်းနေချင်ကြတယ်။ ဒါက အစိုးရအတွက်တော့ ခေါင်းခဲတဲ့ နောက်ထပ် စိန်ခေါ်မှုတစ်ခုပေါ့။ 
ဒီတော့ ဦးနုအစိုးရက ရခိုင်ပြည်အရေးမှာ အချက်သုံးချက်တွေ့လာတယ်။
(၁) လူမျိုးစု နှစ်စုအချင်းချင်း သင့်မြတ်မှု မရှိခြင်း
(၂) လက်နက်ကိုင်အဖွဲ့များ အုံကြွလာခြင်း
(၃) သီးခြားပြည်နယ် တောင်းဆိုမှုအပေါ် သဘောထားကွဲပြားခြင်း
စတဲ့ဟာတွေ ဖြစ်တယ်။ 
ဦးနုအစိုးရက အချိန်ဆွဲပြီး စုံစမ်းရေးကော်မရှင်တွေ အမျိုးမျိုးဖွဲ့စည်းကာ ပြဿနာရဲ့ ထိရောက်တဲ့အဖြေတစ်ခု ရှာဖွေဖို့ ကြိုးစားလာခဲ့တယ်။ လွှတ်တော်ထဲမှာ အချေအတင်ဆွေးနွေးကြတယ်။ ၁၉၄၉ ခု ဇူလိုင်လ ၃၀ ရက်မှာ ရခိုင်တိုင်းမင်းကြီးကို သဘာပတိအဖြစ်ထား၍ ရခိုင်အမျိုးသား ၃ ဦးနဲ့ ရိုဟင်ဂျာအမျိုးသား ၃ ဦး ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းပြီးတော့ ကွင်းဆင်းလေ့လာစေခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင်လည်း ရခိုင်ပြည်မြောက်ပိုင်းသို့ ခရီးထွက်ကာ လေ့လာခဲ့တယ်။ နှစ်ဖက်အသိုင်းအဝိုင်း လူကြီးမိဘတွေနဲ့ တွေဆုံခဲ့တယ်။ ဒါတွေကနေ တစ်ဖက်နဲ့တစ်ဖက် အယုံအကြည် ကင်းမဲ့နေခြင်း၊ ခွဲခြားဆက်ဆံရေး အားသန်နေခြင်း၊ တန်းတူအခွင့်အရေး မျှတမှုမရှိခြင်းတို့ဟာ ပြဿနာရဲ့ မူလဇာတ်မြစ်ဆိုတာ တွေ့ရှိလာတော့တယ်။  
ဒီနေရာမှာ တစ်ခု သိထားရမှာက အဲဒီတုန်းက အခုလို ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေးကို ရုတ်သိမ်းမခံရသေးဘူး။ ဘယ်တိုင်းရင်းသားအုပ်စုကမှ ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ကြဘူး။  နိုင်ငံသား ရုတ်သိမ်းခံရတာက စစ်အာဏာရှင်အစိုးရ လက်ထက်ကဖြစ်တယ်။   
ကဲ့... ဒါနဲ့ ဦးနုအစိုးရရဲ့ ပထမခြေလှမ်းအဖြစ် ရိုဟင်ဂျာတွေကို မြန်မာ့ပြည်ထောင်စုသား တိုင်းရင်းသား တစ်စုအနေနဲ့ တန်းတူအခွင့်အရေးတွေ မပိုမေလျာ့ အတူတူခံစားခွင့်ရှိကြောင်း ကြေညာခဲ့တယ်။ ၁၉၅၄ ခု စက်တင်ဘာလ ၂၅ ရက် ညနေ ၈ နာရီ နိုင်ငံတော်အသံလွင့်ဌာနမှ ဝန်ကြီးချုပ်ဦးနုက "....စစ်တွေခရိုင်အတွင်း နေထိုင်ကြတဲ့ ပြည်ထောင်စုသားများမှာ များသောအားဖြင့် ရိုဟင်ဂျာအမျိုးသားများဖြစ်ကြပြီး မွတ်စလင်(မ်) များ ဖြစ်ကြပါတယ်" လို့ သူတို့ရဲ့အခွင့်အရေးဆိုင်ရာ မိန်းခွန်းပြောကြားခဲ့တယ်။
အလားတူ ၁၉၅၉ ခု အောက်တိုဘာလ ၃-၄ ရက်တွင် နိုင်ငံတော်ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေကလည်း "ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် ကဲ့သို့ပင် ရိုဟင်ဂျာလူမျိုးများသည်လည်း တိုင်းရင်းသားလူမျိုးတစ်မျိုး ဖြစ်ကြသည်" လို့ ရိုဟင်ဂျာလူမျိုး၏ အခွင့်အရေးဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့တယ်။ ဒီခြေလှမ်းက ရခိုင်ပြည်ရဲ့ ပူခြိုက်ခြိုက်အခြေအနေမှာ လေပြည်ယူဆောင်လာခဲ့တယ်။
ဒုတိယခြေလှမ်းအနေနဲ့ ၁၉၆၁ ခု မေလ ၁ ရက်နေ့မှာ အစိုးရကဘိနက်ရဲ့ တညီတညွတ် ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာအများစု နေထိုင်တဲ့မယု​ဒေသကို ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ ပြီးတော့ တိုင်းရင်းသားတစ်စုအနေနဲ့  ရထိုက်ရသင့်တဲ့ အခွင့်အရေးတွေမှာ ချွက်ယွင်းနေတဲ့ဟာတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့တယ်။ ကျောင်းသုံးပြဌာန်းစာအုပ်တွေမှာ ဖော်ပြခြင်း၊ စွယ်စုံကျမ်းမှာ ဖော်ပြခြင်း(၁၉၆၄)၊ ၁၉၆၁ ခုနှစ် မေလ ၁၅ ရက်မှာ ရိုဟင်ဂျာဘာသာစကားနဲ့  ဗမာ့အသံကနေ ရေဒီယိုအသံလွင့်ခြင်း၊ အစိုးရလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ တန်းတူညီမျှ အလုပ်ခန့်ခြင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ပေးခြင်း၊ ရိုဟင်ဂျာ ရိုးရာယဥ်ကျေးမှုတွေကို အမြတ်တနိုးပြသခွင့်ပေးခြင်း စတဲ့ အခွင့်အရေးတွေကို ဘယ်ကန့်ကွက်မှုတစ်မတ်တစ်စေ့မှ မရှိဘဲ တညီတညွတ်တည်း ဖော်ဆောင်ပေးခဲ့ကြတယ်။ 
အစိုးရရဲ့ ဒီဗျူဟာကျကျဖြေရှင်းချက်က ဘယ်လောက်အထိ ထိရောက်ခဲ့သလဲဆိုရင် မီးတဟုန်းဟုန်း တောက်နေတဲ့ ရခိုင်ပြည်ကြီးဟာ ငြိမ်သက်သွားပြီးတော့ လုံးဝအေးချမ်းသာယာ သွားခဲ့တယ်။ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ (မူဂျာဟစ် = စစ်သူရဲ )တွေမှာလဲ လက်နက်ကိုင်ထားစရာ အကြောင်းမရှိတော့ဘူး။ တိုင်းပြည်က အေးချမ်းသွားပြီလေ။ ဒီတော့ လက်နက်ကိုင်အဖွဲ့တွေကလည်း ၁၉၆၁ ခု ဇူလိုင်လ ၄ ရက်မှာ တစ်သုတ်၊ ၁၉၆၁ ခု နိုဝင်ဘာလ ၁၅ ရက်မှာတစ်သုတ် ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီး၊ ဒုဗိုလ်မှူးကြီးကျော်စိုး၊ ရခိုင်တပ်ပေါင်းစုမှူးချုပ် ဒုဗိုလ်မှူးကြီးရဲခေါင်နဲ့ ဒုတပ်ရင်းမှူးဗိုလ်မှူးအံ့ကြွယ်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီ သန်းဖေစတဲ့ တပ်မတော်အရာရှိကြီးတွေလက်အောက်တွင် အေးအေးချမ်းချမ်း လက်နက်ချကာ အလင်းဝင်လာခဲ့ကြတယ်။ လက်နက်ချအခမ်းအနားတွေကို အုတ်အုတ်ကြားကြား ကျင်းပခဲ့တယ်။ လက်နက်ကိုင်အဖွဲ့လည်း မရှိတော့ဘူး။ စစ်ပွဲစစ်မက်တွေလည်း နိဂုံးချုပ်ခဲ့လေပြီ။ အနောက်ဝေဟင်ကောင်းကင်မှာ လေပြည်တွေ သန်းလာခဲ့တယ်။ တပ်မတော်ရဲ့ မြဝတီမဂ္ဂဇင်း၊ ခေတ်ရေးစာစောင်၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတွေမှာ "မေယုနယ်မှာလေ ဘယ်လိုအခြေ ရှိပါလိမ့်"၊ "မေယုနယ်ခြားခရိုင် အေးချမ်းလေပြီ" စတဲ့ ဆောင်းပါးတွေ၊ ဗိုလ်ချုပ်အောင်ကြီးက "ကျွန်တော်ဖြေရှင်းခဲ့ရသော ရိုဟင်ဂျာပြသနာ" စတဲ့အောင်ပွဲခံ ဆောင်းပါးတွေ၊ မောင်သံလွင်ရဲ့ "ရခိုင်ကုလား သို့မဟုတ် ရိုဝန်ဂါ"(၁၉၆၀) စတဲ့ဆောင်းပါးတွေ မြန်မာ့စာနယ်ဇင်းစာမျက်နှာတွေမှာ ဝေဆာလာခဲ့တယ်။  ဒီလိုနည်းနဲ့ ဦးနုအစိုးရနဲ့ ခေါင်းဆောင်ကြီးတွေက ရိုဟင်ဂျာအရေးကို ဥပဒေဘောင်အတွင်းကနေ အောင်အောင်မြင်မြင် စနစ်တကျ ဖြေရှင်းပေးခဲ့တယ်။
ဒီငြိမ်သက်ပြေလည်ခဲ့တဲ့ ပြနာ ဘယ်လိုပြန်ပေါ်လာသလဲဆိုရင် ကြိုးကိုင်ရှင် စစ်အုပ်စုရဲ့ ကျေးဇူးကြောင့်ပေါ့။
အာဏာရှင်ဗိုလ်နေဝင်းက တိုင်းပြည်အာဏာကို မတရားသိမ်းလိုက်တဲ့အခါ အာဏာအဓွန့်ရှည် တည်မြဲရေးအတွက် လမ်းစတွေ စဥ်းစားလာတယ်။ မတရားတဲ့အာဏာ ချုပ်ကိုင်ထားဖို့အတွက် တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင်တော့ လုပ်ရမှာလေ။ သွေးခွဲအုပ်ချုပ်ရေးက ထိရောက်တယ်။ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေကို လိုက်လံဖမ်းဆီး ထောင်ချတယ်။ သူက လူမျိုးရေးဘာသာရေးကို အခြေခံတဲ့ အင်မတန် ထိရှလွယ်တဲ့ အနာဟောင်းကို ဆားခတ်လာခဲ့တယ်။ အေးချမ်းနေတဲ့ ရခိုင်ပြည်နယ်ကို ပြန်လည် အမုန်းလှိုင်း ခတ်ပေးတယ်။ ရိုဟင်ဂျာတွေကို ပစ်မှတ်ထား နှိပ်စက်လာခဲ့တယ်။ ရခိုင်-ရိုဟင်ဂျာ သဟဇာတကို ပျက်ပယ်သွားအောင်၊ အချင်းချင်းအမုန်းအာဃာတာပွားလာအောင် လုပ်ကြံသမိုင်း ဂျင်းပုပ်တွေနဲ့ ပြန်လည်အသက်သွင်းပေးခဲ့တယ်။ ရိုဟင်ဂျာကို သတ်မှတ်ပေးခဲ့တဲ့ မေယုနယ်ခြားခရိုင် အုပ်ချုပ်ရေးကို ပြန်လည်ရုတ်သိမ်းခဲ့တယ်။ ချက်ချင်းတူး ချက်ချင်းသောက် သလိုတော့ မဟုတ်ဘူး။ အချိန်ကြာဆွဲ စီမံကိန်းတွေ စနစ်တကျချမှတ်ပြီးတော့ နည်းဗျူဟာမျိုးစုံနဲ့ ဖိနှိပ်လာခဲ့တယ်။ ၁၉၇၈ မတိုင်ခင်မှာ သူကတောင် ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ဘူး။ ရိုဟင်ဂျာ ဆိုတဲ့နာမည်လည်း ပြဿနာ မရှိခဲ့ဘူး။ အဲ့ဒါကြောင့် ၁၉၇၈ ခု ဒုက္ခသည်များ ပြန်လည်လက်ခံရာတွင် လက်ခံရေးပုံစံမှာ လူမျိုးနာမည်ကို ရိုဟင်ဂျာလို့ အတိအလင်း ဖော်ပြထားခဲ့တယ်။ လူမျိုးရေးဘာသာရေးဖက်ကိုပဲ မီးမွေးလေပင့်ပေးခဲ့တာလောက်ပါပဲ။ ကုလားကို နှိမ်နေတာဆိုတော့ ဒီစီမံကိန်းမှာ သူ့ရဲ့ ဂျင်းမိတဲ့ ပြည်သူတွေလည်း ရှိခဲ့ရာ ထောက်ခံအားပေးမှုလည်း ရရှိခဲ့တာပေါ့။ ဆက်လက်၍ မတရားဥပဒေအမျိုးမျိုးဖွဲ့ပြီး ရိုဟင်ဂျာတွေရဲ့ တရားဝင်ရရှိခဲ့တဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ခုပြီးတစ်ခု အာဏာရှင်ယုတ်ဆန်ဆန် မတရားပြန်လည်လုယူခဲ့တယ်။ လူမျိုးစုစာရင်း ၁၃၅ မျိုးလို့ ကိုယ့်မြင်းကိုယ်စိုင်းသလို သူတို့စိတ်လိုရာပြုစုပြဌာန်းပြီး ရိုဟင်ဂျာလူမျိုးကို ဖယ်ထုတ်ခဲ့တယ်။ အမျိုးသားရေးမျိုးချစ်တုတ်ကို အသုံးပြုပြီး ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲအောင် ကလိမ်ကကျစ် ဝါဒဖြန့်ခဲ့တယ်။ ၁၉၈၂ ဥပဒေကို ဖွဲ့စည်းပြီး ဒီလူတွေဟာ နိုင်ငံခြားသားတွေ၊ နယ်မြေလုနေတာ ဆိုတဲ့ ဝါဒမှိုင်းတိုက်ပေးခဲ့တယ်။ အစအစမှာတော့ ကုလား၊ ရခိုင်ကုလား ဆိုပြီး နှိပ်ကွပ်ခဲ့ရာ စစ်တကောင်းသား၊ ခေါတော ဆိုလို့တစ်မျိုး၊ နောက်ပိုင်းမှာ ဘင်္ဂလီ မှ ဘင်္ဂလီကုလား မှ ခိုးဝင်ဘင်္ဂလီ အထိ အောက်ကျစေတဲ့ နာမည်တွေ အဆင့်ဆင့် သုံးလာခဲ့တယ်။ ဒီလို ယုတ်မာတဲ့နည်းနဲ့ ယခင်အစိုးရ ခေါင်းဆောင်တွေက သွေးချွေးကုန်ခမ်း ကြိုးပမ်းဖြေရှင်းပေးခဲ့တဲ့ ရိုဟင်ဂျာအရေးကို တဖန်မီးစလောင်စေခဲ့သတဲ့။
ဒီနေရာမှာ စွပ်စွဲချက်တစ်ချက်နှစ်ချက်ကို သံသယကင်းအောင် ထောက်ပြပေးချင်တယ်။ ပထမအချက်က အာဏာရှင်နေဝင်းရဲ့ ယုတ်မာမှုတွေကို တစ်ချို့ မွတ်စလင်မုန်းတီးတဲ့ အစွန်းရောက်မျိုးချစ်တွေက ကျေးဇူးတင်ကြတယ်။ အမျိုးကို ကယ်တင်ပေးတယ်လို့ ယူဆကြတယ်။ ဝမ်းနည်းစရာ။ တကယ်တော့ မျိုးချစ်တစ်ဖက်ကန်းတွေမှာ မြင်နိုင်စွမ်း အားနည်းနေတာဖြစ်တယ်။
တကယ်လို့ ရိုဟင်ဂျာတွေကို ဒီပြည်ဖွား မဟုတ်လို့ အာဏာရှင်အုပ်စုက နင်ထုတ်ချင်တာဆိုရင် ၁၉၇၈ ခုမှာ မတရားနှိပ်စက်မှုကြောင့် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်လာစရာအကြောင်းမရှိဘူးလေ။ ကိုယ့်ပြည်က မဟုတ်တဲ့ လူတစ်စုကို ဘယ်နိုင်ငံတကာ စကားမှနားမထောင်တဲ့ အာဏာရှင်က အလကားခေါ်လာမှာ မဟုတ်ဘူး။ အဲ့တုန်းကလဲ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ပဲ လက်ခံခဲ့တာကိုး။ စစ်ခေါင်းဆောင် ဗိုလ်ခင်ညွှန့် ကိုယ်တိုင် သူ့စာအုပ် ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ" မှာ ဝန်ခံရေးသားခဲ့တယ်။ အာဏာရှင်ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့ အာရုံလွဲရန် တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ကာ အာဏာချုပ်ကိုင်ထားရေးသာ အဓိက ဖြစ်တယ်။ ဒါကို နားမလည်မိလို့ စစ်အုပ်စုရဲ့ အဓမ္မ အာဏာသိမ်းမှုကို မြန်မာပြည်သူတွေက ထပ်တလဲလဲ ခံနေရတာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဓါးစားခံဖြစ်နေရတာမဟုတ်လား။ ထောင်နဲ့ မြေကြီး နေရာမလပ် ဖြစ်နေတယ်။
ဒုတိယအချက်က မျိုးချစ်တွေ ဂျင်းထည့်တဲ့ အစ္စလာမစ်နိုင်ငံအဖြစ်နဲ့ ခွဲထွက်ရေး ဖြစ်တယ်။ တကယ်လို့ ရိုဟင်ဂျာ လက်နက်ကိုင်တွေက ခွဲထွက်ဖို့ တော်လှန်တာ ဖြစ်မယ်ဆိုခဲ့ရင် အလင်းပြန်ဝင်စရာ အကြောင်း မရှိပါဘူး။ ဘယ်လို အခွင့်အရေးတွေ ပေးပေး အလုံးအရင်း လက်နက်ချမှာတော့ မဟုတ်ဘူးလေ။ မတရားမှုကို တွန်းလှန်တော်လှန်ဖို့အတွက်သာ လက်နက်ကိုင်ကြတာဖြစ်လို့ တန်းတူညီမျှမှု ရရှိသွားတဲ့အခါ တန်းအလင်းဝင်ကြတာပဲ မဟုတ်ပါလော့။
နောက်တစ်ချက်က ဦးနုက မဲနိုင်ဖို့အတွက် အရှေ့ပါကစ္စတန်က ခေါ်လာတဲ့လူလို့ ပုဇွန်ဦးနှောက်နဲ့ မျိုးချစ်အချို့က စွပ်စွဲတာလည်း တွေ့ရတယ်။ ယုတ္တိမရှိတဲ့စကားပါပဲ။ ဒီနိုင်ငံအတွက် ဦးနုရဲ့ပေးဆပ်မှုလည်း မနည်းလှဘူး။ အဲဒီလို ခေါင်းဆောင်ကြီးတစ်ယောက်က မဲလိုချင်လို့ တိုင်းပြည်ကို သစ္စာဖောက်မှာဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံနိုင်စရာမဟုတ်ပါဘူး။ ယုတ္တိရှိရှိ စဥ်းစားကြည့်ရင်လည်း အဖြေက ပေါ်လွင်ပါတယ်။ မေယုဒေသမှာ ဘယ်ခေတ်က ကြည့်ကြည့် ရခိုင်လူဦးရေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတာကိုး။ ဘယ်ရွေးကောက်ပွဲလုပ်လုပ် မူစလင်တွေ ထောက်ခံတဲ့အုပ်စုကပဲ အနိုင်ရမှာလေ။ အဲဒီမှာ လူသွင်းပြီးတော့ အနိုင်ရကောင်းလား။ ဆင်ဆင်ခြင်ခြင် စွပ်စွဲကြပါ မျိုးချစ်ရာ။
ဆက်လက်ပြီးတော့ အာဏာရှင်နေဝင်းရဲ့ ရိုဟင်ဂျာ ချေမုန်းရေး စီမံကိန်းကို နောက်တက်လာခဲ့တဲ့ စစ်ခေါင်းကြီးတွေက သစ္စာရှိရှိ လက်ဆင့်ကမ်း အကောင်အထည်ဖော်ပေးခဲ့တယ်။ ပြည်သူ့ကို အမှန်တရားအမှောင်ချပြီး ဂျင်းချိုချိုနဲ့ နိုးဆွခဲ့တယ်။ ပညာတတ်၊ ပညာမဲ့၊ ဆင်းရဲချမ်းသား လူတန်းစားအလွှာအားလုံး စစ်ဂျင်းမိခံရကာ ရိုဟင်ဂျာတွေရဲ့ ဘဝကို ဝိုင်းဝန်းမောင်းခတ် ရိုက်ချိုးခဲ့လေတယ်။ ဘယ်လောက်အထိ ယုတ်မာလာခဲ့သလဲဆိုရင် တိရိစ္ဆာန် သန်းခေါင်စာရင်းတောင် ကောက်ယူသေးတယ်။ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ တရစပ် ဖြစ်ပေါ်လာအောင် လုံ့ဆော်ခဲ့တယ်။ ၂၀၁၇ ခုမှာ လူမျိုးတုံးသတ်ဖြတ်မှုအထိတောင် လက်လွန်ခဲ့တယ်။ အေးချမ်းသာယာတဲ့ ရခိုင်ပြည်ကြီး ပြန်လည်ငရဲဘုံဖြစ်လာခဲ့တယ်။ ဒါက စစ်အုပ်စုနဲ့ စစ်ကျွန်သပေါက်တို့ရဲ့ ကျေးဇူးကြောင့်ပဲလေ။
အချုပ်အနေနဲ့ ရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်ကပင် အမြစ်တွယ်လာခဲ့တာတော့ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက ပျိုးလိုက်တဲ့ ဂျင်းစေ့ရဲ့ ကျေးဇူးကြောင့်သာ အပင်ကြီး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီပြသနာ ဖြေရှင်းဖို့ဆိုရင် ဘာသာရေး၊ လူမျိုးရေးကို ဘေးဖယ်ထားပြီးတော့ လူသားဆန်ဖို့က အရေးကြီးတယ်။ လူကိုလူလို မြင်ပြီးတော့ ယခင်အစိုးရရဲ့ နည်းဗျူဟာတွေကို စနစ်တကျ ကျင့်သုံးမယ်ဆိုရင် ရခိုင်ပြည်မှာ ငြိမ်းချမ်းရေးရောင်နီ ပြန်လည်ပျိုးပါလိမ့်မယ်သတဲ့။
လူထုဝဏ္ဏ
(၁၃-၇-၂၀၂၃)
ကိုးကား
- ပြည်ထဲရေးဌာနပြန်ထမ်းစာ ၁၉၄၉၊ ဇူလိုင်လ ၃၀ရက်။
- နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ အသံလွင့်မိန့်ခွန်း။
- တပ်မတော်ခေတ်ရေးစာစောင် အတွဲ ၁၂၊ အမှတ် (၆)။
- အေအက်ဖ်ကေ ဂျီလာဏီ၊  အာရကန်ပြည်၏ ရိုဟင်ဂျာလူမျိုး။
- ခင်ညွှန့် ၊ ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ။
- နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး၏ မိန့်ခွန်း။
- နှစ် ၃၀ မြန်မာ့အသံ ၊ ဦးကျော်ညိန်း (မာတလိ)၊ စာမျက်နှာ ၇၁။
Sunday, August 13, 2023
ရိုဟင်ဂျာတို့ရဲ့ သစ္စာနှင့် NLD ရဲ့ ကျေးဇူးတုန့်ပြန်ခြင်း
 "ရိုဟင်ဂျာတို့ရဲ့ သစ္စာနှင့် NLD ရဲ့ ကျေးဇူးတုန့်ပြန်ခြင်း" 
ကာလရှည် ရက်စက်ဖိနှိပ်မှုကို တရစပ်ခံနေရတဲ့ ရိုဟင်ဂျာလူမျိုးဟာ မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီ အကူအပြောင်းကာလတစ်ခုကို စောင့်မျှော်ခဲ့တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး အောက်ကသာ မိမိတို့ရဲ့ တန်းတူအခွင့်အရေးကို မျှမျှတတရနိုင်မှာဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံတဲ့ အဖိနှိပ်ခံဘဝကနေ ရုန်းထွက်ဖို့အတွက် တစ်ခုတည်းသောလမ်းကြောင်းက စစ်မှန်တဲ့ ဒီမိုကရေစီစနစ်သာဖြစ်ကြောင်းကို ရိုဟင်ဂျာတွေက ယုံကြည်ခဲ့ကြတယ်။ ဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ နိုင်ငံရေး လမ်းစဉ်ကို စိတ်ချကာ ထောက်ခံအားပေးလာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး စံပြခေါင်းဆောင်အဖြစ်သတ်မှတ်ခဲ့တယ်။ 
"ဒေါ်စု လွှတ်မှသာ တိုင်းပြည်အေးချမ်းမှာ… မိမိတို့ ဘဝသာယာလာမှာ…" လို့တောင် သီချင်းတွေ ရေးဖွဲ့သီဆိုကာ အားတင်းထားခဲ့ကြသေးတယ်။ ရိုဟင်ဂျာတွေက အန်အလ်ဒီအပေါ် သစ္စာမဖောက်ဘဲ ဆူးခင်းလမ်းတလျှောက် ရဲရဲစွမ်းစွမ်း အတူလျှောက်လှမ်းခဲ့တယ်။
- NLD အဖွဲ့အောက်ကနေ ရိုဟင်ဂျာ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲလည်း ဝင်ပြိုင်ခဲ့ကြတယ်။
- NLD နဲ့ပတ်သတ်နေလို့ စစ်အစိုးရရဲ့ မတရားထောင်ချခံခဲ့ရတယ်။
- NLD ကို ထောက်ခံလို့ လုပ်ကြံအမှုဆင်ကာ ထောင်ထဲ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းတွေကိုလည်း ခံခဲ့ရတယ်၊၊
- NLD နဲ့ ပတ်သတ်နေလို့ အမိတိုင်းပြည်ကနေ ထွက်ပြေးရခြင်းလည်း ခံခဲ့ရတယ်။ 
- NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲကနေ လွှတ်မြောက်ရေးအတွက် ရိုဟင်ဂျာတွေက နိုင်ငံတကာတွင် လော်ဘီလုပ်ခြင်း၊ ဆန္ဒပြတောင်းဆိုခြင်း စတဲ့ နည်းမျိုးစုံနဲ့ ထထကြွကြွ ကြိုးပမ်းခဲ့တယ်။ 
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလမ်းစဉ်အပေါ် စာအုပ်တွေလည်း ရေးသားခဲ့တယ်။ The Lady of Destiny စာအုပ်ဟာ NLD လွတ်တော်ကိုယ်စားလှယ်လောင်း ထင်ရှားတဲ့ ရိုဟင်ဂျာ စာရေးဆရာ #AFK_Jilani ရေးသားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကြိုးပမ်းမှုနဲ့ ပတ်သက်တဲ့ စာအုပ်ဖြစ်တယ်။ 
ဒီလိုနည်းနဲ့ ရိုဟင်ဂျာလူမျိုးဟာ NLD အပေါ် သစ္စာရှိရှိ ပေးဆပ်အနစ်နာခံခဲ့တယ်။
သို့ပေမဲ့… 
NLD ကောင်းစားနေချိန်မှာ ရိုဟင်ဂျာလူမျိုးကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့…
- ဒေါ်အောင်ဆန်းစုကြည် အာဏာရလာတဲ့အခါ မျိုးချစ်အရေခြုံပြီး ရိုဟင်ဂျာ ချေမုန်းရေးကို လက်တွဲထောက်ခံခဲ့တယ်။
- NLD က ကိုယ်တိုင်မှတ်တမ်းတင်ခဲ့တဲ့ #ရိုဟင်ဂျာ ဆိုတဲ့ နာမည်ကို သုံးစွဲခြင်းမပြုရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတကာကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ရိုဟင်ဂျာဆိုတဲ့ နာမည် မကြားဖူးဟန်၊ မသိဟန် ယောင်ဆောင်ခဲ့တယ်၊၊
- NLD အစိုးရအာဏာရကာလအတွင်း ရိုဟင်ဂျာလူမျိုးရဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးကို အဓမ္မရုတ်သိမ်းခဲ့တယ်။
- ၂၀၁၆-၁၇ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုခံနေရချိန်တွင် NLD က စစ်အုပ်စုနဲ့ ရင်ပေါင်တန်းရပ်တည်ခဲ့တယ်။ "ကိုယ့်အိမ်ကိုယ် မီးရှို့၊ မုဒိမ်းလိမ်ညာ(Fake Rape)၊ ဥပဒေဘောင်အတွင်း နယ်မြေရှင်းလင်း နေတာ၊ အကြမ်းဖက်အုပ်စုနဲ့ ယှဉ်တွဲမနေနိုင်ဘူး" စတဲ့ အရှက်သိက္ခာမဲ့ မှတ်ချက်စကားတွေနဲ့ နိုင်ငံတကာကို ပြောင်ပြောင် လည်ဖြားဖို့ ကြိုးစားခဲ့သေးတယ်။ 
- နောက်ဆုံး အိုင်စီဂျီအထိ သွားရောက်ကာ မုဒိမ်းစစ်အုပ်စုတွေရဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့လေတယ်။
(ပုံ) NLD အဖွဲ့ဝင် ဦးအဒူလာဇိတ်ရဲ့ အဖွဲ့ဝင်ကတ်ပြား
(လူမျိုးဘာသာတွင် "ရိုဟင်ဂျာ၊ အစ္စလာမ်" လို့ ထင်ထင်ရှားရှား ဖော်ပြထားတယ်။)
—  #လူထုဝဏ္ဏ
photo credit
Tuesday, May 2, 2023
ပူရ်နီစန္ဒြာ (Purni Sandra ) Futí
ပူရ်နီစန္ဒြာ Purni Sandra (လပြည့်စန္ဒာ)
ဒီ ပူရ်နီစန္ဒြာ ကဗျာဟာ မြောက်ဦးခေတ် အာရကန်နန်းတွင်းစာဆိုတော် အာလာဝလ်က ရေးဖွဲ့ခဲ့တဲ့ ပဒုမ္မာဝတီ လင်္ကာရှည်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ သတိုးမင်းတရားရဲ့ ဂုဏ်တော်ဘွဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်။
ကဗျာဆိုလိုရင်းကတော့-
  • စာဆိုအာလာဝလ်က ကဗျာအစတွင် ဆလိမ်ရှားမင်းရဲ့ မင်းမျိုးမင်းဆက်တွေ ဘုန်းမီးနေလ မည်းမှောင်ခံရပြီးနောက် နရပတိကြီး နန်းတက်လာခဲ့တဲ့အကြောင်းနဲ့ အစပြုထားတယ်။
  • နရပတိကြီး စိုးစံခဲ့တဲ့ကာလက အလွန့်အလွန် ပျော်ရွှင်ဖွယ်ကောင်းခဲ့တယ်။ အဲဒီနေ့ရက်တွေကို ခိုင်းနှိုင်းယှဥ်ပြစရာတောင် မရှိဘူးလို့ စာဆိုက တအံ့တသြ ဖော်ပြခဲ့တယ်။ အဲဒီ သာယာပျော်ရွှင်တဲ့ အခိုက်အတန်လေးကို ခေတ်ဆိုးက ပျက်သုဥ်းယူဆောင်သွားခဲ့လေတယ်။
  • နရပတေးကြီးမှာ သားတော် တစ်ပါးနဲ့ သမီးတော်တစ်ပါး ဖွားတော်မူခဲ့တယ်။ သူတို့ရဲ့ အိမ်ထောင်ရေးရာလည်း အလွန်သာယာခဲ့တယ်။ အဲဒီသားတော်ဟာ နောင်တွင် နန်းဦးနန်းကိုင်ထိန်း မင်းတစ်ပါးဖြစ်လာမယ့် နိမိတ်ကောင်းရှိတယ်။
  • ခမည်းတော် နတ်ရွာစံတဲ့အခါ သားတော် နန်းတက်ကာ ခမည်းတော်၏ အရိုက်အရာ ဆက်ခံခဲ့တယ်။ နတ်မင်းကြီးတောင် သူ့ကို မြင်လို့ တရှက်တကိုးဖြစ်ရလောက်အောင် ဘုန်းဂုဏ်မြင့်မြတ်သူ ဖြစ်တယ်။
  • နာမတော်ကတော့ သတိုးမင်းတရားတဲ့။ ရုပ်နဲ့ဂုဏ်နဲ့ ပြိုင်ဘက်ကင်းတယ်။ ဉာဏ်ပညာတော် ထူးကဲတဲ့အပြင် ဘုန်းကံကလည်း အံ့ဖွယ်လောက်အောင် ကောင်းလှတယ်။
  • လှပတဲ့သူ့မျက်နှာတော်ကို ရှုမြင်ရသူ ရွှင်လန်းစေတယ်။ လပြည့်ညက စန္ဒာနဲ့ ခွဲခြားလို့မရနိုင်လောက်အောင် လှပတဲ့ရုပ်ရည်ကျက်သရေပိုင်ရှင်လို့ စာဆိုက စာပန်းချီနဲ့ ဖော်ကျူးထားတယ်။
ဒီကဗျာမှာ စာဆိုတော်အာလာဝလ်က အာရကန်နန်းတွင်း ရာဇဝင်အကြောင်းအရာတစ်ခုကို စပ်ဆိုထားတာတွေ့ရပါတယ်။ တတိယမြောက်ဦးခေတ် ဆလိမ်ရှားခေါ်  မင်းရာဇာကြီး (၁၅၅၇-၁၆၁၂) နောက်ပိုင်း မြောက်ဦးနန်းဆက် မတည်မငြိမ်ဖြစ်လာခဲ့တယ်။ သူ့ကိုငါသတ် ငါသာလျှင် မင်းမြတ် ဆိုတဲ့အယူနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ များပြားလာတော့ အုပ်ချုပ်ရေးယန္တရားက ပပျက်လာခဲ့တယ်။ ဒါက မြောက်ဦးနိုင်ငံတော် ဆုံးရှုံးရမယ့် နိမိတ်ပေါ့။ အဲ့ဒီကြားက နရပတိမင်းရဲ့အရိုက်အရာကို ဆက်ခံခဲ့တဲ့ သတိုးမင်းတရား (နန်းသက် ၁၆၄၅-၁၆၅၂)ရဲ့ ဂုဏ်တော်ဘွဲ့လင်္ကာကို စပ်ဆိုထားခြင်း ဖြစ်တယ်။ မြောက်ဦးနန်းခေါ် မြို့ဟောင်းဟာ ၁၇၈၄ ခု မဟာသမ္မတရာဇာလက်ထက်မှာ မရှူမလှ ကျဆုံးခဲ့လေတယ်။
* စာဆိုတော်က  သတိုးမင်းတရားရဲ့ ဂုဏ်တော်ဖွဲ့ကလင်္ကာမှာ သတိုးမင်းတရားကို နရပတိရဲ့ သားတော်အဖြစ်ဖော်ပြခဲ့တယ်။ စာဆိုတော်ရဲ့ အခြားလင်္ကာတစ်ပုဒ်မှာ သတိုးမင်းကို နရပတိမင်းရဲ့တူတော်ရင်းလို့ ဖော်ပြထားတာတွေ့ရပါတယ်။
_ လူထုဝဏ္ဏ
Ref: Patmavati By Alaol
Sunday, January 8, 2023
သုတေသီ စာရေးဆရာ မိုဟမ္မဒ် အရ်ှရာဖ်အာလောမ် (၁၉၄၈-၂၀၂၁)
သုတေသီ စာရေးဆရာ မိုဟမ္မဒ် အရှ်ရာဖ်အာလောမ် (၁၉၄၈-၂၀၂၁)
——————————————————
အလ္လာဟ်အရှင်မြတ်သည် ဆရာကြီး အရှ်ရဖ်အာလောမ်ကို Jannaat-e-Ferodus ချီးမြှင့်တော်မူပါစေသတည်း။
— လူထုဝဏ္ဏ
(၅-၁-၂၀၂၃)
#Unicode
သုတေသီ စာရေးဆရာ မိုဟမ္မဒ် အရ်ှရာဖ်အာလောမ် (၁၉၄၈-၂၀၂၁)
————————————————————
ဆရာကြီး မိုဟာမ္မဒ် အရ်ှရာဖ်အာလောမ်ကို ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ၊ သုတေသီ၊ သမိုင်းပညာရှင်၊ စာရေးဆရာ အဖြစ် လူသိများကြသည်။ ဆရာကြီးသည် အဖိနှိပ်ခံရိုဟင်ဂျာ အမျိုးသားလွှတ်မြောက်ရေးအတွက် မိမိဘဝတစ်သက် နစ်မြှပ်ခဲ့သူဖြစ်သည်။ အမျိုးမျိုးစွန့်လွှတ် အနစ်နာခံခဲ့သူတစ်ဦးလည်း ဖြစ်သည်။
အရ်ှရာဖ်အာလောမ်ကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့၌ ရခိုင်ပြည်နယ် မောင်တောမြို့အနီး ဟောလျာဘင်္ဂါကျေးရွာတွင်  မွေးဖွားခဲ့သည်။ အခြေခံပညာကို မောင်တောမြို့၌ သင်ယူခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် (RASU) မှ ဘွဲ့ရရှိခဲ့သည်။ ထိုချိန်က ဗိုလ်နေဝင်း၏ ရက်စက်ကြမ်းကြုတ်မှု အာဏာစက် ပြင်းနေချိန် ဖြစ်သည်။  အရ်ှရာဖ်အာလောမ်သည် ဘွဲ့ရပြီးပြီးချင်း အများလူတကာမြင်မက်သည့် အသက်မွေးဝမ်းကျောင်းနှင့် သာယာလှပသော ဘဝတစ်ခုဖန်တီးမည့် အိပ်မက်ဘက်ကို ခြေမလှမ်းဘဲ မိမိအမျိုးကို အဖိနှိပ်ခံဘဝမှ ကယ်တင်ရန် ရိုဟင်ဂျာအရေး လှုပ်ရှားမှုနှင့် အာဏာရှင်နေဝင်းအစိုးရကို တော်လှန်ရန်လက်နက်ကိုင်အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ရိုဟင်ဂျာလူမျိုး၏ အမျိုးသားရေးကဏ္ဍ အမျိုးမျိုးတွင် ရွပ်ရွပ်ချွံချွံ ပါဝင်ကာ ဘဝတစ်ခုလုံး မြှုပ်နှံခဲ့သည်။
ဆရာကြီးအရ်ှရာဖ်အာလောမ်သည် အမျိုးသားတော်လှန်ရေးအနေဖြင့် မြေအောက်လျှို့ဝှက်လှုပ်ရှားမှုများကို လုပ်ဆောင်ရင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ ခိုလှုံခဲ့သည်။ ၁၉၇၄ ခု ဘီအေဇာဖေါရ် ခေါင်းဆောင်သော RIF အဖွဲ့ကို ဝင်ရောက်ကာ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံတကာခရီးစဉ်များကိုလည်း ရံဖန်ရံခါ သွားရောက်ခဲ့သည်။ ဆရာကြီး အရ်ှရာဖ်အာလောမ်သည် မိမိ၏ ကလောင်စွမ်းဖြင့် ရိုဟင်ဂျာလူမျိုး၏ သမိုင်းမှန်ကို ကမ္ဘာသိအောင် ဖော်ထုတ်ပေးခဲ့သည်။ ၁၉၉၄ ခု ဒီဇင်ဘာလတွင် Arakan Historical Society ၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။ဆရာကြီးသည် ဘင်္ဂလားဒေ့ခ်ျ အာရကန်လေ့လာရေးအသင်း၊ စစ်တကောင်းတွင် သုတေသီ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ အာရကန်သမိုင်းလေ့လာရေးအဖွဲ့ (AHS)၏ သုတေသနနှင့် ပုံနှိပ်ထုတ်ဝေရေးဌာန အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ Rohingya Khobor ၏ သုတေသနအကြီးအကဲအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ဆရာကြီးသည် Arakan Rohingya National Organization (ARNO) ၏ ဝါရင့်နာယကအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။
ဆရာကြီးအရ်ှရာဖ်အာလောမ်သည် သူ၏ ထက်မြက်သော ကလောင်ရည်ကြောင့် ထင်ရှားသော နိုင်ငံတကာ စာရေးဆရာများ၊ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ရင်းနှီးချိတ်ဆက်မှုရှိခဲ့ပြီး အမြဲ ချီးမြောက်ခံရသူဖြစ်သည်။ ရိုဟင်ဂျာ-ရခိုင်အရေးနှင့်ပတ်သက်သည့် ၎င်းတို့၏ စာပေလက်ရာများတွင်လည်း အရေးပါသည့် သတင်းအချက်အလက်များနှင့် အကြံပြုချက်များကို ကိုယ်ကျိုးမဖက်ဘဲ အမြဲကူညီပေးလေ့ရှိခဲ့သည်။ ဆရာကြီး၏ ပံ့ပိုးကူညီမှု ရလဒ်အချို့မှာ ဒေါက်တာ အဗ္ဗဒူလ်ကာရိမ် ရေးသားခဲ့သော “The Rohingyas, A Short Account of their History and Culture” နှင့် ဒေါက်တာ မိုဟာမ္မဒ် မိုဟိဗ္ဗုလ္လာ ဆီဒ္ဒီကီး တည်းဖြတ်ခဲ့သာ The Rohingyas of Arakan: History and Heritage အမြုတေသမိုင်းစာအုပ်များဖြစ်ပေသည်။
ဆရာကြီးအရ်ှရဖ်အာလောမ် ပြုစုရေးသားခဲ့သော “A short history of Arakan and Rohingyas ” စာအုပ်သည် ရိုဟင်ဂျာသမိုင်းကို စိတ်ဝင်တစား လေ့လာနေသူများအတွက် မရှိမဖြစ်လိုအပ်သော သုတေသနနှင့် အကိုးအကား စာအုပ်ပင်ဖြစ်ပေသည်။ ထို့အပြင် ဆရာကြီးသည် "A short historical background of Arakan" စသော သမိုင်းသုတေသနစာတမ်းများ၊ သမိုင်းဆိုင်ရာ ဆောင်းပါးများ မနားတမ်းပြုစုရေးသားကာ အာရကာနိစ်ရိုဟင်ဂျာတို့၏ သမိုင်းမှန်ကို အလင်းပြခဲ့သည်။ သူ၏ ဘက်မလိုက်သော သုတေသန လက်ရာများမှာ ပြည်တွင်းပြည်ပသမိုင်းလေ့လာသူများက ယုံကြည်အားကိုးနိုင်ရာ အထာက်အကူများဖြစ်သည်။
ဆရာကြီးအရ်ှရဖ်အာလောမ်သည် မိမိ၏လူမျိုးကို အဖိနှိပ်ခံဘဝမှ လွှတ်မြောက်ရေးအတွက် မြင်မက်ခဲ့သော အိပ်မက်သည် ဖြည့်ဆည်းရန် ကြိုးစားရင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီ၌ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ၊ စစ်တကောင်း ဆေးရုံတစ်ရုံတွင် အလ္လာဟ်အမိန့်ခံယူခဲ့လေသည်။ ရိုဟင်ဂျာမျိုးချစ်စိတ်ထက်သန်သော သမိုင်းသုတေသနပညာရှင် မိုဟမ္မဒ် အရ်ှရဖ်အလောမ်သည် ဘဝတစ်လျှောက် လူမျိုးပေးတာဝန်၊ သမိုင်းပေးတာဝန်များကို ကျေကျေပွန်ပွန်ဆောင်ရွက်ရင်း အသက် ၇၃ နှစ်တွင် နှုတ်ခွန်းဆက်သခဲ့လေသည်။  ဆရာကြီး ကွယ်လွန်သည့်အချိန်တွင် ချစ်ဇနီး၊ သား ၂ ဦးနှင့် သမီး ၃ ဦးတို့ ကျန်ရစ်ခဲ့လေသည်။
အလ္လာဟ်အရှင်မြတ်သည် ဆရာကြီး အရ်ှရဖ်အာလောမ်ကို Jannaat-e-Ferodus ချီးမြှင့်တော်မူပါစေသတည်း။
— လူထုဝဏ္ဏ
(၅-၁-၂၀၂၃)
#MuhammadAshrafAlam
#Well_known_Rohingya
#ထူးခြ်န္ထင္ရွား႐ိုဟင္ဂ်ာမ်ား
#rohingyawriters