ရဲအုပ် အဗ္ဗဒူလ်ဟာဒီး (၁၉၁၉-၂၀၀၄)
ရဲအုပ် ဦးဟာဒီးသည် ရိုဟင်ဂျာ၊ ရခိုင် အားလုံးက ချစ်ခင်ရိုသေလေးစားသည့် ထင်ရှားသော ရိုဟင်ဂျာအမျိုးသားတစ်ဦးဖြစ်သည်။ ပြည်သူ့လွှတ်တော်အမတ် ဦးရွှေမောင်နှင့် အထက်တန်းပြကျောင်းဆရာ ဦးခင်မောင်တို့၏ ဖခင်လည်းဖြစ်သည်။ ဘဝတသက် တိုင်းပြည်နှင့်လူမျိုးအကျိုးကို အသက်နှင့်ရင်းပြီး သယ်ပိုးခဲ့သူ တစ်ဦးဖြစ်သည်။
ဦးဟာဒီးကို မောင်တောမြို့နယ်၊ ဘော်လီဘာဇား (ကြိမ်ချောင်း) ၌ ၁၉၁၉ ခုနှစ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ အဗ္ဗဒူလ်ဟာဒီး ဖြစ်သည်။ မြို့ဟောင်းမြို့ (မြောက်ဦး) လယ်ပိုင်ရှင်သူဌေးကြီး ဦးဇော်ဘော်မူလုက် (စန္ဒီခါန် ဗလီဝတ်ကျောင်းတော်၏ ဂေါပကဟောင်း) ၏ သားဖြစ်သည်။ ဖခင် ဦးဇော်ဘော်မူလုက်မှာ မြို့ဟောင်း ဇာတိဖြစ်ပြီး ပထမကမ္ဘာစစ်တုန်းက အစွန်းရောက်ရခိုင် ဓါးပြအချို့၏ တိုက်ခိုက်မှုကြောင့် ဓားခုတ်ဒဏ်ရာ ခုနှစ်ချက်ဖြင့် သေဆုံးခဲ့ရှာသည်။ ထို့နောက် မိခင်ဖြစ်သူမှာ အခြားမိသားစုဝင်များနှင့်အတူ မောင်တော၊ ဘော်လီဘာဇားသို့ ခေတ္တ ရွေ့ပြောင်းလာခဲ့သည်။ ထိုကျေးရွာ၌ပင် ဦးဟာဒီးကို ဖွားမြင်ခဲ့သည်။ ဒေသအခြေအနေ ကောင်းမွန်လာသောအခါ အဗ္ဗဒူလ်ဟာဒီးသည် မိခင်၊ အဘွားတို့နှင့်အတူ မိဘဇာတိမြေ မြို့ဟောင်းသို့ ပြန်လည်သွားရောက်နေထိုင်ခဲ့သည်။
![]() |
| ဦးဟာဒီး၏ ဝန်ထမ်းကတ်ပြား။ |
အဗ္ဗဒူလ်ဟာဒီးသည် မြို့ဟောင်းမြို့နယ်၌ပင် ပညာသင်ယူ ကြီးပြင်းခဲ့သည်။ ဖခင်အား ရခိုင်လူဆိုးတို့က သတ်ဖြတ်၍ သေဆုံးခဲ့ကြောင်းကို အဖွားထံမှ သိရှိရပြီးနောက် စိတ်ထဲတွင် လူဆိုးလူမိုက် ဒုစရိုက်ကောင်များကို နှိမ်နင်းရန် အားသန်လာခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသောအခါ ပြည်သူ့ရဲတပ်ဖွဲ့သို့ ဝင်ရောက်အမှူးထမ်းခဲ့သည်။ ရာဇဝတ်မှုဆိုင်ရာ ရဲအရာရှိ (အင်းစိန် CID လက်မှတ်ရ CPO - Criminal Police Officer) ဖြစ်လာခဲ့သည်။ မြောက်ဦးမြို့ ရဲစခန်းတွင် စတင် တာဝန်ထမ်းဆောင်၍ မြို့ဟောင်းမြို့ရဲစခန်းက ဒု-လုံခြုံရေးမှူး (ဒု-ရဲအုပ်) ဦးဟာဒီ ဟု ထင်ရှားလာခဲ့သည်။ ရခိုင်၊ ရိုဟင်ဂျာ မရွေ့ လူမျိုးတိုင်း ကြောက်ရွံ့ရိုသေခဲ့ကြသည်။ ၁၉၅၅ ခုတွင် မြောက်ဦးရဲစခန်းမှ စစ်တွေ အမှတ် (၁) ရဲစခန်း (နာရီစင် ရဲစခန်း) ကို ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တွေမြို့၌ တာဝန်ထမ်းဆောင်နေစဥ် မြောက်ဦးမြို့ ခွဆုံဇာတိ လယ်ပိုင်ရှင် သူဌေးကြီး ဦးဟာဆောင်သီရိ၏ မြေး ဒေါ်အေးစိန် (ခ) အာဇီဇာဘေဂွမ်နှင့် ဖူးစာဆုံကာ ထိမ်းမြှားလက်ထပ်ခဲ့သည်။
ထို့ပြင် စစ်တွေ အမှတ် (၁) ရဲစခန်းမှ မောင်တောမြို့မရဲစခန်းသို့ ပြောင်းရွှေ့ခဲ့သည်။ မောင်တောမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေစဥ် ဒေသငြိမ်းချမ်းရေးအတွက် ထိပ်တန်းက ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထိုမှတဆင့် ဘူးသီးတောင် မြို့မရဲစခန်းသို့ ပြောင်းရွေ့ခဲ့သည်။ ဘူးသီးတောင်မြို့၊ မြို့မရဲတန်းလျားတွင် နောင် ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာမည့် သား ဦးရွှေမောင်ကို မွေးဖွားခဲ့သည်။ ဘူးသီးတောင်တွင် ၇ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ကျောက်တော်မြို့ရဲစခန်းကို ပြောင်းရွေ့ခဲ့ပြန်သည်။ ထိုအချိန်သည် ကျောက်တော်က အနက်ရောင်နယ်မြေဖြစ်သည်။ ကွန်မြူနစ်ပါတီသူပုန်များ သောင်းကျန်းနေသည့် ခေတ်ဖြစ်သည်။ ကွန်မြူနစ်သူပုန်များကို ရွံ့ရွံချွံချွံ တိုက်ခိုက်ခဲ့ရသည်။ သူပုန်များက ရဲစခန်းကို မကြာခဏ လာတိုက်သောကြောင့် လှုံခြုံရေးတာဝန်များကိုလည်း ရဲရဲစွမ်းစွမ်း ယူခဲ့ရသည်။ ကျောက်တော်မြို့ကို စောဖြူရွာဖွင့်ပွဲတွင် ရောက်လာခဲ့သည့် ဗိုလ်ချုပ်စောဖြူအတွက် ဦးဆောင်ပြီး လုံခြုံရေးတာဝန်ယူခဲ့ရသည်။
![]() |
| ဦးဟာဒီး နှင့် ဒေါ်အေးစိန် |
၁၉၇၆ ခုနှစ်တွင် ကျောက်တော်မြို့မှ ပုဏ္ဏားကျွန်းမြို့ ရဲစခန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဦးဟာဒီး၏ ရဲစွမ်းသတ္တိကို သက်သေပြုသည့် အဖြစ်အပျက်များစွာရှိသည်။ ယင်းထဲမှ တစ်ခုမှာ ညတစ်ညတွင် ပုဏ္ဏားကျွန်းစျေးနားရှိ သမဝါယမဂိုဒေါင် အဖောက်ခံရသည်။ ဓားပြခေါင်းဆောင် ဖိုးညွန့်စိန်နှင့်အဖွဲ့က ဖောက်သွားခြင်းဖြစ်သည်။ ဓားပြခေါင်းဆောင် ဖိုးညွန့်စိန်ကို ရဲကအစ ကြောက်၏။ အရပ်ရှည်ရှည် ခန္ဓာကိုယ်ထွားထွား၊ အသားမဲမဲ ပင်။ သူ့ကို ရဲအုပ် ဦးဟာဒီးက မီမီရရ ဖမ်းဆီးခဲ့ပြီး ရဲစခန်းထဲတွင် ချုပ်နှောင်ထားခဲ့သည်။ ၂ ရက်ခန့်ကြာပြီးနောက် ကင်းစောင့်နေသည့် ရဲသား၏ သေနတ်လုပြီး ဖိုးညွန့်စိန် ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် ဦးဟာဒီးက အလွန် စိတ်ပူပန်ရသည်။ မြို့နယ်မှုးက ဦးဟာဒီးကို အလုပ်ဖြုတ်ခံရမည်အထိ အမှုကြီးလာခဲ့သည်။ ဦးဟာဒီးက “ကျနော် ဓါးပြခေါင်းဆောင် ဖိုးညွန့်စိန်ကို ၇ ရက်အတွင်း ဖမ်းမပေးနိုင်ပါက အလုပ်ကနေ နုတ်ထွက်ပေးမယ်” ဟု မြို့နယ်မှုးကို ကတိပေးခဲ့သည်။ ရဲအုပ် ဦးဟာဒီးက ရဲတပ်သား ၃ ယောက်နှင့်အတူ ဖိုးညွန့်စိန်ကို ပြန်ဖမ်းဆီးရန် ပလန်စခင်းလိုက်သည်။ နောက်နေ့ ဦးရာဇ်တောင်စေတီ ဘုရားပွဲ၌ ဦးဟာဒီး ဘုရားပွဲရောက်နေသည်ကို ဓါးပြ ဖိုးညွန့်စိန်သိ၍ ရဲအုပ်ကို ဘုရားပွဲအထိ လာပြီး နောက်ကနေ သေနတ်နှင့် ချိန်းပစ်ခဲ့သည်။ ကံကောင်းထောက်မ၍ သေနတ်က မဖောက်ခဲ့သောကြောင့် သေခြင်းဘေးမှ လွှတ်မြောက်ခဲ့သည်။ ရဲအုပ်က ချက်ချင်းပင် နောက်လှည့်ပြီး ဖိုးညွန့်စိန်ကို ခြောက်လုံးပြူးနှင့် ၃ ချက် ပစ်လိုက်ပြီး ဖမ်းဆီးလိုက်လေသည်။
ပုဏ္ဏားကျွန်းတွင် လူဆိုးလူမိုက်များအပြင် ကွန်မြူနစ်သူပုန်များကို နိမ်နှင်းရာတွင်လည်း ရှေ့တန်းက ရဲရဲစွန်းစွမ်း ပါဝင်ခဲ့သည်။ ကွန်မြူနစ်သူပုန်များကို ခြေရာကောက်လိုက်လံဖမ်းဆီးရာ မြို့နယ်ပါတီဥက္ကဌအိမ်အောက်မှာ လက်နက်များ ဖုံးဝှက်ထားတာ သတင်းအရ ရဲအုပ်ဦးဆောင်သည့် ရဲတပ်ဖွဲ့နှင့် NIB အမျိုးသားထောက်လှမ်းရေးအဖွဲ့ ပူးပေါင်းအဖွဲ့က ပါတီဥက္ကဌကိုဖမ်းပြီး သိုဝှက်ထားသည့် လက်နက်များကို သိမ်းဆည်းနိုင်ခဲ့သဖြင့် နာမည်ကောင်းရရှိခဲ့သည်။ ဦးဟာဒီးသည် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော ထိုချိန်က လူဆိုးလူမိုက်များ၊ လက်နက်ကိုင်သူပုန် အများအပြားကိုလည်း တရားဥပဒေအောက် သိမ်းသွင်းကာ အညွှန့်ကျိုးသွားစေနိုင်ခဲ့သည်။
ဦးဟာဒီးအတွက် တရားဥပဒေ သာ အမြတ်နိုးဆုံးဖြစ်သည်။ တရားဥပဒေတံမျဥ်းအား ချိုးဖောက်သူများကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ အရေးယူဆုံးမရာတွင် မိမိအသက်ကိုပင် အမူမထားဘဲ ထိပ်ဆုံးက ပါဝင်ခဲ့သူ သူရသတ္တိရှင် တစ်ဖြစ်သည်။ ရဲအုပ် ဦးဟာဒီးသည် ၁၉၇၈ ခုနှစ်တွင် အလုပ်မှ အငြိမ်းစားယူခဲ့ပြီး ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ မေယုလမ်း၊ အိမ်အမှတ် ၆၉ သို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ ဦးဟာဒီးသည် တိုင်းပြည်နှင့် လူမျိုးတာဝန်များကို ရဲရဲစွမ်းစွမ်း ထမ်းဆောင်ပြီး အသက် ၈၅ နှစ် ၂၀၀၄ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ဘူးသီးတောင်မြို့ရှိ မိမိ၏နေအိမ်၌ အလ္လာဟ်အမိန့်ခံယူခဲ့လေသည်။
လူထုဝဏ္ဏ
(၁၁-၂-၂၀၂၆)
ကိုးကား -
ဦးရွှေမောင်၏ ဖေ့စ်ပို့စာမျက်နှာ။



No comments:
Post a Comment