Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, March 29, 2018

အာင်ချီး (Añgcí) စားကြမယ်!

ရေးသား        🌺 ရိုဟင်လေး
အမျိုးအစား     🌿 Rohingya Traditional Foods |

🍍အာင်ချီး (Añgcí)🍍


အမျိုးသမီးတွေရဲ့ အသည်းခိုက်ဖြစ် အချဉ်ယိုဟာ ရိုဟင်ဂျာ အစားအစာထဲ  နေရာ တစ်စိတ်တစ်ဒေသ ပိုင်ဆိုင်ထားပါတယ်။ အချဉ်ယိုကို ရိုဟင်ဂျာ စကားမှာ အာံဆာရ် Añsar/ ဟောရော် အာံဆာရ် Hóro Añsar လို့ခေါ်ကြတယ်။ သရက်သီး၊ ဆီးသီး၊ မန်းကျည်းသီး စတဲ့ ရာသီပေါ် အသီးအနှံတွေကို ပျစ်ပျစ်ကျိုချက်ကာ ယိုသနပ်စုံ စားဖွယ် ပြုလုပ် စားသုံးခြင်းဖြစ်တယ်။ အဲ့ထဲမှာ အာင်ချီး ဆိုတဲ့ ယိုက သိပ်ကို ထင်ရှားတယ်။ အချဉ်ချိုကို ယေဘုယျအားဖြင့် အာင်ချီးလို့လဲ ခေါ်ကြတယ်။   အင်ချီးဆိုတာက သရက်နဲ့ လုပ်ထားတဲ့ သရက်သီးယို ဖြစ်ပါတယ်။ အင်ချီး စကားလုံးဟာ အာမ်ချီး ဆိုတဲ့ ရိုဟင်ဂျာ စကားနှင့် ဗမာစကား ပေါင်းစပ်ပြီးတော့ အသံပြောင်းဖြစ်လာတဲ့ စကားလုံး ဖြစ်တယ်။ ‘အာမ်’ဆိုတာက သရက်သီး၊ ‘ချီး’ ဆိုတာက ဗမာစကား ‘သီး’ မှ အသံပြောင်းတာ ဖြစ်တယ်။ အဲ့တော့ ‘အာင်ချီး’ စကားလုံးအနက်က သရက်သီး လို့ အဓိပ္ပာယ်ရပါတယ်။ 

ရိုဟင်ဂျာ လူမျိုးတို့သည် အာင်ချီးကို  သရက်သီးပေါ်ချိန်၌ ပြုလုပ်သိမ်းဆည်းတာဖြစ်တယ်။ အဲ့ဒါကို တစ်နှစ်ပတ်လုံး နည်းအမျိုးမျိုးနဲ့ သုံးဆောင်ကြတာပေါ့။ ကောင်းကောင်းမွန်မွန် ပြုလုပ်ထားတဲ့ အာင်ချီး ယိုကို ၂ နှစ် ၃ နှစ်တာင် ထားနိုင်ပါတယ်။ ချွတ်ယွင်းချက်မကင်းဖြစ်နေတဲ့ အာင်ချီး ယိုကိုမူ တစ်လတောင် ကြာကြာ မထားနိုင်ပါဘူး။ မှိုတက်ပြီး စားမရ ဖြစ်သွားတယ်။ 

အာင်ချီးယို ဟာ အခန်းကဏ္ဍများစွာ၌ ပါဝင်ကြတယ်။ ငါးဟင်း ချက်တဲ့ခါ ဟင်းထဲ နည်းနည်းထည့်ပေးကာ ဟင်းအရသာကို ထူးကဲစေတယ်။ ထမင်းနဲ့လဲ ဟင်းအဖြစ် တို့စားကြတယ်။ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ သွေးတိုးခြင်း၊ အော့အန်ခြင်း စသည်တို့တွင် သရက်သီးယိုကို ဆေးအဖြစ်သုံးဆောင်ကြတယ်။ တကယ့် အစွမ်းတက်တယ်လို့ ပြောကြတယ်။ နွေရာသီ စကားဝိုင်းတွေမှာလဲ မုန့်ပဲသရေစာ အဖြစ် အိမ်ရှင်က အာင်ချီးယိုနဲ့ ဧည့်ခံတဲ့ ဓလေ့ရှိပါတယ်။ မင်္ဂလာပွဲတွင် သတို့သမီးကို မိဘထံမှ  အချဉ်ယိုဘူးမျိုးစုံ ခန်းဝင် ပစ္စည်းအဖြစ် ပေးရိုးရှိပါတယ်။ 

လိုအပ်တဲ့ပစ္စည်းများ
၁) သရက်သီးစိမ်း   (Aam)
၂) ဆီ                     (Tel)
၃) ငရုတ်ကောင်း   (Gul Moris)
၎) ကြက်သွန်ဖြူ      (Ruon)
၅) ဆား                  (Nun)
၆) ငရုပ်သီးခြောက် (Fúwana Moris)

အာင်ချီးပြုလုပ်နည်း (၁)

ဦးစွာ သရက်သီးကို အစိတ်စိတ် ပိုင်းဖြတ်ရတယ်။ ပြီးတော့ ဆားလူးပြီး သို့တည်းမဟုတ် ဆားရည်ထဲ သုံးလေးရက်လောက် စိမ့်ထားရတယ်။  ပြီးရင် သုံးလေးရက်လောက် နေပူလှန်လိုက်တော့။ တခြောက်ခြောက်ဖြစ်လာတာနဲ့  တခြား ပစ္စည်းတွေကို ဆီများများထဲ ကြော်ရပါတယ်။  ကြက်သွန်ဖြူတွေ လုံးဝကြွပ်ကြွပ်ဖြစ်သွားအောင် ကြော်ရတယ်။ သရက်သီးအစိတ်တွေ ဆီထဲလုံးဝနစ်သွားအောင် ဆီထဲရပါမယ်။ ပြီးရင် အအေးခံထားရမယ်။ အေးသွားလျှင် သုံးဆောင်လို့ရပြီ။ ဘူးထဲသိမ်းထားတော့…။ တနှစ် နှနှစ်အာမခံတယ်။ စားချင်စိတ်ရှိတဲ့ခါ စိတ်တိုင်းကျစားပေါ့။ 

အာင်ချီးပြုလုပ်နည်း (၂)

လုံးဝခြောက်သွားအောင် ကောင်းကောင်း နေပူလှန်ရတယ်။ ခြောက်တခေါက်ခေါက်ဖြစ်သွားတဲ့ သရက်သီးစိတ်ခြောက်တွေကို အပေါင်ခံရပါတယ်။ ဆီနဲ့ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက် မဆလာ တွေ ကြော်ထားရမယ်။ ပြီးရင် အပေါင်ခံထားတဲ့ သရက်သီးစိတ်နဲ့ ကြော်ထားတဲ့ ဆီတွေကို သမအောင် ရောစပ်ရပါတယ်။ လုပ်ပြီးရင် အအေးခံပေါ့။ ဘူးထည့်ပြီး သိမ်းထားလေတော့။

အာင်ချီး အရသာ ခံစားရအောင် ရိုစတိုင်လ်ကျကျ လုပ်ကြည့်ကြစို့…။ 

🍏🍎🍈🍇🍅🍎🍏🍄🍋🍊 🍓🍒🍑🍐🍍🌰🍈

Thursday, March 15, 2018

မုစ်လင်မ့် ဝတ္တရားများ


မုစ်လင်မ့် ဝတ္တရားများ

🍃🍃🍃🍃🍃🍃🍃

၁ ။ မုစ်လင်မ်တစ်ယောက်၏ အမှားအပေါ် ခွင့်လွှတ်ပေးပါ။
၂ ။ သူငိုနေလျှင် သနားပါ။
၃ ။ သူ၏အပြစ်ကို ဖုံးထားပါ။
၎ ။ သူ၏ တောင်းပန်မှုကို လက်ခံပါ။
၅ ။ သူ၏ ဒုက္ခကို ကူညီဖယ်ရှားပေးပါ။
၆ ။ သူ၏အပေါ် အစဉ်ကောင်းပါ။
၇ ။ သူ့အချစ်ကို အစဉ်ထိန်းသိမ်ပါ။
၈ ။ သူ့ကိုပေးထားသော ကတိတည်ပါစေ။
၉ ။ သူနာမကျန်းဖြစ်နေက သွားရောက်အားပေးပါ။
၁၀ ။ သူကွယ်လွန်က ဒုအာပြုပို့ပါ။
၁၁ ။ သူဖိတ်ကြားက လက်ခံသွားရောက်ပါ။
၁၂ ။ သူ့လက်ဆောင်ကို လက်ခံပါ။
၁၃ ။ သူပြုလာသော ကျေးဇူးအတွက် ကျေးဇူးတုန့်ပြန်ပါ။
၁၄ ။ သူ၏ကူညီရိုင်းပင်းမှုများကို ကျေးဇူးတင် တန်ဖိုးထားပါ။
၁၅ ။ သူ့ကိုလိုအပ်လျှင် ကူညီပါ။
၁၆ ။ သူ့မိသားစုကိုလည်း ဂရုစိုက်ပါ။
၁၇ ။ သူ၏လုပ်ငန်းဆောင်တာများတွင် ပါဝင်ကူညီပါ။
၁၈ ။ သူ့အကြံဥာဏ်ကို နာယူပါ။
၁၉ ။ သူမေတ္တာရပ်ခံလျှင် မငြင်းဆန်ပါနှင့်။
၂၀ ။ သူ့ရည်မှန်းချက်ကို စိတ်ပျက်အောင် မလုပ်မိပါစေနှင့်။
၂၁ ။ သူနှာချေ၍ ” အလ်ဟမ်ဒုလိလ္လာဟ် ” ဆိုလျှင် ” ယရ်ဟမုကလ္လာဟ် ” ဆိုကာ ပြန်ကြားပါ။
၂၂ ။ သူ၏ပျောက်ရှပစ္စည်းတွေ့ရှိမိက သူ့ထံအရောက်ပို့ပေးပါ။
၂၃ ။ သူစလာမ်ပေး နှုတ်ဆက်လာက စလာမ်ပြန်ကြားနှုတ်ဆက်ပါ။
၂၄ ။ သူနှင့် စကားပြောဆိုတိုင်း သိမ်မွေ့ယဉ်ကျေးနူးညံ့ပါ။
၂၅ ။ သူ့ကို ကောင်းကျိုးပြုပါ။
၂၆ ။ သူယုံ၍ ကျိန်ဆိုမိလျှင် တတ်နိုင်သရွေ့ လိုက်လျော့လိုက်ပါ။
၂၇ ။ သူ့ကို တစ်ယောက်ယောက်က ဗိုလ်ကျစိုးမိုးလာလျှင် ကာကွယ်ပေးပါ။ သူက ဗိုလ်ကျစိုးမိုးရေးလုပ်လျှင် တားမြစ်ပိတ်ပင်ပါ။
၂၈ ။ သူ့ကို မိတ်ဖက်လုပ်ပါ။ မိတ်ဖျက်မဖြစ်ပါစေနှင့်။
၂၉ ။ သူ့ကို အပုပ်မချပါနှင့်။
၃၀ ။ ကိုယ်ကြိုက်သည်ကို သူ့အတွက် ကြိုက်ပါ။
၃၁ ။ သူနှင့်တွေ့တိုင်း စလာမ်ပေးနှုတ်ဆက်ပါ။ အမျိုးသားချင်း ၊ အမျိုးသမီးချင်း လက်ဆွဲနှုတ်ဆက်ခြင်းသည် ကောင်းလှသည်။
၃၂ ။ သူနှင့်ရန်ဖြစ်မိက သုံးရက်ထက်ပို၍ အဆက်မဖြတ်ပါနှင့်။
၃၃ ။ သူ့အပေါ် မကောင်းမမြင်ပါနှင့်။
၃၄ ။ သူ့အပေါ် မနာလိုဝန်တိုမဖြစ်ပါနှင့်။ မုန်းမာန်မပွားပါနှင့်။
၃၅ ။ သူ့ကို ကောင်းမှုကောင်းရာလုပ်ဖို့ တိုက်တွန်းနေပါ။ မကောင်းမှု မကောင်းရာမလုပ်ဖို့ တားမြစ်နေပါ။
၃၆ ။ ကြီးသူကို ရိုသေပါ။ ငယ်သူကို သနားပါ။
၃၇ ။ မုစ်လင်မ်နှစ်ယောက် ကတောက်ကဆဖြစ်နေက ဖြန်ဖြေပေးပါ။
၃၈ ။ သူ့နောက်ကွယ် သူ့အတင်းအဖျင်းမပြောပါနှင့်။
၃၉ ။ သူ့သိက္ခာ နှင့် သူ့ရိက္ခာ တိမ်းပါးဆုံးရှုံးအောင် မလုပ်မိပါစေနှင့်။
၄၀ ။ သူ့ကို ထခိုင်းလိုက်ပြီး ကိုယ်က အဲဒီနေရာမှာ မထိုင်လိုက်ပါနှင့်။

( ဗဟရှ်သီဇေဝရ်ကျမ်း )
̲Ⓐ̲ⓑ̲ⓤ̲ ̲Ⓐ̲ⓓ̲ⓔ̲ⓔ̲ⓑ̲ⓐ̲ⓗ̲

ရှမ်းပြည်သားလေး sai hak khay
အလ်အာလင်မ် ဝိုင်းတော်သားများ

📆 ဟိဂ်ျရီ ၁၄၃၉ ၊ မုဟရ်ရမ်လ ( ၁၇ )ရက်📆
📆 ၈ . ၁၀ . ၂၀၁၇ ( တနင်္ဂနွေနေ့)

ရဂျဗ်လမြတ်အကြောင်း



❇ ရဂျဗ်လမြတ်အကြောင်း ❇

                ဒီရဂျဗ်လမြတ်နဲ့ပတ်သက်ပြီး မှန်ကန်ပြည့်စုံတဲ့ စနဒ် ဆင့်ပြန်ချက်နဲ့တကွ တမန်တော်မြတ် ( صلی اللّہ علیہ وسلم ) မိန့်ဆိုခဲ့တာကတော့ ဒီရဂျဗ်လရဲ့ ဆန်းဦးစလကို မြင်တာနဲ့တစ်ပြိုင်နက် ကိုယ်တော်မြတ် ( صلی اللّہ علیہ وسلم )က ဒီလိုဒုအာလုပ်တော်မူတယ်။

(( أَللّهُمَّ بَارِكْ لَنَا فِىْ رَجَبَ وَ شَعْبَانَ وَ بَلِّغْنَا رَمَضَانَ ))

" အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးတို့အား ရဂျဗ်လနှင့်ယှအ်ဗာန်လများတွင် ဗရ်ကသ်မင်္ဂလာ ချီးမြှင့်တော်မူပါ။ ပြီးနောက် ရမသွာန်လမြတ်ကိုပါ ချီးမြှင့်တော်မူပါ " လို့ဆိုတယ်။ 

ဆိုလိုတာက ကျွန်တော်မျိုး၏ သက်တမ်းကို ရမသွာန်လကုန်သည်အထိ ထားပေးပါ။ တနည်းအားဖြင့် ရမသွာန်လမရောက်မီအလျင် အဲဒီလမြတ်ကို ကြိုဆိုခြင်း ဖြစ်တယ်။ ဒီဒုအာဟာ ခိုင်လုံတဲ့ စနဒ်နဲ့တကွ ဆင့်ပြန်လာခြင်းဖြစ်တယ်။ ဒါကြောင့် ဒီအပေါ် အမလ်လုပ်ခြင်းဟာ စုန္နသ် ဖြစ်တယ်။ 

ယှရီအသ်တရားတော်မှာ ဒီအချက်ထက် ပိုထင်ရှားတဲ့ ဆင့်ဆိုချက် လူအများကြားမှာ ပြုလုပ်နေကြတဲ့ အခြားကျင့်စဉ်များအားလုံးနဲ့ ပတ်သက်ပြီး ယှရီအသ်မှာ ထင်ရှားတဲ့ ဆင့်ဆိုချက်တွေ ဘာမှမရှိဘူး။
ဥပမာ ရဂျဗ်လ ( ၂၇ )ရက်နေ့ညနဲ့ပတ်သက်ပြီး မဲအ့်ရာဂ်ျလို့သတ်မှတ်ကြတယ်။ အဲဒီညမှာ ကဒရ်ညမြတ် ကဲ့သို့ တန်ဖိုးရှိစွာနဲ့ ကုန်ဆုံးစေလိုကြတယ်။ ကဒရ်ညကဲ့သို့ဘဲ ထူးမြတ်တဲ့ည ၊ အကျိုးရှိတဲ့ ညလို့ ယူဆနေ ကြတယ်။ ကျွန်ုပ် ( မုဖ်သီသကီး ) တစ်နေရာမှာ ဒီလိုရေးထားတာ တွေ့လိုက်ရတယ်။ မဲအ့်ရာဂ်ျညက ကဒရ်ညထက် ထူးမြတ်မြင့်မြတ်မှုမှာ သာလွန်သေးတယ်လို့ ရေးထားတာ တွေ့ရတယ်။ အဲဒီညမှာ လူတွေက သီးခြားသော နမားဇ်များနဲ့ ကျော်ကြားအောင်ပြလာကြတယ်။ ဒီညမျိုးမှာ နမားဇ်ကို ဘာနိယသ်နဲ့ ဘယ်နှစ် ရကအသ် ဖတ်ရမယ်။ ဘာစူရဟ်တွေ တွဲရမယ် ဆိုတာကအစ သတ်မှတ်လာကြတယ်။ အလ္လာဟ် အရှင်မြတ်သာ သိတော့တယ်။ မှတ်ထားပါ မိတ်ဆွေတို့ ! ဒီလိုနမားဇ်မျိုးတွေကို ဒီလိုသတ်မှတ်မှုမျိုးတွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေအထောက်အထား ယှရီအသ်တရားတော်မှာ မရှိဘူး။

ပထမဦးဆုံးအချက်က ရဂျဗ်လ ( ၂၇ ) ရက်မှာ ကိုယ်တော်မြတ် ( صلی اللّہ علیہ وسلم ) မဲအ့်ရာဂ်ျ ကောင်းကင်ခရီး ကြွမြန်းသွားတယ်ဆိုတာနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားမရှိဘူး။ တချို့က ရဗီအုလ်အောဝ်ဝလ်လမှာ ကိုယ်တော်မြတ် ( صلی اللّہ علیہ وسلم ) မဲအ့်ရာဂ်ျခရီး ကြွမြန်းတယ်လို့ ဆိုကြပေမယ့် တချို့က ရဂျဗ်လလို့ ဆင့်ပြန်ပြီး တချို့ကတော့ တခြားလလို့ ဆင့်ပြန်ကြတယ်။

 ခြုံကြည့်လိုက်ရင် တမန်တော်မြတ် ( صلی اللّہ علیہ وسلم ) မဲအ့်ရာဂ်ျခရီး ကြွမြန်းတဲ့ရက်ကို အတိအကျ ဆင့်ပြန်ထားခြင်း မရှိဘူး။ ဒါနဲ့ပတ်သက်ပြီး စဉ်းစားစရာ အချက်တစ်ခုက ဒီညဟာ အလွန်မွန်မြတ်တဲ့ ယှဗ္ဗိကဒရ်ညကဲ့သို့ပင် ထူးမြတ်တဲ့ည ဖြစ်ရိုးမှန်ရင် နှောင်းခေတ်လူတွေက ဒီညကို အတိအကျ သတ်မှတ် ဆင့်ပြန်ခဲ့မှာဘဲ။ တကယ်တော့ ဒီညကို ယခုတိုင် တိကျတဲ့ ဆင့်ပြန်ချက်တွေ၊ ခိုင်လုံတဲ့ဆင့်ပြန်ချက်တွေ မရှိတဲ့အတွက် ဒီရဂျဗ်လ ( ၂၇ )ရက်ညဟာ မဲအ့်ရာဂ်ျညအဖြစ် တိတိကျကျ မသတ်မှတ်နိုင်ဘူး။

အကယ်၍ ဒီရဂျဗ်လ ( ၂၇ )ရက်ညမှာဘဲ တမန်တော်မြတ် ( صلی اللّہ علیہ وسلم ) မဲအ့်ရာဂ်ျ ကောင်းကင် ခရီး ကြွမြန်းတော်မူခဲ့တယ်ထားပါဦး။ အဲဒီခရီးစဉ်မှာ အလွန်ကြီးကျယ် မွန်မြတ်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပျက်ခဲ့ တယ်။ ပထမတစ်ချက်က တမန်တော်မြတ် ( صلی اللّہ علیہ وسلم ) ကိုယ်တော်တိုင် အလ္လာဟ်အရှင်မြတ်နဲ့ အနီးဆုံးနေရာအထိ ခစားခွင့်ရခဲ့တယ်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်ကို " ဒီဒါရ် " ဖူးမြှော်ခွင့်ရခဲ့တယ်။ ဒုတိယတစ်ချက်က ကိုယ်တော်မြတ် ( صلی اللّہ علیہ وسلم )နဲ့ အုမ္မသ်သားများအတွက် နမားဇ် ( ၅ ) ကြိမ်ကို လက်ဆောင်တော်အဖြစ် ချီးမြှင့်ခြင်းခံခဲ့ရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အီမာန်ရှင် မုစ်လင်မ်မှ မငြင်းနိုင်ဘူး။

ဒီအဖြစ်အပျက်က နဗဝီ ( ၅ ) ခုနှစ်မှာ ဖြစ်ပျက်ခဲ့တယ်။ ဒီအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ပြီးနောက် နှစ်ပေါင်း ( ၁၈ )နှစ်တိုင်တိုင် ကိုယ်တော်မြတ် ( صلی اللّہ علیہ وسلم ) သက်ရှိထင်ရှားနေထိုင်တော်မူခဲ့တယ်။ အဲဒီ ( ၁၈ )နှစ်ကာလအတွင်းမှာ တမန်တော်မြတ် ( صلی اللّہ علیہ وسلم )က ကိုယ်တိုင် ဒီမဲအ့်ရာဂ်ျနဲ့ပတ်သက်ပြီး ဘာအမိန့်မှ ပေးထားတဲ့ အထောက်အထားတွေ မတွေ့ရဘူး။ အဲဒီညမှာ သီးသန့် အစီအစဉ်နဲ့ အိဗာဒသ် လုပ်ဖို့ အမိန့်တော်လည်း မပေးခဲ့ဘူး။ ဒီညဟာ ကဒရ်ညကဲ့သို့ စဝါးဗ်ရစေအောင်၊ အကျိုးဖြစ်ထွန်းစေတဲ့ည ဖြစ်သောကြောင့် နိုးနိုးကြားကြား ဝိရိယနဲ့ အမလ်ထဲနေဖို့ တိုက်တွန်းခဲ့တဲ့ အထောက်အထား အမိန့်သြဝါဒ လည်း ဘာတစ်ခွန်းမှ မမိန့်ခဲ့ဘူး။ ကိုယ်တော်မြတ် ( صلی اللّہ علیہ وسلم ) ခေတ်မှာလည်း ဒီညမှာ သီးသန့် နိုးကြားလျက် ဘာမှမလုပ်ခဲ့သလို ဆွဟာဗဟ်သာဝကတွေကလည်း ဒီညနဲ့ပတ်သက်ပြီး ဘာမှ နိုးဆော် တိုက်တွန်းမှုမျိုး ဒါမှမဟုတ် ကိုယ်တိုင် အဲဒီညမှာ နိုးကြားလျက် သီးသန့် အမလ်အိဗာဒသ်လုပ်ခဲ့တာမျိုးတွေ မတွေ့ရဘူး။

တမန်တော်မြတ် ( صلی اللّہ علیہ وسلم ) ဝဖှာသ်ဖြစ် ကွယ်လွန်တော်မူသွားပြီးနောက် နှစ်ပေါင်း ( ၁၀၀ ) တိုင်တိုင် ဆွဟာဗဟ်များ ဒီဒုန္နယာလောကမှာ သက်ရှိထင်ရှားနေထိုင်ခဲ့ကြတယ်။ အဲဒီနှစ်ပေါင်း ( ၁၀၀ ) အတွင်းမှာ ဆွဟာဗဟ်များက ဒီ မဲအ့်ရာဂ်ျနဲ့ပတ်သက်ပြီး ရဂျဗ်လ ( ၂၇ )ရက်ညမှာ သီးသန့် အမလ် အိဗာဒသ်ရဲ့အစီအစဉ် အခမ်းအနားမျိုး ပြုလုပ်ခဲ့ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထား ဘာမှ မတွေ့ခဲ့ရဘူး။ ဒါကြောင့် တမန်တော်မြတ် ( صلی اللّہ علیہ وسلم ) ကိုယ်တိုင် မလုပ်ခဲ့တဲ့ကိစ္စ၊ ဆွဟာဗဟ်များလည်း မလုပ်ခဲ့တဲ့ ကိစ္စရပ်ကို ဒီးန်သာသနာတော်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ခြင်း၊ ဒါမှမဟုတ် စုန္နသ်တစ်ခုလို့ သတ်မှတ်လုပ်ကိုင်ခြင်း၊ ဒါမှမဟုတ် စုန္နသ်တစ်ခုလိုမျိုး အမလ်လုပ်ခြင်း စတဲ့အရာအားလုံးဟာ " ဗိဒ်အသ် " တရားသစ်တီထွင်ခြင်း ဖြစ်တယ်။ အကယ်၍ တစ်ဦးတစ်ယောက်က ( معاذاللّه အရှင်မြတ်ထံခိုလှုံပါ၏ ) ဒီလိုဆိုခဲ့မယ်။ " ကျွန်တော်ကတော့ဖြင့် တမန်တော်မြတ် ( صلی اللّہ علیہ وسلم )ထက် ပိုပြီး တတ်သိနားလည်လို့ပါ။ ဒါမှမဟုတ် ကျွန်တော် ကတော့ဖြင့် ဆွဟာဗဟ်များထက် သာပိုပြီး ဒီးန်သာသနာတော်ကို ချစ်မြတ်နိုးလို့ပါ။ ဒါကြောင့် သူတို့မလုပ်လည်း ကျွန်တော်ကတော့ လုပ်မှာဘဲ " လို့ဆိုခဲ့ရင်တော့ ဒီလူထက်ပိုပြီး မိုက်မဲသူ၊ အသိဥာဏ် ကင်းမဲ့တဲ့သူ ဒီဒုန္နယာလောကထဲ ရှိမှာမဟုတ်တော့ဘူး။

ကျွန်ုပ်တို့ ဒီးန်သာသနာရေးနဲ့ ဘယ်လောက်နှိုက်နှိုက်ချွတ်ချွတ် ပတ်သက်ဆက်စပ်နေငြားလည်း တကယ်တမ်းမှာတော့ ဆွဟာဗဟ်များ၊ သာဗိအီးန်များ၊ သဗသာဗိအီးန်များသာလျှင် အားလုံးထက် ပိုပြီး ဒီးန်သာသနာကို သိခဲ့ကြသူတွေ၊ ဒီးန်သာသနာကို နားလည်ခဲ့ကြသူတွေ၊ ဒီးန်သာသနာတော်အပေါ် ချစ်မြတ်နိုးခဲ့ကြသူတွေ၊ ဒီးန်သာသနာတော်အပေါ် နာခံကျင့်သုံးကြသူတွေ ဖြစ်ခဲ့ကြတယ်။ ယခု လူတစ်ယောက်က ပြောမယ်။ " ကျွန်တော်ကတော့ သူတို့ထက်ပိုပြီး နားလည်ပါတယ်။ သူတို့ထက်ပိုပြီး ဒီးန်သာသနာတော်ကို လိုလားစိတ် ရှိသူပါ။ ဒါမှမဟုတ် သူတို့ထက်ပိုပြီး ဒီးန်သာသနာအပေါ် နာခံကျင့်သုံးတဲ့သူပါ " လို့ ပြောရင်တော့ ဒီလူဟာ နလဗိန်းတုံးလူ ၊ တကယ်တမ်း ဒီးန်သာသနာတော်ကို ဘာမှမသိတဲ့ လူတစ်ယောက်လို့ သတ်မှတ်ရုံပေါ့။

ဒါကြောင့် ဒီ ရဂျဗ်လ ( ၂၇ )ရက်ညမှာ သီးသန့် အမလ်တစ်စုံတစ်ရာလုပ်ခြင်း " ဗိဒ်အသ် " ဖြစ်တယ်။ အကယ်၍ ဒီညလိုဘဲ တခြားညတွေမှာ အမလ်လုပ်နေမယ်။ နေ့စဉ် ဒါမှမဟုတ် အစဉ်ပြုနေကျ အမလ်အဖြစ်နဲ့ ဒီ ( ၂၇ ) ရက်ညမှာလည်း ဆက်လက်ပြုလုပ်မြဲ လုပ်နေမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။
ဒီလိုဘဲ ရဂျဗ်လ ( ၂၇ )ရက်နေ့မှာ တချို့က ရိုဇဟ်ထားကြတယ်။ အာယှူရဟ်ရိုဇဟ်တို့ ၊ အရဖှသ်နေ့ရဲ့ ရိုဇဟ်တို့လို မွန်မြတ်ထူးကဲတဲ့ ရိုဇဟ်လို သတ်မှတ် ယုံကြည်နေကြတယ်။ မှတ်ထားရမှာက ဒီရိုဇဟ်နဲ့ပတ်သက်ပြီး မခိုင်မာတဲ့ အဆိုတစ်ခုနှစ်ခုတော့ရှိတယ်။ ခိုင်မာတဲ့ ဆင့်ပြန်ချက်ကတော့ တစ်ခုမှ မရှိဘူး။

ဟဇ်ရသ် အုမရ် ( رضی اللّہ عنہ )သခင်ရဲ့ ခိလာဖှသ်ခေတ်မှာ လူတချို့က ဒီရဂျဗ်လ ( ၂၇ )ရက်နေ့မှာ သီးသန့်ရိုဇဟ် ထားကြတယ်။ ဟဇ်ရသ် အုမရ် ( رضی اللّہ عنہ ) သခင်ကလည်း သူ့ခေတ်မှာ သူသက်ရှိ ထင်ရှားရှိနေစဉ်အတွင်းမှာ ဒီးန်သာသနာတော်နဲ့ပတ်သက်ပြီး အနည်းငယ် မှားယွင်းမှုမျိုးပင်ဖြစ်စေ လက်မခံနိုင်ဘူး။ ဒါ့ကြောင့် ဒီစကားကြားတာနဲ့ချက်ချင်း အိမ်ကနေထွက်ပြီး အဲဒီလူတွေထံသွားတွေ့တယ်။ နောက်ပြီး အတင်းအဓမ္မ လူတွေကို အစားအသောက် တစ်စုံတစ်ရာ စားခိုင်းတယ်။ " အသင်တို့ ရိုဇဟ်မထားကြပါဘူးဆိုတဲ့ အထောက်အထားပြနိုင်ဖို့ ငါ အုမရ် ရှေ့မှာ စားသောက်ပြရမယ် " လို့ ခိုင်းတယ်။ ဒါမှလူတွေရဲ့အထင်မှာ ဒီရိုဇဟ်ဟာ ဘာမှထူးခြားတဲ့ ရိုဇဟ်မဟုတ်ဘူးဆိုတာကို အထင်အရှား သိလာမှာ ဖြစ်တယ်။ တခြား နဖိလ်ရိုဇဟ်များကဲ့သို့ နဖိလ်ရိုဇဟ်အဆင့်မျှသာရှိတယ်။ တခြားနေ့တွေနဲ့ ဘာမှမကွာဘူး။ ဟဇ်ရသ် အုမရ် ( رضی اللّہ عنہ ) သခင်ကြီးက ဒီကိစ္စကို " ဗိဒ်အသ် " ဖြစ်လို့ အင်အားသုံးပြီး ပိတ်ပင်တားမြစ်ခဲ့တယ်။ ဒီးန်သာသနာတော်ထဲမှာ ဘာမှ အတိုးအလျော့လုပ်တာကို မကြိုက်ဘူး။

အကယ်၍ တစ်စုံတစ်ယောက်က " ဘာလဲ ? ကျွန်တော်တို့ ဒီညမှာ တစ်ညလုံး နိုးကြားလျက် အမလ်အိဗာဒသ်လုပ်မယ်။ နေ့မှာ ရိုဇဟ်ထားကြမယ်ဆိုရင် ဒါဟာ မကောင်းမှုအလုပ်လား? သူခိုး ဓါးပြ အလုပ်ဖြစ်လို့လား ? မူးယစ်ရမ်းကားတဲ့ အလုပ်ဖြစ်လို့လား ? ဒါကို ဘာ့ကြောင့် မကောင်းတဲ့အလုပ်လို့ သတ်မှတ်ရတာလဲ ? လို့ စောဒကတက်ခဲ့မယ်ဆိုရင်တော့ ...
ဟဇ်ရသ် အုမရ် ( رضی اللّہ عنہ ) သခင်ဆိုတဲ့ ဆွဟာဗဟ်ကြီးက ဘာ့ကြောင့်တားမြစ်ရတာလဲဆိုတာ စဉ်းစားကြည့်ပါ။

အဲဒီနေ့မှာ သီးသန့်ရိုဇဟ်ထားဖို့ အလ္လာဟ်အရှင်မြတ်က အမိန့်မပေးထားဘူး။ ဒါကို မိမိဘက်က အသစ်ထွင်ပြီး ကိုယ့်သဘောနဲ့ ဓလေ့ထုံးစံ အစဉ်အလာတစ်ခုအဖြစ် လက်ခံကျင့်သုံးခြင်းကပင်လျှင် အပြစ်ထိုက်နေတယ်။ ကျွန်ုပ် ( မုဖ်သီသကီး ) အကြိမ်ကြိမ် တင်ပြခဲ့ဘူးပါတယ်။ ဒီးန်သာသနာတော်ရဲ့ ထူးခြားတဲ့ ဝိသေသကိုက နာခံခြင်း ဖြစ်တယ်။ " ငါအရှင်မြတ်ရဲ့အမိန့်တော်ကို နာခံကြ။ ငါအရှင့် ရစူလ်ရဲ့ အမိန့်ကို နာခံကြ " လို့ဆိုထားတယ်။ အကယ်၍ အရှင်မြတ်က နမားဇ်ဖတ်ကြလို့ အမိန့်ပေးတဲ့အခါ နမားဇ်ဖတ်ခြင်းဟာလည်း အိဗာဒသ် ဖြစ်တယ်။ အကယ်၍ အရှင်မြတ်က နမားဇ်မဖတ်နဲ့လို့ အမိန့်ပေးတဲ့ အခါ နမားဇ်မဖတ်ခြင်းဟာလည်း အိဗာဒသ်ဖြစ်တယ်။ ဒီလိုဘဲ ရိုဇဟ်ထားလို့ အမိန့်ပေးတဲ့အခါ ရိုဇဟ် ထားခြင်းဟာလည်း အိဗာဒသ် ဖြစ်တယ်။ ရိုဇဟ်မထားဖို့ အမိန့်ပေးတဲ့အခါ ရိုဇဟ် မထားခြင်းဟာ လည်း အိဗာဒသ် ဖြစ်တယ်။ အကယ်၍ တားမြစ်ထားတဲ့အချိန်မှာ ရိုဇဟ်ထားခဲ့ရင် ဒီးန်သာသနာ့အမိန့်ကို ချိုးဖေါက်ရာကျတယ်။ ဒီးန်သာသနာတော်ကို ဆန့်ကျင်ရာရောက်တယ်။ ဒီးန်သာသနာ့ရဲ့အလုပ်တာဝန်ဝတ္တရားအားလုံးဟာ အမိန့်နာခံခြင်းပဲ ဖြစ်တယ်။

အကယ်၍ တစ်ဦးတစ်ယောက်က ဒီရဂျဗ်လ ( ၂၇ ) ရက်နေ့မှာ ထူးထူးခြားခြား ရိုဇဟ်ထားခဲ့မယ်ဆိုရင်တော့ ဒီလူဟာ ဒီးန်သာသနာတော်မှာ အပိုချဲ့ထွင်ခြင်းပဲပေါ့။ ဒီလို ထူးထူးခြားခြားသတ်မှတ်ပြီး ရိုဇဟ်ထားခြင်းဟာ မပိုင်ဘူး။ အကယ်၍ တခြားရက်တွေမှာ ဒီလိုဘဲ ဒီရက်မှာလည်း ရိုဇဟ်ထားခဲ့ရင်တော့ အကြောင်း မဟုတ်ဘူး။ တားမြစ်ချက်လည်း မရှိပါဘူး။ ဒီလိုမဟုတ်ဘဲ ဒီရဂျဗ်လ ( ၂၇ )ရက်နေ့မှာဘဲ ထူးထူးခြားခြား စဝါးဗ်ပိုရတဲ့ စုန္နသ်ရိုဇဟ်အဖြစ် သီးခြားသတ်မှတ်ပြီး ညမှာ အမလ်အိဗာဒသ်လုပ်ခြင်း၊ နေ့မှာ ရိုဇဟ်ထားခြင်း အစရှိသည်များကတော့ " ဗိဒ်အသ် " တရားသစ်တီထွင်ခြင်းဖြစ်တယ်။ မလုပ်ပိုင်ဘူး။
မဲအ့်ရာဂ်ျညဟာ အလွန်ထင်ရှားခဲ့တဲ့ ညတစ်ည ဖြစ်တယ်။ အဲဒီညမှာ တမန်တော်မြတ် ( صلی اللّہ علیہ وسلم ) မိုးကောင်းကင်ခရီးကို ကြွမြန်းတော်မူခဲ့တယ်။ သို့သော်လည်း ဒီနေ့ အစ္စလာမ့်အသိုင်းအဝိုင်းမှာ ဒီ့ထက်ပိုပြီး ကြီးကျယ်အရေးပါတဲ့ အလုပ်တစ်ခုဖြစ်နေပြီး ဒီးန်သာသနာတော်က သတ်မှတ်ထားတဲ့ ဖွရ်သ်ွတာဝန်၊ ဝါဂျိဗ်တာဝန်တွေထက်ပိုပြီး အကြီးအကျယ်အရေးပါတဲ့ အလုပ်တစ်ခုဖြစ်နေပြီ။ အဲ့ဒါကတော့ ရဂျဗ်လ ( ၂၇ )ရက်နေ့ညမှာ မုန့်အချိုလုပ်ခြင်းနဲ့ဝေငှခြင်း ဖြစ်တယ်။ အကယ်၍ တစ်ဦးတစ်ယောက်က ဒီလူဟာ နမားဇ်ဖတ်သည်ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ၊ ရိုဇဟ်ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ၊ အပြစ်ဂုနာဟ်ဒုစရိုက်ကနေ ရှောင်ကြဉ်သည်ဖြစ်စေ၊ မရှောင်ကြဉ်သည်ဖြစ်စေပေါ့ ဒါပေမယ့် အဲဒီနေ့မှာ ဒီလို မုန့်အချို မလုပ်တော့ဘူးဆိုရင် ဒီလူဟာ မုစ်လင်မ် မဟုတ်တော့ဘူး။ (( တချို့နေရာဒေသမှာ မဲအ်ရာဂ်ျည အထိမ်းအမှတ်နဲ့ မောဝ်လူးဒ်ယှရီးဖ်ဖတ်ကြတယ်။ ကိယာမ်တွေ ရပ်ကြတယ်။ အဲဒီ အခမ်းအနားမှာ မပါဝင်ရင် တမန်တော်မြတ် ( صلی اللّہ علیہ وسلم )ကို မချစ်တဲ့သူ ၊ မုစ်လင်မ် မပီသသလိုလို ကြည့်တာခံရတယ်။)) အကယ်၍ တစ်ဦးတစ်ယောက်က ဒီဓလေ့ထုံးစံနဲ့ပတ်သက်ပြီး ကိုယ်တိုင်လည်း မလုပ်ဘူး။ တခြားသူများကိုလည်း မလုပ်ဖို့ တားမြစ်လာမယ်ဆိုရင် အဲဒီသူဟာ ကောင်းကောင်း ကျိန်ဆဲခံရမယ်။ ပြစ်တင်ရှုံ့ချခြင်းခံရလိမ့်မယ်။ အလ္လာဟ်အရှင်မြတ်ဘဲ သိတော့တယ်။ ဒီလို မုန့်ချိုပွဲတွေ၊ လုပ်နေတဲ့ ဓလေ့ထုံးစံတွေ ဘယ်လိုပေါ်လာသလဲဆိုတာ မသိဘူး။ ကုရ်အာန်နဲ့ဟဒီးဆ်မှာလည်း မရှိဘူး။ ဆွဟာဗဟ်တွေ၊ သာဗိအီးန်တွေ၊ သဗသာဗိအီးန်တွေရဲ့ လက်ထက်မှာလည်းမရှိဘူး။ ဒီအစွဲဟာ ဒီလောက်တောင် ကြီးထွားလာကြပြီ။ အိမ်မှာ ဒီးန်သာသနာတော်နဲ့ပတ်သက်ပြီး နောက်ထပ်ဘာ အထောက်အထား နိမိတ်လက္ခဏာမှ မရှိရင် နေပါစေ။ ဒီလို မုန့်ပွဲတွေ၊ ဓလေ့ထုံးစံတွေ ရှိနေရင် ကျေနပ်ပြီ။ ဘာ့ကြောင့်လည်းဆိုရင် ကျွန်တော်တို့တတွေက ဒီလိုပွဲလမ်း အခမ်းအနားလေးတွေ၊ စားသောက်ပွဲလေးတွေ လုပ်ရမှာကို ကြိုက်ကြတယ်။ ဝါသနာလည်း ပါကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်အိမ်နဲ့တစ်အိမ် ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံကြတဲ့ပွဲမျိုး စိတ်ပျော်ရွှင်ဖွယ် အခမ်းအနားမျိုးလေးတွေ လုပ်နေကြတယ်။ ဒါ့ကြောင့် အိမ်တိုင်းမှာ ပူရီတွေ ကြော်တယ်။ ဟလဝါမုန့်တွေ ထိုးကြတယ်။ ဒါ့ပြင် ဒီအိမ်ကမုန့်ကို ဟိုအိမ်ပို့ ၊ ဟိုအိမ်က မုန့်ကို ဒီအိမ်ပို့နဲ့ အရပ်ထဲ ပွဲတစ်ခု ဖြစ်နေကြ တယ်။ ယှိုင်တွာန်ကလည်း လူတိုင်းရဲ့ရင်ထဲမှာ ဒီလိုပွဲမျိုးကို အရသာတွေ့စေတယ်။ စိတ်ဝင်စားစေတယ်။ ဒီလိုနဲ့လူတွေက နမားဇ်ဖတ်သည်ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ အရေးမကြီးတော့ဘူး။ အရေးကြီးတာ မုန့်ဝေဖို့၊ စားသောက်ပွဲလုပ်ဖို့ဘဲ။

မိတ်ဆွေများခင်ဗျာ !

ဒီအုမ္မသ်ဟာ ဒီလို အလဟဿ အချည်းအနှီးလုပ်ငန်းထဲမှာ တဖြည်းဖြည်းနဲ့ နစ်မြုပ်သွားခဲ့ပြီ။ အစစ်အမှန် အရေးကြီးတဲ့အလုပ်တွေ တိမ်ကော ပျောက်ကွယ်နေကြပြီ။ လူတော်တော်များများဟာ ဒီအလုပ်ကို မသိနားမလည်ကြလို့ ဒီလိုပြုလုပ်နစ်မြုပ်နေကြခြင်းဖြစ်တယ်။ အစွဲတော့မရှိကြဘူး။ ဒါပေမယ့် ဒီးန်သာသနာတော်ကို မသိနားမလည်ကြလို့ဖြစ်တယ်။ ဒါ့ကြောင့်လည်း အီဒုလ်အသ်ွဟာ ( ကုရ်ဗာနီအီးဒ် ) နေ့တွေလိုဘဲ အရေးကြီးတဲ့နေ့၊ ကုရ်အာန်နဲ့ဟဒီးဆ်တော်တွေအရ အထောက်အထား ခိုင်လုံစွာ ရှိနေတဲ့ နေ့တစ်နေ့လို့ ထင်မှတ်နေကြခြင်း ဖြစ်တယ်။ ဒါ့ကြောင့် အုမ္မသ်ကို ချိုသာနူးညံ့စွာနဲ့ ပြောဆို တင်ပြပြီး ရှောင်ကြဉ်ကြစေလိုတယ်။

အချုပ်ဆိုရရင် ဒီရဂျဗ်လမြတ်ဟာ လမြတ်ရမသွာန်ရဲ့ အကြိုလဖြစ်တယ်။ ဒါ့ကြောင့် ဒီလရောက်ရင် မိမိကိုယ်ကို လမြတ်ရမသွာန်အတွက် ကြိုတင်ပြင်ဆင်ထားကြရမယ်။ အလွန်အရေးကြီးပါတယ်။ ကိုယ်တော်မြတ် ( صلی اللّہ علیہ وسلم )ကဒီရဂျဗ်လမှာ ဒီလိုဒုအာလုပ်တော်မူခဲ့တယ်။

(( أَللّهُمَّ بَارِكْ لَنَا فِىْ رَجَبَ وَ شَعْبَانَ وَ بَلِّغْنَا رَمَضَانَ ))
လူအများကိုလည်း ကြိုတင်သတိပေးထားတယ်။ ဒီလမြတ်ရမသွာန်ရောက်ရင် ကောင်းမှုလုပ်ငန်းတွေထဲမှာ အချိန်အများဆုံးကုန်လွန်စေနိုင်ဖို့အတွက် ဖိက်ရ် သောက ပိုက်ခိုင်းထားပါတယ်။

(( အမြင်မမှား သတိထားပြီး ရှောင်ရှားနိုင်ကြပါစေ ))
အမလ်ပြုကျင့်နိုင်ကြပါစေ ... အာမီးန်
( အိဆ်ွလာဟီး ခုသ်ဗားသ် )

Abu Adeebah
ရှမ်းပြည်သားလေး sia hak khay
📆 ဟိဂ်ျရီ ၁၄၃၉ ၊ ဂျမာဒဆ်ဆာနီလ ( ၂၆ )ရက်📆
📆 ၁၅ . ၃ . ၂၀၁၈ ( ကြာသပတေးနေ့)📆

Wednesday, March 14, 2018

အာမီရ်ခါန်းရဲ့ လူသိနည်းတဲ့ အကြောင်းတချို့



* တနင်္ဂနွေသား မျိုးရိုး *

အာမီရ်ခါန်းဟာ ၁၉၆၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ တနင်္ဂနွေနေ့ မှာ မွမ်ဘိုင်၊ မဟာရာချတြာ ၌ အဘ တွာဟဲရ် ဟူစိန်း (ရုပ်ရှင် ထုတ်လုပ်သူ) နှင့် အမိ ဇီနာသ်ဟူစိုင်း တို့မှ  မွေးဖွားခဲ့ပါတယ်။ မွေးချင်း လေးယောက်အနက် အကြီးဆုံးသား ဖြစ်ပါတယ်။  အမိရ်ခါးန်ရဲ့ အမည်ရင်းက မိုဟမ္မဒ် အမိရ် ဟူစိန်ခါန်း (Muhammad Aamir Hussain Khan) ဖြစ်ပါတယ်။
အမိရ်လေး ဖခင်ဖြစ်သူနဲ့ အတူ


အမေ အမနဲ့ အတူ တွေ့ ရတဲ့ အမိရ်ခါးန် အမေကတော့ အမိရ် အသဲကျော်ဖြစ်ပြီး
ဒီဘက်က အမိရ်အမကတော့ မင်းသား အင်မ်ရားန်ခါးန်ရဲ့ အမေပါ။
 အမိရ် ရဲ့ ဦးလေး နာဆဲရ်ဟူစိုင်းက ရုပ်ရှင်လောကမှာ လူသိများတဲ့ ဒါရိုက်တာ၊ မင်းသား၊ ထုတ်လုပ်သူ တစ်ဦးဖြစ်ပါ တယ်။ သူ့ဦးလေး အငယ်ဆုံး တွာရီခ် ဟာ Yaadoon Ki Baaraat ရဲ့ သရုပ်ဆောင် မင်းသားဖြစ်ပါတယ်။ ဂန္ဒီ၊နေရူး နဲ့ အတူ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ ထင်ရှားသော ခေါင်းဆောင်တစ်ဦးဟာ အတွေးအခေါ် ပညာရှင် အဗူလ် ကလာမ် အာဇားဒ် ဖြစ်ပါတယ်။ အဲ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီး အဗ္ဗဒွလ် ကလာမ်အာဇားဒ် ဟာ အမိရ်ခါးန်ရဲ့ ဦးလေးတော်ပါတယ်။ အမိရ် ဖခင်ရဲ့ အကိုတ၀မ်းကွဲပါ။ ဒါကြောင့် သူ့ ရဲ့ နောက်ဆုံးသား အမည်ကို အဖိုးနဲ့ အမည်တူ အဇာဒ်ခါးန်လို့  မှည့်ခေါ် ထားပါတယ်။
အာမီရ်ပေါက်စလေး
အိန္ဒိယ အမျိုးသားခေါင်းဆောင် ဂန္ဒီ၊နေရူးနဲ့ အာဇားဒ် [ဦးထုပ်နဲ့ မျက်မှန်နဲ့  ပုဂ္ဂိုလ်ဟာ 
အမိရ်ခါးန်ရဲ့ ဦးလေး မောင်လာနာ အဗူလ် ကလာမ်အာဇားဒ် ဖြစ်ပါတယ်။]
ညီကိုမောင်နှမတွေကတော့-
၁) အာမီရ်ခါန်း
၂) ဖိုက်ဆဲလ်ခါန်း
၃) မ- ဖာရ်ဟာတ်ခါန်း
၎) နီခါတ်ခါန်း တွေဖြစ်ကြပါတယ်။ 

* ပညာရေးနဲ့ အနုပညာခရီးအစ *

မွမ်ဘိုင်းမှာ ဂျေဘီ၊ ပတိတ် ကျောင်း၌ အခြေခံပညာသင်ယူနေရင်း အသက် (၈) နှစ်အရွယ်တွင် ဦးလေးရဲ့ ရုပ်ရှင်ကား Yaadon Ki Baaraat (၁၉၇၃)၌ စတင်သရုပ်ဆောင်ခဲ့တယ်။ နောက်နှစ်တွင် သူ့အဖေ ထုတ်လုပ်ခဲ့တဲ့ Madhosh ရုပ်ရှင်ဇာတ်၌လဲ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တယ်။ စိန့် အေနီ အထက်တန်းကျောင်း၌ ရှစ်တန်းထိ တက်ခဲ့တယ်။ ကိုးတန်းနဲ့ ဆယ်တန်းကို  ဘုံဘေ စကော့တစ်ကျောင်း၊ မာဟီးမ်၌ သင်ယူပြီး ၁၁ တန်း နှင့် ၁၂ တန်းကိုမူ နာရဆီ မုန်ဂျီ ကော်လိပ်၊ မွမ်ဘိုင်မှ အောင်ခဲ့တယ်။ အမိရ် အထက်တန်းအထိ ပညာသင်ပြီး ကျောင်းထွက်ကာ အနုပညာလောကမှာ လက်ထောက်ဒါရိုက်တာအဖြစ် Manzil Manzil (1984) အလုပ်လုပ်ခဲ့ပါတယ်။ အဲ့နောက် ရုပ်ရှင်ကားတချို့ မှာ အရံအဖြစ်လည်း သရုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ အမိရ်ခါးန်ရယ်လို့ မှတ်ကျောက်တင်ဖို့  ဖြစ်လာခဲ့ပါတယ်။ အမိရ်ခါးန်ရဲ့ ပထမဆုံး ဦးဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့တဲ့ Qyamat se Qyamat Tak ရုပ်ရှင်ဟာ အိန္ဒိယတခွင် အကြီးအကျယ် အောင်မြင်ခဲ့ပြီး ဘောလီးဝုဒ်မင်းသားဖြစ်ခဲ့ပါတယ်။


* အားကစား *


အမီရ်ဟာ တဲနစ်ကစားနည်း၌ ဝါသနာပါပြီး ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ ၁၉၈၀ ခန့်တွင် ပြည်နယ် ချန်ပီယံ အဆင့်အထိ ရရှိခဲ့ဖူးသည်။ ၂၀၁၄ ခု၌ International Premier Tannis League ပြပွဲ၌ ပါဝင်ကာ ကမ္ဘာကျော် တဲနစ်ချန်ပီယံတွေ ဖြစ်တဲ့ Roger Federer,  Novak Djokovic. နှင့် Sania mirza တို့နှင့်အတူ နှစ်ယောက် တစ်တွဲ ကစားခဲ့ဖူးတယ်။  ၂၀၁၄ ခု ဖောဖော်ဝါရီလ တရုတ်ခရီးစဉ်၌ Ping Pong စားပွဲတဲနစ်ပြိုင်ပွဲကို အိုလံပစ် ချန်ပီယံဟောင်း Liu Guoliang နှင့် ယှဉ်ပြိုင်ကစားခဲ့တယ်။ 


* အိမ်ထောင်ရေး *

အမိရ် နဲ့ ရီနားတို့ အိမ်ထောင်ရေးမပြိုကွဲခင် Laggan ရုပ်ရှင် ဒါရိုက်တာ 
ဇနီးမောင်နှံနဲ့ အမိရ်တို့  ဇနီးမောင်နှံ

အမိရ်ခါးန် အဲ့ကား မတိုင်ခင်ကတည်းက Rena Dutta နဲ့ ၁၉၈၆ ခု ဧပြီလ ၁၈ ရက်တွင် လက်ထပ်ခဲ့ပါ တယ်။ အမိရ် က မွတ်စလင်မ်ဖြစ်ပြီး Rena က ဟိန္ဒူဖြစ်တာမို့ Rena မိဘတွေ သဘောမတူပါဘူး။ ဒါကြောင့် သူတို့ ၂ ဦး လက်ထပ်ထားတာကို လူသိမခံခဲ့ပါဘူး။ Qyamat se Qyamat Tak ရုပ်ရှင်ထဲက သီချင်းတစ်ပုဒ်မှာ Rena ပါဝင်သရုပ်ဆောင် ထားပါတယ်။ ရုပ်ရှင်ထွက်ပြီး ၂ လအကြာမှာတော့ အမိရ်က သူလက်ထပ်ထားကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ သူမှ သားသမီး နှစ်ဦး ထွန်းကားခဲ့တယ်။ သူ့ကို ၂၀၀၂ ခုတွင် ကွာရှင်းပြီး ၂၀၀၅ ခုနှစ်တွင် Lagaan ရုပ်ရှင် လက်ထောက် ဇာတ်ညွှန်း ကီရန် ရာဝ် နဲ့ လက်ထပ်ခဲ့ပြန်တယ်။ သူ့မှ သားတစ်ဦး ထွန်းကားခဲ့တယ်။ 
ဒုတိယ အိမ်ထောင် ကီရန်နဲ့  သားငယ် အဇားဒ်။

သားသမီးများမှာ-
၁) သား… ဂျုနှိုက်တ် (မိ- ရီနာဟ်)
၂) သမီး… အိရာ      (မိ- ရီနာဟ်)
၃) သား… အာဇာဒ် ခါန် ( မိ- ကီရန်)
ပထမဇနီးနဲ့ ရတဲ့ သား ဂျုနှိုက်တ်နဲ့ သမီး အိရာကို ရုပ်ရှင်လာပြတဲ့ အမိရ် (၂၀၀၄)


* ရုပ်ရှင်ဆုနဲ့ ဂုဏ်ထူးဆောင်ဆု *


အသက် ၈ နှစ် အရွယ်ကတည်းက ရုပ်ရှင်ထူးချွန်ဆုနဲ့အတူ အမီရ်ပေါက်စ

အမိရ်ခါးန် Awards ပွဲတွေမတက်တာ အစောပိုင်းကတည်းက မဟုတ်ပါဘူး။ Qayamat se Qayamat Tak ရုပ်ရှင်မှာကတည်းက အမိရ်က Film Fare Awards ရရှိခဲ့ပါတယ်။ အဲ့နောက် ၉၆ မှာ အမိရ်ခါးန် Awards ရဖို့ တစ်ပြေးခဲ့ပေမဲ့ ရှာရွခ် ရသွားပါတယ်။ အဲ့ကတည်းက အမိရ်က Awards ရှိုးတွေကို အယုံအကြည် မရှိကြောင်း ကြေညာခဲ့ပြီး ဘယ်ပွဲမှ မတက်တော့ပါဘူး။

သူရရှိခဲ့တဲ့ ဆုတံဆိပ်တွေကတော့-
၁) Film Fare Awards…… (၉) ဆု 
၂) National Film Awards (၄) ဆု 
၃) AACTA Award (ဩစေၾတးလ်) 
၎) Douban Film Award (တရုတ်) 
၅) National Treasure of India (Government of China) 
၆) Academy Award (၂၀၁၂)

ဂုဏ်ထူးဆောင်
၁) Padma Shri (Government of India 2003)
၂) Padma Bhushan (GoI 2010)
၃) Honorary Doctorate (Moulana Azad National Urdu University) 
၎) Berlin Film Festival Jury Member (2011)
၅) Time, 100 list of most influence people in the world (2012, 2017)
၆) Member of Academy of Motion picture art and science  (2017)
၇) Master Dinanath Mangeshker Award (၂၀၁၆)
၈) Veshesh Puraskar (၂၀၁၆)
အာမီရ်  Padma Shri ဆုကို လက်ခံယူနေစဉ်


၇၅ ကြိမ်မြောက် Dinanath Mangeshkar Award ကို RSS အကြီးအကဲ Ram Bagwat ထံမှ
လက်ခံနေစဉ်။ Shanmukhanand Hall, King Circle,   မွမ်ဘိုင်မြို့ (Paramod Thakur/ HT ဓာတ်ပုံ)

အမိရ်ဘ၀ရဲ့ မုန်တိုင်းထန်ချိန်
******************
အမိရ်ခါးန် ရဲ့ လက်ရှိဇနီး ကီရန်နဲ့ Lagaan ရူတင်မှာတွေ့ ပြီး ချစ်ကြိုက်ခဲ့ပါတယ်။ အိမ်ထောင်ရေး ပြသနာတွေလည်းတက်ပြီး အမိရ်နဲ့ Rena တို့ ကွာရှင်းခဲ့ပါတယ်။ Dil Chahta Hai ရိုက်ပြီး
နောက်ပိုင်း ၄ နှစ်လောက် အမိရ် ရုပ်ရှင်မရိုက်တော့ပါဘူး။ပြသနာတွေအေးသွားချိန် ၂၀၀၅ မှာ ကီရန်နဲ့ လက်ထပ်ပြီး ရုပ်ရှင်ပြန်ရိုက်ခဲ့ပါတယ်။

ထိပ်တန်းမင်းသား
************
အမိရ်ဟာ လက်ရှိ အိန္ဒိယ အနုပညာလောကရဲ့ အအောင်မြင်ဆုံး မင်းသားအဖြစ် ရပ်တည်နေပါတယ်။ပြည်တွင်း၊ပြည်ပ ၀င်ငွေ အကောင်းဆုံး နဲ့ ကြေးအကြီးဆုံး မင်းသားဖြစ်ပါတယ်။ အမိရ်ရဲ့ ရိုက်ပြီးသား ရုပ်ရှင်ရဲ့ ၀င်ငွေကိုကျော်ဖို့ အမိရ်ခါးန်ရဲ့ နောက်ထပ် ရိုက်မဲ့ ရုပ်ရှင်ကိုသာစောင့်ရပါမယ်လို့ ဆိုရိုးရှိပါတယ်။

ဘယ်သူနဲ့ မှမတူ
***********
အမိရ်ဟာ မင်းသားတွေအနက် ထူးခြားသူပါ။ အိန္ဒိယလို ဘာသာရေးအကဲဆတ်တဲ့ တိုင်းပြည်မှာ အမိရ်က ဟဂ်ျလို့  ခေါ်တဲ့ ဆော်ဒီအရေဗျကို ဘာသာရေးခရီးသွားခဲ့ပါတယ်။ အိန္ဒိယ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ ဟဂ်ျဖတ်ဖူးတဲ့ ဘောလီးဝုဒ် မွတ်စလင်မ်သရုပ်ဆောင် တစ်ဦးမှမရှိပါ။ Dilip Kumar ကစလို့ A R Rahman အဆုံး ဘောလီးဝုဒ် နံမည်ကြီးအကုန် ဆော်ဒီကို အွမ္မရာလို့ ခေါ်တဲ့ ဘုရားဖူး အသေးစားမှာပဲ ပါဝင်ခဲ့ဖူးပြီး လနဲ့ ချီ ကြာတဲ့ ဟဂ်ျဘုရားဖူးကိုတော့ အမိရ်ခါးန် တစ်ဦးပဲ ပြုလုပ်ခဲ့တာပါ။

ထူးခြားဖြစ်စဉ်အချို့ 
***************
အမိရ်ဟာ ဘယ်သွားသွား သူ့ ကိုယ်ပိုင် ခေါင်းအုံးသယ်သွားလေ့ရှိပြီး ရေချိုးပျင်းသူ ဖြစ်ပါတယ်။ ဒါ့အပြင် အမိရ်ဟာ အိန္ဒိယ နံမည်ကျော်တွေအနက် အရပ်အပုဆုံး မင်းသားဖြစ်ပါတယ်။ အမိရ်ခါန်းဟာ ဘောလီးဝုဒ်ရဲ့ Criminal Record ကင်းရှင်းတဲ့ မင်းသားတွေအနက် တစ်ဦးအပါအ၀င်ဖြစ်ပြီး သူ့ ဘ၀မှာ လက်ပါပြီး ရန်ဖြစ်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။ ရုပ်ရှင်လောကမှာ မီဒီယာတွေမှာ လှူပ်ခတ်တဲ့အထိ သူနဲ့ ပြသနာဖြစ်ဖူးသူတွေကတော့ Juhi Chawla နဲ့ ရှာရွခ်တို့ ဖြစ်ပါတယ်။ Juhi နဲ့ ရူတင်တစ်ခုမှာ ငြှိတာဖြစ်ပြီး ဆယ်စုနှစ်နဲ့ ချီသူတို့ ၂ ယောက် စကားမပြောခဲ့ပါဘူး။ ရှာရွခ်နဲ့ ကတော့ ရှာရွခ်ရဲ့ စကားပြောမဆင်ခြင်မှုတချို့ ကြောင့် အမိရ်က မီဒီယာတွေမှာ တန်ပြန်ပြီး စစ်မျက်နှာဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ ခုတော့ ရှာရွခ်နဲ့ လည်း ပြန်ပြေလည်သွားပြီ ဖြစ်ပါတယ်။



* စလ်မားန် နဲ့ ဆက်ဆံရေး *

ဘောလီဝုဒ်ရဲ့ ခါန်း ကြယ်ပွင့် (၃)ပွင့်


စလ်မားန်ခါန်းကို အမိရ် စိတ်ဆိုးခဲ့ဖူးတာရှိပါတယ်။ သူတို့ ၂ ယောက် ရုပ်ရှင် အတူတူရိုက်တဲ့ Andaz Apna Apna ရုပ်ရှင်ကားမှာ စလ်မားန်က ရူတင်ပျက်တာ၊ အချိန်နောက်ကျတာတွေ ရှိလို့  နောက်နောင် စလ်မားန်နဲ့ တွဲပြီး ဘယ်ကားမှ တွဲမရိုက်တော့ဘူးလို့ အမိရ်က ကြေညာခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့ ၂ ယောက် အပြင် ဘ၀မှာတော့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တယ်လို့ ပြောပါတယ်။ အမိရ်ရဲ့ အမေနဲ့  သမီးကြီးက စလ်မားန်ခါးန်ဖန်ပါ။စလ်မားန်ရဲ့ ရုပ်ရှင်တွေကိုသာ အမိရ်တို့ မိသားစုလိုက် ရုံမှာ ရုပ်ရှင် သွားကြည့်ကြပါတယ်။ (အထူးသဖြင့် အီးဒ်ပိတ်ရက်တွေမှာ ရုံတင်လေ့ရှိတဲ့ စလ်မားန်ခါးန် ကားသစ်တွေကို အမိရ်တို့ မိသားစုဆွေမျိုးတွေ အယောက် ၅၀ ကျော် ရုံတစ်ရုံလုံး ပွဲချိန်တစ်ခု ပုဒ်ဖြတ်ဌားပြီး
သွားကြည့်လေ့ရှိပါတယ်။


* အပေါ်ယံ ပရဟိတသမားမဟုတ် *


အမိရ်ဟာ တချို့ သော အနုပညာရှင်တွေလို ပေါ်ပင် ပရဟိတ လုပ်ရတာ ၀ါသနာမပါတာမို့ အတွင်းကျကျ စိတ်ရောကိုယ်ပါနှစ်ပြီး ပရဟိတ လုပ်သူဖြစ်ပါတယ်။ တကယ်ကို အိန္ဒိယမှာ ဖိနှိပ်ခံ၊ အနိုင်ကျင့်ခံ၊အခက်အခဲဖြစ်နေသူတွေ သိန်းချီထံ ဆာဗေးဆင်းပြီး Satyamev Jayate ဆိုတဲ့ ပရိုဂရမ်ကို
စတင်လှူပ်ရှားခဲ့တဲ့အတွက် ဗြိတိန် ၀န်ကြီးချုပ်ကစပြီး ကမ္ဘာခေါင်းဆောင်တွေ ကိုယ်တိုင် အမိရ်ရဲ့ ပရဟိတ
လုပ်ငန်းစဉ်တွေကို သီးသန့် လာရောက် အချိန်ပေး လေ့လာခံခဲ့ရသလို တဖက်မှာလည်း အဲ့သလို တကယ်
အားနည်းသူတွေ၊ လိုအပ်နေသူတွေကို ရုပ်ပိုင်း၊ နာမ်ပိုင်း အစစအရာရာ ထောက်ပံ့ပေးခဲ့လို့ အသက်အန္တာရာယ် ခြိမ်းခြောက်ခံရဆုံး အိန္ဒိယမင်းသားဖြစ်ခဲ့ဖူးပါတယ်။ 
အင်အားကြီး တူရကီ နိုင်ငံတော်အစီအစဉ်နဲ့ ဖိတ်ခေါ်ပြီး သမ္မတအိမ်တော်မှာ 
သမ္မတနဲ့ တွေ့ ခွင့်ရခဲ့တဲ့ အိန္ဒိယရဲ့ ပထမဆုံး မင်းသား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့အတူ အာမီရ် (၂၀၀၉)

ဗြိတိန် ၀န်ကြီးချုပ် အာဏာရစဉ်က သီးသန့် တစ်ရက်အချိန်ပေးပြီး အမိရ်ရဲ့ ပရဟိတ
အလုပ်တွေမှာ ၀င်ရောက်လေ့လာပါဝင်ပေးခဲ့
အာမီရ် ဟာ ပါကစ္စတန် PTI ခေါင်းဆောင်များနဲ့ တွေ့ဆုံစဉ်။ (၂၀၀၄-ပါကစ္စတန်)

*ကောလဟာလ*


လက်ရှိမှာတော့ အမိရ်ခါးန်နဲ့ ပတ်သတ်ပြီး Dangal မင်းသမီး Fatama Sana Sheikh နဲ့  ဇာတ်လမ်းဖြစ်ပေါ်နေတယ် ဆိုပြီး ကောလဟာလတချို့  ထွက်ပေါ်နေပါတယ်။ Fatama က ခုနှစ်ထဲ
ထွက်မဲ့ Thugs Of Hindustan ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးပါ။ Katrina က အရံမင်းသမီးပါ။ (သီချင်း ၂ပုဒ်မှာ အဓိက ပါဝင်တာကလွဲရင် Katrina နေရာက အရံနေရာဖြစ်ပါတယ်။)
Thugs Of Hindustan ရူတင်က ဆဲလ်ဖီ


* ဘာသာရေးဆိုင်ရာ ထူးခြားချက် *


အမိရ်ခါးန်ရဲ့ ထူးခြားချက်တွေ အများကြီးရှိတဲ့အနက် နောက်ဆုံး ထူးခြားမှုတစ်ခုကို တင်ပြရင်းပို့ စ်ကို နိဂုံးချုပ်ပါမယ်။ အမိရ်ဟာ ကမ္ဘာတလွှားက ဘာသာတရားတိုင်းရဲ့ ကျော်ကြားတဲ့ ဘာသာရေး
အဆောက်အဦး(ဘုရားကျောင်း)တွေကို တိတ်တိတ်လေး သွားပြီး လည်ပတ်လေ့ရှိပါတယ်။ သူ မရောက်ဖူးတဲ့ ဘာသာတရားတစ်ခုခုရဲ့ ဘာသာရေး အထင်ကရ နေရာမရှိဘူးလို့ အမိရ်ကဆိုပါတယ်။
သူ့ အနေနဲ့ ဘာသာတရားတိုင်းကို လေးစားတန်ဖိုးထားတဲ့အတွက် သူ အဲ့သလို သွားရောက် လည်ပတ်ရတာကို နှစ်သက်ပြီး ဘုရားကျောင်းတွေရောက်တိုင်း သူအလှူဒါနပြုလုပ်တယ်လို့ ဆိုပါတယ်။
ဘုရားကျောင်းတွေ သွားတဲ့အခါ သူ့ ရဲ့ ကျော်ကြားမှုကြောင့် လူတွေအုံလာပြီး ဘုရားကျောင်းလာသူတွေ အနှောက်အယှက်ြဖစ်မှာ မလိုလားလို့ သူတိတ်တိတ်လေးပဲ သွားလေ့ရှိတယ်လို့ ဆိုပါတယ်။
အမိရ်ခါးန်ဟာ မွတ်စလင်မ်တွေရဲ့ အထင်ကရ မက္ကာကျောင်းတော်၊ ဆိခ်တွေရဲ့ အထင်ကရကျောင်းတော်Golden Temple, ဟိန္ဓူ၊ဂျူး၊ ခရစ်ယာန်ဘာသာဝင်တို့ ရဲ့ အထင်ကရ ဘုရားကျောင်းတွေအပါအ၀င် ဗုဒ္ဓဘာသာဝင်တို့ ရဲ့ အထင်ကရဖြစ်တဲ့ ဗုဒ္ဓဖွားမြင်ရာ နီပေါနိုင်ငံ
Lumbini ထိအောင် သွားရောက်ခဲ့ဖူးသူဖြစ်ပါတယ်။
ဟဂ်ျဘုရာဖူး မက္ကဟ်ရွှေမြို့တော်၌ အမီရ်

နီပေါနိုင်ငံ ဗုဒ္ဓဖွားမြင်ရာ လုမ္ဗနီ ဥယာဉ်တော်ကို ရောက်ရှိစဉ်


(ပုံတင်ပေးထားပါတယ်။)
Happy Birthday Aamir!!
#MTN

ကိုးကား
1. Aamir Khan Wiki
2. Bollywood Updated News Myanmar 
3. NDTV news / Aamir Khan 52th Birthday 
4. The Hindustan Times


Wednesday, March 7, 2018

အလင်းမဲ့ကမ္ဘာ





🌛 အလင်းမဲ့ကမ္ဘာ 🌜



အရာခပ်သိမ်း
ရွှင်လန်းစိမ်း
နင်ငါ့ကို ချစ်ခဲ့ချိန်။

အဖက်ဖက်ခင်
လှကြည်လင်
နင်ပြုံးတဲ့ ထိုအချိန်။

အရာရာဟာ
ချိုမြိန်းသာ
နင်ငါ့ကို နမ်းတဲ့ခါ။

အုံးမှိုင်းမည်းသွား
နတ်ဆိုးပမာ
နင်မရှိတဲ့ ဒီကမ္ဘာ…။
______________________

-ရိုသွေး ၂၃-၈-၂၀၁၁ (အင်္ဂါ)

Saturday, March 3, 2018

ပါလီမန်အမတ် မစ္စတာ အမ်အေ ဂဖားရ် (၁၉၁၀-၁၉၆၆)နှင့် သူ့မှတ်တမ်း


ပါလီမန်အမတ် မစ္စတာ အမ်အေ ဂဖားရ် (၁၉၁၀-၁၉၆၆)နှင့် သူ့မှတ်တမ်း

အာရ်ကာန်ပြည်၊ ဘူးသီးတောင်မြို့နယ် ရွက်ညိုတောင် ကျေးရွာ၌ ၁၉၁၀ ပြည့်နှစ်တွင် ဖခင် ဦးအူလာမျာမှ သားတော် တစ်ပါး ဖွားမြင်ခဲ့သည်။ သူက အခြားမဟုတ် နောင်တွင် မိမိလူမျိုးစုအခွင့်အရေးအတွက် ရှေ့ဆောင်ကြိုးပမ်းမည့် မစ္စတာ ဂဖားရ်ပင် ဖြစ်သည်။ 


အမည်ရင်းမှာ အဗ္ဗဒူ ဂေါဖ္ဖားရ် ဖြစ်သည်။ သူသည် အိစ္စလာမ် သာသနာ့ပညာဘွဲ့ကို ၁၉၂၄ ခုနှစ်တွင် စစ်တကောင်းမြို့ အဆင့်မြင့်ပညာ မဒ်ရဆာကျောင်းမှ ရယူခဲ့သည်။ B.A ဝိဇ္ဇာဘွဲ့ကို ၁၉၃၀ ပြည့်နှစ်တွင် ဒါက္ကာတက္ကသိုလ်မှ လည်းကောင်း၊ B.T(B.Ed) ဘွဲ့ကို ၁၉၃၃ ခုတွင် အာလီဂေါ့ရ် မုစ်လိမ် တက္ကသိုလ်၊ အိန္ဒိယမှ လည်းကောင်း အသီးသီး ရယူခဲ့သည်။ 

ပညာသင်ယူပြီးနောက် စစ်တွေခရိုင် ကျောင်းကြီးကြပ်ရေးမှူး (District Inspector of School - DIS) အဖြစ် ၁၉၃၁ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ဘူးသီးတောင် မြို့နယ်အုပ် ( Township Officer-T.O) အဖြစ် ၁၉၄၄ ခုမှ ၁၉၄၅ ခုအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ 

၁၉၄၇ ခုနှစ်တွင် ဘူးသီးတောင် မဲဆန္ဒနယ်မှ တိုင်းပြုပြည်ပြု လွတ်တော်အမတ်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည့်တိုင်အောင် ကိုယ်ကျိုးမဖက် တာဝန်ကျေပွန်ခဲ့သည်။ ၁၉၄၈ ခု၊ ဇန္နဝါရီလ ၄ ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် လွတ်တော်အမတ်အဖြစ် ကျိန်သစ္စာဆိုခဲ့သည်။ အထက်လွတ်တော် အမျိုးသားရေးရေးရာ ဆုံလည်အမတ် အဖြစ်လည်း ၁၉၅၂ ခု နှင့် ၁၉၅၆ ခု ရွေးကောက်ပွဲ နှစ်ခုစလုံးတွင် စစ်တွေခရိုင် မြောက်ဘက် မဲဆန္ဒနယ် (မောင်တော၊ ဘူးသီးတောင်)မှ ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ နု-တင် အစိုးရ လက်ထက်တွင် ကျန်းမာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ ခု ဇူလိုင်လ ၂၉ ရက်တွင် နိုင်ငံတော်သမ္မတက သူ့ကို ရခိုင် စုံစမ်းရေး ကော်မရှင် (၇) ဦးအနက် အဖွဲ့ဝင် တစ်ဦး အဖြစ် ခန့်အပ်ခဲ့သည်။ 




အမတ်ကြီးသည် ရိုဟင်ဂျာစာပေ ထွန်းကားရေး အတွက်လည်း အပတ်တကုတ် ကြိုးပမ်းခဲ့သည်။ စာဆိုကျော် အာလာအိုလ်(၁၆၀၇-၁၆၈၀) စသည့် ထင်ရှားသော အာရ်ကာန် နန်းတွင်းစာဆိုကျော်တို့ သုံးစွဲရေးသားခဲ့သည့် အာရဗီအခြေခံ အရေးအသားစနစ်ကို ပြန်လည်အသက်သွင်းရန် နေ့ညမနား ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ပညာတတ်လူငယ်အချို့ကို မိမိအိတ်မှ လစာပေးပြီး ရိုဟင်ဂျာစာပေ သင်ကြားပို့ချစေခဲ့သည်။ ဘူးသီးတောင်မြို့၏ မီးရှူးတန်ဆောင်ဖြစ်သော အထက်တန်းကျောင်းကြီးနှင့် ဝေဒနာရှင်တို့၏ ကိုးကွယ်ရာဖြစ်သော ဆေးရုံကြီးသည်လည်း အမတ်ကြီး၏ ကြိုးပမ်းမှုမှ ပေါ်ထွန်းလာခြင်းဖြစ်သည်။ 

၁၉၄၆ ခု ရခိုင်ခရီးစဉ်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အမတ်ကြီး အမ်၊အေ ဂဖား ကို တွေ့ရစဉ်။(ယာဘက်မှ ဒုတိယမြောက်)


၁၉၆၂ ခုနှစ် ဧပြီလ ၁၉ ရက် ရန်ကုန်မြို့တွင် ချစ်မြေ အာရ်ကာန်နှင့် ချစ်လူမျိုး ရိုဟင်ဂျာတွေအား ဂုတ်ဘိုင် နှုတ်ဆက်ပြီး အလ္လာဟ်အမိန်တော် ခံယူလေသည်။ အတွင်းဝန်ကြီး၏ ရုပ်ကလပ်ကို မင်္ဂလာတောင်ညွှန့်မြို့၊ ကန်တော်ကလေး မူဆလင်သုသာန် ၌ ဒဖနာမြှပ်နှံခဲ့သည်။ 



အမတ်ကြီးကို ဂုဏ်ပြုသည့်အနေဖြင့် ဘူးသီးတောင်မြို့၌ ရပ်ကွက် တစ်ခုကို  ‘ဂဖား ရှားပ် အော်ရ် စမော်နီ’ [အမတ်ကြီး ဂဖား ခွဆုံ] ဟု သူ့အမည်ကို စွဲ၍ ယနေ့တိုင် ခေါ်နေဆဲဖြစ်သည်။ 

-------------+++--------------+++--------------

         ၁၉၄၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေး ကော်မရှင် (Regional Autonomy Enquiry Commission) အား တင်ပြခဲ့သည်ကို သူ့၏ မှတ်တမ်းတွင် အတိအလင်း တွေ့ရပါသည်။ ယင်းမှာ-  

“ကျွန်ုပ်တို့  ရိုဟင်ဂျာသည် အာရကန်ပြည်၏ သီးခြား လူမျိုးတစ်မျိုးဖြစ်သည်။ ရခိုင်နှင့် ရိုဟင်ဂျာတို့မှာ အာရကန်ပြည်၏ အဓိက လူမျိုးနှစ်စု ဖြစ်ကြောင်းကို ယုံကြည်ထိန်းသိမ်းထားသည်။ ကျွန်တော်တို့သည် လူဦးရေ ၉ သိန်းခန့်ရှိသည့် လူမျိုးတစ်မျိုးဖြစ်သည်။ သီးခြား လူမျိုးတစ်မျိုးအဖြစ် သတ်မှတ်နိုင်ရန် လိုအပ်သည့် လူဦးရေ အရေအတွက်ထက်ပင် ကျော်လွှားနေပါသည်။ ထို့အပြင် လူမျိုးအဖြစ် ရပ်တည်နိုင်သည့်  မည်သည့် မည်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ မဆို မိမိတို့သည် ပြည့်စုံလျက်သာ ရှိနေသည်။  ကျွန်ုပ်တို့၏ မတူကွဲပြားသော ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ဗိသုကာ လက်ရာ၊ အမည်နာမ ပေးတွင်စနစ်၊ ဝတ်စားဆင်ယင်မှု၊ ကိုယ်ကျင့်တရား၊ အသိဉာဏ်ပညာ၊ တရားဝင် ဥပဒေ၊ အကောက်ခွန်များ၊  ပြက္ခဒိန်၊ ရိုးရာ၊ သမိုင်း စသည့် တို့ဖြင့် ပြီးပြည့်စုံနေပါသည်။ အချုပ် ပြောရလျှင်  ကျွန်တော်တို့သည် မိမိတို့၏ မတူကွဲပြားသော ဘဝ အနေအထိုင်နှင့် သီးခြား  ရှူမြင်သုံးသပ်နိုင်သည့်  လူမျိုးတစ်မျိုးအဖြစ် ရပ်တည်နေသည်။ အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းဥပဒေသ အားလုံးအရ  ရိုဟင်ဂျာသည်  အာရကန်ပြည်၏ သီးခြား လူမျိုး တစ်မျိုးဖြစ်ပါသည်။” 
ဟူ၍ ကော်မရှင်ထံ တင်ပြချက်ကို မှတ်တမ်းတင် ဖော်ပြထားပါသည်။  


📝 ပါလီမန်အမတ်လောင်းနှင့် အမတ်ဟောင်း မစ္စတာ အမ်၊ အေ၊ ဂဖားက မြန်မာနိုင်ငံတော်အစိုးရ အတွင်းဝန်ချုပ်ထံ ဆက်သခဲ့သော သဝဏ်လွှာ  📝


မှတ်တမ်းစာအုပ်မှ မူရင်းသဝဏ်လွှာကို ဒီနေရာကနေ ဒေါင်းယူပါ။ 

၁၉၄၂ ခုနှစ်တွင် တရားဝင်သော အစိုးရသည် ရခိုင်တိုင်းမှ ထွက်ခွာသွားသောအခါ  စစ်တွေခရိုင် အရေးပိုင်ဟောင်း သေသူ ဦးကျော်ခိုင်အား ရခိုင်တတိုင်းကို စောင့်ရှောက်ရန် တာဝန်ပေးထားခဲ့ပါသည်။ သူသည် ရခိုင်လူကြီးများကို လက်နက်များ ဝေငှာပေးသောကြောင့် လူမျိုးရေး အဓိကရုဏ်းဖြစ်ရာ၊ စစ်တွေ ခရိုင်ရှိ ကျောက်တော၊ မြို့ဟောင်း၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်နှင့် ကျောက်ဖြူခရိုင် မြေပုံမြို့နယ်များမှ မွတ်စလင် (ရိုဟင်ဂျာ လူမျိုး) များကို မောင်းထုတ်ခဲ့လေသည်။ ထိုအဓိကရုဏ်းတွင် မသေဘဲ ကျန်ရစ်ခဲ့သူများသည် ရိုဟင်ဂျာ အုပ်ကွက်ဖြစ်သော မောင်းတော၊ ဘူးသီးတောင်မြို့နယ်များ၌ ခိုလှုံနေကြ၍၊ အထက်ပါ မြို့နယ်များမှ မောင်းထုတ်သူများသည် ၎င်းမြို့နယ် ( မောင်းတော၊ ဘူးသီးတောင်) များ၌ အဓိကရုဏ်းကို လှုံဆော်ခဲ့ကြပါသည်။ ထို့ကြောင့် လူနည်းစုဖြစ်သော ရခိုင်လူမျိုးများသည် ၎င်းမြို့နယ် နှစ်နယ်မှ ကြောက်လန့်၍ ထွက်ပြေးခဲ့ကြပါသည်။ အချို့မှာ ကျောက်တောနှင့် မြို့ဟောင်းမြို့နယ်များသို့ လာရောက်၍၊ အချို့မှာ အထူးသဖြင့် မောင်းတောမြို့နယ်မှ ရခိုင်များကို အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့၍ ဒီနာဇ်ပုရ် ဒုက္ခသည်စခန်းတွင် ထားခဲ့ကြပါသည်။ ဗြိတိသျှအစိုးရသည် ၎င်းမြို့နယ်ကို ပြန်လည် သိမ်းပိုက်သောအခါ၊ အထက်ပါ မြို့နယ်များမှ မောင်းထုတ်ခဲ့သော ရိုဟင်ဂျာအချို့သည် မောင်းတော၊ ဘူးသီးတောင်မြို့နယ်များတွင် ခိုလှုံကြ၍ အချို့မှာ အိန္ဒိယသို့ ထွက်သွားခဲ့ကြပါသည်။ အိန္ဒိယသို့ ထွက်သွား ခဲ့သူများအနက် နှစ်သောင်းလေးထောင် (၂၄ ၀၀၀) (ဝါ) နှစ်သောင်းခြောက်ထောင် (၂၆ ၀၀၀) လောက်ကို ဒုက္ခသည်စခန်းများ၌ ထား၍ ကျန်အချို့မှာ စစ်တကောင်းနယ်တွင် ကွဲပြားဖြန့်ကြဲ နေထိုင်ကြပါသည်။ ဗြိတိသျှအစိုးရသည် ရခိုင်တိုင်းကို ပြန်လည် သိမ်းပိုက်လိုက်သောအခါ စစ်တကောင်းနယ်တွင် ကွဲပြားနေထိုင်ခဲ့သော ရိုဟင်ဂျာတို့သည် မောင်းတော၊ ဘူးသီးတောင်မြို့နယ်များသို့ ပြန်လာ၍၊ ခေတ္တ နေထိုင်သူများကို  အိန္ဒိယနှင့် ပါကစ္စတန်ပြည်များမှ အသစ်ဝင်ရောက်လာကြသည်ဟု ပြောဆိုကြသော် လည်း၊ အမှန်မှာ ထိုသူများသည် ရခိုင်ပြည်တောင်ပိုင်းမှ မောင်းထုတ်ခြင်းခံရသူများသာ ဖြစ်ကြပါသည်။ ဒုက္ခသည်စခန်းမှ များစွာသော ရိုဟင်ဂျာ ဒုက္ခသည်များကို စစ်တွေမြို့သို့ ယူဆောင်လာသော်လည်း၊ ယခုထက်တိုင် သူတို့၏ မူလနေရာဟောင်းများတွင် ပြန်လည်နေရာချထားခြင်း မရှိခဲ့ပေ။ သို့ရာတွင် ဒုက္ခသည် ၆၀၀၀ တို့ကို  ဒုက္ခသည်စခန်းတစ်ခု၌ ပစ်ထားခဲ့ပါသည်။  ထိုဒုက္ခသည်များနှင့် ပတ်သက်၍ အိန္ဒိယအစိုးရ စေလွှတ်ခဲ့သော မစ္စတာ ဂန်ဒီဝီယာ (Gundevia) သည် ရခိုင်တိုင်းမင်းကြီး ဦးကျော်နှင့် တွေ့ဆုံ၍ အိန္ဒိယအစိုးရသည် ဒုက္ခသည်စခန်းများကို ပိတ်ရန်  ဆုံးဖြတ်ခဲ့ကြောင်းနှင့် ထိုဒုက္ခသည် ၆၀၀၀ ကို စစ်တွေမြို့သို့ ပြန်ပို့ဆောင်လိုကြောင်း ပြောပြရာ၊ တိုင်းမင်းကြီး ဦးကျော်သည် ရခိုင်လူမျိုးဖြစ်သောကြောင့် ထိုရိုဟင်ဂျာ ဒုက္ခသည်များကို ပြန်မယူ၊ လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ခြင်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ၁၉၄၂- ခုနှစ်တွင် မောင်တော၊ ဘူးသီးတောင်မြို့နယ်များ၌ ခိုလှုံခဲ့ကြသော ဒုက္ခသည်များကိုလည်း သူတို့၏ မူလနေရာများတွင် ပြန်လည်နေရာ ချထားခြင်းမရှိပေ။ 

မြန်မာအစိုးရသည် စင်မ်လာ (Simla) မှ ပြန်လာသောအခါ၊ CASB ခေတ်မှာ အမှူးထမ်းခဲ့သော မွတ်စလင်မ် အထူးသဖြင့် ရိုဟင်ဂျာ အရာရှိများကို ပြောင်းရွှေ့ခဲ့၍ ၎င်းတို့၏ နေရာတွင် ရခိုင်အရာရှိများကို ပြောင်းရွေ့ခန့်ထားခဲ့ကြပါသည်။ ဤကဲ့သို့ မပြောင်းရွှေ့မီ V Force များနှင့် ပုလိပ်အမှူးထမ်းများ အချို့ကိုလည်း အလုပ်မှ ထုတ်ပစ်ခဲ့ကြပါသည်။ ရခိုင်တိုင်းကို ပြန်လည် သိမ်းပိုက်သည့် အခါမှ စ၍ ရခိုင်တိုင်းတောင်ပိုင်းတွင် အခွန်တော် ကောက်ခံခြင်း မရှိခဲ့ပါ။ ဘူးသီးတောင်မြို့နယ်မှ ဇဖားရ် ဆိုသူသည် ရခိုင်ပြောက်ကျားများနှင့် အဆက်အသွယ် ပြုလုပ်၍ အလုပ်မှ ထုတ်ပစ်ခဲ့သော အချို့ V Force များနှင့် ပုလိပ်အမှူးထမ်းများတို့သည်လည်း ထို ရခိုင်ပြောက်ကျားများနှင့် ပူးပေါင်းခဲ့သည်ဟု ပြောဆိုကြပါသည်။ ရခိုင်တိုင်း တောင်ပိုင်းတွင် ရခိုင်လူမျိုးများသည် အခွန်တော်များ မပေးခဲ့သော်လည်း မောင်းတော၊ ဘူးသီးတောင်မြို့နယ်များမှ ရိုဟင်ဂျာများသည် အခွန်တော်များကို အစဉ်အမြဲ ပေးကြပါသည်။ ထို မကျေမနပ်ဖြစ်သော လူများသည် ရခိုင်ပြောက်ကျားများနှင့် ပူးပေါင်းသောအခါ  ပထမဆုံး ဒါးပြတိုက် လုယူပွဲ စတင်ခဲ့ကြပါသည်။ ထို့နောက် ရခိုင်လူမျိုး ပုလိပ်အရာရှိများက  မောင်းတော၊ ဘူးသီးတောင်မြို့နယ်များရှိ ရိုဟင်ဂျာများထံမှ ပိုက်ဆံကြေးငွေ ကောက်ကြသည့်အပြင်၊ ဆန်စပါး ခိုးထုတ်မှုနှင့် ပတ်သက်၍ ပုဒ်မ (၅) နှင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကြပါသည်။ ပြောက်ကျားများနှင့် ပူးပေါင်းခဲ့သူ အချို့သည် လူထု အကူအညီရရန် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်လာခဲ့ကြပါသည်။ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ထိုလှုပ်ရှားမှုသည် မောင်းတော ဘူးသီးတောင်မြို့နယ်များမှာ အခြေစိုက်လာရာ ယခုအခါ ပိုမိုပြင်းထန်မြဲမြံ ဖြစ်လာပါသည်။ ရခိုင်အမျိုးသား ထွန်အောင်ဖြူသည် ထိုမွတ်စလင် ပြောက်ကျားတို့ ခေါင်းဆောင်ဖြစ်ခဲ့ ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက်  နတ်မြစ်အရှေ့ဘက် ကမ်းခြေမှ ကုလားတန်မြစ် အနောက်ဘက် ကမ်းခြေအတွင်း အရပ်ဒေသများကို ပြည်နယ်တစ်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသော ထိုပြောက်ကျားအဖွဲ့မှ တောင်းဆိုချက် အချို့ကို အစိုးရအရာရှိများက လက်ခံခဲ့ပါသည်။ ပြောက်ကျားတို့သည် ပထမတောင်းဆိုချက်ကို ရုပ်သိမ်းလျှင် အစိုးရသည် အခြားတောင်းဆိုချက်များကို စိတ်ပါလက်ပါ ပေးလိမ့်မည်ဟု မောင်းတောမြို့နယ်- နယ်ပိုင် နှင့် ဘူးသီးတောင်မြို့နယ်- မြို့ပိုင်တို့က စစ်တွေခရိုင် အရေးပိုင်၏ ညွှန်ကြားချက်အရ မစ္စတာ ဗရှား၊ မစ္စတာ ဟဘီဘုလ္လာ၊ မစ္စတာ ဖရုက်အဟ်မဒ်၊ မစ္စတာ နိုရ်အဟ်မဒ် နှင့် ကျွန်တော် (အေ၊ ဂဖားရ်) တို့အား ပြောက်ကျား ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် တောင်းပန် ပြောဆို မေးမြန်းသည့်အတိုင်း၊ ကျွန်တော်တို့သည်လည်း ၎င်း၌ ဇွန်လလောက်တွင် ဘူးသီးတောင်မြို့အပိုင် ကျောင်းတောင်ရွာ၌ ဇဖားရ်နှင့် ထွန်းအောင်ဖြူတို့နှင့် တွေ့ဆုံဆွေးနွေးရာ  ဇဖားရ်က သူတို့သည် ရခိုင်ကွန်မြူနစ်များနှင့် သဘောတူ စာချုပ်ချုပ်၍ ဖဆပလ အစိုးရ ဖြုတ်ချလျှင် ကုလားတန်မြစ်အနောက်ပိုင်း အရပ်ဒေသများကို သူတို့က အုပ်ချုပ်၍  ကျန်ရခိုင်ပြည်ကို ရခိုင်ပြောက်ကျား များက အုပ်ချုပ်လိမ်မည်ဟု ပြောပြခဲ့ပါသည်။ သို့သော် ကျွန်တော်တို့သည် သူတို့၏ ရည်ရွယ်ချက်ကား ရယ်ဖွယ်ဖြစ်၍ အဓိပ္ပာယ်မရှိကြောင်း သူ့ကို ညွှန်ကြားတိုက်တွန်း ပြန်ပြောရာ ဇဖားရ်သည် အခြား တောင်းဆိုချက်များဖြစ်သော တိုင်းရင်းသား၊ သူတို့၏ လွတ်ငြိမ်းချမ်းသာခွင့်၊ သူတို့၏ အဖွဲ့သည် တရားဝင်သော အဖွဲ့ဖြစ်ခြင်းနှင့် အူရ်ဒူစာကို ပဏာမအဖြစ် ကျောင်းများတွင် ပြခြင်းများကို အစိုးရက စိတ်ပါလက်ပါ အပြည့်အစုံ အခွင့်အရေး အသိအမှတ်ပြုပေလျှင်၊ ပထမ တောင်းဆိုချက်ကို ရုပ်သိမ်း၍ သူတို့သည်လည်း အဝင်ခံကြမည်ဟု ပြောဆိုခဲ့လေသည်။ သို့ရာတွင် သူတို့၏ ပါတီတစ်ခုက ဤကဲ့သို့ သဘောတူ တွေ့ဆုံဆွေးနွေးနေခဲ့ကြောင်းကို မသိဘဲ ဒါးပြတိုက်သဖြင့် နှစ်ဘက်စလုံးမှ သဘောတူချက်များ ဖျက်ဆီးခဲ့လေသည်။ ထို့နောက် ကျွန်တော်တို့သည် ဆွေးနွေးချက် အကြောင်းမျိုးစုံကို မောင်းတောမြို့နယ် နယ်ပိုင်ထံ အကြောင်းကြား အစီရင်ခံခဲ့ပါသည်။ 

ယခုအခါ သီးခြားခရိုင်တစ်ခု တောင်းဆိုသည်မှာ ရိုဟင်ဂျာတို့သည် သူတို့၏ ညီရင်းအစ်ကိုသဖွယ်ဖြစ်သော ရခိုင်လူမျိုးတို့၏ လက်အောက်တွင် သင့်တော်လျောက်ပတ်သော ပြုစု သုံးသပ် ဝေဖန်မှုမရခြင်း၊ ၁၉၄၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းကို မနာလိုတွန့်တို မိစ္ဆာရစိတ်ရှိသော အချို့ရခိုင်အရာရှိများကို မောင်းတော၊ ဘူးသီးတောင်မြို့နယ်များ၌ ခန့်ထားခြင်းနှင့် ၎င်းတို့၏ မတရား နှိပ်စက် ကလူပြုမူခြင်း တို့ကြောင့် ရိုဟင်ဂျာတို့သည် ရခိုင်လူမျိုး၏ တရားမျှမှုအပေါ် ယုံကြည်မှု ကင်းလွတ်သောကြောင့် ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ်တွင် မစ္စတာ ဆုလတန်အဟ်မဒ်နှင့် ကျွန်တော်သည် ပြည်သူ့လွှတ်တော် အမတ်များဖြစ်သော အခါ ပြည်ထောင်စု မြန်မာနိုင်ငံတော် လက်အောက်တွင် သီးခြားပြည်နယ် တောင်းဆိုရန် မဲဆန္ဒရှင် အပေါင်းတို့က ညွှန်ကြားခဲ့သော်လည်း ကံမကောင်း အကြောင်းမလှ၍ မသမာသော လူတစ်စု၏ လုပ်ကြံမှုကြောင့် ဗိုလ်ချူပ်အောင်ဆန်းနှင်တကွ အပေါင်းအပါတို့သည် ကျဆုံးခဲ့သဖြင့်၊ ကျွန်တော်တို့သည် ပြည်ထောင်စု အင်အားယုတ်လျော့မည် စိုးရိမ်ကြောင့်ကြသောကြောင့် ၊ သီးခြားပြည်နယ် မတောင်းခဲ့ပါ။ သို့ရာတွင် ယခုအခါ ရခိုင်လူမျိုးတို့ကို ပြည်ထောင်စုမြန်မာနိုင်ငံတော် လက်အောက်တွင် ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေး (ဝါ) သီးခြားပြည်နယ်ပေးလျှင် ကျွန်တော်တို့သည် နောင်အခါတွင် ရခိုင်တို့၏ အနှောင့် အယှက် ဒုက္ခပေးမှုများမှ လွတ်မြောက်ချမ်းသာခွင့် ရနိုင်အောင် ကျွန်တော်တို့အားလည်း သီးခြား  ပြည်နယ် (ဝါ) သီးခြား ခရိုင်တစ်ခု သတ်မှတ်ပေးရန် မတောင်းဘဲ မနေနိုင်တော့ပါ။ အကယ်၍ သီးခြားပြည်နယ်တစ်ခု မသတ်မမှတ်ပေးလျှင်၊ ရခိုင်လူမျိုးများ၏ လက်အောက်တွင် ကျွန်တော်တို့သည်  တရားမျှတမှုနှင့် ညီမျှမူများ ရရှိလိမ့်မည် မဟုတ်ပါ။ နိုင်ငံတော် ဝန်ကြီးချုပ်သည် မောင်းတော၊ ဘူးသီးတောင်မြို့များသို့ အလည်အပတ် သွားမည်ဟု ကြေညာခဲ့သောအခါ၊ ထိုဒေသရှိ မြောက်မြားစွာသော လူတို့သည် ဝန်ကြီးချုပ်ကို ကြိုဆိုရန် လာရောက်ခဲ့ကြပါသည်။ သို့သော် လေယျာဉ်ပျံ မရှိသောကြောင့် ဝန်ကြီးချုပ် မသွားဖြစ်သဖြင့်၊ ထိုလူတို့သည် မျှော်လင့်ချက်ပျက်၍ စိတ်ပျက် အားငယ်ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ဝန်ကြီးချုပ်အား ရန်ကုန်တွင် သဝဏ်လွှာ တင်ဆက်ရန် ဂျမီယတ်တူလ် အူလေမာ အဖွဲ့မှ မစ္စတာ စူလတန်အဟ်မဒ်၏ ဇနီး (ပါလီမန်အမတ်)၊ အေ ဂဖားရ် (ပါလီမန်အမတ်)၊ မစ္စတာ ဖရုက်အဟ်မဒ် - ဘီအက်စီ၊ ဘီအလ်နှင့်  မစ္စတာ နူရ်အဟ်မဒ် ( ဂျမီယတ်တူလ် အူလေမာ အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ) တို့ကို ကိုယ်စားလှယ် အဖြစ် စေလွှတ်ခဲ့ ပါသည်။ 

မူဂျာဟစ်ဒ်သည် “မိမိတို့ တိုင်းပြည်နှင့် ဘာသာရေး အခွင့်အရေးအတွက် တိုက်ခိုက်သော လူ” ဟု အဓိပ္ပာယ်ရှိသော အာရဗီ စာလုံးတစ်လုံးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မူဂျာဟီစ်ဒ် ဟူသော စာလုံးကို ပါကိစ္စတန် (ဝါ) အိန္ဒိယပြည်မှ လူမျိုးများဖြစ်ကြောင်း အဓိပ္ပာယ် အယူအဆ အထင်မှားကြပါသည်။ ဤ ကဲ့သို့ အထင်မှား၍ ပြောဆိုခြင်းမှာ လုံးဝ ယုတ္တိမရှိပါ။ ထိုမူဂျာဟီစ်ဒ် အပေါင်းတို့သည် ပြည်ထောင်စု တိုင်းရင်းသားများ ဖြစ်ကြပါသည်။ ထို မူဂျာဟီစ်ဒ်တို့၏ လှုပ်ရှားမှုများကြောင့်၊ မောင်းတော၊ ဘူးသီးတောင်မြို့နယ်များရှိ လူထုအပေါင်းတို့သည်  အတိဒုက္ခခံနေရပါသည်။ မူဂျာဟစ်ဒ်တို့သည် အချို့ ရခိုင်လူမျိုးများကို မောင်းတော၊ ဘူးသီးတောင်မြို့နယ်များမှ မောင်းထုတ်ခဲ့သည်ဟု ပြောဆိုကြပါသည်။ ကျွန်တော်သည် မောင်းတောမြို့သို့ ပြန်လာရောက်၍ ဤအကြောင်းကို သေသေချာချာ စုံစမ်းခဲ့ရာ၊ ၎င်းအကြောင်းနှင့် ပတ်သက်၍ အမှုတမှုသာ တွေ့ရှိခဲ့ပါသည်။ ဤ ကိစ္စတွင် အဗ်ဒုလ်ဟူစိန်ဆိုသူ တစ်ယောက်သည် မောင်းတောမြို့ဂါတ်ကို ချိုးဖောက်ထွက်ပြေး၍ ရခိုင်အမျိုးသမီး (၂) ဦးကို ဒုက္ခပေးကြောင်း ကြားသိရပါသည်။ ထို့အပြင် ၎င်းသူကို မူဂျာဟစ်ဒ်တို့ကလည်း ပြင်းထန်သော အပြစ်ဒဏ်ပေးသည်ဟု ကြားသိရပါသည်။ ထိုအမျိုးသမီး ၂ ဦးကိုလည်း သူတို့၏ မိဘအုပ်ထိန်းသူများထံသို့ ပြန်ပို့ခဲ့ကြပါသည်။ ရခိုင်တို့သည် ကြောက်လန့်၍ မိမိတို့ရွာများကို စွန့်ပစ်ခဲ့ခြင်းမှာ ယုံမှား သံသယမရှိပါ။ ၎င်းနှင့် ပတ်သက်၍ ကျွန်တော်တို့ ညီရင်းအစ်ကိုများဖြစ်သော ရခိုင်လူမျိုး -------တို့သည်  မောင်းတော၊ ဘူးသီးတောင်မြို့နယ်ရှိ မွတ်စလင်မ် (ရိုဟင်ဂျာ) များကို ခြိမ်းခြောက်ကြပါသည်။ ထိုအကြောင်းကို ကျွန်တော်တို့သည် သတင်းစာများ ၌ အခြေမရှိ၊ အဓိပ္ပာယ်မရှိသော သူတို့၏ တမင်သက်သက် မဟုတ်မမှန် ပြောဆိုခြင်းများ တွေ့ရှိရပါသည်။ မောင်းတော၊ ဘူးသီးတောင်မြို့နယ်များရှိ လူထုသည်  သစ္စာရှိသော လူမျိုးများဖြစ်၍ အစိုးရထံ နှစ်စဉ်နှစ်တိုင်း အခွန်တော်များ ဆက်သခြင်းနှင့် ဖြစ်နိုင်သော အကူအညီများကို ပေးလျက် ရှိကြပါသည်။ 

မောင်းတော၊ ဘူးသီးတောင်မြို့နယ်များရှိ မွတ်စလင်မ် (ရိုဟင်ဂျာ) များသည် ပါကစ္စတန်နှင့် ပူးပေါင်းရန် ယိမ်းယိုင်လိမ့်မည်ဟု ပြောဆိုနေသည်မှာ လုံးဝ မမှန်ကန်ပါ။ ထိုသို့ ပါကစ္စတန်နှင့် ပူးပေါင်းလျှင် ရိုဟင်ဂျာတို့သည် မိမိတို့၏ စီပွားရေး ဖျက်ဆီးနေမည်ကို ကြိုတင်သိရှိကြပါသည်။ ထို့အပြင် သူတို့သည် ဘာသာရေး ပွဲတော်များကို လွတ်လပ်စွာ ပြုလုပ်ကျင်းပနိုင်ရန် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ခွင့်ပြု အာမခံထားသဖြင့် အဘယ်ကြောင့် ထိုသူတို့သည် ပါကစ္စတန်နှင့် ပူးပေါင်းပါမည်နည်း။ ပူးပေါင်းမည် ဆိုသော အချက်မှာ အဓိပ္ပာယ်မရှိပါ။ မိဘများမှာ စစ်တကောင်းလူမျိုးများဖြစ်၍ မောင်းတောမြို့တွင် မွေးဖွား ခဲ့သော အုမရမီယာ (Omra Meah) ဆိုသူသည် ၁၉၄၆ ခုနှစ် (ဝါ) ၁၉၄၇ ခုနှစ်တွင် မောင်းတောမြို့၊ ဘူးသီးတောင်မြို့နယ်များကို ပါကစ္စတန်နှင့် ပူးပေါင်းရန် တောင်းဆိုနိုင်အောင် ရိုဟင်ဂျာ အချို့ကို သွေးဆောင်ခဲ့သော်လည်း သူသည် ထောက်ခံမှုမရရှိသဖြင့် မောင်းတောမြို့မှ ထွက်ခွာ သွားခဲ့ပါသည်။ ထိုမြို့နယ်များရှိ လူထုသည် ပါကစ္စတန်နှင့် ပူးပေါင်းရေးကို ဆန့်ကျင် ကန့်ကွက်ခဲ့ ပါသည်။ ထိုလူထုသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် တရားမျှတမှုနှင့် ညီမျှမှုများကိုသာ လိုလားကြပါသည်။ မူဂျာဟစ်ဒ်တို့ သည် သူတို့အား ထောက်ခံ အားပေးရန်  မောင်းတော၊ ဘူးသီးတောင်မြို့နယ်များရှိ မွတ်စလင်မ် (ရိုဟင်ဂျာ) များသည် လူများစုဖြစ်သဖြင့် လူနည်းစုဖြစ်လာအောင် ၎င်းတို့ကို ရခိုင်ပြည် အခြားအရပ်ဒေသများသို့ ရွှေ့ပြောင်းလိမ့်မည်ဟု ကောလာဟလ သတင်းများ ပြန့်နှံ့သည်ဟု  ပြောဆိုကြပါသည်။ ထို့ကြောင့် အစိုးရသည် ထိုလူထုအပေါင်းတို့ ယုံကြည်လာအောင်နှင့် ထိုပြောက်ကျားများကို အားတိုက်အင်တိုက် အပြင်းအထန် နှိမ်နင်းရန် အရေးကြီးပါသည်။ ဤကဲ့သို့ မပြုလုပ်လျှင် ဘာမျှမသိ နားမလည်၍ အသိဥာဏ် ကင်းမဲ့သော ထိုလူထုသည်  အပြစ်မရှိဘဲ အတိဒုက္ခ ခံမြဲခံရပါမည်။

(အေ၊ ဂဖားရ်)
ပါလီမန်အမတ်

ရန်ကုန်မြို့
နေ့စွဲ- ၁၉၄၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့။